အဆုံး အဖြတ်


ပထမဆုံး များက..စလိုက်တဲ့..အဟောင်းများ ကို ..ဆက်လက် တူးဖော်ပါရစေ။ ပထမ ဆုံး ရေးဖူး တဲ့ ၀တ္တုလေး ပါ။ ၉၀ နဲ့ ၉၁ ကြား ရေးဖြစ်ခဲ့တယ် ထင်တာပဲ။ ကျစ်လစ်မူ မရှိသေးပဲ..စာစီစာကုံး အရှည်ကြီးတပုဒ်နဲ့တူတယ်လို့..ပြန်မြင် ရတယ်။ (တချို့နေရာလေးတွေ တော့..နဲနဲ ဖြုတ်ပစ်လိုက် တယ်) ဘာပဲပြောပြော.. ဘလော့လေး ပေါ်မှာ..သိမ်းထားပါရစေ။

+++++++++++++

အခန်းက ကျဉ်းပြီး မှောင်နေသည်။ အခန်း ရဲ့ ထောင့်မှာက ကုတင်တလုံး..။ ဖုံ စော် မှိုစော် တွေ ကလည်း..မွှန်လိုက်တာ တအား ပါပဲလား..။

ထူးခြားတာက.. အဲဒီ အမှောင် ထဲ မှာပဲ..အားလုံးကို ကျွန်မ သဲသဲ ကွဲကွဲ မြင်နေရသည်။ အသေချာဆုံး..အထင်ရှားဆုံး..ကတော့..ကုတင်ပေါ်မှာ လဲလျောင်း နေသော သဏ္ဌန် တခု..။
အသက် ရှုသံ ကို ကြားနေရ သည်။ အသက်ရှု နေတာ ကိုလည်း..မြင်နေရသည်။

လူမမာ မိန်းမကြီး တယောက်ပါလား..။
အိုး.. သူ - ကျွန်မ ကို လှမ်းကြည့် နေတယ်။ အရောင် အဆင်း ကင်းမဲ့ နေတဲ့..မျက်လုံး တွေကို.. နီးနီးကပ်ကပ် မြင်တွေ့ လိုက်ရ ချိန် မှာ..
ဟင်- ပါးပေါ်မှာ မှဲ့ကြီး..။ မြင်ဘူးလိုက်တာ..။ ဒါ---ဒါ-- မေမေ့ မှဲ့ကြီး...ဟုတ်တယ်... မေမေ့ မှဲ့ကြီး..

သူမရဲ့ ဖြူစွတ်နေ တဲ့ နှုတ်ခမ်း တွေ လှုပ်ရှား လိုက် တယ်...။
` သမီး...´ တဲ့
ဘာလည်း... ကျွန်မက..သူ့သမီးလား...
ဒါဆို..သူက ကျွန်မ မေမေပေါ့....
ဟင့်အင်း-- မဖြစ်နိုင် ပါဘူး...မေမေ့ မှာ ဒီလို မှဲ့ကြီး ရှိပေမဲ့..မေမေ က..အရမ်းလှတာ.. ခုလို ပိန်ခွက် နေတဲ့ မျက်နှာ ကြီး နဲ့ မဟုတ်ဘူး...

ဟော- ဒီတခါ..သူ့လက်တွေပါ..လှုပ်ရှားလာ ပြန်တယ်။
` သမီးရယ်.. ရက်စက် လိုက်တာ..မေမေ့ ကိုတောင်..မမှတ်မိတော့ဘူးလား.. မေမေ - နေမကောင်း တာ သိရက်နဲ့.. ခုမှ ရောက်လာတယ်နော်..´

မောဟိုက် ရှည်လျားစွား ပြောလိုက်တဲ့.. စကားသံ အဆုံးမှာ တော့..ကျွန်မ သိလိုက် ပြီ။
မေမေ--- အဲဒါ---မေမေ့ အသံပဲ.. ပြီး...ကျွန်မ ကိုယ်တိုင် လည်း..မေမေ့ဆီကို လာခဲ့တာပဲ..။
မေမေ့ကို ထွေးပွေ့ လိုက်ရင်း.. ထပ်ကာတလဲလဲ တောင်းပန် နေမိတယ်။

` သမီး ရက်စက် တာ မဟုတ်ပါဘူး မေမေ..သမီး လာခဲ့တာပဲ.. မေမေ့ ဆီ ထွက်လာခဲ့တာ..ကြာပြီ မေမေရဲ့.. သမီးကို ခွင့် လွှတ်နော်.. နော်.. မေမေ.. အိုး- တကိုယ်လုံး အေးစက် နေလိုက်တာ.. မေမေ --- မေမေ--- ဟင်-- မေမေ သေနေပြီ.. ဟုတ်လို့လား.. မသေရဘူး..မေမေ မသေရဘူး..မေမေ..မေမေ................

++++++++


ဝူး...အူး..၀ူး.....
ဒုံး....ဒုံး....ဒုံး.....

`သမီး..ဘာတွေဖြစ်နေ တာလည်း.. တံခါးဖွင့်စမ်း..´

ဟင်--- အိမ်မက် --- အမလေး... တော်သေးတယ်..ဘုရား ..ဘုရား...။

` ဒုံး---ဒုံး--- သမီး...သမီး..´

`သမီး နိုးပြီ ဖေဖေ..ဘာမှ မဖြစ်ပါဘူး..ဟို- ဘီလူး စီးလို့...´

` အေး..အေး..ပြီးရော.. ရေ သောက်လိုက် အုံး.. ပက်လက် ကြီး လည်း အိပ် မနေနဲ့..မိုးတောင် လင်းကာနီးပြီ...´

အို.. ကို့ဖာသာ ကို..ရေသောက်ချင် မှ သောက်မယ်..အိပ်ချင်သလို အိပ်တော့ ကော..ဖေဖေ ဘာသိ မှာလည်း.. အားလုံးကို ဆန့်ကျင် ပြီး.. ကိုယ်လုပ် ချင်တာ လုပ်တော့..ဘာတတ်နိုင် ကြ မှာ တုံး..

