စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ်(၇)


ဒဂုန်ဆောင် ပျိုးခင်း စာစောင်လေးကို..ပြန်ဖတ် ကြည့် နေမိ သည်။ သူတို့မှာ .. စာပေ လှုပ်ရှားမူ လေး တခုကို.. မရှိ-ရှိတာလေး တွေ နဲ့..မဖြစ်- ဖြစ်အောင် လုပ်ခဲ့ ကြတာ..။ ဟာသ လေးတွေ.. ၊ တိုတို ထွာထွာ အပိုင်းအစ လေး တွေ နဲ့.။ .ပြောရရင်..ကိုယ့်စာ ကတောင် အရှည်ဆုံး ဖြစ်နေပါ ပြီကော..။ ဒီ ထောင့်က..ကြော်ငြာ လိုလို စာအပိုင်း လေး ကို ကြည့်ပြီး..ပြုံးမိ သည်။


ဘူမိဗေဒ မိသားစု.. ပစ်ကနစ်-- ပဲခူးကို နေ့ချင်းပြန် ထွက်တာ.. နှုန်းထားက.. ၁၈၀ ကျပ်..တဲ့။ field coat တထည်က..၃၆၀ တဲ့..။ ပြုံးနေရင်းက..လေးနက်ချင် နေမိသေးသည်။ တကယ်ဆို..ဒီလောက် နှစ်ကာလ အတွင်းမှာ..ငွေကြေး တန်ဖိုးတွေ က.. ဘယ်လောက် တောင် အရှိန်ပြင်းပြင်း ဖောင်း ပွလာ နေ ခဲ့ သ လဲ..။

-

အဲဒီ တုန်းက.. တလ ကို..အဆောင်ကြေး..၆၀၀ လား မသိ။ အဲဒါ..အားလုံး အပြီးအစီး ။ ဒင်နာ တို့ ဘာတို့ ဆိုတာ.. အဲဒီ အဆောင်ကြေးတွေ ထဲက..ပိုလျှံတာတွေ..အစိုးရ ထောက်ပံ့ငွေ တွေ နဲ့.. လုပ်ကြတာ။ ဒါ တောင်.. တလ တခါ..နို့ဆီ..သကြား ပေးသေးသည်။ စာမေးပွဲ နီးရင်.. အထူး အစီအစဉ် နဲ့ ညလယ်စာ တွေပါ..စားကြ ရ တာ။ ဒီနေ့..လက်ဖက်ရည် စမူဆာ ဆိုရင်..နောက်နေ့..ကြက်သား ဆန်ပြုတ်။
-

ငွေကြေး ဂဏန်း အရေ အတွက် တွေ ဆိုလို့.. ကြည်အေး တို့ “ကေဖွဲ့ဆိုသီ” ခေတ်ကရော.. ။ စစ်စစ် ပေါက်ပေါက် ရှာကြည့် တော့ .. ခေါက်ဆွဲ ကျော် ရှယ် တထုပ် ၂ကျပ် ခွဲ ဆိုတာ နဲ့.. ကေ့ ဖေဖေ အရာရှိ စီးတဲ့..တပတ်ရစ် ကားလေးက.. နှစ်ထောင် ကျော် တန် တယ် ဆိုတာလေး တွေ သာ.. တွေ့ မိသည်။ သူ့အထဲမှာ..ငွေကြေး အတိုင်းအထွာ တွေ သိပ်မပါ သလို…နှစ် ကာလ အတိအကျ လည်း ဖော်ညွှန်း မထားပေ။ အဖြစ်အပျက် တခုခု နဲ့ ယှဉ်တွဲ ဖော်ပြ ထားတာ မျိုး လည်း.. မတွေ့ ရ ပြန်။ အဖြစ် နိုင် ဆုံးက တော့.. ၁၉၅၀ ကျော် ၀န်းကျင် ကာလ များ ဖြစ် မည် ထင်သည်။ ရန်ကုန် တက္ကသိုလ်ကြီး ရဲ့ အလှပ ဆုံး နဲ့..အလွတ်လပ်ဆုံး အချိန် တွေ ပေါ့။ လွတ်လပ်ရေး ရပြီးစ..ပါလီမန် ဒီမိုကရေစီ စနစ် ကြီး လှုပ်ရှား သက်ဝင် နေစဉ် ကာလ တွေ။ သြော....ဒီမှာတော့..စာအုပ် ထုတ်ဝေ တဲ့ နှစ် က..၁၉၆၃ လို့ လည်း ပြောထားပြန်တယ်။ ဟုတ်မယ် လေ .. သေချာတာကတော့..ဒီ ၀တ္တုကို..ကြည်အေး က..တကယ် အဆောင်သူ ဘ၀ မှာ..ရေးခဲ့တာ တော့..လုံးဝ မဖြစ်နိုင်။ အတိတ် တံခါး တချို့ကို.. လှလှပပ ပြန်ဖွင့် ကြည့် ထား တာပဲ ဖြစ်နိုင် မည် ။

-

တကယ်တော့.. အဲဒီစာ အုပ်လေး က..“ကေ” နဲ့ “အထွေး” ဆိုတဲ့.. မိန်းကလေး နှစ်ယောက် ရဲ့.. ကျောင်းသူ ဘ၀ စိတ်ကူး မျှော်လင့်ချက် ကလေး တွေကို.. အင်းလျား ဆောင် ကြီး နဲ့ နောက်ခံပြု ထား ခြင်းသာ။ စာရေးသူ ကိုယ်တိုင်က..စိတ်အချဉ်ပေါက် နေတဲ့..စာရေးဆရာမ လေး “အထွေး” ကို ၀င်စားထားတယ် လို့ ထင်ဖို့ရှိပေမဲ့.. “ကေ” ရဲ့ စိတ်အနေ ရှင်းရှင်း လေး တွေ နဲ့လည်း..ဝေးသူ တယောက် ဖြစ်မည် မထင်။ အဆောင်သူ တွေ ရဲ့ လှုပ်ရှား သက်ဝင်မူ နဲ့..မိန်းကလေး တွေ ရဲ့ သဘော သဘာဝ စစ်စစ် လေး တွေ ကိုသာ..ချစ်စရာ ကောင်းစွာ.. ပုံဖော် ခြယ်မှုန်း ဖို့..စိတ်ကူး ခဲ့ ဟန် တူ သည်။

ထိုည အဖို့ ကျောင်းဆောင်သူများ သည် ထမင်းစားခန်း မှ အထွက်
ဧည့်ခန်း၌ စုဝေးကြ ရလေ သည်။ အဆောင်မှူးက ပြောစရာ ရှိသည်တဲ့။ ထိုအခါ..မီးမပိတ်ဘဲ
တညလုံး အိပ်ပျော် မိသူ တို့က ရှက်ကြောက် ထိတ်လန့် ဖြစ်ကြ သည်။ ဓါတ်မီးပူ အခန်းထဲ
ခိုးတိုက်တတ် သူ များက လည်း.. အကြင် မီးပူ နီးပါး ပူကြ ရပြန်သည်။ အပြန်မိုး ချုပ်
သဖြင့် ၊ အဆောင်မှူးက မသိအောင် နောက်ဖေးချောင်က ၀င်လာသူ များ ကလည်း၊
ရင်တလှပ်လှပ်ပေါ့။ ရည်းစား နှင့် လမ်းလျှောက် အထွက်များ မိသူ များ လည်း နှုတ်ခမ်း
ကိုက်လို့ အသင့်ပြင် သည်။ ကေပင်လျှင်၊ ရေချိုးခန်းထဲ ငါ နေ့တိုင်း သီချင်းဆို
ကျယ်လွန်း သလား မသိ- ဟု စေ့ငု မိလေ သည်။
-

သို့သော် အဆောင်မှူး ပြောချင် သည်မှာ အင်းလျားဆောင်မှ တက္ကသိုလ် ကပွဲ အတွက် လူစု
ရန် ဖြစ်သည်။


အဲဒီ တုန်း က.. ရန်ကုန်တက္ကသိုလ် ၀န်း ကြီး တခု လုံး ပေါင်းပြီး ကျင်းပတဲ့..ပွဲ တွေ ဖြစ် ပေမည်။ ။အဆောင် တခု ခြင်းစီက..အစီအစဉ် တွေ.. ပါဝင် ဖြေဖျော် ကြ ရတာ မျိုး တဲ့။ ပိုလို့တောင် ပျော်စရာ ကောင်းအုံးမည်။ တကျောင်းလုံး..ဆိုတော့လေ…။

-
ဖေဖေ ပြော ပြ တတ်တဲ့..အဲဒီ ခေတ်က..ရန်ကုန် တက္ကသိုလ် ဆိုတာ ကြီး က.. အခု သူတို့ အာရုံ မှာ ခပ်မှုန်မှုန် အဖြူ အမဲ ပုံရိပ် တွေ ပဲ ရှိတော့တာ မဟုတ်လား....
-

၁၉၅၆ ခုနှစ် မှာ..တ.က.သ စတင် ဖွဲ့စည်း တည်ထောင်ခဲ့တာ.. ၂၅ နှစ် မြောက် ငွေရတု။
-

အဲဒီ တုန်းက.. အဓိပတိလမ်းမ တလျှောက် နဲ့ ၀ိဇ္ဇါခန်းမ ရှေ့ မျက်ခင်းပြင် ကြီး
တခုလုံး က..ပွဲခင်းကြီး။ အဲဒီ ပွဲ အတွက် ..တ.က.သ
အပေါ်ထပ်က..စာကြည့်ခန်းထဲမှာ..စန္ဒယားကြီး ချပြီး ..ဇာတ်တိုက်ကြတော့.. လူတွေ
တရုန်းရုန်း နဲ့ ပျော်စရာ ကောင်းလှသည် ။

-
-+++ရွှင်မြူး+++ရွှင်မြူး++++ကြည်နူး
ပျော်ရွှင်စေရာ++သာယာ.++သာယာ+++အေး++အေးမြကာ++ပွဲ+++ပွဲတော်မှာ++နွှဲ++နွှဲပျော်စရာ+++ဒို့သမဂ္ဂရဲ့
ငွေရတု သဘင်မှာ+++
-

သမဂ္ဂရဲ့..ကြောင်လိမ်လှေခါး မှာ လည်း..လူတွေ..တက်လိုက် ဆင်းလိုက်.. ။ လက်ဖက်ရည်
ဆိုင် ထဲက..ခုံမြင့်ကြီးတွေ မှာလည်း.. ကျောင်းသား..ကျောင်းသူတွေ အပြည့်။
သူတို့..ထွန်းဖေ တို့.. ငွေရတု သဘင် စာစောင်ထုတ်ဖို့.. တကုပ်ကုပ် အလုပ်ရှုပ်နေတဲ့..
မောင်မောင်ညွန့် နားမှာ.. အချိန်ပြည့်လို..ကူညီလုပ်ကိုင်ပေးရင်း..ရှိ နေခဲ့တာကို ..
မြ သတိထားမိ နေခဲ့တာ ဖြစ်မည်..။ မြကလည်း..ခေသူမှ မဟုတ်တာ..။ ရတနာဟော ရဲ့
ကိုယ်စားလှယ် တယောက်။ တပ်ဦးမယ် တယောက်။
-

နောက် သိပ်မကြာလှပဲ..အဲဒီ နှစ်ထဲမှာပဲ..ကျင်းပတဲ့..နိုင်ငံတကာကျောင်းသားနေ့
(IUS) မှာတော့.. အရှိန်တက်နေတဲ့..သူတို့တွေ..စင်ပေါ် တက်တော့တာပါ ပဲ။ ဒီတခါ
တော့..သထုံလမ်းဖက်ကို လှည့်နေတဲ့.. အားကစားရုံကြီး နဲ့.. အဓိပတိလမ်းပေါ်
မျက်နှာမူထားတဲ့.. တ.က.သ အဆောက်အဦ ကြီး ကြားထဲက..မျက်ခင်းပြင်မှာ..စင်မြင့်ကြီး
ထိုးပြီး..ပြဇတ်တွေ..ကကြပြန်သည်။ သူတို့ ဒဂုန်ဆောင် အုပ်က.. စန္ဒယားချစ်ဆွေ
နဲ့..ဒါရိုက်တာ မင်းသား မြတ်လေး တို့..စီစဉ်တဲ့..၁၃၀၀ ပြည့် အရေးတော်ပုံ ဘဲလေး မှာ
ပါကြ သည်။
-

-ဒို့အခွင့်အရေး+++ဒို့သာ တိုက်မည်+++ မုချ..အောင်ပွဲ သိမ်းခံမည်+++++

အဲဒီ သီချင်း အဆုံးပိုဒ် မှာ.. လက်သီး လက်မောင်းတွေ
တန်းတော့..အတိတ်သမိုင်းက..အောင်ပွဲတွေ အတွက်..လူငယ်သဘာဝ သွေးတွေ ဆူပွက်လို့..။
ရှေ့မှာ..ဘယ်လို တိုက်ပွဲ တွေ ရင်ဆိုင် ရဦး
မလည်းဆိုတာ..မမြင်နိုင်သေးပေမဲ့..ဘာတွေပဲ လာလာ..သူတို့
ကျောင်းသားလူငယ်တွေ..ရင်ဆိုင် ပစ်လိုက်ချင်သည်။

-
-++++ရွှေပြည်တော် ငြိမ်းချမ်းရေးရဲ့ ဘက်တော်
သူကြီးရေ..ကျမလေ.+++၀င့်ဝင့်လျှမ်းတဲ့..သိပ္ပံ ပျိုဖြူမေ..ဘ၀အခြေ အဆင့်ဆင့် လှမ်းခဲ့
သလေ++++စခမ်းသစ်ကို မျှော်တာ ကြာပြီလေ..အနာဂါတ် ဗမာပြည်..ပန်းတိုင်း
ပွင့်ကြပါစေလေ++++

-
ကျောင်းသူတွေ ကိုယ်တိုင် လူပြက် လုပ်ပြီး တင်ဆက်တဲ့..ရတနာဟောက.
..အငြိမ့်ခန်းကလည်း..လူကြိုက်များလှသည်။ အဲဒီထဲမှာ..တယောက်က..မြ
ဖြစ်ခဲ့တယ်ဆိုတာ..သူက မသိ။ မြကတော့..သူ့ကို သိနေခဲ့သည်တဲ့။


လွမ်းရက်ရှည်ရှည် - မှ

သူတို့ ခေတ်မှာ.. ဒါမျိုးတွေ မရှိတော့..မလုပ်ရတော့..မမြင်ရတော့..မကြားရတော့..။ ရှစ်လေးလုံး အရေးတော်ပုံ မတိုင်ခင်.. သူတို့..အကို တွေ..အမကြီး တွေ ခေတ်.. ရန်ကုန် တက္ကသိုလ် ကြီး ဆိုတာတောင်.. မမကြီး တို့..ကျောင်းပိတ် လို့ ပြန်လာရင်..ပြော-ပြောပြ တတ်တဲ့..တိုင်းရင်းသား အစားအစာ ရောင်း ချပွဲတွေ.. တက္ကသိုလ် ယဉ်ကျေးမူ အသင်း အငြိမ့် တွေ.. အဆောင် ဒင်နာ တွေက.. နာမည်ကျော် အဆိုတော် တွေ ရဲ့ အပြိုင်အဆိုင် ဖျော်ဖြေ မူ တွေ.. ဆိုတာ.. ခပ်ရေးရေးပဲ.. တွေးကြည့် နိုင် တော့ သည်။ အခု မှ ဖြစ်လာ တဲ့.. RC အုပ်တိုင် ကြီး ပေါ်က..ဆူးချွန် ထိုးထိုးထောင်ထောင် တွေ.. ၀ိဇ္ဖာ ခန်းမ နောက်.. အီကို ကန်တီန်း ကို သွားရာ..ပေါင်းကူးလမ်း တလျှောက်က… အရံ အတား တွေ.. ။ ကျောင်းတက်ရ တဲ့ အချိန် တွေက လည်း.. တိုတောင်း လွန်း လှသည် ..။ ဘယ်လို ပဲ ဖြစ်ဖြစ်..ကျောင်းသား ကျောင်းသူ သဘာဝ.. ရတဲ့ အချိန်လေး ထဲမှာ.. ရှိတာလေး တွေ နဲ့..ပျော် ခဲ့ ကြ တာပါပဲ ။ တကယ်ဆို.. အဲဒီလောက် တိုတောင်းတဲ့ အချိန်လေး တွေ ထဲကနေ.. အင်းလျား ဒင်နာ ကို..နှစ်စဉ် နှစ် တိုင်း..အစဉ်အလာ မပျက်..မဖြစ်-ဖြစ်အောင်....လှလှပပ လုပ်ပေး ခဲ့ တဲ့..အဆောင်မှူး..မမမြ ကို.. ကျေးဇူးတင် ရ မှာပါ လေ။

-
သူ့ဘေးမှာ တော့.. ပြေလက်စ ရှိနေတဲ့..အတိတ် ဖဲကြိုး တွေ။ ကျဲပြန့်နေတဲ့...စာရွက် တွေ.. ဓါတ်ပုံဟောင်း လေးတွေ..


