နှစ် ၉ ၀ ပြည့် တက္ကသိုလ် နန်း

နှစ်ဟောင်း ကုန် လို့.. နှစ်သစ် ကူး တော့ မည် မို့..  အတွေးထဲ တေးထား မိ တဲ့.. အကြောင်း တွေ ကို.. နှစ်သစ် ကို သယ် မသွား ရ အောင်.. အမြန် ရေးချ မှ ဖြစ်တော့ မည်။ 

ပြီးတဲ့..တန်ဆောင်မုန်း လဆုပ် ၁၀ ရက် နေ့ က.. အမျိုးသား အောင်ပွဲ နေ့ ကြီး နဲ့ အတူ.. ရန်ကုန် တက္ကသိုလ် ကြီး လည်း..နှစ် ၉ ၀ တင်းတင်း ပြည့် ခဲ့ ပြီ မို့... တခုခု ရေးချင် နေ ခဲ့ သည်။ ဒါပေမဲ့..မရေးဖြစ် ခဲ့။ အဲဒီ လောက် ခမ်းနား ကြီးကျယ် တဲ့..သမိုင်း အဆောက်အဦ ကြီး ကို.. မမှီ မကမ်း လက်  ကလေး နဲ့ ..ချီးပ ဖို့ရာ.. မရဲတင်း ခဲ့ ပေ။ သို့ပေ သော် လည်း..  မြန်မာ ပြည် တနံ တလျား များပြား လှ တဲ့..သူ့ သားသမီး ..မျိုးဆက် တွေ တိုင်း ရဲ့ ရင်ထဲ မှာ တော့ .... နည်းသည် များ သည်.. နီးသည် ဝေး သည်... စိမ်း သည် ကျက်သည် .. မဟူ..အတိတ်တွေ ကိုယ်စီ ကိုယ်ငှ .. နဲ့..  ဆက်သွယ် ပို်င်ဆိုင် နေ မိ ကြ သည် သာ။

ရန်ကုန် တက္ကသိုလ် ကြီး  ရယ်လို့ စတင် အမည် သညာ တွင် ခဲ့တဲ့..၁၉ ၂၀ က နေ ပြီး.. လူသံ သူသံ စာအံ သံ တွေ တိတ်ဆိတ် သွား ခဲ့ ရ တဲ့.. ၁၉ ၉ ၆ ခု အတွင်း နှစ်ပေါင်း ၈၀ နီးပါး အတွင်း မှာ.. သူ့ ရင်ငွေ့ ကို ခိုလှုံ ခဲ့ ဘူး သူတိုင်း..မမေ့နိုင် ..မဖျောက်နိုင် ..တသသ ဖြစ်ရ လေ အောင် .. စွဲဆောင်မူ ကြီး လွန်းလှ တဲ့..  နေရာ ဌါန ကြီး က..  ဘာတွေ များ လှပ နေ ခဲ့ လို့ လည်း.. ဘာတွေ များ ကြီးမြတ် ခမ်းနား နေခဲ့ သလည်း.. ဆိုတာ ကို.. နောင် လာ နောက်သား တွေ.. သိစေချင် လှ ပါ သည်။ 

ဆရာကြီး .. တက္ကသိုလ် ဘုန်းနိုင်  က တော့..  “ တက္ကသိုလ် နန်း ”  ရယ် လို့ တောင်.. ခမ်းခမ်းနားနား တင်စား ဖွဲ့ဆို သွား ခဲ့ လေ သည့်.. ရန်ကုန် တက္ကသိုလ် ကြီး ပေ။ 

ဒီ သီချင်း လေး ကို.. ငယ်ငယ် ကတည်း က .. ရေဒီယို မှာ ကြားရ တိုင်း.. တနေ့ နေ့.. ဆယ်တန်းအောင် လို့.. ရန်ကုန် တက္ကသိုလ် ကြီး ကို တက် ရင်... ဆိုတဲ့...  အာရုံ စိတ်စော တွေ နဲ့..  အတွေး နန်းတော် တိုင်းပြည်  ကြီး ထဲ မှာ.. ပျော်ရွှင် မျှော်လင့် ခဲ့ ရ သည် ပေါ့။  သီချင်း သံစဉ် က.. မမြူး ကြွ လှ ပေမဲ့.. စာသား တွေက.. နန်းတော် တဆောင် လို... ခန့်ထည် သေသပ် လှ သည်။ အခု..ဒီ သီချင်း လေးကို.. မဇ္ဖိမ မှာ.. ..ပုံလေး တွေ နှင့် အသေအချာ လုပ်ထား တာလေး ကို.. သူငယ်ချင်း တယောက် ရဲ့.. face book စာမျက် နှာမှာ တွေ့ တော့.. ထပ်ကာ ထပ်ကာ ဖွင့် ရင်း.. ကြည်နူး လွမ်းဆွတ် နေ မိ သည်။









တက္ကသိုလ်နန်း
တေးရေး -တက္ကသိုလ်ဘုန်းနိုင်
တေးဆို - သန်းသန်းရှိန်

တက္ကသိုလ်…..နန်း……မြကျွန်းပမာညီ ….အောင်နန်းမြို့ဆီ…ဆောင်ခန်းမြို့ဝေစီစီ….
ပညာတံခွန်…အောင်လံလွှင့်လို့ …ကြငှန်းမြင့်လို့ ……..နေ……..သည်….
(၀ိဇ္ဖာ လောက မူသစ်ဆောက်တည်….အ၀ိဇ္ဖာ မောဟ မြူညစ်ပျောက်မည်…..
ဗြဟ္မာစာရ လောကပါလ တရားဝေစီ….ငြိမ်းချမ်းပြည့်ဝ ခိုင်မြဲတည်….)၂
(၀ိဇ္ဖာလောက မူသစ်ဆောက်တည်….အ၀ိဇ္ဖာ မောဟ မြူညစ်ပျောက်မည်…..
ဗြဟ္မာစာရ လောကပါလ တရားဝေစီ….ငြိမ်းချမ်းပြည့်ဝ ခိုင်မြဲတည်….)၂
(နွှဲဖက်ရွှင်ကြည် ရောင်စိုရွှင်လန်းသည် ညောင်ညိုပင်စခန်းပြောင်ဝန်းရိပ် လီလီ….
တို့များ ....တွေ့ကြလို့ မေ့မရတာရှည်…. တက္ကသိုလ်သည်ကွန်း…..မြွက်ဆိုရည်ညွန်း ဥဒါန်းတွင် ကမ္ဘာတည်…)၂

(တို့ပြည် တို့အမျိုး တို့ အကျိုး ဦးတည်….လူ့ပြည်လူများ လူသားဂုဏ်ရည်….လူသားဂုဏ်ရည်…
ဆောင်ရွယ် မူချ မောင်မယ် တူပ လွန်းကြင်..ရွှင်ခဲ့သမျှ သီရေးဖွဲ့စီ…….ပျော်ပါးဝေ့လည် လွမ်းဖွယ်တလီ…
ကြည်နူးဖွယ်ကောင်းတဲ့ တို့ကျောင်းတက္ကသိုလ်ပြည်….တို့ကျောင်းတက္ကသိုလ်…ပြည်)၂




မမြင်ဖူး ခင် ကတည်းက.. ရောက်နေ ခဲ့ ရ တဲ့.. ရန်ကုန် တက္ကသိုလ် ကြီး ကတော့...  ညနေခင်း မိသားစု ရေနွေး ကြမ်း ၀ိုင်း  ထဲ က.. .ဖခင် ဖြစ် သူ ရဲ့.. အတွေ့ အကြုံ လှုပ်ရှားမူ တွေ အဖြစ် ..  ၊ ရုပ်ရှင် တွေ..၀တ္တု တွေ ထဲက.. ရင်ခုန် ကြည်နူးဖွယ် တက္ကသိုလ် ပုံရိပ် တွေ ဇတ်လမ်း တွေ. အဖြစ်.. ၊ ရေဒီယို သီချင်း..ခေတ်ပေါ် သီချင်း တွေ ထဲ မှာ စီးမျော လာတဲ့.. အနုရသ သံစဉ် စာသား တွေ အဖြစ်.. သူတို့ အားလုံး အပေါ် လွှမ်းမိုး နေခဲ့ သည်။

နောက်တော့ လည်း...... ~~~~ တက္ကသီလာ မြကျွန်းသာဆီ.. အခြေခံ ပညာ အောင်မြင် ခဲ့ ကြ သည်. ~~~~ ဆို တဲ့.. ရေဒီယို သီချင်း လေး နဲ့ အတူ..  ကိုယ်တိုင် ကိုယ်ကျ... ဖြတ်သန်း ကြုံဆုံ ရင်ခုန် ခဲ့ ရ တော့ သည်။

မမေ့ နိုင် တဲ့..အတိတ် တွေ ဆိုတာ ထက်.. မမေ့ ကောင်း တဲ့ သမိုင်း တွေ အတွက်..ဒီ နေရာ ဒီ ဌါန ကြီးကို.. သက်တော် ရာကျော် ရှည်စေ လို လှ ပါသည်။ 

ဒီ မြကျွန်းညိုညို  ကြီး ကို   ဘယ်လို အကြောင်း နဲ့ မှ ကွယ်ပျောက် မသွား စေချင် ပါ။ ဘယ်လို အခွင့် အာဏာ နဲ့ မှ မဖယ်ရှား ပြစ် စေ လို ပါ..။  တချိန် ချိန် မှာ.. ပြန်လည် ရှင်သန် နိုးထ လာ အုံး မယ် လို့.. ယုံ ကြည် 
မျှော်လင့် နေ မိ သည်။ ကောင်းကင် ပြာပြာ ကြီး အောက် မှာ.. စိန်ပန်း နဲ့ ကံ့ကော် တွေ .. ပွင့် ရ အုံး မည်။.. ကန်ရေပြင်..အဓိပတိ လမ်း ကြီး လည်း.. ညီညာ ပြန့်ပြူး ရ ပေ အုံး မည်။ သစ်ပုတ် ပင် ကြီး က လည်း .. . အမေအို ရဲ့ အပြုံး မျိုး နဲ့..  ဘ၀ ဒဏ် ကို ကြံ့ ကြံ့ ခံ.. ရင်း.. ရိပ်မိုး စောင့်စား နေလျက် ..။ 

ရန်ကုန် တက္ကသိုလ် ကြီး ရဲ့   ရာပြည့် ပွဲ ကြီးကို..သမိုင်း အမှန်.. တွေ နဲ့.. ပျော်ရွှင်စွာ ဆင်နွှဲ နိုင်ပါ ရ ပါစေ လို့.. ရည်စူး မျှော်လင့် ရင်း.. နှစ် ၉ ၀ ပြည့် တက္ကသိုလ် နန်း ကြီး .. အတွက်..