နာကျည်းမူ ကြောင့်..ညစ်ကျယ်ကျယ် အတွေးရိုင်း တခု ဖြတ်သန်း သွား သည်။ တကယ်တော့..ဒါဟာ..ဖခင် တယောက်ရဲ့..စိုးရိမ်မူ စေတနာ စကားတွေ ဆိုတာ..သမီး သိတာပေါ့..ဖေဖေ။ ဒါပေမဲ့..သမီး..စိတ်နာတယ်...။ အား---- ခုန အိမ်မက် ဆိုးကြီး ထဲ ကလိုသာ..ဖွ-- မပြောကောင်း ပြောကောင်း..မေမေ တခုခု ဖြစ်သွား ခဲ့ရင်..သမီး ဘယ်လို ဖြေသိမ့် ရမှာလည်း...ဟားးး ရင်တွေ တုန်လိုက် တာ..

စားပွဲပေါ်က ရေဖန်ချိုင့် ထဲက..ရေကို မော့သောက်ရင်း..နာရီ ကြည့်လိုက်တော့..၄ နာရီ သာ ရှိသေးသည်။ ညက မောမော နဲ့ ဘယ်အချိန် က..အိပ်ပျော်ခဲ့သည် မသိ...။ ကြည့်ပါဦး.. ညထဲက ရွာနေတဲ့ မိုး ကလည်း..ခုထက်ထိ ကို ..မတိတ် နိုင် သေးဘူး..။

ပိုဆိုးတာက.. ရင်ထဲက ဝေဒနာ...ညက ဖေဖေ နဲ့ ဖြစ်ခဲ့ ရတဲ့ ပြသာနာ..။
ငါ- အရှုံးပေးလိုက် ရပြီလား...။ ရင်ထဲမှာ တင်းကျပ် လာသည်။ နာကျည်းမူ..ကြိတ်မနိုင်ခဲမရ ဖြစ်မူ တွေကို ဖြစ်နိုင် ရင်.. ပေါက်ကွဲပြစ် လိုက်ချင်သည်။ ဒါပေမဲ့.. မဖြစ်နိုင်ခဲ့..။ ဘယ်တော့မဆို.. ကျွန်မကသာ..မျက်ရည်တွေ နဲ့ အရှုံးပေး ခဲ့ရသည်သာ။

ကြောင်နေတဲ့..မျက်လုံးတွေက..စားပွဲ ပေါ်က စာကလေးကို..ဘယ်နှယ်ကြိမ် မြောက် မှန်းမသိ.. ဖတ်မိပြန်သည်။

++++++++++++++ ဒီမှာ မိုးတွေ အမြဲလို ရွာနေတာပဲ။ သမီး မိုးမိမခံနဲ့နော်။ မေမေ တော့ ဖျားနေတာ တပတ်လောက်ရှိပြီ။ တိုက်ဖွိုက် ဆန်ဆန် ဖြစ်နေတယ်။ ဒါပေမဲ့..မစိုးရိမ် ရပါဘူး။ ကျောင်းက ဆရာမတွေက ကော..အိမ်နီးနားချင်း တွေ ကပါ စောင့်ရှောက် ကြပါတယ်။ ဒါပေမဲ့ သမီးရယ် တနယ်တကျေးမှာ တယောက်တည်း ဖျားနာ နေတဲ့အခါ အနားမှာ၊ သမီးလေး တော့ ရှိစေချင်တာပေါ့။ ဖေဖေ့ကို ပြောကြည့်ပါလား ။ မရရင်လည်း နေပါစေ။ မေမေ နေလို့ ဖြစ်ပါတယ်။ ပြီးတော့ သမီးတို့ ++++++++++

ေ၀၀ါးသွားတဲ့ စာလုံးတွေရဲ့ အပေါ် ကို မျက်ရည်တွေက တပေါက်ပေါက် နဲ့ ကျလာပြန်တယ်။
သွားစမ်းပါ မျက်ရည်တွေရယ်... ငါ-- မငို ပါရစေနဲ့တော့..။
ဟုတ်တယ်နော်... ခုချိန်ဆို..မေမေ တယောက်တည်း အားငယ်နေမှာ..ပြီး..ရိုးရိုးဖျားတာလည်း မဟုတ်.. စာလာပေးတဲ့ လူကြုံ ဆရာမ ကတောင် ပြောသွားသေးတယ်။ `သမီးရယ်..မေမေ့ဆီ သွားလိုက်ပါဦး..တယောက် တည်း သနားစရာ..´ တဲ့။ သွားမှာပါ..အန်တီရယ်..။ သွားချင် တာမှ လေ.. အရမ်း..အရမ်း .. အဲဒါကြောင့် ..ညက ဖေဖေ့ ကို ခွင့်တောင်းရင်း..ပြသာနာတွေ ဖြစ်ရတာပေါ့..။

+++++++++

ဖေဖေ့ရဲ့ တင်းမာ ခက်ထန် တဲ့ မျက်နှာက ပေါ်ထွက် လာတဲ့..စကားသံတွေက..နားထဲမှာ.ပဲ့တင်ထပ်သလို..မြည်ဟီးနေသည်။

`သမီးရဲ့...ဖေဖေ က..ညီးကို တမင် ညစ်ပြီး..မသွားစေချင် လို့ ပြောနေတာ မဟုတ်ဘူး။ ခုချိန်က.. အိမ်မှာ လည်း..အခြေအနေ ကြည့်အုံးမှပေါ့.. ပြီးတော့..ညီး အမေက စာရေး ပြီး ခေါ်ရအောင်..ဒီက အခြေအနေ ကို မသိဘူးလား..အမြဲတမ်း..ကိုယ့်အတွက်ပဲ ကြည့်တယ်..ဟာကွာ..ပြောရင် မကောင်းဘူး..´

`ဟင့်အင်း..မေမေက အတင်းခေါ်တာ မဟုတ်ဘူး..သူ နေမကောင်း ဘူးလို့ တင် ရေးတာ..သမီးဖာသာ သမီး..သွားသင့်တယ် ထင်လို့.. ပြီးတော့...´

` သမီး..ညီး- ငါ့ကို ဘာမှ ရန်တွေ့ နေစရာ မလို ဘူး..ညီး-ဘာမှ မသိဘူး..ဟာကွာ- ငါပြောရရင်..အားလုံး ရှုပ်ကုန် လိမ့်မယ်.. တော်ကွာ.. ငိုမနေနဲ့..ဖေဖေ စဉ်းစား အုံးမယ်..´

ဒီလိုနဲ့ပဲ ပြသာနာ ကို အဆုံးသတ်ခဲ့ ရသည်။

စဉ်းစားပါ ဖေဖေ .. အရမ်း စဉ်းစားစရာ ကောင်းတဲ့ ကိစ္စကြီးမို့..ကြိုက်သလောက် အချိန်ယူပြီး..စဉ်းစားပါ..။ ဖေဖေဟာလေ.. အမြဲတမ်း မေမေ့ကို တဖက်သတ် စွပ်စွဲချက် တွေနဲ့..နာကျည်း မုန်းတီး နေတာပဲ..ဘာမှ ချေပ နိုင်စွမ်း မရှိတဲ့ လူတယောက် အပေါ်ကို..ဒီလောက် တော့..မပြောသင့်ပါဘူး..ဖေဖေရယ်..

