ဘာရယ်လို့ မဟုတ်..ဘာလို့ရယ်လည်း မပြောတတ်

ဘလော့ဂင်းမှာ..ဂငယ်ပုံ မျဉ်းကွေး ကြီး ရှိ ကြောင်း... မနော်တို့ ပန်ပန် တို့ ကလည်း.. ပြော လာတယ်။

တကယ် ကတော့.. လောက သဘာဝ ကိုက.. သံသရာ ဆိုတဲ့..လည်ပတ်ခြင်း ခြားရဟတ် အတက်အကျ နိယာမ ပေါ်မှာ..အခြေခံ ထား တာမို့... ဘလော့ တင် မကပါဘူးလေ...။ စတော့ ရှယ်ယာ တွေလည်း တက်လိုက်..ကျလိုက်.. ခင်မင် ရင်းနှီးမူတွေ လည်း..နီးလိုက်..ဝေးလိုက်..။..ရာသီဥတုတွေလည်း..ပူလိုက်..အေးလိုက်...။ အေးတာရယ်..ပူတာရယ်.. ။ အေးပြီးရင်..ပူမယ်..ပူပြီးရင်..အေးမယ်...။ အေးတာများရင်...ပူ(.နွေး)ချင်တယ်...ပူလွန်းတော့.. အေးချင်လာပြန်..။ ရေး တာများတော့ တွေးခြင်လာပြန်... ။ တွေးရင်းကနေ..ရေးခြင်တာတွေ..လျှံကျ လာပြန်..။ ဒီလို နဲ့ပဲ....

မျဉ်းကြီးက..ကွေး သထက် ကုပ် လာခါ မှ နေရော...အချိန် နဲ့ လုပ်စရာ တွေကို.. မေ့ထားလို့ မဖြစ်ဘူး ဆိုတာ.. သတိ အခါခါ ကပ်နေရင်းက ကို... အသက်နဲ့ အဝေးကြီး ပါပဲ...ဆိုပြီး.... ဆက်တော့ ရေးနေ ချင် မိ သေး တာပါပဲ..။

.ပြောရင်း ဆိုရင်း.. ခုတလော ခေတ်စားနေတဲ့.. ဘာသာစကားအဖွဲ့ ဆိုလား..သံတူကြောင်းကွဲ အဖွဲ့ ဆိုလား..တပုဒ်တောင် ခေါင်းထဲ ရောက်လာ ပြန်...

“ အသက်နဲ့ ဝေးနေရတဲ့..ဝေဒနာ
ဆိုးလိုက်တာ ... ဆိုပေမဲ့..
အသက်နဲ့ ..ဝေးပါတယ်..”

ကဲ..ဟုတ်လား..မဟုတ်လား တော့ မသိဘူး..။ ကိုယ့်ဟာနဲ့ ကိုယ်တော့..ဟုတ်တာပဲ...။ အဲဒါပဲလေ ..ဘလော့ဂင်း ဆို တာ..။

တကယ်က.. ခုနောက်ပိုင်း... ရေးချင် လာတာက..ထူထူ ထဲထဲ .. ပြစ်ပြစ် နှစ်နှစ် လေးတွေ ရယ်..။ ခေါင်းထဲ မလဲ.. ရေးမယ်ဆိုပြီး ပလုံစီ လို့...။ ခက်တာက.. စာရေးခြင်း နဲ့ အသက်မွေး နိုင်လောက် အောင်.. အရည်အချင်းလဲ.. မရှိလေတော့....ဒုတိယ ဦးစားပေး ထဲ ရောက် ရောက်သွား ကြ ပြန်ရော...။ ဟိုဟာ ဒီဟာ တွေ ထပ်လုပ်ရင်း..တတိယ ဦးစားပေး ထဲ မရောက်ခင်တော့.. တခုခု ချ ရေး ဖြစ်မယ် ထင်ပါတယ်လေ...။ ခုတော့... နွေရာသီ မို့.. ပေါ့ပေါ့ ပါးပါး လေး တွေပဲ ရွေးဝတ် ရင်း...လျှပ်ပေါ်လော်လယ် မဖြစ် ယုံလေး တော့..ရေးချ လိုက်မိ ပြန်တယ်..။ ဘလော့ဂင်း စတိုင်လေး ပေါ့လေ..။

ဟုတ်တယ်.. ဒီ မှာ ကတော့.. နွေရာသီ မှ.. နွေရာသီ ရဲ့ အလယ်ခေါင် တဲ့တဲ့.. အပူဆုံးလ..။ တောင်ကမ္ဘာ ခြမ်း အစွန်း ဆိုတော့လည်း.. အများစု ကမ္ဘာသား တွေ နဲ့ ခြားနား လို့.. ချွေးပြန်တဲ့..ခရစ်စမတ် ကို ကျော်ဖြတ်ပြီး သကာလ.. ဇန်န၀ါရီ ရဲ့ အပူဆုံး ရက်တွေ ကို ရင်ဆိုင် နေရ တုန်းပဲ..။ အမြင့်ဆုံး စံချိန် တွေက.. ဟိုမှာ လည်း..ကျော်ဖြတ်..ဒီမှာ လည်း.. မြင့်တက် နဲ့.. ၄၂ ဒီဂရီ စင်တီဂရိတ် တို့.. ၄၃ တို့..၄၄ တို့ ဆိုတော့...ကမ္ဘာကြီး ပျက်မဲ့ အကြောင်း ဆိုတာ..ခေါင်းထဲ ခဏ ခဏ ရောက်လာတယ်..( အဲ.. ကမ္ဘာပျက်မယ် ဆိုမှ... ကမ္ဘာပျက်ကာနီးရင် လို့.. အိန္ဒြာ ရေးခိုင်း ထား သေး တာပဲ.. နေအုံး..ကိုတင်မင်းထက် ရေးခိုင်းထားတဲ့..ပထမဆုံး ကဗျာ ဆိုတာလည်း.. သိလဲ မသိတော့ဘူး.. ရှိကို မရှိတာပါ...ကဗျာ ဆိုတာကလဲ..ကိုယ်ဝတ် တတ်တဲ့..ဂျင်းဘောင်းဘီ မျိုးမှ မဟုတ်တာ..ခု တော့..ဂျင်းစကပ်အတို တွေပဲ ရွေးဝတ်နေ ရပြီ..) အဲဒီ လောက် ပူ နေ တုန်း.. သူများ တွေ ဆီမှာတော့..ရေခဲမှတ်အောက်..၂၀ တို့ ဘာတို့ ။ ပင်လယ်အောက် သွားနေတဲ့..ဥရောပ ရထားကြီးတွေ တောင် ပိတ်မိ ကုန်တယ် ဆိုတော့.. အူတွေ ယားလိုက်တာ..။

မသိပါဘူး.. တလောက..ဖတ်လိုက်ရတဲ့.. တော်ဖလာ စာအုပ် ထဲ မှာလည်း.. တတိယ လှိုင်း ခေတ်မှာ.. အပြောင်းအလဲ တွေက.. ရုတ်ခြင်း..မထင်မှတ် တဲ့ နေရာက.ဗြုန်းဆို..ပေါ်လာ လိမ့်မယ် လို့.. ပရောဖတ် ပြု ထား တော့..တွေးကောင်း ကောင်း နဲ့ တွေး နေတုန်း..ဟေတီ မှာ . ကမ္ဘာကြီးက.. ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲ ပြလိုက် တာ.. ဟဲ့... သင်းတို့ အနာဂတ္တိ ဆရာ တွေ ဟောတာ.. မှန်လိုက်တာ..မှန်လိုက် တာ လို့....ရေရွတ်ရင်း...ပိုက်ဆံ အိတ် ထဲက.. တထောင်တန် ရဲ့ နံပတ် တွေ ကို.. အီးတီ ရွတ်ပြ လိုက် သလို.. အံ့သြ မှင်သက် နေ မိသေးတယ်။ ၂၁ရာစု မှာ.. စီးပွားရေး ဒုက္ခသည်..စစ်ရေး ဒုက္ခသည်..နိုင်ငံရေး ဒုက္ခသည် တင်မက.. ပညာ ဒုက္ခသည်.. စာပေ ဒုက္ခသည်.. နဲ့...သဘာဝဘေးဒဏ် ဒုက္ခသည် တွေပါ.. တိုးပွား များပြား လာ လိုက်တာ.. ဒုက္ခသည် ကမ္ဘာကြီး ဖြစ်နေ ပါပြီ ကော...။

တော်ဖလာ က ပြောသေးတယ်.. တတိယလှိုင်း ဆိုတာ.. နည်းပညာ ခေတ်.. အိုင်တီ ခေတ် တဲ့..။.. အုန်းခွံရောင် အင်တာနက် မြင်း ကြီး ကိုမှ.. မစီး တက်ရင်..မစီး နိုင်ရင်.. ရှင်လျက် နဲ့ သေရ တော့ မယ် လိုလို ဆို ထားလေတော့.. ဇက်ခွံ့ တာတွေ ..ကုန်းနှီးလဲ တာတွေပါ.. သိအောင် လုပ်ရ တော့တာပေါ့..။ လိုအပ်ရင်..ခွါတွေ ဘာတွေ..ရိုက်တတ် ထား ဦး..။

အဲဒီမှာ.. ဂွကျ တာပဲ..။ ခရစ်စမတ် မတိုင်ခင် လေးက.. ခဏ ဆိုပြီး .. မြေနီနီ သဲကန္တာ မြို့ကလေးက နေ.. အပူရှောင်ရင်း...ထွက်လာလိုက်တာ.. ခုတော့.. မြို့တော်ကြီးမှာ..ပြောင်းရွှေ့ နေထိုင်ဖို့ အကြောင်း ဖန် လာ တယ်။ အဲဒီတော့.. နေရာဟောင်းက .. အန်လမစ်တက်.. ဘရော့ဘန်း လေး ကို.. ဘယ်သို့ ဘယ်ပုံ လုပ်ရ မလဲ ဆိုတာ.. ဖြစ်လာရော..။ တနေ့ ထမင်း ၃ နပ် သာ မစားပဲ နေနိုင် ချင် နေနိုင်ကြမယ်.. အင်တာနက်တော့..ငတ်လို့ မှ မဖြစ်တာလေ...ဟုတ်တယ် မဟုတ်လား.. ။ ရောက်နေတဲ့.. တလ ကျော် အတွင်းမှာ.. ၀တ္တုလေး အပြီးသပ်ရင်း.. ပရီပိတ် တွေ သုံး တာလည်း.. ရာကျော် ကုန်ပြီ ဆိုတော့.. လိုင်းရွှေ့ ဖို့ အလုပ်မှာ..ပိတ်ရက် တွေ ခံ.. ထုံးစံ အတိုင်း.. အော်ဇီ တွေ အလုပ်လုပ် ပုံက.. ဟန်တခါပြင်..ရွှေစင် ဆယ်တင်း ဆိုတာလို မို့.. တပတ် ကျော် လောက်..ဆက်စောင့် ပေ ဦး။ ဘလော့ မလည်နိုင်.. မနှုတ်ဆက် နိုင်.. မိတ်ဆွေ တွေ နဲ့ အဆက်အသွယ် ပြတ် နေခဲ့တယ်..။ ကိုယ့်ဘလော့ ကို လာဖတ် တဲ့ သူတွေ ကိုလည်း..သေချာ ကျကျ နန စကား မပြန်နိုင် ခဲ့ဘူး..။

မျက်နှာ စာအုပ် တို့ ဘာတို့ ဖက် ဆို.. ရောက်ကို မရောက် တော့ဘူး..။ ဒါလည်း တမျိုး ကောင်းသွား တာပါပဲလေ...။ ခေတ်ကြီးက..အန်လမစ်တက် လိုင်းတွေ ဘယ်လောက် ပေးပေး.. လူတွေက တော့ ...လမစ်တက် ဖြစ်နေ တာ ကိုး..။ ခုနောက် ပိုင်းလည်း .. မျက်နှာ စာအုပ် ကို..သိပ်ကို မသွား ဖြစ် တော့ တာပါ...။ ဗိုလ်ချုပ်ဈေး မျက်နှာခြင်း ဆိုင်..ကော်ဖီဆိုင်ထဲ က... နေကာ မျက်မှန်တပ် ထိုင် ကြည့် နေရာ ကနေ...ထပြီး.. ဗိုလ်ချုပ်ဈေး ဖက် ထွက် လာ မိသလို.. ခံစား ရပြန် တယ်..။ ဂုံး ကျော် တံတားပေါ် ကပဲ သွားရ မလား.. အ၀ါရောင် မပေါ်တဲ့..မျဉ်းကျားကို ရှာ မတွေ့ လို့... မော်တော်ပီကယ် ပဲ..ဖမ်းခံ ထိ မလား... လက်ဝဲဖက် က ကားရှင်းလို့.. အမြန်ဖြတ် ထား...လမ်း အလယ်ခေါင် ရပ် နေတုန်း....လက်ယာဖက် ကားတွေ.. တ၀ုးဝူး နဲ့ အသွား.. ကျောဖက်က.. ၀ှီးကနဲ..၀ှီးကနဲ ဆိုတော့ လည်း..နောက်ကျောက မလုံ ....လူအုပ်ကြီး နောက်သာ..ရော ယောင် လိုက် ရင်း... မျက်စိတွေ နောက်.. အာခေါင် ခြောက် စရာ ကောင်းနေ တော့တာ..။

ဘာပဲ ဖြစ်ဖြစ်လေ.. လူတွေရဲ့ နေ့စဉ် နေထိုင်မူ ပုံစံ တွေ ပြောင်းလဲ လာနေ တယ် ဆိုတော့ ..ပြောင်းရင် .. ပြောင်းတယ်.. လို့ မှတ်ပေါ့..။

