ပြုံးပြီး လွမ်းရတဲ့ စာအုပ်ကလေး တအုပ်


ဂူးဂဲလ် ရဲ့ ဘလော့စပေါ့ ကြီးများ  ဘယ်နေ့ ပိတ်ပြစ်တော့ မလဲ လို့  တွေးပူ မနေပေမဲ့ လို့ ၊ ဟိုအရင် ဘလော့ဂ် ခေတ်တခေတ် မှာ ၊ ဘလော့ဂ် ယဉ်ကျေးမူတွေနဲ့ ၊ ဘလော့ဂ် ရေးဖော်ရေးဖက် တွေ ၊ ရင်းနှီးပျော်ရွှင် ဘလော့ဂ် သဘင် ဆင်ခဲ့ ကြတဲ့ အချိန်တွေကို တော့ တွေးပြီး လွမ်း ချင် သေး သည်။


အဲဒီ တုန်းက တချို့ ရေးဖော်ရေးဖက် တွေ ၊ ဘယ်ရောက်လို့ ဘယ်ပျောက်နေပြီ မသိ ။ တချို့လည်း ဘလော့ဂ် ဆိုတာကြီးကို ဖုန်ကလေး ဘာလေးမျှပင် မခါ ကြတော့ ။ သံယောဇဉ် ကြီးကြီး ၊ ဇွဲကြီးကြီး နဲ့ ဘလော့ဂ် တွေ မှာ ၊ ပုံမှန် စာတွေ တင်နေကြသေးတဲ့ ၊ မိတ်ဆွေ တချို့ ကတော့ ၊ ဘလော့ဂ်တွေ ပြန်စည်ကားလာအောင် ဆိုပြီး ၊ ချဲလင့်ခ်ျ ဆိုပြီး  စိမ် ခေါ် နေကြ ပြန်သည်။ ဟိုတုန်းကတော့ တဂ်ဂိမ်း လို့ ခေါ်တာ ပေါ့ ။ အကြောင်းအရာ ခေါင်းစဉ်  တခု ကို ၊ တယောက်တမျိုး ၀ိုင်းရေးကြတာမျိုး ။ အခုတော့ ရေးချင်တာရေး တခုခုရေး ၊ ဘလော့ဂ် ရေး ရင် ပြီးရော တဲ့ ။ တကယ်တော့ အခုမှ တဂ်ဂိမ်း အစစ် ။ ဖေ့စ်ဘွတ် ဆိုတာကြီး ရဲ့  မြောက်မြားလှစွာသော ဓါတ်ပုံတွေ စကားသံတွေ ၊ သတင်း တွေ အတင်းတွေ ကြားထဲမှာ ၊ ကိုယ်တွေခြင်း ဆက်သွယ်မူတွေ ပြတ်တောက်မသွားအောင် ၊ တဂ်ကလေးတွေ ချိတ်တွဲ ပြီး အသိပေးကြ လှမ်းခေါ်ရ သည်။


အရင်တုန်းက ဆိုရင်တော့ ဒီလူ တွေ  မကြား - ကြား အောင် အော်ခေါ်စရာ မလို၊  မဆုံ ဆုံ အောင် ချိန်းစရာ မလို ၊ ဘလော့ဂ် မှာ ပို့စ် တခု တင်ပြီ ဆိုတာနဲ့ ၊ ၀ိုင်းအုံ ရောက်လာကြ သည်။ နှုတ်ဆက် စကား မှတ်ချက်စကား တွေ ဆိုတတ်ကြသည်။  အခြေအနေ တွေက အတော် ခြားနား ကုန်ပြီ။

အဲ့ဒီလို တုန်း ၊ စာအုပ်ကလေး တအုပ် ၊ စာတိုက်ကနေ ရောက်လာ လေ သည်။





ဆနွင်းမကင်း သံဇကာ ကွက် လေး ရဲ့ နောက်မှာ ၊ တလောက လုံးကို မေ့ပြီး ၊ ငှက်မွေးအတောင်လေး တခု လို ၊ အတွေးတွေ ပေါ့ပါး လွန့်လူး နေပုံ ရတဲ့ အမျိုးသမီးလေး တယောက် ။ ပန်းချီ မြင့်မောင်ကျော် ရဲ့ သရုပ်ဖော်ပုံလေး က ၊ ရိုးရိုးလေး နဲ့  ချစ်စဖွယ် ကောင်း လှသလို ၊ မိုးချိုသင်း မှတ်တမ်း ဆိုတဲ့  ၊ ခေါင်းစဉ် လေး ကလည်း ၊ ချစ်စရာ ကောင်းလှ စွာ ၊ ရိုးရှင်း လှသည်။


ရိုးရှင်းလှဆို . . .  ရိုးဂုဏ် ထင်ရှား ခဲ့တဲ့  ဖန်မီးအိမ် ကဗျာစာဆိုကြီး တင်မိုး ရဲ့ ၊ သူ့ မိသားစု နဲ့  နေထိုင် ဖြတ်သန်းခဲ့တဲ့  အရိုးတကာ့ အရှင်းဆုံး ပုံရိပ်တွေ ကို ထင်ဟပ် ထားတဲ့ စာအုပ်ကလေး ပေပဲ ။ စာရေးသူ ကိုယ်တိုင်ကလည်း ၊ သူ့ ကိုယ်ပိုင် ဘလော့ဂ် လေး မှာ ပေါ့ပေါ့ပါးပါး  လွတ်လွတ်လပ်လပ် ရေးခဲ့တဲ့ စာတွေ ဖြစ်တယ်လို့  အမှာ ရေးထား လေတယ်။  မိုးချိုသင်း မှတ်တမ်း ဆိုတဲ့ စာအုပ်ကလေး ရဲ့  နာမယ် ကို မြင်မှ ၊ ကျမ တို့ တွေ အားလုံး ၊ အချိန်တွေ နှစ်  အပျော်တွေ စိမ် ပြီး ၊ ခုံခုံမင်မင် စွဲစွဲ လမ်းလမ်း  ရေးခဲ့ကြတဲ့ ၊  လေလှိုင်းပေါ်က စာလုံး တွေ ဟာ ၊ တ ဘလော့ဂ် -- လော့ဂ် နဲ့  လျှာခလုတ်တိုက်အောင် ခေါ်နေစရာ မလို တဲ့ ၊ ကျမ တို့ တွေရဲ့ ၊ ဘ၀ မှတ်တမ်း ၊ ဖြတ်သန်းမူ ပုံရိပ် ၊ လေ့ကျက်မူ သင်ခန်းစာ တွေပဲ ဆိုတာကို ၊ အလေးအနက် တန်ဖိုးထားမိလာတယ်။ အခုတော့ မမိုးချိုသင်း က ၊ လေထဲက သူ့ ရဲ့ မှတ်တမ်းလေး တွေ ကို ၊ စာအုပ်ကလေး အဖြစ် သိမ်းထုပ် မျှဝေ လေ ပြီ။


ခေါင်းစဉ် ကပဲ စာရေးသူ ၊ စာရေးသူ ကိုယ်တိုင်ကလည်း ခေါင်းစဉ် ဖြစ်နေတဲ့  မိုးချိုသင်း ဆိုတာ ၊ တကယ်တော့ ၊ ဘလော့ဂ် ဆိုတာတွေ မပေါ်ခင် ကာလ တွေ တည်းက ၊ ၀တ္တုတိုခေတ်တခေတ် မှာ ထွန်းလင်းခဲ့ပြီး သား စာရေးဆရာမ ။ တချိန်က မြန်မာပြည်မှာ အောင်မြင်ခဲ့တဲ့ သင့်ဘ၀ မဂ္ဂဇင်း ရဲ့ ၊ အယ်ဒီတာ အဖွဲ့ဝင် တယောက် ။ ဒါပေမဲ့ ၊ ရိုးဂုဏ်ကို ဆက်ထိန်းထားတဲ့  သူမ ဟာ ၊ အရှိအတိုင်း ရေးကြ တဲ့ ဘလော့ဂ် စာမျက်နှာ တွေ ပေါ် မှာ ပို ပျော်ပုံ ပေါ် ရဲ့ ။






ကြည့်ဦးလေ ။ အစဦးဆုံး အပုဒ် ဖြစ်တဲ့  “ ဘလော့ဂါကြီးသို့ ” ဆိုတဲ့ စာ လေး မှာ ၊ သူမ ရဲ့ ဖခင် ကဗျာဆရာကြီး ကို တောင် ၊  ဘလော့ဂါ တယောက် အဖြစ် စိတ်ကူးပြီး ရေးထားပုံက . . .  ( သူမ ပြောလေ့ရှိသလို  ) ပြုံးပြီးဖတ်နေလိုက် ရတာ ။ ကျမ တို့ တွေ ၊ ဘလော့ဂ် တွေကို ချစ်ကြောင်း ခင်ကြောင်း ၊ ဘလော့ဂ် ဆိုတာ ဘယ်သို့ ဘယ်ချမ်းသာ  - ဘာမှ ကြီးကြီးကျယ်ကျယ် ရှင်းပြ နေစရာ မလို ။  ဘလော့ဂါ တယောက် ရဲ့ ၊ စိတ်စော အာရုံ တွေကို ၊ ချစ်စရာကောင်းအောင် အကျစ်လစ် ဆုံး ဖော်ပြ သွားလေ သည်။


အဲဒီတုန်းက ဆို ၊ မမိုးချိုသင်း ပို့စ် တပုဒ် တက်လာပြီ ဆိုတာနဲ့  ၊ အားလုံးက တပြုံးပြုံး နဲ့  ဖြစ်ကြရသည်။ တကယ်တော့ ၊ မမိုးချိုသင်း ကို ၊ ဘလော့ဂ် တွေ မရေးခင် ၊ ဟိုး လွန်ခဲ့တဲ့ နှစ် အစိတ် နီးပါး လောက်ကတည်းက ၊ တိတ်တိတ်ကလေး လှမ်း ကြည့်ပြီး အားကျ ခဲ့ဖူး သည် ဟု ၊ ကျမ ၀န်ခံ ထား ပါသည်။ လှိုင် တက္ကသိုလ် ကျောင်းဝင်း ထဲက ၊ ၀မ်းအိုသရီး စာသင်ဆောင် ရှေ့ မှာ ၊ ချစ်ခင်သူ တွေ ၀ိုင်းဝိုင်းလည် နေတဲ့ ၊ စာရေးဆရာမ ပေါက်စ လေး ဟာ ၊ ကျမ  တို့ ရဲ့ စီနီယာ ဘူမိဗေဒ ကျောင်းသူ တယောက် ဖြစ်နေသည်လေ။  နီးရက် နဲ့ ဝေးစွာ ပဲ၊  တက္ကသိုလ် ကျောင်းသူဘ၀ က ခင်မင် သိကျွမ်းခွင့် မရ ခဲ့ပေမဲ့ ၊ တဆင့် စကား တွေ ထဲမှာ ၊သူ့ အကြောင်းတွေ နားထောင်ပြီး ပြုံး ခဲ့ ကြရ ဘူးသည်။  လူတိုင်းကို ပြုံးအောင် လုပ်နိုင်တဲ့ သူက ၊ ကိုယ်တိုင်လည်း အမြဲ ပြုံးချင်သည် တဲ့လေ ။ အဲဒါကြောင့်  အကြည်ဓါတ်ပျောက်မဲ့ အရာ မှန်သမျှ ရှောင်ရှားလေ့ ရှိသတဲ့ ။


အခုတော့ ဘလော့ဂ် ဆိုတာကြီး ရဲ့ ကျေးဇူး နဲ့ ၊ ညီအမ အရင်းတမျှ ခင်မင် နေကြပြီ မို့ ၊ မမိုးချိုသင်း ကနေ ၊  မချိုသင်း  ဖြစ်ခဲ့ပြီ။  ဒီ့ထက် ပိုလို့ ရေစက် ဆုံချင်တော့ ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ထဲမှာ မချိုသင်း တို့ နေထိုင်ရာ ကယ်လီဖိုးနီးယား ကို ဆိုက်ဆိုက်မြိုက်မြိုက် အလည် ရောက်ဖြစ် ခဲ့လေသည်။  ပြုံးစရာတွေကို နားနဲ့ ဆတ်ဆတ် ကြားရလေ သည် ။ အကြည်ဓါတ်တွေကို ကိုယ်တွေ့  ကူးစက် ခံစား ရလေသည်။ ရိုးဂုဏ် တွေကို မျက်မြင် ရှာတွေ့ ရလေသည်။  သူ့ စာတွေထဲက တဆင့် ခင်မင် သိကျွမ်းနေရတဲ့ ၊ သူ့ခင်ပွန်း  ကိုကျော်ဝဏ္ဏ ကိုတင် မက ၊ သူ့ ဇတ်လိုက် ကြောင်ကလေး တွေ ထဲက ၊  ရုပ်ရှင် မင်းသား လူမူရေးသူရဲကောင်း ကျော်သူ ကတောင် ဓါတ်ပုံ တွဲ ရိုက်ပေးရ တဲ့ ၊ သူတို့ ရဲ့ သဲသဲလှုပ် သမီးကြောင်မလေး ၊ ဘယ်လောက် ချစ်စရာ ကောင်းတာကိုလည်း တွေ့ ခဲ့ ရ လေသည် ။ LA ကို ရောက်လာတဲ့ မြန်မာ စာပေ အနုပညာ အသိုင်းအ၀ိုင်းက ဧည့်သည် မှန်သမျှ ကို ၊ မညီး မညူ ဧည့်ခံ လေတဲ့ သူတို့ မောင်နှံ ရဲ့  စံရိပ်ငြိမ်လေး ကိုလည်း ၊ ဘလော့ဂါ ညီအမ တယောက် အနေနဲ့ အလည်ရောက် ခွင့် ရခဲ့လေသည်။


စိတ်ထဲမှာ ထင်ထားခဲ့တဲ့ ပုံရိပ် နဲ့ အပြင်မှာ တွေ့ရတဲ့ မိုးချိုသင်း  ဘာမှ သိပ်မကွာ ခြား လှပေမဲ့ လို့ ၊  မယုံနိုင်စရာ ကောင်းလောက် အောင် ၊ လျင်မြန် ဖြတ်လပ်  တဲ့ ၊ သူ့ ရဲ့  လှုပ်ရှားမူ တွေကို ကြည့်ပြီး ၊  နှေးတိ နှေးတုန့်  နဲ့  လစ်တာနဲ့ အတွေး ရှိုက် ဖို့သာ ချောင်းနေတတ်တဲ့ ကျမ  ၊ တိတ်တိတ်ကလေး အတုခိုး ရ သည်။


