ပုံရိပ်ဟောင်းများ

ခုတလော.. ဘလော့ဂ် လောက သားတွေ လည်း.. ဖဘ ပေါ် ပြောင်းကုန် ကြ သလား.. သုံးဖြတ် တကုံး..အလံတော် အသစ် ရဲ့ မင်္ဂလာကြက်သရေ မှာ..မှင်သက် သွားကြ သလား .. နာဂစ် ဂီရိ တွေ နဲ့.. စိတ်ပန်း လူပန်း ဖြစ်ကုန် ကြပြီလား.. ဒါမှ မဟုတ်.. ၇ ရက်နေ့ နီးလို့.. စိတ်လှုပ်ရှား.. နေ ကြ လေ သလား.. လား ပေါင်း များစွာ ကြားမှာ..သေချာ တာတော့..ဘလော့ဂ် ရွာကြီး တခု လုံး တိတ်ဆိတ် ခြောက်ကပ် နေ လေ သည်။

ဘယ်သူ တွေ ဘာပဲ ပြောပြော..ဘလော့ဂါ တွေ ကတော့.. ပျော်ရွှင်စွာ..ချစ်ခင်စွာ.. နှုတ်ခွန်း ဆက် ကြရင်း.. တဂ် ခြင်း လို့ ခေါ်တဲ့..ရေးစရာ အကြောင်းအရာ လေး တွေ ဖော်ထုပ် ကြရင်း.. တခါတလေ ..လေးလေး နက်နက်.. တခါတရံ တော့လည်း.. ပေါ့ပေါ့ ပါးပါး.. နဲ့.. ဘလော့ဂါ ပီသ ခြင် ကြ ပါသေး သည်။


ပြီးတဲ့ တပတ်က.. အီးမေးလ် ထဲကို..သူငယ်ချင်း တွေ..အဆင့်ဆင့် ပို့ ရင်း.. သီချင်းလေး တပုဒ် ရောက် လာ လေသည်။ သီချင်း နာမည် က.. “ဘူမိကျောင်းတော်သား”  တဲ့။ စပ်တဲ့သူက.. တတန်းထဲသား..ကျော်ကျော်မင်း ဆိုတဲ့..သူငယ်ချင်း ပါ။ တကယ်တော့..သူနဲ့ ကျောင်းမှာ တုန်းက..သိပ်မခင်လှ.။ သူက.. အောနပ်စ် ကျောင်းသား.. စာတော် သော ၊ ...ဘူမိဗေဒ ကို.. အလေးအမြတ်ထား...သင်ယူ လေ့ကျက်သော..ကျောင်းသား တယောက်။ ပြီးတော့...ရန်ကုန် မြို့ထဲက တက်တဲ့..နေ့ကျောင်းသား။ ဥပဓိ ကောင်းကောင်း နဲ့ သပ်သပ်ရပ်ရပ် နေတတ် တာ ကိုတော့.. သတိ ထားမိ သည်။ ဂီတ ဘာညာ လိုက်စား တာ ..တီးတတ် မှုတ်တတ် တာ ကိုတော့.. field ဆင်း..ကွင်းထဲ ရောက်မှ.. သိဖူး ကြ သည်။ ကျောင်းတွေ ပြီး.. လမ်းခွဲ အသီးသီး ဆက်လျှောက် ကြ တော့ .ကျောင်းမှာ..ဆရာ လုပ်ပြီး ကျန်ခဲ့တယ် ဆိုတာပဲ.. သိ လိုက် သည်။ ပြီးခဲ့ တဲ့..လေး ငါး ခြောက် နှစ် လောက် ကတော့.. ဌါန ကနေ..ဆရာ ငယ်တွေ..အစိုးရ စကော်လာ လွှတ် ဖို့.. ယှဉ်ပြိုင် ကြ.. ရွေးချယ် ကြ တာမှာ.. သူ့ကို.. ဘာသာရေး..လူမျိုးရေး အကြောင်းပြ ချက် နဲ့.. ကန့်သတ် ခံရ လိုက် လို့.. စိတ်နာ နာ နဲ့ အလုပ်ထွက် သွားတယ် ဆိုတာ .. နောက်တော့... အပြင် မှာ.. ဂစ်တာတီး..သီချင်းဆို နေတယ် ဆိုတာ ရယ် ..ခပ်သန့်သန့် ကြားခဲ့ ရ သည်။  ခု..ဒီ သီချင်း လေး ကို.. သူ..ဘယ် နှစ် ဘယ်အချိန် လောက်က..ဘယ်လို ခံစားချက် နဲ့.. ဖန်တီး တီးခတ် ထား လဲ တော့..မသိပေ။ အဆက်အသွယ် အမြဲ ရှိတဲ့ သူငယ်ချင်း တွေ မေးကြည့် တော့ လည်း.. သူတို့ အားလုံး..ခုမှ သာ ကြားဖူး ပြီး..ဘယ်တုန်းက စပ် ခဲ့ သလဲ... ဘယ်ရာက်နေ သလဲ... မသိ ကြပေ..။

ချစ်စရာ ကောင်း တဲ့ သီချင်း လေး ကို..ဒီ အတိုင်း မထားချင် တာ နဲ့.. ရှိတဲ့ ပုံလေး တွေ နဲ့..ဗီဒီယို ကလစ် လေး လုပ်ပြီး.. အမှတ်တရ.. တင် လိုက်ပါတယ်။ အလုပ်မအား တဲ့ ကြားထဲက.. အဲဒီ ဗစ်ဖိုင် ကို..ကလိ ရတော့.. အကုန် လုပ်ပြီးမှ.. Evaluation copy ဆိုတာ ကြီး ပေါ် နေတာလဲ..ပြန် မပြင်ချင် တော့ဘူး။ software application က..အလကားပဲ သုံးနိုင်တာ ကိုး။း) ကောင်းပါတယ်။ လူပုံ တွေ ကိုလည်း..နဲနဲ လေး ကွယ်လိုက် သလို ဖြစ်သွား တာပေါ့.။ ပုံတွေ ထဲ မှာ ပါတဲ့ သူငယ်ချင်း တွေ အနေနဲ့.. သိပ်ပေါ်လွင် နေရင်.. ကြိုက်ချင် မှ ကြိုက်မှာ လေ..။ 

ဓါတ်ပုံ အဟောင်း တွေ ပြန်ရှာ.. စကန် ဆွဲ နဲ့.. တော်တော် တော့..အလုပ်ရှုပ်သွားသား။ မနှစ်က..စိန်ပန်း ကံ့ကော် ရေးတုန်းက.. သုံးထား ပြီးသာလေး တွေ လည်း ရှိ နေတော့..အတော်ပါပဲ..။ပုံအဟောင်းလေး တွေ ပြန်ကြည့်ရ တာ လည်း..ဘယ်လို အရသာ ရှိမှန်းကို မသိတာ။ ဓါတ်ပုံတွေက..ကြာလေ တန်ဖိုး ရှိလေ ပါပဲ...။

“ ဟယ်..အဲတုန်းက.. သူ..ပိန်ပိန်လေး နော်.. မထင်ရဘူး ...”....
“ ဟယ်တော့....အဲဒါ ကြီးက..နင်..ရီဖို့ ကောင်းလိုက်တာ ဟယ်..” 

အဲဒီလို... ပျော်ရွှင် ရယ်မြူးရင်း.. အရသာ ရှိ လှ ပေ သည်။ နောက်ပြီး.. ခေတ်တခေတ် ရဲ့..၀တ်စား ဆင်ယင် ပုံ လေး တွေ ပြန်မြင် ရ တာလည်း.. စိတ်ဝင်စား စရာ တမျိုး ကောင်းသည် ။ ဓါတ်ပုံ တပုံ ကြည့်လိုက်လို့.. အ၀တ် အစား ဖက်ရှင်ကို မြင်တာ နဲ့..ဘယ်နှယ် ခုနှစ် လောက်...ဘယ်ကာလ လောက် ဆိုတာ ကို မှန်း ရ တာ လည်း.. ရုပ်ရှင်ဖွက် တမ်း..ကစား နည်း တခု လို..ပျော်စရာ ကောင်း တယ် ရော...။ 

ကဲ.. ဒီပုံ တွေ ကတော့.. ဖွက် စရာ မလိုပါဘူး.. အတိ အလင်း ပြောထားပြီးသား..။ ၁၉၉၄-၉၅ ကာလ များ ဆီက...။





အတော်ပဲ.. ဘလော့ဂ် ရွာ ကြီး ခြောက်ကပ် နေတုန်း.. ကစား လိုက် အုံး မည်။

တက္ကသိုလ် တုန်း က.. ဒါမှမဟုတ်..ဘ၀ တက္ကသိုလ် တုန်းက.. အဲဒီလို ပုံဟောင်း အုပ်စု ပုံလေး တွေ.. ကြည့်ချင်ပါကြောင်း.. အနည်းငယ် ၀ါးထား နိုင်ပါကြောင်း.. ကျောက်မောင်နှမ များ နဲ့ တကွ.. အောက်ပါ..ဘလော့ဂ် မိတ်ဆွေ များကို.. တဂ် လိုက်ပါသည်။   ရုပ်ရှင်ဖွက်တမ်း ..ဓါတ်ပုံ ဖွက်တမ်း ပေါ့.။ 


“ သူက.. ဒါပဲ ဖြစ်ရမယ်..”
“  အင်း..သူ့စာတွေ အရ ဆို..ဒီဖက် အစွန်က..ဆံပင်အရှည်လေး ဖြစ်ရမယ်.. ” 

အဲဒီလို မျိုး...။

ကိုကြီးကျောက်.. ( စိတ်ပြေ လက်ပျောက်.... ကွင်းထဲက..အလန်းပုံလေး တွေ ကြည့်ချင်ပါတယ်..)  ( ရေးပြီး)
ကိုအောင်သာငယ်.. ( စိတ်ပြေ လက်ပျောက်.. အဲ.. ယောင် သွားလို့..း)  ( ရေးပြီး )
မမိုးချိုသင်း.. ( ဘူမိ ကွင်း ပုံလေးတွေ ထုတ်ပြပါ.. ကွင်းဆင်းတုန်းကလို့ ပြောတာ )


ကျောက်မောင်နှမ တွေထဲ.. အေးအေးဆေးဆေး ဖြေးဖြေး ခြင်း.. ဘလော့ဂ် ရေးတဲ့.. အောင်ပန်းသား.. ကိုစိုင်းမော်ခမ်း  ကိုလည်း ထဲ့ စာရင်းတို့ပါ ရစေ။ ( ရေးပြီး)

ကျမ မသိသေးတဲ့.. လူတွေလည်း ရှိအုန်းမယ် ထင်ပါတယ်။

 ပြီးတော့ကာ...


မမေငြိမ်း ( အတော်ပဲ.. အမ .. အတိတ်တွေဆီ ပြန်ရောက် နေတုန်း.. )
မခင်မင်းဇော

မခင်ဦးမေ
 ( ဟန်းဖုန်း က ပုံတွေထက် ပို ၀ါးပစေ.. )
မအယ်ဇီ

မမီးငယ် ( ဘလော့ဂ် မရှိရင်..ရှိတဲ့နေရာကို လှမ်းတင် ပေး )း)
မသီတာ  ( ရေးတုံး)

မသိဂီ င်္ နွယ်
မမွန် (သုနှင်းဆီ)
မတန်ခူး
မရွှေစင်ဦး ( ရေးပြီး)

တီတီဆွိ  (ရေးပြီး)

မချစ်ကြည်အေး   (ရေးပြီး)
မသက်ဝေ  ( ရေးပြီး)
ပန်ဒိုရာ
မနော်
အိန္ဒြာ
ခွန်မြလှိုင(ရေးပြီး)

မနော်ဖော

မမေဒါဝီ
မလေး ( အိမ့်ချမ်းမြေ့)  (ရေးပြီး)

ကိုပီတိ ( တောင်တက်တာတွေ တင်ဖူးတယ်.. ခု..ဘလော့ဂ် မရေးတာကြာတော့.. ပြန် နှိုးပေးတာ )း) ရေးပြီး

ကလူသစ်     

(ရေးပြီး)
ကိုလူထွေး
ကိုပေါ ( တလောက တည်းက ပုံတွေ တထောကြီး ပြထားပြီးသား.. မကျန်ခဲ့အောင် ထဲ့လိုက်တယ် )း) 


ကိုအောင်   (ရေးပြီး)
ကိုတင်မင်းထက်
ကိုချစ်ဖေ  (ရေးပြီး)

အားလုံးကို... စပ်စု စိတ်ဝင်စား စွာ ဖြင့်..တဂ်ပါသည်။ တခြား စိတ်ဝင်စားတဲ့ သူတွေလည်း အများကြီး ကျန်သေးတယ်။ အထူးသဖြင့် အသက်မှန်းမရ တဲ့..လျှို့ဝှက်တတ်သူတွေပေါ့..။ ဒါပေမဲ့..သိပ်များနေမှာ စိုးလို့.... ကိုယ့် နဲ့.. ခေတ်ခြင်းသိပ်မကွာလှ ဟု ထင်သူများကိုသာ.. တဂ် လိုက်တာပါ။ ဘယ်သူတွေ ရှိအုံးမလဲ..?????
၇ ရက်နေ့ မတိုင်ခင် နော်။ 

၇ ရက်နေ့ မှာ.. အိမ်ထဲက.အိမ်ပြင် မထွက်ပါ... ( ကြောက်လို့ )း)


ဆက်စပ် ဖတ်ရန်-







Share/Bookmark

အလံတလူလူ



တပ်တော်ဦးဆီ.. မမျှော်ပဲ နဲ့ .. တံခွန်တွေ.. အလံ တွေ တလူလူ လွင့်
မြင်းဟီ သံ တွေ မကြားလိုက်ပဲ .. ရွာတံခါးက အလဲလဲ အပြိုပြို
မြင်းခွါ တချက် တောင် မပေါက်ရ သေးခင်.. မီးတွေ တဟုန်းဟုန်းတောက်လောင်
-
ခပ်သဲ့သဲ့ ပြော ကြ တယ်..
( ဖိုးမောင်လာပြီ.. ) တဲ့

-
ဂုတ်ကျား ဟောင် သံ လိုလို
( ကြားတချက်..မကြား တချက်..)
-
သီချင်း ဆက်ဆို ကြ  ..
(ကမ္ဘာမကျေ..ဗမာပြည်..)
-
အိပ်မငိုက်နဲ့..
အလံ မလဲ စေ နဲ့..
(သတိ) 
-
(ကျဆုံးလေပြီးသော… )
ခေါင်းငိုက်စိုက် ချ ထား ..
-
(အလေး……ပြု….)
နေမြဲ အတိုင်းသာ နေ..
ခေါင်းတွေ ပေါ် မှာ .. သေမင်း အလံ တွေ တလူလူ လွင့် လို့…

 
ဝန်ခံချက်-
အလံ သတင်း ကြား..အလံ အကြောင်း ပြော..အလံ ရုပ်တွေ မြင်... အလံ ကဗျာ အလန်းတွေ ဖတ်ပြီး.. အလံ တလူလူ လွှင့်ကြည့် မိတယ်..


