Twilight over Burma

စာအုပ် တအုပ်ဖတ်တယ်ဆိုတာ..အချိန်ပေးရတဲ့အလုပ်ပါ။ page turner မဟုတ်ပဲ သိဖို့လိုလို့..ရှာစရာရှိလို့..လေ့လာဖို့ ဆိုတဲ့ စာအုပ်မျိုးဆို ပိုလို့တောင် ခက်ခဲ အချိန်ယူရမှာပါ။ အခုနောက်ပိုင်းဆို စာအုပ်တအုပ် ပြည့်ပြည့်၀၀ ပြီးအောင် မဖတ်နိုင်တာတောင် အတော်ကြာခဲ့ပြီ..။ အဲဒါကြောင့်.. အငှါးဖတ်ပေးထားသလိုမျိုး.. အချိန်တိုအတွင်းမှာ...စာတအုပ်ကို ခြုံငြုံ မိစေတဲ့..စာအုပ်စင် ကဏ္ဍတွေ..စာအုပ် အညွှန်း ဝေဖန်ချက်တွေကို ဆို.. အင်မတန် နှစ်သက်ပါသည်။ အထူးသဖြင့်..ဖတ်ပြသူက.. အစွဲကင်းကင်းနဲ့ အသေအချာ လေ့လာသုံးသပ်ပြ နိုင်ရင်ပေါ့။

ဥပမာ- ပြည်ပ မြန်မာရေဒီယိုတွေ မှာ နားထောင်ရတဲ့..ဆရာဦးအောင်ခင် ရဲ့ စာအုပ်စင် ဆို အမြဲ ဂရုစိုက် နားထောင်မိသည်။ ရှင်းလင်းပြတ်သားတဲ့ ၀ါကျတိုတိုတွေ နဲ့ ပိုင်နိုင်တဲ့ သူ့ပြောဟန်က..နားထဲကိုသာမက.. ဦးဏှောက်ထဲ ထိ တဲ့တဲ့ ရောက်တဲ့ လေသံမျိုး.. ။ ဖတ်ရတဲ့ အထဲမှာဆိုရင်.. ဧရာဝတီက.. စာအုပ်သုံးသပ်ချက် တွေ ကို ကြိုက်သည်။ ဘယ်လိုမှ ကိုယ်တိုင် လက်လှမ်းမှီမှာ မဟုတ်တဲ့..ဖတ်ဖြစ်မှာ မဟုတ်တဲ့ စာအုပ်ကြီးတွေကို.. အနှစ်ချုပ် အမြန်နည်းနဲ့ ဗဟုသုတ ရစေတာလောက်..ဘယ်မှာ တန်ဖိုးရှိတာ ရှိတော့မလဲ။ တလောက..ဧရာဝတီမှာ ပဲ ဖတ်လိုက်ရတဲ့.. အီဒစ်မီရန်တေး ပြန်ပြောပြတဲ့.. မြန်မာတိုင်းရင်းသား တယောက်ဖြစ်တဲ့.. Pascal KhooThwe ရဲ့ the Land of Green Ghosts: A Burmese Odyssey ( သရဲစိမ်းတို့ရဲ့မြေ) ဆိုတဲ့ စာအုပ်ဆို ကိုယ်တိုင် အပြည့်အစုံ ဖတ်ချင်နေခဲ့တဲ့ စာအုပ်တအုပ် ဖြစ်သွားသည်။ အသိတယောက်ကလည်း ညွှန်းထားသေးသည် ဆိုတော့။ ခုထိတော့.. ဘယ်နေမှန်း မသိသေးပေ။

နောက်- ကိုအောင်သူငြိမ်း ဖတ်ပြနေတဲ့.. သန့်မြင့်ဦး ရဲ့ ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် ကိုလည်း..ခုတလော စိတ်ဝင်တစား စောင့်ဖတ်နေမိသည်။ အဲဒီစာအုပ်ကို.. ဆရာမ ဒေါ်ကြည်မေကောင်း ဝေဖန် ကတည်းက..စိတ်ဝင်စားနေခဲ့တာ။ နောက်ပြီး.. မြန်မာဘုရင်တွေ ရဲ့ စိတ်နေ စိတ်ထား.. တွေကို ယထျဘူတ ကျကျ သုံးသပ် ထားတာကိုလည်း.. သိချင်နေခဲ့တာ။ အိမ်မှာ ဆို.. မြန်မာ့သမိုင်းကို စိတ်ဝင်စားပြီး.. ကုန်းဘောင် စာအုပ်တွေ မှန်သမျှ မပြတ်လေ့လာတဲ့..ဖခင် နဲ့ဆို အမြဲ ငြင်းခုံ ဆွေးနွေးနေကျ မို့လည်း ပိုလို့ စိတ်ဝင်စားနေခဲ့မိတာ။

