ဘလော့ မှတ်စု


ဘလော့ -- ဘလော့--- ဘလော့--- ။
နေရာတိုင်းမှာ ကြားနေရ ၏။ အမေရိကန် ရွေးကောက်ပွဲ သုံးသပ်ချက် ကနေ.. ဆယ်ကျော်သက် ကလေး တယောက် ရဲ့ ရင်ခုန်သံနု နု လေး တွေ အထိ- ဘလော့ထက် တင် အက္ခရာ များ ဖြစ် လာ နေ ကြ လေပြီ။


ဘလော့ Boom - Burst

ဘ၀ သံသရာ မဟုတ်ရင် တောင်- Boom - Burst သံသရာ ကတော့၊ အမြဲတမ်း ဖြစ်ပျက် နေလေ့ ရှိသည် ဆို၏။ နေထိုင် ရှင်သန် နေတဲ့ ဗမာ စကားပြေ သုံး ဘလော့ ရပ်ကွက် ကြီး ထဲမှာ လည်း ဘလော့တွေ တမဟုတ်ချင်း ဖူးပွင့် လာ နေကြတာ မှ- ဟောကနဲ- ဟောကနဲ။ မိတ်ဆွေ အသစ်တွေ တိုးတိုး လာသလို..မိတ်ဆွေ ဟောင်း တွေ ဆီ တောင်..အနိုင်နိုင် ပြေး နှုတ်ဆက် နေရသည့် ဒုက္ခ။ ဖတ် လို့ကိုး--- မနိုင်။ လေးဖြူ ပြောသလို..နား- နားပြီး ဖတ် ရင်လည်း.. အပုံလိုက် ဖြစ် ပြီး..အကောင်းတွေ လွတ်ကုန် တတ်ပြန် ။ တနေ့ကို ဘလော့အတွက်..အချိန် ဘယ်လောက်သုံး မယ် ဆိုပြီး..သတ်သတ်မှတ် မှတ် ထား ရင် ကောင်းမလားလို့ တွေးနေ မိသည်။ ကိုယ်တိုင် ပုံမှန် ရေးဖို့တောင်..တခါ တခါ..၀က်သား အိုးကြီးချက် တွေ နင်းကန် စားလိုက်မိသလို.. အီလည်လည် ဖြစ်နေ တတ်ပြန်သည်။ အဲဒါ- ကိုယ့် ဖာသာ Burst ဖြစ်ကာ နီး လာတာ လား တော့မသိ။

ဘလော့စာပေ

တနေ့ တနေ့ ဘလော့ တွေ ပေါ်မှာ ရှင်သန် နေထိုင် ရင်း၊ ဘလော့ပုံစံ စာရေးနည်း ဒါမှမဟုတ် ဘလော့စာပေ လို့ခေါ်ရမလား- စတိုင် တခု ဖြစ်ထွန်း လာ နေတာကိုလည်း..သတိ ထား မိပြန်တယ်။ ဒီမှာက- ၀တ္တုစစ်စစ်ပုံစံ ရေးကြတဲ့သူ တွေ လည်း ရှိ ပါတယ်။ ဒါပေမဲ့.. တနေ့ချင်းစာ ဖတ်နိုင်ဖို့ တပိုင်းစီ ရေးကြ တင်ကြ တယ်။ ဒါ ကောင်းပါတယ်။ တကယ်လည်း- စာအုပ်တအုပ် ကို ကိုင်ပြီး ခြေပစ်လက်ပစ် အေးအေးလူလူ တထိုင်တည်း ဖတ်တာမျိုး ဘလော့တွေပေါ် မှာ မလုပ်ဖြစ်ကြဘူး။ အဲဒီတော့..များသော အားဖြင့်..ရေးတဲ့သူကလည်း..ခပ်တိုတို- ခပ်လတ်လတ် ပဲ ရေး ဖြစ်ကြ တော့တယ်။ ဒါပေမဲ့လည်း..ဘလော့ လေးငါး ဆယ်ခု ဆက်တိုက် ဖတ် လိုက် ရတာကလည်း..၀တ္တုတို ပေါင်းချုပ် တခု လို မဟုတ်နေပြန်ဘူး။ မဂ္ဂဇင်း တခု လို- ကဏ္ဍ စုံ - အရုပ်စုံ လား ဆိုတော့လည်း- မဟုတ်ပြန်ဘူး။