မေမေနဲ့ပတ်သတ်လာတိုင်း..ဖေဖေ နဲ့သမီးရဲ့ စစ်အေးတိုက်ပွဲ တွေဟာ..ဒီလိုပဲ..အဆုံးသတ်ရ စမြဲပဲ။ ဘာပဲဖြစ်ဖြစ်လေ.. ပြသာနာ တခုမှာ..အသွားရှိမှ အပြန်ရှိသလို.. နှစ်ဦး နှစ်ဖက်လုံးမှာ တာဝန်တွေ ရှိကြတာပဲ.. နဲ တာနဲ့ များတာပဲ ကွာချင် ကွာမယ်..။ ပြီး..ဒီ ပြသာနာတွေကို အစ-အဆုံး မဟုတ်ရင်တောင်မှ.. သမီးရဲ့ ကံတရားဟာ ဘယ်လို စီရင်ခံ ခဲ့ ရသလည်း ဆိုတာ..သမီး သိသင့်သလောက် သိခဲ့တာပဲ ။

ဖေဖေကတော့ ပြောမယ်လေ..။ ကံတရားကို အပြစ်ပုံတဲ့ လူတွေဟာ လူပျော့ လူညံ့တွေ လို့လေ.. ပြီးတော့.. ဘယ်သူမပြု မိမိမူ လို့လေ..။ ဒီလိုဆို..သမီးဟာ လူပျော့ လူညံ့ တယောက်ပေါ့..။ ဖေဖေနဲ့ မေမေ ရဲ့ မတူညီတဲ့ အယူအဆ တွေ..အရှေ့ နဲ့ အနောက် လို ဆန့်ကျင်နေတဲ့ ခံယူချက် တွေကို အချစ်တခု တည်း နဲ့ ဆူဖာ ပြီး..တည်ဆောက် ခဲ့တဲ့ အိမ်ထောင်ဟာ.. ဘယ်နည်း နဲ့မှ မခိုင်မြဲ နိုင်တာ ဟာ.. မဆန်းပေမဲ့..ဆန်းနေတာက..သမီးပဲလေ..။ သမီး ဘာမှ မသိတတ်သေးတဲ့ အရွယ်မှာ.. မိခင်ရဲ့ အရိပ်အာဝါသ ပျောက်ကွယ် ပြီး..မိတကွဲ ဖတကွဲ ဆိုတဲ့ ဘ၀ ကို ရောက်ခဲ့ရတာလေ..။ အဲဒီမှာ.. သမီး ဘာများ မှားယွင်း ခဲ့ လို့လည်း..။ သမီးရဲ့ ကံတရား ကသာ.. မှားမှားယွင်းယွင်း နဲ့ သမီး ကို လူဖြစ်စေ ခဲ့တာ မဟုတ်ဘူးလား..

အဲဒီ စကားတွေကို ဖေဖေရှေ့မှာတော့.. ဘာလို့ မပြောခဲ့ မိတာလည်း...
ဟင့်အင်း..မပြောချင်ဘူး..ဒါတွေကို ဖေဖေ လည်း သိနေတာပဲ.. ဖေဖေ ၀မ်းနည်း သွားမှာပေါ့..။ သမီးလေ ဖေဖေ့ကိုလည်း ၀မ်းမနဲ စေချင်ပါဘူး.. ။ အဲဒါကြောင့်လည်း..သမီးရဲ့ ရင်ထဲက စကားတွေဟာ..အမြဲတမ်း မျက်ရည် တွေ ဖြစ်ဖြစ်သွားရတာပေါ့..။
သမီးဟာ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ အရွယ်ပါ ဖေဖေ..။ စဉ်းစဉ်းစားစား လည်း ဆုံးဖြတ် တတ်တဲ့ လူ တယောက်ပါ။ တကယ်တော့လေ.. သမီး တယောက်ရဲ့ အုပ်ထိန်းခွင့် ကို ယူထားတဲ့ ဖခင် တယောက် ဟာ ဘယ်လောက် တာဝန်ကြီး တယ် ဆိုတာ သမီး သိပါတယ်။ နိစ္စတဓူဝ ရုံးကိစ္စ စီးပွါးရေး ကိစ္စ တွေ နဲ့ ရှုပ်ထွေး နေတဲ့ ဖေဖေဟာ ..စိတ်ရှုပ် စိတ်တို နေတဲ့ အခါ တွေ လည်း ရှိမှာပါ..။ ဒါပေမဲ့..သမီးအတွက် ဆို..ဘယ်တုန်းက မှ.. မလစ်ဟင်းစေခဲ့ ဘူးနော်..။

ငယ်ငယ်တုန်း ကတော့..အမေ ဆိုတဲ့ ဝေါဟာရ လိုအပ် လာတဲ့ အခါ မျိုးမှာ..၀မ်းနည်းပန်းနည်း တမ်းတခဲ့ ရပေမဲ့..တခါတလေ တော့လည်း..မေ့မေ့ပျေက် ပျေက် နဲ့ ပျော်ရွှင် ကာ တလှည့် ပေါ့..။ ဒီလိုနဲ့ပဲ..ဖေဖေ့ ရဲ့ အဆုံးအမ တွေ အောက်မှာ..ကြီးပြင်း ခဲ့ရတဲ့ ကျွန်မဟာ ဖေဖေ ဖတ်တဲ့စာ တွေ ဖတ်တယ်.. ဖေဖေ့ လိုပဲ..ခေါင်းမာတယ်လေ..။

ခုတော့..ဖေဖေ နဲ့ တထပ်တည်း တူတဲ့ ကျွန်မ..လောကကြီး ကို ကြည့်တတ် မြင်တတ်ပြီ။ နားလည်ခဲ့ပြီ။ ပြီးတော့လည်း..စက်ဆုပ် ရွံမုန်း လေပြီ...။

