အင်းလျားဆောင် မှာ.. ပထမ ရ ခဲ့ ပြီး.. ၉ ၅ ရန်ကုန် တက္ကသိုလ် စိန်ရတု အကြို နှစ်လည် မဂ္ဂဇင်းမှာ.. ဖော်ပြ ခဲ့ တဲ့.. ၀တ္တုလေး တပုဒ်...။ ခု နေ တော့.. ပြန်ဖတ်ကြည့်ရင်..ထုံးစံ အတိုင်း..နဲနဲလေး ဖောင်းပွ နေသလို..ဘာလိုလို..ညာလိုလို နဲ့ ..။ ဘာပဲဖြစ်ဖြစ်.. အမှတ်တရ..မှတ်တမ်းတခု ပေါ့လေ...
++++++++++
သံတူကြောင်းကွဲ
မြင်နေရသော မြင်ကွင်း တွေက မကြည်လင်တော့ ..ေ၀၀ါးနေပြီ။
မျက် လုံး တွေ ကို..တအား မှိတ်ပြစ် လိုက် တော့မှ..မျက်ရည် တွေ က.. ပါးပြင်ပေါ်ကို.. ပိုးပိုးပေါက်ပေါက် နှင့် ကျလာ တော့သည်။
တကယ့် တကယ်..ဒါ..ငိုစရာမှ မဟုတ်တာ..
တခါတရံ ကျတော့..လောက ကြီးရဲ့ ဖြစ်စဉ်တွေ သည် ငိုစရာ လား.. ပျော်စရာလား..ဝေခွဲရန် ခဲယဉ်း လိုက်တာ...
ရထား ပြတင်းမှ အပြင်ဖက် ရှုခင်း တွေကို ငေးရီ ရင်း မျက်စိထဲမှာ တော့..ဘူတာရုံ မှာ ရပ်ကျန်ခဲ့သော အဖေ နဲ့ အမေရဲ့ သဏ္ဌန် တွေသာ ထင်ဟပ် နေသည်။
ပြုံးပြုံးကြီး နှင့် မျက်ရည်တွေ ၀ဲနေသော အဖေ့ နံဘေးမှာ အမေ ကတော့..ဘုရား တရား မမေ့ ဖို့သာ တတွတ်တွတ် နဲ့ မှာလို့ မဆုံးနိုင်.....
သြော်..လူတွေ ဆိုတာ..တချိန်ချိန် မှာတော့.. တနည်းနည်း နဲ့ မလွဲ မသွေ ခွဲခွါ ကြရ မှာပဲ...ခုဟာက ခဏ တဖြုတ် ခွဲ ရတာပဲ..ပြီးတော့..သူကိုယ်တိုင် လည်း မရောက်ရောက် အောင် လှမ်းခဲ့တဲ့ ခရီးပဲလေ... ဂုဏ်ယူ စရာတောင် ကောင်းသေးတယ်...
မေဦး တယောက် ကိုယ့်အတွေး နဲ့ ကိုယ် ဖြောင်းဖြ လိုက်.. နှစ်သိမ့် လိုက် နဲ့ တယောက်ထဲ အလုပ်ရှုပ်နေ သည်။
ဒါပေမဲ့..စိတ်ထဲမှာ တမျိုး ကြီး... တခုခု ကို စိုးရွံ့ နေသလိုလို....
