အတိတ်





အတိတ် တချို့ကို ... ပြန်တွေးဖြစ်သည်။ အိပ်ချင်ပြေ..ချိုချိုချဉ်ချဉ် အတွေးမျိုး မဟုတ်...။ နာနာကျင်ကျင်..မျက်ရည် ၀ဲဖို့ အကြောင်းလဲ မရှိ ..။ ခက်ခက်ခဲခဲ..ပြန်လည် ဆန်းစစ် ကြည့်ဖို့ လည်း..မလို..။ နှမြောတသ.. ပြန်ရချင်..ပြန်လိုချင် လို့ လည်း..မဖြစ်နိုင်...။ ဒါပေမဲ့.. တွေးလိုက်တိုင်း..တကယ့်ကို အပျော်ရွှင်ဆုံး..အတက်ကြွဆုံး..၀မ်းအမြောက်ဆုံး အချိန်တွေ...။


++++++

“ မေလ တို့ ရင့်အိုဟောင်းချိန်..၀သာန်မိုးဦး မုတ်သုန်မြူး ပြီ..တိမ်ညို မိလ္လာ ရစ်ဝိုင်း ကာ လေ...တထောင့် ကိုးရာ ကိုးဆယ်... မေ မှာ..တို့ နိုင်ငံ သမိုင်း အသစ် ပြင်ရေးကြမည် ... ” ဆိုတဲ့.. သီချင်းသံ တွေ နဲ့ စီညံ နေခဲ့တဲ့.. နွေ ... “ ပိတောက်တွေ လှိုင်တဲ့ နှစ်..ခမောက်တွေ နိုင် မဲ့ နှစ် ” ဆိုပြီး.. ပိတောက်တွေ ခဲခဲ လှုပ်အောင် ပွင့် ခဲ့တဲ့.. နွေ... အဲဒီ နွေတနွေ..။

မတ်လ ထဲမှာ... ရန်ကုန်ကို မိသားစု ကိစ္စ နဲ့..တအိမ်လုံး သွားကြတော့.. ထူးထူး ခြားခြား.. ပိတောက်တွေ.. တမြို့လုံး ၀င်းထိန် မွှေးမြ နေ တာ.. အံ့သြဘနန်း.. ။ တကယ့်ကို.. ထူးထူးကဲကဲ..ပိတောက်တွေ က တောင်.. တခဲနက်.. ၀မ်းမြောက် အားပေး ခဲ့တဲ့.. နွေ ပေါ့..။

“ ~~~~ ခမောက်ရဲ့ ဘေး မှာ ကြက်ခြေခတ်လို့..သမိုင်းဟောင်း အသစ်ပြင်စို့..ဖြောင့်မတ် တဲ့မှန်..တည်ကြည် ဂုဏ်မချို့..အဖွဲ့ချုပ်သဘောထားမို့.. ~~~~ ရည်မှန်းချက် လ၀န်းအိမ်..ဒီနွေမိန် ရွှန်းကြည်လဲ့လို့..ဘ၀ မချို့.. အလှ မချို့..အားမာန်မချို့ပါ..ပြည်သူ့ အောင်မြေ သပြေနု ချိန် မို့...~~~~”


မြို့နယ်စုံ.. နေရာစုံက..သီချင်းခွေ တွေ..ဆိုကြ..ထုတ်ကြ.. လှည့်ပတ် နားထောင် ကြ နဲ့...ပျော်စရာကောင်းလှသည်။ ရန်ကုန်က ပြန်လာကြတော့.. သီချင်းခွေ တွေ.. အတော်များများ ပါလာသည်။ မန္တလေးတိုင်း..က..ထုတ်တဲ့ အခွေ တခွေ.. သိပ်ကောင်း သတဲ့.. ညွှန်းလိုက်ကြသည်။ နောက်..ရန်ကုန်တိုင်း က.. အဆိုတော် တချို့ ပါတဲ့.. သီချင်းတွေ...


