အကြိုက်ဆုံး-မကြိုက်ဆုံး

ဒီနေ့.. ကမ္ဘာမှာ
မုန်းတဲ့သူတွေ က.. စစ်တိုက်ကြတယ် ( အသဲအမဲ)
ချစ်တဲ့ သူတွေက.. လက်ထပ်ကြတယ် ( အုတ်အုတ်သဲသဲ )


ဒီနေ့.. သူတို့ တွေလည်း..
မုန်းတဲ့သူတွေနဲ့ စစ်တိုက်ချင် ကြမယ်
ချစ်တဲ့သူတွေ နဲ့..လက်ထပ်ချင်ကြမယ်
အနည်းဆုံးတော့..မုန်းတဲ့သူတွေကို မဲ့ပြပြီး
ချစ်တဲ့သူတွေကို ပြုံးပြ ချင်မှာ ပေါ့..
 .
ဒီနေ့.. ငါဟာ..
ဘာကို အကြိုက်ဆုံးလဲ မေးရင်..
မနက်ခင်း တခု အသစ်ဖြစ်လာတာပေါ့
ဘာကို မကြိုက်ဆုံးလဲ မေးရင်..
ညနေတခု. ဟောင်းနွမ်းသွားတာပေါ့
.
သူတို့ကတော့...ပြောင်းပြန်
နေ့တနေ့ မှာ..မနက်ခင်း ကို မကြိုက်ဆုံးနဲ့
ညနေခင်းတွေကို အကြိုက်ဆုံး ဖြစ်လိမ့်မယ်...
ဒါမှ..သူတို့ ငရဲ နေ့ တွေ မြန်မြန်ကုန်ဆုံး...
မဲ့သူတွေကို မုန်းလို့
ချစ်သူတွေ ကို ပြုံးနိုင်ကြလိမ့်မယ်..

.
.

ပြင်ပကမ္ဘာလောက ကြီး နဲ့ ကင်းကွာ ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရ တဲ့ နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်ရေး အတွက်..  ဒီမှာ   လက်မှတ်ထိုး ပေး ကြပါ..။

ဓါတ်ပုံ-မိုးမခ မှ



Share/Bookmark

အလိုတော်




မီးပြတိုက်အလွန် တဲ့…
စာအုပ်ကလေး ကို ဖွင့်လိုက်တော့.. 
ချစ်သော..ကေ.. အတွက် ဆိုတဲ့..မနော်ရဲ့..လက်ရေးလှလှလေး …




မီးပြတိုက်အလွန် ရဲ့  ပထမ ဆုံး ကဗျာလေး ကို စ ဖတ် လိုက်တော့.. နှင်းစက်ရက်လွန်….
.
.
လွန်….
.
.
လွန် ရဲ့ နောက်မှာ လွမ်းစရာ တွေ ပါ နေ တော့ မှာပေါ့… ပြီးတော့..လွတ်မြောက်ခြင်း...။

တကယ်တော့.. မေးစရာ တောင် မလို ပါဘူးလေ… မနော် ရဲ့ ကဗျာတွေ မှာ.. အချစ်တွေ ငွေ့ရည်ဖွဲ့ ပြီး… ပြန်ကျ လာ တတ်တဲ့.. နာကျင်လွမ်းဆွတ်ခြင်း မိုးရေ တွေ အမြဲ စို ရွှဲ နေလေ့ ရှိတာ..။ ခုတော့.. နှင်းတွေ တောင် ထန်လို့.. ဘယ်နှယ်ရာသီ စာ များ ရှိ ခဲ့ပြီလည်း…

ပါးစပ်က.. ခပ်ဖွဖွ အသံ ထွက် ဖတ် ကြည့်တယ်..

နှင်းစက်ရက်လွန်

ရှုံးနိမ့်ခဲ့ရတဲ့ တောင်ကုန်းလေးရဲ့ ခံတပ်စောင့်ဟာ…
ငါပါ
ငါ့ရဲ့ မြစ်ပြင်ကျယ်ကလေး ကတော့..ဟိုးအဝေးမှာ
ဗေဒါတချို့ မြစ်ကျဉ်းတချို့ နဲ့….
ခပ်တိုးတိုးလေး စီးဆင်းလို့….
တကယ်တော့…
လွင်ပြင်တွေ ဘယ်လောက်ပဲ ကာဆီး ကာဆီး
ငါတို့ရဲ့ ကောင်းကင်ပြာကတော့…တခုတည်းပါပဲ..။
လရောင်ဖြာကျနေပုံက အစ
အထီးကျန်ဆန်လှတဲ့ ညတွေ
……
အများကြီးပါ..