Share/Bookmark

နဂါးကြီး ရဲ့ ပထ၀ီ နိုင်ငံရေး

အိပ်နေတဲ့.. နဂါးကြီးကို မနှိုးပါနဲ့.. ဆိုတဲ့.. ပြင်သစ် စစ်သူကြီး နပိုလီယန် ရဲ့.. သတိပေး စကား က..ခုတော့.. လွန်ခဲ့ ပေ ပြီ။ တရုတ် နဂါးကြီးက.. နိုး သွား ခဲ့ ပါပြီ။ နိုးထ လူးလွန့် လာယုံ တင် မက..အနီးအပါး က.. အာရှကျားတွေ.. ခွေးခြင်္သေ့တွေ..ရှိသမျှ..အကောင်ဗလောင် တွေ ကို .. ၀ါးမြို ဖို့ ကြိုးစား နေပေ ပြီ။ ခပ်လှမ်းလှမ်း က.. အာဖရိက..တောဆင်ရိုင်း တွေ ကို တောင်.. အလွတ်မပေး .. အခိုးအငွေ့ တွေ ထုတ်လွှတ်ပြီး.. ညှိ့ငင် ထား ပြီးပြီ။

အဲဒီ တော့ မှ.. အားလုံးက.. မျက်ကလဲ ဆန်ပြာ နဲ့.. နဂါးကြီးကို..ခြံခတ်ဖို့ ပြင်သူ က ပြင်။ တရား ဟောပြီး ဥပုပ် စောင့်ခိုင်း ဖို့ ကြိုးစားသူက ကြိုးစား..။ ဂဠုန် တွေ လင်းယုန် တွေ နဲ့..စစ်ခင်း ဖို့.. ဗိန်းဗောင်း တီးသူ တွေက..တီး..။

အဲဒီ လို တုန်း.. ဗြုန်းကနဲ.. နှုတ်ခမ်းမွေး ဆွဲ နှုတ် ခံ လိုက်ရ တဲ့.. နဂါးကြီး ကတော့ .. နော်ဝေ နိုင်ငံ ရဲ့.. နိုဘယ်ဆု ကော်မီတီ ကို သာ.. တရှူးရှူး တရှားရှားနဲ့.. မျက်စောင်း တွေ ထိုးနေ ရ လေ တော့ သည်။

တရုတ် ဒီမိုကရေစီ ရေး လှုပ်ရှားသူ လျူ ကို.. ၂၀၁၀ အတွက် ငြိမ်းချမ်းရေး နိုဘဲလ် ဆု ပေး ဖို့ ရွေးချယ် ဆုံးဖြတ် လိုက်တာ ကို.. အင်မတန် ကျေနပ် အားရ နေ မိ သည်။ ကမ္ဘာကြီး မှာ..ဒီလို ကိုယ်ကျိုးစွန့် အနစ်နာခံ ပြီး.. မြင့်မြတ်တဲ့ ယုံကြည်ချက် အတွက်..ရဲရင့်သူ တွေ ကို မှ.. ဂုဏ်မပြု ရရင်.. ဘယ်လို လူတွေ ကို သွား ပြု ရ တော့ မှာ လဲ။ ဒီ ဆုဟာ..လျူ ချည်း သက်သက် ကြောင့် မဟုတ်ပဲ.. တရုတ်ပြည် ကြီး တပြည်လုံး
နဲ့.. ဆက်စပ် နေတဲ့..ကမ္ဘာ့ အခင်းအကျင်း ကြောင့် ဆိုတာလည်း.. အားလုံး သိနေ ကြ တာပါပဲ။ အဲဒီ တော့ ရော..ဘာဖြစ် သေး သလဲ…။ သင့်တင့် လျောက်ပတ်. တဲ့..ကမ္ဘာ့ အခင်းအကျင်း တခု ကို.. ဖော်ဆောင် ဖို့…နဲ့.. လူသားတိုင်း ငတ်မွတ် တောင့်တ တဲ့..ဒီမိုကရေစီ တန်ဖိုး တခု ကို.. အရောင် တင် ပေး ဖို့.. နော်ဝေ ဆုကော်မီတီ က..လုပ်သင့် တာ ကို လုပ်လိုက် ခြင်းသာ။

တရုတ် အစိုးရ တာဝန် ရှိသူ များ ပြစ်တင် သလို.. အနောက် အုပ်စု တွေ အနေ နဲ့.. တရုတ် ရဲ့ .. တရှိန်ထိုး တိုးတက် ကြီးပွား လာနေ မူ ကို.. ကြောင့်ကြ မရှုဆိမ့် လို့.. တမင် ထိုးနှက်ခြင်း ဖြစ်တယ်…နော်ဝေ ဆုကော်မီတီ အနေနဲ့လည်း ..နိဘဲလ် ဆု ကြီးကို အသရေ ဖျက် ခြင်း ဖြစ်တယ် ဆိုတဲ့.. စကား တွေက.. မျက်စိမှိတ် ပြီး အော်နေ သလို ဖြစ်နေတာလည်း..လူ တိုင်း သိ နေ ကြ တာပါပဲ။ ဘာလို့ ဆို.. တရုတ်က..အမြဲ မျက်စိ မှိတ် အော်နေ ကျ ကိုး ။ ဒလိုင်းလားမား ကို ဆုချ ရင်လည်း အော်..။ အူရဂါ လှုပ်ရှားမူ ခေါင်းဆောင် အဘွားကြီး ကို.. အလည်ခေါ် ရင် လည်း အော်။ ကမ္ဘာ့အဆိုးယုတ် ဆိုး အာဏာရှင် တွေ ကို..အကာအကွယ် ပေး တဲ့ နေရာ မှာလည်း..မျက်စိမှိတ် ပြီးတော့ ကို.. အော်ပေး နေ တာ ပဲ မဟုတ်လား။

တကယ်တော့..ဒါတွေ ဟာ.. အုပ်စု အားစမ်းပွဲ.. စစ်အေး ပုံစံ သစ် တွေ ပါပဲ။ ဒါပေမဲ့..ဒီ တချီ ကတော့.. အရင် စစ်အေး လို..ဒုတိယ ကမ္ဘာစစ် အရှိန် မပျယ် တဲ့..အယူဝါဒ တိုက်ပွဲ သက်သက် မဟုတ်တော့ပဲ.. ကိုယ်ကျိုးစီးပွား နဲ့ ဒီမိုကရေစီ ကျင့်ဝတ် ကိစ္စတွေ က..ပို အရေးပါ လာပြီး..တကယ့် စစ်ပွဲ တခုဆီ ကိုတောင်.. ပြန်ပြီး ဦးတည် ကောင်း ဦးတည် နိုင်တယ် လို့.. ပြောဆို ခန့်မှန်း နေ ကြ လေသည်။


( လောဆယ်..စာနဲ့ ကိုက်လို့ သုံးထားတာ ..အိုလံပစ်က..ပုံဖြစ်နေတယ်..နောက်မှ ပုံထပ်ရှာပါမယ် )


တလောက.. CNN သတင်း ဆရာကြီး... Zakaria .. ရဲ့.. တွေ့ဆုံမေးမြန်းခန်း တခု ကြောင့်.. Robert D Kaplan ဆိုတဲ့.. နာမည်ကျော် ဂျာနယ်လစ် တယောက် ရဲ့.. Monsoon ဆိုတဲ့ စာအုပ် ကို.. စိတ်ဝင်စား နေ ခဲ့ မိသည်။ စာအုပ်ကတော့.. အောက်တိုဘာ ၁၉ ရက်နေ့ ( မနေ့ ကမှ..) ဆိုင်တွေ ပေါ် ရောက်သည်။ စာအုပ် မထွက်ခင် ကတည်းက.. စိတ်ဝင်စား မူ ရ နေ ကြ တာ ကလည်း..တကမ္ဘာလုံး အာရုံ စိုက် နေ တဲ့.. တရုတ် ရဲ့.. .ပထ၀ီ နိုင်ငံရေး ..စစ်ရေး အလားအလာ တွေ ကို.. သုံးသပ် ခန့် မှန်း ထားခြင်း ကြောင့် ဖြစ် တန် ရာ သည်။ နောက်ပြီး.. စာရေးသူ ကိုယ် ၌ ..က .. အမေရိကန် စစ်ရေး လုံခြုံမူဆိုင်ရာ အကြံပေး တယောက် ဖြစ်ပြီး.. ဖူကူယာမား တို့ နီးပါး လောက်.. အလေးထား ကြ တဲ့.. အနာဂတ္တိ ဆရာ တယောက် လို့ လည်း ဆိုလေ သည်။




အဲဒါနဲ့.. Monsoon ရဲ့ အကြို ..ဆောင်းပါး တပုဒ် ကို ရှာ ဖတ်ဖြစ်သည်။
ဖတ်နေရင်း... အခု ခေတ် တရုတ် ရဲ့....နယ်ပယ် အင်အား ချဲ့ထွင်မူ တွေ က.. ဟိုးယခင်.. စစ်ပြီး ခေတ်.. အနောက် အုပ်စု နဲ့..အမေရိကန် တို့ ရဲ့.. လက်ဝါးကြီးအုပ်ပုံစံနဲ့ မတူ.. တမျိုးတဘာသာ ဖြစ်နေ တာကို..သတိထား မိ လာ သည်။ ကမ္ဘာ့လူဦးရေ ရဲ့ ငါးပုံ တပုံ ရှိတဲ့..သူ့ နိုင်ငံ ကြီး အတွက်..စွမ်းအင် လုံလောက် မူ နောက်ကို လိုက် နေ တယ် လို့..ထင်စရာ ရှိ ပေမဲ့… ဒါ့ထက် ပို ကောင်း ပိုပေ လိမ့်မည်။ ဈေးကွက် ချဲ့ထွင်မူ လား..။ ဒါကတော့..ရှင်းပါသည်။ ယဉ်ကျေးမူ ဘာသာစကား ကြီးထွားလို မူ လား.. ။ အရိပ် အယောင် တွေ တော့..တွေ့ ရသည်။ အယူ ၀ါဒ ဆိုရ အောင် လည်း.. ကွန်မြူနစ် ပါတီ ကြီး လို့.. မျက်စိ မှိတ် အော် နေပေမဲ့.. ဒီမိုကရေစီ အသံ တ၀က် ပေး ပြီး..အရင်းရှင် စနစ် နောက်.. ကောက်ကောက် ပါ အောင် လိုက်နေ တာမို့.. မဖြစ်နိုင် ။ အဲဒါ တွေ အားလုံး ပေါင်းစပ် ထားတဲ့.. ရည်မှန်းချက် လည်း ဖြစ် နိုင် သည်။ သေချာ တာက တော့..ကိုယ်ကျိုးစီးပွား အလွန်အမင်း ကြည့်လို ခြင်းသာ..။ အဲဒီ အတွက် ကြောင့် လည်း..အများက..သတ်မှတ် ထား တဲ့..စံ တွေ ကို.. မျက်စိမှိတ် ငြင်းပယ် နေရတဲ့.. ဝေဖန် ထောက်ပြ စရာ တွေ နဲ့ ပြည့်နှက် လာတဲ့.. နဂါးကြီး တကောင် ဖြစ်နေ လေ တော့ သည်။