အဲဒါနဲ့ ပြည်ထောင်စုနေ့မှာ.. ဘာရယ်လို့တော့မဟုတ်.. လွန်ခဲ့တဲ့ ၈ နှစ်လောက်က.. ဖခင်ရဲ့ စာအုပ်စင် အတွက်..တကူးတက ၀ယ်သွားပေး ဖြစ်ခဲ့တဲ့.. Twilight Over Burma ဆိုတဲ့ စာအုပ်ကလေးကို ပြန်ညွှန်းချင်စိတ် ပေါက်လာတယ်။ ဖတ်ဖြစ်ခဲ့တာလည်း ကြာပီ ဆိုတော့..မရေမရာ ရေးတေးတေး အညွှန်းလေး ပဲ ဖြစ်မှာပါ။



စာအုပ်ရဲ့ အဖွင့်မှာ- လန်ဒန်မြို့ (သြစကြီးယားနိုင်ငံ ဗီယင်နာမြို့Schloss Laudon) ဆိုတဲ့ ဇိမ်ခံ ဟော်တယ်ကြီး တခုရဲ့ ဧည့်ခန်းထဲကို နောက်ဆုံးသော မျှော်လင့်ချက်တွေ.. နာကျည်းမူတွေ နဲ့ အတူ သမီးလေး ၂ယောက်ကို လက်ဆွဲပြီး ၀င်လာတဲ့.. အမျိုးသမီးငယ် တယောက် နဲ့ စထားပါတယ်။ အဲဒီ အမျိုးသမီးကတော့..တချိန်တုန်းက.. ရပ်ရွာလူထု က..ချစ်ခင်လေးစားခဲ့ကြတဲ့.. ရှမ်းမင်းသမီးတပါး ဖြစ်ခဲ့တဲ့ ..သြစကြီးယားနိုင်ငံသူ အင်ဂျီ ဖြစ်ပြီး.. သူလက်ဆွဲလာတဲ့ ကလေး ၂ယောက်ကတော့.. ကိန္ဒရာ နဲ့ အမရာ (ကိန္ဒရီ နဲ့ မာယာရီ) ဆိုတဲ့ ရှမ်း-သြစကြီးယန်း ကပြား သမီးလေး ၂ယောက်ပါ။ သူတို့ တွေ့ဖို့ ကြိုးစားခဲ့တဲ့ သူကတော့.. ဥရောပါမှာ ဇိမ်ခံ ရင်း ..ဆေးကုဖို့ ရောက်နေတဲ့..မြန်မာပြည်က..ခေါင်းဆောင်ကြီး ဦးနေ၀င်း ဖြစ်ပါသတဲ့။
( ဖခင်ဖြစ်သူ လှမ်း၍ အမှားပြင်ဆင်ပေးထားပါသည်)

အဖြစ်အပျက်တွေက.. လေး ငါး ဆယ်နှစ် ကြာနေပြီ ဖြစ်ပေမဲ့.. အင်ဂျီ မှာ..သူ့ခင်ပွန်းသည်ရဲ့ ကံကြမ္မာ ဘယ်လို အဆုံးသပ်ခဲ့ရတယ် ဆိုတာ..သိဖို့အတွက်..ဇွဲမလျော့ပဲ တောက်လျှောက် ကြိုးစားနေခဲ့တယ်။ အခုလည်း.. သတ္တိတွေ အပြည့်နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် မေးဖို့..သူ ရောက်လာခဲ့ပြန်တယ်။ ဒါပေမဲ့..အခန်းထဲက..ထွက်မလာတဲ့..တာဝန်ရှိသူကြီးက.. သူ့ဇနီး ဒေါ်ခင်မေသန်းကို လွှတ်ပြီး..စပ်ကြာဆိုင် မသေသေးပါဘူး..ကျန်းကျန်းမာမာ ရှိနေပါတယ် လို့.. အဖြေပေးလိုက်သတဲ့။