သူတို့ မြို့လေး က.. ရွာလေး တရွာက တောင်.. ရှိသမျှ ..စည်းတွေ ဒိုးတွေ နဲ့.. သီချင်းတွေ စပ်ကြ..ဆိုကြ..အခွေတွေ ထွက်လာကြသည်။ တကယ့် ရင်ထဲ အသဲထဲက..သီချင်းတွေ.. နေရာတိုင်း မှာ.. လွင့်ပျံ့ နေ ခဲ့သည်။

“ ~~~ ခမောက်လေးဆောင်းလို့ မဲရုံသွား.. တို့ တမျိုးသားလုံး ပြုံးပျော်ကြည်.. ~~~ တူညီညာ ဆန္ဒပေး..ဒီမိုကရေစီ ရေး အတွက် တသွေးတသံညီ.. ~~ ”

ဝါးခမောက်တွေ လည်း.. အိမ်တိုင်း မှာ..လူတိုင်းရဲ့ ခေါင်းပေါ်မှာ.. တင့်တယ်ချင်တိုင်း တင့်တယ် နေခဲ့သည်။

အခု လို.. အချိန်တွေ ပဲပေါ့.. မတ်လရဲ့ ပူပြင်းလှ တဲ့ နေရောင် အောက်မှာ...လူငယ် တွေ.. မဲစာရင်း ကူး..လုပ်အားပေး ကြသည်။ အဲဒီ တုန်းက..တမြို့လုံးက..မဲစာရင်း လူဦးရေ တွေကို..တယောက်ချင်း..တအုပ်ချင်း တရက်ကွက်ချင်း..လက်နဲ့ ကူးယူ ရ တာမို့.. လူငယ် အယောက် ၂၀ လောက် ကူးကြတာတောင်.. တပတ်လောက် ကြာ သည်။ နောက်တော့.. ကောင်စီရုံးက..စာရေး တွေ ကတောင်.. လာပြီး..စကားပြောကြ.. နောက်ကြ ပြောင်ကြနဲ့... ခင်ခင်မင်မင်.. ။အားလုံးက..တခုခုကို သေချာ စိတ်ချ နေ ခဲ့တာ ဖြစ်မည် ။

“ ကိုယ်တိုင် တောင်..အသက်မပြည့်လို့...မဲ မပေးရ ပဲ နဲ့များ.. .သူများကို ဘယ်လို မဲဆွယ် မလဲ..” လို့.. သူငယ်ချင်း တွေ.. မောင်နှမ တွေက..နောက်ကြပေမဲ့... မနက် လင်းတာ နဲ့.. ပင်နီ တထည် ၀တ်ပြီး...လူငယ် တအုပ်ကြီး နဲ့ အတူ.... ရောရော ယောင်ယောင်.. စက်ဘီးလေး တပြင်ပြင် ဖြစ်နေ တော့သည်။ အင်မတန် တက်ကြွ လှတဲ့.. အမ ၂ ယောက် နောက်မှာ. ထပ်ကြပ်မကွာ...

ခန္ဓာကိုယ် ပိန်ပိန်ပါးပါး ပေါ်မှာ..ပင်နီ ၀တ်စုံ ချပ်ရပ်.. သနပ်ခါး တွေ ပိန်းနေအောင် လိမ်းကျံ ပြီး.. ဒေါ်စု ပုံစံ လို မျိုး ပန်းတွေ ပန် ထားတဲ့.. အမလတ်က.. သူ့ခမောက် ကြိုးကို သိုင်း ခြည် လိုက်ရင်း...
“ ဒီနေ့.. ခရာပေါက် .. ရေတာကြီး ဖက် ကျန်သေးတယ်.. ”
“ မနေ့က..အင်းပေါက်ကုန်း ဖက် မှာ.. လူတွေ တော်တော် တက်ကြွကြတယ်...”
အုပ်စု ခေါင်းဆောင်ခြင်း.. စည်းရုံးရေး ဆင်းရမည့်..ကျေးရွာ တွေ.. တိုင်ပင် ကြ သည်။

သူတို့ စက်ဘီး အတန်း ကြီးက.. မြို့ပြင် ကားလမ်း မ ပေါ်က..ဖဲ့ဆင်းလို့... လယ်ကန်သင်းရိုး..ရွာလမ်းမ တွေ ပေါ်..ဦးတည် နေ ကြပြီ..။ သီချင်းတွေ အော်ဆို ကြ.. စလိုဂန် တွေ.. တိုင်ကြ..။

ငု နဲ့ပိတောက် နွေမှာ ပြိုင် .. စု နဲ့ ခမောက် မေ မှာ နိုင်....