တကယ်တော့..မေဦး လို နယ်ကျောင်းသူလေး တယောက် အဖို့ ..ရန်ကုန် တက္ကသိုလ် မှာ တက်ရမယ် ဆိုတာ..တကယ့်ကို အတွေ့ အကြုံ သစ်ကြီး တခု..။ ဒါတောင်.. မေဦးက ပြည်ကောလိပ်မှာ (၂) နှစ် တက်ခဲ့ ပြီးသား။ ဒါပေမဲ့..နယ် နဲ့ ရန်ကုန် ဘယ်လိုမှ မတူနိုင်...။ နောက်ပြီး..အဟုတ်တကယ်.. မေဦး..ရန်ကုန်ကို တခါ မှ..မရောက်ဖူးဘူး...။ အဲဒါကြောင့် လဲ...မရောက် -ရောက်အောင် ကြိုးစားခဲ့တာ ပေါ့...။ ခုတော့..ရန်ကုန် တက္ကသိုလ်မှာ တက်ရမဲ့..ဂုဏ်ထူးတန်း ကျောင်းသူကြီး ဖြစ်ပြီ။
ပြည်မှာတုန်း ကတော့..အဆောင် ထမင်းဟင်း စားမကောင်း တိုင်း..အိမ်ကို လွမ်းတိုင်း..ခဏခဏ အိမ်ပြန်ဖြစ်သည်။ ဝေးလည်း ဝေးမှ..မဝေးပဲ...။ တုပြိုင် ပလွှားခြင်း တို့..ဂုဏ်ပကာသန တို့ ..ဆိုတာ.. တကယ့်ကို ရှာမှရှား...။ တကယ့် ကို ပျော်ဖို့ ကောင်း ၍ လွတ်လပ် ခဲ့ သော အချိန် တွေ... သတိရ လိုက်တာ.. ။ ဟန်ဆောင် ကြွားဝါမူ ထူပြောလှ တယ် ဆိုတဲ့ ရန်ကုန်မြို့ ကြီး ကို ..သူ ဘယ်လို ရင်ဆိုင် ရပါ့...။ လူတွေ ကလည်း.. အမြင်ကပ် စရာ ကောင်းမှာ ပင်....
အို.... ဘာမှ မသိရ..မကြုံရ သေးတဲ့..အရာ တွေကို ဒီလောက်ကြီး ကြိုတင် ပြီး အကြောင်းမဲ့ ပူပင် နေဖို့ မကောင်း ပါဘူးလေ... ကိုယ်က ပညာ သင် ရအောင် သွားတာပဲ.....
သူတို့က ဘာသား နဲ့ ထူးပြီး ထု ထားတာ မို့ လဲ.. လူလူခြင်း အတူတူပဲ..ငါလဲ..တနေ့ ကျရင်.. ဒီလို မြို့ ကြီး ပြကြီး မှာ..အဆင့်အတန်း ရှိရှိ..နေနိုင် ရမှာ ပေါ့......
ဟုတ်တယ်.. ကြိုးစားရင်..ဘာမဆို ဖြစ် နိုင် တာပဲ... ငါကြိုးစားမယ် .. မဟာ သိပ္ဗံ ရအောင် လုပ်မယ်...ပြီးရင် တက္ကသိုလ် က ဆရာမပဲ ဖြစ်ဖြစ် တခြား ဌါန တခုခု မှာပဲ ဖြစ်ဖြစ်... အို....ဘာပဲ ဖြစ်ဖြစ်.....
မခြောက် တခြောက် မျက်ရည် စတွေ စွန်းထင်း နေ တဲ့..မျက်နှာ ပေါ်မှာ အပြုံးရိပ် တို့ တစွန်းတစ ဖုံးလွှမ်း လာ သည်။ စိတ်ဓါတ် တွေ သည်လည်း လျင်မြန်စွာ ဆူဝေ တက်ကြွ လို့ လာသည်။
ရထား ပြတင်းမှ လှမ်းမျှော်ကြည့်ရင်း... သူ့ရင် ထဲမှာ ရည်မှန်းချက် တွေ သည်..တရိပ်ရိပ် မြင့်တက် လာသော မွန်းတည့် နေ နှင့် အပြိုင် တောက်ပ လင်းလက် နေ ကြသည်။ စိုးရွံ့ အားငယ်မူ တွေ သည် တရိပ်ရိပ် ကျန် ခဲ့သော လယ်ကွင်းပြင် ကြီး တွေ နဲ့ အတူ.. လွင့်ပါး ပျောက်ကွယ် ကုန်ပြီ ထင့်...။ မပီ ၀ိုးဝါး အနာဂါတ် ရုပ်ပုံလွှာ များ သည် ..သူ့ အတွေး သဏ္ဌန် တွင် အသွင် အမျိုးမျိုး နှင့် လွင့်ပျံ နေ ကြ ပြီလေ.....
သူ့ မြို့လေး ကတော့..အတိတ် ဆီ မှာ...
အနာဂါတ် တခု ဆီ ကို..သူ သွား နေ လေ ပြီ......
+++++++++
အင်းလျားဆောင်
အားပါး.....လှ လိုက်တာ...
လှတာ ထက် ခန့် ညားတာ....
