-
အဲဒီ ကောင်းကင် ရဲ့ လွတ်လပ် မူကို..အမိအရ ဆုပ်ကိုင်ပြီး.. ရဲရဲ ရင့် တဲ့..ပြာပြာလွင် တဲ့..စိန်ပန်း တွေက.. စိတ်ထင်တိုင်း.. အပွင့် ရိုင်း တွေ.. ကျဲချ နေ တော့ တာ ။
-
အဲဒီ ကောင်းကင်..အမိုး ရဲ့ အောက်မှာပဲ..ကံ့ကော်တွေ ကတော့.. မြရွက်ချွန် တွေကို အကာအကွယ်ယူ လို့.. ဟိုး..အပင်မြင့် မှာ... ပွင့် သာ ပွင့် စေ .. မွှေးသာ မွှေးနေ.. မမြင် သာ..မခူးလွယ် .. အကြွေ ခက် .. အနေတတ်လေ သလား.. ။
-
++++++
နာဝါ လှေကလေး တွေရယ်..
ဆွေးသူ ကို ဖေးကူပါလှဲ့..
လမ်းကြုံရင်..
ခေါ်စေချင်ငဲ့…
ပြာရီလဲ့..ဆည်းဆာ ညချမ်းဝယ်..
နေညိုညို မောင့်ကို
လွမ်းမိတယ်..
ချက်ချင်းပင်..အင်းလျားစောင်း ပတ်လည်မှ စိန်ပန်း
ရွက်များ လှုပ်ရှား လာသည်။ လေမှာ ပျောင်းနွဲ့ ကြသည်။ နီရဲ သော အ၀ါပျောက် သည့်
ပွင့်ဖတ်များ ကြွေလျော ကြသည်။ “ လွမ်းစရာပင် သည်မှာ ရှိ၏.. ညှိ နှင့် လှည့်သို့..”
ဆိုတာ..ဒါပဲ။ ကေ့ ကို အဖော်စပ်စရာ မလိုပါ။ သို့လျှင်.. သစ်ရွက် လှုပ်သည် ကို
ပင်..ရယ်တတ် ငိုတတ်သော..အရွယ်မှာ..ကေ သည် ကောလိပ် ရောက်လာသည်။ ကောလိပ်မှာ..သူ့ကြမ္မာ သူဖန်တီး ဖို့ တစခန်း စပြီ ဆိုတာတော့..မရိပ် မိသေး..။
ဟော.. တိုက်ဆိုင် လှချည့်..။
-
ဖက်လက်စ.. “ ကေဖွဲ့ဆိုသီ..” စာအုပ် လေးကို.. အသာပိတ်ပြီး.. ရင်ဘတ်ပေါ်ကပ်ရင်း.. အံ့သြ မှင် သက် နေမိတယ်။

ကြည်အေး ရဲ့.. လှပ ခေတ်မှီ ပေမဲ့.... သဘာဝ ကျ နေ တဲ့.. စကား ပြေ အဖွဲ့အနွဲ့..လေးတွေ ကို..ပြန်လွမ်းရင်း.. ဒုတိယ အကြိမ် ထုတ်..ဒီ စာအုပ် ကလေး ကို.. ဒုတိယ အကြိမ် ၀ယ်ပြီး.. ဒုတိယ အကြိမ် ပြန်ဖတ် နေ မိတာ ။ အင်း.. ဒုတိယ အကြိမ် ဖတ် တာ..သေချာ ရဲ့လား..။ လွန်ခဲ့ တဲ့.. ၁၅ နှစ်လောက်က.. အင်းလျားဆောင်က.. အခန်းလေး တခု ထဲမှာ.. အတန်း ကောင်း ကောင်း မတက်..စာ မှန်မှန် မကျက်ပဲ.. ၀တ္တုထဲက..ကေ့ ကို အားကျ ပြီး.. အပြင်က..ကေ တယောက်.. ဒီ ၀တ္တုလေး ကို ဘယ်နှယ် ကြိမ် လောက် ဖတ်ခဲ့ မိမှန်း.. မ မှတ်မိ နိုင်တော့သလို.. အထဲက.. ဇတ် အဆင် ..အရေးအဖွဲ့တွေ က လည်း..သိပ် မရေရာ လှ တော့ဘူးလေ ..။
-
