သိမ်းမြစ်ပေါ်က..ပန်းခြောက်တွေ..


မီးရောင် တွေ ပြိုးပြက် နေတဲ့..လန်ဒန် မျှော်စင် တံတား ကြီး ကို မော့ကြည့်ရင်း..ရင်သပ် ရှု မော …
-
ဒီလောက် ကြီးမား ခန့်ထည် လှတဲ့.. ဗိသုကာ အနု လက်ရာ တွေ ကို.. ဘယ်လို ခေတ်က..ဘယ်လို လူတွေ ..ဘယ်လို သမိုင်းကြောင်းတွေ ခင်းပြီး.. ဆောက်ခဲ့ ကြပါလိမ့် …
-
သမိုင်းတွေ ဒင်းကြမ်း ပြည့်နေတဲ့ လန်ဒန်မြို့ကြီးရဲ့ ဟောဒီ သိမ်းမြစ် ကြီး တလျှောက်မှာ.. ဘ၀တွေလည်း ဥဒဟို စီးဆင်းနေခဲ့ မှာပဲလေ..
-


“နင်..လန်ဒန်ရောက်ပြီး.. တံတားကြီး မတွေ့ပဲ ပြန်သွားလို့ ဘယ်ဖြစ်မလဲ …………….
.........ဒီတံတားကြီးက..၂ပိုင်းဆက်ထားတာ .. သဘောင်္ကြီးတွေ လာတဲ့ အခါဆို..ဒီ အလယ်ကောင်ကြီး ကနေ ခွဲချ လိုက်တာ .. ငါတို့..ဒီ မျှော်စင်တွေပေါ် တက်သွားပြီး..အပေါ် လျှောက်လမ်းမှာ လည်း လျှောက်လို့ရတယ်.. အေးဆေးပေါ့ဟ.. ပြီးရင်..မြို့လယ်ခေါင် တပတ် ပြမယ်.. နောက်မှ..ကော်ဖီလေး ဘာလေး သောက်ပြီး..နင့်ဟိုတယ် ငါ လိုက်ပို့ပါ့မယ်……
….. ဟောဟိုးက.. အဆောက်အဦက.. MI 5 လေ.. ဂျိမ်းစ်ဘွန်းကား ရိုက်သွားတာပေါ့..”


သူ့မြို့ သူ့ရွာ ကို လာလည် တဲ့.. ဧည့်သည် တယောက်ရဲ့ ရှေ့မှာ..တံတားကြီးအတွက်.. ဂုဏ်ယူပြီး..ဖွယ်ဖွယ်ရာရာ --- ကို..ရှင်းပြနေတဲ့..သူငယ်ချင်း ကို.. ပိုပြီး ကျေနပ် သွားစေချင် ပါတယ်။

-
“ အေးပါဟယ်..တကယ်ပဲ..နင့်ကို ကျေးဇူးတင်တယ်.. အချိန်က မလောက်တော့..ဒါကြီးတော့..မရောက်တော့ ဘူး ထင်နေတာ..”

-
“ အေးလေကွာ.. နင်လာတာ..ခဏလေး.. ငါတို့ တွေ.. မတွေ့တာ .. နှစ်ပေါင်း မနဲ တော့ဘူးပဲ.. ငါ ..ဒီ ရောက်နေတာတောင်..၁၀ နှစ် ကျော် ပြီလေ ဟာ..နင်ကော..မြို့ကို ပြန်ရောက်သေးလား..”


“ အော်..အေး..ခုန ပြောလက်စ စကား ပြတ်သွား လို့.. ပြန်တိုင်း တော့.. ရောက်ပါတယ်ဟာ.. မနှစ်က.. ငါ တခေါက် ရောက်သေးတယ်လေ.. မြို့မှာတော့.. ဒီလိုပါပဲ.. လမ်းပေါ် သွားလာ နေကြ တဲ့..အငယ်ပိုင်း တွေ..မသိတော့ဘူးဟ.. ”