အင်တာနက်က..လမစ်တက် ဖြစ်နေ တုန်း.. အပြင်လောကကြီး ထဲ.. ပို သွား ဖြစ် ခဲ့ တယ်..။ ဘန်ကောက်က.. အလည်လာ တဲ့ သူငယ်ချင်း ကို..ဟိုဒီ လိုက်ပို့ရင်း.. နွေနေ ပူပူ ထဲ.. အထူး နေလှမ်း စရာ မလိုပဲ.. အသားတွေ ကြေးနီရောင် တောင် ဖြစ် လာ တယ်။ မနေ့ ည ကတော့.. အော်ဇီ အမျိုးသားနေ့ ကြီး ကို.. အနောက်ဖက် ကျွန်း မြို့တော်ကြီး မှာ.. အထူး ကျင်းပ မယ် ဆို တာနဲ့.. ပထမ ဆုံး အကြိမ်.. သွားကြည့် ခဲ့ ကြ သေးတယ်..။ ဒီမှာတော့.. ပျော်ပွဲ ရွှင်ပွဲ တွေ ကို ..သူ့ ပြည်နယ် နဲ့ သူ ခွဲလုပ် ကြ တော့.. နှစ်သစ်ကူး တုန်းက.. ဆဒ်ဒနီ တံတားကြီး ပေါ်မှာ.. လှပ ခဲ့ တဲ့.. မီးရှူး မီးပန်း တွေက.. ခု အမျိုးသား နေ့ မှာ.. အနောက်ခြမ်း မြို့ တော် ရဲ့.. ငန်းရိုင်းမြစ် ကြီး ထဲ ဆီ အလှည့် ရောက်လာတယ်။

ည..၇ နာရီ ခွဲ မှာ စမဲ့.. မီးပန်းပွဲ တော် အတွက်.. နေ့လည် လောက်တည်းက.. လူတွေ.. ကမ်းခြေ ဖက် ကို တရွေ့ရွေ့ နဲ့...။ ကိုယ်တို့ နှစ်ယောက်လဲ.. ခုမှ တောက တက်လာတဲ့ သူတွေ မို့ .. အခင်းလေး တွေ.. ရေနွေး ဓါတ်ဘူးလေးတွေ.. စားစရာ လေး တွေ ..အိတ်ထဲ ထဲ့ပြီး.. စောစောစီးစီး..မြစ်ထိပ်က.. ပန်းခြံ ကြီးပေါ်..နေရာ တက်ဦး ကြတယ်။ အိုး.. လူတွေ ..လူတွေ..ဘယ်အချိန် ထဲက..လာ နေရာ ဦး နေကြ တယ် မသိ...။ အကောင်းဆုံး အလှဆုံး မြင်ကွင်း တောင်စောင်း တွေ တော်တော်များများ .. အကုန်..ပြည့် နေ ကြပြီ..။

အဆင်ပြေ တဲ့..တောင်စောင်း တခု ရဲ့ မျက်ခင်း စိမ်းစိမ်းပေါ် မှာ.. နေရာ ထိုင်ခင်း ချရင်း.. လှပ လွန်းတဲ့.. ကောင်းကင်ပြာကြီး အောက်က..မြစ်ပြင်ပြာ ပြာ ကြီး တလျှောက်...လူရောင်စုံ အရွယ်စုံ.. ပုံစံ အစုံ ကို....ငေးလို့ ကောင်း နေ တော့တယ်။



မိသားစု အကြီး ကြီး တွေ.. အတွဲ တွေ.. လူငယ် အုပ်စု လိုက်တွေ...ခုန်ပေါက် မြူးထူးနေတဲ့..ကလေးငယ်တွေ... အမဲရောင် အ၀ါရောင် အဖြူရောင်..အညိုရောင်..စုံလို့... ။ ပြောရရင် လည်း..ဒီမြို့ ကြီးမယ်..အ၀ါရောင် တွေ တော်တော့်ကို များနေ ပါပြီ...။ ပြောရင်း..ကိုယ့် အသားကို ငုံ့ ကြည့် ရသေးတယ်။ လောလောဆယ်တော့..နေလောင်ထားတဲ့ အရောင်ပဲ...။ထူးဆန်းတာတော့.. အရောင်စုံ လှ တဲ့ လူတွေ ထဲမှာ...နက်ပြာရောင်.. ဒေသခံ အဘိုရီးဂျင်း တွေ..တယောက်မှ.. မတွေ့ တာပဲ...။ နဲနဲပါးပါး..ကပြားစပ်တာ လေး တွေ တောင်...မမြင် မိသလို..။ သူတို့က လည်း.. သြစတြေလျ ကုန်းကြီးကို.. အနောက်တိုင်းသား.. သဘောင်္ မာလိန်မှူး တယောက် စ တွေ့ ခဲ့ တယ် ဆိုတဲ့...ဒီနေ့ ကို. အမျိုးသားနေ့ လို့.. ဘယ်လို လက်ခံ နိုင်ပါ့ မလည်း...။ ကျူးကျော်ရာ နေ့ ဆိုပြီး..သပိတ်မှောက် ကြတယ်..။ ခု တော့..ကျူးကျော် နေ လိုက် ကြတာ.. လူမျိုး ကို စုံလို့.. ။ ကိုယ်လည်း ကျူးကျူးကျော်ကျော်.. ဘေးနားက.. အဖြူရောင် သားအမိရဲ့..ခေါက်ခုံလေး ပေါ် လက်တင်ပြီး..သူတို့ ပြောတာ..နားထောင် နေ မိတယ်..။

“ Mum.. that's National Day..isn't it ? "
" yes..sweetie ... Invasion Day as well"

ဆံပင် ရွှေညိုရောင် နဲ့.. အဖြူရောင်..အမျိုးသမီး ရဲ့ အဖြေကို ..သဘောကျ နေမိတယ်..။ အင်း..သူတို့ မှာ.. သမိုင်းက..သမိုင်းပဲ.. ဘာမှ..ဟန်လုပ် ဖုံးကွယ်ပြီး..မျိုးချစ် စိတ် တွေ.. ထိုးထဲ့ သွတ်သွင်း နေဖို့ မှ..မလိုတာ..။

လှိုင်းတို ရေဒီယို စတေရှင်း တခု ကနေ.. simulcast လွှင့်ပေး နေတဲ့.. အမျိုးသား သီချင်း ကို လိုက်ဆို နေတဲ့..လူတွေ ရဲ့ အသံက.. ပေါ့ပ် သီချင်း တပုဒ်လို ပေါ့ပါး နေ ကြတယ်။ အေးပေါ့လေ..သူတို့ အမျိုးသား သီချင်း ထဲမှာ.ချွေးတွေ မပါဘူး..သွေးတွေ မပါဘူး.. အာဃာ တ တွေ မလိုဘူး... သမိုင်းတွေ မဲနက် နာကျင် မနေခဲ့ဘူး..။ ခဏ နေတော့.. တရုတ် တီးလုံး တခု ကို ပြောင်းသွားတယ်.. ပြီးတော့..အိန္ဒိယတီးလုံး.. အရှေ့ အလယ်ပိုင်း တီးလုံး.. နောက်တော့..ဒေသခံ..သစ်ခေါင်းမှုတ်သံ..။
ဘာပဲ ပြောပြော..ပေါ်လစီ တော့..ဆန်ရ သေးတာပဲ မဟုတ်လား ..။

ကောင်းကင် ပေါ်မှာ..ဟန်ရေးပြ ဖျော်ဖြေ ပေး နေတဲ့.. ဒုတိယ ကမ္ဘာစစ် တိုက်လေယဉ် ကြီး တွေ ကလည်း.. တဝေါဝေါ နဲ့.. ခေါင်း ပေါ် ဖြတ်ပျံလိုက်..မြစ် ထဲ..ဂျွမ်းထိုး လိုက် လုပ်နေ ကြတယ်..။ ဝေါ ကနဲ ခေါင်းပေါ် ရှပ်ပျံ သွားတဲ့..တိုက်လေယဉ် ကြီး တွေ ကို...ဟေးကနဲ... ခုန်ပေါက် လက်မြှောက် အားပေး နေကြတဲ့..လူတွေ ကို ကြည့်ရင်း...ခုလို မျိုး..ဒုတိယ ကမ္ဘာစစ် တုန်း ကသာဆို ..လူတွေ ဘယ်လောက် တောင်..သွေးပျက်ခဲ့ ကြ မလဲ လို့.. မလိုအပ်ပါပဲ.. နောက်ပြန် တွေး လိုက် သေး တယ်။ လူတွေ နဲ့...လောက ကြီးက လည်း ..လိုက်လဲ လိုက်ပါ့..။

မီးရှူး မီးပန်းတွေ.. ဖောက်တဲ့ အချိန် မှာတော့.. ငန်းရိုင်းမြစ်ပေါ်က.. ကောင်းကင်ကြီး တခုလုံး.. နက်ပြာမှောင်သွားခဲ့ပြီ...။




အိန္ဒိယ သမုဒ္ဒရာကြီး ကနေ.. ရက်ရက် ရောရော.. လှလှပပ..ကွေ့ ကောက် စီးဝင်လာ တဲ့ မြစ် ၀ိုင်း ၀ိုင်း လေးက.. ဒီ မြို့ ကြီးကို.. ကမ်းပါး လေးတွေ အများကြီး နဲ့ ပိုပြီး တော့.. သာယာ နေ စေ
တယ်။ ကောင်းကင်ကြီး ပေါ်က.. ဆန်းပြား လှပ တဲ့..မီးရှူးမီးပန်း ရောင်စုံတွေ ကို.. စိတ်လွတ် ကိုယ် လွတ်..ငေးမော အားပေး နေကြတဲ့.. သုံးဖက် သုံးတန် ကမ်းလုံးညွတ် လူ တွေ ကလည်း.. လူ့ဘ၀ ရဲ့ အခိုက် အတန့် တခုကို.. သာယာ နေစေ တာပါပဲလေ...။

ကဲ....ရေးလိုက်တာ..ဟိုရောက် ဒီရောက်..
ဘာရယ် လို့ မဟုတ်...
ဘာလို့ ရယ်လည်း.. မပြောတတ်...
စာတပုဒ် တော့.. ဖြစ်သွား ပြန်ပြီ။




Share/Bookmark

မိုးမလင်းမီ ရွာလမ်း


တို့ရွာလမ်းလေးက
အဲဒီညမှာ
ပြဇတ်ဆန်ဆန်ရီဝေ
ညကားလိပ်ကြီးတွေချလို့။

ဘယ်တော့မှအစာမ၀တဲ့
တောခွေးတအုပ်ရဲ့ 
သားကောင်ကိုအရေဆုတ်သံ။

တတောလုံးမင်းမူနေတဲ့
အနှစ်မဲ့ကြက်ဆူတွေရဲ့ 
လက်ဝါးချင်းရိုက်သံ။

အမှောင်ကိုတိုး
အမှောင်ကိုထိုးဖောက်နေရသူတွေမှာ
ဘယ်အချိန်
ဘယ်နေရာက
ထပေါက်မယ်မှန်းမသိ
မြေမြှုပ်မိုင်းဘဲထိမလား။

မမြင်ကွယ်ရာက
မှန်းဆလို့ရနေတဲ့
အန္တရာယ်ကင်းပုန်းတွေကလဲပြည့်လို့။

တို့ရွာလမ်းမှာ
ဆရာညိုနွဲ့
ဆိုခဲ့သလို
လရောင်လဲမဆမ်း
ဒဂုန်တာရာရဲ့ ဆိတ်ဖလူးပန်းရနံ့တွေဘဲ
ရွာလုံးပျံ့ လို့။

လျှောက်စမ်း
ဆက်လျှောက်စမ်း
လမ်းရှိတယ်ဆိုတဲ့
အသိနဲ့ဘဲ
ရဲရဲရှေ့ တိုး
မိုးတော့လင်းဦးမှာပါ။ ။

(နီဇူလိုင်)



Share/Bookmark

စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (e-book)

လေးလ ကြာအောင် ရေးခဲ့တဲ့..စိန်ပန်း နဲ့ ကံ့ကော် တွေ ကို.. အနည်းငယ် တည်းဖြတ် အချောသတ်ပြီး.. စာအုပ်ပုံစံ စုစည်း လိုက် ပါတယ်။

ဒီနေရာမှာ...ဒီစာစု လေး ကို ရေးဖြစ် စေခဲ့ တဲ့.. အောင်ဖြိုး၊ ပုံတချို့ နဲ့အချက်အလက် တချို့ မျှဝေ ပေး တဲ့..ဘိုဘိုလန်းစင် နဲ့ မောင်ဇူလိုင် ( ဇူလိုင်အိပ်မက်) ကြားထဲမှာ.. ဖတ်ချင်နေတဲ့ မြကေတု စာအုပ်ကလေး ပို့ပေးခဲ့တဲ့.. မကြေးမုံ၊ တို့ နဲ့ တကွ.. စိတ်အား ထက်သန်စွာ.. အားပေး တိုက်တွန်း ခဲ့တဲ့.. မိဘ ညီအမ များ နဲ့ ..ခင်ပွန်းသည် တို့ ကို ကျေးဇူး တင်ရမှာပါ။

နောက် တဖန်.. စုစုစည်းစည်း စာအုပ်ကလေး တအုပ် ဖြစ်အောင်.. ကူညီ ဒီဇိုင်း ဆွဲပေး ခဲ့တဲ့.. ကိုအောင်သာငယ် ကိုလည်း အထူး ကျေးဇူးတင် ကြောင်း နှင့်.. စိတ်ရှည် လက်ရှည် ဖတ်ရှု ပေး ခဲ့ ကြတဲ့.. သူငယ်ချင်း မိတ်ဆွေ..စာဖတ် ပရိသတ် အားလုံး ကို တော့..မမေ့မလျော့.. အလေးအနက် ဆုံး.. ကျေးဇူး တင် မိ ပါတယ်။




Kay Sein Pan Final 2


Share/Bookmark

ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းထဲက..အမှတ်တရလေးများ

ရန်ကုန် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ကို ပြန်လှန် မိရင်း.. တွေ့ တဲ့.. မနော် ရဲ့ ကဗျာလေး ပါ..တင်ပေးလိုက်တယ်။


Photobucket


ဒါကတော့.. ကိုယ့် အမ.. ကာတွန်းဆရာမ.. ကလျာမိတေ ရဲ့.. ကာတွန်းလေး..။ အဲဒီတုန်းက..သူ လည်း ကျောင်းပြီးကာစ.. ပေါ့..။ အဲဒီ အချိန်က လူငယ် တွေ အားလုံး ရဲ့ ပစ္စက္ခ အခြေအနေ ကို.. ရီစရာ လုပ် ပြစ် ခဲ့တဲ့..ကာတွန်း လေးပေါ့...။



Photobucket


Share/Bookmark

သံတူကြောင်းကွဲ( အပြီး)

“ ဒယ်ဒီ က ၊ ခု ပုသိမ်မှာ ခရိုင် ဆရာဝန်ကြီးလေ၊ မာမီ နဲ့ မောင်လေး ကလည်း ပုသိမ်မှာပဲ၊ အဲဒါ ကြောင့်၊ ချော လည်း ပုသိမ် ကောလိပ် ရောက်သွားတာ.. first year ထဲက၊ ရန်ကုန် မှာပဲ တက်ဖို့ ကို၊ ဒယ်ဒီက စိတ်မချဘူး၊ အဒေါ်တွေ အလိုလိုက်တော့ လွတ်မှာ စိုးလို့ တဲ့.. ဘာရမလဲ.. အောနပ်စ် ၀င်အောင် လုပ်ပြစ်လိုက်တာ.. ခု တော့ အဆောင် ရတော့ အဆင်ပြေ သွားတာ..ဒါတောင် အန်တီ တို့က အိမ်မှာပဲ နေရမယ်.. လုပ်နေတာ.. မနေနိုင် ပေါင်..ဘွားဘွား က တမျိုး..အဒေါ်တွေ ကလဲ အကြီးက တမျိုး..အငယ်က တမျိုး နဲ့.. အဲဒါ ကြောင့် ..ကိုကို လဲ အမေရိက ထွက် သွားတာ.. အမလေး...ဒါတောင် စည်းကမ်း တွေ နဲ့.. အပတ်တိုင်း အိမ်ပြန် အိပ်ရမယ် တဲ့.. နှစ်ရက် တခါ ဖုန်းဆက် ရမယ် တဲ့..”

