စွဲလမ်းမိတဲ့ မင်းသားလေး

အဲဒီ မင်းသားလေးကို အတော့်ကို စွဲလမ်းခဲ့တာပါ။
သူက..ကလေးလေး တယောက်လို သေးကွေး နူးညံ့သလောက်.. သူ့နှလုံးသားလေးကလဲ.. အပြစ်ကင်းစင်ပြီး..ရိုးသားလွန်းနေတာ..လူတိုင်းသိကြတယ်လေ...။ သူ့ကို စသိခဲ့တာ.. ၁၉၉၄။ ထုံးစံ အတိုင်း.. ရန်ကုန်တက္ကသိုလ် အာစီ ထဲက..ဧကရာဇ် ဆိုတဲ့ စာအုပ်ဆိုင်လေးမှာ..တွေ့ခဲ့တာ။

+++++

တမူ ထူးခြားတဲ့..ကာတွန်းဆန်ဆန် ပန်းချီ အဖုံးလေး ကြောင့်.. အဲဒီစာအုပ် အဖြူ ပါးပါးလေးကို ကောက်ကိုင် ဖြစ်ခဲ့တာပေါ့..။ မုန့်ဘိုး အများကြီး မရပေမဲ့..စာအုပ်တွေ တလ တအုပ် ၂အုပ်တော့.. ပုံမှန်လို ၀ယ်ဖြစ် နေခဲ့သည်လေ..။ အဲဒီတုန်းက..စာတွေကို ဘယ်လောက် နားလည် ချေဖျက်နိုင်စွမ်း ခဲ့သလဲ..တကယ် မမှတ်မိတော့ပါ။ ဖက်ရှင်တခုလို များ.. သူငယ်ချင်းတွေ ကြားထဲ စတိုင်ထွားရအောင်.. လျှောက်အာရအောင်..စာအုပ်တွေ ၀ယ်ဖတ်ဖြစ်ခဲ့ သလား..။ အသေအချာ မှတ်မိနေတာတော့.. အဲဒီ စာအုပ်ကလေးကို စဖတ်လိုက်ကတည်းက..လက်က ချ မရ နိုင်ခဲ့တာပဲ။ ပြီးတော့..ထပ်ကာ ထပ်ကာ ဖတ်နေမိတော့တာပါပဲ။

စာအုပ်ကလေးက.. ဒေါက်တာ ခင်လေးမြင့် ပြင်သစ်ဘာသာကနေ တိုက်ရိုက်ပြန်ဆို ခဲ့တဲ့ မင်းသားလေး ( le petit prince)


မင်းသားလေးဟာ ဆရာမကြီး ဒေါ်ခင်လေးမြင့် နဲ့ မှတ်တိုင်တခု ဆိုလည်း မမှားပါဘူး။ ဗမာပြည်မှာ သိပ်လူကြိုက်များခဲ့ပါတယ်။ တကယ်က.. ပြင်သစ်နိုင်ငံမှာ သိပ်ကို နံမယ်ကြီးပြီး.. ပြင်သစ်စာသင်သူများ မဖြစ်မနေ ဖတ်ဖြစ်ကြတဲ့..ဒီ စာအုပ်ကလေး ရဲ့ မူလရေးသားသူက.. ပြင်သစ်လေသူရဲ Antoine de Saint Exupéry ပါ။ စာအရေးကောင်းလှပေမဲ့.. စာအုပ်တွေ အများကြီး မထွက်နိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့ဆို..ဒုတိယ ကမ္ဘာစစ် အတွင်း..အသက် ၄၄ နှစ်အရွယ်မှာပဲ.. နာဇီဂျာမဏီ နဲ့တိုက်တဲ့ တိုက်ပွဲ တခုမှာ ကျဆုံးခဲ့လို့ပါ။ ဒီစာအုပ်ကို ဘာသာစကားပေါင်း ၁၇၀ ကျော်နဲ့ တကမ္ဘာလုံးမှာ ဘာသာပြန်ဆို ခဲ့ကြပြီး ပြီလို့ သိရတယ်။ ဗမာပြည်အတွက် ကံကောင်းချင်တော့..ဆရာမကြီး ဒေါ်ခင်လေးမြင့် လို ပြင်သစ်စာကို ပါရဂူအဆင့်ထိ တဖက်ကမ်းခတ် တတ်ကျွမ်း သင်ယူခဲ့တဲ့.. မြန်မာ့ဂုဏ်ဆောင် စာရေးဆရာမကြီး တယောက်က..တိုက်ရိုက် ပြန်ပေးနိုင်ခဲ့တာပဲ။ တခါက..အင်တာနက် တနေရာရာမှာ ဖတ်လိုက်ရဘူးတယ်။ ဗိုလ်ချုပ်သမီးက.. အင်္ဂလိပ်လူမျိုး ယူတယ်... ဘယ်သူက..ဘာဖြစ်တယ်.. ဂျာနယ်ကျော်မမလေး သမီးက..ပြင်သစ်စာသွားသင်တယ်.. စသဖြင့် .. အပြစ်ဆိုထားပါတယ်။ အဲဒီလို ကျဉ်းမြောင်းတဲ့ အမြင်တခု ကို ဖတ်မိပြီး..အတော့်ကို စိတ်မသက်မသာ ဖြစ်ခဲ့ ရဖူးပါတယ်။ ဒါ- ကြုံလို့ ပြောတာပါ။

ဆရာမကြီး မိတ်ဆက်ပေးခဲ့ တာကြောင့်ပဲ..လူငယ်တော်တော်များများ..အဲဒီလို ဂန္တ၀င်စာပေ တခုကို မြည်းစမ်း ခွင့် ရခဲ့ ကြတာပါ..။ နက်ရှိုင်းလှတဲ့ စာပေ အနုလက်ရာ တခုကို ခံစား ခုံမင်ခွင့် ရခဲ့ကြတာပါ။

ကိုယ်လည်း..ဒီမင်းသားလေးကြောင့်ပဲ.. နိုင်ငံခြားဘာသာသိပ္ပံ တက်ဖြစ်တော့..ပြင်သစ်ဘာသာ ယူဖြစ်ခဲ့တယ်။ အဲဒီတုန်းက..မင်းသားလေးကြောင့်လား..ဘာကြောင့်လား မသိ ပြင်သစ်စာ သင်ယူနေ တဲ့..မနော် (မနော်ဟရီ) နဲ့ ခင်မင်ခွင့် ခေတ္တခဏ ရခဲ့ကြတယ်။ ခဏ ဖြစ်ရတာက..ကိုယ်က.. ပြင်သစ် ဒီပလိုမာ တနှစ်မပြည့်ခင်..စာမေးပွဲ တောင် မဖြေဖြစ်ပဲ..ရပ်ခဲ့လို့ပါ။ အခုမှ စကားစပ်လို့ ပြန်ပြောကြတော့..သူလည်း..မင်းသားလေးကို စွဲ လမ်းခဲ့သူ ဆိုတာ သိလိုက်ရတယ်။ စွဲလမ်းလွန်းလို့..အခု ထွက်မဲ့..Trio စာအုပ် အသစ် မှာတောင်.. မင်းသားလေး ရဲ့ အရိပ်အငွေ့တွေ နဲ့..သူ လွမ်းဆွတ် ထားပါ သတဲ့။ ( စောင့်ဖတ် ကြပါ..း)

၂၀၀၀ ခုနှစ် လောက် ကလည်း..မိတ်ဆွေတယောက်က..သူ ဘွဲ့လွန် ဆက်တက်ဖို့ တခြားတနေရာကိုသွားတော့မယ်...၀ိတ်လျှော့မှာမို့..သူ စုဆောင်းထားတဲ့..စာအုပ်တချို့ပေးမယ်..လာယူတဲ့။ အဲဒါနဲ့ အရင်ထဲက လိုချင်နေခဲ့တဲ့..ဦးနု ရဲ့ တာတေ စနေသား စာအုပ်ကို သူ့စာအုပ်စင်ပေါ်က..ကောက်ကိုင်လိုက်ရင်း.. စာအုပ်ထူထူကြီးတွေ ကြားထဲမှာ ညပ်နေတဲ့..အဖြူရောင်..မင်းသားလေး ကို မြင်လိုက်တော့.. ပျော်သွားတယ်။ လွမ်းနေတာ ကြာပြီကိုး။ ယူမဲ့ အပုံထဲ ကောက်ထဲ့လိုက်တော့..သူက..အဲဒါတော့..ထားခဲ့ပါတဲ့..။ အဲဒီ မင်းသားလေး စာအုပ် ကလေးက.. သူတို့သူငယ်ချင်း တွေစုပြီး ထုတ်ဝေခဲ့တာမို့..အမှတ်တရ..ဒါလေးတော့ မပေးပါရစေနဲ့ တဲ့။ သြော်- မင်းသားလေး စွဲလမ်းသူခြင်း လာတွေ့ရတယ်။ သူတို့ ထုတ်ဝေခဲ့တာ ဘယ်နှယ်ကြိမ် မြောက်လဲတော့မသိ။ ထုတ်ဝေ တဲ့အကြိမ်က..တော်တော်တော့ များလောက်ပီ။ အင်တာနက်မှာ တွေ့တဲ့ စာအုပ်အဖုံးလေး မှာတောင် စတုတ္တအကြိမ်တဲ့။

ကိုယ်လည်း..ခုတလော..အတိတ်တွေ ခဏခဏ ပြန်လှန်ရင်း.. ပထမဆုံးအကြိမ်ထုတ် ဖြစ်တဲ့ ကိုယ်ပိုင် စာအုပ်ကလေးကို ပြန်လွမ်းမိပြန်တယ်။ အဲဒါနဲ့..မနေနိုင် မထိုင်နိုင် ရန်ကုန်ကို လှမ်းမေးတော့.. ကိုယ့် စာအုပ်သေတ္တာထဲက..ထုတ်ဖတ်ပြီး ..ပျောက်နေတယ်တဲ့။ ကောင်းရော။ ထားလိုက်ပါတော့လေ.. ဆိုပြီး.. အင်တာနက်မှာ ဗမာလို ရှာကြည့်တော့.. ကိုအန်ဒီမြင့် က..သူ့သမီးလေး အတွက် ဆိုပြီး..ဘာသာပြန်ထားတဲ့ ပထမဆုံးအခန်းလေး ကို သွားတွေ့မိတယ်။

တကယ်တော့.. မင်းသားလေး စာအုပ်လေးကို ကြည့်လိုက်ရင်..ကလေးကာတွန်းဆန်ဆန် ပန်းချီလေးတွေနဲ့.. ကလေးတွေ ဖတ်တဲ့ စာအုပ်ကလေး တအုပ်လိုပါပဲ။ ခပ်တိုတို တခန်းရပ် ဇတ်ကွက်ကလေးတွေ ကြားထဲက.. စာရေးသူ ကိုယ်တိုင်ဆွဲ တဲ့ ပန်းချီပုံလေး တွေကလည်း.. တကယ့်..ကလေးတွေ ချစ်မဲ့..အရုပ်လေးတွေပါ။ ဒါပေမဲ့.. တကယ် ဖတ်ကြည့်တော့..လူကြီးတွေကိုတောင်..နားလည်မူတွေ..အရောင် အမျိုးမျိုး ပြောင်းနေစေတဲ့.. မှော်ဆန်တဲ့..စာအုပ်တအုပ်..။ ရိုးရှင်းသလောက်.. ခမ်းနားကြီးကျယ်မူတွေ ကိန်းအောင်းနေတဲ့.. ဂန္တ၀င်တခု..။ ဖတ်လို့ လွယ်ကူသလောက်.. တွေးလို့ မဆုံးနိုင်တဲ့.. ပဟေဠိတပုဒ်။ ပါးလျ သလောက်..နက်ရှိုင်းလှတဲ့..လောကနီတိ ကျမ်းတစောင်။

အခုတော့.. မင်းသားလေးကို အလွမ်းပြေ ပြန်ဖတ်ဖို့အတွက်.. အင်္ဂလိပ်လို သာ လက်လှမ်းမှီတော့သည်။ ဆရာမကြီးဒေါ်ခင်လေးမြင့် လက်ရာကို ပြန်မတို့ထိနိုင်တော့။

ဇတ်လမ်းက..လူသူမရှိတဲ့..သဲကန္တရ တခုမှာ..လေယဉ် ပျက်ကျလာတဲ့..စာရေးသူရဲ့နဘေးကို..သေးသေးကွေးကွေး မင်းသားလေးတပါး ရောက်လာခဲ့တာက..စတာပေါ့။ ရောက်လာပုံက..ဆန်းသလို.. ရွှေရောင်ဆံပင် ..ရွှေရောင် လည်စည်း လေးနဲ့ မင်းသားလေးရဲ့ အသွင်ကလည်း ဆန်းနေတယ် ။




သိုးလေးတွေ တကောင်ပြီး တကောင် ဆွဲခိုင်းပြီး..တခုမှ မကြိုက်လို့..နောက်ဆုံး..ဟောဒီလို သိုးလေး နေတဲ့ သေတ္တာလေး ဆွဲပေးလိုက်မှ..ကျေနပ်သဘောကျသွားတဲ့..မင်းသားလေးရဲ့.. စိတ်နေ..ဆန်းဆန်းလေးကို စ သိလိုက်ပြီးတဲ့ နောက်တာ့.. မင်းသားလေး ပြောတဲ့ စကားလုံးတွေ နောက် တောက်လျှောက် မြောပါသွားတော့တာပါပဲ။



သူက..B-612 ဆိုတဲ့ သူ့ကိုယ်ပိုင် ဂြိုဟ်လေးပေါ်မှာ..မီးတောင်လေး ၃ လုံး နဲ့ နေခဲ့တာတဲ့။ ဒီဂြိုဟ်လေးပေါ်မှာ..နောက်ထပ် တမျိုးသော အရာဝတ္တု ဆိုလို့..ဆူးကလေး..လေးချောင်းနဲ့..ဟန်မူပိုတတ်တဲ့..ပန်းလေးတပွင့်ပဲ ရှိတယ်တဲ့လေ။ အဲဒီ ပန်းကလေး ကြောင့်ပဲ..သူ့ဂြိုဟ်လေးကနေ..ဝေးရာကို လျှောက်သွား နေခဲ့မိတယ်။ ပထမဆုံး..တခွင်တပြင်လုံး..သူ့ဝတ်လဲတော်ကြီးနဲ့ ပြည့်နေတဲ့..ဘုရင်ကြီးတပါးရဲ့ ဂြိုဟ်ကို ရောက်ခဲ့တယ်။ တစုံတရာကို အုပ်ချုပ် အမိန့်ပေးဖို့ စောင့်နေတဲ့..ဘုရင်ကြီးနားက..ခပ်မြန်မြန်ခွာ ခဲ့တယ်။

ဒုတိယရောက်သွားတဲ့နေရာက... သူ့ကိုလူတွေ နှစ်သက်လေးစားတာပဲ ခံချင်နေတဲ့..ဘ၀င်မြင့် တယောက်ရဲ့ ဂြိုဟ်... ။ နောက်တခါ.. စိတ်ညစ်လို့..အရက်သောက်ရင်း..အရက်သောက်ရင်း..စိတ်ညစ်နေတဲ့..ဇိုးသမား တယောက် ရဲ့ ဂြိုဟ်..။ အဲဒီကနေ.. ကိန်းဂဏန်းတွေနဲ့ပဲ အလုပ်ရှုပ်နေတဲ့..ကြယ်တွေကိုတောင်..သူ့ဘဏ်စာရင်းထဲ ထဲ့ဖို့ ကြံစည်နေတဲ့.. စီးပွားရေး သမား တယောက်ရဲ့ ဂြိုဟ်။ စိတ်ညစ်ညစ် နဲ့ ဆက်ထွက်လာတော့.. တမိနစ်ကို တပတ်လည်နေတဲ့ ဂြိုဟ်ပေါ်က..နေ့နဲ့ည ကြား..မနားတမ်း မီးထွန်းပေးနေရတဲ့.. မီးတိုင်စောင့်။ တစက္ကန့်တောင် မနားနိုင်အောင် လုပ်နေရတာ..အမိန့်ကြောင့်လို့ ဆိုတဲ့..မီးတိုင်သမားကို..အရင်လူတွေထက် စာရင်တော့သူ..နဲနဲ..ခင်မင်တန်ဖိုးထားမိတယ် ..တဲ့။


