အတိတ်





အတိတ် တချို့ကို ... ပြန်တွေးဖြစ်သည်။ အိပ်ချင်ပြေ..ချိုချိုချဉ်ချဉ် အတွေးမျိုး မဟုတ်...။ နာနာကျင်ကျင်..မျက်ရည် ၀ဲဖို့ အကြောင်းလဲ မရှိ ..။ ခက်ခက်ခဲခဲ..ပြန်လည် ဆန်းစစ် ကြည့်ဖို့ လည်း..မလို..။ နှမြောတသ.. ပြန်ရချင်..ပြန်လိုချင် လို့ လည်း..မဖြစ်နိုင်...။ ဒါပေမဲ့.. တွေးလိုက်တိုင်း..တကယ့်ကို အပျော်ရွှင်ဆုံး..အတက်ကြွဆုံး..၀မ်းအမြောက်ဆုံး အချိန်တွေ...။


++++++

“ မေလ တို့ ရင့်အိုဟောင်းချိန်..၀သာန်မိုးဦး မုတ်သုန်မြူး ပြီ..တိမ်ညို မိလ္လာ ရစ်ဝိုင်း ကာ လေ...တထောင့် ကိုးရာ ကိုးဆယ်... မေ မှာ..တို့ နိုင်ငံ သမိုင်း အသစ် ပြင်ရေးကြမည် ... ” ဆိုတဲ့.. သီချင်းသံ တွေ နဲ့ စီညံ နေခဲ့တဲ့.. နွေ ... “ ပိတောက်တွေ လှိုင်တဲ့ နှစ်..ခမောက်တွေ နိုင် မဲ့ နှစ် ” ဆိုပြီး.. ပိတောက်တွေ ခဲခဲ လှုပ်အောင် ပွင့် ခဲ့တဲ့.. နွေ... အဲဒီ နွေတနွေ..။

မတ်လ ထဲမှာ... ရန်ကုန်ကို မိသားစု ကိစ္စ နဲ့..တအိမ်လုံး သွားကြတော့.. ထူးထူး ခြားခြား.. ပိတောက်တွေ.. တမြို့လုံး ၀င်းထိန် မွှေးမြ နေ တာ.. အံ့သြဘနန်း.. ။ တကယ့်ကို.. ထူးထူးကဲကဲ..ပိတောက်တွေ က တောင်.. တခဲနက်.. ၀မ်းမြောက် အားပေး ခဲ့တဲ့.. နွေ ပေါ့..။

“ ~~~~ ခမောက်ရဲ့ ဘေး မှာ ကြက်ခြေခတ်လို့..သမိုင်းဟောင်း အသစ်ပြင်စို့..ဖြောင့်မတ် တဲ့မှန်..တည်ကြည် ဂုဏ်မချို့..အဖွဲ့ချုပ်သဘောထားမို့.. ~~~~ ရည်မှန်းချက် လ၀န်းအိမ်..ဒီနွေမိန် ရွှန်းကြည်လဲ့လို့..ဘ၀ မချို့.. အလှ မချို့..အားမာန်မချို့ပါ..ပြည်သူ့ အောင်မြေ သပြေနု ချိန် မို့...~~~~”


မြို့နယ်စုံ.. နေရာစုံက..သီချင်းခွေ တွေ..ဆိုကြ..ထုတ်ကြ.. လှည့်ပတ် နားထောင် ကြ နဲ့...ပျော်စရာကောင်းလှသည်။ ရန်ကုန်က ပြန်လာကြတော့.. သီချင်းခွေ တွေ.. အတော်များများ ပါလာသည်။ မန္တလေးတိုင်း..က..ထုတ်တဲ့ အခွေ တခွေ.. သိပ်ကောင်း သတဲ့.. ညွှန်းလိုက်ကြသည်။ နောက်..ရန်ကုန်တိုင်း က.. အဆိုတော် တချို့ ပါတဲ့.. သီချင်းတွေ...


သူတို့ မြို့လေး က.. ရွာလေး တရွာက တောင်.. ရှိသမျှ ..စည်းတွေ ဒိုးတွေ နဲ့.. သီချင်းတွေ စပ်ကြ..ဆိုကြ..အခွေတွေ ထွက်လာကြသည်။ တကယ့် ရင်ထဲ အသဲထဲက..သီချင်းတွေ.. နေရာတိုင်း မှာ.. လွင့်ပျံ့ နေ ခဲ့သည်။

“ ~~~ ခမောက်လေးဆောင်းလို့ မဲရုံသွား.. တို့ တမျိုးသားလုံး ပြုံးပျော်ကြည်.. ~~~ တူညီညာ ဆန္ဒပေး..ဒီမိုကရေစီ ရေး အတွက် တသွေးတသံညီ.. ~~ ”

ဝါးခမောက်တွေ လည်း.. အိမ်တိုင်း မှာ..လူတိုင်းရဲ့ ခေါင်းပေါ်မှာ.. တင့်တယ်ချင်တိုင်း တင့်တယ် နေခဲ့သည်။

အခု လို.. အချိန်တွေ ပဲပေါ့.. မတ်လရဲ့ ပူပြင်းလှ တဲ့ နေရောင် အောက်မှာ...လူငယ် တွေ.. မဲစာရင်း ကူး..လုပ်အားပေး ကြသည်။ အဲဒီ တုန်းက..တမြို့လုံးက..မဲစာရင်း လူဦးရေ တွေကို..တယောက်ချင်း..တအုပ်ချင်း တရက်ကွက်ချင်း..လက်နဲ့ ကူးယူ ရ တာမို့.. လူငယ် အယောက် ၂၀ လောက် ကူးကြတာတောင်.. တပတ်လောက် ကြာ သည်။ နောက်တော့.. ကောင်စီရုံးက..စာရေး တွေ ကတောင်.. လာပြီး..စကားပြောကြ.. နောက်ကြ ပြောင်ကြနဲ့... ခင်ခင်မင်မင်.. ။အားလုံးက..တခုခုကို သေချာ စိတ်ချ နေ ခဲ့တာ ဖြစ်မည် ။

“ ကိုယ်တိုင် တောင်..အသက်မပြည့်လို့...မဲ မပေးရ ပဲ နဲ့များ.. .သူများကို ဘယ်လို မဲဆွယ် မလဲ..” လို့.. သူငယ်ချင်း တွေ.. မောင်နှမ တွေက..နောက်ကြပေမဲ့... မနက် လင်းတာ နဲ့.. ပင်နီ တထည် ၀တ်ပြီး...လူငယ် တအုပ်ကြီး နဲ့ အတူ.... ရောရော ယောင်ယောင်.. စက်ဘီးလေး တပြင်ပြင် ဖြစ်နေ တော့သည်။ အင်မတန် တက်ကြွ လှတဲ့.. အမ ၂ ယောက် နောက်မှာ. ထပ်ကြပ်မကွာ...

ခန္ဓာကိုယ် ပိန်ပိန်ပါးပါး ပေါ်မှာ..ပင်နီ ၀တ်စုံ ချပ်ရပ်.. သနပ်ခါး တွေ ပိန်းနေအောင် လိမ်းကျံ ပြီး.. ဒေါ်စု ပုံစံ လို မျိုး ပန်းတွေ ပန် ထားတဲ့.. အမလတ်က.. သူ့ခမောက် ကြိုးကို သိုင်း ခြည် လိုက်ရင်း...
“ ဒီနေ့.. ခရာပေါက် .. ရေတာကြီး ဖက် ကျန်သေးတယ်.. ”
“ မနေ့က..အင်းပေါက်ကုန်း ဖက် မှာ.. လူတွေ တော်တော် တက်ကြွကြတယ်...”
အုပ်စု ခေါင်းဆောင်ခြင်း.. စည်းရုံးရေး ဆင်းရမည့်..ကျေးရွာ တွေ.. တိုင်ပင် ကြ သည်။

သူတို့ စက်ဘီး အတန်း ကြီးက.. မြို့ပြင် ကားလမ်း မ ပေါ်က..ဖဲ့ဆင်းလို့... လယ်ကန်သင်းရိုး..ရွာလမ်းမ တွေ ပေါ်..ဦးတည် နေ ကြပြီ..။ သီချင်းတွေ အော်ဆို ကြ.. စလိုဂန် တွေ.. တိုင်ကြ..။

ငု နဲ့ပိတောက် နွေမှာ ပြိုင် .. စု နဲ့ ခမောက် မေ မှာ နိုင်....

