အနှစ် နှစ်ဆယ်သို့ ဂီတ မိတ်ဆုံ

…… ကိုယ်တို့ ငယ်ငယ် ဟိုအခါတုန်းက..ပြောမရ ဆိုမရ မိုက်ကြတဲ့ အခါတွေ... ချစ်သောဖေဖေ.... ချစ်သော မေမေ….. ဂရုဏာ ဒေါသော နဲ့ ရိုက်နှက်ဆုံးမတဲ့ အခါ..ကျတဲ့ မျက်ရည်.. မျက်ရည်..မျက်ရည်..အသဲ
ဘ၀င်မှာ ...မနာတတ်သော အရွယ်ပေ…
-
မီးပူ ခလုပ်လေးကို cool အထိ တွန်းပို့လိုက်ရင်း..အ၀တ် နောက်တတည်ကို ဆွဲယူ ပြီး အ၀တ်လျှော်စက်က ကပ်ပါလာတဲ့ အမှုန် လေးတွေကို ကပ်ခွာဖိလုံးလေး နဲ့ အသာ ကပ်လိုက်သည်။ ပါးစပ်ကတော့..VCD Player ထဲက ထွက်ပေါ်နေတဲ့..မာမာအေး ရဲ့ သီချင်းသံ ကို အမှီလိုက်ဆိုရင်း.. စိတ်တွေက..ကြည်ကြည်နူးနူး နွဲ့နွဲ့ပျောင်းပျောင်း။ ဂီတ က..လူ့စိတ်ကို နူးညွတ်စေတယ် ဆိုတာ.. အကြိမ်ကြိမ် အထပ်ထပ် ထောက်ခံ နေမိတယ်။ နူးညွတ်တယ် ဆိုတဲ့ အဓိပ္ပါယ်ထဲမှာ..၀မ်းနည်းတာတွေ..သတိရတာတွေ..ကြည်နူးတာတွေ..အားလုံးပါဝင်နေ သလိုပါပဲလေ..။ အခုပဲ.. သီချင်းလေးထဲမှာ..ငယ်ဘ၀ တွေ.. ပြီးတော့..လက်တွေ့ဘ၀တွေ..
-
....ခုတော့မှလေ..သူနဲ့တွေ့ရင်..မငြိုငြင်ပါဘူး..မငူစူပါဘူး..သို့သော်လဲလေ..
အလိုလိုဝမ်းနည်းတတ်တယ်လေ..သူ့ကိုတွေးနေ..သတိရနေတိုင်း.. မြမျက်ရည်..ပုလဲ မျက်ရည်..စိမ့်စမ်းသွယ်မျက်ရည်..သို့သော် အစဉ်ပူနွေးနေ..
-
သီချင်းတပုဒ်ကို အဲဒီလို လွတ်လွတ်လပ်လပ် တယောက်တည်း လိုက်ဆို ရတာလောက်..အရသာ ရှိတာ .. စိတ်ကိုပြေလျော့ စေတာ..ဘယ်မှာ ရှိတော့မလဲ..။ ခုတလော..ခရီးက ပြန်လာတည်းက..လန်ဒန်က ဇီဇ၀ါ နဲ့ ဘိုဘို ပေးလိုက်တဲ့.. မြန်မာသီချင်း ဟောင်းတွေကို..အရမ်းကို အရသာ တွေ့နေမိတာ။ သူတို့ နှစ်ယောက်ကလည်း..သူ.. ဒီလို သီချင်းမျိုးတွေ ကြိုက်တတ်တာ..သိများ သိလို့လား.. အကြိုက်တွေပဲ..တိုက်တိုက်ဆိုင်ဆိုင် တူနေကြသလား..မသိ..။ ထမင်းဟင်းချက်လည်း..ဒီသီချင်းတွေနဲ့.. မီးပူတိုက်လည်း ဒီအခွေဖွင့်..။ အိမ်က တယောက်က အတော် နားအူနေပုံ ရပြီ။

“ ဘာသီချင်း ဖြစ်ဖြစ် ..အကုန်ရနေ..လိုက်ဆို နေတော့တာပဲ..” တဲ့။
-
ဒါကတော့.. “ ကိုယ်တို့ငယ်ငယ် ဟို အခါ တုန်းက…” လို့ပဲ ပြန်ကျော့ရတော့မယ်။ ရေဒီယို သီချင်းတွေ နဲ့ပဲ ကြီးပြင်းခဲ့ရတာလေ..။ တအုပ်တည်းသော သီချင်းစာအုပ်ဖြစ်တဲ့.. ဖေ တို့ မေတို့ရဲ့..အနှစ် ၂၀ တေးပေါင်းချုပ်ကြီးကို ဖွင့်..လူကြီးတွေ ဆိုသလို..လိုက်တု ဆို ခဲ့ တာလေ..။
-
မိုးရွာပြီ ဆို ပျော်ပြီပေါ့..။ မိုးသံတွေ နဲ့ရောပြီး..သီချင်းကို အကျယ်ကြီး ဆို..အသံနေ အသံထားနဲ့ စိတ်ကြိုက်ဆို..ဘယ်သူ့မှ သိပ်အနှောင့်အယှက် မဖြစ်တော့ ဘူး။ နောက်မို့ဆို.. လေး ငါး ခြောက်တန်း ခုနစ် တန်းအရွယ် နဲ့..သီချင်းဆိုချင်တာပဲ သိပြီး..သီချင်း စာသားတွေမရ..ဆိုချင်သလိုဆို.. ရပြန်တော့လည်း.. အတိုင်းအနက်ကို နားမလည် ..အိစက် ညက်ညောတဲ့..ဖဲမွေ့ယာ ဆိုတာမျိုးတွေ..အော်အော်ဆိုရင်..ခဏခဏ အဆူခံရတတ်တာ..။
-
ခုတော့..ဆိုလိုက်စမ်း ကြိုက်သလောက်.. စာသားတွေ လည်းမိ အဓိပ္ပါယ်တွေလည်း ထိရှ လို့… သီချင်းတပိုဒ် တိုင်းက..အဖြစ်အပျက် တခု စီတိုင်း ဆီကို တွန်းပို့ နိုင်တဲ့ အထိ..။ ဒသာနတွေ..တွေးထုတ်ယူ နိုင်တဲ့ အထိ..။
-
....ဆွေးပူရင်လည်း ကျတဲ့ မျက်ရည်..ပြုံးပျော်ရင်လည်း ကျတဲ့ မျက်ရည်..၀မ်းနည်းပွေသမျှ..သောက အထွေထွေ မျက်ရည်သွယ်မှ..ပေါ့ပါးရွှင်လာ…အစဉ်သာ..ရင်မှာ..ပြေ..ပြေကာလျော့တယ်လေ..မြမျက်ရည်..ပုလဲမျက်ရည်..စိမ့်စမ်းသွယ်မျက်ရေ..သို့သော် အစဉ်ပူနွေးနေ..
….ချစ်ရသူတိုင်း ကျရသော မျက်ရည်
-
ဟုတ်တယ်..နှလုံးသား ရှိတဲ့လူတိုင်း မျက်ရည် နဲ့ကင်းနိုင်လို့လား။ လူတွေအတွက်..မရှိမဖြစ်..လိုအပ်လို့..ဘုရားသခင်က..ဖန်တီးပေးထားတဲ့ မျက်ရည်..။ မျက်ရည် ဆိုတာ..အပူရည် သက်သက်မှ မဟုတ်တာ။ သီချင်း စာသားလေး တွေက.. ချစ်စရာ ကောင်းလိုက်တာ။
-
++++++++
-
ဒီလောက် သီချင်း တွေ ဆိုဆိုနေတာ..လာ..အပျော် အသံသွင်းပေးမယ်..” လို့ ဆိုလာတော့..အတော် ပျော်သွားတယ်။ မယ်ဆိုချင် နဲ့..အသံသွင်းအင်ဂျင်နီယာရူး နှစ်ယောက် ပေါင်းပြီး.. အိမ်မှာ..ဂွီးဂွီးဂေါ်ဂေါ်..လုပ်ဖို့ကြိုးစားကြည့်တယ် ။ ဇီဇ၀ါ ပေးလိုက်တဲ့ အခွေတွေ ထဲက.. တီးလုံးတွေ ချည်း ပါတဲ့ အခွေကို ဖွင့် ကြည့်လိုက်တော့..။
-
မေရှင်….
-
...စိတ်ချ လက်ချ..ကြည်ဖြူချင်..မြေပေါ်တွင်..သူပဲ စွဲလို့သာပင်.. သစ္စာတော်ပန်း ..မသွေတမ်းပင်..တူ နှစ်ကိုယ် အသဲရွှေဆိုင် မြဲခိုင်ခိုင်..ပေါင်းဖက်ဖို့ စိတ်မှာ မြော်မြင်..
-
မရတော့ဘူး..ချက်ချင်းကို လိုက်ဆို ပြစ်လိုက် ပြီ။ အိုး…တီးထားတာတွေက လည်း..ကောင်းလိုက်တာ..ကွယ်။ အဲဒီ မြန်မာ့ စန္ဒယား လက်သံက..တခြားဘာနဲ့မှ မတူ..။ စန္ဒယား တီးတတ်တဲ့ သူငယ်ချင်း က ပြောပြဘူးတယ်။ Richard Clayderman တီးလုံးတွေကမှ..တီးရတာ လွယ်သေးတယ်။ စန္ဒယားချစ် ဆွေ တို့..စန္ဒယားလှထွတ် တို့ သီချင်းတွေ ဆို..တအားခက်တယ်..သူ အလွတ် မရဘူးတဲ့။ ဟုတ်မှာပါပဲ။ ဂီတမိတ်က.. Kite Young ကတောင်..အနောက်တိုင်း တူရိယာ သံကို မြန်မာမူ ပြုထားတာ..ပညာပါလွန်းလို့.. ဂီတလုလင်ဦးကိုကို ဆီမှာ သပ်သပ် ပြန် သင်ယူတယ်တဲ့။ စန္ဒယား ချစ်ဆွေ ထက်..ဦးလှထွတ် ဟာတွေကို ပိုကြိုက်သည်။ ခေတ်လည်း ပိုမှီတာကိုး။ ရုပ်ရှင် သီချင်းတွေ များတော့..ပိုပြီးတော့လည်း.. နောက်ခံရသ ပီပြင် နေတတ် သည်။ ဟော..နောက်တပုဒ်က.. ဦးလှထွတ် ရဲ့ “ မှည့်တပေါက်” ..ဒါလည်း ရတာပဲ..။

….ချစ်တဲ့သူ တဦးပေါ်တွင်..ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်ကြချင်တာ..သူသူငါ တိုင်းပင်.. သူသာလျှင်..ဇမ္ဗူကမ္ဘာတခွင်.. မတူပါချင်..စံနမူနာတင်..
-
ဘာကြောင့်မှန်းလည်း မသိ..ဘာကိုမှန်းလည်း မသိ...လွမ်းသလို ဆွေးသလို။ နေပါအုံး.. ဂီတက..လူ့စိတ်ကို နူးညွတ်စေတာလား.. အားနည်းစေ တာလား..။ သွေးဆောင်တာကော မဖြစ်နိုင်ဘူးလား..။
-
….တိမ်မှောင်ဝေကင်း..မြူခြေတွေရှင်း..ညသန်းခေါင်ခါတွင်..လရောင်ဖြာလွင်..ရှင်းသန့်ဖြူစင် ကြည်အေး တဖွေးဖွေး နဲ့ ၀င်းပသလိုပင်..အပြစ်ဆိုက..မြူမှုန်မျှ မတင်..မှဲ့တပေါက်စွန်း..အစွန်းမခံနိုင်ချင် ကိုယ်ချစ်တဲ့သူတွင်..
-
အဲဒီ နူးညွတ်မူတွေကို..ဘယ်လိုလူက..လွန်ဆန်ပြစ်လိုက် နိုင် မှာလည်းလေ ..။ ပြီးအောင် ဆက်ဆိုပါရစေ အုံး။

မှည့်တပေါက်

++++++
-
မြန်မာ့ ခေတ်ဟောင်း သီချင်းတွေထဲမှာ..ပျော်ဝင် နေမိချိန်မို့.. ဟိုးတလောက ၀ယ်လာခဲ့တဲ့ စာအုပ်ပုံထဲက..ကိုစောညိန်း အမှတ်တရ စာအုပ်လေးကို ဆွဲထုပ်ပြီး ဖတ်နေ မိသည်။

