ဗမာ့စာပေ နဲ့ အမျိုးသားရေးစိတ်

ဒီရက်ထဲ ငြိမ်ကုပ်ပြီး..သမိုင်းပုံထဲ တိုးနေမိတာပါ။ ကိုယ်တိုးရမှာက..တခြား..။ ဒါပေမဲ့.. ကိုအောင်သူငြိမ်းဆီက..သန့်မြင့်ဦး ရဲ့ ခြေရာဖျောက်မြစ် ကိုလဲ..အပြီးသပ် သွားဖတ်.. ကိုမောင်ရင်ဆီက..ဦးနာအောက် လဲ.. အကုန်စုဖတ် ရတာနဲ့.. နေရင်းထိုင်ရင်း..သမိုင်းပုံ ထဲကို ပြုတ်ကို ကျသွားတာ။
ဒီကြားထဲ.. ပိတ်ရက်က မြို့တက်ရင်း..ရထားပေါ်ဖတ်ဖို့ဆို ပြီး.. ၀ယ်ထားတာ ကြာနေပြီး.. ဟုတ်တိ ပတ်တိ မလှန်ရသေးတဲ့.. ဒေါ်အောင်ဆန်းစုကြည် ရဲ့ Freedom from Fear စာအုပ် ကို လှန်လိုက်မိတယ်။ ဆောင်းပါးတွေ စာတွေ စုပေါင်းထားတဲ့ အထဲက.. Literature and Nationalism in Burma ဆိုတဲ့ စာတမ်း လေးကို စိတ်ဝင်စားသွားတယ်။ ဖတ်စရာတွေ အားလုံး စုဆုံ အာရုံကျသွား တာကလည်း..သမိုင်းဆိုတာထက်.. သမိုင်းထဲကနေ.. ရောင်ပြန်တလက်လက် ထနေတဲ့..ဗမာပြည် ..ဗမာလူမျိုးတွေ ရဲ့ မျိုးချစ်စိတ် အခြေခံ..။ ခြေရာဖျောက်မြစ်ထဲက လိုဆိုရင်တော့..ဗမာမင်းဆက် တွေရဲ့...မျိုးချစ်စိတ် ထက်ပိုကဲတဲ့.. မျက်ကန်းချစ် ..တလမ်းသွား..တဖက်မြင် အယူအစွဲ တွေ ။



++++++++++++++


လူတယောက်ဟာ..ကြီးပြင်းလာလို့ တချိန်ချိန်မှာ.. သူ့လူမျိုးရဲ့ ဇစ်မြစ် သမိုင်းတွေကို စိတ်ဝင်စားလာတာ.. လိုက်စားဖြစ်တာ.. အနဲဆုံး..အချိန်ပေး ဖတ်ရှုဖြစ်တာ ဟာ.. သဘာဝ ကျတဲ့ ဖြစ်စဉ်တခုပါ။

အခုလဲ..ဒေါ်စု ရဲ့ စာတမ်းတချို့ကို စဖတ်ကြည့်တော့မှ.. ဗမာ့သမိုင်းတွေ..ဗမာ့စာပေ တွေကို.. ရှေးမဆွထဲက.. နက်နက်နဲနဲ နှိုက်ယူ ထားနိုင်ပုံ ကို မယုံနိုင်စရာ ကောင်းလောက်အောင် တွေ့လိုက်ရတယ်။ အခု ဗမာ့စာပေ နဲ့ အမျိုးသားရေးစိတ်ဓါတ် ဆိုတဲ့ စာတမ်းက.. ၁၉၈၇ ခုနှစ် ကျိုတို တက္ကသိုလ်မှာ ဒေါ်စု စာတမ်းပြုစု ချိန်က..ရေးသား ဖော်ပြခဲ့တဲ့ တခုပါ။

စာတမ်းမှာ..၂၀ ရာစု အစောပိုင်း ကာလတွေကို ၀ံသာနု ခေတ် လို့ တင်စား ပြီး..သမိုင်း ကြောင်း အကျဉ်း နဲ့အတူ တင်ပြထားပါတယ်။ ၁၉၃၀ မှာ အင်ဒို- ဗမာ အရေးအခင်းကနေ.. မငြိမ်မသက်မူတွေ စဖြစ်လာတာ.. ကမ္ဘာ့စီးပွားပျက်ကပ်နဲ့အတူ ဆရာစံ သူပုန် ပေါ်လာတာ.. နောက် ဒို့ဗမာ အစည်းအရုံးကြီးနဲ့အတူ လက်
ဝဲစာပေ တွေ ထွန်းကားလာရာကနေ.. ၁၃၀၀ ပြည့်အရေးတော်ပုံ ကြီးဖြစ်.. နောက်တော့..ဒုတိယ ကမ္ဘာစစ်မီး တောက်လောက် ကူးစက်လာတဲ့ ဗမာ့ နိုင်ငံရေး အခင်းအကျင်း ကြီးကို အခြေခံလို့ပေါ့..။ အဲဒီ နိုးကြားလှုပ်ရှားမူတွေ မဖြစ်လာခင် တုန်းက.. ဗမာ့ ရှေးစာပေ တွေကို..အုပ်ချုပ်သူ အနောက်တိုင်းသား ပညာရှင်တွေက.. စိတ်မ၀င်စား ကြ ပါဘူး။ အဲဒီ နေရာမှာ ထူးထူးခြားခြား စိတ်ဝင်စားဖို့ ကောင်းတာက.. အဲဒီလို ဘယ်သူမှ စိတ်မ၀င်စား အလေးမထားတဲ့ အချိန်မှာ..၁၉၁၀ မှာ ဗြိတိသျှ အရာရှိ ( ပညာရှင် ) J.S. Furnivall ကနေပြီး.. The Burma Research Society ဆိုတာ ကို စတည်ထောင်ပေးခဲ့တာ ပါပဲ။ ဗမာ အရာရှိ ဦးမေအောင် နဲ့ တွဲဖက်ပြီး သူကိုယ်တိုင် ကမ ကထ ပြုခဲ့တဲ့.. သူ့ရဲ့ ရည်ရွယ်ချက်က....မြန်မာလူမျိုးတွေ နဲ့ ဗြိတိသျှ လူမျိုးတွေ ကြားထဲက.. တူညီတဲ့.. စိတ်ဝင်စားမူ တွေနဲ့ မြန်မာနိုင်ငံကြီးကို အကျိုးပြုနိုင်ဖို့ လို့ဆိုပါတယ်။ နောက်ပိုင်း ဦးကြီး ဖာနီဗယ်လို့ ချစ်စနိုးခေါ် လာကြတဲ့.. အဲဒီ မျက်နှာဖြူ ကြီးရဲ့ မြန်မာ့သမိုင်း စာပေ တွေအပေါ် စိတ်စေတနာ ကြီးပုံတွေကို မြန်မာစာပေပညာရှင်တိုင်း သိကြပါတယ်။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက..အဲဒီ အသင်းကြီးဟာ ၁၉၈၀ ခုနှစ်တွေ အထိ ကို ရှိနေခဲ့သေးတာပါ။ ( ဒေါ်စု ၏ နောက်စာတမ်းတခု အရ- ဦးကြီးဖာနီဗယ်၏ Burma Book Club ကပဲ..မြန်မာပြည်ထဲကို လက်ဝဲစာပေ များ မိတ်ဆက်ပေးခဲ့ တာ ..လို့ ဖော်ပြထားပါတယ်)

