အချိန်-အရွယ်-ဘဝ



ခုတလော အချိန်တွေ အကုန်မြန်လှသည်။ ကြည့်နေရင်းပဲ နေ့က ညထဲကို ၀င်သွားလို့ အိပ်လိုက်ရသည်။ အိပ်နေတုန်း ..ညက နေ့ထဲကို ၀င်သွားပြန်လို့ အမြန်ထရ ပြန်ရော။

အချိန်ကတော့ ဒီအတိုင်းပဲ နေမှာပါ။ တခုခုကို မျှော်လင့် စောင့်စား ရတဲ့အခါ.. အချိန်တွေက သိပ်ရှည်ကြာ နေတတ်သလို... ဆောင်ရွက်စရာ တခုခု မပြီးသေးတဲ့အတွက် လည်း .. သိပ်ကို မြန်ဆန်နေတာပဲ ဖြစ်မည်။

စိတ်ဝင်စားစရာ လေ့လာချက်တခု ဖတ်ဖူးလိုက်သည်။ လူတွေ ဘာဖြစ်လို့ အသက်ကြီးလေ အချိန်ကုန်မြန်လေ ဖြစ်နေရတာလည်း ဆိုတာ.. အသက်နဲ့ အချိန် နဲ့ တိုက်ရိုက် အချိုးကျနေလို့တဲ့။ အသက်ငယ်တော့ အချိန်လေးတွေက ငယ်ပြီး အသက်ကြီးတော့ အချိန်တွေကလည်း ကြီးတယ်ပေါ့။ တကယ်တော့ အရွယ် နဲ့ အထင် ပြောင်းပြန် အချိုးကျနေတာ ဆို ပိုမှန်မည်ထင်သည် ။ အရွယ်ငယ်တုန်းက ကြာမြင့်တယ် ဆိုတဲ့ အထင်က အရွယ်ရင့်တော့ လျင်မြန်သွားတာပဲ ဖြစ်မှာပါ။


ရေအပြည့် ထဲ့ထားတဲ့ ၀ါးကျည်ထောက်ကလေး တခုက ဘ၀ တခု ဆိုပါတော့။ ရေတွေ သွန်းချ တဲ့အခါ အစပိုင်းမှာတော့ ခပ်စောင်းစောင်းကိုင်ထားတဲ့ ကျည်တောက်ထဲကနေ..တစက်ချင်း..တစက်ချင်း။ နဲနဲပိုစောင်းလာတော့.. နဲနဲ ပိုပြီး မြန်မြန် ကျလာတယ်။ စောင်း...ဆက်စောင်း.. များများပို စောင်းလေ..ရေတွေ တဝေါဝေါ နဲ့ ကျလေပေါ့။

ငယ်တုန်းကဆို ကြီးကို မကြီးနိုင်လို့.. ကျောင်းစတက်ဖို့ နားရွက်ကို မှီအောင် လက်ကလေးကို ဆွဲဆန့် ရှည်ပြစ်လိုက်ချင်တာ။ ၁၀ တန်းလည်း မြန်မြန် အောင်ချင်လှ ပြီ။ ခုကျမှ အချိန်တွေက ဘယ်လိုဖြစ်လို့ သိပ်အကုန်မြန်နေတယ် မသိတော့။ ၀ါးကျည်ထောက်က တော်တော် စောင်းနေပြီ ထင်ပါ့။


တခါက အလုပ်ထဲမှာ အချိန်တွေ အကုန်မြန်တဲ့ အကြောင်း တပတ်တပတ် သောကြာနေ့တွေ ဘယ်လို ရောက်ရောက်သွားမှန်းကို မသိဘူးလို့ ပြောမိတော့.. မိတ်ဆွေ တယောက်ကပြောတယ်။ ` ကောင်းတာပေါ့..တပတ်တပတ် မြန်မြန်ကုန်တော့..လစာ မြန်မြန်ရတာပေါ့..´ တဲ့။ အဲဒီလို တွေးတာကို အံ့သြမိပေမဲ့..သေချာပြန်တွေးတော့လည်း.. အင်း..သူ့ချဉ်းကပ်ပုံကလည်း လက်တွေ့ကျသားပဲ..လို့။

တကယ်တော့ အသက်တွေကြီးလာတာ ၀မ်းနည်းစရာမဟုတ်တောင် လွမ်းစရာတော့ ကောင်းတာ အမှန်။ လူ့ဘ၀ ဆိုတာကြီးကိုက အလွမ်းဇတ်ထုပ် တခု ဆိုတာကို သဘောက်ပေါက်စ ပြုလာခဲ့ပြီ။ ပျော်စရာတွေ..ရင်ခုန်စရာတွေ..ကျေနပ်စရာတွေ.. လည်း ရှိနိုင်သေးတယ်လေ တဲ့။ ဟုတ်တယ်လေ..ဒါပေမဲ့..အဲဒီ ဇတ်ကွက်တွေ အားလုံးက..ပြီးသွားတာနဲ့ လွမ်းစရာ ကန့်လန့်ကာ ကြီးထဲ ၀င်သွားတာပဲ မဟုတ်လား။ ပွဲတခု ပြီးသွားလို့ လိုက်ကာကြီး ကျလာတာ မြင်လိုက်ရတဲ့ ခံစားချက် မျိုးပေါ့။

လူတွေကတော့ အချိန်နဲ့ဘ၀ကို နပန်းလုံးရင်း ဒါမှမဟုတ် စီးဝင်မျောပါနေရင်း..အမျိုးမျိုး ချဉ်းကပ်လက်ခံကြည့် နိုင်အောင် ကြိုးစားနေကြတာပါပဲ။ အခုလို အသက်အရွယ်မှာ ဒီလို တွေးခေါ် ရပ်တည်နိုင်အောင် ငယ်ရွယ်နုပျို ခြင်းနဲ့ မသိနားမလည်ခဲ့ခြင်းတွေကို လဲလှယ်ခဲ့ရတယ် ဆိုရင်လည်း ဟုတ်မှာပါပဲ။ ပီးခဲ့တဲ့ တနှစ်ကထက်တော့.. အတွေးအခေါ် အယူအဆက ပြောင်းလဲ နေသင့်တာပေါ့ ။ အဲဒီလို အမြဲ ပြောင်းလဲ ဖြစ်ထွန်းနေတဲ့ အသိ အမြင် အတွေ့အကြုံသစ်တွေ နဲ့ ရင့်ကျက်မူတွေကို လိုလိုလားလား ရှိနေဖို့လိုသလို ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်မူတွေ ကိုလည်း သင့်တင့် လျောက်ပတ်စွာ လက်ခံနိုင်ဖို့ လည်း လိုသေးပြန်တယ် ။

အသက် ၆၀ ထဲကို ချင်းနင်းလာတဲ့ နံမယ်ကြီး ကမ္ဘာကျော် မော်ဒန် စာရေးဆရာမကြီး တယောက်ကို မဂ္ဂဇင်းတခုက.. အင်တာဗျူးတော့.. အသက်ကြီးလာတဲ့အခါ ဘ၀ ကို ဘယ်လို ပြောင်းလဲ မြင်လာပါသလဲ လို့ မေးတယ်တဲ့။
` ကျမ ရင်သားတွေ ချက်ပေါ် ရောက်လာတာ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်ရှင်.. ´ ဆိုတဲ့ ဆရာမကြီးရဲ့ အဖြေလေးက..ရီစရာလိုလိုနဲ့ ရှုဒေါင့် အမြင်သစ်ကလေး တခု တကယ်ပေးသွားခဲ့တယ်။

တနေ့မှာ လူငယ်တယောက်က ဘုရားကို ဆုတောင်းရင်း.. လူတွေကို ဖန်ဆင်းပေးခဲ့တဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ..ဒါပေမဲ့.. ပုံဆိုး ပန်းဆိုး အိုမင်းရင့်ရော် စေတာအတွက် နားမလည် နိုင်ပါဘူး ဘုရားလို့ ငြီးငြူသတဲ့။ ဘုရားသခင် က ဆိုသတဲ့။
မင်းတို့သာ အမြဲတန်း နုပျို ဖြတ်လတ်သန်မာပြီး လှပ တင့်တယ်နေမယ် ဆိုရင် ဘုရားကို ဘယ်တော့မှ မြင်မှာ မဟုတ်တော့ဘူး .. တဲ့။ ဟုတ်မလားပဲ။

ကဲပါလေ..ခု စာရေးနေရင်းနဲ့ကို နေ့က ညထဲကို ၀င်သွားပြန်ပါပြီ။

photo source - http://random-picture.blogspot.com/2008/09/picture-sand-clock.html


Share/Bookmark

Obama

တညလုံးလုံး..တနေ့လုံးလုံး..သူ့အသံ ပဲ ကြားနေရသည်။ သူ့ပုံပဲ ကြည့်နေရသည်။ တကမ္ဘာလုံးက လည်း စောင့်ကြည့်နေသည်တဲ့။ သူစကားပြောတာ အခါ ၁၀၀ တောင် မပြည့် လောက်သေးပေမဲ့.. ဘာမှလည်း လုပ်ပြရသေးတာ မဟုတ်ပေမဲ့.. လူတွေ..လူတွေ..ဘာလို့..ဒီလောက်တောင် သဲသဲမဲမဲ အုတ်အုတ်ကျက်ကျက် ဖြစ်နေတာပါလိမ့်လို့တောင်..တွေးမိ။