ဂီတ…ဆိုသည်မှာ..အတီးအမှုတ် ပညာဟု သာမန်အားဖြင့် လူတိုင်း နားလည်ကြပေသည်။
သို့ရာတွင်..အနုပညာမြောက် ဂီတပညာ ဆိုသည်ကား..အတီးအမှုတ် တခုတည်း..အထီးကျန်
သပ်သပ်
ကင်းလွတ်နေသော အရာမဟုတ်။ စာပေပညာ..လူတို့၏ ကိုယ်အင်္ဂါ
အစိတ်အပိုင်းဆိုင်ရာ ပညာ..
လူတို့၏ ဖြစ်စဉ် သမိုင်း နှင့် စပ်ဆိုင်သော
အဘိဓမ္မာပညာ စသည်တို့ဖြင့် အကျုံးဝင်
ဆက်သွယ်လျက် ရှိသည်ကို မူ..သဘောပေါက်
ကောင်းမှ ပေါက်ပေလိမ့်မည်။
-
ကိုစောညိန်း ရေးခဲ့တဲ့..“ ဂီတ- အနုပညာ” ဆိုတဲ့ ဆောင်းပါးလေး ရဲ့ နိဒါန်း ပိုဒ်ကို အထပ်ထပ် ပြန်ဖတ်ကြည့် နေ မိတယ်။
-
ဟုတ်တာပဲ.. ။ ခေတ်ပေါ် ရယ်..ခေတ်ဟောင်းရယ်လို့ ခွဲခြားလို့ရယ် မဟုတ်.. အနုပညာ မမြောက်တဲ့..ဖျော်ဖြေမူတွေ.. ခေတ်တိုင်းမှာ.. ရှိနေခဲ့တာပဲ။ ဒီခေတ်မှာတော့..ပိုများ ဆိုးနေလေသလား။ မိန်းကလေး တယောက် လူစိတ်ဝင်စားအောင် ၀တ်စားပြီး..သီချင်းတပုဒ်ဆိုရင်း..လှုပ်ခါပြနေတာ.. အနုပညာ မှ မဟုတ်တာ။ ယောက်ကျားလေးတယောက်.. အတုမြင် အတတ်သင်..ပုံစံ ၀တ်စား ကားယားပြီး.. ပေါ်ပင်ဂီတ တခုကို ရွတ်ဖတ်နေတာ.. အနုပညာ ဟုတ်ရဲ့လား။
-
နိုင်ငံတကာ ဂီတ တွေမှာ.. ရက်ပ်တွေ..ဟစ်ပ်ဟော့ပ် တွေ.. အသစ် အသစ် ဖြစ်ထွန်းလာပေမဲ့.. ဂျပ်ဇ်တွေ..ဘလူးစ် တွေ.. ကန်းထရီး တွေ လည်း..သူ့ဖာသူ သပ်သပ် ဆက်တည်ရှိ ခိုင်မြဲ နေတာ.. စိတ်ချမ်းသာစရာ ဘယ်လောက်ကောင်းသလဲ ။ ကိုယ်တိုင်တောင် ဘယ်လိုမှ နားထောင်လို့ မရတဲ့.. အော်ပရာ ဂီတ တောင်..သူ့ပရိသတ်နဲ့သူ..လူကြိုက်များနေသေးတာပဲ။
-
သူဆိုရင်လည်း .. ဟန်ထွန်းကို အားပေးသလို..လေးဖြူလည်း တချို့ကြိုက်တာပဲ။ ဖြူဖြူကျော်သိန်းကို.. မဆိုးဘူးလို့ လက်ခံ မိတဲ့ အချိန်မှာ..မိုးဟေကို ဆိုတာ..အဆိုတော် မဟုတ်မှန်း သိနေတာပဲ။ ကိုင်ဇာ သီချင်းတွေ ပြန်ဆိုတော့ ပျော်သလို.. ခင်မောင်တိုးကြီး..ကို ဘီယာဆိုင်မှာပဲ ဆိုတာလို့ ပြောရင်..စိတ်နာချင်သည်။ ကိုမောင်မောင်တို့ ကိုနေ၀င်းတို့ သီချင်းတွေ နှမြောလှသည်။ သေချာတာတော့..စိုင်းထီးဆိုင် နဲ့ ထူးအိမ်သင်ကို..လူ့ပြည်ကို ပြန်ခေါ်ထားချင်လှသည်။ ခင်ဝမ်းကြီးရဲ့ ပန်းချီဆန်တဲ့ သီချင်းတွေ ကိုလည်း..ခမ်းခမ်းနားနား ချိတ်ဆွဲထားတာမျိုး မြင်ချင်သည်။ မောင်ကိုကို..ဦးချစ်ဆွေ နဲ့ ဦးလှထွတ် ရဲ့ စန္ဒယားလက်သံတွေကို ကွဲကွဲပြားပြား မဆန်းစစ်တတ်ပေမဲ့.. ကိုစောညိန်း ရဲ့ တယောသံ နွဲ့နွဲ့ ကိုတော့..သီးသီးသန့်သန့် နားစွဲလှ သည်။ သန်းသန်းဆင့် ရဲ့ ရေဒီယို သီချင်းလေးတွေကို ဘယ်မှာ ပြန်ရှာ ရမှန်း မသိနေတဲ့ အချိန်မှာ.. မာမာအေးအတွက်လည်း..ဂုဏ်ယူကျေနပ် လှသည်။ မစိမ်းစိမ်း ရဲ့..“ ရွှေမန်းဆီ သို့..” ကိုလည်း.. တခါတခေါက်တော့..ရောက်ချင်မိအောင်..စွဲလန်း ရတာပင်..။ မေရှင်တို့.. ဒိုရာသန်းအေး တို့ ရဲ့ တချို့သီချင်းတွေက ရွှေတိုင်ညွန့် ရဲ့ ကော်ပီ လက်ရာတွေ မှန်း သိပေမဲ့.. တန်ဖိုးထား မြဲ ထားသည်။ မကြည်အောင်ရဲ့ အသံလေးလေး ကြီးကို ကြိုက်သမို့..ဥသြဘသောင် ရဲ့ အသံသြ ကြီးကိုလည်း နှစ်လို လှသည်။
-
ဘာပဲပြောပြော..ဂီတက..အပြောကျယ်ပါတယ်လေ.. မပြောပါနဲ့တော့။
-
+++++++
-
ဆိုတာကတော့..ဆိုအုံးမယ်လေ..။ အသံကောင်း တဲ့သူမှ..အဆိုတော် ဖြစ်တတ်တာပေမဲ့..အသံမကောင်းတဲ့သူ.. အပျော် သီချင်း မဆိုရဘူးလို့တော့ မရှိဘူး မဟုတ်လား..။ ပတ်ဝန်းကျင်ကိုတော့..စိတ်ညစ်အောင် မလုပ်ပါဘူး။ ဖြစ်နိုင်ရင်..စန္ဒယားတလုံး နဲ့ မြန်မာသီချင်းတွေ တော့..တက်ချင်သေးသည်။ အင်းလျားဆောင် ညစာစားပွဲ တွေ နီးလာတိုင်း..ညဖက် ညဖက်..စာကျက်ချိန် ဖျက်ပြီး..အော်ဂန်န် တလုံးနဲ့ သီချင်း တိုက်ခဲ့ ကြတာ..မနေ့ တနေ့ကလိုပါပဲ..။ ဟိုး လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က..မိုးကုတ် ချမ်းသာကြီးဘုရား ခြေရင်းက..တန်ဆောင်းကြီးထဲမှာ..မြို့ခံတွေ နဲ့ သူတို့ ကွင်းဆင်းအုပ်စု တွေ စန္ဒယားကြီး နဲ့ သီချင်းတွေ ဆိုခဲ့ကြတဲ့..ညလေး တည ကိုလည်း..အမြဲ သတိရနေသေးသည်။ နောက်တခါ သူအမြဲ အမှတ်ရ နေမိတဲ့..စန္ဒယားကြီးကတော့.. ဂီတ မိတ်ဆုံ စားပွဲလေးတခု ရဲ့ အလယ်မှာ…။
-
အဲဒီညက..ရှမ်းကန် မှာ သူတို့ မောင်နှမ တွေ.. သွားစားကြတော့.. စားပွဲတွေ လူတွေ အတော် ကြပ်နေတော့..ဘယ်လိုဖြစ်ပါလိမ့် ပေါ့… ။ ကြည့်လိုက်တော့မှ.. အလယ်ခေါင် စားပွဲ တွေကို ..နေရာယူ ပြီး မိတ်ဆုံစားပွဲ ကျင်းပ နေတဲ့ ရန်ကုန် တက္ကသိုလ် စိတ်ပညာ ဌါန က.. ဆရာ-ဆရာမ ကြီးတွေ ကို.. တွေ့လိုက်ရသည်။ ခဏ နေတော့..စန္ဒယား ဆရာက..သီချင်းတွေ စတီးလေပြီ..။ ဆရာမကြီးတွေက.. ချစ်စရာကောင်းလှတဲ့ အသံ လေးလေးကြီးတွေ နဲ့..တယောက်ပြီး တယောက် ဆိုကြ.. သံပြိုင် အားပေးကြ..။
-
“ တက္ကသိုလ် ကျောင်းက ငွေလမင်း ” “ ချစ်ရက်ရှည်ရှည် အင်းလျားမြေ” “ တက္ကသိုလ်ကျောင်းသူ တဦး” အိုး..သူ ကြိုက်တဲ့ သီချင်းတွေ ချည်းပဲ။ ကိုယ့် အစာတောင် ကိုယ် မစားနိုင်..သူတို့ စားပွဲကို ငေးပြီး ပျော်နေရတာ။ သူတို့ကို ကြည့်ရတာ..ပင်စင်စားတွေ..ပင်စင်နီးတွေပေမဲ့ ..လူငယ်လေးတွေလို..နုရွယ် ပျိုမြစ်နေအောင်..ဂီတက..ဖမ်းစားထားတာများ .. ဟိုး-လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က..ကျူတာ ပေါက်စ လေးတွေ လိုပဲ..။ ခပ်သာသာ တောင်းဆိုသံ တချို့ နောက်မှာ တော့..ဟိုးဖက်ထိပ် စားပွဲက..လူကြီးတယောက် ထွက်လာပြီး..ဒီဖက်နား စားပွဲအစွန်က..ခပ်၀၀ ဆရာမကြီး တယောက် ဆီ..လျှောက်လာတယ်။ ပြီးတော့..ဆရာမကြီး ဘေးက..ပြုံးနေတဲ့..လူကြီးကို ခွင့်ပန်ဟန်ပြု ပြီး.. စန္ဒယားကြီး ဆီကို ဦးဆောင် ခေါ် သွားတယ်။ အားလုံး တိတ်ဆိတ်နေတဲ့ တခဏ.. စန္ဒယား သံစဉ် ချိုနွဲ့ နွဲ့ နဲ့အတူ..
-
....မူယာပုံနှုံး ချိုပြုံးတဲ့ သူရယ်.. စိတ်နှလုံး တော်ကြည်လှတယ်..ပင်ကိုယ်ချော..သဘောမူရာကြွယ်..ဇမ္ဗူဒီပါ ၀ယ် ရှားလောက်ပေတယ်..အသားတော် ညိုပြာညက်ရယ်.. ရွှေနန်းထက်ဝယ်…သူဇာနွယ်..သက်လယ်..
-
လက်ခုပ်သံ တွေ အတောမသတ်.. ဆူညံ သွားတဲ့ အချိန်မှာတော့ ..ဆရာမ ၀၀ ကြီးက..သူ့ရင်ဘတ်ပေါ်က..
ပုဝါ အဖြူလေးကို.. လက်ကလေးနဲ့ ခပ်တင်းတင်း ဆုပ်ရင်း..ရှက်သွေးတွေ ဖြာသွားတာ ကို.. သူတို့ စားပွဲ တွေ ဆီကတောင်..မြင်လိုက် ရသလို..။

.....ချစ်ရေးကို မြူတယ်..ကြိုက်ဖို့ဖြင့် သူဆွယ်..ယုံလောက်အောင် ပဲတကယ်.တွေ့လိုက်ရင်..ချွဲတယ်…
ဆရာမကြီး နဲ့ အတူ..သူပါ လိုက်ဆို နေမိခဲ့တာ.. အဲဒီတုန်းက..။

++++++

နောင် အနှစ် ၂၀ လောက်ကျလို့များ .. သူတို့ မိတ်ဆွေ သူငယ်ချင်းတွေ.. ဘလော့ဂ် ရေးဖော်ရေးဖက်တွေ.. အသက်တွေကြီး .. ဘ၀ တွေ အနည်ထိုင်.. ကိုယ်ခန္ဓါတွေ လေးလံ လာတဲ့ အချိန်မှာ.. စိတ်တွေ ပေါ့ပေါ့ပါးပါး နဲ့.. အဲဒီလိုမျိုး.. မိတ်ဆုံစားပွဲကြီးတခုကို.. သီချင်းတွေ နဲ့ တည်ခင်း ဖြစ်ကြမယ် ဆိုရင်……

( ရွာသားလေး ရေးခိုင်းထားတာ ကြာပြီဖြစ်တဲ့..နောင်လာမဲ့အနှစ်နှစ်ဆယ် အတွက်..ပေါင်းရေးလိုက်ပါတယ်)း) RSVP


Share/Bookmark

ကလေးမြေအောက်တေးများ

ညီမ ဇီဇ၀ါ တယောက်.. ဘာတွေများ အကြံတွေ ဆန်းပြီး..ကလေးဘ၀က..ပေါက်ကရ ကဗျာများ အကြောင်း ရေးပေးပါလို့.. တောင်းဆို ပါလိမ့်။ အင်း..လန်ဒန်က.. သူ့ မြန်မာစာ တပည့်ကျော်တွေကိုများ..“မြန်မာ့ကလေးဂန္ဓ၀င်စာပေများ” ဆိုပြီး သင်ပေးမလို့လား မသိပေ။း)
-
ပေါက်ကရလေး တွေ ဆိုပေမဲ့..တကယ်စေစေ့ တွေးကြည့်တော့..ဒါလေးတွေ ..ဘယ်က ရောက်လာတာလည်း..စိတ်ဝင်စားစရာ ကောင်းလှသည်။ ပေါက်ကရ..ရီစရာ..ညစ်တီးညစ်ပတ် လေးတွေပဲ ဆိုဦးတော့..ဒီလို စာချိုးလေးတွေကို…ကလေးတွေကတော့ဖြင့်..မစပ်နိုင်ဘူးလို့ ထင်မိသည်။ ကလေးမကျ..လူကြီးမမယ်သေးတဲ့..လူငယ် လူပျော်လေးတွေကပဲ စပ်ပြီး..မောင်ငယ် ညီမငယ်တွေကို..နောက်ရင်း ပြောင်ရင်း..မူလတန်းကျောင်းတွေမှာ..ပျံ့နှံ့လာတတ်တာမျိုး ဖြစ်ပေလိမ့် မည်။
-
ကလေးဘာသာ ဘာဝ ဒီလို ပေါက်ကရ ဆိုရင်.. ကျောင်းစာ..ကဗျာထက် ပို ဆိုချင် ရွတ်ချင်သည်။ တတ်လွယ် မှတ်လွယ်သည်။ နောက် ထူးဆန်း တာက..အခု..မမိုးချိုသင်း နဲ့ ကိုဇူလိုင် ရေးပြတော့..လာပေးတဲ့ မှတ်ချက် တွေထဲက.. ကဗျာ အပိုင်းအစ လေးတွေက လည်း..မယုံနိုင်စရာကောင်းလောက်အောင်..တဒေသ နဲ့ တဒေသ..အတော် တူနေကြတာ တွေ့ရတယ်။ တကယ်ဆို..အဲဒီ ခေတ်တွေက.. ကူးလွယ် ပြန့်လွယ်..မီဒီယာ တွေလည်း ဒီလောက်ပေါများတာ မဟုတ်။ အဲဒီတော့..ဖြစ်နိုင်တာက..ရုပ်ရှင်တွေ ထဲကများလား။ အင်း..သိတော့ပါဘူး။ ကိုယ် တွေ အော်ခဲ့ဖူးတာ တွေ ပြန်တွေးကြည့်တော့.. ရုပ်ရှင် မင်းသား မင်းသမီး နံမယ်တွေကို သုံးတာ မျိုးတွေ..မှတ်မိနေသည်။

ဥပမာ- ကိုယ်တို့ ငယ်ငယ်က..အော် အော်ဆိုခဲ့တာလေး တခု..

ဝင်းဦး နဲ့ဝါ၀ါ လမ်းလျှောက်လို့လာ
ဝါ၀ါက စိတ်ဆိုး..၀င်းဦး ထိပ်ကို ထိုး
ဝင်းဦးက မခံနိုင် တရားရုံးကိုတိုင်
တရားရုံးက..ဆလံပေး
ဝင်းဦး - င် လှန်ပြေး


နောက်… ရှိသေးသည်။

လေးလေးလီ ဆယ့်ခြောက်- လက်မြှောက်
ပါတာအကုန်ထုပ်- ပေါင်မုန့်
ပေါင်မုန့် ဒါးနဲ့လှီး- လက်သီး
လက်သီးရွှေချ-ရွှေဘ
ရွှေဘ တွင်းတူး-၀င်းဦး
ဝင်းဦး စင်ပေါ်တင်- ဇော်ခင်
ဇော်ခင် ဒါးနဲ့ထိုး- ဂျပိုး
ဂျပိုး ဆားနဲ့သိပ်- ငချိတ်
ငချိတ် ပဲနဲ့ပေါင်း- ငချိတ်ပေါင်း


း)တကယ် ရီရ တယ်နော်။ ဒါတောင်..ဒီဟာလေးက..တော်တော် ရှေးကျပုံရသည်။ ဘာလို့ဆို..ကိုယ်တို့ငယ်က..၀င်းဦးတို့ ဇော်ခင် တို့ ရွှေဘ တို့ ခေတ်မှ မဟုတ်တော့တာ။ သေချာတာကတော့..လေး-လေးလီ ဆယ့်ခြောက်မှန်း..အသေအချာ ရနေပေပြီ။ ခုနေ ပြန်ကြည့်တော့မှ.. သူငယ်တန်း ဖတ်စာလေးတွေနဲ့တောင် ခပ်ဆင်ဆင်..ကာရန် အချိတ်လေးတွေကလေ..။ မြေအောက်..သူငယ်တန်းဖတ်စာ လို့ပဲ ပြောရတော့မယ် ထင်ရဲ့။
-




(ကလျာမိတေ ၏ ကာတွန်းများမှ-)

နေအုံး..အခု တူတွေ တူမတွေ..ဟန်ကျ ပန်ကျ..သံပြိုင်ဆို နေကြတာ ရှိသေးသည်။

တစ် ..နှစ်..သုံး

သုံးတာက..ပိုက်ဆံ
စန္ဒာက..ကျော်ဟိန်းမိန်းမ
မတာက ဘိုးဘိုးအောင်
အောင်တာက စာမေးပွဲ
ပွဲတာက သီတင်းကျွတ်
ကျွတ်တာကလုံခြည်
ချည်တာကကြိုး
ကျိုးတာကလက်
လက်တာကကျောက်
ကျောက်တာက သရဲ
ရဲတာကသွေး
သွေးတာက သနပ်ခါး
ခါးတာကဆေး
ဆေးတာကပန်းကန်
ကန်တာကဘောလုံး