ဒီအဆောင်ကြီးမှာ သူ နေရ မယ် တဲ့...ပျော်လိုက် တာနော်... ပြည်မှာ တုန်းက နေခဲ့တဲ့ အဆောင် နဲ့ များ ကွာချင်တိုင်း ကွာ သည်။
အင်း.... အဆောင်ကြီး က ..ခန့်ညား သလောက်..ဘာတွေများ အထူး အဆန်း တွေ့ ရမလဲ...
ပျော်ရွှင်မူ တ၀က် ၊ စိုးရွံ့ မူ တ၀က် နှင့် မမနွယ် လက်ကို တအား ဆုပ်ကိုင် ထား မိသည်။ မမနွယ် က၊ တမြို့ တည်းနေ လူရည်လည် ပြီးသား နောက်ဆုံး နှစ် ကျောင်းသူ ကြီး....။ သူ ပါ လို့သာ... နောက်မို့ ဆို.. တယောက်တည်း ၊ ဒီ သေတ္တာ တွေ..အထုပ်အပိုး တွေ နှင့် ယောင်ချာချာ ဖြစ် နေမှာ...
အဆောင် တာဝန်ကျ ဆရာမ ဆီမှာ၊ နာမည် စာရင်း ၀င်ပေးသည်။
အခန်း (--)၊ အပေါ်ထပ်မှာ...။
သေတ္တာကို ထမ်းသွား နှင့် သော အလုပ်သမား ကြီး နောက်မှ တက်လိုက် လာရင်း ၊ (--) ဆိုသော စာလုံးမဲလေး ကပ်ထားတဲ့ အခန်းရှေ့ မှာ ရပ်လိုက် ကြသည်။ မကျဉ်း မကျယ် နေချင်စရာ နှစ်ယောက် ခန်းလေး ကို ကြည့်ရင်း၊ ပျော်နေ လိုက်တာ... လိုက်ပို့ သော မမနွယ် ကိုပင် ကျေးဇူးတင် စကား မဆိုဖြစ်...။ မမနွယ် တယောက် နှုတ်ဆက် ကာ ထွက်သွား တော့ မှ၊ ပစ္စည်းတွေ နေရာချ ရန် စတင် ရသည်။
ပထမဆုံး..ခြင်းထဲက၊ ပုဇွန် ခြောက်ကြော် ပုလင်း တွေ၊ လက်ဖက် ဆီစိမ် ပုလင်း တွေ ကို ထုတ်ကာ၊ ဗီရိုပေါ် တင် သည်။ တော်သေးရဲ့.... ဆီ တွေ ဘာတွေ မဖိတ် လို့.... ပလတ်စတစ် စားပွဲ ခင်း ကို စားပွဲ ပေါ် ဖြန့်ခင်း လိုက်ရင်း၊ ကျောက်ပျဉ် ထားဖို့ နေရာ ရွေး မိသည်။ အိပ်ရာ ကို တော့... ညကျမှ ခင်းမယ်...ဟိုဖက် ခုတင်က၊ ဘယ်နေ့ မှ.. အဆောင် ၀င်မလဲ မသိ... သြော်..ဘုရား ပုံ တွေ ရှိ သေး တယ်...အဓိက ဟာ ကို မေ့ နေတယ်။ အတော်ပဲ.... ဒီ ခေါင်းရင်း က၊ သံမှာ ချိတ် မယ်... သောက်တော်ရေ ခွက် ကလေး တွေ ကတော့၊ အောက်မှာပဲ ထားမှ... အမေ သေချာ မှာ လိုက် တယ်.. ဘုရား တရား မမေ့ နဲ့ တဲ့.... ခုချိန် ဆိုရင်၊ အဖေ တို့ အမေတို့ မောင်လေး တို့ တွေ ဘာတွေ များ လုပ်နေကြ မလဲ မသိဘူး... ငါ သိတတ်ရမယ်... စာကြိုး စား ရမယ်.... အမေတို့ အမေ တို့ က ရှိလွန်းလို့ ငါ့ကို ကျောင်း ထားတာ မဟုတ်ဘူး.. ငါ တက်ချင် လွန်း လို့... မရှိ- ရှိတာလေး နဲ့ ခြစ်ခြုပ် ပြီး ထားရတာ...ဟုတ်တယ်...