ဆိုပါတော့ ၊ ကားမောင်းနေရင်း လမ်းမှားတယ်လို့ ထင်ရင် ၊  ဖျပ်ကနဲတွေ့ တဲ့ လမ်းကြားထဲ ချိုးဝင် လိုက်တာမျိုး ။ လမ်းမှာတည်းက ထိုင်မဲ့ စားသောက်ဆိုင် ကို ၊ သေချာ ပိုင်ပိုင် နိုင်နိုင် ရွေးချယ် ထားပြီးသား ။ ဆိုင်ထဲ ၀င်တာနဲ့ လည်း ၊ ဧည့်သည်တွေ ဘာမှာရမှန်း မသိ အီလည်လည် မလုပ်နေခင်တည်းက ၊ Cream Chowder  ငါးခွက် အရင်ချ  လို့  အရင်ဆုံး တန်းမှာ လိုက် ပြီးသား ။ ဒီက လူတွေ အမေရိကန် ကြက်ပေါင်ကြီး က သိပ်ကြီးလွန်းလို့ ဘယ်က ဖဲ့ရမှန်း မသိ ဖြစ် နေကြတဲ့ အချိန်မှာ ၊ သပ်သပ်ရပ်ရပ် စားပြီး လို့  အအေးတခွက်တောင် သောက်ပြီး နေပြီ    (  ဒီ စာပိုဒ်ကတော့  မချိုသင်းရဲ့ အရေးအသားမျိုးကို အတုခိုးပြီး ကျီစယ် တာပါး)


ပြီးတော့ ၊ စာရေးကောင်းတဲ့ သူ တော်တော်များများက ၊ အပြောမကောင်းဘူး လို့  ဆိုကြတယ် မဟုတ်လား ။ မချိုသင်း ကတော့ ၊ သူ စာရေးတဲ့ အတိုင်း ၊ နားထောင်လို့ ကောင်းအောင် ပြောတတ်တဲ့သူ ။ သူ့စာတွေ ဖတ်ပြီး ပြုံးရသလို ၊ သူပြောတာတွေ နားထောင်ပြီး ၊ ဧည့်သည်တွေမှာ ပါးစပ် မစိရ ။


အခု စာအုပ်ကလေး ထဲ မှာတောင် ၊ အွန်လိုင်း စာဖတ်ပရိသတ် တွေ တအုံတမ ကြီး နဲ့ တပြုံးပြုံး  ဖြစ်နေတတ် တဲ့ မချိုသင်း ကို ၊ သူ့ ချစ်ခင်ပွန်း ကိုကျော်ဝဏ္ဏက  “ ချိုသင်းက ရီစရာတွေ ရေးနေတာလား . . .” လို့  ခပ်ဟန့်ဟန့် ဆို သည်တဲ့ ။ အမ တွေကလည်း “ နင်.. ရီစရာတွေချည်း ရေးမနေနဲ့ လို့ ”  ပြောသတဲ့ ။  တကယ်က မချိုသင်းက ရီစရာ တွေ ရေးနေတာ မဟုတ်ပေ ။ ကျမ ထင်သည်ကတော့ ၊ ရိုးစရာ တွေ ကိုသာ သူ ရေးနေခြင်းသာ ။ ရိုးရှင်းတဲ့ အကြောင်းလေးတွေကို ရိုးရိုးသားသား ရေးပြ ထားတော့ ၊ ချစ်စရာ ကောင်းပြီး ၊ ( သူ ပြောသလိုဆို ) ပြုံးပြီး ဖတ်ရတဲ့ စာအုပ်ကလေး ပေါ့ ။


ဒါပေမဲ့ ၊ စာအုပ်တအုပ်လုံး ကို ဖတ်ပြီး သွားတဲ့ အချိန်မှာ ၊ ကျမ ဆက်ပြီး မပြုံးနေ နိုင်ခဲ့ပေ ။  ဒီစာအုပ်ထဲမှာ ပါတဲ့ ၊ ငယ်စဉ်ကလေးဘ၀ အပူအပင် ကင်းမူ တွေ ၊ မိသားစု ဘ၀ ပျော်ရွှင်ချိန်တွေ ဟာ ၊  “ မီးရထား နှင့် ခရီးသွားခြင်း” ဆိုတဲ့ ၊ ဆရာကြီး တင်မိုးရဲ့ ကဗျာလေး ကို သရုပ်ဖော် ထားတဲ့  စာလေး လိုပဲ ၊ တဘူတာ ပြီး တဘူတာ ၊ အနောက်မှာ ကျန်ရစ် လို့  . . . တယောက်ပြီး တယောက် ဆင်းကျန်ခဲ့ ပြီ ဆိုတာကို ၊ ဆင်ခြင် နားလည်နေမိ ရသည်။ ဆိုရှယ်လစ် ခေတ်ဦး - ခေတ်နှောင်း ၊ ၈၈ အရေးတော်ပုံ ကာလ ၊ ၉ ၀ ကျော်ကာလ အမှောင်ခေတ် တွေကို  နောက်ခံ ထားတဲ့ ၊ ဒီ မိသားစု ဘ၀ မှတ်တမ်းလေး ထဲမှာ  ၊ ပြုံးစရာတွေ ထဲက နေမှ ၊  နာကျင်စရာ တွေကို ရှာတွေ့  နေမိသည်။


တကယ်တော့ ၊ စာရေးသူ ရဲ့ ဖခင်ကြီး ဆရာကြီး ဦးတင်မိုး ရဲ့   ဘ၀ ကောက်ကြောင်း ခဲခြစ်ရာ တွေကို ၊ မဆွခင် ကတည်းက ၊ ကျမ တို့ အားလုံး ဖတ်ဖူး ကြားဖူး နေခဲ့ ကြသည်ပဲ ။ သင့်ဘ၀ မဂ္ဂဇင်းမှာ ၊ စိတ်ဝင်တစား ဖတ်ဖူး ခဲ့တဲ့ ၊ အထက်အညာ ဝေးလံ ခေါင်သီ လှတဲ့ ကန်မြဲ ဇဂျမ်း ဆိုတဲ့ ရွာကလေးက ၊ ဆယ်တန်းကို မြန်မာစာ ဂုဏ်ထူး နဲ့ အောင်ခဲ့တဲ့ တောသားလေး တယောက်ကို ၊ ပညာရေးဝန်ကြီး ကိုယ်တိုင် စာကြုံ ပို့ ပြီး ၊ တက္ကသိုလ် တက်နိုင်အောင် လုပ်ပေး ခဲ့တဲ့ ၊ ပုံပြင်ဆန်တဲ့ တကယ့် အဖြစ်တွေ ။ မြန်မာပြည်သူ တွေ  မမြင်ဘူး မတွေ့ဘူး သေးတဲ့ ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့   အစောဆုံး မြန်မာစာပေ မိတ်ဆွေ ဖြစ်ခဲ့ တာတွေ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့  တည်ထောင်စ အချိန်တွေ မှာ ၊ ကဗျာ ဆောင်ပုဒ် ကလေးတွေ  များစွာ နဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ရုံးတယောက် အဖြစ် ၊ ပါဝင် ပတ်သတ် နေခဲ့တာတွေ ။ နောက်ဆုံး ကဗျာစပ် လို့  အကျဉ်းကျ သွားရှာတဲ့ ကဗျာဆရာကြီး တင်မိုး ရဲ့   မြောက်မြားလှစွာသော တခြား အကြောင်းအခြင်း ရာ တွေ ၊ အကုန် မပါ သေး တဲ့ ၊ သမီး တယောက် ရဲ့ ၊ အရိုးဆုံး မိသားစု မှတ်တမ်းလေးတွေ ၊ အလွမ်းစာလေးတွေ ။ 


အဲဒါကြောင့် ၊ ကျမ ကတော့ ၊ ပြုံး ပြီး လွမ်းရ တဲ့ စာအုပ်ကလေး လို့ သာ ၊ပြောလိုက်ချင်သည်။

ဒီ စာအုပ်ကလေး ကို ဖတ်ပြီးသွားတော့ ၊ စားပွဲ ပေါ် ခဏ ချ ပြီး ခပ်ဝေးဝေးကို ငေးကြည့် နေမိတယ် ။ တကယ်တော့ ဘ၀ ဆိုတာကြီး က ၊ အထူးတလည် သီကုံး  စပ်ဆို နေဖို့ မလို တဲ့ . . . တကူးတက ရှာဖွေ နားထောင် ဖို့ မလိုတဲ့ ၊ ကြိုတင် ရေးစပ်ပြီးသား အလွမ်းသီချင်း တပုဒ် လိုပင် ။ အလွမ်းကို မရှာချင် လို့ ၊ အပြုံးတွေ အပျော်တွေ သီဆို နေပေမဲ့ ၊  နောက်ဆုံးတော့ အလွမ်းပိုဒ် နဲ့ သာ အဆုံးသတ် ကြ သည်။ တချို့ကတော့ ၊ အဲ့ဒီ လွမ်းစရာ ကိုပင် အရသာ တခု လို ၊ တစိမ့်စိမ့် ခံစားခြင်ကြသည်။ စပ်ဆို သီကုံး ချင်ကြသည်။


ခုပဲ ကြည့် ။ အိမ်ရဲ့ အဝေးမှာ နေကြသူခြင်း ၊ ဆုံဖို့ ခဲယဉ်းလွန်းလှ တဲ့ ကြားက ၊  အဝေးက အိမ်တအိမ်မှာ ရီမော ပျော်ရွှင် ခဲ့ ကြ ဖူး သည်ကို ပင် ၊ လွမ်းစရာ မရှိ  ရှာကြံ လွမ်းနေမိသည်။  လော့စ်အိန်ဂျလိစ် မြို့ ရဲ့  ဟိုင်းဝေး လမ်းမကြီး ပေါ်မှာ ၊ ဧည့်သည်တွေကို ကားမောင်း လိုက်ပို့ ရင်း ၊ ဗမာ သီချင်းဖွင့်မယ် နော် လို့  ခွင့်ပန် ပြီး ၊ ကိုစောညိန်း ရဲ့  သီချင်းတပုဒ်ကို ၊ ဌါန် ကရိုင်းကျကျ လိုက် ဆို နေတဲ့၊ မချိုသင်း ဟာ ၊   ဟောဒီ စာအုပ်ထဲက မိုးချိုသင်း  နှင့် တူသလိုလို  မတူသလိုလို ။



ကေသွယ်
၅ နာရီ ၃၅ မိနစ်
အောက်တိုဘာ (၁) ရက် ၂၀၁၄



Share/Bookmark

The Blogger and The Artist


အမယ်. . . ဘလော့ဂါ နဲ့  အာ့တစ်စ် ဆိုပါလား။
ဘလော့ရေးတဲ့ သူတွေက ၊ ဘာများ ကြီးကြီးကျယ်ကျယ် အနုပညာရှင် နဲ့ နှိုင်းယှဉ် ချင်နေပါလိမ့်… လို့  မျက်ခုံး ပင့် နေကြပြီလား..။

. . . .

၂၀၀၅ -၂၀၀၆ ဆိုတော့ ဟိုးတုန်းကပေါ့ လို့ အစချီရမယ် ထင်ပါရဲ့ ။

အဲဒီတုန်းက  အင်တာနက်နေထိုင် စားသုံးမူကြီးက ဒီလောက် မကျယ်ပြန့်သေးဘူး။  အဲဒီမှာ သတင်းတွေ လိုက်လိုက် ဖတ်ရင်း ၊ တမူထူးခြားတဲ့ စာအသွားအလာ အရေးအသားလေးတွေကို မိုးမခ စာမျက်နှာကနေ တဆင့် သတိထားမိ လာတယ်။ ဘယ်က စာလေးတွေပါလိမ့်ပေါ့။ ၀တ္တုတို ပုံစံမျိုး ဇတ်လမ်း ဇတ်ကွက်တွေလည်း မပါ ။ ရသဆောင်းပါးတွေ လိုလည်း အတည်အတံ့ကြီးတွေ မဟုတ်။ အဲဒါ ဘလော့ ဆိုတာပဲ လို့ သိလိုက်ရတာနဲ့ အတူပဲ .. ဘလော့ တွေကို ကိုယ့်ဖာသာကိုယ် ဖန်တီး ပြင်ဆင် ရေးသား တင်ဆက် နိုင်တယ် ဆိုတာပါ သိလိုက်ရတော့ . . ဘယ်နေတော့မလဲ ။ ရေ ငတ်ငတ် မငတ်ငတ် ရေတွင်းထဲ အတင်း ဆင်းငုပ်တော့ တာပါပဲ ။

တကယ်တော့ အဲဒီတုန်းက နေရာအသစ် နိုင်ငံအသစ်ကို ရွှေ့ကာစ ကိုယ်ပိုင်အချိန်တွေ ပိုရနေတဲ့ အချိန်မှာ ၊ စာတွေ များများ ပြန်ဖတ်ဖြစ်ရာကနေ ၊ စာရေးချင်စိတ်တွေ တဖန် ယိုဖိတ် နေတဲ့ ကာလ ။ ဆောင်းပါးလေးတွေ အတည်ပေါက် ရေးပြီး Weekly Eleven ကိုတောင် စမ်းပို့ နေပြီ။ သုံး လေး ခု ဖော်ပြပြီးနေပြီ။ စာလေးတွေ အဝေးမှာ ရေးဖြစ်တော့ ဘယ်ကို ပို့ရမှန်းမသိတဲ့ အချိန် ၊ အင်တာနက်က ဖတ်လို့ မြင်လို့  ဆက်သွယ်လို့ ရတဲ့ ဂျာနယ် မဂ္ဂဇင်းကလည်း ခပ်ရှားရှားကိုး ။ မိုးမခ ဆိုတဲ့ စာမျက်နှာလေး ကိုတော့ ၊ စာမျက်နှာ စစ်စစ် မဖြစ်ခင် ၊ အပျော်ထမ်း ရေဒီယိုလေး ဘ၀မှာ တည်းက ၊ စွဲစွဲမြဲမြဲ နားထောင်လာခဲ့ သည်မို့ ၊  မိုးမခ ကို လည်း လှမ်းဆက်သွယ် မိသည်။

အဲ့ဒီလို စာရေးချင်လွန်းလို့ တကူးတက လိုက် ဆက်သွယ်ခဲ့ရ တဲ့ အချိန်မှာ ၊ ဘလော့ ဆိုတာကြီး မိုးပေါ်က ပြုတ်ကျလာတော့ . . . သွားစမ်း.. ဘယ်သူ့မှ  မိတ်ဆက်နေစရာ မလို.. ကိုယ့်စာလေးတွေ ရွေးမလား မရွေးလား စောင့်မျှော် နေစရာ မလို ။  လာထား. . . တနေ့ တမျိုး စာတွေ ရေးပစ် တော့တာပဲ ။ အဲဒီလိုနဲ့ . . . ဘလော့ဂါ ဆိုတဲ့ သတ်မှတ်ချက် တခု  အလိုလို ဖြစ်လာရတယ်ပေါ့ ။

