မျက်နှာများ ထဲက..မျက်နှာတွေ

ခေတ်ကြီးက.. ရွေ့နေပြီတဲ့....ရွေ့တာမှ..အရွေ့လျင်.. အရွေ့ ကြမ်း..။
-
အခုဆို....လူတွေက.. အပြင်မှာတောင်..မနေတော့ဘူး..။ မျက်နှာလေးတွေပဲ ဖော်ပြီး.. ဖန်မျှင်ကြိုးတွေထဲမှာ.. ပြည့်ကျပ်..တွန်းတိုက်ပြီး..အလုအယက် ကို.. သွားလာ ကျက်စား နေရာ ယူနေ ကြ ရတော့တာ…။ ဟော..ပြောရင်း ဆိုရင်..ဘယ်သူ ၀င်တိုက်သွားတာလဲ.. ဖြေးဖြေး လုပ် ပါ ကွဲ့..။

+++++
-
တနေ့ တနေ့..မျက်နှာတွေ ပြည့်ကျပ် နေတဲ့..မျက်နှာ ဘုတ်အုပ် ကြီး ကို ဖွင့် .. အသိ တွေ..မိတ်ဆွေတွေ.. ဘာတွေ လုပ်နေကြ ပါလိမ့် လို့..။ တချို့က..ထမင်းတွေ..ဟင်းတွေ ချက် ပြလို့.. တချို့က..ခွေးလေး..ကြောင်လေးတွေ နဲ့ ဆော့.. တချို့က.. စာတွေ အေးဆေး ဖတ်ပြီး..သူတို့ ဒါတွေ ဖတ်တယ်ပေါ့.. တချို့က..လှတပတ ရှိုးစမိုးတွေ ..အမူအရာတွေ အမျိုးမျိုး….နဲ့..တချို့က..မိသားစု အပျော်ခရီး တွေ ထွက်.. တချို့ကတော့..ဆော့တာမှ..အသကုန်.. ။
-
နေပါအုံး.. ဆော့တယ် ဆိုတာ.. ကလေး တွေ နဲ့ပဲ ပတ်သတ်တဲ့ ကိစ္စ လို့ ဘယ်သူ ပြောလဲ..။ လူကြီးတွေ..ဆော့တာမှ.. ကလေး တွေ တောင်..ငေးယူ ရတာ..။ နည်းတွေ တော့..မတူ ဘူးပေါ့လေ။ လူကြီးတွေက.. အိမ်မှာ ဘာပဲ ဖြစ်နေ ဖြစ်နေ..အဲဒီမှာတော့....မာဖီးယား ခေါင်းဆောင်ကြီး တွေနဲ့.. အပေးအယူ လုပ်လို့ ရတယ် တဲ့။ တသက်လုံး စိတ်ချမ်းသာ ချင်ရင်..အပင် စိုက် ဆိုလို့..စိတ်ချမ်းသာ သလောက်.. အဲဒီမှာ..အပင် တွေ.. စိုက်ခင်း တွေ.. ဧက ပေါင်း များစွာ စိုက်ချင် လည်း ရတယ်။ ခုတလော..စားသောက်ဆိုင် တွေ တောင် တွေ့လာပြီ။ ဒါက..ကိုယ်တို့ ရပ်ကွက်ထဲ မှာ ပြောတာပါ..။ တကယ်လုပ်ချင် ရင်..အများကြီးကို လုပ်လို့ရသေးတယ်လို့ ဆို တယ်။ နောင်ဆို ပိုတောင် စုံ သထက် စိလာ အုံးမှာ..သေချာတယ်။ တခါတလေ..ဘေးက..ကြော်ငြာ ၀င်တာ တွေကလည်း.. ဆွဲဆောင် သလား မမေးနဲ့.. ကိုယ့်လက် ကို မနဲ ထိန်းထား ရတာ။
-
ခုတော့..ကိုယ်တွေ လည်း..ကွန်ပြူတာ..အင်တာနက် သုံးချိန် ထဲက.. သူ့အတွက် အများကြီး ဖဲ့ပေး နေဖြစ်ပြီ။ ခက်လိုက်တာ နော်။ သူ့ခေါင်းဆောင် ပိုင်ရှင်ကြီး.. Thiel ပြောသလို လူ့ဘ၀ကြီးက.. တိုတောင်းပြီး.. စိတ်ပျက် စရာတွေ များလွန်းလှ တယ်.. ဘ၀တွေ ပွားကြမယ် ..ဆိုပေမဲ့ လို့.. ဘ၀ တွေ ..ပုံရိပ်တွေ သာ ပွားလို့ရတာလေ.. စိတ်က..ဒီ စိတ်တခုပဲ..လူကလည်း ဒီ တကိုယ်ပဲ.. အချိန်ကလည်း..၂၄ နာရီပဲ..။ ဦး Thiel ကြီး ရေ.. ခင်ဗျားကြီး လုပ်နေတဲ့.. Life extension project ကြီး အောင်မြင်ရင်တော့..မသိဘူးပေါ့လေ..။ ခု တော့.. ကျမ တို့ ကျနော်တို့ တွေမှာ..ဖန်မျှင် အလင်းတန်း တွေ ကြား လုံးပါး ပါးတော့မယ် ထင်ပါရဲ့။
-
ပါးချင်လည်း ပါးပါစေတော့..။ အခု ဆို.. CNN, BBC တို့ကလည်း.. အဲဒီ မျက်နှာ ဘုတ်အုပ်ပေါ်မှာ..သတင်း လိုက်နေကြ ရပြီ..ဆိုတော့.. နောက်ကျ ကျန်ခဲ့ လို့တော့..ဖြစ်ဘူး ထင်တယ် နော်။ အမေရိကန် က..အိုဘားမား နဲ့..အလက်စကာ ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာရာ ပေလင်းတောင်.. တလောက..အဲဒီပေါ်မှာ စကား အချေအတင် ဖြစ်တာ.. လူသိရှင်ကြား..။ ဗြိတိသျှ MI5 က..ညွှန်ကြားရေးမှူးချုပ်ကြီး လည်း..ဘုမသိ ဘမသိ..ဒုက္ခ ကားယားကြီး ရောက်သွားသေးတယ်။ ဖြစ်ပုံက.. သူ့ မိန်းမက.. သူ့မျက်နှာ ဘုတ်အုပ်မှာ.. private ပုံတွေ.. ( ပြောတာတော့..ပင်လယ်ကမ်းစပ် မှာ ရေကစား ..အပမ်းဖြေ နေတဲ့..ပုံတွေ တဲ့) ကို.. ပျော်ပျော် ပါးပါး ကြီး တင်လိုက်တော့.. ထောက်လှမ်းရေး ချုပ်ကြီး ခမျာ.. လုံခြုံ သိုသိပ်မူ အတွက်..သူ ဘယ်လို အာမခံ နိုင် တော့မလဲ..။ သူ့ရာထူး တိုးဖို့ကိစ္စတွေ တောင်..အကုန် ရှုပ်ရှက် ခက် သွားတယ် လို့ ဘီဘီစီ သတင်းမှာ ကြည့် လိုက်ရတယ်။ Private နဲ့ Public မခွဲ နိုင်တော့လောက် အောင်ကို.. ဆွဲဆောင်..သိမ်းကျုံးနေ ပုံများ…။.. ဘာ ချုပ်ကြီး မှ..ဖြစ်လာ စရာ မရှိ ရင်တော့.... ကိစ္စ မရှိပါဘူးလေ ။
-
တလောက.. Times မဂ္ဂဇင်း မှာ ဖတ်လိုက်ရ တာ တော့.. အဲဒီ မျက်နှာ ဘုတ်အုပ်ကြီးက.. family lawyers တွေ အတွက်..ရွှေတွင်း ကြီး ဖြစ်နေသတဲ့..။ အကွဲ အပြဲ ဇတ်လမ်းတွေ အတွက်.. ခလေး စရိတ်တောင်းတာ တွေ အတွက်.. သက်သေ အထောက် အထား နဲ့ ခုခံ ဖို့.. အတွက်.. အမူသည်.. တရားလို တွေ ရဲ့..တန်ဖိုး ရှိလှတဲ့..ပျော်နေတဲ့ပုံတွေ..ကဲနေတဲ့ ပုံတွေ.. ရေးထားတဲ့ စာတွေ က..သိပ်ကို အသုံး ၀င်နေ သတဲ့။
-
အဲဒီ ဆောင်းပါး ရဲ့ အဆုံးမှာ.. သုံးစွဲသူ တယောက်...မှတ်ချက် ပြု ထားတာကို .. သဘော ကျသွားမိတယ်။ သူ့အတွက် တော့..မျက်နှာ ဘုတ်အုပ် ကြီးက.. အခန်းတခု ထဲမှာ.. သိသမျှ လူတွေ ခေါ်သွင်း ထားသလို ခံစားရ ပါသတဲ့။ ဟုတ်ပါ့ ..သူပြောမှ..ကိုယ်လည်း.. ကိုယ့် အဖြစ် ကိုယ် သတိထား မိတော့တယ်။
-
ကိုယ်တွေ ကတော့..ကိုယ် မပွား တတ်သူ.. ပွားချိန် မရှိသူ မို့.. ဒီ နာမည် တမျိုးထဲ အောက်မှာပဲ.. အမျိုးတွေ ရော..မောင်နှမ ၀မ်းကွဲ တွေ ရော.. တက္ကသိုလ်က..alumni တွေရော..လုပ်ဖော် ကိုင်ဖက် သူငယ်ချင်း တွေရော.. ဘလော့ပေါ်က.. ခင်မင်သူ တွေရော.. အကုန် လုံး..အတူ ထဲ့ ထားမိ နေတာ..။ နောက်ဆုံး..ဘုရားကျောင်းက..သင်းအုပ် ဆရာ တောင် ပါသေးတယ်။ အဲဒီ အတွက် ကြောင့် လည်း.. သုံးတဲ့ နေရာမှာ..တတ်နိုင် သမျှ..ဆင်ဆင် ခြင်ခြင်.. သုံး ရပါတယ်။ တခါ တည်း ကြုံလို့ ပြောရရင်တော့.. ကိုယ့်မျက် နှာ စာရွက်မှာ.. fan အရေ အတွက် မစု ဆောင်းပါဘူး။ nik တွေနဲ့ ဆို.. သတိချပ်ပါတယ်။ တချို့ ဘလော့ ပေါ်မှာ.. ခင်မင် ရင်းနှီး အကြောင်းသိ နေတဲ့.. ကီးဘုတ် နာမည် ( ကလောင် နာမည် လို မျိုးပေါ့) ပိုင်ရှင် တချို့ က..လွဲလို့ပေါ့။ မိတ်ဆွေ အသစ် တွေထဲက ဆိုရင် တော့.. Message ပို့.. စာပို့ပြီး.. ပြော တဲ့ အခါ.. ကိုယ့် အတွက် ပို အဆင်ပြေပါတယ်။ ပေါင်းသင်း ဆက်ဆံ ရေး လမ်းကြောင်းတွေကို.. အရပ် ရှစ် မျက်နှာ ..မလှည့် နိုင်ပေမဲ့..လှည့်သမျှ မျက်နှာ ကတော့..တမျိုးပဲ ရှိ ပါတယ် လို့.. ။
-
အဲဒီ တော့.. တနေ့ တနေ့..မျက်နှာ ဘုတ်အုပ်ကြီး ပေါ် တက်ပြီး ဘာတွေ လုပ်သလဲ ဆိုတော့.. တချို့ တွေ ရှဲတဲ့.. သတင်း လေးတွေ.. အကြိုအကြား ကိုယ်တိုင် မရောက် နိုင်တဲ့ စာမျက်နှာ လေး တွေထဲက.. စိတ်ဝင်စား စရာ လေးတွေ ဖတ် ပါတယ်..။ တချို့.. ဘလော့ မရေး ဖြစ်လို့…စိတ်လို လက်ရ.. အဲဒီမှာပဲ .. စာရွက် တရွက် ချင်း စီ ဆုပ်ပြီး..ရေး တဲ့.. စာလေးတွေ ကောင်းရင် … အချိန်လည်း ရရင်..ဖတ်ပါတယ်။ ကိုယ် တိုင်လည်း..အင်တာနက် ပေါ် သွားရင်း လာရင်း.. သတိပြု မိလောက် အောင် ကို ခလုပ် တိုက်မိတဲ့ အကြောင်း အရာလေး တွေ.. မနေနိင် မထိုင်နိုင် ရှဲချင် လာတာလေး တွေကို.. ရှဲပါတယ်။ တခါ တလေ.. အတွေး ထဲကို ဖျတ်ခနဲ ရောက် လာတဲ့.. အတွေး စကား တိုတိုလေး တွေကို.. Mini blogging သဘောမျိုး.. အော်ပြစ် ခဲ့ တတ်ပါတယ်။ သူများ အော်ထား တဲ့..အဲဒီလို..အတွေး တိုလေး တွေကိုလည်း ..သဘောတူရင်.. like လို့.. လွယ်လွယ်ကလေး.. တချက်တောက် ထဲ့ လိုက်ပါတယ်။ ရံဖန် ရံခါ.. သိပ်ကို ခင်မင်ရင်းနှီး တဲ့ သူတွေ ဆီမှာ..စချင် နောက်ချင် တာလေး တွေ တွေ့ရင်လည်း.. မနေနိုင် မထိုင်နိုင်.. အပျော် (အပေါ) ဓါတ်ခံ တွေ ထွက်လာပြီး.. နောက် ပြောင် တတ်ပါတယ်။ စိတ်ဝင်စား စရာ..ဓါတ်ပုံ များ တွေ့ရင်လည်း..စပ်စပ် စုစု ကြည့် မိတတ်ပါတယ်။
-
ဘာနဲ့ တူသလဲ ဆိုတော့.. လူစည်ကား တဲ့..လမ်းမကြီး ပေါ်က.. လမ်းဘေး ကော်ဖီဆိုင် တခုမှာ..နေကာမျက်မှန် တလက် တပ်ပြီး..လမ်းသွား လမ်းလာ တွေကို ထိုင်ကြည့် နေရသလို ပါပဲ.. တချို့ကို အသေအချာ လိုက်ကြည့်.. စိတ်မ၀င်စား ရင်..သမန်ကာ ရှံကာ ကြည့်.. ပြီး ..သဘော တွေ ကျလိုက်..ပျော်လိုက်.. နှာခေါင်း ရှုံ့လိုက်.. ကိုယ် ကြည့် နေတာ ဘယ်သူ သိတာ လိုက်လို့..။ အဲ..ကိုယ့်ကို တဖက် မျက်နှာ ချင်း ဆိုင် - ဘီယာဆိုင် ထဲက.. ပြန်ကြည့် နေတဲ့.. နေကာ မျက်မှန် နဲ့.. လူ တချို့ကို မြင်မှပဲ.. အမြန် ထပြီး.. သွားစရာ ရှိတာ သွား ရတော့တယ်။
-
အကောင်း အဆိုး..အကြောင်း အကျိုး ဆိုတာ ကတော့.. ကိုယ်တွေ လည်း..သာမာန် အသုံး ပြု သူ တယောက် အဖြစ်နဲ့တော့..ပျော်ပါတယ်။ ဒါပေမဲ့..ကစားပွဲ တွေ တော့..၀င်မနွှဲ ဖြစ်ဘူး။ မေးခွန်း တွေလည်း ဖြေမကြည့်ဖူး ။ ဘာမှ ကြီးကြီးကျယ် ကျယ် ကြောင့် မဟုတ်ပါဘူး။ သူက.. တခုခု ၀င်သုံးတော့မယ် ဆို.. မေးပါပြီ..။ မေးခွန်းကြီးက..ကြောက်စရာ..။
-
“ မင်းရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ..ဓါတ်ပုံတွေကို.. ၀င် နှိုက် မယ်နော်..ခွင့်ပြုမှာလား..မပြုဘူးလား..”
-
ဆိုတော့..လန့်လန့်သွားတာရယ်..။ နောက်.. ပြောနေကြတာကိုး။ သွားမဆော့ နဲ့..စွဲတယ်..စွဲတယ်..ဆိုတော့.. နဂိုထဲက..အင်တာနက် ကြီးကို စွဲနေရ တဲ့ ကြားထဲ.. ဘာမှ ထပ်မစွဲ ပါရစေ နဲ့တော့..ကြောက်လွန်းလို့.. တို့- ကို မကြည့်တာ။ ပြီးတော့..သူက.. တကယ့်..ကမ္ဘာကျော် လူလည်ကြီး ပဲ ကိုး..။ လည်တာမှ.. လူတွေက.. နိုင်ငံသား မလျှောက်ပဲနဲ့ကို..ဖြစ်လို့ ဖြစ်မှန်း မသိပဲနဲ့ကို ပုံရိပ်ယောင် နိုင်ငံသား ကြီးတွေ ဖြစ်လို့..။ ကမ္ဘာ့လူဦးရေ သန်း ၆၀၀၀ မှာ သန်း ၂၅၀ ကျော်က..သူတို့ မျက်နှာတွေ လာအပ် နေပြီ ဆိုမှ တော့.. စီးပွားက..အရမ်းဖြစ်ပြီပေါ့။ ဆိုင်တွေ ကလည်း..ကြော်ငြာသမှ..။ Application မျိုးစုံက လည်း လူတွေကို..အမျိုးမျိုး ဖျားယောင်း လို့။ ကိုယ်တို့ လူတွေမှာကလည်း..ကိုယ့် အားနည်းချက် နဲ့ကိုယ်..ကိုယ့် ထွက်ပေါက်နဲ့ကိုယ်.. ဆိုတော့.. အဆင်တော့ ပြေ နေ တာ ပါပဲ။ တခုပဲ ရှိတယ်..ကိုယ့် ပိုက်ဆံ အိတ် ထဲက..ယူလို့ ယူမှန်း မသိနေတဲ့.. ခါးပိုက်နှိုက် ကြီး လို .. ကိုယ်တွေ ဆီက.. အချိန်တွေ..ငွေတွေ.. အနှိုက်ခံ နေရတာကိုတော့..သတိ ချပ် နိုင်မှ တော်ကာ ကျမည်။
-
ဒီနေ့တော့.. ဟို ကလိ..ဒီကလိ ရင်း…တထွေးကြီး ထောင့်မှာ ကပ်နေတဲ့.. သူငယ်ချင်းတွေ ပို့ထားတဲ့ လက်ဆောင်တွေ..ဖိတ်ထားတဲ့..ကိစ္စတွေ.. ကို..ခုမှ တွေ့လိုက်တယ်။ တခြားတော့..ဘာမှ သိပ် စိတ်မ၀င်စား မိပေမဲ့.. ပန်းကြိုက်တဲ့ သူမို့..ပန်းလက်ဆောင် တွေ တော့..အကုန် လက်ခံ ပြစ်လိုက်တယ်။
-
ဘာပဲ ပြောပြော.. ဟိုခေတ်တွေ တုန်းက.. ပို့စ် ကဒ် တွေ တောင် အပြန်အလှန် လဲ ကြရင်း.. ချစ်ခင် ရင်းနှီးမူတွေ.. တည်ဆောက် ခဲ့ကြတာပဲ..။ အခုလည်း…ပန်းတွေ ကို.. ယူလည်း ယူမယ်..။ ပို့လည်း ပို့ပေး ရမယ်။
-
ကဲ- အခုတော့.. ကိုယ့်ကို ဒီ မျက်နှာ ဘုတ်အုပ်ကြီး ပေါ်..ခေါ်ခဲ့တဲ့.. မနော် အတွက်..သူ ကြိုက်တဲ့..အဖြူရောင် ပန်းတစည်း။ ပျော်ရွှင်ခြင်း တဲ့..။ တခြား သူငယ်ချင်း မိတ်ဆွေ.. စာဖတ်သူ များ အားလုံး အတွက် လည်း…ဟောဒီ မှာ… ပျော်ရွှင်ခြင်း..အဖြူရောင် ပန်းစည်း တစည်း စီ။း)