တကယ်ဆိုရင်…
ပန်းရနံ့လေးပဲ ဖြစ်ဖြစ်
သာသာယာယာ ကြားချင်မိတာပေါ့…
အာရုံတွေ ကန်းနေတဲ့ လူတယောက် ဖြစ်ခဲ့ရင်တော့
အကောင်းသား
ခုတော့လည်း…
လောကရဲ့ ဆွံ့အမူတွေကို အဓိပ္ဗါယ်ရှာ..
သည်းခံ တတ်ခဲ့ပါပြီ။


ငှက်ကလေးရေ…
နာကျင်နေတဲ့ တေးတွေကို အလိုမကျစွာ
သီဆိုနေတုန်းလား
သံစဉ်တခု ရဲ့ ဂီတ ကို စည်းဝါးကျကျ
မခံစားတတ်သူရယ်လို့ မရှိပါဘူး
တခါတခါတော့လည်း..
ကံကြမ္မာပတ်မသံ ဟာ ရင်ကွဲမတတ်
ကျယ်လောင်လွန်းလှပါတယ်
ငါကတော့… ဆောင်းခိုငှက်ကလေး တကောင်ရဲ့
ဘ၀ဂီတ ကို
ဟိုအဝေးကနေ စိတ်နဲ့
ကြားနာချင်နေမိတာ တခုပါပဲ။

ပန်းချီကားတချပ်ရဲ့ သက်ဝင်မူ မျိုးလောက်နဲ့တော့
ငါ့ကို မဖြားယောင်းပါနဲ့တော့….
ငြိမ်းအေးခြင်းတွေ
ခုန်ဆင်းထွက်ကျ မလာမဲ့ အတူတူ
အဖြူရောင်တွေ အိပ်စက်နေပါစေလေ..
(မေမေ..အိပ်ရာဝင်ပုံပြင်တွေထဲက
နတ်ဆုံးတပါးပါးများ
ခရီးထွက်သွားခဲ့သေးသလား…)


သံယောဇဉ်ဆိုတာ
တကယ်တော့ ရာသီဥတုလေး တခု သက်သက်ပါ
ဘုရားသခင်က
တိတ်တဆိတ်ဖန်ဆင်းခဲ့တဲ့အရာပေါ့..
အရာရာ အစစ မိုင်ပေါင်း(၅၀၀) မက
ဝေးကွာသွားကြတဲ့အခါ
မရိတ်သိမ်းလိုက်ရတဲ့ ပျိုးခင်းဝါ၀ါတွေ..
ငါတို့ရဲ့ တခုတည်း
ကောင်းကင်ပြင်ကြီးအောက်မှာ…
ဒဏ္ဍာရီ ဂီတ တွေနဲ့
ပင့်သက်လွင့်ဝေနေဦးမလား…။

ညရေ…
အမှောင်ကဝေ တွေ သေဆုံးသွားတော့မှာလား..
ဆောင်းညတွေ ရဲ့ အမှားတွေ..
ငါ့ခံတပ်ကလေးမှာ…ကဗျာမဆန်စွာ..
အတုံးအရုံးစုပုံလို့..
ငါတို့…
ဘာလို့…နှင်းကျခဲ့ကြတာပါလိမ့်….။
.
.
.
ဘာလို့ နှင်းကျ ခဲ့ ကြတာ ပါ လိမ့်…
ဘာလို့ နှင်းကျ ခဲ့ ကြ တာပါလိမ့်…

ကျမ လည်း သိချင် တယ်.. မနော်… ဘာလို့ နှင်းကျ ခဲ့ ကြတာ တဲ့ လည်း…


သံယောဇဉ် ဆိုတဲ့..ဘုရားသခင် ရဲ့  အသွားနှစ်ဖက် နဲ့.. လက်ဆောင် ကြောင့်လား..
သံယောဇဉ် ဆိုတာ..ရာသီဥတု တခု သာ ဆိုရင်... နေ့တာ တွေ ရှည်ပြီး ညတာ တွေ ကို  တိုစေချင်လိုက်တာ...
အာရုံတွေ ကန်းယုံ လောက် တော့..ဆုမတောင်းချင်ဘူး..မနော်.. 


အမြင် ..အကြား.. အရသာ…အနံ့... အထိအတွေ့ တွေ အကုန် ကန်းနေရင်တောင်.. မကန်း နိုင် တဲ့.. အာရုံ တခု က..ကျန်နေ လိမ့် အုံးမှာ မဟုတ်လား..။ အဲဒီ မကန်း နိုင် တဲ့  အာရုံက.. လွန်သွားခဲ့ တဲ့.. နှင်း တွေ အကြောင်း.. တ ဖွဖွ နဲ့  နဲ့  ပြန် သတိရ  နေ စေ လိမ့်မယ် အုံးမယ် ထင်တယ်.... တကယ်ဆို… အတိတ်မေ့ ဖို့ ဆုတောင်းရမှာ  .. မဟုတ်ဘူးလား …။
မနော်..
ကျမ က.. မနော် ကဗျာ တွေ ကို.. တောင်တောင် အီအီ လျှောက် ဆွဲဆန့် ကြည့် နေတာ မဟုတ်ပါဘူး။ မနော် ရဲ့..ကဗျာ ၀တ်မှုံ တွေ ကို ထုံကူး ကြည့်တာပါ..။ တကယ်ဆို.. ကျမ က.. ကဗျာ ဆိုတာ နဲ့.. ဘာဆို ဘာမှ မဆိုင် တဲ့… ကချလာ တယောက်ပါ…။ ဟိုး လွန် ခဲ့တဲ့.. သုံးနှစ် ကျော်လောက် ..ဘလော့ တွေ ရေးကာစ ကာ ဆို.. ကဗျာ နကန်း တလုံး တောင် မသိ ခဲ့ တဲ့.. တယောက်ပါ။ အဲဒီလို ကနေ.. ဘယ်လို ဖြစ်ပြီး.. ခု..ကဗျာ တွေ ကို အသံထွက် ဖတ်ချင် စိတ် တွေ ( တခါတလေ.. သီချင်း တပုဒ် အော်ဆို သလောက် ကျယ်ကျယ်လောင်လောင်..အော်ဟစ် ပြစ်လိုက်ချင် စိတ်တွေ  )  ပေါက် လာ ခဲ့ သလဲ.. ။




