Mogkok Blues

ဧရာဝတီ အင်တာနက် စာမျက်နှာ မှာ ဖတ်လိုက်ရတဲ့...


ဆိုတဲ့ သတင်း လေး ကြောင့်.. ရက်ပေါင်း ၆၀ စာလောက် ကျင်လည် ခဲ့ဖူးတဲ့.. ချစ်စရာ တောင်ပေါ်မြို့လေး ဆီက.. အတွေ့အကြုံလေးတွေကို.. ရေးခဲ့ဖူးတဲ့.. Mogkok Blues ဆိုတဲ့ စာအဟောင်းလေး တပုဒ် ကို ပြန်လည် ဖော်ပြ ပါတယ်။


+++++++++


ခုတလော..မိုးကုတ်မီဒီယာနဲ့ ကိုသားဖြူ အကြောင်း လေး တွေ ဖတ်မိတယ်။ မိုးကုတ် မီဒီယာ.. တကယ်ကို တာဝန်ကျေ ခဲ့ပါတယ်။ သူတို့ ရဲ့ ဓါတ်ပုံ သတင်း လေးတွေ ဆောင်းပါးလေး တွေဟာ တောင်ကွေ့ ပေါင်း ၉၀ ကျော်ကို ပတ်တက်မှ ရောက်နိုင်တဲ့ ဟို တောင်ပေါ် မြို့လေး ကနေပီး တကမ္ဘာလုံးဆီ ကို မြန်မြန်သွက်သွက် ကလေး ရောက်လာခဲ့ တာ။ မိုးထဲရေထဲ လမ်းလျှောက်နေကြတဲ့ မိုးကုတ်မြို့သူ မြို့သားတွေ နဲ့ ရေလျှံတဲ့ သတင်းဓါတ်ပုံလေး တွေကို ကြည့်ပီး သူတို့ရဲ့ ခံစားချက်ကလေးတွေကို နားလည်နေမိတယ်။ အေးချမ်း လှပ တဲ့ တောင်ခိုးတွေ ဝေနေတဲ့ မိုးကုတ်မြို့လေးဆီ ကို ပြန်ရောက် သွား မိပြန်တယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က .. မိုးကုတ်မြို့လေးကို ရောက်ခဲ့ဘူးတယ်။ တကြိမ် ထက်မက.. ၂ ကြိမ် ၂ခါ ၂နှစ်ဆက် ပီး ရောက်ခဲ့ဘူးတာ ။ ရောက်ယုံတင် ဘယ်က မလဲ....။ မိုးကုတ်မြို့ကြီးကို ၀န်းရံထားတဲ့ အမြင့်ဆုံးဆိုတဲ့ လက်ညိုးတောင်ကြီးပေါ် ကနေ ..ဟောဒီလို မိုးကုတ်မြေကို စီးမိုး ကြည့် ခဲ့ဘူးတာ။



အဲဒီ လက်ညိုး ပုံစံ ထိုးထွက်နေတဲ့ ကျောက်ထွတ် ကြီး ပေါ် မှာ ရပ်ပီး ..အား..ငါဘယ်လိုလုပ် ပီးတော့များ ဒီထိပ်ပေါ် ရောက်လာ တာပါလိမ့်လို့ ငေးမော ယစ်မူး ရင်း ..ဝေးကွာ လှတယ်လို့ ထင်ရပေမဲ့ တကယ့် တကယ်မှာ ရင်ချင်းဆက် နေတဲ့ ကောင်းကင်နဲ့ မြေကြီး ကြားက အနားသတ် တောင်တန်းလေး တွေကို မှင်သက် လို့။


ကြည့်ပါဦး။ ဟိုး အောက်မှာ မိုးကုတ်မြို့ လေးက ငြိမ်ငြိမ်သက်သက်။ သူတို့ ဘ၀တွေ တကယ်ရော ငြိမ်သက်နိုင် ကြ လို့လား။

အဲဒီတုံးက ဘူမိဗေဒ ဘွဲ့လွန်ကျောင်းသားတစု ထူးခြားဆန်းကျယ် လှပါတယ်ဆို တဲ့ ရတနာမျိုးစုံရာ မိုးကုတ်မြေရဲ့ ဘူမိအနေ အထားတွေကို လေ့လာ ဖို့ ရောက်လာကြတာပါ။ ကိုယ်ကတော့ ထုံးစံ အတိုင်း မိုးကုတ်မြေ က လူမူစီးပွား အနေအထား တွေကို ပဲ စူးစူးရဲရဲ စိတ်ဝင်စား နေခဲ့ တယ်။ မရောက်ခင်က တော့ ..အင်း..မိုးကုတ်ဆိုတာ ကျောက်သူဌေးတွေ နေတာဆိုတော့ လောဘ ဒေါသ ရန်မီး အဓမ္မတွေ အတော် များ မှာပဲပေါ့။ ကာတွန်းတွေ ရုပ်ရှင်တွေ ထဲကလို မျက်မှန် မဲမဲ ကုတ်အကျီ င်္ ဖားဖား နဲ့ လူကြီးတွေ များမှာပဲ လို့ ထင်ခဲ့မိတာ။ ဘယ်က ပါ့မလဲ။ အသားနီစပ်စပ် လူတွေ မဲကျူတ်ကျုတ်တွေ ၀ါတာတာတွေ အစိမ်းရောင် အကျီ င်္တွေ..အိုး..လူမျိုး ကိုစုံလို့.. အရောင်ကိုစုံလို့ ။



ကိုယ်တို့ ဆရာ က..ရီစရာ ပြောတယ်။
`ဟဲ့ ..မိုးကုတ်မှာလည်း ချဉ်ဖတ် ရောင်း တဲ့သူ ရှိတာပေါ့ ´ တဲ့။ တကယ်လည်း ရတနာမြေ ဆိုတဲ့ မြို့လေးမှာ ဗမာပြည်အရပ်ရပ်က အများ သူငါတွေလို ပဲ ကျပ်တည်းလှ တဲ့ နေ့စဉ် ဘ၀ တွေကို ရင်ဆိုင် ဖြေရှင်းနေ ရတဲ့ မြို့ခံလူထု အများအပြား ရှိနေ တာ ..နဲနဲတော့ အံ့သြစရာ။

ကိုယ်တို့ ကျောင်းသားတွေ တည်းတဲ့ ချမ်းသာကြီး ဘုရား ဇရပ် နဲ့ကပ်လျက် တိုက်က အန်တီ ကတောင်..
`အေး...ခု နောက်ပိုင်း စီးပွားရေး လုပ်လို့ မကောင်းတော့ဘူး..ဟေး..´ လို့ ၀ဲတဲတဲ နဲ့ ညည်းရှာတယ်။ သဘော အင်မတန်ကောင်းတဲ့ အန်တီ တို့ လင်မယားက ကျောင်းသား တွေ ကို အစစအရာရာ ကူညီ.. သူတို့ တိုက်ထဲကိုလည်း ၀င်စေ ထွက်စေ ပဲ။ လှပ ခေတ်မှီ တဲ့ တိုက် နဲ့ ဘုရားစင် ဧည့်ခန်းတွေမှာ အလှဆင် ထားတဲ့ နီလာ အရိုင်းတုံး ပတ္တမြား အရိုင်းတုံးကြီးတွေ ကို ငေးရင်း .. သူတို့ရဲ့ တဦးတည်းသော သား မန္တလေး တက္ကသိုလ်ကျောင်းဆင်း က မိုးကုတ်မှာ အလုပ် လုပ်မကောင်းတော့ လို့ မှိုင်းရှုးမှာ တွင်းသွားတူး နေတယ် ဆိုတော့.. ကိုယ်တွေ အတွက် တော့ အထူး အဆန်း တွေချည်း။

အနီး အပါး က အိမ် တွေ က ကိုယ် တို့ ကို မီးငယ် လို့ ခေါ် တော့ ပထမတော့ အူကြောင်ကြောင်..။ နောက်မှ သူတို့ အရပ်အခေါ် လေးတွေကို သိလာရတယ်။ ယောက်ကျား ကြီး တွေဆို လေးလေး လို့ ခေါ် ကြတယ်။ ပီးတော့ အိမ်တအိမ် က ပြန်ပီ ဆို တံခါးဝ ထိ လိုက်ပို့ပီး
..` ဖြေးဖြေး နော်..´ လို့ ပြောလေ့ရှိတာ အရမ်း ချစ်စရာကောင်းတယ်။ ပြည် မ က.. မုန့်ဟင်းခါး ဆိုင်တွေလို ပဲ .. နေရာတိုင်းမှာ ရနိုင်တဲ့ တို့ဖူးနွေး ..သူတို့ အခေါ် `၀မ်းဒဖူး´ တို့ .. ဆန်စီး တို့ ဆန်ဖွယ် တို့ မှိုပေါင်းတို့.. ကောင်းမှကောင်း.. ကြိုက်မှကြိုက်။

ကျောင်းသားတွေ ရေချိုး ရေ ခပ် အစစ အရာရာ ဒိုင်ခံ အကူညီ ပေးတဲ့ ဇရပ် ရှေ့အိမ် က လေးလေးတူး တို့ မိသားစု လေး ဆို တကယ့် မိုးကုတ်သား တွေ ရဲ့ စရိုက် နဲ့ နေပုံထိုင်ပုံ အတိုင်း ပဲ။ လေးလေးတူး ရော သူ့အကို .. လေးလေး ဇော် ရော အသက် ၅၀ ကျော် လူပျို ကြီးတွေ။ မကျန်းမာ တဲ့ အမေအို ကြီးကို ပြုစု ရင်း မိရိုးဖလာ ကျောက် ထု ပန်းပု လုပ်ငန်း ကို လုပ်ကြတာ။ သူတို့ လက်ရာ တွေက အမေရိကန် နဲ့ ဥရောပ ဈေးကွက် ထိတောင် ပို့ရောင်း ရတယ် ဆိုပဲ။ ပြည်ပ ရောက် ဗမာ ကုန်သည် တချို့ လာ လာယူတယ်ပြော တာပဲ။ ညဖက် ဆို ကိုယ်တို့ ကျောင်းသား တသိုက် လေးလေးတူးတို့ မီးဖိုချောင် ထဲမှာ ဖယောင်း တိုင်လေး တွေ ထွန်းပီး ဘီဘီစီ တို့ ဗွီအိုအေ တို့ နားထောင်ကြ နိုင်ငံရေးတွေ ပြောကြပေါ့ ။ တလ ကြီးတောင် နေရ တာဆိုတော့ ပြည်မက သတင်း တွေကို အဆက် အသွယ် မပြတ် ချင်ဘူးလေ။ ထူးထူး ခြား ခြား မီး လွှတ် တဲ့ နေ့တွေဆို တီဗီလေး ဘာလေး ခဏ တဖြုတ်ကြည့် ကြ။ အရမ်း ခင်စရာကောင်း တဲ့ မိသားစု တွေပါ။ ( မိုးကုတ်မှာ အဲဒီ အချိန်ထိ ပြည်မကလို တရားဝင် လျှပ်စစ် ဓါတ်အား ပေး လိုင်း တွေ မရှိပါ) တခါတော့ လေးလေးတူးက သူ့ အတွေ့အကြုံ တခု ကိုပြောပြတယ်။ မိုးကုတ် မြို့ပြင် တနေရာ မှာ အဖိုး မဖြတ် နိုင်တဲ့ နီလာကြီး တတုံးကို သူကောက်ရ ခဲ့ဘူးတယ်တဲ့။ အရိုင်းတုံး ကို ရ တာမဟုတ်ဘူး နော်။ တကယ့် အပြည့် အစုံ အကွက်ဖော် သွေးပီးသား သိန်းထောင်ပေါင်းများစွာ တန်နိုင်မဲ့ ကျောက်ကြီးတဲ့။ အဲဒါ နဲ့ သူ့မှာ တပတ်လောက် ချိတုံ ချတုံ ဘာလုပ်ရမှန်း မသိ ဖြစ်နေပီး နောက်ဆုံး တော့ ပိုင်ရှင် ကို ပြန်ပေး လိုက်နိင်တယ်တဲ့။ ကိုယ် တို့ တသိုက်က အော်တာပေါ့။
`ဟာ..လေးတူးက ဘာလို့ ပြန်ပေးလိုက်တာ လဲ..´ ဘာပဲ... ညာပဲ ပေါ့။ လေးလေးတူးက ပြုံးပြုံးကြီး နဲ့ ပြောတယ်။ ` အယ်..ငါလဲ လိုချင်တာပေါ့ ကွ..ဒါမင့် ပိုင်ရှင် နေရာ ကတွေးလိုက် တော့ သူ့ခမျာ အတော် နှမြော ရှာ မယ် ဆိုပီး ..မရ ရ အောင် စုံစမ်းပီး လိုက်ပေး လိုက်တာ..´တဲ့။
ကဲ.. အဲဒါ တကယ့် မိုးကုတ်သား စစ်စစ် တွေ။

