ကံ့ကော် နောက်ဆက်တွဲ အပျံသင်ငှက်

ကံ့ကော် နောက်ဆက်တွဲ လို့ ပဲ ဆိုပါတော့ နော်...။ ဘလော့ လုပ်ကာစ နှစ် က .. ဒီမှာ ရေးခဲ့ တာပါ။ ပြန်လည် ဖော်ပြ ခြင်းပါ..။ ခု နောက်ပိုင်း.. ရေးဖို့ ရည်စူး ပြီးသားလေး တွေ က လွဲလို့... စာအသစ် ရေးဖြစ် ဦး မည် မဟုတ်ပဲ...ရံဖန် ရံခါ.. ဖတ်စေချင်သော အဟောင်းလေး များ ကို သာ..အခုလို.. ပြန်လည် ဖော်ပြ ဖြစ် မည် ထင် ပါသည်။

စိန်ပန်း နဲ့ ကံ့ကော် တွေ ကိုလည်း.. E-book လေး လုပ်နေပါတယ်။ ပြီးကာနီး ပါပြီ။ တစုတစည်း နဲ့ ပိုပြီးတော့လည်း အချောသပ် ထားပါတယ်။

+++++++++


အပျံသင်ငှက် (သို့) သိခဲ့ဖူးတဲ့ သင့်ဘဝ

ကျောင်း လည်း ပြီး ပြီ ဆို တော့ .. ဘာလုပ် ရမလဲ။ ဘွဲ့လွန် ဆက်တက် မလား။ အပြင် ကုမ္ပဏီ တခုခု မှာ လုပ် မလား။ နယ် ပြန် ပြီး ..ကျောင်းဆရာ မ လုပ် မလား။ တခုခု တော့ လုပ် ရ တော့မည်။ လော လော ဆယ်ဆယ် တော့.. အိမ့် တာဝန် တွေ နဲ့ ကင်းလွတ် ရာ.. ရံဖန် ရံခါ နားပူ စရာ တွေ ကို..ပုန်း ရှောင် ရာ.. အင်းလျား ဆောင် ကြီး ပေါ် က..ချစ်လှစွာ သော..အခန်း ကျဉ်း လေး ကို .. ကျော ခိုင်း လိုက် ရ ပြီ။

`၄၆´ ဆိုတဲ့ နံပတ် ပြား လေး ကို လှည့် ကြည့်..လှည့်ကြည့် လုပ် ရင်း..`အခန်း ၄၆..နောက် ပေါက် မှာ..ဧည့်သည်..´ ဆိုတဲ့ ရင်ခုန် ခဲ့ရ တဲ့ အော်သံ တွေ.. ။ ညဖက် အင်းလျား လမ်းမပေါ် က.. ရည်စူး ခြင်း .. နောက်ပြောင် ခြင်း.. ရင်ခုန်ခြင်း..ပျော်ရွှင် လွတ်လပ်ခြင်း တွေ..နဲ့..အမျိုးစုံ လှတဲ့ သီချင်းသံ တွေ။ စားချင် မှ စား..။ အိပ်ချင် မှ အိပ်..။ ထ ချင် မှ ထ ခဲ့တဲ့.. ဂရုမစိုက် ခြင်း တွေ။ အားလုံးကို ထား ခဲ့ ရ ပေပြီ။

ညီအကို မောင်နှမ တွေ အတွက်.. ရန်ကုန် မှာ..ကျောင်းတက်..အလုပ်ရှာ ရန်.. အိမ်က..ငှါး ထား ပေး သော အိမ် ကလေး ကို.. ကယောင် ချေက် ချား ရောက် လာခဲ့သည်။ ခေတ်လူငယ် ခြေ ကျ..မဖြစ် အောင် တော့..လုပ် ရ မည်။ ကိုယ်က..ဘာလုပ်ချင် တာလဲ..ဘာဝါသနာ ပါ တာလည်း..။ မမေးပါနဲ့..ကျေးဇူး ပြု ၍ ..မမေး ပါနဲ့။ အာရုံ ထဲ မှာ တော့.. အမေရိကန် သံ ရုံး က ထုတ် တဲ့..လင်း ရောင် ခြည် စာအုပ် တွေ ထဲက.. နိုင်ငံခြား ပညာ သင် ဆောင်းပါး တွေနဲ့..နေ ရောင် နွေး နွေး..မျက် ခင်း စိမ်း စိမ်း မှာ..ထိုင် ပြီး..စာဖတ် နေ ကြတဲ့.. ဘွဲ့လွန် ကျောင်းသား ကျောင်းသူ တွေ ရဲ့ ဓါတ်ပုံ လေး တွေ ကို ..မြင် ယောင် နေ မိသည်။