ဆက်စပ်ဖတ်ရန်- Facebook ( သို့) ပုံရိပ်ယောင် နိုင်ငံတော်


Share/Bookmark

အရောင်တွေရဲ့ အကြောင်း




ဘုရားသခင်ရဲ့ စုတ်ဆေးခွက်လား..
သက်တန့်ထဲက.. တွေ့ရှိမူလား..
ပန်းတွေနဲ့ လိပ်ပြာတွေရဲ့ ကူးလူးဆက်ဆံမူ ကြောင့်လား..
ဧဒင်ဥယျဉ်ထဲက..အနီရောင်ပန်းသီးတလုံးက..စခဲ့တာလား..
အဲဒီ ပန်းသီးက..အစိမ်းရောင် ဖြစ်ခဲ့ရင်ကော...
ဘာပဲပြောပြော..အရောင်တွေ မရှိရင်.. အလှမရှိနိုင်..
အလှမရှိရင်..ဘ၀ မရှိနိုင်
နေပါအုံးလေ..မျက်မမြင်တယောက်..
ဒါမှမဟုတ်..အရောင်ကန်းနေသူ တယောက် အတွက် ဆိုရင်..
အရောင်တွေ အကြောင်း..မင်းဘယ်လို ပြောပြမလဲ..
ဒါကိုလဲ..ငါသိချင်နေပြန်သေးတယ်။



( ၀န်ခံချက်- forward mail တခုက.. slide show တခုကို ကြည့်ပြီး..ရုတ်တရက် ပေါက်လာသော..အတွေး )


Share/Bookmark

မနက်ခင်းလေး

“ကေကေ..ထ..ထ..ဘုန်းကြီးတွေ ကြွလာပြီ.. ”
ဝေ..
အေး..အေး.. လာပြီ..လာပြီ..
-
အိပ်ချင် မူးတူး နဲ့..ကုတင်ပေါ်က..အမြန်ဆင်း..ညအိပ်ဝတ်စုံ ပေါ်က..လုံခြည်တထည် ကောက်စွပ်ပြီး..အိပ်ရှေ့ကို အပြေးတပိုင်း နဲ့ ထွက်ခဲ့တယ်။ အရေးထဲ..မီး ပြတ်နေတယ် ထင်တယ်.. ဘာမှ မမြင်ရ..အိမ်ရှေ့ပေါက်နားက..ခွေးခြေပုလေးကို ၀င်တိုက်တာ..နာလိုက်တာ..
-
မိုးတောင် မလင်းသေးဘူးပဲ.. ရပ်ကွက်လေး တခုလုံး..ပိန်းပိတ်အောင် မှောင်လို့.. ။ လမ်းမီးရောင် .. မပီ ၀ိုး
ဝါး..အောက်မှာပဲ.. ခြေသံတွေ တရှပ်ရှပ် နဲ့..အတန်းလိုက်.. ဆွမ်းခံကြွလာတဲ့.. သံဃာတွေကို..အရိပ်တွေ အဖြစ်နဲ့ပဲ..လက်စုံမိုးလိုက်တယ်။
-
“ ကေကေ က..မတ်တပ်ကြီး ရှိခိုး တယ်... ”

ဒီ နိဗ္ဗန်ဆော်လေး က..တမျိုး..။ ပြန်ရောက် ကတည်းက..အဒေါ်လုပ်သူ ကို.. တချက် မပြတ် လိုက်ကြည့် ပြီး ဝေဖန် နေတာလေ.. အုတ်နီခဲ မလေး..။ ဘောင်းဘီ ၀တ်ရင် ၀တ်လို့.. ဇွန်း ခက်ရင်း နဲ့စားရင်..စားလို့.. ဘုရား မရှိခိုးရင်...မခိုးလို့..။ သူ့မှာ..နိုင်ငံခြားမှာ နေတဲ့..သူ့အဒေါ်ကို.. မြန်မာမူတွေ ပျောက်မှာ..မြန်မာပြည်ကို မချစ်တော့မှာ.. ဗုဒ္ဓဘာသာ မဖြစ်တော့မှာ..အတော် စိုးရိမ်ပူပန် နေပုံ ရ သည်။
-
ခုလည်း.. အိပ်ကောင်း..ကွေးကောင်း နေတဲ့ အချိန်မှာ တောင်..ကလေး တန်မဲ့.. သူမို့ ထ နိုင်တယ်..။ သူ့အမေ ဘေးမှာ..ဆွမ်းဗန်းတွေ..ကူ ပြီး..လှယ်ပေး နေ တာကို ကြည့်..ဟောဒီက..လူကြီး တယောက်လုံး ကိုတောင်.. မျက်ခင်းပေါ် လမ်းဘေး..ထိုင် မရှိခိုးလို့တဲ့… ကလေးက..ပြန်ဆုံးမနေ ပုံ.. ။
-
“ လာ ..မိကေ... ကျန်တဲ့ တခွက် ဆက် လောင်းလိုက်..ရော့ ..ရော့..”

မမကြီး လှမ်းပေးတဲ့.. ဆွမ်းခွက် ကို လှမ်းယူ ရင်း.. ဘယ်နှယ်ပါး လောက် ကျန်သေးလည်း..လှမ်းကြည့်တော့..ကိုရင်ငယ်လေးတွေ..လေး..ငါး..ဆယ်ပါးပဲ.. ရှိတော့တယ်.. မှီသလောက် ပေါ့။
-
နောက်ဆုံး ကိုရင်လေး ရဲ့ သပိတ်ထဲ..ဆွမ်းလက်ကျန် တွေ အကုန် လောင်းထဲ့ ရင်း..ကြေးစည်သံ လွင်လွင်လေး ကို ကြားလိုက်ရတော့.. ရင်ထဲ ကြည်နူး လိုက်တာ…။ အတင်း လာနှိုး တဲ့..တူမလေးကို ပဲ ကျေးဇူး တင်ရတော့မယ်။ ညကတည်းက..ဆွမ်းလောင်း ထဖို့..တတွတ်တွတ် နဲ့ လာပြော နေ တာ လေ... ။
-
ဆွမ်းထွက် လောင်းတဲ့.. မျက်စောင်းထိုး အိမ် နဲ့.. ဟိုးဖက်.. နှစ်အိမ်ကျော် က..လူ တွေလည်း..အင်ဗက်တာ မီးချောင်းရောင် အကူအညီ နဲ့..ဆွမ်းခွက် တွေ သိမ်းလို့..အိမ်ထဲ ၀င်ကုန်ပြီ။ အလင်းရောင် က လည်း ..ပျို့တယ် ဆိုယုံလေး ရှိသေး။
-
+++++
-
အိပ်ယာ ပေါ် ပြန်လှဲရင်း.. ဘ၀ မှာ..အိပ်စက် နားနေ ဖူးခဲ့တဲ့.. နေရာတွေ.. အကြောင်း တွေးနေ မိတယ်။
ကြည့်ပါ အုံး..ကုတင် ရဲ့ ဘေးနံရံ မှာ..ည မီးစုန်းရောင်..ကြယ်တွေ..လတွေ..အရုပ်တွေ နဲ့။ ဖက်ထားတဲ့..ခေါင်းအုံးအစွပ် ပေါ် က.. Pooch ရဲ့ အကျီ င်္အနီလေး အောက်က..ထွက်နေတဲ့ ဗိုက်ပူပူ လေး ကို ကြည့်ရင်း.. ရုပ်ရှင်တွေထဲ က ခလေးမလေးတွေလို..၀က်ဝံ ရုပ်ကြီး တရုပ်လောက် အိပ်ယာထဲ ထားချင်ခဲ့ ဖူးတဲ့..ငယ်ဘ၀ တွေကို လွမ်းမိသေး တော့..။
-
ခုတော့..ခဏတဖြုတ် အလည် ပြန်လာတဲ့..သူ့အဒေါ်လေးကို ရက်ရက်ရောရော..သူ့အခန်းလေး ပေးအိပ်တဲ့.. တူမလေးရဲ့.. ကုတင်ပေါ်မှာ.. ။..ဧည့်သည် လည်း မမည် ..အိမ်သားလည်း မဟုတ်တော့..။
-
ပြတင်းပေါက်က တဆင့် ၀င်လာတဲ့...အာရုဏ်ဦး ရဲ့ ၀ါနုနု..နေခြည် လေးက..အစိမ်းနုရောင် အခန်းလေးထဲ ကို.. မသိ မသာလေး..ဖြန့်ကျက် ဖို့..ကြိုးစားနေတယ်.. ။ ညည့်သိပ်ထားတဲ့..လေ နုနုလေးက လည်း .. အေးတယ် ဆိုယုံလေး..အပြာရောင်..ခြင်ထောင်စ လေးကို..တို့ထိ လာတော့.. ပြန်အိပ်လို့ လည်း မပျော်တော့ ပါဘူးလေ..။ ခပ်ဝေးဝေး ကနေ..လေသင့်ပြီး မျောလာတဲ့..သီချင်းသံ ကို..နားစွင့် ရင်း..ငယ်ငယ်က..အဘွားတို့ အိမ်မှာ..အလှူကြီး လုပ်ရင်...တောသီချင်း..အလှူသီချင်းတွေ .. ခုနှစ်ရက်..ခုနှစ်လီ ဖွင့်တတ်တာကို..သတိရ မိ ပြန်..။ ခုလည်း..အနီးအပါး ရပ်ကွက် တခုက..ဆွမ်းလောင်းရုံ..ဒါမှမဟုတ်..အလှူခံ မဏ္ဍပ် တခုခု က..မနက်စောစော ထ ဖွင့်တာ ဖြစ်ပေလိမ့်မည်..။

ဗျောသံ..စည်သံ..ညံတယ်..ညံတယ်..အံ့အဲ ချိမ့်ချိမ့်..သိမ့်သိမ့် ပျော်မဆုံးပေ…. ပွဲတော်..နွှဲပျော်.. ယိမ်းတော်..စည်တယ်.. ဗိန်း..ပတ်ပတ်..ဗေဗေ ဗုံ..

မေဆွိ အသံလား..နီနီ ၀င်းရွှေ အသံလား.. ခုခေတ် ပြန်ဆို တာတွေ လားတော့မသိ…အသံက..ခပ်သဲ့သဲ့ရယ်..။ ဒီခေတ်ကြီး ထဲ.. ရန်ကုန်မြို့ကြီးမှာ..ဒီ သီချင်းမျိုးတွေ..ဖွင့်နေသေးတာကို..အံ့သြသလို တော့.. ဖြစ်မိသား.. အေးလေ.. ဒါ- ၀င်ဒါ မီယာ မှ မဟုတ်တာပဲ..။
-
ဟော..လာပါပြီ..ဖြူတုတ်မ ..ခြင်ထောင် အပြင် ကနေ..တညောင် ညောင် နဲ့ ပွတ်သိ ပွတ်သပ် လာလုပ် နေ ပြီ။ သူ့ သခင်မ ကို လုပ်နေကြ ..နိုးနေကြ ထင်ပါ့။
-
ကဲ..ကဲ.. ထ ပါပြီ..ကွယ်..။
-
ကြောင်ချစ်တဲ့.. တူမလေးက..သူ့ ဖြူတုတ်မ နေဖို့ ဆိုပြီး..သူ့ စာကြည့် စားပွဲ အောက်မှာ.. အိမ်ဆောက် ထားတာလေ.. ကြည့်ပါအုံး.. ရီ -- ရီ ရသေး တော့..။ ပန်းအိုး သေးသေးလေးတွေနဲ့.. စက္ကူ ကြိုးကြာလေး တွေ ချိုးပြီး..ကြိုးနဲ့ တွဲလောင်းချ..အလှ ဆင်လို့.. ။ ငပေါမလေး..။ လူကြုံ ရှိ လို့..ဖုံးထဲကနေ..သမီး ဘာလို ချင် လဲ..မေးတိုင်း.. ကြောင် လည်ပတ်.. ကြောင်အိပ်ယာ.. ကြောင်ကစားစရာ.. ဒါပဲ.. ။ ဘယ်တုန်းက မှ.. တိရိစ္ဆန် မချစ်တတ်တဲ့..ကိုယ့်မှာ..ဈေးရောက် တိုင်း pet အတန်းမှာ..အဆန်းတွေ သွားသွား ရှာ ရတာ..အမော။
-
“ ကေကေ..၇ နာရီ ထိုးပြီ.. ပြန်အိပ်နာ..ထသေးဘူးလား..အိပ်ပုတ်..ဆွမ်းလောင်း တာလည်း မမှီဘူး..”
-
ဟော.. လာပါပြီ..ကြောင်သခင်မ..သူ့ကြောင်နောက်မှာ..ကပ်ရက်.. ။
-
“အောင်မာ…နိုးနေပါပြီ အေ.. ညည်း..အမ နဲ့ ညီမလေး ကော..နိုး ပြီ မို့လား.. ကျုပ်ကိုများ..”
-
အလတ်ပီပီ..တအိမ်လုံး အတွက်..ပူ တတ် ပန်တတ် ဆရာလုပ် တတ် တဲ့.. ၁၂ နှစ်သမီးမလေး ရဲ့ ခေါင်းက ဆံပင်လေးတွေ ကို.. ချစ်စနိုး နဲ့.. ဆွဲဖွ လိုက် ရင်း..လှပ တဲ့..မနက်ခင်းလေး တခု ကို..လွတ်လွတ် လပ်လပ် ကြီးကို..ရှိုက်ယူ ပြစ်လိုက် မိတော့တယ်။
-
++++++
-
မမကြီးက..မီးဖိုထဲမှာ..ရေဒီယို တလုံး နဲ့ အလုပ်ရှုပ်လို့..။ ဘောပင် ရာ တွေ ပွနေအောင်..နေရာ မှတ်ထားတဲ့..လှိုင်းတို လှိုင်းရှည် တွေထဲက.. အလွတ် သိနေ တဲ့..ရေဒီယို လှိုင်းတခုကို..ဖမ်းဖို့ ကြိုးစားနေတယ်..။ အေရီယာ တိုင် ကို.. ဆွဲထုတ် လိုက်..ဟိုဖက် စောင်းလိုက်..ဒီဖက် စောင်းလိုက် နဲ့ပဲ.. နောက်ဆုံးတော့.. ဘီဘီစီ မနက်ပိုင်း အစီအစဉ် ရဲ့ ကြက်တွန်သံ လို လို တီးလုံးလေး ထွက် လာတော့တယ်။
-
မီးဖိုခန်း ပြတင်းကနေ..လှမ်းကြည့်တော့..ပတ်ဝန်းကျင် တခွင်လုံး..လင်းလို့..သန့်လို့..။ နှင်းရည်သောက်ထားတဲ့..ဗူးစင်ပေါ်က..ဗူးညွန့်လေးတွေတောင်..နေရာင်အောင်မှာ..တလက်လက်နဲ့ စိမ်းနေတာ.. အတိုင်းသား ။ အရှေ့ဖက် ..ပြတင်းက..မာလကာရွက် တွေကို ဖြတ်ပြီး ၀င်လာတဲ့..နေပျောက် တွေက....စားပွဲ ပေါ်က..ထမင်းကြော် ပန်းကန် တွေ ရဲ့ အငွေ့တွေ ပေါ်မှာ အတန်းလိုက်.. အလျားလိုက်.. ။
-
“ မိကေ..ဘာစားမလဲ..လာ..နင့်ကို စောင့်နေတာ.. ဒီနားက..နံမယ်ကြီး မုန့်ဟင်းခါးလဲ..၀ယ်ထားတယ်..ထမင်းကြော် နဲ့.. လက်ဖက် ..ဘူးသီးကြော် လည်း ရှိတယ်..မိဆု..သမီး..သွား..မမတို့ကို နိုးတော့.. ”
-
“ အကုန်စားမယ်.. ဘူးသီး ကြော်က..မမကြီး ကိုယ်တိုင် ကြော်တာလား.. မနက်ကလည်း အစောကြီး ထ..ဆွမ်းချက်ရ တာ.. ”
-
“ ဟင့်.. ကေကေ မှ..လုပ်မကူတာ..မေမေကြီးပဲ အကုန်လုပ်ရ တာပေါ့.. ”