ရွာထိပ်ဆီက.. ခွေးဟောင်သံ တွေ ... ။ ခွေးတွေ နောက်က.. ပြေးထွက် လာတဲ့.. ခလေး တသိုက်...။ ဘောင်းဘီမပါ.... ဖိနပ် မပါ ... ကလေးကြီး တွေက.. ကလေးငယ် တွေကို..ခါးထစ်ခွင် ချီ လို့..။ ရွာထိပ်က.. ထုံးဖြူ စေတီ...မန်ကျည်းပင် ရိပ်... ကုက္ကိုပင်ရိပ်...အောက်မှာ.. လူစိမ်း တွေကို မြင်လို့..အငိုတိတ် သွားတဲ့..ကလေး ငယ် တွေ နဲ့ အပြိုင်.. ပူလောင်မောပန်းမူ တွေ.. ချွေးတွေ သံ တွေ လည်း ချက်ခြင်း တိတ်...။.. လူစုစု တွေ့တဲ့.. အိမ်ဝိုင်း တခု ထဲ.. စက်ဘီး တွေ.. ဒေါက်ထောက်ကျ..။ ရေနွေးကြမ်း နဲ့ ထညက်ခဲ စားတုန်း.. အိမ်ရှင် ရဲ့..ဆော်သြသံ.. ။

“ ပင်နီ တွေ လာတယ်ဟေး...”

အနီးအပါးက.. တဖွဲဖွဲ ရောက်လာကြတဲ့.. မိန်းမ..ယောက်ျား..လူကြီး လူငယ်..။

“ ကျနော် တို့က.. ဗိုလ်ချုပ် သမီး..ဒေါ်အောင်ဆန်းစုကြည် အဖွဲ့က.. ခမောက် ပုံပေါ့နော်.. မဲပေး တဲ့ အခါ.. ဟောဒီလို..စာရွက် မှာ..ခမောက်ပုံ လေး ဘေးက..အကွက်မှာ..ကြက်ခြေခတ် လိုက် ရမယ် ..”

တောသူ တောင်သား တွေက.. ဗိုလ်ချုပ်အောင်ဆန်း ကို သိကြသည်။ ဗိုလ်ချုပ်သမီး ကို ချစ်ကြသည်။ ပြီးတော့..အပြောင်းအလဲ တခုကို.. မျှော်လင့် ကြသည်။ အဲဒီလောက် ရိုးရှင်း တဲ့.. အခြေအနေ တခု အပေါ်မှာပဲ.. နွေ တနွေ လှုပ်ရှား သက်ဝင် နေခဲ့သည်။ အဲဒီ အပြောင်း အလဲ က..စစ်မှန် တဲ့..ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုတာ အထိ.. သိစရာ သိပ်မလိုခဲ့..။ သူတို့ လူငယ်တွေ တောင်...သေချာ သိခဲ့ သလား.. မသေချာ.. ပါတီ တခု ရဲ့ စည်းမျဉ်း ကလနား တွေကို..လည်း..သူတို့ မသိခဲ့.. အဖွဲ့ဝင် တွေ လည်း..မဟုတ်ခဲ့ကြ..။ တကယ်တော့..သူတို့ အားလုံးလည်း..အဲဒီ တောသူ တောင်သားတွေ လို မျိုး.. တိုင်းပြည်ကြီး နဲ့ အ၀ှမ်း..
မျှော်လင့်..၀မ်းမြောက် နေခဲ့ ခြင်း သာ..။

သင်္ကြန်ရက်တွေလည်း လျင်လျင် မြန်မြန် ဖြတ်ကျော် သွားခဲ့သည်။ သင်္ကြန်ရက်တွေမှာ..ပဲခူးရိုးမ တောင်ကြောပေါ်က.. ဝေးလံ လှတဲ့.. ကျေးရွာတွေ အထိ.. သွားခဲ့ ကြတဲ့.. လူကြီး တွေ ရဲ့.. စိတ်ဝင်စား စရာ အတွေ့အကြုံ တွေကို.. နားထောင် ကြ ရသည်။ အဲဒီ ရွာတွေက..လူတွေက..မြို့နဲ့ ဝေးလံ ခေါင်ဖျားလှပေမဲ့.. နိုင်ငံရေး အသိ.. မခေါင်းပါး လှ ကြဘူး ..ဆိုတာမျိုးတွေ..။

ဧပရယ်လ် ပြီးတော့.. မေ လ ကို ရောက်လာခဲ့ပြီ..။ အရာအားလုံးက..လျောလျောလျူလျူ..ဖြူးဖြူးဖြောင့် ဖြောင့်..။ လွတ်လပ်ပြီး..တရားမျှတ တဲ့.. ရွေးကောက်ပွဲ ကြီးမှာ.. မဲရုံတွေ တိုင်းမှာ..လုပ်အားပေး လူငယ်တွေ.. တူတူညီညီ..တက်တက်ကြွကြွ..။ အောင်ပွဲ ဆိုတာကိုလည်း..မြင်ဖူး လိုက်ကြပြီ..မျက်ရည်လည်ရွှဲ.. ၀မ်းမြောက်ဝမ်းသာ..။

အခုတော့...ဆယ် စု နှစ် ..နှစ်ခု အတွင်းမှာ..အရာအားလုံးက..ပြောင်းလဲ နေ ခဲ့ပြီ။ မပြောင်းလဲ ပြောင်းလဲ အောင်..နည်းအမျိုးမျိုး ဖန်တီး ခံ ခဲ့ ရသည်။ သဘာဝ အပြောင်းအလဲ..လူလုပ်တဲ့ အပြောင်းအလဲ.. အပြောင်းအလဲ အမျိုးမျိုး ကြားမှာ.. မပြောင်းလဲ ပဲ ကျန်နေသေးတာ ကတော့.. လူထု က..ယုံကြည် ကိုးစားရမဲ့.. ခေါင်းဆောင် တချို့..။ မီးပြင်းတွေ ဘယ်လို တိုက်တိုက်.. အတောင်မကျိုး.. ဦးမညွှတ်တဲ့ .. ဖီးနစ် ငှက် လို ရဲရင့်သူတွေ..။ လှိုင်းတွေ ဘယ်လောက် ထန်ထန်.. လှိုင်းမကြောက် သူ တွေ...။ ဘယ်လိုပဲဖြစ်ဖြစ်..အတိတ် က အောင်ပွဲ ကို.. သယ်ဆောင် ထမ်းပိုး ထား ကြသေးသည်။

အတိတ် ကို လက်ဆင့်ကမ်း ဖို့ အတွက်.. “ အတိတ်” လို့..အတိ အကျ ..သတ်ပုံ မလွဲ.. ရှိနေ ဖို့.. လိုအပ် သလား...။ မလိုဘူး ထင်သည်။
လိုအပ် လာရင်တော့.. အတိတ် ကို ပြန်မတွေး ချင်ရင် .. ရာဇ၀င်သာ..အသစ်ပြင် ရေး ရ ပေလိမ့်မည်။




Share/Bookmark

အတွေး






ဘုရားသခင်...
ကျမက...အတွေးချောင်တယ်
ဧ၀ သာ ပန်းသီး မစား ခဲ့ရင်..
လူတွေ ဘယ်လို ချစ်တတ်လာမှာ လည်း...

ဘုရားသခင်..
ကျမက..တွေးရင်း သရော်ချင်သေး..
အာဒံ့ သားတွေက.. နံရုံးတချောင်း သာ ရင်းနှီး ရပေမဲ့..
မြေမှုန် အရေ အတွက်လောက်..လောဘ ကြီးချင် ကြတယ် ရော...