လုံးတာကတော့..ဘာမှန်း မသိတော့ဘူး ။ ဘယ်နေရာမှာ ဘယ်လို အဆုံးသတ်သွားလည်း မသိတော့။ အမယ်.. သူတို့က..ဒီဟာများ ဆိုပြီ ဆိုရင်.. အသံက..အကျယ်ကြီး..။ အလုအယက်တောင် အော်ကြရတာ။း)
တကယ်ဆို..သူတို့ဆိုတာလေးက..မဆိုးလှပေ။ တြိယာပုဒ် နဲ့ နာပ်ပုဒ်ကလေး တွေကို အလွယ်တကူ တွဲစပ် မှတ်ယူနိုင်တဲ့.. သင်ခန်းစာလေး ဆိုရင်တောင် မမှားပေ။
-
ဟုတ်တော့ ဟုတ်တယ်..။ ဘာပဲပြောပြော..ဒါလေးတွေက..ဇီဇ၀ါပြောသလို..စုပေါင်းပြီး သိမ်းထားရင်..အကျိုးမနဲပေ..။ ခေတ် ကာလဖြတ်သန်းမူ..ကလေး စိတ်ပညာ..ဆိုတာတွေအတွက်..အသုံးဝင်ကောင်း
ဝင်ပေလိမ့်မည်။
-
ဒီ့ထက်ပိုကောင်းတာက..ကလေး ကစားနည်းတွေ နဲ့ တွဲစပ်နေတဲ့..ကဗျာလေးတွေက..ပို စိတ်ဝင်စားစရာ..ချစ်စရာကောင်းတာ။ ငယ်ငယ်တုန်းကဆို..ပြေးလွှားဆော့လို့မရတော့တဲ့အခါမျိုးတွေမှာ.. အိပ်ယာထဲမှာ..မောင်နှမတွေ မအိပ်ချင်သေးတဲ့ အခါ မျိုးတွေမှာ.. တိတ်တိတ်ဆိတ်ဆိတ်..လက်ချောင်းလေးတွေ ဖြန့်ပြီး.. ဆော့တတ်တဲ့..စာချိုးလေးကိုလည်း သတိရသွားပြီ။

တပြား နှစ်ပြား ပဲလင်ပြား
ပြားလက် စက္ကူ အလံထူ
ထူထူထဲထဲ ပိုးကောင်ထဲ
ပဲရေသောက် နို့ရေသောက်
တောက်တီး တောက်တဲ့ ဟလ၀ါ
ဗဒါဗဒီး..အောက်ကစီး
နီးနီးကြောင်ကြောင် ပိုးရွှေကောင်
ရွှေတောင်ခမဲ ..လက်ဝဲ တချောင်းထွက်
….. ဆိုတာ တခါပြီးလို့..ထွက် က..ကိုယ့်လက်ချောင်းလေးတခု ပေါ်ကျလာရင်.. အဲဒီ လက်ချောင်းလေးကို ခေါက်ထားပေါ့။ လက်ဆယ်ချောင်း ကုန်အောင်ဆို.. ဘယ်နှယ်ခါလောက်တောင်…ဒီကဗျာလေးကို ရွတ်ခဲ့ရမယ် မသိ။ ပြီးတော့..အိပ်ချင်လာရောပေါ့။ အတော်ကောင်းတဲ့..ဆော့နည်းလေးပင်။

ဒီလိုမှ လက်ချောင်းလေးတွေ မလုပ်ချင်ဘူး ဆိုရင်.. လက်သီးလေးတွေ ဆုပ်ပြီး..
အုန်းသီးလေးလုံး မလေးလုံး
တလုံး ဆွမ်းတော်တင်..
တလုံးရေထဲကချ
ငါဆယ်လို့ရ ------
ဆိုတာမျိုးလေးတွေ။

ကဲ.. ဇီဇ၀ါရေ.. ကလေးစာပေတွေ ရေးပေးပါ ဆိုလို့.. ပေါက်ကရ က..စရေးပေးလိုက်ပြီ။ ထုတ်ဝေသူ ရှာပေးပေတော့။း)
သြော်- ကိုယ်သိတဲ့ စာချိုးလေးတွေ ရှိရင်..ကွန်မန့်မှာ ရေးပေးခဲ့ပါ။ စုဆောင်းထားချင်လို့ပါ တဲ့။ ကျေးဇူး-


Share/Bookmark

ဘလော့တလုံး..လက်တစုံ..ဆန္ဒတပွေ့

ဘလော့တွေ ခေတ်စားလာတာ အတော်လေးကြာသွားခဲ့ပြီ။ ကိုယ်တိုင် ဘလော့ ရေးခဲ့ တာလည်း..၂ နှစ်ကျော်ခဲ့ပြီ။ ဘလော့ရဲ့ သဘောသဘာဝ ကိုလည်း.. တော်တော် တန်တန် သဘောပေါက်လာခဲ့ပြီ။
တကယ်ဆို- ဘလော့ မှာ စာတွေရေးကြပေမဲ့.. တကယ့် ပင်မ စာပေ ရေစီးနဲ့တော့..ဘယ်လိုမှ မတူနိုင်ခဲ့ပေ။ ဖြစ်ခြင်းဖြစ်နိုင် ရင်.. မြစ်လက်တက် တခု လို..ပေါင်းစုံ သွယ်ယှက် နိုင် တဲ့ သဘောသာ ဆောင်ပေလိမ့်မည်။ ဒါကလည်း..ဘလော့ပေါ်က..စာတွေက..တကယ့် ပုံနှိပ်စာပေ တွေလောက်.. အဆင့်မမှီ ဘူးလို့..ဆိုလိုရင်း မဟုတ်ပြန်။ မတူညီတာတွေက..အများသားပင်။

ဆိုပါတော့..။ မဂ္ဂဇင်း ဆောင်းပါးတပုဒ်ရေးဖို့..ရင်းမြစ် အကြောင်းအရာ ခိုင်လုံရမည်။ စာရေးသူက..အချိန် အတော် ယူကောင်း ယူမည်..။ အထပ်ထပ် ပြင်ဆင် အချောသပ် ဖြစ်မည်။ အများပြည်သူ မဖတ်သင့်တာတွေ မပါရလေအောင်..အဆင့်ဆင့် တည်းဖြတ် သုတ်သင်ရ နိုင်သေးသည်။ ဘလော့ရေးခြင်းမှာတော့.. အဲဒီ အချက်တွေ အင်မတန် နည်းပါး ၍ မရှိသလောက်ပင် ထင်ရသည်။ ဒါကိုလည်း.. အားနည်းမူ လို့.. လုံးလုံးလျားလျား မသတ်မှတ် ချင်ပါ။
-
ဘလော့လို့ပြောလိုက်ရင်..စာပေ တခု ဆိုတာထက်.. ဆင်ဖမ်းတာတွေ..ကျားဖမ်းတာတွေ ကို ..အရင် တွေးမိ နိုင်သေးသည်။ တကယ်လည်း.. အဲဒီ..ဆင်တွေ ကျားတွေ ဖမ်းတဲ့ပွဲ တွေ ရှိသည်။ လိပ်တွေ..ဖားတွေလည်း ဖမ်း တတ်ကြသည်။ တချို့စာဖတ်သူတွေဆို..ဘလော့တွေ ပေါ်မှာ.. မျှော်လင့်ချက်တွေ အတော်ပုံ ထားတတ်ကြသည်။ ဘာရေချိန် ညာရေချိန်တွေ လည်း..တိုင်းတတ်ကြသည်။ အဲဒီလိုပဲ.. ဘလော့တွေ နောက်က..ဘလော့ကာ တွေကိုလည်း.. ဟိုက..တစ..ဒီက တစ..အရုပ်ကားချပ် စပ်ကြည့် ဖို့ ကြိုးစားကြသည်။
-
တကယ်တော့..ဘလော့တခုစီတိုင်း ရဲ့ နောက်မှာ..လက်တစုံစီ နဲ့..စိတ်ဆန္ဒတချို့သာ..ရှိနေကြတာပါ။ ဘလော့တွေ ပေါ်မှာ..ဆင်မဖမ်းနိုင်ပါဘူး..ကျားလည်း မဖမ်း နိုင်ပါဘူး။ စာရေးတဲ့ သူတိုင်းကလည်း..သူ့စာတွေ လောက်.. ပြည့်စုံ လှပ ( သို့မဟုတ်) စိတ်ပျက် စရာ ကောင်းနေ မယ် လို့ မထင်မိပါဘူး။ သို့ပေတည့်.. Google blogger မှာ ရေးထားတဲ့ express yourself online ဆိုတဲ့ စာသားလေးလို.. တနည်းတဖုံ နဲ့တော့..ကိုယ့်ကို ကိုယ် ဖော်ပြ နေကြတဲ့..ဘလော့ကမ္ဘာကြီး ပါ။
-
ကိုယ်တိုင်လည်း..ဘာတွေ ရေးဖြစ်သလည်း..ဘာတွေ ဖော်ပြ ဖြစ်သလည်း..ဘာတွေ ထွက်ပေါက်ရှာခဲ့ဖူးသလည်း.. ဆိုတော့..အမျိုးစုံတော့ ရေးဖြစ်နေခဲ့သည်။ တခါတလေလည်း ပေါ့ပေါ့ပါးပါး.. ။ တခါတလေလည်း..ထူထူထဲထဲ..။ တခါတလေလည်း လေးလေးနက်နက်။ အမှန်အတိုင်း ပြောရရင်တော့.. ဘလော့ရေးခြင်းကို..အတော် နှစ်သက်မိပါသည်။ စာရေးဆရာ ဆိုတာထက် စာရေးသူ ( Writer ) သက်သက်သာ ဖြစ်ချင် တဲ့ အတွက်ကြောင့်..စာဖတ်သူ အသင့်အတင့် ရှိတဲ့ ဒီနေရာလေးမှာ.. စိတ်ထဲ တွန်းအားပေး လာသလို.. အတွေးထဲ ပေါ်လာသလို.. တစုံတယောက်ကို ဖွင့်ဟချင်လာသလို.. သိသလောက်..ဖတ်သလောက်..မြင်သလောက်.. လျင်လျင်မြန်မြန် ဖော်ပြ နေရတာ..အင်မတန်ကို အဆင်ပြေနေသည်။ အဲဒီ အတွက်.. တခါတလေ.. ချို့ယွင်းချက်တွေ ရှိကောင်း ရှိနိုင်သည်။ အသေအချာကို ရှိပေလိမ့်မည်။
-
တလောက.. ကိုယ့်စာလေးတွေကို..စာအုပ်လေး လုပ်ပြီး..မိသားစု ကို ပေးဖတ်တော့.. သူတို့က..ဝေဖန် အကြံပြုသည်။ ကိုယ်မကျွမ်းတာတွေ ..( ဥပမာ..ဘာသာရေးလိုမျိုးတွေ) ကို..သတိ နဲ့ရေးဖို့..။ အငြင်းပွားဖွယ် ကိစ္စ ( ဥပမာ- ရိုဟင်ဂျာလိုမျိုး..ဂါဇာလိုမျိုး) တွေကို..ဘက်မလိုက်ပဲ..သေချာ လေ့လာပြီးမှ ရေးပါလား တဲ့။ ကိုယ့်မှာကလည်း.. အကြောင်းပြချက်က..အသင့်ပါ။ အဲဒီလို..ခိုင်ခိုင်လုံလုံ..ရေဆုံး ရေဖျား လိုက်ဖို့ဆို.. ခေါင်းစဉ် တခု အောက်မှာ..ပညာရှင်ပဲ လုပ်တော့မှာ ပေါ့ လို့။.အခု.. ကိုယ် ဘလော့ရေးတယ် ဆိုတာ.. စိတ်ထဲမှာ..ထိုးထိုးထောင် ထောင် ဖြစ်လာတာတွေ.. ဖျပ်ကနဲပဲ ဖြစ်ဖြစ်..မြင်လိုက် ကြားလိုက် သိလိုက်တာတွေကို.. လက်ဖက်ရည် ၀ိုင်းမှာ.. အုပ်စုလိုက် ငြင်းခုံ စကားပြောကြသလို..
ကော်ဖီဆိုင်မှာ..
သူငယ်ချင်း နှစ်ယောက် မျက်နှာခြင်းဆိုင် ထိုင်ပြီး ရင်ဖွင့် မိသလို...
အိမ်ကို ဧည့်သည်လာလို့ ဧည့်ခံစကားပြောသလို.. အဲဒီလောက်ပါပဲ။ အမှားအယွင်း ပါလို့..သဘောမတူ နိုင်လို့.. ငြင်းကြ ခုံကြ ရင်လည်း..ဒါဟာ.. လွတ်လပ်ခြင်း ရဲ့ အလှတရား တခုပါပဲ။ သင်ရိုးမကုန်သေးတဲ့ သင်ခန်းစာ တပုဒ်ပါပဲ။ ဘက် မလိုက်ဖို့ ဆိုတာကလည်း.. စာတပုဒ်ကို ဘယ်လောက်ပဲ ဘက်မလိုက်အောင် ရေးရေး.. စာထဲမှာ..စာရေးသူကို ဖတ်လို့ ရနေ တာက..မျက်လှည့် တခုမှ မဟုတ်တာ။
-
ဖတ်ဖူးတဲ့ ပုံဆောင်ချက် တခု အရ ဆိုရင်တော့ .. အခန်းတခန်းထဲကို ၀င်လာတဲ့ အခါ…
“ ငါ-လာပြီဟေ့” ဆိုတဲ့ လူနဲ့ “ ဘယ်သူတွေ ရှိနေပါလိမ့်..” ဆိုတဲ့ လူ နှစ်မျိုး ထဲမှာ.. ဒုတိယ လူမျိုးသာ ဖြစ်ချင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်..ဘလော့တလုံး ရှိနေအုံးမယ် ဆိုရင်.. လက်တစုံက လှုပ်ရှားနေနိုင်သေးတယ် ဆိုရင်.. စိတ်ဆန္ဒ တပွေ့တပိုက်ကိုလည်း..မပြစ်ချ နိုင်သေး သရွေ့တော့.. ဒီနေရာမှာပဲ..ဘလော့ ဖတ်သူ..ဘလော့ ရေးသူတွေ နဲ့ အဖော်ပြုနေအုံးမှာပါ..။
ဆန္ဒတွေ ပြ နေအုံးမှာပါ။

( ဘလော့ ၂ နှစ်ပြည့် ကတည်းက..ရေးဖို့ ရည်ရွယ်ထားတဲ့ စာလေးပါ..)