အာဖရိ က တိုက် မှာ ပဲ.. ကြည့်…။ ဆင်းရဲ မွဲတေ ပါ တယ် ဆိုတဲ့..အာဖရိက တိုက် ကြီးကို.. အနောက်နိုင်ငံ တွေက..အစိုးရ လိုက်ရော.. တယောက်ခြင်း အလိုက်ရော.. အလုံးအရင်း နဲ့.. လူသားခြင်းစာနာမူ တွေ ပြ ခဲ့ ကြ တာ..ဘယ်လောက် ကြာပြီလည်း..။ အလှူငွေ တွေ.. အစိုးရ မဟုတ်သော..အဖွဲ့ တွေ..အင် နဲ့ အားနဲ့.. ယခု တိုင် ။ အာဖရိက လည်း..ပို တိုးတက် မလာ ခဲ့.. မစည်ပင် လာခဲ့..။ အဲဒီ အချိန်မှာ..တရုတ်က တော့.. ရင်းနှီးမြုပ်နှံ မူ တွေ နဲ့.. ၀င်လာ ခဲ့ သည်။ အငြင်းပွား ဖွယ်.. အာဏာရှင် ဆူဒန် ရဲ့ ..ရေနံ သဘာဝ ဓါတ်ငွေ့ ကုန်သွယ် မူ တွေ က..စလို့.. တရုတ်..လမ်းပေါက် သွားခဲ့သည်။ ခုတော့.. အာဖရိက မြို့ကြီး တွေ ရဲ့..မွဲခြောက်ခြောက် လမ်းမ ကြီး တွေ ပေါ်မှာ.. မှန်ရောင် ပြောင်လက်လက်.. တရုတ် လက်ရာ.. အဆောက်အဦ တွေ ကို တွေ့ လာရ သလို.. အနောက်နိုင်ငံသား ဆရာဝန် တွေ..ကျန်းမာရေး လုပ်သား..ကယ်ဆယ်ရေး လုပ်သား တွေ ရဲ့ ကြားထဲ မှာ..တရုတ် အင်ဂျင်နီယာ .. ဆောက်လုပ်ရေး လုပ်သား တွေကိုပါ.. အရောင်စုံ စွာ.. တွေ့ နေ ကြ ရ တော့ သည်။

Robert D Kaplan ထောက်ပြ ထား တဲ့ အချက် တွေ ထဲ မှာ လည်း.. စိတ်ဝင်စား စရာ ကောင်းတဲ့.. တရုတ် ရဲ့.. ပါးနပ် မူ တခု ကို တွေ့ ရ ပြန် သည်။

ဒုတိယ ကမ္ဘာစစ် အရှိန် နဲ့.. ပစိဖိတ် ကျွန်းစု နိုင်ငံ တွေ ပေါ်မှာ..အမေရိက.. သြဇာ လွှမ်းမိုး နေခဲ့ တာ..၊. ဖိလစ်ပိုင်.. ဂျပန် ..တို့ မှာ ရေတပ် စခန်း တွေ ရှိ နေ တာ..၊ တောင်ကိုရီးယား..တိုင်ဝမ် ကို..စစ်ရေး ကူညီ မူ တွေ ပေး နေခဲ့တာ..၊ ဂူအမ် ကျွန်းလိုမျိုး နေရာ တော်တော် များများ ကို...အပိုင် ရ ယူ ထားတာတွေ..၊ စတဲ့.. အနေအထား တွေ ကြားထဲမှာ.. တရုတ် အနေနဲ့..သူ့ရဲ့. အသက်ရှူ ကြပ်လှ တဲ့...တောင်တရုတ် ပင်လယ် ထွက်ပေါက် ကို.. အသာ ထား ပြီး.. အိန္ဒိယ သမုဒ္ဒရာ ဖက် ဆင်း ပြီး .. ဆိပ်ကမ်း ကြီး တွေ တည် ဆောက် ဖို့ လုပ် လိုက် သည်။ ကျောက်ဖြူ မှာ.. စစ်တကောင်းမှာ.. သိရိလင်္ကာ မှာ.. ။ အမေရိကန် က...ပစိဖိတ် ကျွန်းစု ရေတပ် စစ်စခန်း တွေ နဲ့.. အလုပ်ရှုပ် နေတဲ့..အချိန် မှာ.. တရုတ် က.. အိန္ဒိယ သမုဒ္ဒရာ ထဲ မှာ စီးပွားရေး ဆိပ်ကမ်း ကြီး တွေ.. ဖွင့်လှစ် နိုင် တော့ မည်။ တရုတ် ရဲ့. ဆင်ဝှေ့ ရန်ရှောင်..ထိပ်တိုက် မတိုးပဲ.. အလိမ္မာသုံး..ဘေးက..ကွေ့ တိုက် တဲ့.. တုံ့ပြန် လုပ်ဆောင်မူ တွေကို.... asymmetrical response လို့ သုံးထား ပြီး..အမေရိကန် အနေ နဲ့ လည်း.. သူ့ထက် ပို လိမ္မာပါးနပ် တဲ့.. နည်းလမ်း တွေကို..သုံးဖို့.. ကြံစည် ကြ ရ ပေ တော့ မည်။ နီးနီးပါးပါး မြင်ရ တာ တွေထဲက.. ဂူးဂဲလ် နဲ့ ပတ်သတ်တဲ့.. ပြသာနာ တွေ.. အခု နိုဘဲလ် ဆုလို မျိုး.. တွေ။ ပြောရရင်.. အမေရိကန် နဲ့..အနောက်နိုင်ငံ တွေ ဖက် မှာ..ဒီမိုကရေစီ နဲ့..လူ့ အခွင့် အရေး ဆို တဲ့.. အကြပ်ကိုင် စရာ စကားလုံး တလုံး ရှိ နေတာ က ပင်.. အားသာမူ တခု ဖြစ်နေ သည်။ အဲဒီ့ အတွက် ကြောင့် လည်း..တရုတ် နဲ့ တကွ.. အလိုတူ အပေါင်းပါ နိုင်ငံ တချို့ က.. ဒီမိုကရေစီ ဆိုတာ ကို.. ဖုံးဖိ ငြင်းပယ် ထားလို့ မဖြစ်ဘူး ဆိုတာ..သဘော ပေါက် လာ ကြ သည်။ ခက်တာက.. သူတို့ ပြောတဲ့.. လူ့ အခွင့်အရေး နဲ့.. သူတို့ ပေး မဲ့..ဒီမို ကရေ စီ ဆိုတာ ကို တော့.. မှတ်ကျောက် တိုက် မခံ နိုင်ပါ ။ ဒီလို နဲ့ပဲ.. ကိုယ့်နည်း ကိုယ့်ဟန် ဒီမိုကရေစီ ဆို တာတွေ.. ပေါ်ထွန်းလာခဲ့ ကြ။

ဆောင်းပါး ကို ပြန်ဆက် ရရင်.. တရုတ် ရဲ့..ပထ၀ီ နိုင်ငံရေး.. ခြေလှမ်း တွေကို.. သူက..အပိုင်း ၄ ပိုင်း ခွဲ ပြီး သုံးသပ် ပြ ထားသည်။ Central Asia, Mongolia, Far East Russia, နဲ့ South East Asia လို့..ဆို ရာ မှာ.. ကိုယ်တွေ နဲ့ ပို သက်ဆိုင် တဲ့.. South East Asia ကို ပိုပြီး အာရုံ စိုက် ဖတ် ဖြစ်သည်။

ဒီဖက် နိုင်ငံ တွေ ထဲ မှာက... မြန်မာ..ဗီယက်နမ်..လာအို နဲ့..မြောက်ကိုရီးယား က လွဲရင်..ကျန်တာ တွေက..လက်ရှိ ကမ္ဘာ့ ချန်ပီယံ အမေရိကန် နှင့်.. ဆက်ဆံရေး မျှသူ များ ချည်း။ စင်ကာပူ လို ဟာ မျိုး ကတော့.. နိုင်ငံ တကာ ဆက်ဆံ ရေး မှာရော.. ရပ်တည်ချက် ပိုင်း မှာ ရော.. ဟိုလိုလို..ဒီလိုလို မို့ ထား လိုက်။ မြန်မာ ကတော့..သေချာ ပေါက်.. တရုတ် နဲ့ ပေါင်းဖက် ခဲ့ ပြီ။ ကျောက်ဖြူ မြို့ကနေ.. မြန်မာပြည် အလယ်ပိုင်း ကို.. ဖြတ်ဖောက် မဲ့.. တရုတ် အကျိုးစီးပွားပိုင်.. ဓါတ်ငွေ့ ပိုက်လိုင်း ကြီး က.. တရုတ် နဲ့ မြန်မာ ဆက်ဆံရေး ကို.. အိမ်ထောင်မူ ဘုရား တည်.. ဆေးမင်ရည် စုတ်ထိုး တာ ထက်ပင် ..ပိုပြီး ခိုင်မြဲ.. ထဲဝင် စေ တော့ မည်။ အထူးသဖြင့်.. အိန္ဒိယ နဲ့ လည်း စစ်တွေ ဆိပ်ကမ်း ဆောက်.. တရုတ်နဲ့လည်း.. ကျောက်ဖြူ ပိုက်လိုင်း ဆောက် ပြီး.. နိုင်ငံရေး ကစား နေတဲ့.. မြန်မာ က.. ဒီပြိုင်ပွဲ ကြီး ထဲ မှာ .. ဗျူဟာ မြောက် တဲ့.. အနေအထား မှာ ရှိနေ သည်။ အဲဒီ တော့ လည်း.. အမေရိကန် ကို ပါ.. ထဲ့ ကစား ယုံ။
(ထိုင်းနိုင်ငံ ရှိ တရုတ်သံရုံးရှေ့ .. မြန်မာ့ အရေး လှုပ်ရှားသူ တချို့ ဆန္ဒပြနေစဉ်)

ကျန်တဲ့..အာဆီယံ နိုင်ငံ တွေ က တော့.. တရုတ် အတွက်.. ပေါချောင်ပျက်.. စက်မူ ထွက်ကုန် ပစ္စည်း ကျန်တဲ့..အာဆီယံ နိုင်ငံ တွေ က တော့.. တရုတ် အတွက်.. ပေါချောင်ပျက်.. စက်မူ ထွက်ကုန် ပစ္စည်း တွေ... စုပုံ ရောင်းချ စရာ.. ဈေးကွက် ကြီး ( dumping ground လို့ သုံးထား ) ဖြစ်နေတဲ့ တချိန် တည်း မှာပဲ.... စိုက်ပျိုးရေး ထွက်ကုန် စားစရာ ကုန်ကြမ်း တွေကို.. ဈေးချို ချို နဲ့.. ရယူ နိုင် နေ သည်။

ကိုရီးယား ကျွန်းဆွယ် ဆက်ဆံ ရေး ကိုတော့.. Divide and Conquer ဗျူဟာ ကို သုံး ထား သည် ဟု.. ခပ်ရဲရဲ စွပ်စွဲ ထား လေသည်။ မြောက် ကို.. မျက်စိ မှိတ် ထောက်ခံ ပေး နေတဲ့ အချိန်မှာ ပဲ.. ကြားခံ အဖြစ်.. အမြတ်ထုတ်ရင်း..တောင် နဲ့ လည်း.. အဆက်အဆံ ကောင်း အောင် လုပ်ထား နိုင် သည်။ မြောက် ကျဆုံး သွားရင် လည်း.. သူ့ကို ပို အားကိုး ရ မည်။ ဒါမှ မဟုတ်..တောင် နဲ့..ပေါင်းစည်း သွားရင် လည်း.. တောင်-မြောက် ကိုရီးယား သစ် က..ဂျပန် ထက်..သူ့ကိုသာ.. ဆက်ဆံ စရာ ရှိ လိမ့်မည်။ ဘာ အရှုံးမှ တော့ မရှိ။

ကျွန်းစု အရေး တွေ မှာ .. တရုတ်က..အလျှော့ပေး ရသလို ရှိ နေပေ မဲ့..တဖက်က.. အမြတ်ထွက် နေ ပြန်သေး သည် ဟု..တွက်ပြ ထားသည်။ တောင် တရုတ်ပင်လယ် ထဲက.. ဂျပန် နဲ့ အငြင်းပွား နေ ကြတဲ့.. နယ်မြေ လု နေကြတဲ့..ကျွန်းစု ပြသာနာ တွေ ကြောင့်.. တရုတ် ပြည်တွင်း မှာ.. အမျိုးသား ရေး စိတ်ဓါတ် ကို မြှင့်တင် ထား နိုင် သည်။ ပထ၀ီ အနေအထား အရ.. တရုတ် ပင်လယ် နဲ့ ပို နီးကပ် တဲ့..ဂူအန် ကျွန်းကို..အမေရိကန် တွေ ပိုင်ဆိုင် ထား မူ ကလည်း..သဘာဝ မကျ တဲ့ ကိစ္စ ဖြစ်သည် ။

အဓိက ပြသာနာ ဖြစ်တဲ့..တိုင်ဝမ် ကျွန်း ကိစ္စ ကလည်း..စိတ်ဝင် စားစရာ ကောင်း လှ သည်။ တရုတ် ဖက်က.. “ One China Policy” ကို အော် ပြီး..တရုတ်လူမျိုး များ စုစည်း ညီညွှတ် ရေး ယောင်ယောင် ပြောသလို.. တိုင်ဝမ်ကို အကာအကွယ် ပေးထားတဲ့.. အမေရိကန် ဖက်က လည်း..ဒီမိုကရေစီ ကိစ္စလို့..ဆို နေ ပေမဲ့.. တကယ့်တကယ်.. ဖြစ်နေတာ က.. Unsinkable aircraft carrier လို့..အမေရိကန် ဖက်က..တင်စား ထား တဲ့..တိုင်ဝမ် ရဲ့.. ပထ၀ီ အနေအထား ပါ။ ပြောင်းလဲ လာတဲ့.. နိုင်ငံရေး အခင်းအကျင်း တွေ ကြားထဲ မှာ..တိုင်ဝမ် အစိုးရ ကိုယ်၌ က.. တရုတ် နဲ့.. ဆက်ဆံ ရေး ကောင်းဖို့ လိုလား ပြ နေတဲ့ အချိန် မှာ.. အမေရိကန် အနေနဲ့..တိုင်ဝမ်ကို ဆက် အကာအကွယ် ပေးထားစရာ အကြောင်း သိပ် မရှိ တော့ ပေ။ အကယ်လို့ သာ.. တိုင်ဝမ် ကို..အမေရိကန် ထား သွား မယ် ဆိုရင်.. ဒေသတွင်း နိုင်ငံ ငယ် တွေ ကြားထဲ.. အမေရိကန် အပေါ်..ယုံကြည်အားကိုး မူ ပျက်ပြား သွားနိုင် ပြီး.. တရုတ် သြဇာ ပဲ..အလွယ်တကူ နေရာ ယူ သွား နိုင် ပေလိမ့် မည်။