ဘုရားသခင်...
ကျမ.. အတွေး သစ် ကြည့်မလို့ပါ
မာဂဓလ မာရိ.. သူမက..တကယ့်.. သစ္စာအရှိဆုံး နဲ့...
သနားစရာ အကောင်းဆုံး.. သာဝက တယောက် ပေါ့..
မဖြစ်သင့်သူ ကို.. ချစ်ခင် မြတ်နိုး မိသူ

ဘုရားသခင်...
ကျမက.. အတွေး ယုတ္တိဗေဒ ကျ ချင်တာပါ..
ယေရှု အရှင်က.. ပြုပြင်ပြောင်းလဲရေး သမား တယောက်မို့ ..
ဖဲ့..ထုတ်...သတ်ခံ ခဲ့ရတာ... ဒါ..ပူးပေါင်းလုပ်ကြံမူပဲ..။

ဒါတောင်မှ.. ဘုရားသခင်..
ဟောဒီ စာအုပ်ထဲမှာ..ဇတ်ကောင်တွေ များလွန်းလှတော့..
ကျမက... အတွေး နဲ့ ယုံမှား ချင်လာတယ်...

ယောဘ ကို.. ဇတ်ရိုင်းအနာဆုံး ဖြစ်လာဖို့..
အခွင့်အရေးတခုမှ.. မပေးခဲ့တာ.. ဖြစ်ရိုးဖြစ်စဉ် မှ..ဟုတ်ရဲ့လား...

ဒါဝိဒ် မင်းကြီး ရဲ့ ဆာလံ ညည်းချင်း တွေ ကရော..
အနာဖျောက် နိုင်တဲ့..စိတ်ထွက်ပေါက်တွေလား..

ရှောလမုန်ဘုရင် ရဲ့.. တထောင့်ငါးပုဒ်သော..
တထောင့်ငါးရာ ချစ်ြခင်းမေတ္တာ သီချင်းတွေ..
ကျမ်းမ၀င် ပဲ..ရှိနေလိမ့်ဦး မလား..

ထားလိုက်ပါလေ..
ဘုရားသခင်ဆီကပဲ ..ကျမ သိခဲ့တာ..
ဒီစာအုပ် ထဲမှာ..လူပေါင်းစုံတယ်.. အဖြစ်ပေါင်းစုံတယ်..
ပြည့်တန်ဆာ က စလို့.. ရှင်ပေါလု အထိ..
အနူအ၀ဲ က စလို့.. ရှင်ယောဟန် အထိ..
အံသွား ကြိတ်ခဲ စရာ ကနေ.. ၀မ်းမြောက်ရွှင်လန်းစရာ အထိ..
လူနှစ်ယောက်ရဲ့ ချစ်မေတ္တာ ကနေ.. ကပ်ကမ္ဘာဆုံး မဲ့..မျိုးဆက်မုန်းတီးမူ အထိ..

ဘုရားသခင်..
ခဏ...ကျမ ကျော်တွေး ကြည့် တော့..
ရှင်ပေါလု က..ပညာရှင် မို့.. လူတွေ ပိုလက်ခံ လေသ လား..
ကျမလည်း..တမန်တော် ၀တ္တုကို ကြိုက်တယ်..

ဘာပဲဖြစ်ဖြစ် ဘုရားသခင်..
ဘာတွေဖြစ်လာမလဲ ဆိုတာ..
ဘုရားသခင်ပဲ သိမှာပါ...
ဘာမှ မဖြစ်လာရင်လည်း..
ဘုရားသခင်ရဲ့ အလိုတော်ပါ...

အဲဒီတော့..ဘုရားသခင်..
ကျမက.. အတွေး ထဲမှာ..နှစ်သိမ့် လိုက်ပါတယ်
မောရှေ တောင်.. သူ ဦးဆောင် ခဲ့တဲ့...နို့ နဲ့ ပျားရည် စီးဆင်းတဲ့..နိုင်ငံတော်ကို..
မြင် မသွားရှာဘူး လေ...

ဒါကို..အာမင် လို့ ပြောရမလား
ခဏနေအုံး..ဘုရားသခင်..
အာဗြဟံ ရဲ့ အမေမတူတဲ့...သားနှစ်ယောက် ကြောင့်..
ကမ္ဘာကြီး မငြိမ်းမချမ်း ဖြစ်နေရတာ.. ရော..အလိုတော်လား

ဟော..မြေတွေပြိုတယ်.. နေတွေပူတယ်.. ရေတွေကြီးတယ်..
တံပိုးခရာ မှုတ်သံ တွေ များ ကြားရပြီလား..
ဒီမှာ.. ကျမက.. တွေးလို့ တောင် မဆုံးသေး ....





Share/Bookmark

အတောင်

အား..ဒုက္ခပါပဲ...
အန်တီ့ မှာ.. ဟန်းဖုံး မှ မရှိတာ....
ငါကလည်း.. လူတကာ ကို.. လူတိုင်း လို ပဲ သတ်မှတ် နေ မိလား မသိဘူး...
ဒီခေတ်ကြီးထဲ.. လက်ပတ်နာရီ မပတ်တဲ့ သူတောင် ရှိတာ..လက်ကိုင်ဖုန်း မကိုင်တဲ့ လူရော.. ရှိမှာပေါ့..

ပြီး.. မနေ့က.. အန်တီ နဲ့ စကားပြော ကတည်းက.. သူ့မှာ ဟန်းဖုံး မရှိတော့တဲ့ အကြောင်း.. ပြောဖြစ်ကြ သေးတာပဲ... ငါကတောင် ပြောလိုက်သေးတာပဲ.. အန်တီ ဒီအသက်ဒီအရွယ် တယောက်တည်း ဆိုရင်တော့..လုံခြုံရေး အတွက်ပဲ ဖြစ်ဖြစ်.. ဟန်းဖုန်းလေး တခု တော့..ဆောင်ထားသင့် တယ်လို့....။

“ သူတို့ နှစ်ယောက်က လည်း ပြောပါတယ်..၀ယ်လည်း ပေးထား ဘူးတယ်။ ဒါပေမဲ့လည်း.. အန်တီ့ကို ဘယ်သူမှ လဲ မဆက်ကြတော့.. ဆက် မသုံး ဖြစ်တော့ တာ...” တဲ့...

ခက်လိုက်တာ....။ ပြောရရင်...ကိုယ် နဲ့လည်း ဆိုင်လှ တာ မဟုတ်... ။ ဒါက..သူ့ တူ ၂ ယောက် ကိစ္စပဲ...။ သားရင်း သမီးရင်း မရှိရှာတဲ့..အသက် ၈၀ ကျော် အဘွားကြီး တယောက် အတွက်..ခင်ပွန်းသည် လည်း မရှိရှာ တော့..တဲ့ နှစ်တွေ မှာ... ကျွေးမွေးပြုစု နှစ်အတော်ကြာ အတူနေခဲ့တဲ့..တူ  ကလည်း... အိမ်ခွဲ ဆင်းသွား ပြီ ဆိုတော့.. အတော် ခံစား အထီးကျန် နေရှာမယ် လေ ... လို့.. ကိုယ်ချင်းစာ ရင်း... တတ်နိုင်တဲ့ အချိန်လေး တွေ မှာ..အဖော်လုပ်ပေး နေမိ တာပါ...။ 

တကယ်က.. တော်တော်လေး ဝေး တဲ့..ရပ်ကွက် က..သူ တယောက်တည်း နေတဲ့.. အိမ်လေး ကို.. သွားဖို့ ဆိုတာ.. ကိုယ့် အတွက်တော့.. မလွယ်လှပါဘူး..။ အမှန်အတိုင်း ပြောရရင်.. ဆုံးသွားရှာပြီ ဖြစ်တဲ့..အန်ကယ် စိုက်ခဲ့တဲ့... ခြံ နောက်ဖေးက..  ဒန့်ဒလွန်သီး တွေ..ကင်ပွန်းချဉ်ရွက်တွေ.. သရက်သီးတွေ.. အဲဒီလို.. ရှားပါး..ဗမာစာ တွေ လိုချင် တဲ့ အခါ သာ.. ညာတာ ပါတေး.. ကိတ်မုန့်လေး တဗူး ကိုင်ပြီး.. ရောက်လေ့ ရှိတာ..။ ကိုယ့်နဲ့ သွေးလည်း မတော်.. အရွယ်ခြင်း မတူ.. အတွေးခြင်း..အနေခြင်း ကွာ..ပြောစရာ စကား မနည်း ရှာ ရမဲ့..  မိတ်ဆွေ တယောက်ကို.. အချိန်ပေး ဖို့.. ကိုယ့် အတွက်...အတော် မလွယ်တဲ့ ကိစ္စပါ...။

