စိန်ပန်း နဲ့ ကံ့ကော်တွေ..အတူ ပွင့်ခဲ့တယ်

အဲဒီ ကောင်းကင် က..ကျယ်ပြောတယ်..။
တောက်ပ တယ်။
မှိုင်းမှုံ တဲ့ အခါလည်း ရှိရဲ့။
အမြဲတစေ တော့..ရင်ခွင်ကျယ် ကြီး ကို ဖွင့် လို့..။
-
အဲဒီ ကောင်းကင် ရဲ့ လွတ်လပ် မူကို..အမိအရ ဆုပ်ကိုင်ပြီး.. ရဲရဲ ရင့် တဲ့..ပြာပြာလွင် တဲ့..စိန်ပန်း တွေက.. စိတ်ထင်တိုင်း.. အပွင့် ရိုင်း တွေ.. ကျဲချ နေ တော့ တာ ။
-
အဲဒီ ကောင်းကင်..အမိုး ရဲ့ အောက်မှာပဲ..ကံ့ကော်တွေ ကတော့.. မြရွက်ချွန် တွေကို အကာအကွယ်ယူ လို့.. ဟိုး..အပင်မြင့် မှာ... ပွင့် သာ ပွင့် စေ .. မွှေးသာ မွှေးနေ.. မမြင် သာ..မခူးလွယ် .. အကြွေ ခက် .. အနေတတ်လေ သလား.. ။
-
++++++

နာဝါ လှေကလေး တွေရယ်..
ဆွေးသူ ကို ဖေးကူပါလှဲ့..
လမ်းကြုံရင်..
ခေါ်စေချင်ငဲ့…
ပြာရီလဲ့..ဆည်းဆာ ညချမ်းဝယ်..
နေညိုညို မောင့်ကို
လွမ်းမိတယ်..

ချက်ချင်းပင်..အင်းလျားစောင်း ပတ်လည်မှ စိန်ပန်း
ရွက်များ လှုပ်ရှား လာသည်။ လေမှာ ပျောင်းနွဲ့ ကြသည်။ နီရဲ သော အ၀ါပျောက် သည့်
ပွင့်ဖတ်များ ကြွေလျော ကြသည်။ “ လွမ်းစရာပင် သည်မှာ ရှိ၏.. ညှိ နှင့် လှည့်သို့..”
ဆိုတာ..ဒါပဲ။ ကေ့ ကို အဖော်စပ်စရာ မလိုပါ။ သို့လျှင်.. သစ်ရွက် လှုပ်သည် ကို
ပင်..ရယ်တတ် ငိုတတ်သော..အရွယ်မှာ..ကေ သည် ကောလိပ် ရောက်လာသည်။ ကောလိပ်မှာ..သူ့ကြမ္မာ သူဖန်တီး ဖို့ တစခန်း စပြီ ဆိုတာတော့..မရိပ် မိသေး..။

ဟော.. တိုက်ဆိုင် လှချည့်..။

-
ဖက်လက်စ.. “ ကေဖွဲ့ဆိုသီ..” စာအုပ် လေးကို.. အသာပိတ်ပြီး.. ရင်ဘတ်ပေါ်ကပ်ရင်း.. အံ့သြ မှင် သက် နေမိတယ်။

ကြည်အေး ရဲ့.. လှပ ခေတ်မှီ ပေမဲ့.... သဘာဝ ကျ နေ တဲ့.. စကား ပြေ အဖွဲ့အနွဲ့..လေးတွေ ကို..ပြန်လွမ်းရင်း.. ဒုတိယ အကြိမ် ထုတ်..ဒီ စာအုပ် ကလေး ကို.. ဒုတိယ အကြိမ် ၀ယ်ပြီး.. ဒုတိယ အကြိမ် ပြန်ဖတ် နေ မိတာ ။ အင်း.. ဒုတိယ အကြိမ် ဖတ် တာ..သေချာ ရဲ့လား..။ လွန်ခဲ့ တဲ့.. ၁၅ နှစ်လောက်က.. အင်းလျားဆောင်က.. အခန်းလေး တခု ထဲမှာ.. အတန်း ကောင်း ကောင်း မတက်..စာ မှန်မှန် မကျက်ပဲ.. ၀တ္တုထဲက..ကေ့ ကို အားကျ ပြီး.. အပြင်က..ကေ တယောက်.. ဒီ ၀တ္တုလေး ကို ဘယ်နှယ် ကြိမ် လောက် ဖတ်ခဲ့ မိမှန်း.. မ မှတ်မိ နိုင်တော့သလို.. အထဲက.. ဇတ် အဆင် ..အရေးအဖွဲ့တွေ က လည်း..သိပ် မရေရာ လှ တော့ဘူးလေ ..။

-
ပြန်ဖတ် တိုင်း လည်း.. ဟောင်း မသွားပဲ.. အမြဲ သစ်လွင် အံဝင်ခွင်ကျ နေ မြဲ ဖြစ် တဲ့.. ကြည်အေး ရဲ့.. ဇတ်ကောင် တွေ ကို လည်း .. ကိုစောညိန်း က ..ဖမ်းစားထား ခဲ့ ဖူး တာကိုး။ ပြီးခဲ့တဲ့.. သုံး-လေး ရက်ကပဲ.. ကိုစောညိန်း အကြောင်းလေး တွေ ဖတ်.. စာလေး တခု..ရေးခြစ်ရင်း..ဂီတနက်သန် သီချင်းလေး တွေ..ရှာဖွေ..ညည်းဆို နေ ခဲ့တာ..။ သိန်းဇော် အသံ နဲ့ ဆို ထားတဲ့ “ ဆည်းဆာ” ကို.. ထပ်ပြန် တလဲလဲ နားထောင်ရင်း..မောင်မောင်ညွန့် ထက် တောင် ပိုကြိုက်နေမိတာ လေ.. ။ ခု..ကြည့် စမ်း..။ ကြည်အေး ရဲ့..“ ကေ” ကလည်း.. ဆည်းဆာ ကို..ကြိုက်သတဲ့ ။

-
ဆည်းဆာ ကို လွမ်းမော ခံစားတတ်တဲ့ အရွယ်မှာ.. ကေ.. ကောလိပ်ကို ရောက်ခဲ့ တာပေါ့.. ။

+++++++

ချက်ချင်း ပြန်ဖွင့် လိုက် .. ရုတ်တရက် ပြန်ပိတ် သွားလိုက် ဖြစ်နေတဲ့.. လေးလ - ခြောက်လ စာသင် နှစ် တွေရဲ့.. ဆောင်းနှောင်း တရက်မှာ.. ရန်ကုန်တက္ကသိုလ် မော်ကွန်းထိန်း ရုံးခန်းထဲကို.. ညီအမ နှစ်ယောက်သား..အဆောင် စာရင်း လာကြည့် ကြ သည်။

-
“ အောင်မယ်လေး.. ညည်းကျမှ..အဆန်း..။ လူတကာ..အင်းလျားဆောင် နေချင်ကြတာ.. ဘယ့်နှယ့် အင်ကြင်းဆောင် နေချင်ရသတုန်း..”