တကယ်တော့ မိုးကုတ်သူ မိုးကုတ်သား တွေဟာ .. သဘာဝ ကပေး တဲ့ ရတနာ မြေပေါ် မှာ.. အေးအေးချမ်း ချမ်းနေ ထိုင် ကြရင်း .. ရတနာ လုပ်ငန်း ကို သူ့ ကံ ကိုယ့်ကံ အလျောက်.. ပုံသဏ္ဍန် အမျိုး မျိုး .. အတိုင်း အဆ အမျိုးမျိုး နဲ့ ဘိုးစဉ် ဘောင် ဆက် လုပ်ကိုင် စားသောက်ခဲ့ကြ ပုံပါ။ တချို့ လည်း ဂျစ်ကားလောက် နီလာ အိုးကြီး တွေ့သွားလို့ ဆက်သက်လောက် ချမ်းသာ တဲ့ သူဌေးကြီးတွေ။ တချို့လည်း ထမင်းစား ကျောက် လောက် ပဲ ပုံမှန် ထွက် တဲ့ တွင်း လေး တွေ စုစပ် လုပ်ကိုင် ကြသူတွေ။ ကျောက်သွေး ခုံ ထောင်ထား တဲ့ သူတွေ။ ဌါပွဲ မှာ ၀ယ်ရောင်း လုပ်တဲ့ လက် လှည့် ကျောက်ပွဲစား တွေ။ အမျိုးမျိုးပေါ့။ အကုန်လုံး လိုလို ကတော့ ကျောက် အရောင်း အ၀ယ်ကို အနဲ နဲ့ အများ တော့ ယဉ်ပါးသူ တွေချည်းပါပဲ။

ဒါပေမဲ့ သူတို့ တွေရဲ့ စီးပွားရေး တွေ နေ့စဉ် ဘ၀ တွေ ဟာ.. ၁၉၆၂ ခု နှစ် နောက်ပိုင်းက စလို့ တဖြည်းဖြည်း ပြောင်းလဲ လာလိုက်တာ... ၁၉၉၀ နောက်ပိုင်း နှစ်တွေဟာ အသိသာဆုံးပဲလို့ ပြောပြကြတယ်။ ၁၉၆၂ ခုနှစ် ပြည်သူ ပိုင်တွေသိမ်း တော့ တအိမ်တက်ဆင်း လိုက်ရှာ ခံရတာ ဆိုပဲ။ ခုနောက်ပိုင်း ဦးပိုင် လိမိတက် ဆိုတာ ကြီး မိုးကုတ်ကို ရောက် လာ တော့ အခြေ အနေ တွေ ပိုကျပ်တည်း လာတယ် တဲ့။ ကိုယ် တို့ ကျောင်းသားတွေ လေ့လာရတဲ့ နံမည် ကြီး ကျောက် အထွက် ဆုံး တွင်း ကြီး တွေ ဆိုလဲ ဦးပိုင် က ပိုင် တာတွေချည်း ပဲ။ အရင်သတ္တု တွင်း ၀န်ကြီးဌါန လက်အောက်က မြန်မာ့ ကျောက်မျက် ကော်ပိုရေးရှင်း ဆိုတဲ့ ဌါန လည်း အသာ ချောင်ကပ်ပီး မီးစင် ကြည့်က နေတာ ကို မြင်ခဲ့ရတယ်။ ကိုယ်တို့ ကျောင်းသားတွေ က
..` ဟာ ဦး ပိုင် ဆိုတဲ့ အဘိုးကြီး တော့ ..တော်တော်ချမ်းသာ မှာပဲနော်..´ လို့ နောက်ပြောင် ပြော ကြပေမဲ့ ... အဲဒီ ဟာသ က.. မိုးကုတ် မြို့သား တွေ အတွက် တော့ လုံးဝ ရီစရာ မကောင်းခဲ့ ဘူး။

ကိုယ်တို့ လေ့လာ ရတဲ့ အကြီး ဆုံး တွင်းကြီး ဆို... တနေ့ ကို ရတနာမျိုးစုံ ကရက်ချိန် ၂၅၀ လောက် တောင် ထွက်တာတဲ့။ အဲဒါ တနေ့ထဲ တင်နော်။ ကံကောင်းတော့ ကျောင်းသားတွေ ကို အထူးအခွင့် အရေးအ နေ နဲ့ အဲဒီ တွင်း ကြီး ကနေ ရတနာ တွေ အဆင့် ဆင့် ထုတ်လုပ် ပုံ ဈေးကွက် ပို့ပုံ တွေ ကို လေ့လာခဲ့ ရတယ်။ သူ တို့ ရဲ့ အကျိုးတူ အစုစပ် လုပ်ကိုင်ပုံ တွေ ကိုလည်း မျက်စိလည် ခမန်း သိခဲ့ရတယ်။ သဘော ကတော့ ဒေသ တခု လုံး က အထွက်ကောင်း တဲ့ နေရာ မှန်သမျှကို ဦးပိုင် က ဘာအကြောင်းပြချက်မှ ပေးစရာ မလိုပဲ သိမ်းလိုက်တယ်။ ပီးမှ အကွက် တွေ ပြန်ခွဲ ရိုက်ပီး ပုဂ္ဂလိက လုပ်ငန်းရှင် တွေ ကို လေလံ ပြန်ဆွဲတယ်ပေါ့။ ဒါပေမဲ့ အပြတ် ပေးဆွဲ လိုက်တာ လည်း မဟုတ်ပြန်။ အဲဒီ လုပ်ငန်း ရှင် က ငွေ အား လုပ်အား စိုက် တူးပေရော့။ ကြိုက်သလောက်တူး ။ တတောင် လုံးပြိုချင် ပြိုသွားပစေ။ ပီးရင်သာ ထွက်လာ တဲ့ အထဲက ဦးပိုင် ကို ရာခိုင်နှုံး နဲ့ ပြန် ခွဲပေး။ နံမယ်နဲ့ လိုက်အောင်ကို ပိုင်ပါပေတယ်။ ဘာ မှ ကို လုပ်စရာ မလိုဘူး။ အချိန် တန် လိုက်သိမ်းယုံပဲ။ ဒါပေမဲ့ စီမံ ခန့်ခွဲ ဖို့ နဲ့ ..လုပ်ငန်းရှင် တွေ လူလည် မကျ နိုင်ေ အာင် ကြီးကြပ် ဖို့ ကိုတော့ ရိုးရိုး စစ် သည်က စလို့ တပ်ကြပ်..ဗိုလ်မှူး အထိ အဆင့် ဆင့် တာဝန် တော့ ယူရတာပေါ့။

အဲဒီ လုပ်ကွက် ကြီး မှာ.. လုပ်ငန်းရှင် က တရုတ်လူမျိုး ..ဗမာ စကား သိပ် မရေ လည်..အရွယ်လည်း သိပ်မကြီးသေး။ ဒါပေမဲ့ ဘယ်သူ့ ကို ဘယ်လို ကျွေးပေါင်းရမလဲ ဘယ်လို ကိုင်တွယ် ရမလဲဆို တာ ကျွမ်း မှ ကျွမ်း။ ကျောင်းသား တွေ ဆိုလည်း အထိုက် အလျောက်။ ပင်ပေါင် ခုံလောက် ရှိတဲ့ စကာ ကြီး ထဲကို ဗြုံး ခနဲ..ဝေါခနဲ ..ကျလာတဲ့ လတ်လတ် ဆတ်ဆတ် ကျောက်ရောင်စုံ တွေကို ..ကဲ နင်တို့ ရွေးစမ်း ဆို တော့ ကိုယ်တို့ မှာ လက်တွေ တောင် တုံလို့။ သူငယ် ချင်း တယောက် က
..`ဟောဒီမှာ ´လို့ ဇာဂနာ နဲ့ ညှပ် ဖမ်းလိုက်တဲ့ ဇီးစေ့ လောက် ပတ္တမြား ကြီး ကို..၀မ်းသာ အားရ ပြ တော့.. ခပ်တည်တည် နဲ့ ယူကြည့်ပီး.. ` နင် ..ဒီနေ့ ရေချိုးမလာဘူးထင်တယ်´တဲ့။ ကျောက်က အထဲမှာ မစင်လို့ တဲ့လေ။ သူတို့ ဆီမှာ ..အယူလည်း တအား သီးကြတာ။

အဲဒီ လုပ်ကွက် ကြီး က တကယ့် အကျယ်ကြီး။ ပီး တော့ မြို့ထဲ အကွက်အကွင်းနေရာမှာ။ ဘေးကပ် လျက်က မိုးကုတ် ဂေါက်ကွင်း ကြီး ကလဲ လှမလှ။ အဲဒီ ဂေါက်ကွင်းကြီး ကို တောင် တဖြည်း ဖြည်း နဲ့ သိမ်းတော့ မယ်ဆိုလား ( အခု ဆို..ရှိတောင် ရှိသေးလား မသိ)။ ပတ်ပတ်လည် သံဆူးကြိုး တွေခပ်ထား တဲ့ ၀န်းကျယ် ကြီးထဲ မှာ လည်း ..ခုန ပိုင်ရှင် တရုတ်ကြီး ရဲ့ တူသား..တပည့်တပန်းတွေ ..ဦးလေး အကို တွေ အများကြီး တွေ့ခဲ့ရတယ်။ ကျောက်ရွေး တဲ့ နေရာနဲ့ အ၀င် ဂိတ်တွေမှာတော့ စစ်သား တချို့ လက်နက်အပြည့်အစုံ နဲ့ စောင့်ကြပ်နေ ကြတယ်။ အားလုံး ကတော့ ရီရီမော မော လုံးလုံးထွေးထွေး ပုံစံတွေပါပဲ။

အဲ...အဲဒီ လုပ်ကွက် ကအပြန် .. စည်း ရိုး အပြင် အနောက်ဖက် ခပ်ကျကျ တနေရာမှာ တော့..အထဲ ကနေ ဗြုံး ( သဘာဝ အတိုင်းထွက် လာတဲ့ ကျောက် နဲ့ မြေစေး အရော အနှော ) တွေကို အထပ်ထပ် ဆေးကြော ထားတဲ့ ရေ တွေ စီးထွက် လာတဲ့ ရေ နီမြောင်း ကလေး ။







လူတွေ ..လူ တွေ..။ ဆူ ညံလို့...။ တန်း စီလို့..။ တွတ်တိုးလို့... ။ သနပ်ခါး အ ဖွေးသား နဲ့ ကလေး တွေ..မိန်း မတွေ..ကောင်လေး တွေ .. အရွယ်စုံ.. အရောင်စုံ။ အဲဒီ ရေ နီတွေ ထဲ မှာများ အထဲ က တရုတ် ကြီး မိသားစု တွေ အထပ်ထပ် ဇကာ ချ တဲ့ ကြား ထဲက..ကံကောင်း ထောက်မ.. အပေါက် ချော် ပီး ရေ နဲ့ မျော ပါလာ မဲ့ ကျောက် သေး သေး လေး တွေကို .. စိတ် ရှည် လက် ရှည် စောင့်ပီး ကျင် ယူ နေကြ တာလေ။ အမယ် .. သူ ဟာ နဲ့ သူ တော့ အလုပ် ကို ဖြစ် လို့။ ကလေး လေး တယောက် ဆို ..သွား မေးကြည့်တော့. တနေ့ကို ပျှမ်း မျှ အိမ် ဟင်းဖိုး တော့ ရတယ် တဲ့။