ရွာထိပ်ဆီက.. ခွေးဟောင်သံ တွေ ... ။ ခွေးတွေ နောက်က.. ပြေးထွက် လာတဲ့.. ခလေး တသိုက်...။ ဘောင်းဘီမပါ.... ဖိနပ် မပါ ... ကလေးကြီး တွေက.. ကလေးငယ် တွေကို..ခါးထစ်ခွင် ချီ လို့..။ ရွာထိပ်က.. ထုံးဖြူ စေတီ...မန်ကျည်းပင် ရိပ်... ကုက္ကိုပင်ရိပ်...အောက်မှာ.. လူစိမ်း တွေကို မြင်လို့..အငိုတိတ် သွားတဲ့..ကလေး ငယ် တွေ နဲ့ အပြိုင်.. ပူလောင်မောပန်းမူ တွေ.. ချွေးတွေ သံ တွေ လည်း ချက်ခြင်း တိတ်...။.. လူစုစု တွေ့တဲ့.. အိမ်ဝိုင်း တခု ထဲ.. စက်ဘီး တွေ.. ဒေါက်ထောက်ကျ..။ ရေနွေးကြမ်း နဲ့ ထညက်ခဲ စားတုန်း.. အိမ်ရှင် ရဲ့..ဆော်သြသံ.. ။

“ ပင်နီ တွေ လာတယ်ဟေး...”

အနီးအပါးက.. တဖွဲဖွဲ ရောက်လာကြတဲ့.. မိန်းမ..ယောက်ျား..လူကြီး လူငယ်..။

“ ကျနော် တို့က.. ဗိုလ်ချုပ် သမီး..ဒေါ်အောင်ဆန်းစုကြည် အဖွဲ့က.. ခမောက် ပုံပေါ့နော်.. မဲပေး တဲ့ အခါ.. ဟောဒီလို..စာရွက် မှာ..ခမောက်ပုံ လေး ဘေးက..အကွက်မှာ..ကြက်ခြေခတ် လိုက် ရမယ် ..”

တောသူ တောင်သား တွေက.. ဗိုလ်ချုပ်အောင်ဆန်း ကို သိကြသည်။ ဗိုလ်ချုပ်သမီး ကို ချစ်ကြသည်။ ပြီးတော့..အပြောင်းအလဲ တခုကို.. မျှော်လင့် ကြသည်။ အဲဒီလောက် ရိုးရှင်း တဲ့.. အခြေအနေ တခု အပေါ်မှာပဲ.. နွေ တနွေ လှုပ်ရှား သက်ဝင် နေခဲ့သည်။ အဲဒီ အပြောင်း အလဲ က..စစ်မှန် တဲ့..ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုတာ အထိ.. သိစရာ သိပ်မလိုခဲ့..။ သူတို့ လူငယ်တွေ တောင်...သေချာ သိခဲ့ သလား.. မသေချာ.. ပါတီ တခု ရဲ့ စည်းမျဉ်း ကလနား တွေကို..လည်း..သူတို့ မသိခဲ့.. အဖွဲ့ဝင် တွေ လည်း..မဟုတ်ခဲ့ကြ..။ တကယ်တော့..သူတို့ အားလုံးလည်း..အဲဒီ တောသူ တောင်သားတွေ လို မျိုး.. တိုင်းပြည်ကြီး နဲ့ အ၀ှမ်း..
မျှော်လင့်..၀မ်းမြောက် နေခဲ့ ခြင်း သာ..။