ပန်းနုရောင် လက်သည်း ချွန်ချွန်လေး တွေ ကို တံစဉ်း သေးသေး လေး နဲ့ တယုတယ တိုက်ရင်း..ညည်းကြွားလေး ကြွား နေသော ပြောင်လက် ချောမွတ် နေ တဲ့ မျက်နှာလေး ကို မေဦး စိတ်ဝင် တစား ငေးကြည့် နေမိသည်

“ ကဲ.. မေဦး အကြောင်း ပြောဦး.. စပ်စုတာ မဟုတ်ဘူး နော်..တခန်းထဲ နေမဲ့ ပါတနာ တွေပဲ.. နဲနဲ တော့ သိထားမှ ပေါ့ နော်..မဟုတ်လား...”

အဟင်း..ဟုတ်ပါတယ်...ဒါပေမဲ့..မေဦး အကြောင်းက ဘာမှ စိတ်ဝင်စား စရာ မရှိပါဘူး..မိဘ တွေက..ကျောင်းဆရာ..ဆရာမ တွေ.. မောင်နှမ က သုံးယောက် ..မေဦး..အကြီးဆုံး...”

“ ဟာ.. ကောင်းလိုက်တာ.. အဲဒါကြောင့်..မေဦးကို ကြည့်ရတာ လိမ်လိမ် မာမာလေး ဖြစ်နေတာ.. ဟုတ်တယ်.. ချောတော့..မေဦး ကို မြင်တာနဲ့ ခင်တယ်.. တိုက်တိုက် ဆိုင်ဆိုင် နော်..နာမည်တွေ ကလဲ..ခပ်ဆင်ဆင်.. တကယ်ပြောတာ.. မေဦးက သိပ်ချစ်စရာ ကောင်း တာပဲ..ဆံပင် အရှည်ကြီး နဲ့.. မျက်ခုံး ထူထူ နဲ့.. မြှောက် နေတာ မဟုတ်ဘူးနော်..”

ကဲ..ကဲ.. တော်ပါတော့ ချောရယ်.. မနက်ကျ အစောကြီး ထရမယ် ဆို.. ၁၀ နာရီ တောင် ကျော်နေပြီ...”

“ အို..ဟုတ်သား..မနက်ကျရင်..regular class တခု ရှိ သေးတယ်.. တော်ကြာ..မတက်ရင်..တီချယ်ကြီးက.. မာမီ့ ဆီ စာလှမ်း ရေး ပြီး တိုင် နေဦးမယ်.. ကျေးဇူး..မေဦးရေ.. ခုပဲ အိပ်မယ်..ဂွတ်ဒ် နိုက်..”

ပန်းနုရောင် ဇာခြင်ထောင် လေး ထဲက..လက်ကလေး ထုတ်ပြီး.. အပြာရောင် မီးအုပ်ဆောင်း လှလှ လေး ရဲ့ ခလုတ်ကို ပိတ်လိုက် ချိန် မှာ..မေဦး လည်း ..နေရှင်နယ် မီးလုံးလေး ရဲ့ ခလုတ် ကို ပိတ်ရင်း ခြင်ထောင်ထဲ ၀င်လိုက် တော့ သည်။ အိပ်လို့ ကတော့ မပျော်.. အတွေး တွေ ထဲမှာ အိမ်ကို သတိရလိုက်.. အခန်းဖော် အကြောင်း တွေးလိုက်.. ။

သူ့ ပုံစံ က.. အမြဲတမ်း ပျော်ရွှင် လွတ်လပ် နေတဲ့ ပုံစံ မျိုး.. ဘာပဲ ဖြစ်ဖြစ်..ကောင်းပြစ် လိုက်တာပဲ.. ပျော်ပြစ် လိုက် တာပဲ.. အပြောလေး တခု ကတော့ ဖြင့်.. ရန်ကုန်သူ ပီသ ပါပေသည်။

ဒါပေမဲ့..တခါ တလေ ကျ.. တကယ့်ကို ရိုးရိုးသားသား ပြောနေပုံ မျိုး.. စိတ်ရင်း ကတော့..ကောင်း မဲ့ ပုံပင်.. အေးလေ.. ငါတို့က ကြွားတယ် လို့ ထင်ပေမဲ့.. သူ့ အတွက် က.. အမှန် တကယ်..သမရိုးကျ အကြောင်းတွေ ဖြစ်ချင် ဖြစ်နေ မှာပေါ့...

ဘာပဲ ဖြစ်ဖြစ်..သူ- မမျှော်လင့်ဆုံး..မဆုံခြင်ဆုံး လူစားမျိုး နဲ့ မှ..အခန်းဖော် လာ ဖြစ် နေတာ..ကံကိုက..ဆိုးလွန်း ပါသည်။ အရိပ် အခြေ တော့ ကြည့် ပေါင်းမှ ဖြစ်မည်။

+++++++++

ပထမ နှစ် ဂုဏ် ထူး တန်း နှစ်ဝက် ကျော်အထိ မေဦး နှင့် ချော ၏ ဆက်ဆံရေး သည် အခန်းဖော် နှစ် ယောက် ပုံစံ ထက် ဘာမှပိုပြီး ထူးခြားမူ မရှိခဲ့...။ ကျောင်းမှာ.. ဆက်ရှင်း ခြင်း တူပေမဲ့.. ချောက..ရန်ကုန်မှ သူ့ သူငယ်ချင်း များ နှင့် သူ့အုပ်စု နဲ့ သူ.. ။ အ၀တ်အစား..အနေ အထိုင်.. အသံ တွေ က အစ.. တပုံစံ ထဲ..တမျိုးထဲ ရှိလှ တဲ့ အုပ်စု....။ မေဦး တို့ အဆောင်သူ အုပ်စု မှာ..နေ့စဉ် လို.. သူတို့ ကို ကြည့် ပြီး တအံ့တသြ ပြောစရာ တွေ ရနေ ပေမဲ့.. သူတို့ ကတော့..မေဦး တို့ ကို ရှိမှန်း တောင် သိချင် မှ သိမည်...။

ချော၏ ပုံစံ ကြောင့် ပဲလား တော့ မသိ.. အဆောင်မှာ လည်း ..တော်တော် များများ သည်..ချောကို တရင်းတနှီး မိတ်ဖွဲ့ ခင်မင် ဖို့.. ၀န်လေး ကြသည်။ ချော ကိုယ်တိုင် ကလည်း.. အဆောင် သာရေး နာရေး ပေါင်းသင်း ဆက်ဆံ ရေး တွေကို စိတ်ဝင် တစား မရှိလှ...။ စိတ်ဝင်စား ဖို့ အချိန် လဲ ရှိဟန် မတူ...။ မိုးလင်း လျှင် အစောကြီး ထကာ.. ရေသွားကူးချင် ကူး တတ်သည်။ အေရိုးဗစ် သွား ကစားချင် ကစား တတ်သည်။ ညနေ ဆို လျှင်လည်း..အဆောင်ပိတ် ချိန် နီးမှသာ ကပ်၍ ပြန်ရောက် လာ တတ်သည်။ အတန်းအားချိန် မပြော နှင့်.. အတန်း ချိန် မှန် အောင်ပင်..ကျောင်းမှာ မတွေ့ရ...။ အလကား လျှောက်သွား နေခြင်း တော့..ဟုတ်ဟန် မတူ..။ သူ့မှာက.. သင်တန်း တွေ ချည်း..။ အင်္ဂလိပ်စာ ကိုတောင် speaking နှင့် Grammar နှစ်နေရာ ခွဲ တက် သည်တဲ့..။ ပြီးတော့..ကွန်ပြူတာ ကလဲ..ဘယ် လယ်ဗယ် ကို ရောက် နေပြီး ဆိုလဲ မသိ...။ ဒါတောင် ဂျပန်စာ တက်ရ ဦး မယ် တဲ့ လေ...။

ဘာပဲ ဖြစ်ဖြစ်.. ချောသည် သူ့ အတွက် အခန်းဖော် ကောင်း တယောက် ဆိုတာ..မေဦး ငြင်း လို့ မရ...။ တခါ တလေကျ..သူ့ကို ရင်ဖွင့် တတ်သည်။

“ ချောကို..အဆောင်မှာ တော်တော် များများက..မာနကြီး တယ် ဆိုပြီး အမြင်ကပ်ကြပုံ ရတယ်နော်.. ချော..ဒီလိုပဲ နေတတ်တာ.. အမှန်အတိုင်း ပြောရရင်.. ကြီးကျယ် တယ်ပဲ ပြောပြော..ချောမှာ..အချိန် မရှိဘူး..မတတ် နိင်ဘူးလေ..ဒီလိုပဲ ပေါ့.. မေဦးရော ချောကို ဘယ်လို ထင် သလဲ..မသိဘူး.. တကယ်ပြောတာပါ.. မေဦး နဲ့ နေရတာ..ချော ကံ ကောင်း တာပဲ.. မေဦးက..မစပ်စု ဘူး.. စိတ်ထား ကောင်း တယ်..ချောကို နားလည် တယ်...”

မေဦး တယောက်..လိပ်ပြာ မလုံစွာ.. အလိုက်သင့် ပြုံး နေခဲ့ ရသည်။

များသော အားဖြင့်တော့..ရိုးလ်ကောလ် ပြီး သည် နှင့်...မေဦး တို့ နှစ် ယောက် အသီးသီး..စာကြည့် စားပွဲ ထိုင် ကာ..စာကျက် ကြ သည်။ စာမေးပွဲက..နီးပြီ မဟုတ်လား..။ ဂုဏ် ထူးတန်း မို့..စာတွေ က..အရမ်းခက် လာသည်။

ကိုယ့် ကို ကိုယ် ..အတော်အသင့် တော့ စာတော်သည်ဟု ထင်ခဲ့သော မေဦး သည် ခုတလော..စိတ်ပျက် အံ့သြမူ တွေ နှင့် အတူ.. တဖြည်းဖြည်း..ယုံကြည်မူ တွေ ပျက်ပြားစ ပြု လာသည်။ အနည်း ဆုံး နှစ်မျက်နှာ ထိ ရှည်သော ရူပဗေဒ ပုစ္ဆာ များ ကို..မေဦး တယောက် ဇောချွေး ပြန် အောင် တွက်ချက် ကျက်မှတ် နေရချိန် တွင်..ချော ကတော့..နားကျပ် ကက်ဆက် ကလေး တလုံး နှင့် တပုဒ် ပြီး တပုဒ်.. စိတ် အေး လက်အေး..တွက် နေ သည်သာ..။ ကိုယ့် ကို ကိုယ် ဒေါသ တွေ ထွက်လေ.. ပုစ္ဆာတွေက.. တွက်မရလေ..

