Hip Hop ခေတ်ရဲ့ ၁၉ ဇူလိုင်


မနှစ်က.. အာဇာနည်နေ့ မှာ..ဘလော့ကာ မိတ် ဆွေ လေး - ကိုဖြိုးက တခုခု ရေးပါ ဆို ပြီး tag လို့..ရေးခဲ့တဲ့
စာကလေး ကို..ဒီ နှစ် မှာ..တိုက် တိုက် ဆိုင် ဆိုင်- အဖမ်းအဆီး ခံ နေ ရတဲ့.. Acid ၀ိုင်းက Hip Hop လူငယ်လေး ၂ ယောက် ဖြစ်တဲ့..ဇေယျာ သော် နဲ့ ရန်ရန် ချန်း အတွက်- လေးစား ဂုဏ်ပြု ရင်း-ပြန် လည် ဖော်ပြ လိုက်ပါတယ်။

တိုင်းပြည် ကောင်းရာ ကောင်းကျိုး ကို ..နိုင် သလို သယ် ပိုး ရင်း- အပြစ် မရှိ ပဲ.. နံရံ လေး ဖက် ကာရံ ထားခံ နေ ရသော.. လူငယ် များ အားလုံး.. အမြန်ဆုံး လွတ် မြောက်ပါစေ။
++++++++

စကားထာက..လွယ်မယောင်ယောင်နဲ့..ခက်နေသည်..
ကဲ..ဖြေပဲကြည့်ပါဦး..ပခုံး၂ဖက်ကြားက..ခေါင်းပေါက်တယ်တဲ့..
အများသူငါလိုပဲ..လက် ၂ဖက်နဲ့..ခြေထောက်၂ဖက် နဲ့တဲ့..
အတွေးတွေကလည်း..ဘ၀တသက်စာတောင်တဲ့...
ပီးတော့..စည်းအပြင်ကလူတဲ့...ဒါပေမဲ့လည်း..အညတရလည်းမဟုတ်ဘူးတဲ့..
အာဇာနည်လည်းမဟုတ်ဘူးတဲ့...ဘာပါလိမ့်နော်....???
အဲဒါနဲ့..နဲနဲဆက်ရှာကြည့်တော့..ခပ်အက်အက်ကဗျာတွေထွက်လာတယ်..ခပ်ထက်ထက်စကားတွေလည်းပြောသေး..
တချက်တချက်..ဒုံးချက်..ဒုံးချက်နဲ့..ပန့်ခ်ဂီတတဲ့...
ခဏနေတုံး..တုံချမ်းတုံချမ်းနဲ့..ရောသမမွှေလည်းကြားလိုက်မိတယ်..
သေချာပါပီ..အဲဒါ..ဟစ်ဟော့ခောတ်ရဲ့..လူငယ်လေးတယောက်ပဲ..

ဒါပေမဲ့..သူကပြောတယ်..၁၉ ဇူလိုင်အကြောင်းရေးပါတဲ့..၁၉ ဇူလိုင်ဆိုပေမဲ့.အာဇာနည်နေ့အကြောင်း ဟုတ် လည်းရတယ်..မဟုတ်လည်းရတယ်တဲ့...။ကဲ..ရပီ..ရေးမယ် ဆိုပီး..ဆက်ဖတ် တော့..ရေးချင်လည်း ရတယ်..မရေးချင်လည်း ရတယ်တဲ့...
ဒုက္ခပါပဲ..လူတောင် အူကြောင်ကြောင် ဖြစ်သွားပီ..ခုခေတ် လူငယ်တွေ များ..ခက်..ခက်ရချည့်.. အင်း..ခက်နေလို့တော့မပီး..သူတို့တွေးသလို..လိုက်တွေးပီး..သူတို့ရေးသလို..လိုက်ရေးနိုင်မှ..တော်ကာ ကျမည်...သူတို့ ဆိုသလိုကော..လိုက်ဆို နိုင်ပါ့မလား...?


Acid အဖွဲ့- ရန်ရန်ချန်း- ဇေယျာသော်- အနဂ္ဂ- ဟိန်းဇော်

သူတို့တွေ ကို..ဘောင်းဘီ လက်ပွနဲ့..ဦးထုပ် နောက်ပြန် ဆောင်းရင်း..ကွတ ကွတ လမ်းလျှောက် လို့..ဘာတွေလည်း ကွာလို့..နှာခေါင်းရှုံ့ လိုက်ရင် တော့..တက်တက်စင် အောင်မှားသွားလိမ့်မည်...သူတို့တွေ သည်..မတရားမူကို ရွံတတ် သလောက်..အမှန်တရားကို ငမ်းငမ်းတက် မြင်ချင်ကြသည်။ သူတို့..ယဉ်ကျေးဖို့ ၀န်လေး ပေမဲ့...ရိုင်စိုင်းဖို့ တော့..လက်တွံ့ ကြသည်။ သူများ လုပ်တိုင်း..လိုက် မလုပ်ချင် ပေမဲ့...သူများ လုပ်တာ ကို..ကဲ့ရဲ့ ဖျက်ဆီးဖို့..နဲနဲမှ..စိတ်ကူး မရှိ။ စာကြီး ပေကြီး တွေကို..မဖတ်ချင် သေးပေမဲ့..သမိုင်း အမှန်တွေ ကို တော့..ရှာဖွေတတ်သည်...။ဘယ်သူတွေ..ဘယ်လောက် ဖွက် ထားထား..သူတို့..၁၉ ဇူလိုင်ကို ရှာတွေ့ ကြသည်။ အာဇာနည်ကြီး တွေကို..လွမ်းကြသည်။ လက်သီး တွေကို..ကျစ်ကျစ် ပါအောင် ဆုပ်ထားကြသည်။ ဒီလို အဖြစ်ဆိုးကြီး တွေ မဖြစ်ဖို့..သမိုင်း သင်ခန်းစာ တွေ..ယူကြသည်။