တကယ်ပင်..ဒီသူငယ်ချင်း နဲ့ အဆက်အသွယ် ပြတ် သွားခဲ့တာ.. အထက်တန်းကျောင်းမှာ..အခန်းဖော်..စာပြိုင်ဖက်..။ ၁၀တန်းအောင်..ကျောင်းတွေ ပိတ်ထားတုန်း..၈ လေးလုံး အရေးတော်ပုံကြီး အတွင်းက..လှုပ်ရှားမူတွေ ..။ ရွှေးကောက်ပွဲ ကာလ .. .မဲရုံတွေမှာ.. လုပ်အားပေး ခဲ့ တာ လောက်ပဲ .. ပြောစရာ ရှိ တော့သည်။ ဒီကြားထဲမှာ.. သူ ဘယ် တုန်းက..ဘယ်သူ နဲ့ အိမ်ထောင် ကျသွားသလည်း..အခု လန်ဒန် ကို ရော ဘယ်လို ..ဘယ်ပုံ ဘယ်အချိန်က..ရောက် နေ ခဲ့ လည်း.. သေချာ မသိ။ အခု .. ဒီ ၀င်မယ် ဆိုတော့..အမေရိက မှာ နေတဲ့.. သူငယ်ချင်းက.. ဖုန်း နံပတ် ပေး လိုက် လို့.. ကမ္ဘာ ကျဉ်းကျဉ်းလေး ထဲ..ပြန်တွေ့ ဖြစ်ကြ သည်။

အဲဒီ အမေရိက- က.. တယောက်ဆို လည်း .. ၈၉ ခုနှစ်တည်းက.. နယ်စပ် ကို ရောက်သွားခဲ့တာ.. သူ့ပုံကို..လုံးဝ ကို ပြန်မဖမ်းနိုင်တော့..။ မှတ်မိနေတာ..ပုဆိုး အစိမ်း တိုတိုလေး နဲ့ စာအုပ်လေးတအုပ် ခါးကြားထိုး ပြီး ကျောင်းတတ်တဲ့..ကောင်လေး တယောက်။ ၈ လေးလုံး ကာလတွေက.. အလွန်တက်ကြွ၍ အလွန်စွာသော.. ၁၀ တန်းကျောင်းသားလေး တယောက်..။ သူလည်း..တောထဲက..ဘ၀ တွေကို ဘယ်လို ဖြတ်သန်းပြီး.. အမေရိက ကို ဘယ်အချိန်က..ရောက်နေခဲ့လည်း..တခါမှ သေချာ မမေးဖြစ်ခဲ့။ တကယ်တော့..သူတို့ သုံးယောက်လုံး.. မြို့တမြို့တည်း..ရပ်ကွက် တခုတည်း..ကျောင်းတကျောင်းတည်း.. မှာ..ကြီးပြင်း ခဲ့ကြရင်း.. ဘ၀ ခြင်းတွေလည်း မနီးမဝေး ။
-

“ ဟိုကောင် နဲ့တော့..မကြာ မကြာ စကားပြောဖြစ် ပါတယ်.. နင့်ဆီ ၀င်ဖြစ်ဖို့လည်း သူပဲ တိုက်တွန်းတာ..”

“ အေးကွာ..ငါလည်း..အလုပ် တွေ ပြောင်း..ဆိုင်ဖွင့် တာတွေ.. စီးပွားရေး တွေ.. ကလေးတွေ ကိစ္စ တွေ နဲ့..တော် တော် အဆက်အသွယ် ပြတ် နေတယ်..”

တံတားကြီး ရဲ့ အလယ်ခေါင်.. အဆက် နေရာ ကြီးပေါ်မှာ.. ခြေစုံ ရပ် ရင်.. သိမ်း မြစ် ကြီး ကို လှမ်းငေး ပြန်တော့.. နှစ် ယောက်လုံး..စကား စတွေ ပြတ်သွားပြန်သည်။ သူငယ်ချင်းက.. ဘောင်းဘီ အိတ်ထဲက..စီးကရက် ဗူးကို ထုတ်ရင်း..စီးကရက် တလိပ်ကို မီးညှိ သည်။

-
အနားက..အဆောက်အဦ မြင့် ကြီးတွေ ပေါ်မှာ လည်း မီးရောင်တွေက..တထိန်ထိန်.. ဟိုးဝေးဝေးက.. သဘောင်္ ဟောင်းကြီး ပေါ် မှာလည်း.. မီးပွင့်တွေ..ပြိုးပြိုး ပျက်ပျက်..။ တံတားပေါ်မှာ..လူ တချို့ က..ခပ်သုတ် သုတ် လျှောက်လို့..။ တချို့ကတော့.. ကိုယ်တွေလို..တံတား ဘောင်ကြီးကို မှီပြီး .. ငေးမိ ငေးရာ..တွေးမိ တွေးရာ။ သူငယ်ချင်း ဆီက.. စီးကရက် မီး က.. မလင်းတလင်း..ညရောင် အောက်မှာ.... ရဲကနဲ.. ။
-