ကျမ ငယ်ငယ်တုန်းက ဆို.. ကျမ အဖေက.. slow beginner လို့..သုံးသပ်ဖူးတယ်။ ဂဏန်း သင်္ချာ မှာ..ဘာလို့ ပေါင်းရ တာလဲ.. ဘာကြောင့် နှုတ်ရ တာလဲ  … စာစီစာကုံး တပုဒ် မှာ..နိဒါန်းဆိုတာ ဘာလဲ..နိဂုံး ဆိုတာ ဘာလဲ ဆို တဲ့.. မေးခွန်း တွေ အတွက်.. အချိန်တွေ အများကြီး ယူပြီး ထိုင်စဉ်းစားနေခဲ့ လို့ တဲ့လေ..။


ခု ..ကဗျာ တွေ နဲ့ ပတ်သတ်ရင် လည်း.. ကျမ သိပ်နောက်ကျ ပါတယ်။ ကဗျာ ဆိုတာ ဘာလဲ ... ကဗျာကို ဘာလို့ စပ်ကြ တာလဲ... လို့.. ကျမ ထိုင်စဉ်းစား နေ ခဲ့ မိ နေသေးတယ် ထင်ပါရဲ့…။


မနော် တို့..  နေဆူးသစ် တို့.. ကံ့ကော်ပင် တွေ အောက် မှာ.. မုန့်ဘိုး တွေ စု ပြီး.. ကဗျာ တွေ.. ကျဲချ နေခဲ့ တဲ့ အချိန် မှာ.. ကျမ ကျောက်ရုပ်ဘ၀ ပဲ ရှိသေးတယ်။


လမ်းပျောက်ဂီတ ထဲ မှာ.. မနော် ပြောခဲ့ သလို….


ဘယ်လိုမှ သံသယ မရှိလိုက်ကြပါနဲ့..
ကျွန်မ အရူးအမူး တမ်းမက် လျှောက်လှမ်းခဲ့တဲ့ လမ်းမှာ
ကံ့ကော်အ၀ါတွေ ကလွဲရင် ဘာမှ မရှိပါဘူး…


ကျမ ကောင်းကောင်း သိတာပေါ့.. ။ ကံ့ကော်အ၀ါ တွေ ကသာ..မနော်ရဲ့..ဗျာဒိတ်ကျမ်း တွေ ဆိုတာ.. လေ။

ကံ့ကော် နံ့ တွေ မပျယ့် တပျယ် နေ့ရက် တွေ ပေါ်က..  တခု သော..နံနက်ခင်း မှာ.. တယောက် အနာဂါတ် ကို တယောက်..ပုခုံးပေါ်က.. ကျော်ကြည့်ခဲ့ ကြ တဲ့ အဖြစ်ကလေး.. မနော်.. မှတ်မိသေး ရဲ့လား…။ အဲဒီ နေ့ ကလေး ကို..ကျမ မမေ့ဘူး..သိလား။

IFL  ရဲ့.. မနက်စော ပြင်သစ် သင်ခန်းစာ တွေ ပြီးတဲ့ တရက် မှာ.. တက္ကသိုလ် ရိပ်သာ လမ်းမ ကြီးပေါ် မှာ.. အတူ လျှောက်လာ နေကြရင်း.. မနော်ရယ်..ကျမ ရယ်.. မအေး ရယ် သုံးယောက်လေ.. ကြိုတင် မတိုင်ပင် ထားပါပဲ…. ကျောင်းဝန်း ထဲကို ကွေ့ဝင် လိုက် ပြီး.. မြန်မာစာ ဌါနက..ထင်တယ်.. ဆရာ အန်းယုမောင် ရဲ့..  ဆရာများ ဆောင် လှေခါးလေး ပေါ်  တက်ခဲ့ ကြတာလေ..။ အနာဂါတ် ကို သိပ်မျှော်လင့် နေ ကြတဲ့.. ကျောင်းပြီးကာစ.. မိန်းကလေး ၃ ယောက်…သူတို့ အနာဂါတ် အကြောင်း.. ဗေဒင် မေး ကြ မလို့ ပေါ့..။
( ကျမ စိတ်ထင်..အဲဒီတုန်းက…ကျမ လည်း ယောင်တောင်တောင် နဲ့ ပါသွားတယ် ထင်တယ်… ကျန်တဲ့ မနော် တို့ နှစ်ယောက်က.. ကျမ ထက်အတန်း လည်း ကြီး ကြတာ ဆိုတော့..  )