ထပ်ခြေဆန့်တော့.. စူးစမ်းရှာဖွေလေ့လာသူတွေ ဆီက.. အချက်အလက်တွေကို စိစစ် လက်ခံ မှတ်တမ်းတင်နေတဲ့..ပထ၀ီ ပညာရှင်ကြီး တပါး ရဲ့ ဂြိုဟ်။ အဲဒီ ပညာရှင်ကြီး ညွှန်တာနဲ့ပဲ..နောက်ဆုံးမှာ..သူ..ဒီ ကမ္ဘာဂြိုဟ်ပေါ်ကို ရောက်လာခဲ့တော့တာ..တဲ့။ ဒါပေမဲ့..သူရောက်နေတာက..ကမ္ဘာဂြိုဟ် ရဲ့ လူသူ အရောက်အပေါက် နဲတဲ့..သဲကန္တာရ ကြီး ဖြစ်နေလေတော့..သူ့မှာ မိတ်ဆွေ ဆိုလို့.. သူ အိမ်ပြန်ချင်တဲ့ အချိန်မှာ..အရောက်ပို့ပေးမယ်လို့.. ကမ်းလှမ်းလာတဲ့..အဆိပ်ပြင်းတဲ့ မြွေဝါလေးတကောင်ရယ်.. သူနားမလည်တဲ့..ယဉ်ပါးခင်မင်မူ အကြောင်း နဲ့..နေ့ရက် အကန့်အသတ်နဲ့..အမဲလိုက်ကြတဲ့..မုဆိုးတွေ အကြောင်း ပြေပြတဲ့..မြေခွေးတကောင်ရယ်.. အခု လေယဉ်ပျက်ကျလို့ ရောက်လာတဲ့..စာရေးသူရယ်.. ဒါပဲ ရှိတယ် ။ ဒါပေမဲ့.. သူ.. ကန္တရလေးထဲ နဲနဲပါးပါး သွားကြည့်ရင်း...တွေ့ခဲ့သေးတာက.. လူတွေ ရေသောက်တာနဲ့...အချိန်မကုန်ရလေအောင်..ရေမဆာတဲ့ ဆေးတမျိုးရောင်းဖို့ ကြံစည်နေတဲ့ ကုန်သည် တယောက် နဲ့ ဘယ်ကိုသွားနေမှန်းမသိတဲ့..ခရီးသွားတွေ အတွက်.. လမ်းပြပေးနေတဲ့..မီးရထားသံလမ်းစောင့် တယောက် နဲ့တော့.. စကား စမြည် ..ပြောခဲ့ဘူးတယ်.. တဲ့။

နောက်- သူ့ ကိုယ်ပိုင် ဂြိုဟ်ပေါ်က..သူ့ပန်းကလေးနဲ့ မတူ..ပွင့်ချပ် ၃ လွှာပဲ ရှိတဲ့..ကန္တရ ပန်းလေး နဲ့လည်း..စကားပြော ဖြစ်လိုက် သေးတယ်။




`မင်္ဂလာ မနက်ခင်း´ လို့ မင်းသားလေးက နှုတ်ဆက်တော့.. ပန်းလေးကလဲ.. ` မင်္ဂလာ နံနက်ခင်းပါ..´ တဲ့။

`လူတွေ ဘယ်မှာ နေတာလဲ ခင်ဗျာ´ မင်းသားလေက..ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။
လှည်းတန်းကြီး တခု ဖြတ်သွားခဲ့ဖူးတာ..တခါပဲ မြင်ဖူးလိုက်တဲ့..ပန်းကလေးက..` လူတွေ..´ လို့..သံယောင်လိုက် -လိုက်တယ်။

ပြီးတော့.. ` ငါထင်တာတော့..သူတို့တွေ ၆ ယောက် ၇ ယောက်လောက်တော့ ရှိမယ်ထင်တယ်..လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတော့..မြင်လိုက်ရတယ်။ ဒါပေမဲ့..သူတို့ကို ဘယ်မှာ ရှာရမယ် ဆိုတာတော့..ဘယ်သူမှ သိမှာ မဟုတ်ဘူး။ လေ တွေက..သူတို့ကို ဝေးရာ ခေါ်သွားကြတယ်။ သူတို့မှာ အမြစ်မရှိဘူးလေ..အဲဒါကြောင့်ပဲ.. သူတို့ဘ၀တွေက.. ခက်ခဲ နေကြတာပေါ့..´

`နှုတ်ဆက်ပါတယ်´ လို့ မင်းသားလေးက..ဆိုတော့..ပန်းကလေးကလဲ..` နှုတ်ဆက်ပါတယ်..´ တဲ့။

++++

ကဲ- အဲဒီ အတိုဆုံး အခန်းလေးကိုပဲ..ဖတ်ကြည့် တော့.. ဘယ်လို ခံစားရသလဲ.....

နောက်ထပ်ကတော့.. ဒီ သဲကန္တာရကြီးထဲမှာ.. လေယဉ်ပျက်ကျလာတဲ့ စာရေးသူရယ်..မင်းသားလေးရယ်..မြွေဝါလေးတကောင်ရယ်.. ဘယ်လို အဆုံးသတ် သွားကြသလဲ ဆိုတာ.. အချိန်ရရင်..ဖတ်ကြည့်ကြစေချင်ပါတယ်။ တိုတိုလေးရယ်ပါ။ ဖတ်ပြီး မင်းသားလေးကို စွဲလမ်းသွားတယ် ဆိုရင်တော့.. ကိုယ်..ပြောပါရစေ..

မိတ်ဆွေ အဖြစ် ခင်မင်ချင်ပါတယ်။း)


ဆက်စပ် ဖတ်ရန်- English version

ဆရာမကြီး ဒေါ်ခင်လေးမြင့် ကွယ်လွန်


Share/Bookmark

သစ္စာတရား ရှာပုံတော်


ကောင်းကင်တံခါး ပွင့်ပြီလား...
ကျွန်ုပ်အား အပြစ်မှ လွှတ်တော်မူပါ ဘုရား....

အသူရကာယ်ဘုံ ဘယ်နှယ်ဆင့် များ...
အပါယ်ငရဲမှ ကင်းရပါစေသား...

သစ္စာတရားအား ငါတွေ့ခဲ့ရ...
.. အတ္တ ...


Share/Bookmark

စာမျက်နှာ လက်ကျန် တချို့

၉-၄-၉၄

မိုးလင်းပြီ ဆိုတာနဲ့ အိပ်ယာက မြန်မြန်ထရတယ်။ ဒီနေ့က ပထမဆုံး ဆိုတော့ တမျိုးပဲ..။ ဘောင်းဘီတွေနဲ့ဆိုတော့ ကို့ရို့ကားယား ဖြစ်သလားမသိ။ ထမင်းကြော်တွေ စားကြတယ်။ ပြီး group ခွဲတယ်။ ကဲ- စထွက်ကြပြီ။ ဘာမှန်းမသိတဲ့ ဟာတွေကို တိုးဝှေ့ပြီး ကြည့်ကြတယ်။
--------------
--------------

၁၀-၄-၉၄

General Traverse ဒုတိယနေ့ပေါ့..။ ဒီနေ့တော့..ယင်းမာပင်တဲ့လေ..။ (၆) မိုင် ခရီးကို ဇလီဖားတုံးတွေ ရီရင်း သွားရတယ်။ တံတားကြီးတွေ ဖြတ်တဲ့ အခါ ကျရင်.. အောက်ကို မကြည့်ရဲဘူး။ တအားမူးတာပဲ။
-------------
-------------

၁၁-၄-၉၄

လဲ့ ခြေထောက်ပေါက်တာကို အကြောင်းပြပြီး.. မိန်းကလေးတွေ အကုန် camp မှာ ကျန်ခဲ့ကြတယ်။ ဒီနေ့တော့ free day ပေါ့။ ဆရာတွေကတော့..သိပ်မကြည်ဘူး ထင်ရဲ့။ ကျောင်းကို စောင့်ရင်း..ကောင်လေးတွေ အိပ်ယာတွေ ၀င်မွှေကြတယ်။ နေ့လည်ခင်းကျတော့..ချောင်းထဲမှာ အကြာကြီး ရေစိမ်ကြတယ်။ တအား ပျော်စရာကောင်းတယ်။ အဲဒီနေ့က..လယ်ပြင်ကို သွားတာ..ခရုက.. ခရုလေးတကောင် လက်ဆောင် ပေးလိုက်တယ်။ နေ့လည်ခင်းကြီးမှာ..ယင်းမာပင်က လူတွေ ရောက်လာတယ်။ ဆရာ ၀င်း နဲ့ တနေ့ခင်းလုံး စကားတွေ ထိုင်ပြော လိုက်ကြတာ..ရေချိုးပြီးမှ သူတို့ရထားနဲ့ ပြန်တယ်။ ငါတို့လဲ ရေချိုးနောက်ကျလို့ ဆူခံရတယ်။ ----------
------------
------------
၁၂-၄-၉၄

ဒီနေ့က ရေဘုတ်ဆုံ တဲ့..ဘယ်တော့မှ မမေ့ဘူး..။ တောင်တွေကို ပတ်သွားရင်း..လမ်းပျောက်သွားကြတယ်။ တော တောင်တွေ ထဲမှာ..တယောက်နဲ့ တယောက် ရိုင်းပင်း ကူညီကြရင်း..အခက်အခဲတွေကို ကျော်ဖြတ်ခဲ့တယ်။
-----------------
-----------------
ညနေက အတော်စောင်းနေပြီ..။ ရေချိုးဆင်းကြတော့.. မှောင်စပြုပြီ..။ အရေးထဲ မိုးတွေ ညို့လာတော့..ကြောက်ပြီး..ထွက်ပြေးလိုက်ရတာ။ စိတ်တော်တော် ညစ်မိတယ်။ ညကျတော့..ထမင်းစားရ..စာလုပ်ရ နဲ့ တစက်မှ မနားရဘူး။ ည ၁ ချက်ထိုးမှ အိပ်ဖြစ်တယ်။ ခုည ခရုလေးကို ကြည့်မိတယ်။

၁၃-၄-၉၄

------------
------------
--------------ရထားလမ်း အတိုင်း သွားပြီး ချောင်းခြောက်တွေ မှာ ဖဲ့ဆင်း တယ်။ တောတိုးရတာပါပဲ။ ခါတိုင်းက ဆရာတွေ နဲ့ အုပ်စုလိုက် ကြီး သွားရတာ။ ဘာမှ ကြောက်စရာ မရှိဘူး။ ဒီနေ့တော့.. ထူးထူးခြားခြား တအားကြောက် မိတယ်။ -----------------
--------
---------

၁၄-၄-၉၄

ဒီနေ့ သင်္ကြန် အကျနေ...
ငါတို့နဲ့..ဘာမှမဆိုင်.. (၇) နာရီ ထိုးတာနဲ့ field dress အပြည့်အစုံ ၀တ်ပြီး ထမင်းကြော် စားပြီး တန်းစီရတယ်။
------------------
--------------------
ခုလောက်ဆို..ငါပေးတဲ့ မုန့်တွေ ကုန်လောက်ပြီ။ ည (၉)နာရီခွဲလောက်..၀ရံတာက နေပြီး..တောင်တွေကို လှမ်းကြည့်မိတယ်။ ဗွီဒီယို ရုံက..ဗဒင် သီချင်း ဖွင့်သံကြားတော့..မကြီး ပြောလိုက်တာကို သတိရ လိုက်တယ်။ အဲဒီ သီချင်းလေးတွေက.. third year ကာလရဲ့ ရင်ခုန်သံ တွေပါလား..။ မကြာခင်မှာ ဟောင်းတော့မဲ့.. ခံစားချက်တွေကို နှမြောလိုက်တာ..။
ခရုလေးရယ်....။

၁၅-၄-၉၄

------------
-------------
---------------- ဒီသင်္ကြန် မှာ ဘယ်သူ့ကိုမှ ရေမပက်ဘူးလို့ ဆုံးဖြတ်ထားတယ်။ အရမ်းမုန်းတယ်။ အကုန်လုံးကို မုန်းတယ်။ ဘယ်သူမှ မကောင်းဘူး..။ ဘယ်သူငယ်ချင်း ကိုမှ လဲ မခင်ချင်ဘူး..။ -----------------
------------
------------

၁၆-၄-၉၄

သင်္ကြန်အတက်နေ့
ဒီနေ့ စောစော လယ်ပြင် camp ကို သွားကြတယ်။ ခရု နဲ့များ တွေ့ရလေမလား..။ ရထားကြီး ကို စီးသွားရတယ်။ ဟိုရောက်တော့..ဘယ်သူမှ မရှိတော့ဘူး။ ----------------
-----------
-----------

၁၇-၄-၉၄

ဒီနေ့ ပြင်ညောင်က ခွါရတော့မဲ့..နှုတ်ဆက်ပွဲ camp fire ရှိတယ်။ နေ့ခင်းဘက်တော့.. viva ရှိတယ်။ ---------------------
------------

၁၈-၄-၉၄

မနက် (၃) နာရီထဲက..ထပြီး ပြင်ရ ဆင်ရ တာ ( ၆) နာရီလောက်မှ..ရထားလာတယ်။ တို့တွေ မြင်းဒိုက်ကို သွားရတော့မယ်လေ..။ ရှမ်းရထားကြီးက..မြင်းဒိုက်ကို ခေါ်ဆောင်သွားရင်း.. ပြောပြလိုက်တာ..အစုံပါပဲ။ ရှုခင်းတွေကလဲ..လှလိုက်တာ။ တအားပဲ..။ လွန်းထိုး အတက်ကြီးတွေ ဆို အံ့သြစရာပါပဲ။ ခွေးရုပ်ဘူတာ ရောက်တော့..မုန့်တွေ တအား ပေါတာပဲ။ မြင်းဒိုက် ဘူတာ ကို ဆိုက်တော့.. (၁၁) နာရီလောက်ပဲ ရှိသေးတယ်။ ------------------------
------------
------------
၁၉-၄-၉၄

-------------
--------------------------
ဆရာ မောင်းလိုက်တာ.. ၁၂ နာရီခွဲပြီးမှပဲ..နေ့လည်စာကို မြင်းမထိ တောင်ခြေက..ရွာလေးတရွာမှာ စားရတယ်။ ရွာက..အရက်ဆိုင်လေးက..တကယ့် နိုင်ငံခြားကားတွေထဲက လိုပဲ။ အဲဒီရွာက..တကယ် သားနားတယ်။ တိုက်တွေချည်းပဲ..။ dolometic limestone
တွေနဲ့ ဖုတ်တဲ့ အုတ်တွေကို သုံးကြတယ်။ အဲဒီကနေပြီးမှ ကလော အထိ လျှောက်လိုက်တာ..နေ့လည် ၂ချက်ခွဲလောက်ထိ တောက် လျှောက်.. လမ်းမှာ..တအား ပျော်ဖို့ ကောင်းတယ်။ လမ်းကလေး တွေကလဲ..သာယာ လိုက်တာမှ အရမ်းပဲ။ တကယ့်ကို ပျော်စရာမြို့ကလေးက.. ကလောမြို့လေးပေါ့။ --------------
-------------
------------


၂၀-၄-၉၄

ဒီနေ့ကတော့..တကယ့် အမှတ်တရပဲ။
Geology ရဲ့ တကယ့် အပီအပြင်ဆုံး ခရီးကို ထွက်ကြတယ်။ ဆင်တောင်တဲ့ ။ ပြီးခဲ့တဲ့ camp ကလူတွေက..ငါတို့ကို ခြောက်သွားတယ်။ ဆင်တောင်ကို ဖင်ထောင် တက်ရမယ်တဲ့။ အဲဒီတော့..နဲနဲ တော့ လန့်တာပေါ့။ မနက်ကျ တော့..ထုံးစံ အတိုင်း.. field dress ၀တ်ပြီးတဲ့ အခါကျတော့.. ထမင်းကြော် အစုတ်အပြတ်ကို ၂ ဇွန်းလောက် ကော်စားပြီးတော့..အောက်က ဘူတာ ကို ဆင်းခဲ့တယ်။ ( ငါတို့နေတာက..ဘူတာအပေါ်ကို တောင်ကုန်းလေး တက်ရတဲ့..ကုန်းမြင့်လေးပေါ်မှာ နေတာ..)