“ အေးလေ.. နင် အဆက်အသွယ် ပြတ်တာ..ငါ နားလည်ပါတယ်.. မြို့မှာတော့..ငါတို့ အရွယ်တန်းတွေ.. တော်တော်များများ..မရှိ ကြတော့ဘူးဟ.. ဟို.. စည်းရုံးရေး ဆင်းတုန်းက..တော အတူတူ ဆင်းကြတဲ့.. ကုလားဆိုင်က..ညီ အငယ်ကောင် လည်း..မရှိရှာတော့ဘူး.. လူငယ် တွေ လည်း..ငယ်ငယ် ရွယ်ရွယ် နဲ့..ဘယ်လို တွေ ဖြစ်လဲ မသိဘူး.. ”

-
သူငယ်ချင်း ဆီက.. သက်ပြင်း လား ဘာလား မသိ.. စီးကရက် မီးခိုး တဆုပ်.. ခပ်ပြင်းပြင်း မှုတ်ထုပ် လိုက်သည် ။

-
“ အေး..ပြောမှပဲ.. ဧသီတာ ပုံနှိပ်တိုက်က..လန်ဘားလေ.. တို့တွေ သပိတ်စခန်း လှန်တော့..သူ့အဖေကြီး..ငိုကြီး ချက်မ နဲ့ လိုက်ခေါ်တာ.. အခု..သူက.. ၂၀၁၀ မှာတောင်..အေးလွင် တို့ အုပ်စုကနေ..၀င်အရွေးခံ မလို့တဲ့ ဟ.. ငါတော့..ရီချင်တာပဲ..”

-
သူပြော နေတဲ့..သတင်းတွေကို.. အံ့သြဟန် မပြသလို.. စိတ်ဝင်စားပုံ လည်း မပေါ်တဲ့.. သူငယ်ချင်းက..စီးကရက်ပြာ တွေကို တချက် တောက်ထုတ်လိုက်ရင်း..

-
“ ဒါနဲ့.. ဆရာဦးအောင် တို့ကော..ဘယ်လိုလည်း.. ဆက် လှုပ်ရှားတုန်းပဲလား..”

-
“ ဆရာတို့ကတော့..ဒီအတိုင်းပဲပေါ့.. သူလဲ ကျန်းမာပါတယ်..ငါ အမြဲ ၀င်နှုတ်ဆက်တာပဲလေ.. တွေ့တိုင်းလည်း နင့်ကို မေးပါတယ်..”

-
မြို့ရွာ အကြောင်း..တိုင်းပြည် အခြေအနေ အကြောင်း.. ပြော ဖြစ် ကြတော့.. ဆရာဦးအောင် အကြောင်းက..ပါလာ ရ တော့သည်။ ဘာပဲ ပြော ပြော..သူတို့မြို့လေး မှာတော့..နိုင်ငံရေး အကြောင်း နဲ့ ဆရာ့ အကြောင်းက..ခွဲထားလို့ မရ။ အရေးတော်ပုံကြီးမှာ..ဆရာ ပါဝင်ခဲ့တာ..သူ့ကျောင်းသားတွေ နဲ့ အတူရပ်တည် ခဲ့တာ တွေက..မေ့ပျောက် ပြစ်လို့ မရနိုင်။

-
“ ဟိုတခေါက်ကဆို..ဆရာ့ဆီ..အေးအေးဆေးဆေးကို ၀င်ပြီး နှုတ်ဆက်ဖြစ်..စကားပြော ဖြစ်တယ်.. ဆရာကတော့..သူ့ယုံကြည်ချက်..ခံယူချက် အတိုင်း..ဆက် ရပ်တည် နေတာပဲလေ…။ မြို့ကတောင်..တလှမ်း ခွါ တာမဟုတ်ဘူး..လူငယ်တွေကိုလည်း..အခြေအနေ အကြောင်းအမျိုးမျိုး နဲ့ အပြင်ရောက် ကုန်တာ..သူ့အနေနဲ့ မှတ်ချက် အထွေအထူး ပေးစရာ မရှိပါဘူး … တဲ့....ဒါပေမဲ့.. ကိုယ့်ခြေထောက်ကို..သစ္စာမဖောက်မိဖို့ လိုသလို..သူများနောက်ကျောလည်း..ဓါးမထောက်မိ ဖို့ အရေးကြီးတယ် လို့.. ပြောတယ်..... သူပြောလိုက်တဲ့.. အဲဒီ အသုံးအနှုံး တွေကို..ငါ..အတိအကျ ကို မှတ်မိနေတယ်………

……….