ခုတော့.. အသက် ၈၀ ကျော် အန်တီက..သူနေတဲ့..မြို့ထဲကို..ဘက်စကား စီးပြီး လာလည်မယ်.. ဈေး နားက..ကက်သီဒရယ်..ဘုရားကျောင်း ကြီးမှာ.. တွေ့ကြမယ် ဆိုပြီး..ချိန်းရော..။ တကယ်တော့.. အန်တီ့ကို မလာစေချင်...။ သွားရင်း လာရင်း တခုခု ဖြစ်သွားရင်.. ကိုယ်ပဲ စိတ်မကောင်း ဖြစ်ရမှာ...။ ခက်တာက.. လူ့သဘော ကလည်း.. အရက်မူးနေပြီ.. သတိထား ဆိုရင်... ငါက..မူးပေမဲ့..ဘယ်တော့ စကားမမှားဘူး လို့.. ဆတ်ဆတ်ထိ မခံ နိုင်သလို.. ရထားပေါ်..ကားပေါ်.. လူကြီးတွေ တက်လာတိုင်း လည်း.. ကိုယ်က..နေရာပေး လို့ ..ကျေနပ် သဘောကျ ချင်မှ ကျတာလေ ..။  

ကဲ..လာချင်လည်း လာပါစေ ဆိုပြီး.. နေ့လည်စာ တချို့ ပြင်ဆင် နေမိတာ...။ ၁၂ နာရီ ကျော် စ ပြုတော့.. ဖုန်းလဲ မခေါ်သေးပါလားပေါ့.. အိမ်ကို လှမ်းဆက်ကြည့် တော့လည်း.. ကိုင်မဲ့သူ မရှိတော့..။ ဒါနဲ့.. အိမ်ရှင်း..ရေချိုးပြီး.. အင်တာနက် မှာ..စာဖတ်ရင်း..ဆက်စောင့်..  ။ .

.. မခေါ်..မလာ..။ 

ညနေ သုံးနာရီ ထိုးတော့မှ... အန်တီ့ ဆီက..ဖုန်းဝင်လာတယ်..။ သူ ဘုရားကျောင်းမှာ..တနာရီ ကျောင်အောင် စောင့်သေးတယ်..ခုတော့..အိမ်ပြန်ရောက် ပြီ တဲ့...။

 သေပါတော့.. သေပါတော့.. 

I'm so sorry aunty  လို့သာ.. ပြောနိုင် တော့တယ်..။ ငါက.. လူကြီး တယောက် ကို လုံလောက်အောင်.. အာရုံမစိုက်မိ တာလား.. မဟုတ်ဘူး..ငါ လည်း သေချာ..ပြင်ဆင် ချက်ပြုတ်   နေတာပါပဲ..။ သေချာ တာတော့.. ရွယ်တူ သူငယ်ချင်း တယောက် နဲ့  ကော်ဖီထွက်သောက်ဖို့.. လောက် .. အာရုံ မစောနေမိ.. လုံ့လ မရှိနေမိတာ.. သာ ဖြစ်မည်..။ ကဲ..ဘာတတ်နိုင်မှာ လည်း လေ..။ ဒါတောင်..အန်တီက.. ဒီနေ့ လုပ်ထားတဲ့ မုန့်တွေ အလကား မဖြစ်အောင်..နက်ဖန် လည်း.. တိုင်ချီး မနက် သင်တန်း အပြီး.. မြို့ထဲကို..ဘက်စကား နဲ့ လာ ခဲ့ အုံးမယ် တဲ့...။
“ ရပါတယ်.. အန်တီရယ်.... ပင်ပန်းမှာ စိုးလို့ပါ.. ”   ပြောရင်း..စကားက.. အဆုံးသတ် မပါတာ ကို သတိထားနေမိတယ်။

ကိုယ့် အသံ ကိုယ် ပြန်ကြား နေ ရတာ လား..... ကိုယ့် ကို ကိုယ် ပြန်မြင် နေ ရ တာလား.. တခုခုပဲ...။

ဒီ နိုင်ငံ တွေ မှာ.. အသက်ကြီး တဲ့ အခါ.. အထီးကျန် ဆန် ကြတယ် ဆိုတာ.. ဘာပဲဖြစ်ဖြစ်.. တယောက်ချင်း အခြေအနေ နဲ့ လည်း ဆိုင်မှာပါလေ...။ သားရင်း သမီးရင်း ရှိတဲ့ လူကြီးတွေ တောင်...ဒီလိုပဲ ဆိုတော့.. ဘ၀ ဆည်းဆာ ကို တွေးမိ လိုက်ရင်... ရင်ခုန် စိတ်ခြောက်ခြား စရာ ကောင်း တာတော့..အမှန်..။ အခု..  အန်တီ လို..တူတွေ တူမတွေ ကရော.. လိုတာလေး ၀ယ်ပေး.. နေမကောင်း လာမေး ဆိုတာလောက် အပြင်.. ဘာပို လုပ်ပေး ကြ မလည်း...။ တလောက.. ဒီမှာ ရောက်နေတဲ့.. မြန်မာပြည်က..နာမယ်ကြီး ဆရာဝန်မကြီး တယောက် တောင် ..သားသမီး ၃ ယောက်လုံး..တနိုင်ငံတည်း အတူ ရှိနေရက် နဲ့.. ပင်စင်အိမ်လေး ထဲမှာ..တယောက်တည်း မူးလဲ ရင်း.. နောက်ဆုံး.. ဘိုးဘွားရိပ်သာ မှာ.. ဘ၀ နိဂုံး ချုပ်သွားတယ် လို့ ကြား ဘူး ထားတော့... အင်း... ဘာပြောရမှန်း.. ဘာ တွေ မျှော်လင့် ရ မှန်းတောင် မသိတော့ ဘူး ..ဆိုသလို ဖြစ်နေ တော့တယ်။ 

ဟိုး..ဖုန်ထူထူ မြို့လေးမှာ နေတဲ့.. . အသက် ၇၀ ကျော် ဖေဖေ့ ကို..အရိပ်တကြည့်ကြည့်.. ကျွေးမွေး ပြုစု နေတဲ့.. အမ ကိုလည်း.. ချီးကျူး ကျေးဇူးတင်နေ မိတယ်။ မမကြီး နဲ့ အတူနေရင်း.. ရန် တကျက်ကျက် ဖြစ်နေတတ် တဲ့..အသက် ၆၀ ကျော် မေမေ့ အတွက် လည်း.. အဲဒီ တကျက်ကျက် လေး တွေ သာ.. မရှိရင် တော့လေ... လို့.. ရှာကြံ စိတ်သက်သာ နေ မိ ပြန်တယ်။ 

ကိုယ့်မြေ ကိုယ့်ရေ က.. လူနေမူ ပုံစံ လေး တွေ ထဲက..နှစ်လို စရာလေး တွေ ဆွဲထုတ် ရင်း.. အသက်တွေ.. ၇၀..၈၀..၉၀ ကျော် နေကြပေမဲ့.. ခေတ်ဝန် ကို.. အတိုင်းအဆ အမျိုးမျိုး.. ထမ်းရင်း..ခေတ်လမ်းကို.. မမောတန်း လျှောက်နေကြတဲ့.. မြန်မာပြည်က... လူကြီးသူမ တချို့ ကို လည်း... ချီးကျူးပူဇော် နေ မိတယ်။


ဘာပဲ ပြောပြော..ခေတ်တွေက..မတူတော့ တာ..အမှန် မို့..လူနေမူ ဘ၀ ပုံစံ တွေ လည်း.. “ ငါ့ ကျရင်..” လို့..ဘာမှ ကြိုတင် တွက်ချက် ထား လို့  ရနိုင်မည် မထင်...။ တကယ်တော့.. အိုချင် တိုင်း တောင် အိုလို့ မရ နိုင် ... ကိုယ်မပိုင် တဲ့.. အချိန် အပိုင်း အခြား တွေမို့... အသက် ၈၀ ကျော် ဘဘဦးဝင်းတင် ပြောတဲ့...