ထွက်ခါနီး လမ်းပြငှါးတာ..တယောက်က..မလိုက်ချင်ဘူးဆိုတော့..ကြောက်တောင် သွားတယ်။ ဘယ်လောက်များ အခြေအနေ ဆိုးလဲပေါ့။ အဲဒီလို နဲ့ တက်လိုက်တ..အဆင့်ဆင့်ပဲ။ မနက် (၇) နာရီလောက် ကစတာ..နေ့လည် ၂ ချက်ခွဲလောက်မှ..တောင်ထိပ်ကို ရောက်တယ်။ အဲဒီတောင် ပေါ် ရောက်အောင် သွားရတဲ့ ခရီးက.. အမျိုးမျိုးပဲ..။ ပထမတော့..လွင်ပြင်မြင့်လေးတွေ ဖြတ်ရတယ်။ ဆရာ ဦးခင်မောင်ဝင်း က..သေချာ ရှင်းပြတယ်။ စိတ်ဓါတ် တက်ကြွအောင်လဲ ပြောတတ်တယ်။ တကယ့်ကို ဆရာကောင်းပါပဲ။ အရမ်းလေးစား ဖို့ကောင်းတယ်။ ဆရာပြောတာတွေကို စိတ်ဝင်တစား နားထောင်လိုက်ရင်..အမောကို ပြေသွားတာပဲ။ ခရီးကတော့..တကယ့်ကို ပန်းတယ်။ တောင်တွေကို အဆင့်ဆင့် ကို တက်ရတာ။ တောင်တလုံး တက်ပြီးလို့..ပြန်လှမ်းကြည့်တော့မှ.. ကိုယ်လျှောက်ခဲ့တဲ့ ခရီးကို အံ့သြရတယ်။ တကယ့်ကို တောင်တန်းကြီးတွေ..တလုံးပြီးတလုံး ကျော်ရင်း..ဆင်တောင် ရဲ့ ပုံသဏဏ္ဍန်ကြီးကို ပီပီပြင်ပြင် မြင်လာရတဲ့...တောင်ခါးပန်းလေးတခုမှာ..နားကြတယ်။ ထမင်းစားကြတယ်။ တကယ်ပျော်ဖို့ ကောင်းတဲ့ နေရာလေးပဲ။ သစ်ခွတွေ..လျှောက်ခွါ ကြတယ်။ ဇီးဖြူသီးတွေ..ကတွတ်သီးတွေ ..တွေ့သမျှ အသီးတွေ ခူးစားကြတယ်။ တကယ့်လူငယ်တွေပါပဲ။

ဆင်တောင်ပေါ်က..သူငယ်ချင်း ၄ယောက်



အော်- ခွေးလေးတကောင်ဟာလေ.. ဘူတာကနေပြီး လိုက်လာတာ.. တောက်လျှောက်ပဲ။ ပြန်မောင်းလို့ လဲ မရဘူး။ အဲဒါနဲ့ ခေါ်လာတာ.. ဆင်တောင်ထိပ် ထိ ရောက်ရောပဲ..။ ဆင်တောင်ကို စတက်တယ်ဆိုရင်ပဲ... တောတွေ လျှိုတွေကို ဒါးတွေနဲ့ ရှင်းပြီး ခက်ခက်ခဲခဲ တက်ရတာ။ ကိုယ့်ကိုကိုယ် တောင် ဒီလောက် ဆင်းရဲဒုက္ခခံ ရဲတာ..အံ့သြမိတယ်။ အိမ်က လူတွေ မြင်ရင်တော့..အံ့သြမှာပဲ..။ နောက်ဆုံးတော့..အပြောကျယ်တဲ့ ဆင်တောင်ပေါ်ကို ရောက်လာရတော့တာပဲ။ လှိုင်းကြီး လှေ အောက်..တောင်ကြီးဖ၀ါးအောက် မဟုတ်လား။
ပျော်လိုက်တာလေ.. တအားပဲ။ မောသလောက် အမောပြေ တာပဲ။

ဒီဒေသ တ၀ိုက်မှာ..အမြင့်ဆုံးနေရာကို..ရောက်ရပြီလေ။ ဘယ်ကို ကြည့်ကြည့်..ကိုယ့်အောက်မှာပဲ။ မိတ္တီလာ..သာစည်..ပုပ္ပါးထိတောင် မြင်ရတယ်။ ပျော်ပျော်နဲ့ ကျောက်တုံးတွေမှာ..ကိုယ့်နံမယ်ကို အများကြီး ရေးပြစ်လိုက်တယ်။ တောင်ရဲ့ အမြင့်က.. ၆၆၆၇ ပေ တောင် ရှိသတဲ့။

ဆရာတွေ လည်း ပျော်ကြတယ်။ fossil အဆန်းနဲ့ ကျောက်အဆန်း လို့တဲ့လေ။ ငါတို့တွေ ဓါတ်ပုံ စုရိုက်ကြတယ်။ အဲဒီ ဓါတ်ပုံကတော့..တကယ့်ကို ဂန္တ၀င် ဖြစ်တော့မှာပဲ။ နောက်ပြီး စာရွက်ကြီးမှာ ရောက်ခဲ့တဲ့ group တခုလုံး ( ၃ ယောက် ကတော့ မလိုက်နိုင်) ရဲ့ နံမယ်တွေ ရေးတယ်။ field name တွေရောပေါ့။ ခွေးကလေး ရဲ့ အမည်ရောရေးပြီး..ကမ္ဗည်းထိုး ပလက်စတစ် အိတ်နဲ့ ထဲ့ပြီး ကျောက်ပုံထဲမှာ ထဲ့ခဲ့တယ်။ တကယ့်ကို ကြည်နူးစရာလေးပါ။ ၃ နာရီ ခွဲလောက်မှ.. ဆင်းကြတယ်။ အဆင်းတလမ်းပဲ။ တကယ့်ကို ကြောက်စရာ လန့်စရာ မတ်ဆောက်နေတဲ့ တောင်စောင်းကြီးတွေ တလျှောက်.. ဖင်ထိုင် လျှောချကြတယ်။

အမှတ်တရကတော့.. မသူ ဘောင်းဘီ ကွဲသွားတယ်။ မျိုးကြီး မေးစေ့ ကွဲ သွားတယ်။ ဖိုးညီ ငိုတယ်။ ငါကတော့..အရူးထပြီး ဘယ်သူ့ကိုမှ လက်မတွဲဘူး..ဖြစ်အောင် ဆင်းတယ်။

အပြန်မှာ ရွာလေး တရွာမှာ..သစ်တော်သီးတွေ ခူးစားကြတယ်။ အရမ်းဆာနေလို့လားတော့ မသိ။ စားလို့ကောင်းလိုက်တာ။ လျှောက်ရင်း..လျှောက်ရင်း..ဗိုက်က..တအားဆာလာပြီ။ လမ်းမှာ ရှမ်းတောင်သူတွေဆီက..ဈေးအပြန် မုန့်တောင်းစားတာ.. ဘီစကွတ် တထုပ် ရတော့.. ပျော်လိုက်တာလေ..။ တအားပဲ..။ တကယ် သဘောကောင်းတဲ တောင်သူတွေ..။

camp ကို ပြန်ရောက်တော့.. ၇ နာရီ ထိုးတော့မယ်။ ရေမြန်မြန်ချိုးတယ်။ ချမ်းလိုက်တာ..တအားကိုပါပဲ။ ပြီးတော့..အစိမ်းကြော် ( ၀က်သား ) နဲ့ ထမင်းစားတယ်။ စားလို့ကောင်းလိုက်တာ။ အရမ်းပဲ။ field ထဲမှာ မပိန်ပဲ ၀-၀ လာတယ်။ အားလုံးဟာ တကယ့်ကို မောင်နှမ တွေလို..ပျော်စရာကောင်းလိုက်တာ။ ပြီးတော့..လွင်ပြင်ကြီးမှာ ထွက်ထိုင်တယ်။ တယောက်ထဲပဲ။ ဘယ်ဖက်ကို ကြည့်ကြည့်..တောင်တွေ ၀ိုင်းနေတယ်။ အပေါ်ကို ကြည့်တော့..လကြီး က ပြည့်ကာနီး ပြီ။ ကြယ်တွေက..တလက်လက်နဲ့..ဘယ်လို သာယာမှန်း ကို မသိဘူး။ အေးလွန်းလို့ ခဏပဲ ထိုင်ပြီး အိပ်ဆောင်ထဲမှာ လက်ဘက်သုတ်စားကြတယ်။ တီချယ် နဲ့ စကားပြောတယ်။ ခုတော့..အိပ်မယ်။ တကယ့်ကို အမှတ်ရ အရှိဆုံးနေ့ပါပဲ။

+++++++

ကိုင်း--- ကိုပီတိက..သူ့တောင်တက် အသင်း လာကြော်ငြာဝင်သွားတော့..ဘယ်ရမလဲ။ မစွံတောင်တက် ဆိုရင်တော့..ကိုယ်တို့ တွေတော့..သိပ်ကို စွံနေတော့မှာပဲ။း) ဒေသ တခု ရောက်တိုင်း အဲဒီ ဒေသက..အမြင့်ဆုံးဆိုတဲ့ တောင်တွေကို တက်ရတာကိုး။ အဲဒီ နှစ်က..ပူလောက် ခြောက်သွေ့ တဲ့ သာစည် ပြင်ညောင်ရွာလေး နဲ့.. ရှမ်းပြည် ထဲ အ၀င်..မြင်းဒိုက်ရွာလေး ၂ ရွာကို တ၀က်စီ ၁၅ ရက်စီ အဖွဲ့ချင်းလဲပြီး နေရတာလေ။ သင်္ကြန်အပြီး..စိန်ပန်းပြာတွေ နဲ့ မှိုင်းဝေနေတဲ့.. ကလောမြို့နယ် မြင်းဒိုက်ရွာလေးက..အဲဒီ တုန်းကတော့..မျက်စိ ထဲမှာ လှချင်တိုင်း လှနေခဲ့တာပေါ့။

နောက်- အမှတ်ရ နေတာ..အဲဒီ ကလောသွားတဲ့ နေ့က.. စိန်ပန်းပြာတွေ.. မြူတွေ..နှင်းမိုးတွေ ရောယှက် ပြာမှိုင်း နေတဲ့..ညနေစောင်း..မြို့ထဲတနေရာ မှာ.. မီးခိုးငွေ့လေးတွေ တလူလူ ထွက်နေတဲ့.. ဆိုင်လေးထဲက.. အနွေးထည် ထူထူ ၀တ်ထားတဲ့..ရွယ်တူ လူငယ် ကောင်လေး ကောင်မလေး ၅ ယောက်လောက်.. ထွက်လာပြီး ပြုံးပြရင်း.. ဒီ အုပ်စုထဲမှာ စာရေးဆရာမ မိုးချိုသင်း ဆိုတာ ပါလားလို့..လာမေးရှာတယ်..မချိုသင်းရေ...။ ကျမတို့က.. မိုးချိုသင်းထက် အများကြီးငယ်တာပေါ့..တနှစ်လို့..နောက်လိုက်တယ်။း)




Share/Bookmark

ဒိုင်ယာရီဟောင်းရဲ့ စာမျက်နှာ

ရွာသားလေး ဆီမှာ ရှမ်းပြည် နဲ့ ပင်းတယ ပုံတွေ ကြည့်လာပြီး.. ကိုယ်လည်း လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ထိ ပြန်ငယ် သွားမိတယ်။ အဲဒီတုန်းကဆို.. ပင်းတယ ရေချမ်းစင် ရွာတ၀ိုက်မှာ ခြေရာတွေ ထပ်လို့။ ဒီဘုရားကြီးကို အထဲမှာ လျှပ်စစ်မီးတွေ မသွယ်ခင်.. ဟိုး ၈၄ ခုနှစ်လောက်ကတည်းက..ကလေးဘ၀ နဲ့ အလည် ရောက်ဖူးပြီးသား။ အဲဒီတုန်းက.. ရွှေဥမင် တောင်ခြေက.. ညောင်ပိန္နဲပင်ကြီးတွေ အောက်မှာ.. ဘာတွေများ သွားဆုတောင်းလိုက်မိသလဲ မသိပါဘူး..။ နောက် ၁၀ နှစ်လောက်အကြာ..၉၄ ခုနှစ်မှာလည်း ကျရော.. ရွှေဥမင် ဘုရားကြီးက.. ကိုယ်တွေအတွက်.. ကွင်းဆင်းရင်း..ထမင်းစား ရပ်နားရာ.. အမောဖြေရာ..နေရာကြီးတခုကိုဖြစ် နေခဲ့တော့တာပဲ။ နေ့လည်ခင်းဆို.. စောင်းတန်းတလျှောက်..ဆိုင်ခန်းတွေမှာ..အမြည်းချ ထားတဲ့..လက်ဖက်..အာလူးခြောက်ကြော်..ပဲပုပ်ကြော်..တဆိုင်ဝင် တဆိုင်ထွက်..မြည်း..ရေနွေးကြမ်းကလဲ..ပင်းတယ လက်ဖက်ခြောက် ဆိုတာ..ကောင်းမှ ကောင်းကိုး။

ကိုယ်တွေ စခန်းချတာက.. ပင်းတယ နားက ရေချမ်းစင်ရွာမှာ။ ဈေးနေ့တွေဆို..ရေချမ်းစင်ကနေ.. ပင်းတယ မြို့ပေါ်ထိ ခြေလျှင်လျှောက်။ လမ်းလျှောက်ရတာများတော့...တကယ် မမူကြတော့။ ပျော်လိုက်သည့် ဖြစ်ချင်း။ ညနေခင်းတွေ..ကွင်းက..စောစောပြန်ရောက်ရင်..ရေမိုးချိုး..သနပ်ခါးတွေ ဖွေးနေအောင် လိမ်းပြီး.. လမ်းလျှောက်ထွက်ရင်း..မယ်လုပ်ကြတာလဲ မှတ်မိသေးသည်။ ရွာက..ကားလမ်းမကြီး ဘေးဆိုတော့.. တော်တော်လေးလဲ စည်ကားလှသည်။ တလ ကြီးတောင် နေရတာဆိုတော့.. စခန်းသိမ်းတော့..တည်းတဲ့ အိမ်က.. ရွာသူကြီး မိသားစု နဲ့ သံယောဇဉ်တွေ ဖြစ်.. အမေခင်က ငို..သူတို့ကငို။




ရွှေဥမင် တောင်ခြေမှာ


အဲဒီတုန်းက..နောက်ဆုံးနှစ် ဖြစ်နေပြီ ဆိုတော့..လူတွေကလဲ.. ဆရာကြီးတွေ ဖြစ်နေ.. အတွဲတွေ ချိတ်တွေကလဲ.. ညိကုန်ပြီ ဆိုတော့.. သိပ်ပြီးတော့..မဖြူစင်ချင်တော့။ တကယ် သူတို့ ကွင်းစ ဆင်းတာက..တတိယနှစ်မှာ။ အဲဒီတုန်းက..ပထမဆုံး အတွေ့အကြုံလဲ ဖြစ်.. ရွာခြေတွေကလဲ..ခုလို သားသားနားနား မဟုတ်..ဟိုး..သာစည် ပြင်ညောင် ရှမ်းပြည် အစပ်မှာ။ ခေါင်လိုက်တဲ့ ရွာတွေ ဆိုတာ။ ထုံးစံအတိုင်း ကောင်လေးတွေက..နီးရာ စာသင်ကျောင်းတကျောင်းမှာ စခန်းချ..မိန်းကလေးတွေက.. ရွာလူကြီး အိမ်။ မနက် ကွင်းဆင်းဖို့..အ၀တ်အစားလဲ ပြင်ဆင်ကြ တုန်း.. ပြတင်းပေါက် ခပ်လှမ်းလှမ်းကနေ..တရွာလုံး လိုလို လာရပ်ကြည့် တာလဲ ကြုံဖူးသည်။ အပျော်ဆုံး ကတော့..မြစ်သာ ဆိုတဲ့ တောင်ကျ ချောင်းလေးမှာ ရေချိုးကြသည့်အချိန်။ ကောင်လေးတွေက..ရေညာမှာ ချိုး။ ကောင်မလေးတွေက..ရေအောက်။ ဟွန်း တော်တော် မတရားတာ။ တအုပ်စု နဲ့ တအုပ်စု မနီးမဝေး မြင်နေကြရ တာဆိုတော့..ကိုယ်တွေက..မရဲ။ ဆရာမ မိုးက ..လာသမီးတို့..မရှက်နဲ့..ဆိုပြီး.. သူကစ ရေထဲ ဆင်းပြမှ..အားလုံး လိုက်ဆင်းကြရင်း..နောက်တော့..ရေထဲကတောင် မတက်ချင်တော့။ ဟေး..တောင်ပေါ်မှာ မိုးတွေညို့လာပြီ.. ဆိုမှ.. ကမ်းပေါ် အပြေးတက်ကြတဲ့ မိန်းမတွေ ဖြစ်ကုန်ကြသည်။ ကောင်လေးတွေကလဲ.. သူတို့ ပစ္စည်းတွေ မျောလာလို့.. လာယူရတာနဲ့.. ကိုယ့်ပစ္စည်းတွေ မမျောအောင် သတိထားရတာနဲ့။ ပျော်စရာလဲ ကောင်း..ရင်ခုန်စရာလဲ ကောင်း။

လွမ်းချင်တာနဲ့.. တတိယနှစ် ကွင်းစဆင်းတုန်းက.. ရေးဖြစ်ခဲ့တဲ့..ဒိုင်ယာရီလေးကို ပြန်လှန်ဖြစ်သည်။ ညဖက် ခြင်ထောင်ထဲမှာ ဓါတ်မီး ထိုးပြီး ..ရေးခဲ့တဲ့ ရိုးရိုး ဗလာစာအုပ်လေးပါ။ ၂၀၀၅ ကမှ..အိမ်ပြန်ရင်း..စာအုပ်သေတ္တာထဲက..တခုတ်တရ..ပြန်သယ်လာတာပါ။ ခုနေ ပြန်ဖတ်တော့.. ရီချင်စရာ..။ အဲဒီ အထဲက..တချို့နေ့လေးတွေကို.. ပေးဖတ်ချင်ပါတယ်။ အမှတ်တရ ပေါ့နော်။