ဒါက..ပထမဆုံး အင်းလျား ဒင်နာ ရဲ့ အဖွင့် သီချင်း ဆို ခဲ့ တုန်းက..။ သီချင်း တွေကို တော့..မမှတ်မိ တော့..။ အဲဒီ တုန်းက..မမမြ က.. သီချင်း အဟောင်းတွေ ကို မသုံးပဲ..တနှစ် နဲ့ တနှစ် မတူ ရအောင်.. အပြင်က..

ဝါသနာ ရှင်တွေကို .. ပေးပြီး စပ်ခိုင်း ခဲ့တာ။ နံရံကပ် စာစောင် တွေ ဆိုရင်လည်း.. မြန်မာစာ ဌါန က.. ဆရာ..ဆရာမကြီး တွေ..နဲ့ ပြင်ပက..နီးစပ်ရာ စာပေအသိုင်း အ၀ိုင်း တွေကို အကူအညီ တောင်းပြီးမှ.. ဆုရွေးချယ် လေ့ ရှိတာ။ မမ ရဲ့ အနီးကပ် ပြိုင်ဖက်က..ရတနာ..။ တကယ်က.. သူက.. ဘယ်သူ့ကို မှ အကြော ပေးချင်တာ မဟုတ်။ “အင်းလျားက..အင်းလျားက.. ” ဆိုတာ မျိုး ကို..အင်မတန် မက်မော တာ.. အားလုံး အသိ။ အပင်ပန်း လည်း ခံသလို.. အသိအမှတ် လည်း..အပြု ခံ ချင်လှသည်။


ဒါက.. တတိယနှစ် ဒင်နာ မှာ.. သူတို့ တွေ ပိုက်ဆံ စုထဲ့ ပြီး.. တီချယ်ဌေး နဲ့ တီချယ် ဖြူ ကို ဖိတ် ခဲ့ ကြ တုန်းက..။ ဧည့်သည် လက်မှတ် က..၁၅၀ လား မသိ..သိပ် မမှတ်မိတော့..။ အဲဒီ နှစ်က.. သူ့ရဲ့ ပထမ ဆုံး ၀တ္တု လေးဖြစ် တဲ့..“ အဆုံး အဖြတ်” ဆိုတာ.. ပထမ ရခဲ့ တယ်။



ဟောဒါ ကတော့.. သူတို့ အားလုံး အတွက်.. မမေ့ နိုင် ဆုံးသော..အပျော်ဆုံးသော.. အလွမ်းဆုံးသော..နောက်ဆုံးနှစ် ဒင်နာ ကြီးမှာ..အဖွင့်သီချင်း ဆို ခဲ့တာ။ အဲဒီ နှစ် လည်း.. သူ့ဝတ္တု ..ပထမ ဆု ရခဲ့ တယ်။

“ သံတူ ကြောင်းကွဲ” ဆိုပြီး.. ၉၅ ရန်ကုန် တက္ကသိုလ် နှစ်ပတ်လည် မှာပဲ.. ပြန်လည် ဖော်ပြ ပေးခဲ့သည်။

ပျော်ရာကနေ.. တော်တော် ပျော်လာ....နောက်ဆုံး အပျော်ဆုံး ဆိုတဲ့.. အဲဒီ အချိန်ကာလ တွေက.. စာသင်နှစ် သုံးနှစ် ဆိုပေမဲ့ လို့.. တကယ့် အချိန် ကာလက..နှ နှစ် သာသာလေးရယ်။ ဒါတောင်..ကျောင်းပိတ်ရက် တွေက.. ရှည်လျား လွန်း တာ လေ..။ တကယ်တော့..ရှည်လျားတယ်လို့..ကိုယ်တွေက..ထင်မိတာ လည်း ဖြစ်နိုင်ပါတယ်လေ…။ အိမ် ဆိုတာ ကို.. ဟင်းပြတ်ချိန် နဲ့..ပိုက်ဆံ ကုန်ချိန် လောက် မှာသာ..သတိရ ခြင် လောက် အောင်ကို.. မြူးမြူးထူးထူး.. မမြင်ဘူးတော့လည်း.. မြင်သမျှ ကိုသာ ..မြစ်ထင်ပြီး.. လက်ပစ် ကူး ဖို့.. ကြံ ခဲ့ ကြတဲ့.. အချိန်တွေ ကိုး.. ။

-

ဒင်နာ တွေ ပြီးပြီ ဆိုတာနဲ့… စာမေးပွဲ သူရဲ က.. စခြောက်ပြီ။ အားလုံး..အားလုံး..စာကျက်စရာ နေရာ အသီးသီး ရှာပြီး..ကိုယ့်နည်း ကိုယ့်ဟန် နဲ့ကိုယ်.. စာတွေ ကျက်ရ တော့ပြီ။ တချို့က..ဘုရားခန်းမှာ..စားပွဲဝိုင်းပုလေး တွေ ချ..။ တချို့က..အခန်းထောင့်..ချောင်ကောင်းကောင်းရှာ။ တချို့က..မျက်ခင်း ပေါ် ဆင်း.. အလယ်လမ်းမ ကြီးမှာ..ဟိုဖက် လျှောက်..ဒီဖက် လျှောက်.. တချို့ကတော့.. ရိုးကောလ် ခန်းမ ထဲ.. စားပွဲချ ကျက်…။ ဒီ အရွယ် ကြီးတွေမှာ..မယုံနိုင်စရာ ကောင်းအောင်..အော်ကြီး ဟစ်ကျယ် ကျက် တဲ့ သူတွေကတော့.. အလိုက်သိ သိ နဲ့..ဝေးရာ တော်ရာ သွားချင် သွား..မသွားလို့ကတော့.. ။

-
ဒုတိယနှစ် မှာက..မေဂျာ နှစ်ဘာသာ ဂုဏ်ထူး ထွက်မှ သာ..အောနပ်စ် ၀င်နိုင် မှာမို့.. ဘာပဲ ပြောပြော.. ရီမွန့် လို..အစောကြီးထဲက.. ကြိုတင် ပြင်ဆင် မထား မိ ပေမဲ့လည်း .. သူတို့ အားလုံး.. မျှော်တော့..မျှော်လင့် ခဲ့ ကြတာပေါ့လေ..။ စာမေးပွဲ ပြီးတာနဲ့..ဖိုင်နယ်က..အမ နဲ့..တတိယနှစ်က..မထိုက်တို့..မနန္ဒာ တို့က.. field ထဲကို တန်းသွား ..ဟိုမှာပဲ..သင်္ကြန် ကျ ကြပေမဲ့.. သူတို့ ခြောက်ယောက် ကတော့.. မပြန်ချင့် ပြန်ချင် နဲ့ပဲ.. နယ် အသီးသီးကို.. ပြန်ကြ ရတာ ပေါ့။

ကိုတိုး တို့..ဖက်တီး တို့.. ဖိုးကျော် နဲ့ မှုံကြီး တို့ကတော့..ရန်ကုန်မှာ.. ကျန်ခဲ့ ကြ။ ကိုအေးဇော်ဟန် ကတော့.. သူ့ပြင်သစ်စာ သင်တန်း တွေ နဲ့။ ခရစ်စတိုဖာ ကတော့..နယ်က ပေမဲ့.. ရန်ကုန်မှာပဲ နေခဲ့ ။ မိန်းထဲက..အဆောင်တွေ ရှေ့မှာ.. လေးဘီးကားတွေ.. နဲ့..အထုပ်အပိုး တွေ.. နယ်ပြန်မဲ့ လူတွေ ရှုပ်နေတဲ့.. ညနေစောင်း တခုမှာ.. ကျောင်းထဲက..ကံကော်ပင်အို ကြီးတွေ ပေါ်က..ဥသြ တကောင် တလေ အော်နေ ခဲ့ တဲ့..အသံ က.. မနေ့ တနေ့ ကလိုပါပဲလေ…

-
နှုတ်ဖျားမှာ..သီချင်း တစ .. တိုးညှင်း စီးဝင်လာတယ်…။

-
~~ အို.. ချစ်တဲ့သူ… ကျောင်းပိတ်လို့ အိမ်ပြန်ရင်..
နွေတရာ လို..ဝေဒနာတွေ..ဆူတယ်လေ.. ~~
ရွှေရင်ပူ..ကျွမ်းတော့မယ်လေ..


~~~အို…ပန်းကံ့ကော်.. သင်းပျံ့လို့ ဝေချိန်မလေ..
တပြည်သူ ကို မျှော်ရည်ကာ.. ဖြေမရွှင်ပေ..
နွေရာသီ ရောက်ခဲ့ ရင်လေ.. ~~~


~~~~ပင်ယံအို..အထက်ကြော..တွန်သံချို ရွှေဥသြ..အို---လွမ်းဖွယ်..
အိမ်ပြန် ချိန် လို့များ..ခွန်းဆင့် လို့ ပြောသလား..ကွယ်..

~~~တပြည် တနယ်စီ ကွာဝေး..
နွေရာသီ အချိန်လေး.. အို-- လွမ်းဖွယ်..

~~~စာသင်ရက်အား..ကျောင်းတံခါးပိတ်..အိမ် မပြန်ချင်ဘူး…
စာသင်ရက်အား..ကျောင်းတံခါးပိတ်..အိမ် မပြန်ချင်ဘူး… ~~~~

(ဆက်ရန်)


Share/Bookmark

စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၆)

