ငယ်ဆရာ (၂)

၇ တန်းက..အကုန်လုံး လိုလို အသင်ကောင်း ကြတဲ့ ဆရာတွေ ထဲမှာ ...အမြဲ အမှတ်ရနေ ရတဲ့ နောက် ဆရာမ တယောက်က.. ကျက်ရ မှတ်ရ ခက်တဲ့ သမိုင်းဘာသာ ကို လွယ်ကူအောင် လုပ်ပေးတဲ့ သမိုင်းဆရာမ ပါ..။

`လောင်း- နောင်- ဆင်- စဥ့်- မောင်- ဘိုး- ဘ- သာ ´ လိုမျိုး ကုန်းဘောင်မင်းဆက် မှတ်နည်း တွေ.. သက္ကရာဇ် ခုနှစ်တွေကို မှတ်မိဖို့.. အထင်ကရ ခုနှစ်တခုကို မူတည်ပြီး နုတ်- ပေါင်းသွား တဲ့ နည်း တွေကို ပြပေးတဲ့ ဆရာမ။ နောက်ပြီး.. အတန်းတွင်း ပါဝင်မူ ရှိအောင်..အိပ်လဲ မငိုက်ရအောင်.. ပြဇတ်တွေ လုပ်သေးတယ်။ `အောင်ကြီးက..မင်းတုန်းမင်း ကြီးလုပ်.. လာ.. မောင်မောင်က.. ကနောင်မင်းသားကြီးလုပ်..´ ဆိုပြီး..အတန်းထဲက..ခပ်ရဲရဲ ခပ်သွက်သွက် ကျောင်းသားတွေကို စင်ပေါ် ခေါ်ပြီး.. မျက်စိ ထဲ ဆွဲ..စိတ်ထဲ ကျန်အောင်..လုပ်ပေးတတ်သည်။ မြန်မာစာ ဆရာမ နဲ့ အပြိုင်.. ကဗျာတွေလည်း စပ်သူမို့..

.... ပထမ မြန်မာစစ်ကိုလ.. ရ န္တ ပို စာချုပ် ချုပ်လို့.. ငြိမ်းလိုက်ရပေ..စာချုပ်ပါ အချက်များက..ငါးမျိုးပါနေ.. အာသံ နဲ့ မဏိပူကိုလေ ...

ဆိုတဲ့ ကဗျာအချိုးလေးတွေ နဲ့.. သမိုင်းဘာသာ ရပ်ကို စိတ်ဝင်စားအောင်.. သင်ပေးခဲ့တဲ့ ဆရာမက တော့..ရန်ကုန်ပြန်တိုင်း လေဆိပ်မှာ ပထမ ဆုံးတွေ့ရ တတ်တဲ့..ကိုယ့်မေမေ ပေါ့။ ဖုံးခေါ်တိုင်းလည်း သူက ကဗျာတွေ ရွတ်ရွတ်ပြ ပြီး.. ကိုယ့်ကို သမ္ဗုဒေ အမြဲ ပြန်ရွတ်ပြခိုင်းတဲ့.. ၇ တန်း သမိုင်းဆရာမ ကတော့.. အနန္တဂိုဏ်းမှာ ၂ မျိုးတောင် ၀င်နေတာမို့..ကန်တော့လိုက်ပါတယ် ဆရာမရေ..။


ပန်းချီ- ချောစုလှိုင် ( ဒီကယူပါသည်)


၈ တန်း ရောက်တော့..ထုံးစံ အတိုင်း..ရမှတ်ကို ကြည့်ပြီး..သိပ္ပံ - ၀ိဇ္ဖာ လိုင်းစခွဲ တဲ့ စနစ်သစ်ရဲ့ ဒုတိယ နှစ် မို့.. အပီအပြင် ကြိုးစားကြရ ပြန်တယ်။ ဘာမှန်းလဲ သေချာ မသိပဲ..မိဘတွေ..ဆရာတွေက..သိပ္ပံ ၀င်မှ ဆိုတော့..၈ တန်းအရွယ်လေး တွေက ဘာနားလည်မှာ မို့လဲ..။ တကယ်တော့..အဲဒီ စနစ်ဟာ.. ကျောင်းသားတွေကို သွေးခွဲ ဘ၀င်မြင့် စေသလိုဖြစ်စေပြီး.. စောစောစီးစီး အသိအမြင် ကျဉ်းမြောင်းသွားစေ တဲ့ စနစ်လို့ ထင်တာပဲ။