++++++++
စာမျက်နှာ (၁)
၇-၄-၉၄

တတိယနှစ် ဘူမိဗေဒ ကျောင်းသူ တယောက် ရဲ့ တကယ့်ဘ၀ စရပြီ။

၇ ရက်နေ့ ညနေ ( ၆း၁၀) မှ ရန်ကုန်က ထွက်ဖြစ်တယ်။ တကယ်ခေါ်ထားတာက.. နေ့လည် ၂ ချက်တီးတဲ့ ။ မြန်မာ စံတော်ချိန်ပါပဲ။

ရထားပေါ်ကို တက်ရတာ..အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်။ လူတကိုယ်လုံး ချွေးတွေ ရွှဲနစ်နေတာပဲ။ ရထားကလဲ ကျပ်.. ရေတွေကလဲ ပက်သေး။ နေသား မကျ တကျ ရှိတော့မှ.. သာစည် အမြန်ဆိုတဲ့ အနှေး ရထား ကြီးက.. တရွေ့ရွေ့နဲ့ ထွက်တယ်။ ရထားပေါ်မှာ တညလုံးပဲ..အိပ်လိုက်..နိုးလိုက် နဲ့..။ လူတွေ လဲ ..စုတ်ပြတ် နေတာပဲ။ မနက် ၄ နာရီ လောက်ကျတော့.. မျက်နှာတွေ သစ်..သနပ်ခါးတွေ ဘာတွေ လိမ်းဖြစ်တော့တယ်။ တကယ်ရီရတဲ့..မိန်းမတွေ နော်။

ရှမ်းရထားကြီးပေါ်က..ပြွတ်သိပ်ညပ်သပ် ပျော်ရွှင်စရာကောင်းတဲ့..နေ့လည်စာ

နောက်တနေ့ ရောက်တယ် ဆိုရင်ပဲ.. ပူလောင်နေတဲ့..အညာမြို့ကြီးတွေ ကို တမြို့ပြီး တမြို့ဖြတ်.. နောက်ဆုံး သာစည်ရောက်မှ..တွဲတွေပြောင်း..ရှမ်းရထားကြီး နဲ့ ခရီးဆက်ရတယ်။ ခရီး မဆက်ခင်..ကုလားလေး က ထမင်းကျွေးတယ်။ သူ့မွေးနေ့တဲ့။ ( ဒီနေ့ကျ- ၈ ရက်ဖြစ်သွားပြီလေ)။

ပူပြီး ပင်ပန်းနေတော့..ဘာမှလဲ စားလို့မရပါဘူး။ သာစည်မှာ ခရု နဲ့ တွေ့တယ်။၂ ချက်လောက်မှာ..ရှမ်းရထားကြီး စထွက် ပြီလေ။ အခုမှပဲ..ပတ်ဝန်းကျင် အသစ် အဆန်းတွေကို တွေ့ရတော့တယ်။ ကျောက်တောင် ကြီးတွေဆို တာလေ.. တအားပဲ။ တကယ့် ကျောက်ဆိုင် ကျောက်သားထု ကြီးတွေ။ ပတ်ဝန်းကျင် ကြီးက..ဆန်းကျယ်သားကလား။ ပထမဆုံး ယင်းမာပင်က လူတွေ ဆင်းသွားတယ်။ နောက်ပြီး..ငါတို့ပေါ့။ ပြင်ညောင်ဘူတာမှာ..အမှတ်တရပေါ့။

ရောက်ရောက်ချင်း..ပစ္စည်းတွေ ချပြီးတာနဲ့..ထမင်းချက်ဖို့ ကူလုပ်ရတယ်။ မိန်းကလေးတွေက..လူကြီးအိမ်မှာ နေရတယ်။ ၅ ယောက်တခန်းနဲ့ ဆိုတော့..တော်တော် အဆင်ပြေပါတယ်။

ငါရယ်- စုရယ်.ဖြူရယ်.. မိစံ ရယ်..သီတာ တို့နဲ့ပေါ့။ ပြီးတော့..တခေါ်လောက်က..ချောင်းထဲမှာ ရေသွားချိုးကြတယ်။ တခါမှ မကြုံဖူးတဲ့ အရသာပေါ့.. တောင်ကျ ချောင်း ဆိုတော့..အကျီ င်္တွေက မျောလိုက်.. ဆပ်ပြာတွေက မျောလိုက်.. ကောင်လေးတွေက..ဟိုဘက်မှာ။ ဒါပေမဲ့..အားလုံး မြင်နေရတယ်။ အတော်ရီ ရတယ်နော်။


ရေတွေ ဘာတွေ ချိုးပြီးတော့..ထမင်းစားရတယ်။ ဟင်းက..ငါးခြောက်နဲ့ အာလူးဟင်း။ မှောင်မှောင်မဲမဲ မှာ..ဘာမှ မမြင်ပဲ..စားဖြစ်ခဲ့တယ်။ ကောင်လေးတွေ ရဲ့ အလင်းရောင် သီချင်းဟာ အဲဒီအချိန်မှာ အရမ်းတန်ဖိုးရှိနေတယ်။ နောက်ဖေး ဆင်း ရတာတော့..သိပ်စိတ်ညစ်တယ်။ ခုတော့..အိပ်လိုက်ပြီ။ (၈) ရက်နေ့ ကုန်ပြီပေါ့.. မနက်ဖြန် အစောကြီး ထရမယ်တဲ့။ General Traverse တဲ့။ ဘာတွေ ဖြစ်လာအုံးမယ် မသိ။



Share/Bookmark

ကလေးများနေ့အတွေး

(အမတယောက်ရဲ့ ခံစားချက် ပါ)
+++++

၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက် သောကြာနေ့ မနက်စောစော (၆:၃၀)နာရီအချိန်မှာ အိမ်ရှေ့ကို သမီးငယ်ရဲ့ကျောင်းကြို/ပို့ဖယ်ရီလေးရောက် လာပါပြီ။ သမီးငယ်ကို ကျောင်းကားပေါ်လိုက်ပို့ရင်း လက်ထဲမှာ cakeboy မုန့်တစ်ဘူးကိုင်လာခဲ့ပါတယ်။ မုန့်(၂၄)ခုပါတယ်၊ ကားပေါ်မှာလဲ ကလေး အယောက်(၂၀)လောက်ဆိုတော့ အတော်ပါပဲ။

“ကားဆရာရေ ခဏနော် ကလေးတွေကို မုန့်ဝေချင်လို့” လို့ပြောရင်း “သားတို့သမီးတို့ရေ၊ ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ ကလေးများနေ့ လို့လဲ ခေါ်တယ်၊ ဒါကြောင့်အထိမ်းအမှတ်အနေနဲ့ ဒေါ်လေးမုန့်ဝေမယ်၊ ဗိုလ်ချုပ် အောင်ဆန်းကိုရောသိကြလား၊ မသိရင်အိမ်ကျ အဖေအမေတွေမေး၊ ကျောင်းမှာ လဲ ဆရာမကို မေးနော်”

ကိုယ်ပြောချင်တာလေးတွေ ခပ်မြန်မြန်ပြောပြီး သူတို့ကိုမုန့်ဝေပေးတယ်။ ကလေးတွေကတော့ မုန့်ရလို့ပျော်သွားတာလဲတစ်ကြောင်း၊ သူတို့သိပ်အကျွမ်း တ၀င်မဖြစ်တဲ့ “ကလေးများနေ့”တို့ ဘာတို့ကြောင့်လားမသိ၊ စိတ်ဝင်စားတဲ့ မျက်လုံးလေးတွေနဲ့ ၀ိုင်းကြည့်နေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုသိလား ဆိုတော့ ဟုတ်မဟုတ်တော့မသိ ခေါင်းညိတ်ပြတဲ့ကလေးတချို့တော့ တွေ့လိုက် ပါသေးတယ်။ ကားဆရာကလဲ စိတ်ပါလက်ပါဆင်းလာပြီး ပြောပေးရှာတယ်။
“အားလုံးမှတ်ထား၊ ဖေဖော်ဝါရီ(၁၃)ရက်ကဗိုလ်ချုပ်အောင်ဆန်းကို မွေးတဲ့နေ့၊ ကလေးများနေ့နော်၊ ချစ်သူများနေ့(Valentine Day)နဲ့မရောနဲ့ဦး” တဲ့။
-


ကလေးတွေ ကျွက်စီကျွက်စီနဲ့ ကျောင်းကားလေးလဲ ထွက်သွားပါပြီ။ ကိုယ်လုပ်ချင်တာလေး လုပ်လိုက်ရလို့ စိတ်ထဲကျေနပ်သွားပါတယ်။ ကိုယ်တတ် နိုင်တဲ့ မျှဝေခြင်း တစ်ခုအပေါ် ကျေနပ်မှုတွေနဲ့ မနက်ခင်းလမ်းလျှောက် ဆက်ထွက်ခဲ့ပါတယ်။ လမ်းလျှောက်ရင်း အိတ်ဆောင်ရေဒီယိုလေးဆီမှ RFA အသံလွှင့်ဌာန၏ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတစ်ပိုင်းတစ်စလေး အမှတ်တရ လွှင့်ထုတ်ပေးနေသည် ကို ကြားနေရသည်။


“’ဒီတော့ အဲဒီလွတ်လပ်ရေးရတဲ့အခါမှာ ကျွန်တော်တို့ခုတင်က စီမံကိန်း အမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ်(၂၀)လောက် ကျွန်တော်တို့စကားခပ်ရိုင်းရိုင်း ပြောရရင် စကားခပ်ရိုင်းရိုင်း ပြောရတယ်ဆိုတာ စကားခပ်ရိုင်းရိုင်းပြောမှ လူတွေကမှတ်မိတယ်၊ စကားခပ်ရိုင်းရိုင်းဆိုရင် အတော့်ကိုပြဲအောင် ကြိုးစား နိုင်မှ လုပ်နိုင်မှ အဲတာ အတော့်ကိုကုန်းလုပ်နိုင်မှ ရုန်းလုပ်နိုင်မှ အနှစ် (၂၀) လောက်ရှိတဲ့ခါမှာ တော်ကာကျမယ် ကျုပ်တို့တွေအားလုံး ပြဲအောင်လုပ်မှ တန်ကာကျမယ်” တဲ့။

အော် ဗိုလ်ချုပ်၊ ဗိုလ်ချုပ်၊ သူ့ရဲ့စကားတွေထဲမှာ သူ့ရဲ့တိုင်းပြည် အပေါ်ထားတဲ့စေတနာက အတိုင်းသား ပေါ်လွင်နေတာပါပဲလား။

စိတ်ကူးကောင်းနေတုန်း ဗြုန်းဆိုရှေ့ခပ်လှမ်းလှမ်းမှာ လူ(၂)ယောက်က အပြေးအလွှား၊ ပါးစပ်ကလဲ “ရပ်လိုက်၊ ရပ်လိုက်၊ မင်းတို့ကိုဘာမှမလုပ်ဘူး” ဟု အော်လာသည်။ သူတို့ရဲ့အရှေ့မှာတော့ (၁၀)နှစ်အရွယ် ကလေးနှစ်ဦး ကြောက်လန့်တကြားပြေးရင်း ငိုလဲငို၊ မောလဲမော၊ လက်ထဲမှာလဲအထုတ်အပိုး တွေနဲ့၊ ခဏအကြာမှာပဲ လူကြီး(၂)ဦးကမှီလာပြီး သူတို့ကိုဆွဲထားလိုက်သည်။ ဘာဖြစ်လို့လဲဟု ကျွန်မလဲ စပ်စုလိုက်မိသည်။ “ပစ္စည်းတွေခိုးသွားလို့” တဲ့။ ကလေး(၂)ဦးလက်ဆွဲပြီး ရပ်ကွက်ရုံးကိုလား၊ ဘယ်ကိုလဲတော့မသိ၊ ခေါ်သွား ကြသည်။ ဘေးမှလူတစ်ဦးက “မနက်စောစော ပလတ်စတစ်ကောက်သလို၊ အမှိုက်ကောက်သလိုနဲ့ ပစ္စည်းတွေ အလစ်သုတ်တာနေမှာပေါ့” ဟုမထူးဆန်း သလိုပြောနေသည်။
“အော်”ဟုမိမိပါးစပ်မှ ထွက်လာသည်။ ဒီ“အော်”တစ်လုံးပဲထွက်နိုင်သည်။ ဘာမှ မှတ်ချက်တွေမချနိုင်၊ အခုန အသက်၀၀ရှူပြီး လန်းဆန်းနေသောစိတ်တွေ မွန်းကြပ်လာသည်။ ပညာမသင်နိုင်သော မိမိတို့တိုင်းပြည်က ကလေးငယ် အများစုအတွက် ကျွန်မတို့ဘယ်လိုများ တစ်ဖက်တစ်လမ်းက ကူညီနိုင်မလဲ။ ကျွန်မ အလွန်ကူညီချင်ပါသည်။ သို့သော်-----သို့သော် အခက်အခဲတွေက အများသားပါလား။

ရိုးသားသောစေတနာအပြည့်နှင့် လမ်းညွှန်ရှေ့ဆောင်သူများရှိခဲ့ပါလျှင် ကျွန်မတို့ အားလုံး မမောနိုင်မပန်းနိုင် နောက်ကပံ့ပိုးကြမှာ အမှန်ပါပဲ။ အားလုံးက ကိုယ့်တိုင်းပြည်ကို ချစ်ကြပါသည်။ ဗိုလ်ချုပ်ကိုတော့ မတမ်းတလိုတော့ပါ။ ဗိုလ်ချုပ် ကိုသနားလွန်းလို့ပါ။ စိတ်ထဲကတော့ အကျယ်ကြီးအော်လိုက်မိသည်။
တခုခုတော့ အကြီးအကျယ်လိုအပ်နေပြီ....
-
-
(ပုံကတော့ အီးမေးလ်ကရတဲ့ ပို့စ်ကဒ်ရဲ့ မျက်နှာခြမ်းပါ။ )


Share/Bookmark

Twilight over Burma

စာအုပ် တအုပ်ဖတ်တယ်ဆိုတာ..အချိန်ပေးရတဲ့အလုပ်ပါ။ page turner မဟုတ်ပဲ သိဖို့လိုလို့..ရှာစရာရှိလို့..လေ့လာဖို့ ဆိုတဲ့ စာအုပ်မျိုးဆို ပိုလို့တောင် ခက်ခဲ အချိန်ယူရမှာပါ။ အခုနောက်ပိုင်းဆို စာအုပ်တအုပ် ပြည့်ပြည့်၀၀ ပြီးအောင် မဖတ်နိုင်တာတောင် အတော်ကြာခဲ့ပြီ..။ အဲဒါကြောင့်.. အငှါးဖတ်ပေးထားသလိုမျိုး.. အချိန်တိုအတွင်းမှာ...စာတအုပ်ကို ခြုံငြုံ မိစေတဲ့..စာအုပ်စင် ကဏ္ဍတွေ..စာအုပ် အညွှန်း ဝေဖန်ချက်တွေကို ဆို.. အင်မတန် နှစ်သက်ပါသည်။ အထူးသဖြင့်..ဖတ်ပြသူက.. အစွဲကင်းကင်းနဲ့ အသေအချာ လေ့လာသုံးသပ်ပြ နိုင်ရင်ပေါ့။

ဥပမာ- ပြည်ပ မြန်မာရေဒီယိုတွေ မှာ နားထောင်ရတဲ့..ဆရာဦးအောင်ခင် ရဲ့ စာအုပ်စင် ဆို အမြဲ ဂရုစိုက် နားထောင်မိသည်။ ရှင်းလင်းပြတ်သားတဲ့ ၀ါကျတိုတိုတွေ နဲ့ ပိုင်နိုင်တဲ့ သူ့ပြောဟန်က..နားထဲကိုသာမက.. ဦးဏှောက်ထဲ ထိ တဲ့တဲ့ ရောက်တဲ့ လေသံမျိုး.. ။ ဖတ်ရတဲ့ အထဲမှာဆိုရင်.. ဧရာဝတီက.. စာအုပ်သုံးသပ်ချက် တွေ ကို ကြိုက်သည်။ ဘယ်လိုမှ ကိုယ်တိုင် လက်လှမ်းမှီမှာ မဟုတ်တဲ့..ဖတ်ဖြစ်မှာ မဟုတ်တဲ့ စာအုပ်ကြီးတွေကို.. အနှစ်ချုပ် အမြန်နည်းနဲ့ ဗဟုသုတ ရစေတာလောက်..ဘယ်မှာ တန်ဖိုးရှိတာ ရှိတော့မလဲ။ တလောက..ဧရာဝတီမှာ ပဲ ဖတ်လိုက်ရတဲ့.. အီဒစ်မီရန်တေး ပြန်ပြောပြတဲ့.. မြန်မာတိုင်းရင်းသား တယောက်ဖြစ်တဲ့.. Pascal KhooThwe ရဲ့ the Land of Green Ghosts: A Burmese Odyssey ( သရဲစိမ်းတို့ရဲ့မြေ) ဆိုတဲ့ စာအုပ်ဆို ကိုယ်တိုင် အပြည့်အစုံ ဖတ်ချင်နေခဲ့တဲ့ စာအုပ်တအုပ် ဖြစ်သွားသည်။ အသိတယောက်ကလည်း ညွှန်းထားသေးသည် ဆိုတော့။ ခုထိတော့.. ဘယ်နေမှန်း မသိသေးပေ။

