sense of belonging

အင်တာဗျူး အရှည် ကြီး ကို ဖတ်ပြီး သကာလ .. အင်တာဗျူး ဖြေသူ ကို ရော.. တခြား အကြောင်း တွေ ကို ပါ.. စိတ်ထဲ..သိပ် မစွဲထင် လှ ပေမဲ့  .. တပိုဒ် နှစ်ပိုဒ် လောက်သာ ပါ တဲ့..ဒေါ်အောင်ဆန်းစုကြည် နဲ့  ပတ်သတ် တဲ့..  အကြောင်း အရာ..တချို့ က တော့ .. ခေါင်းထဲ..တရစ် ၀ဲဝဲ.. စွဲ ကျန် နေ ခဲ့ လေ သည်။
 
 အဲဒီ နောက် တော့.. သူ့  အာရုံ ထဲ မှာ အဖြူ အမဲ ပြ ကွက် တချို့  ....။ 

++++++

 
ဧည့်ခန်း  ထဲ မှာ.. မြန်မာ ဆိုင်းဝိုင်းသံ ပဲ ပျံ့ လွင့် နေ မလား.. ဒါမှ မဟုတ်.. စန္ဒယား ချစ်ဆွေ ရဲ့.. တိမ်တမန် သီချင်း လေ များ လား .... ကိုအံ့ကြီး ရဲ့... လူချွန်လူကောင်း လို..မျိုး လား.. သေချာ တာတော့..ငြိမ့်ညောင်း တဲ့..မြန်မာ့ ဂီတ တခု ... စီးဆင်း နေ ပေ လိမ့် မည်။  ဒီ သီချင်း မျိုး ရဖို့ ..အိမ်ရှင် ဂျပန် လူမျိုး ပါမောက္ခ ကြီး အတွက်.. သိပ်တော့.. အပမ်း ကြီး လှ မည် မဟုတ် လောက်..။ သူ့ အိမ် ဧည့်ခန်း ထဲ ကို ၀င်လာ ကြတဲ့..မြန်မာ မိတ်ဆွေ ဧည့်သည် တချို့..  အံ့သြ ၀မ်းသာ ကြည်နူး သွား မှာ ကို သာ.. နှစ်နှစ် ခြိုက်ခြိုက် ကြီး  ပြုံး ရင်း ကြည့် နေ ပေ လိမ့် မည်။

ဒီ ညစာ စားပွဲ လေး က.. အသစ်ရောက်လာ တဲ့.. လက်ထောက် သုတေသီ ... “ စု ” အတွက် သီးသန့် လုပ်တဲ့ ပွဲ ကလေး  ။
 
ကျိုတို တက္ကသိုလ် မှာ.. သူမ တင်တဲ့ စာတမ်း အတွက်.. လက်ခံ နေရာ ပေးလိုက် ပြီး တဲ့ နောက်.. အရင် ရောက် နေပြီး သား ဖြစ်တဲ့..ဗမာ လူမျိုး..ပညာရှင် တချို့ နဲ့.. ဆက်သွယ် မိတ်ဆုံ ကြ ဖို့ ရော.. ပါမောက္ခ ကြီး ကိုယ်တိုင်.. တွေ့ ဆုံ ဂုဏ်ပြု ဖို့ လည်း ဖြစ်မည် ပေါ့..။

အသက် ၄၀ အရွယ်..တင့်တယ် ကျော့ရှင်း လှ တဲ့.. “ စု ”..  ကလည်း.. အပြုံးတွေ ဝေေ၀ နဲ့..  ပဋိသန္ဓာရစကား တွေ ဆို ပေ လိမ့် မည်။
 
အနားမှာ ထိုင် နေ တဲ့.. ရုံးခန်း ခြင်း ကပ်ရပ်.. လုပ်ဖော် ကိုင်ဖက်.. ဗမာလူမျိုး သမိုင်းပညာရှင်  ဒေါက်တာ မိုက်ကယ်အောင်သွင် ကို..စကား စ လိုက် သည်။ 

“ ကိုမိုက်ကယ်.. ဗမာသီချင်းတွေ ကြားတော့.. ဗမာပြည် ကို မလွမ်းဘူး လား ရှင်...” 

ဒေါက်တာ ကြီးက... အပြုံး အရယ် နည်းလှ တဲ့.. သူ့  နှုတ်ခမ်း တွေ ဆီ က.. ၀ိုင်ခွက် ကို အသာ ဖယ် လိုက် ရင်း..

“ အမှန်အတိုင်း ကတော့.. .ကျနော်က.. Beatles ကို ပဲ နှစ်သက် တယ် ..”  

တိုးတိတိ  ဂွကျကျ  ပြော ချ လိုက် တဲ့.. အဲဒီ တုန့်ပြန် မူ မှာ.. နွေးထွေး ခင်မင် မူ တွေ.. ကင်းမဲ့ နေ ခဲ့ လေ မလား..။


++++++


တကယ့် အပြင်က.. ညစာ စားပွဲ လေး က တော့. ဘယ်လို စကားတွေ ပြောကြ ရင်း.. ပြီးစီး.. သွားသလည်း  မသိ.. ။ သူ့  အာရုံ ပြကွက် ထဲ က ..ဒေါ်အောင်ဆန်းစုကြည် ကတော့..  ဗမာ ခါးတို အကျီ င်္ လေး နဲ့ လိုက်ဖက် လှစွာ.. လည်တိုင် ကျော့ကျော့ မှာ ပုလဲ ကုံးလေး နဲ့..။ ပြီးတော့... မျက်လုံး တောက်တောက် ကလေး တွေ ထဲ မှာ.. ဗမာသီချင်း တွေ အပေါ်..တကယ်ပဲ.. နှစ်သက် ချစ်ခင် မူ တွေ ယိုဖိတ် လို့ .. အဲဒီ ဂီတ သံ တွေ က..တဆင့်... သူ မွေးဖွားခဲ့ တဲ့..ဗမာ ပြည် ကြီးကို.. တကယ်ပဲ.. လွမ်းဆွတ် တသ လို့...။