ဒီအဖြေ စကားက..အခြေအမြစ်မရှိ သလို ဘယ်ကိုမှ ဆက်သွားစရာလည်း မရှိတော့တဲ့.. ငရဲကလာတဲ့ အလိမ်အညာ လမ်းဆုံးစကားတခုသာ ဖြစ်တယ်ဆိုတာ..သူသိပေမဲ့.. အခု ထက်ထိလည်း..သူ့ခင်ပွန်း အလောင်း ကို မတွေ့ခဲ့ရ။

တကယ်တော့.. ငယ်ရွယ် ထက်မြတ်တဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ဟာ.. ၁၉၆၂ ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသားခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရတာပါ။

+++++

သူတို့ ၂ယောက်ရဲ့ ဇတ်လမ်းလေးက.. တကယ့်ကို ပုံပြင်ဆန် ပြီး ကြည်နူးဖွယ်..ကြေကွဲဖွယ်တွေ အတိနဲ့ပါ။

အချိန်က..၁၉၅၁ ခုနှစ်။ ကော်လိုရာဒို ပြည်နယ်ရဲ့ ဒန်ဗာ ဆိုတဲ့မြို့လေးက Colorado School of Mines မှာ.. ကျောင်းလာတက်ကြတဲ့..အာရှတိုက်သား မိုင်းအင်ဂျင်နီယာ ကျောင်းသားလေး နဲ့ exchange student အနေနဲ့ ခဏ ရောက်နေတဲ့ သြစကြီးယား နိုင်ငံသူလေး တို့ ချစ်ခင်စုံမက်သွားကြတဲ့.. သာမာန် အချစ်ဇတ်လမ်းလေး တခုပါပဲ။

အဲဒီတုန်းက..ကျောင်းအုပ်ကြီးကလွဲလို့.. ဒီ အင်ဂျင်နီယာ ကျောင်းသားလေးဟာ အာရှတိုက်က.. ဘုရင်ငယ်လေး တပါး ဆိုတာ ဘယ်သူမှ မသိစေအောင်..သူကိုယ်တိုင်က..သိုဝှက်ထားခဲ့တယ်တဲ့။

သူတို့ ၂ယောက် လက်ထပ်ပြီးတော့.. အင်ဂျီက..ယောင်နောက်ဆံထုံးပါ.. လိုက်လာခဲ့တယ်။ သူတို့ သဘောင်္ကြီး ရန်ကုန် ဆိပ်ကမ်းကို ကပ်ကာနီးလို့ .. အလံတွေ ပုဝါတွေ တရမ်းရမ်း..ဗုံမောင်းသံ တညံညံ နဲ့ ဆိပ်ကမ်းပြည့် ကြိုနေကြတဲ့ ရှမ်းလူမျိုးတွေကို မြင်တော့မှ.... "There is something I have to tell you, my dear." လို့ ပြောလိုက်တဲ့..ခင်ပွန်းသည်ရဲ့ စကားအဆုံးမှာ... သူမဘ၀ဟာ အရှင်လတ်လတ်ကနေပြီး.. မင်းသမီးတပါး ဖြစ်သွားခဲ့ရပြီး....တပြိုင်တည်းမှာပဲ..ရှုပ်ထွေးလာနိုင်မဲ့ သူ့ အနာဂါတ်ကိုလည်း အာရုံရမိလိုက်တယ်..လို့.. အင်ဂျီက လွမ်းဆွတ် ထားပါတယ်။