တကယ်တော့..  ခေတ်ပညာတတ်တွေ လည်းဖြစ်ကြ ... မျက်နှာဖြူ အုပ်ချုပ်သူတွေ နဲ့ လဲ နီးစပ်ကြ လို့ ၊  ဗမာမျိုးချစ် တွေ အနေနဲ့ နှစ်နှစ်ကာကာ မရှိလှတဲ့.. ဦးကြီး ဖာနီဗယ်တို့.. ဒေါက်တာ လုစ် တို့ ဦးဖေမောင်တင် တို့ အုပ်စု တွေ နဲ့ တခြား မစ်ရှင် ကျောင်းထွက် တွေကပဲ၊  ဗမာ့စာပေ သမိုင်းတခုကို စတင်ခဲ့ကြတာပါလား... လို့ ၊ စာတွေပေါ်ကနေ ရောင်ပြန်ဟပ်ပြီး တွေးကြည့် မိတယ်။ ဒီကြားထဲမှာမှ.. ဆရာကြီး သခင်ကိုယ်တော် မှိုင်းတို့လို.. ရိုးရာ ဓလေ့ ဘုန်းကြီးကျောင်းပညာတတ်..က၀ိ အကျော်ကြီးတွေ ကလည်း.. အပြိုင်ဆိုသလို ဖြစ်လာ ခဲ့တယ်။ အဲဒီလို.. ပါဠိ အထုံအမွှန်း ရှေးမြန်မာစာ အခန့် နဲ့ ခေတ်အမြင် ကမ္ဘာ့အတွေးတွေ ရောယှက်လာတဲ့.. ခေတ်သစ် မြန်မာစာ ကို လှပ အဆင်ပြေစွာ ပေါင်းကူး ပေးခဲ့တာက.. ဆရာကြီး ဦးဖေမောင်တင် မွေးထုတ်လိုက်တဲ့..ခေတ်စမ်း စာပေ ပဲ လို့.. စာတမ်းထဲမှာ သုံးသပ်ထား ပါတယ်။

တကယ်လည်း မြန်မာစာ သစ် ရဲ့ အခန်းကို စတင် ဖွင့်လှစ် ခဲ့တဲ့..ပထမဆုံး ၀တ္တု .. `မောင်ရင်မောင် မမယ်မ ( ၁၉၀၄)´ ကို ရေးသားခဲ့သူဟာ.. အောက်မြန်မာပြည်သား.. မစ်ရှင်ကျောင်းထွက်..ခရစ်ယန်ဘာသာဝင် ..ဂျိမ်းစ် လှကျော်( ဂျော်) ဖြစ်တယ်။ ၀တ္တုကတော့..နိုင်ငံခြားစာအုပ်ဖြစ်တဲ့ မွန်တီခရစ်တို မြို့စားကြီးကို မှီငြမ်း ထားတာ ဖြစ်ပေမဲ့.. ပထမဆုံး မြန်မာ ဇတ်လမ်းဝတ္တုတပုဒ် အဖြစ် သမိုင်း
ဝင် နေပါတယ်။

သူ့နောက်မှာ ဆက်ထွက်လာတဲ့.. ဦးလတ် ရဲ့ `စပယ်ပင်´(၁၉၁၂) နဲ့ ` ရွှေပြည်စိုး´ (၁၉၁၄)
ဝတ္တုကြီးတွေ အကြောင်းကိုလည်း..ဒေါ်စုက.. သေသေချာချာ ဖတ်ရှု သုံးသပ်ထားပုံ ပါ။ ဦးလတ်ကလည်း.. ရန်ကုန်သား..မစ်ရှင်ကျောင်းထွက်.. အစိုးရ အရာရှိ။ အဲဒီ ဇာတ်လမ်းတွေ မှာ.. နိုင်ငံရေး ဆိုပြီး.. တိတိပပ အရိပ်အယောင်တွေ မပါပေမဲ့.. ခေတ် ရဲ့ လူမူစီးပွား မှန်ကူကွက် တွေ ဖြစ်တဲ့.. ရိုးရာ အစဉ်အလာ နဲ့ ခေတ်ပညာတတ် တို့ရဲ့ ၀ိရောဒိ တွေ..လူမျိုးခြားများ ၀င်ရောက် နေထိုင်မူရဲ့ နောက်ဆက်တွဲတွေ..ဒါတွေအပြင် ဘာသာရေးဆိုင်ရာ ထောက်ပြ ဆန်းစစ်ချက်တွေ ပါခဲ့တာမို့..သမိုင်းတန်ဖိုး ရှိခဲ့ တယ် လို့ဆိုတယ်။