ပြောသာ ပြောသည်..။ မူလတန်း ကျောင်းအုပ် အဖေ နဲ့ အဖေ့ကျောင်းက.. မူလတန်းပြ ဆရာမ အမေရဲ့ သမီးအကြီးဆုံး တယောက် အနေနဲ့.. ငယ်ငယ်တုန်း ကတော့... အဖေ့ ကျောင်းမှာ နေရတာ... အင်မတန် ပျော်ခဲ့ သည်။ ဆရာ- ဆရာမ သားသမီး ဖြစ်ရ တာ ကိုပဲ..ဂုဏ်ယူ လို့ မဆုံး နိုင်... အတန်း တွေ ကြီး လာတော့... အောက်ခြေ ပညာရေး ၀န်ထမ်း မိသား တစု ရဲ့ မပြည့်စုံ မူ ဒုက္ခ တွေ ကို မေဦး တော်တော် စိတ်ပျက် လာသည်။ ဆယ်တန်း နှစ် မှာ.. အမှတ် ကောင်း ချင် လွန်း လို့.. ကျူရှင် လေး ယူဖို့ တောင်၊ အဖေ့ ကို မနဲပြောခဲ့ ရတာ ကို ၊ ခုထက်ထိ မမေ့...။ မေဦး စာအရမ်း တော်ချင် သည်။ မျှော်လင့်ချက် ကြီးမားသော မေဦး အတွက် ၊ တခုတည်း သော ထွက်ပေါက် အဖြစ်၊ စာကို၊ အတတ်နိုင် ဆုံး ကြိုးစားခဲ့ သည်။ (၈) တန်းနှစ် မှာ သိပ္ဗံတွဲ ကို သုံးဘာသာ ဂုဏ်ထူး နဲ့ အောင်ပြီး ကတည်း က၊ မေဦး တယောက် လေထဲမှာ တိုက် အိမ် ဆောက်ခဲ့ တော့ တာ ပဲ...။ တက္ကသိုလ် တက်မယ်.. အင်ဂျင်နီယာမကြီး ဖြစ် အောင် လုပ် မယ် ပေါ့...ဒါမ သူ့ဘ၀ မြင့်မား နိုင် မယ် မဟုတ်လား... မေဦး ကိုယ့်ဘ၀ ကို မကျေနပ်...။ အဖေ တို့ အမေ တို့ကိုလဲ... အပြစ် မတင်ချင်ပါ... တင်လဲ မတင်ရက်ပါ... အသေအချာ နာကျည်း မိ တာက တော့..သူ့ရဲ့ ဖြစ်တည်မူ ကံတရား ကို ပါပဲ..။
(၁၀)တန်း အောင် စာရင်းတွေ ထွက် လာ တော့.. ဂုဏ်ထူး တခု ပဲ ထွက်ခဲ့သည် မို့.. ၀မ်းမသာ မိ သလို..၀မ်း လဲ မနည်း ချင် တော့.. ဘာကို မှ လဲ နောင်တရ မနေချင်..ဘာကို မှ လဲ၊ ဆန်းစစ် စရာ မရှိ၊ ဘာပဲ ဖြစ်ဖြစ် ခိုင်မာ တဲ့ ရည်မှန်းချက် တွေ ကတော့.. ပျောက်ကွယ် မသွား...၊ ကောလိပ် မရောက် ရောက် အောင် တက်ရမည်။
အဖေ တို့ ကလည်း.. မရောက်- ရောက် အောင် ပို့ ခဲ့ ပါတယ်လေ...။ မေဦး ကို မိုက်တကယ်ပဲ ဆိုဆို.. ဒီကိစ္စ အတွက်၊ အဖေ နဲ့ အမေ ခေါင်းချင်း ရိုက် ပြီး စိတ်ဆင်းရဲ နေ တာ ကို၊ မသိချင် ယောင် ဆောင် နေ ခဲ့ သည်။ ဆွေမျိုး တွေ ရဲ့၊ မသိတတ် လိုက် တာ ဆိုတဲ့ ကဲ့ရဲ့ သံ ကို လည်း မကြားယောင် ပြု နိုင် ခဲ့သည်။ မေဦး ကောလိပ် တက် ကို တက်ရမှ ဖြစ်မည်... သူ့ ဘ၀ ကို မြင့်မား အောင် လုပ်ရမည်။
အစဉ် အဆက် ထိန်းသိမ်း လာ တဲ့ အမေ့ရဲ့ မင်္ဂလာဦး ပစ္စည်း ပွတ်လုံး လက်ကောက် ကြီး (၃)ရံကို ရောင်းလိုက် ရတဲ့ နေ့က၊ ကျခဲ့တဲ့ အမေ့ မျက်ရည် တွေ လေ... အမေရယ်... အဲဒီ မျက်ရည် တွေ အတွက်... သမီး အမေ တို့ ကို တခုခု ပေးဆပ် နိုင် အောင် ကြိုးစားမှာပါ... ခုတော့.. အဲဒီ ရောင်းရ ငွေ တွေ နဲ့ အဖေ တယောက် ရွာမှာ တိုးရင်းပွားလေးချ..ပဲလေး နှမ်းလေး လှောင် လိုက်..ကျောင်းတက်လိုက် နဲ့ မေဦး ..ဒီနေရာထိ တောင် ရောက်ခဲ့ ပြီလေ...