သူတို့ မောင်နှံ သီပေါ ဟော်နန်းကို ရောက်တဲ့ အချိန်ကစပြီး..အဲဒီ နယ်တခွင်မှာ ပြုပြင်ပြောင်းလဲ ရေးတွေ ဖြစ်လာတော့တယ်။ စပ်ကြာဆိုင်က..သူကိုယ်တိုင် လူဖြစ်ခဲ့တဲ့ မြေရှင်ပဒေသရာဇ် စနစ်ကြီး ကို ပြောင်းလဲဖို့ ကြိုးစားရင်း..သူ့ရဲ့ ရှမ်းအမျိုးသားတွေကို ဒီမိုကရေစီ စနစ်ဆီ လမ်းခင်းပေးခဲ့တယ်။ မြေယာတွေ ကို ပြည်သူ့ဆီ ပြန်ရောက်အောင် လုပ်ပေးခဲ့တယ်။ သူသင်ခဲ့တဲ့ ပညာတွေနဲ့..ဒီဒေသ ရဲ့ အသက်သွေးကြော..တွင်းထွက် သယံဇာတတွေ ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခဲ့တယ်။ သြစတြေလျ နိုင်ငံက..ဘူမိဗေဒ ပညာရှင်တွေ ငှားပြီး တိုင်းတာ ရှာဖွေရေး တွေကို အကောင်းဆုံးအဆင့် နဲ့လုပ်တယ်..။ နိုင်ငံခြားက..မျိုးစိတ်အသစ်တွေ ၀ယ်ယူပြီး.. စိုက်ပျိုးမွေးမြူရေးတွေကို..စက်မူ နည်းပညာတွေနဲ့ မြှင့်တင်ပေးခဲ့တယ်။ အင်ဂျီ ကိုယ်တိုင်လည်း စာသင်ကျောင်းတွေနဲ့ အမျိုးသမီးကဏ္ဍ တွေကို ကိုယ်ဖိ ရင်ဖိ ဆောင်ရွက်ခဲ့တယ်။ ဗမာလုံခြည်နဲ့ ဆံထုံးနဲ့ နေထိုင် ဆင်ယင်ခဲ့တဲ့ အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးကို အားလုံးက.. အလေးထား လေးစားခင်မင်ကြတယ်။ အဲဒီ ရပ်ရွာတွေမှာဆို.. သူတို့ မောင်နှံပုံကို ဘုရားစင်မှာတင်ပြီး ကိုးကွယ်တာမျိုးတောင် ရှိခဲ့တယ်တဲ့။





ဒါပေမဲ့.. လူကောင်းလူတော် တွေကို ၀မ်းပမ်းတသာ ကြိုဆို လက်ခံလေ့ မရှိတဲ့..ဒီမြေ..ဒီရေ..ဒီထုံး..ဒီအမုန်းတွေနဲ့ အတူ ၁၉၆၂ ခု နှစ် မတ်လ ရဲ့ နိုင်ငံရေး မုန်တိုင်း ထဲမှာပဲ..ရန်ကုန်မြို့လွှတ်တော်ညီလာခံ က အပြန် ဘယ်မှာ ပျောက်ဆုံး သွားမှန်း မသိတဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ကို ယနေ့ထက်ထိ ဘယ်သူမှ ပြန်မတွေ့ကြရတော့ပါဘူး။






အဲဒီ အချိန်မှာ လူမမယ် သမီး ၂ယောက်နဲ့ ကျန်ခဲ့တဲ့ အင်ဂျီ ကို သီပေါဟော်မှာပဲ..အစောင့်အကြပ် ထူထပ်စွာ နဲ့ အကျယ်ချုပ် ထားခဲ့တယ်။ ဘာကိုမှ မကြောက်တတ်ခဲ့တဲ့ အင်ဂျီ ကလည်း..သူ့ဆက်သွယ်နိုင်သမျှ အရာရှိ စစ်အာဏာပိုင် မှန်သမျှ ထံ လိုက်လံ စုံစမ်းခဲ့ပေမဲ့.. "I am writing this secretly. I am being locked up in the army lockup at Ba Htoo Myo at Lawksawk... Miss you all. Conditions here are not clean. Hope to see you soon. Cheer up yourself! I am still OK. Love, Sao Kya Seng." ဆိုတဲ့ လျှို့ဝှက်စွာ ရောက်လာတဲ့..စာလေးတစောင်ကလွဲလို့..ဘာသဲလွန်စ မှ မရခဲ့တော့ဘူး။

၂ နှစ်လောက်..အားမလျှော့တမ်း စုံစမ်း နေခဲ့ရင်း..နောက်ဆုံးမှာတော့..သူ့အတွက် အန္တရယ်တွေ ၀ိုင်းနေတဲ့..တစိမ်းပြင်ပြင် ဖြစ်လာတဲ့ အခြေအနေတွေကြောင့်.. သြစကြီးယားသံရုံးရဲ့ အကူအညီနဲ့ သမီးလေး ၂ ယောက်အတွက် နိုင်ငံကူးလတ်မှတ် အတု လုပ်ပြီး မြန်မာနိင်ငံထဲက..ခိုးထွက် လာခဲ့တော့တာ..ကနေ့အထိ..အခု စာအုပ်ကို ရေးသားဖြစ်တဲ့ အထိပေါ့။