ပိုပြီး စိတ်ဝင်စား စရာ ကောင်း တာက.. လူတွေ သိပ် အာရုံ မရှိ ကြတဲ့.. Central Asia ဖက်က.. စတန် နိုင်ငံ တွေ နဲ့ ဆက်ဆံ ရေး ဖြစ်သည်။
တရုတ်မှာက .. မြန်မာ ပိုက်လိုင်း ကြီး အပြင်.. နောက်ထပ် ပိုက်လိုင်း ကြီး ၂ခု စာ..အကြံ ကြီးတွေ ရှိနေ သေး သည်။ တလောက..မငြိမ်မသက် မူ တွေ ဖြစ်တဲ့..အူရဂါ လူမျိုးစု များ နေထိုင်ရာ.. ဇင်ကျန်း ပြည်နယ် ထိ ရောက် အောင် ဖောက်လုပ် မဲ့.. ပိုက်လိုင်း ကြီး ၂ လိုင်း မှာ.. ရေနံ ပိုက် ကြီးက.. ကဇတ်ကစ္စတန် ကို ဖြတ် ဖောက် မည်။ သဘာဝ ဓါတ်ငွေ့ ပိုက်ကြီး ကိုတော့.. ဥစဘတ်ကစ္စတန် ပေါ် ပါ..ဖြတ်မည်။ ကဲ.. ပိုက်လိုင်း ကြီး တွေ နဲ့.. သိမ်းပိုက် လိုက် ပြီ ဆို မှ ဖြင့်.. ဒီ တသက်.. မခွဲ စတမ်း ပေါင်းရ ပေ တော့မည်။ လမ်းကလည်း သင့် သွားပြီ မို့....အာဖဂန်နစ္စတန် မှာ ရှိတဲ့..သတ္တုတွင်း တွေကို တောင် မျက်စိ ကျ နေ ပြန်သည် တဲ့။ အခုနေ.. အမေရိကန် နဲ့..မဟာမိတ် တပ် တွေ ကြောင့်..အာဖဂန် တည်ငြိမ် သွား ရင်.. တရုတ် အတွက် တော့.. ဇိမ်တကာ့ ဇိမ် ပါ ဗျိုဗျို ဖြစ်ပေလိမ့်မည်။

တိဗက် ကို.. မျက်စိ မှိတ် သိမ်းထား ခြင်း သည် လည်း.. နယ်ပယ် အာဏာ ချဲ့ထွင် ဖို့ သက်သက် သာ ဖြစ်လေသည်။ နယ်ချဲ့စနစ် ကား မကျဆုံး သေး ပေ။ အခု နောက်ပိုင်း လူသူ ကျဲပါး လှ တဲ့.. မွန်ဂို လီးယား ကြီး ကိုတောင်..သမိုင်း တပတ်လည် ပြီး..နယ်ချဲ့ လက်သစ် လုပ်နေတဲ့..အရိပ် အယောင် တွေ ရှိနေ သည် တဲ့။ ရုရှ ကလည်း..ဒါကို စိုးရိမ် သတဲ့။.. မြန်မာပြည်..အရှေ့ မြောက်ခြမ်း ကို.. တအိအိ တိုးဝင် လာသော.. အခြေချ နေထိုင် မူ များ ကဲ့သို့ ပင်.. မွန်ဂိုလီးယား နယ်စပ် များ ကို လည်း.. တရုတ်လူမျိုး များ..သောင်း နဲ့ ချီ ၀င်ရောက် လာ နေလေ သည်။

တလျှောက်လုံး.. ငြိမ်သက် တိတ်ဆိတ် နေခဲ့တဲ့.. တရုတ် နယ်စပ် တကျော..အာရှ အလယ်ပိုင်း နိုင်ငံ ကြီး တွေ မှာ.. အခုလို..လူတွေ..လမ်းတွေ..တံတားကြီးတွေ..ပိုက်လိုင်း ကြီး တွေ နဲ့.. သွယ်တန်း ယှက်နွယ်.. စီးပွား .. စည်ပင် လာ ခဲ့ရင်.. တရုတ်ရဲ့ ကုန်းတွင်း အင်အား ဟာ.. မခန့် မှန်းနိုင် အောင်.. ကြီးထွားလာ ပေ တော့မည်။ တရုတ် အနေ နှင့်.. အဲဒီလို အဖက်အဖက် အင်အား တည်ဆောက် နေ မူ နဲ့ အတူ..ဟန်ချက် ညီညီ.. ရေလမ်း အင်အား ( စစ်အင်အား ) ကိုပါ..တိုးချဲ့ လာ နေမူ က.. ဒေသတွင်း.. ဂျပန်..တောင်ကိုရီးယား နဲ့..အိန္ဒိယ တို့ကိုပါ.. ရေတပ် အင်အား ပြင်ဆင် လာ စေ သည်။

ရှုပ်ထွေး လာ တဲ့.. ဆက်ဆံရေး တွေ ကြား မှာ.. ပစိဖိတ် ဒေသ ပေါ်က...အမေရိကန် ရဲ့ အနေအထား..ရပ်တည်မူ တွေက.. ကြပ်တည်း လာ ပြီလား။
အကယ်လို့သာ.. အိုဘားမား အစိုးရ သစ်က...နဂို ရှိရင်းစွဲ အင်အားချိန်ခွင်လျှာ နိုင်ငံရေး အယူအဆ ကို.. ဆက်လက် မဆုပ်ကိုင် တော့ဘူး ဆိုရင်.. ဒီ ဒေသ မှာ.. တရုတ်လွှမ်းမိုး မူ ကြီး .. အလိုအလျောက် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ် ပေါ်လာ မလား…။
ဒေသတွင်း စစ်ကျိမ်းသံ တွေ..ပို ဆူညံ လာ မလား… ။
အမေရိကန် ကိုယ်တိုင် ကရော.. ခေါင်းကနေ..အမြီးအထိ..အစာတွေ ၀ ဆူဖြိုး နေ တဲ့.. တရုတ် နဂါး ကြီး ကို.. လိုလို လားလား လွှတ်ထား ခဲ့ လေ မလား….။



( ဒီဆောင်းပါးကို ရေးဖြစ်အောင် တိုက်တွန်း သော ခင်ပွန်းသည် နှင့် အတူ... တရုတ် နဲ့ ပတ်သတ် တဲ့..တခြား..စိတ်ဝင်စား ဖွယ် ..ဖတ်စရာ မှတ်စရာ များ.. ပေးပို့ ဝေမျှ လေ့ ရှိသော.. လန်ဒန် မှ..မိတ်ဆွေ ဇနီးမောင်နှံ.. ဇီဇ၀ါ တို့ အား..ကျေးဇူး တင် လျက်... )


Ref:


 


Share/Bookmark

အနှစ် နှစ်ဆယ်- ဗမာ့စောင်း- အိုင်ဝိုဂျီးမား နှင့် ဂျပန် စစ်ပြန်ကြီးများ

ဗိုလ်မှူး ချစ်ကောင်း ရေးခဲ့ တဲ့ .. အနှစ် ၂၀ စာအုပ် လေး ကို...ကိုယ့် ဘလော့ဂ် မှာ ယူတင် ခဲ့ပေမဲ့.. မနေ့ ကမှ.. ဖေ့စ်ဘွတ်ခ် မှာ.. တယောက် ပြန် ရှဲ လို့.. အဆင်သင့် တုန်း..တခါ တည်း..ဖွင့် ပြီး.. တထိုင်တည်း ဖတ် ဖြစ် လိုက်တယ်။

လွန်ခဲ့တဲ့ အနှစ် ၆၀ လောက် ဆီ ပြန်ရောက် သွားခဲ့ ပြီးတော့.. ရင် ထဲ မှာ.. နိုးချိ ကျန် ခဲ့တယ်။ မျိုးချစ်စိတ်..နဲ့ တော်လှန်ရေး.. ။ ဒီမိုကရေစီ လူ့ အခွင့် အရေး နဲ့.. အယူဝါဒ လူပုဂ္ဂိုလ် စွဲ တွေ.... ကိုယ်ကျိုးစွန့် အနစ်နာခံ ခြင်း နဲ့.. ခိုင်ကြည် လေးမြတ်ခြင်း ။ ရွံရှာ မုန်းတီး စက်ဆုပ် စရာ ကောင်းလှ တဲ့.. အာဏာ အဆိပ် သင့်မူ တွေ.. ကို.. ဒုတိယ ကမ္ဘာစစ် ကြီး ရဲ့ နောက်ခံ အခင်းအကျင်း မှာ.. သံဝေဂ ရစွာ.. နာကျင် ကြေကွဲ စွာ ဖတ်ရှူ လိုက် ရ တယ်။ ဆုံးရှုံး နစ်နာ ခဲ့ ရ တဲ့.. လူကောင်း လူမွန် တွေ.. မရေ တွက် နိုင် ခဲ့။ အဲဒီ အချိန် မတိုင် ခင် တွေ က တည်း က... အဲဒီ အချိန်တွေ.. နောက်ပိုင်း မှာ ရော.. လွန်ခဲ့တဲ့..အနှစ် နှစ်ဆယ်.... အခု လက်ရှိ အချိန် တွေ မှာထိ.. ဆုံးရှုံး ဆဲ.. နစ်နာ ဆဲ.. ကြေကွဲ မဆုံး ဆဲ..။

ဒါကပဲ.. ဗမာ့ သမိုင်း တဲ့ လား..။

ရန်ပွဲ တွေ..တိုက်ပွဲ တွေ..စစ်ပွဲ တွေ မရှိ တဲ့..ကမ္ဘာကြီး တခု ဖြစ်ဖို့ ဆို တာတော့.. မျှော်လင့် နိုင် စ ရာ..အကြောင်း မရှိ လှ ပေဘူး ။ ဒါပေမဲ့.. ဟောဒီ ကမ္ဘာမြေ ပြင် ပေါ်က.. သစ်ပင် တွေ ကို..ခုတ်လှဲ ပြီး..သေနတ် တွေ ဖြစ်လာတဲ့ အခါ.. ကမ္ဘာ့မြေဆီ မြေလွှာ တွေ ထဲက..ဒြပ်သတ္တု တွေ နဲ့.. ခဲယမ်းမီး ကျောက် တွေ ဖြစ် လာ တဲ့ အခါ.. လူသား တွေ ရဲ့ ရန်ဆောင် အမျက် လောဘ တွေ က.. ပို လို့.. ပိုလို့.. လောင်မြိုက် လာ နေ လေရော့ သလား။ အဲဒီ အထဲ က မှ.. ကိုယ်တိုင် ရဲ့ ရွေးချယ် လို မူ မဟုတ် ရ ပါပဲ...ကိုယ့် ဆန္ဒ ထက် ကြီးမြတ်တဲ့ စေ့ဆော်မူ တွေ ကြောင့် လက်နက် ကိုင် ခဲ့ ကြ သူ တွေ.. လိုလို လားလား.. နဲ့ ကို.. စစ် ကို လိုလား သူ တွေ...။ လက်နက် ကိုင် ရင်း နဲ့.. ငြိမ်းချမ်းရေး ကို တောင့်တ နေ သူ တွေ...။ လက်နက် ကိုင် ရင်း နဲ့.. ရန်သူ ကို အညိုးတကြီး..အပြီးသပ် ခြေမှုန်း လိုသူ တွေ...။ အဲဒါ တွေ အားလုံး ထဲက မှ.. လူတယောက်ခြင်းစီ ရဲ့.. လူသား ဆန်မူ တွေ.... ။

----------------------------------


ဗမာ့စောင်း- အို်င်ဝိုဂျီးမား နဲ့ ဂျပန် စစ်ပြန်ကြီး များ
( ပြန်လည် ဖော်ပြခြင်း )

Jun 8, 2008


ဒီ မြင်ကွင်း ကျယ် သုံးခု .. အတွေး ထဲ မှာ..စု ပြီး ဖွဲ့တည် နေ တာ တော့ ကြာ လှ ပြီ။ ခု တော့..ဧရာ ၀တီ မြစ်ဝ ဒေ သ က.. ရုပ်ပျက် ဆင်း ပျက် စု ပုံ နေ တဲ့ ခန္ဓာ ကိုယ် တွေ ကို..မမြင် ရက်- မြင် ရက် - မြင် နေ ရင်း က ကို၊ လွန်ခဲ့ တဲ့ ၄ နှစ် လောက် က..အမှတ်မထင် ကြည့် လိုက် ဖူး တဲ့.. ဗမာ့စောင်း ဆိုတဲ့..သမိုင်း ၀င် ဂျပန် ရုပ် ရှင် ထဲ က၊ ရာ ထောင် ချီ တဲ့ အလောင်း တွေ အ တွက်၊ ဘ၀ တခု လုံး ကို လမ်းကြောင်း ပြောင်း ပြစ် လိုက် တဲ့..အညတြ ဂျပန်စစ်သား လေး မစ်ဆူအီ ကို၊ သတိ ရမိ တော့တယ်။