အတိုင်းအရှည် တင် မက- ရေးဟန် တွေကလည်း- စကားပြေ ထက် စကားပြော ပိုဆန်လာတယ်။ ` ကဲ- ဒီနေ့တော့--´ ဆိုတာ မျိုး ` မရေးဘူး မရေးဘူးနဲ့ပဲ--´ လို့ အင်တင်တင် ပုံစံလေးပြ မလား.. ` ခုတလော.. စိတ်တွေက မအားလို့....´ ဆိုပြီး ညည်းချင်ညည်း။ အဲဒီလို အဖွင့်လေးတွေ နဲ့ ပိုပြီး အသက်ဝင် တဲ့၊ အသွားအပြန် ရှိတဲ့ ရေးဟန် လေး တွေ၊ သူ့အလိုလို ဖြစ် လာ တယ်။

အကြောင်းအရာ တွေ ကလည်း...ရသ သုတ သတင်း အစုံစုံ ရှိပေမဲ့ တကယ့် အဖြစ် အပျက် ကလေး တွေ.. ပုဂ္ဂိုလ်ရေး လေးတွေ.. အတွေ့အကြုံ ဆန်းဆန်းလေး တွေ ဆိုရင်.. ပို သဘောကျ မိ ကြ တယ်။ လူ့သဘာဝ မို့၊ သူများအကြောင်း သိချင် တာလည်း ပါမယ် ထင်ပါရဲ့။ ဘယ် ဟာကို သွားသတိရ လည်း ဆိုတော့.. သော်တာဆွေ ရဲ့ ` ကျွန်တော့်ဘ၀ ဇတ်ကြောင်း´ စီးရီး တွဲ တွေကို ပြေး သတိရ မိတယ်။ အခု ဘလော့တွေ ရေးပုံ နဲ့ တကယ့်ကို တပုံစံ တည်း ။ စာကလည်း သိပ် မရှည်။ သူ့ အကြောင်း သူ့မိသားစု အကြောင်း တွေ့ကြုံခဲ့ဖူးတဲ့ မိတ်ဆွေ တွေ..စာရေးဆရာ တွေ အကြောင်း.. အခမ်းအနားမပါပဲ.. ရိုးရိုးရှင်းရှင်း ဖောက်သည်ချ ထား တာ လေးတွေကို..စာဖတ်ပရိသတ် တွေ.. သွေးသောက်..ချယ်ရီ တို့ မှာ..စောင့် ပြီး ဖတ်ခဲ့ရတာ..သတိရ မိတယ်။ သူကလည်း..အရေးအသားကောင်းတဲ့ နံမယ်ကြီး စာရေး ဆရာ ဖြစ် တာကလည်း..တပိုင်းပေါ့။

တချို့ကတော့..သော်တာဆွေ ရဲ့.. အဲဒီ ` ကျွန်တော့်ဘ၀ ဇတ်ကြောင်း´ တွေက.. ဘာစာပေ အကျိုးမှ မဖြစ်ထွန်းခဲ့ဘူးလို့ ဝေဖန် ကြ တာမျိုးလည်း ရှိ ခဲ့တယ်။ ဒါပေမဲ့.. စာပေ တွေ ဆိုတာ..အမြဲ အကျိုး ဖြစ်ထွန်းနေစရာ မလို သလို.. အတုံးလိုက် အတစ် လိုက် သိလိုက် မှတ်လိုက် ရမှ..အကျိုးဖြစ်ထွန်း တာ မျိုးလည်း မဟုတ်ပါဘူး။ သူ့ ဘ၀ ဇတ်ကြောင်း တွေ မှာ..ရိုးသားမူ တွေ ပါတယ်။ သမိုင်း ပါးပါး လေးတွေ ပေါ် နေတယ်။ သူ့ရဲ့ တကယ့် သက်ရှိ ဇတ်လိုက် တွေ ဆီက.. လူ့သဘော တွေကို၊ အကောင်းရော အဆိုးရော.. မြင်ရတယ်။ လူ့ဘ၀ ကို ဒုက္ခရော သုခ ရော နားလည် ရတယ်။