၂၀၀၀၇ ခုနှစ် အလွန် ရွှေဝါရောင် နဲ့ အတူ ဘလော့တွေ အပြိုင်းအယိုင်း ခေတ်စားလာတဲ့ အချိန်မှာတော့ ၊ ကိုယ်ပိုင် ဘလော့လေးမှာ ပို့စ်လေးတွေ တော်တော် ရေးမိပြီး ဖြစ်နေပြီ။ ဘလော့ဂါ တယောက် တင်စားသလို.. အမှောင်ခေတ်က ကြယ်လေးတွေ  ဆိုတာတော့ သူများ အမြင်ကပ်နေပါအုံးမယ်လေ။ ဒါပေမဲ့ ၊ တကယ်ပဲ အဲဒီအချိန်တွေ တုန်းက နိုင်ငံရေး အရ ပိတ်ဆို့မူ တင်းကျပ်မူတွေ ပြင်းထန် နေတဲ့ အချိန်မှာ ၊ ဘလော့တွေ ပေါ်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှား ခဲ့ကြတယ်။ သတင်းတွေ ဖြန့်ဝေ တာပဲ ဖြစ်ဖြစ်.. မကျေနပ်ချက်တွေ ဖွင့်အန်တာပဲ ဖြစ်ဖြစ် ။ အနုပညာ ဆန်တာပဲ ဖြစ်ဖြစ် ။ သတင်းအချက်အလက် အားပြုတာပဲ ဖြစ်ဖြစ် ။ ကိုယ်ပိုင် အမည် ပုံရိပ် နဲ့ပဲ ဖြစ်ဖြစ် ။ လျှို့ဝှက် ဘလော့ဂါ နာမယ် နဲ့ပဲ ဖြစ်ဖြစ် ။ ရေးလိုက်ကြတဲ့ စာတွေ ဆိုတာ မိုးကောင်းကင် ကွန်ယက်ကြီး တခုလုံး ဘလော့တွေနဲ့ကို ဖုံးခဲ့တော့တာ။ ဒီအထဲမှာ တိုင်းရေး ပြည်ရေး နိုင်ငံရေး နဲ့ မပတ်သတ်လို တဲ့လူတွေ ရှိသလို ၊ အများစု ပြည်သူ အမြင်နဲ့ ဆန့်ကျင်တဲ့ အမြင်တွေ ဖော်ပြသူတွေလည်း မနည်းခဲ့ဘူး ။ အထူးသဖြင့် ဝေဖန် ဆန်းစစ်စရာ ကောင်းတဲ့ ရှေးရိုးစွဲမူတွေ အယူအဆ တွေကို ၊ စိတ်လွတ် ကိုယ်လွတ် ဆင်ဆာလွတ် ထုတ်ဖော် ဆွေးနွေး ရေးသားခဲ့ကြတာ ၊ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းခဲ့တယ် ။

တကယ်တော့ အဲ့ဒီတုန်းက ၊ ပြင်ပကနေ လွတ်လွတ်လပ်လပ် ရေးနိုင်သူတွေထက် ၊ ဘလောစပေါ့ ကို ပိတ်ဆို့ တားမြစ်ထားတဲ့ ပြည်တွင်းကနေ ၊ မရအက ရေးသားခဲ့ကြတဲ့ ဆက်သွယ်လှုပ်ရှားခဲ့ ကြတဲ့ ဘလော့ဂါ တွေက ပိုပြီး ချီးကျူးဖို့ ကောင်းတာပါ။ ကမ္ဘာ့ အကျော်ကြားဆုံး ၁၀၀ ထဲမှာ တောင်၊ မြန်မာပြည်က ဘလော့ဂါ နေဘုန်းလတ် ပါဝင် ခဲ့တဲ့ အထိ။

ကိုယ်တိုင်ကတော့ စိတ်ထဲ ထိတွေ့လာတာ ရေးချင်လာတာဆို ရေးပစ် လိုက်တာပဲ ။ ဘာအတွက် ညာအတွက် လို့တော့ အထူးတလည် ရည်ရွယ်တာမျိုး မရှိခဲ့ဘူး။ နိုင်ငံရေး ခေါင်းစဉ်တွေတင်မက ၊ မပြောင်မမြောက် ကဗျာလေးတွေက စလို့ ၊ သင်္ဂါရ ရသလေးတွေပါ မကျန် ရေးဖြစ်ခဲ့တာပဲ ။ အထူးသဖြင့်တော့ ၊ အမှတ်ရစရာ တက္ကသိုလ်နေ့ရက် တွေကို လှလှပပ  စာလုံးလေးတွေ နဲ့  ယက်ဖောက်နိုင်ခဲ့တာ ၊ တွေးမိတိုင်း အကြည်နူးဆုံးပဲ ။ ပန်းဆိုတာ ပွင့်နေတုန်း ခူးမှ မဟုတ်လား ။ အကြည်ဓါတ်တွေကို အမိအရ ဆုပ်ကိုင် နိုင်ခဲ့တဲ့ ဒီလို စာလေးတွေ ကဗျာလေးတွေ ရေးဖြစ်ခဲ့တဲ့ အတွက်လည်း ၊ ကိုယ့်ဖာသာကိုယ်တော့ ၊ ဘလော့ဂါ ဆိုတဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်လေး ကို ၊ မြတ်နိုး စိတ် တ၀က်နဲ့ပေါ့။ ကျန်တဲ့ တ၀က်ကတော့ သမြောစိတ် လိုလို ဘာလိုလို ။ တချို့ အချိန်တွေ အတွက်လည်း အခွင့်အလမ်း ဆုံးရှုံးမူ တန်ဖိုးတွေ ကျသင့် ခဲ့တာတွေ လည်း ၊ သေချာပေါက် ရှိခဲ့မှာကိုး။

ပြောရရင်..၊ ဘလော့ အရမ်း ရေးလို့ ကောင်းတဲ့ အချိန်တွေတုန်းက ၊ တပြားမရ နှစ်ပြားမရ စာ တပုဒ်  ရေးဖို့ ထိုက်သင့်သလောက် အချိန်ပေးရသလို ၊ ရေးပြီးရင်လည်း ဘလော့ဂါ အခြင်းခြင်းတွေ အပြန်အလှန် ဖတ်ကြ ပြောကြနဲ့ အချိန်တွေ ဆုံးရှုံးသင့်သလောက်တော့ ဆုံးရှုံးခဲ့တာပဲလေ ။ ဘာပဲ ဖြစ်ဖြစ် စိတ်ကျန်းမာရေး ကောင်းကောင်းနဲ့ ကျေနပ်ပျော်ရွှင်ခဲ့ ကြရတာပဲ မဟုတ်လား ။ ထူးဆန်းတာက ဘလော့မှာ စာရေးတဲ့ အခါ ၊ အပျော်ထမ်း ဆိုတော့ ၊ စိတ်က အကန့်အသတ်မရှိ  လက်က အချုပ်အတီး မရှိ ဆိုတော့ စာလုံးတွေက အလွယ်တကူ စီးဆင်းလာပြီး သဘာဝ ကျကျ  အရိုင်းဆန်ဆန် ရှိနေတတ်တယ်။ အခုနေ စာတပုဒ် အတည်ရေးမယ် ကြံလိုက်တိုင်း  ၊ မကောင်း - ကောင်းအောင် အတွေးတွေ ဖန်တီးရ ၊ သင့်လျော်လား မသင့်လျော်လား အချက်အလက်တွေ စိစစ်ရ နဲ့  လုပ်ယူထားသလို ကြီး ဖြစ်နေတတ်တာပဲ ။ ဒါကြောင့်လည်း ဟိုး..ဘလော့စာတွေကို စဖတ်ခါစက ၊ ဘယ်လို စာလေးတွေပါလိမ့် လို့ တွေးခဲ့မိတာ.. အဲဒါ  လွတ်လပ်မူ ခေါ်မလား.. သဘာဝကျမူ ခေါ်မလား ။
ပြီးတော့ အဲ့ဒီ အမှောင်ခေတ် လို့ ဆိုတဲ့ အချိန်က၊ အများစု ပြင်ပရောက် မြန်မာတွေမှာ ၊ မြန်မာစာ မြန်မာသတင်းစကား လည်း ငတ်ကြတော့ ၊ ဘလော့တွေ ဟာ ပြောခဲ့သလို ကြယ်လောက် မဟုတ်ရင်တောင် ၊ ဖယောင်းတိုင် မီးလေးတွေ လို မှိတ်တုပ် မှိတ်တုပ် နဲ့ ဟိုတခု.. ဒီ တခု ဖတ်မငြီးစရာ လေးတွေ ဖြစ်ခဲ့မယ် ထင်ပါရဲ့လေ။


လွမ်းလွမ်း ဆွတ်ဆွတ် ပြောနေမိတာ ၊ တခြားကြောင့် ဟုတ်ပါဘူး ..။ အခု အဲ့ဒီအချိန်တွေ ကုန်ဆုံးကျော်လွန် သွားခဲ့ ပြီ မို့ပါ  ။ အသစ်တွေ မြန်မြန်မွေးဖွား နေတဲ့ အလျင်ကြီး တခု ပေါ်မှာ ၊ လူတွေ ရဲ့ အာရုံ စိတ်အဟုန်တွေ လည်း ဘယ်အရပ် ဘယ်အနာဂါတ် ဆီကို မှန်း မသိ ရွှေ့လျား ပြောင်းလဲ နေကြပြန်ပါပြီ။ အခု ခေတ်က လူမူကွန်ယက် ဆိုရှယ်နက်ဝက် ခေတ် ဖြစ်ပြန်လေပြီ ။ ၀တ္တုစာအုပ် ထူထူကြီးတွေကနေ ၊ ပိုပြီး ရှင်းလင်းတဲ့ အချိန်မပေးရတဲ့ ၀တ္တုတို တွေ ပို ဖတ်လာကြ ။ နောက်တော့ တဖန် ၊ သွက်လက် ပြီး အပြန်အလှန် ဆက်သွယ်မူ  ရှိတဲ့  ၊ စာတို အရေးအသား ဖော်ပြမူ ( ဥပမာဆို..ဘလော့တွေပေါ့) တွေဆီ ကို အာရုံကျကြပြန်။ ခု နောက်ဆုံးတော့ ၊ စာ က တို ယုံတင်မက.. တကြောင်း တပိုဒ်လောက်နဲ့  ရေးသူရော ဖတ်သူရော အချိန်ကုန် သက်သာလိုက်သမှ…ဖျပ်ကနဲ ဖျပ်ကနဲ ဖတ်သွားယုံ ။ သွက်လက်ယုံတင် မက လျင်မြန်လိုက်တာလည်း . . ဟော တခု . .  ဟောတခု ။ ဆက်သွယ်မူ ရှိယုံတင် မက ၊ ဆက်ဆံရေးတွေပါ တဖြုတ်ဖြုတ် ။ ဘလော့မှာ အချိန်ကုန် ခဲ့တယ်ဆိုတာရော  ဘာဟုတ်သေးလည်း ။  အဲဒီတုန်းကမှ ဥမမယ် စာမမြောက် ဘလော့ပို့စ်လေးတွေ ၊ အဖတ်တင်သေးတယ်။ အခုတော့ ကွန်ပြူတာရှေ့မှာ ထိုင်နေလို့  ညတည နက် သွားပေမဲ့ စာတပုဒ် ရေးဖို့ မပြောနဲ့  ၊ သူများရေးထားတဲ့ စာ တပုဒ်တောင် ဟုတ်တိ ပတ်တိ မဖတ်ဖြစ် ။ ဖတ်ချင်စရာ ခေါင်းစဉ်လေး တခု တွေ့ရင်တောင် ၊ ဒီဖက်က ကြည့်နေတဲ့ အရှိန်ပျက်သွားမှာစိုးလို့ ၊ နောက်မှ ဖတ်မယ်ဆိုပြီး ၊ ဘရောက်ဇာတခု နဲ့ ဖွင့်ထားလိုက်တယ်။ အိပ်ချိန်ရောက်လာလို့ ကွန်ပြူတာသာ ပိတ်လိုက်ရတယ် … ခုန ဖွင့်ထားတဲ့ စာကို မဖတ်ဖြစ်လိုက်တဲ့ အကြိမ်တွေ များလာတယ်။ အဲ့ဒီလို ကွန်ပြူတာရှေ့က  မျက်လုံးတွေ အာရုံတွေ အားလုံးကို စွဲဆောင် လှည့်စား နေတာက ဖေ့စ်ဘွတ် ဆိုတဲ့ အန္တိခရစ် ချစ်စရာ နတ်ဆိုးကြီးပါပဲ ။

နတ်ဆိုးကြီး လို့ ပြောလို့ ၊ ဒါဆို ဘာလို့ သုံးနေသေးလည်း လို့ စိတ်ထဲက မေးငေါ့ ပြီး မေးပစ်လိုက်စမ်းပါ ။  ဒီကလည်းThe Artist အကြောင်း ပြောပြချင်လို့ စကားစ ရှာနေတာ ။