အင်းလျား ဒင်နာ တွေ မှာ..မိုးမိုး (အင်းလျား) အမှတ်တရ.. ဆု တွေ အဖြစ်..စာပေလောက..မိသားစု က ..ပေးတဲ့..စာအုပ် ပုံ ကြီး ကို ကြည့် ရင်း.. စာရေးဆရာ လုပ် ရင်..ကောင်း မလား လို့ လည်း.. ယောင်တောင် ပေါင် တောင် တွေး မိ ပြန် တယ်။

ကံအားလျော်စွာပဲ.. အဲဒီ အချိန် က..ပုံစံ အသစ် နဲ့ ပြောင်းလဲ ထုတ်ဝေ ရင်း..နံမယ် ကြီး နေတဲ့..သင့်ဘ၀ မဂ္ဂ ဇင်း ထဲ မှာ.. `လူငယ် လက်ထောက် အယ်ဒီတာ တယောက် အလို ရှိ သည် ´ တဲ့။ ကဲ..ရေ ငတ် တုန်း ရေ တွင်း ထဲ ပြုတ် ကျ..ကုန်းထ ပြီး.. အပြေး လေး..သွား ဗျူး တော့ တာ ပေါ့။

အမှတ် မမှား ဘူး ဆို ရင်..အဲ တုန်း က..ဂျာနယ် တိုက် က.. ၀ါးတန်း လမ်း မှာ ထင် တယ်.. ။ (ရန်ကုန် မြို့လယ် ခေါင် ကို..ယခု တိုင်..သိပ် မကျွမ်း ကျင် သေးပါ)။ ဘေး မှာ..အမ လုပ်သူ ကလည်း..အဖော် လိုက် လာတယ်။ သိ တဲ့ အတိုင်း.. တောသား မက..မြို့သား မကျ ဆို တဲ့ ပုံစံ လေး တွေ နဲ့။ ၀တ် စား သွား တာ ကလည်း.. အယ်ဒီ တာ အလုပ်ပါ ဆိုမှ.. လွယ်အိတ် အစုတ် ကလေး ..လွယ်ပြီး..ခပ်ကြမ်း ကြမ်း ပုံစံ ဖမ်း ရမဲ့ အစား...ဗမာ ဆန်ဆန်..ခါးတို အကျီ င်္ နဲ့..ရိုးရာ လုံ ချည် နဲ့။ မှတ် ထား တဲ့ လိပ် စာ စာရွက် ကလေး ကို ..လက်က..ဆုပ် ရင်း.. `သင့်ဘ၀ ´ လို့ .. ဆိုင်း ဘုတ် ခပ်သေးသေး တပ် ထားတဲ့..တိုက်ခန်း တခန်း ထဲ..၀င် သွားတော့.. `အမ်´..မှား ပြီ ထင်တယ်.. ။ ကြည့် တော့.. စီးပွားရေး လုပ်ငန်း တခု လိုလို..။ နောက် တော့မှ..ဒါ.. သင့်ဘ၀ ပိုင် ရှင်..ဆရာ တင် မောင်သန်း ရဲ့ မိသားစု ပိုင် ..စီးပွား ရေး လုပ် ငန်း တခု မှန်းသိ ရ ပြီး.. အပေါ် ထပ် ကလေး ကို..လှေခါး လေး နဲ့ တက်သွား လိုက် ရ သည်။ အဲဒီ မှာ..သင့် ဘ၀ ရဲ့ ဖခင် ကြီး..ဦးလေး ကြီး..ဦးတင် မောင် ( ဆရာ တင် မောင်သန်း ဖခင်) ပုံ ကြီး ကို.. ချိတ်ဆွဲ ထား သည်။ ဟို တုန်း ကတည်း က..ယုဝတီ..ငွေတာရီ တွေ ကြားထဲ မှာ ဦးလေး ကြီး ဦး တင်မောင် ရဲ့..သင့်ဘ၀ ဗားရှင်း အဟောင်း လေး က.. သူ့ပိရိသတ် နဲ့သူ ရှိ ပြီးသား။ ကိုယ့်မေမေ ရဲ့ အကြိုက်.. ။ သူ့ ဆီမှာ..ကဗျာ တွေ..ရေးရေး ပို့ ထား တဲ့..သင့်ဘ၀ စာအုပ် တွေ..အများကြီး တွေ့ဘူး သည်။