နောက်- ကိုအောင်သူငြိမ်း ဖတ်ပြနေတဲ့.. သန့်မြင့်ဦး ရဲ့ ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် ကိုလည်း..ခုတလော စိတ်ဝင်တစား စောင့်ဖတ်နေမိသည်။ အဲဒီစာအုပ်ကို.. ဆရာမ ဒေါ်ကြည်မေကောင်း ဝေဖန် ကတည်းက..စိတ်ဝင်စားနေခဲ့တာ။ နောက်ပြီး.. မြန်မာဘုရင်တွေ ရဲ့ စိတ်နေ စိတ်ထား.. တွေကို ယထျဘူတ ကျကျ သုံးသပ် ထားတာကိုလည်း.. သိချင်နေခဲ့တာ။ အိမ်မှာ ဆို.. မြန်မာ့သမိုင်းကို စိတ်ဝင်စားပြီး.. ကုန်းဘောင် စာအုပ်တွေ မှန်သမျှ မပြတ်လေ့လာတဲ့..ဖခင် နဲ့ဆို အမြဲ ငြင်းခုံ ဆွေးနွေးနေကျ မို့လည်း ပိုလို့ စိတ်ဝင်စားနေခဲ့မိတာ။

အဲဒါနဲ့ ပြည်ထောင်စုနေ့မှာ.. ဘာရယ်လို့တော့မဟုတ်.. လွန်ခဲ့တဲ့ ၈ နှစ်လောက်က.. ဖခင်ရဲ့ စာအုပ်စင် အတွက်..တကူးတက ၀ယ်သွားပေး ဖြစ်ခဲ့တဲ့.. Twilight Over Burma ဆိုတဲ့ စာအုပ်ကလေးကို ပြန်ညွှန်းချင်စိတ် ပေါက်လာတယ်။ ဖတ်ဖြစ်ခဲ့တာလည်း ကြာပီ ဆိုတော့..မရေမရာ ရေးတေးတေး အညွှန်းလေး ပဲ ဖြစ်မှာပါ။



စာအုပ်ရဲ့ အဖွင့်မှာ- လန်ဒန်မြို့ (သြစကြီးယားနိုင်ငံ ဗီယင်နာမြို့Schloss Laudon) ဆိုတဲ့ ဇိမ်ခံ ဟော်တယ်ကြီး တခုရဲ့ ဧည့်ခန်းထဲကို နောက်ဆုံးသော မျှော်လင့်ချက်တွေ.. နာကျည်းမူတွေ နဲ့ အတူ သမီးလေး ၂ယောက်ကို လက်ဆွဲပြီး ၀င်လာတဲ့.. အမျိုးသမီးငယ် တယောက် နဲ့ စထားပါတယ်။ အဲဒီ အမျိုးသမီးကတော့..တချိန်တုန်းက.. ရပ်ရွာလူထု က..ချစ်ခင်လေးစားခဲ့ကြတဲ့.. ရှမ်းမင်းသမီးတပါး ဖြစ်ခဲ့တဲ့ ..သြစကြီးယားနိုင်ငံသူ အင်ဂျီ ဖြစ်ပြီး.. သူလက်ဆွဲလာတဲ့ ကလေး ၂ယောက်ကတော့.. ကိန္ဒရာ နဲ့ အမရာ (ကိန္ဒရီ နဲ့ မာယာရီ) ဆိုတဲ့ ရှမ်း-သြစကြီးယန်း ကပြား သမီးလေး ၂ယောက်ပါ။ သူတို့ တွေ့ဖို့ ကြိုးစားခဲ့တဲ့ သူကတော့.. ဥရောပါမှာ ဇိမ်ခံ ရင်း ..ဆေးကုဖို့ ရောက်နေတဲ့..မြန်မာပြည်က..ခေါင်းဆောင်ကြီး ဦးနေ၀င်း ဖြစ်ပါသတဲ့။
( ဖခင်ဖြစ်သူ လှမ်း၍ အမှားပြင်ဆင်ပေးထားပါသည်)

အဖြစ်အပျက်တွေက.. လေး ငါး ဆယ်နှစ် ကြာနေပြီ ဖြစ်ပေမဲ့.. အင်ဂျီ မှာ..သူ့ခင်ပွန်းသည်ရဲ့ ကံကြမ္မာ ဘယ်လို အဆုံးသပ်ခဲ့ရတယ် ဆိုတာ..သိဖို့အတွက်..ဇွဲမလျော့ပဲ တောက်လျှောက် ကြိုးစားနေခဲ့တယ်။ အခုလည်း.. သတ္တိတွေ အပြည့်နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် မေးဖို့..သူ ရောက်လာခဲ့ပြန်တယ်။ ဒါပေမဲ့..အခန်းထဲက..ထွက်မလာတဲ့..တာဝန်ရှိသူကြီးက.. သူ့ဇနီး ဒေါ်ခင်မေသန်းကို လွှတ်ပြီး..စပ်ကြာဆိုင် မသေသေးပါဘူး..ကျန်းကျန်းမာမာ ရှိနေပါတယ် လို့.. အဖြေပေးလိုက်သတဲ့။

ဒီအဖြေ စကားက..အခြေအမြစ်မရှိ သလို ဘယ်ကိုမှ ဆက်သွားစရာလည်း မရှိတော့တဲ့.. ငရဲကလာတဲ့ အလိမ်အညာ လမ်းဆုံးစကားတခုသာ ဖြစ်တယ်ဆိုတာ..သူသိပေမဲ့.. အခု ထက်ထိလည်း..သူ့ခင်ပွန်း အလောင်း ကို မတွေ့ခဲ့ရ။

တကယ်တော့.. ငယ်ရွယ် ထက်မြတ်တဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ဟာ.. ၁၉၆၂ ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသားခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရတာပါ။

+++++

သူတို့ ၂ယောက်ရဲ့ ဇတ်လမ်းလေးက.. တကယ့်ကို ပုံပြင်ဆန် ပြီး ကြည်နူးဖွယ်..ကြေကွဲဖွယ်တွေ အတိနဲ့ပါ။

အချိန်က..၁၉၅၁ ခုနှစ်။ ကော်လိုရာဒို ပြည်နယ်ရဲ့ ဒန်ဗာ ဆိုတဲ့မြို့လေးက Colorado School of Mines မှာ.. ကျောင်းလာတက်ကြတဲ့..အာရှတိုက်သား မိုင်းအင်ဂျင်နီယာ ကျောင်းသားလေး နဲ့ exchange student အနေနဲ့ ခဏ ရောက်နေတဲ့ သြစကြီးယား နိုင်ငံသူလေး တို့ ချစ်ခင်စုံမက်သွားကြတဲ့.. သာမာန် အချစ်ဇတ်လမ်းလေး တခုပါပဲ။

အဲဒီတုန်းက..ကျောင်းအုပ်ကြီးကလွဲလို့.. ဒီ အင်ဂျင်နီယာ ကျောင်းသားလေးဟာ အာရှတိုက်က.. ဘုရင်ငယ်လေး တပါး ဆိုတာ ဘယ်သူမှ မသိစေအောင်..သူကိုယ်တိုင်က..သိုဝှက်ထားခဲ့တယ်တဲ့။

သူတို့ ၂ယောက် လက်ထပ်ပြီးတော့.. အင်ဂျီက..ယောင်နောက်ဆံထုံးပါ.. လိုက်လာခဲ့တယ်။ သူတို့ သဘောင်္ကြီး ရန်ကုန် ဆိပ်ကမ်းကို ကပ်ကာနီးလို့ .. အလံတွေ ပုဝါတွေ တရမ်းရမ်း..ဗုံမောင်းသံ တညံညံ နဲ့ ဆိပ်ကမ်းပြည့် ကြိုနေကြတဲ့ ရှမ်းလူမျိုးတွေကို မြင်တော့မှ.... "There is something I have to tell you, my dear." လို့ ပြောလိုက်တဲ့..ခင်ပွန်းသည်ရဲ့ စကားအဆုံးမှာ... သူမဘ၀ဟာ အရှင်လတ်လတ်ကနေပြီး.. မင်းသမီးတပါး ဖြစ်သွားခဲ့ရပြီး....တပြိုင်တည်းမှာပဲ..ရှုပ်ထွေးလာနိုင်မဲ့ သူ့ အနာဂါတ်ကိုလည်း အာရုံရမိလိုက်တယ်..လို့.. အင်ဂျီက လွမ်းဆွတ် ထားပါတယ်။






သူတို့ မောင်နှံ သီပေါ ဟော်နန်းကို ရောက်တဲ့ အချိန်ကစပြီး..အဲဒီ နယ်တခွင်မှာ ပြုပြင်ပြောင်းလဲ ရေးတွေ ဖြစ်လာတော့တယ်။ စပ်ကြာဆိုင်က..သူကိုယ်တိုင် လူဖြစ်ခဲ့တဲ့ မြေရှင်ပဒေသရာဇ် စနစ်ကြီး ကို ပြောင်းလဲဖို့ ကြိုးစားရင်း..သူ့ရဲ့ ရှမ်းအမျိုးသားတွေကို ဒီမိုကရေစီ စနစ်ဆီ လမ်းခင်းပေးခဲ့တယ်။ မြေယာတွေ ကို ပြည်သူ့ဆီ ပြန်ရောက်အောင် လုပ်ပေးခဲ့တယ်။ သူသင်ခဲ့တဲ့ ပညာတွေနဲ့..ဒီဒေသ ရဲ့ အသက်သွေးကြော..တွင်းထွက် သယံဇာတတွေ ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခဲ့တယ်။ သြစတြေလျ နိုင်ငံက..ဘူမိဗေဒ ပညာရှင်တွေ ငှားပြီး တိုင်းတာ ရှာဖွေရေး တွေကို အကောင်းဆုံးအဆင့် နဲ့လုပ်တယ်..။ နိုင်ငံခြားက..မျိုးစိတ်အသစ်တွေ ၀ယ်ယူပြီး.. စိုက်ပျိုးမွေးမြူရေးတွေကို..စက်မူ နည်းပညာတွေနဲ့ မြှင့်တင်ပေးခဲ့တယ်။ အင်ဂျီ ကိုယ်တိုင်လည်း စာသင်ကျောင်းတွေနဲ့ အမျိုးသမီးကဏ္ဍ တွေကို ကိုယ်ဖိ ရင်ဖိ ဆောင်ရွက်ခဲ့တယ်။ ဗမာလုံခြည်နဲ့ ဆံထုံးနဲ့ နေထိုင် ဆင်ယင်ခဲ့တဲ့ အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးကို အားလုံးက.. အလေးထား လေးစားခင်မင်ကြတယ်။ အဲဒီ ရပ်ရွာတွေမှာဆို.. သူတို့ မောင်နှံပုံကို ဘုရားစင်မှာတင်ပြီး ကိုးကွယ်တာမျိုးတောင် ရှိခဲ့တယ်တဲ့။





ဒါပေမဲ့.. လူကောင်းလူတော် တွေကို ၀မ်းပမ်းတသာ ကြိုဆို လက်ခံလေ့ မရှိတဲ့..ဒီမြေ..ဒီရေ..ဒီထုံး..ဒီအမုန်းတွေနဲ့ အတူ ၁၉၆၂ ခု နှစ် မတ်လ ရဲ့ နိုင်ငံရေး မုန်တိုင်း ထဲမှာပဲ..ရန်ကုန်မြို့လွှတ်တော်ညီလာခံ က အပြန် ဘယ်မှာ ပျောက်ဆုံး သွားမှန်း မသိတဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ကို ယနေ့ထက်ထိ ဘယ်သူမှ ပြန်မတွေ့ကြရတော့ပါဘူး။






အဲဒီ အချိန်မှာ လူမမယ် သမီး ၂ယောက်နဲ့ ကျန်ခဲ့တဲ့ အင်ဂျီ ကို သီပေါဟော်မှာပဲ..အစောင့်အကြပ် ထူထပ်စွာ နဲ့ အကျယ်ချုပ် ထားခဲ့တယ်။ ဘာကိုမှ မကြောက်တတ်ခဲ့တဲ့ အင်ဂျီ ကလည်း..သူ့ဆက်သွယ်နိုင်သမျှ အရာရှိ စစ်အာဏာပိုင် မှန်သမျှ ထံ လိုက်လံ စုံစမ်းခဲ့ပေမဲ့.. "I am writing this secretly. I am being locked up in the army lockup at Ba Htoo Myo at Lawksawk... Miss you all. Conditions here are not clean. Hope to see you soon. Cheer up yourself! I am still OK. Love, Sao Kya Seng." ဆိုတဲ့ လျှို့ဝှက်စွာ ရောက်လာတဲ့..စာလေးတစောင်ကလွဲလို့..ဘာသဲလွန်စ မှ မရခဲ့တော့ဘူး။

၂ နှစ်လောက်..အားမလျှော့တမ်း စုံစမ်း နေခဲ့ရင်း..နောက်ဆုံးမှာတော့..သူ့အတွက် အန္တရယ်တွေ ၀ိုင်းနေတဲ့..တစိမ်းပြင်ပြင် ဖြစ်လာတဲ့ အခြေအနေတွေကြောင့်.. သြစကြီးယားသံရုံးရဲ့ အကူအညီနဲ့ သမီးလေး ၂ ယောက်အတွက် နိုင်ငံကူးလတ်မှတ် အတု လုပ်ပြီး မြန်မာနိင်ငံထဲက..ခိုးထွက် လာခဲ့တော့တာ..ကနေ့အထိ..အခု စာအုပ်ကို ရေးသားဖြစ်တဲ့ အထိပေါ့။

ဒီစာအုပ်ကို ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ အားပေးတိုက်တွန်းမူ နဲ့ ရေးသားထုတ်ဝေခဲ့တာဖြစ်ပြီး..အလင်းရောင် ပျောက်ကွယ်ရင်း..မှောင်စပြုနေတဲ့ ဗမာပြည်ရဲ့ ဖိနှိပ်ကန့်သတ်မူတွေကို ကမ္ဘာက သိအောင်..နောက်..သူ့ခင်ပွန်းစပ်ကြာဆိုင် ရဲ့ သူ့မြေသူ့ရေ အပေါ် တာဝန်ကျေခဲ့ပုံ.. နိုင်ငံရေး အမြင်ကျယ်ခဲ့ပုံတွေ..လူသားဆန်ခဲ့ပုံတွေကို မှတ်တင်းတင် ရစ်ဖို့ပါလို့ ဆိုထားပါတယ်။



Inge Sargent at the UN Association Ceremony in 2000.


ဒီစာအုပ်ကို ၁၉၉၄ မှာ ဟာဝိုင်ယီတက္ကသိုလ် စာအုပ်တိုက်က..ပုံနှိပ်ခဲ့ပါတယ်။ စာအုပ်ရဲ့ အတွင်းအဖုံးမှာ အမေရိကန်မှာ အခြေချ နေထိုင်နေတဲ့.. စာရေးသူ -အငြိမ်းစားကျောင်းဆရာမ ကြီး အင်ဂျီရဲ့ မဟာနဖူး ဆံထုံး မြင့်မြင့်ကြီးနဲ့ ဓါတ်ပုံ ကို ကြက်သရေ ရှိစွာ မြင်ရနိုင်ပါတယ်။ Burma lifeline ဆိုတဲ့ ဖောင်ဒေးရှင်းတခုကိုလည်း အင်ဂျီ နဲ့ သူ့ဒုတိယခင်ပွန်းက မတည်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။



ပြည်ထောင်စုနေ့ အမှတ်တရပါ။ (အကြောင်းအချက် တချို့နှင့် ပုံများကို ဤနေရာမှ ရယူပါသည်။ )


Share/Bookmark

နေ့

ဒီနေ့.. ပြည်ထောင်စုနေ့
မနက်ဖြန်.. ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့....မြန်မာနိုင်ငံ ကလေးများနေ့
သဘက်ခါ.. ချစ်သူများနေ့..သူတော်စင်ကြီး ဗယ်လန်တိုင်း နေ့..