-
သစ်သား ကောင်တာလေး ရဲ့ တဖက်..မျက်မှန် ထူထူကြီး ပေါ်ကနေ.. မျက်လုံးလှန်ကြည့် ပြီး..စိတ်မရှည် လက်မရှည် နားမလည် နိုင် ဖြစ်နေတဲ့..စာရေးမကြီး ရဲ့ အသံမာမာ ကြောင့် ..စူပုပ်ပုပ် ဖြစ်ချင် နေတဲ့.. သူ့ကို..မယု က.. အသာ ချော့ပြီး.. အပြင် ခေါ်ထုပ်လာတယ်။

မယု ပဲ လုပ်တာလေ..။ သူ ပထမနှစ် တုန်းက..ကျောင်းပိတ်လို့ ပြန်လာတိုင်း.. အင်ကြင်းဆောင် မှာ..ဘယ်လို ပျော်ဖို့ကောင်းတာ..လွတ်လပ်တာ…သမိုင်းဝန်း ထဲမှာ..ဘယ်လို သောင်းကျန်း ကြတာ..။ အဲဒါ တွေ ..တမေ့ တမော နားထောင်ပြီး.. သူလည်း..သူ့ တက္ကသိုလ် ကျောင်းသူ ဘ၀ ကို..အင်ကြင်းဆောင်..ဒါမှ မဟုတ်..သမိုင်းဝန်းထဲက..အဆောင်တခုခု မှာ.. နေချင် ခဲ့တာပေါ့..။ အခုကြတော့..အင်းလျားမှာ နေရမှာတဲ့..။ နီနီ ရဲရဲ..မှိုင်းမှိုင်း စိုစို ကြီး နဲ့.. အခါတိုင်း ဆို..အတန်း ကြီး သမားတွေ မှ..ပေးတတ်တာကို..။ အလိုလို မှ.. ကျောင်းတက် ရတာ..မပျော်ပါဘူး ဆိုမှပဲ။

-
“ ကောင်းတယ် ဟဲ့.. မိကေရဲ့.. အဆောင်ကြီး တွေမှာ..လူတိုင်း တောင် ရတာ မဟုတ်ဘူး..မယု က..ရတနာ ဆိုတော့.. နီးနီး နားနား..နင့်ဆီ အမြဲ လာ ကြည့် လို့ရတယ်..အိမ်က သိရင်..၀မ်းသာမှာ.. ပြီးတော့.. ဆိုက်ကို က ..မနိုင်လေ.. ၈ လမ်းထဲက..သူက..အင်းလျားမှာ.. ဟောကျူတာ.. ငါ..လိုက်အပ်ပေးမယ်..”

-
မတတ်နိုင်ဘူးလေ..ဘာပဲ ဖြစ်ဖြစ် နေရမှာပဲ။ သူ့မှာ..ပထမ နှစ် က ငါးလ လုံးလုံး..အပြင်ဆောင် နေလိုက်..အဒေါ်အိမ် နေလိုက်နဲ့..ကြားထဲမှာ..ကျောင်း က..ခဏ ပိတ်သွားသေးတယ် ။ အဲဒီ တုန်းက.. ဒေါ်အောင်ဆန်း စုကြည် နိုဘယ် ဆု ရတဲ့ လှုပ်ရှားမူတွေ ဖြစ်သေးတာကိုး။ စာမေးပွဲ ဖြေကာနီး မှ..ပုဂံ ဆောင်လေး..ခဏ ရတာ။ အခု.. အင်းလျား ဆိုလည်း..အင်းလျားပေါ့။


++++++

ကေသည် ကျောင်းသူ ရှစ်ဦး စုနေရမည့် အခန်း ၏ အလင်းဆုံး ထောင့်မှာ..နေရာရသည်..။

ရှစ်ယောက်ခန်း..??? ။ ဘယ်အနား က ပါလိမ့်။ သြော်.. ထောင့် ခန်းကြီး တွေ ဖြစ်မည်။ နောက်ကျ ၀င်တဲ့ လူတွေ ထားလေ့ ရှိတဲ့.. ဗီရို မပါ..ဇတ် သမတွေ လို.. သေတ္တာတွေ နဲ့နေရတဲ့ ..အ၀တ်ကြိုးတန်းတွေ မှာ..အ၀တ်တွေ တို့လို့ တွဲလောင်း နဲ့ ရှုပ်ပွ နေတဲ့.. ထောင့်ခန်းကြီး တွေ။ နေအုံး.. ဒီမှာ ပါတယ်။

“ ကျွန်မ နာမယ်က..မြကေခိုင်ပါ.. ကေ..တလုံးတည်း ခေါ်ရင်တော့..တိုတာပေါ့..
ကျွန်မ..၁၀၃-၁၀၄ အခန်းကျယ် မှာ နေပါတယ်…”

သေချာတာပေါ့..။ အိသွယ် တို့ မချောစု တို့.. နေခဲ့တဲ့ အခန်းကြီး..။ အင်းလျား မှာက.. အသစ် တွေ.. နဲ့..အတန်းငယ် သမားတွေကို..နှစ်ယောက်ခန်း တွေ ချက်ချင်း ပေးလေ့ မရှိ ဘူးလေ..။ အဲဒီ တုန်းက.. သူ တို့.. ဒုတိယနှစ်..ဘူမိ ၄ ယောက် ကတော့.. လေးယောက်ခန်း.. ၀မ်း-၀မ်း-ဆဲဗင်းန် (117) မှာ..ကွက်တိ ခွင်တိ။ မကွက် တိ ချင်တာက.. အခန်း ရဲ့ တဖက်မှာ.. လမ်းကလေး သာ ခြားတဲ့ .. အိမ်သာ ခန်း တွဲကြီး။ ပြီးတော့.. အခန်း နဲ့ တဲ့တဲ့..က.. မယ်ဇလီ ပင် ကြီးက.. သရဲ ခြောက်တယ် ဆိုတာ ။
-

++++++


“ …နင့်ဘော်ဒါတွေလည်း .ဘယ်သူ မှ မ၀င်သေးပါလား..ကောင်းတာပေါ့..လာ..လာ.. ဒီ ထောင့် လေး မှာ..နေ လိုက်..”