 


Share/Bookmark

Merry Christmas is Merry Christmas

ခရစ်စမတ် .. အခါသမယ ကို ရောက် လာ ပြန်ပြီ။ 

ပတ်ဝန်းကျင်မှာ.. အနီရောင်.. အစိမ်းရောင်.. ရွှေရောင်..ငွေရောင်တွေ.. တလွင်လွင် လွင့် နေ ပြန်သည်။
ရပ်ဝေး ..ရပ်နီး.. ခရီး စဉ် များက.. မရောက်ဖြစ်တာ ကြာပြီ ဖြစ်သော.. အိမ် များ ဆီ သို့...။


ဈေးကြီး တွေ တိုင်း မှာ..လူတွေ ကြိတ်ကြိတ် တိုး နေ သည်။
ဆိုင်တိုင်း ရဲ့ ရှေ့ မှာ ..စန်တာကလော့ ဦးထုပ် ဆောင်းထားတဲ့.. ဈေးကြိုတွေ နဲ့.. အရောင်း မြှင့်တင် နေ ကြ သည်။
စန်တာကလော့ ၀တ်စုံ လို့.. ပြဌါန်းခံ လိုက်ရတဲ့..အဖြူရောင် အနားကွပ် နဲ့..အနီရောင်..အနွေးထည် ထူထူကြီး ကို ၀တ်ဆင် ထား ရ တဲ့.. လူကြီး ခမျာ.တော့... ဒီဇင်ဘာ နွေပူပူ မှာ..ချွေးတွေ တပြိုက်ပြိုက် ကျ နေရှာ ရော့ မည်။  ဒါပေမဲ့..သူ့မှာ.. မနားနိုင်ရှာ..။  တခါရိုက်.. တဆယ် နဲ့.. ဓါတ်ပုံ ရိုက်မည့်..ကလေး တွေ.. အတန်းလိုက် ကြီး..သူတို့ အမေ တွေ ရဲ့ လက်ကို ဆွဲရင်း..စိတ်လှုပ်ရှား စွာ..တန်းစီ စောင့်ဆိုင်း နေ ကြ သည်။


လက်ဆောင်  တွေ.. ဘယ်သူ့ ကို ပေးရ မလည်း လို့.. ဖိနပ် ဦးတည်ရာ.. ဈေး လျှောက် ပတ် နေရင်း.. အဆမတန် ညီးငွေ့ လာသလို ပင်။ 

. ဟ၀ှါ တို့ကို ..တခုခု ၀ယ်ပေး အုံးမှပဲ..

တော်ပါပြီလေ.. ပို့ ရ ပြုရ နဲ့.. ။ 

ဟိုတယောက် ကတော့..ငါ့ ကို..မနှစ်က..တကူးတက တောင်..ကဒ် ပို့ ရှာတာ..... 

အင်း..နက်ဖန် ပဲ..ခရစ်စမက်  ဖြစ်နေပြီ.. မှီ မှာလည်း မဟုတ် တော့ ပါဘူးလေ.. နေပါစေ တော့..။ 

နက်ဖန် .. ဘုရားကျောင်းသွားရင် တော့ ..သင်းအုပ် ဆရာ လင်မယား အတွက် ...တခုခု ပေး မှ..။ ဟောဒီမှာ..ယောင်္ကျားကိုင် လက်ကိုင်ပုဝါ တွေ.. ဗူးလေး နဲ့ ထုပ်ထားတာ.. အသင့် ပေး ယုံပဲ...။ တရားဟော ဆရာ တွေ တော်တော်များ စကားပြော ရင်း..တရား ဟောရင်း.. ခဏခဏ မျက်နှာ ကို ချွေး သုတ် တာ မြင်ဘူး သည်။ ချောကလက် ဗူး လည်း ကောင်းတာပဲ..။ နေပစေ တော့ ဟာ.. ဦးဏှောက်စား လည်း သက်သာ.. ၀န်လည်း ပေါ့ တဲ့.. Gift card တခု ပဲ ပေးလိုက် တော့ မည်။

အဲဒီ ဈေးကြီး ထဲက..ထွက်လာခဲ့ တဲ့ တိုင် အောင်..သူ့လက် ထဲ..ဘာပစ္စည်း မှ.. ပါမလာ ခဲ့..။ သူ့ရင်ထဲ မှာလည်း ..ခရစ်စမတ် မုဒ် ဆိုတာ ကြီး.. ပါ မ လာ ခဲ့ .။ တကယ်တော့..သူ့ရင်ထဲ မှာ.. ဘာ မုဒ် မှ..ကောင်းကောင်း မခိုအောင်း နိုင် တာ.. ကြာ ပြီ..။ အတုအယောင် မုဒ် တချို့နဲ့ သာ.. အခိုက် အတန့် နေပျော် အောင် နေ .. နေ ဖြစ် သည်။ အသက်က.. စကား ပြော လေ သလား..။ လူ ကတော့.. စကား နည်း နေ သည်။ 

တီဗွီ က လာတဲ့.. အဆိုတော် တွေ ရဲ့.. Carol သီချင်း တွေ.. နားထောင် ရ တာလည်း.. ဂျင်ဂဘဲလ် နဲ့.. စန်တာ  ထဲ မှာ ပဲ လည်နေ သည်။ မြို့ ထဲကို ဆင်းလာတဲ့..စန်တာ ကလော့  တဲ့...။ ကလေး တွေ က.. ပျော်ကြ သည်။ သူတို့ လေး တွေ.. စိတ်ထဲ မှာ..တကယ့်.. တန်ခိုးရှင် ကြီး လို့ ထင်အောင်.. လူကြီး တွေက.. အမျိုးမျိုး တင်ဆက် ဖြေဖျော် ကြ သည်။ ညကျရင် လည်း..အိမ်မှာ.. ကလေး တွေ အိပ်တုန်း...လက်ဆောင်တွေ.. အသာလေး..ခြေအိတ် ထဲ ထဲ့ ဖို့..စီစဉ် ကြ အုံး မည်။ 

ညနေ သတင်း လာ နေပြီ..။ တီဗွီ ရမုဒ် ကို ကိုင်ပြီး.. လိုင်း ပြောင်း လိုက်သည်။ ခရစ် စမတ် မှာ..ဘာသတင်း မှ သိပ် မထူး လှ သလို...။ ဒါပေမဲ့.. သူ့ အတွက် တော့.. အခုန.. သီချင်း အစီ အစဉ် တွေ.. ထက် ပို စိတ်ဝင် စား စရာ ပိုကောင်း သည် ဟု ထင် မိသည်။

အာဖဂန် စစ်မြေ ပြင် ရောက်.. သြစတြေလျ စစ်သား တွေက.. တီဗွီ ဖန်သားပြင် က တဆင့်..သူ တို့ မိသားစု ချစ်ခင်သူ အသီး အသီး ကို.. စကား လက် ဆောင် တွေ ပေး နေ သည်။ ဒီလို ပါပဲ လေ..။ စစ် ဆို တာ တွေ ကတော့.. ချစ်ခင်သူ တွေ နဲ့ အတူ နေလို့  မှ မရ တာ..။ ရန်သူ တွေ နဲ့ သာ အတူ နေ ရ တာလေ..။

အီရတ် က.. လူနည်းစု ခရစ်ယာန် တွေ က တော့..ဒီ နှစ် မှာ..ခရစ်စမတ် ပွဲ တော် မကျင်းပ ဖြစ်တော့ ဘူး တဲ့..။  မနှစ်က.. ဘုရားကျောင်း ၀င်ရောက် တိုက်ခိုက် မူ အတွက်ရော.. အကြမ်းဖက် ခြိမ်းခြောက် မူ များ ကြောင့် ရော.. အန္တရယ် ရှိ တဲ့ အတွက်.. သင်းအုပ် ဂိုဏ်းချုပ် များက.. ဆုံးဖြတ် လိုက် ခြင်း ဖြစ် သည် တဲ့..။ ရင်နာ စရာ ပါလား..။ ဒီဖက် ကမ္ဘာခြမ်းက.. တဆင့်ခံ ခရစ်ယာန် တွေ ကတော့.. မီး ရောင် တွေ တထိန်ထိန်.. သီချင်းသံ တွေ စီညံ စွာ နဲ့.. ခရစ် စမတ် ကြီးကို ခံစား လို့..။  သူတို့ လို.. ၁ ရာစု..အဦးဆုံး.. အစောဆုံး..ခရစ်ယာန် စစ်စစ်ကြီး တွေ အတွက် တော့.. ခရစ်စမတ် ဆိုတာ.. ကိုယ့်ဘုရားကျောင်း လေး ထဲမှာ ပဲ..  ခပ်တိုးတိုး ကျင်ပ ကျ ရ တဲ့.. နေ့ မြတ် တခု တဲ့ လား..။

