ကလေးများနေ့အတွေး

(အမတယောက်ရဲ့ ခံစားချက် ပါ)
+++++

၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက် သောကြာနေ့ မနက်စောစော (၆:၃၀)နာရီအချိန်မှာ အိမ်ရှေ့ကို သမီးငယ်ရဲ့ကျောင်းကြို/ပို့ဖယ်ရီလေးရောက် လာပါပြီ။ သမီးငယ်ကို ကျောင်းကားပေါ်လိုက်ပို့ရင်း လက်ထဲမှာ cakeboy မုန့်တစ်ဘူးကိုင်လာခဲ့ပါတယ်။ မုန့်(၂၄)ခုပါတယ်၊ ကားပေါ်မှာလဲ ကလေး အယောက်(၂၀)လောက်ဆိုတော့ အတော်ပါပဲ။

“ကားဆရာရေ ခဏနော် ကလေးတွေကို မုန့်ဝေချင်လို့” လို့ပြောရင်း “သားတို့သမီးတို့ရေ၊ ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ ကလေးများနေ့ လို့လဲ ခေါ်တယ်၊ ဒါကြောင့်အထိမ်းအမှတ်အနေနဲ့ ဒေါ်လေးမုန့်ဝေမယ်၊ ဗိုလ်ချုပ် အောင်ဆန်းကိုရောသိကြလား၊ မသိရင်အိမ်ကျ အဖေအမေတွေမေး၊ ကျောင်းမှာ လဲ ဆရာမကို မေးနော်”

ကိုယ်ပြောချင်တာလေးတွေ ခပ်မြန်မြန်ပြောပြီး သူတို့ကိုမုန့်ဝေပေးတယ်။ ကလေးတွေကတော့ မုန့်ရလို့ပျော်သွားတာလဲတစ်ကြောင်း၊ သူတို့သိပ်အကျွမ်း တ၀င်မဖြစ်တဲ့ “ကလေးများနေ့”တို့ ဘာတို့ကြောင့်လားမသိ၊ စိတ်ဝင်စားတဲ့ မျက်လုံးလေးတွေနဲ့ ၀ိုင်းကြည့်နေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုသိလား ဆိုတော့ ဟုတ်မဟုတ်တော့မသိ ခေါင်းညိတ်ပြတဲ့ကလေးတချို့တော့ တွေ့လိုက် ပါသေးတယ်။ ကားဆရာကလဲ စိတ်ပါလက်ပါဆင်းလာပြီး ပြောပေးရှာတယ်။
“အားလုံးမှတ်ထား၊ ဖေဖော်ဝါရီ(၁၃)ရက်ကဗိုလ်ချုပ်အောင်ဆန်းကို မွေးတဲ့နေ့၊ ကလေးများနေ့နော်၊ ချစ်သူများနေ့(Valentine Day)နဲ့မရောနဲ့ဦး” တဲ့။
-


ကလေးတွေ ကျွက်စီကျွက်စီနဲ့ ကျောင်းကားလေးလဲ ထွက်သွားပါပြီ။ ကိုယ်လုပ်ချင်တာလေး လုပ်လိုက်ရလို့ စိတ်ထဲကျေနပ်သွားပါတယ်။ ကိုယ်တတ် နိုင်တဲ့ မျှဝေခြင်း တစ်ခုအပေါ် ကျေနပ်မှုတွေနဲ့ မနက်ခင်းလမ်းလျှောက် ဆက်ထွက်ခဲ့ပါတယ်။ လမ်းလျှောက်ရင်း အိတ်ဆောင်ရေဒီယိုလေးဆီမှ RFA အသံလွှင့်ဌာန၏ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတစ်ပိုင်းတစ်စလေး အမှတ်တရ လွှင့်ထုတ်ပေးနေသည် ကို ကြားနေရသည်။


“’ဒီတော့ အဲဒီလွတ်လပ်ရေးရတဲ့အခါမှာ ကျွန်တော်တို့ခုတင်က စီမံကိန်း အမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ်(၂၀)လောက် ကျွန်တော်တို့စကားခပ်ရိုင်းရိုင်း ပြောရရင် စကားခပ်ရိုင်းရိုင်း ပြောရတယ်ဆိုတာ စကားခပ်ရိုင်းရိုင်းပြောမှ လူတွေကမှတ်မိတယ်၊ စကားခပ်ရိုင်းရိုင်းဆိုရင် အတော့်ကိုပြဲအောင် ကြိုးစား နိုင်မှ လုပ်နိုင်မှ အဲတာ အတော့်ကိုကုန်းလုပ်နိုင်မှ ရုန်းလုပ်နိုင်မှ အနှစ် (၂၀) လောက်ရှိတဲ့ခါမှာ တော်ကာကျမယ် ကျုပ်တို့တွေအားလုံး ပြဲအောင်လုပ်မှ တန်ကာကျမယ်” တဲ့။