ပြန်ဖတ် တိုင်း လည်း.. ဟောင်း မသွားပဲ.. အမြဲ သစ်လွင် အံဝင်ခွင်ကျ နေ မြဲ ဖြစ် တဲ့.. ကြည်အေး ရဲ့.. ဇတ်ကောင် တွေ ကို လည်း .. ကိုစောညိန်း က ..ဖမ်းစားထား ခဲ့ ဖူး တာကိုး။ ပြီးခဲ့တဲ့.. သုံး-လေး ရက်ကပဲ.. ကိုစောညိန်း အကြောင်းလေး တွေ ဖတ်.. စာလေး တခု..ရေးခြစ်ရင်း..ဂီတနက်သန် သီချင်းလေး တွေ..ရှာဖွေ..ညည်းဆို နေ ခဲ့တာ..။ သိန်းဇော် အသံ နဲ့ ဆို ထားတဲ့ “ ဆည်းဆာ” ကို.. ထပ်ပြန် တလဲလဲ နားထောင်ရင်း..မောင်မောင်ညွန့် ထက် တောင် ပိုကြိုက်နေမိတာ လေ.. ။ ခု..ကြည့် စမ်း..။ ကြည်အေး ရဲ့..“ ကေ” ကလည်း.. ဆည်းဆာ ကို..ကြိုက်သတဲ့ ။
-
ဆည်းဆာ ကို လွမ်းမော ခံစားတတ်တဲ့ အရွယ်မှာ.. ကေ.. ကောလိပ်ကို ရောက်ခဲ့ တာပေါ့.. ။
+++++++
ချက်ချင်း ပြန်ဖွင့် လိုက် .. ရုတ်တရက် ပြန်ပိတ် သွားလိုက် ဖြစ်နေတဲ့.. လေးလ - ခြောက်လ စာသင် နှစ် တွေရဲ့.. ဆောင်းနှောင်း တရက်မှာ.. ရန်ကုန်တက္ကသိုလ် မော်ကွန်းထိန်း ရုံးခန်းထဲကို.. ညီအမ နှစ်ယောက်သား..အဆောင် စာရင်း လာကြည့် ကြ သည်။
-
“ အောင်မယ်လေး.. ညည်းကျမှ..အဆန်း..။ လူတကာ..အင်းလျားဆောင် နေချင်ကြတာ.. ဘယ့်နှယ့် အင်ကြင်းဆောင် နေချင်ရသတုန်း..”
-
သစ်သား ကောင်တာလေး ရဲ့ တဖက်..မျက်မှန် ထူထူကြီး ပေါ်ကနေ.. မျက်လုံးလှန်ကြည့် ပြီး..စိတ်မရှည် လက်မရှည် နားမလည် နိုင် ဖြစ်နေတဲ့..စာရေးမကြီး ရဲ့ အသံမာမာ ကြောင့် ..စူပုပ်ပုပ် ဖြစ်ချင် နေတဲ့.. သူ့ကို..မယု က.. အသာ ချော့ပြီး.. အပြင် ခေါ်ထုပ်လာတယ်။
မယု ပဲ လုပ်တာလေ..။ သူ ပထမနှစ် တုန်းက..ကျောင်းပိတ်လို့ ပြန်လာတိုင်း.. အင်ကြင်းဆောင် မှာ..ဘယ်လို ပျော်ဖို့ကောင်းတာ..လွတ်လပ်တာ…သမိုင်းဝန်း ထဲမှာ..ဘယ်လို သောင်းကျန်း ကြတာ..။ အဲဒါ တွေ ..တမေ့ တမော နားထောင်ပြီး.. သူလည်း..သူ့ တက္ကသိုလ် ကျောင်းသူ ဘ၀ ကို..အင်ကြင်းဆောင်..ဒါမှ မဟုတ်..သမိုင်းဝန်းထဲက..အဆောင်တခုခု မှာ.. နေချင် ခဲ့တာပေါ့..။ အခုကြတော့..အင်းလျားမှာ နေရမှာတဲ့..။ နီနီ ရဲရဲ..မှိုင်းမှိုင်း စိုစို ကြီး နဲ့.. အခါတိုင်း ဆို..အတန်း ကြီး သမားတွေ မှ..ပေးတတ်တာကို..။ အလိုလို မှ.. ကျောင်းတက် ရတာ..မပျော်ပါဘူး ဆိုမှပဲ။
-
“ ကောင်းတယ် ဟဲ့.. မိကေရဲ့.. အဆောင်ကြီး တွေမှာ..လူတိုင်း တောင် ရတာ မဟုတ်ဘူး..မယု က..ရတနာ ဆိုတော့.. နီးနီး နားနား..နင့်ဆီ အမြဲ လာ ကြည့် လို့ရတယ်..အိမ်က သိရင်..၀မ်းသာမှာ.. ပြီးတော့.. ဆိုက်ကို က ..မနိုင်လေ.. ၈ လမ်းထဲက..သူက..အင်းလျားမှာ.. ဟောကျူတာ.. ငါ..လိုက်အပ်ပေးမယ်..”