ဟိုးတလော တွေ တုန်းက.. နယ် တက္ကသိုလ် တခု မှာ.. ဌါနမှူးတောင် ဖြစ်နေပြီ ဖြစ်တဲ့..မအေး ရဲ့.. သတင်း တခု ကြားတော့.. အဲဒီ နေ့ က.. ဆရာကြီးအန်းယုမောင် ရဲ့.. ဟောချက် ကလေး တခု ကို ချက်ခြင်း သတိပြန်ရ သွား လိုက်တာ…။ ၉ ၈ လောက်..ကျမ နိုင်ငံခြား ကို စ ထွက် ပြီး ကျောင်းတက် နေ တုန်း.. မနော် ရဲ့.. ဟောစာတမ်း လေး တချို့.. ကျမ ခေါင်းထဲ ပြန် ပေါ် လာ ခဲ့ သေး တယ်။ ဒါဆိုရင်.. မနော် ရော.. ခု.. ကျမ နဲ့ ပြန်တွေ့ တဲ့ အခါ.. အဲဒီ မနက် ခင်းက.. ကြားခဲ့ ရတဲ့.. ကျမ ရဲ့..အနာဂါတ် အပိုင်းအစ တချို့ တလေ များ မှတ်မိ နေ အုံး မလား..။

တကယ်တော့.. အခု အချိန် မှာ.. ကျမ တို့ တွေ..ဘ၀ ဆိုတာကြီး ရဲ့.. အတိမ် အနက် ကို.. အတော်ကြီး.. သိခဲ့ ကြ ပြီပဲ..။ အနာဂါတ် အတွက် နိမိတ် တွေ တောင်..သိပ်မလို တော့ ဘူး ထင်ပါရဲ့.. မနော်။

ဟောဒီ.. အတိမ်အနက် ဆိုတဲ့.. ကဗျာလေး ကို.. ကျမ ဆက်ပြီး အသံ ထွက် ဖတ်ချင်တယ်။


အတိမ်အနက်

စိတ်ကို ဖောက်ထွက်သွားတဲ့ တရားက
ဓားထက် စိုက်အားနက်ခဲ့တယ်…
ငယ်ရွယ်စဉ်အခါက မိုက်ရူးရဲ ဆေးမင်အရုပ်တွေ ကို
တရားကိုစောင့်သော နတ်အရောင် ခြယ်လိုက်တော့
ခပ်တင်းတင်း နဲ့ ပျိုးပြက်ပြက်လင်းလာတယ်။

စစ်ထိုးမှာ မဟုတ်ပဲ နောက်ပြန်ဆုတ်ခဲ့တာပါ
သတ်ကွင်းထဲမှာ ငါ့မာန ကို ခ၀ါချခဲ့တာပေါ့
ထပ်မံ ငြင်းခုံစရာ စကားလုံးတွေလည်း ဆိတ်သုဉ်းခဲ့
အဲဒီကန်ရေပြင်က နက်ရှိုင်းအေးစိမ့်နေလိုက်ပုံ…။


ကျမ တို့ စိတ်တွေ ကို.. ထိုးဖောက်ခဲ့တဲ့.. တရားတွေရော..ဓါးတွေ ရော.. လက်ဆယ်ချောင်း မက..ကျမတို့ ရည်တွက် ခဲ့ ကြ ပြီးပြီပဲ..။ 

မမျှော်လင့် တဲ့ ဓါးတွေ.. ကြိုတင်ပြင်ဆင်ချိန် မရ လိုက်တဲ့.. ဓါးတွေ.. ဘယ်နေရာကမှန်း မသိ တဲ့ ဓါးတွေ.. မနော် အမြဲ ပြောတတ်တဲ့.. နောက်ကြောမှာ စိုက်လာတတ် တဲ့ ဓါးတွေ..။ တကယ်တော့..အဲဒီ ဓါးတွေက မှ.. တရား တွေ ကို သယ်ဆောင် လာတာ မဟုတ်ဘူး လား..။


ဓားတွေ အကြောင်း ပြောရရင်တော့.. ပြောလို့ ကုန်နိုင်မယ် မဟုတ်ပါဘူးလေ..။ ရှေ့ လျှောက် သာ ..ဓားတွေကို.. ရှောင်ရှား ဖို့..အနာအကျင် အထိ အရှ သက်သာ ဖို့.. သတိချပ်ရ မှာ… ပြီးတော့.. ကိုယ်တိုင် လည်း ထက်မြ နေ တဲ့..ဓားတချောင်း ဖြစ်ဖို့ …ဒါ့ထက် ပိုအရေးကြီးတာက.. ဘယ်လို တရား နဲ့.. ဓားထက်ထက် တချောင်း ဖြစ် သင့် သလဲ ဆို တာ …