Share/Bookmark

ရောက်ခဲ့ဖူးတဲ့ ပြတိုက် များ


 

ခန့်ညားဝင့်ထယ် လှတဲ့ တိုင်လုံးကြီးတွေ နဲ့ ရောမဟန် ဆောက်လုပ်ထားတဲ့၊ လန်ဒန်မြို့ရဲ့ ကမ္ဘာကျော် ပြတိုက် ကြီး ထဲကို  ၀င်ဖို့၊  လှေကားကျယ်ကြီး တွေ ပေါ် အရင် မတက်နိုင်သေးပဲ၊ အရှေ့က နေပြီး၊ မော့ကြည့်နေမိ သည် ။ ဒီနေရာကြီး ကို ရောက်ဖူးချင် နေ ခဲ့တာ လေ။

ပြတိုက်၊ ပြခန်း တွေ ကို၊ ကြည့်ချင်၊ ကြည့်တတ် လာခဲ့သည် မှာ၊ အသက်အရွယ်ကြောင့် ချည်း သက်သက် တော့ မဖြစ်နိုင်။ သမိုင်း တွေ ကို၊ စိတ်ဝင်စား လာ လို့ လည်း ၊ ဖြစ်နိုင်သည်။ နေရာ အသစ် တခု ကို ရောက်ပြီ ဆိုတာနဲ့၊ အဲဒီ ဒေသ နေရာ အရပ်က ၊ ပြတိုက် ကို၊ သွားကြည့် ဖြစ်အောင် ကြည့်ဖို့က၊ တာဝန် တခု လို ဖြစ်လာသည်။ အဲဒါမှ၊ ဒီဒေသ ၊ ဒီလူတွေ ရဲ့ နောက်ခံ ဇစ်မြစ်ကို သိရှိ နားလည် နိုင်မှာ မဟုတ်လား။ 

အခု ဗြိတိသျှ ပြတိုက်ကြီးကတော့၊ ဒီဒေသ ဒီနိုင်ငံ အတွက် တင် မဟုတ်ပဲ၊ တကမ္ဘာလုံးက၊ လူသား ၀န်းကျင် သမိုင်း ဖြစ်စဉ် အထွေထွေ ကို၊ စုဆောင်း ခင်းကျင်း ထား လေ တာ မို့၊ ဘယ်လောက်တောင် စိတ်ဝင်စား ရင်ခုန် ဖို့ ကောင်းမလဲ ဆိုတာ၊ စဉ်းစားသာ ကြည့်ပေတော့။

အသက်ကို ခပ်ပြင်းပြင်း ရှု လိုက်ရင်း၊ လူတွေနဲ့ ပြည့်ကျပ် နေတဲ့၊ ၀င်ပေါက် ကြီး ဆီ၊ လှေခါးထစ် တွေပေါ်၊ ခပ်မြန်မြန် တက်လိုက်သည်။ ဟုတ်သည်။ မြန်မှ ဖြစ်မည်။ အကြာကြီး မှင်သက် ငေးမော နေလို့ မဖြစ်။ လန်ဒန် ကို ၀င်လည် ခွင့် ရတဲ့၊ အချိန်လေး တရက် နှစ်ရက် ထဲမှာ...လက်ညိုးထိုးမလွဲ၊  ကြည့်စရာ ရှုစရာတွေ ၊ သွားစရာ လာစရာတွေ ကို၊ အချိန်ဇယား ဆွဲ တော့၊ လန်ဒန်ပြတိုက် ကြီး အတွက်၊ သုံးနာရီ လောက် ပဲ အချိန် ရသည်။ အဲဒီတော့ “အိုကေ..အီဂျစ် နဲ့ အာရှ ပဲ ကြည့်ကြမယ်လို့..” အချိန်ဇယား ကို ထပ်ချုံ့ရသည်။ နောက်မို့သာဆို၊  သူတို့ အဆို အရ ၊ ဒီပြတိုက် မှာ၊ လက်ရာပစ္စည်းပေါင်း ၆ သန်းခွဲ ရှိပြီး၊  တခုကို  စက္ကန့် ၆၀၊ တမိနစ်လေး ပဲ ၊ ကြည့်ဦးတော့၊  မနားတမ်း ဆက်တိုက် ကြည့်ရင်တောင်၊  ၁၂ နှစ် ကြာသွားနိုင်တယ်တဲ့ လေ။

အာရှ ကိုတောင်၊ အရှေ့တောင် အာရှ နဲ့ တင်၊ အချိန် တော်တော် ပေး ရသည်။ အရှေ့တောင်အာရှ မှာတောင်၊ မြန်မာ ပစ္စည်းတွေ အနားမှာ က၊ ခွါမရ ။ ၀င်ဝင်ချင်း မှာကို ထီးထီးမားမား တွေ့လိုက် ရတဲ့၊ ရတနာတွေ စီခြယ်ထားတဲ့၊ ကုန်းဘောင်ခေတ် ဗမာ့ ဆွမ်းအုပ်ကြီး နဲ့တင်၊ ကျေနပ် ပီတိ တွေက၊ တသိမ့်သိမ့်။ ဘာတွေကို သိမ့်နေ မိပါလိမ့်။ တကယ်ဆို ဒီ ဆွမ်းအုပ်ကြီးက၊ မြန်မာပြည်က အမျိုးသားပြတိုက် မှာ ရှိနေသင့်တာမဟုတ်လား ဆိုရင်တော့၊ ကိုယ်တိုင် လည်း အသေအချာ ညင်းချက် မထုတ်နိုင်။ ဒါတွေက စစ်သိမ်း စစ်နိုင် ပစ္စည်းတွေ ။ ရခိုင်က စစ်သိမ်း လာ တဲ့၊ မဟာမြတ်မုနိ ဘုရားကြီးတောင်၊ မန္တလေး မြို့လည်မှာ၊ တင့်တယ် စံပါယ် နေသည်မှာ၊ နှစ်တွေ ကာလတွေ ဘယ်လောက် ကြာခဲ့ပြီလဲ။ အခု ဒီမှာ လည်း၊   လော့ဒ်မောင့်ဘတ်တန် သာ၊ လက်ဆောင် အဖြစ် ပြန်မပေး ခဲ့ရင်၊  သီဟာသန ပလ္လင်ကြီး ဘယ်နေရာ မှာ ရှိနေလိမ့် မလဲ လို့၊ အတွေးပို ကြည့် ဖြစ်အောင် ကြည့် လိုက်သေးသည်။

တနေရာမှာတော့၊ လှိုက်ကနဲ ဖြစ်သွားပုံက၊  ဆွေမျိုး သားချင်း တယောက်ကို မမျှော်လင့်ပဲ တွေ့လိုက်ရ သလို ။ တွေ့လိုက်ရတာက၊ မုန်ဗုံး ထဲ မှာ ဘောင်ခတ် ထဲ့ ထားတဲ့ ၊ ၀ိုင်းဝိုင်းစက်စက် မြန်မာ စာလုံးလေး တွေ ။ ရေးထားတဲ့ စာ ကလည်း၊ ငယ်ငယ်ကတည်းက၊ ကျက်မှတ် ရွတ်ဆို အလွတ်ရ လာခဲ့တဲ့၊ မြန်မာ ရှေးကဗျာလေး။ အိန္ဒိယ ရဲ့ ပင်ရင်း အက္ခရာ စာလုံး များ ဆိုတဲ့ အုပ်စု အောက်မှာ၊ ယှဉ်တွဲ ပြီး မြင်လိုက် ရတဲ့၊ ၀န်းဝန်း ၀ိုင်းဝိုင်း အခက် အလက် အစုံ နဲ့၊ အရှေ့တိုင်း အက္ခရာ လေး တွေ။  ဘင်ဂါလီ၊ တိဗက်၊ တမီးလ်၊ ဆင်ဟာလိ ၊ မြန်မာ။ နေပါအုံး.. ထိုင်း စာ အက္ခရာ တွေ လည်း၊ အဲဒီလို ၀န်းဝန်း ၀ိုက်ဝိုက် ကလေး တွေနဲ့ ပါဌိပါဉ်သား တွေ သုံးတာပဲ မဟုတ်လား ။ ဘာလို့ မပါသလဲ  မသိ ။ ထားတော့။ ကိုယ် နားလည် တဲ့ ပညာရပ် တွေ မဟုတ်။








 မြကန်သာ၊ တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်၊ ရေအေးကြည်စွာ
ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်၊ ဘုံဝတိံ သာ
နန္ဒာပေလော၊ တူစွဟုတ္တာ။ 


ကဗျာလေးကို၊ ပြန်ရွတ်ဆို ကြည့်မိသည်။ ရိုးရှင်းသလောက် ၊ ခမ်းနားသော ရှေးမြန်မာကဗျာကလေး။ စပ်တဲ့သူကို၊ အမည်မသိ။ ခေတ်က၊ ၁၁ ရာစု ဆိုတော့၊ ပုဂံခေတ် ထဲ က၊ ကျကျန်ခဲ့သော၊ စာတို ကလေး ဖြစ်မည်ပေါ့။ မှန်နန်းရာဇ၀င် ထဲမှာ ပါတဲ့၊ တူရွင်းတောင်ခြေ က၊ မြကန် ပဲ၊ဖြစ်လိမ့်မည်။ ဘေးက ကပ်ရပ် အင်္ဂလိပ် ဘာသာပြန် ကရော.. ဘယ်သူ ပြန်ဆို ထားသည် လည်းမသိ။

-Emerald lake- 
fed by a mountain stream, 
the waters enter running,
and circle cool and clear,
within unbreachable banks,

water lilies are fragrant
and all types of birds abound.
This is so like Nanda
that is in the heavens,
is this perhaps the self-same Nanda lake?

Unknown
11th century

အင်္ဂလိပ် ဘာသာပြန်ကလေး ကို ဖတ်နေရင်း၊ အတွေး မှတ်ညဏ် တချို့၊  ဖြပ်ကနဲ လင်းလာသည်။ ဒီအင်္ဂလိပ် ဘာသာပြန်ကလေး သည်၊  မြန်မာပြည် အိမ်က၊  စာအုပ်စင်ပေါ်မှာ ရှိတဲ့၊  စာရေးဆရာကြီး ဦးဝင်းဖေ(မြဇင်) ရဲ ‘ မြကန်သာ’ အင်္ဂလိပ် ဘာသာပြန် ကဗျာ ပေါင်းချုပ် စာအုပ် ကလေး ထဲက၊ မဟုတ်လား။ ၊ ဒါတွေ ဟာ၊ တကယ်တော့၊  မြန်မာ ရှေးကဗျာ စာပေ တွေ ကို၊ ခက်ခက်ခဲခဲ ထဲထဲ ၀င်ဝင် ၊ ဘာသာ စကား ဆင့်ပွား ပြန်ဆို ခဲ့ ကြတဲ့၊ မြန်မာ စာဆို ပညာရှင်ကြီးတွေ ရဲ့၊ နရီ ကာရန် အသံ ဖလှယ်မူ ဘာသာစကား အလှ တွေပဲ ။ ဦးဖေမောင်တင်၊ မောင်ဖြူး၊ မောင်ထင်၊ မင်းသုဝဏ်၊ ဇော်ဂျီ က စလို့ ၊ အခု ဦးဝင်းဖေ တို့ ပါရဂူ တို့လို  ဘာသာစကား ကျွမ်းကျင်ပိုင်နိုင် တဲ့ စာဆို ပညာသည်တွေ အထိ ... သူတို့တွေ၊ ၀တ်မှုံ ထုံကူး လက်ဆင့်ကမ်း ခဲ့ ကြရင်းနှင့်ပင်၊  ရှင်မဟာ ရဌသာရ၊ လက်ဝဲသုန္ဒရ၊ နတ်သျှင်နောင်၊ မြ၀တီဦးစ ၊ မမြကလေး ၊ လှိုင်ထိပ်ခေါင်တင် စတဲ့၊ နန်းသုံးတော်ဝင် ရှေးမြန်မာ ကဗျာ စာဆိုကျော် တွေ ရဲ့ ၊  မြန်မာ စာလုံး ၀န်းဝန်း ၀ိုင်းဝိုင်း လေး တွေ သည်၊ ဘာသာဗေဒ စည်းဘောင်ကို လွန်မြောက် နိုင်ခဲ့ ကြသည်။ တဂိုး လို စာဆိုကြီးတွေရဲ့ ဘင်္ဂါလီ အက္ခရာ စာလုံး သွယ်သွယ်ယွန်းယွန်း တွေ က၊ မြန်မာအက္ခရာစာလုံး တွေ အဖြစ်၊ ပြည့်ပြည့် ၀န်းဝန်း ထွန်းလင်း ခဲ့ ရသည်။ လယ်တီဆရာတော် လို၊ ဦးဖေမောင်တင် လို ပညာရှိ တွေ ကြောင့်၊ အနတ္တလက္ခဏာကျမ်း လို မှန်နန်းရာဇ၀င် လို ၊ ပါဠိ စာပေ ၊ သင်သက်ကရိုက် အက္ခရာ တွေက ၊ ရောမအက္ခရာ အင်္ဂလိပ်စာ တွေ အဖြစ်၊ ကျယ်ပြန့်ခဲ့ရသည်။

စာပေ အက္ခရာ သင်္ကေတ တွေ ဆိုတာ၊ အသံ ဘာသာ စကား ထက် ပိုပြီး ထူးခြားနေတဲ့ အပြင်၊  အမြဲ တွဲလျက် လည်း မရှိ နိုင်ဘူး ဆိုတဲ့  အကြောင်းရင်း တွေ ကို၊ စေ့ငု နေမိသည်။ အကြမ်းဖျင်း အားဖြင့်တော့၊ ယဉ်ကျေးမူ လူ့သမိုင်း တခု ရဲ့ အကျယ်အပြော အတိမ်အနက် ကို ချင့်တွက် ကြည့် နိုင်သည် မဟုတ်လား။ ဒါဆိုရင် ၊ သမိုင်း ဆိုတာ၊ စာပေပညာရှင်တွေက ဖော်ညွှန်းခဲ့ တာလား.. စစ်သေနာပတိ ကြီး တွေက ပုံဖော် ခဲ့တာလား... ရှင်ဘုရင် အကြီးအမှူး တွေက ကြံစည် ခဲ့တာလား..အနုပညာသည် တွေ ၀န်းရံ တည်ဆောက် ခဲ့တဲ့ ယဉ်ကျေးမူ တွေ ပဲ လား...။ ယဉ်ကျေးမူ နဲ့ သမိုင်း  ဆိုတာ ...ခွဲခြားလို့ မှ မရတာပဲ။

အဲဒီလို..ယဉ်ကျေးမူ နဲ့ သမိုင်း တွေ ဆင့်လောင်း ပေါင်းစပ် ထား တဲ့၊ အမျိုးသားယဉ်ကျေးမူ သမိုင်း ပြတိုက်ကြီး နောက်တခု ကို ၊ မနှစ်နွေ ကပင်၊ ရောက်ခဲ့ သေး သည်မဟုတ်လား...။

++++++++ 
 ပြည်လမ်း ပေါ်မှာ ရှိတဲ့၊ ပြတိုက်သစ် ကြီး ရဲ့ အရှေ့က၊ ၀င့်ကြွားဟန်ပို လှ တဲ့၊ ယောင်တစောင်း နဲ့ အရုပ်ကြီး သည်၊ ဓါးကြီးကို ခါးကြားချိတ်လျက်... မြန်မာ့ အမျိုးသား ယဉ်ကျေးမူ တွေကို ၊ စောင့်ရှောက် နေ လေဟန်...။

သူကသာ ဓါးကြီး ခါးကြားချိတ်စောင့် နေပေမဲ့.. ပြတိုက်ကို လာသူက၊  လောလောဆယ်၊ အ၀င်ပေါက်မှာ..ကိုယ် တယောက်ထည်း..။ အထဲမှာတော့..မိန်းကလေး တအုပ် ကို လှမ်းမြင် လိုက်သည်။ ခြောက်သွေ့ တိတ်ဆိတ်နေတဲ့..နွေနေ့လည်ခင်း တခု အောက်မှာ..သက်တောင့် သက်သာ ထိုင်ရင်း စကားပြောနေကြတဲ့ အစောင့် ၀န်ထမ်း သုံး -လေးယောက် ရဲ့  ခပ်အုပ်အုပ် ရီမောသံက လွဲလို့ သစ်ရွက် ခြောက်သံ တွေ သာပဲ   ခပ်ရှဲရှဲ ။ စိတ်ပျက်စရာ ကောင်းတာက  အထဲကို ကင်မရာ သယ်ခွင့်မရ ။ ဘာဆို ဘာမှ မသယ်ရ တဲ့ ။ အဲဒီတော့လည်း  ၀င်ကြေး ၅၀၀ ကျပ်ပေးပြီး လက်ဗလာ  မျက်စိကင်မရာ နဲ့သာ  ရိုက် ရ တော့ သည် ။ 