ရုတ်တရက်..သူ့ အတွေးတွေ ပြတ်တောက်သွား သည်။
ဆူဆူညံညံ အသံ တွေ နဲ့ အတူ ခြေသံ တချို့ ၊ အခန်း ရှေ့မှာ ရပ်တန့်သွား ပါလား....
“ အိုး...ချော အခန်းဖော် ရောက်ပြီ..အန်တီ...”
ချိုလွင် စူးရှ သော အသံ နှင့် အတူ တပြိုင်နက် မြင် လိုက် ရသော၊ ကောင်မလေး ကြောင့် ၊ မေဦး ရင်ထဲ ထိတ်ကနဲ ဖြစ်သွား သည်။ ဒုက္ခပါပဲ... ဒီပုံစံ က..သူ့ အခန်း ဖော်....။ မရဲ တရဲ နဲ့....
“ ဟို.....သူ က..ဒီ အခန်း(--) ပဲ လား...”
“ ဟုတ်တယ်လေ... ချောက စောသေး လို့ မ၀င် တာ... တယောက် တည်း မနေရဲဘူး...ယူ့ နာမည် က ဘယ်သူ လဲဟင်... ဘာမေဂျာ လဲ...”
အမလေး..မေးခွန်း တွေ ကလဲ...
“ တို့ နာမည် က မေဦးနွယ်...first year Physics honors ပါ..”
“ ဟယ်... အန်တီရေ... ကြည့်စမ်း..ချော နဲ့ အတူတူပဲ.. နာမည် ချင်း လဲ ဆင်တူ... သြော.. တို့ နာမည်က..ချောအိနွယ်... ၀မ်းသာ လိုက်တာ..အရမ်းပဲ...”
“ ကဲ.. သမီး...စကား နောက်မှ အေးဆေး ပြော..ပစ္စည်းတွေ ထားဖို့ လုပ်.. အန်တီက အောက်မှာ ကားကြီး တန်းလန်း နဲ့...”
“ အို..ထားခဲ့ ..အန်တီ...ရပြီလေ.. ကျန်တာ..ချောတာဝန်..”
“ ဒါဆို..အန်တီ ပြန် မယ်နော်.. လိုတာ ရှိ ရင်..ဖုံးဆက်လိုက်...”
“ အိုခေ.. သန့်ခ်ယူ အန်တီ.....ဘိုင့်...”
ငှက်ငယ်မလေး တကောင် လို မြူးတူး ဖျတ်လပ် နေတဲ့ ချောအိနွယ် ဆို တဲ့ ရုပ်ချောချော ကောင်မလေး ကို မေဦး တယောက် အထူးအဆန်း သတ္တ၀ါ တကောင် လို ကြည့် နေမိ သည်။
ကျောလယ် လောက် ရှိ တဲ့ ဖြောင့်စင်း ပျော့ အိ နေတဲ့..ဆံပင် ဖားဖား လေး ကို လက်နဲ့ သပ်တင် ရင်း...ခပ်ဆန်းဆန်း ခလုတ်တွေ နဲ့၊ သားရေ သေတ္တာကြီး နှစ်လုံး ကို ဖွင့်ကာ..ခင်းကျင်း ပြင်ဆင် နေသည်။ သူမ ၀တ်ဆင် ထားတဲ့၊ ဇာပန်းလေး တွေ ကပ်ထား တဲ့ အ၀ါရောင် အကျီ င်္ ဖားဖားလေး သည်၊ အဖိုးတန် မှန်း.. မပြောပဲ နှင့် သိနိုင် သည်။
အို... ခြေ ထောက် မှာလဲ.. ခြူ နဲ့ ပါလား...