လွမ်းသင့်တာကို လွမ်း၍..လှမ်းသင့် တာကို လှမ်းဖို့..သူတို့ ခြေလှမ်းတွေ..ချဲထား ကြသည်။ ဟစ်ဟော့ သီချင်းတွေ အဆို ကောင်းသလို...ကမ္ဘာမကြေဘူး လဲ ဆိုနိုင်ကြသည်။ သူတို့ရဲ့..ပေါက်ကွဲ သံစဉ်တွေ ကို..မြေကြီးပေါ် ပစ်ပေါက် ရင်း..သူတို့..ရှေ့ဆက်ဖို့..အင်အားတွေ ရကြသည်။ သူတို့သည်..ဗမာပြည် အတွက်..အင်အားများ ဖြစ်သည်။ ကမ္ဘာတည်ဖို့ လူသားများ ဖြစ်သည်။ သမိုင်းတွေ ကို..လက်ဆင့် ကမ်းဖို့..သူတို့ နှလုံး တွေ..တဆက်ဆက် ခုန်နေတာကိုပင်..ကြားနိုင် ပါသည်။
ကဲ..သူတို့နဲ့အတူ..ဟစ်ဟော့ပ်တပုဒ်လောက်..ကြိုးစားပီး..လိုက်ဆိုကြည့်ကြပါလား..


Share/Bookmark

3 Comments:

Dr. Yi Yi Win said...

သမိုင်းတွေ ကို..လက်ဆင့် ကမ်းဖို့..သူတို့ နှလုံး တွေ..တဆက်ဆက် ခုန်နေသံဖြစ်တဲ့သူတို့ ရဲ့ဂီတသံ....သူတို့ ရဲ့နှလုံးခုန်နှုန်းအတိုင်း စည်းချက်အညီ လိုက်ဆိုနိုင်မှနော် အစ်မ။

ကိုပေါ said...

ကောင်းသားဘဲဗျာ။ လူငယ်တွေရဲ့ ရင်ခုန်သံစည်းချက်ကို နားစွင့်ရင်း ဟစ်ဟော့ပ် တပုဒ်လောက် ကြိုးစားလိုက်ဆိုကြည့်ဘို့ဆိုတာ။

ခေတ်အလိုက် ၀တ်စားဆင်ယင်မှုနဲ့ အကြိုက်တရားပြောင်းလဲတာတွေတော့ ရှိပေမပေါ့။ ခေတ်အလိုက် ဂီတတွေ သီချင်းတွေ ရေးကြဆိုကြမယ်။ ခေတ်အလိုက် ဗန်းစကားတွေ ပြောကြမယ်။

တိုက်တိုက်ဆိုင်ဆိုင် မနေ့ညကမှ မြသန်းတင့် ဘာသာပြန် “လေလွင့်သူ” ကို ဖတ်မယ်လုပ်တော့ အမှာစာ အရင် ဖတ်မိတယ်။ အမှာစာထဲမှာ စာရေးသူက ခေတ်အလိုက် သုံးတဲ့ ဗန်းစကားတွေ ရှိတယ်တဲ့။ ဦးတိုးရဲ့ ရာမရကန် ထဲမှာတောင် အဲဒီခေတ်ကသုံးတဲ့ ဗန်းစကားတွေ ပါတယ်ဆိုဘဲ။

ခေတ်ကတော့ ပြောင်းသွားမယ်။ ဒါပေမယ့် လူတွေရဲ့ ခံစားတတ်မှု၊ တွေးခေါ်တတ်မှုကတော့ ဘယ်ခေတ်မဆို ရှိနေဦးမှာဖြစ်တော့ လူငယ်လည်း လူငယ်အလျောက် သူ့ခေတ်သူ့အခါမှာ ဘာတွေ မှားနေလဲ၊ ဘာတွေ မှန်နေလည်း စူးစမ်းသိမြင်လာမှာဘဲ။ ကိုယ့်ကို လိမ်ညာနေတာ၊ ဖိနှိပ်ချုပ်ချယ်နေတာကို ဘယ်လူငယ်မှ သဘောကျ နှစ်ခြိုက်နိုင်မယ်မထင်ဘူး။ သူတို့မှာ ရှေ့ဆက်ဘို့ အင်အားတွေရှိတယ်။ မှန်ပါတယ်။ သူတို့ဟာ တကယ်ဘဲ ဗမာပြည်အတွက် အင်အားတွေပါ။

Mintasay said...

same with you, ama. I feel really sorry for those young young great artists.