တကယ် တော့..  ကိုယ့် မွေးရပ် မြေ ကနေ.. ခွဲ ခွါလာ ကြတဲ့ သူ တိုင်း မှာ တော့.. ဇာတိမြေစိတ် ဆိုတာ.. ရှိ ချင် မှ ရှိ ကြ မှာပါ..။ အကြောင်း အမျိုး မျိုး နဲ့  ခွဲခွါ လာ ကြ သလို.. သံယောဇဉ် တွေ လည်း.. အနည်း အများ ကွာခြား ကြပါ လိမ့် မယ်။ ဒါပေမဲ့..ကိုယ် ရောက် နေတဲ့.. နေရာ မှာ ရော.... တကယ် ကို.. စိတ်တွေ ချိုင့်ဝှမ်း ပြီး.. စိတ်ရော..ကိုယ်ရော..တသားတည်း ကျ နိုင် ကြ သလား။ ကိုယ်ရောက် နေ တဲ့..နိုင်ငံ နဲ့ ကိုယ်နဲ့..တကယ် ကို စပ်ဆိုင် ပတ်သတ်.. ပိုင်ဆိုင် တယ် လို့ ခံစား ရ သလား..။ ကိုယ့်ကို ရော..အဲဒီ နိုင်ငံ.. အဲဒီ့ ပတ်ဝန်းကျင် က..ဘယ်လို လက်ခံ ပိုင်ဆိုင် ထား သလည်း..။ 
သေချာ မေးပါ.. ကိုယ့် ကို ကိုယ် အားမနာ တမ်း မေး ကြည့် ပါ..။

ဒါဟာ.. သိပ် ကို ကြီးကျယ် တဲ့.. ဘ၀ တခု လုံး နဲ့ ဆိုင် တဲ့.. မေးခွန်း ပြသာနာ တခုပါ..

ကိုယ့် မွေးရပ်မြေ မှာ .. ခြေထောက် နှစ်ချောင်း ပေါ် ကြီးပြင်း.. သံယောဇဉ် တွေ အပင်ပေါက် ပြီး ကာ မှ.. တပြည်တနယ် မှာ.. ရွှေ့ပြောင်း နေ ထိုင် အချေ ကျ ကြ တဲ့.. သူတွေ  မှာ.. အဲဒီ.. sense of belonging  ဆို တဲ့.. ခံစားချက် ပုစ္ဆာ ကြီး တခု ရှိ နေ လေရဲ့  ဆိုရင် .. ဘယ်လို အဖြေ ထုတ် ဖို့  .. ကြိုးစား ကြ မလည်း..။

တကယ် ကျ တော့ လည်း.. လူ တယောက်ခြင်း ရဲ့ ဘ၀ မှာ.. အရာ အားလုံး..  ချောမွေ့  ဖြောင့်ဖြူး ကျေနပ် နေ ကြ မယ် မဟုတ်ပါဘူး....။ ဒါကိုလည်း..  မချော မွေ့ -  ချောမွေ့ အောင်..လိုက် ညှိ နေ ဖို့ မလို သလို... မကျေနပ်..ကျေနပ် အောင် လည်း .. အတင်း.. လုပ်ယူ လို့ မရ ဘူး.... လို့..တချို့ က ပြော ကြ တယ်။ unfixable things တွေ.. ကို.. ဒီ အတိုင်း ထား လိုက် ရ မယ် တဲ့..။ 
  
လုပ်မရ ရင်..  “ လုပ်ဖို့ မလို ပါဘူး ”  လို့..   တွေး လိုက် တော့ လည်း.. တနည်း..ကောင်းတာ ပဲ မဟုတ်လား ..။

ဒါနဲ့ .. ကိုယ် တို့ လည်း.. ဘယ်မှာ ထား ရ မှန်း မသိ နေတဲ့.. sense of belonging ကြီးကို.. ဒီ အတိုင်း ပဲ.. အသာလေး.. ချ ထား ကြည့် လိုက် ကြ တယ်။  ဒါပေမဲ့ လည်း.. ကိုယ်တွေ က ..ချ ထား တယ် လို့ ထင်ပေမဲ့.. သူကတော့ ..  နှလုံးသား က .. သွေးပြန်ကြော တခု စီ တိုင်း ရဲ့.. ဟိုး အထဲ ထဲ မှာ.. တဒိတ်ဒိတ် နဲ့.. အစဉ် မပြတ် တိုးဝင် စီးဆင်း နေ လေ ရဲ့...။

တချို့ လည်းပဲ.. ကိုယ် ရောက် နေတဲ့..နေရာ အဆင့်အတန်း ကို.. ကျေနပ် ရောင့်ရဲ နိုင် တဲ့.. အနေအထား မျိုး ဖြစ် ပေ လိမ့် မယ်။ ဒါပေမဲ့..သူတို့  ရဲ့ သွေးပြန်ကြော တွေ ထဲမှာ.. စီးဆင်း နေ တဲ့.. အမျိုး အမည် တိတိ ပပ မခွဲ ခြား နိုင် တဲ့.. ခံစားချက် တခုက.. အကြောင်း တိုက် ဆိုင် တိုင်း..ဖြန်းကနဲ ဆို သလို မျိုး .. ရှိန်းကနဲ ဆို.သလို မျိုး ... ပေါ်ပေါ် လာ တတ် တာ မျိုး ..ကြုံဖူး ကြ မှာပါ..။