-
မတတ်နိုင်ဘူးလေ..ဘာပဲ ဖြစ်ဖြစ် နေရမှာပဲ။ သူ့မှာ..ပထမ နှစ် က ငါးလ လုံးလုံး..အပြင်ဆောင် နေလိုက်..အဒေါ်အိမ် နေလိုက်နဲ့..ကြားထဲမှာ..ကျောင်း က..ခဏ ပိတ်သွားသေးတယ် ။ အဲဒီ တုန်းက.. ဒေါ်အောင်ဆန်း စုကြည် နိုဘယ် ဆု ရတဲ့ လှုပ်ရှားမူတွေ ဖြစ်သေးတာကိုး။ စာမေးပွဲ ဖြေကာနီး မှ..ပုဂံ ဆောင်လေး..ခဏ ရတာ။ အခု.. အင်းလျား ဆိုလည်း..အင်းလျားပေါ့။
++++++
ကေသည် ကျောင်းသူ ရှစ်ဦး စုနေရမည့် အခန်း ၏ အလင်းဆုံး ထောင့်မှာ..နေရာရသည်..။
ရှစ်ယောက်ခန်း..??? ။ ဘယ်အနား က ပါလိမ့်။ သြော်.. ထောင့် ခန်းကြီး တွေ ဖြစ်မည်။ နောက်ကျ ၀င်တဲ့ လူတွေ ထားလေ့ ရှိတဲ့.. ဗီရို မပါ..ဇတ် သမတွေ လို.. သေတ္တာတွေ နဲ့နေရတဲ့ ..အ၀တ်ကြိုးတန်းတွေ မှာ..အ၀တ်တွေ တို့လို့ တွဲလောင်း နဲ့ ရှုပ်ပွ နေတဲ့.. ထောင့်ခန်းကြီး တွေ။ နေအုံး.. ဒီမှာ ပါတယ်။
“ ကျွန်မ နာမယ်က..မြကေခိုင်ပါ.. ကေ..တလုံးတည်း ခေါ်ရင်တော့..တိုတာပေါ့..
ကျွန်မ..၁၀၃-၁၀၄ အခန်းကျယ် မှာ နေပါတယ်…”
သေချာတာပေါ့..။ အိသွယ် တို့ မချောစု တို့.. နေခဲ့တဲ့ အခန်းကြီး..။ အင်းလျား မှာက.. အသစ် တွေ.. နဲ့..အတန်းငယ် သမားတွေကို..နှစ်ယောက်ခန်း တွေ ချက်ချင်း ပေးလေ့ မရှိ ဘူးလေ..။ အဲဒီ တုန်းက.. သူ တို့.. ဒုတိယနှစ်..ဘူမိ ၄ ယောက် ကတော့.. လေးယောက်ခန်း.. ၀မ်း-၀မ်း-ဆဲဗင်းန် (117) မှာ..ကွက်တိ ခွင်တိ။ မကွက် တိ ချင်တာက.. အခန်း ရဲ့ တဖက်မှာ.. လမ်းကလေး သာ ခြားတဲ့ .. အိမ်သာ ခန်း တွဲကြီး။ ပြီးတော့.. အခန်း နဲ့ တဲ့တဲ့..က.. မယ်ဇလီ ပင် ကြီးက.. သရဲ ခြောက်တယ် ဆိုတာ ။
-
++++++
“ …နင့်ဘော်ဒါတွေလည်း .ဘယ်သူ မှ မ၀င်သေးပါလား..ကောင်းတာပေါ့..လာ..လာ.. ဒီ ထောင့် လေး မှာ..နေ လိုက်..”