အဲဒါ -စန်း- ဆိုတာလား။ ဇာတာ ဆိုတာလား။ ဇာတာ စန်းလဂ် အကုန် ပေါင်းသွားလေသလား။ မသိတော့။ လီယို ဂြိုဟ်ခွင်မို့ တဲ့။ ၄ ဂဏန်းသမားမို့ တဲ့။ ..ဂဏန်းကြီးတွေ ရှိလို့မို့ ဆိုတဲ့..အတွက်အချက်တွေကို တောင် စိတ်ဝင်စားသွား မိသား။ ချစ်မွေးပါတယ် ဆိုလို့ဆို။ ကြည့်ကောင်းတယ် လို့ ပြောသူကပြော။ ရာဂ ဆန်တဲ့ အလှပိုင်ရှင်လို့ နံမယ်ကြီးတဲ့ ဗြိတိသျှ မင်းသမီး Scarlett Johansson ကတောင်..ဟိုလိုလို ဒီလိုလို မှတ်ချက်ပေး ပြန်သေးသည်။

သေချာတာတော့..သူသည် စိတ်ဝင်စားစရာ ကောင်းလှသည်။ အခုလက်ရှိ ကမ္ဘာရဲ့ ခေတ်အစားဆုံးခေါင်းစဉ်များဖြစ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ နဲ့ ရွှေ့ပြောင်းအခြေချမူ... ကမ္ဘာကြီးရောနှောလာခြင်း နဲ့ လူမျိုးရေး သွေးနှောမူ.. ခွဲခြားဆက်ဆံခြင်းနဲ့ တန်းတူခွင့် ဆိုတာတွေ ရဲ့ နမူနာ ပုံစံငယ်လေး ဖြစ်သလို.. မူဆလင်ကမ္ဘာ နဲ့ ဘာသာရေး အစွန်းရောက်များ..အပြစ်တွေ့လာတဲ့ အရင်းရှင်စနစ် ... ရှေးရိုးစွဲ နဲ့ ပြုပြင်ပြောင်းလဲရေး စတဲ့..စတဲ့.. အငွေ့အသက်တွေ နဲ့လည်း ရောယှက် နေပြန်သေးတယ်။ သူ့နိုင်ငံသားတွေ မပြောနဲ့ တကမ္ဘာလုံးက လူတွေကတောင်..သူ့ရဲ့ Change ဆိုတဲ့စကားကို ဘယ်လို ဓါတ်ကျ သွားသည်မသိ။
ကမ္ဘာကြီးက..တကယ့်ကို ပြောင်းလဲ ဖို့ လိုအပ်နေလို့လား။ တကယ်တော့..ဘယ်ခေါင်းဆောင်မှ..မပါပဲနဲ့ကိုယ် ကမ္ဘာကြီးက..ပြောင်းလဲ နေတာပါ။ ခေါင်းဆောင်ကောင်း တယောက် ဆိုရင်တော့.. အပြောင်းအလဲ ကို အကောင်းဖက် ရောက်အောင် ဆွဲခေါ် နိုင်မည်ပေါ့။

အမဲရောင် ..ကော်ဖီရောင်..သံလွင်သီးရောင်..အရောင် အနု အရင့် အမျိုးမျိုးနဲ့ အာဖရိကန် နွယ်တွေ ရင်ခုန်လှိုက်လှဲ ဖြစ်နေကြတာကိုလည်း.. မုဒိတာ ပွားရင်း..ခံစားပေးကြည့် မိနေသေးတယ်။ နယ်ပယ် အစုံစုံက..Black stars တွေ.. အားရပါးရ ဗျူးတာ ဖြေကြတာ ကြည့်ရင်း..ကိုယ့်ဖာသာ တောင် အိုးမဲ သုတ်ချင် စိတ် ပေါက်လာသည်။ ကြည့်- အဲဒီမှာကို ပြောင်းလဲလာတဲ့ အယူဆန္ဒတွေကို တွေ့လိုက်ရသလိုပဲ။ လူငယ်တွေ ကြားထဲမှာ -မဖြစ်နိုင်တာ မရှိ - ဆိုတဲ့ အမြင်တခု ခိုင်မာ သွားကြတာတော့.. ကောင်းတဲ့ အလားအလာတခု ပဲနော်။ လွတ်လပ် ပွင့်လင်းတဲ့ အခြေအနေ တခုမှာပေါ့လေ။

သူပြောတဲ့ သမိုင်းဝင် မိန့်ခွန်းထဲမှာ နီးနီးစပ်စပ် အသေအချာ စိတ်ဝင်စားလိုက်မိတာကတော့.. နှစ်ခွန်း ထဲပါ။

And so to all other peoples and governments who are watching today, from the grandest capitals to the small village where my father was born: Know that America is a friend of each nation and every man, woman and child who seeks a future of peace and dignity, and that we are ready to lead once more.

သူ့အဖေ မွေးခဲ့တဲ့ ရွာမှာ အ၀တ်ပိတ်ကား ကြီး နဲ့ စီအန်အန် ကြည့်ကြတာ ကို မြင်ရ တော့.. သူ့စကားက.. အသက်ဝင် လိုက်တာ။ အကျီ င်္ ဂုတ်ပြဲ နဲ့ ပျော်မြူး ကခုန် နေကြတဲ့ ကင်ညာ နိုင်ငံသူ ကြီးတွေ ကို ကြည့်ရတာလည်း သဘာဝ ကျလိုက်တာ။
သူပြောသလို သူတို့ ကမ္ဘာကို ပြန် ဦးဆောင်နိုင်မယ် ဆိုရင်တော့.. သတင်းသမားတွေ..လူ့အခွင့်အရေး ရှေ့နေ တွေကို လက်စတုန်း သတ်ဖြတ်နေတဲ့.. သူ့ပြိုင်ဖက် နိုင်ငံကြီး ရယ် ကိုယ်ကျိုးလိုဘ စီးပွားရေး ကိုသာ ကြည့်တဲ့ သူ့ကိုပြိုင်ချင်နေတဲ့ နိုင်ငံကြီးရယ် - ကိုတော့..နဲနဲ စိတ်အေး ရပေလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့အသံ ပြည့်သူ့ အသဲ စစ်စစ်ကနေ ဖြစ်လာတဲ့..အုပ်ချုပ်မူ တခုဟာ.. မှားခဲ့ရင်တောင်.. ၈ နှစ်ထက် ပို မမှားနိုင်ဘူးလေ။

နောက်တခွန်းကတော့-

To those who cling to power through corruption and deceit and the silencing of dissent, know that you are on the wrong side of history; but that we will extend a hand if you are willing to unclench your fist.

လက်သီးဆုပ်မလား..လက်ဝါးဖြန့်မလား တဲ့။ မေးနေပါပြီ။ ကြိုက်တာကို သာ ရွေးကြပါစေတော့။

ဂလိုဘယ်လိုက်ဇေးရှင်းကို ပုံဆောင်နေတဲ့ .. ပြီးတော့ .. ခေတ်သစ် တခုကို ခေါ်ဆောင် နေတဲ့ အမေရိကန် သမ္မတ တယောက်ရဲ့ ဘ၀ ကတော့ ရက် ၁၀၀ ကနေ စ ရေ တွက်ပါတော့မယ်။ အားတက်စရာကောင်းတဲ့ ကတိ က၀တ် စကားတွေ နဲ့ တီဗီဖန်သားပြင် ရုပ်ပုံ တွေ နောက်က.. တကယ့် လားရာ တွေကို စောင့်ကြည့် မဝေဖန်နေချင်တော့ပဲ.. တကယ်သာ ဖြစ်လာပါစေလို့ ဆန္ဒပြုမိတော့တယ်။
-
++++++++++++++
-
( စာမရေးဘူးလုပ်ထားတုန်း..မချိုသင်း လာဆွ လို့ ရေးလိုက်တာပါ) ။း)


Share/Bookmark

ဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အတွက်-

ဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အတွက်- ဟိုးအဝေး ဖုန်ထူထူမြို့လေးကနေပြီး..ကမ္ဘာပြားပြား ဒိုးယိုပေါက်က တဆင့် .. စီးဆင်းရောက်လာတဲ့.. အမတယောက်ရဲ့ ခံစားချက် စာလုံး ကလေးတွေပါ။


++++++++


လွန်ခဲ့တဲ့ (၂)နှစ်က ခရီးရှည်ရွက် လွှင့်သွားခဲ့တဲ့ ကဗျာ ကြယ်ကြီး တလုံးကို လွမ်းဆွတ် တသစိတ်နဲ့ မိုးကောင်းကင်ကို မော့ကြည့်မိ....။

ဟိုး--- အရှေ့ဖက် မိုးကောင်းကင်မှာ အရောင်ဖြာ တောက်ပ နေတဲ့ ကျမတို့ရဲ့ ကဗျာကြယ်ကြီး...