တကယ်တော့ နတ်ဆိုးကြီး ဖေ့စ်ဘွတ် နဲ့ အနုပညာသည်ကြီး က..ဘာမှတော့ မဆိုင်ပါဘူး။ အခုပြောချင်တဲ့ The Artist ဆိုတဲ့ အော်စကာတွေ ရခဲ့တဲ့ နာမယ်ကျော် ဟောလိဝုဒ် ရုပ်ရှင်ထဲက ၊ အနုပညာသည်ကြီးမှာ ဖေ့စ်ဘွတ် စာမျက်နှာ လည်း ၊ မရှိခဲ့ပါဘူး။ မရှိဆို သူက အသံတိတ်ခေတ်က ရုပ်ရှင်မင်းသားကြီး တယောက်။  သူ့ခေတ်မှာ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ ၊ အသံတိတ် မင်းသားကြီး  Valentin ကို ၊ တိတ်တိတ်ကလေး ကြိတ်ပြီး သဘောကျနေရှာတဲ့ ၀ါသနာရှင် မိန်းကလေး တယောက်က ချဉ်းကပ် မိတ်ဆက်လာတော့  သူ့ရုပ်ရှင်ကား တကားရဲ့  ကတဲ့ အခန်းလေး တခု မှာ ၊ ပေးသရုပ်ဆောင်စေခဲ့တယ်။ အဲဒီလို နဲ့ ဟိုနား ဖြတ်လျှောက်..ဒီနားဖြတ်လျှောက် မင်းသမီးလေး ဟာ ၊ မထင်မှတ်ပဲ ၊ အသံသွင်း ရုပ်ရှင်ခေတ်အပြောင်းမှာ ၊ ရုပ်ရှင်ကားတွေ တကားပြီး တကား သရုပ်ဆောင်ရင်း ၊ အောင်မြင်ကျော်ကြားလာတော့တယ် ။ အဲဒီအချိန်မှာ ၊ အသံတိတ် မင်းသားကြီး Valentin အတွက်တော့ အရင်က ရုံပြည့် ရုံလျှံ အားပေးတဲ့ သူ့ အသံတိတ်ကားတွေ ၊ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်လာတယ်။ ဒါပေမဲ့ သူက မာနကြီးတယ်။ သူ့ရဲ့ မူလဘူတ အနုပညာ ကို ၊ စွန့်ထားခဲ့ဖို့ ဘယ်လိုမှ တွေးလို့မရ လက်ခံလို့မရ။ ဘာမဟုတ် ညာမဟုတ် သူ ခေါ်သုံးခဲ့တဲ့ ကောင်မလေး ရဲ့ အကြံညဏ် အကူအညီ တွေဆို ပိုဝေးသေး ။  ထုတ်လုပ်သူတွေ နားချ လည်း ခါးခါးသီးသီး ပဲ။ နောက်ဆုံး ထုပ်လုပ်သူ တယောက်မှ မရှိလည်း သူ့ ကြွယ်ဝ သမျှ ပိုင်ဆိုင်မူတွေ ထုခွဲပြီး သူ့ ဇတ်ကား သူပြန်ရိုက်တယ်။ ၀က်ဝက်ကွဲပဲ ရှုံးတာ။ အဲဒီအချိန်မှာ အသံထွက် ဇတ်ကားသစ်တွေ တခုပြီး တခု လက်ခံ ရိုက်ကူးနေရပေမဲ့ ၊ မင်းသမီးလေးကတော့ သူ့ဆရာ သူ့အချစ်ကို မမေ့ဘူး။ ရုပ်ဖျက် နောက်ယောင်ခံပြီး သူ့ဆရာ ရဲ့  အဖြစ်ကို တောက်လျှောက် စောင့်ကြည့်ရင်း စိတ်မကောင်းတွေ ဖြစ်နေခဲ့တယ်။ မင်းသားကြီး ထုတ်ရောင်းသမျှ  ပစ္စည်းအကောင်းစား တွေကို နာမယ်မခံပဲ အဆမတန်ပေး လိုက်ဝယ်တယ်။ နောက်ဆုံး ဘာပစ္စည်းမှ မပိုင် ၊ ဘာအခြွေအရံမှ မရှိတော့ပဲ သူ့ခွေးလေး သာ ကျန်တော့တဲ့ မင်းသားကြီးက သူ့ကိုယ်သူ သတ်သေ ဖို့ ကြိုးစားတုန်း သူ့ခွေးလေး ကယ်လို့ အသက်ချမ်းသာခဲ့ရတယ်။ အဲ့ဒီမှာ မင်းသမီးလေး ရောက်လာပြီး ဇာတ်သိမ်းရတော့တယ်။

ဒီ ဇတ်လမ်း ဇတ်ကွက် နဲ့ ရော ဘာဆိုင်သလည်း ဆိုတော့ လည်း ၊ ဘာမှ မဆိုင်ပြန်ပါဘူး။ အဓိက ပြောနေတဲ့ ဘလော့ အကြောင်းမှာ မင်းသားကြီးလို ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တာတွေလည်း မရှိခဲ့ပါဘူး။ အနုပညာတွေ အသုံးတော်မခံရလို့ သတ်သေချင်တဲ့ လူလည်း ရှိမယ် မထင်ပါဘူး။ အနုပညာသည် ကြီးတွေ လို့လည်း ဘယ်သူမှ ကိုယ့်ရင်ဘတ်ကြီး တွေ ကိုယ်ပုတ်ပြီး ပြနေတာ မမြင်မိပါဘူး။ 

ဘာကိုပြောချင်တာလည်း ဆိုတော့၊ ခေတ် တ ခေတ် ရဲ့ နေထိုင်မူ စားသုံးမူ ပုံစံ တွေ ပြောင်းလာတဲ့ အခါ၊ ဒါမှမဟုတ် ရုတ်တရက် ပြောင်းသွားတဲ့ အခါ ၊ အဲဒီ အပြောင်းအလဲ ကို လက်မခံနိုင်ပဲ ၊ နတ်ဆိုးကြီး လို့ အပြစ်တင်နေ ၊ ဘေးထွက်ထိုင်နေဖို့ ဆိုတာ မလွယ်ကူဘူး ဆိုတဲ့ အချက်ကလေးပါ။  အနည်းဆုံး ချစ်စရာ နတ်ဆိုးကြီး လို့  သတ်မှတ်ပြီး ၊ ပါးပါးနပ်နပ် ချစ်တတ်ဖို့တော့ ကြိုးစားရမည် ပေါ့။

ဖေ့စ်ဘွတ် ကြီး သိုက်သိုက်ဝန်းဝန်း စဖြစ်လာကာစ ကဆို၊ သူ့ဖာသူ သိုက်ဝန်း ယုံမက စည်ကားနေလည်း  အနေသာကြီး ။ ဘလော့ ပေါ်မှာ အေးအေးဆေးဆေး စာတွေ ဆက်ရေးလို့ ကောင်းနေသေးတာပဲ ။ အချိန်ပေး ဖတ်တဲ့သူတွေ လည်း ရှိသင့်သလောက် ရှိနေသေးတာပဲ ။ ဒါပေမဲ့ အခုနောက်ပိုင်း အရေအတွက် သိသိသာသာကြီး ကျသွားတာ မဟုတ်ပေမဲ့၊ ဘလော့ အ၀န်းအ၀ိုင်း ရေးဖော်ရေးဖက်တွေ အားလုံး သိသိသာသာကြီး တိတ်ဆိတ် ငြိမ်သက် သွားကြတာပဲ ။ တချို့ဆို ဘလော့ကို လုံးဝကို ပိတ်ပြီး အငြိမ်းစားယူသွားကြပြီ။ အရင်က Reader နဲ့ ယူဖတ်တဲ့ ဘလော့တွေ ဆိုတာလည်း ၊ တပတ်လုံး နေမှ ၊ လေး ငါး ခု တောင် အသစ်မတွေ့တော့ ။ ဘလော့ ခေတ် ကုန်သွားပြီလို့ ပင် ဆိုကြပြီ။ ပြောရရင်၊ မြန်မာလူမူ အသိုင်းအ၀ိုင်း အတွက်လည်း ၊ နိုင်ငံရေး ခေတ်တခေတ် ပြောင်းလို့  လွတ်လပ်စွာ ရေးသားခွင့် ဆိုတဲ့ ဒီမိုကရေစီ နီယွန်မီးရောင်တွေ တပြောင်ပြောင် ဖြစ်နေပြီဆိုတော့  ဖယောင်းတိုင်လေးတွေ လည်း မလိုအပ်လှတော့ပါဘူး။ အတိုက်အခံ နိုင်ငံရေးတွေ ရေးခဲ့တဲ့ လက်တွေလည်း  အလိုက်အထိုက် တွေ  လိုက်ရေးချင်ရေး .. ဒါမှမဟုတ်ရင် ရေးစရာ ရှားသွားပြီလေ။

စာရေးချင်လို့ ကို ရေးစရာ နေရာ ရှာခဲ့တဲ့ ကျမ အတွက်တော့ ၊ ရမဲ့နေရာနဲ့ သင့်လျော်သလို ဆက်ပြီး ရေးဖြစ်နေအုံးမယ် ထင်ပါရဲ့ ။  စာရေးတယ် ဆိုတာလည်း စာဖတ်သူ ရှိဖို့ လိုတယ်ဆိုတဲ့ လက်တွေ့ကျတဲ့ အချက်ကြောင့် ၊ အေးအေးဆေးဆေး ဘလော့မှာ စာရေးရာကနေ ၊ ပူပူဆူဆူ လူထူထူ နဲ့ ကိုယ်က သူ့မသိ၊ သူက ကိုယ့်မမြင်ဘူး၊ စာတွေတင်မက  ပုံတွေ သတင်းတွေ အတင်းတွေ အောက်လုံးတွေ မိုးလုံးပြည့်တွေ အမျိုးစုံ ဥဒဟို ပြေးနေတဲ့  လူမူကွန်ယက် လမ်းမကြီးပေါ် ကို ၊ ဆင်းပြီး စာရေး ရတော့မယ် ဆိုရင်လည်း……။ အင်း…

အဲ့ဒီ ကွန်ယက်ကြီးပေါ်မှာပဲ ၊ တနေ့က တွေ့လိုက်သည်။ အခုခေတ် လူငယ်တွေ စာမဖတ်ကြတော့လို့ ၊ ရန်ကုန်မြို့က စာရေးဆရာ တချို့ ၊  လက်ဖက်ရည်ဆိုင်မှာ ဆင်းပြီး စာရွတ်ဖတ်ပွဲ စကားဝိုင်း လုပ်ကြမည် တဲ့။

အင်းလေ . . . စာအုပ် စာပေ နဲ့ ပတ်သတ်လို့ ကြားခံ ပစ္စည်းတွေသာ ၊ စာရွက်ကနေ ဖန်သားပြင် ပြောင်းသွားပေမဲ့ ၊ စာအုပ်ဆိုင်ကနေ အီးဘွတ်ဝဘ်ဆိုဒ် တွေဆီ ရွေ့သွားပေမဲ့ ၊ စာရေးခြင်း ဆိုတာက ပျောက်မှ မသွားတာ ။ ဒါပေမဲ့ ၊ စာဖတ်ချင်စိတ် တွေက ၊ အထူကနေ အပါး . . . အပါးကနေ အတို . . . အတိုကနေ အပြတ် . . . အပြတ်ကနေ မှ ဘာစာမှ မဖတ်ချင်တော့ဘူး ဆိုရင်လည်း ၊  စာရေးခြင်းအလုပ် လည်း နောင်မှာ မျိုး တုန်းမသွားဘူး လို့ ဘယ်သူ ပြောနိုင်မလဲ။ 

လောလောဆယ်ဆယ်တော့ ၊ ဘလော့ဒေး ဆိုလား ဘာလား ဘယ်သူမှ သတိမထားမိတော့တဲ့ နေ့မှာ ၊ ဘလော့ဂင်း ခြင်းကို လွမ်းဆွတ် စွာနဲ့ ဒီစာလေး ကို ရေးပါတယ်။ ရေးတဲ့ နေရာမှာလည်း ၊ ဘလော့စတိုင် အတိုင်း ၊  ဘာမှ အကွက်အကွင်း တွေပြင် အခင်းအကျင်းတွေ ချ မနေပဲ ၊ စိတ်ထဲ ပေါ်လာသလို တောက်လျှောက် တထိုင်တည်း ရေးလိုက်ပါတယ်။ ပြီးတော့ The Artist ရုပ်ရှင် ရဲ့ နောက်ဆုံးခန်းလေး မှာ၊ အသံတိတ် မင်းသားကြီး နဲ့ အသံထွက်မင်းသမီး လေး တို့ ပျော်ရွှင်စွာ တွဲက ကြသလိုပဲ ၊ မရေးဖြစ်တာ ကြာပြီ ဖြစ်တဲ့ ဘလော့ ပို့စ်လေး တခု ကို ဖေ့စ်ဘွတ်ကြီး ထဲမှာ နုတ်စ် အဖြစ်  တင်ပြီး သကာလ ၊ ဟိုလူ မသိ ဒီလူမသိ ဖြစ်မှာ စိုးလို့ ၊ အတင်းကိုပဲ ၊ အားမနာရမဲ့ သူများကို တဂ်င်း လိုက်မိပါတော့သည်။




သြော်. . . နေအုံး ။ ရေးနေရင်းပဲ အဆုံးသပ်ပြီးမှ ၊ အတွေး အသစ်တခု ရ လာတယ်။ The Artist နဲ့  The Blogger မဆိုင်ဘူးလို့ ဘယ်သူ ပြောချင်လည်း။ ဘလော့ဂါ ဆိုတာ အနုပညာသမား မမည်ဘူးလို့ ဘယ်သူ နှာခေါင်းရှုံ့ ချင်လဲ ။ သုခမိန်လှိုင် ရဲ့ ကဗျာလေး လိုပဲ ၊ ဒီခေတ်ကြီး မှာ . . . အားလုံးပီကာဆို။

ကေသွယ်
၁၁ နာရီ ၃၇ မိနစ် ။  သြဂုတ် ၃၁ ။ ၂၀၁၃





Share/Bookmark

မေတ္တာကြော်ငြာ

ခု ရက် ထဲ..မေတ္တာ နဲ့ ကြော်ငြာ ပေးချင် တာလေး တွေ..စု ဆုံ လာ လို့ ပါ။


အိပ်မက် တွေ ကို အကောင် အထည် ဖော်သူ

ပထမ ဆုံး ကတော့..ကျမ တို့ ရဲ့.. ဘူမိ အကိုကြီး တယောက် ဖြစ်တဲ့.. ကိုအောင်ခိုင် ( မင်းအောင်ခိုင် ) ရဲ့..ဗွီစီဒီ ကာရာ အိုကေ အသစ် ပါ။

သူ ပထမဆုံး အခွေ ထုတ် မယ် ဆိုတော့..ကျမ တို့ မအံ့သြ ကြပါဘူး။ ဘာလို့ ဆို.. သူ သီချင်းဆို ကောင်းတာ.. ၀ါသနာ ကြီး တာ ကို.. အစောကြီး ကတည်း က..သိနေ ပြီးသား မို့. ..တကယ် ဖြစ်လာ ပြီ ပေါ့ လို့သာ..၀မ်းသာ အားရ နဲ့ ချီးကျူး သြဘာ ပေး မိ ကြ တယ်။