မေမေနဲ့ ပြန်လည် တွေ့ဆုံခဲ့ရတဲ့ အချိန်တွေက စပြီး..ကျွန်မ ပိုပြီး ရင့်ကျက် လာခဲ့သည် ဟု ထင်သည်။ စိတ်ပျက် စရာ ကောင်းသလို..စိတ်ဝင်စား စရာလည်း ကောင်းတဲ့ ဘ၀ဒသာန တွေ ကို နှိုက်နှိုက်ချွတ် ချွတ် စဉ်းစား တတ်ခဲ့ တာလေ..။ တခါတလေ ဆိုရင်.. ကျွန်မ ကိုယ်တိုင်က..ဘာမှ မပတ်သတ်တဲ့ လူတယောက်လို..ဖေဖေ နဲ့ မေမေ့ကို သုံးသပ် ဝေဖန်ကြည့် နေမိတယ် ။

ဖေဖေက အရှေ့ဖက် ကို လျှောက်တော့မယ် ဆိုရင်..အနောက်ဆိုတဲ့ ဝေါဟာရ ကို တောင် မေ့ထားတတ်တဲ့ လူမျိုး ။ အဲဒီ ခိုင်မာမူ တွေကပဲ..တခါတလေ ကျတော့..တဖက်စွန်း ကို ရောက်သွားစေတတ် တာပေါ့။ တကယ်တော့..ဖေဖေက ပြတ်သား သည်။ ခိုင်မာသည်။ အရမ်းတွေးလွန်း သည်။ ထားပါတော့လေ.. တယူသန် တယ်လို့..။ မေမေ ကျပြန်တော့.. ရိုးသားလွန်းသည်။ ဘယ်သူ့ကို မဆို..သနားပြစ်ဖို့..ယုံပြစ်ဖို့ ၀န်မလေး။ ဖေဖေ့ အပြောအရ ဆိုရင်တော့..အသုံးမကျ ဘူးပေါ့လေ..။

တကယ်တော့..သူတို့ နှစ်ယောက် ရဲ့ လက်ထပ် ထိမ်းမြားခြင်း ဟာ..လောကကြီး ရဲ့ ကမောက်ကမ ဖြစ်မူတွေထဲမှာ..ကံအကြောင်းမလှစွာ..တိုက်တိုက်ဆိုင်ဆိုင် ရောပါ သွားတာပါပဲလေ...။

+++++++++

အိမ်ရှေ့ခန်း မှ..သံစုံ နာရီ ၏ ငါးနာရီ ထိုးသံ ကြောင့်..ကျဲပြန့်လွင့်စင် နေတဲ့ အတွေး တို့..ရပ်တန့် စုစည်းသွားသည်။

ဖန်စပ်ပြီး ကျိန်းနေတဲ့..မျက်လုံးတွေကို လက်နဲ့ ပွတ်ပစ်လိုက် ပြီး.. စိတ်မပါ့တပါ နဲ့..အခန်းထဲက ထွက်ခဲ့သည်။ ဘာပဲဖြစ်ဖြစ်..လုပ်နေကျ မနက်ခင်း အလုပ်တွေ ကိုတော့..လုပ်ရ အုံးမည်ပဲ ။

ရေနွေးအိုး ကို..လျှပ်စစ် မီးဖိုပေါ် တင်လိုက်ရင်..မနက်စာ အတွက်..စတင် ပြင်ဆင် ရသည်။ အားလုံး ပြင်ဆင် ပြီး.. လက်ဖက်ရည် ၀ိုင်းကို ဖေဖေ အဆင်သင့် ၀င်လာချိန် မှာ-

` သမီးရော..လာလေ..´

`ဟင့်အင်း..သမီး မဆာသေးဘူး..´

ဒါ- ကျွန်မ ရဲ့ ဆန္ဒပြမူ တခုလေ..။ အိမ်ရှေ့ခန်း ကို လှည့်ထွက် ခဲ့ပြီး ..ရေဒီယိုဖွင့်ရင်း..တံမြက်စည်း ကို အချိန်ဆွဲ သိမ်းနေလိုက်သည်။ တအိမ်လုံးမှာ လည်း..ရေဒီယိုသံ မှ အပ..တိတ်တိတ် ဆိတ်ဆိတ်။ ဒါကြောင့်လည်း..ငြီးငွေ့စရာ..ဒီ အသိုက်အမြုံ မှာ..ကျောင်းပိတ်ရက် တွေမှာသာ..ကျွန်မ ရှိဖြစ်သည်။ ကျောင်းတွေ ဖွင့်ပြီ ဆိုတာနဲက..လှောင်အိမ်ထဲက လွတ်တဲ့ ငှက်ကလေး တကောင်လို.လွတ်ထွက်သွားတဲ့ ကျွန်မဟာ.. အိမ်ကို ဘယ်တော့မှ.. ခဏတဖြုတ် တောင် မပြန်ခဲ့ဘူး။ တဒင်္ဂ ရတဲ့..ပျော်ရွှင်မူ တွေကို မြတ်မြတ်နိုးနိုး နဲ့ အဓိပ္ပါယ် ရှိစေခဲ့ တယ်။ အဲဒီ အချိန်မျိုး မှာလေ..အတ္တ ဆိုတာကို..တမင်ကို မွေးမြူ ဖြစ်ခဲ့တယ်။ အကြောင်းမသိတဲ့ သူငယ်ချင်း တွေကတော့..
`နင့်မှာ ဘယ်တော့မှ အပူအပင် မရှိဘူးနော်..´ တဲ့။ ရင်ထဲမှာတော့..ဟားတိုက်ပြီး ရယ်ပစ်လိုက် မိတယ်။ နာလည်း နာကျင် မိတယ်။

ဖေဖေ ရုံးသွားဖို့ ပြင်ဆင် နေသံ ကို ကြားနေရသည်။ မသိချင် ယောင် ဆောင် ကာ..ဧည့်ခန်း ဘီရိုးထဲက စာအုပ်တွေကိုသာ ဖွလိုက် စီလိုက် လုပ်နေမိသည်။ နှုတ် မဆက်ပဲ ဖေဖေ ထွက်သွားတာကို လည်း..ကျောခိုင်းထားပြီး..မသိယောင်သာ ဆောင် နေလိုက်သည်။

ပြီးတော့မှ.. အိမ်ရှေ့ကို လှမ်းကြည့်ရင်း..မိုးရွာ ထဲမှာ..တလှမ်းချင်း လှမ်းသွားတဲ့ ဖေဖေ့ရဲ့ ကြောပြင်ကိုသာ ..တိတ်ဆိတ်စွာ နှုတ်ဆက် လိုက်မိသည်။