သော်တာဆွေ စာ ထဲမှာ ပါတဲ့ ဇတ်ကောင်တွေ ဆို ရင်- ပြောစမှတ် ပြု ရတာပဲ မဟုတ်လား။ ဟိုတလောက.. ဖြစ်တဲ့ စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင် အမူ က ..ဘယ်သူတွေ လည်း ဆိုရင်- ဟို- သော်တာဆွေ ပြောတဲ့ ငွေကို လေလိုသုံးတဲ့ မိုးကုတ် မြမောင် အမျိုးတွေလေ.. အဲလိုကို ပြောရ တော့တာပဲ။ တခါ တုန်းက.. အသိ အမ တယောက် အိမ်လာလည်တော့.. စာအုပ်တွေ အကြောင်း စကားစပ်ရင်း..သူ့အမျိုးသားက- စာရေးဆရာ သန်းဆွေ ရဲ့သား တဲ့။ ငယ်ငယ်လေး နဲ့ဆုံးသွားလို့ စာတွေ တော့..အများကြီး မကျန်ခဲ့ဘူး ပေါ့ လို့..သူက ခပ်ထိန်းထိန်း ပြောပေမဲ့.. ဘေးက..နားထောင်နေတဲ့.. သော်တာဆွေ အမာခံ ပရိသတ် ၁၃ နှစ် အရွယ် တူမ ငယ်က.. သမီး သိတယ်- သော်တာဆွေ စာတွေ မှာ အမြဲပါတဲ့..သူငယ်ချင်း စာရေးဆရာ- ရေ နစ်ပြီး ဆုံးသွားတာလို့.. ဒိုးဒိုးဒေါက် ဒေါက် ပြောလိုက် လို့.. ဟို အမ မှာ..အံ့သြရော။

တချို့စာဖတ် ပ၇ိသတ် တွေ ဆို.. သော်တာဆွေ ရဲ့ အမျိုးသမီး ` မေ´ ကို.. စာတွေ ထဲကနေပြီး အမ တယောက် လို ခင် နေ လို့ ..မေ ရဲ့ မုန့်ဟင်းခါး ကိုမှ တကူးတက သွားစားရတဲ့ လူတွေ မနဲ။ ဆရာ သော်တာဆွေ ရဲ့ သမီး ဆေး(၁) က အင်္ဂလိပ်စာ ဆရာမ Dimple ဆွေ ဆိုရင်.. ဆေး(၁) က ကျောင်းသားတွေက..အမျိုးလိုကို ခံစား ရ သတဲ့။

ထားပါတော့။ ပြောချင်တာက.. သော်တာဆွေ ရဲ့ ` ကျွန်တော့်ဘ၀ ဇတ်ကြောင်း ´ တွေဟာ ရှေးဦး ဘလော့စတိုင် စာပေ တွေ လို့ ပြောရ မလားပဲ။ တကယ် လည်း..သူက..အဲဒီ စာလေး တွေကို..နေ့စဉ် မနက်တိုင်း.. ၅ နာရီ မှာ အိပ်ယာက ထ ပြီး..သူ့မိန်းမ `မေ´ မုန့်ဟင်းခါး ဆိုင် အတွက် ပြင်ဆင် ချက်ပြုတ် ပြီးတာနဲ့..စားပွဲ မှာ ထိုင်ပြီး ရေး လေ့ ရှိခဲ့တာ တဲ့။

ကဲ- ဒါဆိုရင်တော့..ခေတ်စမ်းစာပေ ပြီးရင်.. ဘလော့စာပေ ဆိုပြီးများ ဖြစ်လာ မလားပဲ။ ကပြားနံမယ် ကြီး နဲ့တော့..မမိုက် လှပါဘူးနော်- နံမယ် ဘယ်လို ပေးရပါ့။

ဘလော့ဂါ

ဘလော့ဂါ ဆိုတာ ဘာလည်း ဆိုပြီး.. အဓိပ္ပါယ်တွေ ထုတ်ကြည့် နေတဲ့ သူတွေ လည်း အများသား။ အဲဒီ အဓိပ္ပါယ် အဖွင့် ကွင်းစ ကွင်းပိတ် ကလေး ထဲကို..၀င်ရင်ကောင်းမလား မ၀င်ရင်ကောင်းမလား ဒွိဟ ဖြစ်နေသူတွေလည်း အပုံ။ တနေ့သားကတောင်..ဘလော့ရေးနေတဲ့..ညီမလေး မြတ်နိုးက.. စာရေးတိုင်း ဘလော့ဂါ ဖြစ် ရဲ့လား လို့..လာဆွေးနွေး တယ်။ သူက - လောဂျစ် တခု နဲ့ ယှဉ်ပြ လာတယ်။

`ဘုန်ကြီးတိုင်း ဂတုံးတုံးသော်လည်း ဂတုံးတုံးတိုင်း ဘုန်းကြီးမဟုတ်ပါ…။ထို့အတူ ဘလော့ပေါ်တွင်ဘလော့ဂါတိုင်းစာရေးသော်လည်း စာရေးတိုင်း ဘလော့ဂါမဟုတ်ပါ။´