ဝင်ဝင်ချင်း အခန်းမှာ၊  မှန်ဘောင်အသီးအသီး ခတ်ပြီး ချိတ်ဆွဲ ပြသ ထားတဲ့ ၊ ခေတ်နှောင်း ၊ ခေတ်ဟောင်း၊ ခေတ်ပေါ်၊ ခေတ်ပြိုင် စာရေးဆရာ တချို့ ရဲ့ မြန်မာ စာ လက်ရေးမူ တွေက၊ ၀န်းပုံ ၀ိုက်ပုံ အမျိုးမျိုး၊ ဆွဲပုံ သတ်ပုံ အခြားခြား ။ မှတ်ချက် စာတို လေး တွေ တခုစီ နဲ့။ အဲဒါတွေ အားလုံး ရဲ့ ကြားထဲ မှာ၊ ထင်ထင်ရှားရှားကြီး ရှိနေတဲ့ ၊ ဆရာကြီး ဦးဖေမောင်တင် ရဲ့ ကြေးရုပ်တု က၊  မြန်မာ့စာပေ ကို ၊ ဘာသာဗေဒ အချုပ်အနှောင်က ၊ ဖြေလွှတ် နိုင်ခဲ့ ခြင်း ရဲ့ အစ ပေ ပဲ လား ။  
အဲဒီအခန်း နဲ့ ကပ်ရပ် ၊ ၀ါညိုညို အလင်းရောင် ခပ်မှိန်မှိန်သာ ပေးထားတဲ့  အခန်းကြီးထဲကို ရောက်သွားတော့၊ ကျောထဲမှာ စိမ့်တက်သွား သည်။  နီကျင်ကျင် ဟင်္သာပြဒါး တွေ ပေါ်မှာ၊ ရွှေရောင်တွေ  လွင့်ပျယ်စ ပြုနေတဲ့  သီဟာသန ပလ္လင်ကြီး က၊ ခန်းလုံးပြည့် ။ လန်ဒန်ပြတိုက်ကြီး ဆီ သယ်ယူ သွားပြီး မှ ၊  မြန်မာပြည်ကို ပြန်ပြီး ၊ လက်ဆောင် ပို့ပေး ခဲ့တဲ့၊ ဘိလပ်ပြန် ပလ္လင်ကြီးလေ။ သီပေါဘုရင် စစ်မရှုံးခင်က တော့ အာဏာ စက် တွေ ထက်ရှ ခဲ့မဲ့ ၊ ထိုင်ခံ ကြီးပေါ့။   ဒီ ရာဇပလ္လင်ကြီးပေါ်ကနေ   တောင်စွယ်နေကွယ်မှာ သတ်စေ... လို့ ၊ အသက်တွေ ဘယ်လောက်များ သေခဲ့ ကြရ မလဲ ။ ဒီပလ္လင်ကြီးရဲ့ အောက်ကနေ ၊  အသနားခံနေတဲ့ မျက်နှာတွေ ၊  ပြုံးပျော်ကျေနပ်နေမဲ့ ချီးမြှင့် မြှောက်စားမူတွေ ၊ကွယ်ဝှက် ဖုံးဖိ မြိုသိပ်ထားတဲ့ ရွံရှာ စက်ဆုပ်မူတွေ ၊ မော်ဖူးနေတဲ့ အလိမ်အညာ လက်စုံမိုး တွေကို  မြင်ယောင် ခံစားကြည့် တော့.... သမိုင်း ရဲ့ အရသာ ဆိုတာ  ဒါပဲ ထင်ပါရဲ့။

နေအုံး .. အာရုံထဲမှာ စွဲထင်ကျန် နေခဲ့တဲ့ ၊ ဒီလို ပလ္လင်ကြီး နောက်တခု ရှိသေးသည်။ အဲဒီ တရုတ်နိုင်ငံ ပီကင်းမြို့တော် က၊ ပလ္လင်ကြီးဆီ ကိုတော့၊ လူကိုယ်တိုင် ရောက်ခဲ့ ခြင်း မဟုတ်။ နောက်ဆုံးဧကရာဇ်ကလေး ပုရီ က၊  အမြင်အာရုံတွေက တဆင့် ခေါ်သွားခဲ့ ခြင်းသာ။ စစ်တင်မက၊ စနစ်ပါ ရှုံးသွားခဲ့တဲ့၊ တရုတ် ပဒေသရာဇ် တွေရဲ့ နောက်ဆုံး ဘုရင် ကလေး ခမျာ၊ သူ ထိုင်ဖူး ခဲ့တဲ့၊ ပလ္လင်ကြီးဆီကို၊ စက်ဘီးကလေးစီးပြီး ၊ မကြခဏ လာကြည့် တတ်သည်။ လူလစ်တဲ့ အချိန်  ပလ္လင်ကြီးပေါ်ကို တက် ကြည့်ဖို့ ကြိုးစားနေတုန်း အနားကို ရောက်လာတဲ့ ကျောင်းသားငယ်လေး တယောက်ကို ဒါ သူ ငယ်ငယ်က ထိုင်ဖူးတဲ့ ပလ္လင်ကြီး လို့ ပြောတော့ ယုံကြည်စရာ ဘယ်မှာ ရှိမလဲ။
 ပုရီ အတွက်တော့..သမိုင်းဆိုတာ...မယုံနိုင်စရာ လောကဓံ တရားရဲ့ အလှည့်အပြောင်းတွေ။

ဒုတိယ ထပ်က   မြန်မာ့ ဂီတ ပစ္စည်းတွေ  တိုင်းရင်းသားရိုးရာ အသုံးအဆောင်တွေက  စိတ်ဝင်စားစရာ မကောင်းလှ  ပြခန်း သက်သက် သာ ၊ ဆန်လှသည်။ လူခြေ လည်း ပိုပြီး တိတ်ဆိတ်နေသည်။  အခန်း အပြင် ထောင့်တနေရာ မှာ  အရောင်မှိန်မှိန် ရိုးရိုးအ၀တ်အစား သနပ်ခါးဘဲကြား နဲ့  ၀န်ထမ်း အမျိုးသမီး တယောက်  နေ့လည်စာ စားပြီးစ ထင်ရဲ့.... ထမင်းချိုင့်တွေကို စီရင်း လက်သုတ်ဝတ် တချို့ကို  ပြတင်းသံဇကာမှာ နေလှမ်းနေသည်။ ခပ်လှမ်းလှမ်း  အတွင်းကျကျ  ထောင့်တခု ရဲ့  ခုံတန်းရှည်တခု ပေါ်မှာတော့   စွပ်ကျယ် ၀တ်ထားတဲ့ ၀န်ထမ်း အမျိုးသား တယောက် လဲလှောင်း အိပ်စက်နေလေရဲ့။

အသိတယောက်က  ဓါတ်လှေခါး မသုံးနဲ့ လို့  သတိပေးတာကြောင့်  တတိယထပ်ကို တက်ဖို့ လှေခါးနား အရောက်မှာ  နိုင်ငံခြားသား အဖွဲ့တဖွဲ့ တက်လာတာကို မြင်လိုက်သည်။ တချို့က အနားက သန့်စင်ခန်းထဲ ကို ၀င်သွားကြတယ်။ အဲဒီတော့မှ  “နိုင်ငံခြားသားများ အတွက်သာ” ဆိုတဲ့.. သန့်စင်ခန်း ရဲ့ ဆိုင်းဘုဒ်လေး ကို သတိထားလိုက် မိသည်။

တတိယထပ် မှာက   နန်းတွင်း အသုံးအဆောင်  ရတနာ စိန်ကြုပ်  ပချုပ် အုပ်ခွက် တွေ။ ကတ္တီပါခင်း မီးထိုး ထားတဲ့ ၊ ပြခန်း ပြတင်းလေး တခု ပေါ်က၊ အမျိုးအမည် မခွဲခြားတတ်တဲ့ ၊ ရတနာစိန်ကျောက်တွေ အပြည့် နဲ့ နန်းသုံးပစ္စည်း တခု ရဲ့ နောက်မှာ၊ ၀န်ထမ်း တယောက် ထင်ပါရဲ့ ..  မီးကြိုးတွေ အေးအေးလူလူ တယောက်တည်း ပြင်နေတာ တွေ့ရသည်။ ဒီပစ္စည်းတွေ ရဲ့ လုံခြုံရေးက ၊ ဒီလောက်တောင်ပဲ စိတ်ချ လွယ်ကူ စရာ ကောင်း နေ လို့လား... ဒါမှ မဟုတ်... စိတ်ချ လက်ချ ထားနိုင်တဲ့ ရတနာ စိန်ကျောက် တွေပဲ မို့လား   တော့ မသိလေ။

ဧပြီလလယ် ရဲ့ နေ့လည် နေ အပူရှိန် က ၊ ပြင်းလှသည်။   စတုတ္တထပ်ကို ရောက်တော့ ချွေးစီးတွေ ပြန်လာလို့ ၊ လေအေးပေးစက်ကြီး နားမှာ ခဏ သွားကပ်နေ ရ သည်။ ဒီ အထပ်မှာက ၊ ပန်းချီ လက်ရာတွေ ဆိုတော့ ၊ အချိန်ယူပြီး ကြည့် ချင်သည်။ ဦးဘကြည်  ဦးငွေကိုင် က စလို့   ခေတ်ပေါ် ပန်းချီလက်ရာတွေ အထိ အတော်တော့ စုံလှသည်။ အပူ ပြင်းထန်၊ စိုထိုင်းဆ မြင့်လွန်းတဲ့ ၊ ရန်ကုန် ရာသီဥတု နဲ့ ၊ ဒီလို ဒီလောက်ပဲ ထိန်းသိမ်းထားနိုင်မယ် ဆိုရင်တော့ ၊   ပန်းချီကား တွေ  ကြာရှည်ခံပါ့မလား လို့၊ ပူမိပြန်သည်။
အပေါ်ဆုံးထပ်ကို ဆက်မတက်ချင်တော့။ အောက်ထပ်ကို ပြန်ဆင်းလာခဲ့သည်။ အောက်ဆုံးထပ်က၊ လက်မူပစ္စည်း အရောင်းဆိုင်လေးထဲ မှာ၊ မြန်မာတီးလုံးသံ လေး ခပ်ငြိမ့်ငြိမ့် ပြန့်လွင့်နေသည်။  အခုန အပေါ်ထပ်မှာ ဖြပ်ကနဲ သာ မြင်လိုက်ရတဲ့  နိုင်ငံခြားသား ခရီးသွားအုပ်စုက၊ ဟောဒီ အောက်က ဆိုင်မှာ ၊  ပစ္စည်းတွေ လျှောက်ကြည့် နေကြ တာပါလား။ သူတို့ အတွက်၊ အပေါ်ထပ်တွေ မှာ၊ ဘာမှ စိတ်ဝင်တစား အချိန်ပေး ကြည့်ရှုချင်စရာ မတွေ့ ကြဘူး ထင်ပါရဲ့။

++++++
အိတ်ထဲက ၊ ဖုံးမြည်လာတော့ မှ၊ ပြတိုက်ထဲက  ထွက်ဖို့ အချိန်တန် ပြီ ဆိုတာကို ၊ သတိ ထားလိုက်မိသည်။ ညနေ ၅ နာရီမှာ၊ လန်ဒန်က မိတ်ဆွေ တယောက် နဲ့ ပြတိုက် အထွက်မှာ ဆုံဖို့ ချိန်းထားသည်။  လေထု ကို ထိန်းညှိ ထားတဲ့ စိမ့်အေး နေတဲ့ ပြတိုက်ထဲ မှာ၊ အခုမှ ချမ်းဖို့ သတိရ လာသည်။ ပခုံးပေါ်မှာ တင်ထားတဲ့ အနွေးထည် ကို၊ လက်လျှို ၀တ် လိုက်ရင်း ၊ မြကန်သာ ကဗျာ လေး ကို၊ ဓါတ်ပုံ ရိုက်ဖို့ကို လည်း၊ ကံကောင်းလို့ ၊ ခုမှ သတိရ တော့သည်။ 

လန်ဒန်ပြတိုက်က ပြန်အထွက်၊  အလည်ခေါင် ခန်းမကျယ်ကြီး ထဲ ကို အဖြတ် မှာ ၊ ဥဒဟို သွားလာနေကြတဲ့၊ ပြတိုက်လာ ဧည့်သည် တွေ ၊ ခရီးသွားတွေ ၊ စားသောက်ဆိုင်တွေ ၊ လက်ဆောင်ရောင်းတဲ့ ဆိုင်တွေ ၊ နားနေဖို့ ဆိုဖာ ထိုင်ခုံ တွေ၊  လမ်းညွှန် ဆိုင်းဘုဒ် တွေ ကို ကြည့်ရင်း၊ ကျား နဲ့ မ သင်္ကေတ လေး ခွဲ ခြားတဲ့ ၊ သန့်စင်ခန်း သို့ ဆိုတာ လေးကို မြင်မှ ၊ အပေါ့အပါး သွားဖို့ သတိရ သည်။ ကျား နဲ့ မ  တင်မက၊ ကိုယ်လက်မသန်စွမ်းသူ တွေ အတွက်ပါ ၊ သီးသန့်ပြုလုပ်ပေးထားတဲ့ သင်္ကေတ အမှတ်အသားလေး ကို မြင်တော့ ၊ နိုင်ငံခြားသားများ အတွက်သာ ဆိုတဲ့ မြန်မာပြည် အမျိုးသားပြတိုက်က ဆိုင်းဘုဒ်ကလေးကို မြင်ဖြစ်အောင် မြင်ယောင်လိုက်မိ သေးသည်။ 

အိတ်ထဲက ဖုံးက၊ ထပ်မြည်လာပြန် သည်။ အမြန် ထွက်မှ ဖြစ်တော့မည်။   လန်ဒန်ပြတိုက် ထဲ ကရော၊ ရန်ကုန် ပြတိုက်ထဲ ကရော.. ပီကင်းပြတိုက် ထဲ ကရော... ထွက်မှ ဖြစ်တော့မည်။


ကေသွယ်
၁၇ အောက်တိုဘာ ၂၀၁၂
( ၂၀၀၉ ခုနှစ်က ရေးခဲ့သော စာကို အနည်းငယ် ပြန်လည် ပြင်ဆင် ထားခြင်းဖြစ်သည်)


Share/Bookmark

Conspiracy Theory


ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ ?

ဂန္ဓီကြီးကို ဘယ်သူသတ်သလဲ ?

ဂျွန်လင်နွန်ကို ဘယ်သူသတ်သလဲ ?

ဒိုင်ယာနာကို ဘယ်သူသတ်သလဲ ?

အန်နာပိုလစ် *ကို ဘယ်သူသတ်သလဲ ?

ဝီက်ရာ* ကို ဘယ်သူသတ်သလဲ ?