မိန်းထဲမှာတော့..ကံ့ကော်နံ့ တွေ သိမ်း စ ပြုပြီ။ ခူးမဲ့ လူတွေ..မမြင် လိုက်လို့..ဒါမှ မဟုတ်..ခူးဖို့ရန် လက်လှမ်းမမှီ လို့.. ကျန်နေရစ် တဲ့.. အပွင့်လွန် လေးတွေ နဲ့.. အခုမှ..ဖူးငုံ ပြေရတဲ့..အပွင့်နှောင်း တချို့ သာ။
-
ဟိုမှာ..ဒီမှာ ကြွေကျ နေတဲ့.. ကံ့ကော် ရွက်ခြောက် တွေ ကို.. ဖြတ်နင်း ရင်း..အဓိပတိလမ်း ကြီးကို ဖြတ်.. ဂျပ်ဆင်ပေါက် စီ.. ဦးတည် ပြီး..အာစီတူး ကို ထွက် လာ ကြသည်။ ဂျပ်ဆင် ဘေး ဖက် နဲ့..သိပ္ပံဆောင်တွေ ဖက် သွားတဲ့..လျှောက်လမ်း တွေ တလျှောက်မှာ.. မုန့်ဆိုင်တွေ..ရေခဲရေ ဆိုင်တွေ.. အတော်များ လှသည်။ ဒီနေရာက.. လေးဖက် လေးတန် က.. လာတဲ့ လူတွေ ကြောင့်.. နေရာကောင်း လည်း ဖြစ်နေတာကိုး..။ မဖြူက.. ထုံးစံ အတိုင်း... မုန့်ဆိုင်တခုမှာ ရပ်ပြီး..အချဉ်ထုပ် ၀ယ် လိုက်သေးသည်။
-
ဒီနေ့..Physics အတန်း ရှိလို့.. သူနဲ့ မဖြူ နှစ်ယောက် ထဲ..စောထွက် လာခဲ့ တာ.. Practical တခု လည်း ထပ်စရာ ရှိသည်။ စာမေးပွဲ တွေ တောင် နီးလာပြီ ပဲ…
-
ဒုတိယ နှစ်..minor ကို..Physics နဲ့ Chemistry ခွဲ လိုက် တော့ Engineering တို့.. Mining တို့ဖက် ဆက်လိုက် ချင်သူ တွေက.. Physics ယူကြပေါ့.. မိန်းကလေး အတော်များများ ကတော့.. Mineralogy နဲ့ ဆက်သွား ကြ ဖို့..အကြောင်းများ မယ် ဆိုတော့.. Chemistry ယူကြ မယ် လို့ ဆိုကြတယ်။ သူ့အတွက်တော့..ဘာ နဲ့ ဆက်စခန်းသွား ရမှန်း..မသိနိုင်သေး ပေမဲ့.. Chemistry ကို မုန်းလွန်းလို့..စိတ်နာ လွန်းလို့.. Physics ပဲလို့ .. ဘာမှ တွေးတော တွက်ချက် မနေပဲ.. ချက်ချင်း ယတိပြတ် ဆုံးဖြတ် ခဲ့ တာ..။ အဲဒါ ကြောင့်ပဲ.. ခုနောက်ပိုင်း.. Physics ခြင်းတူ တဲ့.. မဖြူ နဲ့ သူ နဲ့ ပို တွဲဖြစ်နေပြီး.. Chemistry ယူလိုက်တဲ့..မစု နဲ့ ကလေး က..တတွဲ လို ဖြစ်နေသည်။ ရီမွန် ကလည်း.. သူ့ စာ နဲ့သူ..သူ့အရှိန်နဲ့..သူ့ဇော နဲ့ ။ သူတို့ အထဲမှာ..ဘယ်က ဘယ်လို ဖြစ် ပြီး.. အိသွယ် တယောက်သာ.. မြို့ထဲက .. ကြည်ပြာ နဲ့ သွား တွဲ ဖြစ် တယ် မသိ..။ အဆောင် ၀င် နောက်ကျ တာ ရော..အခန်း ဝေး သွားတာရော.. မို့..သူတို့ နဲ့. နဲနဲ အနေဝေးချင် သလို ဖြစ်သွား တာ ဖြစ်မည်..။
-
“ ဟဲ့..မဖြူ..အိသွယ် နဲ့..အဆောင် လိုက်လိုက် လာတဲ့..ကြည် ပြာ က..ချစ်စရာလေးပဲ နော်.. ဒါမဲ့..နာမည် နဲ့တော့..တခြားစီပဲ..ယောက်ျားဆန်ဆန်လေး.. အတန်း လည်း သိပ်မတက်ဘူး..”
-
“ကြည်ပြာ က.. မြန်မာ့လက်ရွေးစင် လေ.. တိုက်ကွမ်ဒို သမားဟ.. သူတို့တွေက..အမြဲ..အောင်ဆန်းကွင်းမှာ..လေ့ကျင့် နေရတာ..ကျောင်းက.. pass ပေးထား တယ် ထင်တယ်.. အမယ်..သူက.. အကောက်ခွန်က..လခ စား နော်..”
-
မဖြူက..ဒါတွေ နှံ့နှံ့စပ်စပ် သိ နေပြီး..သူ ကတော့..ဘာလို့ မသိနေတာလည်း။ ပြီးတော့.. မဖြူက.. သူ့မျက်စိ ထဲ..တမျိုးတမည် ဖြစ်ချင် နေတဲ့.. ရန်ကုန်သူ အုပ်စု နဲ့လည်း.. သူ့ငယ်သူငယ်ချင်း - မေမိုးက..တဆင့်.. ရောနှော ခင်မင် နေတတ် တာပဲ..။ မေမိုး အဖေက..မဖြူတို့ မြို့မှာ..မြို့နယ် ဆရာဝန် ကြီး လုပ်သွား တာ တဲ့။ ၈ တန်း ထိ..သူတို့ အတူတူ တဲ့။ တခါ တလေ..အဆောင်ကို..ကားနဲ့ လိုက် လိုက် ပို့ပေးတဲ့..မေမိုး ကလည်း.. ဘာပဲ ပြော ပြော..ခင်စရာ လေးပါပဲ။
-
အာစီ တူး ရှေ့ပေါက် က နေ..သူတို့ Geology ဆောင်လေး ရှိရာဖက်..တောလမ်း လေး အတိုင်း..တက်လာ နေရင်း..အခန်း ရှေ့ကို လှမ်းကြည့်တော့..လူတွေ အကုန် အပြင်မှာ.. ဆူညံ ဆူညံ နဲ့..
-
“ဟေး..ဒီနေ့..Physics တန်း မရှိဘူး တဲ့.. ”
တယောက်က..လှမ်းအော် သည်။ သူတို့ နှစ်ယောက်လည်း.. ဆက်မသွားတော့ပဲ..အခန်း မရောက်ခင်.. ရာဘာ ပင်ကြီးအောက်က..ခုံဝိုင်းလေး မှာ.. ထိုင်ရင်း အမောဖြေ နေမိသည်။
-
“ ဆောင်းတောင် ကုန်တော့မယ် နော်..”.
-
ရာသီ ဥတုက .. အတန်ငယ် ပူအိုက် စ ပြုနေပြီ။ ရာဘာ ပင်ကြီး လည်း ..အရွက်တွေ စကြွေ နေပြီ ကော.. ။
-
ရာဘာ ရွက်ခြောက် ကြွေ တွေကို..ခြေထောက် နဲ့.. ထိုးဖွ လိုက်ရင်း.. စာမေးပွဲ လည်း နီးပြီ ဆိုတာကို.. တွေး မိ ပြန်သည်။ ပြောသာ ပြောသည်။ သူတို့ ကျောင်းတက်ရ တာ.. ဘာမှ တောင်.. ပျော်ရသေးတာ မဟုတ်..ကျောင်းသား အရသာ အပြည့်အ၀ ခံစား ရသေးတာ မဟုတ်။ ပထမ နှစ် မှာ.. ကျောင်းတွေ အကြာ ကြီး ပိတ် ပြစ် လိုက်တော့.. ဒီ တခေါက် ဖွင့်- ဖွင့်ချင်းကို.. ဖုတ်ပူ မီးတိုက်.. တနှစ် ပြီးအောင် လုပ်ချ ပေ အုံးမည်။ ဖေဖေ ပြော -ပြော ပြ တဲ့.. သူတို့ခေတ်က.. တက္ကသိုလ် ကျောင်းသား ဘ၀ ဆိုတာ..ဝေလာဝေး..။ အဆောင်- သဟာယ နဲ့ စာဖတ် အသင်းတွေ .. အနုပညာ အသင်း တွေ.. ယူနီယံ ထဲက.. စာအုပ်ဆိုင်ကြီးတွေ.. ပျော်ပွဲ ရွှင်ပွဲ တွေ ဆိုတာ..ဘယ်လို နေမှန်း တောင်..မသိ။ ကျောင်းသား သမဂ္ဂ ဆိုတာ တော့.. ။
-
အတွေးတွေက..ရာဘာ ရွက်ကြွေ တွေ လို.. ဟိုရောက် ဒီရောက် ဖြစ်နေတုန်း.. မဖြူက..လက်မှာ.. အချဉ်ထုပ် တန်းလန်း နဲ့.. အာစီတူး မိန်းပေါက်.. ကားလေး ဂိတ် ကို လက်ညှိုး ထိုး ပြတယ်။
-
“ ဟို ၄၅ ပေါ်က..ဆင်းလာတာ..ကြည့်စမ်း..ဒဂုန် ဆောင်က..ကောင်တွေ.. အုပ်လိုက် ပဲ.. ခုမှ အိပ်ယာက ထ တဲ့ ရုပ်တွေ နဲ့..”
-
တခါ တလေ လည်း..အတန်း ထဲ..ယောက်ျားလေး တွေ များလွန်းတော့.. ဘယ်ကောင် တွေ..ဒဂုန်ဆောင် က..ဘယ်ကောင် တွေ အပြင်က မှန်း တောင်..သိပ် မသိချင်။ ရခိုင် အုပ်စု ကို တော့..သိသည်။ ဒါလီ တို့ နဲ့ တွဲနေတဲ့.. သီချင်းဆို ကောင်းတယ် ဆိုတဲ့.. လင်းဦးမောင် တို့ အုပ်စု ကို လည်း သိ သည် ။
-
ဟော.. တော လမ်းလေး အတိုင်း ဒီဖက်ကို ဖြည်းဖြည်းချင်း တက်လာတာ..လင်းဦးမောင် တို့ အုပ်စု ထဲက..စိုးစိုး ဆိုတဲ့ ကဗျာ ရေး တဲ့ တယောက်.. ။ ပထမ နှစ်တုန်းက..အာအိုင်တီ က..ကောင်တွေ နဲ့.. သူ တို့ စုထုတ် တဲ့ ကဗျာ စာအုပ် တအုပ် ..၀ယ်ပြီး အားပေး ဖူးသည်။ သူ့ကလောင် နာမည်က.. နေဆူးသစ် ဆိုလား..။ စာအုပ်ကလေး တအုပ် လိပ်ပြီး ကိုင် လာတဲ့..စိုးစိုးက...သူတို့နားက အဖြတ်..ရုတ်တရက် ရပ် လိုက်ရင်း…
“ အတော်ပဲ.. ခင်ဗျား ကို ပြောမလို့.. ” ဆိုပြီး.. သူတို့ နားကပ်လာ ပြီး.. မပြောခင်.. သူ့ဆံပင် ထိုးထိုးထောင် ထောင် တွေ ကို လက်နဲ့သပ်ရင်း..ရီ နေသေးတယ်။
-
“..ဒဂုန်ဆောင်က.. စာစောင်လေး ထုတ်မလို့.. အဲဒါ..ခင်ဗျား..စာရေး တယ် ဆိုလို့..စာမူ တခု လောက် ရေးပေး ပါလား..”
-
“ အမ်.. ကျမ စာရေးတတ် တယ်လို့..ဘယ်လို သိသလဲ..”
-
“ အဲ..စာရေးတတ် တယ် ဟုတ်ဘူးလား.. အတန်းထဲမှာ..စာတွေ လိုက်ရေးနေတာ..မြင်တာပဲ..”
-
အတူတူ ရယ်မော လိုက်ကြရင်း.. သူတို့လည်း..ခုံက..ထပြီး..စိုးစိုး တို့ နဲ့ အတူ.. အတန်းဖက် ခြေဦး လှည့် လိုက် ကြ သည် ။
-
“ အဲ.. ဟိုမှာ..မိုးချိုသင်း တို့ပါလား.. ဘာလာလုပ်တာလဲ မသိ.. သိတယ်မလား..တင်မိုး သမီး.. စာရေးဆရာမ..မိုးချိုသင်းလေ.. Third year မိန်းထဲက..သြော..ဆရာမ မေငြိမ်း ရောပဲ... ဆရာမ ဆီ လာလည် ကြတာ ထင်တယ်.. ”
-
Geology က မှန်းတော့.. သိတယ်.. အတန်းချင်း လည်း မတူတော့.. တခါမှ မမြင်ဖူးဘူး..သူ့ဝတ္တုလေး တွေ.. သဘောကျတယ်..”
-
သူတို့ စာသင်ဆောင် ၀မ်းအိုဝမ်း ရှေ့မှာ..လူတွေ ရုတ်ပွ .. ရုတ်ပွ ရှိနေ တုန်းပင်.. ။ ဘာတွေ လည်း မသိ။ ဒီအခန်းလေးမှာပဲ..မနက်ပိုင်း ပထမနှစ် ..နေ့လည်ပိုင်း ဒုတိယနှစ် တွေ ဆိုတော့..ခုလို အချိန်မျိုး မှာ..အတန်း အကူးအပြောင်း နဲ့ လူ အ၀င်အထွက် ရှုပ်လှသည်။ ခါးတို အကျီ င်္ လက်ခေါင်းလောင်း ..လုံခြည် နီညို ရောင် တိုတို နဲ့..မြန်မာစာ ဆရာမ ဒေါ်မေငြိမ်း ကိုကြည့်ရတာ ..ကျောင်းသူလေး တယောက်လို သွက်လက် ပျော်ရွှင် နေပုံ..။ တကယ်ဆို..Geology minor ဘာသာ တွေ မှာ..ဆရာ တွေ မြဲလေ့ မရှိ.. ကျောင်းသား တွေ ဆိုးတယ်လို့ လည်း..ဆရာ တိုင်း ပြောကြတာ..။ ဆရာမ ဒေါ်မေငြိမ်းက တော့.. Geology မှာ မြန်မာစာ လာသင် တာ.. ကျောင်းသား တွေ နဲ့ အဆင်ပြေ ပုံ ရသည်။ စာရေးဆရာမ မို့.. သိချင်.. စိတ်ဝင်စား နေ ပေမဲ့ .. သူတို့ အတန်း နဲ့တော့ .. ပထမ နှစ်ကလည်း..မသင်ရ။ ခု နှစ်လည်း.. မကြုံပြန်။ ရှေ့နှစ်က.. အဲဒီ တတိယနှစ် အုပ်စု တွေ နဲ့ တော့..အတော့်ကို အလွမ်းသင့်ပုံ ပင်။ ကြည့်ပါအုံး.. အားရ ပါးရ ရီ နေကြတာ.. ပျော်စရာပဲ..။ သြော..ဆရာမ ဒေါ်ဌေး လည်း..အနားမှာ ကိုး။
-
စိုးစိုးက..လက် လှမ်း ပြ တော့.. အဲဒီ လူ အုပ် ထဲ က.. မိုးချိုသင်း ဆို တဲ့ အမ ထင်သည်.. စိုးစိုးကို..လက်ပြန် ပြ ရင်း..လှမ်း နှုတ်ဆက်တယ်။ ပါးဖောင်း ဖောင်း..လူဖောင်းဖောင်း လေးက.. ဆရာကြီး တင်မိုး နဲ့ တော့.. ဆင် သည်။ နက်ပြာရောင် မှာ..ဘောလုံး အဖြူပျောက်..လုံခြည် တိုတိုလေး ၀တ်လို့..အကျီ င်္ အဖြူ ဇာအထပ်ထပ်.. ဆံပင်လေး တွေကလည်း..အထပ်..ထပ်လေး တွေ နဲ့.. ချစ်စရာ လေး..။
-
သူ လည်း..စာရေး ဆရာမ ဖြစ် ချင် လိုက်တာ…။
-
++++++
-
ကျောင်းက ပြန်လာ တဲ့ လမ်းတလျှောက် လုံး ကော.. ထမင်းစား ခန်းထဲ မှာ ကော .. တညနေလုံး.. စိုးစိုး ပြောလိုက်တဲ့..စာမူ အကြောင်းပဲ တွေးနေ မိသည်။ ရိုးလ်ကောလ် မှာ တောင်..သူ့နာမည် ခေါ်တာ..မကြား လိုက် လို့..အနောက်ကနေ.. မစု နဲ့ ကလေး… လှမ်းတွန်း မှ..အမြန် ထ ရတယ်။
-
အဆောင် နှစ်ပတ်လည် ဒင်နာ အတွက်.. နံရံကပ် စာစောင် ပြိုင်ပွဲ လုပ်မယ် ဆိုတဲ့.. သတင်း ကလည်း.. ခုတလော.. သူ့ လက်ကို တစုံတရာ ရေးချ ကြည့် ဖို့.. လှုံ့ဆော် နေပြန်တယ်။ သူက..စာရေးဆရာ သာ ဖြစ်ချင်တာ..ဘာစာ တပုဒ် တောင် ရေးဖူး လို့လဲ..။ အသက်ပဲ ၂၀ ကျော် သွား ပြီ…။
-
ကေဖွဲ့ဆိုသီ ထဲက..အထွေး ဆို.. ကောလိပ်မရောက်ခင် ကတည်းက.. သူ့စာတွေ ဖော်ပြ ပြီးနေပြီ ကော..။
အဲဒီ ခေတ်က..လူတွေ ကတော့..တော်ကို - တော် ပါတယ်လေ..ပညာရေး စနစ်ကလည်း ကောင်း..စာအုပ် စာပေ တွေ ပြည့်စုံ..တကယ် လည်း ဖတ်မှတ်နိုင်.. တိုင်းပြည် အခြေအနေကလည်း မြင့်မြင့် မားမား.. လို့.. စိတ်ပျက် အားငယ် နေမိ ပေမဲ့.. “ မိုးမိုး(အင်းလျား)” ဆိုတဲ့.. ကလောင်နာမည်က လည်း..သူ့ကို တနည်း တဖုံ တိုက်တွန်း အားကျ စေ ပြန် တယ်။
-
စာကြည့် စားပွဲ မှာ ထိုင် လိုက်ရင်း .. စာအုပ်လေး ကို ဖွင့်.. ဘောလ်ပင်လေး ကိုင် ပြီး..တခုခု ရေး မယ် လို့ တွေး ရုံ ရှိသေး…ရီမွန်က..
-
“ မနန္ဒာခင် တို့က..မေးခွန်းဟောင်းတွေ လာယူ တဲ့.. သူတို့ အခန်း သွားလည်ရအောင်..လက်ဖက်သုတ် လည်း ကျွေးမယ် ပြောတယ်..”
-
အေး..နေ့လည်က..သူတို့ သံဈေး က ပြန်လာတာ တွေ့တယ်..ဖီးလ်ဆင်းဖို့..ပစ္စည်းတွေ သွားဝယ်တာ တဲ့..ပျော်စရာကြီး..သွား စပ်စု ရအောင်…”
-
အဲဒီ တတိယ နှစ်က အမ နှစ်ယောက် နဲ့ အမြဲလိုတော့..ရိုးလ်ကောလ် မှာတွေ့ ..ဘုရားခန်းတွေ့..ထမင်းစားဆောင် တွေ့..ရေချိုးခန်း တွေ့ - နှုတ်ဆက် ဖြစ်နေကြ ပေမဲ့.. သူတို့ နှစ်ယောက် နေတဲ့.. အပေါ်ထပ် front roll အခန်းကို တခါ မှ မရောက်ဖူး သေး။ အခု သွားလည်ကြမယ် ဆိုတော့..အကြောင်း ပြချက် တွေ အားလုံးက..စွဲဆောင် နေ သလို.. နေ့လည်က.. အတန်းရှေ့မှာ တွေ့ခဲ့ရတဲ့..တတိယနှစ်က..မမိုးချိုသင်း အကြောင်းကို လည်း မေးကြည့် အုံးမည်..။
-
+++++
-
အပေါ်ထပ်က မနန္ဒာ နဲ့..မထိုက် တို့ အခန်း ရှေ့ သူတို့ ရောက်တော့.. အဆောင်ရှေ့မှာ..သီချင်းတွေ တောင် ဆိုနေကြပြီ။
-
“ ဟဲ့.. front roll အခန်းကြီးတွေက..တကယ့် ပေါ်တင်ကြီးတွေပဲ.. လမ်းပေါ်က..အကုန်မြင်နေ ရတယ် တော့..”
-
“ ကောင်းတာပေါ့..စာကျက်ရတာ..အပျင်းပြေ မှာပဲ ..”
-
“အမယ်..ရီမွန်..နင်က..အဲလိုတွေ ပြောင်းလဲ သွားပြီလား..စာကျက်နည်း အသစ်တွေ ရထားတယ်ပေါ့..”
-
သူတို့ခြောက် ယောက်သား..တဟိဟိ လုပ်နေတုန်း..
----ဟေး..geology က ကောင်မလေး တွေ..ဘာလာလုပ်တာလဲ ကွ----
-
“ အဲ..ဗုဒ္ဓေရေ..” အောက်က လှမ်းအော် တယ်တော့။
-
မနန္ဒာက.. အခန်း လိုက်ကာကို ဆွဲ ဖယ် လိုက် ရင်း.. “ ဟားဟား.. မလန့်ကြ နဲ့.. လာ..လာ ၀င်- ၀င်.. အဲဒါ ရှင် တို့ အကိုတွေ ပါ .. ဒဂုန်ဆောင်က ကောင်တွေ လေ..”
-
ဟုတ်သားပဲ.. မထိုက် ကို အသဲအသန် လိုက်နေတဲ့... ဒဂုန်ဆောင်က.. အကိုကြီး အုပ်စု ဖြစ်မည်။ ဒဂုန်ဆောင် တဆောင်လုံး ကလည်း..Geology တွေ ချည်းမို့.. အတော် တော့ သောင်းကျန်း လှသည်။ အဲလိုပဲ..ညတိုင်း လာ သလား မသိ နော်။ တတိယနှစ် ရောက်ကုန်ပြီ ဆိုတော့လည်း.. နီးစပ်ရာ..နီးစပ်ရာ..အချစ်တွေ တွေ့ကုန်ကြပြီ ကော..။ စာကြည့် စားပွဲ မှာ ထိုင်နေတဲ့.. မထိုက် က..သူ့ဆံပင် အရှည် ပျော့ပျော့ စင်းစင်း လေး ကို..ခေါင်းလေး ဆတ်ပြီး နောက်ကိုခါထုတ် လိုက်ရင်း ..ဆိုး လက်စ လက်သဲ နီ ပုလင်းလေး ကို ပိတ်ပြီး “ထိုင်ကြလေ..” လို့ နှုတ်ဆက်တယ်။ မထိုက် မျက်နှာ မှာ..ကြည်နူး ရင်ခုန် နေတဲ့..မိန်းကလေး တယောက်ရဲ့ အပြုံးလှလှ လေး ကို တွေ့ရသည်။
-
အခန်း ထဲမှာ တော့..field ဆင်းမဲ့ ပစ္စည်းတွေ နဲ့ ပွနေ သည်။ field jacket တွေ.. မြေပုံလိပ်တွေ.. safty boot တွေ။ ဟန်းကော တွေ.. ။ သူတို့လည်း..ကပ်ကပ် သပ်သပ် ၀င် ထိုင်ကြရင်း.. ကုတင်ပေါ်က.. Geology တံဆိပ်လေး တွေ ကပ်ထားတဲ့.. Field jacket လေးကို တယောက် တလှည့် ကိုင်ကြည့် နေ ကြတယ်။ အောနပ်စ် ဆိုတဲ့ စကားကို ၂၄ နာရီ အာရုံထဲ ထဲ့ထားပုံ ရတဲ့..ရီမွန်က..
-
“ မ တို့..ခုနှစ်.. အောနပ်စ် နဲ့.. ရိုးရိုးတန်းတွေ.နဲ့ အတူတူပဲ ဆင်းရမှာလား..သာစည်ပြင်ညောင် ပဲပေါ့…”
-
“ ပျော်စရာ ကောင်းလိုက်တာ…” လို့..ကလေးက..သံယောင်လိုက်တယ်။
-
လက်ဖက်သုပ် ကို ရေချိုး ဇလုံ ထဲမှာ ပယ်ပယ်နယ်နယ် ထဲ့နယ် ရင်း မြည်းကြည့် နေတဲ့..မနန္ဒာက..သူ့ဟာနဲ့သူ အလုပ်ရှုပ်နေရင်း.. သူတို့မေးခွန်းကိုလည်း ဖြေရသေး သည်။
-
“ ဟိုကောင် တွေကို .. လက်ဖက်သုတ် ချပေး ဖို့..ဦးတင်ရွှေကို စောင့်ခိုင်း ထား လို့.. . သြော်..အေးလေ..ညီမလေး တို့လည်း နောက်နှစ် ဆင်းရမှာပေါ့..”
-
~~ ညရဲ့သန်းခေါင်ယံ…အိပ်မပျော်သေး ချိန်..ဂစ်တာလေး ကို အဖော်ပြု ရင်း…တီးခတ်စဉ်..~~~
တိမ်ညိုတွေ ရယ်..အုံ့ကာမှိုင်းလို့.. ကိုယ်လေ ရင်မှာ ပူပင်လာတယ်..သောကပွေ....
~~
မီးလုံး လေး နဲ့ လိုက်ကာလေး တွေ..လှောင်ရီ ကြပါစေ.. ကိုယ် မမူပဲ..တီးခတ်နေ..~~~~~~
သံစဉ်လှိုင်းများ..မင်းရဲ့ အပါးမှာ.. သာယာစေ အောင်..သီဆိုနေမယ်..သီချင်းလေး တွေ…~~~