…………. ဖြစ် ချင်တော့.. ကြက်ကြီးလေ..နင် မှတ်မိတယ် မလား.. သာကူးလိုလို..သတင်းပေးလိုလို.. တက်ကြွသူလိုလို နဲ့.. သူက..နယ်စပ် ဒုက္ခသည်စခန်း မှာ..ကန့်ပ် ၀င်ပြီး.. ဆရာ့ နံမယ်ကို အသုံးချ..အခု..တတိယ နိုင်ငံ တခု ရောက်သွားပြီတဲ့။ အဲဒါကို..ဆရာ သိသွားပုံ ရတယ်ဟ.. ဆရာကလည်း..သူ့ နိုင်ငံရေး သိက္ခာနဲ့ သူနေတာ.. ဒါမျိုးတွေ ကြားရင်..ခါးသက်မှာပဲလေ.. ငါတို့ အပြင်က..သိတာဆို.. သူတို့နဲ့ ငယ်ငယ်ထဲက..ရပ်ဆွေ ရပ်မျိုးလို နေလာကြတဲ့.. မိသားစု တစု ဆို.. အမေရိကကို.. ၀င်ပြီး..ဟိုကျမှ.. ဆရာ့ တူ လုပ်ပြီး..နိုင်ငံရေး ခိုလှုံခွင့် လုပ်သွား ဖူးတယ်တဲ့.. နိုင်ငံရေး နဲ့ဆိုတာလည်း လားလားမှ မနီးစပ် တဲ့ အပြင်.. ဇတ်လမ်းစုံကိုလည်း..အတော်ကြာမှ..ဆရာက.. ပြန်ကြားရ တာ ဆိုတော့..သူလည်း..အတော် စိတ်ထိခိုက် မှာပေါ့..”

-
ပြာတောင့် တက်နေတဲ့ အထိ..စီးကရက်ကို ခဲ ပြီး..ငြိမ်နားထောင် နေတဲ့..သူငယ်ချင်းက..ဘာမှတ်ချက် မှ..မဆို..။

-
“ အေးဟယ်..ငါကလည်း..စိတ်ပျက်စရာ..အတင်းတွေချည်း..စွတ်ချ သလို ဖြစ်နေပြီ.. စိတ်အားတက် စရာ တွေလည်း တွေ့ခဲ့ပါတယ်ဟ .. ”


ခပ်သာသာ ရယ်သွမ်းသွေး မိတော့..

-
မဟုတ်ပါဘူး.. ငါလည်း..ဆရာ့အကြောင်း တွေးနေမိတတ်လို့ပါ.. စီးပွားရေးကော..အဆင်ပြေ ကြရဲ့လား မသိ..ဆရာ့ သား နဲ့ သမီး ကော..”
-

“ သား တော့ မသိဘူး.. အထဲ မှာပဲ လို့တော့ ပြောတယ်..သမီးကတော့..ဆရာ နဲ့ အတူ နေရင်း..ဆရာ့ ကို..သူပဲ..ပြုစု စောင့်ရှေက် နေတာပေါ့..စီးပွားရေး ကတော့..အသင့် အတင့်ပေါ့ဟာ.. မြန်မာပြည် ထဲ မလဲ.. ရိုးရိုး မှန်မှန် ကျင့် ပြီး .. ပြည့်စုံ ဖို့ ဆိုတာ..လွယ်တာ မှ..မဟုတ်တာ.. နောက်.. ဆရာ တို့ မိသားစု ဆို ပိုဆိုးတော့ မပေါ့..ဒါပေမဲ့..ကိုယ့် အုပ်စု တွေ တော့.. ရှိပါသေးတယ်.. ညဖက်ဆို..ဆရာ့ အိမ်မှာပဲ..လာ..သတင်းကြည့်ကြ.. ပြောကြ ဆိုကြ နဲ့ပေါ့.. ဘိုစော တို့ဆို..အခုထိ..တမိသားစု လုံး..လုပ်စရာ ရှိတာ..လုပ်နေတာပဲ.. ပါနေတာပဲ.. ကိုတာကြီး ကတော့.. ၀င်လိုက် ထွက်လိုက်ပဲ.. ခုတခေါက်လည်း..ခဏ ပါသွား သေး တယ်လေ.. စိတ်ဓါတ်ကတော့..လုံးဝ မာတုန်း ..”
-