သင်္ကြန်ရက်တွေလည်း လျင်လျင် မြန်မြန် ဖြတ်ကျော် သွားခဲ့သည်။ သင်္ကြန်ရက်တွေမှာ..ပဲခူးရိုးမ တောင်ကြောပေါ်က.. ဝေးလံ လှတဲ့.. ကျေးရွာတွေ အထိ.. သွားခဲ့ ကြတဲ့.. လူကြီး တွေ ရဲ့.. စိတ်ဝင်စား စရာ အတွေ့အကြုံ တွေကို.. နားထောင် ကြ ရသည်။ အဲဒီ ရွာတွေက..လူတွေက..မြို့နဲ့ ဝေးလံ ခေါင်ဖျားလှပေမဲ့.. နိုင်ငံရေး အသိ.. မခေါင်းပါး လှ ကြဘူး ..ဆိုတာမျိုးတွေ..။

ဧပရယ်လ် ပြီးတော့.. မေ လ ကို ရောက်လာခဲ့ပြီ..။ အရာအားလုံးက..လျောလျောလျူလျူ..ဖြူးဖြူးဖြောင့် ဖြောင့်..။ လွတ်လပ်ပြီး..တရားမျှတ တဲ့.. ရွေးကောက်ပွဲ ကြီးမှာ.. မဲရုံတွေ တိုင်းမှာ..လုပ်အားပေး လူငယ်တွေ.. တူတူညီညီ..တက်တက်ကြွကြွ..။ အောင်ပွဲ ဆိုတာကိုလည်း..မြင်ဖူး လိုက်ကြပြီ..မျက်ရည်လည်ရွှဲ.. ၀မ်းမြောက်ဝမ်းသာ..။

အခုတော့...ဆယ် စု နှစ် ..နှစ်ခု အတွင်းမှာ..အရာအားလုံးက..ပြောင်းလဲ နေ ခဲ့ပြီ။ မပြောင်းလဲ ပြောင်းလဲ အောင်..နည်းအမျိုးမျိုး ဖန်တီး ခံ ခဲ့ ရသည်။ သဘာဝ အပြောင်းအလဲ..လူလုပ်တဲ့ အပြောင်းအလဲ.. အပြောင်းအလဲ အမျိုးမျိုး ကြားမှာ.. မပြောင်းလဲ ပဲ ကျန်နေသေးတာ ကတော့.. လူထု က..ယုံကြည် ကိုးစားရမဲ့.. ခေါင်းဆောင် တချို့..။ မီးပြင်းတွေ ဘယ်လို တိုက်တိုက်.. အတောင်မကျိုး.. ဦးမညွှတ်တဲ့ .. ဖီးနစ် ငှက် လို ရဲရင့်သူတွေ..။ လှိုင်းတွေ ဘယ်လောက် ထန်ထန်.. လှိုင်းမကြောက် သူ တွေ...။ ဘယ်လိုပဲဖြစ်ဖြစ်..အတိတ် က အောင်ပွဲ ကို.. သယ်ဆောင် ထမ်းပိုး ထား ကြသေးသည်။

အတိတ် ကို လက်ဆင့်ကမ်း ဖို့ အတွက်.. “ အတိတ်” လို့..အတိ အကျ ..သတ်ပုံ မလွဲ.. ရှိနေ ဖို့.. လိုအပ် သလား...။ မလိုဘူး ထင်သည်။
လိုအပ် လာရင်တော့.. အတိတ် ကို ပြန်မတွေး ချင်ရင် .. ရာဇ၀င်သာ..အသစ်ပြင် ရေး ရ ပေလိမ့်မည်။




Share/Bookmark

18 Comments:

ဂျူနို said...

မကေရေ အတိတ်ကို ဖတ်ပြီး အတိတ်ကို အတိတ်လိုပဲ သတိရသွားတယ်။

ရွာတွေ မှာဆို ၈နှစ် ၉ နှစ်သားတွေ ၃တန်း လေတန်းပဲ ရှိသေးတယ် စာမဖတ်တတ်တဲ့ လူတွေကို nldက ထုတ်တဲ့ စာတွေ ဖတ်ပြကြတယ်။

ဒီကလေးတွေက ဘာရယ်လို့ နားလည်လို့ မဟုတ်ပါဘူး။ ရွာမှာ စာဖတ်ပြဖို့ လူလိုလာတော့ ဘုန်းကြီးက စီစဉ်ပေးတယ်။ ကလေးတွေက ဖတ်ပြတယ်။ရိုးရိုးလေးပါပဲ။

တကယ့် ရိုးရိုးလေး အတိတ်။

မအယ်

ကိုအောင် said...