သိပ်ခင် ရ တဲ့.. သူငယ်ချင်း တယောက် ကတော့..သင်္ကြန်ပွဲ တွေ ရောက်တိုင်း.. သင်္ကြန် ဒိုးသံ တွေ..သင်္ကြန် အက တွေ မြင်ရ ကြားရ တိုင်း... သူ့ရင် ထဲ မှာ.. အမျိုး အမည် မပြော ပြ တတ် တဲ့.. ခံစားမူ တခု ရ တယ်တဲ့.. ။ သူက  ကြိုးစား ပြီး တော့.. အမျိုးအစား သတ်မှတ် ပေး ရှာ တယ်.. ၀မ်းသာ ၀မ်းနည်း .. ကြီး ဟယ်.. တဲ့...။ ၀မ်းသာ တာ ဟုတ်ပါပြီ လေ.. ။ ၀မ်းနည်း တာက.. ဘာလို့ လဲ လို့.. ကိုယ်လည်း ကူပြီး တော့..စဉ်းစား ကြည့် ပေး သေး တယ်။ 

သူငယ်ချင်း က  .. ဗမာ လူမျိုးတွေ..အနေ များ တဲ့.. နိုင်ငံ တခုက.. ဗမာ ကျောင်းသား တွေ အတက် များ တဲ့.. ကျောင်းကြီး တခု မှာ..ဆရာမ ဆို တော့.. ဗမာ နှစ်ကူး သင်္ကြန် တိုင်း ... ဗမာကျောင်းသား တွေ ရဲ့.. အဝေးရောက် သင်္ကြန် ကပွဲ တွေကို.. ကူညီ ပံ့ပိုး ပေး နေ တဲ့  သူ ..။ တခါ တလေ.. သူ စာသင် နေ တဲ့.. စာသင် ခန်း ထဲမှာ  ..   တခြား ကျောင်းသား တွေ ကြားထဲ .ဗမာ ကလေး တွေ  ကို မြင်တိုင်း..သူ့ စိတ်ထဲ မှာ.. မချင့်မရဲ ဖြစ်ရ သ တဲ့...။  ခု နေသာ..ဒီ ကျောင်းကြီး .. ဒီ သီရေတာ ကြီး.. ဒီ ပရိုဂျက်တာ ကြီး ..  ဒီ  သင်ကြားနည်း တွေ နဲ့..   ဗမာ နိုင်ငံ ကြီး ထဲ မှာ.. အားလုံးပဲ..ဗမာ ကျောင်းသား လေး တွေ ဖြစ် လိုက် ပါတော့... ဆို ပြီး တော့ ပေါ့..။

တလောက.. ဒေါ်စု လွတ်လာ တော့.. အွန်လိုင်း မှာ ဗမာ သတင်း တွေ အတူ နားထောင် ရင်း..သူ နဲ့ စကားတွေ ပြော ဖြစ်တယ်..။

“ ကျုပ်တော့.. ဘ၀ ကို ကိုယ့်ကို လိုအပ် တဲ့ အရပ်မှာ..အေးအေးချမ်းချမ်း နဲ့.. အကျိုးရှိရှိ ကုန်ဆုံး ချင်တယ်.. တချိန် မှာတော့.. ဗမာပြည် ပြန် မယ် လို့.. ဆုံးဖြတ် ထား တယ်....ရှင်ကော..”  လို့  .. သူက.. သူရဲကောင်း သေဖော် ညှိ လာ ပါ ရော လား..။   သူ က.. အတည် ကြီး မေးလာ တော့.. ကိုယ် လည်း.. .
“ အင်း ” .. နဲ့ ..“ အဲ ” ထဲ က ကို ထွက် မရ တော့  ဘူး  ။ စကား လမ်း ကြောင်း လွှဲ ရင်း..  “ အင်..ရှင် က.. အဲဒီလောက် အဆင်ပြေ တဲ့ အလုပ် နဲ့ ဘ၀ကြီးကို..တကယ် စွန့် နိုင် မှာ လား”    လို့... သူ့ ကို တောင် ကဖျက် ယဖျက် လုပ် လိုက် သေးတယ် ။ သူက.. သူ့ အလုပ် မှာ.. နှစ်ရှည် ၀န်ထမ်း ဆု တွေ ဘာတွေ တောင် ရ ထားပြီးသား...လေ..။

သူနဲ့ ကိုယ် က.. အနေအထိုင်..စရိုက် ခြင်း သိပ် မတူ ကြ ပေမဲ့.. ဘာသွား တူ သလည်း ဆိုရင်.. ဗမာဝတ်စုံ ကြိုက်တာ.. ချည်ထည် လုံခြည် လေး တွေ စု တာ..မှာ သွားတူ တယ်။ သူ ရန်ကုန် ပြန်ရင်.. ကိုယ့် အတွက် ချည်ထည် တခုခု ပါလာ တတ်ပြီး.. ကိုယ် က လည်း.. သူ့ အတွက် အသုံးဝင် မဲ့..ပုဝါ လေး တွေ ..အပြန် အလှန် ၀ယ်ပေး လေ့ ရှိ တယ်။ သူက.. ဆရာမ ကြီး ဆိုတော့.. ပွဲတွေ လမ်းတွေ..အမြဲ တက်ရ တယ် လေ..။ ကိုယ် ကတော့.. လုံခြည် တွေ ကို စုသာ သိမ်းထား တယ်.. ၀တ်စရာ အခန်းက.. သိပ် မရှိ ပါဘူး။ 

တ နိုင်ငံ စီ  ရောက် နေ ကြ တဲ့..သူငယ်ချင်း နှစ်ယောက်..တချို့ ည တွေ ဆို.. ကွန်ပြူတာ နား ကပ်ပြီး.. ဘဘဦးဝင်းတင် အကြောင်း ပြော .. ဒေါ်စု သတင်း တွေ.. ကြည့်... နေ့ ချင်း တက်လာ တတ် တဲ့.. ဒေါ်စု ပုံ အသစ် က လေး တွေ.. သူ့မမြင် မှာ စိုးတာ..ကိုယ် က ပို့..     သူ ရတာ..ကိုယ့် ကို ပေး ကြည့် ကြ နဲ့ ..  တကယ့် ရင်ဘတ် မိတ်ဆွေ ဆိုတာ.. ဒါပါပဲ ..။  တခါ တလေ ဆို.. “ ဒေါ်စု ဒီနေ့ ၀တ်တဲ့ လုံချည် လေး က.. လှ လိုက်တာ.. ”  “ ဒီတခါ..လက်ဖျားလေး မှာ..ပန်းဖောက် လို့..”    ဆို တာမျိုး..