-
ပြောပြော ဆိုဆို..မယုကပဲ.. ကုတင်ပေါ်..ဖျာကို စခင်းလေပြီ။ အခန်း ရဲ့ ၀င်ပေါက် ၂ဖက် စလုံးက..စင်္ကြန် လမ်းတွေ ဖြစ်ပေမဲ့.. သူ ယူလိုက်တဲ့.. ဖက်ခြမ်းက.. အဆောင်ကြီး ရဲ့ အပြင်ဖက် ခြမ်း မို့.. ရေချိုးခန်း သွားမဲ့ လူ တချို့ကလွဲလို့.. လူသွားလူ လာ နည်း လှတဲ့..စင်္ကြန် ကို ကျော် ကြည့်လိုက်ရင်.. ပိန္ဒဲ ပင်တွေ..ကံ့ကော်ပင် တွေ..ရိပ်ပြီး သိပ်နေတဲ့.. အဆောင် ၀န်းခြံ ကြီး နဲ့.. ၀န်ထမ်း အိမ် လေး တချို့ပဲ မြင် ရသည်။ ကောင်းလေစွ ။
စာကြည့် စားပွဲ ပေါ်ကို.. ပလက်စတစ် အခင်းလေး ခင်းပြီး..စာအုပ် တွေ..စီ တင်ရင်း.. ထူထဲလှတဲ့..နံရံ ကြီးကြောင့်.. ပြတင်းပေါက် ဘောင် ကြီးက..ကျယ်ပြီး.. စားပွဲလေးလို ဖြစ်နေတာကို..သဘော ကျနေ မိသည်။

-
“အဲဒီ အပေါ်မှာ…ကျောက်ပျဉ်တို့.. မှန်တို့ တင် လို့ရတယ်..”


အိုး.. သူ ကလဲ..အဲ လိုပဲ တွေးနေမိတာပါ။ သူက တွေး ယုံ ရှိသေး..မယုက ပြတင်း သံဇကာ မှာ..ကြည့်မှန် ကို ချိတ်ပေး ပြီးသွား ပြီ။ အဲ.. မီးချောင်း လဲ ဆင်ပြီးသွား ပြီပဲ။ စိတ်မြန် လက်မြန်..လူသွက်..ခြေသွက် ကိုယ့် အမ အကြောင်း သိပြီးသားမို့.. သွားဖြဲ လေး နဲ့ပဲ..ကုတင် ခြေရင်းက.. အ၀တ် ဗီရို ထဲကို.. သေတ္တာထဲက.. အ၀တ် တွေ.. ထုတ်ပြီး..စီထည့် ရ တော့သည်။

-
“ ဟောဒီ.. ဗီရို အဆင့်ပေါ်မှာ.. ဟင်းပုလင်း တွေ..တင်..။ ဒီ တပတ်တော့..ငါလဲ..ငါ့အဆောင် ၀င်ဖို့ ရှိလို့.. ဘာမှ သိပ်ချက် မပေးနိုင်ဘူး.. နောက် တခေါက်မှ.. ၀က်သား ကြော်ပေး မယ်.. နော်.. ကဲ.. ဟိုးဖက် ကုတင် တွေ..မ၀င်သေး ရင်..ဒီည တော့..နင်တယောက် ထဲ အိပ်ရမယ်.. မကြောက်ပါနဲ့.. နောက်ဆို..ဒီလိုပဲ.. နေရမှာပဲ..ကဲ.. မယု ပြန်မယ် နော်.. .”

-
သူ့ထက် ၃ နှစ်ကျော်ကျော်ပဲ ကြီးပေမဲ့.. အစစ အရာရာ လိုက်လုပ် ပေး တတ်တဲ့..IR..နောက်ဆုံးနှစ် ကျောင်းသူ.. အမ ရဲ့ ထွက်သွား တဲ့ ကြော ပြင်ကို ကြည့် ရင်း.. အင်းလျား ရဲ့ ကန်ရိပ် တောရိပ် က.. ရင်ထဲ ထိ စိမ့် တက်လာသည်။ အဆောင် အတွင်း ဖက် ..လှမ်း ကြည့်တော့..ကျောင်းဖွင့်စ မို့.. လူတွေ သိပ်မ၀င်သေးတဲ့.. အင်းလျား ဆောင် အလယ် မျက်ခင်း မင်းလမ်းမ ကြီး ပေါ်မှာ..အဆောင်ဝန် ထမ်း တချို့ နဲ့.. အခန်း ခြေရင်း..မယ်ဇလီ ပင်ကြီး ဆီ..ပျံလာနေတဲ့..အိပ်တန်းပြန် ကျီး တအုပ် ကိုသာ မြင်ရသည်။မယ်ဇလီ ပင်ကြီး ဆီ ပြန်လာ နေ ကြ သည်။ ယောင်ချာချာ နဲ့ အပြင် စင်္ကြန် ကို ထွက်ရင်း..သံတိုင် တွေကြားက လှမ်းကြည့်တော့ လည်း.. သစ်ပင်ကြီး တွေ သိုသိပ် နေတဲ့.. ညနေစောင်း ရဲ့ ညိုတိုတို အရိပ်တွေ သာ.. ။ ညနေ ဆည်းဆာ တွေကို..သူ ဘာလို့ မနှစ်သက် နိုင် ရ တာ လဲ.. ။