ပိုဆိုး တာက..ကျက်စာ တွေပဲ...
အဖုံးမျိုးစုံ..အရောင် မျိုးစုံ အင်္ဂလိပ်စာ စာအုပ် များ နှင့် ပြည့်နေသော..စာကြည့် စားပွဲ မှာ..တည်ငြိမ်စွာ ထိုင်ရင်း.ခပ်ဖွဖွ..ကျက် တက်သော ချော၏ အင်္ဂလိပ်စာ အသံထွက် သည် အင်မတန် နားထောင် လို့ ကောင်းလှသည်။

မေဦး မှာ တော့.. တောက်တဲ့ လှည်း နင်း သလို..အသံ ထွက် ကို ဘယ်လိုမှ မထွက်ရဲ ပဲ.. နောက် ဆုံး တော့..စိတ်ထဲ ကသာ..ကျက်မှတ် ရ တော့သည်။ အဲဒီ အချိန် တွေ သည်..မေဦး အတွက် စိတ်အကျဉ်းကျပ် ဆုံး အချိန်တွေ ပင်...။ ဘာကို စိတ်တိုရမှန်း မသိပဲ..၀ဲလာတဲ့..မျက်ရည် တွေ ကိုပဲ..ဒေါသ တကြီး ပွတ်သုတ် ပြစ် မိ သည်။ ဒါပေမဲ့.. ချော ကိုယ်တိုင်က.. ချောတို့.. နောက်နှစ် ကျရင် လည်း..တခန်းထဲ နေကြမယ် နော်.. ချော မှာ..တခြား ခင်တဲ့ လူလဲ မရှိဘူး.. မေဦး နဲ့ နေရတာ..အဆင်ပြေတယ်.. ဆိုတဲ့.. စကားကို ပြောလာတဲ့ အခါ မှာ..မေဦး ဘယ်လို ခေါင်းခါ ရ မလဲ..။

ရိုးသား လှတဲ့..ချောရဲ့ မျက်လုံး တောက်တောက် လေး တွေကို မကြည့်ရဲဝံ့... အလို အလျောက် ခေါင်းညိတ် ခဲ့ ရ သည် သာ....။

++++++++++

ကျောင်းပိတ်ရက် တွေသည် မေဦး အတွက် စိတ်မရှည် ချင် စရာ..ငြီးငွေ့စရာ အကောင်းဆုံး ဖြစ် နေသည်။

အမေ့ကို ထမင်း ဟင်း ကူ ချက်ရင်း..ချော အကြောင်း ကိုသာ..ခဏ ခဏ ပြော နေ မိသည်။ အမေ ကတော့.. ထူးပြီး စိတ်ဝင် စားပုံ မရ..
“ ကောင်းတာပေါ့ သမီးရယ်.. ပိုက်ဆံ ချမ်းသာ ပေမဲ့.. မမောက်မာပဲ..သမီး အပေါ်မှာ..ရင်းရင်း နှီး နှီး ရှိတာ..သမီး ကံကောင်း တာပေါ့.. ” တဲ့..။

အေးပေါ့လေ.. ကျောင်းက တဖက်..အိမ်မူ ကိစ္စတွေ.. မီးဖို ချောင် စရိတ် တွေ က..တဖက် နဲ့..ဆံပင်တွေ ဖြူ စ ပြု နေတဲ့..အမေ့ အတွက်..ချော အကြောင်းက..ဘာ များ..ထူးခြားမူ ရှိ မှာလဲ...။ အခု တလောဆို.. အဖေ လဲ.. အတော်ပိန် ပြီး..အသား တွေ မဲ နေသည်။ အလုပ် အကိုင်မှ အဆင်ပြေ ရဲ့ လား မသိ..။

ငါ.... တကိုယ် ကောင်း များ ဆန် လွန်း နေသလား... ခုနေ ကော..ငါ ကျောင်းပြီး သွားရင်..ဘာ အလုပ်..လုပ် ရ မလဲ.. အဖေ ကတော့..အေးအေး ဆေးဆေး နယ်မှာပဲ.. ဆရာမ လုပ်စေချင်တာ..။ အဲဒီ လို ကတော့.. ဘာလို့ ရန်ကုန်မှာ..ကျောင်းလာ တက်နေ တော့ မလဲ.. ဆယ်တန်းအောင် ကတည်းက.. လုပ်မှာ ပေါ့...

အို...ရန်ကုန်မှာ အလုပ် တွေ ပေါပါတယ်.. ငါ့ဖက် က..ကြိုးစား ဖို့ သာ လိုတာ...ငါလည်း.. ချော လို..အင်္ဂလိပ်စာ တော် အောင် လုပ်မယ်.. ကွန်ပြူတာ လဲ တက်ရမယ်.. ဘာပဲ ဖြစ်ဖြစ်...ဒီ အထိ တောင် ခရီးပေါက် လာမှ..ငါ.. အားလျှော့ လို့ မဖြစ်ဘူး.. ကျောင်း လေး ရယ်.. အမြန် ပြီးပါတော့....

ခုတလော.. အားရင်.. တနေရာမှာ ထိုင် ကာ..အင်္ဂလိပ်စာ အုပ် တွေကို ကြိုးစားပမ်းစား လေ့လာ နေသော မေဦး ကို..မောင်လေး တွေက.. အမြင်ကပ်စ ပြု လာသည်..။ အခါ တိုင်း လို့..သူ တို့ နှုင့်...နောက်လိုက် ပြောင် လိုက် မလုပ် တော့ သော..မေဦး သည် အထူး အဆန်း ကြီး ဖြစ်နေ သည်။

++++++++
ဇူလိုင်လ ၏ မပြတ်စွေ နေသော ရန်ကုန် မိုး နဲ့ အတူ.. မေဦး တို့ ကျောင်းတွေ ဖွင့် ခဲ့ ပြန်သည်။

မပြောင်းလဲ သော ချော၏ ပုံစံ ကတော့..သစ်လွင် လှပမြဲ....ပြီးတော့... အရာရာ ကို..အကောင်းမြင်ကာ.. ပျော်ရွှင် နေမြဲပင်..။ မေဦး အနေ နှင့် လည်း.. မပြောင်းလဲ သော သူတို့ နှစ်ယောက် ၏ ခင်မင်မူ ကို နားလည် လက်ခံ လာ နိုင် ခဲ့ သည်။ ဒါပေမဲ့..ဒုတိယ နှစ် ၏ စာမေးပွဲ များ ဖြေဆိုရန်.. တလ ခန့် လို မှာပင်.. ချော.. အဆောင်မှ ထွက် သွား တော့ သည်။ သူ့ အဖေ..ရာထူး တိုးကာ..မိသားစု ရန်ကုန်ကို ပြောင်းရွှေ့ လာ သည် တဲ့...။

ချော..အဆောင်မှ မထွက်ခင်..ညက.. ပစ္စည်းတွေ သိမ်းရင်း...တညလုံး.. စကားတွေ ပြော ဖြစ် ခဲ့ ကြသည်။

“ ချောလေ.. မိသားစု နဲ့ နေရမယ် ဆို တော့..ပျော် တော့ ပျော်ပါတယ်.. ဒါပေမဲ့.. အဆောင်မှာ လွတ် လွတ် လပ်လပ် တယောက်ထဲ နေရတာ လေး ကိုလဲ..သဘော ကျတယ်... ဒီ နှစ်တော့..ပြီးအောင် နေပါရ စေ ဆို တာ..မာမီက..ပြောလို့ မရ
ဘူး.. မေဦး အတွက် ရော..အခန်းဖော် အပြောင်း အလဲ ဆို တော့..အဆင်ပြေ ပါ့ မလား.. ချော တော့..မေဦး ကို တကယ် သတိရ နေမှာပဲ.. မေဦး ရည်မှန်းချက် ကြီး တာ..ချော သိပါတယ်..ကျောင်းပြီးရင်..ရန်ကုန်မှာ တက်လမ်းတွေ အများကြီး.. ချော လဲ တတ်နိုင် သလောက်.. ကူညီမယ်.. ပြီးတော့..ချော..မေဦး ကို လက်ဆောင် တခု ပေးမလို့.. မေဦး မငြင်း ရ ဘူးနော်...”

ပြောပြောဆိုဆို.. သူ့လက်မှာ ပတ်ထား သော ရွှေရောင် နာရီလေး ကို ချွတ်ကာ မေဦး လက်မှာ အတင်း ပတ် ပေး တော့သည်။ မေဦး အသဲ အသန် အကြောက် အကန် ငြင်းဆန် ပေမဲ့.. နောက်ဆုံးတော့.. ဘယ်လိုမှ မတတ်နိုင် ပဲ..လက်ခံ လိုက် ရသည်။

“ မေဦး ဘ၀မှာ.. တန်ဖိုးရှိ တဲ့.. အကျိုးရှိတဲ့.. အချိန် တွေ ကို..ဖန်ဆင်း နိုင် စေ တော့ လို့..ဆုတောင်း ပေး လိုက် မယ်နော်.. ” တဲ့လေ...။

သူ့ လက်ကောက်ဝတ် ပေါ်မှာ ရောက်ရှိ လာတဲ့.. အကောင်းစား နာရီ ၀ိုင်းဝိုင်း လေး ကို စိတ်မသန့် စွာ ကြည့်ရင်း.. ခဏခဏ စက် ရပ် တတ်သော သူ့ နာရီ ကြောင့် သနား ၍ ပေးခြင်းလေ.. နာရီ တွေ အမျိုးစုံ အောင် ပိုင်ဆိုင် ၍ တန်ဖိုး မထားပဲ ပေးခြင်းလော
.. တကယ်ပင် ခင်မင်မူ သံယောဇဉ် နှင့် အမှတ်တရ ပေးခြင်းလော.. မေဦး တယောက် မ ဝေခွဲ နိုင် အောင် ရှိခဲ့သည်။ သေချာ တာကတော့.. သူ့ အပေါ်မှာ.. ချော..အမြဲတမ်း ရိုးသား ခဲ့ တယ် ဆိုတာကို.. လက်မခံ ချင်ပေမဲ့.. ခံစား နားလည် နေ ခဲ့ ရသည်။

++++++++

အချိန်တွေသည် သူ့ ထက်ငါ အလု အယက်များ တိုးဝှေ့ သွားေ
နကြ သလား မသိ.. တဖြည်းဖြည်း နှင့် နီးကပ် လို့ လာချေသည်။ မေဦး ပြီးချင်လှ ပါတယ် ဆို တဲ့ ကျောင်းကြီး ပြီး တော့မယ်လေ....ဒါပေမဲ့လည်း .. စိတ်ထဲ မှာ..ဘာကို ကြောက်ရွံ့ စိုးရိမ် နေ မှန်း မသိ...

မေဦး ၏ လေထဲမှ ဆောက်လက်စ တိုက်အိမ် ကြီး သည် လည်း..သဘ၀ မကျစွာပင်.. ကသောင်း ကနင်း ဖြစ် လို့ နေသည်။ နောက်ဆုံး နှစ် မို့.. အဆင့်ကောင်းကောင်း နှင့် အောင်- အောင် စာတွေ ကို အသဲအသန် ကြိုးစား နေ ရ ပေမဲ့.. စိတ် ထဲ မှာ..အမှား
ကြီး တရပ်ကို..ကျူးလွန် နေ မိသ လို.. ထူးထူး ဆန်းဆန်း ကြီး ခံစား နေရ သည်။

အခု နှစ် ထဲမှာ..အဖေ လဲ ပင်စင် ယူပြီး ကာမှ.. ကျန်းမာရေး အရမ်း ညံ့ နေတာကို..သတိရ မိသည်။ တခုခု သာဆို..အမေ ကလဲ..အိုးတိုး အတ နဲ့..။ မောင်လေး တို့ တော့ ရှိသား... ခုနှစ် ဆယ်တန်း အောင် သော အကြီးကောင် ကတော့.. အဝေးသင်ပဲ တက်မယ် တဲ့... အလုပ် ထွက်လုပ် မယ် တဲ့... ငါသာပဲ..

အို... ငါ...ဘာဖြစ် လို့ လဲ.. တက္ကသိုလ် တက်တာ..ဘာ မှား လို့ လဲ... ခု..ကျောင်းပြီး တာနဲ့..ရန်ကုန်မှာ..အလုပ် မရ-ရ အောင် ရှာမယ်.. အဖေ ကတော့..ပြောသား....
“ နေရာ ကျ လိုက်တာ.. ခု..မြို့ နယ် ပညာရေးမှူး က..အဖေ နဲ့ တော်တော် ခင်တယ်ကွ.. မူလတန်းပြ ရာထူး တွေက..သူ့ လက်ထဲမှာ.. ဟိုး တနေ့က ပြောတယ်... ခင်ဗျား သမီး က..ဘွဲ့ရ ဆို ရင် တော့.. မြို့ နဲ့ နီးနီး တော့..ရ ရမှာ ပေါ့ လို့..ပြောတာပဲ... ”
တဲ့ လေ...။

ခက်တာက.. ငါ..အဲဒီ အလုပ် ကို မလုပ်ချင်ဘူး... ကုန်- ကုန် ပြောရ ရင်.. နယ် မှာကို မနေ ချင်တာ.. ဒါပေမဲ့.. အခြေအနေတွေ.. ပြီးေ
တာ့.. အချိန်တွေ.. အင်အား တွေ..ငွေတွေ..ငါ့မှာ..ဘာတခု မှ မရှိ ပါလား...

သက်ပြင်း မော နှင့် အတူ.. မ၀ံ့ မရဲ မျှော်လင့်ချက် မ
ျား သည် ၊ တင်းထား သော.. စိတ် ထဲမှ..လွင့်စင် ထွက်ပြေး သွား ကြ သည်။ သူ့ အာရုံ ထဲ တွင်...အဖေ နဲ့ အမေရဲ့ နွမ်းလျ နေတဲ့..အသွင် အပြင်တွေ.. မရေရာ တဲ့ အနာဂါတ် အတွက်.. အရာရာ ကို လက်ခံ နိုင် အောင် ကြိုးစားနေတဲ့..အကြီး ကောင်..၊ အရွယ် နဲ့ မလိုက် အောင် နားလည် လိမ္မာတဲ့.. အငယ်ကောင် တို့ ရဲ့ အပြစ် ကင်း သော မျက်နှာ တွေ သည် ဝေ့၀ါး ထပ်ဟပ် လာသည်။

ဦးဏှောက် ထဲ မှာ တော့.. မဟာ သိပ္ဗံ ဘွဲ့ အတွက်
ကုန်ကျ နိုင်မဲ့.. ငွေပမာဏများ..ရန်ကုန်မြို့ ကြီးမှာ..လူ တယောက် ရုန်းကန် ရပ်တည် ရမဲ့.. နေစရိတ်..စားစရိတ်များ... တက်ချင် လှ ပါ သည် ဆို သော ကွန်ပြူတာ သင်တန်းများ အတွက်..ကျသင့် သည့် သင်တန်းကြေးများ သည်..ထွက်ပေါက် မ ရ အောင် ပြည့်ကျပ် နေ သည်။

ကံ- ကံ၏ အကျိုးပေး ဆို သော စကား ကို တစိမ့်စိမ့် တွေးရင်း.. နာကျင်စွာ နားလည် နေ မိသည်။ ပြီး တော့..ချောအိ နွယ် ဆို သော..ကောင်မလေး ၏ ကံ အကျိုးပေး အကြောင်း..