“ စာလည်း ကျက်လို့ မရဘူးဟာ..” လို့.. လေသံပျော့လေး နဲ့ ပြုံးပြုံးလေး ညီး နေတဲ့..မထိုက် ရဲ့ နောက်ဖက်..စားပွဲ ပေါ်က.. အပြာရောင် ဖန် အလှစိုက်ပန်း အိုးလေး ထဲမှာ... အနီရောင် နှင်းဆီ ပွင့်လေး တွေက.. ရဲရဲ တောက် လို့..။
-
လက်ဖက်သုတ် ထဲ့ထားတဲ့..ကြွပ်ကြွပ်အိတ် ကလေး တလုံး နဲ့ အောက်ဖက် အပြေးလေး ဆင်းသွားတဲ့..မနန္ဒာ ပြန်ဝင်လာ တော့.. မထိုက် နဲ့ ဘာတွေပြောပြီး..ရီနေမှန်း..မသိ။
-
~~ မိုးမြင့် ကြယ်လေး ပြူထွက် ခဲ့ သလို..အဆောင်သူ လေး ရဲ့ အရိပ်ကို တွေ့ရင်.. သီဆို နေမယ်..မင်းဖို့ သီချင်းတွေ.. တညလုံးပဲ..အင်းလျား လမ်း မပေါ်မှာလေ…~~
-
သံပြိုင် ကျော့ လိုက် တဲ့.. သီချင်းသံ မှာ..သူလည်း..သာယာ ချင် လာသည်။ ဒီသီချင်းက.. မမကြီး တို့ အင်လျား မှာ နေကတည်းက…သိပ် ခေတ်စား တဲ့..မွန်းအောင် ရဲ့ ၈-၈၂ အင်းလျား..။ သူသိတာပေါ့..။
-
မနန္ဒာက …ခုမှ သူ့ခုံမှာ အသေအချာ ထိုင် ပြီး. အမောဖြေလိုက်ရင်း..လူကြီးတယောက်လို လေသံ နဲ့.. စာတွေ ဘယ်လောက်ကျက်ပြီးပီလဲ..ဘယ်သူတွေ..အောနပ်စ် မှန်းသလဲ.. ဘာလဲ ဆို တော့...ရီမွန် တို့ နဲ့ လေပေး ဖြောင့် သွား ကြ ပြန် တယ်။
-
သူကတော့..မထိုက် စားပွဲ နဲ့ အနီးဆုံးမှာ ကပ်ထိုင်နေ သူမို့.. မထိုက် အလှရိုက်ထားတဲ့..ဓါတ်ပုံ အယ်လ်ဘမ် လေးကို ဟို-ဒီ လှန်ကြည့် နေမိတယ်..။ တော်တော် ချစ်စရာ ကောင်းတဲ့ အမပဲ…။ မထိုက်က..သူ့လက် တွေ ကို ကြည့်ပြီး..“လက်ချောင်းလေးတွေ..လှတယ်..လက်သည်း မဆိုးဘူး လား..” တဲ့။ ပြီးတော့..ဘာရယ် လည်း မဟုတ်.. လက်သည်း တွေ အကြောင်း ပြောကြရင်း..ခုန မထိုက် ဆိုးနေတဲ့..လက်သည်း နီ..ပန်းရင့်ရောင် လေးကို ..စိတ်လို လက်ရ..သူ့လက်မှာ..ဆိုးနေ မိတယ်။ ခဏ ကြာတော့.... လက်ဖက်သုတ် လဲ ကုန်လို့.... သီချင်း တပုဒ် နှစ်ပုဒ် နားထောင် ပြီး.. ပြန်တော့မယ် လို့.. နှုတ်ဆက် လိုက် ကြ သည်။
-
သူ မေး မယ် ဆိုတဲ့..အကြောင်း တောင် မမေးဖြစ် ခဲ့ တော့ ဘူး..။
-
သူ တို့ အခန်း ထဲက..ထွက်တော့..အဆောင်ရှေ့က အုပ်စု က...
“ ကောင်မလေး တွေ ပြန်တော့မလား..”
နန္ဒာရေ..နင့် လက်ဖက်သုတ် ထဲမှာ.. တစ်သျှူးဖတ်ကြီး..ပါလာ တယ်ဟ..” -
“ အေး..ဆံပင်မွေး တွေ ရောပဲ ..”
-
ကြည့်အုံး။ အတော် ဆိုးတဲ့.. လူတွေပဲ ။ ပျော်စရာ တော့ ကောင်း လှ သည်။ ၀င်းတံခါး မှာ ကပ်ထိုင် ပြီး ဆိုနေကြတာ ဆိုတော့.. အဆောင်ပေါ်က နဲ့ ဆို..နီးနီးလေးရယ်။ အဆောင် ရှေ့က မီးရောင် တွေ အရိပ်မှာ.. ဆယ်ယောက် လောက်တော့ ရှိမည် ထင်သည်။ ဂစ်တာ သံက တော့..ဒိုးဒိုး ဒေါင်ဒေါင်..
-
-အလယ်လှေခါးကြီးက..ဆင်းတော့..အောက်ထပ် ရုံးခန်းထဲမှာ.. အဆောင်မှူး မမမြ နဲ့ ဟောလ်ကျုတာ တွေ အလုပ်ရှုပ်နေတုန်းပဲ.. ။ သူ တို့ သွားကဲ ကြည့်တော့..မမမြက.. မြင်သွားပြီး..-
“ ဟဲ့.. ဘူမိက..ကောင်မလေး တွေ..ဒင်နာ မှာ..ဘာမှ မပါကြဘူးလား..”
-
“ ဟုတ်..မ..ကျမ ယိမ်းထဲ ပါမယ်..”
လို့..မဖြူက.. ဖြေ တော့...သူလည်း..“ နံရံကပ် စာစောင် ၀င် ပြိုင်မယ်” လို့..မဆိုင်းမတွ ပြော လိုက် သည်။
-
အမယ်..ညည်းက..စာရေး တယ်လား..အဟုတ်ပဲ.. ဖတ်ရတာပေါ့..မိုးမိုး အင်းလျား တို့ လို ဖြစ်အောင် လုပ်အေ.. ”
-
မမမြက.. သူ့ စာကြည့် မျက်မှန် ကြီးပေါ်က..မျက်လုံးလှန် ကြည့် ပြီး..
-
“ ဒါနဲ့..ဟိုတခါ..ပြည်ထောင်စု နေ့ တုန်းက..ပြည်သူ့ရင်ပြင် သွားဖို့.. ရွေးတော့..ညည်းတို့ ဆိုက်တူ ဂိုက်တူ.. ရခိုင်က.. စိုးမြအောင် တို့ နဲ့ အတူတူ မဟုတ်လား.. အေး..ဟုတ်တယ်..သူ့ကို ဒင်နာ အဖွင့် သီချင်း ထဲ ထဲ့လိုက်.. ” လို့.. ဘေးက..ဟောလ်ကျူတာ..မမလဲ့ ကို.. လှမ်းပြော လိုက်တယ်။
-
သူ့ရင်ထဲမှာ ..လှိုက်ကနဲ ပျော်သွား လိုက်တာ..။ အဆောင်မှူး .. မမမြ ကိုလည်း ပထမဆုံး အကြိမ် အဖြစ်..ချစ်စရာ ကောင်း လိုက်တာ.. လို့..ထင်မိ တော့ သည်။
-
ရုံးခန်းက..ထွက်လာ တော့.. အလယ် ကွင်းပြင်.. မျက်ခင်းကြီး ထဲမှာ..တချို့ စာဆင်းကျက် နေကြ ပြီ။ ဒီ လေးထောင့် ပုံ..ကွင်းပြင် ကျယ် ကြီး ထဲမှာပဲ.. ဒင်နာ ပွဲ လုပ် မှာ..။ သူတို့ အတွက်..ပထမဆုံး အကြိမ်..နှစ်လည် ညစာ စားပွဲ ကြီး ပေါ့.. ။ အလယ် လျှောက်လမ်း ရဲ့ ဘေး တဖက်တချက် က..နှင်းပန်း လေး တွေ ကို.. ငုံ့ ခူး ရင်း.. ကောင်းကင်ကြီးကို မော့ကြည့် တော့..ကြယ်လေး တွေ တောင် ပေါ့ပေါ့ ပါးပါး။
-
ချိုးလာတဲ့..နှင်းပန်းလေး တွေ ကို…စားပွဲပေါ်က..သောက်ရေ ဖန်ခွက်လေး ထဲ .. ထိုးစိုက် လိုက် သည် ။ စာကြည့် စားပွဲ မှာ ထိုင်လိုက် ပြီး.. ခုန..အပေါ် မတက်ခင်..တခုခု ရေးမယ် လို့ လုပ်ထားတဲ့.. စာအုပ် ပေါ်က ဘောလ်ပင် လေးကို ကောက်ကိုင် မိ တယ်။ ပြီးတော့..အသစ်စက်စက် ဆိုးလာ တဲ့.. ပန်းရင့်ရောင် တောက်တောက်..သူ့လက်သည်း လေးတွေ ကို.. စိုက် ကြည့် လိုက် ရင်း.. စာရွက်ပေါ်မှာ.. “ပန်းပုံပြင်” လို့.. ခေါင်းစဉ် လေး တခု ချရေး လိုက် တော့ တယ်။
-
ကလောင် နာမည် ကို….
ကလောင် နာမည် ကို တော့..… K (အင်းလျား) လို့ ပေးလိုက်မည် ။
-
++++++



အခု နေ ပြန်ကြည့်တော့..အဲဒီ ကလောင် နာမည် က ..ပြုံးချင် စရာ.. ။ အားကျ လိုက်တာမှ..အကြီး ကြီးကို - ကို.. အားကျ အတုခိုး ခဲ့ တာကိုး။ သူ- ပထမ ဆုံး ရေးခဲ့ တဲ့..စာလေး ကို ပြန်ဖတ် ကြည့် တာ တော့..တမျိုးလေးရယ်..။ သူ့အရွယ်နဲ့..သူမြင်ခဲ့..တွေးခဲ့..နားလည်ခဲ့ တာတွေ..သိပ်တော့..ရီစရာ ဖြစ်မသွား ဘူး ထင်တာပဲလေ..။ အဲဒီ တုန်းက..စိုးစိုး က..ဘယ်လို စာစောင် မျိုး ထုတ်ဖို့..ဘယ်လို စာမျိုး တောင်း တယ် ဆိုတာ မသိ..၃ မျက်နှာလောက် ကို ရေးပြစ် လိုက်တာ..။ နောက်ဆုံး..ဒဂုန်ဆောင် ပျိုးခင်း လက်ရေး စာစောင်လေး ထွက်လာတော့.. သူ့ခမျာ..မ၀င်- ၀င်အောင် ထဲ့လိုက်ရတာ..နိဒါန်း နဲ့ နိဂုံးလေးပဲ ပါလာတော့တယ်။ နံရံကပ် စာဆောင် တင်တော့မှ.. စာညွန့် ပထမဆု ဆိုပြီး အပြည့်အစုံ ဖြစ်ရရှာတယ်။ ၉၅ ရန်ကုန်တက္ကသိုလ် နှစ်လည် ထုတ်တော့..ပြန်လည် ဖော်ပြ ပေးခဲ့ သေး သည်။

-
အသေအချာ သိမ်းထား ခဲ့တဲ့.. စာရွက်တွေ..စာအုပ် တွေ ကို တခု ခြင်း ပြန် လှည် ကြည့် ဖြစ် သည်။ ဆောင်းပါး လေး တခု လည်း ဆု ရခဲ့ သေးတာပဲ။ တက်ကြွ ပျိုမြစ် မူတွေ နဲ့.. စိတ်ကူး မျှော်လင့်ခြင်း ..လွန်း ကလေး တွေ..ချည်ငင် တိုင်ဖောက် ရင်း.. အင်းလျား ရဲ့ နေ့ရက်တွေကို.. ယက်လုပ် စ ပြုခဲ့ ပြီ။


(ဆက်ရန်)

ဆက်ရေးဖြစ်မည် ထင်သည်။း)