ဒီရုပ် ရှင် က..ဒုတိယ ကမ္ဘာစစ် အပြီး..စစ်ဆန့်ကျင်ရေး လှုပ်ရှား မူ တွေ ..အုံးအုံးကြွက် ကြွက် ဖြစ် နေတဲ့ အချိန် မှာ.. နံမယ်ကြီး ဂျပန် ဒါရိုက်တာ ကြီး အိုင်ချီကာဝါ က ဖန်တီး ခဲ့တာ ပါ။..၁၉၅၄ ခုနှစ် မှာ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင် ထူးချွန် ဆု ကို ရခဲ့ တယ်။ တလော က မှ.. ဂျပန် ဒါရိုက် တာ ကြီး အိုင်ချီကာဝါ တယောက်..အသက် ၉၀ ကျော် မှာ သေဆုံး သွား တော့.. ဟစ်တိုင် အွန်လိုင်း စာစောင် မှာ၊ သတင်း ဆောင်းပါး လေး အဖြစ် ဖော် ပြ တာ၊ တွေ့လိုက် မိ တယ်။ ဒါပေမဲ့၊ ဗမာ့ စောင်း ရုပ်ရှင် ကို ဖော်ညွှန်း တဲ့ နေရာ မှာ.. ဗမာ့ စောင်း ကို မြတ်နိုး ချစ်ခင် တဲ့ ဂျပန် စစ်သား လေး တယောက် အကြောင်း လို့၊ ဖော်ပြ ထား တာ ဟာ၊ သိပ် အကျဉ်း ရုံး လွန်း ပြီး၊ ရုပ်ရှင် ရဲ့..အနှစ် သာ ရ ကို မပေါ် လွင် ဘူး ဖြစ် နေ တယ်။


တကယ်က..ဒီ ဇတ်လမ်း တ ခု လုံး ဟာ၊ ကမ္ဘာ့စစ်ကြီး တွေ ရဲ့ ရူးသွပ် ကြောက်မက်ဘွယ် ကောင်းမူ တွေ ကြား ထဲ က.. လူတယောက် ချင်း စီမှာ ရှိ နေ နိုင် တဲ့ လူသားစိတ် ကလေး ကို၊ အနု ပညာ မြောက် အောင် ဖော် ပြ ထား တာပါ။ ဒီ အခွေ လေး လက်ထဲ ရောက် လာ တော့..စိတ် တောင် မ၀င်စား မိဘူး။ အ ဒေါ် တယောက်က.. ဗြိတိသျှ ရုပ်သံ မှာ ..Burmese Harp ဆို ပြီး လာ တာ နဲ့..စိတ်ဝင်စား ပြီး..အခွေ နဲ့ လိုက် ကူး ထား လိုက်တာ။ သူ ကူးထား တဲ့ ဗီဒီယို တိပ် ကို..တခါ..ဗီစီဒီ ထပ် ကူး။ စက် ထဲ ထိုး ကြည့် တော့..လွန်ခဲ့တဲ့ နှစ် ပေါင်း ၅၀ ကျော် က..အဖြူ အမဲ ရုပ်ရှင်က.. မှုံဝါး လွန်းလို့..ဆက်တောင် မဖွင့် ဖြစ် တော့ တာ။ နောက်တော့ မှ..အဒေါ် က..သိပ် ကောင်းလွန်း လို့..ကြည့် ဖြစ် အောင် ကြည့် ပါ ဆို တာနဲ့..ကဲ..ကြိုးစားပမ်းစား..ကွန်ပြူ တာ နဲ့ အနီးကပ် ဖွင့် ကြည့် တော့မှ.. အဆင် ပြေ တယ်။ တကယ် ကြည့် လိုက် တဲ့ အခါ ကျ တော့.. ဗမာ ပြည် ရေ မြေ နောက်ခံ..ဗမာ့ ဂီ တ သီချင်း တွေ..ဗမာ လူမျိုး ဇတ်ပို့ ဇတ် ရံ တွေ နဲ့..မယုံ နိုင် စရာ ကောင်း လောက် အောင်..စွဲ ဆောင် မူ ရှိ လွန်း လို့..၂ ခါ တိ တိ ထပ် ကြည့် ရ တဲ့ အထိ ပါ။

( ဇတ်ဝင် ခန်း တခု )


ဗမာ့ စောင်း

ဒုတိယ ကမ္ဘာစစ် အတွင်း က..ဗမာ ပြည် မှာ တာဝန် ကျ တဲ့.. ဖျော်ဖြေ ရေး တပ်ခွဲ လေး တခု မှာ..ကြောရိုး တည် ထား တာပါ။ ထုံးစံ အတိုင်း..ဒီတပ် ခွဲက.. ဂျပန် တပ်သား တွေ..စိတ်ဓါတ် မကျ ရ အောင်.. စစ်သီချင်း တွေ အမျိုး မျိုး နဲ့ တာဝန် ယူ ဖျော်ဖြေ ရတယ်။ တပ် မှူးကိုယ် တိုင် က.. ဂျပန် ပြည်မှာ..သံစုံ တီး ၀ိုင်း ခေါင်းဆောင် ကနေ..စစ်ထဲကို ဆင့် ခေါ် ပါ လာ သူ။ အဲဒီ အထဲက.. တပ်သား လေး မစ်ဆူ အီ ဆို တာကလည်း..နဂို ထဲက..ဂီ တ ပါရမီ ထက်သန် သူ ဆိုတော့.. သူတို့ တပ်စခန်း ချ ရာ ကျေး ရွာ သား တွေ နဲ့..ရင်းနှီး ခင် မင် ရင်း..ဗမာ စောင်း ကို ..ခုံခုံ မင် မင် တီးခတ် လာ ခဲ့ တယ်။ ဒီ နေ ရာ မှာ..ဆရာ တင် မိုး ပြော ပြတဲ့.. သူငယ် စဉ်က.. ရွာမှာ..ဂျပန် စစ်သား တွေ နဲ့..ခင်မင်..ပြီး..တယော ထိုး လေ့ ရှိ ကြ တယ် ဆို တာ လေး ကို တောင်..သတိ ရ မိ တော့တယ်။

ဂျပန် တွေ စစ်ရှုံး ပြီး ..ဒုတိယ ကမ္ဘာ စစ် ကြီး ပြီး သွား ခဲ့ ပေမဲ့.. ကျဲ ပြန့် နေတဲ့..အဆက်အသွယ် မရ တဲ့..တပ်စု အတော် များ များ ကတော့..ဒီ သတင်း ကို မသိ ကြ ဘူး ။ ဒီ အထဲ မှာ..မစ်ဆူအီ တို့ ဖျော်ဖြေရေး တပ် ခွဲ လေး လည်း ပါ တာပေါ့။ နောက်တော့..အလွယ် တကူ ပဲ..အင်္ဂလိပ် ( မဟာ မိတ်) တွေ ဆီ လက်နက် ချ ပြီး.. စစ်စခန်း တခု မှာ..သုံ့ပန်း အဖြစ်..ဂျပန် ကို ပြန် ကြ ဖို့ စောင့် နေ တဲ့ အချိန်... တောင်ကုန်း ကြီး တခု ပေါ် မှာ တပ် စွဲ ပြီး..ခံ ပစ် နေ တဲ့.. ဂျပန် တပ် စိတ် တခု ကို.. လက်နက် ချ ဖို့ ကမ်းလှမ်း တဲ့.. တာဝန် ကို...မစ်ဆူ အီ က.. ယူ ခဲ့ တယ်။

သူ တောင်ကုန်း ကြီး ပေါ် ကို တက် လာ ပြီး..စစ် ရှုံး နေပီ ဖြစ် ကြောင်း..လက်နက်ချ ဖို့ ပြော တဲ့ အခါ.. အပေါ်မှာ ရှိနေ တဲ့..တပ်စု ကြီး က ..လုံး ၀ လက်မ ခံ ပါဘူး။ ခက် တာက..သူ့မှာ..မိနစ် ၃၀ ပဲ အချိန် ရ တယ်။ ဒီဖက် မှာ လည်း..ဘယ်လို မှ ညှိ လို့ မရ။ သူ- ဒီလူ တွေကို အဓိပ္ပါယ် မဲ့ မသေ စေ ချင် ဘူး။ နောက်ဆုံး..အင်္ဂလိပ် တွေ ကို၊ သူ့ကို အချိန် ထပ်ပေး ဖို့..အချက် ပြ တာကို..အထင် လွဲ ပြီး..၀ိုင်းဝန်း ရိုက်နှက် ကြ လို့..သူ လည်း..ဂူ ထဲ မှာ မေ့မျော နေ တုန်း.. အချိန် စေ့လို့..ဒီတောင်ကုန်း ကြီး ကို မိုင်း ခွဲ ဖြို ခွင်း ခံ လိုက် ရ ပါတော့တယ်။ သူ သတိ ရ လာ တော့.. ပျံ့ကျဲ နေ တဲ့ အလောင်း တွေ။ သူ စခန်း ကို ပြန် မသွား တော့ဘူး။ နီးရာ ဘုန်းကြီး ကျောင်း တခု မှာ..သင်္ဃန်း ၀တ် အကူ အညီ တောင်း ပြီး .. သူ လျှောက် သွား ကြည့် တယ်။ နေ ရာ တိုင်း မှာ.. .စစ်ရှုံးခြင်း ..ဆုတ်ခွါ ခြင်းတွေ.. ရောဂါ တွေ .. အလောင်း တွေ.. ပင် လယ် ကမ်းစပ် တွေ မှာ လည်း..လှိုင်း ပုတ် လို့..အပုံ လိုက်..အထပ် လိုက်..ဂျပန် စစ်သား တွေ..အိမ်မပြန် နိုင် ကြ တော့ဘူး။ အဲဒီ အချိန် မှာ..သူ့နှလုံး သား ကို စေ့ ဆော် နေ တာက..ဒီ ခန္ဓာ ကိုယ် တွေ မှာ.. မိသားစု တွေ..ဘ၀ တွေ.. ဂုဏ်သိက္ခာ တွေ ရှိ ခဲ့ တယ်။ ဒီ လူတွေ ကို.. ဂုဏ် သိက္ခာ ရှိ ရှိ မြုပ် နှံ သဂြိုဟ် ပေး ရမယ်... ဗုဒ္ဓ ဘာသာ အရ.. ဘ၀ ကူး ကောင်း အောင်.. သရဏ ဂုံ တင် ပေး ရမယ်.. ဆို တဲ့ အသိ ပဲ။ တကယ် ကို..သူ လုပ် ခဲ့တယ်။ တယောက် တည်း.. ပေါက်တူး တလက် နဲ့..အလောင်း တွေ မြုပ် တယ်။ တနေ ရာ ပြီး တနေ ရာ လိုက်ရှာ တယ်။

အဲဒီ အချိန် မှာ..မစ်ဆူ အီ သေပီ လို့..ထင်ထား ကြ တဲ့...သုံ့ပန်းစခန်း ထဲ က..ဂျပန် တွေ ဆီ ကို... မစ်ဆူ အီ နဲ့တူ တဲ့..ဘုန်းကြီး တယောက် ရဲ့ သတင်း က.. ဒေသခံ..ဈေး သည် တွေ ဆီ က တဆင့် ရောက် လာခဲ့တယ်။ တပ်ရင်း မှူး က.. ကြက် တူ ရွေး လေး တကောင်ကို.. ` မစ်ဆူအီ..ငါတို့နဲ့အတူ ဂျပန် ပြန်ရ အောင်..´ လို့ သင်ပေး ပြီး.. အဲဒီ ဘုန်း ကြီး ဆီ ကို ရောက် အောင် ..ဈေး သည် တွေ က တဆင့် ပို့လိုက် တယ်။ ဒီ ရုပ်ရှင် ရဲ့..အထွတ် အထိပ်..ရင်ကို ဖမ်းဆုပ် နိုင် တဲ့ အခန်း လေး ကတော့.. မစ်ဆူ အီ က..သူ့ရဲဘော် တွေ ရှိရာ..သုံ့ပန်းစခန်း နား ကို ရောက် လာပီး..မလှမ်းမကမ်း မှာ ရပ် ပြီး..သူတီးနေ ကျ..စောင်း လေး ကို တီး ပြ ရင်း.. သူ- မစ်ဆူအီ ဖြစ်ကြောင်း လာ ပြ တဲ့ အခန်း လေးပါ။ သံဆူး ကြိုး တွေ နောက် က..ရဲဘော် တွေ က.. ပြုံ တိုး ပြီး ကြည့်ကြ။ အော်တဲ့ သူ က..အော် ကြ.. ငိုတဲ့သူ က..ငိုကြ။ ကြက်တူ ရွေး လေး ကလည်း..
` မစ်ဆူအီ..ငါတို့နဲ့အတူ ဂျပန် ပြန်ရ အောင်..´ လို့..ထပ် ကာ ထပ် ကာ အော် လို့။ မစ်ဆူ အီ ကတော့..စကား တခွန်း မှ မပြောပဲ..ကြက်တူ ရွေး လေး ကို ပခုံးပေါ် တင် ပြီး..စောင်း ကိုသာ..တွင် တွင် တီး နေ ခဲ့တယ်။ တကယ်ပဲ..မစ် ဆူ အီ တယောက်..ဂျပန် စစ်သား တွေ ကို..သရဏ ဂုဏ် တင် သဂြို င်္ဟ် ဖို့.. ဗမာ ပြည် မှာ..ကျန် နေ ရစ် ခဲ့ ပါ တော့ တယ်။

(၁၉၈၅ ခု မှာ..ရောင်စုံဖလင် နှင့် ပြန် ရိုက် သော..ဗမာ့စောင်း မှ..ဇတ် ၀င် ခန်း)



