သူမ၏လရောင်


ခရီးတိုတခုရယ်..ရှည်လျားများပြားသော လုပ်စရာ တခုရယ်ကြောင့်..စာတွေ သိပ်မရေးဖြစ်တုန်း..အဒေါ်ကိုလဲ ပြောထားတဲ့..ငယ်မူလက်ရာတခု ပေးဖတ်ချင်ပါတယ်။ ၉၄ ခု ၀န်းကျင်က..ရေးခဲ့တယ်လို့ထင်ပါတယ်။ ရက်စွဲ မတပ်ခဲ့မိတာလည်း..ပေါ့ရော့မသေချာ တဲ့ အားနည်းချက် တခုပါပဲ။ အဲဒီအချိန်တုန်းက..အဲဒီလိုမျိုး တပုဒ် ရေးခဲ့တာတော့..မှတ်မိတယ်။ ဟိုတလောကမှ..ပထမဆုံးများ ရှာပုံတော်ဖွင့်ရင်း..လွှင့်မပြစ်ခဲ့မိတဲ့..စာရွက်အဟောင်း လေးတွေထဲက..ပြန်တွေ့လိုက်တာပါ။ ပန်းချီလေးကို လည်း..ကိုအောင်သာငယ် ဆီမှာ မြင်ကတည်းက.. အတော်..နှစ်သက်လှသမို့.. ဒီစာလေးနဲ့လည်း လိုက်ဖက်လှသမို့.. ဒီစာ တင်ဖြစ်ရင်တော့..တောင်းပြီး သုံးဦးမယ်လို့.. တွေးထားတာ။ ပုံအတွက်..ကျေးဇူးပါပဲ- ကိုအောင်သာငယ်။

++++++++


သူမ၏လရောင်

ပန်းချီ - ည..လ နဲ့ပြတင်း


လပြည့်ညတည၏ သဏ္ဌန်သည်..ထိုလရောင်ကြောင့်ပင်.. ၀င်းပစွာ ထင်ရှားလွန်းနေသည်။

အုန်းပင်များနှင့် ထိစပ်လျက်ရှိသော..အနောက်ဖက် ကောင်းကင်မှ..ခပ်ဝါးဝါး တိမ်ခိုး တိမ်ငွေ့တို့ကို..သတိပြုနိုင်ဖို့ပင်..ခဲယဉ်းလွန်း လှပေသည်။

လရောင်သည် စိတ်ကူးယဉ်ချင်စရာ ကောင်းလွန်းလှပါလား...

ဒီပြတင်းပေါက်၌ သူမ ရပ်နေခဲ့သည်မှာ.. အဘယ်မျှ ကြာပြီနည်း...

အိမ်ခေါင်မိုးများကြားမှ..လမင်းကြီး ဖြည်းညှင်းစွာ ထွက်ပြူစ အချိန်မှသည်..တလောကလုံး..အိပ်မောကျနေသော.. ယခု..သန်းခေါင်ယံ အချိန်ထိ..သူမ ..ဒီနေရာမှာ..ရပ်နေခဲ့သည်ပဲ..

သူမက..လရောင်ကို နှစ်လို လှသည်လေ..
လရောင်သည်သာ..သူမအတွက်..တခုတည်းသော..နှစ်သိမ့် ဖြေဖြောက်စရာ..ပျော်ရွှင် ကျေနပ်ဖွယ်ရာ..ပြီးတော့..၀မ်းနည်းကြေကွဲဖွယ်ရာ..

ထို့ကြောင့်ပင်..လသာရက်များသည်..သူမအတွက်..တာဝန်အကျေဆုံး နေ့များ ဖြစ်လျက်ရှိပေသည်။

++++++

သူမက..စိတ်ကူးယဉ်လွန်း သည်တဲ့...
သူမ ၏ အဒေါ်က..ဤသို့သာ ရှုမြင်လေသည်။ သူမ၏ ဖခင်ကတော့..ညနေ၀ိုင်းဖွဲ့နေကျ အပေါင်းအသင်းတွေ ကြားမှာ .. ` ငါ့သမီးကို ကြည့်ရတာ..သနားစရာထက်..ပျင်းဖို့ ကောင်းလွန်းသကွာ...´ ဟု - အဆက်အစပ် မရှိ ပြောတတ်၏။

ဘယ်လို မှတ်ချက်မျိုးကိုပဲ ဖြစ်ဖြစ်.. သူမသည်..တိတ်ဆိတ်စွာ..လက်ခံခဲ့သည်သာ...။ တိတ်ဆိတ်ခြင်းသည်..သူမ၏ ဘာသာစကား တခု ဖြစ်ခဲ့သည်မှာ..အတော် ကြာပြီ မဟုတ်လား..။

သူမ ခေါင်းပေါ် တဲ့တဲ့ တွင် ရောက်နေသော ..ရွှန်းမြလွန်းသော လရောင်ကို..ပျောက်ကွယ်သွားတော့မည့် အလား..တရှိုက်မက်မက်..ခံစားနေမိသည်။ ထိုခဏတွင်ပင်.. မိုးငွေ့ စွတ်သော..လေတသုတ်သည်.. ပြတင်းပေါက်မှ တဆင့်..သူမ၏ မျက်နှာကို..ဆံနွယ်တို့ဖြင့်..ပွတ်သပ် ရစ်ပတ်သွားစေသည်။ မထိန်းနိုင် မသိမ်းနိုင်...ချေဆတ်လိုက်သော..သူမ၏ နှာချေသံသည်.. တိတ်ဆိတ်လွန်းသော..ပတ်ဝန်းကျင်ကို..အတန်ငယ်..ရိုက်ခတ်သွားလေသလား...

