စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၄)

တက္ကသိုလ် အကြောင်း တွေ.. တွေးရင်း.. ရေးမိပြီ ဆိုမှတော့.. အသက်ဝင်အောင် ခံစား ချင်သည်။ သတိချပ် နိုင် စရာ.. အသိ တခုခု ဖြစ်ဖြစ်...သမိုင်း အချက်လေးတွေ လည်း ပါစေ ချင်သည် ။ လွမ်းလွမ်း ဆွတ်ဆွတ် လည်း..ဖွဲ့နွဲ့ သတိရချင်နေမိ သည်။ အဲဒါနဲ့..အင်းလျားရဲ့ ပုံရိပ်တွေ ကို.. ပြန်ရှာ ကြည့် သည်။ တက္ကသိုလ် အကြောင်း တွေ ပြန်ရှာ ဖတ်သည်။ မြကျွန်းညို ရဲ့ ဂီတသံ တွေ.. ရှာဖွေ နားထောင် မိသည်။
-

ဓါတ်ပုံ အဟောင်း တွေ ထဲက..ပုံရိပ်တွေ က လည်း ..အတိတ်ကို အမိအရ ဆုပ်ကိုင် နိုင်ခဲ့တယ် ဆိုပေလို့ .. တကယ် ပြန်ကြည့်တော့.. လူပုံတွေ.. ချည်း ဖြစ်နေ သည်။အင်းလျား ဆောင်ကြီး ရဲ့ အနေအထား အကျယ်အ၀န်းကို မြင်သာ တဲ့ ပုံ ဆိုလို့... ကိုယ့်ဆီမှာ..တပုံမှ မရှိပါလား...။ အင်တာနက် ထဲ ရှာကြည့်တော့လည်း.. နာဂစ် ပြီးမှ ရိုက်ထားပုံ ပေါ်တဲ့.. အပင်တွေ ကျိုးတိုး ကျဲတဲ ..ဆေးရောင် မွဲမွဲ..ပုံလေး တပုံသာ..လူတကာ ယူသုံး နေကြရ သည် ။ တခါ တုန်းက တော့..facebook ထဲမှာ.. (ဘိုဘို ရှဲတာ ထင်သည်) တွေ့မိလို့.. သိမ်းထား တဲ့ ရှေးဟောင်း ပုံလေး တပုံ တော့ ရှိသည်။ ပြန်ရှာ ကြည့် ဦးမည်။

---
ဟော... ဒီမှာ.



(ဒီက ယူပါသည်)


သြော်..ဒီပုံလေးက.. Kathleen ဆိုတဲ့.. မြန်မာပြည်ပေါက် အင်ဂလို ကပြား ကျောင်းသူ တယောက် ရဲ့ မှတ်တမ်း ထဲက.. ပါလာတာပဲ။ တိုက်တိုက် ဆိုင် ဆိုင်..သူကလည်း.. အတိုကောက် ခေါ်တော့...Kay ဆိုပါလား..။ အင်းလျားဆောင်မှာ နေရင်း.. ရန်ကုန်တက္ကသိုလ်မှာ ပထ၀ီ နဲ့ ဘူမိဗေဒ အထူးပြု ယူခဲ့တယ် တဲ့။ နောက်တော့ ..မြန်မာပြည်က..မိသားစု နဲ့ ခွဲပြီး အင်္ဂလန် အောက်စဖို့ဒ် မှာ မာစတာ သွားတက်ခဲ့ တယ်လို့ ရေးထား သည်။ ၁၉၃၀ ပြည့် လွန် နှစ်တွေ ဆီကပဲ..။ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ အဖြစ်ကနေ.. ခွဲထွက် လိုက်တာ ကမှ.. ၁၉၂၀ ဆိုတော့....ရန်ကုန် တက္ကသိုလ် ကြီး ရယ်လို့.. ၀ံ့ဝံ့ကြွားကြွား နဲ့ အင်တိုက် အားတိုက် အဖြစ်ဆုံး အချိန် တွေ ဖြစ် မည် ။

ပုံထဲမှာ လည်း..အင်းလျားဆောင်ကြီး ကြည့်ရတာ..အတော် ရှင်းလင်း သစ်လွင် နေသေးသည် ။ အဆောင်ကြီး ရဲ့ အလယ် ခေါင် ကွင်းပြင် ကြီး ထဲမှာ ရိုက်ထား တဲ့ ပုံလေး...လက်ဝဲဖက် နားက.. မိန်းဟောလ်.. အစည်းအဝေး ခန်းပေါ့.. ရိုးကောလ် ခန်း လို့ပဲ.. အလွယ် ခေါ်ကြတာပဲ။ အဆောင် ရဲ့ ရှေ့ပေါက် အင်းလျားလမ်း ဖက်က..၀င်တာနဲ့.. ဧည့်ခန်း ဆင်ဝင် ကြီးကို ကျော်လိုက်ရင်.. အဲဒီ အလယ် မြက်ခင်း ကြီးကို ရောက်ပြီး.. ရိုးကောလ် ခန်းကြီးကို တန်းနေ အောင် မြင်ရ ပြီ။ ဟိုးဖက်..လက်ယာဖက် ကျောင်းဆောင် က....ညာတောင်ပံ အဆောင်ကြီးပေါ့ ။ အဲဒီ အောက်ထောင့်က..အစွန်ဆုံး arc အခုံးလေးက...ကိုယ်တို့ ရောက်ခါစ နေခဲ့တဲ့.. 117 ရှေ့က..စင်္ကြန်ပေါ့ ။ အယ်.. သရဲ ခြောက်တဲ့.. မယ်ဇလီ ပင်ကြီး က..အဲဒီတုန်းက.. လူတရပ်လောက် လေး ရှိသေး ပါလား.....သောက်ရေကန် ကြီး တော့..မရှိသေးဘူး ။ အရောင်ဖျော့ နေတဲ့..ကပ်လျက် အဆောက်အဦ နဲ့ ပြတင်းပေါက်တွေက..လှေခါး ခန်း နဲ့ အပေါ်အောက်..အိမ်သာ ရေချိုးခန်း အတွဲကြီး တခုလုံး။ အဲဒီ နောက်ဖက် ကို ဆက်ပြီး .. extension ဆောင်တွေ သွားတဲ့ လမ်း.. ။ နောက်ကို ဆင်းလိုက်ရင်..ထမင်းစား ဆောင်..။ အင်းလျား ဆောင် ကြီး ကလည်း.. ရန်ကုန်တက္ကသိုလ် ကြီး နဲ့ အတူ ဆောက် ခဲ့တာမို့.. စိန်ရတု တိုင်လို့..ခုဆို ရာပြည့်တောင် နီးလာပြီပဲ။ အဲဒီ တုန်းက ခေါ်တာတော့..အင်းလျားဟောလ် ပေါ့ ။ ပြောရရင်.. အင်းလျား နဲ့ အင်းယားတောင် ဘယ်ဟာ အမှန် ယူရ မလဲ မသိ။ အဆောင်ရှေ့ မျက်နှာစာ မှာ အုတ်ကို ထွင်းရေး ထားတာတော့.. “ အင်းလျား” ပါပဲ။ ဘယ်လို ကြောင့် တချို့က.. ယပက်လက် နဲ့ ယား ကြ သလဲ မသိ။

ခု ပုံထဲက .. ကျောင်းသူ တသိုက် ကြည့် ရတာတော့..အားလုံး..ဘိုကပြား တွေ ချည်း ဖြစ်ပုံပေါ်သည် ။ စာထဲက... သူငယ်ချင်း အမည်တွေ ထဲမှာ တော့.. အခု UNICEF မှာ ရောက်နေတဲ့.. ဘူမိ ဗေဒမှာ..ဆရာမ တယောက် အဖြစ် လူသိများ ခဲ့တဲ့.. ဒေါက်တာ ရင်ရင်နွယ် ရဲ့ အမေ.. တောင်ကြီး ကမ္ဘောဇ ကျောင်းအုပ်ကြီး..ဒေါ်မီမီခိုင် ကို တော့.. တွေ့လိုက် မိသည်။ အဲဒီ ကာလ တွေ ကဆို... အင်းလျားမှာ...လူထု ဒေါ်အမာ တို့ ပညာရေး တက္ကသိုလ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြ တို့ အပါအ၀င်.. သပိတ်မှောက် ကျောင်းသူ တွေ လည်း အတူ ရှိနေ လောက် ပြီ ပေါ့..။ ဒေါ်ခင်မျိုးချစ် (မခင်မြ) ကတော့...၁၉၃၈ ကျောင်းသား သပိတ်မှာ ပါခဲ့တယ် ဆိုတော့ .. နဲနဲ နောက်ကျ မည် ထင်သည်။ အင်းလျားမှာ နေခဲ့တယ် လို့ အတိအကျ ဖော်ပြထားတာ မတွေ့ ရပေ လို့..သူရိယ သတင်းစာ မှာ..အခန်းဆက် အဖြစ် ရေးခဲ့တဲ့.. “ကောလိပ်ကျောင်းသူ” ဆိုတဲ့ ၀တ္တုလေး က တော့ အင်းလျားဆောင်သူ တွေ ရဲ့ ပျော်စရာ အတွေ့အကြုံ လေးတွေ ကို.. ဇ၀န ရဲ့ “ကောလိပ်ကျောင်းသား” နဲ့ အပြိုင် ရေးခဲ့ တယ်လို့ ဆိုထား ဘူး သည်။ အဲဒီ စာအုပ်လေး ပြန်ထုတ်တော့ တောင်... ဆရာမကြီး ဒေါ်ခင်မျိုးချစ် က.. ငယ်စဉ် အတွေး အရေး တွေ မို့ ....ခပ် ရှက် ရှက် ဖြစ် ရ တယ် လို့.. အမှာစာ မှာ ဖတ် ဘူး လိုက်သည်။

( courtesy of Bo Bo )


တက္ကသိုလ် အကြောင်းလေး တွေ ပြန်တွေး..ပြန်ရေး ရင်း..လက်တလော ဖတ် ဖြစ် နေတဲ့..မန္တလေး တက္ကသိုလ် မြန်မာစာ ပါမောက္ခ ဟောင်း ဆရာကြီး ဦးချမ်းမြ ( မြကေတု )ရဲ့ “နှောင်းခေတ် တက္ကသိုလ် ဘ၀ မှတ်တမ်းများ” စာအုပ် ထဲမှာ ဆိုလည်း.. တက္ကသိုလ်ကြီးက... သူတို့ ခေတ် အခါက.. ခမ်းနား ခဲ့လိုက်တာ..ဆိုတာ....။ ပြောတော့...ကိုလိုနီ ခေတ် ဆိုတော့ လည်း..ကြီးကျယ် ခဲ့လိုက်တာလို့ပဲ ပြောရမလား...။ ဆရာကြီး အခေါ် နဲ့ ဆို..ဗြူရိုကရက် ကျောင်းသား ပုံစံ.. ၀င်အောင်..ထမင်းစားဆောင်..ဒိုင်းနင်းဟောလ် ဆင်းရင်တောင်..၀တ်စုံ ပြည့် နဲ့ ဆင်း ကြ ရတာ ... ။ ဘေးမှာ လည်း.. တိုက်ပုံ ခေါင်းပေါင်း..တူညီ ၀တ်စုံ နဲ့..စားပွဲထိုး ၀န်ထမ်း တွေက.. အဆင်သင့် စောင့် ပေး နေကြ သည်တဲ့..။ ဘတ်တလာ တို့ ဗာဆာ တို့ အခေါ်အဝေါ်တွေက အစ...ဘို လို။ သိရိ ဆောင်က..ဘင်တန်..ဒဂုန်ဆောင်က..၀ယ်လင်တန် ..ရွှေဘိုဆောင်က.. နော့သ် ဟောလ် .. အဓိပတိ လမ်းကြီးက..ချန်စလာ..။ ခေါ်တော့..အိုင်အေ ဂျူနီယာ.. ဘီအေ စီနီယာ တဲ့...။ ဆရာ တွေ ကလည်း.. အင်္ဂလိပ် နဲ့ အိန္ဒိယန်း တွေသာ အများစု။ မြန်မာပြည်က..တက္ကသိုလ်ကြီး ဆိုပေမယ် လို့.. မြန်မာ လို မခေါ် မပြောတာ တာ ထားဦး.. သင် ကြား စရာ မြန်မာစာ နဲ့.. မြန်မာစာ ဌါန ဆိုတာတောင် မရှိခဲ့ လို့.. ဆရာကြီး ဦးဖေမောင်တင် … ဦးဆောင် အကောင်အထည်ဖော်ခဲ့တဲ့... မြန်မာစာ တည်တံ့ ပြန့်ပွားရေး အားထုတ်ကြိုးပမ်း မူတွေ အကြောင်း ပြန်ဖတ် ရ တော့... ကြက်သီး ထမိ လောက် အောင် ထိ။