အိုင်ဝိုဂျီးမား ကျွန်းမှ ပေးစာ များ

ဗမာ့ စောင်း လို ပဲ.. စစ် နဲ့ လူသား ဆန် မူ တွေ ကို အလှပ ဆုံး ရက် ခြယ် ထား တဲ့..ဂျပန် ကား တကား ကို..ပီးခဲ့တဲ့ လက ပဲ..ကြည့် ဖြစ် လိုက် ပြန် တယ်။ ဟောလိဝုဒ် နံမယ်ကျော် Clints Eastwood ရိုက် တာ ဖြစ် ပြီး.. အော်စကာ ဇကာတင် ခံ ရတဲ့..နံမယ် ကျော်..အဆင့်မီ ကား ကောင်း တခုပါ။ တကားလုံး ဂျပန် စကား ပြော ဖြစ် ပြီး..မင်းသားက..the last samurai ထဲက.. ၀ါတာနာဘီ ပါ။ ဒါပေမဲ့..တကယ့် ဇတ် ကောင် ကတော့..မုန့်ဖုတ်သမားလေး ကနေပီး..စစ်ထဲ ဆင့် ခေါ် ပါလာတဲ့..တပ်သားလေး..ဆိုဂီ ကပဲ..တကားလုံး ရဲ့ အနှစ်သာ ရ ကို ထောက်ပြ သွား ခဲ့ တယ်။





အိုင်ဝိုဂျီးမား ဆို တာ.. ဂျပန် ရေ ပိုင် နက် ထဲမှာ..ထိုး ထွက် နေတဲ့..မီးသင့်ကျောက် တောင် ပူစာ ကျွန်း လေး တခု။ ဒီကျွန်း ပေါ် မှာ..အမေရိ ကန် တွေ ကို ခုခံ ဖို့..ဂျပန် တပ်စု တစု ပြင် ဆင် နေ ကြ ရတယ်။ သူတို့ တွေ ဒီကျွန်း လေး မှာ ပိတ်မိ ပြီး..သေ ကြ ရ တော့ မယ် ဆို တာ..ကို လည်း.. အားလုံး လို လို က..သိ နား လည် နေ ကြ တယ်။ ရိက္ခာ ပြတ်လပ် အားအင် ချိ နဲ့ နေတဲ့..စစ်သား တစု...ကမ်းစပ် မှာ..ကတုပ်ကျင်း တူး နေ ကြ တုန်း.. မောပန်းလွန်း တဲ့ ဆိုဂီ က.. ` အမေရိကန် က..နိုင်မှာပဲ လေ. ငါတို့ ဒီကတုပ် ကျင်း တွေ ကို ဘာ အတွက် တူး နေ ရ တာ ပါ လိမ့် ကွာ..ဒီ ကျွန်း ကို..ပေး လိုက် ပြီးရော ကွာ..´ လို့အချင်း ချင်း ညီးညူ လိုက် မိ တာကို..သူ့တပ် ဗိုလ် ကြားသွား လို့..အသေ ဆော် တော့မဲ့ အချိန်မှာ ပဲ.. ဗိုလ်ချုပ် ကြီး..ကူရီ ဘာရာ ရှီ ( ၀ါတာနာဘီ) ရောက် လာ ပြီး..ကယ်လိုက် တာနဲ့.. ဇတ်လမ်း လေး ကို ဖွင့် ထား ပါတယ်။

တကယ် တော့..ဆိုဂီ ရဲ့ ရိုးသားတဲ့ အလျော့ပေး စိတ်ဓါတ် က.. ဘာ တာဝန် မှ မယူ..ဘာအကူအညီ မှ မပေး နိင် ပဲ..အသက် ပေါင်း များစွာ ကို..ဒီကျွန်းလေး ပေါ် မှာ အသေ ခံ ခိုင်း တဲ့.. ဂျပန်တော်ဝင် သေနာပတိချုပ် ကြီး ရဲ့ အမိန့် ထက် ..အများ ကြီး အပြစ် ကင်း တယ် လို့ ထင်ပါတယ်။ အမေရိကန် အကြောင်း သိတဲ့..အမေရိကန် ပြန် ဗိုလ်ချုပ် ကြီး..ကူရီ ဘာရာရှီ ရဲ့..တာဝန်ယူ တတ်မူ..လူသား ဆန် မူ...လူ့အသက် တွေ ကို အလေး ထား မူ.. ဒီ ခံစစ် အပေါ် မှာ..ပက တိ အတိုင်း သုံးသပ် နိင်မူ.. ကို လည်း.. ဂျပန် တို့ရဲ့ ဘူရှီဒို စိတ်ဓါတ် ( အရှုံးမပေး..ကိုယ်တိုင် အဆုံးစီရင် မူ) နဲ့.. ရောယှက် ပြီး ပြသွား တာ ဟာ ..တကယ် အတွေး ပွား စရာ ကောင်းလှ ပါ တယ်။

လော့စ်အိန်ဂျလိစ် အိုလံပစ် ပွဲ မှာ ပြိုင် ခဲ့ဖူး တဲ့..မြင်း ခုန် ချန်ပီ ယံ တပ် မှူး နာရှီ က လည်း..ဒဏ်ရာ အပြင်း အထန် နဲ့မိ လိုက် တဲ့..အမေရိ ကန် စစ်သား ကို.. ရှားပါး တဲ့ ကြား ထဲက ပဲ..ရှိတဲ့ မော်ဖင်း လေး ထိုး ပေး ခဲ့ တယ်။ နောက် ဆုံး အမေ ရိကန် စစ်သား သေ သွား တော့..အိတ် ထဲ က..ထွက် လာ တဲ့.. သူ့အမေ ရဲ့ စာ လေး က ပဲ.. ဒီ အဖြစ် အပျက် လေး ကို အဓိပ္ပါယ် ဖြည့် လိုက် တယ် ။

"Come home safe... do the right thing because it is right ..." တဲ့။

ဒီကျွန်း ပေါ် ကို..အပြစ် နဲ့ ရောက် လာ တဲ့.. တဘား ကျ..စစ်ဗိုလ် လေး ရှီမီဇူ ရဲ့ အဖြစ် ကလည်း..စိတ်ဝင် စား စရာ ကောင်း တယ်။ သူ့ကို ကင်ပေ တိုင် ( ထောက်လှမ်းရေး ) က.. မွေး ထား ပေ မဲ့.. တရက် မှာ.. သူ့ဆရာ နဲ့ အတူ မြို့ထဲ ပတ္တရောင် လှည့် တုန်း...နိုင်ငံ တော် အလံ မလွှင့် လို့ ဆို ပြီး.. အိမ် တအိမ် ကို ပြသာနာ ရှာ တယ်။ အိမ် ရှင် မ ခမျာ..လင်က..စစ် ထွက် နေတော့..ကလေး ငယ် လေး ၂ ယောက် နဲ့..မအား လို့ဖြစ် ကြောင်း..တောင်းပန် နေ တုန်း..မွေး ထား တဲ့ ခွေး က..ထိုး ဟောင်။ ကင်ပေ တိုင် အရာ ရှိ မှာ..လူ ကိုသာ အနိုင် ကျင့် လို့ ကောင်း ပေမဲ့..ခွေး ဟောင် တော့ ရှက် ရှာ ပြီး..အတူပါ လာတဲ့.. ရှီမီဇူ ကို..ခွေး သတ် ခိုင်း ပါ တော့တယ်။ ဒီ ခွေး လေး ကိုပဲ..လုံခြုံ ရေး အတွက် အားကိုး နေ ရတဲ့ သားအမိ ရဲ့ ငို ရှိုက် တောင်းပန် သံ တွေ ကြား မှာ.. ရှီမီဇူ တယောက်.. သေနတ် ကို မိုး ပေါ် ထောင် ဖောက် ပြ ပြီး.. သူ့ဆရာ ဆီ ပြန် အထွက် အလာ... လမ်း တ၀က် ရောက် မှ..ခွေး ဟောင် သံ ပြန် ကြား ပြီး.. ရာထူး ချ ..ရှေ့ တန်း ပို့ ခံ ခဲ့ ရ ပုံ လေး က.. ရီ စရာ ကောင်း သ လို လို..မော စရာ ကောင်း သလို လို..။

ဂျပန် စစ်ပြန် ကြီး များ

အရက် စက် ဆုံး အဖြစ် အပျက် တွေ ထဲ မှာ..ဂျပန် များ တရုတ် နန်ကျင်း မြို့ ကို သိမ်း ပိုက် ခဲ့ တဲ့ အဖြစ် ကြီး လည်း တခု ပါ ခဲ့ ဖူးတယ်။ ဘယ် လောက် ထိ တောင် ရက်စက် ခဲ့ လည်း ဆို ရင်.. ဒီ အကြောင်း တွေ ကို..ဒီ ဖက် ခေတ် ရောက် မှ.. သုတေ သန လုပ်..စာအုပ် ထုပ် ခဲ့ဘူး တဲ့.. အမေရိကန် ဖွား..တရုတ် လူမျိုး.သမိုင်း ပညာ ရှင် အမျိုး သမီး ဟာ..ဒီ စာအုပ် လည်း ထုပ် ပြီး..နံမယ် လည်း ကြီး.. မိသား စု နဲ့ ပျော် ရွှင် နေ တဲ့ ကြား ထဲ က.. တရက် မှာ..ကိုယ့်ကို ကိုယ် အဆုံး စီရင် သွား ခဲ့ ဖူး ပါ သတဲ့။

တလော ကပဲ.. ဂျပန် အမျိုး သမီး တယောက်က.. နန်ကျင်း ပြန် ဂျပန် စစ် သား ကြီး တွေ ကို..လိုက် လံ ရှာ ဖွေ မေးမြန်း ထား တဲ့..documentary တခု တီဗီ မှာ ကြည့် လိုက် ရတယ်။ ဒီ အမျိုး သမီး က..တော် တော် မေး တတ် တယ် လို့.. ပြော ရမယ်။ ဟိုက..၉၀ ကျော် အဖိုး ကြီး တွေ ခမျာ တော့..သူ မေး တဲ့ လမ်း ကြောင်း အတိုင်း တဲ့ တဲ့ ၀င် တာပဲ။ ဥပမာ- `အင်း..အဲဒီ တုန်း က.. ကလေး တွေ မိန်း မ တွေ ကို လည်း ..သတ် ရ တာပဲ နော်...´ လို့ အသာလေး ထောက် လိုက် ရင်.. `အာ..ဟုတ်တယ်.. အကုန် သတ် ရ တယ် ´ လို့.. သေချာ ကို ဖြေ တော့တာပဲ။ ` အဲ.. မိန်းကလေး တွေ ကို မုဒိန်း ကျင့် ကြ တော့..စစ်သား တွေ အကုန် ပါ တာပဲလား ´ဆို ရင် လည်း....`အော်..ပါ တာပေါ့ ..´ ဆို ပြီး..သူ့ အတွေ့အကြုံ တွေ တောင် ပြော နေ သေး။

တနေ ရာ မှာ ကြည့် နေရင်း..တီဗီ မြင်ကွင်း ထဲ..ရုတ် တရက် အဘွား ကြီး တယောက် ၀င် လာ တယ်။ အဘိုးကြီး ရဲ့ မိန်း မ ဖြစ် မယ် ထင် တယ်..။ မေး နေတာ ကလည်း..သူတို့ အိမ် သွားမေး နေ တာလေ..။ နောက် ဖေး ခန်း က..နား ထောင် နေ ရင်း..မနေ နိုင် ပဲ ၀င် လာ ပြီး..
` သူ့ကို မမေး နဲ့တော့..အသက် ကြီး ပြီ..မေ့ကုန်ပြီ..´
လို့..အမျိုးသမီး ကို ခပ် တည် တည် နဲ့ ဟောက်လွှတ် ပါ တော့တယ်။ အော်- အဘွား ကြီး က..အဘိုး ကြီး ထက် တော် တော် ပါးနပ် တာပဲ လို့ တွေး ရင်း.. ပြုံး တောင် ပြုံး မိတယ်။

ဒီ စစ်သား ကြီး တွေ ကျ တော့ လည်း ..တကယ့်ကို..စိတ် ကြမ်း ကိုယ် ကြမ်း..စစ် ကြီးကို ပီပီ သသ ရုပ် ဆိုး အကျည်း တန် စေခဲ့ တဲ့..စစ်သား ပီပီ သသ ကြီး တွေ ပါ လား လို့..တွေး နေ မိ တော့ တယ်။


( ဖြည့်စွက်ချက်- နန်ကျင်း လူသတ်ပွဲ အကြောင်း သုတေသန ပြု ခဲ့တဲ့.. အမေရိကန် အမျိုးသမီး ဟာ.. အကြောင်းရင်း ရှာမရပဲ.. သေဆုံးသွား ခဲ့ ပြီး....အသတ်ခံ ခဲ့ ရ တာ ဖြစ် ဖို့ များ တယ်လို့.... အသိ တယောက် က.. ပြောပြပါတယ်။

မှတ်တမ်း တီဗီ မှာ ကြည့် ခဲ့ ရ တဲ့.. လူ ကိုယ်တိုင် လိုက် မေး မြန်း စုဆောင်း ခဲ့ တဲ့.. ဂျပန် အမျိုးသမီး အကြောင်း ကိုလည်း..အဲဒီ စာ ကို ရေးပြီး.. အတော်ကြာကြာ မှာ သတင်းစာ တစောင် ရဲ့ တနေရာ မှာ ဖတ် လိုက် ရ ပါတယ်။ အဲဒီ ဂျပန် အမျိုးသမီး က တော့.. ကျောင်းဆရာမ တယောက် ဖြစ် ပြီး... ဂျပန် နိုင်ငံ ရဲ့ ကျောင်းသုံး စာအုပ်တွေ မှာ ပြဌါန်း ထား တဲ့.. ဂျပန် တွေ နန်ကျင်း ကို သိမ်း တဲ့.. သမိုင်း ဇာတ်လမ်း တွေ ဟာ.. လိမ်လည် ၀ါဒ ဖြန့် ထား တာ တွေဖြစ် တဲ့ အတွက်.. ဂျပန် နောင် မျိုးဆက် တဆက် လုံးကို..သမိုင်း အမှား တွေ.. လုပ်ကြံ ဇာတ်လမ်း တွေ.. မပေးချင် ဘူး ဆို တဲ့.. ပြင်းပြ တဲ့..ကိုယ်ပိုင် ဆန္ဒ နဲ့... တကိုယ် တော်... စုံစမ်း ဖော်ထုပ် ခဲ့ တဲ့...သတ္တိခဲ.. ကျောင်း ဆရာမ တယောက် ဖြစ် ပါ တဲ့...။ အားးရ ဖွယ်...... ။

(မူရင်း)


Share/Bookmark

နှင်းပွင့်လေး နှင့် သူငယ်ချင်းများ

မိသားစု ထဲ ကို..ဦးဆုံး ရောက်လာတဲ့.. ပထမ ဆုံး ကလေး မို့.. သဲသဲ လှုပ်ကြီး မဟုတ်တောင်.. နည်းနည်း တော့..လှုပ်လှုပ်ရှားရှား ချစ်ခဲ့ ကြ ရတဲ့.. နှင်းပွင့်လေး..