အမလေး..သူ့အမေ ကို သိတတ်နေပုံများ..

သူရော..မမကြီးရော..ပြုံးမိတော့သည်။
-
“ ဟဲ့.. ကေကေ က..တခါတလေမှ လာလည်တာ..သမီးမေကြီးက..ချစ်လို့ လုပ်ပေးတာပေါ့..ကေကေ့ကို ငယ်ငယ်တည်းက..ကြော်ကြွေးနေကျ.. သိလား..”
-
ငပေါမ တွေ လို့..မမကြီးက..ထောမနာ ပြု ရင်း..စတီး မက်ခွက်ကြီး ထဲမှာ.. ကော်ဖီ တွေ..တဂေါက်ဂေါက် ဖျော်နေသည်။
-
“ အား..ကော်ဖီ နံ့က မွှေးနေတာပဲ.. ဆုလား.. လက်ရွေးစင်လား..ဘာပဲဖြစ်ဖြစ်..ကော်ဖီ မစ်က်စ် အထုပ် တွေတော့..မသောက်ချင်ဘူး.. အဲလို လတ် လတ် ဆတ်ဆတ်မှ..”
-
မမကြီး ထဲ့ပေးတဲ့..ကော်ဖီ ခွက်ထဲက..ကော်ဖီ တငုံ သောက်လိုက်ရင်း.. ရေဒီယို က လာနေတဲ့..စကားဝိုင်း အစီအစဉ် က…နားထဲ ၀င်လာသည်။
-
ဘယ်အချိန်ကတည်းက..ပြောချင်နေမှန်း မသိတဲ့ လူကြီး တယောက်ရဲ့.. အဖြတ် အတောက် မပါတဲ့.. စကားရှည် ကြီးကို.. အတင်းဖြတ်ချ ဖို့..ကြိုးစားနေတဲ့..ဦးကျော်ဇံသာ က..ဟုတ်ကဲ့ ခင်ဗျာ.. လေ နဲနဲ ရှည်ပါတယ်.. တဲ့။ ဘုရားရေ.. အဲလို ကြီး ပြောထွက် တယ်..။ ဟို လူကြီးတော့..ဘယ်လောက် အောင့်သက်သက် ဖြစ်သွား မလည်း မသိ..။

“ ဘာအကြောင်း ဆွေးနွေး တာလဲ..ဟင်..”

“စီးပွားရေး ပိတ်ဆို့မူ အကြောင်းပါ..ထုံးစံ အတိုင်း..ပိတ်သင့်..မပိတ်သင့် ပေါ့.. ”

“ အင်းနော်.. ဆန်ည်ရှင်း ကတော့..တကယ့် ကွန်ထရိုဗာရှယ် ပဲ.. ခက်တာက..ဒီ နည်း ကြောင့်..ဘယ်အစိုးရ မှ ပြုတ်ကျ မသွားခဲ့ သေးတာပဲ.. လောလောဆယ်ဆယ် တော့..နိုင်ငံသားတွေပဲ.. နစ်နာနေကြ ရတာ.. ”

“ ကေကေ..ဗမာပြည်မှာ..ဗမာလိုပဲ ပြော..”
-
လာပြီ..သူ ပါ လာပြီ။
-
“ အေးပါ..ခင်မျိုးချစ် ရယ်.. ကေကေ က..ဗမာလိုတွေ မေ့ကုန် ပြီ ဟဲ့..” လို့ နောက်တော့.. ပါးဆုံ့လေးတွေ တက်အောင် ရီနေ ပြန် တဲ့.. သူ့ တူမ လေးကို ကြည့်ပြီး..မျိုးချစ်..တိုင်းချစ် စိတ် တွေကို..မျိုးဆက်တွေ ဘယ်လို လက်ဆင့် ကမ်း ကြ သလဲ ဆိုတဲ့ အတွေးက.. ခေါင်းထဲ ၀င်လာ သည်။ ဒီတူမလေး ပေါက်ကာစ က..သူပဲ ထိန်းခဲ့..ချီပိုး ခဲ့ ရတာ..။ ခုတော့..၁၂ နှစ်သမီး ကြီးတောင် ဖြစ်လို့..။ ဟောဒီ တိုင်းပြည် ကြီးထဲမှာ ကြီးပြင်းရင်း..တိုင်းပြည်ကိုလည်း..ချစ်တက်နေလိုက်တာ..။ စာတွေ ကလည်း ဖတ်တတ်..ရေးတက် နေ ပြန်ရော..။ သူ့အခန်းလေး ထဲမှာ တောင် .. ကိုယ်ပိုင် စာအုပ်စင် သေးသေးလေး နဲ့.. ။ တခြား ညီအမ တွေနဲ့မတူ.. ဒီ အရွယ်လေး နဲ့.. ပစ္စည်းတွေ ကို သပ်သပ်ရပ်ရပ် ထားတတ် တာကို တော့..အတော်သဘော ကျမိသည်..။
-
“ ညက..သမီး အခန်းထဲက..စာအုပ် စင်မှာ..တော့တိုးချန် စာအုပ်လေး တွေ့တယ်..သမီး ကြိုက်လား..တော့တိုးချန်လေး ကို ဘယ်လို ထင်လဲ..ပြောပြ ပါ အုံး..” ဆိုတော့..ထုံးစံ အတိုင်း..မျက်လုံးလေး တွေ အစ်အောင်..ရယ်လို့သာ နေတယ်။
-
“ သမီး ငယ်ငယ်ကလေ..မှတ်မိလား..ကကြီး ခခွေး ကို မသင်ချင်ဘူး..စာတွေကို တန်းပဲ ဖတ်တတ် ချင် တယ်.. ဆိုတာလေ..”
-
မနက်စာ ၀ိုင်းလေးက..စားသောက် ပြီးလို့..လက်ဖက်ရည်ကြမ်း တခွက်စီ နဲ့..စကားဝိုင်း အဖြစ် ပြောင်းသွားပြီ။ မမကြီးက.. အစီအစဉ်တွေ ပြီးကာနီး ဖြစ်နေတဲ့..ရေဒီယိုကို လှမ်း ပိတ်လိုက်ရင်း..
-
“ အမလေး ..နင့်တူမက .. နင့်ပုံစံ အတိုင်းပဲ.. အိမ်မှာ..ဗလာစာအုပ် အဖြုန်းဆုံးပဲ.. မနေ့က..သူ့အခန်းကို ၀င် ရှင်းတာ.. ကျန်းမာရေး ပညာပေး ဆိုပီး.. မြန်မာ့အလင်းထဲက.. ကျန်းမာရေး သတင်းတိုလေး တွေကို..စုပြီး..ကပ်ထားတာက..တမျိုး..။ သူ့ညီမ တွေ မောင်တွေကို..ပုံပြောပြတဲ့..၀တ္တု စာအုပ်က..တမျိုး..။ ဒိုင်ယာရီ ဆိုတာလည်း ရှိသေးတယ်..”
-
“ ဒီမှာ..ဒီမှာ..သူ့ရဲ့ ဒိုင်ယာရီ.. သမီး ဖတ်ပြမယ်.. ”

ဟော…အခုမှ အိပ်ယာက..ထလာတဲ့..အကြီးမကြီးက.. သူ့ညီမ ဒိုင်ယာရီ စာအုပ်ကို ဆွဲချ လာတယ်..။
-
----နိုင်ငံရေးတဲ့..နိုင်ငံရေးကိုတော့သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ အခု ဖြစ်နေတာ ကိုတော့ လုံးဝ လုံးဝ မကြိုက်ဘူး။ တစ်ခါ တစ်လေ ငါတို့ နိုင်ငံ အဆင်းရဲဆုံး နိုင်ငံ လားလို့ စဉ်းစားဘူး ပါတယ်။ မေကြီး ကတော့ မဟုတ်ပါဘူး တဲ့။ နောက်က ပြန်ရီရင် သုံးနိုင်ငံ မြောက်တဲ့။ အားရှိ စရာပါပဲလေ။ ကိုယ့်နိုင်ငံကို ချစ်ပါတယ် လေ။ ဒါပေမယ့် နေတာ ကြာလေ စိတ်ပျက် လေ။ သြော် သူများနိုင်ငံ တွေမှာ.. မီးမပျက်ပါလား။ သိပ်အားကျတာပဲ။ ၈၈ အရေးအခင်း အကြောင်း ကြားရင် သိပ်ငိုချင် တာပဲ-----( ဟိ ဟိ..သူပဲ ကြုံဖူးသလိုလို နဲ့) -----
-
အကြီးမက.. နောက်နေပြန် သည်။
-
“ အီးးးးးး.. တော်ပြီ.. မကြီး ဆက်မဖတ်နဲ့တော့.. ပြန်ပေး.. ”
-
“ (နေအုံး.. ဒီမှာ ရှိသေးတယ်.. ကြီးကျယ်တာက..သမီး ဆက်ဖတ် ပြမယ်.. ) ပြော ရဦးမယ် နားထောင် ချင်မလားတော့ မသိဘူး။ တစ်ခါတုန်း ကလေ ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ မှာပေါ့။ ကားပေါ်မှာ သကြားလုံး
ဝေလိုက်လို့ မေကြီးက ပြောတယ်။ ကိုယ်ကလည်း ဝေချင် တယ်လေ။ အဲ့ဒါကို အချို့အချို့လူတွေ ကပါ။ ဗိုလ်ချုပ်နဲ့ ဘာတော်လဲတဲ့။ သြော် တော်ချင်တာပေါ့။ ဖြစ်နိုင်ရင် အဘိုးတောင် တော်လိုက်ချင် သေးရဲ့...ဒါပေမဲ့ ပြောမနေ တော့ ပါဘူး... ( ဘဘ ကြားရင်... နင်တော့သွားပီ...)
-
“ ဟာ... ပြန်ပေးတော့...ဆို...”
-
ရှက်နေတဲ့.. ဒိုင်ယာရီ ပိုင်ရှင်လေးကို..၀ိုင်း စကြ နောက်ကြ ရင်း..မနက်ခင်းလေးက..စိုပြေ လန်းဆန်း နေ တော့ တယ်။ တတိယမြောက် အဆင်းရဲဆုံး နိုင်ငံ ဖြစ်လို့.. ၀မ်းနည်း ရင်လေး နေရ တာတွေ တောင်.. မနက်ခင်းလေး ထဲမှာ..မေ့လျော့ လို့…။
-
+++++
-
အိမ်ရှေ့..တိုင်ကပ် နာရီ က.. အသံသာသာ ကြားရသည်။
-
“ ဟေး.. ကိုးနာရီ ထိုးပြီ.. အကြီး မ နဲ့ အငယ်မ..စားစရာ ရှိတာ..စား..ပြီးရင်..ရေချိုးထား..တော်ကြာ..ယု တို့ သားအမိ တွေ လာတော့မယ်..ကျောင်းပိတ်ရက်..ဒီနေ့.. အိုရှန်း ကို လိုက်ပို့မယ်..ဆို..”
-
မမကြီးက.. အ၀တ်လျှော်စက် ထဲကို..အ၀တ်တွေ..ရွေးထဲ့နေရင်း..နှေးတိ နှေးတွဲ့ လုပ်တတ်တဲ့..သူ့ညီမ နဲ့..သူ့သမီး သုံးယောက် ကို.. ဆော်သြ နေ သည်။
-
နေပါအုံး.. ဒီမှာ.. တူမ တွေ ကို..ကြုံတုန်း..ဗျူးနေတာ..။ ခု တခေါက် ပြန်လာတာ..ကလေး တွေ လက်ထဲ ကြည့်လိုက်ရင်.. ဘာလေးတွေ ကိုင်ထားမှန်း မသိ.. ဂိမ်းဆက် လိုလို ဘာလိုလို ဟာလေးတွေ..။ မေးကြည့်တော့မှ.. MP4 တဲ့။ လှည်းတန်း က..ဆိုင်တွေ မှာလည်း ..ရေးထားတာ..MP4 ပြင်သည် ဆိုတာ..ဟိုနားတွေ့..ဒီနားတွေ့..။ ဟိုတုန်းက “Gas ဖြည့်သည် ” ဆိုတဲ့..ဆိုင်းဘုဒ် တွေ အတိုင်းပဲ။
-
“ ပြပါအုံး..သမီး.. MP4 က..ဘာ တွေ ရှိလဲ လို့..” ဆိုတော့.. သူ့ရဲ့ ပန်းရောင် ပစ္စည်းလေးကို.. အနားမှာ..လာဖွင့်ပြတယ်.. ကွိကွိ..ကွကွ နဲ့..ဘာသီချင်းတွေ မှန်းလည်း မသိ.. ။
-
နှာခေါင်း ရှုံ့မိတော့.. “ အဲဒါ..တက်နို ..သမီး သိပ်မကြိုက်ပါဘူး..သူငယ်ချင်း သွင်းပေးထားတာ..” တဲ့။
-
“ ဟဲ့.. ညက.. သမီးတို့ ဖွင့်နေ တဲ့..သီချင်းလေး တော့.. ကေကေ ကြိုက်တယ်.. လာ..ယုတို့ မလာခင်.. သီချင်း ခွေ ကြည့်ရအောင်..မီးပြန်လာပီ မဟုတ်လား.. ”
-
ထမင်းစားခန်းထဲက..အခု မှ ထွက်လာတဲ့..သမီးကြီးက -
-
“ အဲဒါ ကောင်းတယ်.. examplez လေ.. ကြိုးကြာလည်း သမီး ကြိုက်တယ်.. ကြိုးကြာနဲ့ စင်ဒီက..ညီအမလေ.. စင်ဒီက..ခု ယောက်ကျားရသွားပီ..သိလား..ဒီ အနားလေးမှာပဲ နေတာ.. ”
-
သူတို့ သီချင်းကို..ကြိုက်တယ် ဆိုလို့..ပျော်ပြီး..ဖွယ်ဖွယ်ရာရာ..ရှင်းပြရင်း..အားတက်သရော ကို စက်ထဲကို.. အခွေ သွားထဲ့ နေတဲ့..တူမ နှစ်ယောက် နဲ့အတူ..သူလည်း ဆယ်ကျော်သက်လေး..ပြန် လုပ် ချင်စိတ် ပေါက်လာ သည် ။