“ အတောင်သာလျှင်ဝန်ပါတဲ့..ငှက် ရဲ့ စိတ်”  နဲ့... 
ဘ၀ ကို ဆက်လျှောက်ဖို့ရန်သာ...။






Share/Bookmark

ဂျင်းဘောင်းဘီ နိုင်ငံရေး

လူမအား လို့ ဘလော့ ကြီး အား နေတုန်း.. လတ်တလော ဖြစ်ပျက် နေတဲ့.. မြန်မာ့ စက်ရုံ အလုပ်သမား သပိတ် အခြေအနေ တချို့ ကို ထင်ဟပ် နိုင်မဲ့.. နှစ်သက်မိတဲ့.. စာ အဟောင်း လေး တခု ကို ပြန်တင်ပါတယ်။

+++++++++

ဂျင်းဘောင်းဘီ နိုင်ငံရေး


လူတယောက် ဟာ.. ဟောဒီ ခေတ်ကြီးမှာ..အနည်းဆုံး၊ ဂျင်းဘောင်းဘီ တထည် လောက်တော့ ပိုင်ဆိုင် ပြီးသား ဖြစ် ပေလိမ့်မည်။

မဟုတ်ရင် လည်း.. ဂျင်းဘောင်းဘီ တထည် လောက် လို ချင် လိုက်တာ လို့ - စိတ်ကူးနေ ပေလိမ့်မည်။
-
ဂျင်းန် အသုံးအဆောင်တွေ ဖက်ရှင်လော က ထဲကို ဘယ် အချိန် က ၀င်ရောက်လာခဲ့ သလည်း။ ၁၉ ရာစု နှောင်းပိုင်း လောက်က.. အလုပ်ကြမ်းသမား တွေ ၀တ်ဖို့..ဂျင်းန် ဘောင်းဘီ တွေ ပေါ် လာ ခဲ့ သည် လို့ တော့..ဆို ထားသည်။ ၂၁ ရာစု - စတိုးဆိုင် ကြီး တွေ ရဲ့ မီးရောင် ပြိုးပြက် အောက်မှာ တော့.. Levis တို့ Wrangler တို့ ဆို တာ..သိပ်ကို ခမ်းနား တဲ့ ဆိုင် ကြီး တွေ ဖြစ်နေပြီ။ ဒီ တံဆိပ် တွေ ကို မ၀ယ် နိုင် သေး ရင် တောင်.. Wal-Mart တို့ ဘာတို့ မှာ..ဈေးသင့်တဲ့ တခြား တံဆိပ် တခု ခု ၀ယ် ၀တ် ဦးတော့...ကျ ကျ နန ရှိ နေ နိုင် သေးသည်။
-
ဈေးကြီး တဲ့ ဂျင်းန် ပဲ၊ ၀ယ်ဝယ်...ဈေးတော်တဲ့ ဂျင်းန် ပဲ၊ ၀ယ်ဝယ်.... အဲဒီ ပမာဏ တန်ဖိုး တွေ ရဲ့ နောက်ကွယ်က..labor cost ဖြစ်တဲ့..အလုပ်သမားတွေ ရဲ့ ချွေး စက် တွေ မျက်ရည် တွေ အကြောင်း ကိုတော့....ဘယ်သူ မှ တွေး မိ မှာ မဟုတ် တာ..သေချာ လွန်း လှ သည်။
-
ဂျင်းဘောင်းဘီ ပိုင်ဆိုင်သူများ ( သို့) China Blue
အဲဒီ - မမြင် ရ တဲ့ မျက် နှာ တွေ အကြောင်း ကို ၊ ဂျူးလူမျိုး ဒါရိုက်တာ Micha Peled က China Blue ဆိုပြီး..ကမ္ဘာ့ ဂျင်းန် ၀တ်ဆင် သူများ ထံ ဖွင့်ထုပ် သယ်ယူ လာခဲ့ သည်။
-
( အဲဒီ documentary ကို ကြည့် ခဲ့ မိတာ ၂ နှစ် လောက် တောင် ရှိ တော့မည်။ ခုမှ ပဲ ရေး ဖြစ် တာတော့..ခုမှ ပဲ ရေးဖြစ် လို့ပါပဲ။ တရုတ် အိုလံပစ် ကြောင့်လည်း.. အမြင်ကပ် ကပ် နဲ့..ရေးချင် စိတ် ပေါက် လာ တာ ဖြစ် နိုင်သည်။)
-
အမေရိကန်ု အပါအ၀င်..ကမ္ဘာ့ ဈေးကွက် အတော် များ များက.. ဂျင်းန် ဘောင်းဘီ များ ရဲ့ ၉၀ % လောက် ဟာ Made in China ဆိုတဲ့ sweatshop ကြီး ကနေ ထုတ်လုပ် နေ တာပါ။ ဗမာလို အဓိပ္ပါယ် အနီးဆုံး ယူ ကြည့် ရင်တော့..`၀ိသမ လောဘ လုပ်ငန်း´ လို့ ပြော ရမလား။ ဘာလို့..၀ိသမ လောဘ- လို့ ပြော ရ လည်း ဆို ရင်- အခြေ အနေ အရ ဈေးပေါ ပြီးသား ဖြစ်နေ တဲ့ လုပ် အား တွေ အပေါ် မှာ ..ထပ် ဆောင်းပြီး.. ခေါင်းပုံဖြတ်တာ တွေ.. မမျှတတဲ့ အလုပ်ချိန် တွေ.. အနေအစား နှိပ်စက်မူတွေ.. ပြီးတော့..အလုပ်သမား အခွင့်အရေး တောင်းဆိုခွင့် အားလုံးကို အမှောင် တိုက် သွင်းထား တဲ့..လုပ်ငန်းခွင် အခြေ အနေ တွေ ကြောင့် ပါ။ အားလုံး မဟုတ်ရင် တောင်မှ..တရုတ် ပြည် ကြီးထဲ မှာ.. sweatshop တွေ အများကြီး ရှိ နေတယ် ဆို တာ.. အားလုံး သိ နေ ကြပါတယ်။
-
အဲဒီ မှတ်တမ်း ရှပ်ရှင်လေး ထဲ မှာ-Wal-mart ကို သွင်းဖို့ ဖောက်သည် ရ ထား တဲ့ ဂျင်းန် ဘောင်းဘီ ချုပ် စက်ရုံ တခု ရယ် .. jasmine လို့ နံမယ်ပေး ထား တဲ့..၁၇ နှစ် အရွယ် တရုတ်ပြည်တောင်ပိုင်း က..တောသူ အထည်ချုပ် သမလေး ရယ်..ကို.. ထိထိ မိမိ..ပြီးတော့..ခက်ခက်ခဲခဲ မှတ်တမ်းတင်ထား ခဲ့ တယ်။ ဒါရိုက်တာက..ဒေသဆိုင်ရာ တာဝန်ရှိသူ တယောက် က တဆင့်..စက်ရုံ ထဲက..တာဝန် မှူး တယောက် နဲ့ ကြိုးစားချိတ်ဆက် ပြီး.. လျှို့ဝှက် ရိုက် ကူး ခဲ့ ရ တယ် လို့ ဆို တယ် ။