ဘုရားသခင် သိလိမ့်မယ်

---
---
---
အခု- ဘုရားသခင်ကို ဘယ်သူ သတ်သွားပြီလဲ ?
----------------------


* Anna Politkovskaya ( Rusian Human Right activist and journalist killed in 2006)
*Lasantha Wickramatunga ( Sri Lankan journalist killed in 2008)


Share/Bookmark

နှစ်လ နာရီ ခါရာသီရွေ့ပေမဲ့--

(ရေးသားသူ- နီဇူလိုင်)

ဇူလိုင် မိုးတွေ တဖွဲဖွဲ စွေနေတဲ့ ကလေး ဘ၀ တနံနက်မှာ ဖေဖေ့ စက်ဘီး ဘားတန်း လေးပေါ်မှာ ထိုင်ရင်း မြို့ကလေးရဲ့ အာဇာနည်နေ့ အခမ်းအနား တခုကို စတင် မြင်ဖူးခဲ့ ပါတယ်။ မြို့လည် ဈေးရှေ့ က အာဇာနည် ကျောက်တိုင်မှာ ပန်းခွေ ရောင်စုံလှိုင်း ထလို့။ ကျောင်းသူ ကျောင်းသားတွေ၊ ၀န်ထမ်းတွေ၊ ဈေးသူ ဈေးသားတွေ က အလှည့်ကျ ဦးညွှတ် ဂုဏ်ပြုကြ။ ဘင်ခရာတီးဝိုင်းရဲ့ ခရာ မှုတ်သံက လွမ်းလွမ်း ဆွတ်ဆွတ် ကြေကြေ ကွဲကွဲ။ ဟိုး- တိုင်ထိပ်က ၀မ်းပမ်းတနဲ လျောဆင်း လာတဲ့ နိုင်ငံတော် အလံက တဖျပ်ဖျပ် တုန်ခါ နေတာကို ကြည့်ရင်း ဘာမှန်းမသိ ဆို့နစ် ရှိုက်ငင်မိ။ အာဇာနည်နေ့ အခမ်းအနားကို လိုက်ပြတဲ့ ဖေဖေက ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီး တွေ အကြောင်း ပြောပြတော့ နှမျော တသ စိတ်တွေ တဖွားဖွား။

နံနက် ၁၀နာရီ ၃၇မိနစ် မှာ တမြို့လုံး မှာရှိတဲ့ ဆန်စက်ကြီးတွေ၊ အထည် စက်ကြီးတွေရဲ့ ဘွိုင်လာ ဥသြ မှုတ်သံကြီး တွေက ရုတ်တရက် ပြိုင်တူ ဆွဲဆွဲ ငင်ငင် ရှိုက်ငို လိုက်ကြ သလို။ လမ်းမ ပေါ်မှာ ရှိတဲ့ ကားတွေ အားလုံး ဟွန်းတွေ သံရှည် ဆွဲရင်း ရပ်တန့်ကြ။ လမ်းသွား လမ်းလာ အားလုံး ခေတ္တ ခဏ ရပ်တန့်ကြ။

ညဘက်မှာတော့ မြို့လေးရဲ့ အာဇာနည် ကျောက်တိုင်မှာ မီးရောင်စုံ ထွန်းညှိလို့ ။ ဗိုလ်ချုပ် အောင်ဆန်းရဲ့
တိုတို ပြတ်ပြတ် အသံနဲ့ မိန့်ခွန်း တွေကို ဖွင့်လို့။ တမြို့လုံး ကြေကြေ ကွဲကွဲ။ တနိုင်ငံလုံး ကြေကြေ ကွဲကွဲ။ ည-၈နာရီ သတင်းအပြီးမှာ မြန်မာ့ အသံ ရေဒီယိုက လွှင့်တဲ့ ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်း တွေကို မောင်နှမ တတွေ နားထောင်ရင်း မျက်ရည် မဆည် နိုင်တာတွေ၊ အဆိုတော်ကြီး ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့ သီချင်းသံကို နားဆင်ရင်း ရှိုက်ငင် ကြေကွဲခဲ့ တာတွေ။
အို--မနေ့တနေ့ ကလို ပါဘဲ လား။

ဒီနေ့တော့ ရာဇ၀င် ရိုင်းခဲ့ ပြီကော။
-
၁၉၈၉-ခု ဇူလိုင်လ (၂၀ )ရက်နေ့


ဒီညမှာ.. ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် တားဆီးမိန့် ထုတ် ခဲ့ပြီကော။ ပြစ်မှုက (၄၂) နှစ်မြောက် အာဇာနည်နေ့ မှာ မတရား ချုပ်ချယ် ကန့်သတ်ချက် တွေကို ဖီဆန်ပြီး၊ ပြည်သူလူထုနဲ့ အတူ အာဇာနည် ဗိမာန်ကို ချီတက် အလေးပြုဘို့ ဆုံးဖြတ်ချက် ချခဲ့လို့ပါဘဲ။ ဗမာ တပြည်လုံးနဲ့ ရန်ကုန်မြို့ရဲ့ အာဇာနည်နေ့ အကြို တင်းမာမှု တွေဟာ ကျမတို့ မြို့ကလေးကိုလည်း ဂယက် ထခဲ့ ပါတယ်။

-
အာဇာနည်နေ့မှာ ပါတီ အဖွဲ့အစည်းတွေ တဖွဲ့ကို လူ(၂၀)ဘဲ ချီတက် ရမယ်လို့ ကန့်သတ် ထားပေမဲ့ ကိုယ့် ခေါင်းဆောင်ရဲ့ လမ်းစဉ် အတိုင်း မြို့ကလေးရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်တွေဟာ မတရားတဲ့ အမိန့် အာဏာ ဟူသမျှကို တာဝန်အရ ဖီဆန် ကြပါပြီ။ လူ(၂၀၀)ကျော် ပါဝင်တဲ့ အဖွဲ့ဝင် တွေဟာ ပန်းနီနီ တွေနဲ့ အဖွဲ့ချုပ် အလံ ပုံစံဖော်ကျူးထားတဲ့ ပန်းအလံကြီးကို ကိုင်ဆောင်လို့ မြို့လေးရဲ့ အာဇာနည် ကျောက်တိုင် ရှိရာ ချီတက် လာကြပါပြီ။ လမ်းဘေး ၀ဲယာ တလျှောက်က အားပေး နေတဲ့ ပရိသတ်ရဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း ကြားထဲမှာ ကျမဟာ နေမကောင်းတဲ့ ကြားထဲက စီးမျော ပါဝင် သွားမိ ပါပြီ။

မြို့လေးရဲ့ အာဇာနည် ကျောက်တိုင် သွားရာ လမ်းမှာ မီးရထား သံလမ်းဂိတ် တခုကို ဖြတ်ရတယ်။ အိုး-ရထား တံခါး ပိတ်ထား ပါလား။ဥသြသံ မြည်ပြီး မီးရထားကြီး ၀င်လာ ပါတယ်။ အဖွဲ့ဝင် တွေ ချီတက် လာတဲ့ လမ်းရှေ့မှာ မီးရထားကြီးက ကန့်လန့်ဖြတ် အနေအထားနဲ့ ရပ်လိုက် ပါရော။ ဒါပေမဲ့ ရထား စက်ခေါင်း မောင်း သမားကြီးက ချီတက်လာတဲ့ လူတန်းကြီးနဲ့ အဖွဲ့ချုပ်ရဲ့ ပန်းအလံကြီးကိုမြင်လိုက်တဲ့အခါမှာ-ဥသြ တချက် ထပ်ဆွဲပြီး ရထားကြီးကို နောက်ပြန် ဆုတ် သွားပါတယ်။ အဖွဲ့ချုပ် ခေါင်းဆောင်က လူအုပ်ထဲက ထွက်လာပြီး ရထားလမ်း တံခါးထိန်းဆီ သွားပြီး တံခါး ဖွင့်ပေးပါလို့ ပြောတော့ သူက ရထား ရှိနေတယ်လို့ ပြန်ပြော ပါတယ်။ ဒီအချိန်မှာ စက်ခေါင်း မောင်း သမားကြီးက ခေါင်းတွဲထဲက ပြေးဆင်းလာပြီး ``ဟေ့- ဖွင့်ပေးလိုက်..မောင်းတဲ့ ငါမရှိဘဲ ရထား မထွက်ဖူးကွ´´ဆိုတော့မှ ရထား တံခါး ပွင့်သွား ပါတယ်။ အဲဒီတော့မှ လူတန်းကြီးက အရှိန်မပျက် ဆက်လက် ချီတက် သွားချိန်မှာ လမ်းဘေး တလျှောက်က ပရိသတ်ရဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း ညံသွားပါတော့တယ်။

အာဇာနည် ကျောက်တိုင် ရှေ့မှာတော့ တခြား အဖွဲ့တွေရဲ့ ပန်းခွေတွေ ချထားနှင့် ပါပြီ။ မဝေးသေးတဲ့ လှုပ်ရှားမူ အရှိန်အဟုန်တွေ နဲ့..ပြည်သူလူထု ရဲ့ အားပေးမူ.. အဖွဲ့ချုပ် ရဲ့ အင်အား တွေကြောင့် တဖက် အာဏာပိုင် တွေက လေးစားမှု ရှိတော့ ဘာမှ ကန့်ကွက်မှု မရှိဘဲ အေးအေး ဆေးဆေး ပန်းခွေ ချခဲ့ ရပါတယ်။
++++++++

(၁၉၉၀) (၄၃) နှစ်မြောက် အာဇာနည်နေ့-

အဲဒီနှစ်က စလို့.. မြို့ကလေးရဲ့ အာဇာနည် ကျောက်တိုင် လေးဟာ အချုပ်ကျ တော့ တာပါဘဲ။ အာဇာနည် ကျောက်တိုင် နားကို ဘယ်သူမှ ပန်းခွေချလို့ မရအောင် (၁၈)ရက်နေ့ ညကတည်းက ပီနံကြိုး ကြီးတွေနဲ့ လမ်းကို ဖြတ်ချည်ပြီး အကျည်းတန်စွာ လမ်းပိတ်ခံ ရပါတယ်။ လမ်းသွား လမ်းလာ တောင်ဖြတ်ခွင့် မပြုပါဘူး။ မြို.လေးရဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားတဲ့ ကျောင်းသားထုက နည်းမျိုးစုံနဲ့ ပန်းခွေချဖို့ ကြိုးစားကြလို့ အတားအဆီး ခံကြ ရပါတယ်။

အဲ့ဒီ မနက်က အိမ်က ညီမတွေ အကုန်လုံး အာဇာနည်နေ့ ကျောင်းသား အခမ်းအနား တခုမှာ ပါဝင်ဖို့ အိမ်က ထွက်သွား ကြတော့ အိမ်မှာ ဖေဖေနဲ့ ကျမ နှစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။ မြို့ထဲက အာဇာနည်နေ့ အခမ်းအနား ကျင်းပမဲ့ သူတွေကို စိတ်ပူရင်း၊ ဖေဖေက ``ကဲ-ဒီနေ့တော့ တို့အိမ်မှာဘဲ ဗိုလ်ချုပ်တို့ကို အလေးပြု ကြမယ်´´တဲ့။

-
သားအဖ နှစ်ယောက်သား မြန်မာ့အသံ ရေဒီယိုကို ဖွင့်ပြီး (၁၀)နာရီ (၃၇)မိနစ်မှာ ဥသြ ဆွဲမဲ့ အသံကို စောင့်နေ ပါတယ်။ ဘာ ဥသြ ဆွဲသံမှ ထွက်မလာ ပါလား။ ခါတိုင်းဆို ရေဒီယိုက ဥသြဆွဲသံ အပြီးမှာ မေလှမြိုင်ရဲ့ ``နှစ်လ ကြာရှည် ခါရာသီ ရွေ့ပေမဲ့......အာဇာနည်နေ့ ကိုတော့ မမေ့သင့်ပါပြီ´´ ဆိုတဲ့ သီချင်း သံလေးကို လွမ်းဆွတ် နာကျင်စွာ ကြားနေကြပါ..။ ခုတော့ အာဇာနည်နေ့နဲ့ ဘာမှ မဆိုင်တဲ့ ရေဒီယို အစီအစဉ် တွေဘဲ လာနေ ပါလား။ မြို့ထဲက ခါတိုင်းလို ဥသြဆွဲသံ တွေလဲ တိတ်လို့။ သားအဖ နှစ်ယောက် သား ရင်ထဲမှာ ကြေကွဲစွာ။ ခံပြင်းစွာ။ ၀မ်းနည်းခြင်း ကြီးစွာနဲ့ ကိုယ့် အထိမ်းအမှတ်နဲ့ ကိုပဲ မိနစ် အနဲငယ် ငြိမ်သက် အလေးပြု ခဲ့ကြရ ပါတယ်။
-
++++++

-
အဲဒီ နှစ်က စလို့ နှစ်စဉ် နှစ်တိုင်း အာဇာနည်နေ့ ရောက်ရင် အိမ်ရှေ့ ဧည့်ခန်းက ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံကြီးရှေ့ မှာ ရပ်ပြီး ၁၀နာရီ ၃၇မိနစ် တိတိမှာ ကျမတို့ သားအဖ နှစ်ယောက် အလေးပြု ဖြစ်ပါတယ်။ ဖေဖေက `သတိ..ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော..အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြု´´လို့ အမိန့် ပေးပြီး အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမြဲ။ ဖေဖေရဲ့ အမိန့်ပေးသံ ထဲမှာ လှိုက်လှဲ ဆွတ်ကျင်တဲ့ ခံစားချက်တွေ ပါနေတော့ အလိုလို နေရင်း မျက်ရည်တွေ
ဝဲလာတယ်။


ခုတော့- မြို့လေးရဲ့ အာဇာနည် ကျောက်တိုင်ဟာ အဝေးပြေး ကားလမ်းမကြီး ဘေးမှာ ခြုံနွယ် ပိတ်ပေါင်းတွေ ဖုံးလွှမ်းလို့ မြို့လေးရဲ့ သမိုင်း ဂုဏ်သိက္ခာ တွေကို နင်းခြေ ဖျက်ဆီး ခံနေရသလို။


Share/Bookmark

နှလုံးသားယိုစီးမူ ( သို့) အမျိုးသားရေး အရည်ပျော်မှတ်

ပြီးခဲ့တဲ့ တပတ်လောက်က.. ညီမ ဇီဇ၀ါ ရဲ့ God save the Queen ဆိုတဲ့ အင်္ဂလန် အတွေ့အကြုံ ထင်ဟပ်ချက် လေး တခု ကို ဖတ်ပြီး..လက်အငြိမ် မနေ.. ရှည်ရှည်ဝေးဝေး မှတ်ချက်ပြု ခဲ့မိတယ်။ ရှည်ရှည်
ဝေးဝေး ဆိုတာလည်း..တလောက ဖတ်ထားတဲ့ ဒေါက်တာ အောင်ထွန်းသက် အင်တာဗျူး ထဲက..ဆရာ ပြောတဲ့..စကားလေးတွေ ကို..တကူးတက ပြန်ရှာ ပြီး ရေးမိတာပါ။
+++++

သူ ပြောတဲ့..Nationalism ပေါ့နော်..