“ လက်ကိုင် အိတ် ကလေး တွေက.. အင်းလေး ချုပ်  လေး တွေ ထင်တယ် နော်.. ” ဆို ပြီး.. မိန်းကလေး တွေ ပီပီ.. မိန်မ ရေးရာ တွေ ကို လည်း...စပ်စပ်စုစု ပေါ့..။ 

“ အင်း..ငါ လည်း.. ကတ္တီပါ ပုံတော် ဖိနပ် ကလေး တွေ စီး.. ဗမာ ၀တ်စုံ လှလှ ဆန်းဆန်း လေး တွေ.. ၀တ်ပြီး.. သွားလာ  လုပ်ကိုင် ရ တဲ့..ဘ၀ မျိုး လေး ကို.. လိုချင် တယ် ဟယ်.. ” လို့  ကိုယ် က  ဆိုတော့.. 
“ သြော.. ရှင် က..တိုင်းပြည် အတွက် အလုပ် လုပ် ဖို့..ပြန်ချင်တာ မဟုတ်ဘူးပေါ့...  ရှိုးလုပ်ချင် လို့ ပြန်ချင် တာပေါ့.. တော်တော် ဟုတ် တဲ့.. မိန်းမ ” လို့  .. နှစ်ယောက် သား... ရီ ရင်း.. မောရင်း..... နဲ့ ပဲ.. စကား လက်စ တွေ သပ်  ဖြစ် ကြ ပြန် ရော..။

ခု တလော..ကိုယ်လည်း.. ဘာ ဖြစ် နေ တယ် ရယ် မသိ..။ ရေချိုးပြီး..သနပ်ခါး လေး လိမ်းလိုက် ရ တာ လေး က..အစ ... စိတ်ထဲ..လှိုက်ကနဲ.. ဖြစ်- ဖြစ် နေ တယ် ။  ပူအိုက် စွတ်စို တဲ့.. မြန်မာ ပြည်က.. ရာသီ ဥတု လေး မှာ.. ရေ အေးအေး လေး ကို..အားရ ပါးရ ချိုးပြီး..သနပ်ခါး ရေ ကျဲ လေး ပါးကွက် ကွက် ထား ရ တဲ့.. အေးမြ မူ လေး ကို.. အရမ်း သတိ ရ နေ မိ တယ်။  ဒီ မှာက.. လေထဲ မှာ.. စိုထိုင်းဆ  သိပ် နည်းပါး တော့.. အသားတွေ  တင်းကျပ် ပြီး..ခြောက်တောက် တောက် ကြီး ရယ်..။ အလှဆီ တွေ သာ မျိုးစုံ ..တံဆိပ်စုံ ပြောင်းသုံး .. နေ ရ တော့ တာ လေ..။ ခု တလော မှ.. နွေရာသီ ..ပူလွန်း လှ သမို့.. သိမ်းထား တဲ့ ကျောက်ပြင် ကလေး ထုတ်ပြီး..သနပ်ခါး ပြန်လိမ်း ဖြစ် နေ သည်..။ 

သြစတြေလျ ရဲ့ ဒီဇင်ဘာ နှစ်ကူး ကာ လ ကတော့.. တခြား ကမ္ဘာ အခြမ်း နဲ့ဆန်ကျင်စွာ.. ပူနွေး ခြောက်သွေ့ လွန်း လှ သည်။ တီဗွီ ရှေ့ မှာ ထိုင်ရင်း.. ..ကမ္ဘာကျော် ဆစ်ဒနီ တံတာ ကြီး ရဲ့  နှစ်ကူးပွဲ..မီး ရှူး မီးပန်း တွေ အောက် မှာ  .. ပျော်မြူး က ခုန် နေ ကြ တဲ့ သူ တွေ ကို.. ကြည့် နေ ပေ မဲ့လည်း.. အဲဒီ အပျော်တွေ..ကိုယ့်ဆီ မကူးစက် လာတာ.. ဘာ ကြောင့် လည်း လို့.. ထပ်ပြန် တလဲ လဲ တွေး နေမိ ပြန်  တယ်။    ကဲ..ပျော်လို့ မရရင်.. အတင်းပျော်ကြည့် စရာ လည်း မလို ဘူး လေ လို့..  ကိုယ့်ဖာ ကိုယ် နှစ်သိမ့် ရင်း.. နောက်ဆုံး တော့.. ကွန်ပြူတာ နား ပဲ ရောက်သွား တော့ တယ်။ 