အတိတ်က သတ်ပုံမမှားဘူး မကေ၊ ပစ္စုပ္ပန်သာ သတ်ပုံ
မှားတာပါ၊ အရာရာအဆင်ပြေပါစေ။

မမသီရိ said...

မနေ့ကပဲ မိတ်ဆွေလေးတယောက်နဲ့စကားပြောဖြစ်တယ်
မြန်မာနိုင်ငံရေးကို တိုးတက်ပြောင်းလဲစေချင်တဲ့ သံတမန်ငယ်လေးတဦး ပေါ့.. သူတို့က ဒီရွေးကောင်ပွဲကြောင့် အပြောင်းအလဲတွေရှိလာနိုင်တယ်လို့မျှော်လင့်နေကြတယ်.. မမ က ရီတော့.. ဘာလို့ရီတာလဲတဲ့.. NLD နဲ့ တခြားပါတီတွေဝင်ပြိုင်မှာမို့လားတဲ့.. ၁၉၉၀ တုန်းကတောင်နိုင်သေးတာပဲ တဲ့.. သူက

အဲဒီတုန်းကနဲ့ မတူးဘူး .. အဲဒီတုန်ူကရွေးကောက်ပွဲက အမှန်အကန် ကွ လို့ပြောတော့.. ဘာလို့လဲတဲ့.. ဟ.ခုက. နိုင် နိုင် မနိုင်နိုင် သူတို့ နိုင်မှာလေ လို့.. NLD လဲ မနိုင်ဘူး.. ဘယ်သူ မှလဲ မနီုင်ဘူး ဆိုတော့... ဟုတ်ပါ့မလား တဲ့.. စောင့်ကြည့်ကြမယ် လို့.. ပြောဖြစ်ခဲ့တယ်..
တကယ်တော့ အတိတ်က ရွှေရောင်လွှမ်းခဲ့တာ သေချာတယ်.. ရွှေထီးဆောင်းခဲ့တာ ပြန်သတိရဖို့ မဟုတ်ပေမဲ့.. .ဟန်ဆောင်ရွေးကောက်ပွဲ ကြီး ကိုတော့ လူတိုင်းရှောင်သင့်တယ် ထင်တာပါပဲ မကေရေ

ချစ်ကြည်အေး said...

ကေ...အတိတ်တဲ့လား...ဟင့်အင်း...သူက တို့တတွေနဲ့တူတူ ခုထိ တသားတည်း....

Mirror said...

မကြုံဖူးခဲ့... ဘယ်တော့များမှ ကြုံနိုင်မလဲ မသေချာနိုင်ခဲ့...။ ဟူးးးးးး ရေး....

LB said...

ကြုံဖူးချင်တယ်ဗျာ အဲ့လိုအတိတ်မျိုးတော့ (little brook)

pandora said...

မဲမပေးဖူးသူတွေရဲ့ အတိတ်....။ အခုရော ပေးဖြစ်ဦးမလား မသိပါဘူး။ မသေခင်တော့ ကျေကျေနပ်နပ် တခါလောက် မဲပေးချင်သား။

MieMie said...

ဟုတ်တယ် .. မမ သီရိ ပြောသလိုဘဲ ... ဘာတွေများ ပြောင်းလဲ သွားဦး မလဲ ဆိုပြီး စောင့်ကြည့် စရာ ကို မလိုတဲ့ ... ဘယ်သူမှ လည်း မနိုင် မယ့် အ ဖြေ ရှိ ပြီး
သား ရွေး ကောက် ပွဲ ... တ ဦး တည်း ဗိုလ် စွဲ မယ့် သူ က တော့ ဗိုလ် သန်း ရွှေ ဘဲ .... ( ဒီ ရွေး ကောက် ပွဲ နဲ့
ပတ် သက် လို့ တုံးတုံးအအ နဲ့ မ ပိန်း ချင် ဘူး ဗျာ .... )

mie nge

rose of sharon said...