-- သူငယ်ချင်း ထက် ပိုတဲ့ အချစ်..ငါ့စိတ်ထဲမှာ..ဖြစ်ခဲ့---
-
ဟစ်ပ် ဟော့..စတိုင် အတိုင်း တလှုပ်လှုပ်နဲ့.. အကြီးမကြီးက.. ဆိုလိုက် တော့.. အလတ်မ ကလည်း.. ဘယ်နေ မလဲ..။
-
---အနေတွေက..နီးစပ်လို့..ရင်ခုန်သံတွေ ..ပြောင်းခဲ့----
-
သူ့စည်းချက် အတိုင်း..ဟုတ်နေ ကြပါလား..
ကဲ...လာထား..ဒါက..ကိုယ့်အလှည့် ကွ.....ကြိုးကြာ နဲ့အတူ...
-
“ မင်းဘက်ကတော့...ဖြစ်နိုင်တယ်...အရာရာ ဟာ..လွယ်လွယ်လေးပဲ...”
-
သူပါ လိုက် ဆိုတော့..တူမတွေက.. သဘော တွေ ကျ ကုန် ပြီ...
-
“ အဲဒါ..ထွန်း ထွန်း.. နောက် တယောက်..နားရွက်ကားကားလေး က..သက်အောင်...”
-
“ သမီး က.. သက်အောင် ကြိုက်တယ်..”
-
ဟားဟား.. သူက.. ဒီလိုတွေ တောင်..ရွေးတတ် နေပြီးကိုး.. အေးလေ..၁၂ နှစ်သမီး ပဲ.. ကိုယ်တွေ..၁၂ နှစ်သမီးက..ဘာတွေ နားထောင်..ဘာတွေကြိုက်လို့.. ရင်ခုန်နေတတ်ပြီလား..မမှတ်မိတော့...
-
ဘာပဲပြောပြော...မြူးကြွတဲ့.. စည်းချက် သံ အောက်မှာ..သူလည်း.. မြူးကြွလာသည်။
-
----အားနာလိုက်တာ..အချစ်ရယ်.. အားနာလိုက်တာ..အချစ်ရယ်.. ခင်ဖို့ကောင်းတဲ့..သူငယ်ချင်းရယ်..အားနာလိုက်တာ..ကွယ်.. အားနာလိုက်တာကွယ်-----

ဒီတခါတော့....သူတို့ သုံးယောက်လုံး..သံပြိုင် ဟစ်ပြစ်လိုက်သည်။
-
ဒါတောင်..ကလေးတွေကို..မခံချင် အောင် စလိုက်သေးသည်။

“ အင်း.. သီချင်းက..ကောင်းမှာပေါ့.. အရင်ခေတ်က..သီချင်းကြီးကို.. ပြန်ပြီး..အော်လ်တာ..လုပ်ထားတာကြီး ကို.. ” ဆိုတော့..
-
“ So what.. ” လို့.. သီချင်းထဲက..ကောင်လေး အသံ အတိုင်း.. နှစ်ယောက်သား..သူ့ကို လျှာထုပ်ပြီး မဲ့ပြ ကြ တယ်။
-
အိမ်ရှေ့က.. ကားသံ ကြား လိုက်ရပြီး.. မမကြီး တယောက် အငယ်မ ကို..အကျီ င်္လဲပေးနေရာ က..ထွက်လာတယ်..
-
“ ဟဲ့..ဟို အဒေါ်ငပေါ..ကလေးတွေ နဲ့ ပြိုင်ပေါ နေ.. ဟိုမှာ..အိမ်ရှေ့မှာ..ယုတို့သားအမိတွေ လာပြီ.. သွားကြ.. အေး..ခလေးတွေ ကို..လျှောက် စွတ်ဆက် ၀ယ်ပေးမနေနဲ့ အုံး.. ပြီးရင်..အပြင်မှာ..စားမလာနဲ့..အိမ်မှာ..ဒီနေ့လည်..ကြာဇံချက် ချက်မှာ.. ကြားလား..”

“ So What .. ”

လို့.. လက်နှစ်ဖက်ကို နောက်ပြန်ကွေးပြီး..မမကြီးကို ပြန်ပြောင် လိုက်တော့.. တူမနှစ်ယောက်သား..သဘောတွေ ကျပြီး.. တခစ်ခစ် နဲ့ ရီလိုက်ကြတာ…။
-
အိမ်ရှေ့က..ဟို မျောက်လောင်း..တူ လေး နှစ်ယောက် မဆင်းလာခင်.. တူမ လေး သုံးယောက်နဲ့ အတူ..မနက်ခင်းလေး တခုထဲ.. လွတ်လွတ် လပ်လပ် ပြေးထွက် ခဲ့တယ်...။



ဆက်စပ်ဖတ်ရန်- new generation


Share/Bookmark

Scenery of Switzerland(2)



Share/Bookmark

Endangered Species

ထုံးစံ အတိုင်း..မိုးလင်းတာနဲ့ .. လက်တဖက်က..အိမ်ရှေ့ လိုက်ကာ ကို ကြိုးဆွဲ.. နောက်တဖက်က ..တီဗွီ ခလုပ်ကို နှိပ်ပြီး..CNN ကို ဖွင့်လိုက်တယ်။
-
ကော်ဖီ တခွက် ဖျော်ပြီး Toaster ထဲက..သူ့အလိုလို ခုန်တက်မလာ တဲ့ ပေါင်မုန့်ကို.. လက်နဲ့ အသာဆွဲ ထုပ် နေတုန်း... Burmese ဆိုတဲ့ အသံ ကြားလိုက်လို့..အသဲအသန် လှမ်း ကြည့်လိုက် တော့.. အမေရိကန် ဖလော်ရီဒါပြည်နယ် မှာ..Burmese Python စပါးကြီးမြွေ တွေ သောင်းကျန်းနေလို့.. လိုက်ဖမ်းနေ ရတဲ့..သတင်း တပုဒ် ဖြစ်နေ တော့တယ်။
-
++++++


စပါးကြီးမြွေ တွေကို အိမ်မွေးတိရိ စ္ဆန် လုပ်မွေးတဲ့..လူတွေကိုလည်း အံ့မိပါရဲ့။ အဲဒီလို ..တအိမ် အိမ် ကနေ.. လွတ်ထွက်သွားရင်း..ဖလော်ရီဒါ အဲဗားဂလိတ် ဆိုတဲ့.. ဘေးမဲ့ ဥယျဉ်ကြီးထဲမှာ..အများဆုံး ပေါက်ပွားနေကြ တာ.. အဲဒီ နယ်တကျောမှာ..အခုဆို.. အကောင် တသိန်းလောက် အထိ.. ဖြစ်နေပြီတဲ့။ ဘုရား…ဘုရား.. အူတွေ တောင် ယားပါ ဘိတော့။ သူ ပြောသလို ဆို.. ဒီလောက် အထိ ပေါက်ပွား နေတာ.. ဘာဆန်းမလဲ..။ စပါးကြီးမြွေမ တကောင် တခါ ဥရင်.. ဥ.. ၈၀ ကနေ ၉၀ ထိ ဥ နိုင်တယ်တဲ့ ..။
-
အရည် အတွက်က ထားပါတော့လေ..။ ပုရွက် ဆိတ် ဆိုလည်း..အရေးမကြီး။ ခုဟာက.. ပေ ၂၀ ကျော်ရှည်ပြီး ပေါင် ၂၅၀ လောက် လေးတဲ့.. အဲဒီလို..စပါးကြီးမြွေတွေက..မြင်မြင်ရာ.. အကောင်ကို ၀ါးမြို ပြီး.. သက်တမ်း အနှစ် ၃၀ ကျော် အထိ နေနိုင် ကြတယ် ဆိုတော့.. အဲဒီ ဒေသ ရဲ့ ဂေဟ စနစ် အတွက်.. ဘယ်လောက် စိုးရိမ်စရာ ဖြစ်မလဲ..စဉ်းစားသာ ကြည့်ပေတော့။ တလောတုန်း ကလည်း..အိမ်တအိမ် မှာ မွေးထားတဲ့.. မြွေတကောင်က..လှောင်အိမ်က လွတ်ထွက်ပြီး..ပုခက်ထဲက..ကလေး ကို မြိုလိုက်သတဲ့။
-
ခုတော့..အမေရိကန် ဆီးနိတ်မှာတောင် ဗမာ့ စပါးကြီးမြွေ အကြောင်း ထဲ့ပြောနေရပြီ။ ဗမာတွေ..နံမယ်ကောင်းပုံ များ တော့…။ အခု…အသေအချာကို ပတ္တရောင် အဖွဲ့တွေနဲ့ လိုက်ဖမ်းပြီး သုတ်သင်နေ ကြ ရပြီ။ သူတို့ သုံးတဲ့ အသုံးက..ဒီမြွေတွေဟာ invasive species တွေဖြစ်ပြီး.. တခြား ဒီ ဒေသက.. endangered species တွေကို..အန္တရယ် ပြုနေ တယ်တဲ့။
-
Endangered Species ရဲ့..ဖွင့်ဆိုချက်ကို..သေချာကြည့်မိတော့... မျိုးတုန်းလု ဖြစ်နေတဲ့.. အန္တရယ် ကျရောက်နေတဲ့.. သတ္တ၀ါ များ..။ ဒါဆို.. Endangered Species တွေကို..ကာကွယ်ဖို့..လိုက် သုတ်သင်နေရတဲ့.. ဗမာ့ စပါးကြီးမြွေ တွေလည်း.. Endangered Species တွေ ဖြစ်လာဖို့..မရှိဘူးလား..။

ဒါနဲ့ပတ်သတ်ရင်..အမြဲ အငြင်းပွါးဖွယ် တွေ ရှိနေပြီး.. အဲဒါကို အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်တဲ့ သူ တွေက လည်း..တကယ်တော့..လူသတ္တ၀ါတွေ ပါပဲလေ..။
-
အဲဒီလို တွေးမိတော့..George Orwell ရဲ့..Animal Farm ကို သတိ ပြန်ရစေတယ်။ “all animals are equal” ဆိုတဲ့..ဥပဒေသ ကနေပြီး.. တဖြည်းဖြည်း ပြောင်းလဲ ဖြည့်စွက် လိုက်တဲ့..“ all animals are equal. But some animals are more equal than others” ဆိုတဲ့..စကားလေး။ သူကတော့..နိုင်ငံရေး လောကသားတွေ ကို သရော်ထားတာ ပေမဲ့..ဘယ်လိုပဲ တွေးတွေး..ဒီလောကကြီး တခုလုံးအတွက်.. အကျုံးဝင် နေတော့ တာပါပဲ။
-
မကြာသေးခင် နှစ်တွေတုန်းက..ဂျာမဏီ နိုင်ငံက.. မြို့လေးတမြို့ထဲက..၀ံပုလွေတွေ အုပ်လိုက် ကြီး ၀င်လာလို့..အတော် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ ဖူးသတဲ့။ နှစ်ပေါင်း အတော်ကြာကြာက.. ဥရောပ ရဲ့ သားရဲ တမျိုးဖြစ်တဲ့..၀ံပုလွေ တွေကို..သုတ်သင် ခြေမှုန်း လိုက်ကြတာ..အကောင် ရာဂဏန်းပဲ..ပိုလန် နယ်စပ်က..တောတွေထဲမှာ ခိုအောင်း ကျန်ရစ် နေရာ ကနေ.. မြို့တွေဆီ ပြန်ပြီး ခြေဦးလှည့်လာ တော့.. လူတွေက..ပြန်ပြီး..စစ်ကြေငြာ ကြ ရပြန်တယ်။ အေးပေါ့..၀ံပုလွေ နဲ့ လူ..အတူနေ လို့မှ မရတာ ကိုး..။ ဒီနေရာ မှာကော..ဘယ်သူက.. Endangered Species ဖြစ်သင့် သလဲ။
-
သြစတြေလျ တိုက်ကြီး စတည်ဆောက် တုန်းက.. ယုန်တွေ သောင်းကျန်း လှ သတဲ့။ ကြွက် အကြီးစား တမျိုးလို ဖြစ်နေတဲ့..ယုန် ညိညို ညစ်ညစ် ကြီးတွေ..စိုက်ပျိုးခင်းတွေ ကို ဖျက်စီး သွားပုံတွေကို..တီဗွီ က လာတဲ့..documentary တခု မှာ..ထိုင်ကြည့်နေရင်း.. အံ့သြနေမိတယ်။ ကိုယ်တွေ သိခဲ့ တာက.. အမွေး ဆွတ်ဆွတ်ဖြူ..နားရွက်ဖါးဖါး..မျက်လုံး နီနီ လေးတွေ နဲ့.. ချစ်စရာ အားကိုးရာမဲ့..အပြစ် ကင်းစင် တဲ့..ဇတ်လိုက် ယုန်သူငယ် လေး တွေကိုး ။ နောက်ဆုံး.. အစိုးရက.. ဘယ်လို မှ နှိမ်နင်းလို့ မနိုင်တော့..ဘာလုပ်တယ် မှတ်သလဲ..။ ယုန် တချို့ကို ဖမ်း..သူတို့ကိုယ်ထဲကို.. ကပ်ရောဂါ ပိုး တမျိုး ထိုးထဲ့ပြီး..မြေပေါ် ပြန်လွှတ်..တကောင်ပြီး တကောင် ကူး..ကပ်ရောဂါ နဲ့ပဲ..မျိုးတုန်း အောင် လုပ်လိုက်ပါရောလား..။ အတော့်ကို ရက်စက် တဲ့.. လူမဆန်တဲ့..နည်းပါပဲ..။ အေးလေ..ခုတော့..ဒါကကို..လူဆန်တဲ့..နည်း ဖြစ်နေပြန်..။
-
အခု ဆို..ဒီနိုင်ငံမှာ.. wild animal တွေကို..သူတို့ မစားရဲ ဘူး။ သူတို့ ဖြန့်ဖြူးထားတဲ့..ရောဂါပိုးတွေ က.. ယုန်တွေမှာတင်.. ပြီးသွားမှာ မှ မဟုတ်တာ။ ဒီ တိုက်ကြီးကလည်း..ကျယ်..ကျယ်လွန်းလှ တော့..မသိနိုင်..မရောက်နိုင်..မမြင်နိုင် တာတွေက..အများကြီး။ ရောက်ကာစ ကဆို..တချို့ နယ်တွေမှာ..Rabbit fence ဆိုတာကြီးတွေ..အရှည်ကြီး တမျှော်တခေါ် တွေ့ရ တော့..နားမလည်ခဲ့ဘူး။ ဒါတောင်..လူ့ရင် တပွေ့စာ ယုန်ကလေး တွေက.. စပါးကြီးမြွေ လိုလည်း..လူကို မမြိုနိုင်ပါဘူး..။ ၀ံပုလွေ တွေ လိုလည်း..လူကို ကုတ်ဖဲ့..ဆွဲဖြတ်ပြစ် နိုင်တာ မဟုတ်ဘူး။ အဲဒီ ယုန်လေး တွေ ကျတော့ရော.. Endangered Species ဆိုပြီး..မျိုးဆက် ထိန်းသိမ်းဖို့.. အစီအစဉ် မရှိဘူးလား မသိ။
-
အင်းလေ..ဒီလို နဲ့ပဲ..ဒိုင်နိုဆောကြီး တွေ တောင်..မျိုးတုန်း သွားခဲ့ ဖူးတာပဲ။ Endangered Species
ဆိုပြီး ဒိုင်နိုဆော တကောင် နှစ်ကောင် လောက်..ဆက်ထိန်း ထားနိုင် ခဲ့ရင်..ခုလောက်ဆို.. တိရစ္ဆန် ဥယျဉ် တွေ တောင် လု နေကြ ရမှာ..။
-
မျိုးတုန်း တော့မဲ့..သတ္တ၀ါ တွေကို ကာကွယ် ထိန်းသိမ်း ရမယ်..တဲ့။ မျိုးအရမ်း ပွားနေတဲ့..သတ္တ၀ါ တွေ ကျတော့ရော..။ လူတွေ နဲ့လည်း..သဟ ဇာတ ဖြစ်ရ အုံးမယ် လေ…။
ကဲ..တော်ပါပြီလေ.. တွေးလေ..ဝေးလေ ဖြစ်နေ ပါ ပြီ။
-
++++++
-
ဟဲ့..အို..
-
ပိုးဟပ်… ပိုးဟပ်..
-
ကွန်ပြူတာ နောက်က..စီဒီချပ် တွေထဲက…ကမှူး ရှုးထိုး ထွက်ချ လာတဲ့..ပိုးဟပ် တကောင်ကို..ရိုက်ဖို့..လက်က.. အလိုလို..တွေ့တဲ့..စာအုပ် တအုပ်..ကောက်ကိုင် လိုက် မိတယ်။
-
ဦးနှံ လေး..တလှုပ်လှုပ် နဲ့..အန္တရယ်ကို..လေ့လာ နေတဲ့..ပိုးဟပ် ဖြူယော် သေးသေးလေး ကို ကြည့်ပြီး..ချိတုံ ချတုံ ဖြစ်နေတယ်။
-
သနား စရာလေး..
လွှတ်လိုက် ပါ့မယ်..