နှစ်သစ် အခါ သမယ မှာ.. အမိ မြန်မာပြည် ကြီး ထဲ ..ဘာတွေ များ .. လုပ် ကြ.. ကိုင် ကြ သလည်း.. ဆိုတာ ပဲ.. ကြည့် တော့ မည်။ ဗမာ သတင်း တွေ ထဲ.. အဖွဲ့ချုပ် ရုံး မှာ ကျင်းပ တဲ့.. နှစ်ကူး အထိမ်းအမှတ်..လွတ်လပ်ရေး နေ့  ဈေးရောင်း ပွဲ တော် ဓါတ်ပုံ တွေ မှာ.. ဒေါ် စု နဲ့  အတူ.. ပျော်ရွှင် တက်ကြွ နေတဲ့..လူ ကြီး လူငယ် လူရွယ် စုံ ကို တွေ့ ရ သည်။ အဲဒီ က.. ရ တဲ့ ငွေ တွေ နဲ့..နိုင်ငံရေး အကျဉ်းသား တွေ ကို ထောက်ပံ့ ကြ မည် တဲ့..။ အားရ ကျေနပ် စရာ..။  ဗမာပြည် ကြီးကို.. သူ့ စိတ် ထဲ မှာ..အမြဲ သယ်ပိုး  ထား ခဲ့ တဲ့..  ဒေါ်စု တယောက်.. ခု တော့ လည်း . .ဗမာပြည် ကြီး ထဲ .. တကယ် ကို ပြန်ရောက် လို့.. ဗမာ ပြည်သား စစ်စစ် ကြီး ကို ဖြစ် လို့...နေ ပေ ပြီ  ။   သူမ ရွေးချက် ဆုံးဖြတ် ခဲ့ တဲ့.. လမ်းပေါ် မှာ.. မယိမ်းမယိုင်.. လျှောက်လှမ်း နေ ပုံ များ..   ကြည့် စမ်း ပါ အုံး..ဟိုး လွန် ခဲ့ တဲ့.. အနှစ် ၂၀ ကျော် က.. သူမ  အသားမကျ နိုင် ခဲ့ တဲ့..  ဖုန်တွေ ချွေးတွေ ကို တောင် မမူ နေ တော့ တဲ့ ပုံ နဲ့ ..။

သတင်း တွေ ပြီး တော့.. အီးမေးလ်  စစ် သည် ။  နေ့ တိုင်း စစ် တာ မို့..သိပ် မများလှ..။ ကိုယ့် အမ ရဲ့ အီးမေးလ် တစောင်...။

နောက် တစောင်  က..မလာစဖူး အလာထူး လို့.... ချိုးလင်းပြာ အမျိုးသမီး မဂ္ဂဇင်း က.. စာမူ တောင်းနေ ကျ.. ဘုတ်ဘုတ် ကလေး နဲ့  စာ ပါလား။  ဘာတဲ့ လည်း.. ။ အွန်လိုင်း ပေါ် မှာ စာတွေ ရေးသား နေ တဲ့.. မြန်မာ အမျိုးသမီး တယောက် ရဲ့ အသံ အဖြစ် ..  ဒေါ်အောင်ဆန်းစုကြည် ကို နှစ်သစ် မှာ.. ပါးချင်တဲ့.. စကားပဲ ဖြစ်ဖြစ် ..မေးခွန်း ပဲ ဖြစ်ဖြစ်.. ခပ်ကျဉ်းကျဉ်း တခု လောက် ရေးပေး ပါ  တဲ့..။  ကဲ ကွယ်.. နေပါ အုံး.. ။ ဒေါ်အောင်ဆန်းစုကြည် မှာ..မေးခွန်း  မေးတဲ့သူ တွေ.. များလှ နေပါပြီ ကော..။ အသံ တောင် ၀င်နေရှာ ပြီ..။  ကိုယ်တွေ လို..သာမန် ပြည်သူ တွေ အနေနဲ့.. ဘာမှ မေးစရာ လည်း မကျန် တော့သလို.. ဘာမှ လည်း ထူးပြီး အပို တွေ.. လျှောက်ပြော စရာ အကြောင်း မှ မရှိ တာ ..။

နောက် စာ တွေ ကို သာ...ခပ်မြန်မြန် လျှောက် ကြည့် လိုက် သည်။ အတော်များ များက.. face book ကနေ ၀င်ဝင် လာတဲ့.. တခါတလေ..ကိုယ်နဲ့ မဆိုင် တဲ့.. စာ တွေ..။ တန်းစီ ပြီး ဖျက် ပြစ် လိုက် သည်။ ပြီးတော့..ကိုယ့်  အမ ပို့ ထား တာ လေး ကို ပြန် ကြည့် လိုက် သည်။

သူ့ ထုံးစံ အတိုင်း..အနောက် အရွှတ် .. စာတို လေး နဲ့..အတူ သီချင်း တပုဒ် ။   အမ လုပ်သူက.. သူ့ ကလေး တွေ ကို.. ဗမာ သီချင်း တွေ နဲ့ အလှည့် ကျ သိပ် ဖို့.. You Tube ကို အမြဲ မွှေနှောက် ရှာတတ် သည်..။ ကလေး တွေ ကလည်း..ဘာမှန်း သာ နားမလည် တာ.. အောင်ခြင်း ရှစ်ပါး သီချင်းကို တောင် .. အရမ်း ကြိုက် ကြ ဆို ပဲ..။ အခု လည်း သူ ဘယ်က ရှာရှာ ဖွေဖွေ တွေ့ တယ် မသိ..။ ငယ်ငယ် က.. ရေဒီယို မှာ ဘောလုံးပွဲ တွေ ပြီးတိုင်း လွှင့် လေ့ ရှိ တဲ့.. အမာစိန် ရဲ့.. သီချင်းလေး..။ “ နင် မပျော်ရင်.. အဲသီချင်း လေး နားထောင် ပြီး.. ဦးကျော်ရင် ကြီးကို သတိရ လိုက် ” တဲ့... လုပ်ပုံ က.. ။ ဦးကျော်ရင် ကြီး ဆိုတာ..ငယ်ငယ်က.. ရပ်ကွက် ထဲ...ဘောလုံး ရူး ရူးနေတဲ့ လူကြီး တယောက်..။ ဘောလုံးသမား ၀တ်စုံ အမြဲ ၀တ်ထားပြီး... ဘောလုံးကွင်း ထဲ မှာ ပဲ အိမ်လုပ် နေသူ..။ 

~~~ ဘောလုံးပွဲ ထဲ မှာ..သိပ်ကို ကဲ တဲ့ သူပါရှင်..  အားရ ပါးရ.. အော်လိုက်တာ များ ပင်.. ဂိုး....

အမာစိန် ရဲ့  ရှတတ  စီး ထန်းထန်း အသံ လေး ရဲ့ နောက် က.. ( ဂိုး ) ဆို တဲ့ အော်သံ တွေ နဲ့ အတူ..သူ့ နှလုံးသား တွေ..အလိုလို ပေါ့ပါး မြူးထူး လာ သည်။ ကြီးပြင်း ခဲ့ တဲ့.. ငယ်ဘ၀ တွေ...။ ညနေစောင်း ရေဒီယို သံလေး တွေ...။

အဲဒီ နောက် တော့.. you tube မှာ.. တခု ပြီး တခု ပေါ် လာတဲ့.. အမျိုးအစား တူ ရာ..မြန်မာ သီချင်း ဟောင်း လေး တွေ.. တပုဒ်ပြီး..တပုဒ် ။