ဒီစာအုပ်ကို ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ အားပေးတိုက်တွန်းမူ နဲ့ ရေးသားထုတ်ဝေခဲ့တာဖြစ်ပြီး..အလင်းရောင် ပျောက်ကွယ်ရင်း..မှောင်စပြုနေတဲ့ ဗမာပြည်ရဲ့ ဖိနှိပ်ကန့်သတ်မူတွေကို ကမ္ဘာက သိအောင်..နောက်..သူ့ခင်ပွန်းစပ်ကြာဆိုင် ရဲ့ သူ့မြေသူ့ရေ အပေါ် တာဝန်ကျေခဲ့ပုံ.. နိုင်ငံရေး အမြင်ကျယ်ခဲ့ပုံတွေ..လူသားဆန်ခဲ့ပုံတွေကို မှတ်တင်းတင် ရစ်ဖို့ပါလို့ ဆိုထားပါတယ်။



Inge Sargent at the UN Association Ceremony in 2000.


ဒီစာအုပ်ကို ၁၉၉၄ မှာ ဟာဝိုင်ယီတက္ကသိုလ် စာအုပ်တိုက်က..ပုံနှိပ်ခဲ့ပါတယ်။ စာအုပ်ရဲ့ အတွင်းအဖုံးမှာ အမေရိကန်မှာ အခြေချ နေထိုင်နေတဲ့.. စာရေးသူ -အငြိမ်းစားကျောင်းဆရာမ ကြီး အင်ဂျီရဲ့ မဟာနဖူး ဆံထုံး မြင့်မြင့်ကြီးနဲ့ ဓါတ်ပုံ ကို ကြက်သရေ ရှိစွာ မြင်ရနိုင်ပါတယ်။ Burma lifeline ဆိုတဲ့ ဖောင်ဒေးရှင်းတခုကိုလည်း အင်ဂျီ နဲ့ သူ့ဒုတိယခင်ပွန်းက မတည်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။



ပြည်ထောင်စုနေ့ အမှတ်တရပါ။ (အကြောင်းအချက် တချို့နှင့် ပုံများကို ဤနေရာမှ ရယူပါသည်။ )


Share/Bookmark

21 Comments:

Anonymous said...

မျှဝေပေးတာ ကျေးဇူးပါ အမ။ ရှာလို့ ရရင် ၀ယ်ဖတ်ကြည့်ပါအုန်းမယ် ( ကြိုးစားပမ်းစား)

လင်း

MANORHARY said...

စာအုပ်မငှားလည်းနေပေါ့
နောက်နေ့မှ Bankstown Libraryမှာသွားရှာမယ်
မရှိရင်တော့ ရှိတဲ့နေရာလာပြီးစာအုပ်ယူရတော့မှာ
ပေါ့..း)

လင်းဒီပ said...

အစ်မရေးထားတာ ဖတ်လိုက်တော့ ရှာဖတ်စရာ မလိုတော့ဘူးပေါ့.:)

hana san said...

စိတ်ဝင်စားဖို့ ကောင်းတယ် မကေ။
ကျေးဇူးတင်ပါတယ်။
ဟနက မောရှမ်း(ရှမ်းကြီး)မို့လို့ ရှမ်းတွေနဲ့ပတ်သက်တာ
အကုန် စိတ်ဝင်စားတာ။ ဒီသမိုင်းကို မသိခဲ့ဘူး။
အဲဒီ စာအုပ်ရှာ ဖတ်ဦးမယ်။

P.Ti said...

ကျေးဇူးမကေ... ဒါကိုဖတ်လိုက်တော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတာ ပါးစပ်ကအော် သီချင်းတွေဆို ဆိုင်ဘုတ်တွေတပ်ရုံနဲ့ မဖြစ်နိုင်ဘူးဆိုတာပါပဲ...

mirror said...

အဲ..အစ်မကေရေ တိုက်ဆိုင်လိုက်ပုံများ ...
ခုလေးတင်ညီမတို့တွေ ဘလောဂ့်ရေးတဲ့ မောင်လေး၊ညီမလေးတွေနဲ့တွေ့ပြီးပြန်လာတာ၊သူတို့နဲ့ပဲ
အဲ့ဒိစာအုပ်အကြောင်းသူတို့ကိုပြောပြဖြစ်သေးတယ်။
ပြန်လဲလာရော အစ်မဆီမှာ တွေ့တာပဲ..။

အစ်မကေ..မရေမရာ ရေးတေးတေးအညွှန်းသာဆိုတယ်...တယ်ကောင်း..။

အထဲမှာ ရှာမရတော့ဘူးကြားပါတယ်။။
မနော်..ညီမမှာရှိတယ်။ညီမငှားပါ့မယ်..အဟဲ :)

Anonymous said...