နောက်ဆုံး နှစ် မှာ ဆက်ရှင်း ခြင်း မတူ ကြ တော့ သည့် အတွက်..ချော နှင့် သူ ပို၍ အနေ ဝေး သွား ကြသည်။ တကယ့် တကယ်..မေဦး က ဝေးခဲ့ တာပါလေ..။ သူ့ကို တွေ့ တိုင်း..၀မ်းသာ အယ်လဲ နှုတ်ဆက် တတ်သော.. ချောကို.. ပုံစံ တူ အေ
ပါင်းအသင်း များ နှင့် မကြာခဏ တွေ့ တိုင်း.. မေဦး တယောက် ဘာ ကြောင့် မှန်း မသိ..မမြင်ယောင် ဆောင် ကာ..ရှောင် နေ ခဲ့ သည် မဟုတ်လား...။

ချောလည်း တတ်နိုင် သလောက် ကူညီ မယ် ဆိုတဲ့ ချောကို.. သူ..ဘယ်လို အကူအညီ မျိုး တွေ..တောင်းရ မလဲ....

++++++++

ရန်ကုန် ဘူတာကြီး တခုလုံး.. လူတွေ နှင့် ပြည့် ကျပ် ရှုပ်ထွေးကာ ဆူညံ နေသည်။

အထုတ် တွေ မနိုင် မနင်း နှင့်...အမှတ် (၁) စင်္ကြန် ကို ရှာနေသော..မေဦး တယောက်.. သူ့ နာမည် ခေါ် လိုက်သံ ကြောင့်...ရုတ်တရက်.. ရပ်တန့်ကာ နောက်လှည့် ကြည့် မိသည်။

“ ဟယ်..ချောရယ်.. ကြည့်စမ်း..”
ရုတ်ချည်း ဆိုသလို ၀မ်းသာ ပျော်ရွှင် သွားပြီး မှ..ဘယ်က ဘယ်လို ၀မ်းနည်း အားငယ်မူ တွေက..အဓိပ္ဗါယ်မဲ့စွာ ၀င်ရောက် လာ သည် မသိ..။

“မေဦး...အိမ်ပြန် တာလား.. ဖြေနိုင် တယ် မဟုတ်လား.. စာမေးပွဲ နောက်ဆုံး ရက်က.. မေဦးကို..တို့ လှမ်းခေါ် သေးတယ်.. မကြားဘူး..
ခု ကြည့်စမ်း.. ကံကောင်းလို့ ဆုံတာ..ရုံးက..မိတ်ဆွေ တွေ မန္တလေး ဆင်းလို့ လိုက်ပို့ တာလေ...”

ပြန်ပြောစရာ စကား ရှာ နေရင်း.. မေဦး ပါးစပ်က.. ဘာတွေ ထွက်သွား မှန်း တောင် မသိ...

“ ချော..ဆက် တက်မယ်..မဟုတ်လား...”

“ ချော တော့.. တော်ပြီကွာ.. မတတ်နိုင် တော့ ဘူး.. ထုံးစံ အတိုင်း အချိန် တွေ တအား နည်း နေတယ်.. ခုတောင်..အလုပ်ဝင် လုပ်ဖြစ်တာ.. MD က ဦးလေး မို့ လို့.. အလကားနေ..အလား ..အတင်း ပဲ လုပ် ဆိုလို့..ယာယီပါပဲ.. ခု..ချော..အမေရိက
ကို လိုက်ဖို့.. လုပ်နေတာ..
--
ဒါနဲ့..မေဦးကော ဆက်တက်မယ် မဟုတ်လား..”

“ ဟို.. အင်း... ခု..မေဦး တို့ အဖေက..ကျန်းမာရေး သိပ်မကောင်း ဘူးလေ.. အဲဒါ ပြန်တာ..”

ဝေ့တေ့ ၀ါးတား နိုင် လှ သော မေဦး အဖြေသည် အရှိတရား ကို ဘာလို့ များ မဖော်ပြ နိုင် ရ တာလဲ...

“ အို... စိတ်မကောင်း စရာ ပဲ ကွာ.. ဘာပဲ ဖြစ်ဖြစ်..
မေဦး ဆက် တက်ဖြစ် အောင် တ က်ကွာ. အကူအညီ လိုရင်.. အချိန် မရွေးပဲ..ရော့..ဒါ..ချောရဲ့.. visiting card ..ရုံးဖုံးရော..အိမ်ဖုံးရော..အကုန် ပါတယ်.. တကယ် ဆက်တက်ဖြစ် အောင် တက်နော်.. စကား ပြောရတာတောင် မ၀ဘူး..စောင့်နေကြမှာ စိုးလို့.. သွားမယ်နော်...”

လှပ သွက်လက်စွာ ထွက်ခွါ သွား သော ချော
၏ ကျောပြင် ကို ကြည့်ရင်း.. တခါတုန်းက အခန်းဖော် အဖြစ် စတွေ့ ခဲ့ရသော...ချောအိနွယ် ဆိုသော ကောင်မလေး ရဲ့ ငှက်ငယ်မလေး လို မြူးတူး ဖျက်လတ် နေတဲ့ အသွင် ကို မြင်ယောင် လာသည်...။

သြော်..ချောရယ်..စိတ်မကောင်း စရာပဲ တဲ့လား... အချို တွေ ကိုပဲ..စားသုံး နေတဲ့ လူ ဟာ.. ခါးတယ် ဆိုတာ.. မချိုတာပဲ ဆိုတာထက်..ဘယ်လောက်များ ပိုသိ နိုင် မလဲ နော်...

ဘူတာရုံ မှ.. ၁၂ နာရီ ထိုးကြောင်း အချက်ပေး သံ နှင့် အတူ...မေဦး တယောက် အမှတ် (၇) အစုန် အမြန်ရထား ကြီး ကို စီးးရန်..လူတွေ ထဲ မှာ တိုးဝင် ပျောက်ကွယ် သွား တော့သည်။

+++++++++

ရထားပြတင်း မှ တဆင့်... မြို့ပြ ရဲ့ အသွင် သဏ္ဌန် တို့သည် လျင်မြန်စွာ ပျောက်ကွယ် သွားကြသည်။ အားလုံး ကျန်ရစ် ခဲ့ ကြပြီ..။

ဆုံးစ မထင်သော လယ်ကွင်း များပေါ်ဍ် ဆည်းဆာရောင် ပါးပါး ပင် ကျစ ပြုလာ နေပြီ.. ။ လက်က ရွှေရောင် နာရီ ၀ိုင်းဝိုင်း လေး ကို ကြည့်တော့.. (၆) နာရီ တောင် ထိုး တော့မယ်...။

ချောရယ်... လောကကြီးမှာ..တန်ဖိုးရှိ တဲ့ အချိန်ေ
တွကို မေဦး ဖန်ဆင်း ရ တော့မယ်လေ... ဒါပေမဲ့.. ဘယ် လောက် အတိုင်း အတာ အထိ မေဦး အတွက် အကျိုး ရှိ မလဲ ဆို တာ ကိုတော့.. မစဉ်းစား တော့ပါဘူး..

ခုလောက်ဆို.. အဖေ တို့ တွေ တော့..ဘူတာရုံမှာ
..လာကြို နေကြ မည် ထင်သည်။ အဖေ ကတော့..ရန်ကုန် တက္ကသိုလ်ကြီးက.. ကျောင်းပြီး လာတဲ့..သူ့ သမီး အတွက်.. ဂုဏ်တွေ ယူကာ..ပျော်ရွှင် နေ မှာပင်..

တအား ရှိုက် လိုက်သော.. ပင့်သက် ၏ အဆုံးမှာ..အပြီးတိုင် ထွက်ခွါ သွားသော သက်ပြင်းရှည် တခု သည် ရထားပြတင်း မှ ၀င်ရောက်လာသော လေ နှင့် အတူ.. ရောနှော ပျောက် ကွယ် သွားတော့သည်။ ။

(၁၉ ၉ ၄)






Share/Bookmark

သံတူကြောင်းကွဲ


အင်းလျားဆောင် မှာ.. ပထမ ရ ခဲ့ ပြီး.. ၉ ၅ ရန်ကုန် တက္ကသိုလ် စိန်ရတု အကြို နှစ်လည် မဂ္ဂဇင်းမှာ.. ဖော်ပြ ခဲ့ တဲ့.. ၀တ္တုလေး တပုဒ်...။ ခု နေ တော့.. ပြန်ဖတ်ကြည့်ရင်..ထုံးစံ အတိုင်း..နဲနဲလေး ဖောင်းပွ နေသလို..ဘာလိုလို..ညာလိုလို နဲ့ ..။ ဘာပဲဖြစ်ဖြစ်.. အမှတ်တရ..မှတ်တမ်းတခု ပေါ့လေ...



++++++++++

သံတူကြောင်းကွဲ


မြင်နေရသော မြင်ကွင်း တွေက မကြည်လင်တော့ ..ေ၀၀ါးနေပြီ။

မျက် လုံး တွေ ကို..တအား မှိတ်ပြစ် လိုက် တော့မှ..မျက်ရည် တွေ က.. ပါးပြင်ပေါ်ကို.. ပိုးပိုးပေါက်ပေါက် နှင့် ကျလာ တော့သည်။

တကယ့် တကယ်..ဒါ..ငိုစရာမှ မဟုတ်တာ..

တခါတရံ ကျတော့..လောက ကြီးရဲ့ ဖြစ်စဉ်တွေ သည် ငိုစရာ လား.. ပျော်စရာလား..ဝေခွဲရန် ခဲယဉ်း လိုက်တာ...

ရထား ပြတင်းမှ အပြင်ဖက် ရှုခင်း တွေကို ငေးရီ ရင်း မျက်စိထဲမှာ တော့..ဘူတာရုံ မှာ ရပ်ကျန်ခဲ့သော အဖေ နဲ့ အမေရဲ့ သဏ္ဌန် တွေသာ ထင်ဟပ် နေသည်။

ပြုံးပြုံးကြီး နှင့် မျက်ရည်တွေ ၀ဲနေသော အဖေ့ နံဘေးမှာ အမေ ကတော့..ဘုရား တရား မမေ့ ဖို့သာ တတွတ်တွတ် နဲ့ မှာလို့ မဆုံးနိုင်.....
သြော်..လူတွေ ဆိုတာ..တချိန်ချိန် မှာတော့.. တနည်းနည်း နဲ့ မလွဲ မသွေ ခွဲခွါ ကြရ မှာပဲ...ခုဟာက ခဏ တဖြုတ် ခွဲ ရတာပဲ..ပြီးတော့..သူကိုယ်တိုင် လည်း မရောက်ရောက် အောင် လှမ်းခဲ့တဲ့ ခရီးပဲလေ... ဂုဏ်ယူ စရာတောင် ကောင်းသေးတယ်...

မေဦး တယောက် ကိုယ့်အတွေး နဲ့ ကိုယ် ဖြောင်းဖြ လိုက်.. နှစ်သိမ့် လိုက် နဲ့ တယောက်ထဲ အလုပ်ရှုပ်နေ သည်။
ဒါပေမဲ့..စိတ်ထဲမှာ တမျိုး ကြီး... တခုခု ကို စိုးရွံ့ နေသလိုလို....

တကယ်တော့..မေဦး လို နယ်ကျောင်းသူလေး တယောက် အဖို့ ..ရန်ကုန် တက္ကသိုလ် မှာ တက်ရမယ် ဆိုတာ..တကယ့်ကို အတွေ့ အကြုံ သစ်ကြီး တခု..။ ဒါတောင်.. မေဦးက ပြည်ကောလိပ်မှာ (၂) နှစ် တက်ခဲ့ ပြီးသား။ ဒါပေမဲ့..နယ် နဲ့ ရန်ကုန် ဘယ်လိုမှ မတူနိုင်...။ နောက်ပြီး..အဟုတ်တကယ်.. မေဦး..ရန်ကုန်ကို တခါ မှ..မရောက်ဖူးဘူး...။ အဲဒါကြောင့် လဲ...မရောက် -ရောက်အောင် ကြိုးစားခဲ့တာ ပေါ့...။ ခုတော့..ရန်ကုန် တက္ကသိုလ်မှာ တက်ရမဲ့..ဂုဏ်ထူးတန်း ကျောင်းသူကြီး ဖြစ်ပြီ။

ပြည်မှာတုန်း ကတော့..အဆောင် ထမင်းဟင်း စားမကောင်း တိုင်း..အိမ်ကို လွမ်းတိုင်း..ခဏခဏ အိမ်ပြန်ဖြစ်သည်။ ဝေးလည်း ဝေးမှ..မဝေးပဲ...။ တုပြိုင် ပလွှားခြင်း တို့..ဂုဏ်ပကာသန တို့ ..ဆိုတာ.. တကယ့်ကို ရှာမှရှား...။ တကယ့် ကို ပျော်ဖို့ ကောင်း ၍ လွတ်လပ် ခဲ့ သော အချိန် တွေ... သတိရ လိုက်တာ.. ။ ဟန်ဆောင် ကြွားဝါမူ ထူပြောလှ တယ် ဆိုတဲ့ ရန်ကုန်မြို့ ကြီး ကို ..သူ ဘယ်လို ရင်ဆိုင် ရပါ့...။ လူတွေ ကလည်း.. အမြင်ကပ် စရာ ကောင်းမှာ ပင်....

အို.... ဘာမှ မသိရ..မကြုံရ သေးတဲ့..အရာ တွေကို ဒီလောက်ကြီး ကြိုတင် ပြီး အကြောင်းမဲ့ ပူပင် နေဖို့ မကောင်း ပါဘူးလေ... ကိုယ်က ပညာ သင် ရအောင် သွားတာပဲ.....
သူတို့က ဘာသား နဲ့ ထူးပြီး ထု ထားတာ မို့ လဲ.. လူလူခြင်း အတူတူပဲ..ငါလဲ..တနေ့ ကျရင်.. ဒီလို မြို့ ကြီး ပြကြီး မှာ..အဆင့်အတန်း ရှိရှိ..နေနိုင် ရမှာ ပေါ့......
ဟုတ်တယ်.. ကြိုးစားရင်..ဘာမဆို ဖြစ် နိုင် တာပဲ... ငါကြိုးစားမယ် .. မဟာ သိပ္ဗံ ရအောင် လုပ်မယ်...ပြီးရင် တက္ကသိုလ် က ဆရာမပဲ ဖြစ်ဖြစ် တခြား ဌါန တခုခု မှာပဲ ဖြစ်ဖြစ်... အို....ဘာပဲ ဖြစ်ဖြစ်.....