ကိုလိုနီ ခေတ် ..ပထမဦးဆုံးသော မြန်မာလူမျိုး ကျောင်းအုပ် ဆရာကြီး အဖြစ် နဲ့ ဆရာကြီး ဦးဖေမောင်တင် ဆောင်ရွက် ခဲ့တဲ့.. ပြုပြင်ပြောင်းလဲ ခဲ့တဲ့.. ရန်ကုန် တက္ကသိုလ်ကြီး မှာ.. “တက္ကသိုလ်” ဆိုတဲ့

အခေါ်အဝေါ် ကိုယ်တိုင် က..စလို့ ... ဆရာကြီး သညာပေး ခဲ့တဲ့.. မြန်မာ စာလုံး တွေ နဲ့ပဲ.. မြန်မာပြည်က.. ရန်ကုန် တက္ကသိုလ် ကြီး ဆိုပြီး ခမ်းနားလာ ခဲ့တာ မဟုတ်လား။ိဇ္ဖာ..သိပံ္ပ.. ဓါတု..ရူပ..ဇီဝ.. ဘာသာရပ် အမည်တွေ.. ဥပစာတန်း...ဂုဏ်ထူးတန်း ဆိုတဲ့ စာသင်နှစ် တွေ ..နည်းပြ..ကထိက..ပါမောက္ခ ဆိုတဲ့ ရာထူး အဆင့်တွေ အဆုံး...မြန်မာပြည်မှာ..မြန်မာလို ပဲ ရေးသား ပြောဆို နိုင်အောင်.. မြန်မာစာ ဆိုတဲ့ ဘာသာရပ်ကို ခန့်ခန့်ညားညား ဖြစ်အောင်..လေ့လာသင်ယူ သင့်တဲ့ ဘာသာရပ်တခု ဖြစ်လာအောင်.. ဒီ တက္ကသိုလ်ကြီးမှာ အားသွန် ခွန်စိုက် ထူထောင် ခဲ့ကြ တဲ့ အချိန်တွေ ...။ ခေတ်စမ်း စာပေ..မြန်မာစာသစ် ဆိုတာကို ဖော်ထုတ် ပြ ခဲ့တဲ့ ကာလတွေ။

ပြန်ကြည့်တော့...မြန်မာ့ သမိုင်း.. မြန်မာ့ စာပေ မှာ အမွန်အမြတ်ထား.. ကျော်ကြား ထင်ရှား ခဲ့တဲ့ လူတွေ အတော်များများ ကို လည်း .. အဲဒီ တက္ကသိုလ်ကြီး ကပဲ..မျိုးစေ့ ချ ပေး ခဲ့ တာပင်.. ။ အဲဒီ တုန်းက.. တက္ကသိုလ် တကျောင်းလုံးမှ ကျောင်းသား ထောင်ဂဏန်း လောက်သာ ရှိတယ် လို့ဆိုတော့.. ဘိုကပြားတွေ... နိုင်ငံခြားကျောင်းသား တွေ ဖယ် လိုက် ရင်... ဗမာ ကျောင်းသား အုပ်စု ဆိုတာ.. ရှိလှမှ.. အခုခေတ်..မေဂျာ တန်း တခု စာ လောက် သာ ရှိပေ လိမ့်မည်.. ။ သင်ယူ တဲ့ ဘာသာ ရပ် တွေ တူတာ မတူတာ အပထား.. တယောက် နဲ့ တယောက် မျက်မှန်းတန်း မိကြ... ကျောင်းဆောင် တွေ တူကြ.. လှုပ်ရှား မူတွေ မှာ..စု မိ ကြ နဲ့...ဘယ်လောက် အားရ စရာ ကောင်း ခဲ့ မလဲ နော်။ ဆရာကြီး မြကေတု စာ အုပ်ထဲ မှာ ဆို..သမဂ္ဂ မဂ္ဂဇင်း (အိုးဝေ) အယ်ဒီတာ သခင် အောင်ဆန်းက..စလို့...ငရဲခွေးကြီး လွတ်နေတဲ့ ညိုမြ.. သိန်းဖေမြင့်…ဒဂုန်တာရာ..မင်းသုဝဏ်.. သိပ္ပံ မောင်ဝ.. ဇော်ဂျီ... မောင်ထင်.. မန်းတင်.. ထင်ကြီး.. တို့ အလယ်...ကျောင်းသုံး မြန်မာစာ ဖတ်စာအုပ်တွေမှာ..သင်ယူ ခဲ့ ရဖူးတဲ့.. ကဗျာ..စကားပြေ တွေ ရဲ့ စာဆိုတွေ ဖြစ်တဲ့..ကုသ ..မောင်အာယု.. ခင်လေးမောင်.. ခင်စောမူ တို့ အဆုံး... အားလုံး က.. အဲဒီ တ ခေတ် တချိန် ထဲမှာ.. ခင်မင် သိကျွမ်း ပတ်သတ် နေကြတဲ့ .. တရွာတည်း ပေါက် မြကျွန်းညို သားတွေ...။ သူရေး တဲ့ အထဲမှာ...အင်းလျားသူ...မြမဉ္ဇူ ( လူထု ဒေါ်အမာ) မအုန်း (M.A ဒေါ်အုန်း) .. ဒေါ်ရီကြိန် ...တို့ နာမည် တွေကို ...ရင်းရင်းနှီးနှီး ထဲ့သွင်း ရေးသား ထား သေးသည်။ အဲဒီ တုန်းကတော့... ရတနာ တို့ ဘာတို့ မပေါ်သေးတော့... အင်းလျား သည်သာ... တပင်တိုင် မြနန်း ဖြစ် နေ ခဲ့လိမ့် မည် ထင်သည်။

အိုးဝေ ဦးညိုမြ စပ်ခဲ့တဲ့... ရှားရှားပါးပါး..အပျော် ကဗျာ လေး တပုဒ်ကို ပဲ..ကြည့်အုံး..။


အင်းလျား


အင်းလျားကပြန်၊

မြားမှန်သူ မောင်ညိုမြကိုလ၊ကယ်ကြပါဦး။

သည်ဘဝကိုဖြင့် သည်မျှ တန်ပါပြီလို့၊

မာန်ဖီကာ အားကုန်တင်းသော်လည်း၊

(ကိုကြီးဇော်ရေ) ငြင်းလျက်နဲ့ရှုံး။


မောင်ညိုမြ (အိုးဝေညိုမြ)

၁၉၃၆ ဒီဇင်ဘာလ၊ စာဆိုတော်မဂ္ဂဇင်း

( ရွှေဝါမြေ ဘလော့က..တွေ့ပါသည်)


ဆရာကြီး မြကေတု တောင်..အသက် ၇၀ ဆယ်ကျော် ရောက်မှ .. ရေးခဲ့တာ ဆို ပေမဲ့ လို့.. အကြောင်းအရာ အရေးအသားတွေက..နူပျို လတ်ဆတ် နေသည်။ ကိုယ်တိုင် တောင်..စာအုပ် အဖုံးပေါ်က.. ဒေါက်ရှာ ဆံထုံး..ပိတ်ရင်ဖုံး နဲ့ ကိုလိုနီ ခေတ် တကသိုလ် ကျောင်းသူ ပြန်ဖြစ်သွား မိသေးသည်။ တကယ်တော့..တက္ကသိုလ် နေ့ရက်တွေ ဆိုတာမျိုးက.. ငယ်ရွယ် နုပျိုမူ တွေ နဲ့..ထွေးဖက် ခဲ့ကြတာမို့...ဘယ်အချိန် ပြန်ဖတ်ဖတ်.. ဘယ်သူ့အတွက် မဆို..ဘယ်အရွယ် အတွက် မဆို..အမြဲ နုပျို လန်းဆတ် လို့ နေတာပါပဲလေ။ ပျော်ရွှင် ရယ်မြူးဖွယ်ရာ.. တက္ကသိုလ် ကျောင်းသား ဘ၀ ကမောက်ကမ တွေ နောက်မှာတော့... ၀ံသာနု အရေး.. လွတ်လပ်ရေး ကြိုးပမ်းမူ တွေ..။ ၁၉ ၃၆ နဲ့ ၁၉ ၃၈ ကျောင်းသား သပိတ် တွေ...။ နောက်တော့... ဒုတိယ ကမ္ဘာစစ်ကြီး.. ရောက်လာ ခဲ့သည် ။

လွတ်လပ်ရေး ရပြီးစ... ရန်ကုန် တက္ကသိုလ်ကြီး...ရဲ့ အကြောင်း တွေ ကို လည်း.. သူ့ခေတ် သူ့အခါ အလိုက်.. အမျိုးမျိုး ရေးသား ဖွဲ့နွဲ့ လွမ်းဆွတ် ခဲ့ ကြတာ တွေ ဖတ် ဘူး ခဲ့ပြီ ။ ဆယ်စု နှစ်တွေ.. တထစ် ပြီး တထစ် ကျော် ဖြတ် ရင်း…လွတ်လပ် ပွင့်လင်း လာတဲ့.. ပါလီမန် ဒီမိုကရေစီ ခေတ် ရန်ကုန် တက္ကသိုလ်ကြီး... ။ ကိုလိုနီ လက် အောက်က..ရုန်းထွက် လွတ်မြောက် နိုင် ခဲ့ ပြီးမှ... အာဏာရှင် သေနတ် ပြောင်းဝ အောက် ပြန်ရောက်ခဲ့ ရတဲ့... ၆၂ ဆဲဗင်း ဇူလိုင် အလွန်... ရန်ကုန် တက္ကသိုလ်ကြီး...။ ဇူလိုင် ၀ိညဉ် တွေ... အဖန် ဖန် ပြန် နိုးထ ခဲ့တဲ့... ဦးသန့် လှုပ်ရှားမူ တက္ကသိုလ်ကြီး... မှိုင်းရာပြည့်.. တက္ကသိုလ်ကြီး... ရှစ်လေးလုံး တက္ကသိုလ်ကြီး... ။

-
အဲဒီလို သမိုင်းတွေ ဒင်းကြမ်း အပြည့် သယ်ဆောင်လာတဲ့ .. ရန်ကုန် တက္ကသိုလ် ကြီးရဲ့ စိန်ရတု ခရီးရှည် ကြီး ကို.. ဘယ်လို များ ဖော်ကျူး ကျင်းပ လေ မလဲ ဆိုတာကို.. လူတော်တော်များများ က .. စိတ်ဝင် စား နေ ခဲ့ ကြသည်။ အဲဒီ အချိန် က.. ဘုန်းတန်းခိုး အာဏာ တောက်ပ နေ တဲ့.. ပညာ ကျန်းမာ ကို တာဝန်ယူ ထားတဲ့..ဗိုလ်ချုပ်ကြီး ခင်ညွန့်က..ရန်ကုန် တက္ကသိုလ် စိန်ရတု ကြီးကို.. အကြီးအကျယ် တာဝန်ယူ ဦးဆောင် ကျင်းပဖို့ ပြင်ဆင် နေပြီး စိန်ရတု ခန်းမ ကြီးကို လဲ.. တနှစ် အတွင်း..အပြီး ဆောက်ဖို့ လမ်းညွှန်ချက်တွေ ပေးနေတာ.. သတင်း တွေမှာ.. မြင် နေ ကြားနေ ရ ပြီ။ ဗိုလ်ချုပ် ခင်ညွန့် ကျောင်းမပြီးပဲ တနှစ် ကျော် လောက် နေသွား ခဲ့ ဘူးတဲ့..ပဲခူးဆောင် ကြီး လည်း.. နေ့ချင်း ညချင်း ကိုယ်ရောင် ကိုယ်ဝါ တွေ တောက်ပ လာ သည်။ လွတ်လပ်ရေး ဗိသုကာ ကြီး ဖြစ်လာမဲ့.. မောင်အောင်ဆန်း နေခဲ့တဲ့..ပဲခူး ဆောင် မဟုတ် တော့ပဲ… ပညာကျန်းမာ ဥက္ကဌ ကြီး ဖြစ်လာမဲ့..မောင်ခင်ညွန့် နေခဲ့တဲ့..ပဲခူးဆောင် ကြီး ဖြစ် သွား ခဲ့ သည်။
တချိန် ထဲမှာပဲ… သပိတ်မှောက် ကျောင်းသူ တွေ နေ ခဲ့တဲ့.. အင်းလျားဟောလ် ကြီး ကလည်း.. ဗိုလ်ချုပ် ခင်ညွန့် ကတော်..ဒေါက်တာ ခင်ဝင်းရွှေ နေခဲ့ဖူး တဲ့.. အင်းလျားဆောင် ကြီး ဖြစ်သွား သည်။