အဲဒါနဲ့ ကိုယ်လည်း နဲနဲ စဉ်းစားပြီး ပြန် အဖြေ ပေးလိုက်တယ်။

ဘလော့ရေးသူ ကတော့.. ဘလော့ဂါ ပါပဲလေ။ ကတုံး တုံးတိုင်း ဘုန်းကြီးမဟုတ်ပေမဲ့..တခြား ဘုန်းကြီးအင်္ဂါရပ်တွေ ရှိနေရင်တော့..ဘုန်းကြီးပေါ့။ အဲဒီထက်ပိုပြီး.. ဒကာ-ဒကာမ ကြည်ညို ယုံကြည် ကိုးစားရင်..ဘုန်းကြီးပီပီသသ ဖြစ်တာပဲ။ အဲဒီသဘောပဲ ထင်ပါတယ်။


နောက် ပြီး -ကိုယ့်မှာ..ဆာဒူးကြီး လို ကျင့်ကြံ နေထိုင် တဲ့..သူငယ်ချင်း တယောက် ရှိတယ်။ သူ့ရဲ့ အနုပညာ ပြင်းအား တွေ က.. သူ့ရဲ့ အကျင့်အကြံ တွေ ကြောင့်.. သူ့ဝိညဉ် ထဲ မှာ မဆန့် တော့ဘူး။ အဲဒီတော့..သူ အန်ချ ရတော့တယ်။ သွန်ချ ရတော့တယ်။ အဲဒါ နဲ့ ဘလော့ စပေါ့ ဆိုတဲ့ ဂူးဂဲ လ် ရဲ့ စာမျက်နှာ တွေ ကို..တရွက်ချင်းလှန် ပြီး..တရက်ချင်း ရေးတော့တာပါပဲ။ တခါ တခါ ဆို..တရက်ထဲ မှာ တင်.. ၃-၄ -၅ ပုဒ် ကဗျာ တွေ ဆက်တိုက် စပ်ဆို ဘလော့ ထက် အက္ခရာ တင်လေ့ ရှိတယ်။ ဒါပေမဲ့..သူက - ငါသည် ဘလော့ဂါ မဟုတ်- ဆိုတဲ့ မန်ထရာ ကိုလည်း..ဆီမန်း မန်းသလို ရွတ်လေ့ရှိတယ်။ သူ့မှာ အကြောင်းပြချက် တချို့ ခိုင်ခိုင် လုံလုံ ရှိ နေ တယ်။ သူက- ဘလော့ဂါ အကျင့်အကြံ တွေ ဖြစ်တဲ့..စီဘောက် များမှာ..သွားရောက် နှုတ်ဆက်ခြင်း.. ကွန်မန့်ပွတ်ခြင်း.. Tag ခြင်း .. များ ကို လုံးလုံး မပြုလုပ်သလို.. တခြား ဘယ်ဘလော့ကို မှ လည်း..သွားရောက် ဖတ်ရှု လေ့ မရှိပါတဲ့။

ပြောမနာ ဆိုမနာ သူငယ်ချင်း မို့.. ငြင်ငြင်သာသာ လေးပဲ မေးကြည့်ပါတယ်။ ဒါဆို- နင် စာတပုဒ် တင်တိုင်း log in ၀င် ရတဲ့ blogger.com ဆိုတာ ဘာလည်း လို့။ ဒါပေမဲ့..သိပ်လည်း မပြောရဲပါဘူး။ ဘလော့ဂါဖြစ် ရမှာ ကြောက် အားကြီး ပြီး.. သူ့ဘလော့ လေး ပိတ်လိုက် မှဖြင့်..သူ့ ပရိသတ် တွေ ၀မ်းနည်းပက်လက် ဖြစ်ကုန် ပါ့မယ်။ သူကလည်း..နံမယ်ကြီး ဘလော့ဂါ တယောက် ကိုး။ အဲ- ဆောရီး..နံမယ်ကြီး ကဗျာဆရာ တယောက်ကိုး။း)