၈ တန်းမှာ ဂျီသြော်မေထရီ သင်တဲ့ ဆရာမ ကို လည်း အမြဲ သတိရ နေမိတယ်။ သူက.. မြို့ခံ မဟုတ်ဘူး။ သိပ်မဝေးတဲ့ အနားက မြို့လေးတခု မှာ နေတာဆိုတော့..မနက်ခင်း ၈ နာရီလောက်ဆို..အဝေးပြေး လမ်းမကြီးပေါ်မှာ ထိုးဆိုက်လာတတ်တဲ့ ခရီးသည်တင် ဒတ်ဆန်ကား နောက်ခန်းလေးထဲက..ကိုင်းကိုင်း - ကိုင်းကိုင်း နဲ့ ဆင်းလာတဲ့..ဆရာမဆီက လက်ဆွဲခြင်း ပြေးသယ် ကြတဲ့ အထဲမှာ ကိုယ်လဲ ပါတာပေါ့။ ကိုင်းကိုင်းလေး ဖြစ်နေရတာက..သူက..ပိန်ပိန် အရပ် ရှည်ရှည်..။ အသားရောင်က.. ထန်းညက်ခဲကြမ်း ရောင် လိုမျိုး နဲ့..ဟိန္ဒူ အမျိုးသမီး တယောက်ပါ။ အဲဒီတုန်းကဆို ရှိလှ.. အသက် အစိတ်အောက်ပဲ ရှိအုံးမှာ။ သူ လုပ်ချင်တာ ယုံကြည်တာဆို..ကျောင်းအုပ်ဆရာကြီးလဲ မကြောက်.. ရဲရဲတင်းတင်း လုပ်တတ်တဲ့...တကယ့် တံမြက်စည်း အသစ်ကလေး ။ လမ်းလျှောက်ရင် လည်း မြောက်မြောက်..မြေက်မြောက် နဲ့။ ဆံပင် ဂုပ်ဝဲလေးကို ကလစ်ဖတ်ကြီးနဲ့ ဆွဲစုစည်းထားတဲ့ ဆံထုံး အတုလေး ဖတ်လပ် ဖတ်လပ် နဲ့ အတန်းထဲ ၀င်လာပြီ ဆို တာနဲ့..ကျောက်သင်ပုန်းမှာ.. မြေဖြူရောင်စုံ နဲ့ ထောင့် မသိသေးတဲ့တြိဂံတွေ..အနား မညီသေးတဲ့စတုဂံတွေ.. ယိုင်မျဉ်းပျောက်နေတဲ့ ရွမ်းဘတ် တွေ.. ဆွဲတော့တာပဲ။ ပြီးရင် ဘာမှ မပြောဘူး။ တတန်းလုံးကို စဉ်းစား ခိုင်းထားတယ်..။ သီအိုရမ်တွေ မကျေတဲ့ ကျောင်းသားတွေကတော့..ရင်တုန်ပန်းတုန်ပေါ့..။ ပြီးမှ တယောက်ချင်းစီ ဆီက..အမြင်နဲ့ ထောင့်တခု ဆီကို ဆွဲထုတ် ဖြေပြ တတ်တဲ့.. ဆရာမ။

နောက် အမြဲ အမှတ်ရနေမိတာက.. အဲဒီတုန်းက.. သူများတွေ စဉ်းစားကောင်းတုန်း ရှိသေး.. ပိစိ ဆိုတဲ့ တယောက်..အမြဲတမ်း ဦးအောင် ထထအော်တယ်။ ပိစိက..သချာင်္ တော်သလို..သူ့အမကလဲ သချာင်္ဆရာမ။ မရဘူး.. ကိုယ်တို့ ဆရာမက..။ ` သွား- ပိစိ နင့်ပါးစပ် ခဏပိတ်ထား..နင် အိမ်မှာ သင်ထားပြီးသား ´ ဆိုပြီး..သူငယ်ချင်းပြော ပြောတာပဲ။ အားနဲတဲ့ ကျောင်းသားတွေဖက်က. နေပြီး..ဆရာမ အဲလို အနိုင်ပိုင်း ပေး တော့ ..အတန်းသားတွေက..တဟိဟိ နဲ့သဘောကျ ကြတာ ပေါ့။ ပိစိ ကလည်း ဆရာမကို ချစ်လို့ နောက်ပြီး..အမြဲ ထထ အော်တယ်။ အဲဒီ ဆရာမ ပြောင်းသွားတော့..နှုတ်ဆက်ပွဲ မှာ မျက်ရည်တွေ ကျရင်း..သံယောဇဉ် အကြောင်းကို ပထမဆုံး နားလည်ခဲ့ရတယ်။