Share/Bookmark

စိန်ပန်း နဲ့ ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၅)

~~~နာမည် ဘယ်သူလဲ.. ~
ဘယ်မှာ နေတာလဲ.. ~
ဘာမေဂျာယူ ထားသလဲ..မင်းအဖြေများ ပြောပြပါ.. ~~
သီတာ ကြည်ပြာလား..ဂန္ဓာမာ..သရဖီလား.. ~~
မာလာ..ရတနာ..မင်းရဲ့ အမည်ပြော.. ~~
ပြော..ပြော..ပြော..ပြောပြ အုံးလေ.. ~~
အဆောင်မှာ နေ နေလား.. အိမ်ကို ပြန်မလို့လား.. ~~
နရာ ဌါနလေး..သိချင်တာ.. ခွင့်ပြုပါ…~~~

သူတို့ အုပ်စု ရေမိုးချိုးပြီး..အင်းလျား သွားမယ်လို့.. အဆောင် ရှေ့ပေါက်က ထွက်ပြီး..အင်းလျားလမ်း ပေါ် တက်.. ဘုတ်ကလပ် ဖက်ကို လမ်းဖြတ်ကူး နေကြတုန်း.. အနောက်ဖက်က.. ကား အဖြူလေး တစီး..ဖြည်းဖြည်း ချင်း ကပ်လိုက်လာပြီး.. မကြားတကြား .. ဆို လိုက် တဲ့.. သီချင်း သံ ကြောင့်..တုန့်ကနဲ ဖြစ်ကုန်သည်။
-
တချက် လှမ်းကြည့်တော့.. ကားထဲမှာ.. ကောင်လေး တသိုက်..။ ပုံစံ တွေက.. သိတဲ့ အတိုင်း.. သူတို့ကို သူတို့..ကိုယ်ပိုင် ကားစီး နိုင်သူ တွေ ဆိုပြီး.. ကောင်မလေး တွေ.. ကြွေမယ်လို့..သေချာ နေတဲ့ ရုပ်တွေ နဲ့။
အတူ လိုက်လာတဲ့..မမျိုးက.. “ ဟဲ့.. အင်းလျားက ထွက်လာတာ..မမြင်ဘူးလား..အင်းလျားမှာ နေတာပေါ့..” လို့ လုပ်နေသေးတယ်။
-
“ မမျိုး.. အသာနေ ..သွားမရော နဲ့..သူတို့က..ကားပေါ်က ဆိုပြီး..လမ်းပေါ်က မိန်းကလေး တွေကို အဲလို ပုံစံ လုပ်တာ..ကိုယ်က ပြန် နောက် ရင်..ဒင်းတို့က.. သဘောကျ နေမှာ.. ”
-
“ အဲဒီကား..ခေမရဌ် ရှေ့က.. ထွက်လာတာ.. ငါ မြင်လိုက်သားပဲ..”
-
“အေးပါ..အေးပါ..ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြ…”
-
တယောက် တပေါက် ပြောနေကြ တုန်း..ကားအဖြူလေး လဲ.. ဆက်မောင်း သွားသည်။
-
“ အင်းလျားကို..ဟိုကောင်တွေ လည်း လာမ လား မသိဘူး ..”
-
မဖြူ ရဲ့ ခပ်ဖြေးဖြေး လေသံ ကို သတိထား လိုက်မိရင်း…
“ အမယ်.. ရှင်က..ဘယ်တုန်းက.. သံတော်ဦးတင်ပြီး..ချိန်းလိုက် တာတုန်း..”

စပ်ဖြဲဖြဲ ဖြစ်နေတဲ့..မဖြူ မျက်နှာကို ကြည့် ပြီး..သူ သိပါတယ်။ ခု တလော..ကိုတိုးတို့ အုပ်စု ထဲမှာ..ပါ ပါ လာတဲ့.. ကိုအေးဇော်ဟန် ကို စကားတွေ သွားသွား ပြော နေတတ်တာ..သတိထား မိသား။ ဟိုကလည်း ရှမ်း-တရုတ်က ပြား ဆိုတော့.. မသိဘူးလေ.. ဘာတွေ မှန်းလဲ..။ ကိုတိုး တို့ အုပ်စုလည်း..နောက်ပိုင်း..အုပ်စု တောင့် လာသည်။ တခါတလေ..မော်လမြိုင်က..ထရန်စဖာ နဲ့ ပြောင်းလာတဲ့..ခရစ်စ်တိုဖာ ဆိုတာ လည်း ပါ လာ တတ်သည်။ နောက်ပြီး တော့.. မြုံစိစိ နဲ့ လူပုံသေးသေး..ကျော်ကျော်..။ မျက်မှန်အထူကြီး နဲ့ ရှည်ရှည် ကိုင်းကိုင်း..မှုံကြီး။ သူတို့ ချင်း တွေ တော့.. နန်ယန်း မှာတည်းက.. တကျောင်းတည်း အောင်ခဲ့ ကြ တာ တဲ့။ လုပ်မနေနဲ့..နန်ယန်းတွေ.. ဒဂုန် ၁ တွေ...တီတီစီ တွေ.... အခု.. ဘူ ပိတ်နေတဲ့..ဘူမိ တွေ ချည်းပဲ။
-
သူတို့ကလည်း.. ကိုယ့်ကို..“ နင်ဟာ..တော်တော် အပေါက် ဆိုးပြီး..အူကြောင်ကြောင် လဲ နိုင်တယ် ” တဲ့လေ။ ကွယ်ရာ မှာလည်း..အရူးမ လို့ ခေါ်တာ.. သိသားပဲ။ ကိုယ်က လည်း..တောင်ဥက္ကလာ..ရန်ကင်းဖက် က လာတဲ့.. သူတို့ကို.. ရန်ကုန် တောသား ” တွေလို့..ပြော တာ ကိုး။ ဘယ့်နှယ့် ဖြစ်ပြီး.. ဒီ အဆောင်သူ တသိုက် က.. နေ့ကျောင်းသား..ရန်ကုန်သား တွေနဲ့.. သွား ပေါင်း မိတယ် မသိ။ အဲဒါ လည်း..မဖြူကနေ.. သူ့ငယ်သူငယ်ချင်း..ရန်ကုန်သူ အုပ်စု ထဲက..မေမိုး နဲ့ ..တနွယ်ငင် တစင်ပါ ပြီး.. ပေါင်းမိ ကြတာ..။ မိန်းထဲ က..တ၀န်း ထဲ နေ-နေတဲ့..ဒဂုန်ဆောင်က.. ကောင်တွေ နဲ့တော့.. သိပ် မပေါင်း ဖြစ်။ ဒဂုန်ဆောင်က..ဟာ တွေကပဲ.. အေးလွန်း လို့လား..အမယ် သူတို့ကလည်း.. အတန်းထဲက.. ရန်ကုန်သူ တွေ နဲ့ကြ တော့.. အဖွဲ့ကျသား။ opposite attraction ဆိုတာ ဒါပဲ ထင်ပါရဲ့။
-
“ အဲ..ဟိုးမှာ..ကိုတိုးတို့ ရောက်နေပြီဟ.. ဟိ..တယ် ၀ီရိယ ကောင်းကြပါလား.. ”
မစုက.. ပြောလိုက် ရင်း..လက်လှမ်းပြ နေတဲ့..ကိုတိုး တို့ထိုင်နေရာ..ထောင့်ဆိုင် ဆီ လှည်းကြည့် လိုက်သည်။
-
“ ဟဲ့..ဟဲ့.. အဲ့ဆိုင် ထဲမှာ..ခုန ကားအဖြူ က..ကောင်တွေ..”
-
“ အိုး.. ဘာဖြစ်လဲ.. ကိုယ့် ခုံ ကိုယ် ထိုင်တာ..”
-
ပြောရင်း..သူတို့အားလုံး.. ဆိုင်ထဲ ရောက် လာသည်။
-
++++++
-
အိနြေ္ဒရရ..ပြာလဲ့ ကြည်လင် နေတဲ့.. အင်းလျားရေပြင်ကျယ်ကြီးကို..ကြည့်ရင်း..
“ အင်းလျားကန် နဲ့ တက္ကသိုလ်ကြီးက.. ဘယ်လို လိုက်ဖက်မှန်း လဲ မသိဘူးဟယ်..ကြည့်ပါအုံး...
နုနု နွဲ့နွဲ့ နဲ့..လှိုင်းကလေး တွေ ပြေးနေတာ.. သူ့ ဘေးက.. မြသီလာ တောအုပ်ညို ကြီးကို.. ခေါင်းနဲ့ ခွေ့ပြီး ချွဲနေသလိုပဲ..”
-
“ အမလေး.. လာပါပြီ.. စာရေးဆရာမ ..”
စာတို ငညိုပါ ဟ..”
-
“ ဟဲ့..ခဏလေး..ငါတို့.. အာပူလျှာပူ သောက်တုန်းပဲ..ပေါက်ကရ တွေ လာ မပြော နဲ့ဟ..”
-
အေးပါဟယ်..ငါ ကလည်း.. နင်တို့လို.. စာဝေး ပေဝေး.. အနုပညာ ခေါင်းပါးတဲ့.. လူတွေနဲ့..သူငယ်ချင်း လာဖြစ်ရတာ..ကံကို ဆိုးပါတယ်..”
-
နေ့တိုင်း တွေ့နေ..ခင်နေကြ ပြီ ဆိုတော့လည်း..သူတို့လည်း ပြောချင် သလို ပြော..ကိုယ်လည်း ပက်ချင် သလို ပြန်ပက်တာပဲ ပေါ့..။
-
စာအုပ် တအုပ် အုပ်..လက်ထဲမှာ အမြဲ ကိုင် ထားတတ်တဲ့..ကိုအေးဇော်ဟန်က.. သူ့လက်ထဲ ကိုင်ထားတဲ့..စာအုပ် က..စာရွက် ကလေးတွေ ကို..လက်နဲ့.. ဆွဲ ပွတ်နေရင်း..
“ အင်းလျား ကန်က…တကယ်တော့.. ချောင်းတွေ မြောင်းတွေကို အင်္ဂလိပ် ခေတ်က.. ဆည်ဖို့ထားခဲ့ တာလို့ ဖတ်ဖူးတယ်..ဟိုတုန်းက..ကုက္ကိုင်းကန် လို့ ပဲ ခေါ်တာတဲ့...”

သူ အားတက်သွားသည်။ ဒီလို မျိုး စကားကြီး စကားကျယ် တွေ ပြောချင် ဆွေးနွေး ချင် နေ ခဲ့တာ မဟုတ်လား..။
-
“ အင်း..ဒါပေမဲ့.. သူ့ ပုံသဏ္ဍန်က တော့..သဘာဝ ဆန်တာပဲ.. ဟိုးဖက်..လှိုင်မှာ..အင်းလျားလေး ဆိုပြီး..အသေးလေး တခု ပြန်ဖြစ်နေ တဲ့ ပုံက.. အလိုအလျောက် ဖြစ် လာတဲ့ ကန် မို့ ပဲ ဖြစ်မယ်... တခု ရှိတာတော့.. သဘာဝ ကန် ကို.. ထပ်ပြီး ဆည်ဖို့တာ ဆိုရင်တော့..ဖြစ်ကောင်း ဖြစ်မယ်..”
-
“ အင်္ဂလိပ် ခေတ်က.. သောက်ရေ အတွက်..ဆည်ဖို့ တာလား..”
-
မဖြူက.. သူလည်း ၀င်ပါ ဆွေးနွေးချင်ပုံ ရသည်။ ကျန်တဲ့ မိန်းမ တွေကတော့.. ဘူးသီးကြော် စားရင်း.. ငြိမ် တိတ်လို့.. သူတို့ ပြောတဲ့ စကားကို နားထောင်နေ သလား.. တခြားဟာတွေ တွေးနေ လေသလား..မသိ။
-
“ ဖြစ်နိုင်ပါတယ်.. ဒီ ကန်ဘောင် ကြီးကို ကြည့်ပါလား.. ပြည်လမ်းကြီးက..ဒီလောက် နိမ့်နေတာ..”
မပြောစဖူး..စကား ပြောလာတဲ့..ခရစ်စတိုဖာ ကို လှမ်းကြည့်တော့.. အေးအေး ဆေးဆေးပုံစံ နဲ့.. သူပြောတဲ့..ကန်ဘောင်ကြီးတွေ ဖက်ကို..လှမ်းငေး နေတယ်။ ကိုယ် လည်း.. နေချိုချို ညနေစောင်း မှာ..ကျောင်းသူ ကျောင်းသား တွေ ရဲ့.. ရယ်မော ပျော်ရွှင်သံ တွေနဲ့..သာသာ ယာယာ ရှိလွန်းနေတဲ့.. ကန်ဘောင် ရိုး ကို..လိုက်ငေး ရင်း..ဆန့်ကျင်ဖက် အတွေး တွေက..သီချင်းတစ ဖြစ်လာပြန် သည် ။
-
~~ ရှစ်ဆယ့် ရှစ် ရဲ့ မတ်လမှာ..အင်းလျား ရာဇ၀င် ပြောင်းခဲ့ တယ်..စိမ်းမြတဲ့…ရေလှိုင်းတွေ..အရောင် ပြောင်းလဲ.. ဖြူစင်နေ တဲ့..တံတားငယ် လေး..အနီ စွန်းခဲ့ပြီ…~~

သူ ငြီး လိုက်တဲ့ ..မွန်းအောင် ရဲ့ သီချင်း ကို.. ဘယ်သူ က မှလည်း.. စိတ်ဝင်စား ဟန် ပြ လို့..ဘာတခွန်း မှ လည်း.. လိုက် မပြောကြ.. ။ စိတ် တို လိုက်တာ…။ မစု က တော့..သူ့ကို လှမ်းကြည့် ရင်း..ပြုံးနေသည်။
-
“ အေး..မိန်းမ တန်မဲ့.. ဆိုင်မှာ ထိုင်ပြီး..သီချင်း ဆိုနေ.. ဟိုဖက် ၀ိုင်း က ကောင် တွေ..နင့်ကို ကြည့်ပြီး .. စပ်ဖြဲဖြဲ နဲ့ ပြောနေ ကြပြီ..”
-
ကောင်လေး သူငယ်ချင်းတွေ ရှိရက် နဲ့.. မကြားတကြား နောက် နေ တဲ့ ဟို- သကောင့်သား တွေ ကို..ကိုတိုး စိတ်တို နေပုံ ရသည်။
-
မမျိုးက..“ အဲ ကောင်တွေ.. ငါတို့ အဆောင်က..ထွက် ကတည်းက.. မကြားတကြား လိုက်လုပ် နေတာ.. ”
-
“ အိုး..ဘာဖြစ်လို့ ဒီလောက် ဂရုစိုက် နေလဲ.. ဗမာပြည်မှာ.. ကောင်လေး က..ကောင်မလေး ကို..ရိသဲ့သဲ့..စောင်းချိတ် သီချင်းဆိုတာ.. မကြားတကြား ပြောတာ.. ယဉ်ကျေးမူ မဟုတ်ဘူးလား.. အဆောင်ရှေ့မှာ တောင်.. ည တိုင်း..သီချင်းတွေ..လာ- လာ အော်ဆို နေကြ တာပဲ.. ပန်းရံ ကောင်လေး လည်း..မဆလာသယ် တဲ့ ကောင်မလေး ကို.. ဆိုမှာပဲ.. နင်တို့..သိရိ မင်္ဂလာဈေး ထဲ သွားကြည့်လည်း.. ကုန်စိမ်းသည် မလေး တွေ နဲ့..ကူလီ သမား တွေ.. ပြောဆို..စောင်းချိတ် နေ ကြတာပဲ..နင်တို့တွေ ရော..တခြားမှာ..တခါ မှ ကောင်မလေး တွေကို..သီချင်း စောင်း မဆို ဖူးဘူးလား.. ”
-
စိတ်တို နေရ တဲ့ ကြားထဲ..အရေးမပါ တာတွေ..လာပြော နေ တော့..ဂွ တိုက် ပြစ် လိုက်တယ်။
-
“အော်..အေး..နင်က..မယ်- လုပ်ချင် နေတာ ပေါ့..”
-
