အားနာတယ်
ပြည်တော်ပြန် သီဟာသန
အမျိုးသား ပြတိုက်မှာ တင့်တယ် နေတော့
မဟာမြတ်မုနိကို
အားနာတယ်။
-
ရတနာဂီရိက
သီပေါဘုရင်ရဲ့ နှလုံးသားကို တူးဆွရင်း
ဘ၀ရဲ့ နေညိုညိုဆည်းဆာအိုမှာ
ဇာတိမြေကိုလွမ်းဆွတ်ရှာမဲ့
မနူဟာကို
အားနာတယ်။
-
ကမ္ဘောဇသာဒီနန်းတော်ရာကြီး
ခေါင်းဖီးပန်းပန်၊သနပ်ခါးလိမ်းကျံပြီး
ဝတ်လဲတော်သစ်နဲ့ရှုမငြီးတော့
နသားပါရ မုဒိန်းကျင့်ခံရတဲ့
သူ့ ညီအမ
ကမ္ဘောဇက ဟော်နန်းအိုရေ
အားနာတယ်။
-
စစ်ဘီလူးတွေရဲ့ ပန်းဦးချွေ ပွဲထဲ
ကျေမွ ညိုးနွမ်းရခြင်း အတူတူ
ကျောရင်မတူ ကွဲပြား
ဒါတွေကို အားနာတယ်။
-
အားနာစရာတွေများလွန်းတော့
အားနာရမှာတောင်
အားနာမိတော့ တယ်။ ။
(နီဇူလိုင်)
အားနာတယ်
နောက်ကြည့်မှန် ၀ယ်ယူလိုသူများအတွက်..

နောက်ကြည့်မှန် ၀ယ်ယူလိုသူများအတွက်..
မျက်ကွယ်ထောင့်ကို ခေါင်းငဲ့ကြည့်ခြင်း
အမ ကို မှာမဲ့သာ မှာရတာ.. အားတော့ နာသား..။ သူ့မှာလဲ..ဟိုလူမှာ..ဒီလူမှာ ဖြစ်နေ ရင်တော့..အကုန်အကျ များမှာ စိုးတာပါ။ ပြီးခဲ့တဲ့.. အောက်တိုဘာ ၁၉ ရက်နေ့ ကတည်းက.. ၄၇ နှစ်မြောက် မွေးနေ့ အတွက် အမှတ်တရ ထုတ်ဝေ လိုက်တဲ့..မင်းကိုနိုင် ရဲ့ စာအုပ်လေးကို အရမ်း ဖတ်ကြည့်ချင် စိတ်ဝင်စား နေခဲ့တာ။ ပို စိတ်ဝင်စား စေ ခဲ့တာက… ရသ ဖွဲ့ အချစ် ဇတ်လမ်းလေး တခုကို အခြေခံ ထား သတဲ့…။
နောက်ကြည့်မှန် ဆိုတဲ့..စာအုပ် အညိုလေး ကို ကြောင်တကြောင် ကြွက်မိ ထားသလို.. မစားရက်.. စားရက်.. မဖတ်ရက်.. ဖတ်ရက်...အပြန်ပြန် အလှန်လှန် ကြည့်ရင်း.. မျက်နှာဖုံး သရုပ်ဖော်ပုံ ကို သဘောကျ နေမိသည်။ ကားတစီး ရှေ့ဆက်မောင်းဖို့.. နောက်ကြည့်မှန် တချပ်..ဒါမှ မဟုတ်.. နှစ် ချပ် .. ဒီ့အပြင် ကြည့်ချင်သေးရင် သုံးချပ် ထိ တောင် ကြည့်ဖို့ လို သည်ပဲ။ ဒီစာအုပ် အဖုံး က..ကား မှန် လေးချပ်မှာတော့..ရန်ကုန် တက္ကသိုလ်ကြီးရယ်.. ရှစ်လေးလုံး အရေးတော်ပုံ ကြီးရယ်.. ဒီရှစ်လေးလုံး အရေးတော်ပုံကြီးကို သွေးစွန်းစေခဲ့တဲ့..သေနတ်ကိုင် လူတစုရယ်.. နောက်ပြီးတော့.. ချစ်ခြင်း တရား ရယ်။ ကား နောက်ကြည့်မှန် လေး ခု ထဲက.. ပေါ် နေတဲ့.. အတိတ် တွေ..အရိပ်တွေက.. အဓိပ္ပါယ် ပါလှသည်။ သူကတော့ အဆန်းထွင် တွေးချင်သေးသည်။ ကားမောင်းရင်.. နောက်ကြည့်မှန် နဲ့ တင် လုံလောက် လို့လား.. Blind spot ဆိုတာကို.. ခေါင်းပြန် လှည့်ပြီး..ကြည့်ရ သေးသည် မဟုတ်လား။ ရှိနေတတ်တဲ့ မျက်ကွယ်ထောင့် တွေ ကို ခေါင်းကျော် ကြည့် ဖို့..အမြဲ သတိ ထား နေရ တတ်သည် လေ။