ကြည့်စမ်း.. နောက် သတင်း တပုဒ် က ...ရှာရှာ ဖွေဖွေ..။  ခရစ် စမတ်  ဈေးကွက် ရဲ့.. အဓိက..ဇတ်ဆောင် ကြီး.. စန်တာ ကလော့ ရဲ့  .. မူလ ဇစ်မြစ် .. သူတော်စင် စိန့် နီကိုလပ်စ် .. မွေးဖွား ရာ..တူရကီ နိုင်ငံ က.. မြို့လေး အကြောင်း..။       စိတ်ဝင်စား စရာ...။        (ဘာရယ်.. )   အဲဒီ မြို့ မှာ တော့.. ခရစ်စမတ် ပွဲ မကျင်းပ ဘူး တဲ့..။ ထူးဆန်း လိုက်တာ..။ တမြို့ လုံး တိတ် ဆိတ် လို့...။  ရှေးဟောင်း ဘုရား ကျောင်း လေး တခု ရှေ့ က.... ကျောက်ရုပ် ကြီးကို.. အသေအချာ ရိုက်ပြ နေ သည်။ ကလေး တယောက်ကို လက်ဆွဲ ပြီး..ကျောပိုး အိတ်ကြီး ထဲ မှာ.. ပစ္စည်း ပစ္စ ယ တွေ နဲ့.. စိန့် နီကိုလပ်စ် ဆိုတဲ့..လူကြီး ကို ကြည့်ရတာ.. ညနေက..မြင်ခဲ့တဲ့.. ချွေးစေး တွေ ပြန်နေ တဲ့..ဘိုးဘိုး စန်တာ ကလော့ ကြီး နဲ့ လည်း မတူ ပါလား နော်။ 



ဟော.. အစ္စရေး နိုင်ငံ ..ဘစ်သလင်ဟမ် မြို့  က..ဘုရားကျောင်း တခု မှာ.... အောသိုဒေါ့စ် ခရစ်ယာန်တွေ နဲ့.. အာမေးနီးယန်း တွေ..နေရာလု ရင်း..  ရန်ဖြစ် ကြ လို့.. ပါလက် စတိုင်း ရဲ က.. ၀င် ဖြန်ဖြေ ရ တယ် ဆိုပါလား....။ မျက်မှောင်ကျုံ့ ရင်း.. အော် ရီ ပြစ် လိုက် မိ တော့ သည်။  ခရစ်တော် ရဲ့ မွေးနေ့ မှာ.. ခရစ်တော် မွေးဖွား ရာ မြို့လေး ရဲ့ သတင်း က.. တကယ့် ရီစရာ သတင်း..။ 

တီဗွီ ပိတ်တော့.. အင်တာနက် ပေါ့ ကွာ.. ။ ဘာရ မလည်း..ဒီခေတ် ထဲ..
ဘလော့ တွေ မှာ လည်း.. ခရစ်စမတ် တွေ တန်းစီ နေ သည်။.. ကိုယ်လည်း ၀င် တန်းစီ လိုက် အုံး မည်။ 
ဘာမှ အထွေ အထူး ရေး စရာ မရှိ လည်း.. လုပ်နေ ကြ အတိုင်း.. အဟောင်းလေး တပုဒ် လောက် ပြန်တင် လိုက် အုံး မည်။  

ဘာပဲ ဖြစ်ဖြစ်.. Merry Christmas  is Merry Christmas. :)

 ----------------

 

Dec 25, 2007

အဦး ဆုံး ခရစ်စမတ်

လွန် ခဲ့တဲ့ နှစ် ပေါင်း ၂၀၀၀ ကျော် က.. အဦး ဆုံး ခရစ်စမတ် နေ့မှာ တော့.. ဒီလို မီး ရောင် တွေ မဆိုထား နဲ့... ပျော် ရွှင် ဖို့ နေ နေသာသာ....ရောမ အာဏာ ပိုင် တွေ ဆင့်ခေါ် တဲ့ .. သန်းခေါင် စာရင်း ကောက် ပွဲ အတွက်.. အနီး အပါး ရွာ နီး ချူပ်စပ် က.. ရောက် လာ ကြတဲ့.. လူတွေ နဲ့.. ရုတ် ရက် ခတ် နေတဲ့...ဘတ်သလင် ဟမ် ဆိုတဲ့ မြို့ ကလေး မှာ.. ကိုယ်ဝန် အရင့်အမာ အမျိုး သမီး တယောက် နဲ့ သူ့အမျိုးသား ဟာ.. အေးစက် တဲ့ ည အမှောင် ကြား.. တည်းခို စရာ ရှာ မရ နိုင် အောင် ရှိ နေခဲ့တယ်။ နောက် ဆုံး တော့.. ကြင် နာ တတ်တဲ့ ထမင်းဆို င် ရှင် တယောက် ကြောင့်..ထမင်း ဆိုင် နောက်က.. မြည်း ဇောင်း မှာ.. ဂျုံရိုး တွေ ကြား.. နွေး နွေး ထွေး ထွေး နား ခို နိုင်ခဲ့တယ်။ အလှုပ် အရှား များ..ခရီးပန်း လို့ထင့်... အဲဒီ ည မှာပဲ.. ကလေး မီးဖွား ဖြစ် ခဲ့တော့တယ်။ အဲဒီည က..ကောင်းကင်မှာ ကြယ်တွေ နက္ခတ် စုံ ခဲ့တယ်တဲ့။

ခရစ်တော် နှင့် ယုံကြည်သူများ

စဉ်းစား ကြည့်တယ်..ခုနေများ.. ကမ္ဘာကြီး ရဲ့ ..တနေရာ ရာ မှာ..ခရစ်တော် မွေး လို့တဲ့..ဆိုရင်.. ဟောဒီ ခေတ် လူတွေ..ယုံ ကြပါ့မလား...

အဲဒီ အချိန် တွေ တုန်း ကတော့.. ရောမအင်ပါယာ ကြီး အောက် မှာ..ပြားပြား မှေက် နေရတဲ့.. ဣသရေလ (ဂျူး) လူမျိုး တွေ အတွက် .. ခက်ခဲတဲ့ နေ့စဉ်ဘ၀.. ကြပ်တည်းတဲ့..အခွန် အခ တွေ အောက်မှာ..မျှောင်လင့်ချက် တွေ ကင်းမဲ့ နေတုန်း.. စိတ်တက် ကြွ စရာ သတင်း ကောင်း တခု ဖြစ်လာခဲ့တယ်။ ဒါပေမဲ့.. ရောမ မင်းစိုး ရာဇာ တန်းဝင်..ဣသရေလ အမျိုးကောင်းသား..ကျမ်းတတ် ပေတတ် .. အထက် တန်းလွှာ တွေ အတွက် တော့..မျက် ခုံး ခပ်လှုပ်လှုပ်ပါပဲ။ အထူး သဖြင့် ..၀တ်ရုံ ကြီး တွေ ဆင်မြန်းထားတဲ့.. အမိန့်အာဏာ တွေကို တဆင့် ကန်ထရိုက် ရထား တဲ့.. ဂျူး ဘာသာ ရေး ခေါင်း ဆောင် တွေ ကတော့.. အံသွား ကြိတ် ခဲ လျက် ပေါ့။ ဒီလို နဲ့ပဲ.. ဂျူးလူမျိုးစု.အခြေခံလူတန်းစား တွေ ကြား မှာ..နာဇရတ် မြို့သား ယေရှု ဟာ.. အထူး အားကိုး ချစ် ခင် စရာ .. သခင် ဖြစ် လာ ခဲ့ တော့တယ်။


ခရစ်တော် နှင့်..ဟစ်ပိုကရစ် များ


ဟစ်ပိုကရစ် ( Hypocrite) ဆိုတာကို.. ကြောင်သူ တော် များ လို့အလွယ် ပြန် မလား။

အပြင် ပန်း မှာ.. ပညာ တွေ..ဂုဏ်တွေ..ဘုရား တွေ..တရား တွေ.. အလှူ တွေ အတန်းတွေ.. ငွေ တွေ ရွှေ တွေ ပြည့် နေ ပေမဲ့.. အတွင်း စိတ် ဖောက်ပြန် သူတွေ.. ပေါ့။ စိတ်ကြိုက် ထပ် ဖြည့် ရ ရင်တော့..အဓိပ္ပါယ် မရှိ တဲ့ လုပ်ရပ် တွေ ကို..လှလှပပ လုပ်ပြ နေသူတွေ လေ။

ဘုရားသခင် ရွေး ချယ် သော လူ မျိုး တော် ဆိုတဲ့.. ဂျူး ဘာသာရေး ခေါင်း ဆောင် တွေ ..တွင်တွင် ရွတ်ဆို နေတဲ့..စကား ကို.. လူသား တိုင်း အတွက် ..ကယ် တင် ခြင်း ဆိုတာနဲ့.. ယေရှု က..အစားထိုး ခဲ့တယ်။ ဥပုပ် နေ့မှာ..ဘာလုပ်သင့် တယ် ..ဘာမလုပ် သင့် ဘူးဆိုတဲ့.. ထုံးတမ်း တွေ ကို .. နာမကျန်း သူ တွေကို တွေ့တဲ့ နေရာ..တွေ့တဲ့ အချိန်မှာ.. အနာ ရောဂါ တွေ.. ပျောက် စေ ခဲ့ခြင်း နဲ့..မှေးမှိန် စေခဲ့တယ်။ သာသနာ ရေး ဆိုင် ရာ အဆောက် အဦပေါ် တက်ပြီး... အလှူ ငွေ ကောက် နေတဲ့သူတွေ.. စီးပွား ရှာ နေတဲ့..သူတွေကို.. စိတ်လိုက် မန်ပါ ..မောင်းချ ပြစ် တာ ကတော့.. ပြော စရာ ကို ရ ရော ။