ဓားဒဏ္ဍာရီ

ငါဟာ တည်ငြိမ်ထက်ရှနေတဲ့ ဓားတလက်
ငါ့အတွက် ခက်ခဲနေတာက ငါ့အပေါ်မှာ အုံ့မိုးထားတဲ့ ဓားအိမ်
တည်ငြိမ်မူတွေက အတိုင်းထက်အလွန်…

ကြားနေကျအသံတွေက တရားဓမ္မနဲ့ အမှန်တရား
အသိတရားတွေက ထွက်သက်နဲ့ ၀င်သက်မှာ ကပ်ငြိ
သွေးစွန်းလက်တို့ ရဲ့ အတ္တုပတ္တိ ဆိုတာ ဒဏ္ဍာရီလား…
တံခါးကို ဆွဲဖွင့်ထွက်သွားချင်လျက်က
ငါ..တိတ်ဆိတ်စွာ ထက်မြနေခဲ့ရတယ်…



မနော် ရဲ့  ကဗျာ ပန်းမှုံ တွေ ကို.. နှလုံးသား နဲ့ ထုံကူး ပြီး.. ကျမ ဖတ် နေခဲ့တယ် မနော်..။
ကျမ မှာ..ကဗျာတွေကို မလိုတမာ ရှိခဲ့ ဖူး တယ် ဆို တဲ့..လူဆိုးမှတ်တမ်း ကြောင့်.. သံသယ တော့.. မရှိ ပါနဲ့…။  မနော် တို့ ဆီက.. တစက် တပေါက် လောက် ကျခဲ့တဲ့  ပန်းမှုံ တွေ ကြောင့်.. ကျမ ရင်ထဲ မှာ..ကဗျာ တွေ..ပွင့် .. ပွင့် နေ တတ် ပြီ လေ...။


တိုင်းပြည် အတွက် စပ်တဲ့ ကဗျာတွေ.. လူမျိုး အတွက် စပ်တဲ့ ကဗျာတွေ...
ချစ်တဲ့ ကဗျာ တွေ.. မုန်းတဲ့ ကဗျာ တွေ...
လှောင်ရီ တဲ့ ကဗျာ တွေ.. ငိုညည်း တဲ့ ကဗျာတွေ..
သရော်တဲ့ ကဗျာ တွေ... ငေါ် တဲ့ ကဗျာတွေ...
နောက်ဆုံး....
ကဗျာ တွေ ကို.. ကိုယ့်အတွက် ကိုယ် စပ်ကြတယ်.. ကိုယ့် စိတ်အာသာ ပြေ ဖို့ စပ်ကြတယ် ဆို ရင် တောင် မှ… ဒါဟာ..လူမူ ပတ်ဝန်းကျင် ညစ်ညစ်း မူ မဖြစ် နိုင်တဲ့..အဖြူထည် အတ္တ တွေ ပဲ ဖြစ်မှာ ပါ လေ ..။


အခုလည်း.. မနော် ကဗျာ လေး တွေကို တိုးတလှည့်.. ကျယ်တလှည့်.. အသံထွက် ပြီး တပုဒ်ချင်း ဖတ် နေ ခဲ့ ရင်း.. မနော် ရင်ခုန် တဲ့ အတိုင်း လိုက်ခုန်.. မနော် နာကျင်တဲ့ အတိုင်း နာကျင်.. မနော်.. ငိုညည်း တဲ့ အတိုင်း လိုက် ငိုညည်း နေ မိ တယ်။ ကျမ နည်းနည်း မောပြီ.. မနော်..။ ဟောဒီ ကဗျာ လေး ကို တော့.. အသံ တိတ်.. နှလုံးသား နဲ့ ဖတ် ချင် တယ်။


ပင်လယ်မှောက်တဲ့လှေ


သစ္စာနဲ့ဝေးခဲ့လို့… တဲ့။
ဘယ်လိုမှ ဆေးဖက်မ၀င်နိုင်တော့တဲ့ နွယ်မြက် သစ်ပင်တွေ
တရွေ့ရွေ့ ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ ဆောင်းရာသီ ရာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိ ညွတ်ကွေးနေခဲ့။

နတ်ဝှက်ခံထားရတဲ့ မယ်ဇလီ ပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောင်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ…။
ဆေးပေါင်းမခ ခင်မှာပဲ..အဆိပ်ပေါင်း ခခဲ့ရလို့
ကျွန်မရဲ့ တန်ဆောင်မုန်းလ ပြည့်ညလေး…
ကိုယ်ပိုင် မေးခွန်းတွေ နဲ့ လန့် နိုးခဲ့ရ…။

ဆုတောင်းတိုင်း ရတတ်တဲ့ အရာတွေ ထဲ မှာ
ကတိသစ္စာမပါဘူး…
လက်မှတ်တွေ အပြည့်ထိုးထား တဲ့ စွယ်တော် ပင် က
လောက အဖိုအမ အကြောင်း ပြောပြတယ်။