ခပ်လှမ်းလှမ်းရှိ.. သူမ၏ အဒေါ်ထံမှ..ထွက်ပေါ်လာသော..မပီမသ..အိပ်ချင်မူးတူး မေးခွန်းကို..တိတ်ဆိတ်စွာပင်..တုံ့ပြန်လိုက်သည်။ သူမ၏ ဖခင်ထံမှ...တခါတရံ ကြားနေရသော..ဟောက်သံ တချို့တလေမှ တပါး..ပတ်ဝန်းကျင် တခုလုံး..ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ထို့အတူ.. လရောင်သည်လဲ.. သာမြဲသာဆဲပင်...။

သူမသည်..လ၏ တိကျ ၀ိုင်းစက်လှသော အနားသတ် မျဉ်းတလျှောက်ကို..နှစ်သက် အံ့သြစွာ..ငေးစိုက် ကြည့်နေရင်းမှ.. လစက်ဝန်းဖြင့်..သေသပ်စွာ..ဘောင်ခတ်ထားသော..မပီဝိုးဝါး မဲညို့ညို့ ပုံသဏ္ဌန်တို့သည်..သူမ၏ အမြင်၌..ထင်ရှားလာသလိုလို..မှုန်ဝါးသွားသလိုလို..

သူမငယ်စဉ်ကတော့..ထိုပုံရိပ်များသည်..ဆန်ဖွပ်သော အဖိုးအို နှင့်..ယုန်ကလေး တကောင် ဖြစ်သည်ဟု..တကယ်ပင်..မှတ်ယူခဲ့မိသည်။

လသာညများ၌.. သူမ၏ မိခင်သည်..ထိုပုံပြင်ကိုသာ..ထပ်ကာတလဲလဲ အမျိုးမျိုး ဖွဲ့နွဲ့ပြောဆို တတ်သည်လေ..။ သူမတို့ မောင်နှမကလဲ.. အကြိမ်တိုင်းမှာ..မရိုးနိုင်ပဲ..နှစ်သက် စွဲမြဲစွာ..နားထောင်ခဲ့သည်သာ..။ ထိုစဉ်က..သူမ၏ မိခင်သည် ရှည်လျား နက်မှောင်သော ဆံပင်..ဖြူဝင်းသော အသားအရေ တို့ဖြင့်..တင့်တယ်လှသော..မိန်းမရွယ်တယောက် ဖြစ်ခဲ့သည်။ ဤမြို့ငယ်လေး၌တော့..အရာရှိငယ် တယောက်ဖြစ်သော..သူမ၏ ဖခင် နှင့် ရုပ်ရည် ချောမောသော..မိခင်တို့သည်..အတော်အသင့် လူသိများခဲ့ကြလေသည်။

သူမ နောက်ဆုံးမြင်တွေ့ခဲ့ရသော..မိခင်သည်..ရှည်လား နက်မှောင်သော..ဆံပင်များက..ပြေလျော့ ရှုပ်ထွေးကာ..သွေးများဖြင့် ကျပ်ခဲလျက်..ဖြူဝင်းသော မျက်နှာ၌ မြင်မကောင်းလောက်အောင်.. သွေးများ စွန်းထင်းလျက်..။ သွေးများဖြင့် လူးလျက်ရှိသော မောင်ငယ်လေးအား..ထွေးပိုက်လျက်..။ သွေးများသည်သာ.. နေရာတိုင်းမှာ..ဖုံးလွှမ်းလျက်.. ပြီးတော့..သွေးတွေ.. ။ ပြီးတော့လည်း..သွေးများသာ။

ထိုစဉ်က.. နောက်ဆုံးအကြိမ် အဖြစ်..သူမ၏ နှုတ်ခမ်းမှ.. မည်သည့်စကားလုံး တွေများ..ထွက်ပေါ် ခဲ့သေးသည်လဲ..

အိုး---- သူမ..အသံတိတ် ငိုညည်း လိုက် မိတော့သည်။

ရင်ထဲ၌ အဆမတန်..လေးလံ မွန်းကျပ်လာကာ.. ဦးခေါင်း အထက်ပိုင်း တခုလုံး..တင်းကျပ် ကိုက်ခဲလာသည်။

သူမ- ငိုပင် မငိုတတ်တော့ဘူးလား.. ငိုစရာ မျက်ရည်များ နည်းပါးသွားသည်လား..။
ဆောက်တည်ရာ မရလွန်းစွာ.. ပြတင်းပေါက် ဘောင်ကို.. တင်းကျပ်စွာ ဆုပ်ကိုင်လျက်..လကို..နစ်နစ်စူးစူး.. ရူသွပ်စွာ မော့ကြည့်လိုက်မိသည်။ လရောင်သည်..အေးမြမူ နှင့် နွေးထွေးမူကို..တပြိုင်ထဲ..ပေးစွမ်းနိုင်သည်လား..။ သေချာတာကတော့.. ပို၍ အေးလာသော..လေ၏အတွေ့သည်.. အနည်းငယ်တော့..ပေါ့ပါး လန်းဆန်းသွားစေသည်။

ဒီအဖြစ်အပျက်တွေကို..သူမ မတွေးချင်ပါ..။
အတွေးအာရုံ.. အမြင်အာရုံ..အကြားအာရုံ တို့မှ..ခါးသီး စက်ဆုပ်စွာ..အပြီတိုင်း မောင်းထုတ် ဖယ်ရှား ပြစ်လိုက်ချင်ပါသည်။