ခရစ်တော် နှင့် လက်ကိုင်တုတ်များ


ရုပ်ရှင် ဇာတ် လမ်း တွေထဲ မှာ.. `သတ် ပြစ် ..သတ်ပြစ် ´လို့..ကြွေးကြော် နေကြတဲ့.. ဂျူး လူ မျိုး တွေ ရဲ့ အလယ်.. ရော မ လက်မရွံ့ စစ်သား တွေရဲ့ အရှေ့မှာ..နာဇရတ် မြို့သား ယေရှု တယောက်.. သွေးသံရဲ ရဲ နဲ့ ခံစားနေ ခဲ့တာ ကို..နားမလည် နိုင် ခဲ့။ ကိုယ့် လူ မျိုး တူ.. ဘ၀တူ..နင်းပြား ချင်း များ..ဘာလို့..ဒီလောက် အသဲအမဲ ဖြစ် နေရ ပါ လိမ့် ဆိုတာ ကိုပါ။ တကယ် ဆို..အဲဒီ လူအုပ် ကြီး ရဲ့ နောက်ကွယ် မှာ.. ဂျူး ဘာသာ ရေး ခေါင်း ဆောင် တစု.. သူတို့ ရဲ့ ရပ် တည် မူ အတွက်..ကြီး မြတ် မူ အတွက်.. အရှိန် အ၀ါ အာဏာ တွေ အတွက်.. ငွေထုပ် ကြီး ပိုက် ပြီး.. စောင့် နေ နိင် တယ် ဆိုတာကို..မတွေး မိခဲ့တာ နော်။ အဲဒီ အခင်း အကျင်း တွေ အကုန် လုံး ကို `အေန´ ဆိုတဲ့..ဂျူး ဘာသာရေး ခေါင်း ဆောင် ကြီး တယောက်က.. စီစဉ် ခဲ့တယ် ဆိုတာ.. မှတ် တမ်း တချို့ ရှိ နေခဲ့တယ် တဲ့။ အဲဒီ လူ အုပ် တွေ ထဲမှာ.. ယေ ရှူ ကို .. မျက် မှောက် ဘ၀ တွေ မှာ ချက် ချင်း လက်ငင်း ကယ်တင်မဲ့ နိုင်ငံရေး ခေါင်း ဆောင်.. တော်လှန် ရေး ခေါင်း ဆောင် တယောက် အဖြစ် မျှော်မှန်း ခဲ့ပြီး၊ မှန်း ချက် နဲ့ နှမ်း ထွက် မကိုက် လို့.. စိတ် ပျက် နေတဲ့..လူ တစု လဲ ပါကောင်း ပါ နိုင် ပါလိမ့်မယ်။


ခရစ်တော်..ရှုံး သူလား..နိုင်သူလား


နာဇရတ် မြို့သား ယေရှု ကို .. ရက်ရက် စက် စက် သတ် ပြစ် လိုက် နိုင် ပါပြီ။ ကိုယ့် ကို ကိုယ် ..ပြန် ကယ် တင် အုံးလေ ဆိုတဲ့..လှောင်သံ တွေ အောက်မှာ..တည် တည် ငြိမ် ငြိမ် ... သေ ပြ သွား ခဲ့ ပါပြီ။ သူပြောခဲ့တဲ့ ..သူဟော ခဲ့တဲ့..တရား တွေ အတွက်..တာဝန် အပြည့်ယူသွား ခဲ့ ပါ တယ်။ သူ ရှုံး သွားခဲ့ တာလား။ သူ အခု ရှုံး နေတုန်းလား။

မာတင်လူသာကင်း .. အသတ် ခံလိုက် ရတယ်။ သူပြော တဲ့.. ပြုပြင် ပြောင်းလဲရေး တရား တော် တွေ..ရော အသတ် ခံ လိုက် ရလား။ ဂန္ဒီကြီး.. လုပ်ကြံ ခံ လိုက် ရတယ်။ သူ ဖော် ဆောင် ခဲ့တဲ့.. ငြိမ်းချမ်း ရေး လမ်းစဉ် ပျက် ပြုန်း သွား သလား။ အယုံ အကြည် မဲ့သွားလား။ ကောင်း မြတ် ခြင်း တရား တွေ ကို..ဘယ်လူ မျိုး..ဘယ် ဘာသာ ရေး ကမှ.. တီထွင် ခဲ့တာ မဟုတ် ပါဘူး။ သစ္စာ တရား ပါ။ နေရာ တိုင်း မှာ ရှိ နေပါတယ်။ နှလုံးသား တိုင်း ကလည်း..နှစ် ခြိုက် ကြ ပါ တယ်။


+++++++++++++++++++

အားလုံးပဲ..ငြိမ် သက်ခြင်း.. ရွှင် လန်းခြင်း.. နှစ် သိမ့်ခြင်း.. ယုံကြည်မျှော်လင့်ခြင်း နဲ့ မေတ္တာတရား များ .. ပွားများ ကြပါစေ။












Share/Bookmark

ကာတွန်းတွေ နဲ့ တွန်းကာ တိုက်ကာ

တလောက.. face book မှာ.. ကလေးသူငယ် အကြမ်းဖက်မူ ပပျောက်ရေး လှုပ်ရှားမူ အဖြစ်.. လူမျက်နှာ ပုံတွေ အစား.. ငယ်ဘ၀ ကာတွန်းလေး တွေ အသုံးပြု ကြဖို့  ဆိုပြီး အော် ကြ သည် ။

တော်တော် များများ ကတော့.. နိုင်ငံခြား ကာတွန်းရုပ်ရှင် ဇတ်ကောင်လေး တွေ နဲ့ ထွက်လာ ကြသည် ။ တချို့ လည်း..သမိန်ပေါသွပ်.. လေးလေးဇာ.. တွတ်ပီ.. စုံ နေ တော့ တာပဲ။  အဲဒါနဲ့  ကိုယ်လည်း ငယ်ဘ၀ က.. အကြိုက်ဆုံး နဲ့ အမှတ်ထင်ထင် အရှိ ဆုံး ကာတွန်း ဆို တာတွေ ထဲက  ပြန် စဉ်းစား ကြည့် တယ်။

ကာတွန်း တွေ ကတော့..စုံနေ အောင် ဖတ် ခဲ့တာပဲ။ ကလေး တွေ သီးသန့် ဖတ်ဖို့.. တေဇ ရုပ်စုံ ထဲက.. ဦးဘကြည်  ကာတွန်း လေး တွေ က..အစ..လူကြီး တွေ ဖတ်တဲ့..မြ၀တီ..ငွေတာရီ ထဲက.. မောင်စိန် ရဲ့.. တကြောင်း ဆွဲ လက်ရာ လေး တွေ ထိ.. မှတ်မိ နေ သည် ။ ဒါပေမဲ့..ဇတ်ကောင် လေး တွေ နဲ့ တွဲပြီး အခု ထက် တိုင် ..စွဲထင် မှတ်မိ နေ တာ လေး တွေက တော့.. သိပ် မ များ လှ..။

တေဇ ရုပ်စုံ ထဲ က ဆိုရင် ..ဦးဘကြည် ဆွဲ တဲ့.. တေဇ သု နေ မ ဘူ စန် ဒါ ၀ိ ဝေ .. ဇတ်ထုပ် ။ ၀ါးဆစ် စုဗူးကြီး ထဲက..ပိုက်ဆံ တွေ ထုတ်ရေ တဲ့..သူဌေးကြီး ဦးဘောဂ..။  အပျင်းကြီး တဲ့ မနှင်းလေး... ဆိုရင် ...ထပ်ကာ ထပ်ကာ ဖတ်ရင်း....သူ့နေရာ  ကို  ကိုယ် တိုင်ပဲ.. ရောက် နေ သလို လို..။ ဘာအလုပ်မှ မလုပ်ချင်..အချိန် ရွှေ့ တတ် တဲ့..မနှင်း လေး တယောက်.. မနက် ကျောင်းသွားဖို့.. အကျီ င်္ ကြီး က..သူ့ဖာသူ ခေါင်းပေါ်က..စွပ်ကျ လာ.. လုံချည်ကြီးက..လာပတ်.. ထမင်းကြော် ပူပူ တွေ..ပါးစပ် ထဲ အတင်း ၀င်လာ တော့ မှ.. အိပ်မက် က လန့်နိုးပြီး.. သူ့တာဝန် တွေကို ပုံမှန် လုပ် တတ် လာ တဲ့..ကာတွန်း လေး ကို..ခုထိ မမေ့ နိုင် ပါ။ ကလေး တွေ အတွက်..ချက်ခြင်း ကြီး လိမ္မာ လာအောင် လုပ်ပေး တာ မျိုး မဟုတ်ပေမဲ့ လို့.. စာအုပ် စာပေ နဲ့ ယဉ်ပါး ရင်း..မသိမသာ.. ပြုပြင် သွန်သင် သွားတဲ့.. တေဇ ရုပ်စုံ ကာတွန်း လေး တွေကို..အခု ထိ လွမ်းတမ်းတ နေ မိ ရ တော့ သည်။

တမ်းတ မိ တယ် ဆိုတာက .. အခု ခေတ် ကလေး တွေ မှာ ရော..ဘယ်လို..ကလေး စာပေ တွေ ရဲ့ သွန်သင် မူ တွေ ရှိ နေ သလည်း ဆိုတဲ့.. စိတ်ဝင်စား မူ ကြောင့်ပါ။ တူတွေ..တူမ တွေ ခေတ်မှာ.. .. တတိုင်းမွှေး ကာတွန်း ရုပ်စုံ ဆိုတာလေး တွေ တွေ့ တော့..ကောက်လှန် ကြည့် မိ သည်။ တော်တော် များများက.. Walt Disney ကာတွန်း တွေ ကို.. ဗမာ မူ ပြု ပြီး ပြန်ဆွဲ ထား တာတွေ တွေ့ ရတော့.. ဘ၀င် က..မကျ ချင်။ နိုင်ငံ ခြား ကာတွန်းလေး တွေကို လည်း.. .နှစ်သက် တာ က..တပိုင်း ပေ မဲ့.. ကိုယ်ပိုင် တီထွင် ဖန်တီး တဲ့..ဗမာ ကာတွန်း လေး တွေ .. ဒီ့ထက် များ စေ ချင် သေး သည်။

ခေတ်တွေ မတူ တာ က တော့.. လက်ခံ ပါ သည်။ အခုခေတ် ကလေး တွေ မှာ..ဖျော်ဖြေစရာ ပစ္စည်း ကိရိယာ.. အသုံးခံ တွေ..များလွန်း လှ သည်။  အဲဒီ တော့ လည်း..ဘ၀င် မကျ တာတွေ..အသာ ထား ပြီး.. ကိုယ် ကြီးပြင်းလာရာ လမ်း တလျှောက် က.. ကာတွန်း လေး တွေ အကြောင်း သာ..စိတ်ချမ်းချမ်း သာသာ နဲ့.. ဆက်တွေး ပြစ် လိုက် သည်။