နေ့ လည် ၃ နာ ရီလောက် ကျ.. တခါ.. မြို့ထဲ က ..ဦးပိုင် ရုံးကို သွား ကြည့်ခွင့် ရ ပြန်တယ်။ နေ့ တိုင်း နေ့တိုင်း နေ့လည် ၂ နာ ရီ လောက်ဆို တမြို့ လုံးက လုပ်ကွက် တွေက ရသမျှ ကျောက် တွေ ကို သေချာ .. ချိတ်ပိတ် ထုပ် ပိုး ပီး စစ်ကား အစောင့် အရှောက် နဲ့ ..ခု ဦးပိုင် ရုံး ကို လာ ပို့ ကြ ရ တယ် တဲ့။ ကိုယ် တို့ အဖွဲ့ တွေ ရောက်သွားတော့ .. လုံလုံ ခြုံ ခြုံ အခန်း တခု ရဲ့ အလယ်.. စားပွဲ အကြီး ကြီး တခု ပေါ် မှာ ..အထုပ် တွေ..အထုပ်တွေ...။ မိုးကုတ် မြို့ က ထွက် တဲ့ တနေ့စာ ရတနာ တွေလေ။ အဲဒီ စားပွဲ ကြီး ကို ၀ိုင်း ထိုင် နေတဲ့ လူ ကြီး လေး ငါး ခြောက် ယောက် က.. စာ ရွက် ကြီး တရွက် ပေါ် မှာ မှတ် တဲ့သူ က မှတ်။ တချို့ အထုပ် တွေကို ဖြည် တဲ့ သူ က ဖြည်ပေါ့။ လုပ်ကွက် တခု ချင်းက လာ တဲ့ ကျောက်တွေကို စာရင်း ဇယားနဲ့ အရေ အတွက် ကိုက် မကိုက် စစ်ဆေး ကြ တယ် ထင်တာပဲ။ ဘေး က ..လိုက်ရှင်း ပြတဲ့ လူ ကြီး ကပြော တာတော့.. အဲဒီ အဖွဲ့မှာ ..မြို့မိမြို့ဖ ထဲက တချို့ရယ်.. မြန်မာ့ ကျောက်မျက် ကော်ပိုရေး ရှင်း က ..တာဝန် ရှိသူ ရယ်... ဦးပိုင် က တာဝန် ကျ ဗိုလ်မှုးရယ် ..ရာဖြတ် တချို့ ရယ် ..အဲလို..အဲလို.. ဖွဲ့ ပီး စစ်ဆေး လက်ခံ တာလို့ ရှင်းပြတယ်။ ကိုယ် တို့ တွေက တော့ ခပ်လှမ်း လှမ်း ကပဲ..ကဲ ကြည့်ရတာပါ။ ပီး တော့မှ.. အား လုံး ရဲ့ ရှေ့မှာ အာမခံ သေတ္တာ ထဲ ထည့်.. တပတ် တခါ ဆိုလား.. ချာတာ လေ ယဉ်နဲ့ ရန်ကုန် ကို တန်းပို့ ရ တာတဲ့။

အဲဒီတော့ သဘော ကတော့..မိုးကုတ် မြို့ ကထွက် တဲ့ ကျောက်မျက် ရတနာ တွေဟာ မိုးကုတ်မြို့သား တွေအတွက် .. မျက်စိနဲ့ မြင် ရဖို့ နေနေသာသာ အနံ့ တောင် ခံချိန် မရ ပဲ.. မြန်မာ့ နှစ် လည် ကျောက်မျက် အရောင်းခန်းမ ထဲကို ရောက်သွား တာပါ။ ဆိုက်ဆိုက် မြိုက်မြိုက် အဖိတ်အ စင် ..အကြွင်း အကျန် မရှိပဲ ..ရောက်သွားလို့.. နိုင်ငံ ဘဏ္ဍာ တွေ တိုးတယ် ဆိုရင် ပဲ..ကျေနပ် ရမှာပေါ့။ မိုးကုတ် မြို့ က တချို့ ကုန်သည် တွေကတော့ ရောင်းဖို့ဝယ်ဖို့ ကျောက် ကို ရန် ကုန်ပြန် ဆင်း ၀ယ်ရ ကြပါ သတဲ့။ တချို့ လဲ.. ဝေးဝေး လံ လံ မသွားနိုင် ရင်..ခိုးတွင်း တွေက ထွက် တဲ့.. တချို့ တွင်း ကြီး တွေက လျှော ထွက်လာတဲ့ မှောင် ခို ကျောက်ကလေး တွေကိုပဲ.. ရ သလောက် ရောင်းကျ ၀ယ်ကျပေါ့။ ခိုး တွင်း ဆိုတာ တကယ်တော့ .. မတရား အမြတ်ထုပ် မခံနိုင်တဲ့ မိုးကုတ်သား တချို့က..မထင်မရှား နေရာတွေ မှာပဲ ဖြစ်ဖြစ်.. လိုင်စင် ရ တွင်းတွေ နဲ့ မသိမသာ ရောနှောပီး တော့ပဲ ဖြစ် ဖြစ်.. တရားမ၀င် ခိုးလုပ် ကြ တာပါ။

အလွှာ အစုံစုံ က မိုးကုတ်မြို့ ခံ တွေက တော့ သူတို့ မြို့လေး ကို ရောက်လာတဲ့ အနယ်နယ် အရပ် ရပ် က လူစိမ်း လူကျက် ..မှန် သမျှကို သင့်တင့်လျှောက်ပတ် အောင် ကြည့် ကျက်ပေါင်းရင်း .. တော်လှန်ရေး တေး သီချင်း တွေကို တိုးတိုးတမျိုး ကျယ်ကျယ် တမျိုး သီဆို နေ တတ်ကြတယ်။ အံ့သြစရာ ကောင်း တာက.. မိုးကုတ် မြို့ က အိမ်တိုင်း လိုလို မှာ .. ဆင်းရဲချမ်းသာ မရွေး ဒေါ်စု ဓါတ်ပုံ တွေ ချိတ်ဆွဲ ထား ကြတာပဲ။ ဒေါ် စု ရဲ့ နယ် လှည့် စည်း ရုံးရေး ခရီး စဉ် တိုင်းလိုလို မှာ.. မန္တလေး မတ္တရာ စဉ့်ကိုင် တို့ကို ကျော်ပီး မိုးကုတ် မှာ ..ထူးထူးခြားခြား သောင်းသောင်းဖျ ဖျ ရှိလွန်းတာကို သတိထား မိနေတယ် ။ တောင်ပေါ် မြို့လေးမှာ အေးအေးချမ်းချမ်း နေထိုင်ရင်း ရောင်းရေးဝယ် တာတွေ နဲ့ ချည်း နစ်မွန်းမနေပဲ နိုင်ငံရေး အသိအမြင် နိုးကြား လွန်း တာက တော့ ..အင်မတန် စိတ် ၀င်စားဖို့လည်းကောင်း.. ချီး ကျူးဖို့လည်း ကောင်းလှပါတယ်။

ချမ်းသာ လွန်း လို့ အနိုင်ယူ အပိုင် သွင်း ချင် သူ တွေ ၀ိုင်းနေ တဲ့ မိန်းမ တယောက်လိုပဲ သူ့ရဲ့ ပြည့်စုံ ကြွယ်ဝ လွန်းတဲ့ ဂုဏ်သတင်း ကြောင့် ခေတ်အဆက် ဆက် ..ပိုင်းလုံး ကျ ခံရတာတွေ အနိုင်ကျင့် ခံခဲ့ ရ တာတွေက .. စိတ်မကောင်း စရာ။

မိုးကုတ် မြို့ အ၀င် က သမိုင်း ၀င် ဒေါ် နန်း ကြည့်တေင် နဲ့ ပတ္တမြား ငမောက်ရဲ့ သမိုင်းကိုပဲ ကြည့်လေ..။ သူ့ဖာသူ တောင်ယာခုတ် နေတဲ့ ငမောက် ခမျာ သူ့ခြံထဲမှာ တွေ့တဲ့ ပတ္တမြား ကြီး ကို တ၀က် ခြမ်းပီး ရောင်းလဲရောင်း ရေမြေ့ရှင် ကိုလည်း ဆက်သ ပါရဲ့ နဲ့.. အကုန် မပေး ရ ကောင်း လား ဆိုပီး ရွှေစဉ် မျိုး ဆက် မီး တင် ရှို့ လို့ အမ လုပ်တဲ့ ဒေါ် နန်း ခမျာ လွတ် အောင် ပြေး ရင်း မိုးကုတ် အ၀င်က ..တောင် ကြီး ပေါ် ကနေ.. ဟိုး မင်း နေပြည်က မောင် လုပ်သူနဲ့ မိသားတစု ကွပ်မျက် ခံရ တာကို လှမ်း မျှော်ရင်း ရင်ကွဲ နာ ကျ ခဲ့ရ သတဲ့။ ရေ မြေ့ရှင် တို့များ.. စိတ်ကြီး ပုံ ကတော့။

ငယ်ငယ်တုံး က ပထ၀ီမှာ ဗမာပြည် မြေပုံ ဆွဲ ရတိုင်း.. ရှမ်းပြည်နယ် လိုင်း ကိုဆွဲ ရင်.. ဒီနေရာ လေး က ဘာလို့ အချိုင့် ခွက် လေး ဖြစ် နေပါလိမ့် လို့ တွေး ခဲ့ရတာ။ အော်.. မိုးကုတ် မြေရယ်.. မင်း ကို ဘယ်သူ ပိုင် လဲ တော့ မသိ.. ရွှေစွန် ညို တွေ လင်းတ တွေ က တော့ တ၀ဲ လည် လည်။ မင်း ရဲ့ ကိုယ် ခန္တာပေါ် မှာ လည်း ဒဏ်ရာ တွေက ပြည့် လို့.. အနာ အဟောင်းတွေ ကလည်း မကျက် နိုင်..။ အနာ အသစ် တွေကလည်း ဟော တခု ..ဟော တခု။ ဟောဒီ မှာ ကြည့် ပါဦး ... အနာ ပေါက် ကြီး တွေက ဟောင်းလောင်း ။










နာ ကျဉ် စွာ ငို ညည်း နေတဲ့ မင်း ရဲ့အ သံ တွေ ကို လည်း ကြားမှ ကြားကြရဲ့ လား။ မင်းကို ချစ် တဲ့ မြို့သူ မြို့သား တချို့ ကတော့ .. မင်းနဲ့ အတူ တူ .. ခပ်သဲ့ သဲ့ ရှိုက် လို့။
` ဖြည်း ဖြည်း နော်..´ လို့ဘယ်လောက်ပဲ ပြောပြော .. ဘယ်သူ မှ မကြားနိုင် ကြ ပါလား နော်။


( ကွန်မန့် အဟောင်းတွေ ကို..ပို့စ် အဟောင်း လင့် မှာ ဖတ်နိုင်ပါတယ်)


Share/Bookmark

လမ်းဘေးက..အီရန် လှုပ်ရှားမူ

ပြီး တဲ့ အပတ်က..တူအရီး နှစ်ယောက် ဈေးလယ် ( ဈေးဝယ် မဟုတ်) ထွက်ရင်း.. ပါ့သ် မြို့လယ်ခေါင် ရှော့ပင်း စင်တာ ကြီးတွေ ကြားမှာ..လူတွေ စုစု .. အသံတွေ စိုးစီ.. မြင်ရ ကြားရ တာနဲ့.. အပြေး သွား စပ်စု လိုက်တယ်။
အစိမ်းရောင် ခေါင်းစည်း တွေ မြင်တာနဲ့..ဒါ..နိုင်ငံရေး ပွဲ တခုခုပဲ ဆိုပြီး..ကပ်သွား မိတော့..သူတို့က..သိမ်းတောင် နေပါပြီ..။ အီရန် ကျောင်းသား လှုပ်ရှားမူ အတွက်..အင်အားပြ ပွဲ တရပ် ဖြစ်နေတယ်..။ အဲဒါ နဲ့..ဟို ကြည့် ဒီကြည့်.. ဟိုရိုက်..ဒီရိုက်..