အပေါ် ထပ် ရောက် မှ.. စာအုပ် တွေ ထဲမှာ တွေ့ဘူး နေသော ..ဆရာ တင် မောင် သန်း ဆို တာ ကို.. တန်း ခနဲ.. ချက်ချင်း သိ လိုက် သည်။ အခန်း ထဲ မှာ..တခြား လူ ၂ ယောက် လည်း ရှိ နေသည်။ `ကိုညို´ လို့ ခေါ် နေ သော ..ခပ် ညိုညို..ပြည့်ပြည့် လူ တယောက် ကို..စာရေး ဆရာ..မောင် သစ် ဆင်း မှန်း သိ လိုက် ရ သည်။ နောက် တယောက် ကို တော့..အခု မှ..ဖတ် မိ သော စာ တချို့ အရ.. စာရေး ဆရာ ကျော်ဝင်း ဖြစ် ကောင်း ဖြစ် လိမ့် မည် ဟု ..မှန်း ကြည့် မိသည်။ ( မသေချာ ပါ) ။ အဲဒီ တုန်း က.. အယ်ဒီ တာ အဖွဲ့ ၀င် တယောက် ဖြစ် တဲ့..စာရေးဆရာမ မိုး ချိုသင်း ကို လည်း..လူချင်း မသိ ပေမဲ့ .. ကိုယ့် ရဲ့ ဘူမိ ဗေဒ စီနီယာ ကျောင်း သူ အ ဖြစ် .. ကျောင်း မှာ မြင် ဘူး နေ တာကြောင့်.. အား တော့ မငယ် မိ။ ဒါပေမဲ့..အဲဒီ နေ့ကတော့..သူမ ကို မတွေ့ ရပေ။ ကိစ္စမရှိ.. သိတဲ့လူတွေ နံမယ်ပြော ပြီး ရွှီး ပြစ် မည် လို့..တေး နေ မိသည်။

အင်တာ ဗျူး လေး က..မမျှော် လင့် ပဲ..အချိန် အတော် ကြာ သွားသည်။ မေး တာ တွေ ကလည်း အစုံ။ ဘယ်လို စာ မျိုး တွေ အဖတ် များ လဲ တို့..ဘာ တို့ ကတော့.. လာခဲ့.. ကိစ္စ မရှိ ဘူး။ ဟော..ဒါပေမဲ့..အယ်ဒီ တာ ကို ကူ ဖို့ ဆို ရင်.. ရန်ကုန် မှာ ရုံး တွေ သွား ဘူးလား တဲ့။..ဘဏ် ၃ တို့..ဘဏ် ၄ တို့..မှာ ချလန် သွင်း တာတွေ..လုပ် ရမယ်.. စာပေ စိစစ်ရေး တွေ..သွား ရမယ် ဆို တော့.. ရန် ကုန် သူ မဟုတ်တဲ့.. မြို့ ထဲ လည်း မကျွမ်း တဲ့..ရုံး ပြင် ကနား လည်း..မဆက် ဆံ ဘူး တဲ့..ကိုယ့်မှာ.. မလုပ်ဖူးဘူးပေါ့.. ကြိုးစား သင်ပါ့ မယ် ပေါ့။ မိသားစု အကြောင်း..တခြား အကြောင်း တွေ မေး ပြန် တော့..စကား တွေ ..လက် ဆုံ ကျ ကြ ပြန် တယ်။ တချိန် လုံး..ငုတ် တုတ် ထိုင် စောင့် နေတဲ့.. အမ လုပ်သူ ကလည်း..အား ပါ ပြီး..၀င် ပြော လို့.. အင်တာဗျူး ကနေ..အင်ထရာ ဗျူး လုံးလုံး ဖြစ် ရော။ အဲဒါ တွေ ပြီး တော့..မှတ် မှတ် ရရ..ဆရာက.. ` ရည်မှန်း ချက် က..ဘာဖြစ် ချင် တာလဲ..´ လို့..မေးလာတယ်။