“ ကိုတိုးရယ်.. မဆိုင်တာ..နင်တို့က..နေရာတကာ..အီစီကလီ နဲ့ပဲ တိုင်းချင်နေတာ.. သူတို့လည်း..ကျောင်းသား တွေပဲ ဖြစ်မှာပေါ့.. ဒီလိုပဲ..နောက်ကျ ပြောင်ကျ.. တက္ကသိုလ်ကြီးမှာ..ပြီး..မိတ်ဆွေ တွေဖြစ်..နောက်..ရည်းစားတွေ ဖြစ်..ဒါပဲ မဟုတ်ဘူးလား.. ဟ..ဟ.. ”
-
ကိုတိုး ဒေါခီး နေပုံ ကို ကြည့်ပြီး..အတည် ပေါက် နဲ့ ပို နောက်ချင် စိတ် ပေါက်လာသည်။
-
“ ဒါဆို..ကေတုတ်..နင်..သူတို့ကို သွား မိတ်ဆက် ရဲ ရင်.. ငါတို့ ဒီညနေ ရှင်းမယ်လေ..”
မှုံကြီး က .. ထောင်လေပြီ။ ရ တာပေါ့…

“ ကလေး နဲ့..မစု.. ဟိုကျန်နေတဲ့..ဘူးသီး ကြော် တပွဲ ရော.. စားပွဲပေါ်မှာ ချထားတဲ့..မုန့်တွေ အကုန် သာ..ပါဆယ် ထုတ်ခဲ့ ... ဟေး..ခုညတော့..ပွဲတော်ပဲ..”
-
သူ.. ခပ်တည် တည် နဲ့..စားပွဲ က..ထ တော့.. အံ့သြတကြီး ကြည့်နေတဲ့..ခရစ်စတိုဖာ နဲ့..ကိုအေးဇော်ဟန် ရဲ့ ခပ်ပြုံးပြုံး မျက်နှာ ကို ..မြင် ဖြစ်အောင် မြင်လိုက် မိ သည်။
-
+++++++
-
ဒီည..သူတို့ အခန်းမှာ..ဆူညံ နေသည်။ မစု တို့ အခန်းက..မမျိုး တို့ အုပ်စုပါ.. လာ ၀ိုင်းကြ ရင်း..မုန့်တွေစားပြီး.. ညနေက အကြောင်းကို တ၀ါးဝါး..တဟားဟား လုပ်နေ ကြသည်။ မဖြူ က.. ကော်ပြန့်လိပ် တွေ ကို..ငရုတ်ဆီ ထဲ နှစ်လိုက်ရင်း..

“ ဟဲ့..ကေမ.. နင် ဘယ်လို သွားပြောတာလဲဟေ..”
-
“ ဟာ..ဟ.. အဲဒီ အထဲမှာ.. ငါတို့မြို့က..Psycho first year က..ကောင်လေး ကို မြင်လိုက် တာကိုး.. ဘာရ မလဲ..ဒါလေး များ.. ”
-
မစု ကတော့..ထုံးစံ အတိုင်း..ပါးစပ်လေး ပိတ် ပြုံးရင်း..“ မိန်းမ..နင်ဟာလေ..” လို့..ခပ်ဖွဖွ ငြီး သည်။
ခဏနေတော့.. မမျိုးက.. extension ဆောင်ဖက်က.. သစ်ပင် တွေမှာ..ညဖက်..မီးတွေ တောက် နေ တာ..၂ ရက်ရှိပြီ..လို့ စကား စလိုက်တော့..သူတို့အားလုံး.. အာရုံ ပြောင်းသွားကြသည်။
ကလေး က.. မမျိုး ပေါင်ပေါ် လက်တင် လိုက်ရင်း..
“ ဟယ်.. ဘယ်လို မျိုး ကြီးတွေလဲ..ဟင်..စုန်းတောက်တာ မျိုးလား..”
-
“ သေချာ မသိ သေးဘူး..မီးတွေ က..ရွှေ့နေတာ တဲ့..တက်လိုက်..ဆင်းလိုက် နဲ့ တဲ့..ကိုးနာ ရီ လောက် ဆို..စရော တဲ့.. ပြီးရင်...ငါတို့.. သွားကြည့်မလို့.. လိုက်မလား..”

တက်ညီ လက်ညီ..သွားကြည့် ကြဖို့..လုပ်နေတဲ့.. တသိုက်ကို ကြည့်ပြီး..

“ ငါတော့..မလိုက် ကြည့်တော့ဘူး.. အိပ်ချင်ပြီ..ဒီည စောစော အိပ် တော့မယ်..” လို့ပဲ ပြောလိုက် ရင်း..လူက.. အိပ်ယာ ပေါ် လှဲ ပြီး နေ ပြီ။
-
အဲဒီ extension ဆောင်ကြီး တွေ က..ကြည့်ရတာ ကိုက..ပျင်းစရာ ကြောက်စရာ.. ။ U ပုံစံ အတွင်းဖက် ကို လှည့်ထား တဲ့.. အဆောင်မ ကြီး ရဲ့. လက်တက် နှစ်ဖက် ကို.. စင်္ကြန်လမ်း လေး နဲ့ ထပ်ဆက် ထားတဲ့..သီးသန့် ဆောင် တွေ..။ ဟိုဖက် ဒီဖက်.. ဟောလ်ကျူတာ..တယောက် စီ နေပြီး.. တိတ် တိတ် ဆိတ် ဆိတ် နေချင်တဲ့..သူတွေ..စာဂျပိုး တွေ..နေကြသည်။ အခု သူတို့ ပြောတဲ့.. မမနိုင် တို့..extension က.. ပုဂံလမ်း ထိပ်ထောင့်က..ပါမောက္ခ ဒေါက်တာ ထွန်းမောင် ကြီး အိမ်ဖက် ကို ပဲ..လှမ်းမြင် ရပြီး.. ကံ့ကော် ပင် တွေ..သိပ်နေ အောင်..ထူ လှသည်။ ရီမွန်ကတောင်..နောက် နှစ်.. နှစ်ယောက်ခန်း တွေ လျှောက်ရင်..အဲဒီ ဖက် သွားနေ ချင်သတဲ့..။ ကိုယ်တို့တော့..မနေပေါင်..။ စာမေးပွဲ ပြီးလို့..နောက်နှစ် အတွက်..နှစ်ယောက်ခန်း တွေ လျှောက် ရင်.. Front roll ကို..လျှောက်ကြ မယ်လို့..မဖြူ နဲ့ တိုင်ပင် ပြီးသား..။ ခေတ် အဆက်ဆက်.. နာမည်ကြီး ခဲ့တဲ့.. အဆောင်ရှေ့သီချင်းသံ..ဆိုတာ တွေ ကို.. မခံစား ဖူးလိုက် လို့ မဖြစ် ။ မောင့်သိရိ မေ သီချင်း ထဲ ကလို.. “ အဆောင်ထက် က..၀ရန်တာ နား မှာ..ငြင်သာ ရပ်ကာ..နားစွင့် နိုင် ဖို့ပေါ့ ” လို့.. ပြုံးရင်..ညနေက.. အဖြစ် ကို..ပြန် တွေး နေမိသည်။
-
သူ လုပ်လိုက်တာ..မှားများ သွားသလား..။ အသေအချာ မခင် သေးတဲ့..ခရစ်စတိုဖာ တို့..ကိုအေးဇော်ဟန် တို့ ရှေ့မှာ..သူ့လုပ်ရပ်က.. အိနြေ္ဒ မဲ့ သလို ဖြစ်သွားလေ သလား..။
-
အိပ်ချင် ရီဝေ နေတဲ့..မျက်လုံး တွေ ကို..လက်နဲ့ ပွတ်လိုက်ရင်း..အပြီး တခေါက် ဖတ်ပြီးသား.. “ကေဖွဲ့ဆိုသီ” စာအုပ် ထဲက.. ကြိုက်လွန်းလို့ မျဉ်းသား ထား တဲ့ အပိုဒ်လေး တွေကို..ပြန်ဖတ် နေမိ ပြန်သည်။
-
ကေတို့ တစ်တွေဟာ၊ သဘောထား သေးသော၊ စိတ် ညစ်ညမ်း သော၊ ရင့်ရော်၍ အစွန်းအကွက်
ထပ်နေပြီ ဖြစ်သော၊ အများသော လူကြီး တို့ ထင်သလို၊ အရွယ်ရောက် ၍ တက်ကြွ လာသည့်၊
ကာမဂုဏ် စိတ် တခု သာ အရင်းခံပြီး၊ လုပ်ကိုင် နေကြသည် မဟုတ်။ ကေ တို့မှာ၊ ကလေး ဘဝ
ကပေးသည့် ပျော်ရွှင် လွတ်လပ် စိတ် ရှိ သည်။ ဘာမဆို အကောင်းထင် သော၊ အလှသာ မြင်သော၊ အယုံကြီး သည့် စိတ်လည်း ရှိသည်။ လောကမှာ.. အယုတ်မာ ဆုံး ဆိုသည့် လူပင်၊ ကောင်းရာ သုဂတိ ကို မျှော်မှန်း သည် လို့ ထင်သည်။ သို့မဟုတ်လျှင်၊ လူတိုင်းသည် မပျော်ရွှင်
တောင်၊ ကျေနပ် လို့ နေကြမည် တည်း။ ကိုယ်လုပ်ချင်ရာ၊ မကောင်းမူ နှင့် အားရ နေမည်နည်း။
-
အဲဒီ စာပိုဒ်ထဲက.. နောက်ဆုံး ၀ါကျ တွေကို..သိပ် နားမလည်ချင်။ စာရေး ဆရာမ ကြည်အေး က…ဘယ်လို ပြောချင် ခဲ့တာလည်း။ မှားသည် ဖြစ်စေ..မှန်သည် ဖြစ်စေ.. ကိုယ့်ဖာသာ ကိုယ်တော့ အကြောင်းပြ ချက် တခု ရှာပြီး.. လိပ်ပြာ အေး အောင် နေတတ်တဲ့..လူ့သဘာဝ ကိုလား။ အဲဒီ.. အမှား အမှန် ဆိုတာ တွေ ကရော…။
-
+++++++
-
အမှား..အမှန် တွေ ဆိုတာက..လည်း…လူတွေ ကပဲ..သူတို့ ကြိုက်သလို.. သတ်မှတ် ထားတာ လေ..
ဟုတ်တယ်..မဟုတ်လား…တော်တယ်…ညံ့တယ် ဆိုတာ ကရော..ဘယ်သူ က..သတ်မှတ်သလဲ.. ဘီအေ..မအောင်ရင်..ငါက..ညံ့သလား.. ချစ်သူ က..ထားပြစ်ခဲ့တာ..ငါ မှားလို့လား.. လူတွေက..လိပ်ပြာ အေး ချင်သတဲ့လား.. ဒီမှာလေ..လိပ်ပြာ ဆိုတာ..ငါပေါ့…
-
အိုး…ဘုရားရေ..ဘုရား..ဘုရား..
-
အဲဒါ ဘယ်သူလဲ..ဘယ်တုန်းက..ဒီအခန်းထဲ ရောက်နေတာလဲ.. တကိုယ်လုံး.. အနက်ရောင် အတိ.. ဆံပင်တွေက..ဖားလျား..သရဲ လား.. မစုတို့..မဖြူ တို့..ပြန်မလာ ကြသေးဘူးလား.. လုပ်ကြ ပါအုံး..အော်လို့လဲ မရဘူး..
ဟော..သူ..ငါ့အနားကို လာပြီ…
-
နင်က..ဘာလို့..သူငယ်ချင်း တွေ နဲ့ လိုက်ပြီး.. သစ်ပင်တွေ ပေါ်က..မီးလုံးတွေ ကို..လိုက်မကြည့် တာလဲ…
-
ဟင့်အင်း..မသိဘူး..မသိဘူး..မလာနဲ့..ကြောက်တယ်..
သွား..သွား.. သရဲမ.. ဟုတ်တယ်..သရဲမ…
မစုရေ..ကလေးရေ..မဖြူရေ…
အော်လို့လဲ မရဘူး.. အိမ်မက် မက်ပြီး..ဘီလူး စီးနေတာလား.. ရုန်းကြည့်တယ်..မရဘူး.. လှုပ်လို့ ကို မရဘူး..
- ---
----
---
ဟော..သူ..ငါ့ကုတင်နားက ထွက်သွားပီး.. ခြေရင်းမှာ..လမ်းလျှောက်နေပြန်ပြီ..
အိမ်မက်မှ မဟုတ်တာ..ခြေရင်းက..အ၀တ်ဘီရို ပေါ်က.. သောက်ရေအိုး နဲ့..ဟင်းပုလင်းတွေ..တောင်..ငါ အသေအချာ မြင်နေရတယ်.. ဒါဆို..ငါ့ကို သရဲ ခြောက်နေတာ..
-
ငါ နိုးနေတာ..အသေအချာပဲ.. လှုပ်လို့မရတာ တခုပဲ.. ကြည့်စမ်း.. အနက်ရောင် မိန်းမက.. ကုတင် ခြေရင်း က လမ်းမှာ ..အခန်း..ဟိုဖက် ပေါက် နဲ့ ဒီဖက်ပေါက်..ခေါက်တုံ့ ခေါက်ပြန် လျှောက် နေ တုန်းပဲ...
- --
---
ဗုဒ္ဓံသရဏံ..ဂစ္ဆာမိ.. ဓမ္မံသရဏံ ဂစ္ဆာမိ..သံဃံသရဏံ ဂစ္ဆာမိ
---
----
သွားပါ..ခုထွက်သွားပါ.. ။
---
---
---
----
“ ဟေး.. အိပ်နေပြီလား..ငါတို့ပြန်လာပီ..”
---
တံခါးဖွင့်သံ နဲ့ အတူ ၀င်လာတဲ့.. ကလေး တို့ ကို မြင်မှ..သူ့တကိုယ်လုံး.ပြေလျော့ ပျော့ခွေ သွားတော့တယ်။ ငုတ်တုတ် ထ ထိုင်ပြီး.. ရှိုက်ကြီး တငင် ငို လိုက်တော့မှ.. သူ့အနားကို ၀ိုင်းလာ ကြတယ်..။

“ ဟဲ့..ဟဲ့..ဘာဖြစ်တာလဲ..”
-
သူ့ပါးစပ်က..ဗလုံးဗထွေး နဲ့ ပြောလည်း ပြော..ငိုလည်း ငို။
“ အဲဒါ..နင်တို့ သွားကြည့်တဲ့..extension က..သူရဲ ဖြစ်ရမယ်..”
-
“ အမလေး..အဲဒါကို ပြောပြမလို့..ငါတို့က..ရီပြီး ပြန်လာတာ.. ခု..နင်က..ငိုကြီးချက်မ------ extension က..မီးလုံးတွေ ဆိုတာ..ဘာမှ မဟုတ်ဘူး.. ကံ့ကော် တွေ ပွင့်နေလို့.. ကျောင်းဝန်းထဲက..ကံ့ကော်ပင် ကန်ထရိုက် ရထားတဲ့..လူတွေ..မနက် အစော ကြီး ရောင်းဖို့..ဓါတ်မီး နဲ့..တက် ခူးကြတာ ဟေး.. ကံ့ကော်ပန်းခူး ကြတာ.. ပြောချင် တော့ဘူး.. တကယ်များ..သရဲ လားလို့.. ခုလည်း.. နင်..စိတ်စွဲပြီး ..အိမ်မက်မက်..ဘီလူးစီးတာ နေမှာပါ..”
-
“မသိဘူးကွယ်..သေချာတာတော့..ငါ နိုးနေတယ်..” လို့ ပြောတော့.. အားလုံး..မျက်လုံးလေး တွေ ပြူးပြီး.. အခန်း အပြင်က..တစွန်းတစ မြင်နေရတဲ့..မယ်ဇလီ ပင်ကြီးကို..ပြိုင်တူ လှမ်းကြည့် လိုက်ကြတယ်။ အပေါ်ထပ် အခန်းက..ဖိုင်နယ်က..အမ တွေ ပြောဖူးတဲ့.. အင်းလျားမှာ..ဟိုးတုန်းက..ကျောင်း သူ နှစ်ယောက် တောင် ကြိုးဆွဲချ သေ ဖူးတယ် ဆိုတာ...။
-
+++++++
-
(ဆက်ရန်-)
-