~~~ တွန်သံ ပေး..အဝေးအနီးခေါ် တကြော်ကြော်.. ခဏ နဲ့..သူ ပြန်လာသော်..ဒါက..ဘာကြက်တုန်း တော့.. ခပ်ငေါ့ငေါ့ နဲ့ မေးလိုက် ရင်နော်.. ( စစ်တကောင်း ကြက် ကြီးပါ နော်.. အချိန်မေး ရင်.. နှစ်ပိသာခွဲ လောက် တော့..ရှိ မတဲ့.. ) ဖြေပုံ တော် ~~~

ဝင်ဦး..မာမာအေး.. နဲ့ ချိုပြုံး တို့ ရဲ့.. ချစ်စရာ ပျော်စရာ..ရုပ်ရှင် ဇတ်ဝင် သီချင်း လေး..။ ငယ်ငယ် တုန်းက.. အရမ်းကြိုက်ခဲ့ တဲ့..တကျော့ နှစ်ကျော့ တေးကိုသီ ရုပ်ရှင် ထဲ က...။

ပြီးတော့..တိုက်တိုက် ဆိုင် ဆိုင်..  သူ့  အာရုံပြကွက် တွေ ထဲက..  ဇတ်ဝင်သီချင်း လေး..

~~~~ တရွေ့ ရွေ့ လာချေပြီလေ.. ပင်လယ်တွေ ဖြတ်သန်း..ရိုးမ အပေါ် လွှားကျော် ကာလေ.. လူ့ ချစ်မိတ်ဆွေ.. တို့ မြန်မာပြည် မလေ..လက်ဆောင်ပါး တဲ့.. မိုးပုလဲ ပန်းတွေ.. ရွာပါစေ လေ.. အေးအေး ချမ်းချမ်း..ရွာပါစေ...~~~~

တိမ်တမန် သီချင်း လေး က.. မုတ်သုံ မိုး ပေါ် မှာ အမှီပြု နေ တဲ့.. မြန်မာပြည် လေး ဆီ.. လွမ်းစရာ ကောင်းလှ စွာ..ဆွဲ ခေါ် သွား နေ တော့ သည်။ သူ့ သွေးကြော တွေ.. ရှိန်းဖိန်း လာ သည်။  ပြောရင်း ဆိုရင်း.. အမျိုး အမည် မဖော်ပြ နိုင်တဲ့..စိတ်ခံစား မူ တခု.. သူ့ နှလုံးသား မှာ...တဖြတ်ဖြတ် ပြေး လာ နေ သည်။ ကြည်နူးလိုက်.. ၀မ်းမြောက် လိုက်.. လွမ်းဆွတ် လိုက်.. နဲ့  လှိုင်းတွေ .. တလိမ့် လိမ့် ..လူး နေ သလို .. ။ 

ဂီ တ က.. လူတွေကို.. ပြုစား နိုင် တယ် ဆိုတာ.. တကယ် ပါပဲ..။

ကြည့်စမ်း.. ပြီးတော့.. အသိ  တခု..။
ဂီတ နဲ့  ယှဉ်ပြီး  ရ တဲ့.. အဖြေ တခု..။

သူ့ ကို ဘယ်နေရာ ကြီးက..ပိုင်ဆိုင် ထား ပြီး တော့.. သူ့ နှလုံးသား အာရုံ တွေ.. ဘယ်အရပ် မှာ..၀ဲလည် ပျော်ပါး နေ ကြ သလည်း ဆိုတာ...။ ပြီးတော့..သူတို့  တွေ.. ဘာလုပ်သင့် သလည်း ဆိုတာ..။

သူ့ လက် ချောင်း တွေ  .. ကွန်ပြူတာ ခလုတ် တွေ ပေါ် အလိုလို ရောက် သွား ရင်း .... ဖြေးဖြေး ချင်း.. ရွေ့ လျား သွား သည်။ 
ချိုးလင်းပြာ မဂ္ဂဇင်း ကို.. ပေး ဖို့..   စကား လေး တွေ..... ကွန်ပြူတာ မျက်နှာပြင် မှာ..တလုံး ချင်း ပေါ် လာ နေ သည်။

ဒေါ်စု ဟာ..ကျမ တို့ တွေ အားလုံး အတွက်.. သက်ရှိ အဘိဓမ္မာ..ကျမ်းစာအုပ် တအုပ် ဖြစ်လာခဲ့ ပါ ပြီ။
သူမ ရဲ့ ဘ၀ ထဲ မှာ.. လူတိုင်း ရဲ့ ဘ၀ တွေ ကို..ရှာ  တွေ့ နေ ရ တယ်။
ဆုံးရှုံးမူ တွေ အတွက်.. ကြံ့ကြံ့ ခံ နိုင်ဖို့.. ခွန်အားတွေ ပေး တယ်။
အထီးကျန် တိတ်ဆိတ် မူ တွေ အတွက်.. ဖြေသိမ့် နိုင် လာ တယ်။
ခက်ခဲ ကြမ်းတမ်း မူ တွေ ကြားထဲ မှာ..မျှော်လင့်ခြင်း ကို ဖော်ပြတယ်။   
တရား မျှတ မှန်ကန် ခြင်း ဟာ.. တကယ် ရှိ တယ် ဆိုတာ ... ယုံကြည် သက်ဝင် လာခဲ့ ရတယ်။
ချစ်ခြင်း မုန်းခြင်း အားလုံး ရဲ့ အထက် မှာ.. မေတ္တာ နဲ့ ရွှင်လန်း ခြင်း ကို ရှာတွေ့ စေ တယ်။
 