“ ဆင်းရဲ တဲ့ နိုင်ငံ မှာပဲ ဖြစ်ဖြစ်..ချမ်းသာတဲ့
နိုင်ငံမှာဖြစ်ဖြစ်.. တိုးတက်တဲ့ နိုင်ငံမှာ ဖြစ်ဖြစ်..မတိုးတက်တဲ့ နိုင်ငံမှာ
ဖြစ်ဖြစ်.. တကယ်တော့.. Nationalism ဆိုတာမျိုးထက်.. Identity လိုတယ်။ လူတိုင်းမှာ
Identity လိုတယ်..။ မြန်မာ ဆိုရင်..မြန်မာရဲ့ Identity ကို ဆုပ်ကိုင် ထားဖို့
လိုတယ်။
စိတ်ဝင်စားဖို့ ကောင်းတာက..ချမ်းသာတယ် ဆိုတဲ့ နိုင်ငံ အင်္ဂလန်မှာ တောင်..
What is Britishness? ..လို့ မေးယူရလောက်အောင် …British Identity ဟာ ဘာလဲ ဆိုတာ
ရှိတယ်။ Identity Crisis ကို နိုင်ငံတိုင်းလိုလို မှာ စဉ်းစားနေကြရတယ်။



National Identity ကိုတော့..နိုင်ငံတိုင်းမှာ
ထိမ်းသိမ်းသင့်တယ်။ ဆရာက..Nationalism ဆိုတဲ့ စကားကို မသုံးဘူးနော်။ National
Identity ပဲ။ အဲဒါ ရှိသင့်တယ်။ ကိုယ့် မြန်မာလူမျိုးဆိုရင်လည်း ကိုယ့် National
Identity ရှိတယ်။ ကိုယ်ဝတ်တာ..စားတာ.. အတွေးအခေါ် စတဲ့ သူများနဲ့ မတူ တာတွေ ရှိတယ်။
ဥပမာ..လူမျိုးတိုင်းမှာ ရှာလို့ မရ တဲ့ အားနာမူ။ အားနာမူ ဆိုရင်.. ဘာသာပြန်ဖို့..
စကားလုံး တောင် ရှာလို့ မရဘူး။



.....ဆိုတာက..နိုင်ငံ ချစ်စိတ်.. ဒါ ရှိ ရမယ်။ ကိုယ့်အမျိုးကို
ကိုချစ်တာ။ သူတို့လည်း သူတို့ အမျိုး ချစ်နေမှာပဲ။ အဲဒါကိုလည်း ကိုယ်က လက်ခံ ဖို့
ရှိတယ်။ အစွန်းမဖြစ်ဖို့။ ”


သူကတော့..အဲလို ပြောသွား တာပဲ ။ တို့ကတော့.. Nationalism ဆိုတာကို..အဓိပ္ပါယ် ဖွင့်ဆိုချက် တခု ထက်.. နက်နဲတဲ့..ခံစားမူ တခု အဖြစ်နဲ့ပဲ..နားလည်လို့ ရတယ်။ လက်တွေ့ကျကျ..ပညာရပ်ပိုင်း ဆိုင်ရာ စိတ်ဝင်စားစရာ ကောင်းတာ တခုကလည်း .. မျိုးဆက် ဝေးကွာ သွားမူ /သွေးနှောသွားမူ နဲ့ Nationalism ဟာလည်း ပြောင်းပြန် တိုက်ရိုက် အချိုးကျ နေပြန်တယ် နော်။

++++

အဲဒါ နဲ့ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်..ဘလော့ မရေးခင်က.. Weekly Eleven မှာ ပါခဲ့ဖူးတဲ့.. ဆောင်းပါးလေး ကို ပြန်ဖော်ပြ ချင် လာပါတယ်။ ဂျာနယ်မှာ ဖော်ပြတုန်းကတော့..ဖောင်းပွနေတဲ့ အပိုဒ် တချို့ တည်းဖြတ်ပြီး ဖော်ပြခဲ့တာပါ။ အခုက..အပြည့်အစုံပါ။ ဒီဘလော့ပေါ်မှာလည်း တခါ တင်ပြီးသားပါ။ မဖတ်ရသေးတဲ့ သူတွေ အတွက် ရည်ရွယ်တာပါ..။ အဲဒီတုန်းက..မှတ်ချက်လေး တွေပါ ဖတ်ချင်တယ် ဆိုရင်တော့.. ဒီမှာ ပြန်ဖတ် လို့ရပါတယ်။ အဲဒီ စာလေးကို ဘယ်အချိန် ပြန်ဖတ်ဖတ်..ကြိုက်နှစ်သက်နေမိ လို့လည်း..ပေါ့လေ။

+++++

နှလုံးသားယိုစီးမူ ( သို့) အမျိုးသားရေး အရည်ပျော်မှတ်

မျက်ကန်းမျိုးချစ်

လေးတန်းကျောင်းသူ တူမ ကလေးက ဘ၀တွက်တာ (ဘာသာရပ်အသစ်)မှတ်စု စာအုပ်ကို ကိုင်ရင်း ...“မျက်ကန်း မျိုးချစ် ဆိုတာဘာလဲဟင်...” လို့ စိတ်ရှုပ်ထွေးဟန် မေးခွန်း ထုတ်လာသည်။
-
ချက်ချင်း ဆိုတော့လည်း ရှစ်နှစ် အရွယ် ကလေးငယ် တယောက် နားလည်အောင် ရှင်းမပြ နိုင်ခဲ့ပေ။နောက်တပတ် ကျောင်းပိတ်ရက် ကျတော့...ဘာရယ် မဟုတ်...ငါ့တူမလေးကို နိုင်ငံခြားမှာ ကျောင်းခေါ် ထားရမယ်လို့ ပြောမိလေရာ…
-
“မလိုက်ဘူး….မလိုက်ဘူး…..အဲဒီ နိုင်ငံခြားကြီး ကို မုန်းတယ်…”

ဟု ကက်ကကလန်အောင် ရန်တွေ့ လေသည်။ကလေးငယ် တယောက်ရဲ့ အတွေးထဲမှာ ဘာတွေ ရှိနေ ပါလိမ့်လို့.. စိတ်ဝင်စား သွားရင်း ချော့မော့ မေးမိတော့မှ..

“ အဲဒီ နိုင်ငံခြားကြီးက သမီးတို့ မြန်မာပြည်ကို လာတိုက်တယ်..”
“ဘယ်တုံးကလဲ .. သမီးရဲ့..”
“မသိဘူး… ဟိုတုန်းက ...”
-
ကဲ…ကျောင်းသုံး ပြဌန်းစာ တွေပဲ ပြောင်မြောက် လွန်းသလား… ဆရာမပဲ ၀ါဒဖြန့် ကောင်းလေ သလား...
ပြုံးချင်နေသော မျက်နှာကို အပိုးသပ်ရင်း....

-“ ဒါဆို..သမီး အရင်အပတ်က မေးတဲ့ မေးခွန်းကို ဖြေဖို့ ဥပမာ ရပီ ”..လို့ ပြောပီးကာမှ...သြော်..ကလေးရဲ့ မျိုးချစ်စိတ် ကလေးတွေ လွတ်လွတ် လပ်လပ် ရှင်သန် ပါစေလေ…လို့....လျောချလိုက်မိတော့သည်။
-
တိုင်းချစ် ပြည်ချစ်စိတ် မျိုးချစ်စိတ် ဆိုတာ...ဒီမြေမှာ မွေးလို့ ဒီရေကို ချစ်တာပါလို့ ရိုးရှင်းစွာ အဓိပ္ပါယ် ဖွင့်လိုက် ယုံပါပဲ။ စာသင်ခန်းတွေထဲမှာ..မိသားစု စကားဝိုင်းတွေမှာ..ရှင်သန် ကြီးထွား ခဲ့ကြသည်။ အပေါင်း လက္ခဏာ ဆောင်လား...အနုတ် လက္ခဏာ ဆောင်သလား...နားမလည်ခဲ့။ ခွဲခြား ရန်လည်း မလိုအပ်ခဲ့။

အနုတ်အပေါင်းလား ......အပေါင်းအနုတ်လား

-အလယ်ခေတ် သမိုင်းတွေကို အခု အချိန်မှာ ခွဲခွဲ ခြားခြား နားလည် လာတော့ အစဦး ပထမ အမျိုးသားရေးဝါဒ(Nationalism) အခြေခံသည် လူမျိုးနွယ်စု တခုခြင်းရဲ့ မကျေနပ်မူ ..ဆင်းရဲ ကြပ်တည်းမူ... မလုံခြုံမူများ… ပြီးတော့ လူအုပ်စု တစုခြင်းရဲ့ ငါ- တကောကောမူ... စိတ်ကူးယဉ်မူ ...နယ်မြေလုမူ တွေပေါ်မှာ အခြေခံကာ လူမျိုးနွယ်စု (Ethnicity)အသွင်ဖြင့်သာ ပုံပေါ်နေသည်။ အနုတ် လက္ခဏာကို ဆောင်ကာ လူမျိုးစု တိုက်ပွဲများ...အုပ်စုဗိုလ်လုပွဲများ...ဘာသာရေးစစ်ပွဲများ သောသော ညံနေသည်။
-
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားတော့..သွေးသစ် လောင်းထားသောအမျိုးသားရေးဝါဒ သည် လှလှပပ စနစ်တကျ ရှိလာကာ ပြည်သူ့နီတိ အသွင်ဖြင့် နိုင်ငံ တော်တော် များများမှာ အပေါင်း လက္ခဏာ ဖြစ်လာပြန်သည်။ဟော-အခု -ဂလိုဘယ်လိုက်ဇေးရှင်း-လို့ အော်ကာ တကမ္ဘာလုံးကို ဇာတ်ခုံ တခုတည်း ဖြစ်အောင် လုပ်လာကြတော့...ဘယ်သူက ဇာတ်လိုက် လုပ်မလဲ...ဘယ်သူ ဇာတ်ရံလဲ...လူကြမ်းက ဘယ်သူဖြစ်မလဲ.. ဘယ်သူ ရှုံးလို့ ဘယ်သူ နိုင်မလဲ- ကိုယ်ပိုင် သီးသန့် အမျိုးသားရေး စိတ်ဓါတ်တို့ နေရာမကျ နိုင်အောင် ခေါင်းရှုပ်စရာ ဖြစ်လာပြန်ပီ။ ဒွေးရောယှက်တင် လွန်းတော့လည်း ကိုယ်ပိုင် အတ္တခြင်းတွေ ပွတ်တိုက်မိရာက ပွင့်လာတဲ့ လူမျိုးရေး ခွဲခြားမူ မီးပွားတွေက ကမ္ဘာကြီးကို ပြန်လည် ကူးစက် လောင်မြိုက် လာပြန်ပြီ။
-
ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံကြီး တွေမှာဆိုလျှင်.. နိုင်ငံစုံမှ လူမျိုးစုံ ရွှေ့ပြောင်း အခြေချမူတွေ..တိုးပွားလာ သလောက်...ပုံသဏ္ဌန် စုံလှသော..အမျိုးသားရေး လက္ခဏာများက.. ထိုနိုင်ငံကြီးများရဲ့ တလုံးတစည်းဖြစ်မူ နှင့် တပြေးညီဖြစ်မူ တို့ကို စိမ်ခေါ်နေလေပြီ။

ဦးဏှောက် နှင့် နှလုံးသား ယိုစီးမူ

ကမ္ဘာဦး စတည်းကတော့ လူတွေ အုပ်စုဖွဲ့ ရွှေ့ပြောင်း သွားလာ နေထိုင် ကြတာပါပဲ။ အစာရေစာ ပေါများရာ..ရေကြည်ရာ မျက်နုရာ နယ်သစ်ပယ်သစ်တို့...ရှာပီးရင်း ရှာကြတာပဲ.. ရွှေ့ပီးရင်း ရွေ့ကြတာပဲ။ ပြတ်ပြတ်ထင်ထင်...မြင်နေရသော ယနေ့ခေတ် လူ့သမိုင်းမှာ ကျတော့ ..အကြောင်းရင်းခံတွေက..တဖြည်းဖြည်း ထွေပြား လာသည်။..နယ်သစ် ပယ်သစ် ရှာစရာ အကြောင်းကလည်း မရှိသလောက်မို့ အရင်ဦးဆုံး ရောက်နှင့်သူ ထံမှာ တိုက်ယူချင်ယူ။ မဟုတ်ရင် သစ္စာခံဖို့ သာရှိသည်။

ရွှေ့ပြောင်းအခြေချခြင်း (Migration) ဖြစ်စဉ်သည် ယနေ့ လက်ရှိ အခြေအနေမှာ မခန်မှန်းနိုင် လောက်အောင် တိုးတက် များပြား လာနေသည်။ ဆင်းရဲ ခက်ခဲသော နိုင်ငံသားတို့ ချမ်းသာ ကြွယ်ဝသော နိုင်ငံများဆီ..တရွေ့ရွေ့ တိုးဝင်နေရင်း..ကမ္ဘာကြီးသည်.တဖက်စောင်းနင်း ဖြစ်သထက် ဖြစ်လာသည်။ အတူ ပါလာသော...အမျိုးသားရေး စိတ်ဓါတ် လက္ခဏာ တို့သည်လည်း..စီးမျောတ၀က်...အရည်ပျော်တ၀က်..ပုံသဏ္ဌန် ပျက်ယွင်း လာကြတော့သည်။

-ဒါပေမဲ့လည်း ဂျူးလူမျိုးတွေ တကမ္ဘာလုံး ပြန့်ကျဲသွားခဲ့တဲ့ ကြားထဲက နှစ်ပေါင်း ထောင်နဲ့ချီပီး ဂျူးအစဉ်အလာ(Judaism) ကို ထိန်းသိမ်း နိုင်ခဲ့ကြတာ ကတော့ ချီးကျူးစရာ။ ဘယ်နေရာ ရောက်ရောက် သူတို့တွေ..ဂျူးသာဖြစ်သည်။..တရုတ် လူမျိုးများ အတွက်လည်း..တရုတ် ပြည်ကြီးကို ရောက်ဘူးစရာ မလို နေရာတိုင်းမှာ China Town များရှိသည်၊ အမျိုးသားရေး သွင်ပြင် လက္ခဏာများကို နည်းအမျိုးအမျိုးနှင့် လက်ဆင့်ကမ်း ခဲ့ကြသည်။

-တနှစ်ဆီက ဖလော်ရီဒါ ကမ်းခြေမှာ ရှိတဲ့ မြန်မာ မိတ်ဆွေ တယောက်ရဲ့ ကျောက်ဖြူသား ဧည့်ခန်းမှာ တခမ်းတနား..ချိတ်ဆွဲထားတဲ့..သားဖြစ်သူ..ရဲရင့်ဆုတံဆိပ် ယူနေသော အမေရိကန် ရေတပ်

ဝတ်စုံနှင့်ဓါတ်ပုံကို မြင်ခဲ့ရစဉ်က အတွေးတွေ တပုံတပင် ဖြစ်ခဲ့ရဘူးသည်။စင်ကာပူ အမျိုးသားနေ့ တနေ့မှာ..အနီရောင်နဲ့ အဖြူရောင်..စင်ကာပူ အလံတော် စတစ်ကာလေးတွေ ပါးနဲ့နဖူးမှာ အပြည့် ကပ်ထားတဲ့ မြန်မာလူမျိုး သူငယ်ချင်းရဲ့ သမီးလေးက စင်ကာပူ နိုင်ငံတော် သီချင်းကို ဌါန်ကရိုင်း ကျကျ ဆိုပြတော့လည်း ဘာရယ်မသိ ဆုံးရှုံးခြင်းတခုလို ၀မ်းနည်း မိခဲ့သည်။

ဆုံးရှုံးခြင်းအမွေ

Inheritance of Loss (ဆုံးရှုံးခြင်းအမွေ) ခေါင်းစဉ်နဲ့ ၀တ္တုတပုဒ် အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းဝင် စာပေဆုကြီး တခုဖြစ်တဲ့ Man Booker Prize ကို ၂၀၀၆ အတွက် ဆွတ်ခူးသွားတယ် ဆိုတဲ့ သတင်း ကိုတွေ့လိုက်သည်။ စာရေးသူက အသက် ၃၅ နှစ်အရွယ် လက်ရှိ အမေရိကနိုင်ငံမှာ ပြောင်းရွှေ့အခြေချနေထိုင်သူ အိန္ဒိယ အမျိုးးသမီး ကီရန်ဒေဆိုင်း ဆိုသော နောက်ဆက်တွဲကို ပိုလို့ စိတ်ဝင်စား သွားမိသည်။