( အပြီး တခါတည်း ရေးဖို့ စိတ်ကူးခဲ့သော်လည်း.. တကယ့်လက်တွေ့မှာ.. မဖြစ်နိုင်သေး သော ကြောင့်..ခတ္တခဏ ကြားဖြတ် ရပ်နား ထားပါရစေ။ ဒီ စာစု ကိုလည်း.. ၁၀ ခန်းလောက်ထိသာ..အများဆုံး ရေးဖို့ ရည်ရွယ် ထားပါတယ်။ အတွေ့အကြုံ တွေ ကို.. အသေအချာ.. စုစည်း ခံစား ပြင်ဆင် ၍ ရေးခဲ့ ရ သောကြောင့် လစ်ဟာ သွားသော..တခြား လုပ်ရန် များကို..အာရုံပေးရန်..တလ ခန့် ဘလော့ နားပါ အုံးမည်။)


Share/Bookmark

စိန်ပန်း နဲ့ ကံ့ကော်တွေ အတူပွင့်ခဲ့တယ်(၄)

မနက်လင်းလျှင် ကေသည် သူ အိပ်ယာထ နောက်ကျသည် ကို တွေ့ရလေ၏။
ထို့ကြောင့် ခုန်ပေါက်၍ ထပြီး ရေချိုးခန်းသို့ ထွက်ခဲ့၏။ ယခု အင်းလျား ရောက်မှ
မျက်နှာသစ်ရင်း ရေချိုးသည့် အကျင့်ကို ရနေသည်မှာ ဟန်ကျ၏။

မျက်စိထဲမှာ..မြင်ယောင်လာ သည်။ အင်းလျားဆောင်ရဲ့.. လက်ဝဲခြမ်း တခု..လက်ယာခြမ်းတခု..ထားသော ရေချိုးခန်း တွဲ ကြီး ။ ရေပန်း နဲ့ ချိုးရတဲ့ တယောက်ခန်း တွေ ရှိပေမဲ့ လို့ .. ကြောက်လို့ တော်ယုံ တန်ယုံ ဘယ်သူမှ မချိုးကြ။ တောသမ..နယ်သမ တွေ ဆိုတော့ လည်း.. အကျင့် ပါနေတဲ့ အတိုင်း..ရေချိုးကန် ကျယ်ကြီး မှာပဲ..အားလုံး ၀ိုင်းပြီး ပျော်ပျော်ပါးပါး..ခပ်ချိုးကြ တာ။ စကားတွေ ပြောလိုက်.. သီချင်းတွေ အော်ဆို လိုက် ပေါ့..။ ဒါနဲ့ နေပါအုံး.. ကေ က ရန်ကုန်သူ ဆို။ ဘာကြောင့်..မနက် ရေချိုးတဲ့ ကိစ္စက အင်းလျားရောက်မှ အသစ်အဆန်း ဖြစ်နေ ရ သနည်း ။
-
သူ ရန်ကုန်ကို ကျောင်းတက်ဖို့ ရောက်ရောက်ချင်း အဆောင် မရသေး တဲ့ အချိန်… ကြည့်မြင်တိုင်က.. အဒေါ်အိမ်မှာ နေတော့.. ရေရှားတဲ့.. နယ်က..အကျင့်ပါလာ သေး လို့-- “ ရန်ကုန်ဆိုတာ..မိုးလင်း..ရေချိုးပြီးမှ အပြင်ထွက် ကြတာ..သမီး ရဲ့..” လို့.. အဒေါ်က.. သင်ခဲ့ တာ ကို လည်း ..တွေးရင်း ပြုံးမိသည်။
-
++++++
-
အပြင် စင်္ကြန် ဖက်..အ၀တ်ကြိုးတန်း များ ဆီက.. တဗြန်း ဗြန်း အ၀တ်ခါ သံ ကြောင့် လန့်နိုးသွားသည်။ မနက်စော စော ..ဘယ်သူ တွေလဲ..ဘေးခန်းက..မမျိုး လား။ ဒီနေ့..စနေ နေ့ပါ.. ။ ဘာအတန်းမှ လဲ ရှိတာမဟုတ်။
-
ပြီးတော့ မှ.. ဖိနပ်သံ တရှပ်ရှပ် နဲ့ အခန်းထဲ ၀င်လာတဲ့..မဖြူ ကို ရင်လျား နဲ့ ရေချိုးပြီးစ တွေ့လိုက်ရသည်။ သူ့လက်ထဲက..ရေပုံး ထဲမှာ.. ဆေးကြောလာ တဲ့..ဗူးတွေ ပလုံးတွေ.. စတီးခွက်တွေ ပြည့်လို့။ စောစောစီးစီး ထ..ရေချိုး အ၀တ်လျှော်..ဆေးကြောသုတ်သင် လို့ ပြီးပီ ပေါ့ ။
-
“ အစောကြီး ထပြီး.. တယ် အလုပ်လုပ်နေပါလား..”
-
“ အမယ်.. မိန်းမ..နာရီ ကြည့်အုံး .. ၉ နာရီ ထိုးနေပီ.. ငါ ဒီနေ့မြို့ထဲ ပြန်အိပ်မှာလေ..နင်ရော..ဒီတပတ် အိမ်မပြန်ဘူးလား.. ကလေး လည်း..လှည်းတန်းက..သူ့အမ လာခေါ်သွားပြီ.. မစုလည်း.. သူ့ညီမ အပြင်ဆောင် သွားအိပ်မယ် ပြောတယ်..”
-
အင်း.. ဟုတ်ပါ့။ ဘေးက..ကုတင် တွေပေါ်မှာ.. အစီအရီ ခေါက်ထားတဲ့..စောင်လေး တွေပဲ ရှိတော့သည်။
-
“ နင့်ဘီရိုပေါ်မှာ..ငါ ..မနက်စာ ယူထားပေးတယ်.. သိလား...စနေဆို..နင် အိပ်တော့မယ် ဆိုတာ..ငါသိပြီးသား.. ပြီးရင်..အိလေး ကွလေး နဲ့..အိမ်လဲ မပြန်ဖြစ်.. ထမင်စားခန်းလဲပိတ်.. နင် ငတ်မှာစိုးလို့..”
-
“ တော်လိုက်တဲ့..သူငယ်ချင်းရယ်..”
-
ပြုံးရင်း..ခါးကျောဆန့်ပြီး..အိပ်ယာပေါ်က..ဆင်း လိုက်တယ်။ စောင်ကို သေချာ ခေါက်နေရင်း.. ဒီတပတ် အိမ်ပြန်ရင် ကောင်းမလား..။ ဒီပုံ အတိုင်းဆို..ဒီည ရီမွန် နဲ့ သူ နဲ့ ၂ယောက်ထဲ ကျန်မှာပေါ့.. ရီမွန်ကတော့..စာကျက်မှာပဲလေ..။
-
နယ်က..သူ့ကြီးဒေါ်က..စမ်းချောင်းမှာ..အိမ်လေး တလုံး ၀ယ်ထားပြီ ဆိုတော့..သူတို့မောင်နှမ ၀မ်းကွဲ တသိုက်လည်း..ကျောင်းပိတ်ရက်..ဆုံတဲ့ အခါ ဆုံကြသည်။ အရေးကြီးတာ..ဒီတပတ်..မယုလည်း အိမ်ပြန်ပြီး..သူ့ကို ဟင်းကြော်ပေးမယ်လို့ ပြောထားတာ..ပြန်မှ ဖြစ်မယ်။ ညက တော့.. ခွင့်မတိုင် ထားမိ။ ကိစ္စမရှိ.. ပြီးမှ..မမနိုင် ကို.. အရေးပေါ်ခွင့် ဆိုပြီ.. မူယာ မာယာ လုပ်ပြ လိုက်မည်။ အ၀တ် နည်းနည်းတော့..လျှော်ရ အုံးမည်။
-
+++++
-
ရေချိုးခန်းမှာ အ၀တ်လျှော်.. ရေချိုးသူ တွေ.. အများသားလား။ စနေ နေ့ ဆိုတော့..ကျောင်းပိတ်ရက်..တပတ်စာ စုပြီး လျှော် ကြ ဖွတ်ကြ။ သြော.. မမျိုးက.. ခုမှ..ဒီမှာ လျှော်တုန်း ကိုး။ မမျိုး ဘေးက..ကျောက်ခုံလေး ပေါ်.. ရေပုံး တင်ပြီး.. ဘေးကို ကြည့်တော့.. ဟိုအမ.. မသူဇာ ကိုလည်း.. တခု ကျော် ကျောက်ခုံမှာ..လျှော်ဖွတ်နေတာ..တွေ့လိုက်သည်။ လှမ်း စပ်စု နေတုန်း..မျက်လုံး ချင်း ဆုံသွားတော့..
“ ဟိတ် ကောင်မလေး တွေ.. စနေ အပြင် မထွက်ကြဘူးလား..” တဲ့။
သူက.. ဘယ်တော့ မဆို..ဘယ်သူ နဲ့ မဆို..အဆင်ပြေ ပြေ..လျောလျောလျူလျူ ပြောတတ်သူ တဲ့။ အဲဒါကြောင့်လဲ..Physics queen နံမယ်ကြီး..အဆောင်မှူး အချစ်တော် ဖြစ်နေတာ နေမည်။
-
“ ဟုတ်ကဲ့..အမ” လို့.. အမြန်ပြုံးပြ လိုက်ရင်း.. ကြည့်ကောင်းလှ တဲ့..ပခုံးသား ၀င်းဝင်းလေး ပေါ်က..ငွေရောင် ဆွဲကြိုး ဆန်းဆန်းလေး ကို မြင်ဖြစ်အောင် မြင်လိုက် သေးသည်။ ဆံပင် အရှည်ကြီး တွေကို.. လိမ်ပြီး ညှပ်တင် ထားတဲ့.. ခွ ကလစ် ကြီးကလည်း.. အကောင်းစား မှန်း သိသာ လှသည်။
-
အ၀တ်တွေကို..နောက်ဆုံး ရေကြည် ညှစ် နေတဲ့ အချိန်မှာ..မသူဇာ ရေချိုးခန်းထဲက.. တဘက်လေး ခြုံပြီး ထွက်သွားတာ တွေ့လိုက်သည်။ ရေကန် ဟိုးဖက် ထောင့် မှာ..ရေချိုးရင်း.. စိမ်ပြေ နပြေ.. ခြေသည်း တိုက် နေတဲ့.. ရမ်းဗြဲက အမ..မခင်လေး က..သူ့ ရခိုင်သံ ၀ဲဝဲ နဲ့.. “ အော..သတို့က..အခွက့် ဒိုး ခံတွေ ရော..” လို့.. အနီးဆုံးမှာ ရှိနေတဲ့ သူ နဲ့ မမျိုးကို လှမ်း စကားစ တယ်။
-
အီးမေဂျာ က.. မမျိုးက.. အခုမှ..သူတို့လို ဒုတိယနှစ် ပေမင့်.. အသက် ကြီး နေပြီမို့..လူရည် လည်သည်။ အခု ကတည်းက.. တဆောင်လုံးက.. လူ တွေ နဲ့.. ခင်မင် သိကျွမ်း ပြီး နေသလို... ညတိုင် ဆို.. ရုံးခန်း မှန်မှန် သွားပြီး..အဆောင်မှူး ရှိ ရင်..ရှိ..မရှိလည်း ဟောလ်ကျူတာ တွေ နဲ့..ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ ...တတ် နေပြီ။ မမျိုး နဲ့ မခင်လေး အချီအချ ပြော နေတဲ့ စကား တွေကို အသာလေး ငြိမ်နားထောင် နေမိတယ်။ မသူ ဇာက.. ညွှန်မှူး တယောက် ရဲ့ သမီး.. ရိုးရိုးတန်းက..အိမ်ထောင်ကျ ဖူးပြီးသား ဆိုပဲ။ အဆောင်မှူး မမ ဆီမှာ..သေချာ လာအပ်ထားတာ တဲ့။ ပုံမှန် ဆို..မေဂျာ ရိုးရိုးတန်းမှ.. အဆောင် နေခွင့် မရှိတာ။ အိမ်ထောင်သည် လည်း မရ ဘူး လေ။ လူကတော့..တကယ့် အပျံစား မှ..အပျံစား။
-
ရီစရာတော့ ကောင်းသည်။ အင်းလျားဆောင်က..နံမယ်သာ ကြီးတာ..အဟန့်သာ ရှိတာ.. အင်းလျားသူ
တ၀က်ကျော်က.. တိုက်ဂေါ ပုံတွေ အများသား။ အဲဒီ ထဲမှာ..မသူဇာ လို ပုံစံ မျိုးလေးတွေက..ထင်းနေတာ..ဆန်းတော့ မဆန်း။ ဟိုဖက်က.. ရတနာ မှာလည်း..သိပ် မရှိ ပါဘူး။ အဆောင် ဒင်နာ တွေမှာ..သီချင်း လိုက် -လိုက် ဆိုတဲ့..မယု သူငယ်ချင်း.. ရှမ်းမ လေးတော့ မိုက်သည်။ သူတို့ဆီမှာ.. အန်သရို နဲ့ ပါဠိ က.. အမ ကြီး တွေ လည်း..ဆိုးတော့ မဆိုး။ တကယ် မိုက်တာက.. သီရိ မှာမှ.. ။ ဟိုး..ရှမ်းပြည် တို့ ကချင် တို့.. နယ်စပ် ဖက်တွေက လာတဲ့.. နံမယ် ဆန်းဆန်း.. အသွေးအဆင် ဆန်းတဲ့.. တိုင်းရင်းသူ တွေ များတဲ့ သီရိက..ခုနှစ် နာမည် ကြီး သည် ။ သူတို့ကလည်း.. ၁၀ တန်းအောင်တော့..ပြည်မ ကို လာချင်ဇော နဲ့.. လော ဆို မှ လော ..လာတတ်ကြ တာ ထင်သည်။ ကိုယ်တွေ လိုပေါ့..။ ဘာမှ မရလည်း.. ရန်ကုန် တက်ရတဲ့ လိုင်းတွေပဲ..ဦးစားပေး လျှောက်ခဲ့ ကြတာပဲ လေ..။ အမယ်..ငါတို့..ဘူမိ က.. လူတွေ ကတော့..အဲလောက် မဂေါ ပါဘူးနော်။ တတိယနှစ်က.. တရုတ်မ အမ လေး လည်း မိုက် တာပဲ။
-
ကိုယ့် အတွေး နှင့် ကိုယ် ရွှင်မြူးသွားရင်း.. ရေကန်ထဲက..ရေတွေကို တဗွမ်းဗွမ်းနဲ့ ခပ်ချိုး ပြစ်လိုက်သည်။
-
++++++
-
လုံခြည် ကို အသေအချာ..အတိုအရှည် ညှိ ပြီးလို့.. အခန်းမီး ပိတ် ပြီး-မပြီး သေချာအောင် တချက် ကြည့် လိုက်ရင်း.. ဟင်းပုလင်းခွံ တွေ ထဲ့ထားတဲ့..ကျွပ်ကျွပ်အိတ် လက်တန်းလန်း နဲ့.. အခန်းတံခါး ပိတ် လိုက်သည်။ ရီမွန်..ဘယ်သွားနေသည် မသိ။ ချောင် တချောင် မှာ စာသွား ကျက်နေပြီ ထင်သည်။ ၁၁ နာရီလည်း ခွဲပြီ ။

နေ့လည်ခင်း မို့ လူလည်း ရှင်းလှသည်။ နောက်ပေါက် အဆင်း လှေခါးတွေ ကို ပြေးဆင်း လိုက်ရင်း..
“ဟဲ့.. ဖြေးဖြေး လုပ်ပါအေ.. ”
-
အဲ-ထမင်းစား ဆောင်က..အဘ ဦးမောင်လေး ရယ်..။ လက်ထဲမှာ..ဟင်းတွေ ဗန်းကြီး တခုလုံး အပြည့် နဲ့ သူက..အဆောင်ထဲကို အတက်..။ ကြက်သားဟင်း တွေ ပါလား..နီရဲ ၀င်းစို မွှေးကြိုင်နေတဲ့..ကြက်သား ဆီပြန် ဗန်းကြီး ။
-
“ အဘ..အဲဒါ ဘာ လုပ်ဖို့လည်း”
-
“ အဆောင်မှူး အိမ် အတွက်”
အဘ က..တိုတိုတုတ်တုတ် ဖြေပြီး.. အဆောင် ထဲ ၀င်သွား သည်။