မခြောက် တခြောက် မျက်ရည် စတွေ စွန်းထင်း နေ တဲ့..မျက်နှာ ပေါ်မှာ အပြုံးရိပ် တို့ တစွန်းတစ ဖုံးလွှမ်း လာ သည်။ စိတ်ဓါတ် တွေ သည်လည်း လျင်မြန်စွာ ဆူဝေ တက်ကြွ လို့ လာသည်။

ရထား ပြတင်းမှ လှမ်းမျှော်ကြည့်ရင်း... သူ့ရင် ထဲမှာ ရည်မှန်းချက် တွေ သည်..တရိပ်ရိပ် မြင့်တက် လာသော မွန်းတည့် နေ နှင့် အပြိုင် တောက်ပ လင်းလက် နေ ကြသည်။ စိုးရွံ့ အားငယ်မူ တွေ သည် တရိပ်ရိပ် ကျန် ခဲ့သော လယ်ကွင်းပြင် ကြီး တွေ နဲ့ အတူ.. လွင့်ပါး ပျောက်ကွယ် ကုန်ပြီ ထင့်...။ မပီ ၀ိုးဝါး အနာဂါတ် ရုပ်ပုံလွှာ များ သည် ..သူ့ အတွေး သဏ္ဌန် တွင် အသွင် အမျိုးမျိုး နှင့် လွင့်ပျံ နေ ကြ ပြီလေ.....
သူ့ မြို့လေး ကတော့..အတိတ် ဆီ မှာ...
အနာဂါတ် တခု ဆီ ကို..သူ သွား နေ လေ ပြီ......

+++++++++

အင်းလျားဆောင်

အားပါး.....လှ လိုက်တာ...
လှတာ ထက် ခန့် ညားတာ....
ဒီအဆောင်ကြီးမှာ သူ နေရ မယ် တဲ့...ပျော်လိုက် တာနော်... ပြည်မှာ တုန်းက နေခဲ့တဲ့ အဆောင် နဲ့ များ ကွာချင်တိုင်း ကွာ သည်။

အင်း.... အဆောင်ကြီး က ..ခန့်ညား သလောက်..ဘာတွေများ အထူး အဆန်း တွေ့ ရမလဲ...
ပျော်ရွှင်မူ တ၀က် ၊ စိုးရွံ့ မူ တ၀က် နှင့် မမနွယ် လက်ကို တအား ဆုပ်ကိုင် ထား မိသည်။ မမနွယ် က၊ တမြို့ တည်းနေ လူရည်လည် ပြီးသား နောက်ဆုံး နှစ် ကျောင်းသူ ကြီး....။ သူ ပါ လို့သာ... နောက်မို့ ဆို.. တယောက်တည်း ၊ ဒီ သေတ္တာ တွေ..အထုပ်အပိုး တွေ နှင့် ယောင်ချာချာ ဖြစ် နေမှာ...

အဆောင် တာဝန်ကျ ဆရာမ ဆီမှာ၊ နာမည် စာရင်း ၀င်ပေးသည်။
အခန်း (--)၊ အပေါ်ထပ်မှာ...။
သေတ္တာကို ထမ်းသွား နှင့် သော အလုပ်သမား ကြီး နောက်မှ တက်လိုက် လာရင်း ၊ (--) ဆိုသော စာလုံးမဲလေး ကပ်ထားတဲ့ အခန်းရှေ့ မှာ ရပ်လိုက် ကြသည်။ မကျဉ်း မကျယ် နေချင်စရာ နှစ်ယောက် ခန်းလေး ကို ကြည့်ရင်း၊ ပျော်နေ လိုက်တာ... လိုက်ပို့ သော မမနွယ် ကိုပင် ကျေးဇူးတင် စကား မဆိုဖြစ်...။ မမနွယ် တယောက် နှုတ်ဆက် ကာ ထွက်သွား တော့ မှ၊ ပစ္စည်းတွေ နေရာချ ရန် စတင် ရသည်။

ပထမဆုံး..ခြင်းထဲက၊ ပုဇွန် ခြောက်ကြော် ပုလင်း တွေ၊ လက်ဖက် ဆီစိမ် ပုလင်း တွေ ကို ထုတ်ကာ၊ ဗီရိုပေါ် တင် သည်။ တော်သေးရဲ့.... ဆီ တွေ ဘာတွေ မဖိတ် လို့.... ပလတ်စတစ် စားပွဲ ခင်း ကို စားပွဲ ပေါ် ဖြန့်ခင်း လိုက်ရင်း၊ ကျောက်ပျဉ် ထားဖို့ နေရာ ရွေး မိသည်။ အိပ်ရာ ကို တော့... ညကျမှ ခင်းမယ်...ဟိုဖက် ခုတင်က၊ ဘယ်နေ့ မှ.. အဆောင် ၀င်မလဲ မသိ... သြော်..ဘုရား ပုံ တွေ ရှိ သေး တယ်...အဓိက ဟာ ကို မေ့ နေတယ်။ အတော်ပဲ.... ဒီ ခေါင်းရင်း က၊ သံမှာ ချိတ် မယ်... သောက်တော်ရေ ခွက် ကလေး တွေ ကတော့၊ အောက်မှာပဲ ထားမှ... အမေ သေချာ မှာ လိုက် တယ်.. ဘုရား တရား မမေ့ နဲ့ တဲ့.... ခုချိန် ဆိုရင်၊ အဖေ တို့ အမေတို့ မောင်လေး တို့ တွေ ဘာတွေ များ လုပ်နေကြ မလဲ မသိဘူး... ငါ သိတတ်ရမယ်... စာကြိုး စား ရမယ်.... အမေတို့ အမေ တို့ က ရှိလွန်းလို့ ငါ့ကို ကျောင်း ထားတာ မဟုတ်ဘူး.. ငါ တက်ချင် လွန်း လို့... မရှိ- ရှိတာလေး နဲ့ ခြစ်ခြုပ် ပြီး ထားရတာ...ဟုတ်တယ်...

ပြောသာ ပြောသည်..။ မူလတန်း ကျောင်းအုပ် အဖေ နဲ့ အဖေ့ကျောင်းက.. မူလတန်းပြ ဆရာမ အမေရဲ့ သမီးအကြီးဆုံး တယောက် အနေနဲ့.. ငယ်ငယ်တုန်း ကတော့... အဖေ့ ကျောင်းမှာ နေရတာ... အင်မတန် ပျော်ခဲ့ သည်။ ဆရာ- ဆရာမ သားသမီး ဖြစ်ရ တာ ကိုပဲ..ဂုဏ်ယူ လို့ မဆုံး နိုင်... အတန်း တွေ ကြီး လာတော့... အောက်ခြေ ပညာရေး ၀န်ထမ်း မိသား တစု ရဲ့ မပြည့်စုံ မူ ဒုက္ခ တွေ ကို မေဦး တော်တော် စိတ်ပျက် လာသည်။ ဆယ်တန်း နှစ် မှာ.. အမှတ် ကောင်း ချင် လွန်း လို့.. ကျူရှင် လေး ယူဖို့ တောင်၊ အဖေ့ ကို မနဲပြောခဲ့ ရတာ ကို ၊ ခုထက်ထိ မမေ့...။ မေဦး စာအရမ်း တော်ချင် သည်။ မျှော်လင့်ချက် ကြီးမားသော မေဦး အတွက် ၊ တခုတည်း သော ထွက်ပေါက် အဖြစ်၊ စာကို၊ အတတ်နိုင် ဆုံး ကြိုးစားခဲ့ သည်။ (၈) တန်းနှစ် မှာ သိပ္ဗံတွဲ ကို သုံးဘာသာ ဂုဏ်ထူး နဲ့ အောင်ပြီး ကတည်း က၊ မေဦး တယောက် လေထဲမှာ တိုက် အိမ် ဆောက်ခဲ့ တော့ တာ ပဲ...။ တက္ကသိုလ် တက်မယ်.. အင်ဂျင်နီယာမကြီး ဖြစ် အောင် လုပ် မယ် ပေါ့...ဒါမ သူ့ဘ၀ မြင့်မား နိုင် မယ် မဟုတ်လား... မေဦး ကိုယ့်ဘ၀ ကို မကျေနပ်...။ အဖေ တို့ အမေ တို့ကိုလဲ... အပြစ် မတင်ချင်ပါ... တင်လဲ မတင်ရက်ပါ... အသေအချာ နာကျည်း မိ တာက တော့..သူ့ရဲ့ ဖြစ်တည်မူ ကံတရား ကို ပါပဲ..။

(၁၀)တန်း အောင် စာရင်းတွေ ထွက် လာ တော့.. ဂုဏ်ထူး တခု ပဲ ထွက်ခဲ့သည် မို့.. ၀မ်းမသာ မိ သလို..၀မ်း လဲ မနည်း ချင် တော့.. ဘာကို မှ လဲ နောင်တရ မနေချင်..ဘာကို မှ လဲ၊ ဆန်းစစ် စရာ မရှိ၊ ဘာပဲ ဖြစ်ဖြစ် ခိုင်မာ တဲ့ ရည်မှန်းချက် တွေ ကတော့.. ပျောက်ကွယ် မသွား...၊ ကောလိပ် မရောက် ရောက် အောင် တက်ရမည်။

အဖေ တို့ ကလည်း.. မရောက်- ရောက် အောင် ပို့ ခဲ့ ပါတယ်လေ...။ မေဦး ကို မိုက်တကယ်ပဲ ဆိုဆို.. ဒီကိစ္စ အတွက်၊ အဖေ နဲ့ အမေ ခေါင်းချင်း ရိုက် ပြီး စိတ်ဆင်းရဲ နေ တာ ကို၊ မသိချင် ယောင် ဆောင် နေ ခဲ့ သည်။ ဆွေမျိုး တွေ ရဲ့၊ မသိတတ် လိုက် တာ ဆိုတဲ့ ကဲ့ရဲ့ သံ ကို လည်း မကြားယောင် ပြု နိုင် ခဲ့သည်။ မေဦး ကောလိပ် တက် ကို တက်ရမှ ဖြစ်မည်... သူ့ ဘ၀ ကို မြင့်မား အောင် လုပ်ရမည်။

အစဉ် အဆက် ထိန်းသိမ်း လာ တဲ့ အမေ့ရဲ့ မင်္ဂလာဦး ပစ္စည်း ပွတ်လုံး လက်ကောက် ကြီး (၃)ရံကို ရောင်းလိုက် ရတဲ့ နေ့က၊ ကျခဲ့တဲ့ အမေ့ မျက်ရည် တွေ လေ... အမေရယ်... အဲဒီ မျက်ရည် တွေ အတွက်... သမီး အမေ တို့ ကို တခုခု ပေးဆပ် နိုင် အောင် ကြိုးစားမှာပါ... ခုတော့.. အဲဒီ ရောင်းရ ငွေ တွေ နဲ့ အဖေ တယောက် ရွာမှာ တိုးရင်းပွားလေးချ..ပဲလေး နှမ်းလေး လှောင် လိုက်..ကျောင်းတက်လိုက် နဲ့ မေဦး ..ဒီနေရာထိ တောင် ရောက်ခဲ့ ပြီလေ...

ရုတ်တရက်..သူ့ အတွေးတွေ ပြတ်တောက်သွား သည်။

ဆူဆူညံညံ အသံ တွေ နဲ့ အတူ ခြေသံ တချို့ ၊ အခန်း ရှေ့မှာ ရပ်တန့်သွား ပါလား....

“ အိုး...ချော အခန်းဖော် ရောက်ပြီ..အန်တီ...”

ချိုလွင် စူးရှ သော အသံ နှင့် အတူ တပြိုင်နက် မြင် လိုက် ရသော၊ ကောင်မလေး ကြောင့် ၊ မေဦး ရင်ထဲ ထိတ်ကနဲ ဖြစ်သွား သည်။ ဒုက္ခပါပဲ... ဒီပုံစံ က..သူ့ အခန်း ဖော်....။ မရဲ တရဲ နဲ့....

“ ဟို.....သူ က..ဒီ အခန်း(--) ပဲ လား...”
“ ဟုတ်တယ်လေ... ချောက စောသေး လို့ မ၀င် တာ... တယောက် တည်း မနေရဲဘူး...ယူ့ နာမည် က ဘယ်သူ လဲဟင်... ဘာမေဂျာ လဲ...”

အမလေး..မေးခွန်း တွေ ကလဲ...

“ တို့ နာမည် က မေဦးနွယ်...first year Physics honors ပါ..”

“ ဟယ်... အန်တီရေ... ကြည့်စမ်း..ချော နဲ့ အတူတူပဲ.. နာမည် ချင်း လဲ ဆင်တူ... သြော.. တို့ နာမည်က..ချောအိနွယ်... ၀မ်းသာ လိုက်တာ..အရမ်းပဲ...”

“ ကဲ.. သမီး...စကား နောက်မှ အေးဆေး ပြော..ပစ္စည်းတွေ ထားဖို့ လုပ်.. အန်တီက အောက်မှာ ကားကြီး တန်းလန်း နဲ့...”

အို..ထားခဲ့ ..အန်တီ...ရပြီလေ.. ကျန်တာ..ချောတာဝန်..”
“ ဒါဆို..အန်တီ ပြန် မယ်နော်.. လိုတာ ရှိ ရင်..ဖုံးဆက်လိုက်...”
“ အိုခေ.. သန့်ခ်ယူ အန်တီ.....ဘိုင့်...”