ကြည့်စမ်း---သူ့ထံမှ လှိုက်လှဲ နွေးထွေးတဲ့ အပြုံးဓာတ်တွေဟာ ကူးစက်ခံစားကျမကို လွှမ်းခြုံသွားပေါ့။

ဒါဆို-- သူ ကျမတို့ကို ပြုံးကြည့် နေတာပေါ့။ ပြုံးပြီး အားပေးနေတာပေါ့ ။
ခုတလော---မြင်ရကြားရ နားဝ မချမ်းသာမူ များကြောင့် ၊ကျမတို့ နွမ်းလျ ခံပြင်း အားမာန် တင်းနေရပုံများကို သူလဲသိရော့ထင်။

ကျမ ၀မ်းနဲနာကျည်း၊ လက်သီးကို ကျစ်ကျစ်ဆုပ်ရင်းရင်ထဲမှ စီးဆင်းလာသော ကဗျာကလေး တပုဒ်ကို တိုးတိုး ညှင်းညှင်း ရွတ်ဆိုပြီး သူ့ကို တိုင်တည်မိပေါ့။



ကမ္ဘာမြေရဲ့ ကောင်းကင်ထက်မှာ
လင်းလက် တာရာ ကြယ် များစွာ
တခါတခါ တောက်ပ
တခါတခါ မိွန္ပ်
မရေတွက်နိုင်အောင် များပြားစွ
ပန်းအလှကမ္ဘာကို လိပ်ပြာလေးတွေဝဲသလိုပ။

မည်းနက် မိုးတိမ် ဖုံးတဲ့အခါ
ကြယ်မီးအိမ်များ ပုန်းရရှာ
ကမ္ဘာမြေရဲ့ မြစ်များစွာ
တိတ်ဆိတ် နာကျင်စီးဆင်း
မဲမဲမှောင်မိုက်တွင်း
ရှိုက်သံတိုးတိုး ညှင်း။

ဒါပေမဲ့
ကမ္ဘာမြေအတွက်
စကြာဝဠာ တနေရာမှာ
အသေအချာကို ရှိနေကြလေရဲ့
လင်းလက် ကြယ်တာရာ..
များစွာ... များစွာကွဲ့။


ဒီလို ကဗျာလေးတွေ ယိုစီး ဖိတ်အန်ကျတတ်ဖို့ ကဗျာမျိုးစေ့တွေ စေ့ဆော် ကြဲပက်ခဲ့သူ ကဗျာကြယ်ကြီးဟာ ကြင်ကြင်နာနာနဲ့ ငုံ့ကြည့်ရင်း ကျမတို့ ငယ်ငယ်က စွဲစွဲလန်းလန်း ရွတ်ဆိုခဲ့ရတဲ့ - ကြယ်ကလေးတွေ-ဆိုတဲ့ ကဗျာကလေးကို သူ့အသံ လေးလေး သြသြကြီးနဲ့ စတင် ရွတ်ဆိုပါတော့တယ်။



လေမုန်တိုင်း ဘယ်လိုဝှေ့ဝှေ့

ကြယ်ကလေးတွေ နေရာမရွေ့

မိုးငွေ့တွေ ဘယ်လိုလိမ်လိမ်

ကြယ်ကလေးတွေ အရောင်မမှိန်

အချိန်တွေ ဘယ်လိုသွားသွား

ကြယ်ကလေးတွေ ပျောက်မသွား

ယောက်ျားဘသား ကြယ်ကလေးများ

အမြဲ တောက်ကြွားကြွား။ ။



ကဗျာရွတ်သံဟာ တိုးတိုး ဖွဖွမှတစထက် တစ ကျယ်လောင် မြည်ဟီး ကမ္ဘာတခွင်ကို ပျံ့နှံ့ စီးဝင်သွား စေပါတယ်။ သူ့ရဲ့ ရင်သွေး ကြယ်ကလေးများဟာ တိမ်ပုတ် တိမ်မဲတွေအောက်မှာ ရောက်နေတာတောင် ဘာမထီဘဲ သံပြိုင် ဟစ်ကြွေး အချင်းချင်း အားပေးကြ။ ကောက်ကျစ် ယုတ်မာတဲ့ မုန်တိုင်း မိုးတိမ်တို့ သဘာဝ သဘောက၊ လောကကို သိမ်းကျုံး ဖျက်ဆီး မိုက်မဲခြင်း အတိ ပြီးနေတာပါလား။ လောက-က ကြာရှည် လက်မခံ ကျွမ်းသန္တာလန်အောင် ခါချပါလိမ့်မယ်။ လောကကို အလင်းပေးနေဆဲ သတ္တိခဲ ကြယ်ကလေးတွေဟာ ဘယ်တော့မှ ပျောက်မသွား မှိန်မသွား တောက်ကြွားမြဲ တောက်ကြွားလျှက် ကဗျာကြယ်ကြီးရဲ့ ပိုက်ထွေးယုယမှုဖြင့် ကြီးပြင်းလာကြသော ကြယ်ကလေးများဟာ ကိုယ်ကျိုးစွန့်ကာ တိုင်းပြည်ချစ်စိတ်ဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်လျှက်။


Share/Bookmark

ခံစားမိသော ကဗျာ တချို့

ဘလော့ရေးတာ ၂ပတ်လောက် နားမလို့ နေတုန်း .. အနာဂါတ် ဟန်နရီဒူးနန့်ဆုရှင် ဇူလိုင် အိမ်မက် က..နှစ်သက်မိသော ကဗျာလေး- တဲ့။ သိပ်ကြာသွားမှာ စိုးလို့..မသွားခင် အမြန် ရေးပေးလိုက် ပါ တယ်။

ကဗျာ တွေနဲ့ပတ်သတ်လို့တော့..သိပ်နီးနီးစပ်စပ် ကျွမ်းကျွမ်းကျင်ကျင် အကဲမဖြတ်တတ်..မဝေဖန်တတ်..။ သိပ် အများကြီးလည်း မဖတ်ဘူး..မခံစားဘူး သူ။

အဲဒီ အတွက်လည်း.. စာ < ကဗျာ < သီချင်း < ပန်းချီ ဆိုပြီး ရေးပြ ခဲ့ဘူးသေးတယ်။

အခုလည်း..အဲဒီတုန်းထဲက.. နှစ်သက်မိတဲ့..အားတတ် ရွှင်လန်းမိတဲ့.. ဖုန်းဆိုး ရဲ့ -
`၅၄-တက္ကသိုလ်ရိပ်သာလမ်း-ရန်ကုန်´ ကဗျာရှည်ကြီးကို ပြန်လည် ဖတ်ရှု ကြည့်စေချင်ပါတယ်။ ကဗျာက..သိပ်ရှည် တော့..link မှာပဲ ဖတ်ကြည့်ကြပါ။ သူ့ကဗျာလေးက..ကိုယောဟန်အောင် ပြောတဲ့ vision ဆန်ဆန် လေးပါပဲ။

++++++

နောက် - တလောကမှ..သူငယ်ချင်း မချိုက.. ဝေမျှ လို့ ကြိုက်မိတဲ့ အင်္ဂလိပ်ကဗျာလေး တပုဒ်။

I know why the caged bird sings
_
A free bird leaps on the back of the wind
and floats downstream till the current end
sand dips his wing in the orange suns rays and dares to claim the sky.
But a bird that stalks down his narrow cage
can seldom see through his bars of rage
his wings are clipped and his feet are tied so he opens his throat to sing.
The caged bird sings with a fearful trill
of things unknown but longed for still
and his tune is heard on the distant hill
for the caged bird sings of freedom.
The free bird thinks of another breeze
and the trade winds soft through the sighing trees
and the fat worms waiting on a dawn-bright lawn and he names the sky his own.
But a caged bird stands on the grave of dreams
his shadow shouts on a nightmare scream
his wings are clipped and his feet are tied so he opens his throat to sing.
The caged bird sings with a fearful trill
of things unknown but longed for still
and his tune is heard on the distant hill
for the caged bird sings of freedom.


( Maya Angelou)

ကဗျာရှင်ကတော့..အမေရိကန် နိုင်ငံရဲ့ civil right လှုပ်ရှားမူမှာ ရှေ့ဆောင် တယောက် အပါအ၀င် ဖြစ်ခဲ့တဲ့..လူမည်း အမျိုးသမီး စာဆို တယောက်ပါ။ သူ့ရဲ့ ၆ တွဲ စာ ကိုယ်တိုင်ရေး အတုပတ္တိ ဟာ..အမေရိကန် စာပေမှာ ထင်ရှားခဲ့ပါတယ်။ အဲဒီ စီးရီးတွဲ ရဲ့ ပထမဆုံး စာအုပ် ဖြစ်တဲ့.. I know why the caged bird sings ဟာ ၁၉၇၀ ခုနှစ် National Book Award ကို ရရှိ ခဲ့တယ်။

ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က.. အိမ်ထဲကနေ..သီချင်းတွေ အကျယ်ကြီး ဖွင့်ခဲ့တယ် ဆိုတဲ့.. ဒေါ်အောင်ဆန်းစုကြည် ရဲ့.. လှောင်အိမ်စံ ဘ၀ ကိုလည်း..သတိတရ ထင်ဟပ်လိုက်ပါတယ်။
တခြားတခြားသော.. လှောင်ချိုင့်ထဲက..ငှက်ငယ်လေးများ အတွက်လည်း..မမေ့မလျော့ သတိရနေ စေခြင်တယ်။

+++++

နောက် ထပ် တခု ကတော့..ကဗျာ မဟုတ်ရင်တောင်..ကဗျာ လိုခံစားလိုက်ရတဲ့.. ၅ နှစ်အရွယ် ကလေး ငယ်လေး တယောက်ရဲ့ ခံစားမူ ပါ။

၅ နှစ်ကျော် အရွယ် တူမငယ်က..သူ့မိခင်ကို ပြောတယ်တဲ့။

` ကမ္ဘာကြီးကို ပြောင်းပြန် လှန် ပြစ်လိုက်ချင်တယ်..´

ဘာဖြစ်လို့ လဲ..သမီးရယ်..ဆိုတော့..

` မြေကြီးပေါ်မှာ လမ်းမလျှောက်ချင်တော့ဘူး..တိမ်တွေပေါ်မှာပဲ လမ်းလျှောက်ချင်တယ်...´
တဲ့။

ကလေး လေး တယောက် ရဲ့ ရိုးရိုးရှင်းရှင်း ဆန္ဒလေးက..သူ့ရင်ထဲကို ကဗျာ တပုဒ်လို ဖြတ်စီးသွားခဲ့တယ်။

ချက်ခြင်းပဲ..တွေးမိတာက.. တီဗီတွေ မှာ မြင်ကြားနေရတဲ့.. ကမ္ဘာမြေကြီး အကြောင်းကို.. ၅ နှစ် အရွယ် ကလေး ငယ် တယောက်ကတောင်..နာကျင် နေတတ်ပြီလား.. ဘ၀ ကြီးကို အကောင်း မမြင်ချင်တော့ဘူးလား ဆိုပြီး..စိတ်လည်း မကောင်း ဖြစ်သွားတယ်။

တချိန်တည်းမှာပဲ...
အင်း--- ငါ့တူမလေးတော့..အဒေါ်ကို တူ ဦးတော့မှာပဲ.. လို့ တွေးရင်း..ပြုံးမိတော့တယ်။


Share/Bookmark

လမ်းပျောက်

Photobucket




ပင်လယ်က စွဲဆောင်လှရဲ့...
ဆင်းလှည့်ပါ့...
သွယ်တန်းနေခဲ့..
တထစ်ချင်း..တထစ်ချင်း...
တထစ်ချင်း ဆင်း..