သို့ပေမဲ့..လရောင်သည်..သူမအား..အရာရာကို သတိရ နေစေပြန်သည်။

ခပ်သွက်သွက် ပြေးဆော့သွားသော..လေအဝှေ့တွင်..လရောင်ဖြာနေသော..သစ်ရွက်တချို့၏ တိုးညှင်းသော အချင်းချင်း ပွတ်တိုက်သံ တို့သည်..အတန်ငယ် ခြောက်ခြားစရာ ကောင်းနေသည်။ လရောင်၏ အောက်၌.. ပကတိ အကာအကွယ်မဲ့နေသော..အိမ်ခေါင်မိုး များကို..သူမသည်..အဓိပ္ပါယ်မဲ့စွာ..ငေးစိုက် ရေတွက် ကြည့်နေမိပြန်သည်။
ဒီ အိမ်ခေါင်မိုးတွေ အောက်မှာပင်.. လူတို့သည်..ကံတရား အမျိုးမျိုး နှင့်..ခိုနားရပ်တည် နေကြသည်ကို..လေးနက်စွာ..နားလည်မိ လာသည်။ ထိုအထဲမှာမှ...ကံကြမ္မာ ဆိုသည်မှာ..ကံတရား၏ ကွဲပြားခြားနားသော..ပုံသဏ္ဌန် တမျိုးဖြစ်မှန်းကိုလဲ..သိခဲ့ဖူးလေပြီ။

ထိုကံကြမ္မာ နှင့်..သူမ- နဖူးတွေ..ဒူးတွေ့..စတင် တွေ့ဆုံ ရင်ဆိုင်ခဲ့ရသော..အချိန်ကာလများမှသည်.. ယနေ့အထိ..သူမသည်..ကံတရားကို..တွင်တွင်ကြီးသာ..ယုံကြည်လျက်..အညံ့ခံ အရှုံးပေးခဲ့လေပြီ...။

မိခင် နှင့် မောင်ငယ်လေး..ကားမှောက် သေဆုံးရခြင်းမှာ..ကံဆိုးလွန်းလို့တဲ့.. သူမတို့ မိသားစု ကံကြမ္မာငင်သည်တဲ့...။ ပြီးတော့..သူမ- သေကံ မရောက် ခဲ့ပေမဲ့... အတိတ်ကံ ကြောင့်တဲ့..။

များပြားလွန်းသော..ကံသတ်မှတ်ချက် များအောက်၌.. သူမ- ရုန်းမထွက်နိုင်အောင်..ရှိခဲ့သည်။ ဒါကြောင့်လဲ.. လေထဲမှာ လွင့်ပါးနေတဲ့..လဲပွင့်လေး တပွင့်လိုပင်.. သူမ၏ ဘ၀တခုလုံးကို.. ကံတရား၏ စီမံရာ အတိုင်း..အလိုက်သင့် စုန်မျှော၍ သာ..နေခဲ့တော့သည်။ နောက်ဆုံး..လမင်းကြီးသည်ပင်.. ကံတရားက..စီမံထားသော..သူမ၏ တခုတည်းသော..နှစ်သိမ့် ဖြေဖျောက်စရာ..ဖြစ်နေနိုင်သည်လေ...။

ပခုံးပေါ်မှ ကျော်၍..ရင်ခွင်ပေါ်၌ ဝေ့၀ဲကာ...လရောင်တို့ဖြင့်..နက်မှောင် ရွှန်းစိုနေသော..ဆံနွယ် ထွေးထွေး တို့သည်ပင်..ကံတရားက..သူမအား..တပ်ဆင်ပေးခဲ့သည်လား..။ ပြင်ပ နေရောင်၏ ထိတွေ့မူတို့..နည်းလွန်းမက..နည်းလွန်းလှသော..သူမ၏ အသားအရေ တို့သည်.. လရောင် အောက်တွင်..စကားပန်းလေး တပွင့်လိုပင်..ဆွတ်ဆွတ်ဖြူ လျက် ရှိတော့သည်။

ငယ်တုန်းကဆိုလျှင်..မိခင်က.. သူမ၏ ဆံနွယ်တို့ကို..ရှင်းလင်း ဖီးသင်ပေးတိုင်း..ကျေနပ်ဂုဏ်ယူ မြဲဖြစ်သည်။
` ကံတရားက ပေးတဲ့ လက်ဆောင်ဟာ..သမီးအတွက်..တချိန်ချိန်မှာ..ကြည်နူးသာယာမူတွေကို..ဖန်တီးနိုင်မှာပါ..´ တဲ့။ အဲဒီတုန်းကတော့..သူမ - တကယ့်ကို နားမလည်နိုင်ခဲ့ပေ..။ အခုတော့ရော..မိန်းမပျိုတယောက်ရဲ့.. တင့်တယ် လှပမူသည်..သူမအတွက်.. ဘယ်လိုနည်းနှင့်.. အဓိပ္ပါယ် ရှိနေသေးသနည်း..။