ယတြာခြေဖို့ တခုပဲ ကျန်တော့တယ်
ဒါမှမဟုတ်…
ဒါဟာ ဘုရားသခင် ရဲ့ အလိုတော်ပါပဲ လို့ ၀န်ခံ လိုက်ရင် ကောင်းမလား
ကိုယ့်ကို ကိုယ် မကြားတကြား ရယ်မိတာ များပြီ။


ဖြေသိမ့်လိုက်ပါတယ်
တခါတခါ ဘ၀ဟာ ပျင်းရိ မနေဖို့
ဝှက်ဖဲ တချပ်တော့ လိုလိမ့်မယ် လို့….။


မနော်.. ကျမ တို့.. ဘ၀ မှာ ဖြေသိမ့်ဖို့  လိုအပ် လာ တဲ့ အခါ…အလိုတော် ကို ၀န်ခံ ရတာ လောက်.. စိတ်နှလုံး သက်သာ ချမ်းမြေ့ စေ တာ ဘယ်မှာ ရှိ လိမ့် မတုန်း။ တခါ တလေ....ဟောဒီ လောက ရေတိမ် ရေနက် ရေစူး တွေထဲမှာ ... ရုန်းကန် ကူးခတ် နေ တာတွေ ကို ခဏ ရပ်ပြီး.... ဟောဒီလို ကိုယ်လေးကို ဖော့ ပြီး..ကောင်းကင် ကြီးကို မော့ကြည့် ရ အောင်…။


ပြီးတော့..နှလုံးသားချင်း ဆုပ်ကိုင် ပြီး.. အလိုတော် ကို ၀န်ခံ ကြ မယ် လေ….။
.
.
.

( မျှော်လင့် စရာ.. အနာဂါတ် များ နဲ့.. ရှင်ပြန်ထမြောက်ရာ နေ့ ဖြစ်ပါစေ.. မနော်..)


Share/Bookmark

Easter Wish

အီစတာ ပိတ်ရက် ..ဒီနေ့ မှာ.. အိမ်မှာ တယောက် တည်း.. အထီးကျန်စွာ.. တိတ်တိတ်ဆိတ်ဆိတ်... အတွေး တွေ နဲ့ ဘာဝနာ ပွား နေ မိ ပါတယ်။ 

မိတ်ဆွေ တော်တော်များများက.. အီစတာ ဆိုတာ ဘာလဲ လို့.. မေးကြ တယ်။ ကိုယ် ကို တိုင် ကတော့..ဘာမှ မဟုတ်ပေမဲ့...အီစတာ ဆိုတာ.. ခရစ်ယာန် ယုံကြည်သူ တွေ အတွက်.. ခရစ်စမတ် ထက် ပိုပြီး အရေးပါ တဲ့.. အခင်း အကျင်း အဖြစ်အပျက် နေ့ ထူး နေ့မြတ် တခု ဆိုတာ.. အကြမ်းဖျင်း တော့.. ရှင်း ပြ နိုင် ပါတယ်။ ဒီလို နေ့ တွေ မှာ.. သက်ဆိုင် ရာ ဘုရားကျောင်း တော်တော် များများ မှာ.. အမဲ ရောင် တွေ နဲ့ တန်ဆာ ဆင်ပြီး..၀မ်းနည်းခြင်း အထိမ်းအမှတ် လုပ်ကြတယ်..။ တချို့ တွေက.. တော့.. ငို တောင် ငိုကြွေး ကြတယ်။

ကောင်းမြတ်သော သောကြာနေ့..   Good Friday  ဆိုတာ.. အီစတာ ရဲ့.. အဓိက နေ့ရက် တရက်ပါ...။
အဲဒီ သောကြာ နေ့  တနေ့ မှာ... ယေရှု သခင် ဟာ.. လူတွေ ရဲ့.. မကုန်ဆုံး နိုင် တဲ့.. အသစ် ဖြစ် မြဲ ဖြစ်နေတဲ့.. အပြစ် တရား တွေ အစား.. အသေခံ ခဲ့ တယ် လို့.. ဆိုကြတယ်။ လူတွေက..ဘာတွေ နဲ့ ပဲ ဆေးကြော ဆေးကြော..ဘာတွေနဲ့ပဲ ကျင့်ကြံ အားထုတ်.. အပြစ် အနာ အဆာ တွေ ထဲက.. ရုန်း ထွက် နိုင် ဖို့.. မလွယ် ဘူး တဲ့..။ ဟုတ်သလား.. တွေးကြည့် ကြ တာပေါ့..။