အဲဒီတုန်းကလိုရွေးကောက်ပွဲမျိုးမဟုတ်မှာ တော့ သေချာနေတာဘဲ.... အတိတ်တွေအတိတ်မှာဘဲထားခဲ့ပြီး လုပ်ချင်တာလုပ်နေကြတာလေ အဖြေသိပြီးသားဘဲလေ

SHWE ZIN U said...

မကေ ရေ

အတိတ်ကို လွမ်းသွားမိတယ်..
အခုတော့ မရတော့ဘူး.. ကိုယ် နဲ့ မသက်ဆိုင်တဲ့ အရာတခုလို့ဘဲ သတ်မှတ်ပါတယ်.. လုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်.. အားလုံးဟာ ဒါပါဘဲ ဆိုတာ သိနေပါတယ်...

ခင်တဲ့
ရွှေစင်

သက်ဝေ said...

ကေနဲ့ အတူတူ အတိတ်ကို လိုက်ပါစီးမျောရင်း အသည်းကြားက မဲတပြားအတွက် ရင်ခုန် ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေအကြောင်းကို ပြန်တွေးနေမိတယ်...

အဲဒါဟာ အတိတ် တဲ့လား...

မေ့သမီး said...

ကိုယ်လည်း စောစောသာအမေကမွေးခဲ့ရင် ဒီလိုအတိတ်သမိုင်းမှာ တထောင့်တနေရာပါခဲ့မှာပဲလို့ တွေးမိတယ်။ အခုတော့လည်း...။

Moe Cho Thinn said...

ခမောက်ဘေးမှာ ကြက်ခြေခတ်
ပြည်သူ့အောင်ပွဲ မှတ် .. တဲ့..
အဖေက အဲဒီတုန်းက ကြွေးကြော်သံတွေ ရေးပေးခဲ့တာ..။

အတိတ်ကားတွေကလဲ အရိပ်များလို မပျောက်နိုင်ဘူး ကေရယ်..

kay said...

ဟုတ်တယ်နော်..
အဲတုန်းက.. စလိုဂန်လေးတွေ.. စာချိုးလေး တွေ အတော်များများ..ဆရာကြီး ဦးတင်မိုး စပ်ခဲ့တာလို့ မှတ်ရဘူးတယ်..
ငု နဲ့ပိတောင်နွေမှာပြိုင်.. စု နဲ့ ခမောက် မေမှာနိုင်
ဆိုတာလည်း ဆရာကြီး စကားလေးတွေပဲ နော်..

mks said...

နောက်တခါလာပြန်ပြီဟေ့....
ရွေးကောက်ပွဲ တဲ့ ..
တောင်တောင်အီအီ လျှောက်တွေးကြည့်တော့
NLD ၀င်မယ် ဆိုရင် .. ၁၉၉၀ ရလာဒ် ဟာ တကယ့် အတိတ် ဖြစ်သွားပြီ ဆိုတာ အင်အယ်လ်ဒီ ကိုယ်တိုင် လက်ခံလိုက်တာဖြစ်နေမလား မကေ ..

kay said...

အသေအချာပဲပေါ့..ကိုစိုင်း

ရွှေရတုမှတ်တမ်း said...

အတိတ်ဟာ..နိမိတ်မဖြစ်ခဲ့တာပဲ..
သူတို့ကတော့..ဘယ်တော့မှ "သတ်" ပြံပြောင်းမှာမဟုတ်ဖူး

sonata-cantata said...

ဒီမြင်ကွင်းတွေကို မှတ်တမ်းတွေသာရှိသေးရင် မကြုံဖူးသေးသူတွေကို ပြချင်ပါတယ်။ အဲဒီနေ့က အစောကြီးထ မဲထည့်ပြီး အပြန်လမ်းမှာ မြို့ကြီးက ထူးထူးခြားခြား တည်ငြိမ်နေတယ်။ “တို့နိုင်ငံကြီး မကြာခင် ပြောင်းလဲတော့မှာပါလား” မျှော်လင့်ခဲ့မိတယ်။

ဧရာ