မနက် ၈ နာရီ ကနေ..ညသန်းခေါင် ၂ နာရီ ထိ ..တပတ်မှာ ၇ ရက် နားရက် မရှိ .. အလုပ် လုပ် ရ တဲ့.. jasmine တို့ ရဲ့.. ပြွှတ်သိပ် နေတဲ့..လူနေ ဆောင် လေး ကို တောင်.. မှုံတိမှုံ မွှား အလင်းရောင် ထဲ မှာ..မရ အရ ရိုက် ယူ ခဲ့တယ်။ သူ့လို တခြား မြို့ပေါ် တက် အလုပ် လာ လုပ်ကြ တဲ့..မိန်းကလေး ၁၂ ယောက် နဲ့ အတူ ရော နေရတဲ့..သူတို့ အခန်း လေးမှာ.. ကိုယ်လက်သန့်စင်ရာ အခန်းက..တခု တည်း ။ စားစရာက..မနက် စွပ်ပြုတ်တခွက်..ည စွပ်ပြုတ် တခွက်။ ၂ ထပ် ကုတင်လေး တွေပူးကပ် နေ တဲ့ ည မှာ..အချင်းချင်း..အိမ်အကြောင်း..တောအကြောင်း..ယာအကြောင်းလေး တွေ ပြောပြီး..အလွမ်းဖြေကျ။ အပူအပင် သိပ် မရှိ တဲ့.. jasmine ကတော့..ဒီ နှစ် တရုတ် နှစ်ကူး မှာ တောပြန်ပြီး..မိဘ ၂ပါးနဲ့..မောင်လေး တွေကို..လက်ဆောင်တွေ ပေး ဖို့..စိတ်ကူး တွေ ယဉ် နေ သေးတယ်။ သူလုပ် ရ တာက.. ချုပ်ပီးသား ဂျင်းဘောင်းဘီ တွေ က..အမှုန်အမွှား ချည်စ အကျန် တွေကို လိုက် ညှပ် ရတာ။ တနာရီ ကို ( အမေရိကန် ဒေါ်လာ အားဖြင့် ) ၆ ဆင့် ရ တဲ့..လုပ်အားခ အတွက်..သူတို့ အားလုံး..မနေ မနား။ အလုပ်သမား ခေါင်း က လိုက်စစ် နေ တဲ့ ကြား မှာ .. အိပ်မငိုက် အောင်..သူတို့ မျက်ခွံ တွေကို..အ၀တ်ညှပ် ကလစ် နဲ့ တောင် ညှပ် ထား ကြ ရ သတဲ့။

ကလေး တွေ ဆို တော့လည်း.. သိပ် ပြီး စိတ်ပျက် ညီးညူ ပုံ မပေါ်။ အိမ် အပြန် ယူသွားမဲ့..ယွမ်ငွေ တွေ တွက် ပြီး...သူတို့ဘ၀ ကို ..ပြုံးစပ်စပ် နဲ့ ..ကျေနပ် နေ ကြ ပုံပဲ။ ဒါပေမဲ့..တကယ် နှစ်ကူး နီး လာတော့.. တနေ့ကို ၁ ဒေါ်လာမပြည့်တဲ့ လစာ ထဲက.နေ..အဆောင်စရိတ်..စားစရိတ်.. တွေ အပြင်.. ကြားထဲ မှာ တရက်.. အိပ်ငိုက်လွန်းလို့..အချိုရည်ဗူး ခိုးထွက်ဝယ်တာ..မိသွားခဲ့ဘူးတဲ့.. ဒဏ်ကြေး ကို နှုတ်လိုက် တော့.. ဝေးလံ လှ တဲ့.. တောင်ပိုင်း က သူ့ရွာ လေး ဆီပြန် ဖို့..ခရီးစရိတ် တောင် မလောက် ရှာ တော့ဘူး။
-
ဒီ နှစ် မပြန် ရ လည်း..နောက် နှစ် ပေါ့ လို့..သူ တွေး နေ ပုံ ရ သည် ။ သူကိုယ် တိုင် ပင် ဂျင်းဘောင်းဘီ တထည် ကို ၀တ် ထား ရင်း.. ပတ် ပတ် လည် မှာ တောင်လုံ ပုံ နေတဲ့..ဂျင်းဘောင်းဘီ ပုံ ကြီး ထဲ က.. ဂျင်းဘောင်းဘီ တထည် ရဲ့.. ချည်စ တွေ ကို..ခေါင်ငုံ့ဖြတ် နေ ရင်းက.. ကင်မရာ ကို လှမ်းကြည့် တယ်။ ပြီးတော့..သူ့ဘေးက..သူငယ်ချင်း လီပင်း ကိုပါ ကြည့် လိုက် ရင်း..ခပ် ပြုံးပြုံး ပြော ချ လိုက် တယ်။

`ဟောဒီ ဂျင်းဘောင်းဘီ ရဲ့ အိပ်ကပ် ထဲ မှာ..စာလေး တစောင် ရေး ထဲ့ ပေး လိုက် ချင် တယ်။ ဒီ ဘောင်းဘီ ကို လီပင်း က ကြယ်သီး တပ် ပြီး..ကျ မက..ချည်စ တွေ ဖြတ် တယ် ဆိုတာ...´


ဂျင်းဘောင်းဘီ လို ချင် နေ ခဲ့သူများ ( သို့) USSR

တကယ့် ကို.. ဂျင်းဘောင်းဘီ တထည် လောက် ..အသည်းအသန် လို ချင် နေ ခဲ့ တဲ့ သူတွေ.. ဆိုဗီယက် ပြည် ထောင်စု ကြီး ထဲ မှာ .. အများ ကြီး ရှိ နေခဲ့ ဘူးတယ်။
-
၁၉၆၀ ၀န်းကျင် ..စစ်အေး ကာ လ ကြီးမှာ .. ဆိုဗီယက် မှာ.. အမေရိကန် ယဉ်ကျေးမူတွေ..အသုံးအဆောင် တွေဖြစ် တဲ့..ကိုကာ ကိုလာ.. ကစ်ကတ်ချောကလက် .. Beatles သီချင်း တွေ အပါအ၀င်.. ဂျင်းဘောင်းဘီ

ဝတ်ဆင် မူ တွေ ကိုပါ..တင်းကျပ်စွာ ပိတ်ပင် တားမြစ် ထား ခဲ့ တယ်။ အဲဒီလို သံကန့်လန့်ကာ ကြီး ပိတ်လိုက် ရင်.. လူတွေ လည်း..သံတုံး သံခဲ တွေ လို..ပုံသွင်းချင် သလို သွင်းလို့ ရမယ် လို့ ထင် ခဲ့တဲ့.. အဲဒီ ခေတ် က..ခေါင်း ဆောင် ကြီး တွေ ကို..အံ့ လည်း သြ ပါ ရဲ့ ။
-
အဲဒီ အချိန် တွေက.. နိုင်ငံခြားသား ခရီးသွား တွေ..ဒါမှမဟုတ်..ရုရှ ပညာ တော်သင် တို့ဘာတို့..တိုင်းပြည် ထဲ ပြန်ဝင် လာရင်.. ဂျင်းဘောင်းဘီ တွေ..မှောင်ခိုသွင်း ကြ တယ် တဲ့ ။ ဗမာပြည် မှာ..ကားသွင်းသလောက်.မြတ် မည့် ပုံပင်။ လမ်းပေါ် မှာ..နိုင်ငံခြား သား ခရီးသွား တယောက် မြင် ရင်..နောက်က လိုက် ပြီး.. ဂျင်းဘောင်းဘီ ရောင်းဖို့ ပါ လား လို့..တတွတ်တွတ် လိုက် မေး တဲ့ အထိ တောင် ရှိ ခဲ့ တယ်လို့.. အင်တာနက် တနေရာ မှာ..ပြန် ရှာ ရင်း တွေ့ လိုက် ရ သည်။
-
တကယ်က..China Blue လိုပဲ..ဒီ အကြောင်းတွေ ကိုလည်း.. documentary တခု မှာ..သေသေချာ ချာ .. ကြည့် လိုက် မိ တာပါ။ အဲဒီ ရုပ်ရှင် ဖိုင် ထဲ မှာ ဆိုရင်.. လူငယ် တွေက.. နိုက် ကလပ် ကို လာ ကြ... အထဲ ရောက်တာနဲ့..အိပ်တွေ ထဲ မှာ..ခိုးထဲ့ လာတဲ့..ဂျင်းဘောင်းဘီ တွေ..အမြန် လဲဝတ် ကြ နဲ့.. မယုံ နိုင် စရာ ပါပဲ ။ ဒီ့ထက်ပို မယုံ နိုင် စရာက.. တကြော့မှာ..ဂျင်းဘောင်းဘီ အကြီး အကျယ် မှောင်ခိုသွင်း တဲ့ လူ တယောက် ကို..ဖမ်းမိ သွား တာ.. သေဒဏ် ပေးဖို့ ထိ တောင်..ဖြစ်ခဲ့ ရတယ် တဲ့။ တကယ် ပေးဖြစ် ခဲ့ လား ဆိုတာ တော့ မသိ..။ အဲဒီ အချိန်က.. ခေတ်စနစ် ကို ရေးစပ် တဲ့..ကဗျာ ဆရာ ကြီး တွေ..သုံးသပ် တဲ့..ပညာရှင် ကြီး တွေ - တချို့ တော့..သေဒဏ် ပေး ခံ ခဲ့ ရ တဲ့..နာနာကျင်ကျင် မှတ်တမ်းတွေ ရှိ ခဲ့ ဘူး သည်။
-