-
+++++++


ပျင်းတွဲသော..အုန်းသီး မုန့်ကို စားရင်း.. လူ့ဘ၀ကြီးမှာ..နေရတာ.. ပျင်းလာလေ၏။
စာသင်ချင် စိတ်လည်း မရှိ။ ကေရဲ့ အလို အတိုင်းသာ ဖြစ်ရမယ် ဆိုလျှင်.. ဆင်းရဲမှာလည်း
မကြောက်။ သီချင်းဆို ပျော်ရွှင်လို့သာ နေနိုင်ပါသည်။ ဒါကြောင့်ပဲ မက်ထရစ် နှစ်ခါ
ဖြေမှ အောင်ခဲ့သည်။ ခုလည်း ဘီအေ အောင်-အောင် သင်ရ ဦးမည်။ ဘာဖြစ်လို့များ မေမေ ဖေဖေ က ကောလိပ် ပို့ချင်ပါလိမ့်။ ဘီအေ အောင်တော့ ရုံးမှာ အလုပ်လုပ်ဖို့လား။ ဘီအေ
အောင်သူမို့ ယောက်ျား ကောင်းကောင်း ရဖို့လမ်း ပိုများလို့လား…

ဝတ္တုထဲက ဇတ်ကောင် ကေ က.. ဘ၀ ရည်မှန်းချက် မများလှ..ပေါ့ပါး လှသည်။ တခါတလေ ကလေးဆန်ပေမဲ့.. ချစ်စရာ ကောင်းစွာ လည်း နူးညံ့ သိမ်မွေ့သည်။ တကယ် ဆို..လောက ကြီးမှာ..ပေါ့ပါးချင် တိုင်း ပေါ့ပါးလို့ မရသလို..အမြဲ နူးညံ့ သိမ်မွေ့ နေလို့ မတတ် နိုင်တာတွေ လဲ.. ရှိပေဦးမည်။ သူကတော့.. အရာရာကို အလေးကြီး သယ်ကာ.. အနက်ကြီး တွေး၍.. ရည်မှန်းချက် တွေ နဲ့..ခက်ထန် ခဲ့ဖူးသည်။

+++++++

“ သမီး ရယ်.. ဘူမိဗေဒ က..ကောင်းပါတယ်.. ဖေ ဖေ တောင်.. အိုင်အေ မှာ ယူခဲ့ သေးတယ်။ နောက်ပိုင်း.. စာတွေ တကယ် ခက်လာလို့..ကျောင်းသား သမဂ္ဂ ကိစ္စ တွေ နဲ့ မနိုင် လို့သာ.. ဆက်မ တက်ဖြစ်တာ.. မေဂျာ ဆိုပေမဲ့.. သူလည်း ပရော်ဖက်ရှင်နယ် ဘာသာရပ်ပါပဲကွဲ့.. သမီး ကြိုးစား ခဲ့တာတွေ.. အလကား ဖြစ်သွားတာ မဟုတ် ပါဘူး…”
-

ဖေဖေ ဘာပဲ ပြောနေ ပြောနေ.. သူ့ ဆောက်ထားတဲ့.. အိမ်ကလေး တလုံး.. မွမွကြေ သွား သလို.. တက္ကသိုလ် ၀င်ခွင့် ကဒ်ပြားလေးကို .. ဦးတည်ချက် မဲ့.. စိုက်ကြည့် နေ မိတယ်။ ခုန ကမှ.. စာပို့သမား ပို့လာတဲ့..ပျော့ ဖတ်ဖတ် ရှည်မျောမျော.. ကဒ်ထူ စာရွက်လေး ပေါ်က.. ခရမ်းပြာရောင်..မှင် နဲ့ တံဆိပ် နှိပ် ထားတဲ့.. ဘူ မိဗေဒ.. ရန်ကုန် တက္ကသိုလ်.. ခုံအမှတ် ၁၁ ဆိုတာလေး က.. မျက်စိ ထဲမှာ..၀ါး -- ၀ါး လာတယ်.။ ဒီ တဘာသာ လေး..အမှတ် နဲ သွားတာနဲ့.. သူ့အနာဂါတ် တခု လုံး.. အဲလို မှုန်ဝါး သွား တော့မှာလား။ ဒါတောင်..သူ့ရှေ့မှာ..သူ့လိုလူ ၁၀ ယောက် လောက် ရှိနေသေးတယ်ပေါ့။ ခေတ်ကြီး ကိုက.. ရွေးချယ်ပိုင် ခွင့်..ပါးရှား တဲ့ ခေတ်.. ဝေစု စနစ် ကျင့်သုံးတဲ့..ခေတ်..။ ပြီးတော့..ကြည့်လေ.. ကျား-မ ခွဲခြားကန့်သတ် တဲ့ အဖြစ်။ သူတို့ အတွက်တော့..မိန်းမ မို့..ယောက်ျားထက် ပို ကြိုးစားဖို့ လိုသတဲ့လား..။
-

“ ဒီမှာ.. မီး..လုံးဝ စိတ်ဓါတ် မကျနဲ့.. ဘူမိ မှာ..ဆရာမ ဒေါက်တာ ရင်ရင် နွယ် ဆိုတာ..နံမယ်ကြီး..။ အသက် ၂၅ နှစ် နဲ့.. ဒေါက်တာဘွဲ့ ရတာ။ စာသိပ်တော် တာ..။ သူတို့ခေတ် မှာ..တမင်တောင်..ဘူမိ ဗေဒ ကို ရွေးတက်ခဲ့ တာတဲ့.. ”

-
အန်တီ ရယ်.. မီး သိပါတယ်.. အဲဒီ ဆရာမ ကို..။ သူတို့က.. နံမယ်ကြီး.. လူချမ်းသာ..ကြေးရေတက် တွေ လေ.. လို့.. အတွေးထဲမှာ..တယောက်တည်း စိတ် အချဉ်က..ပေါက် မိ တော့တယ် ။

-
“ ဟဲ့.. နင်က.. ဘာလုပ်ဖို့..ဘူမိ ယူတာလဲ ဟဲ့.. မိန်းကလေး က ..ဘာလုပ်မလဲ..ဖီးလ် ဆင်းရင်.. စခန်းမှာ.. ထမင်းချက် ..ဒါပဲ..ငါတို့ တုန်းကလဲ.. ကောင်မလေး တွေ..ဒီလိုပဲ..မြေပုံလေး..ဟိုခြစ်..ဒီခြစ်..ဘရန်တန် တောင်..ဖြောင့်ဖြောင့် တိုင်းတတ် တာ မဟုတ်ဘူး..ကောင်လေး တွေပဲ.. လုပ်ကြရတာ..”