သိမ်းမြစ် ပေါ်ကဖြတ်ပြီး..ခပ်ပြင်းပြင်း တိုက်နေတဲ့..ညလေကြမ်း ကြောင့်..ခဏ နဲ့ ကုန်သွားတဲ့.စီးကရက် တိုကို.. သူငယ်ချင်းက.. မြစ်ပြင် တနေရာ ကို တောက်ထုပ် လိုက်တယ်..။ နွေဦး ဆိုပေမဲ့..မိုးငွေ့ပါပုံရတဲ့..ညလေက..အေးလှသည်။ ဂျာကင် အနွေးထည်ကို တင်းနေအောင် ဆွဲ စေ့ ရင်း..အိတ် ၂ဖက် ထဲ..လက်ထဲ့ လိုက် သည်။

-
“ နင် အေးနေပီလား....”


“ အေး….နဲနဲ အေးတယ်ဟ.. စကားကလည်း..ငါချည်းပဲ ပြောနေ ဖြစ်တာ.. နင့်မိသားစု လည်း စိတ်ပူနေမယ်..ပြန်ကြတာပေါ့..”

ငြိမ်သက်ယောင် ယောင် ..ပတ်ဝန်းကျင်လေး မှာ.. သိမ်းမြစ်ပေါ်က.. နောက်ဆုံးလေပြင်း တချက် သယ်လာတဲ့.. မိုးစက် မှုန်လေး တွေ ကြောင့်..အရာအားလုံး ပိုပြီး လှုပ်ရှား မြန်ဆန် လာ သည် ။


“ ဒီလိုပါပဲဟာ.. နိုင်ငံရေး ကတော့..ငါတို့လည်း..ဒီမှာ..ကြုံရင်တော့..သွားသွား အော်တာပါပဲ..ဒါပဲ..ငါတို့ တတ်နိုင် တော့တာပဲလေ .. ကဲ..ကဲ.. မိုးလဲ ရွာပြီ..ပြန်ကြတာပေါ့.. နင် ကော်ဖီ ဆိုင် ထိုင်ချင်သေးလား..”

“ မထိုင်တော့ပါဘူး ဟယ်..”
ခေါင်းကို ရမ်းခါ လိုက် တော့.. သိမ်းမြစ်ပြင်မှာ ရောင်ပြန်ဟပ်နေတဲ့..မီးရောင် အရိပ် တွေ ...မိုးစက်တွေ အောက်မှာ.. ပိုပြီး ပြန့်ဝါး သွားသလို..။