ဒုတိယ တခါ မျက်ရည် ကျ ရတာကတော့.. ကိုးတန်း နှစ်မှာ ပြောင်းသွားတဲ့ ကျောင်းအုပ်ဆရာကြီး ရဲ့
နှုတ်ဆက်ပွဲ။ ဆရာကြီးက.. ဒီကျောင်းကြီးမှာ လုပ်ခဲ့တာ ၇ နှစ်လောက် ရှိပြီ။ မြို့ခံ နယ်ခံ ဆရာကြီး နဲ့ သူ့တပည့်ရင်းတွေ ဖြစ်တဲ့.. တကျောင်းလုံးက..မြို့ခံ ဆရာ ဆရာမတွေက.. အပေးအယူ တွေ မျှလို့။ တမြို့လုံးက..လာကျောင်း တက်ကြ တဲ့..တခုတည်းသော အထက်တန်းကျောင်းကြီး မို့.. မြို့မိ မြိုဖ ကျောင်းသားမိဘ တွေကလည်း.. ဆရာကြီး ရဲ့ တပည့်ဟောင်းတွေချည်းပဲ။

ဆရာကြီးက..ကျောင်းကောင်စီ ရွေးပွဲ တွေလုပ်ရင်..ဆရာတွေ စိတ်ကြိုက်ဘယ်တော့မှ မရွေးခိုင်းဘူး။
အတန်းတိုင်းက..ကိုယ့်အသင်းခေါင်းဆောင်ကို ကိုယ့်မဲ နဲ့ကိုယ်ရွေးရတာ။ ပြီးရင်.. ကျောင်းကောင်စီ ၀င်ရွေးခံမဲ့ ကျောင်းသား ကြီးတွေကိုလည်း.. ဟိုး..၅ တန်း ထိ ဆင်းပြီး..မဲဆွယ် စည်းရုံးစေ တယ်။
`ဒီမိုကရေစီ ဆိုတာ.. လမ်းသွားရင်း..ကိုယ့်ထီးကောက်ကို ရမ်းသွားလို့ ရတယ်.. အေး..သူများ နှာခေါင်းတော့ မထိမိစေနဲ့.. ´ ဆိုတဲ့.. ဆရာကြီး မိန့်ခွန်းကြောင့်.. ကျောင်းသားကြီးတွေ ကြားထဲမှာ ထီးကောက် ဝေါဟာရ တခု တိုးသွားခဲ့သေးတာလဲ..သတိရနေ သေးတယ်။ နောက်ပြီး.. ထူးထူးဆန်းဆန်း..ဆရာကြီးက..မြို့ပေါ်က..နံမယ်ကြီး ပန်းချီဆရာ တယောက် ငှားပြီး.. ကျောင်းကြီး ရဲ့ ၀င်ဝင် ချင်း လှေခါးဘေးက..နံရံ မြင့်မြင့်ကြီး ပေါ်မှာ ရန်ကုန် တက္ကသိုလ် နှစ် ၅၀ မဂ္ဂဇင်း မျက်နှာဖုံးက.. ကွန်ဗိုကေးရှင်းကြီး နောက်ခံ နဲ့ စာအုပ်ပိုက်ထားတဲ့ တက္ကသိုလ်ကျောင်းသူ အပါအ၀င်..ပဲခူးဆောင်.. ၀ိဇ္ဖာခန်းမ.. စက်မူတက္ကသိုလ်..ဆေးတက္ကသိုလ် စတဲ့.. သမိုင်းဝင် အဆောက် အဦကြီးတွေ ရဲ့ပုံကို ဆီဆေး နဲ့ နံရံ အပြည့်..ဆွဲစေခဲ့တယ်။ ၁၀ တန်း ကျောင်းသားကြီးတွေရဲ့ စိတ်ကူးယဉ် အိမ်မက်တွေကို နိုးထ ရှင်သန်စေခဲ့ မယ် ထင်ရဲ့။


အစဉ်အဆက်က.. လယ်အငှါးချပြီး.. စပါးစိုက်..ပိုက်ဆံရှာခဲ့တဲ့..ကျောင်းမြေ တွေကို.. အတိုက်အခံ တွေ ကြားက.. ဘူဒိုဇာနဲ့ ထိုးပြီး.. ကျောင်းသားတွေ ကန်ဖို့ ဘောလုံးကွင်း ကောင်းကောင်းတခု လုပ်ပေးခဲ့တယ်။ သူ့ရှေ့ အဆက်ဆက် ဆရာကြီးတွေလက်ထက်ထဲက ကျောင်းပိုင်မြေမှာ အိမ်တွေဆောက် ပြီး ကောင်စီ ဥက္ကဌတွေ နေခဲ့တာကို သူ့လက်ထက်မှာ အတိုက်အခံပြန်ရအောင်လုပ်ပြီး တခြားနယ်ကလာတဲ့ ဆရာတွေနဲ့ ဒေသခံ အိမ်မရှိတဲ့ဆရာတွေ နေဖို့ ပြန်တောင်းပေးခဲ့ တယ်။ အဲဒါတွေ ကြောင့်ပဲ.. ဆရာကြီးကို သူချစ်တဲ့ ကျောင်းကြီးနဲ့..ဆရာတွေနဲ့..မိဘတွေနဲ့ ဝေးသွားအောင် သူတို့ လုပ်ခဲ့ ကြတယ်။ အဲဒီ နှုတ်ဆက်ပွဲ နေ့က..ဆရာကြီး ငိုသလို..ကိုယ်လဲ ငိုခဲ့မိတယ်။