-
အိမ်ကို လာလည်တဲ့.. လေးလေး သူငယ်ချင်း.. အဲဒီ လူကြီး မျက်နှာကို..ပြေးကုပ်ဆွဲ ချင် လိုက်တာ..။ ဘာလုပ် လို့ ဘာကိုင်ရမှန်း မသိနေတဲ့.. ကလေး တယောက်ကို..အဲလို အားပေး တတ်အောင်.. ဒေးလ် ကာနယ်ဂျီ ရဲ့ စာအုပ်တွေ များ..ကျမ်းကျေ နေရော့သလား..။ အိမ်အပြင် ကို ပြေးထွက် ရင်း..မိုးရေ တွေ ထဲမှာ.. ငို နေ မိတယ်။ ဒါ ဆို.. ငါ.. ဘာ လုပ်ရ မှာလဲ.. ။

-
++++++
အထွေး က ဒေါသ ထွက်၏။ “ ဘာဖြစ်လို့ မဆိုရမှာလဲ..ကေရဲ့၊ မမိုက်ချင်စမ်းပါ နဲ့၊
ဘီအေ အောင်-အောင် သင်တယ် ဆိုတာက..လူတိုင်း လုပ်လို့ရတဲ့ အတတ်ပါ --------
ကေသည် တွေဝေ၍ နေသည်။ ကောလိပ် သွားချင်ရင် သီချင်း မဆိုရဘူး။
တီးဝိုင်း တွေနဲ့ အဆက်ဖြတ်ရမယ် ဟု မေမေ ပြောခဲ့သည် ကို
သတိရ၏။ ----------
-
ဝတ္တုစာအုပ် လေး ကို ဘေးချ လိုက် ..ကွန်ပြူတာ မျက်နှာပြင် ကို ငေးကြည့် လိုက် .. ကီးဘုတ်ပေါ်..လက်တင် ချင် သလို ဖြစ်လိုက် နဲ့.. တွေဝေ နေ မိသည်။
ဒီစာအုပ်ကလေး ကို ပြန်ဖတ် ကြည့်တော့.. ၁၅ နှစ် ဆိုတဲ့..အချိန်ကလာ အတွင်း မှာ..အားလုံး..အသစ်တွေ ပြန်ဖြစ် နေပြန်ပြီ။ ဖတ်တော့ ဖတ်ခဲ့တာပဲ.. တခုတ်တရ ကို အဟောင်းတန်းက..၀ယ်ဖတ် ခဲ့တာ။ အားလည်း ကျခဲ့ တာပဲ.. ကြည်အေး ကိုလား..ကေ ကိုလား.. အထွေးကိုလား.. သေချာ မသိတော့။ အခုလည်း.. ဒီ စာအုပ်က..သူ့ကို တစုံ တရာ လှုံ့ဆော် လာပြန်သည်။ နောက်ပြီးတော့..တလော လေး ကမှ.. အောင်ဖြိုး က.. ရေးပေးပါ လို့ ဆိုလာတဲ့.. အတိတ်က..ပန်းပွင့် တွေ အကြောင်း..။ တိုက် တိုက် ဆိုင်ဆိုင် ရှိလှသည်။ နားထောင်လိုက် မိတဲ့.. ကိုစောညိန်း ရဲ့ သီချင်းတွေ ကလည်း..ဒီ တိုက်ဆိုင်မူ ကို.. နူးနူးညွတ်ညွတ် တိုက်တွန်း ပို့ဆောင်ပေး နေ သလို..။
-
ဒါပေမဲ့..သူ အဲဒီလောက် အချိန်ပေးနိုင်ပါ့မလား..။ စိတ်ကူးယဉ် ကမ္ဘာငယ် လေး ထဲမှာ.. အတိတ်တွေ ပြန်ပြန် ထုတ်ကြည့် ရင်း..အချိန်တွေကို အလဟသာ ဖြုန်းတီး သလို များ ဖြစ်နေမလား...။ ဘာပဲ ပြောပြော..ဘ၀ ရဲ့အချိုးအကွေ့ တခု ဖြစ်တဲ့..မှတ်မှတ် ထင်ထင် အရှိခဲ့ဆုံး..အလွတ်လပ် အပျော်ရွှင်ဆုံး..တက္ကသိုလ် နေ့ရက်တွေ.. အဲဒီ ထဲကမှ.. အင်းလျားရဲ့ နေ့တွေကို.. စိန်ပန်းတထပ် ..ကံ့ကော် တထပ် .. ပြန်ပြီး..စီရီ ကြည့် ပါ ရစေ..။
-

စည်လွင်သော သူ့အသံသည် အင်းလျားစောင်း ၌ ပျံ့လွင့်ဆဲ။
ငြူစူတတ်သော၊ မနာလို တတ်သော၊ စိတ်များပင် ခဏ ဖြစ်စေ ထွက်ပြေး ပျောက်ပျက်
ကုန်သည်။ ထိုခဏ ၌ ခြံတွင်းရှိ ချဉ်ပေါင် ပန်းပွင့် ညိုများ၊ လိပ်ပြာ
ဝါဖန့်များ၊ ခရမ်းရောင် ထိကရုံး ဆူးပန်းလုံးများပင် လော ကမှာ ဘာကြောင့် ဂီတ ဆိုတာ
ရှိရသည် ဆိုတာကို နားလည် လိမ့်မည် ထင်သည်။
-
လောကမှာ ဘာကြောင့် ရသ ခံစား တတ်ဖို့ လိုတယ် ဆိုတာကို လည်း .. သူ- နားလည် ကြည့်ချင် လှပေပြီ။




( ဆက်ရန်)

blockquote များ သည်.. ကြည်အေး ၏ “ကေဖွဲ့ဆိုသီ” ၀တ္တု မှ စာသားများ ဖြစ်သည်။


Share/Bookmark

27 Comments:

tin min htet said...

မကေရေ ..

၁။ မကေ ဘလော့ဂ်ကို ကေဖွဲ့ဆိုသီ နာမည်ပေးပါလားလို့တောင် တနေ့က စိတ်ကူးမိသေးတယ်။

၂။ ရွှေင်္ဟသာမောင်နှံရယ် တောင်ပံယှက်ပြီ လည်ချင်းမှီလို့ .. ဆိုတဲ့ ဆည်းဆာက အခုတလော နားအထောင်ဖြစ်ဆုံးထဲမှာ ပါတယ်။

၃။ အဲဒီ စာအုပ်ပြန်ဖတ်ချင်စိတ်ပေါက်သွားပြီ။ ငယ်ငယ်က ဖတ်တုန်းကတော့ ကြိုက်ပေမယ့် အကြိုက်ဆုံးထဲမှာ မပါဘူး။ ခုတော့ ပြန်ဖတ်ချင်သွားပြီ။

အောင်သာငယ် said...