ညစာ မချက်ခင်.. အဆောင်မှူး မိသားစု အတွက်..သီးသန့်ချက်ပြီး ပို့ပေးတာ ဖြစ်မည်။ ပြီးခဲ့တဲ့ အပတ်က..သူတို့ အခန်း.. မီးဖို ဂျုတီ ကျ တုန်း.. အဘ မိန်းမ..အန်တီမြ နဲ့..လှည်းတန်းဈေး လိုက် ကြ ရင်း.. အဆောင် ထမင်းဟင်း တွေ အကြောင်း..ပြောဖြစ်ကြ သေးသည်။ အဆောင်မှာ..တပတ်ကို တရက်ပဲ..ကြက်သား ကျွေး တာ..။ ပိတ်ရက်တွေ အပြင်ထွက် အိပ်သူ များရင်.. ကျန်ခဲ့တဲ့သူတွေ..ဟင်းကောင်းကောင်း ပိုစား ရတာ..။ ဟင်းခွက် တွေ ခပ်ပြီး..စားပွဲ တွေ ပေါ် တင်ထားပေးရင်.. အေးကုန်လို့..တချို့ကျောင်းသူ တွေ ကွန်ပလိန်း တက်တာ..။ ဟိုဖက် စားပွဲက.. အသားတုံး ကောင်းလို့.. လူမလာခင်..လဲစား တဲ့.. ကျောင်းသူ တွေ.. စုံ လို့ပါပဲ.. ။ အဆောင် မီးဖိုချောင်က နိုင်ငံရေး တွေလေ..။
-
ကလေး ကတောင်..ကြုံတုန်း.. မနက်..မနက်..ခရမ်းသီးနှပ် အေးစက်စက် ကြီး စားရတာ..စိတ်ညစ်တယ် အန်တီမြ ရဲ့လို့..ချွဲ လိုက် သေးသည်။ ဟုတ်တော့ ဟုတ်တယ်.. မနက် တခါ..ညတခါ ပဲ ကျွေးတဲ့..အဆောင်ဟင်း တွေက.. အတန်းထဲက..သူငယ်ချင်း တွေ ကြားထဲ.. ထမင်းဗူး ထဲ့သွားလို့ လည်း မျက်နှာပန်း မလှ။ နေ့တိုင်းလည်း ကန်တင်းက.. ခေါက်ဆွဲ ကြော်..ထမင်းကြော် ၀ယ်မစား နိုင် ။ သူတို့ အဆောင်သူ တွေ ရဲ့ ဒုက္ခလေ..။ ကိုတိုး တို့.. ဖတ်တီး တို့..အိမ်က..ထဲ့ပေးလိုက်တဲ့.. ထမင်းဗူး လေး တွေ ကပ်စား ရင်း..တခါ တလေ လည်း..လက်ဖက်ရည် နဲ့ ပေါင်မုန့် ကြက်ဥကြော် တင်..တင်းတိမ် လိုက် ရတာပဲ..။

လူတကာ စိတ်ညစ် ပေမဲ့..သူ ကြိုက်တဲ့..မနက် ဟင်း တမျိုးက.. မျှစ် နဲ့ ပဲပြုတ်လေ..။ မဖြူ မစားတော့.. နှစ်ယောက်စာ အမြဲ စားရ သည်။ အခုလည်း.. ခုန ကမှ ခွင့်တိုင် ခဲ့ တာဆိုတော့..ခုည “မစား စာရင်း ” ထဲ..သူ မပါတော့ ။ ကြက်သား ဟင်းမှန်း သိရင်.. ရီမွန့်ကိုတောင်.. သူ့ကြက်ရိုး ဖြူယော်ယော်လေး တွေ..ယူစားလိုက် ဖို့.. မပြောခဲ့ ရ..။
-
ခုတလော..လိုက် ပြောင် ရင်း..ခဏ..ခဏ ပြော ဖြစ် နေတဲ့.. ကြည်အေး စာအုပ် ထဲက.. ကေ ပြောသလို..
“ သူတို့ အင်းလျားက..ဒီလို တဲ့လားကွယ်..” လို့သာ.. ပြုံးလိုက် မိတော့တယ်။
-
နောက်ပေါက် ခြံစည်း ရိုး တံခါး ကို တွန်းပြီး.. လမ်းပေါ် ထွက် လိုက်တော့.. ပူနွေးတဲ့ နေ့လည်ခင်း တခု ထဲမှာ ..လေအေးအေး တချက် ဖြန်းကနဲ သုတ်သွား တယ်။ ခပ်ပျံ့ပျံ့ ပန်းရနံ့ တခု … သြော.. အင်းဝ ဆောင် ရှေ့က.. ကံ့ကော် ပင်ကြီး တွေ.. ပွင့်ကုန် ကြ ပြီပဲ…။
(ဆက်ရန်)

( မှတ်ချက်- သည်စာ ကို .. တကယ့် အတွေ့အကြုံတွေ ပေါ် အခြေခံ ပြီး..၀တ္တုပုံစံ ရေးဖွဲ့ထားသော်လည်း.. အင်းလျားဆောင် ရဲ့ အငွေ့အသက်များ ကို အတတ်နိုင်ဆုံး ပေါ်လွင်အောင် ခြယ်မှုန်းခြင်းသာ ဖြစ်ပြီး....ပါဝင်သော..နာမည်တိုင်း..လူတိုင်း.. အဖြစ်တိုင်း သည် .. တကယ် ရှိခဲ့သည်ဟု မသတ်မှတ်စေလိုပါ။)


Share/Bookmark

စိန်ပန်း နဲ့ ကံ့ကော်တွေ..အတူ ပွင့်ခဲ့တယ်(၃)

တကယ်ဆို.. အင်းလျား က.. သူ့ကို ဒီလောက်ထိ ပြောင်းလဲ သွားစေလိမ့် မယ်လို့.. ထင်မထားခဲ့ မိတာ။
-
အပြုံး အရယ် မလွယ် တတ်ခဲ့ တဲ့ သူ... ခုတော့..လှလှ ပပ ပြုံးတက်လာသလို.. ဟက်ဟက်ပက်ပက် လည်း ရယ်မော တတ် ခဲ့ပြီ။
-
စိုးရွံ့..နာကျင်..ခြင်းနဲ့ မှိုင်းမှုံ.. လွမ်းဆွတ်မူ တွေ သာ ဖြတ်သွား ဖြတ်လာ လုပ်ခဲ့တဲ့.. ညနေ ဆည်းဆာ တွေက.. ခုတော့..အင်းလျား တစောင်းမှာ.. ရယ်မြူး ပျော်ရွှင်ဖွယ်ရာ.. ။ ရင်ခုန်.. မိန်းမူး .. စိတ်ကူး ယဉ် ချင်စရာ..။
-
++++++
-
အင်းလျားဆောင် ရဲ့ မနက်ခင်း တွေက တော့ ...ထုံးစံ အတိုင်း.. အတန်း တတ်ဖို့ သွားတဲ့ သူတွေနဲ့..မနက်စာ ဆင်းစား တဲ့သူတွေနဲ့.. နောက်ပေါက် အဆင်း နဲ့ နီးတဲ့ သူတို့ အခန်းနားမှာ..ခြေသံ တွေက..အမြဲ တရှပ်ရှပ် ။
-
ဒီနှစ် သူ့အဖေ အက်ဆီးဒင့် နဲ့ ဆုံးသွား လို့..ကျောင်းမတတ် ဖြစ် ဘူး ဆိုတဲ့..အိသွယ် တယောက်.. ၂ပတ် လောက်ကြာမှ ပေါက်ချ လာတော့.. အခု ဘူမိ ၆ ယောက် ဖြစ်နေ ပြီ။ အိသွယ်..သနားပါတယ်။ သူ့မိသားစု အတွက်..စိတ်မချ ၀မ်းနည်း အားငယ် နေရ တဲ့ ကြားထဲ..နောက်ကျတော့..အခန်းကျယ်ကြီး ထဲပဲ ရတော့တယ်။ အခုက..သူတို့ ၄ ယောက်က တခန်း.. မစု က.. တခြား ဟိုဖက်..လေးယောက်ခန်း တခု မှာ..ဘက်ပဲ့။
-
ဘာပဲ ပြောပြော.. စာသင်ချိန်တွေက.. အားလုံး အတူတူပဲ ရှိသေးတာ မို့.. သူတို့ ၆ ယောက်လုံး.. လှိုင် ကျောင်းဝန်းထဲကို.. အတူတူ သွား ဖြစ်ကြ သည်.။ ဂျပ်ဆင် ပေါက်က ထွက်.. ပြည်လမ်း ပေါ်က.. ၅၀..ကားကြီး တွေ ကို တက်စီး ယုံပဲ။ ခု နောက်ပိုင်းတော့..ရီမွန်က.. စာမေး စရာ ရှိလို့.. စာကြည့် တိုက် ၀င်စရာ ရှိလို့..ဆိုပြီး.. သူ့ဖာသူ စောစော သွား နေ တော့ သည်။ သူတို့ ၅ ယောက် ကတော့.. တယောက် နဲ့ တယောက်..စောင့်လိုက်.. အော်လိုက်.. တွန်းလိုက်..ဆွဲလိုက်..နဲ့ပဲ..အချိန်တန်တော့.. စာသင်ခန်း ထဲ.. တဖုတ် ဖုတ်နဲ့..ပြေးဝင် ရတဲ့.. အဆောင်သူ တွေ ဖြစ် လာတယ်။
-
ဌါနမှူး ဆရာကြီး ဦးကျော်ထင် တောင်.. မျက်စိ နောက်လာပုံ ရသည်။
-
“ ဟို..အဆောင်သူ တောသမ တွေ.. နင်တို့ အဆောင်မှူးက..ပန်းကန်တွေ ဆေးခိုင်းနေလို့လား..ဟေ..”
-
အရင်တုန်းကတော့.. ဆရာကြီး..အဲလို မျက်လုံးကြီး ပြူးပြီး..ဆူရင်..ကြောက်လိုက်တာ..တုန် လို့..။ ရုပ် ဆိုးသလောက်..သဘော ဆိုးလိုက်တာ လို့…ထင်မိ ခဲ့တာ..။ ခုတော့.. ရုပ်တည်ကြီး နဲ့ ..ပိသာလေး ဘေးပြစ် ပြောတတ်သလောက်.. စိတ်ရင်း ကောင်းပြီး.. တပည့် တပန်းတွေ နဲ့..ဌါန အပေါ်..စေတနာ သံယောဇဉ် ကြီးလှတဲ့ ဆရာကြီး ကို..သူတို့ အားလုံး..သိသွား ကြပြီ။ ဘူမိ ဗေဒ ဆိုတာ..ဘာလဲ..ဘယ်လောက် ချစ်ဖို့ ကောင်းသလဲ ဆိုတာကို သိအောင် လည်း..ဆရာကြီးပဲ လုပ်ပေးခဲ့ တာလေ..။
-
“ နင် တို့ကို နင် တို့..ဘာပြုတ် လို့..ညာပြုတ် လို့ ရောက်လာတယ် ဆိုတာ တွေ..ငါ မကြားချင်ဘူး.. ဒီမှာ..ငါတို့ geology မှာ.. အားလုံး..ကျောက်ခဲ လို မာနေမှ ရမယ်.. စိတ်မ၀င်စားရင်.. သွား.. ပြောင်းချင် တဲ့ မေဂျာ ပြောင်း.. ဒီမှာ နေသရွေ့တော့..ငါ့တပည့်..ငါ့ သားသမီးတွေပဲ.. နောက်မှ..ဘူမိဗေဒ ကို ချစ်လှ ပါချည် ရဲ့ ဆိုပြီး ဖြစ်လာလိမ့်မည်.. ငါ တကယ်ပြောတာ..”
-
ဆိုပြီး..သူ့ရဲ့ ကျောင်းသားဘ၀ အတွေ့အကြုံ ..ကွင်းဆင်း အတွေ့အကြုံ တွေ .. အောင်မြင်တဲ့..Geology ကျောင်းဆင်းတွေ အကြောင်း ပြောပြရင်း...ရီစရာမပါ ပဲ လည်း.. အတောင့်လိုက်ကြီး.. ဟဲကနဲ.. ရယ် တတ် သေးသည်။ ဆရာကြီး ရဲ့..ကျိုးပြီး..မညီမညာ ဖြစ်နေတဲ့.. သွားတွေ ကို ကြည့်ပြီး.. ဟုတ်မှာပါလေ.. ဆရာကြီး တို့တောင်..ခုလောက် အနစ်နာ ခံပြီး.. ဒီဌါန ကြီးမှာ..မြတ်မြတ်နိုးနိုး နဲ့ ကျောင်းဆရာ အလုပ် ကို တွယ်ဖက် နေ တာ.. ။
-
တကယ်တော့.. နာမယ် ကျော် ပြည်သူ့ စာရေးဆရာကြီး မောင်ထင် ရဲ့ သား ဆိုတာနဲ့တင်.. သူတို့ ကျောင်းသားတွေ အားလုံး .. အထင်ကြီး လေးစား ပြီးသား ဖြစ်နေ တာပါ။
-
မိန်းကလေး အယောက် ၂၀ ပဲ ရှိပြီး.. တတန်းလုံး..ကောင်လေး တွေ နဲ့ပြည့်ကျပ် နေတဲ့.. ပြတင်းပေါက်…တံခါးပေါက် တွေ..ဟာလာ ဟင်းလင်း နဲ့.. ၀မ်းအိုဝမ်း (101) စာသင်ခန်း လေး ရှေ့ကနေ.. ကောင်မလေး တွေ.. ဆံပင်လေး တွေ ၀ဲကနဲ…အသံလေးတွေ..လွင်ကနဲ.. ဖြတ်သွားလို့.. အတန်းထဲက.. မျက်လုံး တွေ..ပါသွားပြီ ဆိုရင်… ဆရာကြီး အော် ပါ ပြီ။
-
“ ကောင်မတွေ.. ဒီအခန်း ရှေ့ကပဲ..လာလာ ရစ်သီ..ရစ်သီ လုပ်နေကြ.. နောက်တခါ..တံခါးတွေ ပိတ်ပြီး..စာသင်ရမယ်..”
-
အဲဒီလို..ကိုယ့်တပည့်သာ အကောင်းထင်..အပြစ်မမြင်တတ်တဲ့ ဆရာကြီး ။
-
ပထမ နှစ် တလျှောက်လုံး..စိတ်လေလေ နဲ့ ကျောက်ကြီး ၃ မျိုးတောင်.. လုံးစေ့ ပတ်စေ့ မကျက် မှတ် ခဲ့တဲ့..ဘူမိဗေဒ ကျောင်းသူ တယောက်က .. ခုတော့...ခက်ခဲ တဲ့..Structural Geology ဘာသာရပ် ကိုတောင်.. နား မလည် လည်အောင်.. အထပ်ထပ် ပြန်ဖတ် ကြည့်ဖြစ် နေသည်. ။ ပေလီယို (paleontology ) က.. ကျောက်ဖြစ် ရုပ်ကြွင်း တွေ ရဲ့ ပုံကြမ်း တွေကို စိတ်ရှည် လက်ရှည်..ခဲတံ တချောင်း နဲ့ သရင်း.. မပြီး နိုင် မစီးနိုင်.. ပန်းချီ ကားချပ် တခု လို ..လုပ် နေတတ် လို့.. သူငယ်ချင်း တွေ ကတောင် စိတ်မရှည် ချင် တော့။ ဒါပေမဲ့.. တွင်းထွက် တွေရဲ့ microscopic thin section တွေ.. ဘယ်လို ကြည့်ရမှန်း..ဆွဲရမှန်း မသိ ရင်တော့..သူ့ဆီ..ရောက်လာ ကြ ပါပြီ။ ကိုယ်က..ရိုးရိုး ဆွဲတာ မဟုတ်ဘူးလေ..။ စက္ကူ အောက်မှာ.. မျက်နှာပြင် ကြမ်းကြမ်း ပစ္စည်း တခုခု ခံ ပြီး.. texture တွေ ပေါ်အောင်.. ခြစ်တာ။ တခါ တလေ..မိက်ကပ်ဗူး အဖုံး တောင် ပါသေး။
-
ပေလီယို ဆရာမ တီချယ် ကျော့မင်းဌေး ကလည်း ချစ်စရာ သိပ်ကောင်းသည်။ တပည့် တွေကို သူငယ်ချင်း လို ပေါင်းသလို..သားသမီး လိုလဲ..ဂရုစိုက်သည်။ ဆရာမ ကတော့..ဆရာကြီး နဲ့ ဆန့်ကျင်ဖက်..။ အသားညိုညို မှာ..အမြဲတမ်း ပြုံးချို နေတဲ့ မျက်မှန်ထူထူ အောက်က..မျက်လုံး တွေ ကို ကြည့်ရင်း.. Trilobite fossil ပုံမှာ..ဆရာမ မျက်နှာ ကို..တပ်ပြီး..ကာတွန်း ဆွဲချင်စိတ် ပေါက် ပေါက်