အခုတော့.. အဲဒီဆရာကြီးက.. ညနေတိုင်း လမ်းလျှောက်ရင်း..မြို့ပြင်က..သူချစ်ခင်တွယ်တာခဲ့တဲ့ အထက်တန်းကျောင်းကြီးကို ငေးငေး ကြည့်တတ်တဲ့.. ကိုယ့်ရဲ့ ဖေဖေ ပေါ့။

အဲဒီလို နဲ့ ကိုယ် ၁၀ တန်းတက်တော့..ကျောင်းအုပ်ဆရာမ အသစ်ကြီး တယောက် ရောက်လာခဲ့တယ်။ စည်းကမ်းတချို့ အနဲငယ်ပြောင်းလိုက်ပေမဲ့.. ကိုယ့်အတွက်တော့..ဘာမှ သိပ် မထူးခြားခဲ့ပါဘူး။ ဒီ နှစ် အရေးကြီးတယ် ဆိုတာရယ်.. အစဉ်အဆက် က ရိုက်သွင်းခဲ့တဲ့..၁၀ တန်းဆိုတာ..ဘ၀ လမ်းကြောင်းကို အဆုံးအဖြတ်ပေးတယ် ဆိုတဲ့..ကြောက်စရာ လန့်စရာ အသိကြီး တခုရယ် ပဲ ကြီးစိုးနေခဲ့တယ်။

အဲဒီတုန်းက.. ၁၀ တန်းသင်တဲ့ ဆရာမတွေ အတော်များများက..တကယ့် ဘီအီးဒီ -ပညာရေး တက္ကသိုလ်ဆင်း...ကိုယ့် ဘာသာရပ် ကို ပိုင်နိုင်တဲ့ လူတွေ များတယ်။ မပိုင်တဲ့ သူတွေလဲ အနဲအကျဉ်းတော့ ရှိတာပေါ့။ အဲဒီမှာ ကိုယ့်အတွက် ဒုက္ခရောက်ခဲ့တာ..ဓါတုဗေဒ...။ ကျုရှင်တက်ရင် ကောင်းမလားလို့ စဉ်းစားတော့လဲ..တမြို့လုံးမှာ..ဓါတုဗေဒ သင်နိုင်တာ.. ၂ယောက်ထက်မပို။ ဆရာကလည်း သူတတ်နိုင်သလောက်..ကြိုးစားပမ်းစား သင်ရှာပါတယ်။ ကိုယ်ကကို ဒီဘာသာမှာ ချွတ်ယွင်းနေခဲ့လား မဆိုနိင်။ အဆိုးဆုံးက Titration ပုစ္ဆာတွေ။ နောက်ဆုံး..ကဲ စာမေးပွဲ မှာ Titration လာရင်..မဖြေဘူးဟာ.. တခြားဟာ တွေပဲ ဖိလုပ်မယ် ဆိုပြီး..ပြစ်ထားလိုက်တာ.. ဖြစ်ချင်တော့..အဲဒီ နှစ်က..ဓါတု သတ်တဲ့ နှစ် ဖြစ်နေပါလေရော။ စာအတူ ကျက်ဖက် ပြိုင်ဖက် သူငယ်ချင်း တယောက်ကတော့..နောက်နေ့တွေ လာမဖြေ တော့ ဘူး။ ကိုယ်ကတော့..ခြစ်ချ တာတို့ ဘာတို့လည်း မလုပ်ဖြစ်တော့ ပါဘူး။ သူ့လောက်တောင် သတ္တိမရှိတာလဲ ပါမှာပေါ့။ ဒါပေမဲ့..အဲဒီကတည်းက..ဓါတုဗေဒ ဆို.. တီကို ဆားတို့သလို.. ဖြစ်သွားတော့တာပဲ။