ဖတ်ဖူးတဲ့ စာအုပ်တွေကလည်း နှစ်တွေ ကြာလာတော့ ဘာအကြောင်းတွေ မှန်းတောင် မမှတ်မိတော့ဘူး...
တခါတခါတော့လည်း ပြန်ဖတ်ချင်တယ်...
တခါတခါတော့လည်း ဖတ်ချင်တာထက် ရေးချင်တာက ပိုများနေမိတယ်...
အတိတ်တွေကို သိမ်းထားတဲ့ အိတ်တခုထဲက ပြန်ပြန် ထုတ်ကြည့်နေမိသလိုမျိုးလေ...

(ဆက်ရန်)

ကွန်မန့်ကို နောက် တပို့စ်ကျမှ ဆက်ရေးပါမည်...း)

Maydarwii said...

မကေရေ ...
ကျမက အင်းလျားဆောင်မှာ မနေဖူးပေမဲ့ အင်းလျားဆောင်သူ သူငယ်ချင်းတွေရှိလို့ ခဏခဏ ရောက်ဖြစ်တယ်။ အဆောင်သူတွေရဲ့ ချစ်စဖွယ် အလေ့အထလေးတွေ မှတ်မိနေတုန်းပဲ။ အင်းလျားဆောင် ညစာစားပွဲလည်း သွားခဲ့ဖူးသေးတယ်။ အဲဒီတုန်းက အဆောင်သူတွေရဲ့ အငြိမ့် သိပ်ကြည့်ကောင်းတာပဲ။ အဆောင်သူတွေပဲ လူရွှင်တော်၊ အဆောင်သူတွေပဲ မင်းသမီး။ သူတို့ အငြိမ့်တိုက်ကတည်းက သွားသွားကြည့်ခဲ့တာ။ မင်းသမီးလေးကလည်း လှမှလှ။ နာမည်တော့ မေ့သွားပြီ။ လူရွှင်တော်လုပ်တဲ့ထဲမှာ မိုးဇလက ခပ်၀၀ ကျောင်းသူတယောက်က အရယ်ရဆုံးပဲ။ အဆောင်ညစာစားပွဲမှာ အင်းလျားဆောင်မှာ နေခဲ့တဲ့ အသက်အကြီးဆုံး ဖွားဖွားကြီး တယောက်လည်း လာတာတွေ့တယ်။ အင်းလျားဆောင်ကို ရတနာတို့ မာလာတို့ထက် ပိုချစ်တယ်။ အင်းလျားဆောင်နဲ့ ပတ်သက်ရင် အမှတ်ရစရာတွေ အများကြီးပဲ။
လွမ်းမိတယ် ... မကေ။

MANORHARY said...

ကေ ဖွဲ့ထားတဲ့ ကေဖွဲ့ဆိုသီကြောင့်
ကေဖွဲ့ဆိုသီကို ပြန်ဖတ်ချင်စိတ်ပေါက်သွားပြီ
တင်မင်းထက်ပြောသလိုပဲ ငယ်ငယ်ကတော့
အဲလိုမကြိုက်ခဲ့ဖူးဘူး အင်းလေ နာမည်ကမှ
ကေ မပါတာ နော့း))

littlebrook said...

အမရေ လှတယ်ဗျ .. ကျွန်တော်တို့မှာ ဘွဲ့ရတော့မှ ၀တ်စုံလေးဝတ်ပြီး တက္ကသိုလ်ဝင်းထဲရောက်ဖူးတာ ... အရင်ဆရာတွေရေးတာဖတ်ပြီး မှန်းဆရုံပေါ့ဗျာ ..

Aung Phyoe said...

မကေ "ကေဖွဲ့ဆိုသီ" မှာ အဆက်ရှိသေးတယ် .... "ဖူးငုံပွင့်သစ်" တဲ့ .. ဖတ်ဖူးတယ်မဟုတ်လား

မမသီရိ said...

ဆက်ရန်မျှော်နေပါတယ် ကေ
ဒီပို့စ်လေး ကတော့ ကြည်အေး ရဲ့အနုအရွ တွေနဲ့ အပြိုင် လှပနေလိုက်တာ

မေငြိမ်း said...

အမလည်း ကေဖွဲ့ဆိုသီကို မကြိုက်ခဲ့ဘူးဗျ..အဆောင်နေကျောင်းသူ မဟုတ်လို့ထင်တယ်နော်...
မောင် ကိုကိုနဲ့ မြနန္ဒာရယ်.. တမ်းတတတ်သည်ရယ်ကိုသာ အသေစွဲလမ်းခဲ့တာ..။
ခုကျတော့ တကယ် ပြန်ဖတ်ချင်သွားပြီ။

mirror said...

အစ်မရေ..အင်းယားဆောင်သူဘ၀လေး ရေးဖြစ်ပြီပေါ့။

မကြုံဖူး၊မရောက်ဖူး၊မခံစားဖူးတဲ့ တောသူမဆို
တော့ကာ သများရေးတာလေးတွေပဲ လိုက်ခံစား
ရတော့တာ။

ဆက်ပါ၊ဆက်ပါ။(မြန်မြန်)

khin oo may said...

အပြောကောင်းလိုက်တာ ကေရယ်။

Maung said...

ကောင်းပါ့ဗျာ..
အင်းယားဆောင်ကို အတွင်းအပြင်ရင်းနှီးဖူးခဲ့တဲ့
မောင်နှမအဆာင်..ဒဂုံဆောင်သားတစ်ယောက်
အနေနဲ့..ဆက်ဖတ်ချင်ပါသေးတယ်..

NL

Rita said...

ကိုယ်လဲ ကေဖွဲ့ဆိုသီကို မကြိုက်ခဲ့ဘူး။
အဆောင်သူ ဘ၀ကို အားမကျဘူး။
နေချင်ဘူး မိန်းမတွေ အများကြီးနဲ့ တရုန်းရုန်း။
(ဒါပေမဲ့ ဂျီဟောသူတွေလို ဘရုတ်တော့ ကျချင်ခဲ့သား)

စွဲခဲ့တာက မီ၊ ပြီေးတာ့ မောင် ကိုကိုနဲ့ မြနန္ဒာ။
ဒါပေမဲ့ အစ်မရေးတာကို ဖတ်ရတော့ စိတ်ထဲတမျိုးပဲ။
ပြေပြစ်သိမ်မွေ့တယ်။

Kay said...