ရန်ကုန် မှာ မွေးပြီး..ပထမ ဆုံး အကြိမ်.. နယ်ကို ခေါ်လာ လည် တော့.. ကုတင်ပေါ် မှာ..အတုံးလိုက် ကလေး တင်ထားတဲ့.. ကလေး လေး ကို ကြည့် ပြီး.. ကိုယ့်အမ ကြီး လောက်..မလှ ပါလား လို့..တွေး မိ ခဲ့ သေးတယ်။


ကိုယ် ဆယ်တန်း နှစ်မှာ.. မမကြီးက.. လက်ထပ် တော့.. ကလေး မဟုတ်..ခွေးမဟုတ် ... သမြောပြီး.. စိတ်ကောက် ခဲ့ တဲ့ အရှိန် က.. အဲဒီ ကောင်မလေး မွေး လာတဲ့ အထိ..မပြေသေးဘူး ထင်ပါ့..။


ထုံးစံ အတိုင်း..အဲဒီ ကလေး ပေါက်စ လေး ကို.. သူ့အမေ အလုပ် သွားတုန်း.. ထိန်းဖို့ ကျောင်းဖို့ တာဝန် တွေ က.. ၃ လ တခါ လောက် လဲ ရတဲ့.. ကလေးထိန်း တွေ နဲ့ အတူ.. အဒေါ် တွေ အပေါ်ပါ.. ရောက်လာ တော့ တာပေါ့...။ မနက်..မနက်..သူ့အမေ အိမ်က ထွက်တော့မယ် ဆို.. ကလေး ကို ချီပြီး.. လျှောက်ပတ် နေရ လို့ .. အမော ကို ဖြေမယ် ကြံ တုန်း..အိပ်ယာက နိုး ပြီး..လမ်းပေါ် ဖြတ်သွားသမျှ..မုန့်သည် လှမ်းခေါ် လို့.. ပါးစပ် ကို ပြေးပိတ် လိုက်.. မုန့်သည်ကို တောင်းပန် ပြီး ပြန်လွှတ် လိုက် နဲ့..က.. တနေ့လည် ခင်းလုံး..။

နေ့ကလေး ထိန်း မူကြို စ ထားတော့ မှ ပဲ..အဒေါ် တွေ လည်း.. သက်ပြင်း ချ နိုင် တော့တယ်။ သူငယ်ချင်း တွေ နဲ့....စိတ်အေး လက်အေး.. အပြင် ထွက် နိုင် တော့ တယ်။ ညနေ စောင်း ပြီ ဆိုရင်တော့.. အဒေါ် တွေ.. အိမ်အပြန်.. အတွဲ ကိုယ်စီ နဲ့..မူကြို မှာ ၀င်ဝင် ကြို တဲ့ အခါ.. မတော်ရ သေးတဲ့..မတော်ဖြစ် လိုက် တဲ့.. ဦးလေး တွေ ဆီက.. မုန့် တွေ နဲ့.. သူက..စိုပြေ လို့.။ ကိုယ်တို့ နှစ်ယောက်..ညနေစောင်း..အင်းလျား ကန် ဘောင် လမ်းလျှောက် ရင် လည်း.. အတွဲ ပေါက်စ တို့ သဘာဝ..သူများ ကလေး နဲ့..ကြားဖီးလ် ယူ ပြီး.. ခေါ်သွား ရင်..သူ့ မိဘ တွေ က..အကြိုက်ပေါ့..။


ခု တော့.. ကြားဖီးလ် ကို ယူစရာ မလိုပဲ.. တကယ့် ဖီးလ် အစစ် ကြီး..တကယ့် တာဝန် အမှန် ကြီး နဲ့ ကို.. ကိုယ်တို့ ဆီ ရောက်လာ ပါတော့တယ်..။



မြင်းကောင်ရေ အား လို မျိုး.. နွားအကောင် တထောင် အား ရှိ တဲ့.. လျှပ်စစ် မီတာဗုံး လေး..အိမ်မှာ..တပ် လိုက် ရပြီ ဆိုပါတော့..။ ရန်ကုန်က.. မိသားစု ကတော့.. ဗြဟ္မာကြီး ဦးခေါင်း..နင့် လက်ထဲ ထဲ့လိုက်ပြီ လို့..နောက် ကြ တယ်။ ရောက်ကာ စ ကတော့.. အိမ် နဲ့ ကျောင်း..ကျောင်း နဲ့ အိမ်.. ခပ်ကုပ်ကုပ် လေး ပါပဲ။ စာသင်နှစ် ၆ လ လောက် ကျိုးတယ် ဆို ရင်ပဲ.. ဟိုက..ဒီက.. သူငယ်ချင်း လေး တွေ ရလာ ပြီ မို့. ညနေ စောင်း လို့.. အိမ်ပြန်ချိန် တန် လို့.. မရောက် လာသေး ရင်.. ကိုယ့် မှာ မျှော် ရ ပြီ.. စိတ်ပူ ရပြီ။ ဒီမှာက.. ဗမာ ကျောင်းသား မများ လှ တော့.. သူ တို့ လည်း..သူတို့ ရှိတဲ့..ဗမာ ကလေး တွေ စုပြီး..ရှာကြံ ပျော်ကြ..လည် ကြ..။ ခက် တာက.. ကိုယ်က လည်း..ဆယ်ကျော် သက် တယောက်ကို ဘယ်လောက် အတိုင်း အတာ ထိ..ခွင့်ပြု လိုက်လျော ရ မလည်း ဆိုတာ.. ဘာ သင်တန်း..ဘာ ထရိန်နင် မှ မဆင်း လိုက် ရ ပဲ.. ရုတ်တရက် ကြီး ဆိုတော့.. မထူးပါဘူး လေ... သူ့ သငယ်ချင်း လေး တွေ ပါ ခေါ် ပြီး.. ကိုယ့် အိမ်မှာ..Bitch Hostel ဆိုပြီး ဖွင့်လိုက် တော့ မယ် လို့ သာ.. စိတ် ပေါက် မိ တော့ တယ်။


အိမ်ပြန်ရောက် ရင် လည်း..ရောက် တာနဲ့.. အိတ် ကို ပြစ်ချ ပြီး.. ကွန်ပြူတာ အရင် ဖွင့်..ဖေ့စ်ဘွတ်ခ် ပေါ် တက်တော့ တာပါပဲ။ ငယ်ငယ်တုန်းက ဆို.. တွေ့သမျှ စာအုပ်.. ၀ါးစားသလို.. ဖတ်တဲ့..ကလေး က..ခုတော့.. သာမန် နေ့တဓူဝ အိမ်မူ ကိစ္စ တွေ မပြော နဲ့.. တီဗွီ လည်း မကြည့်.. မဂ္ဂဇင်းတောင် မလှန်.. ဖေ့စ်ဘွတ်ခ် ကြီးပေါ် မှာ သာ မျက်နှာ မူ နေ လေ တော့.. အပြင် ထွက်လည် နေတာပဲ ..ကောင်း သား လို့ တွေး ရ တော့ မလို..။


တခါ တလေ လည်း.. စောင်းပါး ရိပ်ခြေ.. ဖေ့စ်ဘွတ်ခ် နဲ့ ပတ်သတ် တဲ့..သတင်း တွေ.. သတိထားစရာ တွေ အကြောင်း.. ပြောမိ ရင်...

“ အဲဆို..ကေကေ တို့လည်း မသုံး နဲ့ လေ.. ” ဆိုတာ နဲ့ ..သူတို့က..ကိုင်ပေါက် တတ် နေသေး ရဲ့..။


“ သမီး ရဲ့..ဖေ့စ်ဘွတ်ခ် သုံးတာ..ကေကေ တို့ လည်း ပျော်ပါတယ်.. ဒါပေမဲ့..အကျိုး မရှိ တာတွေ နဲ့ ..သိပ် အချိန် မကုန်စေ နဲ့ ပေါ့.. ” လို့သာ.. လေချိုသွေး နိုင် ပြီး.. ကိုယ်ည်း.. ကိုယ့် ဖေ့စ်ဘွတ်ခ် ကြီး ကိုသာ..စိတ်နာနာ နဲ့..ထိုင် ငေး နေ မိ တော့တယ်။ ဖေ့စ်ဘွတ်ခ် ဆို တာ ကြီး ကလည်း.. အကောင်း အဆိုး အကြောင်း အကျိုး ခွဲခြမ်း စိတ်ဖြာ ဖို့ နေနေ သာသာ.. ဘယ် အစိုးရ မင်း မှ.. မနိုင် အောင်.. သူတလူ.. ငါတမင်း ဖြစ်နေလေ တော့ လည်း.. မကျေနပ် ရင်.. သိကြားမင်း ကို သာ.. တိုင်ပြော ယုံ။ တူမတော်.. ငေါ့ သလို.. မသုံးပဲ နေ ယုံ..။

တလောက.. သူ့ သူငယ်ချင်း မလေး တယောက် မွေးနေ့ ဆိုပြီး..လည်ကြ ပတ်ကြ ..အပြန်မှာ..အိမ်လိုက် လည်ရင်း....မွေးနေ့ရှင်လေး က.. ဖေ့စ်ဘွတ်ခ် မှာ.. သူ့ အတွက်... ဆုတောင်း တွေ.. ၄၆၅ ခု ကျော် သွားပြီ လို့.. ပြော သံ.. ဘေး ကနေ.. ကြား လိုက် မိ တယ်။ ချက်ခြင်းပဲ .. နောက် တယောက် က..ဒေါက် ၀င် ဖြုတ် တယ်... “ ဖေ့စ်ဘွတ်ခ် မှာ.. ကွန်မန့်ကို ကောင့်တာ မပါ ပါဘူး.. နင် ဘယ်လို သိ လည်း..ထိုင် ရေ နေတာလား...” တဲ့..။ ကိုယ့်မှာ အသာလေး ကြိတ် ပြုံး နေမိတယ်။

နောက် တယောက် က..လာပြန်တယ်...။



“ ငါ့ friend request တွေ လျော့ လျော့ သွားတယ် ..ဘာဖြစ်တာလည်း မသိဘူး..”


ဗဟုသုတ ရလို ရ ငှါး..သူတို့ စကား ၀ိုင်း ထဲ ၀င်ရော ရင်း.. “ ဟယ်..ဘယ်လို မျိုးလဲ..ကေကေ ကတော့.. request တွေကို..လက်ခံ ရင်..ခံ..မခံ ရင်လည်း ဖျက်လိုက်တာ ပဲ..” ဆိုတော့...“ သမီး တို့က.. friend request တထောင် ပြည့်အောင် စု တာ.. တထောင် ပြည့်သွားရင်.. နောက်ထပ် ၀င်လာလို့ မရ တော့ဘူး.. တယောက်ယောက်က..လာ အဒ်ရင်.. request တွေ များလွန်းလို့.. အဒ်မရ တော့ ဘူး ဆိုတာ..တဖက် မှာ ပေါ်တယ်လေ... ”


သြော..သြော်.. ခု မှ ပဲ..ဇာတ်ရည် လည် ပေ တော့ သည်။ အဲဒီ တော့ မှ.. ဆရာကြီး ဖြစ်တာပေါ့ လေ..။


ဘာပဲ ပြောပြော..သူတို့ သူငယ်ချင်း လေး တွေ အားလုံး..ချစ်စရာ ကောင်း ကြ ပါသည်။ ဘာညာ သာရ ကာ လေး တွေ ရှိကောင်း ရှိပေမဲ့.. ကလေး ဟန် လေး တွေ မပျောက် သေးပဲ.. လွတ်လွတ် လပ်လပ်...ပွင့်လင်း ရယ်မြူး တတ် ကြ တုန်း။ တော် တော် များများ ကလည်း.. မိဘ တွေ နဲ့.. ရေခြား မြေခြား ဝေးလာ ပြီး.. သူတို့ ခြေထောက် ကလေး တွေ..မခိုင့် တခိုင် ပေါ်.. ရပ်ဖို့ ကြိုးစား နေတာ ဆိုတော့... လိုအပ် တဲ့.. စောင့်ရှောက်မူ လေးတွေ ပေးရင်း.. ကြုံ ရင် ကြုံသလို.. ချက်ပြုတ် ကျွေး တဲ့ အခါ လည်း ကျွေး ပေါ့..။ Bitch Hostel အဆောင်မှူးက.. အလျင်း သင့်ရင် သင့်သလို.. ပြောဆို ဆုံးမ တဲ့ အခါ..မ ပေါ့..။ သူတို့ နားထဲ ၀င်တာ မ၀င် တာ တော့.. ကိုယ် လည်း..နှိုက်ယူ တိုင်းကြည့် လို့ မရ ပေ..။