ဖေဖေ့ ဆံပင် တွေသည် ..အသက် ၅၀ မတိုင်ခင်ကပင်..တခေါင်းလုံး ဖြူဖွေးနေသည်။ ဖေဖေ လည်း စိတ်ထိ ခိုက် နေမှာပဲနော်..။ ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင် ပျက်ခဲ့ရတဲ့..ဖေဖေ့ ဘ၀ ဟာလည်း ဘယ်မှာ စိုပြေ နိုင်မှာလည်း လေ..။
သမီးလေ..မုန်းလို့ မဟုတ်ပါဘူး ဖေဖေ ရယ်..နာကျည်းလို့ပါ။ ဟင့်အင်း..နာကျည်းတာလည်း မဟုတ်ပါဘူး..။ သမီး မသိဘူး.. မပြောတတ်ဘူး..။ ခုတော့..တလိမ့်လိမ့် ကျလာတဲ့ မျက်ရည် တွေ က ပဲ..အဖြေတခုပါ။

+++++++++++



ဖေဖေ နဲ့ မေမေ ရဲ့ လွန်ဆွဲပွဲ မှာ..ကျွန်မ ဟာ လွန်ကြိုးတချောင်း ဖြစ်နေခဲ့ တာ။
ဖေဖေကပဲ..အနစ်နာခံမူ တွေ နဲ့ သနားစရာ ကောင်းနေတာလား..။ မေမေ ကရော.. သူလည်း အထီးကျန် နေတဲ့ ..သနားစရာ မိန်းမ တယောက်ပဲ...။

ကျွန်မလေ..ဖေဖေ့ ရဲ့ နာကျည်းမူ တွေ ကိုလည်း ကျွန်မဆီမှာပဲ သိမ်းထားတယ်။ မေမေ့ ရဲ့ ကြေကွဲ မူ တွေကိုလည်း..ထိန်းသိမ်း ဖေးမ နေခဲ့တာပဲ။ လွန်ဆွဲပွဲ ရဲ့ အဆုံးအဖြတ် ကို..ကျွန်မ က အဖြေပေး ရမှာလား။ ဒီ လွန်ဆွဲပွဲက..အရှုံး အနိုင် မရှိတဲ့ ပွဲသပ်သပ်လား။ တကယ်တော့ မေမေဟာ ဆုံးရှုံးမူ တွေ ..ပြစ်ပယ်မူ တွေကို..အထီးကျန်စွားနဲ့ ခါးဆီး ခံခဲ့ ရတာပဲ..။ ဖေဖေ့ ဖက်က..နာကျည်း မူတွေ..ဘယ်လိုပဲ ရှိပေမဲ့..မေမေ့ နှလုံးသား တွေက..အမြဲပဲ နူးညံ့ နေခဲ့တယ်။ တခါ တလေ ဆုံတွေ့ရချိန် တွေမှာ ဆိုရင်.. မေမေ့ရဲ့ အလှ မကုန်သေးတဲ့ မျက်နှာလေး နဲ့..ဟိုတစ ဒီတစ ဖြူစ ပြု နေတဲ့..ဆံပင် တွေကို ငေးကြည့်ရင်း..မေမေ့ရဲ့ အထီးကျန်မူ ကာလရှည် တွေကို တွက်စစ်ကြည့် မိတယ်။ မေမေ့ ရဲ့ မျှော်လင့်ချက် တွေ နဲ့ ပွင့်အာ နေတဲ့ နှုတ်ခမ်းတွေက.. ` မေမေ တို့တွေ..တနေ့တော့..အတူ တူ နေရ ဦးမှာ ပေါ့..´ လို့ ပြောလိုက်တဲ့ အခါတိုင်း..ကျွန်မ မျက်နှာကို ဟန်ဆောင် ပြုံး တွေနဲ့ ဖုံးကွယ်ရင်း..ရင်ထဲမှာ ငိုခဲ့ ရတယ်။ မေမေ့ မျှော်လင့်ချက် တွေကို ဘယ်လို တားဆီး ရက်မှာ လည်း ။ ခုတော့လည်း ဆံပင် တွေ ပိုဖြူလာတဲ့ မေမေ့ မျက်နှာ မှာ..အပြုံးတွေ နဲပါး လာခဲ့သလို...မျှော်လင့်ချက် တွေ လည်း လျော့ပါး လာ ပြီလား..။ မေမေရယ်..သမီး ဘယ်လို ဆက်ပြီး ဟန်ဆောင် ရအုံးမှာ လည်း.. အားပေး ဖြေသိမ့်ရ အုံးမှာ လည်း..။

ဘာပဲဖြစ်ဖြစ်လေ.. ခုချိန် မှာတော့..အထီးကျန် နေတဲ့ မေမေ့ တယောက်..ဒီမြို့လေးမှာ ကျောင်းဆရာမ ဘ၀ နဲ့ နေသားတကျ ရှိနေဖို့ကိုပဲ..ကျွန်မ ဆုတောင်းနေရ မှာပါ။ မေမေ့ရဲ့ တတိယ အရွယ် ကူးပြောင်းဆဲကာလ တွေ မှာ..မျှော်လင့်ချက် တွေ ဆိတ်သုဉ်းပြီး စိတ်ဓါတ်အင်အားတွေ ချိနဲ့နေမဲ့ အဖြစ်မျိုး တော့..မဖြစ်စေချင်တာ အမှန်ပဲ။ အဲဒီ တော့..ငါ- မေမေ့ ဆီကို သွား ကို သွား ရမယ်။

ဆုံးဖြတ်ချက် တခုကို ပိုင်ပိုင် နိုင်နိုင် ချ ပြီးတဲ့ နောက်တော့..လုပ်ပိုင်ခွင့် တွေကို လက်တွေ့ အသုံးချ ရတော့မှာပဲ။


++++++++++

ကားပေါ်က ဆင်းဆင်းချင်း တွေ့ထိလိုက်ရတဲ့ မြို့ကလေးရဲ့ အငွေ့အသက်က ကျွန်မ အတွက်တော့..သိပ်ပြီး မစိမ်းလှ။ မေမေ ငှါး နေတဲ့ အိမ်ကလေး ကလည်း..အရင် တခေါက် ရောက်ဖူးစဉ် ကလိုပဲ..မပြောင်းလဲလှစွာ။