ပွဲသိမ်း နဲ့ တိုးနေ လို့..အားမရ တာ နဲ့.. အနားက..လူကြီး ကို.. လက်မှတ်ထိုး စာအုပ် မရှိဘူးလား လို့..မေးတော့မှ.. သြော..ဘယ်နိုင်ငံ ကလဲ ဆိုပြီး..သိမ်းလိုက် ပြီ ဖြစ်တဲ့..စာအုပ် တအုပ် ပြန်တင် ပေးတယ်။ ဘောပင် တောင် မနဲ လိုက်ရှာ လိုက် ရသေးတယ်။ ဘာရမလဲ.. တခုခု တော့.. တို့ရမှ.. ဘလော့ဂါ လေ..အကျင့် က..ပါ နေပြီ..။



လမ်းဘေးက.. နိုင်ငံရေး လှုပ်ရှားမူ ပွဲ လေး ဆိုတော့လည်း..အားလုံးကို ကြည့်ရတာ.. ပေါ့ပေါ့ ပါးပါး ပါပဲ... ။ အစိမ်းရောင် လှုပ်ရှားမူ ကြီးထဲမှာ.. အသက်ပေး ခဲ့ ကြတဲ့.. လူတွေ ရယ်..လှလှ ပပ ကျဆုံးရင်း..မီဒီယာ တွေ မှာ..လူသိများ ခဲ့တဲ့....တက္ကသိုလ် ကျောင်းသူ မ လှလှ လေး ကို မြင်ယောင် ရင်း.. သက်တန့် ရောင်စုံ တော်လှန်ရေး တွေ..ဘယ်လောက် တောင် အရောင်စုံ ခဲ့ ပြီ လဲ... လို့....


အတွေး တွေ နဲ့.. ပြန်လျှောက် လာတော့..ခပ်လှမ်းလှမ်း မှာ.. ထိုင်စောင့် ကျန် ခဲ့တဲ့..တူမ ကို.. အဲဒါ..ဘာညာ ..ဘာညာ ပေါ့ လို့ ရှင်းပြ ရင်း...အီရန် အစိမ်းရောင် လှုပ်ရှားမူ အကြောင်း သိသလား လို့.. မေးတော့..အင်း.. အဲဒီ တိုင်းပြည်က..သမ္မတကြီး ရုပ်ကို ကြက်သရေ မရှိ လို့..မှတ်တော့ မှတ် မိတယ်.. သေချာ တော့ မသိဘူး တဲ့..။

အင်း....အဲလောက် ဆို လည်း..မဆိုးပါဘူးလေ.. သူပြောခါ မှပဲ.. ကြက်သရေ မရှိတဲ့.. သမ္မတတွေ..၀န်ကြီးတွေ..ခေါင်းဆောင်ဆိုသူ တွေ ကို.. တန်းစီ ပြီး..မြင်ယောင် လာလိုက်တာ..



Share/Bookmark

မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်....

“ ပြည်သူ မပိုင်သော ပြည်သူပိုင် နှင့် ပုဂ္ဂိုလ်ကြီး များ ပိုင်သော ပုဂ္ဂလိက ပိုင်” ဆို သော စာ အတွက်.. ပေးပို့လာသော ဆောင်းပါး တပုဒ်ပါ။
-
++++++++++++
-
ခုတလော အားလုံး စိတ်ဝင်စား နေကြတဲ့.. ပုဂ္ဂလိက ပိုင်ပြုခြင်း ဆိုတဲ့.. အကြောင်း အရာ အောက်မှာ.. စိုက်ပျိုးရေး နိုင်ငံ တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ အတွက် သိပ်ကို အရေး ကြီး တဲ့.. မေးခွန်း တချို့ကို တွေးတော ကြည့် ကြ စေခြင်ပါတယ်။
-
``ပုဂ္ဂလိကပိုင် ပြောင်းလဲရေးမှာ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ကိုရော ဘယ်လို သဘောထား မှာလဲ´´

“ ဒီနေ့ ခေတ်မှာ..လယ်ယာ ပိုင်ဆိုင် စိုက်ပျိုးရေးက..ပုဂ္ဂလိက ပိုင် လား..ပြည်သူပိုင်လား..”

-

+++++

၁၉၅၃-ခုနှစ်က လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ ဆိုတာ ပြဌာန်းပြီး အခုထိ မရုပ်သိမ်း သေးပါဘူး။၁၉၄၇-ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ “ နိုင်ငံတော်သည် မြေယာအားလုံးဧ။် ပင်ရင်းပိုင်ရှင် ဖြစ်သည်” .. ဆိုတဲ့.. မူကို အခြေခံပြီး ပြဌာန်း ခဲ့တဲ့ သဘောပါ ဘဲ။ ဒါကြောင့် လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိဘူး။ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ဘဲ ရှိတယ်။ ဒါပေမဲ့ ပုပ္ပါးတောင် တ၀ိုက် မှာ လက်ဖက် စိုက်ပျိုး ဖို့ ထူးကုပ္မဏီ က တောတွေ ရှင်းနေတယ် လို့ ကြားရတယ်..။ ဟူးကောင်း တောင်ကြား ဒေသမှာ စိုက်ပျိုးရေး (ဘာတွေ စိုက်မယ်တော့မသိ) လုပ်ဖို့ ယုဇနကုမ္ပဏီ က.. တောတွေ ရှင်း နေတယ်တဲ့။ ဘီလင်းနယ် အကျဉ်း ဦးစီး ရဲဘက် စခန်းက စိုက်ပျိုးထားတဲ့ ရော်ဘာခြံ တွေကို ပုဂ္ဂလိက ရောင်းလိုက် တယ်တဲ့။ ရန်ကုန်တိုင်း နဲ့ ဧရာဝတီ တိုင်းက ရေနက်ကွင်း တွေကို ပုဂ္ဂလိက ကို ရောင်းလိုက် တယ်တဲ့။ စသဖြင့်......

အဲဒီလို ဟာတွေ ကရော လယ်ပိုင်ခွင့် မဟုတ်ပဲ လယ်လုပ်ပိုင်ခွင့် ပဲလား ။ မထင် ပါပေ...။ အဲဒီလို ရာချီ ထောင်ချီတဲ့ လယ်မြေ ဧက တွေကို တော့ လက်လွတ် စပယ် လုပ်ကြမှာ မဟုတ် တန်ရာ..။မြေစာရင်းနဲ့ ညှိပြီး(ပေါင်းပြီး) အမည်ပေါက် ဦးပိုင်တွေ လုပ်ကြမှာပါ။ ကျေးရွာ မြေယာ ကော်မတီတွေ အနား ကပ်ရမှာ တောင် မဟုတ်။ ဖုတ် လေတဲ့ ငပိ ရှိတယ် လို့ေ တာင် ထင်ပါ့မလား။ ခုတလော သတင်း တွေထဲမှာ ကြား နေရတဲ့ အောင်လံက တောင်သူ လယ်သမား တွေနဲ့ သကြားစက် ဖြစ်တဲ့ ပြသနာမှာ တောင်သူ လယ်သမား လေးတွေ မှာသာ အထောက် အထား မရှိတာ ... အထက်က “ ပုဂ္ဂိုလ်ကြီး” တွေ ကိုတော့ မြေစာရင်း ဌာနက အထောက် အထားတွေ လုပ်ပေး ထားတယ်တဲ့...။ အရင် တလောက ဆန် Expot ကို ကိုယ်တိုင် လယ်ယာ လုပ်ကိုင် သူများ သာ ပို့ခွင့် ၇မယ် ဆိုတော့ ဆန်ကုန်သည် Expoter ကုပ္မဏီကြီး တွေ က ၊ လယ်မြေတွေ အလုအယက် ၀ယ်... လယ်သမား လေးတွေနဲ့ အကျိုးတူ လုပ်ကိုင် ကြမယ် ဆိုပြီး အကျိုးတူစာချုပ်တွေ ချုပ်... ချုပ်လဲ ပြီးရော လူတွေကို ဟိုး အဝေး လူမနေတဲ့ နေရာ တွေကို ပို့.... ၊ဘုန်းကြီးကျောင်း တွေတောင် ပါ သွား သေး တယ်။ ရန်ကုန်တိုင်း ဥက္ကလာ လို နေရာမျိုး မှာတောင် ဒီ အဖြစ်မျိုး တွေ ကြားလိုက် ရသေး တယ်။

ဒါတွေကို ကြည့်တော့ လယ်ယာ ပိုင်ဆိုင်မှုဟာ ပုဂ္ဂလိက ပိုင်လား။ နိုင်ငံတော် ပိုင်လား။ ပုဂ္ဂလိက ပိုင် ဆိုရင်ရော.. လယ်တတုံး လုပ် ... နွားတရှဉ်းလုပ်... တအိမ်ထောင် တနိုင်တပိုင် ... လယ်(၁၀)ဧက လောက် ပိုင် တဲ့.. လယ်သမား လေးတွေရဲ့.. ပုဂ္ဂလိက ပိုင်လား...။ ဧရာမ ပုဂ္ဂိုကြီး တွေရဲ့ ပုဂ္ဂလိက ပိုင်လား..။ အဲဒီ ပုဂ္ဂိုလ်ကြီးတွေ အတွက်.. ပုပ္ပါးတောင် တ၀ိုက်မှာ..လက်ဖက်..စိုက်ချင် စိုက်...ဘိန်း စိုက်ချင် စိုက်.. ကြိုက်တာ စိုက်လို့ ရတယ်... နွားတရှဉ်း လောက်နဲ့ လုပ်တဲ့ လယ်သမား ငအေး ကတော့ သူ့ လယ်ထဲမှာ တောင် သူ စိုက်ချင်တဲ့ သီးနှံ စိုက်ချင် လို့ မရဘူး။ စပါး စိုက်ဆို စပါး ပဲ..စိုက်... ဆည်ရေ ရောက်တဲ့ နေရာမှာ နွေစပါး မစိုက် ချင် လို့ မရဘူး.. တွက်ခြေ ကိုက်ကိုက်- မ ကိုက်ကိုက်--စိုက်ပဲ...။ မစိုက် ချင် ရင်.. မြေယာ ကော်မတီနဲ့ တွေ့သွားမယ်.. အာဏာကြီးတဲ့ မြေယာကော်မတီ က ဒေသခံ စစ်တပ်ကို အကြောင်း ကြားလိုက်ရင် လယ်လုပ် ပိုင်ခွင့်ကို စစ်တပ်က ၀င် ယူ လိုက်တော့ လယ်လုပ်ခွင့် တောင် ဆုံးရှုံး ရသူတွေ ဒု နဲ့ ဒေးပါ။ စိုက်ပျိုး ပါပြီ တဲ့..ရေလိုချိန် ရေလွှတ် အောင်.. ရေမလိုချိန် ရေတွေ တရဟော လွှတ်မချ အောင်.. ဆည်က ရေတံခါးစောင့်နတ် ကို ရေလောင်းပြီး ပူဇော် ရပါ သေး တယ်။ ဒီတော့ လယ်ပိုင်ခွင့် ကို ထားဦး ... လယ်လုပ်ပိုင်ခွင့် .. စိုက်ပျိုးပိုင်ခွင့် ... မှာတောင် ပုဂ္ဂလိက အခွင့်အရေး ကို ညီတူ ညီမျှ ရပါ သလား.. ။ နောင် ရော.. ရမှာလား... ဘယ်ပုဂ္ဂလိက က အခွင့်ထူး ရပြီး ဘယ်ပုဂ္ဂလိက က ကြွေးတင်ကျွန်ဖြစ် ဖြစ်နေ မလဲ...။ ပြီးတော့.. ဒါက ဒီအတိုင်း မနေသေး ဘူး..ရှေ့တမျှော် လောက် လှမ်းကြည့်... ဒါမှ မဟုတ် လယ်ယာ သမိုင်း နောက်ကြောင်း ပြန်ကြည့် လိုက်ရင်...သိပ်မဝေး သေး ပါဘူး.. အနှစ်၇၀ -၈၀လောက်.....။

+++++


၁၉၄၀-ခုနှစ်မတိုင်ခင် ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ခင် ဆိုပါတော့။

မြေယာနဲ့ ပတ်သက်လို့ ..အထက် မြန်မာ နိုင်ငံမှာ ဆိုရင်..