ဖနွဲခါ.. တနင်္ဂနွေနေ့..တပတ်ကုန်တဲ့နေ့..(သို့မဟုတ်) တပတ်စတဲ့နေ့..
ပြီးရင် ..တနင်္လာနေ့
နောက်တော့..အင်္ဂါနေ့..
မဟုတ်သေးရင်.. တပို့တွဲလဆုပ် ၈ ရက်နေ့..
..နေ့
......နေ့
သမိုင်းက အံချတဲ့နေ့
ပြက္ခဒိန်ပေါ်မှာ စုန်ချည် ဆန်ချည်သွားနေတဲ့နေ့
နေ့ပေါ်က..တွန်းချ ခံရတဲ့နေ့
ခေတ်ပေါ်နေ့ ခေတ်ပျော်နေ့
ညမဟုတ်တဲ့နေ့..သမရိုးကျဆန်တဲ့နေ့

အဲလိုနေ့တွေရှိသလို..

သတို့သမီးတယောက် ရင်ခုန်တဲ့နေ့
အကျဉ်းသားတယောက် စောင့်စားနေတဲ့နေ့
လူမသမာတယောက် အမူးပြေတဲ့နေ့
လူမမာတယောက် ဆုတောင်းပြည့်တဲ့နေ့
သူတောင်းစားတယောက် ခွက်ပျောက်တဲ့နေ့..
နေ့တွေထဲမှာ ..နေ့

ဒီနှစ်..ဒီနေ့မှာတော့..ရေးချင်သလိုရေးလိုက်တယ်..
မနှစ်က..ဒီလိုနေ့မှာ ရေးခဲ့တဲ့.. ပြည်ထောင်စုနေ့မှတ်စု


Share/Bookmark

Facebook (သို့) ပုံရိပ်ယောင် နိုင်ငံတော်

facebook ဆိုတာကို ကို ကြားနေခဲ့တာ ကြာပြီ ဖြစ်သော်လည်း သူ သိပ်မသိခဲ့ပါ။ သုံးဖို့လည်း မကြိုးစားခဲ့ပါ။ ဟိုယခင် ၃-၄ နှစ်လောက်ကတည်းက..စင်ကာပူက..ညီမ၀မ်းကွဲတွေ..Hi-5 , friendster တို့ နဲ့ အသစ်အဆန်းဖြစ်ကာ..ပျော်နေကြစဉ်ကတည်းက..ဘေးက သွားငေးပြီး..သြော်..လူငယ်တွေ သူတို့ ခြင်း ..ပုံလေးတွေ တင်လိုက်.. နောက်လိုက်နဲ့ ပျော်စရာတော့..ကောင်းသား...လို့ သာ တွေးမိရင်း.. နဲနဲမှ စိတ်မ၀င်စားခဲ့ပါ။ ဖိုရမ်ဆိုတာတွေလည်း.. မသိခဲ့..မထိုင်ဖူးခဲ့ပါ။ ဖြတ်သွားဖြတ်လာ ၀င်တောင် မငေးမိခဲ့တာ..ဘယ်ချောင်မှာ သွားခေတ်နောက်ကျ နေခဲ့လည်း မသိ။ စလုံးမှာ တုန်းက.. တပတ် ၅ ရက်ခွဲ အလုပ်မှာ.. ပြန်လာရင်..ဟင်းချက်..ထမင်းစားရင်း..သတင်းလေး နားထောင်.. ပြီး..တီဗီ ခဏ ကြည့်.. စာအုပ်လေး တအုပ် ဟိုလှန် ဒီလှန်လုပ်ရင်း.. ညခင်း တခု..လျင်လျင်မြန်မြန် ကုန်သွားတတ်တာပဲ..မှတ်မိသည်။ အင်တာနက်ကို အလုပ်ထဲမှာ..နေ့လည် ထမင်းစားချိန်သာ ဗမာသတင်း ၀က်ဆိုဒ်တွေ လျှောက်ကြည့် ဖြစ်သည်။ တော့်တော့်ကို ဝေးခဲ့တာပါ.. Virtual world နဲ့ပေါ့။

ဒီ မြေနီိနီမြို့လေးကို အရောက် ငေါင်စင်းစင်း နေ့ရက်တွေကို လည်း..မိုးမခလေး ဖတ်လိုက်.. .ဒီဗီဘီက သတင်းလေးတွေနဲ့ မောလိုက်.. ဦးဦးဖျားဖျားဖတ်ရတဲ့..weekly eleven လေး မှာ ဗမာပြည်ကို လှမ်းငေးလိုက် နဲ့.. ဒီလိုပဲ ဖြတ်သန်းနေတုန်း.. မိုးမခက မိတ်ဆက်ပေးတဲ့.. ဘလော့ဆိုတာ နဲ့ ပထမဆုံး ရင်ခုန်ခဲ့ရတာပါ။ အင်တာနက် ရဲ့ အသုံးချမူတွေ ထဲမှာ blogging က..ပထမဆုံး အချစ်ဦးပါ။ ကိုယ်ကလည်း စာရေးချင်သူ ဆိုတော့.. အသဲစွဲလိုက်သမှ..ခုထက်ထိ ချစ်နေရဆဲပါပဲ။

Social networking တွေ ပုံသဏ္ဌန်မျိုးစုံ နဲ့ အနီးအပါးမှာ ပိုလို့ များပြားလာနေပေမဲ့.. လူမူပေါင်းသင်းဆက်ဆံရေး မှာ သိပ် မကျွမ်းကျင်လှ..အရမ်းကြီး စိတ်မ၀င်စားလှ တဲ့အတွက်.. တယောက်ထဲ..ပြောချင်တာပြော..ရေးချင်တာရေးလို့ရနေတဲ့..ဘလော့ ကနေ.. တဖ၀ါးတောင် ခွာပြီး မျက်မွေးထော် မကြည့်ခဲ့မိဘူး။ အီးမေးလ်ထဲ ရောက်လာတဲ့.. Invite တွေ ဆို ယောင်လို့တောင် ကလစ် မကြည့်ဘူး။ သိတယ်လေ..အဲဒါတွေက.. သူ့အလိုလို အီးမေးလ် စာရင်းတွေထဲက..လူတွေကို လျှောက် ဖိတ်တာဆိုတာ။ ကိုယ်သွား ကလစ် ကြည့်ရင်.. ကိုယ်မသိပဲ..သူငယ်ချင်း မိတ်ဆွေ တွေကို တဂျီဂျီ အနှောင့်အယှက် ပေးတော့မယ်လေ။

တနေ့သားတော့..သူငယ်ချင်း ကဗျာဆရာမကြီးက.. Facebook ကို လာခဲ့ပါတဲ့။ အဲဒါနဲ့..ဒီတခါတော့..ကိုယ့်ချစ်သူငယ်ချင်း လဲဖြစ်.. ဒီလောက် ခဏခဏ ကြားနေတဲ့.. Facebook လာစမ်း ဆိုပြီး ၀င်ကြည့်လိုက်တာ..မှတ်ပုံတင်ထားသူ ကမ္ဘာ့လူဦးရေ သန်း ၁၅၀ ကျော်ထဲမှာ..ခုတော့...ကိုယ်လည်း တယောက် အပါအ၀င် ဖြစ်နေပါတော့တယ်။

ရောက်ကာစ ဆိုတော့..ဟိုလျှောက်ကလိ..ဒီလျှောက်ကလိ ကြည့်- ကြည့် တယ်။ အင်တာနက် သုံးသူ ဗမာ အသိုင်းအ၀ိုင်းကလဲ ကျဉ်းကျဉ်းလေး ဆိုတော့..မိတ်ဆွေတွေ ရဲ့ မိတ်ဆွေတွေထဲက..မိတ်ဆွေဟောင်းတွေ ပြန်တွေ့.. နဲ့ ခဏတော့ ပျော်သွားသလိုပါပဲ။ ဘာအဖွဲ့ညာအဖွဲ့တွေလည်း စုံလို့။ အမယ်..အပင်လက်ဆောင်ပေးရင်.. အပင်က..တဖြည်းဖြည်းကြီးတောင်လာ ဆိုပဲ။ အခု နောက်ဆုံး Market Place ဈေးတောင် ဖွင့်တော့မည် တဲ့။ ဒါပေမဲ့.. သူ့ ရဲ့ feature တွေ platform တွေက.. ကိုယ့်အတွက် နဲနဲ မျက်စိ နောက်စရာ ကောင်းနေတယ်။ ဘာလို့လဲ မသိဘူး..ကိုယ့်အတွက်တော့..သိပ်ပျော်စရာ မကောင်းဘူး။ ဘလော့မှာတင်..ကိုယ်လုပ်ချင်တာတွေ ပြည့်စုံ နေပြီ ဆိုတော့..သိပ် မသွားချင်တော့ဘူး။ အချိန်ကလည်း ရှိသေးတယ်လေ။ ဒါပေမဲ့.. အခု နှစ်ပိုင်း အချိန်ပိုင်းလို facebook ဆိုတာ သိပ်ခေတ်စားလာတဲ့ အချိန်မှာ.. တခြား..ဘလော့ နဲ့ မယဉ်ပါးတဲ့..စာဖတ် စာရေး သိပ်စိတ်မ၀င်စားတဲ့ သူငယ်ချင်းဟောင်းတွေက.. သူတို့ဖာသာ လျှောက်ရှာရင်း..သွားရင်းလာရင်း..ကိုယ့် ဆီကို တယောက်ပြီး တယောက်..တံခါး လာခေါက် ကြ တယ်။ အဲတော့လည်း တံခါး သွားဖွင့်လိုက်... နှုတ်ဆက်လိုက်ပေါ့.. ပြီးတော့လည်း..ကိုယ့်ဘလော့ပဲ ကိုယ်ပြန်လာ ထိုင်နေမိတာပဲ။ မိတ်ဆွေ တယောက်ဆို အခါတိုင်းလို အီးမေးလ် ကတောင် စာမရေးတော့ဘူး.. facebook ထဲမှာပဲ ရေးတော့တယ်။


source: Guardian

ကိုယ်ကတော့..ဘာရယ်မှ မဟုတ်ဘူး..ပြောခဲ့သလို..ဘလော့တလုံး နဲ့ အလုပ်ရှုပ်နေတာနဲ့.. စိတ်မ၀င်စားဖြစ်တာ။ တလောက..အမေရိကန်သမ္မတ မဲဆွယ်ပွဲတွေမှာတော့.. facebook က..အရေးပါတဲ့ အခန်းကဏ္ဌက ပါခဲ့ပြီး.. သမ္မတ အိုဘားမား ကိုယ်တိုင် facebook ကို ကောင်းကောင်း အသုံးပြုခဲ့ တယ်လို့ ဆိုထားတယ် ။ နောက်- အီဂျစ်နိုင်ငံက.. အစိုးရ ဆန္ဒပြပွဲတွေကိုလည်း.. facebook ကပဲ ဆောင်ကျဉ်းပေး ခဲ့သလိုလို.. သတင်းတွေ ဖတ်လိုက်ရသည်။ တပြိုင်တည်းမှာပဲ..အသစ်အသစ် တို့ရဲ့ ထုံးစံ အတိုင်း အကျိုးအပြစ် မကွဲပြားပဲ.. အငြင်းပွားဖွယ်ရာ များလည်း.. ပြောဆိုနေကြတာ..ခဏခဏ ဖတ်နေ မြင်နေရ ပါတယ်။ သတင်းစာ ဆောင်းပါး တခုမှာ ဖတ်လိုက်ရတာက.. လူသတ်မူပေါင်းများစွာ နဲ့ တသက်တကျွန်း ထောင်ဒဏ် ကျခံနေရတဲ့ မာဖီးယား ခေါင်းဆောင်တယောက် ရဲ့ facebook profile မှာ.. ပရိသတ် မိတ်ဆွေ များစွာနဲ့.. သူရဲကောင်းကြီး လုပ်နေတာ သင့်တော်ပါရဲ့လား တဲ့။ အခုဆိုရင်.. ဆေးလိပ်ကြော်ငြာတွေမှာ - ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည် -လို့ ထဲ့ပေးရသလိုပဲ.. တလောက..အော်စီ က..Internet Service Provider က..ဒီလို ကြော်ငြာ ထားတာကြည့်ပြီး..ပြုံးလိုက်မိပါသေးတယ်။

If you've got time to facebook, you've got time to call your mum

These days, it seems we have less and less time to chat. Yet in the middle of this time crunch we still find hours and hours for things like social networking sites. There's nothing wrong with that, just don't forget to spare a little time to phone home.

facebook သုံးတာ မှားတဲ့ကိစ္စ မဟုတ်ပါဘူး.. မိသားစုကို ဖုံးခေါ်ဖို့သာ မမေ့ပါနဲ့...တဲ့
လူလည်ပဲ..။ သူက.. Telecon ကုမ္ပဏီ ဆိုတော့..ဖုံးလိုင်းရော..အင်တာနက်ပါ ရောကြော်ငြာ လိုက်တာကိုး။

ပြီးခဲ့တဲ့ ၃ လလောက်ကတော့.. မမျှော်လင့်ပဲ work shop လေးတခုမှာ Guardian သတင်းစာပါ..face book နဲ့ပတ်သတ်တဲ့.. ဆောင်းပါးလေး တပုဒ်ကို သေချာ ဖတ်လိုက်ရတယ်။ စိတ်ဝင်စားစရာလေး မို့..ဘလော့မှာ ရေးမယ် ရေးမယ်နဲ့ မစဖြစ်ဘူး။ ဆောင်းပါးရှင်ကတော့.. facebook အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် လိုက်ရှာဖွေ ပြီး.. အဆိုးမြင် ရှုထောင့်ကနေ ရေးထားတာပါ။ ဘာရယ်တော့မဟုတ်ပါဘူး.. အခု နေ့စဉ် ဘ၀ တွေမှာ သိပ်ခေတ်စားလာနေတဲ့.. Social networking ဆိုတာ ကိုလည်း အားလုံးက..စိတ်ဝင်တစား စောင့်ကြည့်လာနေတော့.. ဝေမျှ ကြည့်တာပါ။

ဆောင်းပါး မူရင်းကို ဖတ်ကြည့်မယ် ဆိုရင်..သူ့အသုံးတွေက..သိပ် ထိမိပါတယ်။ ပြုံးချင်စရာ လည်း ကောင်းပါတယ်။ သူက..ဆောင်းပါး အစကို ဒီလို ဖွင့်ထားတယ်။

Why on God's earth would I need a computer to connect with the people around me?