၁၀ တန်းနှစ်မှာ..ထူးထူးခြားခြား အမှတ်ရနေတဲ့..ဆရာမလေး တယောက်ရှိခဲ့သေးတယ်။ ထူးခြားဆို..သူက..ရန်ကုန်က နေ ရောက်လာ တာဝန်ကျတဲ့..ငယ်ငယ်ချောချော.. ဇီဝ ဗေဒ သင်တဲ့ ဆရာမလေးပါ။ ထုံးစံ အတိုင်း နယ်တွေမှာ ရန်ကုန်ကရောက်လာတဲ့ ဆရာ ဆရာမ အသစ်တွေ ဆို..စိတ်ဝင်စားကြတာကိုး။ အလှကြိုက်တဲ့.. ကိုယ်တို့ ရှေ့တန်းက.. မိန်းကလေး တသိုက်လည်း..ဆရာမ စီးတဲ့ ဖိနပ်ဆန်းဆန်းလေးတွေ.. ကလစ်ဖဲပြား အကောင်းစားလေး တွေကို ငေးလို့ပေါ့။ ဆရာမ ဆွဲတဲ့ ဆွဲကြိုးငွေရောင်လေးက..ဆန်းလွန်းလို့..အဲဒီ တုန်းက..ရွှေဖြူဆိုတာကလွဲလို့..ဘာမှ တောင် သိတာမဟုတ်။ ဆရာမ အားရ ပါးရ စာသင်လို့..နှုတ်ခမ်းလေး တွေပေါ်မှာ ချွေးလေးတွေ သီးနေတာက အစ.. လှတယ်ထင်ကြတာ။

ဆရာမက..ချစ်စရာကောင်းသလောက်..ကိုယ်တို့ အတွက်တော့..တကယ် ဘုရားပေးလိုက်တဲ့..ဘိုင်အို ဆရာမပါပဲ။ သင်ရိုးတွေ အကုန် အင်္ဂလိပ်လို ပြောင်းသင်တာ ၂ နှစ်ပဲ ရှိသေးတာမို့.. ဘိုင်အိုလို ဘာသာမျိုးကို ကိုင်နိုင်တဲ့သူ ရှားတဲ့ အချိန်မှာ..ဆရာမက.. M.Sc လုပ်နေတဲ့.. လတ်လတ်ဆတ်ဆတ် ခေတ်နဲ့ အဆက်မပြတ်သေးသူ။ ဖားပုံ ယုန်ပုံတွေ ကိုလည်း စနစ်တကျ..လွယ်လွယ်ကူကူ ဆွဲတတ်အောင်..သင်ပြနိုင်သူ။ စနေ တနင်္ဂနွေ ပိတ်ရက် တွေ ရန်ကုန်ပြန် တတ်ပြီး..သူပြန်လာတိုင်း.. ရန်ကုန်ကျောင်းတွေက.. မှတ်စုတွေ အထူးထုတ် တွေ သယ်လာပေးတတ်တယ်။ စာမေးပွဲ နီးတော့လည်း ..သူပဲ အပင်ပန်းခံ စပေါ့ တွေ လိုက်ပေး..အိမ်အထိ ရောက်လာ ပြောပြ ပေးတာ..။

နောက်နှစ်မှာ သူပြောင်းသွားပြီးကတည်းက.. သူကိုယ်တိုင် ရန်ကုန်ကနေ ၀ယ်ပို့လိုက်တဲ့ ကိုယ့်ကို ဆုချ လိုက်တဲ့.. အကျီ င်္လေး တထည် နဲ့အတူ..ဆရာမ နဲ့ အဆက်အသွယ်တွေ ပြတ်သွားခဲ့တာ..ဒီနေ့အထိပါ ပဲ။

ဟိုးတခေါက် မြို့လေးကို ပြန်ရောက်တော့.. တိုက်တိုက်ဆိုင် ဆိုင် သီတင်းကျွတ်လမို့.. အာစရိယပူဇော်ပွဲလေး နဲ့ တိုက်ဆိုင် ခဲ့လိုက်တယ်။ တချို့လဲ..သားတွေ သမီးတွေက..ကောင်းစားလို့..စိုစိုပြည်ပြည်။ ဒါပေမဲ့..အများစုကတော့..ဒီခေတ် ဒီ အချိန်အခါ ကြီးကို ပုံဆောင်ပြ လို့.. ပါးလျ ဖျော့တော့ လွန်းလှတယ်..။ အထူးသဖြင့်.. ပင်စင် ဆိုတာ.. သွားထုတ်ရမဲ့ ခရီးစရိတ်ထက်တောင် ပိုနဲနေတဲ့..အခြေအနေကြီးထဲမှာ.. သားထောက်သမီးခံ မတောင့်တင်း အကျိုးမပေးတဲ့..ဆရာအိုကြီးတွေကို ကြည့်ပြီး..၀မ်းနဲ ယုံက လွဲလို့..ဘာလုပ်ပေးရမှန်း လဲ မသိ..။ တကယ်ဆို.. မျိုးဆက်တခု ကို ပုံဖော် တာဝန်ယူရတဲ့... ကျောင်းဆရာ တွေဆိုတာ.. သူတို့ကိုလဲ အဆင့်မြင့်မြင့် မွမ်းမံ ပေးရမယ်.. ထိုက်ထိုက်တန်တန်ဖြစ်အောင်လဲ..လုပ်ဆောင် ပေးရမှာ..မဟုတ်ဘူးလား။ ခုတော့..သူတို့ ဘ၀ ဆည်းဆာ ချိန်တွေမှာ..တိမ်တွေတောင် မတောက်နိုင် ပါလား။

ပိန်လျီ ဖျော့တော့နေတဲ့..ဆရာတယောက်ကို နှုတ်ဆက်ရင်း..ငယ်ငယ်တုန်းက..ကျောင်း ကို လိုက်လိုက်လာတတ်တဲ့.. သား ၀တုတ်ကလေးရော ဆိုတော့.. ` သူ့အမေ ဆုံးသွားပြီးကတည်းက.. ကားနောက်လိုက် လုပ် နေတယ်တဲ့..´

ဆွေမျိုးလို ခင်နေတဲ့..အငြိမ်းစား ဆရာမတယောက်ကတော့..သူ့အိမ် နေရောင်ကာလေး မှာ..မူလတန်း ကလေးတွေကို စာပြရင်း.. လက်က..ကန်စွန်းရွက်တွေ ခြွေလို့..။
` သမီးရယ်.. ခြိုခြံချွေတာတယ်ဆိုတဲ့ စကားကို..ဆရာမ တို့မုန်းလှပါပြီ..တသက်လုံးလည်း ခြိုခြံလာရတယ်.. ဘာထပ်ပြီး ချွေတာရ အုံးမှာလဲ ...´ တဲ့။

ကျောင်းဆရာ ဆိုတာကလည်း..စာသင် ဖို့ သင်ကြားတတ်မြောက်ထား တာ ဖြစ်လေတော့.. ကျူရှင် ဆိုတာ ကြီး ကလဲ..သူတို့ရဲ့ အဆင်ပြေဆုံး..အသင့်တော်ဆုံး ဘ၀ ဖြေရှင်းနည်း တခု ဖြစ်နေရတော့တာပေါ့။ ကျူရှင်တွေနဲ့ပဲ..ကျောင်းဆရာတွေက..အသက်ရှူရ.. အဲဒီ အဖိုးအခ တွေနဲ့ပဲ.. သူတို့ သားသမီးတွေကို နောက် ကျောင်းဆရာ တယောက်ဆီမှာ ကျူရှင်ပြန်ထား... မုန့်လုံး မှာလည်း စက္ကူတွေ ပွလို့.. ကျူရှင်တွေ မှာလည်း.. ဘ၀တွေ ကပ် လို့။

ကျူရှင်တောင် မပြနိုင်တဲ့.. ကျောင်းဆရာ-ဆရာမ အိုကြီး တွေ အတွက်တော့..

မူလတန်းတုန်းက တို့ဆရာမ..ပင်စင်ယူပြီးစ

တိုးညှင်းငြင်သာ`အားပေးပါဦး´တဲ့။

ကျောင်းဆွဲခြင်း အဟောင်းလေးကိုချ
ထီလက်မှတ်တွေပြမှာလား

အတွေးပွားတုန်း။

အဖုံးလေးကို အသာဖွင့်

စက္ကူ ၀ါကျင့်ကျင့် လေးတွေအောက်မှာပုန်းနေတဲ့

မုန့်လုံးကြီး ခြောက်ခု

နှလုံးသားကို တူနဲ့ထု

ဘယ်သူ့ကို မုန်းမှန်းမသိ

ကြုံးလို့သာဝယ်ပစ်လိုက်မိ

တလုံးပြီးတလုံး

မုန့်လုံးကိုစက္ကူကပ်

ကြာကလပ်နဲ့ ဆွမ်းတော်တင်…..။

နီနီ
၂၄- ၄- ၀၇


Share/Bookmark

24 Comments:

ကိုအောင် said...

မကေရဲ့ အရေးအသားက အရမ်းကောင်းတယ်ဗျာ။
ဖြစ်နိုင်ရင် အမတို့ငယ်ကျောင်းက ကျောင်းသား ဟောင်းတွေ စုပြီး အမှတ်တယ မဂ္ဂဇင်းထုတ်တောင် ထုတ်သင့်တယ်။

ဆောင်းယွန်းလ said...

မကေရဲ့အရေးအသားကိုဖတ်ရပြီး ရင်ထဲမှာ ဆို့ နင့် ကြေကွဲအောင်ကိုခံစားလိုက်ရတယ်ဗျာ...ဒီထက်ပိုပြီး ဘာကိုမှမပြောတတ်တော့ဘူး...ဘဝတွေ ဘဝတွေ..

မီယာ said...