အူ ကြောင် ကြား ပါ တဲ့..ကိုယ် က.. အယ်ဒီ တာ လာ လျှောက် တာ ကို.. ` စကော် လာ ဖြစ် ချင် ပါ တယ်´ လို့..အဆီ ငေါ် တဲ့တဲ့..ဖြေ ခဲ့ လိုက် တယ်။ တကယ် တော့.. စကောလား ရှစ် လျှောက် ပြီး ..ကျောင်း ဆက် တက် ချင် တဲ့စိတ် သက်သက် နဲ့ဖြေ လိုက် တာပါ။ အဲဒီ ဝေါဟာ ရ ရဲ့ အနက် အဓိပ္ပါယ် ဘယ်လောက် ကျယ် ပြန့် မှန်း..မသိ နား မလည် ခဲ့ ရိုး အမှန် ပါ။

အဲဒီ လို နဲ့..မိနစ် ၂၀ လောက် ပြော ဆို မေးမြန်း ပြီး တော့.. ` ကိုညို ရေ..သူ့ကို..ဆောင်းပါး အတို လေး တပုဒ် လောက် ဘာသာ ပြန် ခိုင်း ကြည့် လိုက် ပါ..´ လို့..ပြော ပြီး..ဆရာ တင် မောင် သန်း.. အောက် ဆင်း သွား တော့တယ်။ ကိုယ် လည်း.. အဲဒီ..အိမ် လိုလို..ရုံးလိုလို..အပေါ် ထပ် ကလေး မှာ..နောက်ထပ် မိနစ် ၂၀ လောက် ..တတ် သလောက် မှတ် သလောက် ဘာသာ ပြန် အ ပြီး.. ညီအမ ၂ ယောက် သား.. ပြန် လာခဲ့ တော့ တာ.. အခု အချိန် ထိ.. အလုပ် ခန့် ကြောင်း.. မကြား ရ သေး ပါဘူး..။း)

ဒီလောက် နဲ့ တော့..ဇတ် လမ်း ပြတ် ရိုး လား..။ လူက လည်း..မှော် နဲနဲ ၀င် နေတော့.. နောက် သုံးလေး လ လောက် အကြာ.. သင့်ဘ၀ က.. ဂျာနယ် လစ် သင် တန်း ပေး မယ်..အခမဲ့...လွတ်လပ်စွာ တတ် နိုင် သည် ဆို လို့.. မနှေး အမြန် ရောက် သွား ပြန် ပါ သေးတယ် ။ ဒီ တခါ တော့..မြို့ ထဲ တနေ ရာ က..ဆရာ ကြီး လူထု စိန် ၀င်း ရဲ့ နေအိမ်..စာသင်ခန်း လေး ထဲ မှာ လုပ် တာပါ။ လားလား..လာ လိုက် ကြတာ.. ဓန မဂ္ဂဇင်း က..ဆောင်းပါး ရှင် တွေ ရော..ဘာရော..အယောက် ၂၀ လောက် ရှိ မယ်။ ထူးထူး ခြား ခြား..အမျိုးသမီး က..၂ ယောက် ထဲ။ တယောက် ကတော့..ယခု လက်ရှိ..နံမယ် ကြီး..စာရေးဆရာမ.. လည်း ဖြစ်.. အယ်ဒီတာလည်းဖြစ် တဲ့..မနော်ဟရီ ပါ။ အခု ထိ..မှတ် မိ နေ သေး တယ်..။ ဆောင်းပါး တပုဒ် ကို.. Anecdote နဲ့..ဘယ်လို ဖွင့် တယ် ဆို တာ ...ဆရာ တင်မောင် သန်း ...အာဘောင် အာရင်းသန်သန် နဲ့..ရှင်း ပြ သွား ခဲ့တာ။