ငှက်ငယ်မလေး တကောင် လို မြူးတူး ဖျတ်လပ် နေတဲ့ ချောအိနွယ် ဆို တဲ့ ရုပ်ချောချော ကောင်မလေး ကို မေဦး တယောက် အထူးအဆန်း သတ္တ၀ါ တကောင် လို ကြည့် နေမိ သည်။

ကျောလယ် လောက် ရှိ တဲ့ ဖြောင့်စင်း ပျော့ အိ နေတဲ့..ဆံပင် ဖားဖား လေး ကို လက်နဲ့ သပ်တင် ရင်း...ခပ်ဆန်းဆန်း ခလုတ်တွေ နဲ့၊ သားရေ သေတ္တာကြီး နှစ်လုံး ကို ဖွင့်ကာ..ခင်းကျင်း ပြင်ဆင် နေသည်။ သူမ ၀တ်ဆင် ထားတဲ့၊ ဇာပန်းလေး တွေ ကပ်ထား တဲ့ အ၀ါရောင် အကျီ င်္ ဖားဖားလေး သည်၊ အဖိုးတန် မှန်း.. မပြောပဲ နှင့် သိနိုင် သည်။

အို... ခြေ ထောက် မှာလဲ.. ခြူ နဲ့ ပါလား...
ရွှေကြိုး ပျော့ပျော့လေး နဲ့ ဆွဲ ထားတဲ့ ရွှေခြူလေး သည် ချော ဆို သော ကောင်မလေး ၏ ခြေကျင်းဝတ် ဖြူဖြူလေး တွင် ပနံရစွာ အသံ ပေး နေလေသည်။ မွေ့ရာ ထူထူ ကြီး ပေါ်မှာ ပန်းနုရောင် အိပ်ရာဖုံး အကောင်းစားကြီး ကို အသေအချာ ဖြန့်ခင်း နေတဲ့.. သူ့ အခန်းဖော် ကို ကြည့်ရင်း၊ မေဦး တယောက်.. အကြီးအကျယ်၊ စိတ် တွေ ကျဉ်းကျပ် လာသည်။ ခင်းကျင်းလက်စ ကိုယ့် ပစ္စည်း တွေကို မ၀ံ့မရဲ ကြည့်လိုက် ရင်း...ပထမ ဆုံး အကြိမ်၊ စိတ်ပျက်စွာ၊ သက်ပျင်း ချ လိုက် မိသည်။

ဒီပုံစံ ဟာ..နယ်ကျောင်းသူ တယောက် တော့ ဖြစ်နိုင် မည် မထင်...

တကယ်လည်း..နယ်ကျောင်းသူ တယောက် မဟုတ်တဲ့..ချောအိနွယ် ဆိုတဲ့ သူ့ရဲ့ အခန်းဖော် ရန်ကုန်သူ ကောင်မလေး ရဲ့ အကြောင်းကို..မေဦး တယောက် နောက် တော့..သိခဲ့ ရသည်။

(ကျန်တပိုင်းကို..ဆက်ဖော်ပြပါမည်.. )



Share/Bookmark

ကံ့ကော် နောက်ဆက်တွဲ အပျံသင်ငှက်

ကံ့ကော် နောက်ဆက်တွဲ လို့ ပဲ ဆိုပါတော့ နော်...။ ဘလော့ လုပ်ကာစ နှစ် က .. ဒီမှာ ရေးခဲ့ တာပါ။ ပြန်လည် ဖော်ပြ ခြင်းပါ..။ ခု နောက်ပိုင်း.. ရေးဖို့ ရည်စူး ပြီးသားလေး တွေ က လွဲလို့... စာအသစ် ရေးဖြစ် ဦး မည် မဟုတ်ပဲ...ရံဖန် ရံခါ.. ဖတ်စေချင်သော အဟောင်းလေး များ ကို သာ..အခုလို.. ပြန်လည် ဖော်ပြ ဖြစ် မည် ထင် ပါသည်။

စိန်ပန်း နဲ့ ကံ့ကော် တွေ ကိုလည်း.. E-book လေး လုပ်နေပါတယ်။ ပြီးကာနီး ပါပြီ။ တစုတစည်း နဲ့ ပိုပြီးတော့လည်း အချောသပ် ထားပါတယ်။

+++++++++


အပျံသင်ငှက် (သို့) သိခဲ့ဖူးတဲ့ သင့်ဘဝ

ကျောင်း လည်း ပြီး ပြီ ဆို တော့ .. ဘာလုပ် ရမလဲ။ ဘွဲ့လွန် ဆက်တက် မလား။ အပြင် ကုမ္ပဏီ တခုခု မှာ လုပ် မလား။ နယ် ပြန် ပြီး ..ကျောင်းဆရာ မ လုပ် မလား။ တခုခု တော့ လုပ် ရ တော့မည်။ လော လော ဆယ်ဆယ် တော့.. အိမ့် တာဝန် တွေ နဲ့ ကင်းလွတ် ရာ.. ရံဖန် ရံခါ နားပူ စရာ တွေ ကို..ပုန်း ရှောင် ရာ.. အင်းလျား ဆောင် ကြီး ပေါ် က..ချစ်လှစွာ သော..အခန်း ကျဉ်း လေး ကို .. ကျော ခိုင်း လိုက် ရ ပြီ။

`၄၆´ ဆိုတဲ့ နံပတ် ပြား လေး ကို လှည့် ကြည့်..လှည့်ကြည့် လုပ် ရင်း..`အခန်း ၄၆..နောက် ပေါက် မှာ..ဧည့်သည်..´ ဆိုတဲ့ ရင်ခုန် ခဲ့ရ တဲ့ အော်သံ တွေ.. ။ ညဖက် အင်းလျား လမ်းမပေါ် က.. ရည်စူး ခြင်း .. နောက်ပြောင် ခြင်း.. ရင်ခုန်ခြင်း..ပျော်ရွှင် လွတ်လပ်ခြင်း တွေ..နဲ့..အမျိုးစုံ လှတဲ့ သီချင်းသံ တွေ။ စားချင် မှ စား..။ အိပ်ချင် မှ အိပ်..။ ထ ချင် မှ ထ ခဲ့တဲ့.. ဂရုမစိုက် ခြင်း တွေ။ အားလုံးကို ထား ခဲ့ ရ ပေပြီ။

ညီအကို မောင်နှမ တွေ အတွက်.. ရန်ကုန် မှာ..ကျောင်းတက်..အလုပ်ရှာ ရန်.. အိမ်က..ငှါး ထား ပေး သော အိမ် ကလေး ကို.. ကယောင် ချေက် ချား ရောက် လာခဲ့သည်။ ခေတ်လူငယ် ခြေ ကျ..မဖြစ် အောင် တော့..လုပ် ရ မည်။ ကိုယ်က..ဘာလုပ်ချင် တာလဲ..ဘာဝါသနာ ပါ တာလည်း..။ မမေးပါနဲ့..ကျေးဇူး ပြု ၍ ..မမေး ပါနဲ့။ အာရုံ ထဲ မှာ တော့.. အမေရိကန် သံ ရုံး က ထုတ် တဲ့..လင်း ရောင် ခြည် စာအုပ် တွေ ထဲက.. နိုင်ငံခြား ပညာ သင် ဆောင်းပါး တွေနဲ့..နေ ရောင် နွေး နွေး..မျက် ခင်း စိမ်း စိမ်း မှာ..ထိုင် ပြီး..စာဖတ် နေ ကြတဲ့.. ဘွဲ့လွန် ကျောင်းသား ကျောင်းသူ တွေ ရဲ့ ဓါတ်ပုံ လေး တွေ ကို ..မြင် ယောင် နေ မိသည်။

အင်းလျား ဒင်နာ တွေ မှာ..မိုးမိုး (အင်းလျား) အမှတ်တရ.. ဆု တွေ အဖြစ်..စာပေလောက..မိသားစု က ..ပေးတဲ့..စာအုပ် ပုံ ကြီး ကို ကြည့် ရင်း.. စာရေးဆရာ လုပ် ရင်..ကောင်း မလား လို့ လည်း.. ယောင်တောင် ပေါင် တောင် တွေး မိ ပြန် တယ်။

ကံအားလျော်စွာပဲ.. အဲဒီ အချိန် က..ပုံစံ အသစ် နဲ့ ပြောင်းလဲ ထုတ်ဝေ ရင်း..နံမယ် ကြီး နေတဲ့..သင့်ဘ၀ မဂ္ဂ ဇင်း ထဲ မှာ.. `လူငယ် လက်ထောက် အယ်ဒီတာ တယောက် အလို ရှိ သည် ´ တဲ့။ ကဲ..ရေ ငတ် တုန်း ရေ တွင်း ထဲ ပြုတ် ကျ..ကုန်းထ ပြီး.. အပြေး လေး..သွား ဗျူး တော့ တာ ပေါ့။

အမှတ် မမှား ဘူး ဆို ရင်..အဲ တုန်း က..ဂျာနယ် တိုက် က.. ၀ါးတန်း လမ်း မှာ ထင် တယ်.. ။ (ရန်ကုန် မြို့လယ် ခေါင် ကို..ယခု တိုင်..သိပ် မကျွမ်း ကျင် သေးပါ)။ ဘေး မှာ..အမ လုပ်သူ ကလည်း..အဖော် လိုက် လာတယ်။ သိ တဲ့ အတိုင်း.. တောသား မက..မြို့သား မကျ ဆို တဲ့ ပုံစံ လေး တွေ နဲ့။ ၀တ် စား သွား တာ ကလည်း.. အယ်ဒီ တာ အလုပ်ပါ ဆိုမှ.. လွယ်အိတ် အစုတ် ကလေး ..လွယ်ပြီး..ခပ်ကြမ်း ကြမ်း ပုံစံ ဖမ်း ရမဲ့ အစား...ဗမာ ဆန်ဆန်..ခါးတို အကျီ င်္ နဲ့..ရိုးရာ လုံ ချည် နဲ့။ မှတ် ထား တဲ့ လိပ် စာ စာရွက် ကလေး ကို ..လက်က..ဆုပ် ရင်း.. `သင့်ဘ၀ ´ လို့ .. ဆိုင်း ဘုတ် ခပ်သေးသေး တပ် ထားတဲ့..တိုက်ခန်း တခန်း ထဲ..၀င် သွားတော့.. `အမ်´..မှား ပြီ ထင်တယ်.. ။ ကြည့် တော့.. စီးပွားရေး လုပ်ငန်း တခု လိုလို..။ နောက် တော့မှ..ဒါ.. သင့်ဘ၀ ပိုင် ရှင်..ဆရာ တင် မောင်သန်း ရဲ့ မိသားစု ပိုင် ..စီးပွား ရေး လုပ် ငန်း တခု မှန်းသိ ရ ပြီး.. အပေါ် ထပ် ကလေး ကို..လှေခါး လေး နဲ့ တက်သွား လိုက် ရ သည်။ အဲဒီ မှာ..သင့် ဘ၀ ရဲ့ ဖခင် ကြီး..ဦးလေး ကြီး..ဦးတင် မောင် ( ဆရာ တင် မောင်သန်း ဖခင်) ပုံ ကြီး ကို.. ချိတ်ဆွဲ ထား သည်။ ဟို တုန်း ကတည်း က..ယုဝတီ..ငွေတာရီ တွေ ကြားထဲ မှာ ဦးလေး ကြီး ဦး တင်မောင် ရဲ့..သင့်ဘ၀ ဗားရှင်း အဟောင်း လေး က.. သူ့ပိရိသတ် နဲ့သူ ရှိ ပြီးသား။ ကိုယ့်မေမေ ရဲ့ အကြိုက်.. ။ သူ့ ဆီမှာ..ကဗျာ တွေ..ရေးရေး ပို့ ထား တဲ့..သင့်ဘ၀ စာအုပ် တွေ..အများကြီး တွေ့ဘူး သည်။

အပေါ် ထပ် ရောက် မှ.. စာအုပ် တွေ ထဲမှာ တွေ့ဘူး နေသော ..ဆရာ တင် မောင် သန်း ဆို တာ ကို.. တန်း ခနဲ.. ချက်ချင်း သိ လိုက် သည်။ အခန်း ထဲ မှာ..တခြား လူ ၂ ယောက် လည်း ရှိ နေသည်။ `ကိုညို´ လို့ ခေါ် နေ သော ..ခပ် ညိုညို..ပြည့်ပြည့် လူ တယောက် ကို..စာရေး ဆရာ..မောင် သစ် ဆင်း မှန်း သိ လိုက် ရ သည်။ နောက် တယောက် ကို တော့..အခု မှ..ဖတ် မိ သော စာ တချို့ အရ.. စာရေး ဆရာ ကျော်ဝင်း ဖြစ် ကောင်း ဖြစ် လိမ့် မည် ဟု ..မှန်း ကြည့် မိသည်။ ( မသေချာ ပါ) ။ အဲဒီ တုန်း က.. အယ်ဒီ တာ အဖွဲ့ ၀င် တယောက် ဖြစ် တဲ့..စာရေးဆရာမ မိုး ချိုသင်း ကို လည်း..လူချင်း မသိ ပေမဲ့ .. ကိုယ့် ရဲ့ ဘူမိ ဗေဒ စီနီယာ ကျောင်း သူ အ ဖြစ် .. ကျောင်း မှာ မြင် ဘူး နေ တာကြောင့်.. အား တော့ မငယ် မိ။ ဒါပေမဲ့..အဲဒီ နေ့ကတော့..သူမ ကို မတွေ့ ရပေ။ ကိစ္စမရှိ.. သိတဲ့လူတွေ နံမယ်ပြော ပြီး ရွှီး ပြစ် မည် လို့..တေး နေ မိသည်။