တကယ်တော့..ဘလော့ဂါ လား.. စာရေးသူ လား..ဘာလား ...ညာလား.. ကိုယ်တိုင် လည်း မခွဲ ခြား တတ်ပါဘူး။ ခွဲခြားဖို့ လည်း စိတ်ကူး မရှိဘူး။ သဒ္ဒါ သဘော အရ ကို.. ဘလော့ရေးရင်တော့..ဘလော့ဂါ ဖြစ်မယ် ဆိုတာ.. အရှင်းဆုံး လက်ခံ နိုင်တာပဲ။ ဘာပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကားတွေ ပေါ် လို့ ကားစီး ကြသလို.. တီဗီ တွေ ပေါ် လို့..တီဗီ ကြည့် ကြသလို.. အီးမေးလ် တွေ ပေါ်လို့.. အီးမေးလ် သုံးသလို.. ဘလော့ တွေ ပေါ်လာလို့..ဘလော့ရေး မိ တာပါပဲ။ ဘလော့ ကို အသုံးပြု ပြီး စာတွေရေး နေသမျှ ကာလ ပတ် လုံး ကတော့..ဘလော့ဂါ က..ဘလော့ဂါ ပါပဲ။

သူငယ်ချင်း စာရေးဆရာမ မနော်ဟရီ က.. `ဒါဆို- ရှင် စာရေး တာ..ဘာအတွက် လည်း..´ လို့.. အကြောင်းအရာ တခု နဲ့ ဆက်စပ်ပြီး မေးလာ ဘူးတယ်။ အဲဒါနဲ့..ကိုယ်လည်း.. အပြုံးလေး တပွင့် နဲ့အတူ- လီယို တော်စတွိုင်း နဲ့ပတ်သတ်လို့ သိမ်းထားဖူးတဲ့ စာကြောင်းလေး တခု ကို ပြ လိုက် ပါတယ်။

Tolstoy explained that he kept writing because he was the slave of an inner compulsion and had a consuming desire deep within his bones. He felt that he had to keep writing or else he would go mad.

အဲလိုပါပဲ။ အသွေး ထဲ အသားထဲ..အရိုးထဲက..ကို ..စာရေးချင်လာ လို့..ရေးနေမိတာပါ။

ဘလော့ယဉ်ကျေးမူ


ကဲ- ကိုယ် ကတော့..သူငယ်ချင်း ဆာဒူးကြီး နဲ့ ဆန့်ကျင် လှစွာ..ဘလော့ ယဉ်ကျေးမူ များ ဖြစ်တဲ့..စီဘောက်ဖြည့်ခြင်း.. ကွန်မန့်ပွတ်ခြင်း..တခြားဘလော့များကို ဖတ်ရှူ အားပေးခြင်း စသည် များ ကို..တတ်နိုင်သမျှ ..ရွပ်ရွပ်ချွံချွံ ထမ်းဆောင်လေ့ ရှိပါတယ်။ အခုလည်း..ဘလော့ ယဉ်ကျေး မူ ပဲ ဆိုဆို.. tag တယ်ပဲ ပြောပြော.. စက္ကူ နဲ့ လုပ်တဲ့..တကယ့် ကိုယ်ပိုင် စာမျက်နှာ စစ် စစ် များ စွာ ရေးသား နေရင်းက.. ဘလော့ ဆိုတဲ့.. ပုံရိပ်ယောင် စာမျက်နှာ လေး တခုပါ ဖွင့်လှစ် လိုက်တဲ့.. ၀တ္တုနဲ့ ကဗျာရေးဆရာမ - မနော်ဟရီ ကိုလည်း.. ဘလော့ နဲ့ပတ်သတ် သမျှ.. မှတ်စု လေး ထုတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။ သူက တော့..ကဗျာ လှလှ လေး တွေနဲ့ ပျော်မွေ့သူမို့.. ဒါမျိုး ရေးချင် မလား တော့ မသိ။ ဘာပဲဖြစ်ဖြစ်.. သူ့မှာလည်း ဘလော့နဲ့ပတ်သတ် တဲ့ အကြောင်းလေး တွေ ..အနဲဆုံး တပိုဒ် လောက် တော့ ရှိမှာပါ လေ။



Share/Bookmark

20 Comments:

Anonymous said...

အမပြောတဲ့ ကဗျာဆရာကိုသိသလိုလိုပဲ။ ဟုတ်တယ်နော်သူကတစ်မျိုးပဲ။ အစ်ကိုကြီးရေ စိတ်ဆိုးနဲ့စတာပါဗျာ

Anonymous said...

ဒူကဘာတော့ တတ်နိုင်လို့ နေ့တိုင်းရေးရေး၊ သန်းနဲ့ချီတဲ့ လူတွေပဲလာလာ၊ အကျိုးပြုစာ ၁ကြောင်းရေးနိုင်မှ ဘလော့ဂ်ဂါ လို့ ယူဆပါကြောင်း။

khin oo may said...