မကြာ မကြာဆိုသလိုတော့.. သူမ၏ အဒေါ်သည်.အညိုရောင် သံသေတ္တာကြီး ထဲမှ.. လုံခြည်တချို့ကို..ထုတ်၍ သူမအား ၀တ်ဆင်စေသည်။ တကယ်တော့..အဲဒီ အညိုရောင် သံသေတ္တာကြီးသည်..သူမမိခင်၏ သေတ္တာကြီး ဖြစ်၍.. အဒေါ် မိထွေးဘ၀ သို့ ပြောင်းလဲသည့် နေ့မှစ၍.. သူမတို့ သားအဖ၏ ၀ဋ်ဒုက္ခ
တို့နှင့်အတူ..ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်လေသည်။ အခုတော့..သူမ အဒေါ်၏ ငြီးငြူသံ တို့သည်လဲ..တေးတပုဒ်ထက်ပင်..ယဉ်ပါးလာစေခဲ့ပြီ။

သူမ၏ ဖခင် အပ်သော..သာမာန် အရာရှိ တယောက်၏ မလောက်ငှသော လစာသည်.. သူမ အဒေါ်အတွက်တော့..စိတ်ပျက်ဖွယ်..ရှုပ်ထွေးသော..ဈေးစာရင်း စာရွက် တရွက် ကိုသာ ဖြစ်စေခဲ့သည်။

စိတ်ညစ်လို့ အရက်သောက်သည်တဲ့...။ အရက်ကို..နှစ်ခြိုက်စွာ သောက်လေ့ ရှိသော ဖခင်၏ အကြောင်းပြချက် တို့သည်..အိမ်အပြန် ခြေလှမ်းများ နှင့်အတူ..သူမတို့တူဝရီး အတွက်..စိတ်တိုတောင်း ညစ်ညူးဖွယ်ရာ ညနေများသာ။ သို့ပေမဲ့.. ဖခင်၏ တွေဝေ လေးနက်သော မှုံမှိုင်းမှိုင်း အကြည့်တွေကိုတော့..သူမ ရင်မဆိုင်ချင်ပါ။ ဖခင်အတွက်.. သူမသည်..၀န်ထုပ် ၀န်ပိုးကြီး တခုလား.. ဒါမှမဟုတ်.. ဆိုးဝါးသော အတိတ်၏ အကြွင်းအကျန် အမှတ်တရ တခုလား..။ သေချာတာကတော့..ထိုလူသား သုံးဦး ပေါင်းစပ် တည်နေပုံသည်.. အံမ၀င် ဂွင်မကျသော..ရုပ်ပုံမပေါ်လွင်သည့်..အရုပ်ဆက်ကားချပ် တခုသာ ဖြစ်လေတော့သည်။

သက်ပြင်းချသံသည်..တိတ်ဆိတ်လွန်းသော..ပတ်ဝန်းကျင်၌.. အသံလှိုင်းတခုအဖြစ်..သိသိသာသာ ..

ထိုအခိုက်မှာပင်..ညို့ကနဲဖြစ်သွားသော..ပတ်ဝန်းကျင်ကြောင့်..သူမ-လကို စိုးရိမ်ကြီးစွာ..မော့ကြည့်လိုက်မိသည်။
တိမ်တချို့..လပေါ်မှ..လျင်လျင်မြန်မြန်..ဖြတ်သန်းသွားနေသည်ကို..မြင်ရသည်။ ဒီလပြည့်ညက.. တိမ်မစင်ပါလား။ ထို့နောက်မှာတော့.. လသည်..ပို၍ပင်..သန့်စင် ၀င်းပသွားသလို.. ။
သို့ပေမဲ့.. အတော်အတန် မြင့်သွားပြီ ဖြစ်သော..လရောင်သည်..ပြတင်းပေါက်ဘောင် ကို မေးတင်ကာ..သူမ-ကိုယ်ပေါ်၌.. တ၀က်တပျက်သာ..ကျန်ရှိနေတော့၏။ ယနေ့ညလေး အတွက်..ဆုတ်ခွါတော့မည့် လရောင်ကို.. သူမ နှမြောနေမိသည်။ သန်းခေါင်ကျော်လ၏ နှုတ်ဆက်အလင်းသည်.. ပိုလို့သာ ၀င်းပနေတော့သည်။ မီးခိုးဖျော့ရောင်..တိမ်သားတချို့ ၏ ချောင်းမြောင်းမူ ကိုလည်း..စိုးရိမ်နေမိပြန်သည်။ ဖြစ်နိုင်လျှင်.. ညလေးကို..ကုန်ဆုံးမသွားစေချင်ပါ။ သို့ပေမဲ့..လသည်..အပြန်ခရီးကို စတင်ရန်.. အနောက်ဖက် ကောင်းကင်ဆီသို့..ဦးတည်နေပေါ့..။

လူတို့သည်..သူမ ကဲ့သို့ပင်..လရောင်ကို နှစ်သက်ခုံမင်စွာ..စောင့်မျှော်ခံစား တက်ကြပေမဲ့.. သူမလိုတော့..လ၏ အပြန်ခရီးကိုပါ.. စိတ်ရှည်စွာ..စောင့်ဆိုင်း နှုတ်ဆက်ရန်ကိုတော့.. မေ့လျော့စွာ..လျစ်လျူ ရှုနိုင်ကြလေသည်။

အေးမြသော..လေအဝှေ့၌..ရနံ့တခုသည်..သူမ အာရုံကို လှုပ်နှိုး သွားစေသည်။ စပယ်ပန်းတွေကို..သူမ မေ့လျော့နေ ခဲ့သည်ပဲ။ ပြတင်းပေါက်မှ ကျော်၍ အိမ်ရှေ့ ကွက်လပ်ရှိ..စပယ်ရုံ တို့ကို..ရှက်ရွံ့ အားနာစွာ..လှမ်းမျှော်ကြည့်မိသည်။