အဲဒီ နောက်တော့..မြန်မာ့စာပေ သမိုင်းမှာ..အခုထက်တိုင် လွှမ်းမိုးပဲ့တင်နေသေးတဲ့..ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ ဋီကာ တွေ ပေါ့။ ဆရာကြီးရဲ့ လေးချိုးကြီးတွေကလည်း.. ခေတ်စနစ်နဲ့ ကျွန်ပြုခံ သာမန်ပြည်သူတွေ ရဲ့ နှလုံးသား နဲ့ ထပ်တူ ကျနေ ခဲ့တယ်။ စာတမ်းထဲမှာတော့.. သခင်ကိုယ်တော်မှိုင်း ဆိုတာ..ဒုတိယ ကမ္ဘာစစ် မတိုင်မီ ကာလ မြန်မာ့စာပေ ကို အများကြီး ကိုယ်စား ပြု ခဲ့ ပေ တယ် လို့ သုံးသပ်ထားပြီး.. ဂန္တ၀င်စာပေ အရေးအသား နဲ့ အသုံးအနှုံး တွေကို ထိန်းသိမ်း နိုင်သလောက်..ကိုလိုနီ ခေတ် ပညာရေး က ထွက်ပေါ်လာတဲ့..လူငယ်တွေရဲ့ အတွေးအမြင် ခေတ်မှီမူတွေကိုလည်း.. လက်ဝဲစာပေ တွေ အထိ ..လေးစား လက်ခံ အသိအမှတ်ပြုခဲ့တဲ့.. အမြင်ကျယ်သူ တယောက်အဖြစ် ရေးသားထားပါတယ်။ ဒါပေမဲ့..သူ့ရဲ့ နောက်လိုက် တပည့် သာဝကတွေ သက်ဝင်ယုံကြည်တဲ့ မာ့က်စ် ရဲ့ ဆိုရှယ်လစ် အယူအဆ တွေကို ဘယ်လောက်ထိ သူ တကယ် ဖမ်းဆုပ် ဖြစ်ခဲ့သလဲ ဆိုတာ.. မေးခွန်းထုတ်စရာ ပါလို့..ဒေါ်စုက.. အဆုံးသပ်ထားပါတယ်။

၁၉၃၃ ကနေ..၁၉၃၄ အထိကိုတော့.. ခေတ်စမ်း စာပေ ကာလ လို့ ဆိုပါတယ်။ ရန်ကုန်တက္ကသိုလ် ကြီးမှာ မြန်မာစာ ဌါန ကြီးတခု ဖြစ်လာအောင် အားထုတ်ကြိုးပမ်းခဲ့တဲ့ ဆရာကြီး ဦးဖေမောင်တင် ရဲ့ တပည့်ရင်း တပည့်ဦး တွေ ဖြစ်တဲ့ သိပ္ပံ မောင်ဝ ..ဇော်ဂျီ နဲ့ မင်းသုဝဏ် တို့ ၃ ဦးဟာ ခေတ်စမ်း စာပေ ရဲ့ ထင်ရှားတဲ့ သင်္ကေတ တွေ ဖြစ်ပါတယ်။ သူတို့အုပ်စု ဟာ.. ရှေး ဂန္တ၀င် စာ ပေ တွေကို လည်း နှံ့စပ်တဲ့အပြင်.. အင်္ဂလိပ်စာ..ပျူ..မွန် နဲ့ပါဠိ စာပေ တွေကိုပါ.. ကျွမ်းဝင် ကြပါတယ်။ ပါဠိ အသုံး ကိုးကားမူ တွေ နဲ နိုင်သမျှ နဲနဲ နဲ့ ရိုးရှင်း တဲ့ ၀ါကျ တည်ဆောက်ပုံတွေကို ..အစောပိုင်း ကတော့..ဝေဖန် ရှုတ်ချ မူတွေ လဲ ရှိခဲ့ပါတယ်။ ၁၉၃၀ လောက်မှာ ပေါ်ခဲ့တဲ့.. ဦးဖိုးကျား နဲ့ ပီမိုးနင်း စာတွေ ကိုလည်း..ခေတ်စမ်း ရဲ့ ရှေ့ပြေးတွေ အဖြစ် ယှဉ်တွဲ သုံးသပ် ထားပါသေးတယ်။

ခေတ်စမ်း ၃ယောက်ထဲမှာဖြင့်..သိပ္ပံ မောင်ဝ ကို ဝေဖန်အခံရဆုံး ဖြစ်တယ် လို့ ဆိုတယ်..။ အင်္ဂလိပ် မင်း တွေ အောက်မှာ အမူထမ်းတဲ့ အိုင်စီအက်စ် အရာရှိ ဖြစ်နေခဲ့တာကို.. အကြမ်းဖျင်း စာဖတ် ပရိသတ်အနေနဲ့.. လက်ညှိုးထိုးစရာ ဖြစ်နေခဲ့တာ.. တကယ်တော့..စိတ်မကောင်းစရာပါ။ သူ့စာတွေက..အခြေခံ လူတန်းစားကို အပေါ်စီးက ကြည့်တယ်လို့ ပြောသူပြော.. မျိုးချစ်စိတ် မရှိသူလို့ ဆိုသူက..ဆိုကြ ပါတယ်။ တကယ်တော့..သပိတ်မှောက် ကျောင်းသားလဲ ဖြစ်ခဲ့..အမျိုးသား ကျောင်းဆရာ လဲ လုပ်ခဲ့ဖူးတဲ့ သိပ္ပံမောင်ဝ ( ဦးစိန်တင်)ဟာ..တရားဥပဒေ ကို အင်မတန် အလေးထား တဲ့ နိုင်ငံကြီးသား တယောက်ဖြစ်ပြီး..ဒီလို တန်ဖိုးထားခြင်းဟာ...လွတ်လပ်တဲ့ တိုင်းပြည်တခုမှာ ဂုဏ်အင်္ဂါ တရပ် ဖြစ်ပေမဲ့.. နိုင်ငံခြား သား အုပ်စိုးမူ အောက်က..ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ပြည်သူတွေ အတွက်တော့..မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ ရ ခြင်းပဲ.. လို့..ဒေါ်စုက..သုံးသပ်ထားပါတယ်။ သူ့ကို ဘင်္ဂါလီ စာရေးဆရာတယောက်နဲ့ နှိုင်းယှဉ်ပြ ထားပြီး သူသာ အသက်ငယ်ငယ်ရွယ်ရွယ်မှာ.. မသေခဲ့ဖူး ဆိုရင်..( ၁၉၄၁ မှာ. ဓါးပြ သတ်လို့ အသက်ဆုံးခဲ့ပါတယ်) လွတ်လပ်တဲ့ မြန်မာနိုင်ငံကြီးမှာ စာရေးဆရာတယောက်အဖြစ် ဘယ်လို ပြည်သူ့အကျိုးပြုမယ်ဆိုတာ.. ဘယ်သူမှ မသိနိုင်ပါဘူး လို့ မှတ်ချက်ပြုထားပါတယ်။

ဇော်ဂျီ နဲ့ မင်းသုဝဏ် ရဲ့ ကဗျာစာပေ တွေမှာတော့..ဇော်ဂျီရဲ့ စာတွေက .တော်လှန်ရေး နိုးဆော်သံ တွေ..နိုင်ငံရေး အငွေ့အသက် တွေ ပါ ပြီး..မင်းသုဝဏ်က တော့.. သဘာဝ တော တောင် အလှ နဲ့ ကျေးလက် သဘာဝ တွေ ..ကလေး ကဗျာတွေမှာ ပို သက်ဝင် တယ်လို့ ခွဲခြားသုံးသပ်ထားပါတယ်။ အချုပ်မတော့..ခေတ်စမ်း စာပေ ကဗျာတွေဟာ..အတုံးလိုက် အတစ်လိုက်.. နိုင်ငံရေး ဝေါဟာရ တွေ... ချဲ့ကား စိတ်ကူးယဉ် ထားတဲ့ သမိုင်းကြောင်းတွေ မပါ ပဲ.. တကယ့် လူမူ သဘာဝ ကို ဖော်ပြ ရင်း.. တပြိုင်တည်းမှာပဲ..၀ံသာနု တရားတွေကို လည်း ပေါင်းကူး ယှက်နွယ်ပေးရင်း.. စာဖတ်သူတွေ ရဲ့ ရင်ထဲကို အမျိုးသားရေး နိုးကြားမူတွေ မသိမသာ ကိန်းအောင်းစေခဲ့တယ်လို့.. နှစ်သက်စွာ ရေးသားထားပါတယ်။

အဲဒီ ခေတ်က.. အမျိုးသားရေး နိုးကြားဖို့ ဆိုတဲ့.. စေတနာ ရည်ရွယ်ချက်နဲ့ သမိုင်း နောက်ခံ စိတ်ကူးယဉ် ဇတ်လမ်းတွေကလည်း.. အတော့်ကို ထင်ရှားခဲ့တာကိုး။ ဒေါ်စုက..တော့်တော့်ကို နှိုက်နှိုက်ချွတ်ချွတ် လိုက်လံ ဖတ်ရှုထား ခဲ့တာပါ..။ သူ နမူနာ ပြခဲ့တာတွေက..လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးတဲ့..`နတ်သျှင်နောင် (၁၉၁၉)´.. မဟာဆွေ ရဲ့ `သူပုန်ကြီး(၁၉၃၆)´ .. `စစ်ထွက်သူ (၁၉၃၉) ´ .. ဇေယျ ရဲ့ ` မြတ်လေးရွှေဓါးဘို ( ၁၉၂၁).. ဦးသိန်းမောင် ရဲ့ ` ရဲမြန်မာ့ (၁၉၃၁)´ ။ တော်တော့်ကို စုံပါတယ်။

နောက်ဆုံး ဒဂုန်ခင်ခင်လေး ရဲ့ ` ရွှေစွန်ညို( ၁၉၃၃)´ ကို ဆိုရင်..အသေအချာ တောင် ဇတ်ကြောင်းပြန်ပြ ထားပါသေးတယ်။ အဲဒီမှာ.. ကုန်းဘောင်မင်းဆက် အရှုပ်တော်ပုံတွေ ကြားက ..ပြေးလာတဲ့..မင်းမျိုးနွယ် တယောက် ကစလို့.. သူ့ရဲ့ မျိုးဆက် ၃ ဆက်တိုင်တိုင်..နောက်ဆုံး တရုတ် မြန်မာ နယ်ခြားက.. လက်ဝဲ တော်လှန်ရေး သမား တယောက်ထိ.. ရေးပြထားတယ် ဆိုတော့.. ဖတ်ကြည့်ချင် စိတ်တောင် ပေါက်လာပါတယ်။ ဂျူး ရဲ့ ရုပ်ရှင် ရိုက်ခဲ့တဲ့` တခါက..ဧရာဝတီညများ´ ကိုတောင် သတိရ မိတယ်။

သိန်းဖေမြင့် ကိုလည်း..ဒေါ်စုက..တော်တော့်ကို လေးလေးနက်နက် သီးသန့် ခေါင်းစဉ်တပ်ပြီး ရေးပြထားပါတယ်။ ` သခင်ကိုယ်တော်မှိုင်း ဦးလွန်း အတ္တုပတ္တိ´ ဆိုတဲ့သူ့ ရဲ့ စာအုပ်မှာ ရေးခဲ့တဲ့..နိဒါန်း အမှာ ထဲက..စာသားတခုကို အသေအချာ ကောက်နုတ်ပြ ထား တာ တွေ့ရတယ်။ -- အပြစ်မှာ အဖိုးအခ ရှိတယ်..ပြန်ပေးဆပ် ရ လိမ့် မယ်.. လူမူရေး..နိုင်ငံရေးတွေမှာ မှားယွင်း ဖောက်ပြန်မူတွေကို လုံးဝ လျစ်လျူရှုထားလို့ မဖြစ်နိုင်ဘူး.. စာရေးဆရာ တွေရဲ့ တာဝန်က....ဒါတွေကို ထောက်ပြ ရုံတင် မဟုတ် ပဲ.. အဖြစ်နိုင်ဆုံး ဖြှေရှင်း နိုင်တဲ့ နည်း လမ်း တွေကိုပါ ပေးသင့်တယ်--- ဆိုတဲ့ သဘောမျိုးပါ။

ဒေါ်စု ကိုယ်တိုင် ပြောတာကလဲ.. စာရေးဆရာ တွေ ဟာ...ပြည်သူတွေရဲ့ ရင်ခုန်သံ နဲ့ ဝေးပြီး..သူတို့ရဲ့ အသိပညာ အတတ်ပညာ လေး ထဲမှာတင် ရှိမနေသင့် သလို.. တဖက်ကလည်း.. ပြည်သူ ကို ခင်းပြ ချပြရမဲ့..နည်းလမ်းကောင်းတွေ..အတွေးအခေါ် အသစ်တွေကို လည်း.. အမြဲ ဆန်းသစ် ဖော်ထုပ် နေသင့်တယ်လို့....ဆိုထားပါတယ်။

နောက် ဆုံး ပိုဒ်မှာ သူထောက်ပြ တဲ့ စိတ်ဝင်စားစရာ တချက်ကတော့.. ဗမာပြည်ထက် ကိုလိုနီ သက်တမ်းပိုရှည်တဲ့.. ပိုစောတဲ့..အိန္ဒိယ နိုင်ငံမှာတော့..စာရေးဆရာ တွေ ပညာရှင်တွေဟာ.. အနောက်နိုင်ငံသားတွေ ရဲ့ ၁၈ ရာစု လစ်ဘရယ် ထုံးစံ အမူအကျင့်တွေ ကို ပိုမို ထိတွေ့ ကူးစက်ခွင့် ရခဲ့ပြီး.. အဲဒီ ရလဒ်တွေ အဖြစ်..၁၉ ရာစု လောက်ကတည်းက..ဖွဲ့တည်လာတဲ့..လစ်ဘရယ်အယူအဆ တွေနဲ့ပဲ.. ၂၀ ရာစု အစောပိုင်း လွတ်လပ်ရေးလှုပ်ရှားမူ တွေကို.. တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင်ခဲ့တယ်လို့.. ဆိုပါတယ်။ ဒါဆိုရင်.. ဗမာနိုင်ငံ မှာ.. ၂၀ ရာစု အစောပိုင်းကမှ.. အသက်ဝင်လာခဲ့တဲ့..စာပေ လှုပ်ရှားမူတွေ နဲ့အတူ..၁၉၃၀ ပိုင်းလောက်မှာ ဖြစ်နေတဲ့ ..မြန်ဆန်တဲ့ အပြောင်းအလဲ..ကမ္ဘာ့အခင်းအကျင်းတွေ.. အောက်ကနေ.. ရုံးကြွ တက် လာတဲ့..၀ံသာနု အမျိုးသားစိတ်တွေ ကတော့..လစ်ဘရယ် အခြေခံ တွေနဲ့ အလှမ်းဝေးခဲ့လို့များ.. ပြသာနာတွေ မငြိမ်းနိုင်ခဲ့လေ သလား လို့..ကိုယ့်ဖာသာ ဆက်ပြီး စဉ်းစားနေ မိသေးတယ်။

ဒေါ်စုက.. ဒီစာတမ်းကို ပြုစုတဲ့အခါ တမင်တကာကို.. ပညာရပ်ဆန်တဲ့ အကိုးအကားစာအုပ် တွေ ကို မသုံး ပဲ.. အဲဒီ ၀ံသာနု ခေတ်ကာလက..ပြည်သူတွေကြားထဲမှာ.. ထဲထဲဝင်ဝင် စွဲစွဲမြဲမြဲ ရှိခဲ့တဲ့ .. စာအုပ်တွေနဲ့ စိတ်ကူးယဉ် ၀တ္တု တွေကို အသုံးပြုခဲ့တာလို့ ဆိုပါတယ်။ အဲဒါမှလည်း ပြည်သူ ထဲက..လာတဲ့ ရင်ခုန်သံ စစ်စစ်..စိတ်ဆန္ဒ အမှန်တွေကို.. နားလည် သုံးသပ်နိုင်မှာ မဟုတ်လား။ ရာဇ၀င် ဆိုတာတွေကတော့..နံမယ်နဲ့လိုက်အောင်..မင်းစိုးရာဇာတွေရဲ့ အကြောင်းတွေ ချည်းပဲ မို့လို့.. အဲဒီ ခေတ်တွေက.. ရှားရှာပါးပါး..ဦးပုည ရဲ့ ရေသည်ပြဇတ် လိုမျိုးလေး တွေက လွဲရင်.. အားလုံးလိုလို က မှန်နန်းဆောင် ပေါ်က..သမိုင်းတွေ ချည်း ဖြစ်နေခဲ့တာပဲ လေ။

 ပြည်သူ့ စာပေတွေ မပေါ်သေးတဲ့ ခေတ်တွေကနေ. . . ပြည်သူ့ စာပေတွေ အင်နဲ့အားနဲ့ ရုန်းကြွ လာခဲ့ ။ ခုတော့လည်း . . . ပြည်သူ့ အသံ တွေဆိုတာ   သောသောကို ညံ လို့.. ။



Ref: Literature and Nationalism in Burma, Freedom from Fear by Aung San Suu Kyi
ဆက်စပ်ဖတ်ရန်-


Share/Bookmark

26 Comments:

yehtutnaung said...

ဗဟုသုတ တိုးပွားစေတဲ့ post ဖြစ်လို့ ကျေးဇူးပါဗျာ..။ ဒေါ်စုရဲ့  အမြင်တွေကိုတော့ အရမ်း သဘောကျတယ်ဗျာ။

Anonymous said...

အစ်မရေ ဒီပိုစ့်အတွက်တကယ်ကျေးဇူးတင်ပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ဖတ်ဖူးတဲ့စာအုပ်တွေပါသလို မဖတ်ရသေးတဲ့စာအုပ်တွေလည်း ပါတယ်။ ဖတ်ကြည့်ချင်လိုက်တာ။ စာအုပ်တွေဖတ်ခဲ့ပေမယ့် မြန်မာ့သမိုင်းအကြောင်းကို ထဲထဲဝင်ဝင်မသိသေးဘူးလို့ ခံစားမိနေတယ်။ မြန်မာ့စာပေသမိုင်းကိုလည်း အသေအချာသိချင်သေးတယ်။

P.Ti said...

မကေ စာအုပ်အညွှန်း နဲ့ ဝေမျှပေးတာ ကျေးဇူးပါ။ အဲဒီစာအုပ်ကိုဖတ်မယ်နဲ့ စိတ်ထဲမှာထားပေမယ့် မဖတ်ဖြစ်သေးဘူးဖြစ်နေတယ်။ အခု ဖတ်ဖို့ ပိုပြီး တွန်းအားဖြစ်သွားတယ်။

မောင်ရင်မောင် မမယ်မ ၀တ္ထုကိုတော့ ဖတ်ဖူးတယ်။ တကယ်ကို မြန်မာမှုပြုထားတော့ မှီငြမ်းထားတယ်လို့တောင် မသိသာဘူးနော်။

Moe Cho Thinn said...

ဒေါ်စု သုံးသပ်ပြထားတဲ့ အမြင်လေးတွေကို တလေးတစားနဲ့ ထပ်ဖတ်သွားပါတယ်။ ချီးကျူးဖို့ မရဲလို့ ကေ့ကိုပဲ ကျေးဇူးတင်လိုက်ပါတယ်။

pandora said...

ဒေါ်စုရဲ့ သုံးသပ်ပုံတွေကို မကေ ပြန်ပြီး ကောက်နုတ်ထားပေးတာ အရမ်းကို ကျေးဇူးတင်ပါတယ်။
မမြင်ခဲ့တာတွေ ခုမှမြင်တယ်။

ခင်မင်းဇော် said...

ကျေးဇူးတင်လိုက်တာ ကေရေ...
ဒါပဲ ပြောတတ်တော့တယ်။

ပုံရိပ် / Pon Yate said...

မကေရေ သုံးသပ်ချက်တွေကို ပြန်တင်ပြတာ ကျေးဇူးပါ။ အဲဒီ စာအုပ်တွေကိုတောင် ဖတ်ချင်စိတ် ပေါက်လာပြီ။

Nyein Chan Aung said...

ဒေါ်စုဆောင်းပါးကို လိုတိုရှင်း အနှစ်ချုပ် ပြန်သုံးသပ်ပြသွားတာ ကောင်းတယ်ဗျာ..။ ပိုစ့်အတွက် ကျေးဇူးပါ။

ATN said...

စာအုပ် အတော်များများက ငယ်တုန်းက ဖတ်ဖူးတယ် ခုတော့ မေ့ကုန်ပြီ...း)
မကေ ပြောတာနဲ့ ပြန်ဖတ်ချင် လာပြီ... e-book တွေထဲမှာ ရှိရင် ကောင်းမှာပဲ...

MANORHARY said...

ကောင်းလိုက်တာကေ..ပို့စ်က
မကောင်းလိုက်တာကေ..ဆက်ဖတ်ပါဆိုတာလေ..း(
မြန်မြန်...

မမသီရိ said...

တကယ်အံ့ာသစရာပဲနော်.
မသိခဲ့ဘူး.. ဒေါ်စု ကမြန်မာစာပေး နဲ့ မြန်မာ စာေ၇းဆရာတွေ အကြောင်း ထထြဝြင်ဝင်ဝင်လေ့လားပြီး မြန်မာ သမိုင်းကို သုံးသပ်ပြတာ..
တကယ်ပဲ ပိုပြီးလေးစား မိပြီ..
....
မကေ ရဲ့ .. မှန်နန်းဆောင်ပေါ် ဇာတ်လမ်းတွေပဲ ဆိုတာနဲ့ ပတ်သက်ပြီး နဲနဲ ၀င်ဆွေးနွေး ရရင်တော့..ပေစာရွက်ပေါ်ကမှတ်တမ်းတွေ နည်းပေမဲ့ ပြည်သူထဲက အသံတွေလဲ ရျိတော့ ရှိခဲ့မှာပါ.. မျိုးရိုး စဉ်ဆက် ရွတ်လာခဲ့တဲ့တချို့တဘောင်တွေ.. လက်ဆင့်ကမ်း အမွေ ရိုးရာ ပုံပြင်တွေ... ခရိးသွား တောလားတွေ ရှိခဲ့တာပါ ပဲ..
ရုပ်ဝတ္တုပိုင်းဆိုင်ရာတွေ က.. ခေတ်နောက်ကျခဲ့တယ်..ဘာလို့ လဲဆိုတော့ မြန်မာတွေ ရဲ့ ဇာတိက ရဲရင့်ပေမဲ့.. ရောင်ရဲ လွယ်ကြတယ်လေ.. နှလုံးသား နူးညံ့ ကြတယ်..
ဇာတိကိုခင်တွယ် ကြတယ်..အဲဒီအကြောင်းလေးတွေနဲ့ ပဲ.. ဘေးက အိမ်နီးချင်းတွေ.. ရှေ့ကိုကျော်တက်သွားချိန်မှာ.. တို့တွေ က နောက်မှာ..
မမ၀င်ဆွေးနွေးတာ ..ကိုလိုနီခေတ် မတိုင်ခင် သမိုင်း နော်..
..
အင်း..လေရျည်မိပြန်ပြီ.. ဒီနေ့ လဲ...း)
ဆောရီးပါ မကေ...

မေငြိမ်း said...

ညီမလေး
ဂျီမှာ မတွေ့လို့ ဒီမှာ ရေးလိုက်ပါ၏။
အန်တီစု စာအုပ်ထဲက တကယ့်အရေးပါတဲ့ မြန်မာစာသမိုင်းလေးကို ထုတ်နှုတ်ထားတာ.. အဖိုးတန်လိုက်တာ။ ကျေးဇူးတင်တယ်။
တခုပဲ..
ခေတ်ဆန်းစာပေဆိုတာလေးက မဟုတ်ဘူး ကေရဲ့။
တကယ်က ခေတ်စမ်းစာပေ...
ခေတ်ကို စမ်းသပ်ရေးသားတဲ့ စာပေအမျိုးအစား။ အဲဒီစာပေအမျိုးအစား ထွန်းကားတဲ့ ခေတ်မို့ ခေတ်စမ်းခေတ်လို့ ခေါ်တာပါ။ ဆရာဇော်ဂျီရဲ့ ရသစာပေအဖွင့်နဲ့ နိဒါန်းမှာ ကြည့်လို့ ရပါ၏။ :)

kay said...

နေညိုရင့်-မေ့သမီး- အပြန်အလှန်ကျေးဇူးတင်ပါတယ်။ စာအုပ်တွေ ဒီလောက်အများကြီးကို ဖတ်ဖို့ တယ်မလွယ်တာပဲကိုး နော်။

ပီတိက..တို့ထက်တောင် သာသွားပြီ..တို့ဆို အဲဒီအထဲက..တအုပ်မှ မဖတ်ဖူးဘူး။း)

မချိုသင်း နဲ့ ပန်ပန်... ကျေးဇူးပါ။ ဟုတ်တယ် အဲဒီ အမြင်လေးတွေ ကို စိတ်ဝင်စားသွားမိတာ။

မခင်မင်းဇော်-း)
ပုံရိပ်- အမ လဲ ဖတ်ချင်နေတာ..
ငြိမ်းချမ်းအောင်- စာတွေ လာဖတ်တာ ကျေးဇူးပါ။ ကျမလဲ ကိုငြိမ်းချမ်းအောင် ကဗျာတွေ ဆီ အမြဲ ရောက်ပါတယ်။

ကိုအောင်သာငယ်- ငယ်ငယ်တုန်းကဆိုတာ..ဘယ်လောက်ငယ်ငယ်လဲ..း)