မဲနည်းလိမ့်မယ် ဒူကဘာ.။

khin oo may said...

သိတ်ြ့ပိး စာရေးကောင်းတဲ့ စာရေးဆရာမကြီး။ လာဖတ်မှတ်သား ခေါင်းတညိတ် ညိတ် လုပ်သွားပါတယ်။

mmhan said...

Blogger ဆိုတာက အခွင့်ထူးခံ လူတန်းစား မဟုတ်သလို ငါဟာ Blogger ပါဆိုပြီး လက်မထောင်နိုင်လောက်အောင် ဂုဏ်ပုဒ်မရှိပါဘူး။

Blog မှာစာရေးတာက ၀ါသနာအလျောက်ရေးတာပဲလေ...

ဘယ်သူကမှ ၀ါသနာအလျောက် ပုံဆွဲနေတဲ့သူကို ပန်းချီဆရာလို့ မခေါ်သလို၊ ပန်းချီတွေ ရောင်းနေရပေမယ့် ကိုယ့်ကိုယ်ကို ပန်းချီဆရာပါလို့ ဘယ်တော့မှ မသတ်မှတ်တဲ့သူတွေ ရှိတာပဲ

အချိန်ကုန် လူပင်ပန်းခံပြီး ထိုင်ငြင်းနေတော့ရော ဘာထူးသွားမှာမို့လို့လဲဗျာ...

Anonymous said...

နားနားပြီး ဖတ်သွား ပါတယ်။

(Sorry the encoding is not compatible with Zawgyi. I don't know how to use Zawgyi system. The text is typed with Unicode 5.1 compatible input system. :)

I was just saying that I read the post, took a rest and read again :)

Best,
LM

Anonymous said...

မသိတော့ဘူး အမရာ..

စာရေးချင်လို့ရေးတာ..ဒါပေမဲ့ စာရေးဆရာ မဟုတ်ဘူးလေ..။
စိတ်ထဲက မှာ ရေးချင်နေခဲ့တာတွေကို ချရေးလိုက်တာပေါ့။
တခါတလေကျတော့လည်း ကိုယ့်ရဲ့ ဒိုင်ယာရီ ဖြစ်ကောင်း ဖြစ်နေသေးတာပဲ။
သေချာတာကတော့ ကိုယ်ရေးလိုက်တဲ့စာမှာ အမတို့လို့ တွေးစရာအတွေးစလေးတွေ ကျန်မနေဘူးလေ..။
ဒါကြောင့် ကိုယ်တိုင် စာရေးချင်လို့ရေးတာ ဖြစ်တဲ့အခါ .. အဲလို ကြီး ဘလော့ဂါဆိုတဲ့ ဂုဏ်ပုဒ်ကို မခံယူဝံ့ပါကြောင်း... ။

ပီးတော့ အထက်ကပြောသလိုပဲ ဘလော့ဂါ ယဉ်ကျေးမှူ ကိုလည်း သေချာ မလိုက်နိုင်သေးပါ။ နုတ်ဆက်မှ ယဉ်ကျေးတယ်ဆိုရင်တော့ မြတ်နိုးကို ရိုင်းတယ်လို့သတ်မှတ်လည်း စိတ်မဆိုးပေါင်။
စာတွေကို မကြိုက်ပဲနဲ့လည်း ကော်မန့်မပေးနိုင်သလို တခါတလေ ပျင်းရင်လဲ ကောင်းရဲ့သားနဲ့ မပေး ဖြစ်ပေါင်။
စီဘောက်မှာလည်း သွားမနုတ်ဆက်ချင် သွားမနုတ်ဆက်တတ်ပါ။ ဒါဆို ဘလော့ယဉ်ကျေးမှုကို ဆန့်ကျင်တယ်လို့ ပြောလဲ ခံရမှာပါပဲ..။ဟီး..
မှန်တဲ့အတိုင်းချပြောလိုက်တာပါ။
နားလည်ပေးမဲ့သူ ရှိသလို အမြင်ကပ်သူလည်း ရှိမှာပါပဲ..။ ဟီး အခုလည်း အနော်နီးနဲ့ပဲရေးလိုက်တယ်
အင်္ဂလိပ်လိုပြောင်းပီး မေးလ်ထဲ ဝင်ရမှာ ပျင်းလို့ပါ။ ခွင့်လွှတ် အမ...

ကလူသစ် said...