-

အဆောင် အသီးသီး က.. ကျောင်းသား ကျောင်းသူ ဟောင်း တွေ.. ပြန်လည် ချိတ်ဆက်ကြသည်..။ အာဏာ ရှိသူ.. ရာထူး ရှိသူ.. နာမည်ကျော်သူ.. ငွေကြေး တတ်နိုင်သူ များ..အပါအ၀င်.. တက္ကသိုလ်ကြီးမှာ ခိုလှုံခဲ့ ဖူး သူ အပေါင်း.. ပြန်လည် တွေ့ဆုံ ကြသည်။ စည်းဝေးကြသည်.. စိန်ရတု မဂ္ဂဇင်းတွေ ထုတ်ဖို့.. အမှတ်တရ သစ်ပင် တွေ စိုက်ဖို့.. မိတ်ဆုံစားပွဲ တွေ လုပ်ဖို့..ဓါတ်ပုံပြပွဲ တွေ လုပ်ဖို့.. မျိုးဆက်သစ် တွေကို သြ၀ါဒ ချွေဖို့… စုံလို့..စုံလို့..။
-

တရက် ..အိမ်မှာ.. ဖေဖေ့ ကို… ဒဂုန်ဆောင် သူငယ်ချင်းဟောင်း တွေ လာခေါ် တော့..“ သမိုင်း အမှန်တွေ ဖော်ထုတ် ခွင့် မရတဲ့.. စာစောင်တွေ ဘာလို့ ထုတ်မလဲ... ဟန်ဆောင် ပန်ဆောင် ပွဲ တွေ.. စိတ် မ၀င်စား ဘူးကွ… ငါ ကတော့..စိန်ရတု ကို သပိတ်မှောက် တယ်…” လို့ ခပ်ပြတ်ပြတ် ဂွကျကျ ပြော လွှတ် လိုက် သည်။
-

အဆောင် ပြန်ရောက် တော့.. မမမြက.. “ ဒီနှစ် ဒင်နာ ကို အကြီးအကျယ် လုပ်မယ်.. ကျောင်းသူ ဟောင်းကြီးတွေ အများကြီး လာကြမယ်…” လို့ ရိုးကောလ် မှာ ပြောသည်။ ရုံးခန်းထဲ သွားတော့ လည်း..

ညည်းတို့တော့.. တကယ့် စိန်ရတု ကြီး ကပ် လွတ်တော့မှာ ပေါ့…ဒါပေမဲ့..ခုကတည်းက.. အကြိုပြင်ဆင် မူ တွေ လုပ်ရမယ်..ဒီနှစ် အဆောင်မှာ…ပွဲတွေ လှုပ်ရှားမူ တွေ များများ လုပ်မယ်.. မမရွှေ လည်း..ခဏ ခဏ လာလိမ့်မယ်.. စည်းကမ်း ရှိရှိ နေကြ.. ” လို့ ဆို လေ သည်။
-

သူကတော့..ထုံးစံ အတိုင်း..ခေါင်းထဲ သိပ်မထဲ့.. ပြောင်ချော် ကပျက် လုပ်ချင် စိတ် သာ ရှိ သည်။ သပိတ် မှောက် ရအောင် လည်း.. သပိတ်က ဘယ်နေမှန်း မသိ။ စိန်ရတု..မတုချင်ကာ မှ နေရော.. နောက်ဆုံးနှစ် ဒင်နာ ကိုတော့.. ကောင်းကောင်း နွှဲရမယ် လို့သာ ခပ်ပေါ့ပေါ့ တွေးမိသည်။ တကယ်လည်း အဲဒီ နှစ်က.. မမမြ..ပွဲတွေ တအား လုပ်သည်။ အဆောင်ကို ဧည့်သည် တွေ ခဏ ခဏ လာသည်။

-
မမမြ ပြောတဲ့.. “မမရွှေ” တော့.. မသိ..အဲဒီ နှစ်က..အဆောင်မှာ... စိုစိုပြေပြေ.. ခန့်ခန့်ညားညား အမျိုးသမီး ကြီးတွေ.. အ၀င်အထွက် အတော် များ ခဲ့သည်။ ဓါတ်ပုံ ပြပွဲ အတွက်.. ဓါတ်ပုံတွေ ကြိုတင် စုဆောင်း တာ လို့ တော့ ပြောသည်။ အဲဒီ အချိန် ကျတော့.. စာမေးပွဲ လည်း နီးပြီ မို့.. သူတို့လည်း..ကိုယ့် အာရုံ နဲ့ကိုယ် စိတ်မ၀င် စား နိုင်တော့…။

-
ဘာပဲပြောပြော...မမမြ ကျေးဇူးတွေ ကတော့.. မနည်း ပါ.. ။ သူပဲ မို့..လုပ်လည်း လုပ်နိုင်သည်။ ဂုဏ်လည်း ယူ တတ်သည်။ မင်းကွန်း ဆရာတော်ကြီး..ပျံလွန်တော် မမူခင်လေးတင် ပဲ.. အဆောင်ကို မရမက ဖိတ် ပြီး ဆွမ်းကပ် လို့.. ရှားရှားပါးပါး သူတို့ ဖူး လိုက်ရသည်။ ဝေးဝေးလံလံ ရှမ်းပြည်က ...ကုံလုံ ဆရာတော်ကြီး ကိုလည်း..မမမြ ကျေးဇူးနဲ့..ဖူးခဲ့ ရသည်။ မမမြ ကိုးကွယ် တဲ့… ချောင်းဝ ဆရာ တော် ကြီး လည်း..အဆောင်ကို ခဏခဏ လာသည်။ တည ဆို.. သူတို့လည်း ပျင်းပျင်း နဲ့ ရှိနေတုန်း... “ချောင်းဝ ကျောင်းကို သွားမယ်.. ဘယ်သူ တွေ လိုက်မလဲ ”..လို့ အောက်ထပ် ရုံးခန်းရှေ့က.. အတွင်းရေးမှူး မမိုးဝါ အော်သံ ကြားတာနဲ့ .. ရုံးခန်း နဲ့ နီးတဲ့..သူတို့ တသိုက်..“ ပျင်းတယ်ဟာ..ညဖက် ကား လိုက် စီး ကြမယ်” ဆိုပြီး..တပျော် တပါး လိုက်သွား ဘူးသည်။ ဆရာတော် ဖူး ရတာ..ကုသိုလ် ရမရ တော့..မသိ.. အတော် ထူးထူးဆန်းဆန်း တွေ တော့ မြင်ခဲ့ ရသည်။ မင်းသား မင်းသမီး တွေ ကိုးကွယ်ကြတဲ့..ဘုန်းကြီး ကျောင်းမို့ ထင်သည်။ မင်းသား မင်းသမီး ပုံတွေ ချိတ်ထားတာ လည်း တွေ့ခဲ့ ရသည်။ ဆရာတော်ကြီး ပြတဲ့ .. သူ့မွေးနေ့ အတွက်.. ယိုးဒယားက.. ဒကာမ တယောက်.. ထိုင်း အဲဝေး နဲ့ ပို့ပေးလိုက်တာ ဆိုတဲ့ .. တခန်းလုံးပြည့် နေတဲ့.. သစ်ခွ ပန်းတွေ လည်း မြင်ခဲ့ ရသည်။ အဆောင် ဒင်နာ မှာ ပြမဲ့..အငြိမ့် ကိုတောင်.. ချောင်းဝ ဆရာတော်ကြီး ကြည့်ဖို့..ဘုရားခန်းထဲမှာ.. သီးသန့် ဖျော်ဖြေ ကြ ရသေးသည်။
-

အင်းလျား အကြောင်းတွေ သူရေး နေတယ် ဆိုတော့.. သူ့အမ ( မယု) က တောင်.. မမမြ အကြောင်း.. စာတပုဒ်မှာ..လွမ်းဆွတ် သတိရ ရင်း.. မှတ်ချက် ပေးလာ လေ သည်။

-
“နင့်စာတွေ ဖတ်ရင်း မမမြရဲ့ ကျေးဇူးတွေကို လွမ်းမိ ပါရဲ့။ အင်းလျားက မမမြရဲ့ ဦးဆောင်မှုနဲ့ လှုပ် ရှား တက်ကြွမှု တွေ အပြည့် ရှိနေချိန်မှာ တို့ ရတနာကြီး ကတော့ အပျိုကြီး တကိုယ်တည်း။ ရတနာ ရောက်စက နေတောင် မနေတတ်။ အင်ကြင်း တုန်းက မမမြ လက်အောက်မှာ မောင်နှမဆောင် ခပေါင်းနဲ့ တတွဲတွဲ ဒင်နာတွေ ဘုရားကိုးဆူ အပြန်အလှန် သွားကြ ကဲကြ။ ပင်းယဆောင်နဲ့ တောင် မောင်နှမ ၀မ်းကွဲဆောင် လှမ်းတော်ပြီး ကို++++ တို့တွေ ညနေတိုင်း အင်ကြင်းမှာ လာပြီး ဘက်စကတ် ဘော ဆော့ကြ ကစားကြ။ မမမြရဲ့ ကွန်ထရိုး အောက်မှာ ငှက်ပျောသီး ဆနွင်းမကင်း တဗန်းနဲ့ ပွဲလယ် တင့်ခဲ့တာတွေ လွမ်းမိပါရဲ့..။ IR က မိန်းမတွေ နိုင်ငံတကာ နဲ့ မဆက်ဆံ တတ်ခင် ကျောင်းသား ရေးရာ သွားပြီး အဆောင်ဆန် ကောင်းကောင်း ပေးဖို့ နိုဆီခွဲတမ်း ပိုရအောင် ပြောတတ်ဖို့ သင်ပေးခဲ့ တာတွေ … နံရံကပ် စာစောင် လုပ်ဖို့ ဆရာ ဦးခင်မောင်ညို(ဘောဂ)ကို ဘယ်လို အပူကပ်ဖို့ သင်တာတွေက ခုတော့ လူ့ဘ၀ကြီး ထဲမှာ ပေါင်းတတ် သင်းတတ် နေတတ်အောင် ကျင့်ပေး ခဲ့တာပဲ။ မမမြကို ကျေးဇူး အပြည့်နဲ့ လွမ်းမိပါရဲ့…” တဲ့။

-
ဟုတ်တော့ ဟုတ်တယ်။ လူမှန် နေရာမှန် လို့ပဲ ပြောရမလား..ဘာပဲ ပြောပြော.. မမမြ က... cheer leader ကောင်း တယောက်.. အဆောင်မှူး ကောင်း တယောက်ပါပဲ။ အခမ်းအနား တွေ ရှိတိုင်း..ကျောင်းသူ တွေကို.. သင့်တော်သလို.. နေရာထား သင်ကြားပေး တတ်တာ။

-
ကိုယ်တိုင် တောင်.. စာအုပ်တွေ ထဲက လို.. ကြီးကြီးကျယ်ကျယ် သာ.. လျှောက် တွေး နေ တတ် တာ.. လက်တွေ့ကျတော့.. မယု တို့လို လည်း..သွက်သွက် လက်လက် မရှိ... မမိုးဝါ တို့လို လူအမြင်ကပ် ခံပြီး.. ရှေ့ထွက် ရဲ တာ လဲ မဟုတ်... မမမြ လို.. အဆောင်မှူးကြီး အဖြစ် နဲ့.. ပွဲတွေ လမ်း တွေ တာဝန် ခံ လုပ်ဖို့ များ ဆို...ဝေး..ဝေး..ဝေးပါ့။


