`မြေလတ်မြို့လေး နဲ့ အင်တာနက်´ ဆို တဲ့..ပို့စ်လေး မှာ..စိတ် ပါ လက်ပါ..ဖြည့်စွက် ပေး သွား တဲ့..ကိုပေါ ရဲ့ မှတ်ချက် ကို ပြန် တင် ပေး တာပါ။ ကျေးဇူး..ကိုပေါး)
++++++
မကေ ရဲ့ ဒီပို့စ်ကို ဖတ်ရတော့ ပြုံးမိတယ်။ ပထမတော့ ပြည်ပရောက် မြန်မာတွေ ကြုံရတတ်တဲ့ ဒီကမောက်ကမ အဖြစ်အပျက်ကလေးကို နှစ်ခြိုက်သဘောကျလို့ ပြုံးမိတာပါ။ နောက်ဆက်တွဲ ဆက်စဉ်းစားဖြစ်တော့ ထုံးစံအတိုင်း မချိပြုံး အဖြစ်ကို ပြောင်းသွားရလေသတည်းပေါ့ဗျာ။တခါတလေကျတော့ ကျနော်တို့ တိုင်းပြည်ဟာ ဒစ္စကာဗာရီ ချယ်နယ် မှာ ပြပြနေတဲ့ လူရိုင်းတွေလိုအဖြစ်ကိုများ ရောက်ရှိသွားတော့မလားလို့ တွေးမိတယ်။ ကမ္ဘာကြီးကသာ လှိုင်းတွေ တခုပြီးတခု ပြောင်းသွားမယ်။ အဲဒီ လူရိုင်းတွေမှာတော့ သားငါးကို အစိမ်းစားတုန်း။ ဖိနပ်မစီး။ အ၀တ်အစားလည်း မကပ်။ မကျန်းမာလို့တောင် ဆေးကောင်းဝါးကောင်းနဲ့ ကုသခံရမှုမရှိ။ မိရိုးဖလာ နတ်ပူဇော်တဲ့နည်းနဲ့ ကုသကြတုန်း။ကမ္ဘာဦးလူသားသာသာ ဘ၀ နဲ့ နေကြရတုန်း။ သူတို့အကြောင်းကို ကြည့်နေရတုန်းဆိုရင် သူတို့တွေ ဘာကြောင့် ဒီလောက် အဆက်ပြတ်ကျန်နေခဲ့ရသလဲဆိုတာကို ဂရုဏာစိတ်၊ အံ့သြစိတ်နဲ့ မတွေးတောဘဲ မနေနိုင်ဘူး။သူတို့ ဒီလိုကျန်ရစ်ခဲ့ရတဲ့ အကြောင်းအရင်းထဲက ဖြစ်နိုင်တာ တခုကတော့ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး တခြားယဉ်ကျေးမှုတွေနဲ့ ထိတွေ့မှုနည်းပါခြင်းလို့ ကျနော်ထင်တယ်။
ကျနော်တို့ တိုင်းပြည်အကြောင်းကို ပြန်လည်စဉ်းစားတဲ့အခါ ဟိုး ရှင်ဘုရင်တွေ ခေတ်က ထီးနန်းစိုက်တဲ့အခါမယ် ဆိပ်ကမ်းမြို့မှာ မစိုက်ဘဲ ပုဂံ၊ မန္တလေး၊ အင်းဝ၊ စစ်ကိုင်း စတဲ့ ကုန်းတွင်းမြို့တွေမှာ နန်းစိုက်တာကို သွားသတိရတယ်။အဲဒီခေတ်တွေက ကမ္ဘာမှာ နိုင်ငံရပ်ခြားကို သွားလာဆက်ဆံမှုက ရေကြောင်းခရီးနဲ့ သွားလာကြရတာမဟုတ်လား။ ဒီတော့ ပင်လယ်ဆိပ်ကမ်းမြို့တွေဟာ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်တဲ့ တံခါးပေါက်တွေလိုဖြစ်နေပြီးတော့ ကမ္ဘာအနှံ့က ယဉ်ကျေးမှုတွေ၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာတွေဟာ အဲဒီ တံခါးပေါက်တွေကမှတဆင့် ကူးလူးစပ်ယှက်ပြီး ပျံ့နှံ့တာမျိုးလို့ ထင်ပါတယ်။တောင်တန်းကြီးတွေ ပတ်ပတ်လည် ကာဆီးထားတဲ့ ကျနော်တို့ တိုင်းပြည်မှာ ထီးနန်းစိုက်ရာက ဆိပ်ကမ်းမြို့ မဖြစ်ခဲ့တဲ့အခါ အတိတ်တုန်းက ကမ္ဘာနဲ့ အဆက်ပြတ်ပြီး တောကြီးမျက်မဲထဲက လူရိုင်းတွေရဲ့ ရွာကလေးလို တသီးတခြားဖြစ်နေခဲ့တယ်။
ကံကောင်းချင်တော့ ယိုးဒယားကို အပြန်အလှန် ကျူးကျော်မှုတွေ၊ ပေါ်တူဂီတွေရဲ့ ကျူးကျော်မှုတွေ၊ မောင်းဂွတ်တွေ ၀င်လာတာမျိုးတွေကြောင့်သာ အသင့်အတင့် ယဉ်ကျေးမှုဖလှယ်ခွင့် ရှိခဲ့တယ်။ နောက်တော့ အင်္ဂလိပ်တွေ ၀င်လာပြီး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရန်ကုန်မှာ ရုံးစိုက်လိုက်တော့ တော်တော်လေး အခြေအနေကောင်းလာခဲ့တယ်။ဒါပေမယ့် လွတ်လပ်ရေးရပြီးပြန်တော့ ဦးနေ၀င်းအာဏာသိမ်းပြီးကတည်းက အခုအချိန်အထိ အထီးကျန် တံခါးပိတ် မူဝါဒ နဲ့ နေလိုက်တော့ အပြောင်းအလဲအရမ်းမြန်တဲ့ ဒီဘက်ခေတ်မှာ ကျနော်တို့ တော်တော်ကြီးကို ပြတ်ကျန်ရစ်ခဲ့တာ။ ဒီဘက်ခေတ်မှာက ရေကြောင်းရော၊ လေကြောင်းပါ တွင်ကျယ်လာတာမှန်ပေမယ့် အစိုးရအဆက်ဆက်ရဲ့ အထီးကျန်ဆန်တဲ့ တံခါးပိတ်မူဝါဒကြောင့် မြန်မာပြည်ဟာ ကမ္ဘာနဲ့ ထိတွေ့ခွင့် ရသင့်သလောက် မရဘဲ၊ ယဉ်ကျေးမှုတွေ ကူးလူးယှက်လှယ်ခွင့်မရဘဲ နည်းပညာ၊ စီးပွားရေး အစစ နောက်ကျ ကျန်ရစ်ခဲ့ရတယ်။တိုင်းပြည်ရဲ့ အခုလက်ရှိအနေအထားကနေ သူ့အလိုအလျောက် ပြောင်းလဲ မသွားရင်ဘဲဖြစ်ဖြစ်၊ ကျနော်တို့က ပြောင်းလဲအောင် မစွမ်းဆောင်နိုင်လို့ဘဲဖြစ်ဖြစ် နောင်ဆယ်စုနှစ် ၂ ခုလောက်သာ ဒီပုံအတိုင်းဆက်သွားရင် ဒစ္စကာဗာရီချယ်နယ်မှာ ဗမာပြည်အကြောင်းကို ပြတဲ့အခါ လူရိုင်းတွေအကြောင်းကို ကြည့်လို့ဖြစ်တဲ့ ခံစားမှုမျိုး ကျနော်တို့ကိုယ်တိုင်မှာတောင် ဖြစ်လာလိမ့်မယ်။
အခုတောင်မှ စင်္ကာပူက ချင်နယ်နယူးစ်အေးရှားမှာ မြန်မာပြည်အကြောင်းပြပြီဆိုရင် တချို့သောမြင်ကွင်းတွေက ဒီက လူတွေအတွက် အထူးအဆန်း။ ဥပမာ....ခြင်းဖုန်းကြီးနဲ့ အပြင်ကို ရှိုးထုတ်ပြီး ထွက်လာတာကို ကင်မရာက ရိုက်ပြတော့ သူတို့အနေနဲ့ အထူးအဆန်းပေါ့။ အင်း........စိတ်သက်သာရာရအောင် ကြံဖန်တွေးရရင်တော့ ယဉ်ကျေးမှုအမွေအနှစ်တွေ မပျက်စီးမဆုံးရှုံးဘဲ ရေရှည်တည်တံ့တာပေါ့လို့ နအဖ လေသံအတိုင်းလိုက်ပြီး ကြွေးကြော် ရမလားမသိ။အထူးသဖြင့် စင်္ကာပူမှာရှိတဲ့ ပြည်မကြီးတရုတ်တွေ၊ ဖိလစ်ပီနိုတွေ၊ မလေးရှန်းတွေ သူတို့ နိုင်ငံက မိသားစုတွေနဲ့ ဖုန်းပြောရင် အကြာကြီး။ တတွတ်တွတ်မပြီးနိုင်တော့ဘူး။ အဲဒီအချိန်မှာ ကျနော်တို့က တမိနစ် တဒေါ်လာ ဆိုတာလေးကို တွက်ချက်ပြီး အမေ၊ အဖေ နဲ့ စကားပြောရင်တောင် တက်သုတ်ရိုက်ပြီးပြောရတယ်။ ငယ်ငယ်က မြန်မာစာမှာ အနှစ်ချုပ်ရေးနည်း သင်ခဲ့ရတာ ဒီနေရာမှာ တော်တော် အသုံးဝင်တယ် ပြောရမယ်။ဘာဘဲဖြစ်ဖြစ်ပေါ့လေ......အခုခေတ်မှာ အင်တာနက်ကဆင့်၊ တီဗီ၊ ဗီစီဒီတွေကတဆင့်၊ ရေဒီယိုကတဆင့်၊ စလောင်းကတဆင့် ယဉ်ကျေးမှု ကူးစက်မှုနှုန်း၊ သတင်းအချက်အလက် စီးဆင်းမှုနှုန်း အရင်ကထက် ပိုများလာပြီဆိုတော့ ပြောင်းလဲဘို့အတွက် မျှော့်လင့်ချက်တွေ ပိုမိုအားကောင်းလာပါပြီ။ ကံကောင်းရင် နောင်အနှစ်နှစ်ဆယ်ကြာလို့ မြန်မာဘလော့ဂါဟောင်းများ မိတ်ဆုံပွဲကြီးကို (ကျနော်တို့ အိုကြီးအိုမကျမှ) မြန်မာပြည်မှာ ပြန်လုပ်ကြရင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနဲ့ သောသောအုတ်အုတ် ပျားပန်းခတ် စည်ကားတိုးတက်နေတဲ့ ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာက တိုက်ရိုက်လေကြောင်းလိုင်းတွေနဲ့ လာတက်ကြ၊ မအားလို့ လာမတက်နိုင်တဲ့လူကလည်း ဗီဒီယိုကွန်ဖရင့်သဘောမျိုး အင်တာနက်ကတဆင့် တွေ့ဆုံကြတာမျိုး ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။
◦
0 Comments:
Post a Comment