အော် ဗိုလ်ချုပ်၊ ဗိုလ်ချုပ်၊ သူ့ရဲ့စကားတွေထဲမှာ သူ့ရဲ့တိုင်းပြည် အပေါ်ထားတဲ့စေတနာက အတိုင်းသား ပေါ်လွင်နေတာပါပဲလား။

စိတ်ကူးကောင်းနေတုန်း ဗြုန်းဆိုရှေ့ခပ်လှမ်းလှမ်းမှာ လူ(၂)ယောက်က အပြေးအလွှား၊ ပါးစပ်ကလဲ “ရပ်လိုက်၊ ရပ်လိုက်၊ မင်းတို့ကိုဘာမှမလုပ်ဘူး” ဟု အော်လာသည်။ သူတို့ရဲ့အရှေ့မှာတော့ (၁၀)နှစ်အရွယ် ကလေးနှစ်ဦး ကြောက်လန့်တကြားပြေးရင်း ငိုလဲငို၊ မောလဲမော၊ လက်ထဲမှာလဲအထုတ်အပိုး တွေနဲ့၊ ခဏအကြာမှာပဲ လူကြီး(၂)ဦးကမှီလာပြီး သူတို့ကိုဆွဲထားလိုက်သည်။ ဘာဖြစ်လို့လဲဟု ကျွန်မလဲ စပ်စုလိုက်မိသည်။ “ပစ္စည်းတွေခိုးသွားလို့” တဲ့။ ကလေး(၂)ဦးလက်ဆွဲပြီး ရပ်ကွက်ရုံးကိုလား၊ ဘယ်ကိုလဲတော့မသိ၊ ခေါ်သွား ကြသည်။ ဘေးမှလူတစ်ဦးက “မနက်စောစော ပလတ်စတစ်ကောက်သလို၊ အမှိုက်ကောက်သလိုနဲ့ ပစ္စည်းတွေ အလစ်သုတ်တာနေမှာပေါ့” ဟုမထူးဆန်း သလိုပြောနေသည်။
“အော်”ဟုမိမိပါးစပ်မှ ထွက်လာသည်။ ဒီ“အော်”တစ်လုံးပဲထွက်နိုင်သည်။ ဘာမှ မှတ်ချက်တွေမချနိုင်၊ အခုန အသက်၀၀ရှူပြီး လန်းဆန်းနေသောစိတ်တွေ မွန်းကြပ်လာသည်။ ပညာမသင်နိုင်သော မိမိတို့တိုင်းပြည်က ကလေးငယ် အများစုအတွက် ကျွန်မတို့ဘယ်လိုများ တစ်ဖက်တစ်လမ်းက ကူညီနိုင်မလဲ။ ကျွန်မ အလွန်ကူညီချင်ပါသည်။ သို့သော်-----သို့သော် အခက်အခဲတွေက အများသားပါလား။

ရိုးသားသောစေတနာအပြည့်နှင့် လမ်းညွှန်ရှေ့ဆောင်သူများရှိခဲ့ပါလျှင် ကျွန်မတို့ အားလုံး မမောနိုင်မပန်းနိုင် နောက်ကပံ့ပိုးကြမှာ အမှန်ပါပဲ။ အားလုံးက ကိုယ့်တိုင်းပြည်ကို ချစ်ကြပါသည်။ ဗိုလ်ချုပ်ကိုတော့ မတမ်းတလိုတော့ပါ။ ဗိုလ်ချုပ် ကိုသနားလွန်းလို့ပါ။ စိတ်ထဲကတော့ အကျယ်ကြီးအော်လိုက်မိသည်။
တခုခုတော့ အကြီးအကျယ်လိုအပ်နေပြီ....
-
-
(ပုံကတော့ အီးမေးလ်ကရတဲ့ ပို့စ်ကဒ်ရဲ့ မျက်နှာခြမ်းပါ။ )


Share/Bookmark

16 Comments:

လင်းဒီပ said...

အဲဒီ တစ်ခုခုဆီ ရောက်ဖို့ဆိုတာ...အင်း
ကျွန်တော်တို့တစ်တွေ အခုချိန်ထိ
ဤ ကို ကျွဲ ဖတ်နေကြတုန်းပါပဲ...

ကိုအောင် said...

မကေရဲ့တင်ပြမှုကို ဖတ်ရူသွားပါတယ်။ ကောင်းပါတယ် အားပေးလျက်။

Moe Cho Thinn said...