ဆင်း
..........ဆင်း
...................ဆင်း
............................ဆင်း
....................................ဆင်း
........................ဆင်း
..............ဆင်း
.....ဆင်း
.................ဆင်း
..............................ဆင်း

..................ဆင်း

.....ဆင်း

ဆင်း..........

ဆင်း..................ယ....

.....-----

---------------------

---------------------- ----

ဟော..ဒီမှာ..စာတမ်းတခုက..

`ဤလှေခါး၌- အတက်မရ´

(ကမ်းခြေခရီးမှ ဓါတ်ပုံများ လက်စသတ်တာပါ... လကုန်မှ ပြန်လာပါမယ်.. အားလုံး..ခဏ တာ့တာ ပါ)


Share/Bookmark

just simply gloomy

တကယ်ပါ.. ရိုးရိုးလေး စိတ်မပျော်ဖြစ်နေတာပါ။

အဲဒါလေးကို ပဲ..ပြောပြ ရေးပြမလို့.. . ပြတိုက် တခုက..ရိုက်ယူလာတဲ့.. တရုတ်အနုပညာရှင် တယောက်ရဲ့ ရွှံ့ရုပ်လေးပါ ထဲ့မယ်လုပ်နေတုန်း.. အရုပ်လေးကတင်..ရသတွေ ပေါ်လွင်နေတာ..အနုပညာတွေ ပါနေတာကြောင့်.. ဘာစာမှ မထဲ့ဖြစ်လိုက်တာ။

gloomy ဆိုတဲ့ ခံစားချက်ကို လူတိုင်းလို အခါအားလျော်စွာတော့..ဖြစ်တတ်ကြ တာပဲ မဟုတ်လား။

မနေ့ကလေ.. အီးမေးလ် ဖွင့်တော့..အရွယ်တူ သူငယ်ချင်းတယောက်.. ကောက်ကာငင်ကာ.. ဘာလက္ခဏာမှ မပြပဲ.. ရောဂါဆိုးကြီး တခု ခံစားနေရပြီလို့.. မိတ်ဆွေတွေ..သတင်းပေးကြ..မေးမြန်းကြ..အံ့သြကြ ဖြစ်နေကြတာပါ ။ တကိုယ်လုံး ပျံ့နေတဲ့..ရောဂါ ကြီးကြောင့်.. ချောင်းဆိုးရင်တောင် နံရိုးတွေ ကျိုးကုန်တယ်တဲ့။ ကိုယ်တို့ ၂ယောက်လဲ..တယောက်နဲ့ တယောက် ကြည့်ပြီး.. ကဲ- နင်..အန်-အန်နေတာ..အန်ဒိုစကုပ်ပီ ယူကြည့်အုံး..။ ငါလဲ.. ခုရက်ထဲ..ဗိုက်ထဲ တမျိုးကြီး..ဆိုပြီး.. ချက်ချင်းကို မအီမသာ ဖြစ်လာတော့တာပဲ။

ဆိုရိုးစကားတခု ရှိတယ် မဟုတ်လား။ Expect unexpected things -

ခုတော့..Life expectancy တွေ ကျကျ လိုက်လာတဲ့.. ကိုယ့်လူမျိုးတွေ အတွက်ပါ..စိတ်မကောင်းဖြစ်နေ မိတယ်။ ကမ္ဘာကြီးက..ပူနွေးလာတယ်တဲ့.... ကာဗွန် ထုတ်လွှတ်မူတွေ..မြင့်တက်နေတယ်တဲ့.. ဂြိုဟ် တလုံးတောင်ထပ်တွေ့တယ်ဆိုတော့.. ဂြိုဟ်ခွင် အယူအဆ ဓါတ်သဘာဝတွေ ပါ..ပြောင်းလဲ ဦးမှာ။ ဒါတောင် အားမရလို့.. ဈေးထဲက.. ခရမ်းချဉ်သီးတွေ..ဖရဲသီးတွေကို အရောင်လှအောင်..မြန်မြန် မှည့်အောင် ဆေးထိုးကြတယ်တဲ့။ ပန်းတွေကို ကြာကြာမခံအောင်..ဆေးစိမ်ရတယ်တဲ့။ အပင်တွေ မြန်မြန် ကြီးအောင် လုပ်တဲ့..မြေသြဇာ ဆိုတာတွေမှာ.. ပြဒါးတွေပါတယ်တဲ့။ ဆိုင်ရနိုက်တွေ ပါတယ်တဲ့။ အသားပေါ တဲ့ ဈေးပေါတဲ့ ပီစီ ကြက်တွေ ကို ဟိုမုန်းထိုးထားတယ်တဲ့။ ဒီကြားထဲ နို့မှုန့်တွေ မှာ မယ်လနင် ပါတယ်တဲ့။ ရွေးချယ်စရာ နဲပါးတဲ့.. လူအများစု အတွက်တော့.. ရောဂါ တွေကိုပဲ ရွေးချယ် နေရတော့တယ်။

ကြားလိုက်ရ ရင်လည်း..အသဲရောဂါ ဆိုတာတွေ ချည်းပဲ။ အထူးသဖြင့် အနုပညာရှင်တွေ ..။ အသဲဆိုတာ..ခံစားတတ်တဲ့ နှလုံးနဲ့ ဆက်စပ်နေတာဆိုတော့.. စိတ်ခံစားမူ နဲ့များဆိုင်နေသလား။ စိတ်ထောင်းလို့ ကိုယ်ကျေ လေသလား။ အသဲတွေ နှလုံးတွေက..နူးညံလွန်းလို့..ထိရှပျက်စီးလွယ်တာများလား။

ဘာပဲပြောပြောလေ..ဘ၀ဆိုတာကတော့..လောင်စာရှိသရွေ့..ကိုယ်တိုင် ပဲ့ကိုင် မောင်းနှင် နေရ ဦးမယ့်..ရထားကြီးတစီးပဲ မဟုတ်လား။



Share/Bookmark

GLOOMY






Share/Bookmark

ဂါဇာအတွေး

ဒီနေ့ မိုးလင်းတော့..စာကြည့်ခန်းထဲက..ပြတင်းကို မဖွင့်ပဲ.. ဧည့်ခန်းထောင့်က.. ပြတင်းကို.. ရမုဒ် ကွန်ထရိုး နဲ့ ဖွင့်လိုက်တယ်။

CNN

ကောင်းကင်တခုလုံး..မီးပန်းမီးရှုးတွေ အပြည့်..။ နှစ်သစ်ကူးတဲ့..အပျော်မီးတွေလား.... ဘယ်တော့မှ..စိတ်သစ်မကူးတဲ့.. လောင်တိုက်ရန်မီး တွေလား...။ မီးတွေကတော့..ကောင်းကင်တခွင်တပြင်လုံး။ အဲဒီ တောက်ပတဲ့ကောင်းကင်အောက်မှာပဲ..လူတွေ..4--3--2--1 လို့ ရီတွက်ရင်း..နှစ်တနှစ် ကို ကြို ဆိုကြတယ်..။ အဲဒီ လောင်မြိုက်နေတဲ့ ကောင်းကင်ကြီး အောက်မှာပဲ.. စစ်သားတွေ.. 4--3--2--1-- လို့..ရီတွက်ရင်း..နောက်ထပ် ရော့ကတ် တလုံး ..ပြစ်လွှတ်လိုက်ပြန်တယ်။ သန်းနဲ့ချီတန်တဲ့..ရော့ကတ်အလုံး ၅၀၀ ပြစ် တော့..လူ ၅၀၀ သေ သတဲ့လား။ ဒါဆို--လူတယောက်သေဖို့..တသန်းကုန်ကျတယ်ပေါ့။

GAZA

ဂါဇာမှာ- သူမှားတယ်..ငါမှားတယ်။ သူအရင်ပြစ်လို့..ငါ ပြန်ပြစ်တယ်။ သူတို့ပိုင်တာ မဟုတ်..ငါတို့ပိုင်တာ။ သူတို့ဘုရားမဟုတ်.. ငါတို့ဘုရား- အငြင်းပွားခဲ့ကြတာ..အဲဒီ အရိုးတွေနဲ့..အဲဒီ အမုန်းတွေ အမျှပေါ့။ တကယ်တော့..cease fire ဆိုတဲ့စကား ကိုက.. အဓိပ္ပါယ် ချို့တဲ့ နေခဲ့ပြီးသားပဲ။ ခုမှ ဒီစကားလုံး အပေါ်မှာ..ထပ်ပြီး အဓိပ္ပါယ် ကင်းမဲ့အောင် လုပ်မနေကြပါနဲ့တော့။