ကြည့်ပါအုံး..လရောင်အောက်မှာ..စပယ်တွေ..ဖွေးဖွေးလှုပ် နေလိုက်ကြတာ...
တကယ်တော့.. အဲဒီ စပယ်ပန်းရုံ ကလေးသည်..သူမကို စိတ်ချမ်းသာမူ ပေးစွမ်းနိုင်သော..ဤအိမ်ရှိ တခုတည်းသော..အရာသာ ဖြစ်ပေသည်။ သို့သော်လဲ..လပြည့်ညများ၌မူ..သူမသည်..စပယ်ရုံကလေးကို မေ့လျော့မြဲ..။

တချိန်ချိန် အတွက်..စပယ်ပန်း တို့၏ အရောင်သည်..လရောင်သာ ဖြစ်၍.. စပယ်ပန်း တို့၏ ရနံ့သည်လည်း..လရောင်၏ အေးမြမူမျိုးသာ ဖြစ်ကြောင်း..သူမသည်..နှစ်သက် ကြည်နူးစွာ တွေးလိုက်မိသည်။

သူမ၏ ချစ်သူသာ ရှိလျှင်.. စိတ်ကူးယဉ်လွန်းသည် ဟု..ဆိုပြန်လေ မလား.. ဒါမှမဟုတ်..သူမ၏ ခေါင်းကို အသာအယာ ပုတ်လျက်.. အရူးမလေး ဟု ပြောလေမလား..

လရောင်၏ အရိပ်တို့ဖြင့်..တ၀က်တပျက်..အုပ်မိုးလျက် ရှိသော..သူမ၏ နှုတ်ခမ်း ပါးပါးလေးတွင် အပြုံးလျော့လျော့ တခု..ဝေ့၀ဲ ငြိတွယ်လာသည်။ လ၏ ရောင်ပြန်အဟပ်တွင်.. လင်းလက်စွာ.. တောက်ပသွားသော..မျက်ဆံ နက်နက်ကလေး များနှင့်အတူ.. သူမ၏ နှလုံးသားတို့သည်လဲ.. လျင်မြန်စွာ..နွေးထွေး..လှုပ်ရှား လာလေသည်။ ချစ်သူ အကြောင်း တွေးမိလေတိုင်း.. သာယာစွာ.. ရင်ခုန် လှိုက်မောရခြင်းသည်.. လပြည့်ညတို့၏ အစိတ်အပိုင်း တခုသာ ဖြစ်ချေသည်။

သူမသည်..လရောင်၏ မာယာကို စိတ်ချ ယုံကြည်လျက်သာ..ချစ်သူအကြောင်းကို..တွေးနေမိတော့သည်။ တကယ်ဆိုလျှင်.. လရောင်သည်..နှလုံးသား ရှိသော..လူသားတိုင်းအား..စိတ်ကူးယဉ် စေတတက်သည်ကို.. ချစ်သူ- နားလည် ပေးသင့်ပါသည်။ ဘာပဲဖြစ်ဖြစ်.. ချစ်သူသည်..သူမအား..အရာရာ..ခွင့်လွှတ် အလိုလိုက် မည်သာပင်..။

ပီပြင်စွာ မကြားလိုက်ရ သော်လည်း.. သူမ၏ နှုတ်ခမ်းများ ကတော့.. ` မောင်´ ဟု အသေအချာ..ပွင့်အာသွားခဲ့သည်။

`မောင်´ လို့ခေါ်သည်ကို.. ချစ်သူက..နှစ်သက် ပါမည်လား..။ ဒါကိုလည်း..သူမ ပူပန်မိသေးသည်။ မောင့်ကို သူမ..အရမ်းချစ်သည်လေ.. ။မောင်- မနှစ်သက်သော အရာဆိုလျှင်.. အတွေးတခု အဖြစ်နဲ့တောင်..ရှိမနေချင်ပါ...။

အခုလို..လရောင် ရွှန်းမြ အောက်တွင်..မောင်နဲ့ အတူသာ ရှိနေလျှင်.. မောင်က..သူမရဲ့ ဆံနွယ် အိအိလေးတွေကို..ရစ်ပတ် ဆော့ကစားရင်း.. သူမရဲ့ နဖူးပြင်ကို..ခပ်ဖွဖွ နမ်းမှာပေါ့...။ ဒါမှမဟုတ်...သူမရဲ့ လက်ကလေးတွေကို..မလွတ်တမ်း ဆုပ်ကိုင်ထားရင်း.. လမင်းကြီးကို နှစ်ယောက်အတူ.. ကြည့်နေမိကြမည်လား...။
ဘယ်လိုပဲဖြစ်ဖြစ်.. သူမသည်.. မောင်နှင့်အတူ.. ရှိနေလျှင်.. ပျော်မည်သာ..။ မောင် နှင့်အတူ သူမ နေချင်လှပေပြီ။ ဒါဆိုလျှင်.. ငြီးငွေ့စရာကောင်းလှတဲ့.. ဒီ အိမ်ကလေးကနေ.. အပြီးတိုင်..ခွဲခွါ သွားနိုင် တော့မည်။ သူမ၏ စိတ်ပျက်စရာ ဘ၀ကြီးကိုလဲ.. တနည်းတဖုံ..ပြောင်းလဲ ပြစ်နိုင်ပြီ။