ကျမ တို့ ထက်.. ဆယ်စု တ ခု လောက် စော ပြီး ကျောင်းပြီး ခဲ့ ပေ မဲ့..ထုံးစံ အတိုင်း စလုံး ကျွန်း မှာ..စု မိ ဆုံ မိ .. အလုပ် အတူတူ လုပ် ကြ ရင်း..ရွယ်တူ တွေ လို ခင်မင် ရင်း နှီး ခဲ့ ကြ ဖူးတယ်။ အလုပ် မှာ..ကျမ အမျိုးသား လည်း အတူတူ မို့.. ကျမ တို့ နှစ်ယောက် လုံး နဲ့ .. မောင်ညီမ အရင်း တွေ လို ပါပဲ။ ကျမ နဲ့ ဆိုရင်တော့.. မြန်မာ သံစဉ် တွေကို ချစ် ခင် သူခြင်း.. စာရေး စာဖတ် ၀ါသနာ ပါ ကြ တာ ခြင်း... အဲဒီ တုန်းက ရုံးက..ဘော့စ် ကို မုန်းကြ တာ ခြင်း အတူတူ မို့.. နေ့လည် ထမင်းစား ချိန် တွေ..စကား ကောင်းကြ.. ။ မ၀ သေး ရင်.. စားပွဲ ချင်း ကပ်လျက်..အလုပ် မှာ.. ခိုးပြီး ဗမာ လို စကား များ ကြ နဲ့.. တော်တော် ပျော် ဖို့ ကောင်း ခဲ့ ပါတယ်။

သူက.. မြန်မာ့ အသံ မှာ လည်း တာဝန် ထမ်းဆောင် ခဲ့ ဖူး သူ ဆိုတော့.. တချို့.. အနုပညာ အတွင်းသတင်း လေး တွေ လည်း..သူ့ဆီက..နားထောင် ရ တယ်လေ။

အဲဒီ တုန်းက.. ကျမ လို ငချွတ်တား လေး က.. သူ ပြော တဲ့.. တေးရေး ကိုသက်ဦး  ဆိုတာ မျိုး တွေ လည်း သိ..၊  သန်းသန်းဆင့် သီချင်း တွေ လည်း.. အလွတ် ရ ဆိုတော့.. သူ က လည်း အံ့သြတကြီး ဖြစ် ရှာတယ်။ တကယ်တော့ လည်း ကြက်ကန်း ဆန်အိုးတိုး မိ သ လောက် ပါ။ အများကြီး လည်း သူတို့ နဲ့ လိုက်မမီ နိုင် ပါဘူး။

အဲဒီ လို..ဗမာ ဂီတ သံစဉ် တွေကို နှံ့စပ် တဲ့ လူ တယောက် ပါ။

အနုပညာ ကို ဘယ်လောက် ရူးသွပ် သလည်း ဆို.. အိမ်မက် တွေကို.. အကောင်အထည် ဖော်ဖို့ ကြိုးစားတာ..ဒါ ပထမ ဆုံး အကြိမ် မဟုတ်ပါဘူး။ ဟိုး စလုံးကျွန်းကို..ကျမ တို့ မရောက်ခင်.. လွန်ခဲ့တဲ့ ၁၇ နှစ် ၁၈ နှစ် လောက် ..ဗမာတွေ အတွက်..အ၀င်ခက်..အလုပ်ခက်..စတေး ခက် တဲ့ အချိန်ကာလ တွေ ကတည်းက.. စင်ကာပူ က.. ဗမာ တွေ  ရုန်းကန် ခက်ခဲ ပုံ တွေ ကို..အချစ် နောက်ခံ ထား ပြီး ဘ၀ သရုပ်ဖော် ရုပ်ရှင် လေး.. တကား လည်း..ရိုက်ကူး ခဲ့ ဖူး ပါ သေးတယ်။ အဲဒီ တုန်းက.. ကိုယ်ပိုင် ဗွီဒီယို ကင်မရာ လေး တလုံး နဲ့ ပဲ.. တရုံး တည်း သား တွေ.. ကို.. ချော့မော့ စု ဆောင်း ပြီး.. စနေ နေ့တ၀က် ကလေး မှာ.. ကြိုးစား ၇ိုက်ကူး ခဲ့ တာပါ။ အဲဒီ တုန်းက ဆို..မိန်းကလေး တွေ ခု လို တောင် မများ လို့.. ခင်ရာ မင်ရာ အဆင့် ဆင့် နဲ့.. မင်းသမီး ရှာ ရ သေးတယ်။ မင်းသား လုပ် တဲ့.. အကိုကြီး..(သူလည်း ဘူမိ ကပဲ ) ဆို.. ကိုမင်းသား ဆို တဲ့ နာမည် တောင် တွင်ကျန် ခဲ့ ပါ ရော..။ အဲဒီ ဇာတ်လမ်း တို လေး ကို..သူ့လုပ်ဖော် ကိုင်ဖက် အဆက်အစပ် တွေ နဲ့.. မြန်မာ့ ရုပ်သံ မှာ ပြ ဖို့ လည်း ကြိုးစား ခဲ့ သေး တယ် လို့ ဆို တယ်။

နောက်ပိုင်း..ကျမ တို့ စလုံးက.. ထွက်လာ တော့.. ဆရာ ဦးခင်မောင်လတ် ထုတ် တဲ့.. ရွှေမြန်မာ ဂျာနယ် မှာ.. အယ်ဒီတာ အဖြစ် ၀ိုင်းနေ ၀န်းနေ တယ် ဆို တာ ကြားမိ တော့ လည်း.. မအံ့သြ မိ တော့ဘူး။ စာပေ အနုပညာ ၀ါသနာ ကြီး တဲ့ သူ ဟာ... ဘယ်နေရာ ရောက် ရောက် သူ့အစွမ်းအစ ကို.. အလကား မထားပဲ.. သွေး နေ မှာပဲ လေ..။

မေးလ် ကနေ ပို့ပေး လာ တဲ့.. MRTV 4 .. နမူနာ ဖိုင်ကို.. အိမ်မှာ ဖွင့် ကြည့် ရင်း.. ကျမ တို့ ၂ ယောက်သား.. ခေါင်းတညိတ် ညိတ် နဲ့ ..ဘာမှ မပြော နိုင် အောင် ပါပဲ။

ကျမ ကတော့..အိမ်မက် တွေ ကို..အကောင် အထည် ဖော် တတ် ဖို့..ကိုအောင်ခိုင့် ဆီ မှာ..အတုယူ ရ အုံး မယ် လို့ သာ တွေး နေ မိ တော့ တယ်။


++++

ဘယ်တော့ မှ မနား အအား မနေ သူ

နောက် တယောက် ကတော့.. ကျမ တခါ မှ မပြောပြ ဖူး တဲ့..ကျမ ရဲ့..မာမီ ပါ။ ကျမ အမျိုးသား ရဲ့..ချစ်လှ စွာ သော မိခင် ပေါ့။

ကျောင်းဆရာမ တယောက် လုပ် ခဲ့ ဖူး ပြီး..နောက်ပိုင်း တော့.. သူ့ခင်ပွန်း ရဲ့ လုပ်ငန်း တွေ မှာ ၀င်ကူ.. သားသမီး တွေ အတွက်..စီးပွားရေး ကို.. ဦးဆောင် မောင်းနှင် ခဲ့သူ ပါ။

နောက်ပိုင်း စီးပွားရေး ဆက် မလုပ် ဖြစ် တော့ လည်း..သူ့ ကိုယ်သူ ဘယ်တော့မှ အအား မထား.. တနေ ရာ ရာ သွား ရင် သွား...တခုခု လုပ်ရင် လုပ်နေ ရ မှ.. နေပျော်သူ။ တယောက်ယောက် ကို ကူညီ နေ ရ မှ.. ကျေနပ် သူ ။ ဘုရားကျောင်း မှာ.. ပန်းထိုး ပေး တယ်။ ကလေး တွေကို စန္ဒယား တီး လိုက်သင် ပေး တယ်။ YWCA မှာ လုပ်သမျှ..အမျိုးသမီး သင်တန်း တွေ တက် တယ်။ ကျမ်းစာ ဆွေးနွေး ပွဲ တွေ အပတ် တိုင်း သွား နားထောင် တယ်။ အဲ့ဒီလို မျိုး။ သူ့ သမီး က ..သူ့ကို ( အပျော်ထမ်း ) လို့ ချစ်စနိုး နဲ့ နောက် ပြီး ခေါ် လေ့ ရှိတယ်။ စန္ဒယား ကို တောင်.. Kit Young ဆီ မှာ.. ထပ် ပြီး ဆည်းပူး သေး သူ..။ ပြော သေးတယ်.. သူ တီးတာ က..လက်ကွက် ကလေး က.. မတူ ဘူး .. ဒီလို..ဒီလိုလေး ဆို ပြီး လုပ်တောင် ပြ လိုက် သေး တယ်။

တခါ တလေ လည်း သူ့ ရဲ့.. ရိုးသား ပြီး ..ဘာမှန်း ညာမှန်း မသိ စွတ် ပြီး..ကူညီ သင်ပြ ချင် တဲ့..စေ တနာ က.. ကျမ တို့ အတွက်.. ရီစရာ..ချစ်စရာ လည်း ဖြစ် နေ ပြန် တယ်။

တခါ က ဆို.. ရန်ကုန်က ကျမ အမအိမ် ကို လာ လည် ရင်း.. ဘာမပြော ညာမပြော.. ပန်းထိုး နည်း ပြ ပေး မယ် ဆို ပြီး..နောက်ဖေး မီးဖိုချောင် စားပွဲ ပေါ်က..ဟင်းချက် မလို့ လုပ် နေ တဲ့..ဘူးသီး ကြီးကို.. ထက်ပိုင်း ပိုင်း ပြီး..နှီး တွေကို ဆူး လုပ် စိုက်.. လက်တွေ့ သရုပ် ပြ လိုက်တာ.. အဲဒီ နေ့..ကြက်သား နဲ့ ဘူးသီး ဟင်း မစား လိုက် ရ တော့ တဲ့ အကြောင်း ညီအမ တွေ..ဖုန်းဆက်ရင်း ရီ မော ခဲ့ ကြ ရ ဖူး တယ်။ အဲဒီ လို.. လက်တွေ့ ကျ..လွယ်ကူ တဲ့.. အိမ်တွင်း ပန်းထိုး နည်း တွေ အကြောင်း လည်း စာအုပ် ကလေး တအုပ် ပြုစု ပြီး.. ထုတ် ခဲ့ သေးတယ်။



YWCA လို အမျိုးသမီး သင်တန်း တွေ မှာ အသုံး ၀င် တဲ့ သူ့စာ အုပ် ကလေးက.. ခဏခဏ တော့.. ထပ်ပြီးပုံနှိပ် ရ လေ့ ရှိ တယ်။ သူ့ရဲ့ခင်ပွန်း ( ဒယ်ဒီ ) က လည်း ..ချစ်စနိုး နဲ့.. မင်းစာအုပ်က.. best seller ဖြစ်နေ ပြီ လို့.. အမြဲ စ ပါတယ်။

ပြီးတဲ့ ဧပရယ်လ ထဲ မှာ.. ခင်ပွန်း ဆုံး သွား တော့.. တယောက် တည်း ကျန် ခဲ့ တဲ့.. မာမီ တယောက်.. မေ့မေ့ပျောက်ပျောက် ဖြစ် အောင် ပိုပြီး တော့ ကို..အအား မနေ တော့ ဘူး။

နောက်ထပ် စာအုပ် တအုပ် ဖြစ် တဲ့..ပန်းခြောက် အနုပညာ နည်း တွေ ကို ဆက် ထုတ် ဖို့ လုပ် တော့ တယ်။ အတော် စော စော ကတည်းက.. ဘုရားကျောင်းက..မိန်းကလေး တွေ ကို..ပန်းခြောက် ပို့စကဒ် လုပ်နည်း.. စာအုပ်ညှပ် လုပ်နည်း တွေ..သူ သင်ပေး ရင်း ပျော်ရွှင် တက်ကြွ နေတာ ..သိ နေ တာ မို့..သူ့ အမေ ကို အင်မတန် ချစ်တဲ့ သား ကလည်း.. ပန်းခြောက် လုပ်နည်း စာအုပ် တွေ... ၀ယ် ၀ယ် ပို့ပေး ထား တာ ရှိတယ် လေ..။ ခု တော့..သူ့ ရဲ့ ဒုတိယ စာအုပ် ကလေး ဖြစ်တဲ့..ပန်းခြောက် အနုပညာ စာအုပ် ကလေး .. စာပေလောက ဆိုင် ရဲ့ ..စင် ပေါ် ရောက် နေ ပြီ လို့ ပြော တယ်။ မိုးမိုး(အင်းလျား) ရဲ့ အင်းလျား သူငယ်ချင်း ဖြစ် တဲ့.. မားမီ ကို စာပေလောက ကလည်း အမြဲ ကူညီ ပါတယ်။

မားမီ ရဲ့.. ၀ါသနာ တွေ အလုပ် တွေ အတွက်..ကျမ ဘာမှ ထိထိ ရောက်ရောက် မကူ ညီ နိုင် ခဲ့ ပေ မဲ့..၊ အဲဒီ စာအုပ် ရဲ့ အဖုံး လေး က တော့.. ကျမ ရဲ့.. လက်ဆောင် အဖြစ်.. အမြဲ အမှတ် တရ ဖြစ် နေ တော့ မှာ ပါ။ ဟုတ်ပါတယ်.. အဲဒီ တောရိုင်းပန်းခြောက် ကလေး တွေက..ကျမ ရဲ့ လက်နဲ့ ခူး ခဲ့ တဲ့ ပန်းကလေး တွေ ပါ။