  • ဘုရင်နှင့် ဆိုင်ရာ အရာတော်မြေ
  • မင်းမှုထမ်း နှင့် ဆိုင်ရာ အရာတော်မြေ
  • ဘိုးဘ ပိုင်မြေ
  • ၀တ္တကံမြေ

အောက် မြန်မာ နိုင်ငံ မှာတော့ အင်္ဂလိပ်က တီထွင်တဲ့ -----

  • စကွာတာမြေ
  • ပတ္တာမြေ
  • မြေငှား
  • ဂရန်မြေ
  • ကိုလိုနီမြေ ...လို့ အမျိုးမျိုးရှိတယ်။

အထက်မြန်မာနိုင်ငံ က .. ဆိုင်ရာ ဆိုင်ရာ မြေယာ ပိုင်ဆိုင်ခွင့် ရှိတယ်။ ဘိုးဘပိုင်မြေ ဆိုရင်.. အဘ-သား-မြေး- သုံးဆက် ဆက်လုပ်ရင် ဖြစ်စေ ... ၁၂နှစ် ကနေ ၁၅နှစ် လုပ်ရင် ဖြစ်စေ ပိုင်ဆိုင်ခွင့် ရှိတယ်။ အောက်မြန်မာနိုင်ငံ မှာလည်း .. အစထဲက နှစ်ကာလ အပိုင်းအခြား နဲ့ ဂရံ ခံခဲ့တာ ဖြစ်စေ.. ၁၂နှစ် ကနေ ၁၅နှစ် အထိ အဆက်မပြတ် အခွန် ပေးဆောင်လို့ ဖြစ်စေ.. ပိုင်ဆိုင်ခွင့် ရှိတယ်။ တခုနဲ့ တခု ကွဲလွဲချက် နဲနဲစီ ရှိကြပေမဲ့ ၀တ္တကံမြေ က လွဲရင် ၊ ကျန်တဲ့ မြေတွေဟာ ယေဘုယျ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ရှိတဲ့ မြေတွေပေါ့။ ရောင်းချခွင့်၊ ပေါင်နှံခွင့် ၊ လွှဲပြောင်းခွင့်၊ အမွေ ဆက်ခံခွင့် တွေရှိ တယ်။လယ်လုပ် စရိတ်ငွေ လိုအပ် ချက်တွေ.. လှူချင် တန်းချင် တာတွေ အတွက် ချေးငှားတယ်... ပေါင်နှံတယ်.. ရောင်းချတယ်။ ငွေတတ်နိုင်သူတွေ က မြေ ဧက ရာထောင် ချီပြီး ဂရံခံ ငှားကြတယ်။ နောက် တော့.. ငွေတိုး ချေးစားတဲ့ ချစ်တီး တွေ ရောက် လာတယ်။ ကြွေး မကြေရင် မြေသိမ်း တယ်။ ဒီလိုနဲ့ နွားတရှဉ်း နှစ်ရှဉ်း နဲ့ ကိုယ့်လယ် ကို တနိုင် တပိုင် လုပ်စားတဲ့ လူတွေဟာ လယ်ပိုင်တာ နဲလာတယ်.။ ကိုယ်ပိုင် လယ်မလုပ်ဘဲ လယ်ယာ ပိုင်တဲ့ သူတွေ တဖြည်းဖြည်း များလာတယ်။ ဒီတော့ သီးစားခ ယူပြီး လယ်ထောက်ခ ချတယ် ဆိုတဲ့ အငှား ချစား တာတွေ ရှိလာတယ်။ လယ်ပိုင်ရှင်ရယ် .. လယ်သီးစားရယ်.. လယ်ကူလီရယ် လို့ ရှိလာပြီး သီးစားခ ရယ် လို့လည်း ပေါ်လာတယ်။ မြေပိုင်ရှင်စနစ်ပေါ့...။

အိန္ဒိယ နဲ့.. မြန်မာ လူဝင်မှု စနစ် ကလဲ မရှိ ခဲ့ တော့... လယ်စိုက် ဧရိယာ တိုးချဲ့ ချင် တာကြောင့်.. သင်္ဘောခ တောင်.. မယူဘဲ ကုလား တွေ ခေါ်သွင်း လာခဲ့တယ်။ ပင်လယ် နဲ့ နီးတဲ့ အောက် မြန်မာနိုင်ငံ မှာ ငွေတိုး ချေးစား တဲ့ ချစ်တီး နဲ့ ကုလား လယ်ကူလီ တွေ အရမ်း ဖြစ်လာ တယ်။ ချစ်တီး က ငွေတိုး ချေး ယုံတင်မက.. အကြွေး မရရင်.. မြေ သိမ်းပြီး သီးစား ချစားတဲ့ လယ်ရှင် ဖြစ်လာ တယ်။ သူတို့ ပြည်က ပါလာတဲ့ ကုလား လယ်သမား တွေက လည်း.. ကုလား လယ်သီးစား တွေ ဖြစ်လာတယ်။

ဘယ်လောက် ထိလဲ ဆိုတော့ ... ၁၉၄၀- ခုနှစ်တ၀ိုက် .. ဒုတိယ ကမ္ဘာစစ် မဖြစ်ခင်မှာ မြန်မာ တပြည်လုံး (အထူးသဖြင့် အောက် မြန်မာပြည်) မှာ စိုက်ပျိုး မြေ ဧရိယာ ဧကပေါင်း ၁၉၁၄၉၁၀၀ (၁၉သန်း) အနက် ကိုယ်တိုင် လယ်လုပ် သူ ပိုင်တဲ့ မြေဧက ၁၂၇၉၀၄၉၇ (၁၂သန်းကျော်) ရာခိုင်နှုန်း အားဖြင့် ၆၆.၈ရာနှုန်း ဖြစ်ပြီး လယ်မလုပ်သူ (လယ်ပိုင်ရှင်) ပိုင်တဲ့ လယ်က ၆၃၅၀၆၀၃ဧက (၃၃.၂ ရာခိုင်နှုန်း) ထိ ဖြစ်လာ တယ်။ ချစ်တီး ပိုင် လယ်က ဧက ၃၁၇၅၃၀၂ (၃ သန်းကျော်) ဆိုတော့ ၁၆.၆ ရာခိုင်နှုန်း လောက်ပေါ့။

ကိန်း ဂဏန်း တွေ ခဏထားဦး...

ဆိုချင်တာက .. တပြည်လုံး... လယ်ဧက ၁၀၀ ရှိရင် ကိုယ့် လယ်ကို လုပ်သူ ပိုင်တဲ့ လယ် က ၆၇ ဧက ရှိမယ်။ လယ် မလုပ်ဘဲ လယ်ပိုင် နေသူရဲ့ လယ်က ၃၃ ဧကရှိနေမယ်။ “ မလုပ်ပဲ.. ပုတ်ထဲ .. ကြွယ်တဲ့ သူတွေ” များတဲ့ ခေတ်ပေါ့။

ပုဂ္ဂလိက ပိုင်တာ တော့ ပိုင် တာပါဘဲ.. ပုဂ္ဂလိက သေးသေး တွေ က.. နည်း နည်း ပိုင်ပြီး .. ပုဂ္ဂလိက ကြီးကြီး ဧရာမကြီး တွေက.. တဖြည်းဖြည်း လယ်တွေ ပိုပို ပိုင် လာတဲ့ သဘော ဖြစ် လာတယ်။

အပေါ် မှာ ပြောခဲ့ တဲ့..ပုပ္ပါးက လယ်ပိုင်ရှင် ကြီး တွေ .. ဟူးကောင်း တောင်ကြားက.. မြေပိုင်ရှင် ကြီးတွေ .. ဘီးလင်းနယ်က..ရော်ဘာခြံ ပိုင်ရှင်ကြီး တွေ... ဥက္ကလာက ဖက်စပ် မြေပိုင်ရှင် ကြီးတွေ မျိုးပေါ့။ ကြောက်ဖို့ မကောင်း ပေ ဘူးလား ..။

အခု တော့မသိဘူး... အရင် ခေတ်က လူတွေ ကတော့ (တိုင်းရင်းသား ပုဂ္ဂလိက မြေပိုင်ရှင် ပိစိ ကလေး တွေက) ကြောက် ကြပါတယ်။ အဲဒါ ကြောင့်... အဲဒီ ခေတ်က..ပါလီမန် မှာဆူကြ ပွက်ကြနဲ့ နောက်ဆုံးတော့ ၁၉၃၈-ခုနှစ် မြေလွှဲပြောင်းရေးဥပဒေ (LAND ALIENATION ACT 1938)ကိုအတည်ပြုလိုက်ကြရပါတယ်။အဲဒါဟာ..လူမျိုးခြား အင်္ဂလိပ်အစိုးရလက်ထက် မှာပါ...ခုနေများတော့ ဘယ်ပါလီမန်သွားပြီး ဆူရပွက်ရ ပါ့မလဲ။၂၀၀၈ ဖွဲ့ စည်းပုံ ရဲ့ ပါလီမန် မှာတော့.. အဲဒီ လို ..သွား ဆူပွက် ရင်.. ဘယ်လို နေပါ့ မလည်း..။

အဲဒီ ၁၉၃၈ ဥပဒေ ရဲ့ အဓိက အချက် ကတော့.. “ လယ်ယာမြေ များ ကို တောင်သူ လယ်သမား မဟုတ်သူများ လက်သို့ လွှဲပြောင်း ပေးခြင်း မပြုရ” ဆို တာပါပဲ။ ဒါ တောင် ချွင်းချက် ကတော့ ရှိ နေခဲ့ သေးတယ်။ “ သိုရာတွင် ငွေချေးစား သူများ နှင့် လယ် မလုပ် သူများ သည် လယ်မြေ များ ကို ယာယီ ၁၅ နှစ် လက်ဝယ် ထားရှိ ခွင့် ရှိ သည်..” တဲ့။

ဒါပေမဲ့.. အခြေ အနေ တွေ ..ပိုကောင်း မလာ ပဲ..လက်တွေ့ မှာ..ငွေ အရင်း အနှီး လို တဲ့ လယ်သမား တွေ မှာသာ.. ပိုမို ကြပ်တည်း လာပုံ ရတာကြောင့်.. ၁၉၄၁ ခုနှစ်မှာတော့.. နောက် ထပ် ဥပဒေ တခု ထပ် ချမှတ် ရပြန် ပါတယ်။

“ လယ်ယာမြေ ၀ယ်ခြမ်း ရေး ဥပဒေ ( LAND PURCHASE BILL) ” ပါ။

ဥပဒေ ရဲ့ အဓိက အချက် ကတော့.. ချစ်တိး နဲ့ မြေပိုင်ရှင် များ လက် သို့ ရောက် ရှိ နေတဲ့..လယ်မြေ များကို အစိုးရ က.. ငွေစိုက် ပြီး ပြန်ဝယ်ပေး ဖို့ဖြစ်ပြီး.. လယ်လုပ်သူ လယ်ယာမဲ့ များ ကို ၂၅ နှစ် ဆိုင်း အကြွေး စနစ် နဲ့..အရင်းအတိုင်း ရောင်းချ ပေး ..လယ်သမား က..အရစ်ကျ ပြန်ဆပ်သွား ဖို့.. ပဲ ဖြစ်ပါတယ်။လက်တွေ့ ဘယ်လောက် ကျပြီး..ချစ်တီး တွေ..ဘယ်လောက် သဘောခွေ့ ခဲ့ မလဲ ဆိုတာ တွေ တော့..ထားလိုက် ပါတော့... ဒီ ဥပဒေ လည်း အကောင် အထည် မပေါ် ခဲ့ ပါဘူး။

ဒီ အချက် တွေ ကို သဘော ပေါက် ခဲ့ တဲ့.. ဗိုလ်ချုပ်အောင်ဆန်း က ..ဒုတိယ ကမ္ဘာစစ်ကြီး အပြီး..၁၉၄၇ ခု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မှာ.. “ နိုင်ငံတော် သည် မြေယာ အားလုံး၏ ပင်ရင်း ပိုင် ရှင် ဖြစ်သည်..” လို့ ထဲ့ ပြဌါန်း ခဲ့ ပြီး..ချစ်တီး တွေ ကို အလဲ ထိုး ခဲ့ ပါတယ်။

++++++


အဲဒီ တော့..အဓိက ပြောချင် တာ ကတော့..လယ်ယာမြေ ပုဂ္ဂလိက ပိုင် ပြုလုပ်ရေး မှာ..ဘယ် ပုဂ္ဂလိက တွေ ကို..ဦးစား ပေး နေ မိ ပြီ လည်း...ဘယ်..ပုဂ္ဂလိက တွေ ကို..ဦးစား ပေး ရမှာလည်း...