အင်တာ ဗျူး လေး က..မမျှော် လင့် ပဲ..အချိန် အတော် ကြာ သွားသည်။ မေး တာ တွေ ကလည်း အစုံ။ ဘယ်လို စာ မျိုး တွေ အဖတ် များ လဲ တို့..ဘာ တို့ ကတော့.. လာခဲ့.. ကိစ္စ မရှိ ဘူး။ ဟော..ဒါပေမဲ့..အယ်ဒီ တာ ကို ကူ ဖို့ ဆို ရင်.. ရန်ကုန် မှာ ရုံး တွေ သွား ဘူးလား တဲ့။..ဘဏ် ၃ တို့..ဘဏ် ၄ တို့..မှာ ချလန် သွင်း တာတွေ..လုပ် ရမယ်.. စာပေ စိစစ်ရေး တွေ..သွား ရမယ် ဆို တော့.. ရန် ကုန် သူ မဟုတ်တဲ့.. မြို့ ထဲ လည်း မကျွမ်း တဲ့..ရုံး ပြင် ကနား လည်း..မဆက် ဆံ ဘူး တဲ့..ကိုယ့်မှာ.. မလုပ်ဖူးဘူးပေါ့.. ကြိုးစား သင်ပါ့ မယ် ပေါ့။ မိသားစု အကြောင်း..တခြား အကြောင်း တွေ မေး ပြန် တော့..စကား တွေ ..လက် ဆုံ ကျ ကြ ပြန် တယ်။ တချိန် လုံး..ငုတ် တုတ် ထိုင် စောင့် နေတဲ့.. အမ လုပ်သူ ကလည်း..အား ပါ ပြီး..၀င် ပြော လို့.. အင်တာဗျူး ကနေ..အင်ထရာ ဗျူး လုံးလုံး ဖြစ် ရော။ အဲဒါ တွေ ပြီး တော့..မှတ် မှတ် ရရ..ဆရာက.. ` ရည်မှန်း ချက် က..ဘာဖြစ် ချင် တာလဲ..´ လို့..မေးလာတယ်။

အူ ကြောင် ကြား ပါ တဲ့..ကိုယ် က.. အယ်ဒီ တာ လာ လျှောက် တာ ကို.. ` စကော် လာ ဖြစ် ချင် ပါ တယ်´ လို့..အဆီ ငေါ် တဲ့တဲ့..ဖြေ ခဲ့ လိုက် တယ်။ တကယ် တော့.. စကောလား ရှစ် လျှောက် ပြီး ..ကျောင်း ဆက် တက် ချင် တဲ့စိတ် သက်သက် နဲ့ဖြေ လိုက် တာပါ။ အဲဒီ ဝေါဟာ ရ ရဲ့ အနက် အဓိပ္ပါယ် ဘယ်လောက် ကျယ် ပြန့် မှန်း..မသိ နား မလည် ခဲ့ ရိုး အမှန် ပါ။

အဲဒီ လို နဲ့..မိနစ် ၂၀ လောက် ပြော ဆို မေးမြန်း ပြီး တော့.. ` ကိုညို ရေ..သူ့ကို..ဆောင်းပါး အတို လေး တပုဒ် လောက် ဘာသာ ပြန် ခိုင်း ကြည့် လိုက် ပါ..´ လို့..ပြော ပြီး..ဆရာ တင် မောင် သန်း.. အောက် ဆင်း သွား တော့တယ်။ ကိုယ် လည်း.. အဲဒီ..အိမ် လိုလို..ရုံးလိုလို..အပေါ် ထပ် ကလေး မှာ..နောက်ထပ် မိနစ် ၂၀ လောက် ..တတ် သလောက် မှတ် သလောက် ဘာသာ ပြန် အ ပြီး.. ညီအမ ၂ ယောက် သား.. ပြန် လာခဲ့ တော့ တာ.. အခု အချိန် ထိ.. အလုပ် ခန့် ကြောင်း.. မကြား ရ သေး ပါဘူး..။း)

ဒီလောက် နဲ့ တော့..ဇတ် လမ်း ပြတ် ရိုး လား..။ လူက လည်း..မှော် နဲနဲ ၀င် နေတော့.. နောက် သုံးလေး လ လောက် အကြာ.. သင့်ဘ၀ က.. ဂျာနယ် လစ် သင် တန်း ပေး မယ်..အခမဲ့...လွတ်လပ်စွာ တတ် နိုင် သည် ဆို လို့.. မနှေး အမြန် ရောက် သွား ပြန် ပါ သေးတယ် ။ ဒီ တခါ တော့..မြို့ ထဲ တနေ ရာ က..ဆရာ ကြီး လူထု စိန် ၀င်း ရဲ့ နေအိမ်..စာသင်ခန်း လေး ထဲ မှာ လုပ် တာပါ။ လားလား..လာ လိုက် ကြတာ.. ဓန မဂ္ဂဇင်း က..ဆောင်းပါး ရှင် တွေ ရော..ဘာရော..အယောက် ၂၀ လောက် ရှိ မယ်။ ထူးထူး ခြား ခြား..အမျိုးသမီး က..၂ ယောက် ထဲ။ တယောက် ကတော့..ယခု လက်ရှိ..နံမယ် ကြီး..စာရေးဆရာမ.. လည်း ဖြစ်.. အယ်ဒီတာလည်းဖြစ် တဲ့..မနော်ဟရီ ပါ။ အခု ထိ..မှတ် မိ နေ သေး တယ်..။ ဆောင်းပါး တပုဒ် ကို.. Anecdote နဲ့..ဘယ်လို ဖွင့် တယ် ဆို တာ ...ဆရာ တင်မောင် သန်း ...အာဘောင် အာရင်းသန်သန် နဲ့..ရှင်း ပြ သွား ခဲ့တာ။

နောက် တော့ လည်း..ခေတ်လူငယ်..ခြေမကျ တကျ တို့..ထုံး စံ အတိုင်း..ဟိုယောင် ယောင်..ဒီ ယောင်ယောင်..ဟိုသင် တန်း..ဒီ သင်တန်း..တွေမှာ..ရောက် နေပြန် ရော။ ကျောင်း ကြီး ကို လည်း..မခွဲ နိုင် တော့..ဘွဲ့လွန် ဒီပလိုမာ ဆို ပြီး..တတ် နေ မိပြန် သေးတယ်။ စိတ် ထင်..တနှစ် လောက် ကြာ မှ ထင် တယ်..။ မမျှော်လင့် ပဲ..ဆရာ တင် မောင် သန်း ဆီ က..ဖုန်း ဆက် လာ တယ်။ အယ်ဒီ တာ ခေါ် ခန့်တာ တော့..လုံးဝ မဖြစ် နိုင် တော့...။ သူပြော တဲ့ စကား တွေက.. အဲဒီ အချိန် မှာ..ကိုယ့် အတွက်..တော် တော် စိမ်း နေ ပါတယ် ။ နိုင်ငံခြား တက္ကသိုလ် တွေ မှာ..ကျောင်းတက် နိုင် မဲ့..အခွင့် အလန်း တွေ ..အများ ကြီး ရှိ တယ်တဲ့။ တခုပဲ..ကိုယ့် ဖက် က.. အဆင့် မှီ မှီ ဖြစ် နေ ရမယ်..( သူ ပြောတဲ့..စကား အတိုင်း..အတိ အကျ ဆို ရင်..you must be qualified တဲ့ )။ အင်္ဂ လိပ် စာ အတွက်.. TOEFL ဖြေ ထား ဖို့ လို မယ် တဲ့။

ဖုန်း လည်း ချ သွား ရော.. ဒီသတင်း စကား ကို..ဘယ်လို အသုံး ချ ရ မှန်း ..ကွဲကွဲ ပြားပြား မသိ နိုင် ပဲ..ခေါင်းထဲမှာ....TOEFL.... TOEFL .. TOEFL ဖြေ ရမယ် လို့ ..မြည် ကျန် ခဲ့တယ်။ သေချာ တာတော့.. လူငယ် တယောက် ပြောပြ ခဲ့ဘူးတဲ့.. ဝေတေ ၀ါးတားတား အိမ် မက် ကလေး တခု ကို.. တခုတ်တရ.. ဖေးမ လမ်း ပြ ပေး ခဲ့ တဲ့..ဆရာ တင် မောင် သန်း ရဲ့ စေတနာ ကိုတော့..အခု ထက် ထိ..အံ့သြ ကျေးဇူးတင် ဆဲ ပါ။

TOEFL ဆို တာ ကြီး ကို..အရင် လုပ် ရမယ် ဆို တော့.. ပြေးပေါ့.. တော်ဝင် လမ်းက.. USIS ( ယခု အခေါ် AC)..။ သွားပေါ့.. ဦးလူနီ လမ်းထဲက.. ဒေါ် ယဉ်ယဉ်နု ရဲ့..ကျူရှင်။ အဲဒီတုန်း က..စာမေးပွဲ ကြေး ကို..ပြည်တွင်း မှာ..သွင်း လို့မရ။ 35 ဒေါ်လာ ဆိုတဲ့ ငွေ ကို..နိုင်ငံခြား မှာ..အလုပ်လုပ် နေတဲ့..သူငယ် ချင်း တယောက် ကို..အကူအညီ တောင်း ပြီး..သွင်းခိုင်း ရ တာက..အစ..ကိုယ့် အတွက် တော့.. TOEFL ဆိုတာ ကြီး က တင်..တော် တော် ကြီး လှ ပြီ။ ကံ ကလည်း..ဆိုးချင် တော့.. စာမေးပွဲ ဖြေ မဲ့နေ့.. USIS ရှေ့ မှာ သွား တန်းစီ စောင့် နေ ပေမဲ့.. ဟိုဖက်က.. မနက် မှ..fax နဲ့ ထိုးပို့တဲ့..ဖြေမဲ့လူ စာရင်း..roster မှာ ကိုယ့် နံမယ် ပါ မလာ လို့.. စောင့်မော ကြီး နဲ့.. ပြန် လာခဲ့ လိုက် တာ လည်း..ခုထက် ထိ..တခါ မှ..ပြန် မဖြေ ဖြစ် တော့ ဘူး။ ထပ် ကံဆိုး ချင် တော့..အဲဒီ စာမေးပွဲ ကြေး ပိုက် ဆံ လေး ပြန် အမ်း ပြီး..စာတိုက် က ပို့လိုက်တာ.. အမေရိကန် က..ထွက် လာ နိုင် ပေမဲ့..ရန်ကုန် ကျ မှ..လမ်း မှား ပြီး..ပျောက်ချင်း မလှ ..ပျောက် သွား ပြန် သေး တယ်။ သင့်ဘ၀ က..ပေးတဲ့ အိမ်မက် တွေ နဲ့လည်း..အဆက်အသွယ် တွေ ပြတ် သွား လိုက် တာ.. ခုထိ ဆို ပါတော့...။

ဒီလို နဲ့.. ဒီပလိုမာလေး ပြီးလို့..အလုပ်တခု ၀င်လုပ် ရင်း..ခေတ် ကွင်း ကြီး ထဲမှာ..ခြေ တက် ..ခြေ ကျ ..ကန် နေ တုန်း ပဲ.. အိမ်မက် တခု..ဗြုန်း ဆို..ရှေ့တဲ့တဲ့ ကို ပြုတ် ကျ လာပြန် ပါရော..။ ကိုယ့်ဖာသာ..သူငယ်ချင်း တွေ နဲ့အတူ .. လျှောက် ထားတဲ့.. ပြည်ပ ဘွဲ့လွန် ကျောင်းဝင် ခွင့် က..မမျှော် လင့် ပဲ.. စကောလားရှစ် နဲ့ အတူ ကျ လာတယ် လေ။ အလုပ် က ပြန် လာတဲ့..မီးမှောင် မှောင်..ညနေ ခင်း တခု မှာ..စာတိုက် က ရောက် လာတဲ့ .. အဲဒီ အကြောင်း ကြားစာ လေး ကို.. ရင်ခုန် စွာ နဲ့..ဖောက်ဖတ် ဖြစ် ခဲ့တယ်။ ဖယောင်း တိုင် မီး ညွန့် ယိမ်း ရာကို..စာရွက် ကလေး..တိုး ရင်း.. သေချာ ရဲ့လား...ဆို ပြီး..စာတလုံး ချင်း တောင် အသံထွက် ဖတ် နေ မိ ခဲ့ တယ်။

ဒုတိယ အကြိမ်.. အဆောင်သူ ဘ၀ ကို ပြန် ရောက် ရင်း.. အိမ် မက် တွေ..တကယ် ဖြစ် လာ ခဲ့တဲ့ အချိန် မှာ..သင့်ဘ၀ က..ပေး ခဲ့တဲ့ အင်အား တွေ ကို..သတိ ရ ရင်း.. အဝေး တနေ ရာက..ကဒ် ကလေး တစောင် ပို့ ခဲ့ ပေမဲ့ လည်း.. ရောက်ခဲ့သလား..လွဲ ခဲ့သလား..မသိ ... ရုံးခန်း လိပ်စာ ကရော..အရင် အတိုင်း မှ..ဟုတ်တော့ ရဲ့လား... ။ ဘ၀ တွေ ကို လမ်း ပြ ဖို့ ကြိုးစား ခဲ့တဲ့ `သင့် ဘ၀´ ကို..တစစီ..တရွက် စီ..စုတ်ဖြဲ ခံ နေခဲ့ ရ တဲ့.. ၁၉၉၈-၉၉ နေ့ရက် တွေ ထဲ မှာ ပဲ.. လွင့် မျော ပျေက်ကွယ် သွား ခဲ့ သ လား။

လမ်းခု လတ် တနေရာ မှာ..ဆရာ..အားပေး လမ်းပြ ဘူးခဲ့ တဲ့...လူငယ် တယောက်..ခုတော့..ဘလော့ ကြီး တခု တောင် ပိုင် ဆိုင် နေ ပြီ ဖြစ် ကြောင်းနဲ့.. ဆရာ့ကို..ကျေးဇူးတင် ကြောင်း..ပြောဖို့ ပျက် ကွက် ခဲ့ ခြင်း ကို..ဒီမှာ ပဲ.. ဖြည့် စွမ်း လိုက် ပါရ စေ..။

အတောင် တွေ..တဖျပ်ဖျပ် နဲ့..အပျံသင် ခဲ့တဲ့.. ငှက် တကောင်ဟာ..ခု လည်း..အပျံသင် ဆဲ ပါ ပဲ ။ ဒါပေမဲ့...အတောင် ခပ် သံ တွေ က တော့..တဘတ် ဘတ် ဖြစ် နေ ပြီ ပေါ့။

( မှတ်ချက်- သင့်ဘ၀ ဦးလေးကြီး ဦးတင်မောင်က.. ဆရာတင်မောင်သန်း ဖခင် မဟုတ်ဘူး လို့.. တယောက် က.. အမှား ပြင်ဆင် ပေး လာပါတယ်။ )


Share/Bookmark