ကိုယ် တို့ တွေ.. နည်း နည်း ကြီး လာတော့..“တေဇ”  တို့ “ ရွှင်ပြုံး”  တို့ အပြင်...“ မိုးသောက်ပန်း”  ဆိုတာ လေး ပေါ်လာ သည်။  “ ကလင်.. ကလင်..ကလင် ” ဆိုတဲ့.. စာအုပ်ကိုယ်စားလှယ် အိမ်က.. အမ ကြီး ရဲ့ ...စက်ဘီး ဘဲလ် သံ လေး  ..အိမ်ရှေ့က ကြားတာနဲ့..   စာအုပ် ကလေး တွေ ..ပြေးထွက် ယူ ရင်း .. ရင်ခုန် ပျော်ရွှင် ခဲ့ ရတဲ့.. ရိုးရိုး ရှင်းရှင်း ငယ်ဘ၀ တွေ က .. တကယ့်ကို လွမ်း စရာ..။

အဲဒီ တုန်းက.. မိုးသောက်ပန်း ထဲ မှာ.. ကာတွန်း ပိုးဇာ ရဲ့.... လေးလေး မောင်မောင်ဇာ တူအရီး စီးရီးတွေ  မတိုင် ခင် .. ကလေး ကြီး အရွယ်တွေ ဖတ်ဖို့.. ဇာတ်ကောင်လေး တွေ ရှိဖူး သေး သည်။“ ငြိမ်းသွဲ့ ကို”  နဲ့...ညီအမ တွေ အကြောင်း..။ ကျန်တဲ့ ညီမ တွေ က တော့.. ဘာ “ကို” တွေ လည်း... သိပ် မမှတ်မိ တော့..။ လေးမွန် ထွေးမွန် လောက်.. လျှာမစွဲ.. လူကြိုက် မများ တာ တော့..သေချာ သည်။ ကိုယ်တွေ ကလည်း.. မောင်နှမ ၀မ်းကွဲ တွေ လေးငါး ဆယ်ယောက် ..တခြံ တည်း တစု တဝေး နေ ကြ တော့.. စာအုပ် အသစ် ရောက်ပြီ ဆိုတာ နဲ့.. သူ့ထက် ငါ ဦး .. လုယက် ဖတ် ကြ ရ တဲ့..ဘ၀ ကလေး က.. ခု နေ ပြန် တွေး တော့..ရီချင်..ပြုံးချင်..လွမ်းချင်စရာ ရယ်..။  ပြီးရင် တော့ .. အဲဒီ စာအုပ် တွေကို.. လစဉ်.. မျိုးတူ ရာ.. စုပြီး တွဲချုပ် အဖုံး ဖုံး.. ခေါင်းစည်း ထိုး..အမှတ်စဉ် ထိုး ရ တဲ့ အလုပ်ကို.. ရေးကြီး ခွင်ကျယ် မဟာ တာဝန် ကြီး လို ထင် ပြီး.. အိမ်က..စာအုပ်စင် ပုပု လေး ကို..ဥစ္စာခြောက် သူက.. ဘယ်သူ ရှိ မတုန်း..။

တလ မှ.. တအုပ် စ  နှစ်အုပ်စ စောင့်ဖတ် ရ တဲ့...ကလေး စာစဉ် တွေ နဲ့ တင် .. သူတို့.. မောင်နှမ  တွေ.. မလုံ လောက် ပါချေ။ ဒီလို နဲ့ ..နွေရာသီ ကျောင်းပိတ် ရက် တွေ မှာ.. လမ်းထိပ်က..စာအုပ်ဆိုင် ကို သွားပြီး.. တရက်.. တမတ် တန်.. ကာတွန်း ရုပ်ပြ အဟောင်း လေး တွေ.. ငှါးဖတ် တတ်လာ ပြန် သည်။ ရုပ်ပြ ကာတွန်း လုံးချင်း တွေ ထဲ မှာ..သူတို့ အသဲစွဲ  ကြ တာ တွေက.. ကာတွန်း- သန်းကြွယ် ရဲ့.. “မာတလိ”  တို့.. “ ဖိုးဝ” တို့...။ နောက်.. ကာတွန်း - အောင်ရှိန် ရဲ့.. “ခင်မောင်သိန်းထွန်းဝင်း..ဦးကပ်စီး.” တူအရီး..နဲ့  ဦး ရှံစား..။  “ဦးစိတ်တို”  နဲ့..“မျောက်ညို” .။  တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ... အင်း..ပြန်စဉ်းစား ရင်း ထွက်လာလိုက် တာ..မနည်း မနော ပါလား..။

တရက် မှာတော့.. သူတို့ မောင်နှမ တွေ.. စာအုပ်ဆိုင် က..အပြန်မှာ..ခေါင်းချင်းဆိုင်ပြီး.. အကြီးအကျယ် ဆွေးနွေး ဖို့ ကိစ္စ တခု ပါလာ ခဲ့ သည် ။ အဲဒီ ည က..စ ပြီး.. စာအုပ် ဆိုင် ရဲ့.. ခပ်မြင့်မြင့် တန်းပေါ် မှာ.. ချိတ်ထားတဲ့..ကာတွန်း သန်းကြွယ် ရဲ့.. “ အသေ အလဲ ရွှေမဲ တိုက်ပွဲ ” ဆိုတဲ့..တလက်မ ကျော် လောက် ထူတဲ့.. လုံးချင်း ကာတွန်း စာအုပ် ကြီး ကို.. တရက် ၂ ကျပ် နဲ့..ဘယ်လို ငှားဖတ် ကြ မလည်း ဆိုတာ က..သူတို့ ရဲ့.. အရေးကြီးတဲ့..အာဂျန်ဒါ တခု ဖြစ် သွား တော့ တယ် ။ သိပ် အကြာ ကြီး တော့..မစောင့် လိုက်ရ ပါဘူး...။ တယောက် တမတ်.. သူတို့ လက် နဲ့ ပဲ.. အာရပ်စော်ဘွားကြီး တွေ ဇတ်ရံလုပ် ထားတဲ့... သဲထိတ် ရင်ဖို စွန့်စားခန်း ကာတွန်းစာအုပ် ကြီး..သူတို့ လက်ထဲ ပါလာ ခဲ့....အဲ့....အဲ့... အဲ့....

သန်းကြွယ် ရဲ့ စွန့်စားခန်း ကာတွန်း တွေ မှာ.. ဇတ်ကောင် တွေ  ဖြစ် လေ့ ရှိ သလိုမျိုး .. စကားမဆုံးခင်...  အဲ့.. အဲ့.. ဖြစ်သွား ရတာ ကတော့.. သူတို့ မောင်နှမ တွေ..လု ဖတ်ရင်း.. ရှေ့ဆုံး စာရွက် တရွက် ပြဲ သွားလို့... အိမ်က လူကြီးတွေ က စိုက်ပြီး.. ၅ ကျပ် အလျော် ပေး လိုက် ရ တာ ပါပဲ..  အဲ.. အဲ..း))

အတွေး တွေ နဲ့ ..ပြန်ပြီး ပြုံးပျော် သွားရင်း.. ကဲ.. အခု ဖဘ က.. ပရိုဖိုင်းလ် အတွက်..သန်းကြွယ် ကာတွန်း လေး တင်မယ် ဆို.. ရှာကြည့် တော့..ဘယ်မှာမှ မတွေ့ တော့ဘူး..။ အဲဒါ နဲ့.. သန်းကြွယ် ထက် တဆင့်တက် ပြီး..လူကြီး ဆန်ဆန် ဟာသ တွေ..ဒိုင်တွေ နားလည် တတ်စ ပြု ချိန် မှာ.. အသဲစွဲ ကြိုက် ခဲ့ တဲ့.. ကာတွန်း- တင်အောင်နီ ရဲ့.. ပြာဂလောင်..ပြာလချောင် ဆီ ကို.. ရောက် သွား ပြန် တယ်။ တင်အောင် နီ ရဲ့ ကာတွန်း တွေ က.. အတွေးအခေါ် အားကောင်း မှ.. ရီ နိုင် တာ မျိုးပါ..။ တံတွေး စင် လို့.. ထီးလေး မိုးပြီး.. ဖြတ်သွားတဲ့..ပုရွက်ဆိတ် ကလေး လို မျိုး.. အားဖြည့် ဇာတ်ရံ တွေ တပုံတပင် ကြားမှာ .. မူလ ဇတ်ကောင် ပြာလောင် ထက် ပို ပြီး ..နှစ်သက် မိ တာက.. ကိုထူးဆန်း..ခင်ချောဆွိ တို့  ရဲ့ ရင်နှစ် သည်းခြာ..အမြွာ ညီအကို..ပြာဂလောင် ပြာလချောင် ကို ပေါ့..။ အိမ်မှာ လူကြီး တွေ မရှိ တုန်း..အဆော့လွန်ပြီး.. အောက်ကို ပြုတ်ကျ သွားတဲ့.. ဗီးနပ်စ် ရုပ်တု ကို .. လက် တဖက် ပြုတ် သွားတယ် ထင်ပြီး.. လူကြီး တွေ ပြန်မလာခင်.. ဂျုံမုန့် တွေ  ရေနဲ့ ဖျော် ပြီး ..လက်တဖက် ပြန်တပ် ထား ကြ တဲ့.. ညဏ်ကြီးရှင်  အမြွှာညီနောင် နဲ့..အပေါင်းအပါ.. သံခဲ..အကောက်..ရာမ တို့ သူငယ်ချင်း .. တအုပ်.. ။
ချစ်စရာ ကောင်းတာက..ကာတွန်း ဆရာက.. မြန်မာ့ ယဉ်ကျေးမူ လူ့အသိုင်းအ၀ိုင်း ပုံစံ လေး ကို ကိုယ်စား ပြု ထား ပုံလေး ။ ကုလားလေး က.. ရာမ.. ။ တရုတ်ကလေး က.. အကောက်.. ။ ယောင်ပေစူး နဲ့ တောသားလေး က..သံခဲ..။ ဘယ်လောက် multi-cultured ဖြစ် သလည်း နော်..။