++++++


face book ကို ဖန်တီး ခဲ့တဲ့ ၂၄ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး သူဌေးလေး Zuckerberg ကို..လူတိုင်းလိုလို သိကြမှာပါ။ သူက.. ကမ္ဘာ့ကွန်ပြူတာ ပုဂ္ဂိုလ်ကျော်ကြီး Bill Gates ကို အားကျ လို့လား.. မတူတူအောင်လိုက်တု သလားတော့မသိ။ သူလည်း Harvard ကျောင်းကို တန်းလန်းထားခဲ့တဲ့ ညဏ်ကြီးရှင်လေး တယောက်ပါ။ သူတို့ ကျောင်းသားအချင်းချင်း..ပညာစမ်းဖို့..စဖို့ နောက်ဖို့ ပျော်ဖို့ ဆိုပြီး..စု လုပ်ကြရင်း..ဒီ facebook ဆိုတာလေး ဖြစ်လာခဲ့တယ်။ facebook ဆိုတဲ့ နံမယ်ကလည်း.. တက္ကသိုလ်တွေမှာ မျက်နှာသစ် တွေ ကို ကြော်ငြာတဲ့..နံရံကပ် ဘုဒ်ကလေး တွေကို ပြောတာပါ။

ဒီဆောင်းပါး မှာ အဓိက ရေးထားတာက.. အဲဒီ သူဌေးပေါက်စလေး Zuckerberg အကြောင်း မဟုတ်ပဲ.. ဒီလို venture capital .. တီထွင်စွန့်စားဖန်တီးမူလေးကို ၀ယ်ယူခဲ့တဲ့..နောက်ကွယ်ကနေ.. ထောက်ပံ့နေတဲ့ .. သူကိုယ်တိုင်လည်း venture capitalist ကြီး တယောက်ဖြစ်တဲ့..အသက် ၄၀ ကျော်အရွယ် Peter Thiel ဆိုသူရဲ့ စိတ်ဝင်စားစရာ အကြောင်းပါ။

သူကိုယ်တိုင်က..နံမယ်ကျော် Pay Pal ငွေကြေးစနစ် ကို ပူးတွဲ ဖန်တီးခဲ့တဲ့.. ညဏ်ကြီးရှင် တယောက်ပါ။ သူ့ကို Fortune magazine ကနေ PayPal Mafia လို့ တောင် နံမယ်တပ်ခဲ့တယ်။ Stanford ကျောင်းထွက်ဖြစ်တဲ့ Thiel က ကျောင်းမှာတည်းက.. Liberal သမားတွေ.. Multicultural သမားတွေကို ဆန့်ကျင်ဝေဖန်ခဲ့တဲ့.. အနာဂါတ်စိတ်ကူးယဉ် ရှေးရိုးစွဲ လက်သစ် တယောက်ဖြစ်တယ် ဆိုတာ လူတိုင်း သိကြတယ်တဲ့။

လူ့ဘ၀ သက်တမ်းဆိုတာ..စိတ်ပျက်စရာကောင်းတယ်..ကြမ်းကြုတ်ခက်ထန်တယ် တိုတောင်းလှတယ်..ဒါ့ကြောင့် နောက်ထပ် ဆင့်ပွားပုံရိပ် ဘ၀ တခုကို သွားကြမယ်..အဲဒီမှာ သဘာဝ တရားကြီးကို အနိုင်ပိုင်းပြစ် နိုင်တယ်လို့.. Thiel က..တနေရာမှာ ဆိုခဲ့ဖူးသတဲ့။ သူက..အခွန်- ဆိုတာကြီးကို မယုံကြည်သလို ..ဘဏ်ငွေကြေးစနစ် ကို သဘောမကျတဲ့ အတွက်..တန်ဖိုးနဲ့ပိုသက်ဆိုင်တဲ့.. နိုင်ငံ နယ်နမိတ် စည်းမရှိတဲ့ PayPal ကို စပြီး လုပ်ဖြစ်ခဲ့တယ်။ အဲဒီနောက်တော့.. Zuckerberg ရဲ့ facebook ဆိုတာလေးကို.. ဟိုး..အစပိုင်းအချိန်ထဲက..ငွေကြေးအလုံးအရင်း နဲ့ ထောက်ပံ့လာခဲ့တယ်။

လူဆိုတာမျိုးဟာ..သိုးတွေလို အုပ်စု သဘာဝ ရှိတယ်ဆိုတာကို Thiel နဲ့သူ့အုပ်စု ဂုရုကြီးများက.. ကောင်းကောင်း အသုံးချ နိုင်ခဲ့တယ်လို့လည်း ထောက်ပြထားတယ်။ အခုကိုပဲ ကြည့်လေ.. သူငယ်ချင်း တယောက်က.. facebook ဆို..နောက်တယောက်.. နောက်တယောက်နဲ့..တရက် ၂ရက် အတွင်းကို..သိုးအုပ်တအုပ်တော့..ရသွားတာပဲ။

ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက.. သဘာဝ ကပေးတဲ့ တိုတောင်း ရှုပ်ထွေးတဲ့ လူ့ဘ၀ကို မနှစ်သက်တဲ့ Thiel က..အခုဆိုရင်..Cambridge တက္ကသိုလ်က..မျိုးရိုးဗီဇ ဆိုင်ရာပညာရှင်..Aubrey Dde Grey ရဲ့ မသေခြင်း ကို ရှာဖွေနေတဲ့..သုသေသန လုပ်ငန်းအတွက် ဒေါ်လာငွေ ၃.၅ သန်း ထဲ့ဝင်ဖို့ ကတိပြုထားပြီး.. အသက်ဆက်နည်း နည်းပညာ တခုကို စတင် ရင်းနှီးမြုပ်နှံ နေပြီလို့ ဆိုပါတယ်။ Artificial Intelligence (AI) လို့ခေါ်တဲ့ အသိညဏ်အတု နဲ့ပတ်သတ်တဲ့ အဖွဲ့အစည်း တခုမှာလည်း..ဘုတ် အဖွဲ့ဝင် အကြံပေး တယောက် ဖြစ်နေပါ သတဲ့။

အံ့သြ ထွေပြားဖွယ်ရာ များပါပေ။ ဆောင်းပါးရှင်ကတော့.. Thiel ဟာ သဘာဝ လောကအစစ် ကြီးကို ဖျက်စီးနေသူ.. လို့ စွပ်စွဲထားပြီး.. facebook ကိုလည်း ကမ္ဘာလုံးဆိုင်ရာ ကြိုးကိုင် ခြယ်လှယ် ဖျက်စီးမူ ( global manipulation ) လို့ ပြင်းပြင်းထန်ထန်ကို နံမယ်တပ်ထားပါတယ်။

သေချာတာတော့..တကမ္ဘာလုံးက..လူတွေက..သူတို့ ဓါတ်ပုံတွေ.. အကြိုက်တွေ.. ကိုယ်ရေးရာဇ၀င် တွေကို.. ဒီ မျက်နှာဘုတ်အုပ် ကြီးပေါ်မှာ.. ဘယ်သူကမှ အတင်း အကြပ် မခိုင်းရပါပဲ.. ကြည်ဖြူပျော်ရွှင်စွာ.. ဖော်ပြနေကြတာမှာ..အကျိုးအမြတ်ရှိနေမှာကတော့.. ဒီဘုတ်အုပ်ကြီးကို ငွေကြေးအမြောက်အမြားဝင်ပြီး ချိတ်ဆက် ကြော်ငြာနေတဲ့.. Coca Cola, Blockbuster, Verison, Sony Pitcures and Conde Nast တို့လို နံမယ်ကြီး ဈေးသည်ကြီးတွေ နဲ့ အမျိုးသားလုံခြုံရေး လုပ်ငန်းကြီးတွေပဲ ဖြစ်နေတယ် - တဲ့။

ဒီနေရာမှာ ဆောင်းပါးရှင်က.. နှိုက်နှိုက်ချွတ်ချွတ် စွပ်စွဲထားပြန်တာက.. facebook ရဲ့ ဘုတ် အဖွဲ့ဝင် နောက်တယောက်ဖြစ်တဲ့.. Jim Breyer ဟာလည်း CIA ရဲ့ လက်ခွဲတခုဖြစ်တဲ့ Q-Tel ဆိုတဲ့..လုပ်ငန်းကြီးနဲ့ ဆက်စပ် ပတ်သတ်နေ ပြီး.. CIA ရဲ့ ထောက်ပံ့မူတွေ အများကြီး ရှိနိုင်တယ် လို့ ဆိုထားပါတယ်။

နောက်ထပ် အပြစ်ဆိုထားတာကတော့..ပင်မရေစီး သတင်းစာ ဂျာနယ် လုပ်ငန်းကြီးတွေ မှာ စာတွေ သတင်းတွေအတွက် ငွေကြေးနဲ့ ၀ယ်ယူ အသုံးပြုရင်း..လည်ပတ်နေရပေမဲ့.. facebook ကြီးကတော့..သူ့ရဲ့ Input တွေ Content အတွက်..အသာလေး ထိုင်စောင့်ရင်း..အလကားပဲတင်း ရနေတာ...အဲဒီကမှ အကျိုးအမြတ်ယူနေတာ.. မသင့်တော် မမျှတပါတဲ့။ ဒါကတော့..စိတ်မကောင်းစရာ ခေတ်ရဲ့ ရေစီး ကြောင်း ပြောင်းမူ တခု ပေကိုး နော်..။

ဆောင်းပါးရှင်ကတော့.. ရေးရင်း ရေးရင်း..စိတ်တိုလာပုံရသည်။ သူ့ရဲ့ တစ်တစ်ခွခွ အသုံးတွေကို..ဖတ်ရင်း သဘောလည်းကျ..ရင်လဲ မောနေမိသည်။

ဘာတဲ့.. commodification of human relationships and extraction of capitalistic value from friendships တဲ့။ ဟုတ်လည်း ဟုတ်နေသားပင်။

ပြီးတော့.. အသုံးပြုသူတွေကို..ဒေါမနသ အပြည့် နှင့် ပြောလိုက်ပုံက..
မကြာခင်မှာ United Kingdom ထက်ပင် လူဦးရေ များပြားလာတော့မဲ့.. Thiel နဲ့သူ့အုပ်စုရဲ့ ပုံရိပ်ယောင်နိုင်ငံတော် အာဏာရှင် စနစ် အောက်မှာ.. နေမယ် မနေဘူးဆိုတာ..ကိုယ့်ဖာသာကိုယ် ရွေးကြပါတဲ့။

ကိုယ်ကတော့..အသာလေး စောင့်ကြည့် ဦးမယ်..။



ကိုးကား- http://www.guardian.co.uk/technology/2008/jan/14/facebook


Share/Bookmark

ရထားလေးတစင်းနဲ့အတူ..

သူကတော့ ဒီမြေနီနီ မြို့လေးကနေ အနီးဆုံး ဆိုတဲ့ မြို့ကြီးပြကြီးဆီကို ရောက်အောင် သွားရတော့မယ်ဆိုရင် အရိုးသားဆုံး ရထားလေးကိုပဲ စီးဖို့ရွေးချယ်လေ့ ရှိတယ်။

၇ နာရီ ဆိုတဲ့အချိန်က မဂ္ဂဇင်းတအုပ်ဖတ်ဖို့ရယ်.. ရှုခင်းတွေ ခဏတဖြုတ် ( ဒါမှမဟုတ် တမေ့တမော) ငေးကြည့်ဖို့ရယ်.. အပေါ်မှာ ချိတ်ထားတဲ့ တီဗွီ ဖန်သားပြင်ပေါ်က..ခပ်ညံ့ညံ့ ရုပ်ရှင် ကားဟောင်း တကား လောက် ကြည့်ချင်ရင် ကြည့်ဖို့ရယ်.. အတွက် လုံလောက်တဲ့ အပြင် ပိုတောင် ပိုလွန်းနေ သေးတာ။

လက်ဆွဲအိတ် ကလေးကို အမိုးဘောင်ပေါ်က.. ကေဗင်လေးထဲ ပြစ်သွင်းလိုက်ရင်း..ပြတင်းပေါက်ဘေး ကပ်ရပ်ခုံမှာ ထိုင်ချလိုက်သည်။ သူ့ဘေးခုံက လူမလာသေး..။ ဟိုး အပေါက်ဝက ဒယိမ်းဒယိုင်နဲ့ တက်လာတဲ့ အဘို ( အဘိုးရီးဂျင်း ဒေသခံလူမျိုး) ယောက်ကျားကြီး များ ဖြစ်နေမလာလား လို့ စိုးရွံ နေမိသေး။ တော်ပါသေးရဲ့.. ကျောပိုးအိတ်လေးနဲ့ ကြားဘူတာမှာ ဆင်းမယ်ထင်ရတဲ့ တောသား ကောင်ငယ်လေး တယောက်။ ဒီ အဘို တွေ ကို စိတ်ညစ် ရတာ တခြားမဟုတ်ပါဘူး..ခွဲခြားဆက်ဆံ ဖို့ ထားဦး...သူတို့က..ရေမှ မချိုးတာ။ အင်း..ဒီတခေါက် စိတ်လွတ် ကိုယ်လွတ် အလုပ် အားရင်တော့..ဒီ စိတ်ဝင်စားစရာ ဒေသခံ အဘိုရီးဂျင်းတွေ အကြောင်း ဘလော့မှာ ရေး ဦးမည်။

နေ့လည် ထမင်းစားပီးစ အချိန်မို့ ပြတင်းပေါက်က တဆင့်မြင်နေရတဲ့ အပူရောင် ရှုခင်းတွေကို ကြည့်ရင်း..ခဏတော့ အိပ်ပျော်သွား သလို ထင်မိသည်။ ကော်ဖီလေး ဘာလေး သွားဝယ်သောက် ဦးမှ..။ လျှာထိုးဦးထုပ်ကလေး ဆောင်းပြီး ကာတွန်းစာအုပ်ကလေး ဖတ်နေတဲ့..ဘေးက..ခလေးကို ပြုံးပြ ခြေထောက်ကလေး ခဏ ရွှေ့ခိုင်းလိုက်ရင်း.. ရထားနောက်ဖက်က မုန့်ဆိုင်လေးဖက် ..ထွက်လာတယ်။ ဒီရာသီက.. Pensioner တွေကို လက်မှတ် အလကား ပေးတဲ့လမို့ထင်သည်.. တတွဲလုံး တ၀က်ကျော်လောက်က..အဘိုးအဘွားတွေ။ သိုးမွေးထိုးတဲ့ လူက ထိုး။ စာအုပ်ဖတ်တဲ့ သူကဖတ်။ ဒီမှာက..သူတို့ကို တနှစ်တခါ ကြိုက်တဲ့ခရီး ထွက်နိုင်အောင် လတ်မှတ် အလကားပေးလေ့ ရှိသည်။ အေးချမ်း လှသည့် ဘ၀ ဆည်းဆာများပေ။

ကော်ဖီကို တငုံချင်း သောက်ရင်း..ပြတင်းကို ပြန်ငေးနေမိပြန်သည်။ နီညိုညို ကန္တရ ပင်တွေ ထဲက မထွက်သေး။ ကြည့်စရာမရှိ..။ ဆားအိုင်တွေ နားတော့ ရောက်နေပီပဲ.. ကြည့်စမ်း..ဆားအိုင်တွေ တောင် အရည်တွေ ပျော်လို့..အရိပ်တွေ ဘာတွေတောင် ထင်နေတယ်..အခါတိုင်းဆို..တကယ့် ဖြူပြစ်ပြစ် ဆားအိုင်တွင်းတွေလေ..။

ဘေးက..ကလေး ဆီက..ရီသံ ထွက်လာလို့ လှမ်းကြည့်တော့..အော်- တီဗီ ကြည့်နေတာပဲ။ နားကြပ် ခဏ တပ်ကြည့် သည်။ ပျင်းစရာကြီးပါ..။ သူ့အတွက်တော့.. စိတ်ဝင်စားစရာ မကောင်းလှသော ခပ်ပေါပေါ ရုပ်ရှင် တခု။ နေဦး.. သူ့မှာလုပ်စရာ တန်းလန်း တခု ပါလာသည်ပဲ..။ lap top တပ်ဖို့ ပါဝါ ပေါက် က..ရှေ့ခုံမှာမို့.. ရှေ့က အမျိုးသမီးကြီးကို လှမ်းခွင့်တောင်းတော့.. ကျေးလက်ဆန်တဲ့ ဒေသမို့..နွေးနွေးထွေးထွေး နဲ့ ဒီရုပ်ရှင် မကြိုက်လို့လား တဲ့..။

ညကမှ ခရီးထွက်ဖို့ ပြင်ဆင်နေတုန်း..ဂျီတော့ကနေ.. မိတ်ဆွေကြီး လွင်မိုးက.. သူ့ google reader မှာ share ထားတဲ့ စာလေး တစောင်ကို ဘယ်လိုထင်လည်း.. ဘာသာပြန်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ တဲ့။ သူက..ဘိုလိုပဲ ဘလော့ရေးကာ..ဘိုလို ရေးတဲ့ သတင်းဆောင်းပါးတွေကို အဖတ်များသူ။ တခါတလေ သူ ရှဲတာလေး တွေက.. တန်ဖိုး ရှိလှသည်။ မအားတဲ့ ကြားထဲကမှ ပြန်ပေးမယ်လေလို့ လောကွတ် ချော်မိသွားအောင်.. သူကလည်း အပြောကောင်း လေသည်။ ညက..တကယ်စလုပ်ကြည့်တော့.. သိပ်မလွယ်လှ။ တရက် နဲ့မပြီးနိုင်။ စာက အတော်ရှည်သား။ ဒါပေမဲ့.. အုတ်ဂူထဲက လူတယောက်ရဲ့ အဆုံးစွန် ဆန္ဒ နဲ့ စကားတွေကို..လူတွေ ကြားနိုင်သမျှ ကြားအောင်.. ဘာလို့ လုပ်မပေး နိုင်ရမှာလဲ..လုပ်မပေး သင့်ရမှာလဲ..။

lab top ကို ရှေ့က ခုံပေါ် တင်လိုက်တော့..သူ့လက်တွေက.. စာလုံးတွေ ကြားထဲ သူ့အလိုလို ပြေးသွားတော့သည်။ သိရိလင်္ကာ နိုင်ငံက.. သတင်းသမား တယောက်ရဲ့ အဆုံးစွန်သော ပေးဆပ်မူ။ အာဏာ ပါဝါ နောက် မပါပဲ..ပြည်သူတွေကို လွတ်လပ် မျှတတဲ့ အသိအမြင်တွေ ပေးခဲ့ချင်တဲ့..သူ့ရဲ့ စွန့်လွှတ်မူ။

မူရင်းစာသားကို ဖတ်ရင်း.. နားလည် နှစ်ခြိုက်လွန်းလှတဲ့..ခံစားမူက..သူ့လက်တွေပေါ်ကို ..အလိုအလျောက် ခုန်ဆင်းသွားတော့သည်။