+++++++
-
ခု တော့ ..ဂျင်းဘောင်းဘီ တထည် ၀ယ် တိုင်း.. Made in China ဆိုတဲ့..တံဆိပ်လေး ကို အသာ ကြည့် လိုက် ရင်း..အိပ်ကပ် ထဲ က..စာလေး တစောင် လောက် များ ထွက်လာ မလား ရယ်.. လို့..ရယ်သွမ်းသွေး တဲ့ အတွေး နဲ့ တွေး နေ မိ ရတယ်..။
-
ချွေး စက်ရုံ ကြီး တွေက..ချုပ်လုပ် တင်ပို့ လိုက် တဲ့..ဂျင်းဘောင်းဘီ တွေ..အသက်နဲ့ ရင်း..အန္တရယ်နဲ့ ရင်းပြီး.. ၀တ်ဆင် ခဲ့ ရ တဲ့..ဂျင်းဘောင်းဘီ တွေ... ။ ကဲ- ဂျင်းဘောင်းဘီ တောင်..နိုင်ငံရေး ဖြစ်သွား ခဲ့ ပြီ။
-
တကယ်တော့..အားလုံးဟာ- နိုင်ငံရေး ပါပဲ။ ခုဆို..အိုလံပစ် နိုင်ငံရေး.. ။ လောင်စာ နိုင်ငံရေး..။ ကမ္ဘာ ကြီး ပူနွေးမူ နိုင်ငံရေး.. ။ မြန်မာ ပြည်က.. နာဂစ်မုန် တိုင်း နိုင်ငံရေး... ။ ဂန္ဓီကြီး ရဲ့..ဆား လည်း နိုင်ငံရေး... ။ ကချင် ကျောင်းသားတွေ ပြော နေတဲ့..ကျောက်စိမ်း တွေ လည်း.. နိုင်ငံရေး...။
-
မီးဖိုချောင်က.. အိမ်ရှင်မ တယောက် ရဲ့.. ဆီပုလင်း လည်း..နိုင်ငံရေး ပါပဲ ။


မှတ်ချက် အဟောင်းများ ဖတ်ချင်ရင်... မူရင်းစာ


Share/Bookmark

အတု

ဒီနေ့ တနင်္ဂနွေ နေ့ ဆိုတော့ ရော ... တခြားနေ့တွေ ထက် ဘာမှ ပို ထူးခြား မနေခဲ့...။
သောကြာနေ့ကလည်း ဒီလို ပူနေ ခဲ့ သည်။ စနေနေ့ကလည်း..ဒီလိုပဲ.. ဟင်းတခွက် ချက်ပြီး.. ကွန်ပြူတာရှေ့မှာ ထိုင် နေခဲ့သည်။ အခုလည်း.. ပြန့်ကျဲ နေတဲ့ စာရွက်တွေကို..အသာ လျစ်လျူရှုပြီး..ကွန်ပြူတာ မျက်နှာပြင် မှာ..စာကြောင်း တချို့.. ရိုက်စ ပြုနေ ပေ ပြီ...။

နံရံခြားထားတဲ့.. တခြား ကွန်ပြူတာ တလုံးဆီကလည်း.. ချောက်ချောက် ချက်ချက် အသံ တချို့ ထွက်ပေါ်နေသည်။ သူလေး ကို.. ကွန်ပြူတာ ရှေ့ တနေ့လုံး မနေဖို့ ပြောရပေါင်း များ နေပြီ..။
ကိုယ် ကို တိုင် ကရော..
ကွန်ပြူ တာ က လွဲရင်... နောက်ထပ်သူ့လို.. နည်းနည်း အပြန့်ပိုကျယ်တဲ့.. ဖန်သားပြင် တခု သာ..အခန်းထဲမှာ ရှိနေသည်။ စာကြည့်တိုက်က ငှါး ထားတဲ့ တိုင်းမ် မဂ္ဂဇင်း ၂ အုပ်ကို..ခုထိ လှန်မကြည့် ဖြစ်သေး..။ စာအုပ် စင်သေးသေးလေး ပေါ်က..ဗမာ စာအုပ် တချို့ တ၀က်လည်း.. ဖတ်ရင်း မတ်တပ်..လမ်းတ၀က် ...။ ဘာဖြစ်လို့.. အားလုံးက..တ၀က် တွေ ဖြစ်နေတာတုန်း..။ ဒီလို နဲ့ပဲ..လူတွေ လည်း..လူတ၀က် လေဟာနယ် တ၀က် ဖြစ်နေကြသည်။

ဒီ လေဟာ နယ် ကြီး တွေ မရှိခင် တုန်းက..တနင်္ဂ နွေ တွေ ကို လွမ်းလှသည်။ ကိုယ့် ကို ကိုယ် စိတ်ဓါတ်မြှင့်တင် နေရတဲ့..ခုလို.. အချိန်မှာ..အလွမ်းတွေ နဲ့..တသသ လုပ်မနေ သင့် သေး ဘူး ထင်သည်။ ဒါပေမဲ့.. သူတို့ ရောက်လာကြသည်။ အဆီး အတား မှ မရှိတာ..အကာအကွယ် မှ မရှိတာ..။ မလွမ်း နိုင်အောင်.. ၀ိုင်းဖွဲ့ ပြောကြတဲ့..စကားသံ စီစီညံညံတွေ...ဈေးက ပြန်လာတဲ့ လက်ဆွဲခြင်း လေး .. ဇကာထဲက..ချဉ်ပေါင်ရွက် စည်းကလေး..။ ဟင်းရွက်တွေ ကူထွင် မယ်လေ..။ ဒီနေ့ ဟင်းကောင်းကောင်း ချက်ကျွေး..။ မီးဖို ထဲကလည်း..မီးခိုးတွေ အူ လိုက်တာ...။

နေ့လည်စာ စားပြီး.. ခြံထဲက..သရက်သီး ခူး သုတ်စား မယ်လေ။ ဟို ဖက် အိမ်မှာ..ငပိ နည်းနည်း သွားယူချေ...။ ညနေ ကျမှ.. ရေနွေးကြမ်း ၀ိုင်း မှာ.. မြနှောင်းညို စာအုပ် အသစ် အကြောင်း ပြောမယ်။ ခင်ဆွေဦး လောက် မကြိုက်ပေါင်...။ ဟိုဖက် လမ်း ထဲက.. စာအုပ်ဆိုင် က..လူကြီး.. တရားမ၀င် စာရွက်တွေ တွေ့လို့..ဖမ်းခံ ရသတဲ့..။

ဒီလို နဲ့ ရေဒီယိုက..အရေးပါ နေ တော့သည်။ မနက်တုန်းက.. အရှေ့ဆီမှာ ရောင်နီလာ မပီဝိုးတ၀ါး.. တဲ့... နေ့လည် ကတော့..တကျော့ နှစ်ကျော့ တေးကိုသီ ပြီး.. အိပ်ပျော်သွား..။ ညနေက.. သီချင်းကြီးတွေ ဖွင့်တော့..မေရှင် နားထောင် ချင်တာ..ပြည်လှဖေ တယောက်တည်း..။ ဒီည တော့..ဘီဘီစီမှာ.. သတင်း ဦး..။ ခရစ်စတိုဖာ ဂဲန်နစ် ဘယ်ရောက်နေပြီ လည်း... ။ လွမ်းစရာ မရှိ.. ရှာကြံ လွမ်း လိုက် အုံးမယ်။ ခုကတော့ .. အလွမ်းတွေ ရေပက် မ၀င် နိုင် အောင်.. သဘာဝ ကျကျ နေထိုင် ကြီးပြင်း ခဲ့တဲ့.. နေ့ရက် တွေ ကို ..လွမ်းနေ မိတယ် ရယ်။