၂၀၀၉ မှာ.. ကျမ တို့ နှစ်ယောက်ဆွစ်ဇာလန် ..ဒါဗို့စ် ကို ရောက် တော့.. ဒီဘလော့ ရဲ့ ဘန်နာ ထဲ မှာ မြင်ရ တဲ့ .. ဆွစ်စ် တောင်တန်း ကြီး တွေ ပေါ် မှာ... တောပန်း တွေ ခဲခဲ လှုပ် အောင် ပွင့် နေ ခဲ့ တယ် လေ..။ ကျမ ကလည်း..တောပန်း အရူး မို့.. ရောက်ခဲ လှ တဲ့.. ဒါဗို့စ် တောင်တန်း ကြီး တွေ ပေါ် က.. တောပန်း ကလေး တွေ ကို.. တပွင့် ခြင်း..တမျိုးခြင်း.. တရောင် ခြင်း.. ခူး ပြီး.. ယူ လာ ခဲ့ တယ်။ ပန်း တွေ ကလည်း အဲဒီ တောင်ပတ် လမ်း တလျှောက် လုံးမှာ.... အမျိုးစုံ..အရောင်စုံ ကို..ပွင့် နေ ခဲ့ ကြ တာ ပါ။ စိတ် ထင်..အမျိုး ပေါင်း ၅၀ နီးပါး ရှိ ခဲ့ လိမ့် မယ်။ အဲဒီ တုန်း ကတော့.. ဘေး မှာ ပါ တဲ့..သူက.. လျှောက်ခူး ပြီး..ဘာလုပ် မှာ တုန်း.. သယ် လို့ လည်း မရ ပဲ နဲ့ လို့ ပြောသေး တယ်။ ဟုတ်တယ်လေ.. ။ ပန်းခြောက်..သစ်သီး..သစ်သား ထွက် ပစ္စည်း ဆို တာ တွေ ကို.. သြစတြေလျ က.. လေဆိပ် မှာ.. တားမြစ် ထား သလို..အပြန် ခဏ ၀င်မဲ့ လန်ဒန် ကလည်း.. လက်မခံ ပါဘူး။ ဒါပေမဲ့..ဘယ် ရ မလည်း..။ ဟိုတယ် ပြန် ရောက်တော့.. အဲဒီ ပန်း လေး တွေ ကို..ဟိုတယ် ခန်း ထဲက.. ဖုန်းနံပတ် စာအုပ် ထူထူ ကြီး ထဲ မှာ ညှပ်.. ၊ အပေါ်က.. စားပွဲ နဲ့ ဖိ.. ၊ နောက် ၃ ရက် နေ.. ဒါဗို့စ် က..ပြန် တော့ မှ.. ကိုယ့်ရဲ့ စာအုပ် ကလေး ထဲ ကို ပြောင်း ညှပ် ပြီး.. လေဆိပ် ၂ ခု လုံး ဖြတ်ပြီး ခိုးသယ် လာ တာ.. အိမ် ကို ဒုတ်ဒုတ် ထိ ရောက် ရော ပဲ။ အဲ..ဒုတ်ဒုတ် က.. မထိ သေး ဘူး။ အဲဒီ ပန်း တွေ ကို..အိမ် ရောက် တော့.. ပို့စ်ကဒ် တွေ သုံး လေး ခု ခွဲ ပြီး အထဲ မှာ ညှပ် .. ၊ ရန်ကုန် ကို စာတိုက် ကနေ.. ပို့ လိုက် ပါရော..။ အဲဒီ လို နဲ့.. ယောက္ခမ ရိုသေ အသက်ရှည် ပြီး.. ဒီလို စာအုပ် အဖုံး လေး ဖြစ်လာ တော့ တာ ပါပဲ။

လောလော ဆယ် ဆယ် တော့.. စာအုပ် လည်း ပြီး သွား တဲ့ မာမီ တယောက် နောက်ထပ် လုပ်စရာ ရှာ ရင်း.. အကြိုက်တွေ့ သွား တာ ကတော့...နယ်မှာ ကျန် ခဲ့ တဲ့..ဘိုးဘွား ပိုင် အိမ်ကြီး ကို..သာသနာ ကိစ္စ အတွက် ပြင်ဆင် မွမ်းမံ မလို့ ဆိုပဲ..။ သူ့အမေ ဘာလုပ်လုပ်.. ထောက်ပံ့ အားပေး တဲ့.. သူ့သား ကို ကြည့် ပြီး...ကျမ ကတော့.. မျက်ခုံး ခပ်လှုပ် လှုပ်..။း))


ဘလော့ဂါ တို့ ရဲ့ အလှူ

နောက်ဆုံး ၀င်ချင် တဲ့ ကြော်ငြာ ကတော့.. ကြည်နူး သာဓု ခေါ် စရာ ပါ။

ကျမ တို့ ဘလော့ဂါ တွေ.. face book page တခု ကနေ စုစည်း ပြီး.. မြန်မာပြည် ထဲ မှာ လက်ငင်း ကြုံတွေ့ နေ ရ တဲ့.. ပခုက္ကူ ရေဘေး အတွက်.. တယောက် တလက်.. ၀ိုင်း စု လိုက် ကြတာ..အခု ည.. နောက်ဆုံး သတင်း အရ.. စင်ကာပူ ဒေါ်လာ ၅၀၀၀ ကျော်သွား ပြီ လို့ သိ ရ ပါတယ်။

အဲဒီ အကြံ ကို.. ရွာဆော် လုပ် ခဲ့ တဲ့..ကလူသစ် .၊ အကောင်အထည် ဖော် ပေး ခဲ့ တဲ့ မသက်ဝေ..နဲ့..မချစ်ကြည်အေး..၊ ဘေးကနေ.. ညာသံ ပေး ခဲ့ တဲ့.... ဇူလိုင်အိမ်မက်..ကိုအောင် နဲ့ တကွ.. ထဲ့ဝင် ကုသိုလ် ယူ ကြ တဲ့.. ဘလော့ဂါ အပေါင်း.. ယခု ဘ၀ မှာပင် ကုသိုလ် များ ခညောင်း ၍..စာကောင်း များ တိုး ၍ ရေးသား နိုင် ကြ စေ ကြောင်း..။

မသက်ဝေ ရေး တဲ့  အလှူ မှတ်တမ်း

K. (31-10-2011)



related links:
Scenery of Switzerland(1)


Share/Bookmark

ဧရာဝတီ တော်လှန်ရေး

  ဧ      ကန်မု ချ မ သွေ
  ရာ   ဇ ၀င် တွင် ရစ် စေ ရ မ လေ
   ၀       လင် စွာ သောက် သုံး ခဲ့ တဲ့ အ မေ့ မြစ် ရေ တွေ
 တီ      တာ ခွန်း ချို တေး ဆို ခဲ့ တဲ့ အ မေ့ အ တွက် သီ ချင်း တွေ
တော်  လဲ သံ တွေ ကြား
လှန်   လို လှန် .. မှောက် လို မှောက် ..ငါ တို့ ကြောက် နေ မ လား
ရေး    ဆို မှ တို့ အ ရေး ... ဒီ တ ခါ နောက် မ ဆုတ် ကြေး ။




ကေ
၂၃ စက်တင်ဘာ ၂၀၁၁

( ဘလော့ဂါ များ ရဲ့ ဧရာဝတီ  စုစည်း လှုပ်ရှားမူ အတွက် ပါဝင် ရေး ဖွဲ့ သည် )


Share/Bookmark

ယူနီ…တူညီ .. မူအတည်ဖြစ်ဖို့…

ရေးသားသူ- မိတေဖိုး


ဘလော့ဂါ ညီမလေး တစ်ယောက်က ပြောဖူးတယ်။ ငါတို့ မြန်မာတွေကလည်း စာလုံးဖွန့်လေးတောင် ညီညွတ်အောင် မသုံးနိုင်ကြ ဘူးနော် တဲ့။ အင်း… လို့ပဲ သံရှည်ဆွဲပြီး ထောက်ခံသလိုလို စဉ်းစားသလိုလို လုပ်လိုက်ပါတယ်။ တကယ်က ဘာကြောင့်ဆိုတဲ့ အဖြေကို မသိလို့ပါ။

ပြန်စဉ်းစားမိတော့ အားလုံးနီးပါး ဇော်ဂျီ ဖွန့် (စာလုံးပုံစံ) ကို သုံးနေကြသားပဲ။ ညီညွတ်သားပဲလို့ … အခု ရေးတဲ့ စာကိုတောင် ဇော်ဂျီဖွန့်နဲ့ပဲ ရိုက်လိုက်တာပဲလေ။ ဒါပေမဲ့ အိုင်တီပညာရှင် အများစုက တညီတညွတ်တည်း ပြောကြတာ ကတော့ ဇော်ဂျီဖွန့်ဟာ ယူနီကုဒ် ကို အပြည့်အ၀ အသုံးချထားတာ မဟုတ်ဘူးတဲ့။ ဒါကြောင့် မသုံးသင့်ဘူးတဲ့။ ယူနီကုဒ် ကိုပဲ အပြည့်အ၀ အသုံးချတဲ့ မြန်မာဖွန့်ကိုပဲ သုံးသင့်သတဲ့။ ဒါနဲ့ သူတို့ ညွှန်းတဲ့ ယူနီကုဒ် ဆိုတဲ့ ဖွန့် တွေကို ကွန်ပျူတာမှာ သွင်းပြီး သုံးဖို့ ကြိုးစားကြည့်တဲ့ အခါမှာ အရင်က အဆင်ပြေပြေ ဖတ်လို့ရနေတဲ့ စာတွေလည်း ဖတ်လို့ မရတော့ပါဘူး။

နောက်တခါ အိုင်တီသမားတွေက ပြောပါသေးတယ်။ မြန်မာ ယူနီကုဒ် ကို တညီတညွတ်တည်း သုံးနိုင်ဖို့က ၉၀ ရာနှုန်း အောင်မြင်နေပြီတဲ့။ ဒါဆိုလည်း ကျန်တဲ့ ၁၀ ရာခိုင်နှုန်က ဘာလိုနေသေးတာလဲ…။ အဲဒီ ၁၀ ရာခိုင်နှုန်းလောက် လိုနေသေးလို့ ယူနီကုဒ် ဆိုတာကို သုံးတဲ့အခါမှာ ခုနလို အဆင်မပြေတာတွေ ပေါ်လာတာလား။ ဒါဆိုရင် ကျမတို့လို သာမန် အသုံးပြုသူတွေ အနေနဲ့ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှပဲ ယူနီကုဒ်ကို သုံးလို့ရမှာလား။ ခုလက်ရှိမှာ အဆင်အပြေဆုံး ယူနီမကုဒ်တဲ့ ဖွန့်ကိုပဲ သုံးလို့ မရဘူးလားလို့ မေးချင်ပါတယ်။ ကျမတို့လို အိုင်တီပညာကို ထဲထဲဝင်ဝင် မသိတဲ့ သာမန် အသုံးပြုသူတွေ နားလည်ဖို့ အိုင်တီပညာရှင်တွေဘက်က လုံလောက်တဲ့ ရှင်းလင်းချက်တွေ ပေးထားတာ များများစားစား ရှာမတွေ့ ပါဘူး။

ကျမအမြင် ပြောရရင် သည်နေ့လို အင်တာနက် တွင်ကျယ်လာတဲ့ ကာလမှာ ကမ္ဘာ့ စံနှုန်းနဲ့ညီတဲ့ မြန်မာ စာလုံးပုံစံကို တညီတညွတ်တည်း အသုံးပြုနိုင်ဖို့ဆိုတဲ့ အရေးဟာ မြန်မာ ကို အင်္ဂလိပ်လို ဘားမားလို့ ပေါင်းမလား မြန်မာလို့ ပေါင်းမလားဆိုတဲ့ ကိစ္စထက်တောင် အရေးကြီးဦးမယ်လို့ ထင်ပါတယ်။





အဲသည်တော့ ကျမအနေနဲ့ နားလည်တတ်ကျွမ်းသူ မဟုတ်ပေမဲ့ ကမ္ဘာ့စံနှုန်းနဲ့ညီတဲ့ ယူနီကုဒ်ဆိုတာ ဘာလဲ ဆိုတာကို ပညာရပ် စကားလုံးတွေ မသုံးပဲ သာမန် နားလည်အောင် ကြိုးစား ကြည့်ပါတယ်။ ယူနီကုဒ်ဆိုတာ အက္ခရာ စာလုံး တစ်ခုတိုင်းမှာ ကိုယ်ပိုင် သီးသန့် နေရာ တစ်ခု ကို ပိုင်ဆိုင်ခြင်း ပါပဲတဲ့။

အက္ခရာ တစ်လုံး ရိုက်တိုင်း သူ့အတွက် သီးခြား သတ်မှတ် ပေးထားတဲ့ နံပတ်ကို ခေါ်ပြီး ဖော်ပြခိုင်းတာ ဖြစ်ပါတယ်။ ကွန်ပျူတာစက်ကလည်း အဲဒီ သက်ဆိုင်ရာ နံပတ်ကို ကြည့်ပြီး ဘာ အက္ခရာ ဆိုတာကို နားလည် ပါတယ်တဲ့။ အဲဒီလို နားလည် မှသာ မြန်မာစာနဲ့ သတ်ပုံစစ်တာတို့၊ စက်နဲ့ ဘာသာပြန်တာ၊ အက္ခရာစဉ် စီတာ၊ စာလုံးပေါင်း၊ သဒ္ဒါအထား အသို စစ်ပေးတာ၊ စာရိုက်လိုက်တာနဲ့ ပုဒ်ဖြတ်၊ ပုဒ်ရပ်တွေ ခွဲထားတွေ စနစ်တကျ လုပ်ဆောင် ပေးနိုင်ပါလိမ့်မယ်တဲ့။ ကွန်ပျူတာမှာ ဖော်ပြတဲ့ ခလုတ်တွေ၊ သတ်မှတ်ချက်တွေကို ကိုယ့်စာနဲ့ကို ဖတ်နိုင် ဆောင်ရွက်နိုင်မယ်။ ဒါထက်ပိုရရင် ဒစ်ဂျစ်တယ် စနစ် အသုံးပြုတဲ့ မိုဘိုင်ဖုန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေမှာ ကိုယ့်ဘာသာ စကားနဲ့ ဖော်ပြပေးနိုင်လာပါမယ်။ လက်ရှိ ကျမတို့ သုံးနေရတဲ့ မြန်မာစာ၊ တိုင်းရင်းသား စာတွေက ကွန်ပျူတာမှာ သာမန် စာစီစာရိုက်တဲ့ အဆင့် လောက်ပဲ ရှိနေပါတယ်။ ယူနီကုဒ် ဆိုတာကြီး ဖြစ်လာရင်တော့ ကိုယ့်ဘာသာ စကားနဲ့ ခက်ခဲ ရှုပ်ထွေးတဲ့ လုပ်ငန်းရပ်တွေ လုပ်ဆောင် ခိုင်းစေနိုင်ပါလိမ့်မယ်တဲ့။

ယူနီကုဒ် နံပတ်တွေရဖို့ ကိုတော့ ယူနီကုဒ် ကွန်ဆိုတီယံလို့ ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ယူနီကုဒ် စံ သတ်မှတ် တဲ့ အဖွဲ့ကြီးမှာ လျှောက်ထားရပါတယ်။ လျှောက်ထားတဲ့ နိုင်ငံအလိုက်၊ ဘာသာစကား အလိုက် တင်ပြ လာတဲ့ ဘာသာ စကားတွေကို သက်ဆိုင်ရာ နိုင်ငံက စာပေပညာရှင်များ၊ ကွန်ပျူတာ ပညာရှင်များ ပူးပေါင်း ညှိနှိုင်း ပြီး၊ ယူနီကုတ်စံသက်မှတ်တဲ့ အဖွဲ့ကနေပြီး ကုဒ် နံပတ်တွေ သတ်မှတ် ပေးပါတယ်။မြန်မာ ယူနီ ကုဒ် စနစ်ဟာ မြန်မာစာ တစ်ခုတည်း အတွက် မဟုတ်ပဲ အခြား တိုင်းရင်းသား ဘာသာစကား တွေပါ ထည့်သွင်း သတ်မှတ်ပေးရ မှာပါ။ နိုင်ငံ တနိုင်ငံ အတွက် စနစ် တစ်ခုသာ သတ်မှတ်ပေးတဲ့ သတ်မှတ်ချက် ကြောင့်ပါ။ မြန်မာ နိုင်ငံ အတွက် လျှောက်ထားခဲ့လို့ မြန်မာစာ အတွက် အတော်ပြည့်စုံ နေတဲ့ အခြေအနေ ရောက်နေပြီး၊ တိုင်းရင်းသား ဘာသာစကားတွေ အတွက်ပါ ဆက်လက် လုပ်ဆောင် သတ်မှတ်နေတဲ့ အဆင့်မှာ ရောက်နေပြီ လို့ ဆိုပါတယ်။