အဲဒီ လို ရက်ရက် စက်စက် အရှက်ခွဲ ခံ.. အနှိပ်စက် ခံ .. သေဆုံး သွားပြီး.. သုံး ရက် မြောက် တဲ့.. Easter  Sunday မှာ တော့.. ရှင်ပြန် ထ မြောက် ခဲ့ တယ် လို့.. ကျမ်းစာ မှာ လာတယ် ..။ အဲဒီ လို ရှင်ပြန် ထ မြောက်ခြင်း သာ မရှိရင်.. ခရစ်ယန် ယုံကြည် ခြင်း ဆိုတာလည်း ရှိလာ ခဲ့ မှာ မဟုတ်ပါဘူး တဲ့...။ အသိ တယောက် က မေးပါတယ်။ ယေရှု ပြန်ရှင်လာတာ ကို..ဘယ်လို သက်သေ တွေ ရှိသလည်း  တဲ့....။ ဟုတ်ပါတယ်။  ယေရှု ကို.. ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခဲ့ တုန်းက.. ကရာနီ ကုန်း မှာ.. ပြည်သူ အများအပြား သက်သေ ရှိခဲ့ သလို.. ယေရှု ပြန်လည် ရှင်ပြန် ထမြောက် လာတာ ကိုလည်း.. ဂျေရုစလင် မြို့ မှာ လူ ပေါင်း..၄၀၀ ထက် မနည်း..မြင်လိုက် ကြ ရ ပါတယ် တဲ့...။ ဆို နိုင် ပါတယ်။ ဒါဟာ.. သရဲ လား.. နတ်စိမ်း လား.. တစ္ဆေလား ..။

သူ အသက်ရှင် စဉ်က..သူ့ အပါး မှာ အမြဲ ရှိနေ ခဲ့တဲ့.. တပည့် တော် အရင်း တွေ ကတောင်.. အိမ်ထဲကို ၀င်လာတဲ့..ယေရှု ကို မြင်ပြီး.. သွေးပျက် ကြောက်လန့် ခဲ့ ကြ တယ်။ ယေရှု က.. မကြေက်လန့် ဖို့ ပြောပြီး..သူ့လက်က.. သံ ရိုက်သွင်းထားတဲ့ အရာ တွေ ကို တောင် ကိုင်တွယ် ကြည့် စေ ခဲ့ တယ်။ အဲဒီ နောက်.. ရက်ပေါင်း များ စွာ.. ဂျေရုဆလင် မြို့ မှာ.. ကိုယ်ထင်ရှား ပြ သ သွားလာ နေခဲ့ ပြီး မှ.. ကောင်းကင် ပေါ်ကို တက်သွား ( ပျောက်သွား ) တယ် လို့ ဆိုတယ်။ ထားပါတော့.. ခရစ်တော် ရှင်ပြန် ထ မြောက်ခြင်း နဲ့ ပတ်သတ် လို့.. သီအိုရီ တွေ..ဆန်းစစ် မူ တွေ.. သံသယ တွေ..မေးခွန်းတွေ.. အများကြီး ရှိ ခဲ့ တယ်.. ရှိနေ အုံး မှာ ပါပဲ...။

အဲဒါ ကြောင့် လည်း.. ခရစ်ယန် ကိုးကွယ်သူ ဆိုတာထက်.. ခရစ်ယန် ယုံကြည်သူ ဆိုတဲ့ အသုံး ကို.. ပိုပြီး အလေးထား ခဲ့ ကြ တယ် ကိုး..။


ကိုယ် ကတော့.. ဘာမှ မဟုတ်ပါဘူး...။ ဒါပေမဲ့.. စိတ် အဆာပြေ.. ဖတ်နေကြ.. Daily Bread ကလေး ကို.. ဒီမနက် ကောက်ဖတ် လိုက်ရင်း.. ယုံကြည်မူ တွေ..သံသယ တွေ အကြောင်း ဆက်တွေး နေမိသည်။ ရင်ထဲ မှာ ၀မ်းလည်း နည်းနေ မိသလို..။

Sin Hurts

April 22, 2011



He poured out His soul unto death, and He was numbered with the transgressors, and He bore the sin of many. —Isaiah 53:12


Sooner or later we all feel the painful effects of sin. Sometimes it’s the weight of our own sin and the shame and embarrassment of having failed miserably. At other times, it’s the load of someone else’s sin that weighs us down—someone who betrayed, deceived, abandoned, ridiculed, cheated, or made a fool of us.


Think about a time when the weight of that guilt or pain was so heavy that you couldn’t pull yourself out of bed. Now try to imagine the heaviness of the combined grief that everyone’s sin has caused your family, your church, your neighborhood. Add to that all the suffering sin has caused everyone in your city, state, nation, and the world. Now try to imagine the accumulated grief that sin has caused throughout the centuries since creation.


Is it any wonder that the weight of all this sin began squeezing the life out of Jesus on the night He was called to bear it? (Matt. 26:36-44). The next day, even His beloved Father would forsake Him. No other suffering can compare.