တော်တော်ကြာ..သမိုင်း တကြော့ ပြန်လည် ပြီး..ဧရာမ ပုဂ္ဂလိက ပိုင်ကြီး တွေ..လက်ထဲ..မြေတွေ စုပုံ ပြန်ရောက် သွားရင်.. အမှန် တကယ် လယ်လုပ် သူ တွေ လက်ထဲ.. လယ်မြေ တွေ ပြန်ရောက် အောင်..ဗိုလ်ချုပ်အောင်ဆန်း လို ပုဂ္ဂိုလ် မျိုး ကို..တခါ ထပ် မျှော်စောင့် ရ ဦး လေ မလား...

အဲဒီလို မဟုတ်ရင် တော့..လယ်ထဲမှာ..ရွှံ့ တပိသာလောက် ဖင်ထဲက ၀င်..ပါးစပ်ထဲက ၀င် ပြီး..တကယ် လယ် လုပ်နေရ သူ တွေ.. ၀မ်းမ၀ လို့ကတော့.....။ ။



Share/Bookmark

ပြည်သူမပိုင်သော ပြည်သူပိုင် နှင့် ပုဂ္ဂိုလ်ကြီးများ ပိုင်သော ပုဂ္ဂလိကပိုင်

အတက်-အကျ... အသွား-အပြန် ...အစုန်-အဆန်... သံသရာ လည် နေ တတ် တဲ့ လောက နိယာမ မှာ.. တိုင်း နိုင်ငံ တွေ ရဲ့ စနစ်..အတိအကျ ပြောရရင် တော့.. စီးပွားရေး စနစ် တွေ လည်း ချွင်းချက် ရှိ မနေ ခဲ့ ပါဘူး။


အဲဒီလို အစ ချီ လိုက်လို့.. ပညာ ရပ်ပိုင်း ဆိုင်ရာ တွေ ကို ကျွမ်းကျင် နားလည် စွာ နဲ့.. ပြောဆို ဆွေးနွေးတာ .. လို့ မယူဆ စေချင်ပါဘူး။ ဘာသာရပ် အကြောင်းအရာ အားလုံး သီးသန့် စီ ခွဲထုတ် လို့ မရ နိုင် တော့တဲ့.. ခေတ်သစ် စာမျက်နှာ ပေါ်မှာ.. နိုင်ငံသား တယောက် အနေနဲ့ စိတ်ဝင်စား စွာ တို့ ထိ ကြည့် ခြင်း သာ ဖြစ်ပြီး.. စိတ်ဝင်စားသူ များလည်း ပါဝင် တို့ ထိ ပေးဖို့ မျှော်လင့် ပါတယ်။ အသေအချာ ပြောရရင်တော့..ဒီပို့စ် က.. စာဖတ်သူ များရဲ့ အမြင်ကို ဖိတ်ခေါ် ဖို့ ရည်ရွယ်ပြီး ရေး တာ ဖြစ်ပါတယ်။


ပရေသရာဇ်.. ဆိုရှယ်လစ်..ကွန်မြူနစ်.. အရင်းရှင်..ဒီမိုကရေစီ ဆိုတဲ့ ပင်မ စီးကြောင်း ကြီးတွေ..
အဲဒီက မှ နေ...ခွဲထွက်လာတဲ့... မသိမသာ ဆိုရှယ်လစ်.. ကိုယ့်နည်းကိုယ့်ဟန် ဒီမိုကရေစီ ဆိုတဲ့.. မြစ်လက်တက် သွယ်တွေ တလျှောက်မှာ.. နိုင်ငံ တွေ ရဲ့ စီးပွားရေး မောင်းနှင် နည်း တွေ ကလည်း.. အမျိုးမျိုး အထွေထွေ ကွဲပြား နိုင်ပါတယ်။ အခြေခံ အားဖြင့်...နိုင်ငံပိုင် စနစ် လုပ်မလား ...ပုဂ္ဂလိကပိုင် စနစ် လုပ်မလား ဆိုတဲ့.. ရွေးချယ်မူ နှစ်ခု ပါ..။

ဒုတိယ ကမ္ဘာစစ် ကာလ တွေက.. စစ်ရေး အခြေအနေ တွေ ပေါ်မူတည် ပြီး.. စစ်ဦး ထိပ်က အနောက် နိုင်ငံ ကြီး တွေမှာ.. လမ်းတံတား သယ်ယူ ပို့ ဆောင်ရေး လုပ်ငန်းတွေ.. အကြီးစား စက်မူ လုပ်ငန်း ကြီး တွေ ကို.. နိုင်ငံပိုင် သိမ်း ခဲ့ ဘူးပါ တယ်။ လက်နက် နဲ့ တိုက်တဲ့...စစ်ပူကြီး တွေ ငြိမ်းသွားတော့ .. စနစ် နဲ့ စီးချင်းထိုးတဲ့.. စစ်အေးကြီးတွေ.. ကျန် ခဲ့တယ် ။ အရင်းရှင် စနစ် နဲ့ ဆက်သွားမဲ့.. နိုင်ငံ တွေမှာ.. ပုဂ္ဂိလပိုင် စီးပွားရေး တွေ ပြန်အားကောင်း လာ ခဲ့ပေမဲ့.. ဆိုရှယ်လစ် စနစ် နဲ့ ဆက်သွားမယ် ဆိုတဲ့..နိုင်ငံ တွေ ကတော့.. စီးပွားရေး လုပ်ငန်း တွေ ကို တခု ပြီး တခု..နိုင်ငံပိုင် ပြု ခဲ့ တော့တယ်။


တကယ်တော့.. Nationalization နဲ့ Privatization ဆိုတဲ့.. အခေါ်အဝေါ် နှစ်ခု က.. ဒင်္ဂါးဝိုင်း တခု ရဲ့..ခေါင်း နဲ့ ပန်း လို.. ကျောခြင်းကပ်ပြီး ဘတပြန် ကျားတပြန် ဖြစ် နေခဲ့ ကြ တာပါ။ ဗမာ စကား နဲ့ အတဲ့ ပြန်ကြည့် ရင် တော့.. အမျိုးသားပိုင် ပြု ခြင်း နဲ့.. တဦးချင်းပိုင် ပြုခြင်း ပေါ့..။ အဲဒီ ကနေ.. နိုင်ငံပိုင် နဲ့ ပုဂ္ဂလိက ပိုင် လို့.. ပို ပြီး အဆင်ပြေပြေ သုံးနှုံးခဲ့ ကြ.. ။ ဒီကြားထဲ မှာ ပြည်သူပိုင် နဲ့ ဘူဇွါပိုင် လို့... တံဆိပ်ကပ်ပြီး.. ငွေမှင် တွေ သုတ် ကြ ပြန် ...။


မြန်မာပြည်မှာ လည်း ၁၉ ၆၂ အလွန် ကာလ တွေ မှာ.. ကိုယ့် နည်း ကိုယ့် ဟန် ဆိုရှယ်လစ် စနစ်ကြီး နဲ့ အတူ... ပြည်သူပိုင် သိမ်းပွဲ ကြီး တွေ ဖြစ်ခဲ့ ပါတယ်။ စီးပွါးရေး လုပ်ငန်း ကြီးတွေ ဆိုတဲ့ နေရာမှာ.. ကုန်တိုက် ကြီးတွေ..ဘဏ်ကြီးတွေ တင်မက..သတင်းစာ တိုက် ကြီးတွေ.. စာသင်ကျောင်း တွေ ပါ မကျန်..နောက်ဆုံး..ရပ်ကွက် ထဲက..ကုန်စုံဆိုင် လေးတွေ အထိပါ.. သိမ်းယူ ခဲ့ တာပါ..။ သိမ်းယူ တယ် ဆိုတဲ့ အတိုင်းပဲ.. တပြားတချပ်..တန်ရာ တန်ကြေး..မဆို နဲ့..အနဲဆုံး..ဂရုဏာကြေး တောင် မပေး ပဲ နဲ့.. ဆိုရှယ်လစ် တပ်ဦး ဘီလူး ကြီး က.. ပြည်သူ ပြည်သား တွေ ရဲ့.. ချွေးနှဲစာ လုပ်အား အရင်းအနှီး တွေ ကို.. အဓမ္မ သိမ်းပိုက် ခဲ့ တာပါ..။


ဒီနေရာ မှာ..အသုံးပြု ခဲ့တဲ့..ပြည်သူပိုင် ဆိုတဲ့.. စကားလုံးက.. နားဝင် မဆိုးလှပါဘူး.။ အများစု အစိုးရ ၀န်ထမ်း ပြည်သူ ပြည်သား လက်လုပ် လက်စား တွေ ကို .. လှလှ ပပ လှည့်စား နိုင် ခဲ့ ပါတယ်။ ဒါပေမဲ့.. အသက်တွေ ကြီးမှ.. မိဘ လက်ငုတ် လက်ရင်း မိုင်းတွင်း ကြီးတွေ သိမ်းခံ ရပြီး..နေ့ချင်း ညချင်း.. သူဌေး ဈာန်လျော သွားလို့ သက်သေ သွားတဲ့.. သူဌေးကြီးတွေ ရဲ့ ပုံပြင်တွေ... စီးပွား အရှာ ကောင်းလွန်းလို့.. အစိုးရ ရဲ့ အငြို အငြင် ခံရတဲ့..သူကြွယ် ကြီးတွေ.. ထောင်ထဲ ထိ မရောက်ခင်.. တိုင်းပြည် က အမြန် စွန့်ခွါ ပြေးကြတဲ့ သဲထိတ်ရင်ဖို ဇတ်လမ်း တွေ...က စလို့...ရပ်ကွက် အိမ်ဆိုင် လေးတွေ ပေါ်က နေ..နေ့ ခြင်းမဆိုင်း ဆင်းပြေး ပေး ရတဲ့.. တရုတ် - ကုလား ကုန်စုံဆိုင်ရှင် တွေ အဆုံး.. နာကျင် ခံခက် အကျည်းတန် လှ တဲ့.. အဖြစ် တွေ.. နောက်ကွယ်မှာ အများကြီး ရှိ ခဲ့ ပါ တယ်။ နိုင်ငံသား လုပ်ငန်းရှင် ..ဆိုင်ရှင် တွေ ဆိုရင်.. အိမ် ခြံ ဆက်လက် နေထိုင် ခွင့် တချို့ ရှိခဲ့ ပေမဲ့..နိုင်ငံခြားသား လုပ်ငန်းရှင် တွေ ဆိုရင်တော့.. သုည အကြွင်း ပါပဲ။ ကိုယ့် အိပ်ယာ အောက်မှာ.. စုဆောင်း သိုဝှက် ထားတဲ့.. စာရင်း မ၀င် တဲ့ ပိုင်ဆိုင်မူ လေးတွေ နဲ့ပဲ..နေ့စဉ် ဘ၀ တွေ ကို ပြန်လည် ထူထောင် ခဲ့ ကြ ဖို့ ပဲ ရှိပါတယ်..။

