Letter from my Friend

ပေးစာ (၁)
ကေရေ..
တို့ရန်ကုန်ကနေပြန်ရောက်ပါပီ။ ဒီရောက်တော့ ဖုံး တွေ အများကြီး ဖြေလိုက်ရတယ်ကွယ်။ လူသတ်ကွင်း ထဲကို တိုးဝင် အရောက် ပြန်သွား တဲ့သူမို့.. တို့ရဲ့ ဆရာ ..ဆရာမ တွေ ၊ သူငယ် ချင်းတွေ .. လုပ်ဖော် ကိုင်ဖက် တွေ က.. အရမ်း စိုးရိမ်နေကြတာ လေ။ ဘာမှ မဖြစ်ပဲ ပြန်လာ နိုင်တာမို့ သူတို့ က ၀မ်းသာ နေကြတယ်။ လူက ပြန်ထွက် လာနိုင်ပေမဲ့ တို့ရဲ့ နှလုံးသား ကတော့ .. မြန်မာပြည်ထဲမှာ ကျန်ခဲ့လေရဲ့။

ရန်ကုန်ကို မပြန်ခင် ဒီမှာ ပထမဆုံး လုပ်တဲ့ ဆုတောင်း မေတ္တာပို့ပွဲ ကို သွားခဲ့တာမို့.. သူတို့တွေက လေဆိပ် အ၀င် အထွက်တွေမှာ ဒုက္ခရောက်မှာ စိုးရိမ် နေကြတာ။ အမှန်အတိုင်း ပြောရရင် တို့ကတော့ ဘယ်လို စိတ်ပူ စိုးရွံ့မူ တွေမှ ရှိမနေခဲ့ပါဘူး။ သူများ တွေ အသက်နဲ့ ရင်းပီး လုပ်နေကြတဲ့ အချိန်မှာ ကိုယ်က..တတ်နိုင်တာလေး လုပ်ပေး မိလို့.. တခုခု ဖြစ်လာမယ် ဆိုရင်လည်း..ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ပီးသားလေ။

တို့တွေ ..ပြန်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို လည်း ချလိုက်ရော.. အားလုံး က အသဲအသန် ၀ိုင်းတားကြတယ်။ လက်မှတ်ရောင်း တဲ့ဆိုင်က.. အမ ကိုယ်တိုင် က မပြန်ပါနဲ့လား တဲ့။ ကိုယ်က လည်း ပြန်ဖို့ ဆုံးဖြတ်ပီးသား ဆိုတော့.. မပြန်ရရင်ကို မနေနိုင်ဘူးလေ။ MAI နဲ့ Air Bagan ကို သပိတ်မှောက်ထား တာဆိုတော့ Silk Air ပဲဝယ်တာပေါ့။ ဒီသပိတ် မှောက်မူ ကလည်း အောင်မြင်တာပါပဲ။ စည်းလုံ ညီညွတ်ခြင်းရဲ့ သင်္ကေတပေါ့။

ကေရေ.. ဒီသပိတ်မှောက် မူ ကြောင့် သူတို့ လက်မှတ်တွေ မရောင်းရတော့.. အာဏာပိုင် တွေကလေ.. မြန်မာပြည် က ၀န်ထမ်းတွေကို နိုင်ငံခြား ခရီးသွားရင် MAI (သို့)Air Bagan ကိုပဲ ၀ယ် ရမည် ဆိုတာ သိရှိကြောင်း လက်မှတ်ထိုး ခိုင်းတယ်ကွယ်။ ကိုယ့် အစ်မ က ၀န်ထမ်းဆိုတော့.. လက်မှတ်မထိုး မနေရ ဆိုတော့..သူက ထိုးခဲ့ရတာပေါ့။ တချို့ ၀န်ထမ်း တွေက ဘာကြောင့် ထိုးခိုင်းမှန်း မသိကြတော့..တို့ အစ်မက ရှင်းပြတော့ ၀ိုင်းရီကြတယ်တဲ့။ သပိတ်မှောက် တာ အောင်မြင်ကြောင်း သက်သေ ပြသလိုပဲ လို့ဆိုကြတယ်တဲ့။