ဝိဇ္ဇာ သိပ္ပံ ခွဲတာတော့ မကေ ပြောသလိုပါပဲ ဘာမှ မသိနားမလည်ဘဲ ဘ၀င်မြင့်ကုန်ကြပြီး သွေးခွဲသလိုဖြစ်ကုန်တာ... မီယာ့ မောင်လေး တယောက်ကတော့ သူ့စိတ်နဲ့သူ ၀ိဇ္ဇာ ယူလိုက်တာ မြန်မာတနိုင်ငံလုံး တတိယ တောင် ရလိုက်သေးတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေလည်း တော်တော် တက်သွားတယ်။ မကေမိဘတွေရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူဖို့ ကောင်းလိုက်တာနော်...

Moe Cho Thinn said...

ကေရယ် ရေးတတ်လိုက်ပါဘိ။ ရင်ထဲမှာ ဆို့နင့်သွားတယ်။ မနီနီရဲ့ ကဗျာလေးကလဲ ရင်ထဲ ထိလိုက်တာ လွန်ပါရော။
သမိုင်းဆရာမလေးနဲ့ ကျောင်းအုပ်ဆရာကြီးအကြောင်း ဖတ်ရတော့မှပဲ ကေတော်တာ မထူးဆန်းတော့ဘူး။ တကယ့် အနန္ဒဂိုဏ်းဝင် ကျေးဇူးရှင်တွေပါ ကေ။
အပိုင်း ၃ ၄ ဆက်ပါအုံးနော်..

MANORHARY said...

ဟုတ်ပါရဲ့ ဒီလိုအတွေးအခေါ်ရှိတဲ့ကျောင်းအုပ်ကြီးနဲ့
သမိုင်းဆရာမလေးရဲ့သမီးက ကေဖြစ်နေတာဘာဆန်း
လို့လဲ..နှစ်ကြိမ်ဂိုဏ်းဝင်တဲ့သူတွေပါပဲ..။

ATN said...

ချိုသင်းနဲ့ မနော် ပြောသလိုပါပဲ...
မိဘ အမွေ ဆက်ခံသူပေကိုး...
မိဘတွေကလည်း ဂုဏ်ယူနေကြမှာပါ...
မနီနီရဲ့ ကဗျာကလည်း တော်တော် ထိရှသွားပါတယ်...

မေငြိမ်း said...

မျက်ရည်ဝဲသွားတယ်...

မမသီရိ said...

တကဲ့ စိန်ကောင်းလေး တစ်ပွင့်ပါပဲ ကေ ရေ..

ငယ်ငယ် က ဘ၀တွေ ..ပြေးသတိရတယ်..

မမ ငယ်ငယ် တုန်းက ဆရာမ ပြောင်းလို့ ငိုခဲ့ ရတာ
၆ တန်း နှစ်..
သံယောဇဉ် နဲ့ တွယ်တာမှုတွေ နဲ့
ကျေးဇူးတရား တွေနဲ့
ဒီနေ့ ထိလဲ မမေ့နိုင်ပါဘူးနော်...
ငယ်ငယ် က ဆရာ တိုင်း ကို မှတ်မိနေတယ်

ကိုပေါ said...

ဒီပို့စ်မျိုးတွေ ဖတ်ရတိုင်း ဆရာဆရာမတွေအတွက် ရင်နင့်ရပါတယ်။ သူတို့မျိုးဆက်ကတော့ ကျနော်တို့အပေါ်တာဝန်ကျေခဲ့တယ်။ ကျနော်တို့က သူတို့အပေါ်မှာရော နောက်မျိုးဆက်အပေါ်မှာရော တာဝန်မကျေနိုင်သေးဘူး။ ဆရာအောင်သင်းရဲ့ ဟောပြောပွဲမှာ လူငယ်တွေကို ဆရာက “မင်းတို့တတွေ လိမ္မာမှ အောင်သင်းဘ၀ နေ၀င်ချိန်လှမယ်” လို့ ပြောခဲ့တာကို သတိရမိတယ်။

Thant said...

အိုးးးးး....ဘာပြောရမှန်းမသိတော့အောင် ရင်ထဲမှာ ဆို့နင့်သွားတယ်....

ခင်မင်းဇော် said...

အင်းလေ..
မျက်ရည်တောင် ကျတယ်...

လင်းဒီပ said...

ကောင်းလိုက်တာ..
အပိတ်ကဗျာလေးက ရင်နင့်စရာ...

အမေက ကျောင်းဆရာမဆိုတော့
ဆရာဆရာမတွေ့ရဲ့ ဘဝကို
အမြဲ ထိတွေ့နားလည်ခဲ့ရပါတယ် အစ်မ...

တပည့်မရှား တပြားမရှိ
ပီတိကိုစား အားရှိခဲ့ရတာတွေလေ...

တန်ခူး said...