ပက်လက် ကုလားထိုင်ပေါ် မှာ ပုတီးကိုင် ပြီး တိတ်ဆိတ် ငေးငိုင်နေတဲ့ မေမေ့ကို မြင်လိုက် ရချိန် မှာ..ချုပ်တီး မြိုသိပ်ထား တဲ့ တင်းကျပ် မူ တွေက.. မျက်ရည်တွေ အဖြစ် ပြောင်းလဲ ခဲ့ပြီ။
အတော် ပိန်သွားတဲ့ မေမေ့ ရုပ်သွင်ကို ငေးမောနေရင်းက.. ဟိုနေ့က..မက်ခဲ့ရတဲ့ အိမ်မက် ဆိုး ကြီးကို သတိရမိသည်။

ဘာပဲပြောပြော.. ၀မ်းသာ ပျော်ရွှင်နေ တဲ့ မေမေ့ ကို မြင်ရတော့ ကိုယ့်ဆုံးဖြတ်ချက် ကို ကျေနပ်မိသည်။ ဖေဖေ့ အတွက် တော့..။ အို- ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကိုယ် ထွက်လာ ပြီးမှတော့..ဘာမှ နောက်ဆံငင်မနေ နဲ့တော့..။ ဒါပေမဲ့.. ဖေဖေ က မလွယ်.. ပါးစပ်က ထုတ် မပြော ပေမဲ့ ဒီလို လုပ်တာမျိုး ကိုတော့..ခွင့်လွှတ်မည် မထင်။ ခုလောက်ဆို ဒေါသတွေ အ၇မ်းထွက်နေပြီလား.. ဒါမှမဟုတ်..တိတ်တိတ် ဆိတ် ဆိတ် ကြေကွဲ နေမည်လား..။ သူ့ရဲ့ အဖော် ပုလင်းတွေ နဲ့လေ။

မေမေ သိသည်က..ဖေဖေ သွားခွင့်ပြုလို့ ကျွန်မ လာခဲတယ်ပေါ့..။

` တော်သေးတာပေါ့..သမီးရယ်..ဖေဖေက ခွင့်ပြုတာ..မလာခိုင်းလောက်ဖူး ထင်နေတာ..နေရော ကောင်းရဲ့လား..´ တဲ့လေ။
စိတ် အေးချမ်းသာစွာ ပြောနေတဲ့ မေမေ့ မျက်နှာကို မြင်ရပြန်တော့..နာကျင်ရ ပြန်သည်။ ဟိုဖက်ဖုံး..ဒီဖက်ဖိ နဲ့ လုပ်ဇတ်တွေ ထိုးတဲ့အခါ ထိုးလိုက်.. အားလုံး အဆင်ပြေ အောင်..ကျွန်မ တတ်နိုင်သလောက် တော့ လုပ်နေတာပဲလေ..။ ဒါပေမဲ့..ကျွန်မရင်ထဲက ဝေဒနာ တွေကိုတော့..အတတ်နိုင်ဆုံး သိမ်းဆည်းထားပါတယ်။ ဘယ်သူမှ မသိစေရပါဘူး...။

+++++++

ခုဆိုရင်.. နှစ်ပတ် ကျော်လို့ သုံးပတ် ထဲ တောင် ၀င်လာပြီ..။ မေမေ နေကောင်းနေပြီ ဖြစ်ပေမဲ့..ကျွန်မ အိမ်မပြန် ဖြစ်သေး။

ကျွန်မရဲ့ အချိန်တွေကို အားလုံးကို မေမေ့ အတွက်ပဲ ဖြစ်စေခဲ့ သည်။ ဟိုအရင်.. မေမေ့ ရဲ့ မျက်နှာပေါ် မှာ တိတ်တဆိတ် ခိုဝင်နေတဲ့ အိုမင်း ရင့်ရော်မူ တွေ..စိတ်ညစ်ညူး နွမ်းနယ်မူ တွေ ဟာ..သူ့အလိုလိုပဲ ကွယ်ပျောက်နေ ပြန်တယ်။

မေမေ ကျောင်းသွားတဲ့ အချိန်ဆို..ကျွန်မက..ထမင်းဟင်းချက်..အခန်းရှင်း..။ အိပ်ခန်းသာသာပဲ ရှိတဲ့ အခန်းလေး မို့.. ရှင်းရ လင်းရတာ..မပင်ပန်းလှ ပေမဲ့.. စိတ်တွေကတော့..ငြီးငွေ့မူ တွေနဲ့ ပင်ပန်းလှ ပြီ။

တကယ်တော့လည်း.. ကျွန်မ အနေနဲ့..ပျော်ရွှင် ကျေနပ်ဖွယ် အခြေအနေ တခုကို ဘယ်တော့မှ ရမလာနိုင်တာ..သေချာပြီးသားပဲလေ..။ ဒီတော့..စာဖတ်သည်။ တခါတလေ စာရေးမည်။ ကဗျာ တွေ စပ်မည်။ ပျင်းလာရင် တယောက်တည်း ထိုင်ပြီး စဉ်းစားချင်တာတွေ စဉ်းစားမည်။ ရူးကြောင်ကြောင် ဒသာန တွေလေ..။ ပြီး - တွေးရင်း တွေးရင်း..လောကကြီးကို စိတ်နာလာ..ပြီးရင်..ဘာလို့ အရှုံးပေး ရမှာ လည်း လို့ တယောက်ထဲ တိုးတိုးလေး ရွတ်မည်.. ။ ကျွန်မလေ..တခါတခါကျ.. အခန်းကို အလုံပိတ်ပြီး တယောက်တည်းပဲ နေချင်တယ်။ အဲဒီ အခါ ဆို..ဖေဖေ နဲ့လည်း မနေချင်ဘူး..မေမေနဲ့လည်း မနေချင်ဘူး..။ သူတို့ နှစ်ယောက်လုံး.. အိမ်ထောင်တွေ အသီးသီး ထပ်ပြုပြီး..ကျွန်မ တယောက်တည်း သူတို့ကို စိတ်နာနေ တဲ့ အဖြစ်ကမှ..ခုထက် ပိုကောင်းမည် ထင်သည်။ မဟုတ်သေးပါဘူးလေ..လောကကြီးကို ဘာလို့ အရှုံးပေးရမှာလည်း.. မပေးပါဘူး..ပေးကို မပေးဘူး။

+++++++

မေမေ့ ဆီမှာ ရောက်နေခဲ့တဲ့ ရက်တွေ ကြာလာတာနဲ့ အမျှ..ကျောင်းပိတ်ရက်တွေ လည်း..ကုန်ဖို့ နီးလာနေပြီ။