ကေရေ.. တို့ က စစ်အစိုးရ နဲ့ ပတ်သတ်တဲ့ အရာတွေ အားလုံး တတ်နိုင်သမျှ သပိတ်မှောက် မယ်လို့ ဆုံးဖြတ်ထား တော့.. အချို့ ဂျာနယ် တွေကို ၀ယ်ကိုမဖတ်ဘူး။ တနေ့ကျတော့.. အသိတယောက်အိမ် သွားလည်တုန်း သူတို့ အိမ် ဧည့်ခန်း စားပွဲပေါ်မှာ ဦးအောင်ကြီး ပုံကို လျှပ်တပြတ် ဂျာနယ်မှာ တွေ့လိုက်ရတော့.. ဘာပါလိမ့် လို့ စိတ်ဝင်စားမိသွား တယ်။ အဲဒီအိမ် က ဘုန်းဘုန်း တွေအတွက် ယူကြုံးမရ စိတ်ဆင်းရဲ နေတဲ့.. အသက်(၈၀) ကျော် အဘ ကတော့.. ` အောင်ကြီးတယောက်လည်း သေတဲ့အထိ ပြောင်းလဲမှာ မဟုတ်ဘူး... မြတ်ခိုင် ဆိုတဲ့ကောင်ကလည်း.. ဗိုလ်ချုပ် အောင်ဆန်း ကိုတောင် စော်ကားလိုက်သေးတယ်....´ လို့ မှတ်ချက်ချတယ်။ ဒါနဲ့ပဲ.. တို့လည်း ဖတ်ချင်သွားတယ်။
အဲဒါနဲ့ ..အဘက..ယူသွားသမီး..ထပ်မ၀ယ်နဲ့..တဲ့။ ဖတ်ပီး ပီးချင်းပဲ ကေ့ကို သတိရလိုက်တယ်။ တို့ကတော့ ဘာမှ မှတ်ချက် ထပ်မပေးတော့ဘူး။ ` စကားထဲက ဇာတိပြ´ တာပဲလို့ပဲ ပြောချင်တော့တယ်။

အချပ်ပိုမှာပါတဲ့... ငွေကြာယံဆရာ တော်ပုံ ကိုလည်း ပို့ပေးလိုက်တယ်။ ကေရေ.. ဆရာတော်ဘုရားရဲ့ မျက်နှာတော်ကို သေသေချာချာ ဖူးပါကွယ်။ ဖွင့်ဟ မိန့်ကြားခွင့်မရရှာတဲ့ ဆရာတော်ရဲ့ ခံစားချက်တွေ.. မျက်နှာတော်မှာ ထင်ဟပ်လွန်းနေလို့ပါ။


အချိန်ရ ရင်.. ပြည်တွင်းက..ပြည်သူတွေရဲ့ လက်ရှိ နိုင်ငံရေး အမြင်..စိတ်ဓါတ် တက်ကြွမူတွေ.. အာဏာပိုင်တွေ ရဲ့ မင်းမဲ့စရိုက်နဲ့ ဥပဒေမဲ့လုပ်ရပ်တွေကြောင့် ..ကြောက်ရွံ့ စွာ နေနေရတဲ့ အကြောင်းတွေ..မြင့်မားနေတဲ့ ကုန်ဈေးနှုန်း တွေ ..ထိန်းသိမ်းရေး စခန်းက..လွတ်မြောက်လာသူ အချို့ရဲ့ ပြောပြချက်တွေ..စစ်တပ် စွမ်းအားရှင် နဲ့..အရပ်ဖက် စွမ်းအားရှင် တွေ အကြောင်း ..ထောက်ခံပွဲတွေက..လိမ်လည်မူ.. ဖိအားပေးမူတွေ အကြောင်း တွေ..ရေးပို့လိုက်ဦးမယ်။

ကဲ..ကေရေ..

တို့တွေချစ်တဲ့..မြန်မာပြည်ကြီး ..အမြန်ဆုံးလွတ်မြောက်ဖို့ ဆက်လက်ဆုတောင်းရင်း လုပ်ပေးနိုင်တာလေး တွေ ဆက်လက် လုပ်ဆောင်ပေးကြရအောင်ကွယ်....

သတိရလျက်..

မမေ


Share/Bookmark

0 Comments: