ဘာရယ်လို့ မဟုတ်..ဘာလို့ရယ်လည်း မပြောတတ်

ဘလော့ဂင်းမှာ..ဂငယ်ပုံ မျဉ်းကွေး ကြီး ရှိ ကြောင်း... မနော်တို့ ပန်ပန် တို့ ကလည်း.. ပြော လာတယ်။

တကယ် ကတော့.. လောက သဘာဝ ကိုက.. သံသရာ ဆိုတဲ့..လည်ပတ်ခြင်း ခြားရဟတ် အတက်အကျ နိယာမ ပေါ်မှာ..အခြေခံ ထား တာမို့... ဘလော့ တင် မကပါဘူးလေ...။ စတော့ ရှယ်ယာ တွေလည်း တက်လိုက်..ကျလိုက်.. ခင်မင် ရင်းနှီးမူတွေ လည်း..နီးလိုက်..ဝေးလိုက်..။..ရာသီဥတုတွေလည်း..ပူလိုက်..အေးလိုက်...။ အေးတာရယ်..ပူတာရယ်.. ။ အေးပြီးရင်..ပူမယ်..ပူပြီးရင်..အေးမယ်...။ အေးတာများရင်...ပူ(.နွေး)ချင်တယ်...ပူလွန်းတော့.. အေးချင်လာပြန်..။ ရေး တာများတော့ တွေးခြင်လာပြန်... ။ တွေးရင်းကနေ..ရေးခြင်တာတွေ..လျှံကျ လာပြန်..။ ဒီလို နဲ့ပဲ....

မျဉ်းကြီးက..ကွေး သထက် ကုပ် လာခါ မှ နေရော...အချိန် နဲ့ လုပ်စရာ တွေကို.. မေ့ထားလို့ မဖြစ်ဘူး ဆိုတာ.. သတိ အခါခါ ကပ်နေရင်းက ကို... အသက်နဲ့ အဝေးကြီး ပါပဲ...ဆိုပြီး.... ဆက်တော့ ရေးနေ ချင် မိ သေး တာပါပဲ..။

.ပြောရင်း ဆိုရင်း.. ခုတလော ခေတ်စားနေတဲ့.. ဘာသာစကားအဖွဲ့ ဆိုလား..သံတူကြောင်းကွဲ အဖွဲ့ ဆိုလား..တပုဒ်တောင် ခေါင်းထဲ ရောက်လာ ပြန်...

“ အသက်နဲ့ ဝေးနေရတဲ့..ဝေဒနာ
ဆိုးလိုက်တာ ... ဆိုပေမဲ့..
အသက်နဲ့ ..ဝေးပါတယ်..”

ကဲ..ဟုတ်လား..မဟုတ်လား တော့ မသိဘူး..။ ကိုယ့်ဟာနဲ့ ကိုယ်တော့..ဟုတ်တာပဲ...။ အဲဒါပဲလေ ..ဘလော့ဂင်း ဆို တာ..။

တကယ်က.. ခုနောက်ပိုင်း... ရေးချင် လာတာက..ထူထူ ထဲထဲ .. ပြစ်ပြစ် နှစ်နှစ် လေးတွေ ရယ်..။ ခေါင်းထဲ မလဲ.. ရေးမယ်ဆိုပြီး ပလုံစီ လို့...။ ခက်တာက.. စာရေးခြင်း နဲ့ အသက်မွေး နိုင်လောက် အောင်.. အရည်အချင်းလဲ.. မရှိလေတော့....ဒုတိယ ဦးစားပေး ထဲ ရောက် ရောက်သွား ကြ ပြန်ရော...။ ဟိုဟာ ဒီဟာ တွေ ထပ်လုပ်ရင်း..တတိယ ဦးစားပေး ထဲ မရောက်ခင်တော့.. တခုခု ချ ရေး ဖြစ်မယ် ထင်ပါတယ်လေ...။ ခုတော့... နွေရာသီ မို့.. ပေါ့ပေါ့ ပါးပါး လေး တွေပဲ ရွေးဝတ် ရင်း...လျှပ်ပေါ်လော်လယ် မဖြစ် ယုံလေး တော့..ရေးချ လိုက်မိ ပြန်တယ်..။ ဘလော့ဂင်း စတိုင်လေး ပေါ့လေ..။

ဟုတ်တယ်.. ဒီ မှာ ကတော့.. နွေရာသီ မှ.. နွေရာသီ ရဲ့ အလယ်ခေါင် တဲ့တဲ့.. အပူဆုံးလ..။ တောင်ကမ္ဘာ ခြမ်း အစွန်း ဆိုတော့လည်း.. အများစု ကမ္ဘာသား တွေ နဲ့ ခြားနား လို့.. ချွေးပြန်တဲ့..ခရစ်စမတ် ကို ကျော်ဖြတ်ပြီး သကာလ.. ဇန်န၀ါရီ ရဲ့ အပူဆုံး ရက်တွေ ကို ရင်ဆိုင် နေရ တုန်းပဲ..။ အမြင့်ဆုံး စံချိန် တွေက.. ဟိုမှာ လည်း..ကျော်ဖြတ်..ဒီမှာ လည်း.. မြင့်တက် နဲ့.. ၄၂ ဒီဂရီ စင်တီဂရိတ် တို့.. ၄၃ တို့..၄၄ တို့ ဆိုတော့...ကမ္ဘာကြီး ပျက်မဲ့ အကြောင်း ဆိုတာ..ခေါင်းထဲ ခဏ ခဏ ရောက်လာတယ်..( အဲ.. ကမ္ဘာပျက်မယ် ဆိုမှ... ကမ္ဘာပျက်ကာနီးရင် လို့.. အိန္ဒြာ ရေးခိုင်း ထား သေး တာပဲ.. နေအုံး..ကိုတင်မင်းထက် ရေးခိုင်းထားတဲ့..ပထမဆုံး ကဗျာ ဆိုတာလည်း.. သိလဲ မသိတော့ဘူး.. ရှိကို မရှိတာပါ...ကဗျာ ဆိုတာကလဲ..ကိုယ်ဝတ် တတ်တဲ့..ဂျင်းဘောင်းဘီ မျိုးမှ မဟုတ်တာ..ခု တော့..ဂျင်းစကပ်အတို တွေပဲ ရွေးဝတ်နေ ရပြီ..) အဲဒီ လောက် ပူ နေ တုန်း.. သူများ တွေ ဆီမှာတော့..ရေခဲမှတ်အောက်..၂၀ တို့ ဘာတို့ ။ ပင်လယ်အောက် သွားနေတဲ့..ဥရောပ ရထားကြီးတွေ တောင် ပိတ်မိ ကုန်တယ် ဆိုတော့.. အူတွေ ယားလိုက်တာ..။

မသိပါဘူး.. တလောက..ဖတ်လိုက်ရတဲ့.. တော်ဖလာ စာအုပ် ထဲ မှာလည်း.. တတိယ လှိုင်း ခေတ်မှာ.. အပြောင်းအလဲ တွေက.. ရုတ်ခြင်း..မထင်မှတ် တဲ့ နေရာက.ဗြုန်းဆို..ပေါ်လာ လိမ့်မယ် လို့.. ပရောဖတ် ပြု ထား တော့..တွေးကောင်း ကောင်း နဲ့ တွေး နေတုန်း..ဟေတီ မှာ . ကမ္ဘာကြီးက.. ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲ ပြလိုက် တာ.. ဟဲ့... သင်းတို့ အနာဂတ္တိ ဆရာ တွေ ဟောတာ.. မှန်လိုက်တာ..မှန်လိုက် တာ လို့....ရေရွတ်ရင်း...ပိုက်ဆံ အိတ် ထဲက.. တထောင်တန် ရဲ့ နံပတ် တွေ ကို.. အီးတီ ရွတ်ပြ လိုက် သလို.. အံ့သြ မှင်သက် နေ မိသေးတယ်။ ၂၁ရာစု မှာ.. စီးပွားရေး ဒုက္ခသည်..စစ်ရေး ဒုက္ခသည်..နိုင်ငံရေး ဒုက္ခသည် တင်မက.. ပညာ ဒုက္ခသည်.. စာပေ ဒုက္ခသည်.. နဲ့...သဘာဝဘေးဒဏ် ဒုက္ခသည် တွေပါ.. တိုးပွား များပြား လာ လိုက်တာ.. ဒုက္ခသည် ကမ္ဘာကြီး ဖြစ်နေ ပါပြီ ကော...။

တော်ဖလာ က ပြောသေးတယ်.. တတိယလှိုင်း ဆိုတာ.. နည်းပညာ ခေတ်.. အိုင်တီ ခေတ် တဲ့..။.. အုန်းခွံရောင် အင်တာနက် မြင်း ကြီး ကိုမှ.. မစီး တက်ရင်..မစီး နိုင်ရင်.. ရှင်လျက် နဲ့ သေရ တော့ မယ် လိုလို ဆို ထားလေတော့.. ဇက်ခွံ့ တာတွေ ..ကုန်းနှီးလဲ တာတွေပါ.. သိအောင် လုပ်ရ တော့တာပေါ့..။ လိုအပ်ရင်..ခွါတွေ ဘာတွေ..ရိုက်တတ် ထား ဦး..။

အဲဒီမှာ.. ဂွကျ တာပဲ..။ ခရစ်စမတ် မတိုင်ခင် လေးက.. ခဏ ဆိုပြီး .. မြေနီနီ သဲကန္တာ မြို့ကလေးက နေ.. အပူရှောင်ရင်း...ထွက်လာလိုက်တာ.. ခုတော့.. မြို့တော်ကြီးမှာ..ပြောင်းရွှေ့ နေထိုင်ဖို့ အကြောင်း ဖန် လာ တယ်။ အဲဒီတော့.. နေရာဟောင်းက .. အန်လမစ်တက်.. ဘရော့ဘန်း လေး ကို.. ဘယ်သို့ ဘယ်ပုံ လုပ်ရ မလဲ ဆိုတာ.. ဖြစ်လာရော..။ တနေ့ ထမင်း ၃ နပ် သာ မစားပဲ နေနိုင် ချင် နေနိုင်ကြမယ်.. အင်တာနက်တော့..ငတ်လို့ မှ မဖြစ်တာလေ...ဟုတ်တယ် မဟုတ်လား.. ။ ရောက်နေတဲ့.. တလ ကျော် အတွင်းမှာ.. ၀တ္တုလေး အပြီးသပ်ရင်း.. ပရီပိတ် တွေ သုံး တာလည်း.. ရာကျော် ကုန်ပြီ ဆိုတော့.. လိုင်းရွှေ့ ဖို့ အလုပ်မှာ..ပိတ်ရက် တွေ ခံ.. ထုံးစံ အတိုင်း.. အော်ဇီ တွေ အလုပ်လုပ် ပုံက.. ဟန်တခါပြင်..ရွှေစင် ဆယ်တင်း ဆိုတာလို မို့.. တပတ် ကျော် လောက်..ဆက်စောင့် ပေ ဦး။ ဘလော့ မလည်နိုင်.. မနှုတ်ဆက် နိုင်.. မိတ်ဆွေ တွေ နဲ့ အဆက်အသွယ် ပြတ် နေခဲ့တယ်..။ ကိုယ့်ဘလော့ ကို လာဖတ် တဲ့ သူတွေ ကိုလည်း..သေချာ ကျကျ နန စကား မပြန်နိုင် ခဲ့ဘူး..။

မျက်နှာ စာအုပ် တို့ ဘာတို့ ဖက် ဆို.. ရောက်ကို မရောက် တော့ဘူး..။ ဒါလည်း တမျိုး ကောင်းသွား တာပါပဲလေ...။ ခေတ်ကြီးက..အန်လမစ်တက် လိုင်းတွေ ဘယ်လောက် ပေးပေး.. လူတွေက တော့ ...လမစ်တက် ဖြစ်နေ တာ ကိုး..။ ခုနောက် ပိုင်းလည်း .. မျက်နှာ စာအုပ် ကို..သိပ်ကို မသွား ဖြစ် တော့ တာပါ...။ ဗိုလ်ချုပ်ဈေး မျက်နှာခြင်း ဆိုင်..ကော်ဖီဆိုင်ထဲ က... နေကာ မျက်မှန်တပ် ထိုင် ကြည့် နေရာ ကနေ...ထပြီး.. ဗိုလ်ချုပ်ဈေး ဖက် ထွက် လာ မိသလို.. ခံစား ရပြန် တယ်..။ ဂုံး ကျော် တံတားပေါ် ကပဲ သွားရ မလား.. အ၀ါရောင် မပေါ်တဲ့..မျဉ်းကျားကို ရှာ မတွေ့ လို့... မော်တော်ပီကယ် ပဲ..ဖမ်းခံ ထိ မလား... လက်ဝဲဖက် က ကားရှင်းလို့.. အမြန်ဖြတ် ထား...လမ်း အလယ်ခေါင် ရပ် နေတုန်း....လက်ယာဖက် ကားတွေ.. တ၀ုးဝူး နဲ့ အသွား.. ကျောဖက်က.. ၀ှီးကနဲ..၀ှီးကနဲ ဆိုတော့ လည်း..နောက်ကျောက မလုံ ....လူအုပ်ကြီး နောက်သာ..ရော ယောင် လိုက် ရင်း... မျက်စိတွေ နောက်.. အာခေါင် ခြောက် စရာ ကောင်းနေ တော့တာ..။

ဘာပဲ ဖြစ်ဖြစ်လေ.. လူတွေရဲ့ နေ့စဉ် နေထိုင်မူ ပုံစံ တွေ ပြောင်းလဲ လာနေ တယ် ဆိုတော့ ..ပြောင်းရင် .. ပြောင်းတယ်.. လို့ မှတ်ပေါ့..။

အင်တာနက်က..လမစ်တက် ဖြစ်နေ တုန်း.. အပြင်လောကကြီး ထဲ.. ပို သွား ဖြစ် ခဲ့ တယ်..။ ဘန်ကောက်က.. အလည်လာ တဲ့ သူငယ်ချင်း ကို..ဟိုဒီ လိုက်ပို့ရင်း.. နွေနေ ပူပူ ထဲ.. အထူး နေလှမ်း စရာ မလိုပဲ.. အသားတွေ ကြေးနီရောင် တောင် ဖြစ် လာ တယ်။ မနေ့ ည ကတော့.. အော်ဇီ အမျိုးသားနေ့ ကြီး ကို.. အနောက်ဖက် ကျွန်း မြို့တော်ကြီး မှာ.. အထူး ကျင်းပ မယ် ဆို တာနဲ့.. ပထမ ဆုံး အကြိမ်.. သွားကြည့် ခဲ့ ကြ သေးတယ်..။ ဒီမှာတော့.. ပျော်ပွဲ ရွှင်ပွဲ တွေ ကို ..သူ့ ပြည်နယ် နဲ့ သူ ခွဲလုပ် ကြ တော့.. နှစ်သစ်ကူး တုန်းက.. ဆဒ်ဒနီ တံတားကြီး ပေါ်မှာ.. လှပ ခဲ့ တဲ့.. မီးရှူး မီးပန်း တွေက.. ခု အမျိုးသား နေ့ မှာ.. အနောက်ခြမ်း မြို့ တော် ရဲ့.. ငန်းရိုင်းမြစ် ကြီး ထဲ ဆီ အလှည့် ရောက်လာတယ်။

ည..၇ နာရီ ခွဲ မှာ စမဲ့.. မီးပန်းပွဲ တော် အတွက်.. နေ့လည် လောက်တည်းက.. လူတွေ.. ကမ်းခြေ ဖက် ကို တရွေ့ရွေ့ နဲ့...။ ကိုယ်တို့ နှစ်ယောက်လဲ.. ခုမှ တောက တက်လာတဲ့ သူတွေ မို့ .. အခင်းလေး တွေ.. ရေနွေး ဓါတ်ဘူးလေးတွေ.. စားစရာ လေး တွေ ..အိတ်ထဲ ထဲ့ပြီး.. စောစောစီးစီး..မြစ်ထိပ်က.. ပန်းခြံ ကြီးပေါ်..နေရာ တက်ဦး ကြတယ်။ အိုး.. လူတွေ ..လူတွေ..ဘယ်အချိန် ထဲက..လာ နေရာ ဦး နေကြ တယ် မသိ...။ အကောင်းဆုံး အလှဆုံး မြင်ကွင်း တောင်စောင်း တွေ တော်တော်များများ .. အကုန်..ပြည့် နေ ကြပြီ..။

အဆင်ပြေ တဲ့..တောင်စောင်း တခု ရဲ့ မျက်ခင်း စိမ်းစိမ်းပေါ် မှာ.. နေရာ ထိုင်ခင်း ချရင်း.. လှပ လွန်းတဲ့.. ကောင်းကင်ပြာကြီး အောက်က..မြစ်ပြင်ပြာ ပြာ ကြီး တလျှောက်...လူရောင်စုံ အရွယ်စုံ.. ပုံစံ အစုံ ကို....ငေးလို့ ကောင်း နေ တော့တယ်။



မိသားစု အကြီး ကြီး တွေ.. အတွဲ တွေ.. လူငယ် အုပ်စု လိုက်တွေ...ခုန်ပေါက် မြူးထူးနေတဲ့..ကလေးငယ်တွေ... အမဲရောင် အ၀ါရောင် အဖြူရောင်..အညိုရောင်..စုံလို့... ။ ပြောရရင် လည်း..ဒီမြို့ ကြီးမယ်..အ၀ါရောင် တွေ တော်တော့်ကို များနေ ပါပြီ...။ ပြောရင်း..ကိုယ့် အသားကို ငုံ့ ကြည့် ရသေးတယ်။ လောလောဆယ်တော့..နေလောင်ထားတဲ့ အရောင်ပဲ...။ထူးဆန်းတာတော့.. အရောင်စုံ လှ တဲ့ လူတွေ ထဲမှာ...နက်ပြာရောင်.. ဒေသခံ အဘိုရီးဂျင်း တွေ..တယောက်မှ.. မတွေ့ တာပဲ...။ နဲနဲပါးပါး..ကပြားစပ်တာ လေး တွေ တောင်...မမြင် မိသလို..။ သူတို့က လည်း.. သြစတြေလျ ကုန်းကြီးကို.. အနောက်တိုင်းသား.. သဘောင်္ မာလိန်မှူး တယောက် စ တွေ့ ခဲ့ တယ် ဆိုတဲ့...ဒီနေ့ ကို. အမျိုးသားနေ့ လို့.. ဘယ်လို လက်ခံ နိုင်ပါ့ မလည်း...။ ကျူးကျော်ရာ နေ့ ဆိုပြီး..သပိတ်မှောက် ကြတယ်..။ ခု တော့..ကျူးကျော် နေ လိုက် ကြတာ.. လူမျိုး ကို စုံလို့.. ။ ကိုယ်လည်း ကျူးကျူးကျော်ကျော်.. ဘေးနားက.. အဖြူရောင် သားအမိရဲ့..ခေါက်ခုံလေး ပေါ် လက်တင်ပြီး..သူတို့ ပြောတာ..နားထောင် နေ မိတယ်..။

“ Mum.. that's National Day..isn't it ? "
" yes..sweetie ... Invasion Day as well"

ဆံပင် ရွှေညိုရောင် နဲ့.. အဖြူရောင်..အမျိုးသမီး ရဲ့ အဖြေကို ..သဘောကျ နေမိတယ်..။ အင်း..သူတို့ မှာ.. သမိုင်းက..သမိုင်းပဲ.. ဘာမှ..ဟန်လုပ် ဖုံးကွယ်ပြီး..မျိုးချစ် စိတ် တွေ.. ထိုးထဲ့ သွတ်သွင်း နေဖို့ မှ..မလိုတာ..။

လှိုင်းတို ရေဒီယို စတေရှင်း တခု ကနေ.. simulcast လွှင့်ပေး နေတဲ့.. အမျိုးသား သီချင်း ကို လိုက်ဆို နေတဲ့..လူတွေ ရဲ့ အသံက.. ပေါ့ပ် သီချင်း တပုဒ်လို ပေါ့ပါး နေ ကြတယ်။ အေးပေါ့လေ..သူတို့ အမျိုးသား သီချင်း ထဲမှာ.ချွေးတွေ မပါဘူး..သွေးတွေ မပါဘူး.. အာဃာ တ တွေ မလိုဘူး... သမိုင်းတွေ မဲနက် နာကျင် မနေခဲ့ဘူး..။ ခဏ နေတော့.. တရုတ် တီးလုံး တခု ကို ပြောင်းသွားတယ်.. ပြီးတော့..အိန္ဒိယတီးလုံး.. အရှေ့ အလယ်ပိုင်း တီးလုံး.. နောက်တော့..ဒေသခံ..သစ်ခေါင်းမှုတ်သံ..။
ဘာပဲ ပြောပြော..ပေါ်လစီ တော့..ဆန်ရ သေးတာပဲ မဟုတ်လား ..။

ကောင်းကင် ပေါ်မှာ..ဟန်ရေးပြ ဖျော်ဖြေ ပေး နေတဲ့.. ဒုတိယ ကမ္ဘာစစ် တိုက်လေယဉ် ကြီး တွေ ကလည်း.. တဝေါဝေါ နဲ့.. ခေါင်း ပေါ် ဖြတ်ပျံလိုက်..မြစ် ထဲ..ဂျွမ်းထိုး လိုက် လုပ်နေ ကြတယ်..။ ဝေါ ကနဲ ခေါင်းပေါ် ရှပ်ပျံ သွားတဲ့..တိုက်လေယဉ် ကြီး တွေ ကို...ဟေးကနဲ... ခုန်ပေါက် လက်မြှောက် အားပေး နေကြတဲ့..လူတွေ ကို ကြည့်ရင်း...ခုလို မျိုး..ဒုတိယ ကမ္ဘာစစ် တုန်း ကသာဆို ..လူတွေ ဘယ်လောက် တောင်..သွေးပျက်ခဲ့ ကြ မလဲ လို့.. မလိုအပ်ပါပဲ.. နောက်ပြန် တွေး လိုက် သေး တယ်။ လူတွေ နဲ့...လောက ကြီးက လည်း ..လိုက်လဲ လိုက်ပါ့..။

မီးရှူး မီးပန်းတွေ.. ဖောက်တဲ့ အချိန် မှာတော့.. ငန်းရိုင်းမြစ်ပေါ်က.. ကောင်းကင်ကြီး တခုလုံး.. နက်ပြာမှောင်သွားခဲ့ပြီ...။




အိန္ဒိယ သမုဒ္ဒရာကြီး ကနေ.. ရက်ရက် ရောရော.. လှလှပပ..ကွေ့ ကောက် စီးဝင်လာ တဲ့ မြစ် ၀ိုင်း ၀ိုင်း လေးက.. ဒီ မြို့ ကြီးကို.. ကမ်းပါး လေးတွေ အများကြီး နဲ့ ပိုပြီး တော့.. သာယာ နေ စေ
တယ်။ ကောင်းကင်ကြီး ပေါ်က.. ဆန်းပြား လှပ တဲ့..မီးရှူးမီးပန်း ရောင်စုံတွေ ကို.. စိတ်လွတ် ကိုယ် လွတ်..ငေးမော အားပေး နေကြတဲ့.. သုံးဖက် သုံးတန် ကမ်းလုံးညွတ် လူ တွေ ကလည်း.. လူ့ဘ၀ ရဲ့ အခိုက် အတန့် တခုကို.. သာယာ နေစေ တာပါပဲလေ...။

ကဲ....ရေးလိုက်တာ..ဟိုရောက် ဒီရောက်..
ဘာရယ် လို့ မဟုတ်...
ဘာလို့ ရယ်လည်း.. မပြောတတ်...
စာတပုဒ် တော့.. ဖြစ်သွား ပြန်ပြီ။




Share/Bookmark

15 Comments:

ကိုအောင် said...

စာလာဖတ်သွားတယ် မကေ ပို့စ်အသစ်တွေ မျှော်နေအုံးမယ် ...း)

Anonymous said...

ဘာရေးရေးဖတ်ကောင်းနေတာပဲ ကြီးကေ
ခဏတော့ ပျော်ရွှင်သာယာခဲ့မှာပဲ။
ကောင်းတယ် များများသွားပေး။

“ခေတ်ကြီးက..အန်လမစ်တက် လိုင်းတွေ ဘယ်လောက် ပေးပေး.. လူတွေက တော့ ...လမစ်တက် ဖြစ်နေ တာ ကိုး..” တဲ့
မှန်၏ ကြီးကေ။

T T Sweet said...

ဘာရယ်လို့မဟုတ်ဆိုလာဖတ်တာ အော်ဇီအကြောင်း တစေ့တစောင်း သိသွားပါသည်။ အော်ဇီက native တွေမှာ နာကျည်းမှုတွေရှိတယ်ဆိုတာတော့ ကြားဖူးနေပါတယ်။

ကဗျာရေးတာဆိုရင်တော့ ကိုတင်မင်းထက် ပါ ။ "ထိုက် " မဟုတ်ဘူးနော် ... မကေ။

သက်ဝေ said...

ကေ..
စောစောစီးစီး အသစ်တွေ့လို့ လာဖတ်ပါတယ်...
ဟုတ်တယ်..
အင်တာနက်က အန်လစ်မစ်တက်ဖြစ်ပေမယ့် လူက လစ်မစ်တက်ဖြစ်နေလို့ ဘာမှမရေးနိုင်တာတောင် ကြာပါရောလား... ဟိုတစ ဒီတစ အတိုအထွာလေးတွေနဲ့သာ...း))

ဒါပေမယ့် အင်တာနက်ထဲမှာ အချိန်လုံးနေနေပြန်တော့လဲ လူက Isolate ဖြစ်မှန်းမသိ ဖြစ်လာသလိုပါပဲ...

အခုတလော ဘာတွေလုပ်ချင်နေ... ဘာတွေ ဖြစ်ချင်နေမှန်းကို ရေရေရာရာ မခွဲခြားတတ်တော့ဘူး.. သေချာတာကတော့ မလုပ်မဖြစ်တွေ၊ တာဝန်နဲ့ ဝတ္တရားတွေအတွက် အချိန်တွေ အများကြီး ကုန်နေရတယ် ဆိုတာပါပဲ...း)

နေရာအသစ်မှာ ကေ ပျော်ပါစေ...

tin min htet said...

အကြွေးမဆပ်ရင်လည်း ရပါတယ် :P
(ကျွန်တော် တဂ် ကတည်းက အဆင်ပြေလို့ ရေးပေးရင် ငယ်လက်ရာလေး ဖတ်ရအောင်လို့ပါ။ အကြွေးလို သဘောမထားပါဘူါး။)

ဘောင်းဘီဝတ်မိုးတိမ် မရေးဖြစ်ရင်လည်း။ ဂျင်းစကပ်လို ခပ်တိုတို စာလေးတွေ ရေးပါဦး :)

ကိုရင်နော်ခင်လေးငယ် said...

မကေ...

ဘာလို့ရယ်လည်း မဟုတ်တဲ့
လစ်ဟာမှု ဘာမှ မရှိတဲ့ စာကောင်းလေး
ဖတ်ပြီး ပြန်သွားပါတယ်ရှင်ဗျာ...

ခင်မင်လေးစား ချစ်ခြင်းအားဖြင့်...

Moe Cho Thinn said...

ကေက စာတွေ အများကြီး ရေးချင်နေတာ၊
တို့က ဘာမှကို မရေးချင်နေတာ..း))

MANORHARY said...

ခုမှ ဆစ်ဒနီလာသတဲ့
မုန်းလိုက်တာ
ခေါ်ဘူး
ပူစမ်းပါစေ ဆစ်ဒနီနွေရေ
ကေ မပြန်ခင်ထိ ပူစမ်းပါး))
ဒါထက် စကားမစပ်
ဖတ်ကောင်းလိုက်တာ ကိုယ်မသိတဲ့နေရာတစ်နေရာ
ရောက်သွားသလိုပဲ
ဘာတဲ့ သမိုင်းတွေက မည်းနက် နာကျင်မနေဘူးတဲ့လား
..............
.........................

kay said...

မဆွိရေ.. ညက..အိပ်ချင်မူးတူး နဲ့ ဖြစ်သွားတာ..နဂိုက..စာလုံးပေါင်း.သတ်ပုံ... ကောင်းကောင်းနဲ့ ဆိုတော့..း)
ရှူး..ကိုတင်မင်းထက် မကြားခင် ပြင်လိုက်ပြီ..။

မနော်.. ပြန်လာဖတ်... ဆဒ်ဒနီ မလာပါဘူးနော်..ဟွန်း..

ခင်လေး နဲ့ ကိုရင်.. ကျေးဇူးပါပဲ နော်..။ ကိုအောင်ရော..
ခါတွန်.. မသက်ဝေ.. လမစ်တက် ကားပဲ ၀ယ်စီးလိုက်တော့မယ်နော်..

မချိုသင်းရဲ့.. ရေးပါအုံး..ဘလော့ အသစ်ကလေးကို.. သနားပါအုံး..း)

နွေဆူးလင်္ကာ said...

ကျနော်လည်း ဟိုရောက်ဒီရောက် ဖတ်သွားပါတယ်။

ကလူသစ် said...

ခေါင်းနဲနဲမူးသွားတယ်

Eaindra said...

ဟိုဟိုဒီဒီတွေရေးထားတာက တော်တော်လေးဖတ်ကောင်းပြီး
ဖတ်ရင်းပြုံးနေမိတယ်..

ပြုံးပြုံးလေးဖတ်နေတာ ဒီပိုစ့်ကို..

မကေရေ..ကမ္ဘာပျက်မယ့် အကြောင်းက အခုခေတ်မမှီတော့ဘူးတဲ့ နောက်တစ်မျိုးပြောင်းtag မလားလို့..ဟားဟား..

စကားမစပ်
သရဲချောချောတယ်ဆိုတာ မကေမြင်ဖူးသွားပြီ..ဟုတ်..

(မှတ်ချက် ။ ။ အိန္ဒြာတစ်ယောက်တည်းကိုဆိုလိုသည်။ စိတ်ကောက်မှာစိုးလို့..းP)

ချစ်ခင်စွာ

အိန္ဒြာ

ချစ်ကြည်အေး said...

မကေ ဘာရေးရေး ဖတ်ကောင်း နေတာပဲ....တို့က ဘလော့ ဂငယ်ကွေး ရဲ့ ဘယ်ဘက် အောက်ခြေက အခုမှ စမှာ ဆိုတော့...အပေါ်ဆုံး ပိခ် ကို အောက်ကနေ မော့ကြည့်ရင်း မောလာသလိုလို....:))

rose of sharon said...

လာဖတ်သွားတယ်ကေ.... ဘာရယ်မဟုတ်လေးက ကေရေးထားတာ ဖတ်လို့ကောင်းနေတာပါဘဲ...

tg.nwai said...

ကေရေ.. ဘာရယ်မဟုတ်ကလည်း စုံလို့ပါပဲ...တို့လည်း လူက လမစ်တက်ဖြစ်နေလို့ ဘလော့ဂ်တွေဆီတောင် မရောက်နိုင်ပြန်ဘူး..ကေရဲ့ အီးဘွတ်ခ်တောင် လာ လာပြီး ဒေါင်းတာ ခုထက်ထိ မရသေးဘူး..:(

ပို့စ်အသစ်တွေ မျှော်နေပါတယ်...:)