ကျနော်တို့ရဲ့ အဓိဋ္ဌာန်က သီရိလင်္ကာနိုင်ငံကို ထင်သာ
မြင်သာရှိတဲ့ ဘာသာအယူဝါဒစွဲ ကင်းတဲ့၊ လွတ်လပ် မျှတတဲ့ ဒီမိုကရေစီနိုင်ငံတခု အဖြစ်
မြင်ချင်တာပါပဲ။ အဲဒီ စကားလုံးတွေကို စဉ်းစားကြည့်ပါ။ စကား တလုံးချင်းမှာ သိပ်ကို
လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိပါတယ်။ ထင်သာမြင်သာ ရှိရပါမယ်။ ဘာအတွက်လဲ ဆိုရင် အစိုးရ
တရပ်ဟာ ပြည်သူလူထု အတွက် ပွင့်ပွင့်လင်းလင်း အသိပေး နေရမှာဖြစ်ပြီး သူတို့ရဲ့
ယုံကြည်မှုကို အလွဲသုံးစား မပြုသင့်လို့ပါ။ ဘာသာအယူဝါဒစွဲ ကင်းရပါမယ်။ ဘာဖြစ်လို့လဲ
ဆိုရင် ကျနော်တို့နိုင်ငံလိုမျိုး လူမျိုးစု ပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ
ပါဝင်နေတဲ့ လူ့အဆောက်အဦးတခုမှာ အယူဝါဒစွဲကင်းမှသာ အားလုံး ညီညွှတ် ပါဝင်နိုင်မယ့်
အခြေခံကောင်းတခု ရှိနိုင်မှာမို့ပါ။ လွတ်လပ်မျှတမှု ရှိရပါမယ်။ ဘာကြောင့်လဲ ဆိုရင်
လူသားတိုင်းဟာ မတူညီစွာ ဖန်တီးတည်ရှိ နေကြတာကို ကျနော်တို့ အသိအမှတ်ပြုလို့ပါပဲ။၊
တခြားတပါးသောသူကို သူဖြစ်တဲ့အတိုင်း လက်ခံနိုင်ဖို့ လိုအပ်ပြီး ကိုယ်ဖြစ်စေချင်သလို
ပြုလုပ်လို့ မရပါဘူး။ ပြီးတော့ရင် ဒီမိုကရေစီနည်းလမ်းကျ ရပါမယ်။ ကဲ - ခင်ဗျား
ကျနော့်ကို ဒီမိုကရေစီ ဘာဖြစ်လို့ အရေးကြီးလဲလို့ ရှင်းပြစေချင်ရင်တော့၊
ဒီသတင်းစာကို ဝယ်နေတာသာ ရပ်လိုက်ပါတော့။

Transparent, Secular, Liberal, Democracy ဆိုတဲ့ အသုံး အနှုံးတွေ နောက်ကို သူ့အတွေးတွေ ပြေးလိုက်ပါ သွားပြန်သည်။
ပီးခဲ့တဲ့ အပတ်ကမှ CNN မှာ ကြည့်ခဲ့ရတဲ့.. The challenge in Middle East ဆိုတဲ့ အထူး အစီအစဉ် မှာ.. ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အစ္စရေး-ပါလက်စတိုင်း ပြသာနာရဲ့ ရင်းမြစ်ကို ရှာဖွေ ဆန်းစစ် ကြည့်ထားတာတွေ.. ခေါင်းထဲ ရောက်လာသည် ။ ဆော်ဒီ အာရေဗျ နိုင်ငံကြီးရဲ့ ဒေသတခုလုံး နဲ့ ဘာသာအယူဝါဒ တခုလုံးအပေါ် ထိုးဖောက် သက်ရောက်နေမူ ကို ရဲရဲဝံ့ဝံ့ သုံးသပ်ပြခဲ့တဲ့.. အာရပ် ပညာရှင်တယောက် ရဲ့ စကားတွေ ။ တခေတ် တချိန်က.. လစ်ဘရယ် ကျခဲ့တဲ့ အာရပ် ခေါင်းဆောင်တချို့ ပြည်ပြေး ဘ၀တွေ ရောက်နေရပုံတွေ..။ ပြီးတော့..ဘာရယ်မဟုတ်.. မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ ရှိတဲ့..အမျိုး- ဘာသာ- သာသနာ ဆိုတဲ့ စကားကိုတောင် တွေးကြည့်နေမိသည်။ တလောက..ရွက်မွန်မှာ ဖတ်လိုက်ရတဲ့..ဂျမားတို့အဖိုး ဆိုတဲ့ ဇတ်လမ်းလေးကို လည်း.. ဆက်စပ်ပြီး သတိရနေပြန်သေးသည်။

ခွဲထွက်ရေး အကြမ်းဖက်သမားတွေကို အမြစ်ပြတ် ခြေမှုန်းရမယ်
ဆိုတဲ့ အချိန်မှာ အကြမ်းဖက်မှုရဲ့ မူလဇစ်မြစ် အကြောင်းခံကို ပြန်သုံးသပ်ဖို့ဆိုတဲ့
အမြင်ကို တောက်လျှောက် ရေးသား နေပါတယ်။ အစိုးရကိုလည်း သီရိလင်္ကာ လူနည်းစု
လူမျိုးစုတွေရဲ့ နာကျည်းချက် ဒေါသတွေကို အကြမ်းဖက်မှု ဆိုတဲ့ မှန်ပြောင်းကြီးနဲ့
မကြည့်ဘဲ သမိုင်းစာမျက်မှာတွေမှာ ပြန်ရှာကြည့်ဖို့ အမြဲ
တိုက်တွန်းနေတယ်။


အခု ..ဒီသတင်းစာ ဆရာ ပြောသလို..သိရိလင်္ကာ မှာ တမီးလ်ကျားတွေကို အလုံးစုံ ပျက်သုန်းရေးလုပ် လိုက်လို့ ဘာအကျိုးရလဒ် ရလာမှာလဲ..။ ဟားမားစ်တွေကို တယောက်မကျန် ဗုံးခွဲ သတ်ဖြတ်နိုင်တော့ရော..ဘာအောင်မြင်မူ ပန်းတိုင်ကို ရ ကြမှာလဲ..။ human shield ဆိုတဲ့ စကားတလုံးကို အပြစ်တင်စရာ ရေလဲသုံး ပြီး.. သိရိလင်္ကာ အစိုးရကော အစ္စရေးတွေကော.. လုပ်ချင်သလို လုပ်ခဲ့ ကြသည်။ လူတွေထဲက ဖြစ်လာတဲ့.. ဆန့်ကျင်တွန်းလှန်မူ တခု ဟာ..ဘယ်လိုလုပ် ဒီလူတွေနဲ့ ကင်းကွာ နေမလဲ.. ။

တော်ပြီကွာ.. ခေါင်းစားတယ်။ ဆံပင် အမဲ က..သိပ်မကျန်တော့ပါဘူး ဆိုမှ..။ ကမ္ဘာကြီးကိုက..အဖြေမရှိတဲ့ အလုံးကြီးပဲ..။
lap top ကနေ မျက်နှာကို ခွာလိုက်ရင်း.. အေးစက်နေတဲ့ ကော်ဖီ လက်ကျန်ကို တချက်တည်း မော့ပြစ်လိုက်သည်။ သြော.. နေတောင် နဲနဲ စောင်းလာပြီပဲ။ ခရီး တ၀က်ကျိုး ခဲ့ပြီ။ လမ်းဘေးက..ရှုမျှော်ခင်းတွေ လည်း..အရောင်ပြောင်း လာပြီ။ သူချစ် တဲ့ ဂျုံခင်း ၀ါဝါလေးတွေ နဲ့ ယာတော အိမ်ကလေး တွေ မြင်နေရပြီ။ တကယ်တော့..သူချစ်တာ.. လယ်ကွင်း စိမ်းစိမ်း တွေပါ။ စိမ်းတဲ့ မြေကနေ..နီဝါ၀ါမြေ ကို ရောက်လာတော့လည်း.. ကာလံဒေသံ အလျောက်.. သင့်တင့်လျောက်ပတ်စွာ ခံစား နေထိုင်တတ်ပြီကိုး။ ကြည့်စမ်း..တတောင်လုံး ၀င်းထိန်ဝါနေတဲ့.. Canola ပန်းခင်းကြီးတွေ..။ သိုးတွေကတော့.. တကယ့်သိုးသူငယ် တွေ။ လှုပ်ရှား ဆော့မြူတာလဲ မရှိ။ စားကျက် တောင်ကုန်းပေါ်မှာ ငြိမ်ငြိမ်သက်သက် မလှုပ်မရှက် နေနေလိုက်ကြတာ.. တကယ့် ငတုံး တွေလိုပဲ။ အင်းလေ.. အဲလို ဘာမှ မသိတဲ့ ငတုံးတွေလည်း တမျိုးကောင်းတာပဲ။ စိတ်ချမ်းသာတယ်။

ရွာငယ်လေးတွေ ကျော်လာတော့..မြို့သေးသေးလေး တခု ၀င်လာသည်။ ဒီမြို့လေးက..ဂျုံစိုက်ပျိုးရေးနဲ့ပဲ အသက်မွေးပုံ ရသည်။ ရထားလမ်းဘေးမှာ ဂျုံစက်ကြီးတွေ အကြီးကြီး။ ဂိုဒေါင်ကြီးတွေလည်း အကြီးကြီး.. မြို့လေးနဲ့တောင်မလိုက်။ လူ ဆိုလို့.. ဘူတာမှာ လာကြိုတဲ့ ကားလေး ၃စင်း နဲ့ လူ ၄ ယောက်လောက်ရယ်.. ခပ်လှမ်းလှမ်းက.. ဆိုင်ကလေးတခု က ထွက်လာတဲ့..အဘိုးကြီး တယောက်ရယ်.. ခွေးလေး တကောင် ကြိုး နဲ့ဆွဲရင်း လမ်းလျှောက် နေတဲ့ စုံတွဲ တတွဲရယ်ပဲ မြင်လိုက်ရသည်။ ဒီ ဂျုံခင်းတွေ..ဂျုံဂိုဒေါင်တွေ..ဂျုံစက်ရုံတွေကို လူ ဘယ်နှယ်ယောက်ကများ စီမံ လုပ်ကိုင်နေပါလိမ့်..။ အားလုံးကလည်း..စက်နဲ့ပြီးတာ ဆိုတော့ လဲလေ..။ ပျင်းစရာ ကောင်းလိုက်တဲ့ မြို့လေးရယ်....။

ခုလို ညနေစောင်းလေးမျိုးပါပဲ..ဒါပေမဲ့...။
လယ်ကွင်း စိမ်းစိမ်းတွေ .. ညစ်တီးညစ်ပတ် အိမ်နောက်ဖေး ရှုခင်းတွေရယ်ကို ငေးရင်း.. ဆူဆူညံညံ ဘူတာလေးတွေတခု ပြီး တခု ဖြတ်သွားရတဲ့..စိမ်းတဲ့မြေက.. ရထားကြီးကို သတိရမိတယ်။ နေညိုညို ညနေစောင်းလေးမှာ.. ရထားလမ်းဘေးက..ဆန်စက်အိုကြီး တွေ...။ သူတို့လည်း..တချိန်တုန်းကတေ့..အခု ဂျုံစက်ကြီးတွေလို ဖြစ်ခဲ့မှာ သေချာတယ်။ ဆန်စက် မီးခိုးခေါင်းတိုင် အက်ကွဲကြားက..ညောင်ပင် လေး တွေ အညှောင့် ထွက်နေတာ မျိုးတောင်.. သူ့မျက်စိ ထဲက မထွက်။ စက်ဘီးလေး တွေ ကလင်ကလင် နဲ့ ဘူတာကို လာကြတဲ့ မိန်းမပျိုလေးတွေ ရဲ့..လန်းလန်းဆန်းဆန်း သနပ်ခါး မျက်နှာလေးတွေ။ ဘူတာဘေးက ကွင်းမှာ..ခြင်းခတ်..နေတတ်တဲ့..ယောက်ကျားပျိုတွေရဲ့ ဟေးကနဲ ဝေါကနဲ ညာသံတွေ..။ စိမ်းတဲ့ မြေရေ...။

ပြတင်းပေါက်က..အလွမ်းတွေကို ဆွဲခွါရင်း.. ရထားတွဲထဲက..တီဗွီကို လှမ်းကြည့်သည်။ ကြည့်ရတာ နောက်ရုပ်ရှင် တကားလည်း..စိတ်ဝင်စားစရာ သိမ်မကောင်းလှ။ လာခါနီးမှ ဘူတာ စာအုပ်ဆိုင်က..ဆွဲလာတဲ့.. Obama Special Issue Time မဂ္ဂဇင်းကို လှန်လျော ကြည့် မိသည်။ အမေရိကန်မှာ အိုဘားမား အဖျားရောဂါ ဖြစ်နေတယ် ဆိုပီး တကိုယ်လုံး အိုဘားမား အရုပ်တွေ လိုဂို တွေ ကပ်ထားတဲ့ ကာတွန်းပုံ နဲ့ သရော်ထားတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး ပြုံးမိသည်။ သြော- ခုန ဘာသာပြန်နေတဲ့..သိရိလင်္ကာ သတင်းစာ ဆရာ အကြောင်း ပဲ..ဆောင်းပါးတပုဒ်ပါလား။ သူက.. Time ရဲ့ သတင်းထောက်လည်း ဖြစ် ဆိုပဲ။ ရှေ့နေ၀တ်စုံ နဲ့ သူ့ပုံကို ကြည့်ရင်း..စိတ်တွေ မကောင်း ဖြစ်နေမိသည်။ အခု- သူ့ကို လုပ်ကြံ အပြီး နဲ့ တိုက်တိုက် ဆိုင်ဆိုင်.. တမီးလ် စခန်းတွေကို အနိုင်သိမ်း လိုက်ကြပြီ။ မျက်ရည်စက်ပုံ ဒီကျွန်းလေးကနေ..ဒီလူတွေ..သူပုန်တွေ ဘယ်ကို ပြေးမလဲ။ ပြေးစရာ မြေမရှိ။ နယ်စပ်မရှိ။

The Pen is powerful, but sometimes it isn't enough. တဲ့။
ဆောင်းပါး ရဲ့ အဆုံးသတ် စာကြောင်းက..ပစ္စခ အခြေအနေကို ထင်ဟပ် နေတာဖြစ်ပေမဲ့..သူ့ရင်ထဲမှာ မတင်မကျ။ ရှင်သန် ကျန်ရစ်နေသူတွေကို ဒီလိုကြီးတော့..အဖြေ ထုတ်မပြသင့်ပေ..အဆုံးမသတ်သင့်ပေ။

တော်ပီကွာ..ပျင်းတယ်။ wi-fi နဲ့ အင်တာနက် သတင်းတွေ လျှောက်ဖတ် ဦးမယ်။ သူများ နိုင်ငံအကြောင်းတွေ ကြည့်ရတာ..စိတ်ညစ်လာပြီ။ စိမ်းတဲ့မြေ အတွက်..ဘာတွေများ ထူးထူးခြားခြား ရှိလေမလဲ။
-
ပင်လယ်ထဲမှာ မျောပါလာလို့ သြစကြေလျ နိုင်ငံက..ဆယ်ယူ ကယ်တင် လိုက်တဲ့..မဟာကံထူးရှင် ရွှေဗမာလေး ၂ယောက် ရယ်... ပင်လယ်ထဲကို ပံ့သကူ ပစ်လိုက်တဲ့.. မဟာ ကံဆိုးရှင် ဗမာ ရိုဟင်ဂျာ ထောင်ကျော်ရယ်..သြော်.. ရေမျောကမ်းတင်..သောင်ပြင်မှာ လွှတ်တဲ့ ဘ၀တွေ ရောက်နေ ကြရပြီကိုး။ ဘုရားရေ- ဒပ်ဗလင် မှာ တယောက်နဲ့ တယောက် ထိုးရ ကြိတ်ရလောက် အောင်တောင်..ဆိုးတဲ့သူက..ဆိုးတယ်တဲ့။ ဖြစ်မှ ဖြစ်ရလေ။ ဒီလောက်တောင် ပြည်သူ့ မျက်နှာ ကြည့် တဲ့ အကျိုးနဲ ပုဂ္ဂိုလ်ထူးတွေ အတွက်..စိမ်းတဲ့မြေရေ.. နင် မငိုနဲ့တော့..။

တော်ပါပြီ..ဘာမှ မသိချင်တော့ဘူး.. ။ အကုန်ပိတ်..။ မျက်စိ မှိတ် ပြန်အိပ်တော့မည်။ အင်း..ခုမှတော့...အိပ်လို့ မဖြစ်ပြီ။ ရှေ့မှာ မီးရောင်ပြပြ နဲ့ သူသွားရမဲ့ မြို့ကြီးကို မြင်နေရပြီ။


( ဘာသာပြန်ထားတဲ့ မိုးမခမှ- အုတ်ဂူထဲက လာတဲ့စာ )

( ၀န်ခံချက်- စိမ်းတဲ့မြေ ဆိုသော အသုံးအနှုံးအား ကိုတာ ၏ စာတပုဒ်မှ နှစ်သက်စွာ ယူသုံးပါသည်။)



Share/Bookmark