အင်း..ဒီကောင်..ပြီးရင်..ဒီစားပွဲ ကနေ ကျော်ပီး..ဘယ်သွားမလဲ..ငါ့ အ၀တ်ဗီရို ထဲလား..ထမင်း စားပွဲပေါ်က.. သစ်သီးခြင်း ထဲက.. ပန်းသီးတွေ ပေါ်..တက်ပြေးသွားရင် တောင်..ငါမသိပဲ..ပန်းသီးကို စားမိ အုံးမှာ..။ ပြီးရင်..ဒီ အိမ်ထဲမှာ..ပိုးဟပ် တွေ..ထပ်ပွား အုံးမှာ..
-
ကဲဟာ..
ဘုံး…
-
-
-
ညောင်းးးး
-
ဟဲ့..ပူစီ..သမီး..သွားစမ်း..ဟိုးဖက် ဝေးဝေး..ဒါ..နင်စားဖို့..အကောင် မဟုတ်ဘူး..ရောဂါတွေ ဖြစ်ကုန်မယ်။


Share/Bookmark

Scenery of Switzerland (1)



Share/Bookmark

ခရီးပေါ်က..အနုပညာ လက်ရာတချို့..

Bad Ragaz ဆိုတဲ့.. Spa Village လေးမှာ..တမြို့လုံး..အနုပညာ လက်ရာတွေ ပြည့် နေတာပါပဲ။ လမ်းဘေးမှာ..ပန်းခြံတွေထဲမှာ.. ဈေးနားက ဆိုင်တွေနားမှာ..ဘူတာရုံ မှာ.. အိမ်ပြတင်းတွေမှာ..ဘယ်နေရာကြည့်ကြည့်..စိတ်ကြည်နူး စရာ သာယာ နေတယ်။
အတော့်ကို အနုပညာ ဖန်တီးနိုင်သူ တွေလို့ ပြောရမလား..သူတို့ဘ၀ နဲ့ သူတို့ အနုပညာ ခံစားမူတွေကို..အကန့်အသတ်မဲ့.. အနှောင်အတွယ်မဲ့.. အပူအပင်ကင်းကင်း စိတ်ကြိုက် ဖန်တီးနိုင် နေအောင်..ဘ၀ အကျိုးပေး ကောင်းတဲ့ သူတွေလို့ပဲ..ပြောရမလား…

စိတ်ကူးပေါက်သလို..ဓါတ်ပုံ ရိုက်ခဲ့ မိတာလေး တချို့ပါ။













+++++++

ဒီ နောက်ဆုံး ၃ပုံကတော့..ဂျီနီဗာ က.. ကုလရုံးချုပ်ကြီး ရှေ့က..ခုံ အကျိုးကြီး နဲ့.. ရှေးလက်ရာ.. ကြေးရုပ် တချို့...









( ဒီရက်ထဲ..စာမရေးဖြစ်သေးပဲ.. အလည်အပတ် နဲပါအုံးမည်။
သွားလာ နှုတ်ဆက် နောက်ပြောင်နေကျ..မိတ်ဆွေ များ..ထံမှာ..ခေတ္တခဏ နှုတ်ဆိတ် နေပါ အုံးမည်။ )


Share/Bookmark

ကြယ်



ကြယ်

မရွေ့တဲ့..ကြယ်
မပျောက်တဲ့..ကြယ်
မကွေ့တဲ့..မကြောက်တဲ့..ငါတို့ရဲ့ ကြယ်တွေ…
အမြဲ ထွန်းလင်းပါစေ…
-




Original Blog Source


Share/Bookmark

သိမ်းမြစ်ပေါ်က..ပန်းခြောက်တွေ..


မီးရောင် တွေ ပြိုးပြက် နေတဲ့..လန်ဒန် မျှော်စင် တံတား ကြီး ကို မော့ကြည့်ရင်း..ရင်သပ် ရှု မော …
-
ဒီလောက် ကြီးမား ခန့်ထည် လှတဲ့.. ဗိသုကာ အနု လက်ရာ တွေ ကို.. ဘယ်လို ခေတ်က..ဘယ်လို လူတွေ ..ဘယ်လို သမိုင်းကြောင်းတွေ ခင်းပြီး.. ဆောက်ခဲ့ ကြပါလိမ့် …
-
သမိုင်းတွေ ဒင်းကြမ်း ပြည့်နေတဲ့ လန်ဒန်မြို့ကြီးရဲ့ ဟောဒီ သိမ်းမြစ် ကြီး တလျှောက်မှာ.. ဘ၀တွေလည်း ဥဒဟို စီးဆင်းနေခဲ့ မှာပဲလေ..
-


“နင်..လန်ဒန်ရောက်ပြီး.. တံတားကြီး မတွေ့ပဲ ပြန်သွားလို့ ဘယ်ဖြစ်မလဲ …………….
.........ဒီတံတားကြီးက..၂ပိုင်းဆက်ထားတာ .. သဘောင်္ကြီးတွေ လာတဲ့ အခါဆို..ဒီ အလယ်ကောင်ကြီး ကနေ ခွဲချ လိုက်တာ .. ငါတို့..ဒီ မျှော်စင်တွေပေါ် တက်သွားပြီး..အပေါ် လျှောက်လမ်းမှာ လည်း လျှောက်လို့ရတယ်.. အေးဆေးပေါ့ဟ.. ပြီးရင်..မြို့လယ်ခေါင် တပတ် ပြမယ်.. နောက်မှ..ကော်ဖီလေး ဘာလေး သောက်ပြီး..နင့်ဟိုတယ် ငါ လိုက်ပို့ပါ့မယ်……
….. ဟောဟိုးက.. အဆောက်အဦက.. MI 5 လေ.. ဂျိမ်းစ်ဘွန်းကား ရိုက်သွားတာပေါ့..”


သူ့မြို့ သူ့ရွာ ကို လာလည် တဲ့.. ဧည့်သည် တယောက်ရဲ့ ရှေ့မှာ..တံတားကြီးအတွက်.. ဂုဏ်ယူပြီး..ဖွယ်ဖွယ်ရာရာ --- ကို..ရှင်းပြနေတဲ့..သူငယ်ချင်း ကို.. ပိုပြီး ကျေနပ် သွားစေချင် ပါတယ်။

-
“ အေးပါဟယ်..တကယ်ပဲ..နင့်ကို ကျေးဇူးတင်တယ်.. အချိန်က မလောက်တော့..ဒါကြီးတော့..မရောက်တော့ ဘူး ထင်နေတာ..”

-
“ အေးလေကွာ.. နင်လာတာ..ခဏလေး.. ငါတို့ တွေ.. မတွေ့တာ .. နှစ်ပေါင်း မနဲ တော့ဘူးပဲ.. ငါ ..ဒီ ရောက်နေတာတောင်..၁၀ နှစ် ကျော် ပြီလေ ဟာ..နင်ကော..မြို့ကို ပြန်ရောက်သေးလား..”


“ အော်..အေး..ခုန ပြောလက်စ စကား ပြတ်သွား လို့.. ပြန်တိုင်း တော့.. ရောက်ပါတယ်ဟာ.. မနှစ်က.. ငါ တခေါက် ရောက်သေးတယ်လေ.. မြို့မှာတော့.. ဒီလိုပါပဲ.. လမ်းပေါ် သွားလာ နေကြ တဲ့..အငယ်ပိုင်း တွေ..မသိတော့ဘူးဟ.. ”

တကယ်ပင်..ဒီသူငယ်ချင်း နဲ့ အဆက်အသွယ် ပြတ် သွားခဲ့တာ.. အထက်တန်းကျောင်းမှာ..အခန်းဖော်..စာပြိုင်ဖက်..။ ၁၀တန်းအောင်..ကျောင်းတွေ ပိတ်ထားတုန်း..၈ လေးလုံး အရေးတော်ပုံကြီး အတွင်းက..လှုပ်ရှားမူတွေ ..။ ရွှေးကောက်ပွဲ ကာလ .. .မဲရုံတွေမှာ.. လုပ်အားပေး ခဲ့ တာ လောက်ပဲ .. ပြောစရာ ရှိ တော့သည်။ ဒီကြားထဲမှာ.. သူ ဘယ် တုန်းက..ဘယ်သူ နဲ့ အိမ်ထောင် ကျသွားသလည်း..အခု လန်ဒန် ကို ရော ဘယ်လို ..ဘယ်ပုံ ဘယ်အချိန်က..ရောက် နေ ခဲ့ လည်း.. သေချာ မသိ။ အခု .. ဒီ ၀င်မယ် ဆိုတော့..အမေရိက မှာ နေတဲ့.. သူငယ်ချင်းက.. ဖုန်း နံပတ် ပေး လိုက် လို့.. ကမ္ဘာ ကျဉ်းကျဉ်းလေး ထဲ..ပြန်တွေ့ ဖြစ်ကြ သည်။

အဲဒီ အမေရိက- က.. တယောက်ဆို လည်း .. ၈၉ ခုနှစ်တည်းက.. နယ်စပ် ကို ရောက်သွားခဲ့တာ.. သူ့ပုံကို..လုံးဝ ကို ပြန်မဖမ်းနိုင်တော့..။ မှတ်မိနေတာ..ပုဆိုး အစိမ်း တိုတိုလေး နဲ့ စာအုပ်လေးတအုပ် ခါးကြားထိုး ပြီး ကျောင်းတတ်တဲ့..ကောင်လေး တယောက်။ ၈ လေးလုံး ကာလတွေက.. အလွန်တက်ကြွ၍ အလွန်စွာသော.. ၁၀ တန်းကျောင်းသားလေး တယောက်..။ သူလည်း..တောထဲက..ဘ၀ တွေကို ဘယ်လို ဖြတ်သန်းပြီး.. အမေရိက ကို ဘယ်အချိန်က..ရောက်နေခဲ့လည်း..တခါမှ သေချာ မမေးဖြစ်ခဲ့။ တကယ်တော့..သူတို့ သုံးယောက်လုံး.. မြို့တမြို့တည်း..ရပ်ကွက် တခုတည်း..ကျောင်းတကျောင်းတည်း.. မှာ..ကြီးပြင်း ခဲ့ကြရင်း.. ဘ၀ ခြင်းတွေလည်း မနီးမဝေး ။
-

“ ဟိုကောင် နဲ့တော့..မကြာ မကြာ စကားပြောဖြစ် ပါတယ်.. နင့်ဆီ ၀င်ဖြစ်ဖို့လည်း သူပဲ တိုက်တွန်းတာ..”

“ အေးကွာ..ငါလည်း..အလုပ် တွေ ပြောင်း..ဆိုင်ဖွင့် တာတွေ.. စီးပွားရေး တွေ.. ကလေးတွေ ကိစ္စ တွေ နဲ့..တော် တော် အဆက်အသွယ် ပြတ် နေတယ်..”

တံတားကြီး ရဲ့ အလယ်ခေါင်.. အဆက် နေရာ ကြီးပေါ်မှာ.. ခြေစုံ ရပ် ရင်.. သိမ်း မြစ် ကြီး ကို လှမ်းငေး ပြန်တော့.. နှစ် ယောက်လုံး..စကား စတွေ ပြတ်သွားပြန်သည်။ သူငယ်ချင်းက.. ဘောင်းဘီ အိတ်ထဲက..စီးကရက် ဗူးကို ထုတ်ရင်း..စီးကရက် တလိပ်ကို မီးညှိ သည်။

-
အနားက..အဆောက်အဦ မြင့် ကြီးတွေ ပေါ်မှာ လည်း မီးရောင်တွေက..တထိန်ထိန်.. ဟိုးဝေးဝေးက.. သဘောင်္ ဟောင်းကြီး ပေါ် မှာလည်း.. မီးပွင့်တွေ..ပြိုးပြိုး ပျက်ပျက်..။ တံတားပေါ်မှာ..လူ တချို့ က..ခပ်သုတ် သုတ် လျှောက်လို့..။ တချို့ကတော့.. ကိုယ်တွေလို..တံတား ဘောင်ကြီးကို မှီပြီး .. ငေးမိ ငေးရာ..တွေးမိ တွေးရာ။ သူငယ်ချင်း ဆီက.. စီးကရက် မီး က.. မလင်းတလင်း..ညရောင် အောက်မှာ.... ရဲကနဲ.. ။
-

“ အေးလေ.. နင် အဆက်အသွယ် ပြတ်တာ..ငါ နားလည်ပါတယ်.. မြို့မှာတော့..ငါတို့ အရွယ်တန်းတွေ.. တော်တော်များများ..မရှိ ကြတော့ဘူးဟ.. ဟို.. စည်းရုံးရေး ဆင်းတုန်းက..တော အတူတူ ဆင်းကြတဲ့.. ကုလားဆိုင်က..ညီ အငယ်ကောင် လည်း..မရှိရှာတော့ဘူး.. လူငယ် တွေ လည်း..ငယ်ငယ် ရွယ်ရွယ် နဲ့..ဘယ်လို တွေ ဖြစ်လဲ မသိဘူး.. ”

-
သူငယ်ချင်း ဆီက.. သက်ပြင်း လား ဘာလား မသိ.. စီးကရက် မီးခိုး တဆုပ်.. ခပ်ပြင်းပြင်း မှုတ်ထုပ် လိုက်သည် ။

-
“ အေး..ပြောမှပဲ.. ဧသီတာ ပုံနှိပ်တိုက်က..လန်ဘားလေ.. တို့တွေ သပိတ်စခန်း လှန်တော့..သူ့အဖေကြီး..ငိုကြီး ချက်မ နဲ့ လိုက်ခေါ်တာ.. အခု..သူက.. ၂၀၁၀ မှာတောင်..အေးလွင် တို့ အုပ်စုကနေ..၀င်အရွေးခံ မလို့တဲ့ ဟ.. ငါတော့..ရီချင်တာပဲ..”

-
သူပြော နေတဲ့..သတင်းတွေကို.. အံ့သြဟန် မပြသလို.. စိတ်ဝင်စားပုံ လည်း မပေါ်တဲ့.. သူငယ်ချင်းက..စီးကရက်ပြာ တွေကို တချက် တောက်ထုတ်လိုက်ရင်း..

-
“ ဒါနဲ့.. ဆရာဦးအောင် တို့ကော..ဘယ်လိုလည်း.. ဆက် လှုပ်ရှားတုန်းပဲလား..”

-
“ ဆရာတို့ကတော့..ဒီအတိုင်းပဲပေါ့.. သူလဲ ကျန်းမာပါတယ်..ငါ အမြဲ ၀င်နှုတ်ဆက်တာပဲလေ.. တွေ့တိုင်းလည်း နင့်ကို မေးပါတယ်..”

-
မြို့ရွာ အကြောင်း..တိုင်းပြည် အခြေအနေ အကြောင်း.. ပြော ဖြစ် ကြတော့.. ဆရာဦးအောင် အကြောင်းက..ပါလာ ရ တော့သည်။ ဘာပဲ ပြော ပြော..သူတို့မြို့လေး မှာတော့..နိုင်ငံရေး အကြောင်း နဲ့ ဆရာ့ အကြောင်းက..ခွဲထားလို့ မရ။ အရေးတော်ပုံကြီးမှာ..ဆရာ ပါဝင်ခဲ့တာ..သူ့ကျောင်းသားတွေ နဲ့ အတူရပ်တည် ခဲ့တာ တွေက..မေ့ပျောက် ပြစ်လို့ မရနိုင်။

-
“ ဟိုတခေါက်ကဆို..ဆရာ့ဆီ..အေးအေးဆေးဆေးကို ၀င်ပြီး နှုတ်ဆက်ဖြစ်..စကားပြော ဖြစ်တယ်.. ဆရာကတော့..သူ့ယုံကြည်ချက်..ခံယူချက် အတိုင်း..ဆက် ရပ်တည် နေတာပဲလေ…။ မြို့ကတောင်..တလှမ်း ခွါ တာမဟုတ်ဘူး..လူငယ်တွေကိုလည်း..အခြေအနေ အကြောင်းအမျိုးမျိုး နဲ့ အပြင်ရောက် ကုန်တာ..သူ့အနေနဲ့ မှတ်ချက် အထွေအထူး ပေးစရာ မရှိပါဘူး … တဲ့....ဒါပေမဲ့.. ကိုယ့်ခြေထောက်ကို..သစ္စာမဖောက်မိဖို့ လိုသလို..သူများနောက်ကျောလည်း..ဓါးမထောက်မိ ဖို့ အရေးကြီးတယ် လို့.. ပြောတယ်..... သူပြောလိုက်တဲ့.. အဲဒီ အသုံးအနှုံး တွေကို..ငါ..အတိအကျ ကို မှတ်မိနေတယ်………

……….