မောင် နဲ့ သူမရဲ့ အိမ်လေး မှာလည်း..လပြည့်ညတိုင်း..လရောင်ကို ခံစားနိုင်ဖို့.. အခုလို..ပြတင်းပေါက်လေး တပေါက်တော့..အသေအချာ..ရှိရမည်ပေါ့..။ ပြီးတော့.. လရောင်နဲ့ တူတဲ့..စပယ်ပန်းကလေး တွေရှိဖို့.. စပယ်ရုံလေး တရုံလည်း..စိုက်ရမည်။ ပြတင်းပေါက်ကလေးမှာ..အတူထိုင်ရင်း..စပယ်ရနံ့တွေကို..ရှုရှိုက်ကာ..လရောင်ကို ခံစားကြမည်။

တခါတလေ.. လရဲ့ ညို့မှိုင်းမှိုင်း..အရိပ်သဏ္ဌန်တွေက.. အဖိုးအို နဲ့ယုန်ကလေး အဖြစ်..သူမကို..လွမ်းဆွတ် နာကျင် စေရင်ကော....

မောင့်ရင်ခွင်ကျယ်ကြီးထဲမှာ.. မျက်နှာအပ်ပြီး.. ၀မ်းနည်းစွာ ငိုကြွေးပြစ်လိုက်မှာပေါ့..။ မောင်ကလဲ.. မျက်ရည်တွေကို..တယုတယ သုတ်ပေးရင်း..သူမရဲ့.. အတိတ်ဆိုးတွေကို..စနစ်တကျ.. သိမ်းဆည်းပေးမှာပင်... အနာဂါတ်ကိုသာ..ဦးဆောင် လမ်းပြပေးမှာပင်...။ မောင့်ရင်ခွင်သည်သာ..သူမအတွက်..အလုံခြုံဆုံး နေရာတခု ဖြစ်တော့သည်။

နောင်ဆိုလျှင်.. လရောင်ဖြာကျနေတဲ့..ပြတင်းပေါက်ကလေးမှာ..ထိုင်နေတဲ့..သူမတို့ နှစ်ယောက်ကြားမှာ..သား နဲ့သမီးပါ..ရှိလာကြအုံးမည်.. အဲဒီ အချိန်ကျရင်.. သားတို့သမီးတို့က.. ဆန်ဖွပ်တဲ့ အဖိုးအို နဲ့ယုန်ကလေး အကြောင်းကို နှစ်သက်ကြပါဦးတော့မလား...မောင်ကရော.. လ၏ အပြန်ခရီးကို..နှုတ်ဆက်ဖို့..သူမနဲ့အတူ..စိတ်ရှည် စောင့်ဆိုင်း နိုင်ပါတော့မလား....။

ရုတ်တရက်ပင်..အေးစက်သော..အထိအတွေ့များ..ကျရောက်လာသည်။

သူမ သတိထားမိချိန်မှာတော့..ကောင်းကင် တခုလုံး..တိမ်ညို တိမ်မဲတို့ဖြင့်..ပိန်းပိတ်အောင် မှောင်နေတော့သည်။ သူမသည်..ခြောက်အိမ်မက်မှ..လွန်မြောက်လာသူ တယောက်လို.. မောပန်း ထိတ်လန့်နေသည်။

လရောင်တွေ..ဘယ်ဆီကို ရောက်သွားပြီလဲ... သူမ၏ လရောင်...သူမ၏ အေးမြ၀င်းပသော..လရောင်း..ကြည်နူးသာယာဖွယ်..လရောင်...

အနောက်ဖက် ကောင်းကင်ယံ မှ ပျေက်ကွယ်သွားသော..လ၏ လျင်မြန်မူကိုသာ..မချင့်မရဲ နှင့်..နှမြေ သတ နေမိတော့သည်။ လရောင်ကို..သူမ..အေးချမ်းငြိမ်သက်စွာ..နှုတ်မဆက်ရတော့ပြီ။ သူမ၏ အတွေးအာရုံ တို့သည်ရော.. လရောင်ကပင်..ယူငင် သယ်ဆောင် သွားပြီလား.. မိုးရေစက်တွေ အောက်မှာပင်.. နစ်မြုတ် ပျေက်ကွယ်သွားပြီလား..။

သူမ၏ မျက်နှာပေါ် သို့..ပက်ဖျန်းနေသော..မိုးရေစက်တို့၏ အထိအတွေ့သည်..ပိုလို့တောင်..အရှိန်ပြင်းလာသည်။ မကြာသေးခင်ကပင်.. သူမနဲ့အတူ..လရောင်အောက်မှာ..ငြိမ်သက် အေးချမ်း နေခဲ့တဲ့..ပတ်ဝန်းကျင်သည်..အခုတော့..မိုးရေတွေထဲ မှာ..ကြောက်လန့်တကြား..ယိမ်းထိုးလှုပ်ရှား နေကြပြန် ပြီ..။ လေပြင်းတချက် ၏ မြည်ဟီး အဝှေ့တွင်.. မိုးသံတို့သည်.. ပို၍ပင်..ဆူညံ..ရွာသွန်းလာတော့သည်။

လမ်းထိပ် ကင်းတဲ မှ ခေါက်လိုက်သော..သံချောင်းသံ လေးချက် နှင့်အတူ.. သူမအဒေါ်၏ မြည်တွန်သံ သည်..မိုးသံတွေ အောက်မှာ..ခပ်သဲ့သဲ့။ ယနေ့ည အတွက်..သူမ- အိပ်စရာမှ မလိုတော့ပြီပဲ...။ မကြာခင်မှာပင်.. နေ့သစ်တခု ရောက်ရှိ လာတော့မည်။