အေးလေ...လူတိုင်း က..နေရာတိုင်း အတွက် တော့...မသင့်တော် နိုင်ဘူးလေ.. ဟုတ်တယ် မဟုတ်လား...။
နေပါအုံး.. အင်းလျားဆောင် ပုံ တွေ ရှာ ရင်း..သူ့အတွေး တွေ ဘယ် ရောက်ကုန် မှန်း တောင် မသိ...။

ဟောဒီ က ပုံတပုံ က တော့.. အင်းလျား ရဲ့ အလယ် ကွင်းပြင် ကြီး ကို နဲနဲ မြင်သာ မယ် ထင်သည်။





ညဖက် ဆိုတော့.. မှောင်နေပြန် သည်။ အဲဒါ ..ဒင်နာ ည ကြီးလေ...။ ဒါတောင်..ဒီလိုပုံလေး တွေ ရဖို့.. သူတို့ တွေ.. မနဲ စိတ်ရှည် သီးခံ ပြီး စောင့် ရိုက်ရတာ။ . ခုလို.. ဒစ်ဂျစ်တယ် ကင်မရာ တွေ.. ဟန်းဖုံး ကင်မရာ တွေ ပေါလို့ ကတော့..ဘာပြော မလဲ..။ အဲဒီ တုန်းက.. တကျောင်းလုံးမှာ.. မိန်းမ ဆောင်တွေ ထဲ ၀င်ပြီး.. ဓါတ်ပုံ ရိုက် တဲ့.. ဓါတ်ပုံဆရာမ .. ဆိုလို့.. တက္ကသိုလ် ဟန်စုယဉ် ဆိုတဲ့.. အမ ကြီး တယောက်ပဲ ရှိ တယ်။ သူ့ပုံက.. ဆံပင်တိုတို.. ရှုတည်တည်.. ယောက်ကျား ဆန်ဆန် နဲ့....အပြောက သိပ်ချိုတာ မဟုတ်။ သူ့ခေတ် ကိုး။ သူ မို့.. အဆောင်မှာ ပွဲ တခုခု ရှိ လို့..ည လာအိပ်ပြီ ဆို.. အစောကြီး ထဲက.. သွား မှာ ထား ရတယ်..ဘယ်အခန်းမှာ..အုပ်စုပုံ အလှပုံ ရိုက်ချင်ပါ တယ်ပေါ့..။ သူ မလာ မချင်း.. သူငယ်ချင်းတွေ.. နှုတ်ခမ်းနီ တွေ ဆိုးလိုက်..ဖျက်လိုက်.. ဆံပင်တွေ ဖြီးလိုက်.. အကျီ င်္ တွေ တထည်ပြီး တထည် လဲ လိုက် နဲ့.. ထိုင် စောင့် ရတာ။ အခု ဒီပုံလေး တောင်.. မှတ်မှတ် ရရ.. ဒင်နာ ကြီး တခုလုံး ပြီးမှ..လူတွေ တော်တော်များများ..ရှင်းကုန် တော့မှ .. ညဖက် ၂ နာရီ လောက် ကြီး ဆင်းရိုက် ရတာ ။
-

အဲဒီ အလယ်ကွင်းပြင် ကြီးက တော်တော် လေး ကျယ် သည်။ လူပေါင်း သုံး လေး ရာ ကို ဒင်နာ ခင်း နိုင် တယ် ဆိုတော့.. မှန်းသာ ကြည့်တော့..။ ဒင်နာ အတွက် စင်ထိုးရင် အမြဲလို..လက်ယာဖက် တောင်ပံ မှာ နောက်ခံ ပြီး ထိုးလေ့ ရှိ သည်။ အဲဒီ လို ရက်မျိုးတွေ ဆို.. အဆောင်မှာ.. သီချင်း တိုက်ပေးတဲ့.. ဂစ်တာ သမားတွေ.. အငြိမ့် ဆရာတွေ.. နောက်ခံ စာလုံး ကပ်ပေး တဲ့ လူတွေ.. တီးဝိုင်း ဆရာ တွေ... နဲ့ စည်ကား နေတတ် သည်။ တခြား အချိန် တွေ မှာတော့.. မမမြ အဖေကြီး ရယ်.. မာလီ ဦးအေးကို ရယ်...အဆောင်စောင့် ခြေမြန်တော် ကုလားလေး ဦးတင်ရွှေ ရယ်..တခါတလေ.. ထမင်းစားဆောင်က..ဘဦးမောင်လေး ရယ်က လွဲလို့.... အဘယ် ပုရိသ မှ ၀င်ခွင့် ရှိတာ မဟုတ်။

ဟောဒီ ပုံ ကတော့..သူ့အတွက် အမှတ်တရ အဖြစ်ဆုံး.. ဘူမိ နက်သန် အခန်း ၄၆ က..ပုံလေးပေါ့။





ဓါတ်ပုံ ရိုက် ဖို့..ရှင်းလင်း ထားလို့ လားတော့ မသိ.. စားပွဲ ပေါ်မှာ..စာအုပ် တွေ သိပ်မရှိ။ ရှေ့မှာ ချပြီး..ဖတ်ချင် ဟန် ဆောင် နေတဲ့..စာအုပ် က ခရစ်စတိုဖာ လက်ဆောင် ပေးတဲ့.. The Practical Geologist ဆိုတဲ့.. အရောင်စုံ စုံ.. အရုပ်များများ နဲ့ နိုင်ငံခြား ဖြစ် မူရင်း စာအုပ် တအုပ်။ အင်းဝ စာအုပ်ဆိုင် က..၀ယ်တယ် လို့ ပြောတာတော့.. မှတ်မိ နေသည်။ ယွန်းပန်းချီ ကားချပ်လေး နဲ့.. ယွန်းဆွမ်းအုပ်...ယွန်းဇီးကွက်ကလေး တွေ ရှိ နေပြီ ဆိုတော့... ပုဂံ ပစ်ကနစ် ခရီးက.. ပြန်ရောက် ပြီး ဖြစ်မည်.။ အဲဒီ ယွန်းပန်းချီ ကားချပ် လေးက.. ဟသာင်္တ အသင်း က လုပ်တဲ့.. ပုဂံ ခရီးစဉ် ကို လိုက်သွားရင်း.. လက်ဆောင်လဲ ခဲ့ တာ..။ ပြောရရင် တော့..ပုဂံ ခရီး ကလဲ..အမှတ် ရ စရာ ပါပဲလေ...။

ပန်းအိုးလေး ထဲက ..နှင်းပန်းလေး တွေ ကတော့..အင်းလျားသူ တွေ အတွက် သိပ်မဆန်းလှ..။ ရိုးကောလ် ပြီးလို့.. အခန်းပေါ် ပြန်တက် ရင်း ... အင်းလျားဆောင် အလယ် လမ်းမ ကြီး ရဲ့ တဖက် တချက် မှာ..ရှိတဲ့.. နှင်းပန်း အဖြူလေး တွေ ကို ခူး တတ်ကြတာ..သူ တယောက်ထဲ မဟုတ်..အဆောင်သူတိုင်း လိုလို.. ။ စားပွဲ တင် နာရီ ပေါ်က.. ဆံပင် ရွှေ ရောင် နဲ့ ကော်ပတ် ရုပ်ကလေး က..ဖတ်တီး ပေး တဲ့ လက်ဆောင်..။

နံရံမှာ ကပ်ထား တာက..“အကယ်၍” ဆိုတဲ့ ကဗျာ စာရွက် ကလေး..။
“သမီး ကေ ...ရှေ့ဆက်ရမဲ့..ဘ၀ မှာ..အားယူ နိုင်ဖို့..” လို့ သမီး တယောက်စီ ကို နာမည်တပ်ပြီး.. လက်ရေး နဲ့ ဆိုင်းထိုး ပေးထား တဲ့ ဖေဖေ့ ရဲ့လက်ဆောင်...။ Kipling ရဲ့ IF ကဗျာ..ကို ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန် ထား ပြီး.. အဖွဲ့ချုပ်က ထုတ်တဲ့.. စာမူခွင့်ပြုချက်ပါ.. ပုံနှိပ် ကဗျာ စာအုပ် ပါးပါးလေး ကို တရွက်ချင်း ဖြုတ်ပြီး ကပ် ထားတာ ။ အခုတော့...အဲဒီ အခန်းလေး ထဲက..အရိပ်တွေ အားလုံး.. အတိတ်မှာ ကျန်ခဲ့သလို.. တိုတောင်းလှ တဲ့.. လွတ်လပ် အပျံသင် ချိန် တွေ.. ပြီးဆုံး ခဲ့ပြီ...။ လက်ဆောင် ပစ္စည်း တွေ လည်း..တခု မှ သူ့ဆီမှာ ရှိ မနေတော့...။

သူ့ဆီ မှာ ကျန်နေ သေးတာ ဆိုလို့... ဒီ ဓါတ်ပုံ လေး ထဲက..ပုံရိပ် ငယ် ရယ်..။

“အကယ်၍....
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် ....”

လို့.. တခါ တခါ ရွတ်ဆို ကြည့် ဖြစ် နေသေး တဲ့.. “ အကယ်၍” ကဗျာ ထဲက.. ကဗျာ ပိုဒ် တချို့ ရယ် ..။
တက္ကသိုလ်ကြီး ရဲ့ ရင်ခွင်ထဲက..ထွက်ကျ လာတဲ့..ဟိုတုန်းက..သီချင်းလေး တွေ ရယ်..။
ပြီးတော့... သတိရလွမ်းဆွတ်ဘွယ်… အတိတ် ငယ်လေး တွေ များစွာရယ် ပေါ့..။

(ဆက်ရန်)-


( မြကေတု ရဲ့ နှောင်းခေတ် တက္ကသိုလ် မှတ်တမ်း စာအုပ် ၀ယ်ပို့ပေးတဲ့..ညီမ မကြေးမုံ ကို ကျေးဇူးတင်လျက်-)


Share/Bookmark

အားနာတယ်


ပြည်တော်ပြန် သီဟာသန
အမျိုးသား ပြတိုက်မှာ တင့်တယ် နေတော့
မဟာမြတ်မုနိကို
အားနာတယ်။
-
ရတနာဂီရိက
သီပေါဘုရင်ရဲ့ နှလုံးသားကို တူးဆွရင်း

ဘ၀ရဲ့ နေညိုညိုဆည်းဆာအိုမှာ
ဇာတိမြေကိုလွမ်းဆွတ်ရှာမဲ့
မနူဟာကို
အားနာတယ်။

-
ကမ္ဘောဇသာဒီနန်းတော်ရာကြီး
ခေါင်းဖီးပန်းပန်၊သနပ်ခါးလိမ်းကျံပြီး
ဝတ်လဲတော်သစ်နဲ့ရှုမငြီးတော့
နသားပါရ မုဒိန်းကျင့်ခံရတဲ့
သူ့ ညီအမ
ကမ္ဘောဇက ဟော်နန်းအိုရေ
အားနာတယ်။

-
စစ်ဘီလူးတွေရဲ့ ပန်းဦးချွေ ပွဲထဲ

ကျေမွ ညိုးနွမ်းရခြင်း အတူတူ
ကျောရင်မတူ ကွဲပြား
ဒါတွေကို အားနာတယ်။

-
အားနာစရာတွေများလွန်းတော့
အားနာရမှာတောင်

အားနာမိတော့ တယ်။ ။

(နီဇူလိုင်)


Share/Bookmark

နောက်ကြည့်မှန် ၀ယ်ယူလိုသူများအတွက်..

ကျမရဲ့ chat box ထဲမှာ ပြောသွားတဲ့..သတင်း ကို ပြန် မျှဝေ ပေးပါတယ်။ စာအုပ် ၀ယ်ယူလိုသူများ.. အဆင်ပြေကြမယ် ထင်ပါတယ်။

++++++++++++++++++

ကိုင်းကိုနိုင် ရဲ့ နောက်ကြည့်မှန် ၀တ္ထုစာအုပ် ၀ယ်ယူ အားပေး လိုသူများ ခင်ဗျား.....