အဲဒီ လို ပါပဲ..။  ကလေး ကာတွန်း ကနေ.. ရုပ်ပြ ကာတွန်း တွေ တဆင့် ဖတ် တတ်လာ တော့ လည်း.. တိုင်းရင်း သား တွေ ဆိုတာ..စုံလိုက် သမှ..။ မဆလ ခေတ်ကြီး ရဲ့.. “ အကျိုးပြု” ဆို တဲ့..အနုပညာ စာပေ သတ်မှတ်ချက် တခု ကို...လိုက်နာ ခြင်း ပေ ပဲ လား..။ တမင် များ.. အရွဲ့ တိုက် လေ သလား မဆို နိုင်..။ ရခိုင် လေး...စံရွှေမြင့်.. ကရင်မလေး..နော်ကူးမ.. ။ ကာတွန်း သိုက်ထွန်း ရဲ့.. တောပုန်း ..လူဆိုး ဇာတ်လိုက်..စောဂျင်မီ နဲ့.. ရဲစုံထောက်မလေး..နီနီမာ  ဆိုရင်..ခုနေ ပြန်စဉ်းစား ကြည့် တော့.. KNU လိုလို ဘာလိုလို..။ အဲဒီ တုန်းက.. ဖတ်လေ့ ရှိ တဲ့..တခြား ရုပ်ပြ တွေ ဆို.. မိုက်မိုက်( ပြည်)..သူ့ပန်းချီ  တွေ က..ကိုယ်ပိုင် ဟန် ရှိ သည်။ ပန်းချီ တောင် ပိုဆန် သလို..။ နောက်.. အရုပ်လေး တွေ လှလွန်း လို့.. လိုက် တုပြီး..ကူးဆွဲ လေ့ ရှိတာ က..ပန်းချီ- စောနန်း ရဲ့... လက်ရာ လေး တွေ..။ ရုပ်ရှင် ပိတ်ကား ပေါ် ထိ ရောက်သွား တာ ကတော့.. နေကျောက်ခဲ ပေါ့..။ ဘယ်လောက် တောင် ပေါက်သလည်း ဆို.. ရပ်ကွက် ထဲက.. နာမယ်ကြီး အရူး ကြီး တယောက် နာမယ် ဟာ ..နေကျောက်ခဲ လို့ .. တွင်ခဲ့ တဲ့ အထိ..။ နန်းဦး တို့..မင်းသိုက် တို့ ဆို တဲ့.. ရုပ်ပြ တွေ ကျ တော့..ရောင်းတမ်း သိပ်ဆန် သွား လို့ . မဖတ် ဖြစ် တော့..။ ရောင်းတမ်း ကာတွန်း ဆို တာ... အဲဒီ တုန်းက တော့.. သေချာ မသိဘူး ပေါ့။ နောက် ပိုင်း.. ပန်းချီ ဆရာ အသိ တယောက်.. ရန်ကုန် တက်သွားပြီး..ကာတွန်း ရုပ်ပြ တွေ မှာ လိုက်ဆွဲ နေ တယ် ဆို တော့ မှ.. သဘော ပေါက် တော့တယ်။ သူ တို့ တွေ က ... နာမယ် ရ ပြီးသား ရုပ်ပြ ဆရာ တွေ အတွက်.. ပန်းခြံ  တို့.. လမ်းပေါ် က.ဖြတ်သွား တဲ့ ကားတို့.. ဘာတို့..အဲဒီ လို..နောက်ခံ ရှုခင်း တွေ ကို.. အုပ်စလိုက်..အခ ယူ ပြီး ဆွဲ ကြ တာ တဲ့ ..။

ကဲ .. Face book က  childhood favorite  ဆိုလို့..ငယ်ကြိုက် ငယ်ချစ် တွေ လျှောက်ဖွ လိုက်တာ.. ကာတွန်း ရော..ရုပ်ပြ ရော..စုံ တကာ စိ သွားတော့ တာပဲ..။
-
ဒါတောင်.. ကာတွန်း- အော်ပီကျယ် တို့.. ဟန်လေး တို့ လို.. ကြီးကြိုက်.. သရော် ကာတွန်း လေး တွေ မပါသေးဘူး။ အခု ကြီး မှ သဘောကျ တာ က..  နိုင်ငံခြား မဂ္ဂဇင်း ..ဆောင်းပါး တွေ မှာ သုံးလေ့ ရှိတဲ့ .. သရုပ်ဖော်.. ကာတွန်း လေး တွေ ..။နိုင်ငံရေး သရော် ကာတွန်း လေး တွေ ဆို... များသော အားဖြင့်.. Caricature လေးတွေ နဲ့ လေ..။ ခုတလော ဆို .. အတိုက်အခံ အင်တာနက် စာမျက်နှာ တွေ မှာ အဲဒီလို.. သရော်စာ လေး တွေ နဲ့  တွဲ လို့.. သရော် ကာတွန်းတွေ လည်း .. ခပ်စိပ်စိပ် တွေ့လာရ တယ်။ ဟန်လေး အပြင်.. မိုးမခ မှာ ဆို..မောင်ရစ်..စောငို..ဘိရုမာ..  စသဖြင့် ...

တခါ တော့..အားကျ မခံ.. Weekly Eleven မှာ ရေးဖြစ်တဲ့..ဆောင်းပါး လေး တပုဒ် ကို.. အဲဒီလို ကာတွန်းလေး သုံးမယ် ဆိုပြီး.... တကယ့် ကော်မာရှယ် ကာတွန်းဆရာ တယောက် ရှာလိုက်တာ..ကိုယ့် အိမ် ထဲ တင် သွားတွေ့ တော့တာပဲ..။း)  အဲဒါနဲ့... ကိုယ့် အမ .. ကလျာမိတေ  ကို..ကာတွန်း တခန်း အပ်လိုက်ပြီး...Eleven  ကိုလည်း.. ကြိုပြောလိုက်တယ်။ ကျမ ဆောင်းပါး အတွက်..သရုပ်ဖော် ပုံပါ.. ပေးပါ့မယ် လို့...။ သူ တို့ ကလည်း.. ထဲ့ပေးရှာ ပါတယ်။ 




ဧပြီ ၂၀၀၇ .. Weekly Eleven ပါ.. ဆောင်းပါးလေး.. 



ကာတွန်း တွေ နဲ့.. ကာတွန်း ဆရာ တွေ ရဲ့.. စွမ်းအား နဲ့.. သက်ရောက် လွှမ်းမိုးမူ တွေ က.. တကယ်တော့.. မသေး လှ ပါဘူး။ ၀ယ် ဖတ်မယ်လို့  တေးမှတ် ထား ပြီး.. မဖတ် ဖြစ် သေးတဲ့.. စိတ်ဝင်စား စရာ ကာတွန်းလေး တအုပ် ရှိသေးတယ်။ အဲဒါက.. လွန်ခဲ့တဲ့..နှစ် ပိုင်း က .. ပုံနှိပ်ဖြန့်ချီ သွားတဲ့.. Guy Delisle  ဆိုတဲ့..ဗမာပြည်ရောက် သံတမန် မိသားစု ၀င် ကာတွန်း ပညာရှင် တယောက် ရဲ့..  Burma Chronicles ဆိုတဲ့..ကာတွန်း စာအုပ် ကလေး ပါ။ သူ့ အမျိုးသမီး တာဝန် ထမ်း တဲ့..ဗမာပြည်မှာ လိုက် နေရင်း.. အိမ်ရှင်ထီး ဘ၀ နဲ့.. ဗမာပြည်..ရန်ကုန် တကြော..သူတွေ့ ကြုံ မြင်သိ ခဲ့တာလေး တွေ ကို...ဘယ်လို သရုပ်ဖော် ထား သလည်း ဆိုတာ..သိချင် စိတ်ဝင် စားနေ မိ သည် ။ မျက်နှာဖုံးက.. ကလေး လက်တွန်းလှည်း လေး တွန်း နေတဲ့.. အမျိုးသား က.. ကာတွန်း ဆရာ ကိုယ်တိုင် ပင် ဖြစ်ပေ လိမ့် မည်။


 

မိတ်ဆွေ ကာတွန်း ဆရာ တယောက်က.. အဖော်စပ် လာတယ်။ အခုခေတ် နိုင်ငံခြားမှာ ကြီးပြင်းတဲ့ ကလေး တွေ အပါအ၀င်.. မြန်မာ ကလေး သူရွယ်..မျိုးဆက်သစ် လေး တွေ အတွက်.. ရှစ်လေးလုံး အရေးတော်ပုံ ကာတွန်း ကြီး တခု လောက် လုပ်ချင် တယ်တဲ့..။ သူ့စိတ်ကူး လေး က..ကောင်းပါတယ်။ ဒါပေမဲ့.. အတော်တော့..မလွယ် ဘူး ထင်သည်။ ၀ိုင်းဝန်း စုစည်း ပြီး လုပ်ကြ ရင် တော့.. အကျိုးများ ဖွယ် .. ကာတွန်း တအုပ် ဖြစ်လာ ပေ လိမ့် မည်..။

( လွန်ခဲ့တဲ့..၂ ပတ်ကျော်  ကတည်းက..စ  ထားမိ တဲ့..စာ ကို..  အာရုံများ..စိတ်များ နေ လို့.. ပြစ်ထားမိ ရာက.. လက်စသတ် ပြီး.. အသစ်မတင်တာ ကြာပီ ဖြစ်သော..ဘလော့ဂ် လေး အား... ဆိုင်ပြန်ခင်း လိုက်ပါတယ်.. ။ အပေါင်းအဖော် ဘလော့ဂါ တွေ တော်တော်များများ.. ဘလော့ဂ်မှာ စာမရေး ကြ တော့ပဲ....Face book မှာပဲ... ရေးကျ အော်ကျ ..ရီကျ..မောကျ လုပ် နေ ကြ တော့.. ကိုယ်က နောက် ဖူးတယ်။ ဖဘ ကို သွားရ တာ..ဈေးထဲ သွားသလို ခံစား ရပြီး.. ဖဘ မှာ ရေး ရ တာလည်း..ဈေးထဲ မှာ..ဆိုင်ဖွင့် ရ သလို ပဲ .. ဘလော့ဂ် က တော့..ကိုယ့်အိမ်ရှေ့  ကိုယ် ခင်း ထားတဲ့.. အိမ်ဆိုင် ကလေး နဲ့ ပိုတူ တယ် လို့...။း)  ဒါပေမဲ့..ဖဘ မှာ ဆိုရင် ..မြန်မာပြည် ထဲက..ဖတ်လို့ လွယ်ကူ တာ လေး ကတော့.. အဆင်ပြေလှ သည်။ )



Share/Bookmark

ပင်နီပေးတဲ့ အမျိုးသားနေ့ - ပင်နီဝေးတဲ့ အမျိုးသားနေ့



 ( ၂၀၀၈ အမျိုးသားနေ့ က..ရေးခဲ့တဲ့..စာအဟောင်းလေး တပုဒ်ပါ.. ပြန်လည် ဖော်ပြပါတယ်..)