မြန်မာနိုင်ငံ ကလေးများနေ့တဲ့။ တနှစ်မှာ အဲဒီတရက်တည်းလောက်ကိုပဲ လူကြီးဆိုသူတွေက ကလေးတွေအတွက် စဉ်းစားပေးကြသေးရဲ့လား လို့ ဒီပို့စ်ဖတ်ပြီး တွေးမိတယ်။

ကိုပေါ said...

တခုခုတော့ အကြီးအကျယ် လိုအပ်နေပြီ ဆိုတာထက်....

တစုံတရာသည် အကြီးအကျယ် မှားယွင်းနေပြီတကား...လို့သာ အော်လိုက်ချင်ပါတော့တယ်။

MANORHARY said...

ကလေးအတွေးနှင့်တွေးကြည့်နေမိပါသည်။
??????????????????????????????
??????????????????????????????
?????????????????????????????
?????????????????????????????

ဆောင်းယွန်းလ said...

ငြိမ်သက်စွာပဲ ဖတ်သွားပါတော့တယ် မကေရေ...

Anonymous said...

မနေ့ Feb 13 တုန်းက ကျမနဲ့ ကျမ ဆရာ တစ်ယောက် စကား နဲနဲ ပြောဖြစ်ကြတယ်..
အလုပ်နဲ့ မဆိုင်တဲ့ ဟိုအကြောင်း ဒီအကြောင်း..
ဗိုလ်ချုပ်မွေးနေ့..ကလေးများ နေ့.....
ပြီးတော့...... ...... ..... ....
....
.....
ကျမ ဆက်တိုက် မနားတမ်း ပြောချင်ရာလျှောက်ပြော ပြီးတဲ့ နောက် .....
.....
.... သူ မှတ်ချက် တစ်ခွန်း ပေးတယ်...
Position is just for services
Not for making Power (& abuses)...တဲ့..
..
ဆရာ က..နိုင်ငံ ခြားသားတစ်ဦး ပါ...
.......

Anonymous said...

နဂိုရ်ကတည်းက လေးနေပြီးသား စိတ်တွေ ပိုလေးလံသွားတယ်...
ကလေးတွေကိုယ်စား ဘယ်သူတွေများ တွေးကြပါလိမ့်...
ATN

မီယာ said...

ကလေးများနေ့ လို့ သတ်မှတ်ထားတယ်ဆိုတော့ ကလေးတွေ အတွက် ထူးထူးခြားခြား အခွင့်အရေးတွေ ပေးမယ့်နေ့လား လို့ ငယ်ငယ်က တွေးဖူးတယ် (ကလေးအတွေးပါ)

ကလူသစ် said...

ဘာပြောရမှန်းတောင်မသိတော့ဘူး :(

တန်ခူး said...

ကိုယ်တတ်နိုင်သလောက် ကူညီရင်း ထွက်ပေါက်သေးသေးလေးတွေ အရင်ဖောက်ကြည့်ကြတာ… အင်း… better than nothing ပေါ့ ကေရယ်…

Dr. Yi Yi Win said...

“အားလုံးမှတ်ထား၊ ဖေဖော်ဝါရီ(၁၃)ရက်ကဗိုလ်ချုပ်အောင်ဆန်းကို မွေးတဲ့နေ့၊ ကလေးများနေ့နော်၊ ချစ်သူများနေ့(Valentine Day)နဲ့မရောနဲ့ဦး” တဲ့။ ကားဆရာပြောလိုက်မှ ပိုရှုပ်ကုန်မလားပဲ။ ကျွန်မတော့ ထိုင်းကိုရောက်မှ ချစ်သူတွေမှာနေ့ ရှိမှန်းသိခဲ့တာ။ ဘာပဲဖြစ်ဖြစ် ဒီမှာတော့ ဖေဖေါ်ဝါရီ၁၃ အကြောင်းဘာမှာထူးထူးထွေထွေမတွေ့ ရဘူးလေ။ ကေ ခုတလော အရေးတွေကောင်းနေတယ်နော်။ လာလာဖတ်ပါ၏။

မေ့သမီး said...

အစ်မရေ လိုအပ်နေတာကတော့ ကြာခဲ့ပြီပဲနော်။

P.Ti said...

တစ်ခုမက အများကြီးလိုနေတာ အမှန်ပဲ

Kaung Kin Ko said...

ကျွန်တော်လည်း စိတ်ထဲမှာ အကျယ်ကြီး လိုက်အော်လိုက်တယ်ဗျ။

kay said...

လင်းဒီပ- ကိုအောင်- မချိုသင်း- ကိုပေါ- မနော်- ကိုဆောင်းယွန်းလ-မမသီရိ- ATN- မီယာ-ကလူသစ်- မတန်ခူး-ဆရာမရီ- မေ့သမီး- ပီတိ- ကောင်းကင်ကို-

အားလုံးပဲ..စာရေးသူ ကိုယ်စား ကျေးဇူးတင်ပါတယ်။