အမေရိကန် နိုင်ငံတွင် ကိုအောင်(USCB)၊ မိုးမခ၊

ဂျပန်နိုင်ငံတွင် ဖုန်းမြင့်ထွန်း(အေအေပီပီ)။ ကိုဝင်းအောင်

တောင်ကိုရီယားတွင် ကိုနေထွန်းနိုင်(အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ)။

စင်ကာပူနိုင်ငံတွင် မမြတ်မြတ်မိုး Blk 445, #02-179, Clementi Ave 3, Singapore
120445

တို့တွင် ၀ယ်ယူ အားပေး နိုင်ပါတယ် ခင်ဗျား။ အခြား နိုင်များရဲ့ လိပ်စာ ကိုလည်း ဆက်လက် အကြောင်းကြားပါမယ်။အေအေပီပီ ကို တိုက်ရိုက် မှာယူမယ်ဆိုရင် စာတိုက်ခ အပါအ၀င် အမေရိကန် ၁၀ ဒေါ်လာနဲ့ မှာကြားနိုင်ပါတယ်။

info@aappb.org



Share/Bookmark

မျက်ကွယ်ထောင့်ကို ခေါင်းငဲ့ကြည့်ခြင်း



သူ မျှော် နေတဲ့.. စာအုပ်ကလေးက.. ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ.. ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ ခဲ့ပြီ။
အမ ကို မှာမဲ့သာ မှာရတာ.. အားတော့ နာသား..။ သူ့မှာလဲ..ဟိုလူမှာ..ဒီလူမှာ ဖြစ်နေ ရင်တော့..အကုန်အကျ များမှာ စိုးတာပါ။ ပြီးခဲ့တဲ့.. အောက်တိုဘာ ၁၉ ရက်နေ့ ကတည်းက.. ၄၇ နှစ်မြောက် မွေးနေ့ အတွက် အမှတ်တရ ထုတ်ဝေ လိုက်တဲ့..မင်းကိုနိုင် ရဲ့ စာအုပ်လေးကို အရမ်း ဖတ်ကြည့်ချင် စိတ်ဝင်စား နေခဲ့တာ။ ပို စိတ်ဝင်စား စေ ခဲ့တာက… ရသ ဖွဲ့ အချစ် ဇတ်လမ်းလေး တခုကို အခြေခံ ထား သတဲ့…။

မင်းကိုနိုင် ကို.. တော်လှန်ရေး သမားမို့လို့..နိုင်ငံရေး သမား ပီသဖို့…ဆိုပြီး.. အချစ် ဇတ်လမ်း တခု က နေ.. ဝေးဝေး ခွာကြည့် ချင်တယ် ဆိုရင်တော့.. သဘာဝ တရား တခု ကို အတိအကျ လွဲချော် ခြင်းသာ ဖြစ်ပေလိမ့်မည်။

နောက်ကြည့်မှန် ဆိုတဲ့..စာအုပ် အညိုလေး ကို ကြောင်တကြောင် ကြွက်မိ ထားသလို.. မစားရက်.. စားရက်.. မဖတ်ရက်.. ဖတ်ရက်...အပြန်ပြန် အလှန်လှန် ကြည့်ရင်း.. မျက်နှာဖုံး သရုပ်ဖော်ပုံ ကို သဘောကျ နေမိသည်။ ကားတစီး ရှေ့ဆက်မောင်းဖို့.. နောက်ကြည့်မှန် တချပ်..ဒါမှ မဟုတ်.. နှစ် ချပ် .. ဒီ့အပြင် ကြည့်ချင်သေးရင် သုံးချပ် ထိ တောင် ကြည့်ဖို့ လို သည်ပဲ။ ဒီစာအုပ် အဖုံး က..ကား မှန် လေးချပ်မှာတော့..ရန်ကုန် တက္ကသိုလ်ကြီးရယ်.. ရှစ်လေးလုံး အရေးတော်ပုံ ကြီးရယ်.. ဒီရှစ်လေးလုံး အရေးတော်ပုံကြီးကို သွေးစွန်းစေခဲ့တဲ့..သေနတ်ကိုင် လူတစုရယ်.. နောက်ပြီးတော့.. ချစ်ခြင်း တရား ရယ်။ ကား နောက်ကြည့်မှန် လေး ခု ထဲက.. ပေါ် နေတဲ့.. အတိတ် တွေ..အရိပ်တွေက.. အဓိပ္ပါယ် ပါလှသည်။ သူကတော့ အဆန်းထွင် တွေးချင်သေးသည်။ ကားမောင်းရင်.. နောက်ကြည့်မှန် နဲ့ တင် လုံလောက် လို့လား.. Blind spot ဆိုတာကို.. ခေါင်းပြန် လှည့်ပြီး..ကြည့်ရ သေးသည် မဟုတ်လား။ ရှိနေတတ်တဲ့ မျက်ကွယ်ထောင့် တွေ ကို ခေါင်းကျော် ကြည့် ဖို့..အမြဲ သတိ ထား နေရ တတ်သည် လေ။

မင်းကိုနိုင် ကို လူတိုင်း လို သိနေကြပေမဲ့… သူ့ဆီက..စကားသံ တွေက တော့.. ကြားရ ခဲ လှသည်။ သွားလာ လှုပ်ရှား နေတဲ့..သူ့ကို မြင် ရ တွေ့ရ တာ.. အနှစ် ၂၀ ကျော် ဆိုတဲ့ ကာလ တလျှောက်လုံး ထဲမှာ.. ဘယ်နှယ် ရက်စာ လောက်များ.. ရှိခဲ့ ဖူး သလဲ…။ တကယ့် မှ.. ရှားပါး လှ တဲ့..ပုံရိပ် တွေ…။ အသံ တွေ..။ ခံစားချက်တွေ။ အထူးသဖြင့်..သူ့ရဲ့ အချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက် တွေကို..လူ တွေ စိတ်ဝင်တစား ရှိ လှတာ..ဘာလို့ လဲ မသိ။ သူ့ရဲ့.. ဇတ်ဟန်ပါတဲ့.. အပြောအဆို တွေ ကြောင့်လား ။  ရဲရင့် တည်ကြည်တဲ့ အတွေးအခေါ် ခံယူချက်တွေ ကြား မှာ၊  တွဲစပ် ယှက်နွယ် ပါလာ တတ်တဲ့..နုရွ လှပ တဲ့..ကဗျာ ပါဒ စကားလုံး လေး တွေ ကြောင့် လား ။ တင့်တည် ရည်မွန် တဲ့.. လူရွယ် တယောက် ရဲ့..ပျောက်ဆုံးသွားတဲ့.. နုပျို လွတ်လပ်ချိန် တွေ အတွက်လား…။

၁၆ နှစ်ကျော်ကြာ အကျဉ်းထောင် ထဲမှာ.. နေထိုင်ခဲ့ ပြီး.. လွတ်မြောက် လာတဲ့.. နေ့မှာ… ဦးဦး ဖျားဖျား ရေဒီယို အစီအစဉ် တခု ကတောင် …မထင်မှတ်ပဲ.. သူ့ရဲ့ အချစ် ခံစားချက် တွေကို မေးခွန်း ထုတ်တာ ကြား ခဲ့ ကြ ဘူး သည်။ အဲဒီ တုန်းက.. သူ ဖြေသွားခဲ့ တဲ့ … “အခုအချိန်ဆို..သူလဲ သူ့ဘ၀နဲ့သူ ဖြစ်နေလောက်ပါပြီ ..” ဆိုတဲ့.. ဆွေးဆွေး မြေ့ မြေ့ စကားသံ တချို့ကို ခုထိ ကြားယောင် မိသေးသည်။

အခုတော့…ဒီ စာအုပ် ကလေး ထဲမှာ… သူ့ရဲ့ ရင်ခုန်သံ ကို ကြားဖူး လိုက်ပြီ..။
သူ့ရဲ့ လှုပ်ရှားမူ တွေကို မြင်ခဲ့ ရပြီ ။
ပြီးတော့..သူ့ရဲ့ ပျိုရွယ်ချိန်တွေ။  ပွင့်လန်းစ နိုင်ငံရေး အတွေးအမြင်တွေ ။ သူပြောလေ့ ရှိတဲ့..ပုံတို ပတ်စတွေ.. လှပသလောက်.. တိကျ ပေါ်လွင် တဲ့.. ဥပမာ ပုံဆောင် ချက်တွေ ။  ဒသာန မြောက်တဲ့.. နိဂိုး အထုံး အဖွဲ့တွေ…။ အထူးခြား ဆုံးကတော့.. အသက်ဝင် ကူးစက် နိုင်စွမ်းပေးတဲ့…သူ့ရဲ့ အနုပညာ မြောက် ဖန်တီးမူ တခု ကို.. မျှော်လင့် ထားတဲ့ ကြားထဲက..မမျှော်လင့်ပဲ တွေ့လိုက် ခြင်းပင်။

-
တကယ်ပါ။ ပုဂ္ဂိုလ်စွဲ နဲ့.. အရမ်းဖတ်ချင် မျှော်လင့် နေပေမဲ့… နာမည်သာ ကြီးနေတာ.. ဒီလောက်ကြီး လည်း ဟုတ်ချင်မှ ဟုတ်မှာပါလေ.. ဆိုတဲ့.. သံသယ က .. ရှိနေခဲ့သည်။ စာမျက်နှာ ကလည်း ၁၇၀ လောက်ပဲ ဆိုတော့.. သိန်းဖေမြင့် ရဲ့ သပိတ်မှောက် ကျောင်း သား လို မျိုး တော့..မျှော်လင့် စရာ မလို တာ.. သိသာ နေပြီ ။ ဒီလိုနဲ့.. . စာလုံး အရွယ် ခပ်သေးသေး တွေ နဲ့ ကျစ်ကျစ် လစ်လစ် စာစီ ထားတဲ့.. နောက်ကြည့်မှန် စာအုပ်ကလေး ကို.. ခပ်ဖြည်းဖြည်း ခြင်း ..ဖွင့်လှန် လိုက် မိတော့သည်။



သည်ပန်းချီကား တချပ်လုံးတွင် တစုံတရာ ဖြည့်စွက်ရန် လိုနေသည် ဟု သူမ အနေဖြင့်တောင့်တ မိသည်မှာ ကြာပြီ။ ခုလို နွေဦးတွင် ပို၍ ထင်ရှား သည်မှာ နောက်ခံ ကွင်းပြင်နှင့် မှုန်ကျကျ ကားလမ်း၊ ပြီးတော့ ဟိုတပုံ သည်တပုံ စုထားသည့် သံလမ်း တိုရှည် များနှင့် ဇလီဖားတုံး အပုံ တို့ရှေ့မှာ ထီးတည်း ကုက္ကိုပင်ကြီး က ခါးနွဲ့နွဲ့ နှင့်ထီးဆောင်း ထားသော မိန်းမနှယ်။ တံလျှပ်တွေ ကြွယ်သည့် နေ့လည်ခင်းမှာ ညိုတယောက်ထဲထိုမြင်ကွင်းကို ကြည့်ရင်း..လက်တွေ့ကျသော အလုပ်ကို လုပ်ဖြစ်ခဲ့ သည်။





တောမြို့လေး တမြို့ ရဲ့ ….. ပျင်းရိ ငြီးငွေ့ဖွယ် နွေ နေ့လည် တခု မှာ.. ၁၀ တန်းဖြေ ပြီး ကျောင်းတွေ ပိတ်ထားတဲ့.. မီးရထား ရုံပိုင် ရဲ့ သမီးလေး တယောက်… ကုက္ကိုပင်ကြီး အောက် .. ဝေနေယျ ရေအိုးစင်လေး ထိုးဖို့.. အလုပ်ရှုပ်နေ ပုံ လေး နဲ့ စလိုက်တဲ့.. ဇာတ်လမ်းလေး သည်… ဖတ်နေသူ ရဲ့ ရင်ထဲကို လျင်လျင်မြန်မြန် ခုန်ဝင် ကူးစက် သွား တော့ သည်။