-
ပြောပြော ဆိုဆို..မယုကပဲ.. ကုတင်ပေါ်..ဖျာကို စခင်းလေပြီ။ အခန်း ရဲ့ ၀င်ပေါက် ၂ဖက် စလုံးက..စင်္ကြန် လမ်းတွေ ဖြစ်ပေမဲ့.. သူ ယူလိုက်တဲ့.. ဖက်ခြမ်းက.. အဆောင်ကြီး ရဲ့ အပြင်ဖက် ခြမ်း မို့.. ရေချိုးခန်း သွားမဲ့ လူ တချို့ကလွဲလို့.. လူသွားလူ လာ နည်း လှတဲ့..စင်္ကြန် ကို ကျော် ကြည့်လိုက်ရင်.. ပိန္ဒဲ ပင်တွေ..ကံ့ကော်ပင် တွေ..ရိပ်ပြီး သိပ်နေတဲ့.. အဆောင် ၀န်းခြံ ကြီး နဲ့.. ၀န်ထမ်း အိမ် လေး တချို့ပဲ မြင် ရသည်။ ကောင်းလေစွ ။
စာကြည့် စားပွဲ ပေါ်ကို.. ပလက်စတစ် အခင်းလေး ခင်းပြီး..စာအုပ် တွေ..စီ တင်ရင်း.. ထူထဲလှတဲ့..နံရံ ကြီးကြောင့်.. ပြတင်းပေါက် ဘောင် ကြီးက..ကျယ်ပြီး.. စားပွဲလေးလို ဖြစ်နေတာကို..သဘော ကျနေ မိသည်။
-
“အဲဒီ အပေါ်မှာ…ကျောက်ပျဉ်တို့.. မှန်တို့ တင် လို့ရတယ်..”
အိုး.. သူ ကလဲ..အဲ လိုပဲ တွေးနေမိတာပါ။ သူက တွေး ယုံ ရှိသေး..မယုက ပြတင်း သံဇကာ မှာ..ကြည့်မှန် ကို ချိတ်ပေး ပြီးသွား ပြီ။ အဲ.. မီးချောင်း လဲ ဆင်ပြီးသွား ပြီပဲ။ စိတ်မြန် လက်မြန်..လူသွက်..ခြေသွက် ကိုယ့် အမ အကြောင်း သိပြီးသားမို့.. သွားဖြဲ လေး နဲ့ပဲ..ကုတင် ခြေရင်းက.. အ၀တ် ဗီရို ထဲကို.. သေတ္တာထဲက.. အ၀တ် တွေ.. ထုတ်ပြီး..စီထည့် ရ တော့သည်။
-
“ ဟောဒီ.. ဗီရို အဆင့်ပေါ်မှာ.. ဟင်းပုလင်း တွေ..တင်..။ ဒီ တပတ်တော့..ငါလဲ..ငါ့အဆောင် ၀င်ဖို့ ရှိလို့.. ဘာမှ သိပ်ချက် မပေးနိုင်ဘူး.. နောက် တခေါက်မှ.. ၀က်သား ကြော်ပေး မယ်.. နော်.. ကဲ.. ဟိုးဖက် ကုတင် တွေ..မ၀င်သေး ရင်..ဒီည တော့..နင်တယောက် ထဲ အိပ်ရမယ်.. မကြောက်ပါနဲ့.. နောက်ဆို..ဒီလိုပဲ.. နေရမှာပဲ..ကဲ.. မယု ပြန်မယ် နော်.. .”