နောက် တော့ လည်း..ခေတ်လူငယ်..ခြေမကျ တကျ တို့..ထုံး စံ အတိုင်း..ဟိုယောင် ယောင်..ဒီ ယောင်ယောင်..ဟိုသင် တန်း..ဒီ သင်တန်း..တွေမှာ..ရောက် နေပြန် ရော။ ကျောင်း ကြီး ကို လည်း..မခွဲ နိုင် တော့..ဘွဲ့လွန် ဒီပလိုမာ ဆို ပြီး..တတ် နေ မိပြန် သေးတယ်။ စိတ် ထင်..တနှစ် လောက် ကြာ မှ ထင် တယ်..။ မမျှော်လင့် ပဲ..ဆရာ တင် မောင် သန်း ဆီ က..ဖုန်း ဆက် လာ တယ်။ အယ်ဒီ တာ ခေါ် ခန့်တာ တော့..လုံးဝ မဖြစ် နိုင် တော့...။ သူပြော တဲ့ စကား တွေက.. အဲဒီ အချိန် မှာ..ကိုယ့် အတွက်..တော် တော် စိမ်း နေ ပါတယ် ။ နိုင်ငံခြား တက္ကသိုလ် တွေ မှာ..ကျောင်းတက် နိုင် မဲ့..အခွင့် အလန်း တွေ ..အများ ကြီး ရှိ တယ်တဲ့။ တခုပဲ..ကိုယ့် ဖက် က.. အဆင့် မှီ မှီ ဖြစ် နေ ရမယ်..( သူ ပြောတဲ့..စကား အတိုင်း..အတိ အကျ ဆို ရင်..you must be qualified တဲ့ )။ အင်္ဂ လိပ် စာ အတွက်.. TOEFL ဖြေ ထား ဖို့ လို မယ် တဲ့။

ဖုန်း လည်း ချ သွား ရော.. ဒီသတင်း စကား ကို..ဘယ်လို အသုံး ချ ရ မှန်း ..ကွဲကွဲ ပြားပြား မသိ နိုင် ပဲ..ခေါင်းထဲမှာ....TOEFL.... TOEFL .. TOEFL ဖြေ ရမယ် လို့ ..မြည် ကျန် ခဲ့တယ်။ သေချာ တာတော့.. လူငယ် တယောက် ပြောပြ ခဲ့ဘူးတဲ့.. ဝေတေ ၀ါးတားတား အိမ် မက် ကလေး တခု ကို.. တခုတ်တရ.. ဖေးမ လမ်း ပြ ပေး ခဲ့ တဲ့..ဆရာ တင် မောင် သန်း ရဲ့ စေတနာ ကိုတော့..အခု ထက် ထိ..အံ့သြ ကျေးဇူးတင် ဆဲ ပါ။

TOEFL ဆို တာ ကြီး ကို..အရင် လုပ် ရမယ် ဆို တော့.. ပြေးပေါ့.. တော်ဝင် လမ်းက.. USIS ( ယခု အခေါ် AC)..။ သွားပေါ့.. ဦးလူနီ လမ်းထဲက.. ဒေါ် ယဉ်ယဉ်နု ရဲ့..ကျူရှင်။ အဲဒီတုန်း က..စာမေးပွဲ ကြေး ကို..ပြည်တွင်း မှာ..သွင်း လို့မရ။ 35 ဒေါ်လာ ဆိုတဲ့ ငွေ ကို..နိုင်ငံခြား မှာ..အလုပ်လုပ် နေတဲ့..သူငယ် ချင်း တယောက် ကို..အကူအညီ တောင်း ပြီး..သွင်းခိုင်း ရ တာက..အစ..ကိုယ့် အတွက် တော့.. TOEFL ဆိုတာ ကြီး က တင်..တော် တော် ကြီး လှ ပြီ။ ကံ ကလည်း..ဆိုးချင် တော့.. စာမေးပွဲ ဖြေ မဲ့နေ့.. USIS ရှေ့ မှာ သွား တန်းစီ စောင့် နေ ပေမဲ့.. ဟိုဖက်က.. မနက် မှ..fax နဲ့ ထိုးပို့တဲ့..ဖြေမဲ့လူ စာရင်း..roster မှာ ကိုယ့် နံမယ် ပါ မလာ လို့.. စောင့်မော ကြီး နဲ့.. ပြန် လာခဲ့ လိုက် တာ လည်း..ခုထက် ထိ..တခါ မှ..ပြန် မဖြေ ဖြစ် တော့ ဘူး။ ထပ် ကံဆိုး ချင် တော့..အဲဒီ စာမေးပွဲ ကြေး ပိုက် ဆံ လေး ပြန် အမ်း ပြီး..စာတိုက် က ပို့လိုက်တာ.. အမေရိကန် က..ထွက် လာ နိုင် ပေမဲ့..ရန်ကုန် ကျ မှ..လမ်း မှား ပြီး..ပျောက်ချင်း မလှ ..ပျောက် သွား ပြန် သေး တယ်။ သင့်ဘ၀ က..ပေးတဲ့ အိမ်မက် တွေ နဲ့လည်း..အဆက်အသွယ် တွေ ပြတ် သွား လိုက် တာ.. ခုထိ ဆို ပါတော့...။