ဟုတ်..ကိုတင်မင်းထက်..ကျမလည်း..ခုမှ ဆည်းဆာ ကို အရမ်းနားထောင်လို့ အရသာရှိနေတယ်။
ကိုအောင်သာငယ်- နောက်တပို့စ် နဲ့ ရပ်လို့ ရလောက်သေးဘူး။း)

မမေ- အဲဒီ ပွဲက...ကျမတို့ နောက်ဆုံးနှစ်က ပွဲပေါ့..အဲဒီ မိုးဇလက..၀၀လေး တို့ အုပ်စု နဲ့ခင်တယ်..ခုတော့..နာမည်တွေ..ပြန် သတိမရတော့ဘူး။ မမေ..ကျမကို မတွေ့ဖူးလား.. အပြာရောင်လေး နဲ့လေ။း))

မနော်..မမေငြိမ်း..ရီတာ.. ကေဖွဲ့ဆိုသီ မကြိုက်ကြပုံခြင်း တူလှချည်လား။း) ကျမ ကတော့.. ရူးတာလေ..း) ရီတာရေ.. ရီတာရေးရေးနေတဲ့..မောင်..ကိုကို..မရီတာ..ဇတ်လမ်းတွဲတွေ လည်း..တို့ ဖတ်ဖြစ်တယ်။ နှုတ်ဆက်စ မရှိတာနဲ့.. စကားမချန်ခဲ့တာပါ။ အရေးအသားကောင်းပြီး..ဟိုမှာ ဒီမှာ ခဏခဏ တွေ့နေရကထဲကတော့..ခင်ချင်..သိချင်..စိတ်ဝင်စားနေခဲ့တာ။ ၀မ်းသာပါတယ်နော်။း)

အောင်ဖြိုးရေ.. မင်းမြှောက်ပေးလို့..စလိုက်ပီ။ ဖူငုံပွင့်သစ် လည်း မေ့ပြီပေါ့။

မကြေးမုံ နဲ့ ချောင်းကလေး- မင်းတို့လေးတွေ ကို..ခံစားသိစေချင်တာ.. ဒါတောင်..အဲဒီလို ပြောရင်.. ၆၂ မတိုင်ခင်က.. ရန်ကုန် တက္ကသိုလ် ကျောင်းသားဟောင်းတွေ..ရီချင်နေလိမ့်မယ်..တကယ်..။

မမသီရိ..မခင်ဦးမေ- ကျေးစ်း)

ကိုနေလင်း ရေ.. ကိုနေလင်း ကိုတော့..တခန်း ထဲ့ကို ထဲ့ရမှာ..အင်းလျား ရဲ့ အတွင်းရော အပြင်ရော.. နောက်ပေါက်ကော..ရှေ့ပေါက်ကော.. နေ့ရော..ညရော.. အမူတော်ထမ်းခဲ့တာတွေ.. ( ရှူးးးးးးး)း)

Thant said...

မာလာဆောင် ၊ အင်းလျားဆောင် ၊ အင်ကြင်းဆောင်..အင်း..သိပ်မဝေးသေးတဲ့အချိန်က အဖြစ်အပျက်တွေပေမယ့် ကိုယ့်တို့အတွက်ကတော့ ဟိုးရှေးရှေးတုန်းက ပုံပြင်တွေပေါ့ ။ အဲဒီအကြောင်းတွေ ကြားရ ဖတ်ရတိုင်း ပါးစပ်အဟောင်းသားလေးနဲ့ ..ကိုယ့်ကိုကိုယ်တော့ တကယ်သနားမိတယ် ။ :((((((

rose of sharon said...

လာဖတ်သွားတယ်ကေ

နန်းညီ said...

အဆောင်နေဖူးချင်ခဲ့တာ.. ဆရာဇဝနရဲ့ “ကောလိပ်ကျောင်းသား” နောက်ပြီး ဆရာမ မစန္ဒာရဲ့ “ဂျီဟောသူ”တို့ ဘာတို့..
သို့သော်လည်း ..
အခွင့်ကမသာခဲ့.. ပြီးတော့ အနည်းငယ်ကြီးကျယ်တတ်တဲ့ ဥာဉ်စုတ်ကလေးက လူများများနဲ့လည်း လက်ပွန်းတတီး ဒွေးရောယှက်တင် မနေတတ်တော့ကာ...

အစ်မရေးတာတွေပဲ ဖတ်ပြီး ပျော်ပါတော့မယ်လေ..

မေ့သမီး said...

အမ ဖတ်လို့ကောင်းလိုက်တာ။ ကေဖွဲ့ဆိုသီ ကိုဖတ်ချင်လိုက်တာ။ မဖတ်ဘူးဘူး။ ကြည်အေးစာအုပ် တော်တော်များများဖတ်ဖူးပေမယ့် ဒီစာအုပ်မဖတ်ဘူးဘူး။ ကြည်အေးအဖွဲ့တွေကိုသိပ်ကြိုက်တာပဲ။

တန်ခူး said...

အင်းလျားသူလေးကေရေ… အပြင်က ကေ အစစ်က ဖွဲ့ ဆိုသီကျူးထားတဲ့  ကေဖွဲ့ ဆိုသီက ရင်ကို ပိုလှုပ်ခတ်စေတယ်… စိန်ပန်းတထပ်၊ ကံကော်တထပ် ရင်ထဲမှာ စီစီညီညီနဲ့  သိပ်လှတဲ့ ဒီပို့ စ်လေးအတွက် ကေ့ကို ကျေးဇူး… စကားမစပ် RITက မယုဆိုတာ မယုဝတီလားဟင်…

ခင်မင်းဇော် said...

တန်ခူးရေ အိုင်အာပါဟ အာအိုင်တီမဟုတ်ဘူး ဟိဟိ ..
သီရိဆောင်လဲ ကျန်သေးတယ်.. ချစ်စရာကောင်းတာပဲလေ.. အမတို့ မဟာတက်တော့ အဆောင်မရဘူး.. အပြင်ဆောင်မှာ နေရင်း အတွင်းဆောင်ကို သိပ်နေချင်ခဲ့တာပဲ။ ကေရဲ့ အခန်းဆက်ကို စောင့်နေတယ်။

အိန္ဒြာ said...

မကေရေ...