ကိုယောဟန်အောင်ဆီမှာ ဖတ်ခဲ့ တယ်
စိတ်ဝင်စားနေတာ..
ခု တစ်ချို့ တစ်စ ထပ် ဖတ်ရတာ ကောင်းလိုက် တာ
အဲဒီ စာ အုပ် ဘယ်နား ရနိုင်မလဲ မသိ ဘူး နော်..

Yaw Han Aung said...

စာအုပ်မိတ်ဆက်ရေးတဲ့ မိတ်ဆွေတယောက် တွေ့သွားတယ်။ အားပေးပါတယ်။ ဆက်လုပ်ပါဦး။ ကျန်တဲ့သူအတွက်လည်း ကောင်းပါတယ်။

Anonymous said...

အခုလို စာအုပ်ကောင်းတစ်အုပ်ကို မိတ်ဆက်ပေးတာ ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ ၁၀-နှစ်ကျော်လောက်က ကျွန်တော် ထိုင်းနိုင်ငံကို Stay ရှောင်စဉ်က အခန်းငယ်လေးတစ်ခုထဲမှာ “ရေဒီယိုမေဆွိ” နားထောင်းရင်း ဖတ်ခဲ့ဖူးတာပြန် သတိရမိတယ်။ အနောက်နိုင်ငံသူတစ်ဦးကို မြန်မာ့ယဉ်ကျေးမှု etiquette တွေ (အမှန်တော့ ရှမ်းယဉ်ကျေးမှုပေါ့နော်) သင်ပေးတာကို ဂုဏ်ယူမိတယ်။ တရုတ်ပြည်ကို အလည်သွားတော့ ကွန်မြူနစ်ကို သဘောမကျတဲ့ စပ်ကြာဆိုင်က “ဘာပစ္စည်းမှ မ၀ယ်ရဘူးလို့” တားတာကိုလည်း မှတ်မိပါသေးတယ်။ ပြည်ထောင်စုကို ထောက်ခံတဲ့, အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး ဆုံးရှုံးခဲ့တာကို ၀မ်းနည်းမိခဲ့တယ်။ နောက်ပြန်ဖတ်ချင်လို့ ရှာတဲ့အခါ မရတော့ပါဘူး။ မကေ… အချိန်ရလို့ ဘာသာပြန်ပြီးတင် ပေးနိုင်ရင်တော့ ပြန်ပေးစေချင်ပါတယ်။

မဆုမွန် said...

မမကေသွယ်

သူတို့လို ထင်ရှားတဲ့ ခေါင်းဆောင်တွေတောင် လူမသိ သူမသိ ပျောက်ကွယ်ခဲ့ရတယ် ဆိုရင်..ခေတ်အဆက်ဆက်....သူရဲကောင်းတွေ ဘယ်လောက်တောင် ပျောက်ခဲ့ရသလဲဆိုတာ မတွေးရဲအောင်ပဲ စိတ်တော်တော် မကောင်းဘူး။။
ပို့စ်လေးမှာ ပြည့်ပြည့်စုံစုံ ပြောပြပေးတာ ကျေးဇူးတင်ပါတယ်

ဝိမုတိံဘလော့မှာ သျှမ်းပြည်မြောက်ပိုင်း သီပေါစော်ဘွား စ၀်ကြာဆိုင်၏ ဟော်နန်းကိုလည်း စစ်အာဏာပိုင်များ က မည်သူမှမ၀င်ရ အမိန့်ဖြင့် ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများကပြောသည်လို့ ပြောထားတယ်..

Anonymous said...

တန်ဘိုးရှိတဲ့ မျှဝေပေးမှုတွက် ကျေးဇူး မကေ

Moe Cho Thinn said...

ရှာဖတ်အုံးမယ် ကေ။
စာအုပ်ညွှန်းကောင်းတဲ့လူဆိုတာ စေတနာလဲပါ၊ စိတ်ဝင်စားအောင်လဲ Highlight လုပ်တတ်၊ သိစရာ အချက်အလက်လေးတွေလဲ မျှတတ်တာမျိုးမှပါ။
အဲဒီလိုဆိုရင် စာညွှန်းဖတ်ပြီးတာနဲ့ တခါတည်း ဖတ်ချင် သွားတာမျိုးလေ။
အခု ဒီပို့စ် ဖတ်ပြီးတော့ ဖတ်ချင်လွန်းလို့ စာအုပ်ဘယ်မှာလဲ ပေး.. အခု ပေး။ :))

မီယာ said...