အဲဒီ တုန်းက.. ပြည်သူ ပိုင် သိမ်း ခဲ့တဲ့.. အထင်က ရ လုပ်ငန်း တချို့ ထဲမှာ..ဘဏ် တွေ ထဲမှာ ဆိုရင်..ချာတာဘဏ်.. မာကင်တိုင်ဘဏ်.. အိန္ဒိယဗဟိုဘဏ်.. နိင်ငံခြားတရုပ်ဘဏ် ..အင်းဝဘဏ် အထက်မြန်မာနိုင်ငံဘဏ်လီမိတက်.. မြန်မာ့စီးပွားရေးဘဏ်လီမိတက်.. စသဖြင့်..။ ဟိုတယ် လုပ်ငန်း ကြီးတွေ ထဲမှာ ဆိုရင်..သမ္မတ..ကမ္ဘေဇ( ချင်းချောင်း နန်းတော်) ..စထရင်း..စသဖြင့်..။ သတင်း စာနယ် ဇင်း လုပ်ငန်း တွေ မှာဆိုရင်...ဟံသာဝတီ.. တိုးတက်ရေး..ဟစ်တိုင် ( ဂျာနယ်ကျော်) ..စသဖြင့်...ပြည်သူ ပိုင် သိမ်း ခဲ့ ပါတယ်။


စစ်အတွင်း ကာလ တွေက..ရန်ကုန် မြို့မှာ..နာမည် ကြီး လူသုံးများ ခဲ့တဲ့.. ရိုးလ် ကုန်တိုက်.. ဒီဆူဇာ ဆေးတိုက်.. ရှားမီး..ကွန်တီနင်တယ် မုန့် တိုက်.. ဆိုတာ ကြီး တွေ ကတော့.. အရင်ဦးဆုံး ပေါ့..။ နောက်ဆုံး..လှပရိုက်ဗိတ် တို့..ဆရာခိုကျောင်း တို့.. မြို့မ ကျောင်းတို့ ပဲခူးနေရှင်နယ် ကျောင်းတို့လို ..ပုဂ္ဂလိကပိုင် စာသင်ကျောင်း တွေ တင်မက.. ခရစ်ယာန် သာသနာပြု စိန့် ကျောင်း တွေ အားလုံး လည်း.. ဒီ မုန်တိုင်း ကြီး ထဲမှာ..ပါ ခဲ့ ရပါ တယ်။


ရန်ကုန် မြို့ကြီး တင် မက..နယ်မြို့ အသီး သီးက.. ရုပ်ရှင် ရုံ တွေ.. ဆန်စက် ကြီး တွေ.. ယက်ကန်းစက် တွေ.. အိမ်တွင်း စက်မူ လုပ်ငန်း တွေ..လည်း..တခု မှ မကျန် ခဲ့ ပါဘူး။ နောက်ဆုံး ကုန်ကုန် ပြောရရင်.. စကောက် ( ကင်းထောက် ) အသင်း လို.. နိုင်ငံတကာ အဖွဲ့ အစည်း တွေ ရဲ့ ပိုင်ဆိုင် မူ တွေ တောင်.. ကင်းလွတ်ခွင့် မပေး ခဲ့ပါဘူး။ လယ်ကန်သင်း တွေ မှာ..ရေ တွေ ဖောက်ထုတ် သွယ်ယူ လိုက် သလို.. နေ့ချင်း ညချင်း မှာပဲ.. ပြည်သူတွေ ပိုင် တဲ့..အရင်းအနှီးတွေ အားလုံးဟာ.. ပြည်သူပိုင် ထပ်သိမ်းခံလိုက်ရပြီး..ပြည်သူ မပိုင် တော့တဲ့.... အစိုးရ ကြီး ရဲ့ လက်ဝါး ကြီး ထဲ ရောက်သွား ခဲ့ ပါတယ်။


တိုင်းပြည် တခု ရဲ့ စီးပွားရေး အခင်းအကျင်း တွေ ကို ..စွန့်ဦးလုပ်ဆေင်မူ တွေ.နဲ့အတူ ..လက်တွေ့ ကျကျ..ရှေ့ဆောင် နေခဲ့တဲ့..လုပ်ငန်း ကြီး တွေ..လုပ်ငန်း ရှင် ကြီးတွေ..ကုန်အမှတ် တံဆိပ်တွေ.. ဖြုန်းကနဲ ဆို ကြက်ပျောက် ငှက် ပျောက် ..ပျောက်သွား ကြ တော့တယ်။ အဲဒီ တုန်းက..ပြည်တွင်း မှာ ဂုဏ်သရေ ရှိရှိ တင့်တယ် ခဲ့တဲ့..ဂျစ်ကား နိုင်လွန် တို့ ကြက်ဆင် ဖဲထီး တို့ ဆိုတဲ့.. ကိုယ်ပိုင် ကုန်အမှတ် တံဆိပ် တွေ လည်း..ဆိတ်သုဉ်း သွားခဲ့တယ်။ ( ဖြည့်စွက်ချက်- အဲဒီ အချိန်က..လိုင်စင် တွေ နဲ့ လုပ်စား နေကြတဲ့.. လိုင်စင် သူဌေး များ လည်း.. အများအပြား ရှိ ခဲ့..)

နောက် တော့.. ကော်ပိုရေးရှင်း ကြီး တွေ..သမ၀ါယမ ကြီးတွေ ဟိုမှာ ဒီမှာ ပေါ်ပေါက်လာ ခဲ့ပြီး.. အလုပ် အကိုင် အသစ် တွေ ပေါ် ထွန်း လာခဲ့ ပေမဲ့.. စွမ်းဆောင်ရည် နည်း တဲ့ လုပ်သား တွေ.. အဆင့်ဆင့် ကြိုးနီ စနစ်တွေ.. ခြစား လာဘ်စား မူတွေ..လက်သင့်ရာ စားတော်ခေါ် တွေ နဲ့.. အဲဒီ စနစ်ကြီး တခု လုံး ဘယ်လို ပျက်သုန်း သွား ခဲ့ တယ် ဆိုတာ.. ဆိုရှယ် လစ် ကာလ ကြီးမှာ ဖြတ်သန်း ကြီးပြင်း လာခဲ့ သူ တိုင်း..သိကြ မှာပါ..။


အခုတော့ တခါ.. နှစ်ပေါင်း ၄၀ လောက် ..တတိတိ ယိုယွင်း လာခဲ့တဲ့..စီးပွားရေး စနစ် ကြီးကို..ပုဂ္ဂလိကပိုင် ပြု ခြင်း ဆိုတဲ့.. အဆန် ရထား ကြီးပေါ်ကို ပြန် ပစ် တင် ရင်း..ခရီး တပတ် လည် ဖို့ ကြံစည် နေ ကြ ပြန်ပါ ပြီ။ နှစ်ရှည်လများ..စီမံကိန်း ကြီးတွေ မအောင်မမြင် ဖြစ် နေခဲ့တဲ့.. လူသုံးကုန် ပစ္စည်း စက်ရုံ တွေ..နဲ့ တခြား တခြားသော အစိုးရ ပိုင် မြေတွေ..အဆောက်အဦ တွေ ကို.. တဖြည်းဖြည်း ခြင်း.. တခု ခြင်း ထုတ်ရောင်း နေရာ ကနေ.. ခု ဆို..ရောင်းလို့ ရသမျှ ကို..ရတဲ့ဈေး နဲ့ တက်သုတ် ရိုက် ထုခွဲ နေ တဲ့ ဟန် ပါ။ အဲဒီလို ပြန်ရောင်း တဲ့ အခါ မှာရော..မူလ ပိုင်ရှင် ဆွေစဉ် မျိုးဆက် ကို ပြန် ဦးစားပေး ရဲ့ လား ဆိုတာ..မေးခွန်း တခု ဖြစ် လာ ပါတယ်။ နောက် ပြီး.. အစု လိုက် အပြုံ လိုက်.. အလုပ် လက်မဲ့ ဖြစ် လာ မဲ့..ဖြစ် လာနေ တဲ့.. စက်ရုံ ၀န်ထမ်း ထု ကြီး တွေ ကလည်း..နဂို ပါး လက်စ ဖြစ်နေတဲ့..လူလတ် တန်းစား အလွှာကြီး ကို..ပါး သထက် ပါးလျ စေ တော့ မဲ့..အရေး တွေ ဖြစ်နေ ပြန် တယ်။

လျှပ်စစ် မီး အကျပ်အတည်း ဖြစ်နေတဲ့.. မြန်မာ ပြည် မှာ.. ရေအား လျှပ်စစ် စက်ရုံ တချို့.. ပုဂ္ဂလိ က ပြု လိုက် တာ ကိုလည်း..အားလုံး စိတ်ဝင်စား နေ ကြ တယ်။ လျှပ်စစ် မီး တွေ ပို ပြီး ရ လာတော့ မလား ဆို တဲ့.. မျှော်လင့်ချက် နဲ့ အတူ.. မီတာခ တွေ ရော ဘယ်လို ဘယ်လောက် ဖြစ်လာ မလဲ ဆိုတဲ့..စိုးရိမ်မူ တွေ ပါ.. ပို နေ ကြ ပါတယ်။ တကယ်တော့.. နိုင်ငံ တနိုင်ငံ မှာ.. လုပ်ငန်း တိုင်း ဟာ..အကျိုး အမြတ် ရ-ရမယ်..ရှိ ရမယ် လို့ မဟုတ်ပါဘူး ။ အထူးသဖြင့်.. လူမူ စီးပွား အခြေခံ အဆောက် အဦ ( Infrastructure ) တွေ ဖြစ်တဲ့..ခရီးသွား လုပ်ငန်း ..ပညာရေး..ကျန်းမာရေး နဲ့...အခု လျှပ်စစ် မီး လို ကိစ္စ မျိုး တွေ မှာ..အစိုးရ ရဲ့.. အကူအညီ အထောက်အပံ့ ( subsidization ) တွေ ..အထူး ပဲ..လိုအပ် ပါတယ်။

အတော် စောလျင် ကတည်းက.. ပုဂ္ဂလိကပိုင် စနစ် ထဲကို တရွေ့ရွေး တိုးဝင် လာနေတဲ့..ဆေးရုံ ဆေးခန်း တွေနဲ့ အသားကျ နေပြီးသား ဖြစ်တဲ့.. နောက်ပြီး..အစိုးရ ပိုင် မီးရထား တွေကို..ခက်ခက်ခဲခဲ လက်မှတ် တန်းစီ စီး ရာကနေ.. ကြိုက်နှစ်သက်ရာ အဝေးပြေးကား ကြီးတွေ ကို..ယှဉ်ပြိုင် ဈေး နဲ့.. သက်သက်သာ သာ မြန်မြန်ဆန်ဆန် ခရီးသွားနိုင် နေပြီ ဖြစ်တဲ့..မြန်မာ နိုင်ငံ သားတွေ အတွက် ... နိုင်ငံပိုင် ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကြီးကို တဦး တယောက် တဖွဲ့ပိုင် ပြု လုပ် ခြင်း ထက်.. ပိုစိတ် ၀င်စား စရာ ကောင်းတဲ့.. သတင်း တခု ..( ကောလဟာရ တခု ) လတ်တလော မှာ.. ထွက် လာပြန် ပါတယ်။