Sin put Jesus to the ultimate test. But His love endured it, His strength bore it, and His power overcame it. Thanks to Jesus’ death and resurrection, we know beyond a doubt that sin will not and cannot win.
—Julie Ackerman Link



ဘာပဲ ပြောပြော.. အီစတာ တနင်္လာ  မှာ တော့.. ခရစ်တော် ရဲ့.. ရှင်ပြန် ထ မြောက် ခြင်း နဲ့ အတူ.. ၀မ်းနည်း ပူ ဆွေး မူ တွေ ကို.. တွန်းလှန် နိုင် ပါစေ လို့.. အီစတာ ဆုတောင်း လိုက်ပါတယ်။






 

 ဆက်စပ် ဖတ်ရန်-

 ခရစ်စမတ် မှာ တွေးမိ တဲ့ ခရစ်တော် အကြောင်း 


Share/Bookmark

Formal Reception

Formal Reception


I dress up
for one of life's
formal
receptions

clip on my head
one fall of false
fake hair

tame my unruly
tresses with
the spiked hairpin
of forbearance

let fall my
small talk
fringe or bangs

add on two
boastful
bling bling
ear rings

then - for defense
cover myself with
my stole --

There -
I'm all dressed up
to go.


English translation copyright Kyi May Kaung
4-4-2011



Photobucket


Share/Bookmark

Meditation for Relief

Kay Meditation


Share/Bookmark

ဧပရယ်လ် ထဲ မှာ မျက်နှာဖွက်ခြင်း

photo- Kay
 

ဧပရယ်လ်..ချစ်သူ နဲ့ စတွေ့ဆုံရာ နေရာလေး ရယ်....
အစ ရ ပြီး...အဆုံး မသိ တဲ့....သီချင်း တပိုင်းတစ

ပြီးမှ..အဝေးကို လှမ်းကြည့်တယ်

သင်္ကြန် ရေ နဲ့ စိုကပ် .. လိုတာထက် ကို ပိုပြီး စွဲမက်စရာ..ကောင်းနေတယ်..
အပူရောင် ၀တ်စုံ ကျပ်ကျပ် နဲ့ ...နင့်အသံကို က.. သွေးကြွနေစေတာ..
ဧပရယ်လ် ရယ်.. နင်ဟာ..မရိုးမရွ အပျိုမ တယောက်လိုပါပဲ..

အင်း...

ငါကတော့..ဧပရယ်လ် မှာ..အပျိုမ ဘ၀ က.. ပြိုကျခဲ့တာ
ခုဆို..ဆယ်ရတု ပေါ့ .. ထပ်ပြီး ဦးညွတ် လိုက် အုံးမယ်..
ဆိုတော့...ဧပရယ်လ် မှာ သန္ဓေ ၀ယ်ရ ရင် ကောင်းမလား..
---
---
အေးလေ..ငါ့အတွက်က .. ဘာမှ အလကားမရ ..
အလကားရ နေတာတွေက.. အရေမရ.. အဖတ်မရ...

အရေမရ တောင်.. ရီရရင် ပြီးရော..
အဖတ်မရတောင်.. ဖတ်ရရင် ပြီးရော...ဆိုပြီး
ပြီး..ပြီးရော ... ချော်လဲ ရောထိုင်..
ဒူးကိုင် ကြည့်တော့မှ.. ဘယ်လောက်ကြာအောင် ထိုင်နေမိ မှန်း သိတော့တယ်...

အတော်ပဲ..ဧပရယ်လ်..ငါ့ကို ခဏ သယ်သွားစမ်းပါ..
ဒီနေ့ မှာ.. ငါ ရူးချင်ယောင် ဆောင်ထားလိုက်မယ်..

လာသမျှ ဒုက္ခသည်တွေ ကို ခိုလှုံခွင့် ပေး တဲ့... နိုင်ငံ..
ဒီမိုကရေစီ အပြည့်ရှိတဲ့ နိုင်ငံ...
လမ်းမပေါ် ဆေးရိုးလှမ်းတဲ့ နိုင်ငံ..
အချိန်ကလွဲ လို့... ဘာမှ ပေးစရာ မလို တဲ့ နိုင်ငံ...
မျက်နှာကလွဲ လို့.. ဘာ အထောက်အထားမှ မတောင်း တဲ့ နိုင်ငံ

ဘာပဲဖြစ်ဖြစ်..
ဥလျှောင်ကြီး ဇူခမ်ဘခ် ကို ကျေးဇူးတင်ပါရဲ့...

အလဲ့ ကွယ်...
ငါသွားအုံးမယ် ဆိုမှ..

ပန်ဒိုရာက..လွမ်းနေမယ် တဲ့.. မသက်ဝေက..လွမ်းနေမယ်တဲ့..
အသက်မပါ တဲ့..နည်းပညာတွေနဲ့... ချွဲပဲ ချွဲတတ်ပုံ...
အမေးအမြန်း ကလည်း ထူသေး..
ဘာလို့ သွားမှာလဲ
ဘယ်တော့ပြန်လာမလဲ..
သူ့ကို ဘယ်လို ထင်လဲ..
(ကဲ).... လဲ တပွင့်... ကလစ် လိုက်တယ်..
နောင်နှစ်ခါ လည်း ဆီးလို့ ကြိုကွယ်.. မောင်ကြီးပြန်လာမယ်..




 


( April fool မှာ  face book ကနေ  deactivate  လုပ်ခြင်းကို ရည်ညွန်းလျက်...)း))


Share/Bookmark