နှောင်ကြိုးတွေ အထပ်ထပ် ရစ်ပတ်ခံထား ရတဲ့ ကျွန်မ အတွက်တော့..လွတ်မြောက် ရ ဦးမယ်လေ..။ ခတ္တခဏ တော့..လွတ်လပ် ပျော်ရွှင်ရ အုံးမယ်။ အရာရာကို ခဏတဖြုတ် မေ့ထားနိုင် ရင်ပေါ့...။

ခုတလော..ကျွန်မရဲ့ စိတ်တွေ ထိုင်းမှိုင်းလေးလံ နေသလို..နှုတ်ခမ်းတွေ ကတောင်..လှုပ်ရှားမူ ကင်းမဲ့လွန်း နေသည်လား မသိ..။ သိသာစွာ နှုတ်ဆိတ် လာသော..ကျွန်မကို မေမေ တယောက်..အကင်းပါးစွာ ရိပ်မိလေပြီ။

` သမီး ပြန်ချင်နေပြီလား..အေးလေ..သမီးဖေဖေ လည်း မျှော်ရောပေါ့..´ တဲ့။
ဒီလို ဆိုတော့လည်း..မေမေ့ရဲ့ တိုးတိမ်နေတဲ့ အသံက..ကျွန်မ ရင်ကို ကြေကွဲ စေပြန်သည်။ ဒါဆို..ဘာလုပ် ရမှာလည်း..မေမေ စိတ်ချမ်းသာအောင်..ဟန်ဆောင်ပြီး ပျော်ပြရမှလား..။ ဟင့်အင်း.. ကျွန်မ မပျော်တာက..မပျော်တာပဲ..။ မေမေ့ကို ချစ်ပေမဲ့..သနားပေမဲ့..ဒီ အခြေအနေကြီးက..ကျွန်မနဲ့ အံမ၀င် ခွင်မကျ ဖြစ်နေတာက..ဖြစ်နေတာပဲ..ဘာတတ်နိုင်မှာလည်း.. ။ မေမေ တို့ ဖေဖေ တို့ စိတ်ညစ်သလို..သမီးလည်း စိတ်ညစ်တာပဲ..။ ၂ ယောက်လုံး အတွက်..စိတ်ညစ်ရတာမို့..သမီးကတောင်..ပိုပါသေးတယ်။

နာကျည်း စိတ်ပျက်မူ တွေက.. အရာအားလုံးကို..အရွဲ့တိုက် ပြစ်လိုက် ချင်ပြီ။ ဒါပေမဲ့..အစိုင်အခဲ တွေ အဖြစ်နဲ့သာ..ရင်ထဲမှာ..တထပ်ပြီး တထပ် အုံဖွဲ့လို့လာခဲ့သည်။

+++++++

အပြန်ခရီးဟာလည်း..အသွားခရီး လိုပါပဲလား..။ အလာတုန်းက ဖေဖေ့ကို ထားခဲ့ ရပြီး.. အပြန်ကျ တော့..မေမေ့ကို ထားခဲ့ ရပြန်ပြီ။

ကားဂိတ် ရောက်တော့..မိုးတွေ မှောင်နေတဲ့ မနက်ခင်း အတွက်..ကျေးဇူးတင်လိုက်တာ..။ ကျွန်မ မျက်နှာကို မေမေ မမြင်စေချင်ဘူး။ မေမေ့ ကိုလည်း မကြည့်ဝံ့ဘူး။ ကျွန်မ ငိုမိလိမ့်မယ်။

` သမီး ..သစ္စာဆိုနော်.. မေမေ ထီပေါက်ရင်လေ.. သမီးလေးကို ခေါ်ပြီး ကျောင်းထားမယ်..ငါ့သမီးလေးကို မေမေ ကိုယ်တိုင်...´

တော်ပါတော့..မေမေရယ်..။ ကားစက် နှိုးသံ နဲ့အတူ..မိုးပေါက် တွေ ကျစ ပြုလာပြီ.. မေမေ့ ရဲ့စကားသံတွေ လည်း ဝေါ၀ါးကျန်ခဲ့ပြီ။

အမျိုးအမည် မခွဲခြား တတ် တဲ့ ခံစားချက်ကြီး ကသာ..လမ်းတလျှောက်လုံး..ဆိုးရွားစွာ ထိုးနှက်နေ တော့သည်။
ဖေဖေ ရော နေမှ ကောင်းရဲ့လား မသိ..။ ပြန်ရောက်ရင်.. ဖေဖေက..ပါးစပ်ကတော့..ဘာမှ ပြောမှာ မဟုတ်.. ။ အဲဒီိလို ဘာမှ မပြောတဲ့ ဖေဖေ့ မျက်နှာ ညှိုး ညှိုး ကြီး ကိုလည်း..ကျွန်မ ရင်မဆိုင်ချင်ဘူး။ အိမ်ကိုလည်း မပြန်ချင်ပြီ။ ဝေဒနာ တွေ နဲ့ ရစ်ဖွဲ့ထားတဲ့ သံယောဇဉ် ကြိုးတွေ က..ကျွန်မ နှလုံးသားကို ဖြစ်ညှစ် ချေမွ နေလေသည်။

ဖေဖေ့ကို သနားရမှာလား..မေမေ့ကို သနားရမှာလား..။ အိုး- တကယ်က..ဘယ်သူမှ သနားစရာ မကောင်းဘူး..။ သနားစရာ အကောင်းဆုံးက..ငါပဲ- ဟုတ်တယ်..ငါကိုယ်တိုင်ပဲ။

+++++++

ကားပေါ်က ဆင်းသည် နှင့်..အိမ်ပြန်ခရီး၏ ခြေလှမ်းအစ တွေက..နှေးကွေး လေးလံ နေသည်။ ခုချိန်မှာ..ဘေးမှာ မေမေ ပါလာမယ်..ပြီးရင်..ကျွန်မတို့ မိသားစု အတူတူနေ..
သြော်..ရူးလိုက်တဲ့ အတွေးနော်...
အိုး..ဘာပဲဖြစ်ဖြစ်.. ကျွန်မရှေ့မှာ..ဖေဖေ နဲ့မေမေ အတူ ရှိ နေတာကိုတော့..မြင်ချင်တာ အမှန်ပဲ..။ အဲဒီလို မြင်ယောင်ကြည့် ရတာကိုက.. အခိုက် အတန့်တော့..ကြည်နူးစရာ..။ မသိလိုက် ဖာသာ ခိုတွယ် လာတဲ့ အပြုံး နဲ့..လမ်း ကို ဖြတ် ကူး လိုက် ...