“ ဒါနဲ့..နင်- နောက်နှစ် ပြန်လို့ ကြုံရင်..ဆရာ့ကို ငါက..နှုတ်ဆက်တယ်..သတိရတယ် လို့ ပြောလိုက်ပါဟာ.... ”
---
“စိတ်ချပါဟယ်.. နင် နဲ့ တွေ့ခဲ့တဲ့ အကြောင်း..နင့်မိသားစု ဒီမှာ အဆင်ပြေနေကြောင်း..ပြောပြလိုက်ပါ့မယ်..”
-
အဆက်အစပ် မရှိတော့တဲ့..အတိတ်က..ပုံရိပ်တွေ..ပုံမပေါ်တဲ့..အနာဂါတ် အမောတွေ နဲ့... ဟောဒီ ပစ္စပ္ပုန်က..မျှော်စင် တံတားကြီးရဲ့ အလှအပ..ကိုများ..ဖုံးကွယ် လိုက်မိသလို ဖြစ်သွား လေသလား..
-
တံတားကြီး ရဲ့ မျှော်စင်တိုင်ကြီး အောက်တဲ့တဲ့ကနေ.. ပြန်မော့်ကြည့်တော့..တံတားကြီးက..ပိုလို့တောင်..ကြီးမားနေလိုက်တာ..
-
လူတွေ ရေးခဲ့တဲ့ သမိုင်းတွေ..လူတွေ ဆောက်တည်ခဲ့ တဲ့.. ခန့်ညား ထယ်ဝါ မူတွေ.. လူတွေ မုန်းတီးခဲ့ တဲ့..စစ်ပွဲ ကြီးတွေ.. လူတွေ ကူးသန်းခဲ့တဲ့..စီးပွားဖလှယ်မူတွေ.. လူတွေ တော်လှန် အနိုင်ယူခဲ့ တဲ့..ခေတ် အပြောင်း အလဲ တွေ..လူတွေ ကူးပြောင်း ခိုလှုံကြတဲ့.. စိမ်းမြရောင် စားကျက်ခင်းတွေ.. နေအမြင့်မှာ..အရိပ်တွေ တဖြည်းဖြည်း တိုလာတဲ့..ခိုနားရာတွေ.. အပူအပင် နဲပါးသလောက်.. တက်ကြွမူတွေ..အဆက်မပြတ် ပေါက်ကွဲ နေတဲ့..ငယ်ဘ၀တွေ…
-
အခုတော့..ကမ္ဘာကျော် တံတားကြီး ရဲ့ အခြေမှာ..ရပ်ရင်း..သူတို့မြို့အ၀င်က .. ဒုတိယ ကမ္ဘာစစ် လက်ကျန်.. သံ တံတားကြီး တခု ကိုသာ.. မြင်ယောင် နေမိတော့သည်။ ဂျပန် ကို တော်လှန်ခဲ့တုန်းက..မြို့အ၀င်ကနေ.. မဟာမိတ် တွေ ခုခံ ခဲ့ တဲ့.. တံတားကြီး။ သူတို့ သူငယ်ချင်းတွေ..ညနေခင်း စက်ဘီးစီးခဲ့..လေညှင်း ခံ ခဲ့ တဲ့.. တံတားကြီး။ အရေးတော်ပုံ ကာလ က.. ခွပ်ဒေါင်းအလံ တွေ လွှင့်ပြီး .. တပ်ပေါင်းစု တွေ ကို ကြိုဆိုခဲ့ တဲ့ မြို့အ၀င် တံတားကြီး…။ တချိန်က ဆရာ ပြောခဲ့ သလို..“ ဒီ တံတားကြီးမှာ ရှိတဲ့..သူရဲကောင်းတွေ ရဲ့ ၀ိညဉ် တွေ က.. တော်လှန်ရေး အသိ ကို အမြဲ နှိုးဆွ ပေးနေ ခဲ့တာပေါ့ ကွ..” တဲ့။
-
တဖြည်းဖြည်း..စိပ် လာနေတဲ့..မိုးစက်မှုံလေးတွေကို.. ရှောင်ရှားပြီး...ကားဆီကို ခပ်သော့သော့ လျှောက် နေတဲ့..သူငယ်ချင်း နောက်က..အမှီလိုက်ရင်း....
-
“ နင်..ချောင်းကုန်း တံတားကြီး ကို သတိမရဘူးလား ဟင်..” လို့ မေး လိုက်ချင်သည်။
-
ဒါပေမဲ့..သူ မမေးဖြစ်ပါ။ လူ တယောက်ခြင်း စီမှာ.. မလိုအပ်ပဲ သိစရာ မလို .. ဖွင့်ဟ လို့ မသင့်တဲ့.. ခံစားချက်တွေ.. နောက်ခံ အဖြစ် အပျက် တွေ..ကိုယ်စီ ရှိ နေ နိုင် တာပဲ
-
အခုတော့..ငါတို့တွေ အားလုံး .. ခိုလှုံရာ စားကျက်မြေ အသီးသီးမှာ နေထိုင် ရှင်သန်ရင်း.. ငါတို့မြို့လေး နဲ့ ချောင်းကုန်း တံတားကြီး ကို မေ့ လျော့ နေကြပါပြီလေ.…။
-
ဆရာတို့ မိသားစု နဲ့.. မိတ်ဆွေဟောင်း တချို့ကတော့...မြို့လေးကို ဖက်တွယ် ရင်း..ချောင်းကုန်း တံတားကြီး ရဲ့ မုခ်ဦးကနေ ..ဖြတ်ကျော်လာမဲ့.. တစုံတရာ ကို..ငေးမျှော်ပြီး .. တနေ့နေ့ကို.. စိတ်အားမလျော့တမ်း..စောင့်နေ ကြ ဆဲပဲ ထင်ပါရဲ့…။

( သြဂုတ်လ ၈ ရက်နေ့ အမှတ်တရ )


Share/Bookmark

15 Comments:

မမသီရိ said...