ရန်ကုန် မြို့မှာ ရှိ တဲ့ .. နာမည်ကြီး နေရာကောင်း အခြေခံပညာ ကျောင်း ကြီး တချို့ ကို..ပုဂ္ဂလိ က များထံ..လွှဲပြောင်း ရောင်း ချ တော့မယ် ဆို တဲ့ သတင်းပါ။ ဒီ သတင်း ကို မဖြစ် နိုင် ဘူး လို့ ပညာရေး အသိုင်း အ၀ိုင်း နဲ့ ပညာရှင် တချို့က..ယူဆ နေ ပေလို့..မဖြစ်နိုင် တာတွေ ..ဖြစ် ဖြစ် နေတဲ့.. အခြေအနေ တခုမှာ.. တမြန် တလော က.. ရန်ကုန် မြို့တွင်း ကျောင်းတွေက..ဆရာ- ဆရာမ တွေ ကို စာရင်း ကောက်ယူ တယ် ဆို တဲ့ သတင်း ကြောင့်.. ဒီလို သာ..တကယ် ဖြစ်လာ ခဲ့ ရင် ဆိုတဲ့.. တွေးတော ပြင်ဆင် မူ တွေ.. ကျောင်းသား မိဘ တွေ ထဲမှာ.. ရှိ လာ နေ ပါတယ်။ အခု တင် ကတည်းက.. ဈေးကြီး ပြီးသား ဖြစ်တဲ့..သီးသန့် ဈေး တစား သတ်မှတ် ပြီး ဖြစ်တဲ့.. နိုင်ငံ တကာ အဆင့်မှီ ကျောင်း တွေ အပြင်.. သာမာန် ပြည်သူ တွေ..( အများစု ကတော့..သာမန်ထက် ပို တဲ့ ပြည်သူ ) အားထား နေရတဲ့.. နာမည် ကြီး အစိုးရ ကျောင်း တွေ ကိုပါ.. အက်ဖ်အီးစီ နဲ့ ပေး တက်ရ မယ် ဆို လျှင် တော့.. ဓါးမ နောက်ပိတ် များ အနေနဲ့..ဘုန်းတော်ကြီး စာသင် ကျောင်း များ ကို သာ..အားထား ဖို့ ရှိ ပေ တော့မည်။


အနှစ် လေးဆယ် ကျော် စာ အနှစ် ချုပ် လိုက် တော့.. ပြည်သူပိုင် စီးပွားရေး စနစ် နဲ့ လည်း ပြည်သူ အတွက်.. အကျိုး မဖြစ် ထွန်းခဲ့။ ဖွင့်ထား တာ ကြာပြီ ဖြစ် တဲ့..ဈေးကွက် တံခါး ကြီး ထဲ မှာ လည်း..ပြည်သူ့ ဖူလုံရေး ဆိုတာ..ဝေးသထက် ဝေး ခဲ့..။ စီးပွားရေး..နိုင်ငံရေး..လူမူရေး..ကျန်းမာရေး..ပညာရေး အားလုံး.. လွန်းတင်ယှက် ထိုး နေ တဲ့.. လူ့ အဆောက် အဦ တခု မှာ.. စီးပွားရေး ဆို တဲ့ အစ တခု ကိုပဲ..ဆွဲ ထုတ် ဖို့ ကြိုးစား နေ တယ် ဆိုရင် တောင်.. ပြည်သူ အားလုံး ပါဝင် နိုင် ရဲ့လား.. မြင်သာ ထင်သာ ရှိရဲ့လား .. တကယ်ပဲ ပြည်သူ တိုင်း အတွက်.. ပုဂ္ဂလိက အခန်း ကဏ္ဍ တွေ ပေါ်ပေါက် နိုင် ပြီ လား ဆိုတာ..။ ။


ကိုးကား-

၁၉၆၂-၁၉၇၄။မြန်မာနိုင်ငံရေးစနစ်ပြောင်းကာလ (ဒုတိယတွဲ)




Share/Bookmark

မျက်ခုံးပင့်



နေ့စဉ် နေထိုင်မူ ပုံစံ တချို့ ပြောင်းလဲ သွားခဲ့တယ်။
တယောက်ထည်း..တခါတလေ..နှစ်ယောက်ထည်း နေတဲ့ ၂၄ နာရီ ဝေစု လေးကို.. တူမလေး နဲ့ ခွဲယူ ရဖို့ အကြောင်းဖန်လာတယ်။ အရင်ဦး ဆုံးတော့.. မနေ့ကမှ ရောက်လာတဲ့ တူမလေး နဲ့ လက်ပ်တော့ အရင် ခွဲဝေ သုံးစွဲ ရပါတော့တယ်။ ကိုယ့် မျက်
စိ အောက်မှာ ကြီးလာတဲ့ ၁၇ နှစ် သမီး က.. ခုတော့..ကလေး လိုလို ဖြစ်လိုက်..အပျိုမကြီးလို ဖြစ်လိုက် နဲ့.. ဘယ်လို ဆက်ဆံ ဆုံးမ ရမှန်း မသိတာနဲ့.. အသာလေး ကြည့် နေရတယ်။ သူတို့ လေးတွေ ကလည်း.. သူတို့ အထွာ နဲ့.. သူတို့ အထာ နဲ့ ..သူတို့ အတ္တနဲ့..သူတို့ လက်မ နဲ့ ကိုး..။

စင်ကာပူ လေဆိပ်မှာ ထရန်စစ် ၀င်နေတဲ့..တူမကို..ဒီဖက် အင်တာနက် က နေပြီး.. ထရစ်စစ် ချက်ကင် တွေ့လား.. ဘယ် တာမနယ်လ် ကို သွား..။ ဂိတ် နံပတ် သေချာကြည့်..။ ဘုတ်ဒင်းပါ့စ် ရပြီလား.. တခု ပြီး တခု မေး နေတော့.. Don't worry KK,
everything was done တဲ့..။ ကဲ..ဒန်း ဆိုတော့လည်း ပြီးရောပေါ့ လေ... ။ နောက်ဆုံး ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာတဲ့.. တူမ ကို လေဆိပ် မှာ သွားကြိုရင်း.. လက်ထဲမှာ.. ဂျုတီ ဖရီး အိတ်ကလေး နဲ့.. ပစ္စည်းလေး တခု ပါလာတော့.. အောင်မယ်.. သူက..ဒါမျိုးတွေ တောင် ၀ယ်တတ် နေပြီ လားလို့..မျက်ခုံး ချီ မိ သွားတယ်။ သမီး ၀ယ်တာ ဟုတ်ပါဘူး ကေကေ ရဲ့.. စင်ကာပူ လာလည် တဲ့ သူငယ်ချင်း တယောက် နဲ့.. လေဆိပ်ထဲမှာ တွေ့ တော့.. သူက.. လက်ဆောင် ၀ယ်ပေး သွားတာ တဲ့..။ အောင်မာ.. စင်ကာပူ လာလည် တာ..ဘယ်အရွယ်လဲ ဟ လို့ မေးတော့.. အတူတူပဲလေ..၁၇ နှစ် ပဲ တဲ့..။ မျက်ခုံးက.. ပြန်မကျ တော့ ဘူး..။

ကိုယ်တွေ တုန်းက.. ခရီးရှည်ကြီး ကို ..မျက်ရည် တစမ်းစမ်း နဲ့ ထွက်ခဲ့ရ တာ ဆိုတော့.. သူတို့ လေး တွေ ဆို ပို ဆိုးမှာ ပဲ ဆိုပြီး.. မေးတော့.. ခုထိတော့..မလွမ်းသေးဘူး တဲ့...။ ကောင်းပါလေ့ ကွယ်။ သူ့သူငယ်ချင်းလေး တွေ ကလည်း.. အရွယ်လေး တွေ နဲ့ မလိုက်အောင် သွက်လက် နားလည် နေ လိုက်ကြတာ..များ..ကိုယ်တွေ အဲဒီ အရွယ်က.. အာစီတူးက..ရာဘာပင် တွေ အောက်မှာ..ညောင်နာနာ နဲ့... မဝေးလှ တဲ့.. အိမ်ကို လွမ်းကောင်းတုန်း..။ သူငယ်ချင်း မရှာ တတ်လို့..အူတူတူ ဖြစ်တုန်း..။ အရင် ရောက် နှင့် နေတဲ့..သူ့ နဲ့ အရွယ်တူ အတန်းတူ သူငယ်ချင်း မလေး တယောက်ကို .. အိမ် လာဖို့ ပြော နေတော့.. ဒီဖက်ကနေ.. စိတ်ပူ ပြီး..ဘာကားစီး. ဘယ်မှာဆင်း လို့ အော်နေတုန်း.. ဖုံးချ လိုက် ပါရော.
.။ ရတယ်..သူ့ မှာ အိုင်ဖုန်း ပါတယ် တဲ့..။ အဲ..မျက်ခုံး နဲနဲ မြင့် သွား ပြန်တယ်။ ဟဲ့..သူရောက်တာ ဘယ်နှယ်ရက် ရှိလို့ လဲ ဆိုတော့.. တပတ် တဲ့..။ မျက်ခုံးက ..ပြန် မကျ တော့ဘူး။

ကဲ..ကဲ.. ပစ္စည်းတွေ သေချာ စီ.. ဘာလုပ်.. ညာလုပ်.. အိုရီယန်တေးရှင်း အပြတ်ပေး ပြီး မောသွားတာနဲ့.. အင်တာနက် ပေါ် တက်လိုက် တာ..မျက်ခုံး တွေ အကုန် စုံမြောက်သွားပါတော့တယ်။ လုံခြည် တွေ..လုံခြည်တွေ..။ အချိတ်ဆင်တွေ.. ပါတိတ်တွေ..တရုတ်ပိတ်လေး တွေ...အစုံ ပါပဲ.
.။ ချစ်စရာ ခင်စရာ ကောင်းတဲ့ လေဒီ ဘလော့ဂါ သူငယ်ချင်း တွေ ရဲ့.. ပျော်စရာ ပို့စ် လေး တွေ။ မြင့်နေ တဲ့ မျက်ခုံး အစုံ ကို အသာ ဆွဲ ချပြီး.. စဉ်းစား ရ ပြန်တယ်။ မသက်ဝေ ရေး ခိုင်း တဲ့.. ကိုယ့် အကြိုက် ဆိုတာ.. ဘာလဲ ပေါ့..။ အကုန်လုံး ကလည်း ဗမာ လုံခြည်လေး တွေ တခုတ်တရ ပြောပြ တင်ပြ ကြတော့.. ကိုယ့် အကြိုက် လုံခြည် ပဲ ဖြစ် ရမယ် လို့.. တထစ် ချ လိုက်တယ်။

မသက်ဝေ တို့ ပေါက် တို့ ရဲ့... ကျမက.. လုံခြည် ဆို တာထက်.. လုံကွင်း လို့ ခေါ် ရမဲ့..ဗမာဒီ ဇိုင်း ထက်.. sarong လို့ ခေါ်တဲ့.. ပတ်ထည် လေး တွေ
ကို ပို သဘောကျတယ်။ ဗမာ လုံကွင်း တွေက.. ခဏခဏ ပြန်ဝတ်ရတာ.. ခါးမှာ ဖုလုံးကြီး ဖြစ်နေတာ.. သက်သောင့် သက်သာ မရှိ လှ သလိုပဲ..။ ဗမာချည် ထည် တွေ ၀ယ်တိုင်း ပတ်ထည် ပုံလေး တွေပဲ ပြန် ချုပ်ယူလေ့ ရှိတယ်။ ပြီးတော့.. အချိတ် ဆင် တွေ ကို သိပ်မကြိုက်လှဘူး..ဘာလို့ လည်း မသိဘူး..ခမ်းနားလွန်း လို့ လား မသိဘူး။ ဘွဲ့ယူ ဖို့..ကြိုးကြီးချိတ် တထည် တော့ ၀ယ်ဖူးတယ်..။ ဒါလောက်ပဲ..။



လောလော ဆယ်ဆယ်..ချင်းမိုင် က..အမ ၀ယ်လာပေး တဲ့..ချင်းမိုင် ချည်သား ပတ်ထည် လေး ကိုပဲ.. ခဏခဏ ဒါဝတ် လုပ်နေ တယ်..။ နောက် လတွေ ကျရင်.. ချင်းမိုင် မှာ..သူငယ်ချင်း တယောက် မင်္ဂလာဆောင် ဖိတ် ထားတယ်။ သွားဖြစ် ရင် တော့.. ချင်းမိုင် ပတ်ထည် တဒါဇင် လောက် ရောင်စုံ ၀ယ် ပြစ်မယ်လို့ ကြိမ်းဝါး နေပါကြောင်း။



Share/Bookmark
Related Posts Plugin for WordPress, Blogger...