+++++++++++++++++++




ခရစ်သက္ကရာဇ်- ၁၉၂၀ ခု- ကောဇာသက္ကရာဇ် ၁၂၈၂ ခု- တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့-

ပင်နီတိုက်ပုံ အသီးသီးဝတ်ဆင် ထား ကြတဲ့..ကိုဘဦးတို့ လူငယ်တစု ရွှေတိဂုံဘုရား ခြေရင်းမှာ စုမိ ကြသည်။ တန်းတူညီ ခွင့် မရတဲ့- ကျွန်ပညာရေး စနစ် ကို စတင် တွန်းလှန် ကြဖို့- အားတွေ စု ရုံး ကြသည်။ ပထမ ကျောင်းသား သပိတ် ဆိုတာ စတင် ခဲ့ တော့သည်။ ပင်နီရောင် လှိုင်းလုံးကြီးတွေ ရွှေတိဂုံ ဘုရား ပေါ် ကနေ- ဗမာ တပြည် လုံး ဆီ စီးဆင်း ရိုက်ခတ် သွား ခဲ့သည်။ ၀ံသာနု စိတ်ဓါတ် မိုးရေ တွေ တနိုင်ငံ လုံး တခွင် တပြင်လုံး မိုးလုံးပြည့် ရွာသွန်း ချလိုက်သည်။ အမျိုးသား ကျောင်း ကြီးတွေ- စိမ်းစိမ်းစိုစို .. အပြိုင်း အရိုင်း..ဟိုမှ သည်မှ- မျိုးစေ့ကျ ရှင်သန် လာ တော့ သည်။ ဖျင်ပင်နီ နဲ့ ယောလုံချည် သည် လည်း.. အင်မတန် တင့်တယ် ကြက်သရေ ရှိလှ သော အမျိုးသား ၀တ်စုံ တခု အဖြစ် - အမျိုးသားနေ့ ကြီး နှင့် အတူ ပုံဆောင် ရဲရင့် ခဲ့တော့ သည်။ 


++++ 


သူ ပင်နီကို စ ၀တ် ခဲ့တာ..စ ချစ်ခဲ့တာ.. ၁၉၈၉ ရဲ့ အမျိုးသားနေ့   မှာ။

အဲဒီ ရှမ်းပင်နီ တိုက်ပုံလေး ကို ဖေဖေ ၀ယ်လာပေးတာ ကြာတောင် ကြာခဲ့ပြီ။ ဘယ်နေရာမှာ ၀တ်ရမှန်း မသိလို့.. ဒီလိုပဲ သိမ်း ထားခဲ့ တာ။ အချိန် အခါ သင့် လာ တော့လည်း..သူ့ ကိုယ်ပေါ်မှာ..အံဝင် ခွင်ကျ သပ်ရပ် နေတဲ့... ပင်နီ ၀တ်စုံ လေးကို ကြည့်ပြီး..ကြက်သီးေ တွ တဖြန်းဖြန်း ထ အောင် ကြည်နူး ကျေနပ် ခဲ့ ရသည်။ ပင်နီ လှိုင်းလုံး ကြီးတွေ..အရှိန် အဟုန် နဲ့  ကမ်းကပ် လာ ပြန် ပေ ပြီ ကော...။
-
အဲဒီ အခမ်း အနားမှာ..သူတို့ လူငယ်လေး တွေ  အားလုံး..ပင်နီ အသီးသီး နဲ့ ... ယော လုံချည် လေး တွေ တဆင် တမျိုးစီ  ။ ယောက်ျားလေး တွေက..ပင်နီ တိုက်ပုံ နဲ့ ကချင်  ပုဆိုး တွေ ကိုယ်စီ ချပ်ရပ် လို့။ တက်ကြွ မူ တွေ..လန်းဆန်း  ပျိုမြစ်မူတွေ-  ပြီးတော့..အားတွေ အင်တွေ..မျှော်လင့် ချက်  တွေ အပြည့်။

အဲဒီ နောက်တော့..သူ့  မှာ ပင်နီ  အကျီ င်္ တွေ..တထည်  ပြီး   တထည် ။ 

-
၁၉၉၀ ရဲ့   နွေရက်  တွေ မှာ လည်း..ပင်နီ တွေ တနေ့ တမျိုး မရိုး  အောင် ၀တ်ဖြစ် ခဲ့သည်။ 

၉၁-  ၉၂-  ၉၃- သူ ပင်နီ တွေ ၀တ်တုန်းပဲ။

၉၄-  ၉၅-  ၉၆ လုပ်ငန်းခွင် ထဲ တရွေ့ရွေ့ တိုးဝင်  သွား ရင်းပဲ..သူ့  ပင်နီလေး တွေ.. ဗီရို  ရဲ့ အောက်ဆုံး ကို ရောက် သွား  နေ  တာ  ကိုတောင်.. သူ သတိ မထား မိတော့။ ဒါပေမဲ့..  တနှစ်မှာ တခါ တော့.. အမျိုးသား နေ့ ရောက်တိုင်း..သူ့  ပင်နီလေး တွေ ထုတ်ပြီး..  မီးပူ တိုက်ရင်း.. အတော်ဆုံး..တန် နေသေးတဲ့ တထည်ကို စိတ်တိုင်း ကျ ရွေး ၀တ် ဖြစ် နေခဲ့ သေးသည် ။ ရွှေတိဂုံ ဘုရားပေါ် မရောက် ရောက်အောင် သွားရင်း.. အမျိုးသားနေ့ သစ္စာ ဓိဌါန် ကျောက်တိုင် ကြီး ကို..ငေးမော ရင်း မယောင်  မလည် အလေးပြု နေ  ခဲ့  ရတာ-   ၉၇-    ၉၈  -၉၉   - က နေ သက္ကရာဇ် ၂၀၀၀   ကျော်  ခဲ့ပြီ။ 

-

(ရွှေတိဂုံဘုရားပေါ်မှ- အမျိုးသားနေ့ သစ္စာဓိဌါန်ကျောက်တိုင်)



+++++
-
` မေမေ- မနက်ဖန် အမျိုးသား နေ့ အခမ်း အနား  ရှိတယ် တဲ့..ဆရာမ က..တိုက်ပုံ ၀တ်ခဲ့ ပါတဲ့..´ 

၁၀ နှစ်သား ၅ တန်းကျောင်းသား ကြီးက..ညနေ ကျောင်းဆင်းတော့..အမောတကောနဲ့ ပြောလာတယ်။
-
` သြော- အဲဒါ မှ ခက်တာပဲ..သားကို မေမေ တိုက်ပုံ ၀ယ်မပေး ထားမိဘူး´ 

` ရှိတယ်လေ- မေရဲ့.. ဘိုးဘိုးလက်ဆောင်ပေးထားတာ.. အညိုရောင်လေး..သားတောင် တခါမှ မ၀တ်ဖူးသေးဘူး...´ 

` အာ- ဟုတ်သားပဲ- အတော်ပဲ.. အဲဒါ ပင်နီ လို့ခေါ်တယ် သားရဲ့.. ကွတ်တိပဲ..အမျိုးသားနေ့ ဆိုတာ..ပင်နီ ၀တ်ရတာ.. ဟုတ်ပီ မေမေ ပြန်ရှာ မီးပူတိုက်ပေးမယ်နော်.. ´ 

သားတို့ ကျောင်းက..စည်းကမ်း ကြီး လှသည်။ ဗမာ့ ပညာရေး စနစ် ကြီး ရဲ့ အုတ်မြစ် အခြေခံ တခု တည်းသော ပညာရေး  တက္ကသိုလ်  ကြီး ရဲ့  ကျောင်းတော်သူ ကျောင်းတော်သား..ဆရာ-ဆရာမ လောင်း တွေ လေ့ကျင့် ကွင်းဆင်းရာ.. စနစ်တွေ သင်ရိုး ညွှန်းတမ်းတွေ လက်တွေ့ အကောင် အထည် ဖော်ရာ..ရန်ကုန်မြို့  ရဲ့   အထင်ကရ ကျောင်းကြီး တခု ။

-
သား ကို ဒီကျောင်း ၀င်ခွင့် ရဖို့ ကို ...သူ တော်တော့် ကို ကြိုးစား  ခဲ့ရ တာ။ ကိုယ့် ရဲ့ မပြည့်ဝ  ခဲ့တဲ့ လိုအင် ဆန္ဒ တွေ..ကို သားသမီး တွေ အပေါ် ပုံချ တာဝန် ပေးနေ မိ သလားတော့..သူ မသိ။ သားကို သူ ချွန်နိုင် သလောက်..အကန့် အသတ် မရှိ.. အခက်အခဲ မရှိ ..ထူးချွန် စေချင်သည်။ ဗမာ တပြည်လုံး ရဲ့ စံပြု စရာ ကျောင်းကြီးမှာ ပညာတွေ သင်ယူ စေ ချင်သည်။ အထူးသဖြင့်..သူတို့ ငယ်ဘ၀က.. နီးစပ်ခွင့် မရ ခဲ့တဲ့..ဒီ ကျောင်းကြီး ရဲ့ အစဉ် အလာတွေ  ကို..သူ အားကျ မက်မော  ခဲ့ဘူး  သည်။