လွမ်းမောဖွယ်ရာ သိမ်းမြစ်ကမ်းဘေးက ညကလေးပါပဲ
..
မြို့အ၀င်က .. ဒုတိယ ကမ္ဘာစစ် လက်ကျန်.. သံ တံတားကြီး တခု ..
...
အဲသလို တံတားတွေ မြန်မာပြည်မှာ အများကြီးထင်ပါရဲ့နော် မကေ

အဲသလိုတံတားတွေ ကျမ တကယ် စိတ်ဝင်စားတယ်
မြန်မာပြည်ထဲက ကျမ ရောက်ဖူးတဲ့ဒေသ အတော်များများ မှာလဲ တွေ့ဖူးတယ်

နှစ်ပါင်းရာကျော် ခှိနေတဲ့ သမိုင်းဝင်တံတားတေ
ထိမ်းသိမ်းမှုညံလို့ ကြံ့ခိုင်မှုတွေ အားနည်းနေပေမဲ့
ရှိတဲ့တံတားလေးကိုပဲ အသက်စွန့်ပြီး ဖြတ်သန်းသွားလာနေရတဲ့ မြန်မာပြည်သူအရေအတွက် ဘယ်လောက်များ ရှိနေမလဲ လို့ တွေးမိသွားတယ်

မေ့သမီး said...

အမစာဖတ်ပြီး အတွေးတွေပဲသယ်သွားဖြစ်တယ်။

ခင်မင်းဇော် said...

အင်းးးး
သူနှုတ်ဆိတ်နေပုံအရ သူလဲ အဲဒီဆရာ နာမည်ကို အသုံးချခဲ့လေသလား ကေရယ်...
အမတို့တွေလဲ ကေပြောတဲ့ လူမျိုးတွေကို မြင်နေကြုံနေရတော့ တခါတခါ ခါးသက်မိတယ်....
ဒါပေမယ့်လဲ အဲလိုလူမျိုးတခါတွေ့တိုင်း ကိုယ်မဖြစ်ဖို့တော့ ကြိုးစားဖို့ ပိုသေချာသွားတယ်။
အဲလိုစိတ်တွေနဲ့ပဲ ရှင်သန်ရပ်တည်သွားမယ်လို့ သံဓိဌာန်ချထားတယ် ကေရေ....
ကေ့စာကို သေချာဖတ်ရင်းးးးး ခံစားသွားပါတယ်။

Dr. Yi Yi Win said...

“လူတွေ ကူးပြောင်း ခိုလှုံကြတဲ့.. စိမ်းမြရောင် စားကျက်ခင်းတွေ..” တရားတွေရမိတယ်..ကေ

tin min htet said...

တံတား ၂ စင်းကနေ စတဲ့ အတွေးစတွေက သိမ်းမြစ်နဲ့ မြို့အဝင်ချောင်းလေး ထက်မက ရှည်ပါတယ် ..

rose of sharon said...

ရင်ထဲမှာတစုံတရာခံစားလိုက်ရတယ်...

Anonymous said...

ကေ့ စာဖတ်ပြီး ကေ့ဆရာစကားကိုရော ကေ့ရဲ့ ဆရာကြီးကိုရော လေးစားမိပါတယ်....
ဆရာကြီး ကျန်းမာချမ်းသာပါစေ...

mie nge

Steve Evergreen said...
This comment has been removed by the author.
pandora said...

အင်း... ပန်းခြောက်တွေ အနံ့ပြယ်သွားလေသလား

ပေါင်းမြက်တွေကြားက တောပန်းတွေကတော့ ရိုင်းမြနေဆဲ။

Moe Cho Thinn said...

ငယ်သူငယ်ချင်းနှစ်ယောက် တွေ့ဆုံခန်းက အတွေးတွေ အငေးတွေနဲ့ လွမ်းမောစရာပါပဲကေ..
တံတားအောက်မှာ ရေတွေစီးသွားပြီကိုးလေ..
ဒါပေမဲ့ ဘယ်သူမှ မမေ့နိုင်ပါဘူးလေ..