အထူးသဖြင့်.. ကျမ တို့လို .. ပြည်ပ ရောက် မြန်မာ လူရွယ် တွေ အတွက်.. တချိန်မှာ..ငါတို့ တိုင်းပြည် ကို ပြန်လည် လုပ်ကျွေး ကြ မယ် ဆိုတဲ့.. တွန်းအား တွေ ဖြစ်လာ စေ တာ ကတော့.. အားလုံး အတွက်..၀မ်းမြောက် စရာ သတင်းကောင်း ပါပဲ.....
 
 

စာ ကို အဆုံးသပ် လိုက် ရင်း.. ကိုယ့် လက်ချောင်း တွေ ကို...ပြန်ပြီး ငေး စိုက် ကြည့် နေ မိ သည်။




 

Ref:  
Interview with  professor Michael Aung Thwin

၂၀၀၉  နှစ်သစ် တုန်းက.. ရေးခဲ့တဲ့..  ဆယ်လမွန်ငါး တို့ အပြန် 


Share/Bookmark

16 Comments:

ကိုအောင် said...
This comment has been removed by the author.
ကိုအောင် said...

နှစ်သစ်အတွက် လွတ်လပ်စွာ တွေးထားတဲ့
မကေရဲ့ အတွေးတွေ အမြန်ဆုံး ဖြစ်လာပါစေ
လို့ ၀ိုင်းပြီး ဆုတောင်းပါတယ်။

ahphyulay said...

အင်း....
အားလုံးပဲ ဆုတောင်းကြပါစို့  ညီညီညာညာနဲ့ ..။

mks said...

လူတယောက် ဘ၀ တခုပါဘဲ ..
၂ယောက် ပေါင်းထားတဲ့ တဘ၀ ..
၎ ၅ ယောက် ပေါင်းပြီး တဘ၀ ဖြစ်သွား ..
..... သန်း၅၀ လောက် နဲ့ တဘ၀ ပေါင်းထား ..
မင်္ဂလာပါ မကေ.. နောက် တခေါက် ထပ်ဖတ်ပါဦးမယ်

မေငြိမ်း said...

အမှန်ပဲကေ..
အခါများစွာ.. ပတ်ဝန်းကျင်မှာ စိတ်ဆင်းရဲတိုင်း အန်တီစုတောင်မှ.. လို့ တွေးရင် အရာရာကို ရင်ဆိုင်နိုင်လာတယ်။
နောက်ထပ်.. ကေ့စာကို ဖတ်နေရင်း မနက်လင်းတာနဲ့ ရေဒီယိုနားထောင်ခဲ့ရတဲ့ အချိန်တွေကို ပြန်သတိရလာတယ်။
ပြီးခဲ့တဲ့ ၇နှစ်လောက်က ရန်ကုန်က ကာရာအိုကေခန်းတခုမှာ အမတို့ စာရေးဆရာ သူငယ်ချင်းတစု သီချင်းတွေသွားဆိုတော့ ရေဒီယိုသီချင်းတွေချည်း ဆိုကြတာ။ အတူပါလာတဲ့အထဲမှာ အငယ်ဆုံးဖြစ်တဲ့ ဝေမှူးသွင်ကပြောတယ်.. အမကြီးတို့ခေတ်က အဲလိုသီချင်းတွေကို ဘယ်လို ရနေကြတာလဲတဲ့..။ တကယ်တော့ တို့တွေ အသည်းထဲမှာ စိမ့်ပေါက်စွဲနေခဲ့ကြတာပါကလား...။
ကေရေ.. အန်တီစုပြောသလို စိတ်ကူးယဉ်မဟုတ်တဲ့ မျှော်လင့်ချက်မျိုးနဲ့ မျှော်လင့်ကြပါစို့...

mirror said...

ဖတ်ရတာ မ၀ဘူး။

mysterysnow said...

မကေ

မြန်မာမှုမြန်မာ့ဟန်
မြန်မာသီချင်းလေးတွေကြားမှာ
မြန်မာပြည်ကိုပြန်လွမ်းသွားမိတယ်....
မြန်မာလိုမျိုးဆိုတာ...
ဘယ်မှာပဲနေနေ ဘာတွေပဲလုပ်လုပ်
မြန်မာပါပဲမမရယ်...

နှင်းနဲ့မာယာ

Mi Tay 4 said...

ထိုင်းနိုင်ငံမှာ လုပ်ခဲ့တဲ့ ပညာရေး ဆွေးနွေးပွဲတစ်ခုမှာ မဲဆောက်က မူလတန်း ဆရာမတစ်ယောက်ပြောပြတာ ကြားတော့ ၀မ်းနည်းဝမ်းသာလား အံသြတာလားမသိ ခံစားရတယ်။ သူတို့ ကလေးတွေကို သင်ဖို့ သင်ရိုးရွေးဖို့အတွက် ကလေးတွေကို စာရင်းကောက်တယ်တဲ့။ မြန်မာပြည်ပြန်ကြီးမဲ့သူတွေလား။ တတိယနိုင်ငံသွားမဲ့သူတွေလား။ ထိုင်းမှာပဲ ဆက်နေမဲ့သူတွေလားလို့။ မိဘတွေနဲ့တိုင်ပင်စရာမလိုဘူး အတန်းထဲမှာတင် တစ်ထိုင်တည်း ကောက်လိုက်တော့ ကလေး ၇၀ ရာနှုန်းကျော်က မြန်မာပြည်ပြန်မယ်လို့ စာရင်းပေးသတဲ့။ ဒါတောင်မှ အဲသည်ထဲက အများစုက ထိုင်းမှာမွေးတဲ့ မြန်မာကလေးတွေပါ။ သူတို့ရင်ထဲက ဇာတိ စိတ်က ဘယ်သူ့ဆီကနေ ပေါက်ဖွားလာတာလဲ။ သူတို့မိဘတွေဆီကလား။ ပတ်ဝန်းကျင်ဆီကလား။ သူတို့ပင်ကိုယ်ပဲလား။