ရွှေကြိုး ပျော့ပျော့လေး နဲ့ ဆွဲ ထားတဲ့ ရွှေခြူလေး သည် ချော ဆို သော ကောင်မလေး ၏ ခြေကျင်းဝတ် ဖြူဖြူလေး တွင် ပနံရစွာ အသံ ပေး နေလေသည်။ မွေ့ရာ ထူထူ ကြီး ပေါ်မှာ ပန်းနုရောင် အိပ်ရာဖုံး အကောင်းစားကြီး ကို အသေအချာ ဖြန့်ခင်း နေတဲ့.. သူ့ အခန်းဖော် ကို ကြည့်ရင်း၊ မေဦး တယောက်.. အကြီးအကျယ်၊ စိတ် တွေ ကျဉ်းကျပ် လာသည်။ ခင်းကျင်းလက်စ ကိုယ့် ပစ္စည်း တွေကို မ၀ံ့မရဲ ကြည့်လိုက် ရင်း...ပထမ ဆုံး အကြိမ်၊ စိတ်ပျက်စွာ၊ သက်ပျင်း ချ လိုက် မိသည်။
ဒီပုံစံ ဟာ..နယ်ကျောင်းသူ တယောက် တော့ ဖြစ်နိုင် မည် မထင်...
တကယ်လည်း..နယ်ကျောင်းသူ တယောက် မဟုတ်တဲ့..ချောအိနွယ် ဆိုတဲ့ သူ့ရဲ့ အခန်းဖော် ရန်ကုန်သူ ကောင်မလေး ရဲ့ အကြောင်းကို..မေဦး တယောက် နောက် တော့..သိခဲ့ ရသည်။
(ကျန်တပိုင်းကို..ဆက်ဖော်ပြပါမည်.. )
◦
6 Comments:
မိုက်တယ်ကွာ၊ မအယ် အဆောင်ဝင်တာ သွားသတိရတယ်။ ပြည်နားက မြို့ဆိုတော့ ဘယ်မြို့ပါလိမ့်။
မအယ်
ငယ်လက်ရာလေးကလဲ ငယ်တုန်းကအလျောက် ဖတ်လို့ကောင်းတာပဲ မကေရဲ့
ကေရေ… အဆောင်သွားသွားလည်ရင်း ချောအိနွယ်လို သူငယ်ချင်းတွေနေတဲ့ အခန်းရောက်ဖူးတယ်… တကယ့်ကို ဟော်တယ်အသေးစားလေးလို့  ပစ္စည်းအစုံအလင်နဲ့ လေ… မေဦးနွယ်နဲ့ ချောအိနွယ် ဘယ်လိုများ သံတူကြောင်းကွဲမလဲ စိတ်ဝင်တစား စောင့်မျှော်နေပါတယ်ကေရေ…
မေဦးရေ....အပေါ်ယံကြည့်ပြီး အားမငယ်ပါနဲ့ဟယ်...စိတ်ဓါတ်လေးဖြူစင်ပြီး ပေါင်းလို့ ရမလား စောင့်ကြည့်ပါအုံးနော်....(အားငယ်နေတဲ့ မေဦးလေးကို အာပေးတာ)
မကေရေ...တို့လဲ သံတူကြောင်းကွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝတ္ထုလေး တပုဒ် အကြမ်း ချရေးထားတယ်...ခေါင်းစဉ်လေးတူနေတာ....အံ့ဩစရာလေး။ ဇာတ်လမ်းကတော့ မတူဘူး..ဘယ်တော့တင်ဖြစ်မလဲ မသိပါဘူး
အဆက် စောင့်ဖတ်နေမယ် မကေရေ.....:D
အပြီးတင်တာ မဟုတ်ဘူး ဖတ်ရတာ ဆန့်တငံ့ငံ့...
ရုံးကနေ လာဖတ်ရတာ။
ဒီတခါတော့ လုပ်ကြံတာပဲ။
ရေးပြီးသားကို တန်းလန်းထားတယ်။
Post a Comment