…………. ဖြစ် ချင်တော့.. ကြက်ကြီးလေ..နင် မှတ်မိတယ် မလား.. သာကူးလိုလို..သတင်းပေးလိုလို.. တက်ကြွသူလိုလို နဲ့.. သူက..နယ်စပ် ဒုက္ခသည်စခန်း မှာ..ကန့်ပ် ၀င်ပြီး.. ဆရာ့ နံမယ်ကို အသုံးချ..အခု..တတိယ နိုင်ငံ တခု ရောက်သွားပြီတဲ့။ အဲဒါကို..ဆရာ သိသွားပုံ ရတယ်ဟ.. ဆရာကလည်း..သူ့ နိုင်ငံရေး သိက္ခာနဲ့ သူနေတာ.. ဒါမျိုးတွေ ကြားရင်..ခါးသက်မှာပဲလေ.. ငါတို့ အပြင်က..သိတာဆို.. သူတို့နဲ့ ငယ်ငယ်ထဲက..ရပ်ဆွေ ရပ်မျိုးလို နေလာကြတဲ့.. မိသားစု တစု ဆို.. အမေရိကကို.. ၀င်ပြီး..ဟိုကျမှ.. ဆရာ့ တူ လုပ်ပြီး..နိုင်ငံရေး ခိုလှုံခွင့် လုပ်သွား ဖူးတယ်တဲ့.. နိုင်ငံရေး နဲ့ဆိုတာလည်း လားလားမှ မနီးစပ် တဲ့ အပြင်.. ဇတ်လမ်းစုံကိုလည်း..အတော်ကြာမှ..ဆရာက.. ပြန်ကြားရ တာ ဆိုတော့..သူလည်း..အတော် စိတ်ထိခိုက် မှာပေါ့..”

-
ပြာတောင့် တက်နေတဲ့ အထိ..စီးကရက်ကို ခဲ ပြီး..ငြိမ်နားထောင် နေတဲ့..သူငယ်ချင်းက..ဘာမှတ်ချက် မှ..မဆို..။

-
“ အေးဟယ်..ငါကလည်း..စိတ်ပျက်စရာ..အတင်းတွေချည်း..စွတ်ချ သလို ဖြစ်နေပြီ.. စိတ်အားတက် စရာ တွေလည်း တွေ့ခဲ့ပါတယ်ဟ .. ”


ခပ်သာသာ ရယ်သွမ်းသွေး မိတော့..

-
မဟုတ်ပါဘူး.. ငါလည်း..ဆရာ့အကြောင်း တွေးနေမိတတ်လို့ပါ.. စီးပွားရေးကော..အဆင်ပြေ ကြရဲ့လား မသိ..ဆရာ့ သား နဲ့ သမီး ကော..”
-

“ သား တော့ မသိဘူး.. အထဲ မှာပဲ လို့တော့ ပြောတယ်..သမီးကတော့..ဆရာ နဲ့ အတူ နေရင်း..ဆရာ့ ကို..သူပဲ..ပြုစု စောင့်ရှေက် နေတာပေါ့..စီးပွားရေး ကတော့..အသင့် အတင့်ပေါ့ဟာ.. မြန်မာပြည် ထဲ မလဲ.. ရိုးရိုး မှန်မှန် ကျင့် ပြီး .. ပြည့်စုံ ဖို့ ဆိုတာ..လွယ်တာ မှ..မဟုတ်တာ.. နောက်.. ဆရာ တို့ မိသားစု ဆို ပိုဆိုးတော့ မပေါ့..ဒါပေမဲ့..ကိုယ့် အုပ်စု တွေ တော့.. ရှိပါသေးတယ်.. ညဖက်ဆို..ဆရာ့ အိမ်မှာပဲ..လာ..သတင်းကြည့်ကြ.. ပြောကြ ဆိုကြ နဲ့ပေါ့.. ဘိုစော တို့ဆို..အခုထိ..တမိသားစု လုံး..လုပ်စရာ ရှိတာ..လုပ်နေတာပဲ.. ပါနေတာပဲ.. ကိုတာကြီး ကတော့.. ၀င်လိုက် ထွက်လိုက်ပဲ.. ခုတခေါက်လည်း..ခဏ ပါသွား သေး တယ်လေ.. စိတ်ဓါတ်ကတော့..လုံးဝ မာတုန်း ..”
-

သိမ်းမြစ် ပေါ်ကဖြတ်ပြီး..ခပ်ပြင်းပြင်း တိုက်နေတဲ့..ညလေကြမ်း ကြောင့်..ခဏ နဲ့ ကုန်သွားတဲ့.စီးကရက် တိုကို.. သူငယ်ချင်းက.. မြစ်ပြင် တနေရာ ကို တောက်ထုပ် လိုက်တယ်..။ နွေဦး ဆိုပေမဲ့..မိုးငွေ့ပါပုံရတဲ့..ညလေက..အေးလှသည်။ ဂျာကင် အနွေးထည်ကို တင်းနေအောင် ဆွဲ စေ့ ရင်း..အိတ် ၂ဖက် ထဲ..လက်ထဲ့ လိုက် သည်။

-
“ နင် အေးနေပီလား....”


“ အေး….နဲနဲ အေးတယ်ဟ.. စကားကလည်း..ငါချည်းပဲ ပြောနေ ဖြစ်တာ.. နင့်မိသားစု လည်း စိတ်ပူနေမယ်..ပြန်ကြတာပေါ့..”

ငြိမ်သက်ယောင် ယောင် ..ပတ်ဝန်းကျင်လေး မှာ.. သိမ်းမြစ်ပေါ်က.. နောက်ဆုံးလေပြင်း တချက် သယ်လာတဲ့.. မိုးစက် မှုန်လေး တွေ ကြောင့်..အရာအားလုံး ပိုပြီး လှုပ်ရှား မြန်ဆန် လာ သည် ။


“ ဒီလိုပါပဲဟာ.. နိုင်ငံရေး ကတော့..ငါတို့လည်း..ဒီမှာ..ကြုံရင်တော့..သွားသွား အော်တာပါပဲ..ဒါပဲ..ငါတို့ တတ်နိုင် တော့တာပဲလေ .. ကဲ..ကဲ.. မိုးလဲ ရွာပြီ..ပြန်ကြတာပေါ့.. နင် ကော်ဖီ ဆိုင် ထိုင်ချင်သေးလား..”

“ မထိုင်တော့ပါဘူး ဟယ်..”
ခေါင်းကို ရမ်းခါ လိုက် တော့.. သိမ်းမြစ်ပြင်မှာ ရောင်ပြန်ဟပ်နေတဲ့..မီးရောင် အရိပ် တွေ ...မိုးစက်တွေ အောက်မှာ.. ပိုပြီး ပြန့်ဝါး သွားသလို..။


“ ဒါနဲ့..နင်- နောက်နှစ် ပြန်လို့ ကြုံရင်..ဆရာ့ကို ငါက..နှုတ်ဆက်တယ်..သတိရတယ် လို့ ပြောလိုက်ပါဟာ.... ”
---
“စိတ်ချပါဟယ်.. နင် နဲ့ တွေ့ခဲ့တဲ့ အကြောင်း..နင့်မိသားစု ဒီမှာ အဆင်ပြေနေကြောင်း..ပြောပြလိုက်ပါ့မယ်..”
-
အဆက်အစပ် မရှိတော့တဲ့..အတိတ်က..ပုံရိပ်တွေ..ပုံမပေါ်တဲ့..အနာဂါတ် အမောတွေ နဲ့... ဟောဒီ ပစ္စပ္ပုန်က..မျှော်စင် တံတားကြီးရဲ့ အလှအပ..ကိုများ..ဖုံးကွယ် လိုက်မိသလို ဖြစ်သွား လေသလား..
-
တံတားကြီး ရဲ့ မျှော်စင်တိုင်ကြီး အောက်တဲ့တဲ့ကနေ.. ပြန်မော့်ကြည့်တော့..တံတားကြီးက..ပိုလို့တောင်..ကြီးမားနေလိုက်တာ..
-
လူတွေ ရေးခဲ့တဲ့ သမိုင်းတွေ..လူတွေ ဆောက်တည်ခဲ့ တဲ့.. ခန့်ညား ထယ်ဝါ မူတွေ.. လူတွေ မုန်းတီးခဲ့ တဲ့..စစ်ပွဲ ကြီးတွေ.. လူတွေ ကူးသန်းခဲ့တဲ့..စီးပွားဖလှယ်မူတွေ.. လူတွေ တော်လှန် အနိုင်ယူခဲ့ တဲ့..ခေတ် အပြောင်း အလဲ တွေ..လူတွေ ကူးပြောင်း ခိုလှုံကြတဲ့.. စိမ်းမြရောင် စားကျက်ခင်းတွေ.. နေအမြင့်မှာ..အရိပ်တွေ တဖြည်းဖြည်း တိုလာတဲ့..ခိုနားရာတွေ.. အပူအပင် နဲပါးသလောက်.. တက်ကြွမူတွေ..အဆက်မပြတ် ပေါက်ကွဲ နေတဲ့..ငယ်ဘ၀တွေ…
-
အခုတော့..ကမ္ဘာကျော် တံတားကြီး ရဲ့ အခြေမှာ..ရပ်ရင်း..သူတို့မြို့အ၀င်က .. ဒုတိယ ကမ္ဘာစစ် လက်ကျန်.. သံ တံတားကြီး တခု ကိုသာ.. မြင်ယောင် နေမိတော့သည်။ ဂျပန် ကို တော်လှန်ခဲ့တုန်းက..မြို့အ၀င်ကနေ.. မဟာမိတ် တွေ ခုခံ ခဲ့ တဲ့.. တံတားကြီး။ သူတို့ သူငယ်ချင်းတွေ..ညနေခင်း စက်ဘီးစီးခဲ့..လေညှင်း ခံ ခဲ့ တဲ့.. တံတားကြီး။ အရေးတော်ပုံ ကာလ က.. ခွပ်ဒေါင်းအလံ တွေ လွှင့်ပြီး .. တပ်ပေါင်းစု တွေ ကို ကြိုဆိုခဲ့ တဲ့ မြို့အ၀င် တံတားကြီး…။ တချိန်က ဆရာ ပြောခဲ့ သလို..“ ဒီ တံတားကြီးမှာ ရှိတဲ့..သူရဲကောင်းတွေ ရဲ့ ၀ိညဉ် တွေ က.. တော်လှန်ရေး အသိ ကို အမြဲ နှိုးဆွ ပေးနေ ခဲ့တာပေါ့ ကွ..” တဲ့။
-
တဖြည်းဖြည်း..စိပ် လာနေတဲ့..မိုးစက်မှုံလေးတွေကို.. ရှောင်ရှားပြီး...ကားဆီကို ခပ်သော့သော့ လျှောက် နေတဲ့..သူငယ်ချင်း နောက်က..အမှီလိုက်ရင်း....
-
“ နင်..ချောင်းကုန်း တံတားကြီး ကို သတိမရဘူးလား ဟင်..” လို့ မေး လိုက်ချင်သည်။
-
ဒါပေမဲ့..သူ မမေးဖြစ်ပါ။ လူ တယောက်ခြင်း စီမှာ.. မလိုအပ်ပဲ သိစရာ မလို .. ဖွင့်ဟ လို့ မသင့်တဲ့.. ခံစားချက်တွေ.. နောက်ခံ အဖြစ် အပျက် တွေ..ကိုယ်စီ ရှိ နေ နိုင် တာပဲ
-
အခုတော့..ငါတို့တွေ အားလုံး .. ခိုလှုံရာ စားကျက်မြေ အသီးသီးမှာ နေထိုင် ရှင်သန်ရင်း.. ငါတို့မြို့လေး နဲ့ ချောင်းကုန်း တံတားကြီး ကို မေ့ လျော့ နေကြပါပြီလေ.…။
-
ဆရာတို့ မိသားစု နဲ့.. မိတ်ဆွေဟောင်း တချို့ကတော့...မြို့လေးကို ဖက်တွယ် ရင်း..ချောင်းကုန်း တံတားကြီး ရဲ့ မုခ်ဦးကနေ ..ဖြတ်ကျော်လာမဲ့.. တစုံတရာ ကို..ငေးမျှော်ပြီး .. တနေ့နေ့ကို.. စိတ်အားမလျော့တမ်း..စောင့်နေ ကြ ဆဲပဲ ထင်ပါရဲ့…။

( သြဂုတ်လ ၈ ရက်နေ့ အမှတ်တရ )


Share/Bookmark

ပန်းချီဆွဲသူများ


သူတို့ရဲ့ 

ပျိုမြစ်တဲ့ ခံစားချက်တွေ

ပေးဆပ်ရတဲ့ ဘ၀တွေ

တောက်ပတဲ့ အနာဂတ်တွေ

ပုံအော ပေါင်းစပ်

ရင်ဘတ်ထဲက ညှစ်ထုတ်

နံရံ လေးဖက် ခွက်ထဲမှာ

ချစ်သူများရဲ့ မျက်ရည်တွေနဲ့ ဖျော်

ဝင်သက် ထွက်သက် စုတ်ချက်

ဆေးစက် ကျရာ ပီပြင်စွာ

အမိမြေ ကင်းဗတ်စ ပေါ်မှာ

“ ရောင်းရန် မဟုတ်ပါ ”
----

(နီဇူလိုင်)
၈ လေးလုံး မျိုးဆက်များအတွက်-


Share/Bookmark

ကဗျာမသိတဲ့ ကဗျာ


ကဗျာတွေများ..
သီးလိုက်ကြတာ..
ပွင့်လိုက်ကြတာ..

စာမျက်နှာတွေ .. အလေ့ကျပေါက်တဲ့ကြား ..
ခံစားချက်တွေ.. မိုးကောင်းလွန်းလို့လား..
ပါရမီတွေ..မြေဆီပြည့် ကြတာလား..
အနုပညာတွေ.. ဒီလောက်တောင် မျိုးပွားနေမှတော့..

ကဗျာရှင်တို့ရေ..
ကဗျာဆိုတာ..
အဖြေမရှာတဲ့..
ဝေဒနာ ကြေငြာခြင်း များလား..
ကဗျာရှင် တယောက်ယောက် အချိန်ရရင် ပြောပြပေးပါ။




Share/Bookmark

လတ်တလော လား..