မင်းကိုနိုင် ကို လူတိုင်း လို သိနေကြပေမဲ့… သူ့ဆီက..စကားသံ တွေက တော့.. ကြားရ ခဲ လှသည်။ သွားလာ လှုပ်ရှား နေတဲ့..သူ့ကို မြင် ရ တွေ့ရ တာ.. အနှစ် ၂၀ ကျော် ဆိုတဲ့ ကာလ တလျှောက်လုံး ထဲမှာ.. ဘယ်နှယ် ရက်စာ လောက်များ.. ရှိခဲ့ ဖူး သလဲ…။ တကယ့် မှ.. ရှားပါး လှ တဲ့..ပုံရိပ် တွေ…။ အသံ တွေ..။ ခံစားချက်တွေ။ အထူးသဖြင့်..သူ့ရဲ့ အချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက် တွေကို..လူ တွေ စိတ်ဝင်တစား ရှိ လှတာ..ဘာလို့ လဲ မသိ။ သူ့ရဲ့.. ဇတ်ဟန်ပါတဲ့.. အပြောအဆို တွေ ကြောင့်လား ။ ရဲရင့် တည်ကြည်တဲ့ အတွေးအခေါ် ခံယူချက်တွေ ကြား မှာ၊ တွဲစပ် ယှက်နွယ် ပါလာ တတ်တဲ့..နုရွ လှပ တဲ့..ကဗျာ ပါဒ စကားလုံး လေး တွေ ကြောင့် လား ။ တင့်တည် ရည်မွန် တဲ့.. လူရွယ် တယောက် ရဲ့..ပျောက်ဆုံးသွားတဲ့.. နုပျို လွတ်လပ်ချိန် တွေ အတွက်လား…။
၁၆ နှစ်ကျော်ကြာ အကျဉ်းထောင် ထဲမှာ.. နေထိုင်ခဲ့ ပြီး.. လွတ်မြောက် လာတဲ့.. နေ့မှာ… ဦးဦး ဖျားဖျား ရေဒီယို အစီအစဉ် တခု ကတောင် …မထင်မှတ်ပဲ.. သူ့ရဲ့ အချစ် ခံစားချက် တွေကို မေးခွန်း ထုတ်တာ ကြား ခဲ့ ကြ ဘူး သည်။ အဲဒီ တုန်းက.. သူ ဖြေသွားခဲ့ တဲ့ … “အခုအချိန်ဆို..သူလဲ သူ့ဘ၀နဲ့သူ ဖြစ်နေလောက်ပါပြီ ..” ဆိုတဲ့.. ဆွေးဆွေး မြေ့ မြေ့ စကားသံ တချို့ကို ခုထိ ကြားယောင် မိသေးသည်။
အခုတော့…ဒီ စာအုပ် ကလေး ထဲမှာ… သူ့ရဲ့ ရင်ခုန်သံ ကို ကြားဖူး လိုက်ပြီ..။
သူ့ရဲ့ လှုပ်ရှားမူ တွေကို မြင်ခဲ့ ရပြီ ။
ပြီးတော့..သူ့ရဲ့ ပျိုရွယ်ချိန်တွေ။ ပွင့်လန်းစ နိုင်ငံရေး အတွေးအမြင်တွေ ။ သူပြောလေ့ ရှိတဲ့..ပုံတို ပတ်စတွေ.. လှပသလောက်.. တိကျ ပေါ်လွင် တဲ့.. ဥပမာ ပုံဆောင် ချက်တွေ ။ ဒသာန မြောက်တဲ့.. နိဂိုး အထုံး အဖွဲ့တွေ…။ အထူးခြား ဆုံးကတော့.. အသက်ဝင် ကူးစက် နိုင်စွမ်းပေးတဲ့…သူ့ရဲ့ အနုပညာ မြောက် ဖန်တီးမူ တခု ကို.. မျှော်လင့် ထားတဲ့ ကြားထဲက..မမျှော်လင့်ပဲ တွေ့လိုက် ခြင်းပင်။
တကယ်ပါ။ ပုဂ္ဂိုလ်စွဲ နဲ့.. အရမ်းဖတ်ချင် မျှော်လင့် နေပေမဲ့… နာမည်သာ ကြီးနေတာ.. ဒီလောက်ကြီး လည်း ဟုတ်ချင်မှ ဟုတ်မှာပါလေ.. ဆိုတဲ့.. သံသယ က .. ရှိနေခဲ့သည်။ စာမျက်နှာ ကလည်း ၁၇၀ လောက်ပဲ ဆိုတော့.. သိန်းဖေမြင့် ရဲ့ သပိတ်မှောက် ကျောင်း သား လို မျိုး တော့..မျှော်လင့် စရာ မလို တာ.. သိသာ နေပြီ ။ ဒီလိုနဲ့.. . စာလုံး အရွယ် ခပ်သေးသေး တွေ နဲ့ ကျစ်ကျစ် လစ်လစ် စာစီ ထားတဲ့.. နောက်ကြည့်မှန် စာအုပ်ကလေး ကို.. ခပ်ဖြည်းဖြည်း ခြင်း ..ဖွင့်လှန် လိုက် မိတော့သည်။