အဲဒီ အချိန်တွေ တုန်းက…. စာဖတ်နေ သူ သည် လည်း.. ၁၀ တန်း ဖြေပြီးကာစ ၁၆ နှစ် အရွယ်..။ ရန်ကုန် တက္ကသိုလ်က..ငွေစက္ကူ သိမ်း.. ကျောင်းသား လှုပ်ရှားမူ တွေ ဖြစ်လာလို့… ကျောင်းတွေ ပိတ်ပြီး ပြန်ရောက် လာကြတဲ့.. အကို တွေ အမ တွေ ရဲ့.. စိတ်လှုပ်ရှားဖွယ်.. ပြောပြချက် တွေကို.. ပါးစပ် အဟောင်းသား နဲ့.... နားထောင် နေ ခဲ့ ဖူး သူ။ ကျောင်းဆောင်တွေ ရှေ့မှာ…ပိုက်ဆံ တွေ စက္ကူစုတ်ဖြစ်သွားလို့.. ကျောင်းသားတွေ..အော်ဟစ် ဆူပူ ကြတာ တဲ့… ဖုန်းမော် တို့.. သေနတ် နဲ့ ပြစ်ခံ ရ တာတဲ့။ အင်းလျားကန် ဘောင်ပေါ်မှာ.. လုံထိန်းတွေက တုတ်တွေ နဲ့ လိုက်ရိုက် တာများ..ရေထဲထိ ဆင်းပြီး အသေရိုက်တာ…တဲ့။ ကျောင်းကြီးကို..အဓိပတိ ပေါက်ကနေ အပေါက်တွေ အကုန်ပိတ် ဖမ်းတာ… အာစီ ထဲက..လူတွေ အကုန်ပါသွား တာ တဲ့..။


နယ်တွေ ကို ပြန်ရောက်လာတဲ့…တက္ကသိုလ် ကျောင်းသား တွေ နဲ့.. နယ်ခံ ကျောင်းသား..လူထု ရဲ့ ချိတ်ဆက် လှုပ်ရှားမူတွေ ။ ရန်ကုန်ကနေ.. နယ်အသီးအသီး ကို လျှို့ဝှက် ဆင်းလာကြတဲ့.. စည်းရုံး လှုံ့ဆော်သူ တက္ကသိုလ်ကျောင်းသား တွေ…။ တရက်မှာ.. သူတို့ အိမ်ရှေ့ကို ငိုက်စိုက် ငိုက်စိုက် နဲ့ ရောက်လာပီး… သူ့အမ နာမည်ကို မေးလာတဲ့.. မျက်နှာ ရှုသိုးသိုး နဲ့..လူတယောက် ။ ( နိုင်ငံတကာ ဆက်ဆံရေး ကျောင်းသူ အမ ရဲ့ စီနီယာ အတန်းသား.. ကိုကိုကြီး မှန်း..နောက်တော့ သိခဲ့ ရသည်။ ) အားလုံးက.. လျှို့ဝှက်သည်းဖို ၀တ္တုတပုဒ် ထက် မလျော့ အောင်.. သိပ်သိပ်သည်းသည်း ရှိ လှ သည်။

အခုလဲ …ဇတ်လမ်းထဲမှာ… အားလုံး ဒီအတိုင်း ရှိနေသည်။ တကယ်ကတော့.. အဲဒီ အမြန်ရထား တောင် မဆိုက် တဲ့.. ကြားဘူတာ တောမြို့လေး တခု မှာ တင်မက..အဲဒီအချိန်က.. နယ်တိုင်း မြို့တိုင်း နေရာတိုင်းမှာ…အားလုံး နှင်နှင်..ဒီ အတိုင်းပဲ ရှိနေခဲ့ ပေလိမ့်မည်…။

လောက ကို ခေါင်းပြူ ကြည့်ကာစ.. ၁၀ တန်းကျောင်းသူ “ညို” တွေ ။ ကျောင်းပိတ် လို့ နယ်ပြန်ရောက် နေတဲ့…တက္ကသိုလ်ကျောင်းသူ “မခင်အေး” တွေ။ ညဖက် ရေဒီယိုတွေ..တကျွိကျွိ ဖမ်းရင်း… ကွမ်းတမြုံ့မြုံ့ နဲ့.. မျှော်လင့်ချက် တွေပါ..ရောမြုံ့ နေမဲ့..ရုံပိုင်ကြီး “ဦးခင်ရွှေ” တွေ…။ …ဒယ်ပိုင်း ထဲမှာ.. အမြှုပ်ထ နေတဲ့.. အရင်လို စားမကောင်းတော့တဲ့ ဆီ အရောအနှော တွေကို.. ဗြစ်တီး ဗြစ်တောက်.. ညီးညူရင်း..လစာနည်း ၀န်ထမ်း မိသားစု တခု ရဲ့ မီးဖိုချောင်ကို တာဝန် ယူ နေတဲ့.. “ဒေါ်တင်တင်” တွေ။ ဘူတာရုံမှာ..ညစောင့် သာသာ ပေမဲ့… ဘယ်သူ လူကောင်း ဘယ်သူ လူညံ့ ခွဲခြားတက် တဲ့.. “အဘမောင် ” လို ရိုးရိုးသားသား အဘိုးကြီးတွေ။ လောကုတ္တရာ ရေး ကို မျက်မှောက်ပြုနေပေလို့..လောကီ ရေး က..တရားမူ..မတရားမူ တွေ ကြား..တည်တည် ငြိမ် ငြိမ် ရပ်တည် ကာကွယ်ပေး နေတဲ့.. တောရကျောင်း ဆရာတော် တွေ…။ ကြုံရာ ဆုံရာ လက်သင့်ရာ နေရာရ နေတဲ့..ခေတ်အို ခေတ်ဆွေးကြီး ထဲက.. မြို့ လူကြီး..ရပ်လူကြီး ဆိုသူ တွေ နဲ့.. အရံမီးသတ်ဝတ်စုံ ၀တ်ပြီး.. လုပ်ချင်ရာ လုပ်နေ အောင်..အသိ ပညာ နိမ့်ကျ လှတဲ့.. “အုန်းသန်း ” တွေ။ နိုင်ငံ တနံတလျား..အများကြီး ရှိ နေ ခဲ့ပေလိမ့်မည်။
-

“ဟော..စာအုပ် ဖတ်ရတော့မယ်.. ကျေးဇူးတင်တယ်ဗျာ..ကျုပ်မှာ အရက်သမားတွေ ပြောသလို..နေစောင်းရင် ဖေသောင်းတို့ အရည်တောင်းပြီ ဆိုတာမျိုး စာဖတ်ချင်တဲ့ ဝေဒနာ ထ လွန်းလို့ ခုမှ ပြည့်တော့တယ်..” ဆိုတဲ့…အမည်မသိ..လူစိမ်း တယောက် ကို ရင်ထဲက ဖြစ်လာတဲ့..စေတနာ ယုံကြည်မူ နဲ့ အကူအညီ ပေးရင်း..
“ နေပါဦး..စာအုပ်ငှားတော့..အာမခံ ပေးရအောင်.. ညို့ကို နာမည် ပြောထားဦးလေ..” လို့ အမေး...
“ အေးဗျာ.. ဖေသောင်း လို့ပဲ မှတ်ထားဗျာ…” ဆိုရင်း.. .တော်လှန်ရေး နာမည်ဝှက် တခု ရှိလာခဲ့တဲ့..တက္ကသိုလ် ကျောင်းသား “ ဖေသောင်း” တွေ ။ သူရ တွေ.. ထွန်းသက်တွေ.. ကိုမြင့်ဇော် တွေ..ခင်မောင်လတ် တွေ...။

…. လာလေ.. တပုဒ် နှစ်ပုဒ် ဆိုစမ်းပါ ဟု သူမ အား ဇွတ်ခေါ် ဆို ခိုင်း ပြီး..သီချင်းမဆုံးခင် တဟဲဟဲ ရယ်ကာ လက်ကွက် မှား သွားလို့ ဟု နောက်တီး နောက် တောက် လုပ်လေ့ ရှိသော သူမ မောင်လေး သည် တောရ ဘုန်းကြီး ကျောင်း၌ ယောင်ချာချာ အဖော်မဲ့ နေ ရှာရော့မည်…. လို့.. ကြိတ်ကြိတ် ပူပန် စိုးရိမ် နေကြ ရ တဲ့… မရီနွယ် တို့လို.. သားအမိ တွေ။ အဲဒီလို မိသားစု တွေ..အဲဒီလို ပူပန် သောက တွေ.. ၁၉၈၈ ဆိုတဲ့.. အချိန်ကာလ နောက်ခံ ကြီး မှာ… အများအပြား ရှိနေ ခဲ့ သည်ပင်။


တကယ်ကတော့.. အဲဒီ မတိုင်ခင် မှာရော..အဲဒီ နောက်ပိုင်း မှာရော..ဒီ အတိုင်းပဲ တလျှောက်လုံး ဖြစ်နေ ခဲ့ တာ ပဲ မဟုတ်လား။ ခေတ်တခု ခြင်းစီ ရဲ့ သမိုင်း အဆက်အစပ် နဲ့..တော်လှန်ရေး တခု ရဲ့ အရုပ်အသိမ်း ကိုလည်း..စာရေးသူက.. သာမန် အိမ်ရှင်မ မိခင် တယောက်ရဲ့ သိနားလည် မူ အသွင် နဲ့ ပုံဖော် သွားခဲ့သေးသည်။


ဒေါ်တင်တင်က..ညို အား လက်ညိုးထိုးပြပြီး..ညိုတို့ လေးလေး တယောက်က..ငါ့မောင်
အငယ်ပေါ့။ သူတို့တုန်းကလည်း မင်းတို့လို ၀င်ပါမိလို့..အထဲမှာ အကြာကြီး
နေခဲ့ရသေးတယ်။ ပြန်ထွက်လာတော့ ကျောင်းလည်း ဆက်မတက်ဖြစ် တ၀က်တပျက် နဲ့ ဘွဲလည်း မရပဲ ဆုံးရှုံးသွားတာပဲ။ ဖြစ်တော့ မင်းတို့ အခံဖက်ချည်းပဲ…

တကယ်တော့.. ဒီ ၀တ္တုလေး ဟာ.. သမိုင်းနောက်ခံ အချစ်ဇာတ်လမ်း လား ။ အချစ် နောက်ခံ.. သမိုင်းပုံရိပ် တခုလား… ။ စာဖတ်သူ အတွက်တော့.. နဲနဲလေး..အကျဉ်းချုံ့ သလို ခံစားနေရတာက လွဲရင်.. (သူများတွေ ပြောသလို )  ရှစ်လေးလုံး ရဲ့ မြင်ကွင်းတွေ ပါးလျ နေတာက လွဲရင်.. အချိန်ကာလ ကိန်းဂဏန်း တွေ မပါဝင်တာက လွဲရင်.. အဖြစ်အပျက် စုံစုံ နဲ့..ခံစားမူ အစုစု ကို.. ကျစ်ကျစ်လစ်လစ် လှလှပပ.. ထုံးဖွဲ့ထားတဲ့.. စာအုပ်ကောင်းလေး အဖြစ် ၊  ရင်တွင်းဖြစ် ခံစားချက်တွေ ကို..တော်လှန်ရေး လှုပ်ရှားမူ အတွေ့အကြုံတွေ နဲ့..အချိုးကျကျ ရောယှက် ယက်လုပ် ထားတဲ့ မင်းကိုနိုင် ရဲ့ ပထမဆုံး ၀တ္တုလေး အဖြစ် ၊  တသက်စာ အမှတ်တရ.. သိမ်းဆည်း ထားရပေတော့မည်။

စာရေးသူက..ညို့နေရာမှာ အများဆုံး နေပေမဲ့… တခါတလေ.. ဖေသောင်း ဖြစ်သွား လိုက်.. မခင်အေး ဖြစ်သွားလိုက်.. အကူး အဆက် မြန်ပေမဲ့.. ဖတ်နေရင်းပဲ.. ပြေပြစ် သွား ပြန်သည်။ စကားပြော.. အဖွင့်..အပိတ် သင်္ကေတ တွေ.. တိကျတဲ့..တြိယာပုဒ်တွေ.. သုံးရိုးသုံးစဉ် သန္ဗန္ဓတွေ.. သဒ္ဒါထုံးတွေ အများကြီး သုံးမထားသော်လည်း.. တွန့်လိမ် ဖြစ်ညှစ် ဆန်းသစ် ထားတဲ့..အရေးအသား မျိုးလည်း မဟုတ်ပဲ.. တည်ငြိမ် သပ်ရပ် တဲ့.. စာ တပုဒ် လို့သာ မြင်မိသည်။