-
သူ့ထက် ၃ နှစ်ကျော်ကျော်ပဲ ကြီးပေမဲ့.. အစစ အရာရာ လိုက်လုပ် ပေး တတ်တဲ့..IR..နောက်ဆုံးနှစ် ကျောင်းသူ.. အမ ရဲ့ ထွက်သွား တဲ့ ကြော ပြင်ကို ကြည့် ရင်း.. အင်းလျား ရဲ့ ကန်ရိပ် တောရိပ် က.. ရင်ထဲ ထိ စိမ့် တက်လာသည်။ အဆောင် အတွင်း ဖက် ..လှမ်း ကြည့်တော့..ကျောင်းဖွင့်စ မို့.. လူတွေ သိပ်မ၀င်သေးတဲ့.. အင်းလျား ဆောင် အလယ် မျက်ခင်း မင်းလမ်းမ ကြီး ပေါ်မှာ..အဆောင်ဝန် ထမ်း တချို့ နဲ့.. အခန်း ခြေရင်း..မယ်ဇလီ ပင်ကြီး ဆီ..ပျံလာနေတဲ့..အိပ်တန်းပြန် ကျီး တအုပ် ကိုသာ မြင်ရသည်။မယ်ဇလီ ပင်ကြီး ဆီ ပြန်လာ နေ ကြ သည်။ ယောင်ချာချာ နဲ့ အပြင် စင်္ကြန် ကို ထွက်ရင်း..သံတိုင် တွေကြားက လှမ်းကြည့်တော့ လည်း.. သစ်ပင်ကြီး တွေ သိုသိပ် နေတဲ့.. ညနေစောင်း ရဲ့ ညိုတိုတို အရိပ်တွေ သာ.. ။ ညနေ ဆည်းဆာ တွေကို..သူ ဘာလို့ မနှစ်သက် နိုင် ရ တာ လဲ.. ။
-
+++++++
ပျင်းတွဲသော..အုန်းသီး မုန့်ကို စားရင်း.. လူ့ဘ၀ကြီးမှာ..နေရတာ.. ပျင်းလာလေ၏။
စာသင်ချင် စိတ်လည်း မရှိ။ ကေရဲ့ အလို အတိုင်းသာ ဖြစ်ရမယ် ဆိုလျှင်.. ဆင်းရဲမှာလည်း
မကြောက်။ သီချင်းဆို ပျော်ရွှင်လို့သာ နေနိုင်ပါသည်။ ဒါကြောင့်ပဲ မက်ထရစ် နှစ်ခါ
ဖြေမှ အောင်ခဲ့သည်။ ခုလည်း ဘီအေ အောင်-အောင် သင်ရ ဦးမည်။ ဘာဖြစ်လို့များ မေမေ ဖေဖေ က ကောလိပ် ပို့ချင်ပါလိမ့်။ ဘီအေ အောင်တော့ ရုံးမှာ အလုပ်လုပ်ဖို့လား။ ဘီအေ
အောင်သူမို့ ယောက်ျား ကောင်းကောင်း ရဖို့လမ်း ပိုများလို့လား…
ဝတ္တုထဲက ဇတ်ကောင် ကေ က.. ဘ၀ ရည်မှန်းချက် မများလှ..ပေါ့ပါး လှသည်။ တခါတလေ ကလေးဆန်ပေမဲ့.. ချစ်စရာ ကောင်းစွာ လည်း နူးညံ့ သိမ်မွေ့သည်။ တကယ် ဆို..လောက ကြီးမှာ..ပေါ့ပါးချင် တိုင်း ပေါ့ပါးလို့ မရသလို..အမြဲ နူးညံ့ သိမ်မွေ့ နေလို့ မတတ် နိုင်တာတွေ လဲ.. ရှိပေဦးမည်။ သူကတော့.. အရာရာကို အလေးကြီး သယ်ကာ.. အနက်ကြီး တွေး၍.. ရည်မှန်းချက် တွေ နဲ့..ခက်ထန် ခဲ့ဖူးသည်။
+++++++
“ သမီး ရယ်.. ဘူမိဗေဒ က..ကောင်းပါတယ်.. ဖေ ဖေ တောင်.. အိုင်အေ မှာ ယူခဲ့ သေးတယ်။ နောက်ပိုင်း.. စာတွေ တကယ် ခက်လာလို့..ကျောင်းသား သမဂ္ဂ ကိစ္စ တွေ နဲ့ မနိုင် လို့သာ.. ဆက်မ တက်ဖြစ်တာ.. မေဂျာ ဆိုပေမဲ့.. သူလည်း ပရော်ဖက်ရှင်နယ် ဘာသာရပ်ပါပဲကွဲ့.. သမီး ကြိုးစား ခဲ့တာတွေ.. အလကား ဖြစ်သွားတာ မဟုတ် ပါဘူး…”