သည်ပန်းချီကား တချပ်လုံးတွင် တစုံတရာ ဖြည့်စွက်ရန် လိုနေသည် ဟု သူမ အနေဖြင့်တောင့်တ မိသည်မှာ ကြာပြီ။ ခုလို နွေဦးတွင် ပို၍ ထင်ရှား သည်မှာ နောက်ခံ ကွင်းပြင်နှင့် မှုန်ကျကျ ကားလမ်း၊ ပြီးတော့ ဟိုတပုံ သည်တပုံ စုထားသည့် သံလမ်း တိုရှည် များနှင့် ဇလီဖားတုံး အပုံ တို့ရှေ့မှာ ထီးတည်း ကုက္ကိုပင်ကြီး က ခါးနွဲ့နွဲ့ နှင့်ထီးဆောင်း ထားသော မိန်းမနှယ်။ တံလျှပ်တွေ ကြွယ်သည့် နေ့လည်ခင်းမှာ ညိုတယောက်ထဲထိုမြင်ကွင်းကို ကြည့်ရင်း..လက်တွေ့ကျသော အလုပ်ကို လုပ်ဖြစ်ခဲ့ သည်။
တောမြို့လေး တမြို့ ရဲ့ ….. ပျင်းရိ ငြီးငွေ့ဖွယ် နွေ နေ့လည် တခု မှာ.. ၁၀ တန်းဖြေ ပြီး ကျောင်းတွေ ပိတ်ထားတဲ့.. မီးရထား ရုံပိုင် ရဲ့ သမီးလေး တယောက်… ကုက္ကိုပင်ကြီး အောက် .. ဝေနေယျ ရေအိုးစင်လေး ထိုးဖို့.. အလုပ်ရှုပ်နေ ပုံ လေး နဲ့ စလိုက်တဲ့.. ဇာတ်လမ်းလေး သည်… ဖတ်နေသူ ရဲ့ ရင်ထဲကို လျင်လျင်မြန်မြန် ခုန်ဝင် ကူးစက် သွား တော့ သည်။
အဲဒီ အချိန်တွေ တုန်းက…. စာဖတ်နေ သူ သည် လည်း.. ၁၀ တန်း ဖြေပြီးကာစ ၁၆ နှစ် အရွယ်..။ ရန်ကုန် တက္ကသိုလ်က..ငွေစက္ကူ သိမ်း.. ကျောင်းသား လှုပ်ရှားမူ တွေ ဖြစ်လာလို့… ကျောင်းတွေ ပိတ်ပြီး ပြန်ရောက် လာကြတဲ့.. အကို တွေ အမ တွေ ရဲ့.. စိတ်လှုပ်ရှားဖွယ်.. ပြောပြချက် တွေကို.. ပါးစပ် အဟောင်းသား နဲ့.... နားထောင် နေ ခဲ့ ဖူး သူ။ ကျောင်းဆောင်တွေ ရှေ့မှာ…ပိုက်ဆံ တွေ စက္ကူစုတ်ဖြစ်သွားလို့.. ကျောင်းသားတွေ..အော်ဟစ် ဆူပူ ကြတာ တဲ့… ဖုန်းမော် တို့.. သေနတ် နဲ့ ပြစ်ခံ ရ တာတဲ့။ အင်းလျားကန် ဘောင်ပေါ်မှာ.. လုံထိန်းတွေက တုတ်တွေ နဲ့ လိုက်ရိုက် တာများ..ရေထဲထိ ဆင်းပြီး အသေရိုက်တာ…တဲ့။ ကျောင်းကြီးကို..အဓိပတိ ပေါက်ကနေ အပေါက်တွေ အကုန်ပိတ် ဖမ်းတာ… အာစီ ထဲက..လူတွေ အကုန်ပါသွား တာ တဲ့..။
နယ်တွေ ကို ပြန်ရောက်လာတဲ့…တက္ကသိုလ် ကျောင်းသား တွေ နဲ့.. နယ်ခံ ကျောင်းသား..လူထု ရဲ့ ချိတ်ဆက် လှုပ်ရှားမူတွေ ။ ရန်ကုန်ကနေ.. နယ်အသီးအသီး ကို လျှို့ဝှက် ဆင်းလာကြတဲ့.. စည်းရုံး လှုံ့ဆော်သူ တက္ကသိုလ်ကျောင်းသား တွေ…။ တရက်မှာ.. သူတို့ အိမ်ရှေ့ကို ငိုက်စိုက် ငိုက်စိုက် နဲ့ ရောက်လာပီး… သူ့အမ နာမည်ကို မေးလာတဲ့.. မျက်နှာ ရှုသိုးသိုး နဲ့..လူတယောက် ။ ( နိုင်ငံတကာ ဆက်ဆံရေး ကျောင်းသူ အမ ရဲ့ စီနီယာ အတန်းသား.. ကိုကိုကြီး မှန်း..နောက်တော့ သိခဲ့ ရသည်။ ) အားလုံးက.. လျှို့ဝှက်သည်းဖို ၀တ္တုတပုဒ် ထက် မလျော့ အောင်.. သိပ်သိပ်သည်းသည်း ရှိ လှ သည်။
-
“ နေပါဦး..စာအုပ်ငှားတော့..အာမခံ ပေးရအောင်.. ညို့ကို နာမည် ပြောထားဦးလေ..” လို့ အမေး...