CHRISTIANE and LIVNI

အရွယ်တူ..ဆိုက်တူ..ဂိုက်တူ..မိန်းမ ၂ယောက်..အပြန်အလှန် မေးမြန်းပြောဆိုနေတာကိုကြည့်ရင်း..သူတို့ ရင်ထဲကို အတိုင်းသား မြင်နေရတယ်။ မိန်းမတွေသာ..ကမ္ဘာကြီးကို..တစိတ်တပိုင်း ၀င်ရောက် ကွပ်ကဲနိုင်ရင်..ကမ္ဘာကြီး နဲနဲ များ ပို ငြိမ်းချမ်းလာမလား လို့..မျှော်လင့်ကြတယ်။ CNN သတင်းထောက် CHRISTIANE AMANPOUR က သူ သတင်းအစီအစဉ်ယူနေကြ.. ကမ္ဘာ့လူသတ်ပွဲ ကြီး တွေထဲက.. လတ်လတ်ဆတ်ဆတ် လူသတ်ပွဲ ကြီး အတွက်.. ရင်ထဲမှာ ပျို့အန်နေပုံရတယ်။ ၅ ယောက် နဲ့ ၅၀၀ အချိုးမညီ တဲ့..လက်တုန့်ပြန်မူ အတွက်.. မေးခွန်းထုတ်တယ်။ အစ္စရေး နိုင်ငံခြားရေး ၀န်ကြီး LIVNI က လည်း..သူ့နဘေးက..သူ့အရင်က..ခေါင်းမာမာ အဘိုးကြီး တွေ ထက်တော့..လျော့မည့်ပုံ မပေါ်။ ပါးလျ ခက်ထန်လှတဲ့..သူ့နှုတ်ခမ်းထောင့် က.. determined ဆိုတဲ့..စကားလုံးပဲ..ထပ်ကာ ထပ်ကာ..ထွက်ကျလာနေတယ်။

DIPLOMACY

ဒစ်ပလိုမေစီ ဆိုတာ.. တကယ့်အနက်က..ဘာလဲမသိ..။ အခုအတိုင်း မြင်နေ..နားလည်နေရတာတော့.. လှည့်ဖျားပြောဆိုခြင်း..ဥပါယ်တံမျှင်ဆောင်ရွက်ခြင်း.. ပြသာနာတခုကို ရွှေ့ဆိုင်းခြင်း.. ထက်ပို ပြီး ဘာမှမတွေ့မိသလို။ ဘာပဲဖြစ်ဖြစ်..တကမ္ဘာလုံးက..သံတမန်တွေ..လေယဉ်တွေပေါ် တက်လို့..ကတိုက်ကရိုက် ဦးတည်သွားနေကြပြီ။ အမေရိကန်မှာတော့..လောလောဆယ်ဆယ် power vacuum ဖြစ်နေသတဲ့။ ဘုရားသခင်ကလည်း ..သူ့လူမျိုးတော်တွေကို စောင့်ရှောက်ရင်..ကောင်းချီးပေးမယ်လို့..မှာခဲ့သတဲ့။ ဒါက ပြသာနာရဲ့ အဖြေ မဟုတ်ဘူးလို့..လည်း လူတိုင်းက ပြောနေကြတယ်။ ကိုယ်လည်း..အဲလိုပဲ..သံယောင်လိုက်နေမိတယ်..။ ဒါဆို ပြသာရဲ့ အဖြေက..ဘယ်မှာတဲ့လဲ။ Diplomacy ပဲလား။ cease fire ပဲလား။ နောက်တခေါက် အဲဒီလို အကြီးအကျယ် မဖြစ်သေးသရွေ့..အချိန်ရွှေ့..ခဏနား ရအောင်ပဲလား။

++++++

လူတွေ ပြေးလွှားနေကြတယ်..ငိုညည်းနေကြတယ်.. အံသွားကြိတ်ခဲ ကြတယ်..။
လူတွေ..သတ်ဖြတ်ကြတယ်..ညှင်းဆဲရက်တယ်..ရက်စက်နိုင်တယ်။
လူတွေ..စေ့စပ်ရတယ်..ညှိုနှိုင်းပေးတယ်..တာဝန်ယူတတ်တယ်။
လူတွေ ပျော်ရွှင်ကြတယ်..မသိဟန်ဆောင်ကြတယ်.. ကိုယ့်ထိမှ သိကြတယ်။
လူတွေ မညီညွတ်ကြဘူး .. ငြင်းခုံကြတယ်.. ငြိမ်းချမ်းစွာ ကွဲလွဲဖို့ ကြိုးစားနေတုန်းပဲ။
ကမ္ဘာကြီးက..သူ့ကျောပေါ်က..လူတွေကို..စိတ်ညစ်နေခဲ့တာ ကြာပြီ။

စိတ်ညစ်လို့..အရက်ကို သောက်တယ်.. အရက်သောက်တော့..စိတ်ပိုညစ်တယ်။
အဲဒါနဲ့..ကမ္ဘာကြီးလည်း.. ၂၃ နှစ်ပိုင်း တပိုင်း ..အမြဲတမ်း မူးယိုင်နေတော့တာပါပဲ။




Share/Bookmark

လွတ်လပ်ခြင်း အလှ






လွတ်လပ်ရေးနေ့ အတွက် ခံစား ပါသည်။


Share/Bookmark

ဆယ်လမွန်ငါးတို့အပြန်

ညက ရေးလက်စ ဆောင်းပါး တပုဒ်ကို ခုမနက်များ လက်စသတ်နိုင်မလားလို့..
မရတော့ဘူး ထင်တယ်။ ကွန်ြပူတာ မျက်နှာပြင် အောက်က 10: 25 am ဆိုတာက.. မျက်စိထဲ ရောက်ရောက်နေတော့..စာကို စိတ်မရောက်နိုင်တော့ပဲ..လောလို့သာနေသည်။ ကဲ- မတတ်နိုင်..အတင်း အဆုံးသတ်လိုက်လို့လည်း..ဖြစ်ကတတ်ဆန်း ကြီး ဖြစ်သွား ဦးမည်။ မုဒ်ကလည်း..လောနေတဲ့ စိတ်ထဲ ရောက်နေပြီ။

ဒီနေ့ နေ့လည် ၁ နာရီ အရောက် သွားရမည့် အစီ အစဉ်က.. သူ့ ရင်ကို ခုန်စေဖို့.. အကြောင်းအရာတွေ.. သိပ်ကို ခိုင်လုံ နေသည်။ တကယ်တော့.. အဲဒီ အစီအစဉ်လေးက..သူတို့ဆင်နွှဲပျော်ရွှင်ရမည့် အတိုင်းအဆကြီး ရဲ့ အပိုင်းအစသေးသေးလေး..တခုသာ.. ။ လွန်ခဲ့တဲ ၁လလောက်တည်းက.. သူတို့အားလုံး ရဲ့ ဘ၀ တွေကို.. အကြီးအကျယ် ပြောင်းလဲ စေခဲ့သည့်..၀မ်းမြောက်ပျော်ရွှင်ဖွယ် အပြောင်းအလဲ ကြီး ထဲမှာ.. အားလုံး မျက်ရည်လည်ရွဲ ပျော်ပွဲ ဆင်ခဲ့ ကြပြီးပြီ မဟုတ်လား..။

ဟား..
ကွန်ပြူတာကို ပိတ်အောင် စောင့်နေရင်း.. သူ့အလုပ်ခန်းလေးကို ကျေနပ်စွာ ကြည့်လိုက်မိသည်။ စားပွဲရဲ့ ရှေ့တူရှုက..မျက်နှာချင်းဆိုင်မှာ မြင်နေရတဲ့.. ပြတင်းပေါက်မှာ..ဘာခန်းဆီးစ မှ မရှိ။ အပြင်ဖက် ခြံစည်းရိုးက.. တွဲလွဲကျနေတဲ့ ဂေါ်သဇင်တွေ ကို.. တိတိပပ ..မွှေးမွှေးမြမြကို ..မြင်နေ..ခံစားနေရသည်။ သရက်ပင် အိုကြီးရဲ့ အရိပ်အောက်က ဖြတ်ပြီး.. အခန်းထဲ ၀င်လာတဲ့..အလင်းရောင်က.. မစူးလွန်း.. မတောက်လွန်း။ ကံကောင်းရင်..လိပ်ပြာလေးတွေ..စာဗူးတောင်းလေး တွေတောင်..ကျီးကျီးကျီကျီ..ရှိနေတတ်သေးသည်။

မကျဉ်းလွန်း မကျယ်လွန်းတဲ့..စာကြည့်ခန်း .. သို့မဟုတ်.. စာရေးခန်းလေးထဲမှာက.. လက်ပ်တော့ တင်ထားတဲ့..ကျွန်းစားပွဲလေးရယ်..စားပွဲဘေးက..ပရင့်တာလေးတလုံးရယ်.. ဘေးနံရံမှာ ကပ်ထားတဲ့..ကမ္ဘာပြားမြေပုံ ကြီးရယ်.. သောက်လက်စ ကော်ဖီခွက်ကလေးရယ်.. စားပွဲပေါ်မှာ ပျံ့ကျဲနေတဲ့.. ခဲတံ တချောင်း..ဘောပင် တချောင်း.. Thumb drive တခု .. hand cream တဗူး..နောက်ပြီး- ချွတ်ထားတဲ့..လက်ပတ်နာရီလေး..။