ကလူသစ် said...

ဆရာကနဲနဲတော့ ခါးသက်မှာပဲ။ ဒါပေမဲ့ သူတို့အဆင်ပြေသွားကြတော့ နဲနဲတော့လဲ ၀မ်းသာပေးမယ်ထင်တာပဲ။

Anonymous said...

ခြောက်ကပ်ကပ်ကြီးနဲ့ လွမ်းစရာ ငိုချင်စရာကြီးပါ အန်တီကေ..

ချောင်းကုန်းတံတားဆိုတာ ဘယ်နားမှာရှိတာလဲပဲ အတိအကျသိချင်နေတယ်

Anonymous said...

အစ်မ'ကေ' ရေ...
အကယ်၍သာ တတိယနိုင်ငံတွေက တူတော်တယ်, သားတော်တယ် ဆိုတိုင်း ''ဘလိုင်း''ကြီး နေထိုင်ခွင့်ပေးတတ်ကြရင်ဖြင့် ...
ကျွန်တော်သာ ''ဆရာအောင်''ဆိုခဲ့ရင် နိုင်ငံခြားရောက်တဲ့သူတွေကို ကျွန်တော့် တူပါ, ကျွန်တော့်သားပါ... ခေတ္တခဏနားခိုခွင့်ပေးလိုက်ကြပါဆိုပြီး၊ သူတို့ဘ၀လေးတွေ စစ်အာဏာရှင်လက်အောက်က မအောင်မြင်ခင် ရွှင်လန်းနိုင်ကြပါစေရယ်လို့ ပြုံးပြုံးကြီးဒါနပြုချင်မိပါရဲ့ ...
တကယ်တော့ နိုင်ငံရေးလုပ်တယ်ဆိုတာ ဂုဏ်ပုဒ် တစ်ခုအတွက်ရယ်မှမဟုတ်တာ...လူသားမျိုးနွယ်ကြီးတစ်ခုလုံးကိုမြှင့်တင်ပေးချင်တာ...အားလုံးမဟုတ်တောင် တစ်ဦးတစ်ယောက် ကိုယ့်အတွက်ကြောင့် ကောင်းသွားနိုင်ခဲ့ရင်ဖြင့် ပီတိဝေဖြာနေရမှာပါ...
အရေးကြီးတာက တစ်ဦးချင်းစီမှာရှိတဲ့ “စစ်မှန်တဲ့နိုင်ငံရေးခံယူချက်“ ပဲ...စာအရေးကောင်းလာတာဝမ်းသာမိတယ်....

မိတေဖိုး said...

အင်း …ကျမသာ ဆရာအောင်ဆိုရင်တော့ သည်လိုလူတွေရဲ့လုပ်ရပ်ကို ခံပြင်းနေမှာ မဟုတ်သလို ပီတိလည်းဖြာပေးမနေနိုင်ပါဘူး။ ဘာလို့ဆို သူတို့ဖာသာ သူတို့လမ်းလျှောက်ကြတာကိုး။ ဆရာအောင်က ထောက်ခံချက်ရေးပေးရတာမဟုတ်သလို၊ နိုင်ငံရေးခိုလှုံခွင့်ပေးတဲ့သူတွေကလည်း သူတို့ဖာသာ ပေးကြတာကိုး။ ဒါပေမဲ့ ဆရာအောင်တို့ လုပ်တဲ့ နိုင်ငံရေးဆိုတာ အနောနီးမတ်စ်ပြောသလို တစ်ဦးချင်းစီဘ၀ ကောင်းဖို့ သက်သက်လုပ်တာတော့ဟုတ်မယ်မထင်ပါဘူး။ မတရားတဲ့ အရာတွေ တရားမျှတ လာအောင် နိုင်ငံသားအားလုံးသာတူညီမျှ အခွင့်အရေး ရလာအောင်လုပ်တာမျိုးပဲဖြစ်ပါလိမ့်မယ်။

sonata-cantata said...

ကေရေ တံတားဆိုတာ အရှည်တည်တံ့ခိုင်ခန့်ခြင်းရဲ့ နမိတ်ပုံ လို့ ငယ်စဉ်အခါက ကြားဖူးခဲ့တာကို အခုချိန်ထိ ယုံကြည်စွဲမြဲနေပါတယ်...။