“ အေးဗျာ.. ဖေသောင်း လို့ပဲ မှတ်ထားဗျာ…” ဆိုရင်း.. .တော်လှန်ရေး နာမည်ဝှက် တခု ရှိလာခဲ့တဲ့..တက္ကသိုလ် ကျောင်းသား “ ဖေသောင်း” တွေ ။ သူရ တွေ.. ထွန်းသက်တွေ.. ကိုမြင့်ဇော် တွေ..ခင်မောင်လတ် တွေ...။
တကယ်ကတော့.. အဲဒီ မတိုင်ခင် မှာရော..အဲဒီ နောက်ပိုင်း မှာရော..ဒီ အတိုင်းပဲ တလျှောက်လုံး ဖြစ်နေ ခဲ့ တာ ပဲ မဟုတ်လား။ ခေတ်တခု ခြင်းစီ ရဲ့ သမိုင်း အဆက်အစပ် နဲ့..တော်လှန်ရေး တခု ရဲ့ အရုပ်အသိမ်း ကိုလည်း..စာရေးသူက.. သာမန် အိမ်ရှင်မ မိခင် တယောက်ရဲ့ သိနားလည် မူ အသွင် နဲ့ ပုံဖော် သွားခဲ့သေးသည်။
ဒေါ်တင်တင်က..ညို အား လက်ညိုးထိုးပြပြီး..ညိုတို့ လေးလေး တယောက်က..ငါ့မောင်
အငယ်ပေါ့။ သူတို့တုန်းကလည်း မင်းတို့လို ၀င်ပါမိလို့..အထဲမှာ အကြာကြီး
နေခဲ့ရသေးတယ်။ ပြန်ထွက်လာတော့ ကျောင်းလည်း ဆက်မတက်ဖြစ် တ၀က်တပျက် နဲ့ ဘွဲလည်း မရပဲ ဆုံးရှုံးသွားတာပဲ။ ဖြစ်တော့ မင်းတို့ အခံဖက်ချည်းပဲ…
တကယ်တော့.. ဒီ ၀တ္တုလေး ဟာ.. သမိုင်းနောက်ခံ အချစ်ဇာတ်လမ်း လား ။ အချစ် နောက်ခံ.. သမိုင်းပုံရိပ် တခုလား… ။ စာဖတ်သူ အတွက်တော့.. နဲနဲလေး..အကျဉ်းချုံ့ သလို ခံစားနေရတာက လွဲရင်.. (သူများတွေ ပြောသလို ) ရှစ်လေးလုံး ရဲ့ မြင်ကွင်းတွေ ပါးလျ နေတာက လွဲရင်.. အချိန်ကာလ ကိန်းဂဏန်း တွေ မပါဝင်တာက လွဲရင်.. အဖြစ်အပျက် စုံစုံ နဲ့..ခံစားမူ အစုစု ကို.. ကျစ်ကျစ်လစ်လစ် လှလှပပ.. ထုံးဖွဲ့ထားတဲ့.. စာအုပ်ကောင်းလေး အဖြစ် ၊ ရင်တွင်းဖြစ် ခံစားချက်တွေ ကို..တော်လှန်ရေး လှုပ်ရှားမူ အတွေ့အကြုံတွေ နဲ့..အချိုးကျကျ ရောယှက် ယက်လုပ် ထားတဲ့ မင်းကိုနိုင် ရဲ့ ပထမဆုံး ၀တ္တုလေး အဖြစ် ၊ တသက်စာ အမှတ်တရ.. သိမ်းဆည်း ထားရပေတော့မည်။
စာရေးသူက..ညို့နေရာမှာ အများဆုံး နေပေမဲ့… တခါတလေ.. ဖေသောင်း ဖြစ်သွား လိုက်.. မခင်အေး ဖြစ်သွားလိုက်.. အကူး အဆက် မြန်ပေမဲ့.. ဖတ်နေရင်းပဲ.. ပြေပြစ် သွား ပြန်သည်။ စကားပြော.. အဖွင့်..အပိတ် သင်္ကေတ တွေ.. တိကျတဲ့..တြိယာပုဒ်တွေ.. သုံးရိုးသုံးစဉ် သန္ဗန္ဓတွေ.. သဒ္ဒါထုံးတွေ အများကြီး သုံးမထားသော်လည်း.. တွန့်လိမ် ဖြစ်ညှစ် ဆန်းသစ် ထားတဲ့..အရေးအသား မျိုးလည်း မဟုတ်ပဲ.. တည်ငြိမ် သပ်ရပ် တဲ့.. စာ တပုဒ် လို့သာ မြင်မိသည်။
စာဖတ်သူ သူ့ အတွက်.. သိပ်ကို သေချာ တဲ့… အချက်တွေ ကတော့.. ညို နဲ့ အတူ ပျော်ရွှင် ရင်ခုန် နေ မိတဲ့..ထူးခြားတဲ့ ကူးစက်နိုင်စွမ်း…။ ညို့လိုပဲ .. လေးစား မြတ်နိုး နေမိတဲ့.. ညွတ်ပျောင်း မူ ။