အဲဒီလို သတ်မှတ်ချက် ရရုံနဲ့ မပြီးသေးပါဘူး၊ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ ဆော့ဖ်ဝဲလ်တွေက သတ်မှတ် ထားတဲ့ ကုဒ်နံပတ်တွေကို နားလည် လက်ခံဖို့ နဲ့ ပုံစံတကျ မြန်မာစာလုံးတွေ ပေါ်လာဖို့ လိုပါ သေးတယ်။ အဲဒီအဆင့်မှာ မြန်မာစာ စနစ်ကို ကွန်ပျူတာမှာ မှန်မှန်ကန်ကန် ပေါ်လာအောင် အလုပ် လုပ်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာကို ကြားခံလုပ်ဆောင် ပေးမဲ့ ဆော့ဖ်ဝဲလ် တစ်ခု ရှိရပါမယ်။ လက်ရှိ မြန်မာစာ သုံးနိုင်တဲ့ ဖီဒိုရာ - လင်းနက်စနစ် (Fedora – Linux OS)၊ အခု နောက်ဆုံးထွက် ပန်းသီး မက်စ်အိုအက်စ် အိတ် (Mac OS X Lion) မှာ မြန်မာ ယူနီကုတ် ပါရှိ ပါသတဲ့။ အခု ပြောခဲ့တဲ့ စနစ်တွေကို ကျမတို့ မသုံးနိုင်တာရယ်၊ မသုံးတတ် တာရယ်ကြောင့် အများပြည်သူ အတွက် မကျယ်ပြန့်နိုင်ပါဘူး။

အကယ်၍များ မိုက္ကရိုဆော့ဖ်လို ကုမ္ပဏီက မြန်မာစာစံ သတ်မှတ်ချက် စနစ်ကို လက်ခံပြီး အဲသည် ဆော့ဖ်ဝဲလ် ကို လုပ်ဆောင်ပေးမယ် ဆိုရင်တော့ မြန်မာနိုင်ငံသား အားလုံး အတွက် ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကမ္ဘာမှာရော မြန်မာမှာပါ အသုံးပြုသူ အများဆုံး ဖြစ်တဲ့ ၀င်းဒိုးစနစ် (Windows OS) ကို သူတို့ ကုမ္ပဏီက ထုတ်လုပ်နေလို့ပါ။ မိုက္ကရိုဆော့ဖ်က လက်ခံပြီ ဆိုရင်တော့ ကျန်တဲ့ ဆော့ဖ်ဝဲလ် ကုမ္ပဏီ တွေကလည်း လက်ခံလာကြပါလိမ့်မယ်။ ဒါဆိုရင် ဘယ်ဆော့ဖ်ဝဲလ် ကို အသုံးပြုပြီး ကွန်ပျူတာ စာမျက်နှာတွေကို ဖန်တီးထားသည်ဖြစ်စေ မြန်မာစာကို သတ်မှတ်ထားတဲ့ လက်ကွက် ပုံစံနဲ့ရိုက်ပြီး တညီတည်း ပေါ်လာ ခိုင်းတော့ မှာ ဖြစ်ပါတယ်။ ကိုယ်ဘယ်နေရာ ရောက်ရောက်၊ ဘယ်ကွန်ပျူတာ သုံးသုံး မြန်မာစာကို ဖတ်ဖို့ ဘာမှ အလုပ်ရှုပ် နေစရာ မလိုတော့ပါဘူး။ စာရိုက်တဲ့ အခါမှာလည်း မြန်မာစာ လက်ကွက် ပုံစံသိရင် ဘယ်ဆော့ဖ်ဝဲလ် ကနေ ဖြစ်ဖြစ် အလုပ်လုပ်လာနိုင်ပါမယ်။ စာဖတ်တဲ့အခါမှာလည်း ခုလို ဇော်ဂျီဖွန့် နဲ့ ရိုက်ထားတာတွေကို တချို့နေရာတွေမှာ ဖတ်လို့မရပဲ လေးထောင့် အတုံးလေးတွေပဲ ပေါ်နေတာမျိုးတွေ မဖြစ်တော့ပါဘူး။

လက်ရှိအခြေအနေမှာတော့ မြန်မာစာကို ကွန်ပျူတာမှာ ရိုက်တော့မယ် ဆိုတာနဲ့ အဆင့်တွေ အများကြီး လုပ်ဆောင်ရပါပြီ။ ကိုယ်သုံးမဲ့ကွန်ပျူတာမှာ မြန်မာဖွန့် သွင်းထားမှ ရိုက်လို့ရမယ်။ ဖတ်မဲ့စက်မှာလည်း မြန်မာဖွန့်ရှိမှ ဖတ်လို့ရမယ်။ ရှိလို့ ရိုက်တော့မယ်ဆိုရင်တောင် မြန်မာဖွန့်ပုံစံကိုရွေးရတယ် ပြောင်းရတယ်။ သည်ဘက်ကွန်ပျူတာကနေ ဟိုဘက်ကွန်ပျူတာကိုရွေ့လိုက်ရင် ကိုယ်ရိုက်ထားတာတွေ ကို ပြန်ဖတ်လို့ မရတော့ပါဘူး။ ကွန်ပျူတာ တစ်လုံးထဲမှာတောင် နဂိုရှိပြီးသားစာရိုက်ထားတဲ့ဖိုင်တစ်ခုကို ပြန်ဖွင့်ရင် နဂိုအတိုင်းပြန်မပေါ်တတ်ပါဘူး။ ဖွန့်ကို ပြန်ပြန် ရွေးနေရပါတယ်။ သူငယ်ချင်း ဒီဇိုင်းနာ တစ်ယောက် ကတော့ မြန်မာစာနဲ့ လုပ်ရတာ သိပ်လက်ပေါက်ကပ် တယ်၊ ဒီဇိုင်းပုံစံ တခု ပြောင်းတာနဲ့ အစ၊ အဆုံး ပြန်ပြန် စီနေရတဲ့ ဘ၀ ဘယ်တော့ ကျွတ်မလဲလို့ ငြီးလေ့ ရှိပါတယ်။ ယူနီကုဒ်ကို တညီတည်း အသုံးပြု လာနိုင်ရင် အင်တာနက် စာမျက်နှာတွေ မှာလည်း သိချင်တဲ့ အချက်အလက်ကို မြန်မာလိုရိုက်ပြီး မှန်မှန်ကန်ကန် ရှာနိုင်ပါ လိမ့်မယ်။ အခုတော့ ဇော်ဂျီ ဖွန့် နဲ့ ရှာရင်၊ မြန်မာ၃ ဖွန့် က မသိ၊ ဧရာနဲ့ ရှာရင် ဇော်ဂျီက မသိဆိုတော့ အလုပ်မဖြစ်ပါဘူး။

ဒါဆို အခု အရေးကြီးတာက မိုက်ကရိုဆောဖ့် ကုမ္ပဏီက မထည့်သွင်း ပေးသေးလို့ မြန်မာစာ ယူနီကုဒ်တွေ အလုပ်မဖြစ် သေးတာပေါ့။ သူတို့ က လိုအပ်တဲ့ ဆော့ဖ်ဝဲလ် ရေးပေးအောင် ဘာလုပ် ပေး ဖို့ လိုမလဲ လို့ မေးမြန်းကြည့်မိတဲ့အခါ…. သည်လို ကိစ္စမျိုးမှာ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူတွေက ကုမ္ပဏီကို တောင်းဆိုမှ ဖြစ်နိုင်လိမ့်မယ်တဲ့။ တနိုင်ငံလုံး သုံးဖို့စနစ် တစ်ခု ဖြစ်တဲ့အတွက် ငွေကြေးရင်းနှီးမှု အများအပြား သုံးရမှာပါ။ အစိုးရတွေ ကိုယ်တိုင်က ဦးဆောင် လုပ်ရတဲ့ စီမံကိန်းမျိုး ဖြစ်ပါတယ်။ အဲတော့ သာမန် သုံးစွဲသူတွေ အနေနဲ့ တတ်နိုင်တာကတော့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ စကားပြောဖို့ အစိုးရပိုင်းကို ဒါမှမဟုတ် သည် ကုမ္ပဏီ အပေါ်မှာ သြဇာ ရှိမဲ့သူ ပုဂ္ဂိုလ်ကို အကူအညီတောင်းဖို့၊ လိုပါလိမ့်မယ်။

မစ္စတာ ဘီလ်ဂိတ်နဲ့ မစ္စတာ ဘော်မာ သို့ ဦးတည်ပြီး မိုက္ကရိုဆော့ဖ် စနစ်မှာ မြန်မာစာ စနစ် လက်ခံ ထည့်သွင်းဖို့ တိုက်တွန်းတဲ့ လက်မှတ်ထိုး တောင်းဆိုတဲ့ စာမျက်နှာ တစ်ခု ရှိပါတယ်။ (  http://petition.myanmarlanguage.org/ ) ဒီနေရာ မှာ လက်မှတ်ထိုး တောင်းဆိုထားသူ ပေါင်းဟာ သည် စာရေးချိန် အထိ စုစုပေါင်း တစ်သောင်း သုံးထောင်ကျော်ပဲ ရှိပါသေးတယ်။ လက်မှတ်ရေးထိုးသူ ၅ သိန်း (မြန်မာနိုင်ငံမှာ ကွန်ပျူတာ အသုံးပြုသူ ၅ သိန်း ရှိရင်) မိုက္ကရိုဆော့ဖ်က မြန်မာစာ စနစ်ကို လက်ခံ နိုင်ပါတယ်။ ဒါကလည်း တနည်းတလမ်းဖြစ်တဲ့အတွက် ပါဝင် တောင်းဆို လက်မှတ်ထိုး သင့်ကြ ပါတယ်။

စီးပွားရေး ပိတ်ဆို့တဲ့ အချက်ကြောင့် မိုက္ကရိုဆော့ဖ်က မလုပ်တာ ဆိုခဲ့ရင်တော့၊ လူသားချင်း စာနာမှု အမြင်က ကြည့်ဖို့ လိုအပ်ပါမယ်။ သန်း ၆၀ လူဦးရေ ရှိတဲ့ နိုင်ငံမှာ နည်းပညာ အဆင့်မြင့်ဖို့ အကူအညီ ပေးခြင်းအားဖြင့် သာမန် လူတန်းစားနဲ့ နည်းပညာ နီးစပ်ဖို့ လုပ်ဆောင်ပေးတာပါ။ လူထုကို တိုက်ရိုက် အကျိုးရှိစေပါတယ်။

အဓိက တာဝန်အရှိဆုံးကတော့ အစိုးရပါပဲ။ ဒါပေမဲ့ လောလောဆယ် အစိုးရကတော့ အာဆီယံ ဥက္ကဌ ဖြစ်ဖို့က ပိုအရေးကြီးနေတယ် ထင်ပါတယ်။ မြန်မာ အချင်းချင်း တစ်ယောက်ရေးတာ တစ်ယောက် အလွယ်တကူ ဖတ်မရရင် ပိုတောင် ကောင်းသေးတယ်လို့ ထင်နေလားတော့မသိပါ။ ဒါမှမဟုတ် နည်းပညာ တိုးတက်မှုဟာ အစိုးရ အုပ်ချုပ်ရေးအတွက် အနှောင့်အယှက် ဖြစ်စေတာကြောင့် အစိုးရက ငွေကြေး မစိုက်ထုတ်တာလား၊ သူတို့ အိပ်ထဲမရောက်မဲ့ စီမံကိန်းဖြစ်တဲ့ အတွက် မသိချင်ယောင် ဆောင် နေကြ တာလား ဆိုတာတော့ မြန်မာအစိုးရ ကိုယ်တိုင်ပဲ သိပါမယ်။

နောက်တချက်က တိုင်းရင်းသား ဘာသာစကားတွေကို နည်းအမျိုးမျိုးနဲ့ ကန့်သတ်တဲ့ အစိုးရ တစ်ရပ် အနေနဲ့ ယူနီကုဒ် စနစ် မရှိနေတာကို ပိုကြိုက်ပါလိမ့်မယ်။ ယူနီကုဒ် စနစ် အလုပ်လုပ်လာရင် တိုင်းရင်းသား ဘာသာ စကားတွေ ကို အရင်ကလို ကန့်သတ် ပိတ်ပင်နိုင်တော့မယ် မဟုတ်ပါ။ ကိုယ့် မိခင်ဘာသာ စကားကို အဆင့်မြင့် နည်းပညာနဲ့ တွဲဖက် သုံးနိုင်လာရင် လူတွေ နည်းပညာနဲ့ ပိုမိုရင်းနှီးလာစေမှာ ဖြစ်သလို၊ စာပေ ဖွံ့ဖြိုးမှုလည်း တိုးတက်လာနိုင်ပါတယ်။ အိုင်တီနည်းပညာ အပြောင်းအလဲဆိုတာ လူမှု တော်လှန်ရေး တစ်ရပ်ဖြစ်သလို ဒီမိုကရေစီရေးအတွက်လည်း များစွာ အထောက်အပံ့ ဖြစ်စေမဲ့ အရေးကြီး ကိစ္စတစ်ရပ်ပါ။

ယူနီကုဒ် စနစ် ထူထူထောင်ထောင် ဖြစ်လာတဲ့ တနေ့ ၊ ရွာက လယ်သမားကြီးတွေလည်း သူတို့အိမ်က ရုပ်မြင်သံကြားစက် မှာ လုပ်ဆောင်ချက် တွေ မြန်မာစာ နဲ့ ဖတ်ရှု အသုံးပြုလာနိုင်မှာပါ။ ဒီ မျှော်လင့် ချက်တွေ လက်တွေ့ဖြစ်လာဖို့ကိုတော့ ဘာသာဗေဒကျွမ်းကျင်သူ မြန်မာ ပညာရှင်၊ တိုင်းရင်းသား ပညာရှင်တွေနဲ့၊ နည်း ပညာ ကျွမ်းကျင်သူတွေ၊ အစိုးရ နဲ့ မီဒီယာတွေကပါ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ် နေပါတယ်။ မြန်မာစာ ယူနီကုဒ်စနစ် အသုံးပြုနိုင်ရေးဟာ အရေးကြီးကြောင်း ကွန်ပျူတာ အသုံးပြုသူ သာမန် လူတွေကိုလည်း နားလည်အောင် ပညာပေးဖို့ လိုသလို သက်ဆိုင်ရာ မိုက္ကရိုဆော့ဖ် ကုမ္ပဏီက လက်ခံဆောင်ရွက်ပေးလာအောင် တိုက်တွန်း နိုင်ဖို့ လိုပါတယ်။