စာဖတ်သူ သူ့ အတွက်.. သိပ်ကို သေချာ တဲ့… အချက်တွေ ကတော့.. ညို နဲ့ အတူ ပျော်ရွှင် ရင်ခုန် နေ မိတဲ့..ထူးခြားတဲ့ ကူးစက်နိုင်စွမ်း…။ ညို့လိုပဲ .. လေးစား မြတ်နိုး နေမိတဲ့.. ညွတ်ပျောင်း မူ ။

“ ကြယ်တွေ မှာလည်း ကြယ်လူကြီး ကြယ်ကလေး တွေ ရှိတယ်။ ဓူဝံကြယ် က..အဖိုးကြီး မို့
တနေရာထဲ ငုတ်တုတ် ထိုင် စဉ်းစား နေတာ ပေါ့။ ခုနှစ်စင်ကြယ်က ကလေး တွေ မို့
ကုန်းပိုးစီးတမ်း ကစား နေကြတာ၊ အခြေ မခိုင်ပဲ လိမ့်ကျသွားတဲ့ ကြယ်တွေ မြင်ဘူးပါတယ်။
ဒါပေမဲ့ အဲဒီထဲ မှာ လူတွေ အတွက် အသုံးတည့်လို့ နာမည် မှည့် ခံ ထားရ တဲ့ ကြယ်တွေ
တပွင့်မှ ပါမသွားဘူး။ တကယ်တော့ ကြယ်တွေ ရဲ့ ဘ၀ မှာ အဖော်နီးတာ အဖော်ဝေးတာ
အရေးမကြီးပါဘူး။ လောက အတွက် အသုံးဝင်တဲ့ ကြယ် ဘယ်တော့မှ မကြွေတာ သေချာတယ်…”

ပြီးတော့..ဖေသောင်း အနားမှာ အတူလိုက်ပါရင်း ….. စိုးရွံ့ပူပန်နေမိ… အလုပ်တွေ ရှုပ်နေမိ.. အာရုံတွေ များနေမိ.. နာသာ ခံခက် နေမိတဲ့.. အာရုံဝင်စားမူ…ရှုခင်းအစုံစုံ ။
“ ကျောခိုင်းရာ မှာ.. ဘာဖြစ်ကျန် ခဲ့မှန်း မသိသူ တွေ အတွက် နောက်ကြည့်မှန် တချပ် လှူချင် တာ...” လို့ ဆောင့်ကြီး အောင့်ကြီး ပြောလိုက်တဲ့.. မခင်အေး ရဲ့ အပြစ်တင် စကား အတွက် ၊ " ဒါကတော့ ".. လို့ စာနာ နေမူ ။ အဲဒါ တွေ ကြားထဲက .. သံယောဇဉ် ကြိုးတွေကို ဘယ်လို ဘယ်ပုံ ထုံးနှောင် ဖြေလျော့ ခဲ့ သလဲ ဆိုတဲ့ ၊ အချစ် နဲ့ တော်လှန်ရေး အပေါ် ခံယူ ချက် တွေ ကိုတော့ ၊ မင်းကိုနိုင် ရဲ့ ကိုယ်ပိုင် အသံ လို့ပဲ ယုံယုံကြည်ကြည် ကြားယောင်ရင်..ခပ်ဖွဖွ ရေရွတ် ကြည့်နေမိ တော့သည်။

---- သံယောဇဉ် ဆိုတာ ခဏလောက် ခွါချ ထား လို့ရရင် ကောင်းမယ်။ မရတော့လည်း တို့တတွေ မေ့ချင်ယောင် ဆောင်နေကြရုံပဲ ညို။ တခါတလေ မှာ သံယောဇဉ် ဟာ သတ္တ၀ါတွေ အတွက် ခံစားချင်စရာ အကောင်းဆုံး ထွေးပွေ့မူ ဖြစ်ပေမဲ့ လိုအပ်တဲ့ အခါ မှာ စွန့်ရဲရလိမ့်မယ်။ ညိုဟာ ကိုယ့် အတွက် ဖိနပ် တရံ လိုပဲ အနစ်နာ ခံပြီး ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါတွေ ကို အလေး အမြတ် သိမှတ် ပါတယ်။ ဒါပေမဲ့ ရေနစ်လို့ ကူးကြပြီ ဆိုရင်ဖိနပ်ကို စွန့်ရတာပဲ ညို….

ကိုယ့်အတွက်တော့ လမ်းနှစ်သွယ် ရှိတယ်။ ရည်ရွယ်တာတော့ တူပေမဲ့..နှစ်နေရာ ခွဲ အလုပ် လုပ်ရမယ်။ တောထဲ သွားရမလား...၊ မြို့မှာပဲ ဆက်လှုပ်ရှား ရမလား.. လို့ ညို့ကို ပြောအပြီးမှာ..ဖေသောင်း ဘယ်လမ်းကို ရွေးချယ်ခဲ့ သလဲ... ဘယ်ကို ခရီး ဆိုက်ခဲ့ သလဲ ဆိုတာ... အားလုံး ခန့်မှန်း နားလည် နိုင် ကြပေမဲ့...သူရ တို့ ခင်မောင်လတ် တို့....ကျတော့ရော...။  ဘယ် လမ်း ကို ရွေးခဲ့ ကြမလဲ .. ဘယ် တိုင်း ဘယ်ဌါနီ ထိ ခရီးဆန့် ခဲ့ ကြ ပြီ လဲ... ဆိုတာတော့.. ဘယ်သူ မှ မသိနိုင်။

နောက်ဆုံး …ဒီ ၀တ္တုလေး ကို .. ပုဒ်ထီး ချ လိုက်တော့..... မထင်မှတ် ထား ပဲ ..မခင်အေး တို့ သားအမိ နှစ်ယောက် နဲ့ အတူ.. ကာလ အလင်္ကာ တခု ထဲ မှာ ဖြစ်နေ သည် ။ အမြန်ရထား တစီး ပေါ်က.. ငွေ့ရည် ဖွဲ့ လာတဲ့.. မှုံရီရီ အကြည့် တွေ နဲ့ အတူ…ေ၀၀ါးဝါး မျှော်လင့်ချက် တွေ ကို… စာရေးသူ မင်းကိုနိုင် တယောက် ဘယ်လို များ ကြိုသိ နေခဲ့ပါလိမ့်။


နောက်ကြည့်မှန် ထဲမှာ..တဲ့တဲ့ ရှင်းရှင်း မြင်နေ ခဲ့ရတာက.. မြန်မာ့ သမိုင်း ထဲ က.. ရှစ် လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေမဲ့… မျက်ကွယ်ထောင့် ကို ခေါင်းငဲ့ ကြည့် ရင်း မြင်ရတာ ကတော့.. လူ နှစ်ယောက်ရဲ့ ပုဂ္ဂလ ဘ၀ သံယောဇဉ် တွေ ။

နိုင်ငံရေးသမားကြီးတွေ၊ လူချမ်းသာ ပညာရှင်ကြီးတွေ တယောက်မှ မပါတဲ့… သာမန်လူတန်းစား အားလုံး ကို ကိုယ်စားပြုနေတဲ့.. မြန်မာ လူမူအသိုင်းအ၀ိုင်းလေး တခု ရဲ့ အနေအစား နိုင်ငံရေး အသိအမြင် တွေ ။

ပြီးတော့… လက်နက် နိုင်ငံတော်ကြီးကို .. အံတု ခဲ့တဲ့.. လောက်လေးခွ တချို့ ရဲ့ မျှော့ကြိုး အလျော့ အတင်း .. အချိန် အဆ တွေ..။

-----
ကေ

စာအုပ် ၀ယ်ပြီး လက်ဆောင်ပို့ပေးတဲ့..မခင်မင်းဇော် အား ကျေးဇူးတင်လျက်-


Share/Bookmark

မျိုချ

မျိုချ
မှန်ချပ်ကိုမျက်နှာလွှဲ
ပွဲလန့်တုံးဖျာခင်းသူတွေကိုလဲ
မျိုချ။
သိုးရေခြုံထားတဲ့ ၀ံပုလွေတွေကိုလဲ
မျိုချ။
နောက်ကျောက ဓားနဲ့ထိုးသူတွေကိုလဲ
မျိုချ။
ကိုယ့်ကိုယ်ကိုဖော် မသူတော်တွေကို လဲ
မျိုချ။
ဆောင်းထားတဲ့ ဦးထုပ်အောက်က
လျှာနှစ်ခွနဲ့ မြွေဟောက်တွေ ကိုလဲ
မျိုချ။
ထုံအနေတဲ့ နှလုံးသားကို
ကိုယ်ပိုင်မာနနဲ့ ပြန်ထုပ်ပိုး
မျိုချ။
သခွပ်ပင်ကမီးတကျည်ကျည် မလုပ်ချင်လို့
မျိုချ။
ညီညွတ်ရေး၊ မပြိုကွဲရေးအတွက်
မျိုချ။
သူများကိုလမ်းခင်းပေးနိုင်ဖို့
သူတို့ဘ၀ကိုချနင်းခံနေတဲ့ ကြယ်အစင်းစင်းကိုဦးညွှတ်ရင်း
မျိုချ
အချိန်ကျရင်
အစာအိမ်ကစစ်ထုပ်သွားလိမ့်မယ်လို့ တွေးရင်း
မျိုချ။
အချိန်မကျခင်
မဆန့်မပြဲအစာအိမ်ကွဲသွားလဲ မတတ်နိုင်
မျိုချ.....မျိုချ။ ။


(နီဇူလိုင်)


Share/Bookmark

ပန်း နဲ့ သီချင်း (သို့) တက္ကသိုလ် သီချင်းများ (၂)

စိန်ပန်း နဲ့ ကံ့ကော် တွေ.. ဘယ် ရောက်သွား ပြန် လဲ…
-
သူ ၂ပတ်လောက် ခရီးသွားနေတုန်း.. ပန်းတွေ ဝေးသွားပြီလား…မွှေးကြည့် လို့မရတော့ဘူးလား…မဟုတ်သေး ပါဘူး။ ပန်းတွေက..ဘယ်ကိုမှ ပြေးသွားတာ မှ မဟုတ်တာ..။ အတွေးတွေ ထဲမှာ..တေးတစ လောက် လွင့်ပျံ့လာဖို့ပဲ လို နေတာ…။ သီချင်း တပုဒ်..လောက် ဖြစ်ဖြစ်…။
ရှုပ်ပါတယ်လေ.... ရှိသမျှ တက္ကသိုလ် သီချင်း တွေ အကုန် ဖွင့်ပြီး.. အရင်ဆုံး..၂ ပတ် စာလောက် ဖုန် တက်သွား တဲ့.. အိမ် ကို ရှင်း ရမည်။

စာ တိုက်ပုံး လည်း ဖွင့် ပါ အုံး။
ကြည့်တော့….. ကြော် ငြာ စာ ရွက် တွေ ချည်း…
သူ မျှော် နေတဲ့.. မကြေးမုံ ပို့ပေးလာမယ် ဆိုတဲ့..စာအုပ် တချို့ နဲ့..မခင်မင်းဇော် ပို့လိုက် တဲ့..မင်းကိုနိုင် စာအုပ် .. ရောက်မလာသေး…။