“ ကြယ်တွေ မှာလည်း ကြယ်လူကြီး ကြယ်ကလေး တွေ ရှိတယ်။ ဓူဝံကြယ် က..အဖိုးကြီး မို့
တနေရာထဲ ငုတ်တုတ် ထိုင် စဉ်းစား နေတာ ပေါ့။ ခုနှစ်စင်ကြယ်က ကလေး တွေ မို့
ကုန်းပိုးစီးတမ်း ကစား နေကြတာ၊ အခြေ မခိုင်ပဲ လိမ့်ကျသွားတဲ့ ကြယ်တွေ မြင်ဘူးပါတယ်။
ဒါပေမဲ့ အဲဒီထဲ မှာ လူတွေ အတွက် အသုံးတည့်လို့ နာမည် မှည့် ခံ ထားရ တဲ့ ကြယ်တွေ
တပွင့်မှ ပါမသွားဘူး။ တကယ်တော့ ကြယ်တွေ ရဲ့ ဘ၀ မှာ အဖော်နီးတာ အဖော်ဝေးတာ
အရေးမကြီးပါဘူး။ လောက အတွက် အသုံးဝင်တဲ့ ကြယ် ဘယ်တော့မှ မကြွေတာ သေချာတယ်…”
ပြီးတော့..ဖေသောင်း အနားမှာ အတူလိုက်ပါရင်း ….. စိုးရွံ့ပူပန်နေမိ… အလုပ်တွေ ရှုပ်နေမိ.. အာရုံတွေ များနေမိ.. နာသာ ခံခက် နေမိတဲ့.. အာရုံဝင်စားမူ…ရှုခင်းအစုံစုံ ။ှ
---- သံယောဇဉ် ဆိုတာ ခဏလောက် ခွါချ ထား လို့ရရင် ကောင်းမယ်။ မရတော့လည်း တို့တတွေ မေ့ချင်ယောင် ဆောင်နေကြရုံပဲ ညို။ တခါတလေ မှာ သံယောဇဉ် ဟာ သတ္တ၀ါတွေ အတွက် ခံစားချင်စရာ အကောင်းဆုံး ထွေးပွေ့မူ ဖြစ်ပေမဲ့ လိုအပ်တဲ့ အခါ မှာ စွန့်ရဲရလိမ့်မယ်။ ညိုဟာ ကိုယ့် အတွက် ဖိနပ် တရံ လိုပဲ အနစ်နာ ခံပြီး ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါတွေ ကို အလေး အမြတ် သိမှတ် ပါတယ်။ ဒါပေမဲ့ ရေနစ်လို့ ကူးကြပြီ ဆိုရင်ဖိနပ်ကို စွန့်ရတာပဲ ညို….
နောက်ဆုံး …ဒီ ၀တ္တုလေး ကို .. ပုဒ်ထီး ချ လိုက်တော့..... မထင်မှတ် ထား ပဲ ..မခင်အေး တို့ သားအမိ နှစ်ယောက် နဲ့ အတူ.. ကာလ အလင်္ကာ တခု ထဲ မှာ ဖြစ်နေ သည် ။ အမြန်ရထား တစီး ပေါ်က.. ငွေ့ရည် ဖွဲ့ လာတဲ့.. မှုံရီရီ အကြည့် တွေ နဲ့ အတူ…ေ၀၀ါးဝါး မျှော်လင့်ချက် တွေ ကို… စာရေးသူ မင်းကိုနိုင် တယောက် ဘယ်လို များ ကြိုသိ နေခဲ့ပါလိမ့်။
နောက်ကြည့်မှန် ထဲမှာ..တဲ့တဲ့ ရှင်းရှင်း မြင်နေ ခဲ့ရတာက.. မြန်မာ့ သမိုင်း ထဲ က.. ရှစ် လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေမဲ့… မျက်ကွယ်ထောင့် ကို ခေါင်းငဲ့ ကြည့် ရင်း မြင်ရတာ ကတော့.. လူ နှစ်ယောက်ရဲ့ ပုဂ္ဂလ ဘ၀ သံယောဇဉ် တွေ ။
နိုင်ငံရေးသမားကြီးတွေ၊ လူချမ်းသာ ပညာရှင်ကြီးတွေ တယောက်မှ မပါတဲ့… သာမန်လူတန်းစား အားလုံး ကို ကိုယ်စားပြုနေတဲ့.. မြန်မာ လူမူအသိုင်းအ၀ိုင်းလေး တခု ရဲ့ အနေအစား နိုင်ငံရေး အသိအမြင် တွေ ။
ပြီးတော့… လက်နက် နိုင်ငံတော်ကြီးကို .. အံတု ခဲ့တဲ့.. လောက်လေးခွ တချို့ ရဲ့ မျှော့ကြိုး အလျော့ အတင်း .. အချိန် အဆ တွေ..။