-
ဖေဖေ ဘာပဲ ပြောနေ ပြောနေ.. သူ့ ဆောက်ထားတဲ့.. အိမ်ကလေး တလုံး.. မွမွကြေ သွား သလို.. တက္ကသိုလ် ၀င်ခွင့် ကဒ်ပြားလေးကို .. ဦးတည်ချက် မဲ့.. စိုက်ကြည့် နေ မိတယ်။ ခုန ကမှ.. စာပို့သမား ပို့လာတဲ့..ပျော့ ဖတ်ဖတ် ရှည်မျောမျော.. ကဒ်ထူ စာရွက်လေး ပေါ်က.. ခရမ်းပြာရောင်..မှင် နဲ့ တံဆိပ် နှိပ် ထားတဲ့.. ဘူ မိဗေဒ.. ရန်ကုန် တက္ကသိုလ်.. ခုံအမှတ် ၁၁ ဆိုတာလေး က.. မျက်စိ ထဲမှာ..၀ါး -- ၀ါး လာတယ်.။ ဒီ တဘာသာ လေး..အမှတ် နဲ သွားတာနဲ့.. သူ့အနာဂါတ် တခု လုံး.. အဲလို မှုန်ဝါး သွား တော့မှာလား။ ဒါတောင်..သူ့ရှေ့မှာ..သူ့လိုလူ ၁၀ ယောက် လောက် ရှိနေသေးတယ်ပေါ့။ ခေတ်ကြီး ကိုက.. ရွေးချယ်ပိုင် ခွင့်..ပါးရှား တဲ့ ခေတ်.. ဝေစု စနစ် ကျင့်သုံးတဲ့..ခေတ်..။ ပြီးတော့..ကြည့်လေ.. ကျား-မ ခွဲခြားကန့်သတ် တဲ့ အဖြစ်။ သူတို့ အတွက်တော့..မိန်းမ မို့..ယောက်ျားထက် ပို ကြိုးစားဖို့ လိုသတဲ့လား..။
-
“ ဒီမှာ.. မီး..လုံးဝ စိတ်ဓါတ် မကျနဲ့.. ဘူမိ မှာ..ဆရာမ ဒေါက်တာ ရင်ရင် နွယ် ဆိုတာ..နံမယ်ကြီး..။ အသက် ၂၅ နှစ် နဲ့.. ဒေါက်တာဘွဲ့ ရတာ။ စာသိပ်တော် တာ..။ သူတို့ခေတ် မှာ..တမင်တောင်..ဘူမိ ဗေဒ ကို ရွေးတက်ခဲ့ တာတဲ့.. ”
-
အန်တီ ရယ်.. မီး သိပါတယ်.. အဲဒီ ဆရာမ ကို..။ သူတို့က.. နံမယ်ကြီး.. လူချမ်းသာ..ကြေးရေတက် တွေ လေ.. လို့.. အတွေးထဲမှာ..တယောက်တည်း စိတ် အချဉ်က..ပေါက် မိ တော့တယ် ။
-
“ ဟဲ့.. နင်က.. ဘာလုပ်ဖို့..ဘူမိ ယူတာလဲ ဟဲ့.. မိန်းကလေး က ..ဘာလုပ်မလဲ..ဖီးလ် ဆင်းရင်.. စခန်းမှာ.. ထမင်းချက် ..ဒါပဲ..ငါတို့ တုန်းကလဲ.. ကောင်မလေး တွေ..ဒီလိုပဲ..မြေပုံလေး..ဟိုခြစ်..ဒီခြစ်..ဘရန်တန် တောင်..ဖြောင့်ဖြောင့် တိုင်းတတ် တာ မဟုတ်ဘူး..ကောင်လေး တွေပဲ.. လုပ်ကြရတာ..”
-
အိမ်ကို လာလည်တဲ့.. လေးလေး သူငယ်ချင်း.. အဲဒီ လူကြီး မျက်နှာကို..ပြေးကုပ်ဆွဲ ချင် လိုက်တာ..။ ဘာလုပ် လို့ ဘာကိုင်ရမှန်း မသိနေတဲ့.. ကလေး တယောက်ကို..အဲလို အားပေး တတ်အောင်.. ဒေးလ် ကာနယ်ဂျီ ရဲ့ စာအုပ်တွေ များ..ကျမ်းကျေ နေရော့သလား..။ အိမ်အပြင် ကို ပြေးထွက် ရင်း..မိုးရေ တွေ ထဲမှာ.. ငို နေ မိတယ်။ ဒါ ဆို.. ငါ.. ဘာ လုပ်ရ မှာလဲ.. ။
blockquote များ သည်.. ကြည်အေး ၏ “ကေဖွဲ့ဆိုသီ” ၀တ္တု မှ စာသားများ ဖြစ်သည်။