မကေအညွှန်းလေးဖတ်ပြီး ဖတ်ချင်စိတ် ပေါက်လာပြီ။

ဆောင်းယွန်းလ said...

အဖိုးတန်တဲ့ စာအုပ်ကောင်းတစ်အုပ်ကို ညွှန်းဖော်ပေးတဲ့
အတွက် ကျေးဇူးတင်ပါတယ် မကေရေ...

ATN said...

ဖတ်ခဲ့ဖူးတဲ့ စာအုပ်တအုပ်ပါပဲ....
ဝမ်းနည်းဖို့လည်း ကောင်းပါတယ်...
အဲလို ဘ၀မျိုးတွေ ဗမာပြည် သမိုင်းမှာ ဘယ်လောက်များခဲ့ပြီလဲ ဆိုတာ ဘယ်သူမှ သေချာ မသိနိုင်ပါဘူးလေ...

Anonymous said...

လင်း- မနော်- မချိုသင်းရေ-
တကယ်ဖတ်ချင်တာဆိုရင်တော့.. အမေဇုန်မှာပဲ ရတော့မယ်ထင်တယ်။ စင်တွေပေါ်မှာတော့..မရှိလောက်တော့ဘူး။

လင်းဒီပ- ဟုတ်တယ်လေ..အဲဒါကြောင့်..အမလဲ စာအုပ်အညွှန်း..အကျဉ်းချုပ်..သုံးသပ်ဝေဖန်ချက်တွေ ဆို တမင်လိုက်ရှာဖတ်ဖြစ်တာ။ ရေသာခိုနည်းတမျိုးပေါ့။း)

ဟန- ရှမ်းသွေးနွယ်ဆိုရင်တော့..ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ..ညီမရေ-

ပီတိ- တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးလား..အင်း.. အော်လို့တော့ကောင်းသားပဲ..

ညီမကြီးမကြေးမုံရေ- ဟုတ်ကဲ့လား..တိုက်ဆိုင်လှချည့်။ ဒါဆို ကလေးတွေနဲ့ လက်ဆင့်ကမ်း မျှဖတ်ကြပေါ့။

မမသီရိ- ဘယ်စာအုပ်ကိုပြောတာလဲမသိ- သန့်မြင့်ဦးစာအုပ်ကတော့..သစ်သေးတယ်..စင်ပေါ်မှာ ရှာရင်ရနိုင်မယ်။

ကိုယောဟန်အောင်- ခုလို အားပေးတဲ့အတွက်.. ကျေးဇူးတကယ်တင်မိပါတယ်။ ဦးအောင်သူငြိမ်းရဲ့ စာအုပ်လက်ဆောင်ကဏ္ဍကိုလည်း ဦးအောင်ခင်လို စောင့်နားထောင်ကြည့်ပါ့မယ်..ခုတော့..မျက်စိနဲ့ပဲ ဖတ်ဖြစ်တယ်။

ကိုဧရာ- ဒါဆို တူနေပြီပဲ..ကျမ ဒီစာအုပ်ကိုဝယ်တာလည်း အတိအကျပြောရင်..လွန်ခဲ့တဲ့ ၁၀ နှစ် ဘန်ကောက်မြို့လယ်ခေါင်က..Asia Bookstore မှာ Who Kill AUng San နဲ့အတူ ၀ယ်ခဲ့တာ..ဘတ်၃၀၀ လားပေးရတယ်။ ဘာသာတော့မပြန်နိုင်တော့ဘူးလေ။ နောက်..စာအုပ်ကလဲ ကျမနဲ့အတူ ရှိမနေဘူး..ခုတောင် တချို့အချက်တွေ..မသေချာလို့..ဥပမာ..ဦးနေ၀င်းနဲ့တွေ့တဲ့အခန်းက..အဖွင့်လား..အထဲတနေရာမှာလား..သိပ်မသေချာဘူး။

ညီမဆုမွန်- ပြောတာနဲ့..၀ိမုတ္တိမှာသွားရှာပြီး အောက်မှာ လင့်ပေးထားလိုက်တယ်..ကျေးဇူး..သတင်းထောက်မလေးရေ- ( တော်တယ်)း)