မနော်- ဘယ်မှာ ဆက်ရန်လဲ..သေချာ ကြည့်ပါအုံးနော်.. ဟွန်း

မမသီရိ ပြောတာ ဟုတ်ပါတယ်။ အဲဒီလို သမိုင်းထဲကို အသေအချာ မတင် နိုင်တဲ့..တဘောင်လေးတွေ..တချို့ အမည်မသိ ရှေးစာဆို တွေရဲ့ ကျေးလက်သရုပ်ဘွဲ့လေးတွေ တော့..ရှိခဲ့ပါတယ်။ ယေဘုယျ အများစု အနေနဲ့ကတော့.. စစ်ပွဲသမိုင်းတွေ..မင်းခင်းမင်းရေး တွေကြားထဲကပဲ.. ပုံဖော်မှန်းကြည့် နိုင်တဲ့ အဆင့်ပါ။

အမ မေငြိမ်းရေ- အခုလို ထောက်ပြတာ ကျေးဇူးပါ။ တကယ်တော့..ကျမက..စာလုံးပေါင်းသတ်ပုံကို ဂရုမပြုတဲ့ အကျင့်စွဲနေတာပါ။ မြန်မာစာ ငယ်ဆရာမ တော့..သိက္ခာတွေကျ နေပါပြီ။း) အခု ပြင်ထားပီနော်။

သက်ဝေ said...

ကေ..
အဲဒီစာအုပ်ကို ဖတ်ချင်လို့ သွားဝယ်မလို့ပဲ...
အခုလို ကေရေးပြထားလေး ဖတ်ရတော့ ချက်ချင်းကို သွားဝယ်ချင်စိတ်ဖြစ်မိတယ်... သေသေချာချာ အချိန်ပေး ဖတ်ပြီး ပြန်ရေးပြထားတာ ကျေးဇူးတင်ပါတယ်...။

ကလူသစ် said...

အုတ်ကျင်းရောက်နေပြီ :)

Anonymous said...

အမကေ ရင်းနှီးထားတဲ့ အချိန်တွေ ဖတ်ရှုလေ့လာသမျှတွေကို မျှဝေပေးတာ တကယ့်ကို ကျေးဇူးအထူးပါခင်ဗျာ

တန်ခူး said...

ကေရေ… တန်ဖိုးရှိတဲ့ ဒီပို့ စ်လေးအတွက် ကျေးဇူးပါ… အားထုတ်မှုကို လေးစားအားကျမိပါတယ်…

Anonymous said...

အကျိုးရှိသောဝေမျှခြင်းများပါ မကေ၊ ဒီဘလောက်ကို ခုမ ရောက်ဖူးပေမယ့် အများကြီးဖတ်သွားပါတယ်၊ Twilight of Burma နဲ့ အမေ့ခံ-ပရဟိတစေတနာရှင် ကို အကြိုက်ဆုံးပါ၊ ပွင့်လင်းသော ချဉ်းကပ်မူ ကိုဖတ်ပြီ ကျောင်းက ရဲမှူ:သမီး သူငယ်ချင်းကို "နင့်အဖေကို ပစ်ရင်
ချော်ပစ် ဖို့ ပြောပေးစမ်:ပါဟာ"လို့ သွားပြောမိတာ သတိရမိသေးတယ်၊ ပြုံးခဲ့ရတဲ့..ရှစ်လေးလုံး ကိုဖတ်မိတော့ ကျမလဲ ရှစ်လေးလုံးအကြောင်းအမှတ်ရမိပါတယ်၊အဲတုန်းက ၂တန်:ပါ၊ အမေနဲ့အတူ ဆရာမတွေ ဆန္နပြတာကို အတင်းတောက်လျှောက်လိုက်တာ မှတ်မိပါသေးတယ်၊ ဒေါ်စု ဒို့အိမ်ရှေကာ:နဲ့ဖြတ်တော့ အတင်းလက်လိုက်တားမိတာလဲ မှတ်မိတယ်၊(ဒေါ်စုက ကားရပ်ပေးပြီ: နုတ်ဆက်သွားတာ မမေ့နိုင်စရာပါ)၊ ဖတ်စရာ တွေဖြေးဖြေးချင်း ဖတ်ပါ့မယ်။

ခင်မင်တဲ့ ခရေဖြူ

kay said...

မသက်ဝေ- ဖတ်မယ်ဆိုတဲ့စာအုပ်တွေ များလာပီနော်။း)
ကလူသစ်ရေ- ကြည့်မြင်တိုင် ရောက်မှပဲ ဆင်းတော့မယ်..း)
ရွာသားလေးရော- ဒီရက်ထဲ ရေးလှချည်လား။ ပြန်လာပြီးကထဲက..ခံစားချက်တွေ သွန်ချနေရော့သလား။
မတန်ခူး- နဲနဲပါးပါးလေး ရွှီးထားတာများ သိရက်သားနဲ့-
ခရေဖြူ- တို့ဘလော့ကို သေချာလာလှန်လျော ဖတ်ရှူသွားလို့ ၀မ်းသာပါတယ်။ စာဖတ်သူတယောက် အဖြစ် အသေအချာ မှတ်မိနေလိုက်ပြီ။ ခင်မင်တဲ့-

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

ကေရေ..
ဟုတ်တယ်...
ကေပြောမှ ငိုတောင်ငိုချင်သွားတယ်...
ဖတ်မယ်လို့ တေးထားတဲ့စာအုပ်တွေ၊ ကေဆီက ဒေါင်းလုပ်ဒ် လုပ်သွားတဲ့ မင်းသားလေးရယ်၊ အခု ကေပြောတဲ့ ဒေါ်စုရဲ့ စာအုပ်ရယ်... အဲဒါတွေအပြင် Library က နေ ငှားထားတဲ့ Nicholas Sparks စာအုပ် ၂ အုပ်ရယ်...
ဒီရက်တွေမှာ မအားလွန်းလို့ စာဖတ်စရာ အချိန်ရှာလို့ မရဘူး...
ငိုချင်လိုက်တာ...

အပြုံးပန်း said...

လေးလေးနက်နက် ဖတ်သွားပါတယ်၊
အဖိုးတန်တဲ့ပိုစ့်ပါ။
ဘာတွေကို အလေးအနက်ထားရမယ်ဆိုတာ
ဆက်စပ်တွေးမိသွားတယ်၊

JulyDream said...

အလေးမပြီး ရေးတဲ့ပို့စ်တွေကို သေချာ ဖတ်သွားပါတယ်။ အားဆေးလည်း သောက်အုံးနော် မကေ... :P

ကလိုစေးထူး said...