Moe Cho Thinn said...

မှန်တချပ်ကို ကြည့်ရသလိုပါပဲလား ကေရယ်..

Maung Myo said...

တီကေ ...ရေးထားတဲ့ အဆုံးသတ် စာသားလေးက ကောင်းလိုက်တာ ။ ကျနော်လည်း တစ်ခါခါ အတွေးတွေက စုံလို့ပါပဲ ဒီက ခလေးတွေ ကျောင်းကို အေး၂လူ၂ တက် ပြည့်စုံနေတာ မြင်ရရင် ငါတို့ တိုင်းပြည်က ခလေးတွေလည်း ဒီလိုဆိုရင် သိပ်ကောင်းမှာပဲ လို့ တွေးမိတယ် ငါလည်း သူတို့လူမျိုးဖြစ်လိုက်စမ်းပါလားဆိုတဲ့ စိတ်မျိုးလုံးဝမဖြစ်မိပဲ ငါတို့နိုင်ငံလည်း ဒီလိုဆို ဘယ်လောက်ကောင်းဆိုတာမျိုး အမြဲဖြစ်မိတယ် ။ တစ်ခါခါတော့ ကိုယ့်နိုင်ငံမှာ သင့်တင့်တဲ့ ဘာအလုပ်လေးပဲဖြစ်ဖြစ် လုပ်ပြီး ကိုယ့်မိသားစု ကိုယ့်လူမျိုးကြားမှာ ကိုယ့်အစားစာကိုစားလို့ အလုပ်လုပ်ခွင့်ရချင်တယ် အများကြီးမမျှော်လင့်ပါဘူး တကယ် အဲ့ဒီလောက်လေးပဲ ။ တစ်နေ့တော့ အိမ်ပြန်မယ်ဗျာ မဝေးတော့တဲ့တစ်နေ့ပေါ့ ကျနော့်အတွက် နေရာတစ်နေရာလောက်ရှိလာမယ့်တစ်နေ့.............

ချစ်ကြည်အေး said...

ကေရေ...ကေ ကေ တမင် ပစ်ချထားခဲ့တာ။ ခုထိတော့ နောက် ၄-၅ နှစ်နေရင် ရွာပြန် အခြေချမယ် ပြောတုန်းပဲ။ ဒီမှာက ကိုယ် နဲ့ သက်ဆိုင်တာ ဆိုလို့ တလတလ ပိုက်ဆံရဖို့ လုပ်တဲ့အလုပ်ပဲရှိတယ် လို့ ထင်မှတ်ရင် လူက နူံးခွေပြန်ရော၊ ဘယ်မှာနေနေ စိတ် အဓိကပဲ လို့ ဖာသာ လှည့်စားရင်း ပျော်အောင် နေရတာပဲ။ မတွေးချင်ဘူး ကေရယ်... အသက်လေးရလာလို့လည်း ဖြစ်မယ်။ အေးချမ်း ရိုးရှင်းနေချင်တယ် ရောင့်ရဲတတ်လာတယ်။

Unknown said...

The arrow to the same hearts

TURN-ON-IDEAS said...

အိုး မပြတ်နိုင်ဘူး၊ ပတ္တမြားကျောက်စီဓား စွဲကိုင်ခုတ်မလား၊ ဖြတ်တောက်မရနိုင်ဘူး...

ဘာပဲဖြစ်ဖြစ် ချစ်တယ်မြန်မာပြည်ရယ်...း)

P.Ti said...

မပြတ်သားနိုင်တဲ့ စိတ်ဓာတ်နဲ့ ခက်ခဲ့နေဆဲပါပဲ မကေ။

ပတ်ဝန်းကျင်မှာတွေ့နေရတဲ့ နောက်မျိုးဆက်သစ်တွေကတော့ အခုကတည်းက တာ့တာပြနေပြီ...

မြန်မာလိုတော် ကောင်းကောင်း မပြောတတ်ကြတော့တဲ့ ကလေးတွေ မြန်မာပြည်မှာ ဘယ်လိုနေထိုင်ကြမလဲဆိုတဲ့ အတွေးရောက်လာရင်... မိဘတွေက မြန်မာပြည်ပြန် သားသမီးတွေက ဒီမှာပဲနေခဲ့ အဲလိုတွေနဲ့ မျိုးဆက်တွေပျောက် သားသမီးနဲ့ မိဘတွေ ခွဲနေကြရဦးမှာလား....

kogyikyaw said...

ကျွှန်တော်လဲ "ပီတိ" လိုပဲ တွေးမိတယ်။ ။

ဘာပဲပြောပြော… လောလောဆယ်တော. မှန်နေသေးတယ်လို.
ထင်တာပဲ…

နောက်တော.မပြောတတ်ဘူး။

ကြည်ကြည် said...

အားသွားပီမကေ
နောက်တစ်ခေါက်ထပ်ဖတ်သွားတယ်။
ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီ။
ရွာပြန်မယ် တစ်ခါတစ်လေ ရွာပြင်ထွက်လည်မယ် အဲ့လို ဆုံးဖြတ်လိုက်တယ်လောလောဆယ်း)