မလေးရေ- အမြဲသတိရနေတယ်..ခုလို မှတ်ချက်လာပေးတာ ကျေးဇူးနော်။

မချိုသင်းနဲ့မီယာ..ဖတ်ချင်- ရအောင်ရှာဖတ်း)

ကိုဆောင်း နဲ့ ကိုအောင်သာငယ်- မပျက်မကွက် မှတ်ချက်ပေးတဲ့အတွက်.. ကျေးဇူး။ ကိုအောင်သာငယ်ရေ-- ဟုတ်တယ်..လူကောင်းတွေ ပြုန်းတီး နေစေတဲ့..အခြေအနေတွေက..တကယ်တွေးကြည့်ရင်..စိုးရိမ်ရေမှတ်ကို ကျော်နေပြီ။

Yan said...

မကေသွယ်ရေ....
တိုးတိုးတိတ်တိတ်လေး လာလာဖတ်ဖြစ်နေတယ်ဗျ. :)

ခုတော့လည်း ကော်မန့်ရေးရင် ကျယ်ကျယ်လောင်လောင်ကြီးကို အော်ဖတ်သွားပြီဗျာ...

ဟော်နန်းတွေအကြောင်း ကျွန်တော်အရမ်းသိချင်နေတာ. ခုဒီစာအုပ်လေးက လမ်းစတစ်ခုဖြစ်သွားပြီ...

ဟိုးတလောတုန်းကလည်း ဗမာ့စောင်းဆိုတဲ့ ပို့စ်လေးကို သေသေချာချာ လာဖတ်သွားခဲ့သေးတယ် ဆိုတာ အခုမှ ပြောပြလိုက်တော့မယ်. :)

ကျွန်တော့်အစ်မ ပညာတွေ ဒီ့ထက် အများကြီးတတ်ပြီး တိုင်းကျိုးပြည်ပြုနိုင်ပါစေဗျာ...

Y.

Anonymous said...

အမှတ် မမှားရင် ဒီစာအုပ်ကို လက်ဖဝါးလောက် ဆိုဒ်နဲ့ သံခိပ် လုပ်ထားတဲ့ "မျှော်လေတိုင်း မှိုင်းရီ" ဆိုပြီး ဘာသာပြန် ထားတာ ၂၀၀၀ ခုနှစ်လောက်က လွတ်မြောက်နယ်မြေ တခုမှာ ဖတ်ခဲ့ရ ဖူးတယ်၊ အီးဒစ် မရန်တီးက ဒူကဘာ တို့နဲ့ တမြို့ထဲ နေသူ မြန်မာ့အရေး စိတ်ဝင်စားသူ အမေရိကန် စာရေး ဆရာမပါ။ မကေ... စာအုပ် သုံးသပ်ချက်တွေ များများ ရေးနိုင်ပါစေ ညွှန်ပြနိုင်ပါစေ ကြိုဆိုပါတယ် ဗျားးးးးးးးးးးးးးးးး

mysterysnow said...

မကေရေ
စာအုပ်လေးကို အရမ်းစိတ်ဝင်စားမိပါတယ်။
မျှဝေပေးတဲ့ အတွက်ကျေးဇူးပါနော်။

kay said...

ရန်- ကျေးဇူးအထူးတင်ပါတယ်။ စိတ်ဝင်စားနေတဲ့တခု အတွက် လမ်းစရသွားတာကိုလည်း ၀မ်းသာနေမိတယ်။ စာအုပ်ညွှန်းရ ကျိုးနပ်သွားပါတယ်။ စာဖတ်သူ မိတ်ဆွေ တယောက်အဖြစ် အလေးအနက် မှတ်မိနေပါ့မယ်။း)

ဒူကဘာ- မြန်မာပြန်ကိုတော့..ကျမမသိဘူးရှင့်။ အီရစ်မရန်တေး နဲ့ နီးစပ်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ။
ညီမ-နှင်းရေ- ကျေးဇူးနော်။ အရှေ့အလယ်ပိုင်း..အတွေ့အကြုံတွေ စောင့်ဖတ်နေပါ့မယ်။

Anonymous said...

မကေ ဒီစာပအုပ်အတွက် ကျေးဇူးပါ
အ/ရမ်းကို ကောင်းတဲ့ ဖေိာပြမှူပါ
ကျေးဇူးတင်ပါတယ်


မြတ်နိုး