နယ်မြို့ လေး တမြို့က ၇ တန်း  ကျောင်းသူ လေး တယောက် အတွက်.. အနယ်အနယ် အရပ်ရပ်က ရောက် လာကြတဲ့ .. ကျောင်းသား ကျောင်းသူ တွေ နဲ့.. အင်းလေး ခေါင်တိုင် လူရည်ချွန်  စခန်း မှာ ဆုံ မိ တော့..အားလုံးက..ရင်သပ် ရှုမော စရာ။ သူတို့ စခန်း ခေါင်းဆောင် သုံးထပ်ကျွမ်း  လူရည်ချွန် အကိုကြီး ရဲ့ အတွေ့ အကြုံ တွေ နားထောင်ရင်း.. အဲဒီ ကျောင်းကြီး ကို..နားရည်ဝ ယဉ်ပါး အားကျ နေခဲ့ ဘူး သည်။ အထူးသဖြင့်.. ဓါတ်ပုံတွေ ထဲ မှာ တွေ့  ရတဲ့..အဲဒီ ကျောင်းကြီး ရဲ့.. တူညီ ကျောင်းဝတ်စုံ   ပင်နီ တိုက်ပုံ  လေး တွေ။

ခုတော့..သူ့သား ကြီး က..ဒီ ကျောင်းကြီး ရဲ့   ကျောင်းတော်  သားကြီး  ဖြစ်  နေပြီ။
-
ခုမှ အလယ်တန်း  ကို စရောက် လို့.. ကျောင်း အခမ်းအနား တွေ တက်ခွင့် ရ လာတဲ့..သား ကတော့.. မနက်ဖန် တက် ရမဲ့.. အမျိုးသား နေ့ အခမ်း အနား အတွက်.. စိတ်တွေ သိပ် လှုပ်ရှား နေ သည်။ သူတို့ ကျောင်းရဲ့  အစဉ် အလာ ကျောင်းဝတ်စုံ ဖြစ်ခဲ့တဲ့ ပင်နီ တိုက်ပုံ ကို.. မ၀တ်စေ  ခဲ့  တော့တာ.. နှစ်ပေါင်း ၂၀ လောက်  ကြာ  ခဲ့ ပေမဲ့..ဒီလို အမျိုးသားနေ့ အခမ်း  အနား  မှာတော့..  သားကို ပင်နီ တိုက်ပုံ လေး ဆင်  ပေး ရ တော့မည်။   သားအတွက်..ပထမဆုံး ပင်နီ  ၀တ်စုံ  လေး ပေါ့။


+++++


ပင်နီ တိုက်ပုံ  သေးသေး  လေး နဲ့ ချစ်စရာ  ကောင်းလှတဲ့..  ၅ တန်း ကျောင်းသားလေး  ကို တစိမ့်စိမ့် ကြည့်ရင်း..မျက်ရည်  ၀ဲ အောင် ပီတိ တွေ  ဖြာ လို့။

သား ကျောင်း က ပြန် လာမဲ့..ညနေ စောင်းကို မျှော်ရင်း.. သူ့  အတွေ့  အကြုံ  လေးတွေ မေးဖို့. . အတွေး တွေ ပို နေ မိ သည်။

၁၀ နှစ်အရွယ် ကလေး တယောက်က.. သူ မွေးဖွား  ကြီးပြင်း  လာတဲ့ နိုင်ငံကြီး ရဲ့ သမိုင်းတွေကို စာသင်ခန်း ထဲ  ကနေ  .. သူ ချစ်ခင် လေးစားတဲ့ ဆရာ-ဆရာမ တွေ  ရဲ့ အဆို မိန့်ခွန်း တွေ  ထဲ  က နေပြီး.. ဘယ်လိုများ.. ရောင်ပြန်ဟပ်  ပြီး..တွေးပြ လေ ဦး မလည်း နော်။ သူလေး  ကလည်း.. မောင်လူမွှေး တို့ အရွယ် ကျော်ကျော် ရှိပြီ ဆို  တော့..  မေးခွန်း တထောင်လောက်နဲ့.  . အဖြေ တခု စီ တိုင်းကို လည်း..အသေ အချာ စေ့ငု ဆန်းစစ် တတ်နေ ပြီ။

ဟော- ကျောင်း  ကား ပေါ်က ဆင်း  လာတဲ့ သား-- ။

မျက်နှာ  ကလည်း ပြိုတော့  မလို..  ငိုတော့  မလို.. ။

ပင်နီ တိုက်ပုံ  ကို လည်း..လက်မှာ ချွတ်ကိုင်လို့..  တို့လို့  တွဲလောင်း  နဲ့   ။

`ဘယ်လို ဖြစ်သလည်း သား...´


` သားကို ဆရာမက.. အမျိုးသားနေ့..အခမ်းအနား  မတက်ရ ဘူးတဲ့.. တိုက်ပုံက..အဖြူ  နဲ့ အ၀ါ  ပဲ ၀တ်လို့ ရ တယ်..ပင်နီ ၀တ်လို့  မရ  ဘူးတဲ့.. မေမေ´
 -
ဒုံး  ကနဲ..ငယ်ထိပ်  ကို ဆောင့်  တက်လာတဲ့..ဒေါသ။
....
တဖြည်းဖြည်းချင်း.. စိတ်ပျက်
.......
ဝမ်းနည်း
.......
ကြေကွဲ
........
ဖြစ်မှ ဖြစ်ရ လေ.. ဟောဒီ နိုင်ငံ ကြီး  မှာ ဘာတွေ ဖြစ်ကုန် ပြီလည်း.....
-
ဟောဒီ အနာဂါတ် ပန်းခင်း ကြီး တွေရဲ့ ဥယျဉ်မှူး  ကြီး တွေ.. ဘာတွေ ဖောက်ပြန် ကုန်ပြီလည်း။ ကြေက်ရွံ့ မူ တွေ လား... နာခံ မူ တွေလား .. အသိ ခေါက်ခက်.. လေပြီလား။ သမိုင်း ဖြစ်ရပ် တွေကို.. အမှန် တရား တွေကို.. တကယ်ကို ..အရှင် လတ်လတ် မြေမြှုပ် သဂြိုဟ် တော့ မ လို့ လား။
-
လွန်ခဲ့တဲ့ ၈၈ နှစ်..ဒီလို ဒီကာလက.. ကျောင်းသား  လူငယ် တစု နဲ့ တိုင်းသူ  ပြည်သားတွေ.. မကြေက် မရွံ့  ဆန့်ကျင် တွန်းလှန် ခဲ့ တဲ့. မတရားမူ  တွေဟာ.. ဟောဒီလောက် သေးသိမ် ပမွှား တဲ့..ထမင်း တလုပ်စာ..ကြောက်ရွံ့  နာခံမူ  လေးတွေ ကြားမှာ.. အမေ့ခံ.. အဖျောက်ခံ  ရတော့ မယ် လား။
 -
တတိုင်း တပြည်လုံး.. အမြတ်တနိုး ဂုဏ်ယူ ၀တ်ဆင်ခဲ့တဲ့..၀ံသာနု ဖျင်ပင်နီ က..ဘယ်လို ဖြစ်လို့.. ပိတ်ပင် တားဆီးခံနေ ရ ပြီလည်း...
ပွဲလယ်မတင့်တော့ ပြီ လည်း.....
တရားမ၀င် တော့ ပြီလည်း.......

သူ့  ခေါင်းတခု လုံး ဆူဝေ နေပြီ။
၁၀ နှစ် အရွယ် သားကို သူဘယ် လို ရှင်းပြ ဖြေ ဖြောက်ပေးရ မ လည်း.......
သား တက်နေတဲ့ ကျောင်းကြီးတော့....တခုခု မှားနေ ပြီ လို့..  ပြော ရ  မ လား.....
သား ဆရာမ တွေက..  မသိ လို့.. နားမလည်  လို့.. စာမတတ်  လို့..သမိုင်း မသင်ခဲ့ လို့ .... လို့ ပြော လိုက် ရမလား.....

  ကဲကွာ....ပင်နီ မ၀တ် နဲ့ဆိုလည်း..မ၀တ်နဲ့ ပေါ့ .... လို့ ပဲ ..  လွယ်လွယ် ကူကူ ကိစ္စ ဖြတ်လိုက် ရမလား.....

နားမလည် နိုင် စိတ် ရှုပ်ထွေး နေတဲ့..သားရဲ့  မျက်နှာလေး ကို ကြည့်ရင်း.. အဖြေ  တခု ..ရင်ထဲ မှာ ခိုင်မာ သွားသည်။


ဒီလောက် ယုတ်ညံ့  လှတဲ့ ကျေးဇူး  တရား ကင်းမဲ့  လှတဲ့..  လောက ရပ်ဝန်း ကြီး ထဲကို..ပင်နီ တွေ.. ပိုလို့ လက်ဆင့် ကမ်း ၀တ်ဆင် ပေးရ ဦးမည်။ သား ကြီး လာရင် ၀တ်ဖို့.. ပင်နီ တိုက်ပုံ တထည် သူကိုယ်တိုင် အသေအချာ ချုပ်လုပ် ဆင်ယင် ပေးရ ပေ ဦး တော့ မည်။

ပင်နီ စိတ်ဓါတ် အဓွန့်ရှည်ပါစေ။



( ၂၀၀၈ ခုနှစ် အမျိုးသားနေ့ အခမ်းအနား တခု မှာ ကြုံဆုံခဲ့သော- အဖြစ်မှန် တခု ကို ခံစားရေးဖွဲ့ပါသည်။)




 


Share/Bookmark