-----
ကေ
စာအုပ် ၀ယ်ပြီး လက်ဆောင်ပို့ပေးတဲ့..မခင်မင်းဇော် အား ကျေးဇူးတင်လျက်-
မျက်ကွယ်ထောင့်ကို ခေါင်းငဲ့ကြည့်ခြင်း
Labels: Books , Free Burma , Reviews
မျိုချ
မျိုချ။
သိုးရေခြုံထားတဲ့ ၀ံပုလွေတွေကိုလဲ
မျိုချ။
နောက်ကျောက ဓားနဲ့ထိုးသူတွေကိုလဲမျိုချ။
ကိုယ့်ကိုယ်ကိုဖော် မသူတော်တွေကို လဲ
မျိုချ။
ဆောင်းထားတဲ့ ဦးထုပ်အောက်က
လျှာနှစ်ခွနဲ့ မြွေဟောက်တွေ ကိုလဲ
မျိုချ။
ထုံအနေတဲ့ နှလုံးသားကို
ကိုယ်ပိုင်မာနနဲ့ ပြန်ထုပ်ပိုး
မျိုချ။
သခွပ်ပင်ကမီးတကျည်ကျည် မလုပ်ချင်လို့
မျိုချ။
ညီညွတ်ရေး၊ မပြိုကွဲရေးအတွက်
မျိုချ။
သူများကိုလမ်းခင်းပေးနိုင်ဖို့
အစာအိမ်ကစစ်ထုပ်သွားလိမ့်မယ်လို့ တွေးရင်း
မျိုချ။
အချိန်မကျခင်
မဆန့်မပြဲအစာအိမ်ကွဲသွားလဲ မတတ်နိုင်
မျိုချ.....မျိုချ။ ။
မျိုချ
ပန်း နဲ့ သီချင်း (သို့) တက္ကသိုလ် သီချင်းများ (၂)
သူ ၂ပတ်လောက် ခရီးသွားနေတုန်း.. ပန်းတွေ ဝေးသွားပြီလား…မွှေးကြည့် လို့မရတော့ဘူးလား…မဟုတ်သေး ပါဘူး။ ပန်းတွေက..ဘယ်ကိုမှ ပြေးသွားတာ မှ မဟုတ်တာ..။ အတွေးတွေ ထဲမှာ..တေးတစ လောက် လွင့်ပျံ့လာဖို့ပဲ လို နေတာ…။ သီချင်း တပုဒ်..လောက် ဖြစ်ဖြစ်…။
စာ တိုက်ပုံး လည်း ဖွင့် ပါ အုံး။
ကြည့်တော့….. ကြော် ငြာ စာ ရွက် တွေ ချည်း…
Player က လာနေတဲ့..သီချင်းသံက..တိုးနေသည်။ အားမရ…။ volume 11 အထိ တင်ပြစ်လိုက်တယ်..။ ကိစ္စ မရှိ.. ။ ကိစ္စ ရှိနေတာ.. စိန်ပန်း နဲ့ ကံ့ကော် ကို မြန်မြန် ဆက်ရေး ရမည်။ မုဒ် တွေ ပြန်သွင်း ရမည်။ မဆီ မဆိုင် ကြားထဲမှ ၀င်လာတဲ့..မုဒ် တွေ က.. စိန်ပန်း နီနီ တွေကို ဖျော့တော့ သွား စေသည်။ ကံ့ကော် နံ့ တွေ တောင်.. စွံ့အ သွားသလို…။
ကြည့်ပါအုံး.. သူ ဖတ် ရတဲ့ စာတွေ က.. မြန်မာနိုင်ငံ ရဲ့ ရင်ခေါင်းကြီး ကို တိုးလျှိုပေါက် ထိုး ဖောက် ပြစ် မဲ့.. တရုတ်ပြည်ရဲ့ ဓါတ်ငွေ့ပိုက်လိုင်း ကြီး.. စတင်လိုက်ပြီ ဆိုတာမျိုး…။ ကမ္ဘာ့ စားသုံးသူ..အမှိုက်ရှုပ်သူ များ အားလုံး ရဲ့ တ၀က်ကျော် ကို ပိုင်ဆိုင် ထားတဲ့.. BRIC (Brazil, Russia, India, China) ဆိုတဲ့....မတ်တပ်သွား သတ္တ၀ါ အများဆုံး နိုင်ငံ အုပ်စုကြီး ထဲက..ဘရာဇီး ကလဲ..ဘ၀ တူ .. တရုတ် နဲ့ စွမ်းအင် ဆိုင်ရာ..လက်ထပ်စာချုပ် ချုပ်ဆို လိုက် တယ် တဲ့။ သြစတြေလျ တိုက် အလွန်က..အိန္ဒိယ သမုဒ္ဒရာကြီး ထဲမှာ.. ရေနံ တွေ ယိုဖိတ်သွားတာ.. ဘာမှ မဟုတ်ပါဘူးလို့..ဧည့်ခန်းထဲက..