ကေရေ… တို့ လဲ မေမေတပည့်ဖြစ်ခဲ့ဘူးတယ်… မေမေကတော့ ပထ၀ီသင်တာ… ကေရေးထားတာလေး ဖတ်ပြီး ကိုယ့်ဆရာဆရာမတွေကို နင့်နင့်သီးသီးလွမ်းသွားတယ်… ပြီးတော့ မျက်ရည်ဝဲမိတယ်ကေရယ်… ဓာတုဗေဒငယ်ကြောက်က ကေနဲ့ တူတယ်… ခုထိ ဓာတုဗေဒဆိုရင် ကျက်သီးထအောင် ကြောက်တုန်းပဲ… ကေရေ… ခုခေတ်ကလေးတွေရော အဲဒီလို ဆရာကောင်းတွေနဲ့  တွေ့ ကြရပါ့မလား… ဆရာကောင်းတပည့်ဖြစ်ရခြင်းကလဲ ကံကောင်းခြင်းတမျိုးပဲနော်… ကြီးမြတ်လှတဲ့ ဆရာ့ကျေးဇူးကို မမေ့မလျော့တဲ့ ကေ့နှလုံးသားလေးကို လေးစားပါတယ်…

:P said...

မကေရေ.....
ဖတ်ပြီးစိတ်မကောင်းဖြစ်သွားတယ်

Anonymous said...

အမေပြောပြောနေတဲ့ ငါ့လခက ကျောင်းသားတွေလခသွင်းပေးနေရတာဆိုတဲ့ စကားကိုနားထဲမှာ ပြန်ကြားယောင်မိတယ်....

Anonymous said...

မကေ...ပေးတာတွေ ရင်ထဲ အကုန်ထိ။
တည့်တည့်ကြီးကို ထိသွားတယ်။
ဆရာ ဆရာမတွေအကြောင်းဆိုတော့ ပိုပြီးတော့ ထိ။
ငိုချင်လာပြီနော်။

Thet Oo said...

ရန်ကုန်ပြန်တိုင်း လေဆိပ်မှာ ပထမဆုံး တွေ့ရတယ်ဆိုလို့ မားသားကြီးက လေယာဉ်ကွင်းမှာ အလုပ်လုပ်တယ်ထင်လိုက်တာ...

Anonymous said...

ဒီပို့စ်လည်း အကြိုက်ဆုံးထဲမှာ ထည့်လိုက်ရပြန်ပြီကေ

Anonymous said...

ကိုအောင်- ကိုဆောင်း- မီယာ-မချိုသင်း- မနော်-ကိုအောင်သာငယ်-မမေငြိမ်း- မမသီရိ-ကိုပေါ- သန့်- မခင်မင်းဇော်-လင်းဒီပ- မတန်ခူး- ဆင်ဆင်-ရွာသားလေး- ဟန- ကိုသက်ဦး- မသီတာ-
ဘာမှ ပြောတော့ပါဘူးနော်။ ကွန်မန့်တွေ အတွက်..ကျေးဇူးပါ။ မနီနီ - ရဲ့ ကဗျာလေးကို ဂရုတစိုက် ပြောသွားတဲ့ မချိုသင်းနဲ့ ကိုအောင်သာငယ်ကိုလည်း. မနီ နီ ကိုယ်စား ကျေးဇူးထပ်တင်လိုက်တယ်။

Ye-Mon said...

ဟတ်ထိတယ်။ ဒါပဲ။

ကိုရင်နော်ခင်လေးငယ် said...

ရသကို စုံပါရောလား အစ်မရေ..
ဖတ်လို့ကောင်းတယ်..

GreenGirl said...

ငယ်ငယ်တုန်းက ဆရာတွေကို ပြန်သတိရတယ်...

Kaung Kin Ko said...

ကျွန်တော်တို့ သမိုင်းဆရာကတော့ ဒုတိယ ကမ္ဘာစစ် ဖြစ်ရခြင်းရဲ့ အကြောင်းရင်း လေးချက်

ကိုလိုနီနယ်မြေများ အပြိုင်အဆိုင်ရှာဖွေကြခြင်း
မျိုးသားရေး စိတ်ဓာတ်များ ပြင်းထန်လာခြင်း
မဟာမိတ် စစ်အုပ်စုများ အပြိုင်အဆိုင် ဖွဲ့ စည်းခြင်း
လက်နက် အပြိုင်အဆိုင် တပ်ဆင်ခြင်းကို

အတိုကောက် "ကိုမျိုးမဟာလက်နက်" ဆိုပြီး သင်သွားတာ အခုထိ မှတ်မိသွားတော့တယ်။ :D

JulyDream said...

ဆရာဆိုတာ...
ကျွန်တော့်အတွက်တော့...
တန်ဖိုးမဖြတ်နိုင်တဲ့ ကျေးဇူးရှင်တွေပါ။

မှတ်ချက်။
ငွေမက်တဲ့ အထက်တန်းကျောင်းကြီး မပါ....