သပ်သပ်ရပ်ရပ် ရှိနေတာဆိုလို့.. လက်ဆောင်ရထားတဲ့..ကျိုက်ထီးရိုးပုံ ကျောက်စီ ပန်းချီ သေးသေးလေးရယ်.. နောက်..မိသားစု ပုံလေး တွေ..ရယ်။ ထိုင်ခုံဘေးမှာ ယှဉ်ချထားတဲ့..ကော်ဖီ စားပွဲပုလေးပေါ်မှာက.. daily bread စာအုပ်တအုပ်နဲ့.. Times မဂ္ဂဇင်း တအုပ် ၂အုပ်..။ အမြဲတမ်း ... ပို့လို့ ပက်လက် ပွင့်နေတတ်တဲ့..အင်္ဂလိပ် - မြန်မာ အဘိဓါန် စာအုပ်ထူ ကြီးက တော့.. ကြမ်းပြင်ပေါ်မှာ။ မှန်တံခါး မတပ်ထားတဲ့..နံရံကပ် စာအုပ်စင် ပေါ်က.စာအုပ် တချို့ကတော့..အစီ အစဉ် မကျသေး။ မှန်တံခါးပါတဲ့..စာအုပ်ဗီရိုကြီးတွေကို..မုန်းလို့.. ရိုးရိုးစာအုပ်စင် အပွင့်လေးပဲ ထားပေမဲ့.. ဖုန် မှန်မှန် မသုတ်နိုင်ရင်တော့.. မလွယ်လှ။ နေရာ မကျ သေးတဲ့..စာအုပ်တချို့က..အောက်ဖက် ကြမ်းပြင်က..စက္ကူဗုံးတွေထဲမှာ..ထိုးထိုးထောင်ထောင်။ ဒါတွေ..သေချာ အုပ်စုခွဲ ဖို့..စီဖို့.. တရက်..အချိန် သပ်သပ် ပေးရ ဦးမည်။

အခု ချိန်မှာတော့..လုပ်စရာတွေက..သိပ်များနေသည်။ အော- ဒီဖက်က..စက္ကူ ဗုံးတွေက.. ခုနေ့လည် ယူသွားဖို့.. သီးသန့် ဟာတွေ.. ။ စိတ်က..လှုပ်ရှားနေတာနဲ့..မေ့ဦးတော့မယ်။

စိတ်သစ် လူသစ် အကုန်သစ်မယ်ဆိုပြီး ..အသစ်လဲထားတဲ့..ဆိုနီ လက်ပ်တော့ အသစ် ကလေးကို ..တယုတယ အဖုံး ပိတ်လိုက်ရင်း..ကျေနပ် ပီတိ တွေက..အပြုံးကြီးကြီး တခု အဖြစ် စာကြည့်ခန်းလေးထဲကို.. လျှံကျသွားသည်။ ကဲ- နောက်မှ ဆက်ကျေနပ်...သွားဖို့ လာဖို့..ရေချိုးပြင်ဆင်ရတော့မည်။

၁၁ ခွဲလောက်ကျရင်..ပန်ဒိုရာ တို့ လာခေါ်မှာ။ သူတို့ ..စလုံးကျွန်းက..အုပ်စု တနေ့ကမှ..လေယဉ်အပြည့် ပြန်လာကြတာ။ ခုရက်ထဲ..လေယဉ်တွေတောင်..စီးရေမြှင့် ဆွဲပေးနေသည်ဆိုပဲ။ ကောင်းလိုက်တာ။

+++++

၁၃ နှစ်လောက်..ဒီဗီရို လေးထဲမှာ..ခေါက်ရိုးကျိုးနေခဲ့တဲ့..ပင်နီ ရင်ဖုံး အကျီ င်္ လေးကို ၀တ်ကြည့်တော့.. ကြည့်ပါဦး..ကွက်တိ ဖြစ်နေသေးသည် ။ အေးလေ..သူ လည်း..ဒီနှစ်တွေကြားထဲမှာ..နုပျိုမူတွေသာ.. ပါးလျသွားပေမဲ့..ခန္ဓာကိုယ်က.. ဘာမှ မှ သိပ်မပြောင်းလဲသွားပဲ။ အညို နု ရင့် ၂ ရောင်စပ် ဗမာလုံခြည်လေးကလည်း.. ချည်သားအစစ်မို့..၀တ်ရတာ..ချပ်ချပ်ရပ်ရပ်..။ သူ ဒီလိုဝတ် ရင်..သိပ်များ..အိုဗာ ဖြစ်နေမလား မသိ။ သိဘူးကွာ..တတ်နိုင်ဘူး- ၀တ်မှာပဲ။ တွေးရင်း..ပြုံးမိပြန်ပြီ။ ငယ်တုန်းက..ဒီလို ၀တ်ပြီး..မန္တလေးဆောင်မှာ အတန်းတက်တိုင်း..ပြုံးမဲ့မဲ့ကြီးနဲ့..မသိချင်ယောင်ဆောင်တတ်တဲ့.. ဌါနမှူး ဆရာချို ကိုတောင်..သတိရသွားသည်။

ဟော- အိမ်ရှေ့မှာ..ကားရပ်သံ။ ရင်တွေခုန်လာပြန်ပီ။ ပန်ပန့်ကို.. ဓါတ်ပုံထဲမှာသာ မြင်ဖူးတာ။ အပြင်မှာ.. မတွေ့ဖူးသေးဘူးလေ။

အား-- ကားပေါ်က..ဆင်းလာကြတဲ့.. သူတွေ.. မမေ..ညီမလေးစိုး.. ဟောဒါ ပန်ဒိုရာပဲ..။ စိုးနဲ့ ပန်ဒိုရာက.. အပြင်မှာ..ညီအမ လားတောင် အောက်မေ့ရတယ်.. ဗမာဆန်ဆန် ချောချောလေးတွေ...။ ကားမောင်းလာတဲ့..ဟိုပုဂ္ဂိုလ်က..ပီတိ ဆိုတာပဲဖြစ်မည်။ မမေတို့ပြောပြောနေလို့..သူမှန်းမိနေပြီ။ သူတို့အားလုံး..ဘယ်သူ မှ မိတ်ဆက်ပေးစရာ မလိုပါပဲ နဲ့.. ရင်ထဲက..သိနေကြတာ..ထူးဆန်းလိုက်တာနော်။

` တို့တော့..ဘာမှ ကို မပြောနိုင်တော့ဘူးဟေ့.. ယူတို့အားလုံးကို..တွေ့ရတာ.. ရည်စားနဲ့တွေ့တာထက်တောင်..ရင်ခုန်နေမိတယ်..´ လို့..ခပ်နောက်နောက်ပြော လိုက် မိတော့.. အားလုံး.. ရီမောလိုက်ကြရင်း..သက်တောင့် သက်သာ ဖြစ်သွားကြသည်။ သူ့စာကြည့်ခန်းထဲက..စာအုပ် ဗုံးတွေကို..တယောက်တခု ကားပေါ်တင်မ ကြတော့.. သူ့အခန်းလေးကို သဘောကျ နေတဲ့ မမေက..
` အဒေါ်ကြီး....ရှင်... တကယ်ပဲ..စာရေးတော့မယ်ပေါ့လေ..´
သူ ပြုံးပြီးရင်း..ပြုံး၍သာ နေမိတော့သည်။

+++++

တလမ်းလုံး..စကားမပြတ်အောင် ဖောင်ဖွဲ့လာကြရင်း.. တနာရီ ခွဲ မောင်းရတဲ့...ခရီးက.. တံတားလေး တခုကို ကျော်ဖြတ် အပြီးမှာ.. ချောင်းကမ်းပါး ရွာလေးတခု ထဲကို ၀င်လာပြီ။ ရွာလေးက..အတော်အသင့်ကြီးသားပင်။ ရွာထဲမှာ..ဧည့်သည် ကားတချို့ ရောက်နှင့်နေပုံ ရသည်။


` ဘယ်သူတွေ လာကြမှာ လဲ..သိလား ပန်..´

နားကြီး ..မျက်စိကြီး..အသိမိတ်ဆွေ ပေါတဲ့..ပန့်ကို မေးတော့ ..

` မပြောဘူး..မကေ အံ့သြသွားအောင်..´ ဆိုပြီး..ညစ်ကျယ်ကျယ် လုပ်နေသေးသည်။

နေပေါ့။ ဟွန်း---

` အနာဂါတ် သုတရပ်ဝန်း ´ ဆိုတဲ့.. ဆိုင်းဘုဒ်လေး ကလေးက..နေရောင်အောက်မှာ.. အနီရောင် ဆေးလေးတွေ လွင်တောက်လို့။ ကားတွေ တော်တော်များများ ရပ်ထား သည်။ ကျေးလက် သုံး ဆိုင်ကယ် တွေလည်း အတန်းလိုက် ကလေးတွေ..စီလို့ ။

သူတို့ကားလေး ရပ်သွားတော့.. ဆံပင်တို ရှင်းရှင်လေးနဲ့.. အသက် ၂၀ ကျော် အစိတ်လောက်..ချစ်စဖွယ် မိန်းမငယ်လေးတယောက် ခပ်သွက်သွက် လှမ်းလာသည်။ ဒါ- မေရာ ပဲ ဖြစ်ရမည်။

` အမတို့ အကိုတို့ရေ.. ၀မ်းသာလိုက်တာ..ကျမ မေရာပါ.. အမတို့အားလုံး..ဒီဖွင့်ပွဲကို လာတာ..ကျမ ဘယ်လို ကျေနပ်မှန်း မသိဘူး..အား ရှိလိုက်တာ..´

သေချာတာပေါ့..ခုန်ဆွ..ခုန်ဆွ နဲ့.. လှိုက်လှိုက်လှဲလှဲ ပြောဟန်လေးက..သူရေးတဲ့ စာလေးတွေ အတိုင်းပဲ။

စာအုပ်ဗုံးတွေ..ကားပေါ်က ချရင်း.. နှုတ်ဆက်သံတွေ..နောက်ပြောင်သံတွေ..ဆူညံ နေတော့သည်။