တက်စာတွေ ကျွေးသော မနော် အတွက်-
-
တွေးနေမိတာ-
အင်း..၈လေးလုံးကြီး ၂၁ ကြိမ်တောင် ရှိပါပေါ့လား..အချိန်တွေက သူ့သဘောသူဆောင် ပြီး..လူတွေကလည်း..သူ့ဘ၀ သူ သယ်နေကြရတာပါပဲလား..
-
ကိုယ့်ကိုကိုယ်ဆင်ခြင်မိတာက- ကိုယ့်အတွက်..အရေးကြီးတာတွေ ထိထိမိမိ မလုပ်ဖြစ်နေသေးတာ..
-
ကျန်းမာရေး- မဆိုးပါဘူး.. နေ့တိုင်းတော့ လမ်းလျှာက်ဖြစ်နေတာပဲ။
-
ဖတ်ဖြစ်တဲ့ စာအုပ်တွေ-
ရန်ကုန်အပြန် ၀ယ်လာတာတွေ တဖြည်းဖြည်းချင်း..ဖတ်ရင်း.ကိုစောညိန်း အမှတ်တရ..
မနေ့က ထွက်တဲ့ တာရာမင်းဝေ အမှတ်တရ..
ကိုအောင်သာငယ်ရဲ့ ကဗျာပေါင်းချုပ်-
-
ရောက်နေဖြစ်တာက- ဒီအပေါ်မှာချည်းပဲ
-
ရေးဖြစ်နေတာက- ဘလော့မှာတင်ထားတဲ့ စာတွေပေါ့။
-
နားထောင်ဖြစ်နေတာက- မြန်မာသီချင်းဟောင်းတွေ နဲ့ မြန်မာသတင်းတွေ
-
ရွတ်နေမိတဲ့ ကဗျာ-
ကဗျာ မရွတ်တတ်ဘူး..ဒါမဲ့..တာရာမင်းဝေ အမှတ်တရ စပ်ထားတဲ့ သူငယ်ချင်းရဲ့ ကဗျာလေးကို ဂုဏ်ယူစွာ ရွတ် လိုက်အုံးမယ်.။
-
သေသွားပြီးသူများ အကြောင်းတွေးရင်း၊
မသေသင့်သေးသူများ အကြောင်းတွေးရင်း၊
သေနေ့စိသင့် သူများ အကြောင်းတွေးရင်း၊
နေတတ်ဖို့ အကြောင်းတွေးရင်း၊
သေတတ်ဖို့ အကြောင်းတွေးရင်း။
မသိခြင်းများကို မသိသည့် အတိုင်းထား၍၊
သိခြင်းများကို သိသလိုနေခဲ့ပြီးသည့်နောက်၊
မသိသလို သိသလို သိသွားသောအခါ။
နေဆူးသစ်
-
ဖြစ်ချင်နေတာက- နှလုံးသားထဲကကို..၀ါသနာပါတဲ့ အလုပ်နဲ့ ဘ၀ ရပ်တည်နိုင်မူ..
-
စားဖြစ်နေတာက- အဆင်ပြေသလိုပါပဲ။
-
သနားနေမိတာက- ဘ၀လှေ ကို လှော်ခတ်နေရဲ့သားနဲ့ မရွေ့နိုင်တဲ့ သူတွေ..
-
လွမ်းနေမိတာက-
ရန်ကုန်တက္ကသိုလ် အင်းလျားဆောင်က..နေ့ရက်တွေ..( ကိုတင်မင်းထက် ဆီက..အစစ်ယူခဲ့ တဲ့..ကြိုက်မိတဲ့..ခင်ဝမ်းရဲ့ သီချင်းလေးလို..)
-
အပေါင်းအသင်း ခုနှစ်ယောက်ရဲ့ ကြားမှာ..
ခင်မင်သူ..တရာကျော် နဲ့..
ရွှေရောင်တောက်ခဲ့တဲ့..
ကောလိပ်နေ့ရက်များ.....
-
မေ့လျော့ပြစ်နေမိတာက- အမှား- အပြစ် -အချိန်- အရွယ်
-
ခါးသက်နေမိတာက- မရှိဘူးထင်တာပဲ။
-
တမ်းတနေမိတာက-
ရန်ကုန်မြို့တနေရာက..အိမ်လေးထဲက..အမတွေ..တူ-တူမလေးတွေနဲ့ စားခဲ့ရတဲ့ မနက်စာဝိုင်းလေး
-
ကြိတ်ပြီးချီးကျူးနေတာက- (ကြိတ်စရာမလိုပါ) -
ထက်မြတ်ပြီး..ကိုယ်ဖြစ်ချင်တာကို ..သန့်သန့်ရှင်းရှင်း- ရောက်အောင်သွားနိုင်တဲ့..သူတွေ (အထူးသဖြင့်.အမျိုးသမီးတွေ)
-

ကြိတ်ပြီးအထင်သေးနေတာက - မပြောတတ်ဘူး..ရှိတော့ ရှိတာပေါ့..အများကြီး
-
ဆန္ဒမရှိတဲ့နေရာ- ??
-
ဆန္ဒရှိတဲ့နေရာ- ဘလော့ပေါ်မှာ စာတွေရေးနေချင်တာ..
-
မုန်းတီးနေမိတာက- မြန်မာ့နိုင်ငံရေးကို ပြန်ပေးဆွဲထားတဲ့..လူတွေ-
-
ချစ်နေတာက- ချစ်တဲ့သူတွေ-
-
စိတ်ပျက်နေမိတာက- ဒီမိုး ဒီရေ..ဒီလူတွေ..( ကိုယ်တိုင်လည်း ပါနေတာပေါ့)
-
စွဲလန်းနေမိတာက- အင်တာနက်
-
လိုအပ်နေတာက- ရှေ့ဆက်ဖို့..မောင်းနှင်အားတခု..
-
တောင်းနေမိတဲ့ဆု-
ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ..နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး ပြန်လွတ်ပါစေ..
-
ထပ်ပြန်တလဲလဲ ပြောနေမိတာက- လုပ်သင့်တာတွေကို ဘာလို့ မလုပ်ဖြစ်သေးတာလဲ..
-
ဝန်ခံချင်တာက- ဒီလိုရေးရတာ...အူကြောင်ကြောင်နိုင် သလိုပဲ။
-
( ဒါပေမဲ့- ပေါ့ပေါ့ပါးပါး လေးမို့- သူငယ်ချင်း ရဲ့ သူငယ်ချင်း..စာရေးဆရာမ ကျွန်း နဲ့ ဇီဇ၀ါ ကို ဆက်ရေးခိုင်းရင် ကောင်းမလားလို့..စိတ်ပျော်ရင်..ရေးပေးကြပါ)


Share/Bookmark

Clint Eastwood ရဲ့ ရုပ်ရှင် နှစ်ကား

ပြီးခဲ့တဲ့ အပတ်တွေက..Clint Eastwood ရဲ့ ရုပ်ရှင်..နှစ်ကားဆက်တိုက် ကြည့်ဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း အတွေးစလေးတွေ ရှည်ဆန့်မိတယ်။ ပြီးတော့လည်း..အဲဒီဆွဲဆန့်မိတဲ့..အတွေးစ တွေကို..ဘယ်ကို ပြန်ထဲ့ရမှန်း မသိတာနဲ့..ဒီအပေါ်မှာပဲ..တင်ပြီး စီ မိပြန်တယ်။
-

++++++
-



Clint Eastwood ဒါရိုက်တာ လုပ်တဲ့.. အင်ဂျလီနာ ဂျိုလီ ရဲ့ တကိုယ်တော် ကားပါ။ သူကိုယ်တိုင်တော့ ၀င်ပြီး သရုပ်ဆောင် မထားပါဘူး။ ပထမ..ဇတ်ကား နံမယ်ကို Challenging လို့ချည်း ထင်နေတာ..နောက်မှ..ခပ်ရောရော..ယဉ်မပါးလှတဲ့ ခေါင်းစဉ်အစစ်ကို..အဘိဓါန် ကြည့်တော့မှ.. ( နတ်သမီး ဖွက်-လဲလှယ်ထားတဲ့ ကလေး ) တဲ့။ ဇတ်ကား နံမယ်အတိုင်းပဲ.. ရုတ်တရက်..အိမ်က ပျောက်သွားတဲ့.. ကလေး လေး တယောက် ရယ်..ရဲဌါနက ပြန်တွေ့ပြီ ဆိုပြီး အိမ်ကို ပြန်ပို့လာတဲ့.. တခြား ကလေးလေး တယောက် နဲ့.. အမေ ဖြစ်သူ ရဲ့..မေတ္တာ .. မတရားမူတွေကို..အံတု ပုံတွေကို .. လုံးဝ မညီး ရအောင်.. ရိုက်ပြသွားတာပါ။
-
အခွေမှာ ရေးထားတဲ့..ဇတ်လမ်း အကျဉ်းချုပ်မှာ ပြောသလို.. တရားမျှတမူ.. ရဲတွေရဲ့ ခြစား အကျင့်ပျက်..အနိုင်ကျင့်မူ တွေကို.. လူသိရှင်ကြား ဖြစ်စေခဲ့တဲ့..၁၉၃၀ ခု လောက်က..ဖြစ်ရပ်မှန် တခု ဆိုတာကို ကျော်ပြီး.. အင်း..အမေရိကန် မှာ မို့လို့သာပေါ့.. လို့..ခပ်ရွတ်ရွတ် တွေး မိသေးတယ်။ တခြား တခြားတွေမှာ သာဆို..ရဲက..ဒီလို အလုပ်ရှုပ်ခံပြီး.. သာမန် မိန်းမ တယောက်ရဲ့ အမူ ကို.. ဒီလောက်ထိ အောင်ကို.. ဇတ်လမ်းအရှည်ခံ မှာ မဟုတ်တာ သေချာလှသည်။
-
ဇတ်လမ်း ကျောရိုး နဲ့ မဆိုင် လှစွာ.. အသိ ကို ပြန်နှိုးသွားတဲ့.. ဇတ်ဝင်ခန်းတခုက.. “အရူးထောင်” ဆိုတဲ့.. နေရာကြီးပါပဲ။ ရုပ်ရှင် ထဲမှာတော့.. Psychopath ward လို့ သုံးထားပေမဲ့.. တသက်လုံး..ဗမာလို နားလည်လာတာက.. အရူးထောင်။ ခုမှ သေချာ ပြန်တွေးမိတော့..ဘာလို့များ..အရူးဆေးရုံ..အရူးကုသဆောင် လို့ မသုံး- မပြော- ခဲ့ကြတာလည်း..။ လူကောင်း နဲ့ အရူး ဆိုတာကို..ခွဲခြားဖို့..ဘယ်လို ဆေးပညာရဲ့ စရိုက်လက္ခဏာ ရှာဖွေ မူတွေ လိုအပ်သလည်း ဆိုတာ..အသေအချာ မသိပေမဲ့.. ( အကြောင်းတခု ကြောင့်..တစုံတရာ အင်အားကြီးသူက.. .. လူကောင်း တယောက်ကို.. စိတ်အခြေအနေ ပျက်ယွင်းနေပါတယ်လို့.. အရူးထောင်ထဲ ပိတ်လှောင် ခဲ့မယ် ..ဆိုရင်.. ) ဆိုတဲ့..အတွေးက..ဦးဏှောက်ထဲကို.. ခပ်နက်နက် စိုက်ဝင်သွား ခဲ့တယ်။ ချက်ချင်းပဲ..“ လူနာဆောင် အမှတ် ၆ ” ရဲ့ စာရွက်တချို့ဆီ..ပြန်သတိရသွားတယ်။ ခပ်ပေါ့ရှန်ရှန် သာ ဖတ်ဖြစ်ခဲ့တဲ့.. နံမယ်ကြီး စာအုပ် တအုပ်ဟာ.. အခုမှ..လူသားအားလုံးကို ကိုယ်စားပြုတဲ့..မတရား ပြစ်မူကြီးတွေ အဖြစ်နဲ့..ခေါင်းခဲ သွား မိတော့ တယ်။
-
+++++
-
အခု ပြောပြ ဖြစ်တာတွေကို..တကယ်တော့..ရုပ်ရှင် ကြည့်ပြီးတဲ့သူမှပဲ..နားလည် နိုင်မှာပါ။ ဒီကားတွေက..နံမယ်ကြီး လူသိများတဲ့ ကားတွေ မို့လည်း.. အထွေအထူး မပြောချင်မိပဲ.. ခံစားရ ပုံ ခြင်းသာ..ဖလှယ်ခြင်တာပါ။
-
++++++



အမေရိက မှာ ၀င်ရောက် ရွှေ့ပြောင်း နေထိုင်ကြတဲ့.. အာရှသား တွေရဲ့ လူနေမူ စရိုက်နဲ့.. တကယ့် အမေရိကန် စစ်စစ် တယောက် ရဲ့ ဘ၀ တခု ကို ယှဉ်တွဲပြီး သဘာဝကျကျ ယက်ခြယ်သွားပုံက..ကိုယ်တိုင် ရွှေ့ပြောင်း နေထိုင်သူ အာရှသား တယောက် အတွက်.. အတွေးမပို လို့ မဖြစ်တဲ့..ဇတ်ကားကောင်း တခုပါ ။
အဲဒီ အထဲကလို..တကယ်ပဲ အာရှသားတွေဟာ..ကိုယ့်ရဲ့ Ghetto လေးတွေထဲမှာပဲ..နေထိုင်မူရှာ.. အပေါင်းအဖော်ပြုကျ.. လူငယ်တွေကလည်း..အလွယ်တကူ ရောနှော ဖို့..အနူး မလွယ်..အကျက်ခက် တဲ့..Melting pot ကြီးထဲက..ခုန်ထွက်ပြီး.. ကိုယ့်ထွက်ပေါက်နဲ့ကိုယ်..ဗိုလ်ကျ သောင်းကျန်း တတ်လာကြ သတဲ့ လား..။
-
အားလုံး လိုလို မဟုတ်ရင်တောင်..အဲဒီလို..အသိုက် အ၀န်း ပုံစံ မျိုးတွေ ..သေချာပေါက် ရှိနေလို့သာ..ဒီရုပ်ရှင် ထဲက.. ပုံရိပ်တွေ ဖြစ်လာတာ နေမှာပါ။
-
ဇတ်လမ်း ထဲက..ဇတ်လိုက်အဘိုးကြီး Clint Eastwood ( Walt) ကိုယ်တိုင်ကလည်း..သိပ်တော့…မွန်ရည်.. သင့်မြတ်လှတဲ့..အမေရိကန် တယောက်မဟုတ်ပါဘူး။ တလောကလုံးကို..ဘ၀င်မကျ ဖြစ်နေရင်း ..အရောင်စုံလာတဲ့..အမေရိကန် လူမျိုးသစ် တွေကို .. မနှစ်မြို့နိုင် ဖြစ်နေတဲ့.. ကိုရီးယား စစ်ပြန် .. သာမန် ကားစက်ရုံက..အလုပ်သမားဟောင်းကြီး တယောက်ပါပဲ။ သူ့ အိမ်နီးချင်း..မုန်း (လာအို တိုင်းရင်းသား) မိသားစု ကို.. ကြည့်မရ ..မျက်မုန်းကျိုးရင်း.. အဲဒီမိသားစုထဲက.. ဟိုမရောက် ဒီမရောက် ဆယ်ကျော်သက် မောင်နှမလေး နှစ်ယောက်ကြောင့်.. အထီးကျန်နေတဲ့..သူ့ဘ၀ကြီး..တနည်းတဖုံ.. ပြောင်းလဲ ပတ်သတ်သွား ခဲ့ ရတာ တွေ..။ အဲဒီ ပတ်သတ်မူ တွေ နဲ့ ပတ်သတ်နေပြန်တဲ့..သူ့ရဲ့ အမြတ်နိုးဆုံး.. Gran Torino ကားကြီးက..ဒီ ရုပ်ရှင် ရဲ့ ခေါင်းစည်း ဖြစ်နေခဲ့တယ်။
-
ထုံးစံ အတိုင်း..ဟောလိဝုဒ် ရဲ့ နံမယ်ကျော် တယောက်က..ဖန်တီး..ထုတ်လုပ်..သရုပ်ဆောင်ထားတာမို့.. အော်စကာ စာရင်းဝင်..၀င်ငွေ စံချိန်ချိုးတဲ့ ရုပ်ရှင် တကားမှာ..အနုပညာ တွေ..အတတ်ပညာတွေကို..ဘာမှ ဝေဖန်စရာ မလိုပါဘူး။ အဲဒီ ရုပ်ရှင်ကို.. ဘယ်လို လှုံ့ဆော်မူ..စေ့ဆော်မူ နဲ့ ရိုက်ဖြစ်တာလည်း ဆိုတာကို သာ.. စိတ်ဝင်စားနေ တာပါ ။ နောက်ပြီး..သူပေးချင်တဲ့.. အချက်က..ဘာလည်း ဆိုတာကိုလည်း ရှာမရ နေတာက.. ဘက်မပင်းအောင် ကြိုးစား ရိုက်ပြထားတယ် ဆိုတာ..သိသာနေတယ်။
-
ဒါပေမဲ့..ဇတ်ဝင်ခန်းတွေ ထဲက.. မနှစ်မြို့စရာ.. အာရှသား လူငယ် လမ်းသရဲ အုပ်စု ရဲ့ လက်ရဲ ဇတ်ရဲ နိုင်ပုံ တွေက.. အာရှသားတွေ ရဲ့ ပုံရိပ်တခု ဖြစ်နေမှာကို.. စိုးရိမ်နေမိတယ်။ ဒါကိုလည်း.. စိတ်ကောင်းရှိတဲ့..လိမ္မာတယ်လို့ ပြောရမဲ့.. အာရှသား မောင်နှမလေး နှစ်ယောက် နဲ့ ပြန် ထိန်းညှိ ထားပြန်တယ်။ ဒါပေမဲ့..အခြေ အမျှ တော့..ဖြစ်မသွားခဲ့။
-
နောက်ဆုံးခန်းလေးကို.. ဇတ်ဆန်ဆန် လေး အဆုံးသတ် လိုက်တာ တောင်မှ.. အဲဒီ မုန်းလူမျိုး မောင်နှမ ( မိသားစု) လေး နဲ့..တခြား.. လူဖြူ အမေရိကန် တွေ.. လက်ဆွဲ နှုတ်ဆက်လိုက်တာမျိုး.. ပြုံးရွှင် အသိအမှတ်ပြုလိုက်တာမျိုး တွေ..တကွက်မှ ရိုက်မပြသွားတာလည်း.. ဒါရိုက်တာ..မေ့ကျန် ခဲ့တာတော့..မဖြစ်နိုင်ပေ။
-
ထုတ်လုပ်..ညွှန်ကြား..သရုပ်ဆောင် ယုံ တင်မက.. နောက်ဆုံးခန်း ရဲ့ အဓိက..ဇတ်ဝင်သီချင်း ကိုပါ..ပါဝင် ရေးစပ်..သီဆိုသွားတဲ့.. ၇၈ နှစ် အရွယ်.. အအောင်မြင်ဆုံး အဘိုးကြီး တယောက်ရဲ့.. တုန်ယင် တိုးညင်းတဲ့.. အသံကို သေချာ နားစိုက် ထောင်မိတယ်။


your world is nothing more than all the tiny things you've left behind

So tenderly your story isnothing more than what you see
or what you've done or will become
standing strong do you belongin your skin; just wondering
gentle now a tender breeze blows
whispers through the Gran Torino
whistling another tired song
engines humm and bitter dreams grow
a heart locked in a Gran Torino
it beats a lonely rhythm all night long