အရေးအသားလေးတော့မိုက်သဗျာ။

ATN said...

ပျားအုံကို တုတ်နဲ့ သွားထိုးနေပြီလားဗျား)

RePublic said...

လာရောက်ဖတ်ရှုပါတယ် အစ်မ K ၊၊

Moe Cho Thinn said...

တို့လဲ ဘလော့ဂ်ရေးရတာ စိတ်ချမ်းသာနေသရွေ့ ရေးနေမှာပဲ။ မရေးချင်တဲ့အခါကျရင်လဲ မရေးတော့ဘူး။
ဒါပေမဲ့ အခုထိတော့ ဘလော့ဂ်မှာ စာရေးနေရတာ၊ ဘလော့ဂါဖြစ်ရတာ ၀မ်းသာမိပါတယ်။
ကိုယ့်စိတ်အတိုင်းပဲ ဘာမဆိုလုပ်တယ်၊ နေတယ်။
အခု မှတ်စုလေး ဖတ်ရတာလဲ အင်မတန် ကောင်းတယ်။

Thet Oo said...

သော်တာဆွေရဲ့ “ကျွန်တော့်ဘ၀ ဇာတ်ကြောင်း” မှာ “ကျွန်တော့်ဘ၀ရဲ့ ဇတ်ဆရာဟာ ကျွန်တော်ကိုယ်တိုင်ပါပဲဗျ” လို့ ရေးသွားတာကိုတော့ ကြိုက်တယ်ဗျာ။

mgphonemyint said...

အမရေ..တခါ တခါကြတော့လဲ ဘလော့ဂါ ဆိုတာ အရှိုက်ကို မိမိရရ ထိုးတတ်တဲ့ လက်ဝှေ့ သမားတစ်ယောက် လိုပဲဗျ..။

Sonata Cantata said...

Blog ဆိုတာကို Blogging ရင်း နားလည်အောင် ကြိုးစားနေတဲ့ Blogger တစ်ယောက်ပါ။

မသီတာ

လင်း said...

စိတ်ထဲမှာ ရှိတာလေးတွေ ချရေးရင်းနဲ့  နစ်မှန်းမသိနစ်ဝင်နေမိတာ ဘလော့ဂါ စစ်စစ်ဖြစ်မဖြစ်တော့ သေချာမဆန်းစစ်မိခဲ့ပါဘူး။ ခုတလောတော့ စိတ်တွေညစ်ပြီး စာရေးတာ နားထားမိပြန်တယ်။ တစ်သက်လုံး ကျောခိုင်းနိုင်ပြီလား ဆိုပြန်တော့လဲ မသေချာပြန်ဘူး။ လောလောဆယ်တော့ စာဖတ်သူ ဘဲလုပ်နေတယ် မကေရေ

ကလိုစေးထူး said...

ဘလော့ဂ်တခု ရှိမှတော့ ဘလော့ဂ်ပိုင်ရှင်တော့ ဖြစ်သွားတာပဲဗျာ။ ဒါပေမယ့် ဘလော့ဂါ ဆိုတဲ့သတ်မှတ်ချက်ကတော့ ကိုယ့်သဘောနဲ့ကိုယ် သတ်မှတ်ထားတဲ့ အဲဒီ ရေးတဲ့သူရဲ့ စာတွေကို လာဖတ်ပြီးတော့ `ဒီလူတော့ဖြင့် ဘလော့ဂါဖြစ်တယ်၊ ဒီလူကိုတော့ ဘလော့ဂါ မသတ်မှတ်ထိုက်ဘူး´ ဆိုပြီး ဖတ်သူကပဲ အကဲဖြတ်သွားမယ်ထင်တာပဲ။ ကျနော့် တဦးတည်း အမြင်ရ တချို့ ဘလော့ဂ်တွေ ပိုင်ပြီး ပို့စ်တွေ တင်နေပေမယ့် ကျနော့်စိတ်ထဲမှာ သူတို့ကို ဘလော့ဂါလို့ ခံစားလို့မရတာတွေ ရှိတယ်။

သက်ဝေ said...

ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂ်ဂါဖြစ်ရောလား ဆိုတာကို သေသေချာချာ တွေးမကြည့်ခဲ့ဖူးပါ...။
စိတ်ထဲရှိသလို စိတ်ချမ်းသာသလို ချရေးလို့ ရတဲ့ နေရာလေးတစ်ခု..
သူငယ်ချင်း မိတ်ဆွေတွေ တိုးပွားလာစေတဲ့ နေရာလေးတစ်ခု...
အသိပညာ ဗဟုသုတတွေ ဖလှယ်နိုင်တဲ့ နေရာလေးတစ်ခု...
စိတ်တွေ ပင်ပန်းတင်းကျပ်နေတဲ့ အခါမျိုးတွေမှာ ထွက်ပေါက်လေးပေးနိုင်တဲ့ နေရာလေးတစ်ခု...
အဲဒါလေးတွေကြောင့် ဘလော့ဂ်နေဖြစ်တယ် ဆိုပါတော့...
ဘလော့ဂ်ရေးတိုင်း ဘလော့ဂ်ဂါဖြစ်မဖြစ် ဆိုတဲ့ အချက်ကတော့ နားလည်တဲ့သူတွေ ဆုံးဖြတ်ကြပါလိမ့်မယ်...

chit ko ko said...

can you teach me blog

Yaw Han Aung said...

ကျနော်ကတော့ ဖတ်လိုက်ရတာ သိပ်ကျေနပ်သွားတယ်။ စီကာပတ်ကုန်း ရေးတတ်ပလေတယ်လို့ ချီးကျူးပါတယ်။ အားပေးလျက်..

Anonymous said...

အော်-ခုမှ-ကိုယောဟန်အောင် (ထူးထူးခြားခြား) မှတ်ချက် လာပေးတော့မှပဲ၊ ဒီ ပို့စ်က၊မှတ်ချက်တွေကို ပြန်ကျေးဇူး တင် မနှုတ်ဆက် ရသေးပါလား လို့သတိထားမိတယ်။ ပြောခဲ့သလို၊ ကိုယောဟန်အောင်ကိုတော့..နောက်ဆုံးမှ ပေမဲ့၊ အရင်ဆုံး၊ အများဆုံး၊ ကျေးဇူးတင်လိုက်ပါတယ်။

ဆာဒူးကြီးကတော့..ရွာသားလေး သိတဲ့ အတိုင်းပါပဲ။း)

ကိုဒူကဘာ နဲ့ mmhan ပြောသလို-ဘလော့ဂါဆိုပြီး လူတန်းစားမထူထောင်သင့်သလို- တနည်းတဖုံ အကျိုးပြုနိုင်ရင်တော့၊ အကောင်းဆုံးပေါ့ နော်။

မခင်ဦးမေ-လွင်မိုး-ကလူသစ်-Republic ကျေးဂျူးကမ္ဘာဆိုင်ယော်-

မြတ်နိုးညီမရေ- ဘာမှသိစရာလည်းမလိုပါဘူး။ ရေးချင်တာသာရေး- ဖတ်ချင်တဲ့သူ ဖတ်လိမ့်မယ်။ ဟုတ်-

ကိုအောင်သာငယ်.. ခုထိ..ဘာပျားမှ လည်း အတုတ်မခံရသေးပါဘူး။း)

မချိုသင်းကတော့..စာရေးဆရာမလို့ပဲ..ဆက်ထား လိုက်ပါ့မယ်။
ဟုတ်တယ် ကိုသက်ဦးရေ-ကျမတို့လည်း ကိုယ့်ဖာသာ ဇတ်လိုက်လုပ်နေရတာ-ဘယ်လောက်အရသာရှိလည်း။ အဟဲ-

မောင်ဖုန်းမြင့်ရယ်-အရှိုက်တော့မထိုးပါနဲ့။ တလောကတောင်၊ ရေဒီယိုမှာ တယောက်ပြောသွားတာ-ဘလော့ရေးတယ်ဆိုတာ-လက်သီးပုန်းထိုးတာတဲ့။

မသီတာ-သက်ဝေ နဲ့ လင်းရေ- ဟုတ်ပါတယ်။ အဓိပ္ပါယ်က- ကိုယ်သတ်မှတ်လို့မရပါလေ။ ကိုစေးထူး ပြောတာလည်း သဘောတူပါတယ်။ လွတ်လပ်သော ဈေးကွက် စီးပွားရေးလိုပဲ.. demand က ပဲ ဆုံးဖြတ်ပါလိမ့်မယ်- စာဖတ်သူတွေပေါ့။

ကျော်ဇင်ဒင်းန် ရေ- ဘလော့မှာတော့..၀ိုင်းကျူရှင်မရှိဘူးကွဲ့။ နောက်တာနော်။ ဘလော့လုပ်နည်း ရေးထားတာတွေ အများကြီး ရှိတယ်လေ။