ဒီလို နဲ့.. ဒီပလိုမာလေး ပြီးလို့..အလုပ်တခု ၀င်လုပ် ရင်း..ခေတ် ကွင်း ကြီး ထဲမှာ..ခြေ တက် ..ခြေ ကျ ..ကန် နေ တုန်း ပဲ.. အိမ်မက် တခု..ဗြုန်း ဆို..ရှေ့တဲ့တဲ့ ကို ပြုတ် ကျ လာပြန် ပါရော..။ ကိုယ့်ဖာသာ..သူငယ်ချင်း တွေ နဲ့အတူ .. လျှောက် ထားတဲ့.. ပြည်ပ ဘွဲ့လွန် ကျောင်းဝင် ခွင့် က..မမျှော် လင့် ပဲ.. စကောလားရှစ် နဲ့ အတူ ကျ လာတယ် လေ။ အလုပ် က ပြန် လာတဲ့..မီးမှောင် မှောင်..ညနေ ခင်း တခု မှာ..စာတိုက် က ရောက် လာတဲ့ .. အဲဒီ အကြောင်း ကြားစာ လေး ကို.. ရင်ခုန် စွာ နဲ့..ဖောက်ဖတ် ဖြစ် ခဲ့တယ်။ ဖယောင်း တိုင် မီး ညွန့် ယိမ်း ရာကို..စာရွက် ကလေး..တိုး ရင်း.. သေချာ ရဲ့လား...ဆို ပြီး..စာတလုံး ချင်း တောင် အသံထွက် ဖတ် နေ မိ ခဲ့ တယ်။

ဒုတိယ အကြိမ်.. အဆောင်သူ ဘ၀ ကို ပြန် ရောက် ရင်း.. အိမ် မက် တွေ..တကယ် ဖြစ် လာ ခဲ့တဲ့ အချိန် မှာ..သင့်ဘ၀ က..ပေး ခဲ့တဲ့ အင်အား တွေ ကို..သတိ ရ ရင်း.. အဝေး တနေ ရာက..ကဒ် ကလေး တစောင် ပို့ ခဲ့ ပေမဲ့ လည်း.. ရောက်ခဲ့သလား..လွဲ ခဲ့သလား..မသိ ... ရုံးခန်း လိပ်စာ ကရော..အရင် အတိုင်း မှ..ဟုတ်တော့ ရဲ့လား... ။ ဘ၀ တွေ ကို လမ်း ပြ ဖို့ ကြိုးစား ခဲ့တဲ့ `သင့် ဘ၀´ ကို..တစစီ..တရွက် စီ..စုတ်ဖြဲ ခံ နေခဲ့ ရ တဲ့.. ၁၉၉၈-၉၉ နေ့ရက် တွေ ထဲ မှာ ပဲ.. လွင့် မျော ပျေက်ကွယ် သွား ခဲ့ သ လား။

လမ်းခု လတ် တနေရာ မှာ..ဆရာ..အားပေး လမ်းပြ ဘူးခဲ့ တဲ့...လူငယ် တယောက်..ခုတော့..ဘလော့ ကြီး တခု တောင် ပိုင် ဆိုင် နေ ပြီ ဖြစ် ကြောင်းနဲ့.. ဆရာ့ကို..ကျေးဇူးတင် ကြောင်း..ပြောဖို့ ပျက် ကွက် ခဲ့ ခြင်း ကို..ဒီမှာ ပဲ.. ဖြည့် စွမ်း လိုက် ပါရ စေ..။