Player က လာနေတဲ့..သီချင်းသံက..တိုးနေသည်။ အားမရ…။ volume 11 အထိ တင်ပြစ်လိုက်တယ်..။ ကိစ္စ မရှိ.. ။ ကိစ္စ ရှိနေတာ.. စိန်ပန်း နဲ့ ကံ့ကော် ကို မြန်မြန် ဆက်ရေး ရမည်။ မုဒ် တွေ ပြန်သွင်း ရမည်။ မဆီ မဆိုင် ကြားထဲမှ ၀င်လာတဲ့..မုဒ် တွေ က.. စိန်ပန်း နီနီ တွေကို ဖျော့တော့ သွား စေသည်။ ကံ့ကော် နံ့ တွေ တောင်.. စွံ့အ သွားသလို…။
-
ကြည့်ပါအုံး.. သူ ဖတ် ရတဲ့ စာတွေ က.. မြန်မာနိုင်ငံ ရဲ့ ရင်ခေါင်းကြီး ကို တိုးလျှိုပေါက် ထိုး ဖောက် ပြစ် မဲ့.. တရုတ်ပြည်ရဲ့ ဓါတ်ငွေ့ပိုက်လိုင်း ကြီး.. စတင်လိုက်ပြီ ဆိုတာမျိုး…။ ကမ္ဘာ့ စားသုံးသူ..အမှိုက်ရှုပ်သူ များ အားလုံး ရဲ့ တ၀က်ကျော် ကို ပိုင်ဆိုင် ထားတဲ့.. BRIC (Brazil, Russia, India, China) ဆိုတဲ့....မတ်တပ်သွား သတ္တ၀ါ အများဆုံး နိုင်ငံ အုပ်စုကြီး ထဲက..ဘရာဇီး ကလဲ..ဘ၀ တူ .. တရုတ် နဲ့ စွမ်းအင် ဆိုင်ရာ..လက်ထပ်စာချုပ် ချုပ်ဆို လိုက် တယ် တဲ့။ သြစတြေလျ တိုက် အလွန်က..အိန္ဒိယ သမုဒ္ဒရာကြီး ထဲမှာ.. ရေနံ တွေ ယိုဖိတ်သွားတာ.. ဘာမှ မဟုတ်ပါဘူးလို့..ဧည့်ခန်းထဲက..ကော်ဇော် တချပ် ပေါ် ကော်ဖီ စွန်းသလို..ငြင်းလိုက် ပေမဲ့.. ဟိုး-- ကောင်းကင် ကနေ ကြည့်တော့.. အတန်းလိုက်.. အကွက်လိုက်.. ကြီး ဆိုပဲ…။ ကောင်းကင်ကနေ..ကြည့် နိုင် မြင်နိုင် သူ ဆိုတော့..ဘုရား သခင် များဖြစ်မလား လို့..များ.. ဘယ်သူ ကမှလဲ..အလန့်တကြား ဖြစ်မနေ ကြ ပေ..။ ဦးထုပ် ဆောင်း ထားလို့ မရတဲ့.. ကမ္ဘာကြီး .. ထိပ်ပြောင် လာတာကို.. ဟာလာ ဟင်းလင်း မြင်လာ ရတော့ လည်း.. ခပ်ရှက်ရှက် နဲ့ပဲ..မြေကြီးအောက်ကို တွင်းတူး ၀င် နေ ကြရတဲ့.. အဖြစ် မျိုးတွေ...။ သုံးစွဲ နိုင်တာထက် ပို ပြီး ထုတ်လုပ် လာနေတဲ့..စက်ရုံ အလုပ်ရုံ တွေ ကြားထဲမှာ..ယူရေနီယံ ကို..ဘာပဲဖြစ်ဖြစ်.. ဖြစ်ချင်ရာ ဖြစ်..တူးဆွ ခြစ်ယူ ကြတော့ မယ် လို့လည်း.. ဆို လား ဆို ရဲ့..။
-
နေပါအုံး..ကမ္ဘာကြီးပေါ်မှာ..စွမ်းအင် လောင်စာ တွေ မလောက်င ရင်..ဘာဖြစ်သွား နိုင် မှာလဲ..။ ဒါဆို.. သဘာဝ အလှအပ တွေ နဲ့.. တေး သီချင်းတွေ.. သစ်ပင် ပန်းမာန် တွေ ယုတ်လျော့ ညိုးနွမ်း ကုန်ရင်ကော..။
“ ခံစား နားလည် နူးညံ့ မွေ့လျော်ဘွယ်ရာ.. လူ့အဆောက်အဦ တချို့… ပြိုကျ ခဲ့ရင် များ..” ဆိုတာ မျိုးတော့ တခါမှ ..တွေးမကြည့် မိသေး ဘူး။ ဘာပဲ ဖြစ်ဖြစ်.. လူ နဲ့ လူ့ပတ်ဝန်းကျင် ဆိုတဲ့ ဂေဟ စနစ် ကြီးထဲမှာ..ပန်းတွေ နဲ့..သီချင်း တွေကို..ထဲ့သွင်း ထား ချင် ပါ သေးတယ်။ သူ သိသလောက် တော့..ဟောဒီ ကမ္ဘာလောက မှာ.. တေးသီချင်း ဂီတ ရဲ့ နရီ စည်းချက် တွေ နဲ့အတူ.. ပန်းတွေ သာသာ ယာယာ ပွင့် ဖူး လာ စေ နိုင်ပြီး .. ပန်းတွေ ရဲ့ ရောင်စုံဖြာ ပွင့်ချပ် တွေ ကြောင့်လည်း.. လူတွေ .. အဆင်အသွေး ရွေးချယ် ခံစား နိုင် ခြင်း သာ..။
-

ရီဝေေ၀..အတွေးများ နဲ့…
အတိတ်ကို ပြန်တွေးကြည့်တဲ့အခါ..
လွမ်းမောစရာ ..အကြင်နာ မိုး သဲထဲမှာ


ပုဂံ လမ်း သီချင်း ကို ..အားရှိ ပါးရှိ လိုက် ဆို ပြစ်လိုက် ရင်း… အ၀တ် တွေ ကို အ၀တ်လျှော်စက် ထဲ ထိုး ထဲ့ ပြစ်လိုက်သည်။
-
အား…. ။ လက် က..တော်တော် နာနေသည်။
-
ဖြစ်စ က..ဘာကြောင့် နာမှန်း မသိ.. ခုတော့..အဖြေ ပေါ်ပြီ။ .thinkpad အဟောင်းလေး ကို မြန်မာပြည် ပြန်တုန်းက.. အမ ကို အမွေပေး လိုက်ပြီးကတည်းက.. desktop အစုတ်လေး နဲ့သာ.. ကမ္ဘာကြီး ပေါ် တက်တက် ကြည့် နေခဲ့တာ..။ အခု.. ခရီး ၂ပတ် ဆိုတော့.. ကမ္ဘာကြီး နဲ့..ဒီလောက်တော့ အဆက် မဖြတ် နိုင်..။ တခုခု တော့..၀ယ် ရတော့မယ် ဆိုပြီး.. နှစ်ယောက်သား.. ဆိုင် တခု ထဲ ၀င် လိုက်တော့… မဲမဲ လက်လက် ပြောင်ပြောင် တွေ ကြားထဲမှာ.. အဖြူ ရောင်..တစ်တစ်ရစ်ရစ် ကလေးက ..မြင်မြင် ချင်း စွဲ ဆောင် လေ တော့သည်။
-
“ ပန်းသီး သုံးရင်တော့.. တချို့ ဆိုဒ်တွေ..ဘာတွေ ညာတွေ နဲ့.. compactible သိပ် မဖြစ် ဘူးနော်..” လို့..သတိ ပေး ပေ မဲ့.. ကိစ္စမရှိ.. သူ ချစ် သွားလေပြီ။ “ ဒါဆိုရင်..တ၀က် ဆိုက်မယ်.. တ၀က် ကိုယ့်ဖာကိုယ် ပေး..” ဆိုပြီး.. Macbook အဖြူ လေး..သူ့လက် ထဲ ရောက် လာပြီး ကတည်းက.. မျောက်အုန်သီး ရသလို.. ကလိ ရင်း.. လျှာရှည်ပြီး.. ကြွက်မသုံးပဲ.. trackpad နဲ့.. မထတမ်း.. tapping လုပ်ရင်း..သူ့ညာ လက် တချောင်းလုံး.. နာကျင် နေ တော့တာ.. ခု ထက်ထိ..။ နာတာက..တဖြည်းဖြည်း နဲ့.. လက်မ နဲ့ လက်ခုံ ကြား..နောက်..လက်ကောက်ဝတ်.. ခု..တံတောင်ဆစ် ထိ ရောက်လာသည်။ Mac syndrome လား.. strain လား တော့ မသိ.. အဲဒါ မျိုးက.. မနား ရင်.. ရေရှည် ဒဏ်ဖြစ်သွား တတ် တယ် ဆို လို့.. ခုတော့.. အိမ် အလုပ် တွေကို..တက်နိုင်သမျှ လျှော့ ရင်း.. ကီးဘုတ် လေး ကိုတော့..ခပ် ဖြေးဖြေး သတိထား ပြီး..ပြန်သုံး နေ တော့ သည်။ အုန်းသီးကနေ..မီးခဲ ဖြစ်သွားပြီး.. ခုတော့..မျေက်မီးခဲ ကိုင်လိုက်မိသလို.. တော်တော် ခံစား နေရတယ်။

မဖြစ်ဘူး.. ကီးဘုတ် တော့..နားလို့ မဖြစ်… စိန်ပန်း တွေ ကို.. ဆက်ရေး ရအုံးမှာ..။ မြန် မြန် ပြီးချင် လှ ပြီ။ အဲဒါ နဲ့ပဲ..ညက.. (၁၄) ဆိုပြီး.. မြန်မြန် ရေး လိုက်တာ.. ဘာတွေ ရောကုန် မှန်း မသိ။ မုဒ် တွေ က..ဟိုရောက်..ဒီရောက်.. ။ ခု မနက် မှ.. ဖတ်နေကျ သူငယ်ချင်း တွေ ရဲ့ ကွန်မန့်တွေ ဖတ်ပြီး..ပြုံး မိတော့ တယ်။ အေး လေ… အိပ်ချင် မူးတူး.. တင်ချင် ဇော နဲ့.. တင် ထဲ့ လိုက်တာ..။ ကိုယ့်အမ ကလည်း ပြောတယ်..စိန်ပန်း နံ့ မရဘူး တဲ့..။ ဟုတ်မယ်လေ.. သဘာဝ ဓါတ်ငွေ့ နံ့ တွေ ရောသွားတာ ကိုး..။း)
-
ခုပဲ.. (၁၄) ကို ..ပြန် ခေါက်ယူ လိုက်ပြီး..ကြားဖြတ်.. ပြန်ရေး နေ တာ။ အရင် ဖတ်သွားတဲ့..လူတွေ ရေ… ဆောရီးပဲ.. (၁၄) ကို.. သေချာလေး..ပြန် ပြီး.. စိန်ပန်းလေး တွေ ပြန် ထပ်စီ ပေး ပါ့မယ်။
-
ပြီးတော့.. ခရီး မသွားခင် ကတည်းက.. မသက်ဝေ ပေးထားတဲ့.. တက္ကသိုလ် သီချင်းများ..တပိုင်း ကိုလည်း..တင်ပေး မလို့ပဲ.. ။ သီချင်း တင်ဖို့ app. ကောင်းကောင်း အဆင်မပြေ တာနဲ့.. မတင်ဖြစ် နေတာ။ Apture က လည်း ကောင်းပေမဲ့.. hosting လုပ်ထားတဲ့ google pages က.. ပြည့်ကျပ်သွားပြီမို့..bandwidth ပြသာနာ တက်ပြီး ကောင်းကောင်း ဖွင့် မရ..။ နောက်ဆုံး တော့.. ပြူးပြူးပြဲပြဲ ကြီး မို့ သိပ်မကြိုက် လှတဲ့.. esnips နဲ့ပဲ တင် လိုက် တော့မယ်…။


အဲ…ဒါပေမဲ့.... esnips က လည်း.. အခုမှ အသစ်စက်စက် ၀ယ်လာတဲ့.. Mac book လေး ရဲ့ OS မှာ..ဖွင့် မရ ပါလား။ သိတဲ့ သူ တွေ.. ပြောပြ ကြပါအုန်း…။ ရှုပ်ပါတယ်..။ desktop မှာပဲ ပြန် နားထောင် တော့မယ်..။

မာလာဆောင် ပြည်လမ်း ရှေ့မှာ..

ဂစ်တာသံ ညတိုင်း ကြားတယ်..

စာသင်လာသူ လေး ရဲ့ အခန်း ကကွယ်…




Powered by eSnips.com

( မသက်ဝေ ရေ.. ကျေးဇူးပါ..း))


Share/Bookmark
Related Posts Plugin for WordPress, Blogger...