ဒီပြတင်းပေါက် ကလေးကိုလည်း..ပိတ်စရာ မလိုပါ။ မိုးရေ တို့ဖြင့်..စိုရွှဲနေသော..အဖြစ်က.. သူမသည်..သူမ၏ နေရာမှန်မှာသာ..ရှိနေကြောင်း..သေချာစေသည်..မဟုတ်လား..။

မနက်ဖြန်..ပြီးတော့..မနက်ဖြန် ရဲ့ မနက်ဖြန်များအတွက်..သူမသည်..ဒီအိမ်ကလေး မှာပင်..စကားသံ တို့ တိတ်ဆိတ်စွာ...ပျော်ရွှင်ခြင်းတို့.. ဆိတ်သုဉ်းစွာ ဖြင့်..ခံစားချက်တွေ..ကင်းမဲ့နေရ အုံးမည်ပဲ..အထီးကျန်နေရ အုံးမည်ပဲ..။

သူမသည်..အတားအဆီးမဲ့စွာ.. ၀င်ရောက်လာသော..မိုးရေစက် တို့ကို..လျစ်လျူ ရှူကာ..ပြတင်း တံခါးများကို..ပို၍ပင်..တွန်းဖွင့် ပြစ်လိုက်သည်။ ဒီပြတင်းပေါက် ကလေးသာ.. သူ၏ တခုတည်းသော..ထွက်ပေါက် ကလေးတခုပါ။

ခါးသက်ဖွယ် အတိတ်ဆိုးများ နှင့်..ကိုယ်တပိုင်းသေကာ..ဆွံ့အ နေသော..မိန်းမငယ် တယောက်၏ ဘ၀ကို...ချိုမြိန်စွာ..အဓိပ္ပါယ် ရှိစေမည့်..သူမ၏ ချစ်သူသည်..ဒီပြတင်းပေါက်ကလေး မှသာလျှင်..လရောင်နှင့် အတူ.. ရောက်လာနိုင်တာပါ..။

ယခု အချိန်မှာတော့..လရောင်၏ အကြွင်းအကျန် ဟူ၍ ..ဘာဆိုဘာမျှ..မကျန်တော့သော..ကောင်းကင်ကြီးကို..ငေးမောနေသော..သူမ၏ မျက်နှာပြင်၌.. အေးစက်သော..မိုးရေစက်များ နှင့်အတူ..ပူနွေးသော..စီးဆင်းမူများသာ....။

ဘာပဲဖြစ်ဖြစ်..သူမသည်..လရောင်ကို..ဆက်လက်..မျှော်လင့်..နေရဦးမည်သာ..။





Share/Bookmark

15 Comments:

pandora said...

ပန်းချီနဲ့စာ လိုက်ဖက်တယ်။ မကေက ဒီလိုတော့လည်း နူးနူးညံ့ညံ့လေးတွေ ရေးသားပဲ။လရောင်ကို အတူခံစားသွားပါတယ်။

ဆောင်းယွန်းလ said...

မကေရေ.ဒီဝတ္ထုတိုလေးကိုဖတ်ရတာရင်ထဲမကောင်း
လိုက်တာဗျာ..တကယ်ပါ..ရင်ထဲမှာဆို့နင့်နေအောင်ခံစား
ရင်းဖတ်သွားပါတယ်..
စိတ်ကူးယဉ်ဘဲဖြစ်ဖြစ်.ဖြစ်ရပ်မှန်ဘဲဖြစ်ဖြစ်.တကယ်ကို
ကြေကွဲစရာပါ..
ဘဝတွေရဲ့မမြင်နိုင်တဲ့ဖန်တီးမှုအောက်မှာ.ကျနော်တို့အားလုံးဟာဆန္ဒဆိုတဲ့မှုန်ပြပြလရောင်ကို
ကောက်ရင်းလမ်းလျှောက်နေကြရတာမဟုတ်လား...
ခင်မင်လျက်....

Cho Wunna said...

ကေ အရေးကောင်းလို့ တို့လဲ ပြူတင်းပေါက်နား လရောင်ငေးမိရက်သားဖြစ်သွားတယ်။

Anonymous said...

အရေးအသားအရမ်းကောင်းတယ် မကေသွယ်..
အားကျတယ်ဗျာ..း)

ATN said...

ကံကြမ္မာ စိတ်ကူးပေါက်သမျှ...
မွှေနှောက်ခံရ...
ည တည...
လ တစင်း...
ပြတင်းပေါက် တပေါက်...
ကိုယ်တပိုင်းသေ ဆွံ့အသူ တယောက်...
အမိုးငယ် တခုအောက်မှာ...

ဒါ... အိပ်မက်ဆိုး... ပါပဲ...

မေငြိမ်း said...

လရောင်ရဲ့ ဖမ်းစားမှုကို မခံရတဲ့သူ ဘယ်လိုလူရှိမှာပါလိမ့်..။ ကေရေးပြတဲ့ လရိပ်အောက်မှာ အချစ်ဆိုတဲ့ ခံစားမှုကိုပါ အရယူသွားပါတယ်..။ လှတယ်။

သက်ဝေ said...

လေးနက် လှပ အဓိပ္ပါယ် အပြည့်အ၀နဲ့ 
ခံစား စီးမျော ပါဝင်...။
*** ပြီးတော့ ဂျူးရေးခဲ့တဲ့ မြရဲ့ လ ကို ခဏတော့ သတိရသွားသေးတယ်။

MANORHARY said...