ကိုယ်နဲ့နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေကို လေ့လာကြည့်မိတဲ့အခါ ထိုင်းနိုင်ငံမှာဆိုရင်လည်း သူ့ဘာသာ စကားကို ယူနီကုဒ်နဲ့ သုံးနေတာ ဆယ်စုနှစ် တစ်ခု ကျော်သွားပါပြီ။ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ နိုင်ငံတွေမှာလည်း ယူနီကုဒ်ကို အသုံးပြုနိုင်နေပါပြီ။ သူတို့ဘာသာ စကားတွေနဲ့ စက်ပစ္စည်းတွေ သုံးနိုင်ကြပါပြီ။

တကယ်လို့သာ မိုက္ကရိုဆော့ဖ်လို ကုမ္ပဏီကြီးမျိုးက မြန်မာ ယူနီကုဒ်စံ ကို သူ့ရဲ့နောင်ထွက်လာမဲ့ ၀င်ဒိုးမှာ ထည့်သွင်းပေး လိုက်ရင် ခုလို တကွဲတပြားဖြစ်နေတဲ့ မြန်မာဖွန့်တွေလည်း ယူနီကုဒ် စနစ်အောက်မှာ မညီညွတ်စရာ အကြောင်းမရှိတော့ဘူးလို့ ထင်ပါတယ်။ ယူနီကုဒ် စံညွှန်းအတိုင်း လက်ကွက်ဆင်ထားတဲ့ ဒီဇိုင်းအမျိုးမျိုးနဲ့ စာလုံးပုံစံ အမျိုးမျိုးကတော့ တီထွင် ဖန်တီး မှုအလိုက် ပေါ်လာမှာပေါ့လေ။ ဒါကတော့ ပြသနာမဟုတ်ပါဘူး။ ဒါကို မညီညွတ်တာလို့လည်း သတ်မှတ်လို့ မရတော့ပါဘူး။ ဒါမျိုးကတော့ မတူကွဲပြားခြင်းရဲ့ အလှတပါးပဲ ဖြစ်လာမှာပါ။


မိတေဖိုး
ဇူလိုင်လ ၃၁ ရက် ၂၀၁၁ ခုနှစ်


Share/Bookmark

Internet Sensation

ဘလော့ဂ် မှာ ပို့စ် အသစ် မတင် မိ တာ ကြာသွား ပေ ပြီ။

အခု က.. အင်တာနက် ပေါ် တက်လိုက် ပြီ ဆိုတာ နဲ့.. စာ အ၀င်အထွက် အရင်စစ်.. စာဖတ်ခန်းကြီး ( google reader ) ပေါ်.. ကလစ် လျှောက် ထောက် ရင်း.. အမြန် အမြန် ဖတ်စရာရှိတာ ဖတ်.. ။ နောက် ခဏ နေ တော့.. မျက်နှာဘုတ်အုပ် ကြည့်.. ။ ပွစိ ထိုး နေ သော.. မျက်နှာ စာအုပ် ကိုလည်း..အဟောင်းတွေ ထိ မလှန် နေ ဖြစ်တော့.. တမျက်နှာ စာ ပေါ်လာ သလောက်.. လျှောက် ကြည့် ..။ ပြောနေ ဆိုနေကြ သူများ ဆီ မှာ.. နောက်စရာ ပြောင်စရာ တွေ့ရင်.. လက် ကို မောက်စ် ပေါ် က..အသာဆင်း..ကီးဘုတ် ပေါ် မှာ.. နည်းနည်း လျှောက်.. ခေါက် လိုက်...။

ကလောက်..တောက်..တောက်..ဒေါက်

လည်နေ ကျ..ဘလော့ဂါ တွေ ကလည်း..တော်တော်များများ.. မျက်နှာ စာအုပ် ပေါ်မှာ လှုပ်ရှား နေ ကြ တော့.. တအိမ် ဆီ လိုက် နှုတ်ဆက် နေစရာ မလို တော့ဘူး..။ ဈေးထဲ သွားလိုက် ရင်..အကုန်တွေ့ သလို ဖြစ်နေတာ..။


အလွယ်ဆုံး.. နှုတ်ဆက် အသိအမှတ် ပြုခြင်း ဖြစ်တဲ့.. ( Like ) ကလေး တွေ.. လေးငါး ဆယ်ခု လိုက်..လိုက်...။

တစ်...တစ်...တစ်...တစ်... .....တစ်..

အတော် အဆင်ပြေ သော.. like ဖြစ်ပေ၏။


အင်တာနက် sensation ကို တတ်နိုင်သမျှ လျှော့ချ နေ တာ တောင်.. မကုန် ဘူး ဆို.. တနေ့ကို.. (--) (--) နာရီ လောက်..။ ( အမှန် ကို ပြောလို့ မဖြစ်..း)

တခါ တလေ ဆို.. ဟိုး..ငယ်ငယ် တုန်းက လို.. (အဲ.) ...ဘလော့ဂ် ရေးစ တုန်းကလို မျိုး.. မဟုတ်တော့..။ ကိုယ့်ဘလော့ဂ် တောင်..တနေ့ တခေါက်..လောက် ပဲ.. နောက်ကြောင်း အေး ရုံ လောက် သွားစစ် မိ တော့ တဲ့ အထိ..။

တနေ့က တော့.. တယောက် လာပြီး.. ကိုယ့် ပို့စ် အဟောင်း တခု ကို.. တခြား ဘလော့ တခု မှာ.. ဘာမှ မပြောပဲ ..ဒီအတိုင်း ကြီး ယူ တင်ထား တယ် လို့.. အသိပေး လာပါရော...။

သွား ကြည့်တော့.. အဲဒီ ဘလော့ဂ် က လည်း..ကိုယ့် နဲ့.. လူခြင်း မခင်..မသိ ကြပေမဲ့..ဒီလိုပဲ..အင်တာနက် ပေါ်.. စာတွေ ဖတ်ရင်း... စိတ်ဝင်စားမူ စုဆုံရာ .. အာရုံ တူ ရာ.. အပြန်အလှန် အသိ အမှတ် ပြု ထား ကြတဲ့.. အသံတိတ် မိတ်ဆွေ ဘလော့ဂ် ဖြစ်နေ လေ တယ်။

ကိုယ် ရေး ခဲ့ တဲ့.. Mogkok Blues တို့ ဘာတို့ ဆို လည်း.. ပြန် ဝေမျှ..အသိအမှတ် ပြု ပေးတဲ့ အတွက်.. ကျေးဇူးတင်.. လေးစား ရ တဲ့.. ဘလော့ဂ် ။ ဒီ တခါ တော့..ဘာဖြစ် လို့.. မူရင်း နေရာ ကို မဖော်ပြ ပေး တာလည်း မသိ လို့.. စိတ်ထဲ တွေးစရာ ဖြစ် နေခဲ့ တယ်။

အဲဒါ နဲ့.. အဲဒီ ဘလော့ဂ် မှာ လည်း .. ယောင်တောင် ပေါင် တောင်.. သွား နှုတ်ဆက် ရင်း.. ဖဘ မှာ လည်း.. ဘယ်သူ များ..အကြံ ပေး နိုင် မလည်း လို့.. အသံ ပေး လိုက် တယ်။ ချက်ခြင်း ဆိုသလိုပဲ.. အဖြေ ပေါ် သွား တာ.. ဖဘ ကျေးဇူး ပဲ ပြောရ မလား...။

အဲဒီ စာလေးက.. လွန်ခဲ့တဲ့ တနှစ်ကျော် က.. ရေးခဲ့တဲ့.. မွေးနေ့ ၆၄ ဆိုတဲ့ ခေါင်းစဉ် နဲ့... Oxford က..ဒေါ်အောင်ဆန်းစုကြည် နေခဲ့ ဘူးတဲ့.. အိမ်လေး ဆီ သွားကြည့် ခဲ့တဲ့.. အကြောင်း လေးပါ..။ ပုံလေး တွေ ဝေေ၀ ဆာဆာ နဲ့ မို့... .. စိတ်ဝင်တစား ဝေမျှ ကြရင်း.. လက်ဆင့်ကမ်း စာ တွေ နဲ့ အတူ.. တပိုင်း တစ ပြတ်ပြီး... မျော ပါ နေခဲ့ ပုံ ရ ပါတယ်။ အခုန ပြောတဲ့..ဘလော့ဂ် က လည်း..ဒီ စာ အပိုင်းအစ လေး ဟာ..ကိုယ့်ဘလော့ဂ် ကမှန်း.. မသိလိုက် ဘူး ဖြစ်သွား တယ် တဲ့။ သူ တို့ မိတ်ဆွေ တယောက် ရဲ့ အမျိုးသမီး.. အောက်စ်ဖို့ဒ် မှာ ပညာသွား သင်ခွင့် ရ တဲ့ အကြောင်း.. ၀မ်းသာ ဂုဏ်ပြု ကြရင်း.. မေးလ် တွေ နဲ့ အတူ..ညပ် ပါ လာ တာ ဖြစ် နေ လေ တယ်။ အဲဒီ တော့ မှ.. အားလုံး ရှင်းသွား တော့ တယ်။

ဟိုး အပေါ်က.. စကား ကို ပြန် ဆက် ရရင်.. ဒီ အင်တာနက် စားသုံးမူ ခေတ် ကြီး ထဲ မှာ.. အရာ အားလုံးက..ဖန်မျှင် အလင်းတန်း ထဲ.. 10101010 တွေ နဲ့.. အခိုးအငွေ့ တွေ ဖြစ်ပြီး... လေ ထက်တောင် ပေါ့ပါး လျင်မြန်စွာ..စီးဆင်း နေကြ တာ ကလား..။ နောက် .. အဲဒီ အင်တာနက် ကြီး က.. သင်ကြားပေး ပြန် တဲ့...“ ဝေမျှခြင်း” ဆိုပြီး.. ရှဲ ယဉ်ကျေးမူ က လည်း ထွန်းကား နေပြန် တာ က..တချက်..။ ရှဲ ရတာ လည်း လွယ် ကူ လိုက် သမှ လေ..။ တကူး တက ကူးယူ နေစရာ မလို အောင် တောင်.. စာ မျက်နှာ တွေ ရဲ့ အောက်မှာ.. ရှဲ ဖို့ ခလုတ် မျိုးစုံ အရန်သင့် ။ ကြိုက်တဲ့ နည်း နဲ့ ရှဲ လို့ ရတယ်။ အဆင်ပြေ သလို..လိုက် လို့ ရ တယ်။ ကလစ် လေး တချက် ပဲ...။ everything is within a click away ပါပဲ။ ရှဲ တာရော..လိုက်တာ ရော..ကောင်းတဲ့ အပြုအမူ တွေ ချည်း မို့.. အဲဒီလောက် ..အကောင်း တွေ.. ပေါများ ဖောင်းပွ နေတဲ့.. ခေတ်ကြီး ထဲမှာ.. လူဖြစ်ရ တာ.. ကံကောင်း ခြင်း တမျိုး ပါပဲ လေ..။


ပြီးတော့...အဲဒီလို...ဖောင်းပွ လွယ်ကူ နေတဲ့.. သတင်း အချက်အလက် တွေ ကြားထဲ မှာ.. ကိုယ်ရေး တဲ့ စာလေး တွေ.. အခုတ်တရ မျောပါ ခွင့် ရ နေ တာကို ပဲ.. ၀မ်းသာ ကျေနပ် ရ မှာပါ..။

ကိုယ့် ဘလော့ဂ် က စာ တွေ ထဲမှာ..စိတ်ဝင် တစား ကူးယူ ဖော်ပြ ကြတဲ့..တခြား စာ ၂ ပုဒ် ကတော့.. မူရင်း အကြောင်းအရာ ကို က..စိတ်ဝင်စား ဖို့ ကောင်းနေတဲ့... ရတနာ နတ်မယ် အကြောင်း နဲ့.. သီပေါ စော်ဘွား စ၀်ကြာဆိုင် အကြောင်း လေး တွေ ပါ။ စ၀်ကြာဆိုင် အကြောင်း ပါတဲ့.. Twilight over Burma စာအုပ် အမြည်း လေး အကြောင်း ကတော့... ကိုယ့် အီးမေးလ် ထဲ ကို တောင်... ခဏ ခဏ.. မျက်စိ လည် ပြီး.. ပြန်ပြန်.. ရောက် လာ နေ သေး တုန်း ပါပဲ..။ ဘလော့ဂ် စာ ဆိုတာမျိုးကလည်း..ဟို မရောက်..ဒီ မရောက် ... လို ဖြစ်နေ တော့... တခါတလေ လည်း.. လူမသိ..သူမသိ.. လျှောက် မျော ပါ သွား နိုင် နေတာ ပါပဲ..။

အမှန် အတိုင်း ပြောရ ရင် တော့.. အဲဒီ အတွက်.. ဘယ်လို မှ လည်း ထူးပြီး.. မခံစား ဖြစ် တော့ ပါဘူး။ ကိုယ် ရေးချင် ပြောချင် တာလေး တွေ ကို..လျင်လျင်မြန်မြန် တင်ပြ နိုင် ပြီး.. ( Share ) ရှဲ ယဉ်ကျေးမူ ကြီး ထဲ မှာ.. အလွယ် လိုက် (Like ) လို့ ရ နေတာ ကိုပဲ.. အင်တာ (Net) နတ်မင်း ကြီး ကို ကျေးဇူး တင်ရ မှာပါ..။


အောက်ခြေမှတ်စု - ဘလော့ ဖုန်ခါ ရင်း.. အခွင့်သင့်တုန်း...စာအဟောင်း လေး တွေ ပြန် ဖော်ထုပ် လိုက် တာပါ.... စာတွေက..ကဘောက်တိ ကဘောက်ချာ ဖြစ်နေရင်တော့.. ဘလော့ဂင်း အစစ် လို့ မှတ်ပေတော့..ခေါင်းစဉ် လည်း ကြုံသလို ပေးလိုက်တယ်။
( အောက်ခြေ မှတ်စု ထဲ့တာ ကတော့.. မမကွန် စတိုင်... )း)


Share/Bookmark