အုပ်တိုက်ခံ အဆောက်အဦ အဖြူလေး ထဲ ကို..၀င်ဝင်ခြင်း လက်ယာဖက် အခန်းမှာ..မှန်ကာ..လေအေးပေးစက် တပ်ထားတဲ့..ကွန်ပြူတာခန်းလေး ။ ကွန်ပြူတာ ၁၀ လုံးလောက်တော့ ရှိမည်.. အတော်ဟုတ်သားပဲ။ အေးလေ..မေရာ ရဲ့.. ဆက်သွယ်လှုပ်ရှားမူနဲ့..အလှူရှင်တွေလည်း တော်တော် ထဲ့ဝင်ထား တာလို့..သူကြားမိသည် ။ လက်ဝဲဖက် အခြမ်းမှာကျ တော့.. ၀ှိုက်ဘုဒ် တခု ချိတ်ထားတဲ့..စာသင်ခန်းလို..အစည်းဝေးခန်းလို..ခပ်ကျဉ်းကျဉ်း အခန်းလေး တခု။ စားပွဲ ပေါ်မှာ .. မေမြို့ပန်း ရောင်စုံတွေ ဝေနေအောင် ထိုးထားတာ မြင်တော့.. ရင်ထဲ နွေးထွေးသွားသည်။


` ဟယ် -- လူတွေ စုံလှချည်လား ..´

သူ အတော် အံ့သြသွားသည်။ ဒီကောင်မလေး..တကယ် မိတ်ဆွေပေါ..တကယ်လုပ်နိုင်တာပဲ။
အခန်းအနား မစသေးတာမို့...အချင်းချင်း..စကားစမြည်ပြောနေသံတွေက..ခန်းမ ထဲမှာ..ခပ်အုပ်အုပ်..ခပ်ဝေါဝေါ။

သူတို့ကို ဦးတည်ခေါ်သွားနေတဲ့..ရှေ့က..၀ိုင်းမှာ အမျိုးသား လေး-ငါးယောက် ထိုင်နေသည်။

`ဒါက..ကိုအောင်သာငယ်.. ဟိုဖက်က.. ကိုယောဟန်အောင်.. ကိုဆောင်းယွန်းလ.. ကိုဇာနည်ဝင်း......
အပြုံးချင်းတွေ ဖလှယ်ကြသည်။ စားပွဲပေါ်မှာ လက်တွေ ရှုပ်ရှက်ခက်သွား သည်။
ကိုအောင်သာငယ် ဆိုတာ..ဆံပင်အရှည်မှန်းတော့..သိသည်။ ခပ်ပိန်ပိန် နဲ့..သဘောကောင်းကောင်းရုပ် လို့ထင်ထားတာ.. ခုတော့..ဘီယာဗိုက် ကြီးနဲ့..မျက်နှာတည်ကြီးပါလား။ ကိုယောဟန်အောင်ကတော့..အင်တာဗျူးတွေမှာ မြင်ဖူးပီးသားမို့.. တန်းသိသည်။ ကိုဆောင်းယွန်းလကိုလည်း..သူ့ပရိုဖိုင်းမှာ တင်ထားတဲ့..သူ့သားလေးနဲ့ခပ်ချောချောပုံ ကို မြင်ဖူးပြီးသားမို့..အပြင်မှာ ..အားလုံး..ခပ်ဖိုင့်ဖိုင့်တွေ ဖြစ်နေတာကလွဲလို့.. သိနေပြီးသား။ သြော- ကိုဇာနည်ဝင်းတယောက်သာ- သူများတွေပြောတော့..ဂျက်လီ ဆိုလို့..ခုကြတော့.. ပိန်ပိန်ရှည်ရှည်..မဂို ကုလား ရုပ်ပါလား။

မေရာကပဲ..လက်ညိုးတွေ ထိုးလို့..ဟိုဖက်စားပွဲကလူတွေကိုပါ..လှမ်းမိတ်ဆက်နေပြန်သည်။
ကလူသစ်တဲ့.. ကိုမောင်ရင်တဲ့.. ကိုအောင် (ပျူနိုင်ငံ) တဲ့.. ကိုသက်ဦး တဲ့..ကိုပေါတဲ့.. ရွာသားလေး တဲ့..Craton တဲ့..သူ့နံမယ်ကလည်း ခေါ်ရတာ ခက်လိုက်တာ..

လူတွေကို...ပြာပြာ..ပြာပြာ နဲ့..အစီအစဉ်စာရွက်လိုက်ဝေ ပေးနေတဲ့..ခပ်ပိန်ပိန်ကောင်လေးက.. မောင်မျိုးတဲ့။ မောင်မျိုးလိုပဲ..စာရွက်တွေ ဝေနေတဲ့ နောက်တယောက်က.. ဇူလိုင် အိမ်မက်..ဒေးဗစ်ချန်းတဲ့..။ သူကလည်း..လူစည်တုန်း..ကျေးလက်ကျောပိုးအိတ် ကြက်ခြေနီ လုပ်ငန်း အကြောင်း.. ပညာပေးစာရွက်တွေ ဝေနေတာ ဆိုပဲ။ လူငယ်လေး တွေ ကြည့်ရတာ..အားရစရာ ကောင်းလိုက်တာ..။ နောက်..လူတွေကို..မေးခွန်းတွေ လိုက်မေးနေတဲ့ ... ဆံပင်ကော့နေအောင်ထောင်ထားတဲ့.. မျက်မှန်လေးနဲ့..ကောင်လေးက..တောကျောင်းဆရာတဲ့..။

` ကျမတော့..တောကျောင်းဆရာကို..သတင်း ဆောင်းပါး ကောင်းကောင်း ရေးခိုင်းထားတယ်..´

မေရာက..အားရပါးရ ပြောရင်း..`အမတို့ထိုင်နော်..ကျမ ပွဲစဖို့.. သွားလုပ်လိုက်အုံးမယ်..´ ဆိုပြီး..လှစ်ကနဲ ထွက်သွား သည်။

သူတို့တွေလည်း..အနားက..စားပွဲလွတ်မှာ ပဲ..ထိုင်လိုက်ကြသည်။ ခဏနေတော့.. စင်ဘေး တဖက် တချက်မှာ ထောင်ထားတဲ့..ဆောင်းဘောက်စ် ၂လုံးက.. ဗမာ့ဆိုင်းသံ ခပ်မြူးမြူးလေး ထွက်လာသည်။ အိုး..ပျော်စရာကောင်းလိုက်တာ။ ဗမာဆိုင်းဝိုင်း ပတ်လုံးသံကို သူ အကြိုက်ဆုံး။ ဘေးက..ညီမလေး စိုးက.. အဲဒါ ဘာတီးတာကြီးလဲ တဲ့..။ သူတို့ အားလုံး.. ရီမိကြပြန်ပြီ။

သူတို့ဘေး စားပွဲကပ်ရပ်က..ရွာခံလူကြီးတွေ ဖြစ်ပုံရသည်။ တိုက်ပုံတွေ ဘာတွေနဲ့.. သားသားနားနား။ ခုံတွေက..ကပ်နေတော့..သူလဲ..ဘေးဖက်လှည့်ပြီး.. ` ဦးလေးတို့ ရွာလေးက..ပျော်စရာကောင်းလိုက်တာ..အားလုံး တက်ညီ လက်ညီ နော်..´ လို့ ..ဖောရှော လှမ်း လုပ်လိုက်သည်။

` အေးလကွာ..ဒီအချိန်အခါ မျိုးကတော့.. တနိုင်ငံလုံး ပျော်နေ..စည်းလုံးနေကြတာပဲလကွာ.. ဒါနဲ့..သမီးတို့က.. ကွန်ြပူတာမှာ စာရေးတယ် ဆိုတဲ့..ဟာတွေလား..´
ပန်ပန်ကတော့..တခွိခွိ ရီနေပြီ။

` အေး..ဟိုးထိပ်က.. ခုံတွေက..ဟာလေး တွေလဲ..ကွန်ပြူတာမှာ စာရေးတဲ့ သူတွေတဲ့.. မေရာ ဖိတ်ထားတာ တွေ လေ..ဒီကောင်မလေးကလဲ.. ရွာကို တော်တော်ကူညီရှာတယ်ကွဲ့..´
အဲဒီ ဘကြီး ပြောမှ..လှမ်းကြည့်တော့.. မနော်တို့..မချိုသင်းတို့ကိုလည်း..တွေ့လိုက်သည်။ သူတို့ဘေး..ကပ်ရပ် ၀ိုင်းက.. တသွေးတမွေးပုံစံတွေ နဲ့.. အမျိုးသမီးတအုပ်.. သေချာတယ်..ကွန်ပြူတာမှာ စာရေးတဲ့..လူတွေပဲ ဖြစ်ရမယ်။ ကိုယ့်ဘော်ဒါတွေထဲက..ဘယ်သူတွေ ပါမလဲ..။ စိတ်နဲ့ မှန်းကြည့်နေမိသည်။ လူတွေ

ဝိုင်းနေတဲ့..ခပ်ချောချော အမျိုးသမီးက..မခင်ဦးမေ များလား မသိဘူး။ စုံတွဲတတွဲက..အတော်ကြည့်ကောင်းသည်။ ကိုဧရာ နဲ့ မသီတာများလား ။ မတန်ခူးတို့..သက်ဝေ တို့ရော..ပါမလားမသိ။ ပြီးမှ သွား မိတ်ဆက်ရမည်။

` ဟိုမှာ..အမရယ်..´


စိုးက..အလန့်တကြား ထအော်မှ.. သူလက်ညိုးထိုးနေတဲ့..အ၀င်ပေါက်ကို လည်ပြန် ကြည့်တော့..ဗီဒီယို ကင်မရာကြီး တကားကားနဲ့ အမ ခင်မင်းဇော်။
ဟေး...