လရောင်ဆိုတာလူကိုညှို့ငင်တတ်တဲ့အရာပဲ.
ဒါကြောင့်ထင်တယ်..ဒေါ်ကေတစ်ယောက်
နူးညံ့လှပတဲ့စကားလုံးတွေနဲ့ ဖွဲ့သီထားတာ
ကောင်းတယ်...စာရော...ပန်းချီရော...

Anonymous said...

သူမ က အရမ်းကဗျာဆန်ပြီး နုညံ့နေတယ် တီကေ့ ရဲ့ အရေးဖွဲ့တွေမှ လရောင်နဲ့ သူမက လိုက်ဖက်တင့်တယ်စွာနဲ့ ( ကျနော်လည်း အဲ့လိုလေး ရေးတက်ချင်တယ် )

တန်ခူး said...

ဖတ်ရင်း လွင့်မျောသွားတယ်…
ဖတ်ရင်း ကြေကွဲသွားတယ်…
ဖတ်ရင်း မွန်းကြပ်သွားတယ်…
အဲဒီ ကံတရား အကြောင်း ဟိုတလောက ဂျူးလုံးချင်းအသစ် ဖတ်တုန်းကတခါ ခုတခါ ထပ်ထပ်တွေးဖြစ်သွားတယ်
ကေရေ… ငယ်မူလက်ရာလေးက ညက်နေတာပဲနော်.. ပါရမီပါပဲ… စာရွက်ဟောင်းလေးပြန်တွေ့ တာ ကျေးဇူးတင်စရာ… နို့ မို့  စာကောင်းလေး တပုဒ် မဖတ်ရပဲ လွတ်သွားမှာ…
(ကေ့ဆီိကို ရုံးက ၀င်မရဘူးဖြစ်နေတာ… ဘာကြောင့်မှန်းမသိဘူး…)

mirror said...

ဖတ်ပီး ရင်မှာဆို့လိုက်တာ..နင့်သည်းနေတာပဲ..
ပန်းချီလဲ ဆွဲတက်ချင်လိုက်တာ အစ်မလို
စာလဲရေးတတ်ချင်လိုက်တာ

လေးစားခင်မင်စွာဖြင့်

Anonymous said...

အမကေ ဒီလိုမျိုးစာတွေကို အမကေရဲ့ စာအဟောင်းတွေထဲမှာ အမြဲဖတ်ရတတ်တယ်နော်။ သနားစရာ ဇာတ်လမ်းလေးတွေကို စိတ်ဝင်စားစရာကောင်းအောင် သိမ်မွေ့နူးညံ့မှုအပြည့်နဲ့ ဖန်တီးနိုင်စွမ်းတယ်ဗျာ

Sonata Cantata said...

လရောင်ကို ခံစားတတ်သူတွေဟာ စိတ်ကူးယဉ်ဆန်တဲ့သူတွေဆိုရင်... လက်တွေ့ဆန်တဲ့သူတွေက
လရောင်ကို ကြောက်တယ်...ကေ

Anonymous said...

ပန်ဒိုရာပြောမှ- မကေက..ဘယ်လိုကြီးဖြစ်နေလို့ပါလိမ့်။း) တော်ပီ။ ခုကစပြီး..နူးနူးညံ့ညံ့လေးပဲ နေတော့မယ်နော်။
ဟုတ်တယ် ကိုဆောင်းယွန်းလ- ဆန္ဒ က ရှေ့ဆောင် မျှော်လင့်ချက်က လမ်းပြ.. အိမ်မက်က..လောင်စာ။ ဒါတွေ အလကားတော့ မဟုတ်လောက်ပါဘူး။
မချိုသင်း- Craton ကျေးဇူးး)
ကိုအောင်သာငယ်...ဒါ... ကဗျာလား...
မမေငြိမ်း- အချစ်ဆရာမက..လှတယ်ဆိုလို့ ၀မ်းသာပါတယ်။ သက်ဝေ- ဟုတ်မယ်နော်...အဲဒီအရွယ်က..ဟိုဖတ်..ဒီဖတ်.. ဟိုကနဲနဲ ..ဒီကနဲနဲ အိုင်ဒီယာတွေ ရလာတာဖြစ်မယ်။ မနော်- ဒေါ်ကေ လည်း..ငယ်တုန်းက..ခံစားတတ်ပါတယ်နော်။
မောင်မျိုးလေးရေ့- တီကေ လည်း ငယ်တုန်းက..ခံစားထားတာလေ..ခုတော့..မသေချာတော့ဘူး။း)
မတန်ခူး- ရေးတဲ့..ကြီးကြီး ဖတ်ပေးတဲ့..၀တ္တုဟောင်းလေးတွေလဲ ဖတ်ချင်ပါတယ်။ တင်ပါအုံး။
mirror လေး- ပန်းချီက..အမ ဆွဲတာဟုတ်ဘူးလေ။ ရေးထားတယ်လေ။ ရွာသားလေး- စာတွေကလဲ..လူတွေရဲ့ခံစားချက်ကနေ..ရောင်ပြန်ဟပ်တာဆိုတော့..အမက..ငယ်တုန်းက.. မပျော်ခဲ့လို့နေမယ်ထင်တယ်..မသိဘူး။း)
အား- မသီတာ ရဲ့မှတ်ချက်က..ပိုစားသွားပြီ။

P.Ti said...

လပြည့်ရဲ့လရောင်ကိုခံစားပြီး မကေရဲ့ လရောင်ကို ဖတ်လိုက်လိုက်တော့ ပိုပြီးခံစားလိုက်ရတယ်..