အား---- ကား ----

+++++++

အဲဒီနေ့က..မိုးတွေ စွေနေလေရဲ့။
အုတ်ဂူ အသစ်စက်စက် ကလေး ရဲ့ ..မခြောက်တတ်သေး တဲ့..အင်္ဂတေ တွေပေါ်ကို...မိုးရေ တွေ က.. ထပ်မံ စိုစွတ် စေလို့..။
အမျိုးသမီးကြီး ရဲ့ ငိုရှိုက်သံက..သူမဘေးက.. အမျိုးသားကြီး ထံမှာ.. ပဲ့တင်ပြန်လို့။
ခဏ အကြာ မှာတော့.. သူတို့ ၂ယောက် အုတ်ဂူ လေး ကို ကျောခိုင်း လိုက် သည်။
ပြီးတော့..
တယောက်က..အရှေ့ဖက် ကို..
တယောက်က..အနောက်ဖက်ကို.

တရွေ့ရွေ့ခြင်း...။



Share/Bookmark

12 Comments:

Moe Cho Thinn said...

ဝတ္ထုလေးက ကောင်းလိုက်တာ ကေ။
အိမ်ထောင်ကျိုးတွေမှာ မြေစာပင် ဖြစ်ရရှာတဲ့ သားသမီးလေးတွေဘ၀က သနားစရာပါပဲ။
လူကြီးတွေ နားလည်ခံစားတတ်ဖို့ ဆုတောင်းရတော့မှာပဲ။

ရွာသားလေးဝိုင်တီယူ said...

အမရေ အဲလိုမျိုးဘယ်သူမှမဖြစ်ကြပါစေနဲ့ ပူလောင်မှုကင်တဲ့ ချစ်ခြင်းမေတ္တာပြည့်ဝတဲ့ အိမ်ထောင်စုတွေ ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းမိပါတယ်

Anonymous said...

ဖတ်သွားပါတယ် မကေ..
ဝတ္ထုထဲကလို မဟုတ်ပေမယ့်
တစ်အိမ်ထဲမှာနေပြီး..တစ်ယောက်နဲ့တစ်ယောက်
စကားမပြော၊ မဆက်ဆံကြတဲ့
ကျမရဲ့ မိဘ ၂ ပါးကိုသတိရပြီး ၀မ်းနည်းရပါတယ်
ဒါလည်း ကွဲကွာနေခြင်းတစ်မျိုးပဲထင်ပါတယ်
ကိုရွာသားလေးဝိုင်တီယူ ဆုတောင်းသလိုပဲ ဆုတောင်းမိပါတော့တယ်

pandora said...

ငယ်ငယ်က ရေးတဲ့ ၀တ္တုလေးပေမယ့် တော်တော်ဖတ်လို့ ကောင်းတာပဲ
ဝတ္ထုတွေ ရသစာလေးတွေ များများရေးပါလား မကေ။
(မာချင်ယောင် ဆောင်မနေနဲ့)

khin oo may said...

စိတ်မကောင်းဘူး

Anonymous said...

သြော်..အဆင်ပြေတဲ့မိဘက မွေးဖွားလာတဲ့ တကယ်ကံကောင်းတယ်နော်။ ကျွန်မအမျိုးသားကတော့
ဒီထဲကကောင်မလေးလို ဘ၀မျိုးကနေလာတာမို့
သူရဲ့ အငုံစိတ်ထဲမှာ အားငယ်တာမျိုးရှိတယ်။

မဇနိ said...

အမကေ
ကျစ်လျစ်မှုရှိမရှိတော့ သိပ်နားမလည်ပေမယ့် ခံစားမှုရသကတော့ စိတ်ထဲစွဲသွားပါတယ်။ ဒီလိုလေးတွေမဖတ်ရတာကြာနေပြီ။

အောင်သာငယ် said...

ဘာပြောရမလဲ ...

ရွာသားလေးလိုပဲ ဆုတောင်းရမလား

ဘ၀ဆိုတာကြီးကလည်း ၀တ္ထုထဲကလိုမျိုးလား

နေရင်းထိုင်ရင်း မြေဇာပင်ဖြစ်ရ။

တခါတခါတော့လည်း
သေနတ်ဆွဲပြီး တွေ့ကရာပစ်တတ်တဲ့ လူတွေကို နားလည်မိသလိုလိုပဲ...

သက်ဝေ said...

ဝတ္ထုလေး အရမ်းကောင်းတယ် ကေ။
ကျစ်လစ်မှုမရှိဘူးလို့  ကေက ထင်နေတာပါ... တစ်ကယ်တော့ အရမ်းကောင်းတဲ့ ရသစာစုလေးပါ...
များများဆက်ရေးပါ ကေရေ... မျှော်နေပါ့မယ်...။

Saung Yune La (aka) Way said...

ငယ်ငယ်ကရေးတဲ့ဝတ္ထုလေးဆိုပေမယ့်ရသမြောက်ပါတယ်မကေသွယ်ရေ..အချိန်ရရင်ဝတ္ထုလေးတွေဆက်ရေးပါဦးဗျာ..

ကောင်းကင်ကို said...

ကောင်းလိုက်တဲ့ ဝတ္ထုလေးဗျာ။ အဲလို သားသမီးလေးမျိုးတွေ ကမ္ဘာပေါ်မှာ အဲလိုမိသားစုမျိုးတွေ ဘယ်လောက် ရှိနေပြီတုန်းမသိဘူး။း-(

မမသီရိ said...

ဒီဝတ္တုတိုကလေး .. ခုမှ အဟောင်းတွေပြန်မွှေရင်းဖတ်ဖြစ်တယ်..
စိတ်ထဲ မှာ မကောင်းလိုက်တာဆို.. ကေ .. ရေ..
အဲဒီကလေးမကလေး လိုမျိုး ဘ၀တွေ.. ဘယ်လောက်များ ဒီလော ကြီးမှာ ရှိလေမလဲ..
အပြစ်မဲ့တဲ့ ကလေး တွေ ..
အဲဒါ ဟာ သတ်မှတ်ထားတဲ့ ကံကြမ္မာလား
ပတ်သက်နေကြသူတွေ တခုခု လုပ်မပေး နိုင်ကြဘူးလား..
နာကျည်းမှုတွေ ဆိုတာ ..နာကြည်း ကြတာ... တန်ရဲ့လား..