ဒေါ်စုက တသေတချာ အားထုတ်ပြုစုခဲ့တဲ့စာတမ်းကို မကေက ပြန်မျှဝေထားတာဟာ ဖတ်သူတွေအတွက် အတော်လေးကို အကျိုးရှိလှပါတယ်။ ဒီနေ့မနက်အဖို့တော့ မကေ ဘလော့ဂ်ကို လာလည်ဖြစ်တာ တော်တော်ကို တန်တယ်ပြောရမယ်။ :)

WHY? WHY? WHY? said...

ဦးကတော့ ဒီစာအုပ်တွေကို ဖွတ်ဖွတ်ကျေအောင် ဖတ်ခဲ့တယ်၊ ခုလဲ အကိုးအကားလိုရင် ဟိုနေရာ ဒီနေရာပြန်ဖတ်နေတုန်းပဲ။ ဒါပေမဲ့ မိကေလို မတွေ့သေးတဲ့သူတွေ အချိန်မရလို့ အစအဆုံး မဖတ်နိုင်သူတွေအတွက် မိတ်ဆက်ပေးဖို့ စိတ်ကူးကို မပေါ်ခဲ့ဘူး။ ဒီအတွက် မိကေကို ပိုပြီး ချီးကြူးလိုက်တယ်။ စာရေးလဲ ကောင်းတယ်။ ကဲ၊ ချီးကြူးခန်းတော့ ပြီးပြီ . . .
အစပိုင်းမှာရေးထားတဲ့ ၁၉၃၀ အင်ဒို-ဗမာ အရေးအခင်းဆိုတာ မြန်မာ့သမိုင်းမှာ မှတ်တမ်းမရှိဘူး၊ အပြောစကားမှာတောင်မရှိဘူး။ မိကေလဲ ကောင်းကောင်းသိပါတယ်၊ အများလဲ သိပါတယ်။ ဒါ ကုလား-ဗမာ အဓိကရုန်းပါ။ တချို့ကုလားတွေက သူတို့ကို ကုလားလို့ခေါ်တာ မကြိုက်ဘူးဆိုတာနဲ့ အခေါ်အဝေါ်ပြောင်းဖို့ မလိုဘူးထင်တယ်။ သူတို့က ကုလားဆိုတာ နှိမ့်ချခေါ်တာလို့ အထင်ရောက်ပြီး သိမ်ငယ်စိတ်နဲ့ကန့်ကွက်တာသာဖြစ်တယ်။ ထဲထဲဝင်ဝင် မသိဘူး။ ဒါ လူ့ဘောင်အဖွဲအစည်းက အစဉ်တစိုက် လက်ခံခဲ့တဲ့ ဝေါဟာရဖြစ်တယ်၊ ယဉ်ကျေးမှုဖြစ်တယ်။ ကုလား ဆိုတာ တိုင်းတစ်ပါးကနေ ကူးလာ တာကိုစွဲပြီး ကုလားဖြစ်လာတာလို့ အများဆုံးအဓိပ္ဗါယ်ဖွင့်ကြတယ်။ ဒါပေမဲ့ တချိန်က မြန်မာပြည်မှာ အင်မတန် အောက်တန်းအကျဆုံးလို့ ပြောရမဲ့ မိလ္လာလုပ်ငန်းကြီးတစ်ခုလုံးနဲ့ အောက်ခြေသိမ်းအလုပ်မှန်သမျှ ကုလားတွေလုပ်သွားတယ်၊ အသားကမဲမဲ စူးစူးရဲရဲအကြည့်ကြောင့် လူတွေ မသိစိတ်မှာ အထင်သေးတာ ရှိကောင်းရှိနိုင်ပေမဲ့ မြန်မာတွေဟာ ကရုဏာနဲ့ ဆက်ဆံခဲ့တာ ဦးအပါအဝင် အဲဒီခေတ်ကိုမီသူတွေကို မေးကြည့်ပါ။
မိကေရဲ့စာကောင်းတစ်ပုဒ်ကို ပိုမှန်စေချင် ပြည့်ဝစေချင်တဲ့အတွက် ဦး ပြောလိုက်တာ သက်သက်ပါ။

kay said...

အထက်က လေးလေးနက်နက်ပေးလာတဲ့ ကွန်မန့် အတွက် ( ဦး ) ကို ကျေးဇူးတင်ပါတယ်။

လူမျိုး တခု နဲ့ တခု ကြား၊ အထူးသဖြင့် ၊ ငယ်ပေါင်းကြီးဖော် တွေ ဖြစ်တဲ့ ဗမာ နဲ့ တရုတ် - ကုလား တို့ ကြားမှာ၊ သဘာဝ အလျောက်ဖြစ် တည် နေလာကြတဲ့၊ လူမျိုးရေး အထင်အမြင်ဆိုးလေး တွေ၊ အတွင်းစိတ် တွေ မှာ ခိုအောင်း နေကြတာ လက်ခံ ရ မှာပါ။ လောကမှာ လူတိုင်းကို ညီမျှခြင်း ချ လို့ မရ ဘူး ဆိုတာ၊ နိမ့်ကျ ဆင်းရဲ မွဲတေ တဲ့သူ တွေ အများအပြား ရှိနေတယ် ဆိုတာလည်း လက်ခံရမှာပါ။ သို့သော်လည်း လောကနီတိ တခု လို ဖြစ်သင့်တဲ့ တရားတခု ကတော့၊ အခြေခံ အကျဆုံး လူသားသိက္ခာ တခု ကို၊ အသိအမှတ်ပြု ခြင်းပါပဲ။ ဒါကလည်း တယောက်ခြင်း ရဲ့ နေထိုင်မူ အကျင့်အကြံ ပါပဲ။ တရား လို့ ဆိုသော်လည်း လူတိုင်းမှ မလိုက်နာ နိုင်ပဲလေ။ ဒေါ်စု ဆောင်းပါး မို့ ဒေါ်စု စကား နဲ့ ပြန်ကောက်ရရင်တော့- လောကမှာ လူ ၂ မျိုးပဲ ရှိတယ်။ သင်လို့ရတဲ့ လူ နဲ့ သင်လို့ မရ တဲ့သူ ပဲ တဲ့။ ability to learn and inability to learn လို့ ဆိုတယ်။ ဆိုတော့.. သင်လို့မရ နိုင်တဲ့ သူတွေ ကိုတော့ ပင်လယ်ထဲ ပြစ်ချ လို့ မဖြစ်ဘူး ထင်ပါရဲ့ ။း)