အတောင် တွေ..တဖျပ်ဖျပ် နဲ့..အပျံသင် ခဲ့တဲ့.. ငှက် တကောင်ဟာ..ခု လည်း..အပျံသင် ဆဲ ပါ ပဲ ။ ဒါပေမဲ့...အတောင် ခပ် သံ တွေ က တော့..တဘတ် ဘတ် ဖြစ် နေ ပြီ ပေါ့။

( မှတ်ချက်- သင့်ဘ၀ ဦးလေးကြီး ဦးတင်မောင်က.. ဆရာတင်မောင်သန်း ဖခင် မဟုတ်ဘူး လို့.. တယောက် က.. အမှား ပြင်ဆင် ပေး လာပါတယ်။ )


Share/Bookmark

8 Comments:

ဂျူနို said...

မကေရေ ဘာလို့ မအယ်လုပ်သလို အားလုံး လိုက်လုပ်ရတာတုံး။:))


မအယ်

ကိုချစ်ဖေ said...

မကေ..အပျံသင်ခြင်းကို အားကြသွားပါတယ်..

ရွှေရတုမှတ်တမ်း said...

ဒို့ကတော့လေဟုန်စီးလိုက်နေတာ..ကြာပေါ့

Moe Cho Thinn said...

ကေ က သင့်ဘ၀မှာ မလုပ်လိုက်ပေမဲ့ သင့်ဘ၀ ဆရာရဲ့ စကားကို နားထောင်ပြီး ကောင်းကင်မှာ အပျံသင်ဖို့ ကြိုးစား အောင်မြင်ခဲ့တယ်နော်။ ၀မ်းသာမိတယ်။ ကေ လာ ဗျူးတုန်းက တို့ မြန်မာပြည်မှာ မရှိတော့ဘူး ထင်တယ်။ ၉၆ ဧပြီမှာ ယောင်နောက် ဆံထုံးပါခဲ့တာ။

အဲဒီအခန်းလေးပါပဲ ကေရယ်။ မျက်စိ ခဏမှိတ်ပြီး ပြန်တွေးရင် ကိုယ့်ဖာသာကိုယ် အသုံးကျတယ် ထင်မိခဲ့တဲ့ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေပါပဲ။ တို့ ဘာမှ မသိ တလွဲတွေ လုပ်သမျှ စိတ်ရှည်ရှည်နဲ့ ဆရာတို့နှစ်ယောက်က သင်ပေးခဲ့တာပါ။ လုပ်ဖော်ကိုင်ဖက်တွေက ပြပေးခဲ့တာပါ။ ဒီထပ်ခိုးလေးမှာ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်၊ ကျောပိုးအိတ်တလုံး နဲ့ ပြေးလွှားခဲ့တဲ့ အချိန်တွေ..။ တချိန်ချိန်မှာတော့ ဒီဆရာတွေနဲ့ စာပေအလုပ် အတူ ပြန်လုပ်ချင်မိပါတယ်။

rose of sharon said...

ကေရေ... လာလည်ပြီးစာဖတ်သွားတယ်... ဖတ်စရာအကြွေးတွေ အများကြီးကို နောက်မှ အတိုးချပြီး လာဖတ်တော့မယ်....

တော်ဝင်ထွန်း said...

စာလာဖတ်ပါတယ်။ လိင့်ချိတ်ပြီး ဖတ်နေတာပါ။ အားကျစရာတွေပါ။ အားပေးနေပါတယ်။

ချစ်ကြည်အေး said...

ကေ...ကေရေ...အတွေ့အကြုံလေးက စိတ်ဝင်စားစရာ...ရေးတတ်သူ ဆိုတော့ ပိုဖတ်လို့ကောင်းတယ်၊ရုပ်လုံး ကြွနေတာပဲ...:)

ခင်မင်းဇော် said...

အမကတော့ ဘာဖြစ်တယ်မသိ ဖတ်ရင်း မျက်ရည်ကျမိတယ်..
ခေတ်လူငယ်တွေလေ ရုန်းရင်း ကန်ရင်း အမှောင်ထဲမှာ တ၀ဲလည်လည်တွေ လဲ အများကြီး ကျန်နေသေးတယ်။