ကော်ဇော် တချပ် ပေါ် ကော်ဖီ စွန်းသလို..ငြင်းလိုက် ပေမဲ့.. ဟိုး-- ကောင်းကင် ကနေ ကြည့်တော့.. အတန်းလိုက်.. အကွက်လိုက်.. ကြီး ဆိုပဲ…။ ကောင်းကင်ကနေ..ကြည့် နိုင် မြင်နိုင် သူ ဆိုတော့..ဘုရား သခင် များဖြစ်မလား လို့..များ.. ဘယ်သူ ကမှလဲ..အလန့်တကြား ဖြစ်မနေ ကြ ပေ..။ ဦးထုပ် ဆောင်း ထားလို့ မရတဲ့.. ကမ္ဘာကြီး .. ထိပ်ပြောင် လာတာကို.. ဟာလာ ဟင်းလင်း မြင်လာ ရတော့ လည်း.. ခပ်ရှက်ရှက် နဲ့ပဲ..မြေကြီးအောက်ကို တွင်းတူး ၀င် နေ ကြရတဲ့.. အဖြစ် မျိုးတွေ...။ သုံးစွဲ နိုင်တာထက် ပို ပြီး ထုတ်လုပ် လာနေတဲ့..စက်ရုံ အလုပ်ရုံ တွေ ကြားထဲမှာ..ယူရေနီယံ ကို..ဘာပဲဖြစ်ဖြစ်.. ဖြစ်ချင်ရာ ဖြစ်..တူးဆွ ခြစ်ယူ ကြတော့ မယ် လို့လည်း.. ဆို လား ဆို ရဲ့..။
နေပါအုံး..ကမ္ဘာကြီးပေါ်မှာ..စွမ်းအင် လောင်စာ တွေ မလောက်င ရင်..ဘာဖြစ်သွား နိုင် မှာလဲ..။ ဒါဆို.. သဘာဝ အလှအပ တွေ နဲ့.. တေး သီချင်းတွေ.. သစ်ပင် ပန်းမာန် တွေ ယုတ်လျော့ ညိုးနွမ်း ကုန်ရင်ကော..။
ရီဝေေ၀..အတွေးများ နဲ့…
အတိတ်ကို ပြန်တွေးကြည့်တဲ့အခါ..
လွမ်းမောစရာ ..အကြင်နာ မိုး သဲထဲမှာ
ပုဂံ လမ်း သီချင်း ကို ..အားရှိ ပါးရှိ လိုက် ဆို ပြစ်လိုက် ရင်း… အ၀တ် တွေ ကို အ၀တ်လျှော်စက် ထဲ ထိုး ထဲ့ ပြစ်လိုက်သည်။
အား…. ။ လက် က..တော်တော် နာနေသည်။
ဖြစ်စ က..ဘာကြောင့် နာမှန်း မသိ.. ခုတော့..အဖြေ ပေါ်ပြီ။ .thinkpad အဟောင်းလေး ကို မြန်မာပြည် ပြန်တုန်းက.. အမ ကို အမွေပေး လိုက်ပြီးကတည်းက.. desktop အစုတ်လေး နဲ့သာ.. ကမ္ဘာကြီး ပေါ် တက်တက် ကြည့် နေခဲ့တာ..။ အခု.. ခရီး ၂ပတ် ဆိုတော့.. ကမ္ဘာကြီး နဲ့..ဒီလောက်တော့ အဆက် မဖြတ် နိုင်..။ တခုခု တော့..၀ယ် ရတော့မယ် ဆိုပြီး.. နှစ်ယောက်သား.. ဆိုင် တခု ထဲ ၀င် လိုက်တော့… မဲမဲ လက်လက် ပြောင်ပြောင် တွေ ကြားထဲမှာ.. အဖြူ ရောင်..တစ်တစ်ရစ်ရစ် ကလေးက ..မြင်မြင် ချင်း စွဲ ဆောင် လေ တော့သည်။
“ ပန်းသီး သုံးရင်တော့.. တချို့ ဆိုဒ်တွေ..ဘာတွေ ညာတွေ နဲ့.. compactible သိပ် မဖြစ် ဘူးနော်..” လို့..သတိ ပေး ပေ မဲ့.. ကိစ္စမရှိ.. သူ ချစ် သွားလေပြီ။ “ ဒါဆိုရင်..တ၀က် ဆိုက်မယ်.. တ၀က် ကိုယ့်ဖာကိုယ် ပေး..” ဆိုပြီး.. Macbook အဖြူ လေး..သူ့လက် ထဲ ရောက် လာပြီး ကတည်းက.. မျောက်အုန်သီး ရသလို.. ကလိ ရင်း.. လျှာရှည်ပြီး.. ကြွက်မသုံးပဲ.. trackpad နဲ့.. မထတမ်း.. tapping လုပ်ရင်း..သူ့ညာ လက် တချောင်းလုံး.. နာကျင် နေ တော့တာ.. ခု ထက်ထိ..