ဒီ မှာက..နိုင်ငံခြားသား ကျောင်းသား တွေ ကို.. မိုးချုပ်ည ရီ.. လုတာ..တိုက်တာ တွေ ရှိတတ် တော့.. အတန်းချိန် နောက်ကျ တဲ့ ရက်တွေ ဆို.. ကိုယ့် မှာ စိတ်ပူ ကြီး နဲ့..။ ဒေသ ခံ .. ဂျပိုး တွေ က..တွက် သည်လေ.. နိုင်ငံခြားသား ကျောင်းသား တွေ ဆိုတာ..ပိုက်ဆံ တတ်နိုင်တဲ့ လူတွေ များသည်။ တော်ရုံ.. အရှိန် ဆို..လန့် တယ် ဆို တာမျိုး.. အနည်း ဆုံး.. ဟန်းဖုန်း လောက် ရ သွားရင်တောင်.. သူတို့ အတွက်.. အိုကေ သည်။ အဲလို တွေ တွေးပူ နေတုန်း.... မမျှော်လင့် ထားတဲ့.. နေရာက အပူ လုံး ကြီး.. ၀ုန်း ဆို...ပြုတ် ကျ လာလေ သည်။





အဲဒီ နေ့က.. ညနေ..အတန်း.. ၇ နာရီ မှ ဖြုတ် မှာ ဆိုတော့.. ၇ နာရီ ခွဲလောက် ရှိလာ တော့..စိတ် က ပူစ ပြု လာ ပြီ။ သူ့ စာမျက်နှာ သွား ကြည့် တော့လည်း.. မနေ့က.. တင်ထားတဲ့...ဘာမှန်း မသိ တဲ့.. စာလုံး တချို့ နဲ့.. မက်ဆော့ခ်ျ တချို့သာ...။ သူလေးက..ပုံမှန် ဆို..ကွန်ပြူတာ နဲ့ ဝေးနေ တုန်း တောင်..ဟန်းဖုန်း ကနေပြီး.. ဖေ့စ်ဘွတ်ခ် ပေါ်မှာ..ဘာညာ.. လှမ်းတင် တတ် သူ...။ ၈ နာရီ ခွဲ တော့.. စိတ် က.. အလွန်အမင်း ပူ နေ ပြီ။ ဖုန်း ခေါ် တော့ လည်း.. ဖြေ မည့်သူ မရှိ..။

နောက် ဆုံး.. ၉ နာရီ လောက် မှာ..ဖုန်းတခု ၀င်လာ ခဲ့ သည်။ နှင်းပွင့် တို့ သူငယ်ချင်း တသိုက်.. ကားအက်စီးဒင့် ဖြစ်လို့ တဲ့..။

၃ နာရီ လောက်ကြာအောင် ပူနေရ တဲ့ စိတ်တွေ..ပွင့်ထွက် သွား သည်။ ရင်ထဲက..ဆောင့် ဆောင့် တက်လာ တဲ့.. ကြောင့်ကြ အပူ လုံး ကြီးကို.. ပါးစပ်က နေ..တဖူး ဖူး မှုတ် ထုပ် ရင်း.. စိတ်ကို လည်း မနည်း တည်ငြိမ်အောင် လုပ်.. ဆေးရုံ လိုက် ဖို့ ပြင်ရသည်။



အရေးပေါ် ဌါန ရောက်တော့.. မျက်နှာ ငယ် လေးတွေ တောင် မဟုတ်တော့ပဲ..တွန်းကုတင် ကိုယ်စီ ပေါ် မှာ..အရေးပေါ် ပိုက် တွေ တန်းလန်း နဲ့..တုန်လှုပ် ခြောက်ခြား နေတဲ့.. မျက်လုံး ကြောင် ကြောင်.. ဆယ်ကျော် သက် ၄ ယောက် ရဲ့ အဖြစ် ကို.. မြင်တော့.. ပြောစရာစကားလုံး ဆူစရာ ဒေါသ တွေ.. ရှာ မရ တော့ ပေ..။


၃ လက်မ လောက် ကွဲ ထွက် သွားတဲ့.. နှင်းပွင့် ရဲ့..ပါး က.. ဒဏ်ရာ ကြီးကို ကြည့် ရင်း.. အားပေး ဖို့ စကား က လည်း ချက်ခြင်း ထွက် မလာ..။ ကားမောင်း တဲ့.. ကလေး ကို ပြေး ကြည့် တော့.. မှိန်းနေတဲ့..မျက်လုံး ၀ါဝါ လေး တွေ နဲ့.. ခြေထောက် တွေ ကျိုးသွား တယ် ထင် တယ် လို့ တော့..ပြောနိုင် ရှာ သေး သည်။ ...ဟို ကောင်မလေး တယောက်က.. တခြား ဆေးရုံ ရောက်သွား တယ် တဲ့..။ နံရိုး ကျိုးသွား တယ် လိုလို... ဖုန်း တွေ ဆက်.. ဟိုလူ့ ခေါ်..ဒီလူ့ ခေါ်..

ရဲ တွေ ရောက်လာ မေး တယ် ..အန်တီ... ဟို ဖက်က.. ကားက..လူကြီး လည်း ခြေကျိုးသွားတယ်...ကား ကတော့..ရှေ့ တခြမ်း လုံး..ရစရာ မရှိ တော့ ဘူး..မိုင်က..တော်တော် မြင့်တာ.. ၆၀ မောင်း တဲ့ လမ်း လေ.. အမူ လုပ်မယ် ပြောတယ်..

သူ့ ခေါင်း တွေ မူး လာ သည်။



ခက် လိုက်တာ.. ကလေး တွေ ရယ်... သူတို့ မိဘ တွေက.. ဘာမှ မသိရှာ...။ မိဘ တွေမှာ.. ငွေ တွေ ဘယ်လို ဘယ်လောက် ထပ်ကုန် ကြ အုံး မယ် ဆိုတာ.. မေးစရာ မလို..။ သူတို့ တွေ..ငွေ တွင်း ဘယ်လောက် နက် သလည်း ဆိုတာ..ကိုယ် လည်း ခန့်မှန်း ကြည့် မနေ ချင် တော့..။


ဒီလို နဲ့.. နှင်းပွင့်လေး နဲ့..သူငယ်ချင်း များ ရဲ့ ကြား.. သူ လည်း.. ချာလည် မူးလည် ရင်း.. ခု တော့.. ကလေးတွေ အားလုံး လည်း..ဆေးရုံ က..ဆင်း ကြ ပြီ..။ အားလုံး..ဆေးရုံက ဆင်း ပြီး.. ၂ ရက် လောက် နေ တော့.. ပါးမှာ..ချုပ်ရိုး ကြီး နဲ့.. ငြိမ်ငြိမ် ကုပ်ကုပ် လေး ဖြစ်နေ ရှာ တဲ့.. တူမ တော် ကို..အိမ်မှာ ခဏ ထား ခဲ့ ပြီး.. တခြား ကလေး တွေကို..အခြေအနေ မေး ဖို့.. စားစရာ တချို့ နဲ့အတူ.. ထွက်လာ ခဲ့ သည်။

“ သူတို့ တွေ အပြင် ထွက် သွားတယ်..အန်တီ.. အိမ်ထဲ မှာ နေရ တာ..ညီးငွေ့ လာ လို့ ..တဲ့ ” လို့ ပြော ပြီး..ဆီးကြို နှုတ်ဆက် တာက.. ကားတိုက်မူ မှာ မပါတဲ့.. တခြား ကလေး တယောက်..။ အင်း..လို့ သာ..သက်ပြင်းချ ရင်း.. ဘာ မှ ကို မပြော နိုင် ပဲ... အိမ်မှာ ရှိ မနေ ကြ တဲ့..လူမမာ ကလေး တွေစားဖို့.. ယူလာ တဲ့..စားစရာ တချို့ သာ.. ထားခဲ့ ပြီး .. မြန်မြန် ပြန်ခဲ့ ရ တော့ သည် ။

မနေ့ ကတော့.. ကလေး တယောက် က.. သူ့ ဖေ့စ်ဘွတ်ခ် မှာ..သူ့ ရ ခဲ့ တဲ့..ဒဏ်ရာ တွေ အကြောင်း ဓါတ်ပုံ နဲ့ တကွ.. တင်ရှာ သတဲ့...။ တူမ တော် ကတော့.. အဒေါ် တယောက် လုံး ဆူလိုက်.. ငိုလိုက်.. တောင်းပန်လိုက် လုပ်ထား လို့.. အပိုးကျိုး စွာ..ဖေ့စ်ဘွတ်ခ် မှာ ငြိမ်နေရှာ သည်။ ဒါတောင်.. ဆေးရုံက ဆင်းကတည်းက.. လက်ပ်တော့ ကို ရင်ပတ်ပေါ် တင်ပြီး.. ဖေ့စ်ဘွတ်ခ် ကမ္ဘာ ကြီး ထဲ မှာ.. တတောက် တောက် နှင့်
လျှောက်သွားနေ တာ ကို တော့.. ဘာမှ မတတ် နိုင်ပဲ.. ခွင့်ပြု ထား ရ တော့ သည်။ သူလ
ည်း ပျင်းရှာ ပေ မည်။



ဒီကနေ့ တော့.. အနာ ချုပ်ရိုး တွေ လည်း ဖြေ ပြီး လို့.. ထူထူ တောင်ထောင် လည်း ရှိ လာ လို့.. သူငယ်ချင်း များ နဲ့ ပုံမှန် အလည်ထွက် နိုင် ပြီ ဖြစ်တဲ့ .. ၁၀ ရက် မြောက် နေ့ မှာ.. နှင်းပွင့် လေး.. ၁၈ နှစ် ပြည့်  ပေ တော့ ပြီ ။ ဒီ နိုင်ငံ တွေ ရဲ့ အလို အရ တော့.. သူ့ အတွက်.. အုပ်ထိန်း သူ တယောက်.. မဖြစ် မနေ..မလိုအပ် တော့ ဘူး ပေါ့..။

လူ တယောက် ဟာ.. ၁၈ နှစ် ပြည့် ပြီး..နောက်တရက် မှာ.. ချင်ခြင်း ရင့်ကျက် ပြောင်းလဲ သွား ဖို့ မမျှောင်လင့်နိုင် ပေ မဲ့ လို့.. သဘော အားဖြင့် တော့..အရွယ် ရောက်သူ ဖြစ် ခဲ့ ပေ ပြီ။ မိုင်တိုင် တခု စိုက်ခဲ့ ပေပြီ..။ သေရာပါ..ဒဏ်ရာတခု လည်း ရ ခဲ့ ပေ ပြီ။ ကိုယ်တိုင် ကိုယ်ကျ စိုက်ထူ ရ မဲ့ မိုင် တိုင် တွေ..တခု ပြီး တခု ဆက်လက် ရောက် ရှိ လာပေ ဦး တော့ မည်။

နှင်းပွင့်လေး နောက်ထပ် စိုက် ရ မဲ့..ဘ၀ မိုင်တိုင် တွေ အတွက် .. တဖြည်းဖြည်း.. ရင့်ကျက် လာ ဖို့ ရန် .. သူမ တို့ ပျော်ရွှင် ရာ.. ဖေ့စ်ဘွတ်ခ် နိုင်ငံ ကြီး ထဲ က.. နေ.. သူတို့ လေး တွေ .. ဘယ်လို စာမျိုး တွေ.. ဖတ်ရှု လေ့လာ ခွင့် ရ နိုင် မလည်း.. ဘယ်လို လူကြီးသူမ တွေ ဆီက.. နာခံ အတုယူ နိုင်ကြ မလည်း.. ဘယ်လို ရည်မှန်းချက် တွေ တည်ဆောက် နိုင် ကြ မလည်း... ဘယ်လို.. အခွင့်အလန်း ကောင်း တွေ ဖော် ထုပ် နိုင် ကြ မလည်း.. မောင်ငယ် ညီမ ငယ်လေး တွေ အတွက်..ဘယ်လို လမ်းပြ စံနမူနာ ဖြစ်လာ မလည်း... ဆိုတာ ကို သာ.. သိချင် နေ မိ တော့ သည်။





နေအုံး.... အခု ရေး လိုက် တဲ့.. နှင်းပွင့်လေး အတွက်..မွေးနေ့ လက်ဆောင် စာ ကလေး ကို..သူကလေး သေသေချာချာ ဖတ်ဖြစ် အောင်.. သူ့ ဖေ့စ်ဘွတ်ခ် မှာ.. သွား ပြီး tag ထား မှ ဖြစ် မည် ထင် သည်။

---------

၃ ရက် အောက်တိုဘာ မှာ..၁၈ နှစ် ပြည့်ပြီ ဖြစ် တဲ့.. တူမတော် လေး အတွက်.. မွေးနေ့ လက်ဆောင်..

ကလျာမိတေ ရေ.. နင် လည်း အဆင်ပြေရင်.. ကြီးလာတဲ့.. ဗားရှင်း အဖြစ်... နှင်းပွင့် လေး နဲ့ ဖေ့စ်ဘွတ်ခ် ဆိုတဲ့.. ကာတွန်း လေး နောက် တခု လောက် ..မွေးနေ့ လက်ဆောင် ဆွဲ ပေး ပါ ဦးလား..။း)



ဆက်စပ်ဖတ်ရန်..

မနက်ခင်းလေး
မျိုးဆက်သစ်လေးများ


Share/Bookmark