ဒီစာသားတွေမှာ..သူပြောချင်တာတွေ..သေချာ ပေါက် ပါ နိုင်ပေ မည်။ ဇတ်လမ်းထဲမှာ ရှာမရ ခဲ့တဲ့..ဖန်တီးသူ ရဲ့ အတွေးကို..ဒီ သီချင်းထဲမှာ..ရှာကြည့် ပြန်သည်။
-
Grand Torino ဆိုတဲ့ ကားကြီးထဲမှာ.. လှောင်ပိတ်ခံခဲ့ရတဲ့..နှလုံးသားက..သူ့အရေပြားပေါ်က..သူပိုင်ဆိုင်တဲ့..သူ့ဘ၀လား..
-
အဲဒီ Grand Torino ဆိုတဲ့ ကားကြီး ကရော.. လေညှင်းတခုကို သယ်ဆောင်လာပြီးလို့..နောက်ထပ် မောပန်းနွမ်းနယ် စရာ..သီချင်းတပုဒ်ကို ဆိုညည်း အုံးမယ့်..အမေရိကန် နိုင်ငံကြီးကိုပဲ.. တင်စားခြင် လေသလား…


Share/Bookmark

ပန်ဒိုရာရဲ့ လက်ဆောင်




ပန်ဒိုရာ ရဲ့..လက်ဆောင်- အတွက် လည်း..ကျေးဇူးတင်..ပိုမိုချစ်ခင် ရပါကြောင်း။း)


Share/Bookmark

မွေးနေ့လက်ဆောင် ကဗျာများ

မွေးနေ့ကို..ဖုံးဖုံးဖိဖိ..မသိကျိုးကျွံ လုပ်ဖို့..မအောင်မြင်ဘူး ဖြစ်သွားပါတယ်။ တကယ်တော့.. ရှေ့လျှောက် မွေးနေ့ တခု ရောက်တိုင်း..ပုခုံးတွန့်..မျက်လုံးပြူးရတော့မဲ့.. အချိန်ဆို ပေမဲ့.. တတ်နိုင်သမျှ..မွေးနေ့တိုင်းကို ၀မ်းမြောက်စွာ ကြိုဆိုပြီးတော့ပဲ..နေချင်ပါတယ်။
-
အခုတော့.. ဒီမွေးနေ့မှာ.. ကဗျာစာအုပ် တအုပ် လက်ဆောင်ရတဲ့ အပြင်..တခြားရတဲ့ ကဗျာတွေ ကိုလည်း.. ဟောဒီမှာ.. မှတ်တမ်း တင်လိုက်ချင် လို့ပါ။ ကိုယ်တိုင် ကဗျာ လူသား မဟုတ်ပေမဲ့လို့.. ပါရမီ ရှင်တွေရဲ့ ကဗျာတွေကို တော့..အင်မတန် တန်ဖိုးထားတတ်သူပါ။ အခု ကဗျာတွေ အားလုံးကတော့..အရွယ် နဲ့ ဘ၀ ကို.. ခပ်ပါးပါးခြင်း လွှာပြထားတဲ့.. နားလည်ခံစားနိုင် သလောက် ကျယ်ဝန်းတဲ့.. ကဗျာလေးတွေပါ။
-
ပထမဆုံးက.. ဒီဘလော့က စာတွေကို..အစဉ်တစိုက်..ဖတ်ရှုပြီး လေးလေးနက်နက် ဝေဖန် ချက် ပေးတတ်တဲ့.. ကဗျာဆရာ..ကိုခင်အောင်အေး ရဲ့ အီးမေးလ် နဲ့ ပို့ပေးတဲ့ လက်ဆောင်ကဗျာပါ။ ကဗျာ အဟောင်းတခု ကို ပေးတယ် ဆိုပေမဲ့.. ကျမ အတွက်တော့..အသစ်တပုဒ် မို့.. ဘ၀တိုင်း အချိန်တိုင်း အတွက်..အကျုံးဝင်တဲ့ ကဗျာလေးမို့.. ကျေးဇူးတင် ကြည်နူး မိပါတယ်။
-

ဆင်ခြေဖုံးအစ (၁၇၊၁၁၊၉၀)

တနေ့ထက်တနေ့ ထူလာတဲ့နှင်းတွေ
တမာ မန်ကျည်းနဲ့ မယ်ဇလီပင်တွေပေါ်မှာ ဖွဲဖွဲလွင့်လွင့်
ရပ်နေသင့်သလား
ဆက်လျှောက်သင့်သေးသလား
အသံဟာ အဖျားဆတ် တုံခါသွားတယ်။

တကိုယ်တော်စွန့်စားခန်းဆန်ဆန်
အဝေးပြေးလမ်းမပေါ်က ခန္ဓာဝန်တစ်ခုလေးလံနေပုံဟာ
အားရပါးရ ရယ်ချလိုက်ဖို့ ခက်လှပေရဲ့။

ဘဝတွေ တပြုံတမကြီး
အနားက ဝှီးကနဲ ဖြတ်ကျော်သွားတော့မှ
အသက်ဝဝရှုဖို့ကို သတိရကာ
ခေါင်းကိုမော့
ရင်ပတ်ကြီးကိုလဲ ကော့ပစ်လိုက်တယ်။

အဲဒီနေ့က
နေလုံးကြီး မြောက်တက်မလာခင်
ကမန်းကတန်း အိမ်ထဲပြန်ဝင်ခဲ့မိ။ ။

(ခင်အောင်အေး)


+++++++++


ဒါလေးက.. အားအင်ပါတဲ့ ကဗျာ လှလှလေးတွေ စပ်လေ့ ရှိတဲ့ ကဗျာဆရာမ “အိန္ဒြာ” က ..မွေးနေ့ပို့စ်မှာ..မှတ်ချက် ပေးသွားတာပါ။ ကဗျာ အဆုံးပိုဒ်လေး ကို ဖတ်ပြီး တုန်သွားတာက လွဲရင်..အရမ်းကို လှတဲ့.. အားရှိတဲ့..ကဗျာလေးမို့..သိပ်ကို ကျေးဇူးတင် ၀မ်းမြောက်ရပါတယ်.. အိန္ဒြာ..ရေ။း)


"" ၃၇လမ်းမ ""
လမ်းတစ်ခု..လျှောက်ခဲ့ ရောက်ခဲ့တယ်...
ပြန်မကြည့်ချင်ဘူး..မျှော်မကြည့်ချင်ဘူး...
လက်ရှိမှာ..ငါဟာ..လျှောက်နေ ရောက်နေတယ်.။
ဘ၀ဆိုတာ..လမ်းပဲ...
၃၇ခုမြောက် မိုင်တိုင်မှာ...
ငါဟာ တစ်ထောက်မှ မနားခဲ့တဲ့ ခရီးသည်...
ပြန်လှည့်မကြည့်တော့ဘူး
မျှော်ငေးမနေတော့ဘူး...
ဟိုးးးရှေ့မှာ...
ငါလျှောက်နေတဲ့ လမ်းမရဲ့ အဆုံးသတ်ဆိုတာက
စောင့်နေတယ်..။
-
ချစ်ခင်လေးစားစွာ-
အိန္ဒြာ

+++++++

ဟောဒါကတော့..၂၀၀၈ မှာ ကဗျာတွေ..တနေ့ ၃- ၄ ပုဒ် စပ်ဖြစ်ခဲ့တဲ့..ငယ်သူငယ်ချင်း ကဗျာဆရာ ငြိမ်းဇေဦး ရဲ့ မနှစ်က..သူ့ဘလော့မှာ စပ်ခဲ့တဲ့.. လက်ဆောင်ပါ။ အခု နှစ်တော့..သူ့ဘလော့လည်း တိတ်ဆိတ်လို့..ဘယ်ရောက်နေပြီလည်း မသိပါဘူး။ အခု နှစ်မှပဲ..တခုတ်တရ မှတ်တမ်းတင် လိုက်ပါတယ်။ ကျေးဇူးပါ..သူငယ်ချင်း


ဇူလိုင်ရဲ့သတို့သမီး

တနှစ်ကြီးပြန်ပြီ ..တနှစ်ကြီးပြန်ပြီ နဲ့
လူ့ဘ၀ရဲ့ စက်ဝိုင်းကြီးထဲ ပိတ်မိနေခဲ့ကြတာပေါ့ မိကေရယ်...။
ဒီစက်ဝိုင်းထဲမှာဘ၀သာ ထူပျစ်လာတယ်
တချို့ လူမဖြစ်ကြသေးဘူးဟေ့...။
ဒီနေ့..ငါ့အိမ်ရှေ့က သစ်တောအုပ်ကအလျင်တွေရှရှနဲ့
သစ်ရွက်တွေ ထရယ်ကြတယ်...
တနေကွယ်တမိုးချုပ် တိုင်း
အိုးပုတ် ချိုးရုပ် ပလုတ်တုတ်နဲ့ အလုပ်ရှုပ်ခဲ့တဲ့
ငယ်ဘ၀ကို ပြန်ရချင်ကြသလားတဲ့ ..
ရယ်တာမှ လှောင်သံနဲ့နော်.............။
ငါကပြောလိုက်တယ်...မိကေ..
နင်သိချင်သိနေမယ်ပေါ့...
ဒါပေမယ့် လျော့တိလျော့ရဲပါ...
“ပြန်ရချင်တာပေါ့....”လို့..
သစ်ပင်တွေ မခို့ တယို့ ယိမ်းလို့
ဗြုန်းဆို လေစိမ်းတွေ တိုက်သွားတယ်ဟာ
ဒီမှာပဲ ... ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ သူငယ်ချင်းလို့
လည်ပင်းဖက်ပြောချင်စိတ်နဲ့ပြန်အိပ်တော့မယ်ကွယ်...
ဟဲ့..ဟဲ့ နေစမ်း ခဏ ပြောရဦးမယ် တကတည်း....
အသည်းတခြမ်းနဲ့ အားလုံးကို ငါလဲ အမြဲလွမ်းတယ် ဆိုတာ....။
-
(ငြိမ်းဇေဦး)
-
ဇရာ နှင့် ဇယားရှုပ်ရသော လူ့ ဖြစ်စဉ်အတွင်းမှ သူငယ်ချင်း ကေသွယ့်  မွေးနေ့ အမှတ်တရ
-
+++++++
-
ဒီပို့စ် တင်ပြီးကာမှ.. better late then never ဆိုပြီး..သူ့ရဲ့ လိုတရ.. ကဗျာ မီးခွက်ကြီးထဲက..ဆွဲထုတ်လာတဲ့..ကဗျာစောင့်နတ်သမီး - မနော် ( မနော်ဟရီ) ရဲ့ လက်ဆောင် နောက်တပုဒ် ကို ထပ်ဖြည့်လိုက်ပါတယ်။
မွေးနေ့များ
ထူးခြားချက်နှင့်သွက်လက်မှတ်သား
ရင်ကြားမပျောက်ကာလထောက်ထား
အားရဖတ်ရှုပြုစုရေးသား
လူများစာရင်းဖြည်းဖြည်းချင်းပေါ့
လျော့လျော့သွားပြီ။

အမြဲတမ်းဟုလန်းဆတ်သစ်လွင်
ရောင်စဉ်ထွန်းပအလှတင့်တယ်၊
တွယ်ငြိတပ်မက်ခွဲမထွက်ရက်၊
နုညက်ရွှင်လန်းတစ်ပွင့်ပန်းလေ
နွမ်းဟောင်းလာပြီ။

ချေးညော်မရှိရှိလည်း သတိ၊
မထားရှိထားစကားသိပ်သည်း
ပြောပြီးတိုင်းမှခဏသွက်လက်၊
မျက်နှာသစ်ကျင့်ထပ်ဆင့်ခါခါဖြစ်လာတတ်ပြီ။

ခေါင်းထဲမှာနှစ်ဘာသာဖြစ်တည်၊
အတွေးဆီတက်အသက်ရှည်ဆဲ၊
ပွဲဦးထွက်တိုင်းအဘက်ဘက်မှ၊
အိပ်မက်တွေရယ်အဓိပ္ပာယ်ရှိ ပိုသိသွားပြီ။
သည်လိုနှင့်ဘ၀ရဲ့စင်မြင့်မှာ
အဆင်သင့်ပြုလုပ်အချိုးကျစက်ရုပ်များလို
ဟိုသည်လက်ဆွဲနှုတ်ဆက်ကျေးဇူး
ညှိတက်လျက်
မပျက်မကွက်မွေးနေ့များ။ ။
-
မောရူးဆိုး
ကေ့အတွက် ...


Share/Bookmark

မွေးနေ့

မနေ့က..မွေးနေ့ပါ။ ဒါပေမဲ့..ခု- နောက်ပိုင်း..အဲလို မျိုးတွေ မရေးချင်တော့တာက..တကြောင်း.. ရေးတာလည်း ထပ်နေပြီ ဖြစ်တဲ့ အတွက်.. ဘာမှ မရေးဖြစ်ဘူး။ အိမ်မှာ မွေးနေ့ခြင်း ၆ ရက်ပဲ ကွာတဲ့..( နှစ်တော့ ကွာတာပေါ့) ခင်ပွန်းသည် နဲ့ အမြဲပေါင်းလုပ်လေ့ ရှိတဲ့..အကျွေးအမွေး ပွဲလေး ကြောင့်..အလုပ်ရှုပ်နေတာလည်း တကြောင်း ပေါ့လေ။
-
ခုတလော...ရောက် ရောက် နေဖြစ်တဲ့ face book မှာတော့..မိတ်ဆွေ သူငယ်ချင်းတွေက.. တထောကြီး ဆုတောင်းပေးကြလို့..၀မ်းသာ ကြည်နူးနေမိတယ်။ မွေးနေ့ဆိုတော့..မိဘတွေ..ကိုလည်း ဖုန်းလှမ်း ဆက်ဖြစ်တယ်။ စကားတွေ အများကြီး ပြောဖြစ်တယ်။ ဖုန်းတွေ လှမ်းဆက်ပြီး ဆုတောင်း ဆန္ဒပြုပေးတဲ့..သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင် ကြည်နူးမိတယ်။
-
ဒီနှစ် ဘလော့ပေါ်မှာ..ဘာမှ မရေးဖြစ် မတင်ဖြစ်ပေမဲ့..တိုက်တိုက်ဆိုင်ဆိုင် ..ဘလော့ မောင်နှမ - အကိုအောင်သာငယ် ရဲ့ မေမေ.. အန်တီ ဒေါ်ခင်မာအေး နဲ့ မွေးနေ့ခြင်း တူနေတယ် ဆိုလို့..အံ့သြ ၀မ်းသာ သွားမိတယ်။ အမှတ်တရ ကိုအောင်သာငယ် စုစည်းလိုက်တဲ့..ကဗျာ စာအုပ်လေးကိုလည်း.. မွေးနေ့လက်ဆောင် အဖြစ်.. အင်မတန် ကျေးဇူးတင်ကြောင်း.. မွေးနေ့ ရဲ့ နောက်တနေ့မှာ.. မှတ်တမ်းတင် လိုက်ပါတယ်။
-
မနှစ်က မွေးနေ့ပို့စ် အဖြစ် ရေးခဲ့တဲ့ “လမ်းလျှောက်ထွက်ခဲ့တယ်” ဆိုတဲ့ စာလေးပါ။ နောက်ထပ် ၃၆၅ ရက် ထပ်ပေါင်းလိုက်ပေါ့နော်။း)
-
အားလုံးကို ခင်မင် ချစ်ခင် စွာဖြင့်-


Share/Bookmark