။ နာတာက..တဖြည်းဖြည်း နဲ့.. လက်မ နဲ့ လက်ခုံ ကြား..နောက်..လက်ကောက်ဝတ်.. ခု..တံတောင်ဆစ် ထိ ရောက်လာသည်။ Mac syndrome လား.. strain လား တော့ မသိ.. အဲဒါ မျိုးက.. မနား ရင်.. ရေရှည် ဒဏ်ဖြစ်သွား တတ် တယ် ဆို လို့.. ခုတော့.. အိမ် အလုပ် တွေကို..တက်နိုင်သမျှ လျှော့ ရင်း.. ကီးဘုတ် လေး ကိုတော့..ခပ် ဖြေးဖြေး သတိထား ပြီး..ပြန်သုံး နေ တော့ သည်။ အုန်းသီးကနေ..မီးခဲ ဖြစ်သွားပြီး.. ခုတော့..မျေက်မီးခဲ ကိုင်လိုက်မိသလို.. တော်တော် ခံစား နေရတယ်။
မဖြစ်ဘူး.. ကီးဘုတ် တော့..နားလို့ မဖြစ်… စိန်ပန်း တွေ ကို.. ဆက်ရေး ရအုံးမှာ..။ မြန် မြန် ပြီးချင် လှ ပြီ။ အဲဒါ နဲ့ပဲ..ညက.. (၁၄) ဆိုပြီး.. မြန်မြန် ရေး လိုက်တာ.. ဘာတွေ ရောကုန် မှန်း မသိ။ မုဒ် တွေ က..ဟိုရောက်..ဒီရောက်.. ။ ခု မနက် မှ.. ဖတ်နေကျ သူငယ်ချင်း တွေ ရဲ့ ကွန်မန့်တွေ ဖတ်ပြီး..ပြုံး မိတော့ တယ်။ အေး လေ… အိပ်ချင် မူးတူး.. တင်ချင် ဇော နဲ့.. တင် ထဲ့ လိုက်တာ..။ ကိုယ့်အမ ကလည်း ပြောတယ်..စိန်ပန်း နံ့ မရဘူး တဲ့..။ ဟုတ်မယ်လေ.. သဘာဝ ဓါတ်ငွေ့ နံ့ တွေ ရောသွားတာ ကိုး..။း)
ခုပဲ.. (၁၄) ကို ..ပြန် ခေါက်ယူ လိုက်ပြီး..ကြားဖြတ်.. ပြန်ရေး နေ တာ။ အရင် ဖတ်သွားတဲ့..လူတွေ ရေ… ဆောရီးပဲ.. (၁၄) ကို.. သေချာလေး..ပြန် ပြီး.. စိန်ပန်းလေး တွေ ပြန် ထပ်စီ ပေး ပါ့မယ်။
ပြီးတော့.. ခရီး မသွားခင် ကတည်းက.. မသက်ဝေ ပေးထားတဲ့.. တက္ကသိုလ် သီချင်းများ..တပိုင်း ကိုလည်း..တင်ပေး မလို့ပဲ.. ။ သီချင်း တင်ဖို့ app. ကောင်းကောင်း အဆင်မပြေ တာနဲ့.. မတင်ဖြစ် နေတာ။ Apture က လည်း ကောင်းပေမဲ့.. hosting လုပ်ထားတဲ့ google pages က.. ပြည့်ကျပ်သွားပြီမို့..bandwidth ပြသာနာ တက်ပြီး ကောင်းကောင်း ဖွင့် မရ..။ နောက်ဆုံး တော့.. ပြူးပြူးပြဲပြဲ ကြီး မို့ သိပ်မကြိုက် လှတဲ့.. esnips နဲ့ပဲ တင် လိုက် တော့မယ်…။
အဲ…ဒါပေမဲ့.... esnips က လည်း.. အခုမှ အသစ်စက်စက် ၀ယ်လာတဲ့.. Mac book လေး ရဲ့ OS မှာ..ဖွင့် မရ ပါလား။ သိတဲ့ သူ တွေ.. ပြောပြ ကြပါအုန်း…။ ရှုပ်ပါတယ်..။ desktop မှာပဲ ပြန် နားထောင် တော့မယ်..။
မာလာဆောင် ပြည်လမ်း ရှေ့မှာ..
ဂစ်တာသံ ညတိုင်း ကြားတယ်..
စာသင်လာသူ လေး ရဲ့ အခန်း ကကွယ်…
| Powered by eSnips.com |
( မသက်ဝေ ရေ.. ကျေးဇူးပါ..း))
ပန်း နဲ့ သီချင်း (သို့) တက္ကသိုလ် သီချင်းများ (၂)
Labels: musics