လာကြည့်လိုက် စာရှည်တော့ပြန်ပြေးသွားလိုက်ရဖြစ်နေရတာ..

ဒီနေ့တော့ရုံးမှာ ဆာဗာဒေါင်းသွားပြီး
ဆင်းရတဲ့စနေနေ့တစ်ဝက်ကိုပါပိတ်ပေးလို့..
မကေဆီအရင်ဆုံးလာဖတ်ရတော့တာ..

ရေးထားတာလေးတွေက နူးညံ့သပ်ရပ်လိုက်တာမကေရေ..
သိပ်ကြိုက်တဲ့ ဆရာမကြည်အေးရဲ့စာပိုဒ်လေးတွေအတွက်လည်း
ကျေးဇူးအထူးတင်ပါရဲ့...

လောကမှာဘာကြောင့်ရသခံစားတတ်သင့်သလဲဆိုတာ..ကို မကေတွေးသလိုတွေးကြည့်နေမိတယ်..။

ဗေဒင်မှန်သလိုလိုနဲ့မှားသွားတယ်..
ဟုတ်တော့ဟုတ်တယ်..
ဒါပေမယ့် TTMY ဆိုပိုမှန်တယ်...။း((

ချစ်ခင်လေးစားစွာ

Craton said...

စမယ်မကြံသေးဘူး ဖြတ်ချပီ အဲ့လို ကြီးကေက...

Moe Cho Thinn said...

နစ်မျောသွားပြီ ကေ..

အဆောင်နေကျောင်းသူဘ၀ကို မကြုံဖူးလိုက်ပေမဲ့ ပျော်စရာ ကောင်းတယ်လို့ အမြဲ ခံစားမိနေတယ်။ စောင့်ဖတ်မယ် ကေ။

Moe Cho Thinn said...

တို့လဲ အဲဒီတုန်းက (ဆယ်တန်း အမှတ်တွေ ခွဲတော့) ကေ့လိုပဲ ခံစားခဲ့ဖူးတာ ပြောချင်လို့ ထပ်လာပြောတာ။
ယောကျာင်္းလေးတွေက ၀င်ခွင့်အမှတ်ကို မိန်းကလေးထက် နည်းပြီး လက်ခံတာမို့ ငါသာ ယောကျာင်္းလေးဖြစ်ရင် အခုအချိန်မှာ တက်ချင်တဲ့ RIT တက်ရပြီဆိုပြီး ပထမဆုံး ယောကျာင်္းလေး ဖြစ်ချင်ခဲ့ဖူးတယ်။ နောက်တော့လဲ ဘူမိ မှ ဘူမိ ဖြစ်သွားတာပါပဲ။

မယု said...

ချစ်တဲ့ကေ
နင့်ရဲ့ ကေဖွဲ့ဆိုသီကိုဖတ်ရတော့အနာဟောင်းကိုအပ်နဲ့ဆွတဲ့အဖြစ်ထက်ဆိုးတဲ့ ဓါးထက်ထက်နဲ့ လှီးခံရသလို ခံစား၇တယ်။
တို့ ငယ်ငယ် ဖေဖေတို့ခေတ်က ကျောင်းသားဘ၀ကိုအိပ်ရာဝင် ပုံပြင်လို ရင်းနီးခဲ့တော့ တိုတွေ RASUရောက်တော့ မိဘအိမ် ပြန်ရောက်သလို နွေးထွေးစွာ ပျော်ခဲ့ရတယ် ဒါပေမဲ့ တိုရဲ့ ညီငယ် ညီမငယ်တွေ အတွက်တော့ ပုံပြင်တွေပဲ ဖြစ်ခဲ့ရပြီ။ မြက်တောကြီးအလယ်က သမိုင်းဝင်းနဲ့ အင်ကြင်းရယ် တိတ်ဆိတ် ခြောက်ကပ်နေတဲ့ RASU နဲ့RIT ၀င်းကြီးကို မြင်၇တိုင်း ရင်ထဲမှာ ဒေါသတွေ
သောကတွေနာကြင်မှုတွေ။ ဟိုအရင်တုန်းကတော့ ဒီဇင်ဘာလ ရောက်တာနဲ့ ဒီနယ်မြေပေါ်မှာ ပျိုမြစ်နုနယ်တဲ့ ဆယ်ကျော်သက်တို့ရဲ့ လှုပ်ရှားဟန်တွေကို RASUက နာကြင်စွာနဲ့ လွီမ်းနေမလား ဒီဇင်ဘာ နံနက်ခင်း မင်းလွမ်းတတ်ရင် ဆိုတဲ့ ဗစ်တာခင်ညို သီချင်းကိုပဲ ဆိုနေမလား။(အော်စကားမစပ် RC2မှာ သူငယ်တန်း တက်နေရတဲ့ သားငယ်ရဲ့ စကားလေး တခွန်း အလွမ်းပြေ လက်ဆောင် ပါးလိုက်တယ်။(ဘဘတို့ ခေတ်က တကသိုလ်ကြီးက တောကြီးဆို အထဲမှာ ကျားတွေ ရှိတယ်ဆို
သားတို.ခေတ်မှာလဲ မေကြီးတို့ တကသိုလ်ကြီးက တောပါပဲ မျောက်တွေ မြွေတွေ ပါသေး တယ်တဲ့)

ကိုလူထွေး said...

ဖတ်လို့ကောင်းတယ် မကေရ...
မျက်စိထဲမှာ စိန်ပန်းတွေ ဝဲနေတယ်...

အခုလို အဓမ္မ အပိတ်ခံလိုက်ရတဲ့ တံခါးပေါက်ကို ပြန်ဖွင့်ပြပေးတော့ ဝင်ကြည့်ဖြစ်အောင် ကြည့်ရမှာပေါ့...

းဝ)

Mr.Pu said...

အဲဒီ ၈ယောက်ခန်းဆိုတာ DWA လို့ ခေါ်ကြတဲ့ အခန်းလား

Kay said...

Mr Pu မေးတာ ကို ဖြေဖို့ မေ့နေခဲ့တယ်...ဆောရီးပါ..အဲဒီကိုလည်း လာကြည့်သေးတယ်..ပူးလေးတွေ့တယ်။
DWA ဟုတ်တယ် ထင်ပါတယ်။ ကျမတို့ခေတ်တော့..အဲလို မခေါ်တော့ဘူး။ စာလာဖတ်တာ ကျေးဇူးပါ။