သူတို့ကို မြင်တာနဲ့..အမက.. ကင်မရာကို ထိုးချိန်ပြီး..အရင် ရိုက်နေသေးသည်။ ပြီးမှ.. `ဟဲ့..မောလိုက်တာဟယ်...ငါ အတကုန် ပြေးလာရတာ..တတင်းယူစရာတွေကလည်း..တိပ်များနေပြီဟ..´အမ ကို မြင်တော့မှ..သူတို့အားလုံး..မမေငြိမ်းကို..သတိရကြသည်။

` မမေငြိမ်းတို့ပါ..ပြန်လာရင်..ကောင်းမှာနော်.. ´
` အေးဟ..လာတော့..လာကြမယ် ထင်ပါတယ်´
ဆိုင်းသံ ရပ်သွားပြီး.. ကျွီ------------- ကနဲ..မိုက်ကရိုဖုန်းသံ ထွက်လာသည်။ ပွဲစလေပြီ။

စစချင်း..မေရာက..ဒီ အနာဂါတ် သုတရပ်ဝန်း ကို.. သူ စိတ်ကူးယဉ်ခဲ့တာ ကြာပြီဖြစ်ကြောင်း.. သူ့မွေးရပ်ရွာ ဖွံဖြိုးရေး အတွက်.. ရွာလူကြီးတွေရဲ့ ထောက်ခံ တိုက်တွန်းချက်.. သူ အင်တာနက်မှာ ခင်မင်သိကျွမ်းခဲ့တဲ့..မိတ်ဆွေတွေရဲ့..၀ိုင်းဝန်း ထောက်ပံ့ မူနဲ့.. ခုလို..တတိုင်းပြည်လုံး မင်္ဂလာအပေါင်း ခညောင်းနေတဲ့.. အခါသမယ မှာ..အချိန်ကိုက်.. ဖွင့်လှစ် နိုင်ခဲ့ကြောင်း။ ကျေးရွာနေ လူငယ်ထု အတွက်..ဒီလို ပုံစံငယ်လေး တွေကိုလည်း..မြို့တိုင်းရွာတိုင်းမှာ..ပေါ်ပေါက်လာစေခြင်ကြောင်း.. ခပ်တိုတို အဖွင့်ပြောသွားတော့..လက်ခုပ်သံတွေ တဖြောင်းဖြောင်း။

နောက်- အလှူရှင် အသီးသီး ကို ဂုဏ်ပြုလွှာ ပေးအပ်ခြင်း။ သူတို့အဖွဲ့က..လှူဒါန်းတဲ့..စာအုပ်များ အတွက်..မမေ က..ထွက်ယူသည်။ နောက်..ဟောပြောခြင်း..အစီအစဉ်။
ပထမဆုံး..ကိုယောဟန်အောင်ရဲ့.. စွမ်းရည် တည်ဆောက်ခြင်း ( Capacity Building) ဆိုတဲ့..ခေါင်းစဉ်နဲ့.. ဟောပြောချက်။ တော်တော်ပြည့်စုံ လှသည်။ ရွာက..လူငယ်လူရွယ်လေးတွေ အားလုံး..ငြိမ်သက်ပြီး..စိတ်ပါ လက်ပါ နားထောင် နေကြတာ..မြင်ရသည်။
ဒုတိယ ဟောပြောသူက.. စာရေးဆရာမ မနော်ဟရီ ရဲ့..ရသစာပေ၏ အခန်းကဏ္ဌ ။
တတိယ ဟောပြောတာက.. စာရေးဆရာမ မိုးချိုသင်း ရဲ့.. လွတ်လပ်စွာ..ရေးသားဖော်ထုတ်ခြင်း..။

အကြောင်းအရာ တွေက..အကောင်းတွေချည်း မို့.. ရွာခံတွေရော..သူတို့တွေပါ.. ဟောပြောချက်တွေထဲမှာ..နစ်မြောရင်း.. တိတ်ဆိတ် ငြိမ်သက်နေကြသည်။

ညနေ..သုံး နာရီလောက်မှာ..အစီအစဉ်တွေ ပြီးဆုံးသွားတော့ လက်ဖက်ရည် နဲ့ စမူဆာ စားသုံးရင်း..ခန်းမတခုလုံး..ပြန်လည် ကျွတ်ကျွတ်ညံ သွားတော့သည်။ နှုတ်ဆက်သံ.. ချီးမွမ်းသံ.. ရယ်မောသံ.. အားလုံးက..ရင်ထဲက..အသံတွေ.. လွတ်လပ်ပျော်ရွှင်မူ စစ်စစ်ရဲ့.. အသွင်သဏ္ဍန်တွေ.. လှုပ်ရှားမူတွေ။ ခန်းမ ထဲက.. တီဗွီ ကလည်း.. မြန်မာ့အသံက..တိုက်ရိုက်လွှင့်နေတဲ့.. သဘက်ခါ မှာ ကျင်းပမဲ့.. ဒေါ်အောင်ဆန်းစုကြည် ရဲ့.. Inauguration Day အတွက်..မြို့တော်ခန်းမရှေ့..ပြင်ဆင်ပုံတွေ..။ အကျဉ်းသားတွေ လွတ်မြောက်လာပုံတွေ.. ကိုမင်းကိုနိုင်တို့..ဦးဝင်းတင်တို့ရဲ့ နဲ့ တွေ့ဆုံမေးမြန်းခန်းတွေကို... ထပ်ကာ ထပ်ကာ ထုပ်လွှင့်နေသည်။

တချို့လည်း တနာရီ ကျော် မောင်းရမည့် ခရီး အတွက်..ပြန်တဲ့လူတွေ ပြန်ကြပြီ။ သူတို့ အုပ်စုတော့.. မေရာက.. ခုည..ရွာသားတွေ လုပ်မဲ့ မီးပုံပွဲ ကို.. ဆက်နေပါ..ညအိပ်ပါ.. ဆိုလို့.. ဒီည မပြန်တော့ဘူးလို့..ဆုံးဖြတ်လိုက်သည်။

+++++

ဇန်န၀ါရီလမို့.. ရေငွေ့ပါတဲ့..လေအေးလေး တချက် ဖြန်းကနဲ..သုတ်လိုက်တိုင်း..ချောင်းကမ်းစပ်က.. မီးပုံကြီး ရဲ့ အနွေးဓါတ်က..ပိုလို့ ချစ်စရာကောင်းနေတော့သည်။ ကောင်ညှင်းပေါင်း ပူပူ နဲ့နှမ်းထောင်းကလည်း.. အရသာ ရှိလှသည်။ မေရာ့ သူငယ်ချင်း ရွာခံလူငယ် တချို့နဲ့..နေ့လည်က..မပြန်ပဲ ကျန်ခဲ့တဲ့..သူတချို့သာ မို့..လူတော့ သိပ်မများလှ။

ရွာမှာ ရှိတဲ့..ဂစ်တာ ၂လက်ကို..ကိုအောင်သာငယ် နဲ့ ကိုဆောင်းယွန်းလ ... ကြိုးစ ညှိလိုက်ချိန်မှာ..အားလုံး ၀ိုင်းလာကြသည်။

ရေလွှာလည်း+++ ခင်းပြန့်ကြည်လင်စေ++++ မိုးဦးလည်း++လှပ သာယာစေ+++
ဘ၀စေရာ တာဝန်+++ ကျေပွန်ဆောင်ရွက်ခဲ့သူတို့.++++ရေစုန်ကို ဆန်ကာပြန်ခဲ့ပြီ++++++

ဂစ်တာကြိုးတွေကို ထိခပ် ထွက်ပေါ်လာတဲ့..သီချင်းသံက.. သူတို့ နှလုံးသား ခံစားမူ ကြိုးတွေ ကိုပါ..နင့်နင့်နဲနဲ.. ထိခပ် လာတော့...

မိုးဦး ရေဆန်++++မိုးဦးရေဆန်+++မိုးဦးရေဆန်++ မိုးဦးရေဆန်+++ ဆယ်လမွန် ငါးတို့အပြန်++++ အပြန်+++ အပြန်++ အပြန်++ ဆယ်လမွန်ငါးတို့အပြန်+++
သူတို့ လက်တွေ အချင်းချင်း ဆုပ်ကိုင်ထားရင်း..သံပြိုင် လိုက်ဆို လိုက်ကြသည်။ မီးရောင်ဟပ်နေတဲ့..မျက်လုံးတွေရဲ့.. အကြည့်တစုံစီမှာ... အဓိပ္ပါယ်တွေ ပြည့်ဝလို့။
-
++++++

(ပန်ဒိုရာ ရဲ့.. တိမ်တွေကြားမှာ မှုန်းထားတဲ့ပန်းချီ နဲ့..ကိုအောင်သာငယ် ရဲ့ တဂ်လို့ရေးတဲ့စာ ၄ ကို ဖတ်ပြီးသကာလ.. ညီမငယ် Mirror ရေးခိုင်းထားတဲ့..စိတ်ကူးအိမ်မက်များ ဆိုတဲ့ ခေါင်းစဉ်လေးအတွက်.. ခံစားရေးဖွဲ့ပါသည်။ ညီမ မေရာ ရဲ့..စိတ်ကူးအိမ်မက်များကို..အခြေခံပြီး..ခင်မင် ပြောဆိုနေကြ...မှတ်ချက်ပေး..နေကြ..ဘလော့ဂါ မိတ်ဆွေ တချို့အား..အလျဉ်းသင့်သလို.. ထဲ့သွင်း ထားခြင်းဖြစ်ပါသည်။ တခြားတခြားသော..ခင်မင်သူ မိတ်ဆွေ အပေါင်းလည်း...ဒီပွဲကို တက်ချင်တယ်..ဆိုရင်.. မိန်းမ၀ိုင်းတ၀ိုင်း..ယောက်ကျားဝိုင်းတ၀ိုင်း..အချောင်ကြီး ထားထားတယ်။ mirror ဆီမှာ..စာရင်းပေးလို့ ရပါတယ်။း))

အားလုံးပဲ နှစ်သစ်မှာ စိတ်ကူး လှလှလေးတွေ ယဉ်နိုင်ကြပါစေ။


Share/Bookmark