ဆယ်ကျော်သက် အရွယ်က..သူကျောခိုင်းခဲ့သော အိန္ဒိယ ပြည်ကြီးရဲ့ မြို့လေးတမြို့မှာ ဇာတ်အိမ်ကို တည်ထားသည်။ကိုလိုနီခေတ် နှောင်းပိုင်းက အင်္ဂလန် နိုင်ငံမှာ ပညာသင်ခဲ့ပီး...သူအထင်ြကီး အတုယူထားတဲ့ အနောက်တိုင်း ထုံးဓလေ့များနဲ့...စာသင်ခန်း ထဲမှာ ကြုံတွေ့ခဲ့ရတဲ့..ခါးသီး စက်ဆုပ်ဘွယ် အထင်သေး မျက်လုံးများကြားမှာ....၀ိရောဒိဖြစ်ကာ...အရာရာကို အလိုမကျနိုင် ဖြစ်နေသော..အိန္ဒိယ လူမျိုး ပင်စင်စား တရားသူကြီး အဘိုး…။ အနောက်တိုင်း သာသနာပြုတွေ ရဲ့ လက်ထဲမှာ ကြီးပြင်းရင်း ဆက်ကျော်သက်အရွယ်မှာ အဘိုးနဲ့ နေထိုင်ရအောင် ရောက်လာတဲ့..ဒုက္ခိတမြေးမလေး..။သူမနဲ့ ချစ်ကြိုးသွယ်နေတဲ့..နီပေါ တိုင်းရင်းသား သင်္ချာဆရာလေးရဲ့...တိုင်းရင်းသား လွတ်မြောက်ရေး လှုပ်ရှားမူ။ ဒါတွေကို ဇာတ်လမ်းလေး အဖြစ် ယက်ခြယ် ထားသည်။ တပြိုင်ထဲမှာပဲ ဇာတ်လမ်းကို ပိုပြီး သွက်လက် ရွင်မြူးစေတာက....မြေးအဘိုးအိမ်က...ထမင်းချက်ကြီးရဲ့ သားဖြစ်သူအပေါ် အထင်ကြီး မျှော်လင့်ခြင်းများ.....။ ရှုပ်ထွေး စည်ကားလှတဲ့...နယူးယောက် မြို့ကြီးရဲ့ မြေအောက်ခန်း လေးထဲမှာ ဘ၀ ရပ်တည်ချက် ရှာမတွေ့နိုင် ဖြစ်နေတဲ့ ထမင်းချက်ကြီးရဲ့သား တရားမ၀င် အလုပ်သမားလေးရဲ့ နာကျင် ရီမောဘွယ် ဇတ်ဝင်ခန်းများ ။

-ဆုံးရှုံးမူ အသီးသီးကို လက်ဆင့်ကမ်း ခံခဲ့ရတဲ့....သူ့ရဲ့ ဇာတ်ကောင်တွေ အားလုံးမှာ တွေ့ရတာက ...ဘာမှ မတတ်နိုင်ခြင်း အနှိမ်ခံ အရှက်ရခြင်း များသာမို့ အဆိုးမြင် ဆန်လေသလားတော့ မသိ။ အကဲဖြတ် သုံးသပ်သူ များကတော့....ကိုလိုနီဆိုးမွေ...ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ မပီပြင်မူ...အခြေခံဝါဒီများနဲ့ အကြမ်းဖက်လမ်းစဉ်.. စတဲ့ ၂၁ရာစုရဲ့ ခေတ်အစားဆုံး ခေါင်းစဉ်များကို တလုံးတစည်းထဲ ကွက်ကွက် ကွင်းကွင်း မီးမောင်း ထိုးပြလိုက်သော အကောင်းဆုံး ၀တ္တုပါပဲလို့ တပြိုင်တည်း မှတ်ချက်ပေးကြသည်။

-ဒေသခံ အိန္ဒိယ လူမျိုးတို့ရဲ့ ဝေဖန်မူ တွေကိုတော့- စာရေးဆရာမ ဒေဆိုင်း က....

“ကျမ အသေအချာ မထိတွေ့နိုင်တဲ့ အိန္ဒိယနိုင်ငံကို အတတ်နိုင်ဆုံးတော့ ထိန်းထိန်း သိမ်းသိမ်းနဲ့ သရုပ်ဖော် ထားပါတယ်။ အိန္ဒိယ လူမျိုးတယောက် ဖြစ်ပီး..အိန္ဒိယဟာ ကျမရဲ့ နိုင်ငံ မဟုတ်တော့တာ တကယ့် ဆုံးရှုံးမူ တခုပါပဲ..”
လို့ ဖွင့်ဟခဲ့သည်။သူကတော့...နှလုံးသား ဆုံးရှုံးခြင်း ဖြစ်လိမ့်မည်။..ဒါ့ထက်မက..ကိုယ် ဘယ်အုပ်စုထဲကလည်း ဆိုတာပင် မခွဲခြား နိုင်တော့သော Loss of Identity ကိုယ်ပိုင် လက္ခဏာ ဆုံးရှုံးသူတွေရော… ။

မိတ်ဆွေ တယောက်ကို သတိရမိသည်...။ သူက သြစတြေလျ နိုင်ငံသား... လူမျိုးက မြန်မာ-ကရင် နဲ့ အိန္ဒိယကပြား...သူ့နဲ့ အတူနေတဲ့ အမျိုးသမီးက..ဗီယက်နမ် နဲ့ ကိုရီးယား ကပြား...သူတို့ နှစ်ယောက်က မွေးတဲ့...ပေါက်ကာစ ကလေးလေးကို ငုံ့ကြည့်ရင်း...ခေါင်းကိုက် ရောဂါ တခုလို စွဲနေသော- ငါ့တိုင်းပြည် ငါ့လူမျိုး - ဆိုတဲ့ အတွေးတို့ လန့်ဖြန့် ထွက်ပြေး သွားဘူးသည်။

ကမ္ဘာ့ နိုင်ငံကြီးများက ဖော်တဲ့ မျိုးချစ်စိတ် ဖြတ်ဆေး

တကယ်တော့....ရွှေ့ပြောင်း အခြေချ သူတွေအတွက်..ကိုယ်ရောက်ရှိနေထိုင်ရာ....ပတ်ဝန်းကျင်ယဉ်ကျေးမူ တွေနဲ့ တသားတည်း ဖြစ်အောင် ကြိုးစား နေထိုင်ရင်း....တချိန်တည်းမှာပဲ အလွယ်တကူ ဖြတ်ပစ်လိုက်လို့ မရတဲ့ မျိုးချစ်စိတ်တွေ ဇာတိရပ်မြေ သံယောဇဉ်တွေ က နာတာရှည် ခေါင်းကိုက်ရောဂါ တွေဖြစ်လာကြသည်။

တလောက လက်ဘနွန် နိုင်ငံထဲက ဟစ်ဇဘိုလာ လက်နက်ကိုင်တွေကို အစ္စရေးက ၂ပတ်ကြာအောင် လေဆိပ်တွေ ပါမကျန် ၀င်ရောက် ဗုံးကြဲတော့ သြစတြေလျ အစိုးရက သူ့ နိုင်ငံသား ခံယူထားတဲ့ လက်ဘနွန်လူမျိုး နှစ်သောင်းကျော်ကို သင်္ဘောကြီးတွေနဲ့ နှစ်စီးတိုက်လောက် သွားရောက် ကယ်တင်ခဲ့ရသည်။ အဲလောက် အများကြီး တချိန်ထဲမှာ ဘာ ပြန်လုပ်နေကြသလဲ။..တကယ်တော့..အဲဒီ လက်ဘနိစ် တွေသည်..သြစတြေလျ နိုင်ငံသား ခံယူထားသော်လည်း ကိုယ့်ဇာတိမြေမှာသာ ပြန်နေထိုင် နေကြခြင်း ဖြစ်သည်။ အဲနောက် မကြာခင်ဘဲ ၾသစေၾတလ် အစိုးရက..ၾသစေၾတလ် နိုင္ငံသား ခံယူမူ စည်းမျဉ်းတွေကို တိုးမြှင့် သတ်မှတ်လိုက်သည်။ Australian Value ဆိုတဲ့ ခေါင်းစဉ် အောက်မှာ သြစတြေလျ နိုင်ငံအပေါ် ဘယ်လောက် သစ္စာခံနိုင်မည်လဲ ဆိုတာကို မှတ်ကျောက် တိုက်ကာ စစ်ဆေး ဖြေဆို ခိုင်းတော့မည်။

အမေရိကန်ကလည်း အခု နောက်ပိုင်း သူ့ရဲ့ ကမ္ဘာကျော် ထီဖွင့်ပွဲကြီးနဲ့ နိုင်ငံသား သတ်မှတ်မူတို့ကို Democracy Value ဘယ်လောက် နားလည်- မလည် ဆိုတာပေါ်မှာ စဉ်းစား ဆုံးဖြတ်တော့မည်တဲ့။ အဲဒီ Value ဆိုတဲ့ ဝေါဟာရ အတော် အသုံးဝင် လာသော်လည်း ခက်တာက ဘာတွေလဲ ဆိုတာ အဓိပ္ပါယ် အတိအကျ ဘောင်ခတ်လို့ မရ။ ပုံသဏ္ဌန် လည်း မပီပြင်။ ဒါတွေ အားလုံးရဲ့ နောက်ကွယ်မှာ (Reaffirmation of Western Identity) အနောက်ဟန် သွတ်သွင်းခြင်းများ ရှိနေတယ်လို့လည်း မကျေမနပ် ပြောဆိုနေကြသည်။

သေချာတာကတော့ တကမ္ဘာလုံး လိုလို...အနောက် ဘာသာစကား...အင်္ဂလိပ် စကားကို...မဖြစ်မနေ တန်ဖိုးထား အသုံးပြု လာကြရတာပါပဲ။ အံ့သြစရာ ကောင်းတာက အမေရိကန်ရဲ့ လူဦးရေ သန်း ၃၀၀ နီးပါး မှာ ၃၂သန်းကျော်ဟာ အင်္ဂလိပ် စကား ကောင်းကောင်း မပြောနိုင်ဘူး ဆိုတဲ့အချက်ဖြစ်သည်။ စပိန် စကား ပြောတဲ့ ရေခံမြေခံ မက္ကဆီကန် မျိုးနွယ်စုတွေနဲ့ တောင်အမေရိက တိုက်ကနေ စီးဝင်နေတဲ့ လူစီးကြောင်းကြီးကြောင့်...စပိန်စကားဟာ...အမေရိကန်ရဲ့ ဒုတိယ အသုံးအများဆုံး ဘာသာစကား ဖြစ်လာနေသည်။ အရင်တုံး ကတော့ အင်္ဂလိပ်စကားကို နားလည်မူနဲ့ပဲ သတ်မှတ်သုံးစွဲ နေခဲ့ကြပေမဲ့ အခုတော့ တရားဝင် နိုင်ငံတော် ဘာသာစကား ဖြစ်ဖို့ ကဗျာကယာ စိုင်းပြင်းနေကြပီ။

အရောင်စုံ အရသာစုံ သကြားအုပ်ထားသော မျိုးချစ်စိတ် ဖြတ်ဆေးတွေ ဖော်စပ် ကုန်ကြပီ။

အာရှတိုက်ရဲ့ Cosmopolitan လို့ နံမည်ကြီးတဲ့ လူမျိုးစုံလှတဲ့ စင်ကာပူ နိုင်ငံမှာတော့.. လူများစု ဖြစ်တဲ့...တရုတ်နဲ့...အိန္ဒိယနွယ်..သွေးနှောထားတဲ့..ကော့ကေးရှန်း ရုပ်ဆန်ဆန် လူငယ်လေးတွေရဲ့ မျက်နှာပြည့် ပုံကြီးတွေကို (Changing Faces ) “ပြောင်းလဲလာသောမျက်နှာများ” လို့ စာတမ်းထိုးပီး လမ်းဆုံ လမ်းခွ နေရာတွေမှာ အသေအချာ ချိတ်ဆွဲ ပြထားတာတွေ့ရသည်။ ဘာ အဓိပ္ပါယ် လည်းတော့မရှင်း....။ လူမျိုးရေးစွဲ နဲပါးနိုင်သော နိုင်ငံသား ပုံစံအသစ် တခုကို ပရိုမိုးရှင်း လုပ်ခြင်းသာ ဖြစ်လိမ့်မည်။

နေရှင်နယ်လစ်ဇင်နဲ့ ဂလိုဘယ်လစ်ဇင် ဘာကိုရွေးမလည်း...

အဲဒီတော့ ခေါင်းကိုက်ခြင်း ကင်းသော ခေတ်မှီဟန် အမြင်ကျယ်ဟန် ရှိသော ဂလိုဘယ် နိုင်ငံသားအသစ်ဆီကို သွားမလား။ အမြင် ကျဉ်းမြောင်းတယ်ပဲ ဆိုဆို ခေတ်နောက်ပြန် ဆွဲတယ်ပဲပြောပြော အမျိုးသားရေး အသွင် လက္ခဏာများကို ကြံ့ကြံ့ခံကာ ထိန်းသိမ်း စောင့်ရှောက်မလား။
အရေးကြီးတာက နှလုံးသားရဲ့အသံကို နားထောင်ဖို့ မမေ့ရန်သာ ဖြစ်သည်။

ဂလိုဘယ်လစ်ဇင် ဆိုတာကလည်း အခုမှသာ ဂျေဒိုးနတ်မုန့်လို အသစ်အဆန်း ဖြစ်နေပေမဲ့ ၁၉၆၀-၇၀ နှစ်တွေ လောက်တည်းက စခဲ့တဲ့...ကမ္ဘာ့ကုလသမဂ္ဂ လို....ကမ္ဘာ့ဘဏ် လို..ဘိုးအေ ဂလိုဘယ်လစ်ကြီးတွေပင် ခြေကုန် လက်ပန်း ကျတဲ့ အချိန်ရောက်နေပီ။ တကယ်တော့လည်း ကမ္ဘာ့အင်အားကြီး..ချမ်းသာ ကြွယ်ဝသော နိုင်ငံတွေက...ဂလိုဘယ်လစ်ဇင်ကို..အပြတ်ပေး လက်ငင်းငွေချေကာ
ဝယ်ထားလိုက်ပြီးသားလို ဖြစ်နေသည်ပင်။

ဘယ်သူမဆို..Internationalလို့ ခေါင်းစဉ်တပ်ပြီး တွေးနိုင် ပြောနိုင်ကြပေမဲ့ Nationalဆိုတဲ့ ဘောင်လေး ထဲမှာပဲ နေချင် ပျော်ချင်ကြတဲ့ လူတွေချည်းပါပဲ။ အခုတော့လည်း ကုန်သွယ်ရေး မညီမျှမူ … လူမျိုးရေး ဘက်လိုက်မူ.. ဘာသာရေး ကန့်သတ်မူ တွေအောက်မှာ Nationalism ဆိုတဲ့ ကြက်သရေ ရှိလှတဲ့

ဝေါဟာရအစား Unilateralism, Racism, Extremism ဆိုတဲ့....ကြမ်းရှရှ နံမည်တွေ တပ်ကာ အပြန်အလှန် လက်ညှိုးထိုး နေကြပြန်လေပြီ။
အဲဒီ နေရှင်နယ်လစ်ဇင် နဲ့ ဂလိုဘယ်လစ်ဇင် အစွန်း နှစ်ဖက် ဆက်သွယ်ထားတဲ့ ကြိုးကိုတော့ တင်းအောင် မဆွဲမိဖို့ အရေးကြီးသည်။

ဒီနေရာမှာ ဆရာကြီး ရွှေဥဒေါင်း ပြောခဲ့တဲ့ ....“ကျနော့်ရဲ့ အမျိုးသားရေး စိတ်ဓါတ် ဆိုတာ...ဘောလုံးပွဲမှာ..ဗမာနိုင်ရင် ပြီးရော ဆိုတဲ့..စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။..ဒါပေမဲ့..ဗမာ နိုင်ခဲ့ရင်တော့ဝမ်းသာ ကျေနပ် ဂုဏ်ယူတတ်တဲ့ စိတ်ဓါတ်မျိုးပါ..” ဆိုတဲ့ မှတ်တမ်းဝင်စကားလေးကို နက်နက် ရှိုင်းရှိုင်း သတိရ ဆင်ခြင်မိလိုက်သည်။



ဇန်န၀ါရီလ ၂၀၀၇



ညွှန်း-"Collapse of Globalism "by John Ralston, 2006



Share/Bookmark