ခဏနေရင်.. ညီမ ၀မ်းကွဲ တယောက် လာလည်မည်...။ ဖုန်းသံ စောင့်ရင်း.. သူလာရင် ကျွေးဖို့.. ကိတ်မုန့် တလုံးကို.. ပျင်းတိ ပျင်းတွဲ ဖုတ် ဖို့ စ ပြင်သည်။ ကြက်ဥ တလုံး ဆို တော်ပြီပေါ့ နော်...။ ကြက်ဥ တောင်... လှောင်အိမ် ထဲက ဥတာ မဟုတ်အောင်.. ရွေးဝယ် ထား ရတာ ဆိုတော့..ပတ်ဝန်းကျင် သမား မို့လား.. စာနာတတ်သူ မို့ လား.. တကယ် တော့..ဘာမှ လည်း မဟုတ်ပါဘူး...ဘာစားစား..ကြက်က ဥ ပေးရတာပဲ လေ..။ ဒီကြက်တွေ က.. ဥဖို့ အတွက်ပဲ ကြက်ဖြစ် လာတာပါ.. စားသာ စား..အားမနာ နဲ့လို့.. ပြောလိုက်သည်။ ရယ်သံ သဲ့သဲ့ အဆုံးမှာ.. လူတွေ လည်း.. ကြက်တွေ ဘ၀ က..ရုန်းထွက် နိုင်အောင်.. လုပ်နေကြရတာပါပဲ.. တဲ့။ ညီမ၀မ်းကွဲ ရဲ့ ဟန်က.. ယုံကြည်မူ အပြည့် ရှိလှသည်။ အောင်မြင်နေတဲ့..လူတယောက် အတွက်.. ဘ၀ မှာ.. ဘယ်သူ စားဖို့.. ဥတွေ ဥ ပေး နေရ မှာလည်း..။

ကိတ်မုန့် တယောက် တဖဲ့..စားရင်း.. ကော်ဖီ တယောက် တကျိုက် သောက်လိုက်သည်။ ဒီညီမ ကို မမြင် ရတာ ကြာပြီ။ ခုတော့.. ငယ်ဘ၀ တွေ ကနေ.. မြို့ တွေ တခုပြီး တခု ဖြတ် တက် လာကြတဲ့.. အဖြစ် တွေ အကြောင်း..နောက်ဆုံး ရောက်ရှိ နေတဲ့..မြို့ တော် ရဲ့ .. ၀ရန်တာ တခု မှာ..စကား လက်ဆုံ ကြ မိခြင်း ဖြစ် သည်။ ဒီ မြို့ ကို ကြိုက်သလား.. ။ ဟို မြို့ နဲ့ ယှဉ် ရင်တော့... အဲဒီ လို မျိုး နေရာတွေ မှာ အဲဒါ က.. ပို အဆင်ပြေ တာပေါ့..။ အချိန် တွေက.. မြန်တယ်နော်..။ အိမ်ထောင် ပြု တော့မလား...။ အင်း..အော်..။ ဒါဆို..ရှေ့ရေး သားသမီး တွေ နဲ့ မိသားစု ဘ၀ ကရော..။ အင်း..အဲဒါတော့.. တို့ လည်း မဖြေတတ်ဘူးလေ..။ ဟုတ်ပါတယ်..။ စကားပြောရင်း..လက်ကိုင်ဖုန်းကို..စတိုင်ကျကျ ဖြေ နေတဲ့..ညီမ ရဲ့ ကိုယ်ပေါ်မှာ..ကိုယ် ကိုတိုင် ရဲ့ ယုံကြည်မူ တခု တလေ ကို.. တိတ်တဆိတ် ရှာ နေမိသည်။ သူ့ဖက် က..ရောင်ပြန် ဟပ်လာတဲ့..ယုံကြည် မူ တချို့ ကို.. ကိုယ့်ဟာ လိုလို ထင် မိ နေပြန်သည်။ ဘ၀ ရဲ့ ကျေနပ်ခြင်း ရေဆူ မှတ်က..ဘယ်နား မှာလည်း..ဘယ် အသက်မှာလည်း..ဘယ် လို အခြေအနေ မျိုးမှာလည်း..။ “ မ ကလည်း.. peer pressure တွေ ပါ.. တကယ်တော့..ဒါတွေက.. cliché တွေ မဟုတ်ဘူးလား..”

ခဏ နေရင်.. နေညို လာတော့မည်။ ဒီလို လှပတဲ့ မြစ်ကမ်းခြေ မှာ နေ့တိုင်း လမ်းလျှောင်ခြင် လိုက်တာလို့.. တွေးခဲ့ ဖူးလို့..ဘုရားက လက်ဆောင်ပေး ခဲ့သည်။ အဲဒီလို နဲ့..ညနေစောင်းတိုင်း.. တနေ့တာကို..ပိုင်းခြားနိုင်ဖို့.. တခြားလူတွေ ရဲ့ ညနေစောင်းတွေကို လေ့လာဖို့.. ဆည်းဆာ မှာ..တွေးချင်ရာ တွေးဖို့.. လမ်းလျှောက် ထွက်ခဲ့သည်။ မလိုအပ်တဲ့ ခလုပ်တွေ မနှိပ်မိအောင်.. လိုအပ်လာတဲ့ အခါ.. ခေါ်ချင်တဲ့ နေရာကို.. ခေါ်ဖို့.. အားပြည့်နေအောင်..လက်ကိုင်ဖုန်းကို.. အိတ်ထဲမှာ..အသေအချာ သိုဝှက် ခဲ့သည်။ တကယ်တော့..ကိုယ့်ကို ကိုယ် ခုလို တနေရာ ကို လိမ်ခေါ် ခဲ့တာလည်း.. မလို အပ်တဲ့ စကားတွေ မပြော နိုင် အောင်.. လိုအပ် တဲ့.. ကျန်းမာရေးတွေ အသင့် ရှိနေ အောင် ရယ်ပါ..။ တခါ တခါ.. မလိုအပ် လှ တဲ့ အတွေး တွေကို.. လူတွေက..သယ်သယ်ထား တတ်ကြတယ်။ မသယ်ချင်ရင်..ပြစ်ချ လို့ ဆို ရအောင်လည်း.. အပြစ် နဲ့ အဖြစ်က.. ဗျည်းတလုံးပဲ ခြားတာမို့.. ထားလိုက် ပါတော့လေ..။

မနေ့ ကတော့..ဖတ်လိုက် ရသည်။ ဖြစ်ရိုး ဖြစ်စဉ် နဲ့ ထူးခြား ဖြစ် စဉ်က..လက်တလုံးပဲ ခြားတာ တဲ့..။ ဟုတ်မှာ ပါပဲ..။ လူတွေက.. ကိုယ့်ကို ကိုယ်တော့.. ထူးခြားတယ် ထင်တယ်..ထူးခြားဖို့ ကြိုးစားတယ်.. ပြီးတော့လည်း..လက်တလုံးတောင် မခြားနိုင်တော့ပဲ.. ဖြစ်ရိုးဖြစ်စဉ်.. အဖြစ်တွေ နဲ့.. အပြစ်တွေ ထဲ..ကျင်လည်...။ လက် တဖောင် လောက် ခြားနိုင် အောင် တောင်..ခဏ ကြိုးစား ကြည့် ပါအုံး..။ ဟန်ဆောင်တယ်လို့ ထင် ခံ ရနိုင်တယ်။ အဆင်မသင့်ရင်.. မရိုးသားဖူးလို့.. တောင် စွပ်စွဲ ခံရဖွယ် ရှိတယ်။ စဉ်းစား မိသလောက် တော့..ကိုယ် လည်း ရိုးသားပါစေ တော့ရယ် လို့..တခါ မှ မကြိုးစား ခဲ့ဖူးဘူး ထင်တာပဲ။

ကဲ..ထားပါတော့.. ညရောက်တဲ့ အခါ.. ကွန်ပြူတာရှေ့ အရင် မထိုင် မိအောင်..တခြား ဘာတွေ လုပ်ရင် ကောင်းမလဲ..။ မဟုတ်သေးပါဘူး..။ ငါလုပ်ရမဲ့ အလုပ်တွေ ကလည်း..ကွန်ပြူတာ ရှေ့ မှာ ပဲ..။ ပျောက်ဆုံးသွားသော..နိဗ္ဖန်ဘုံ ဆိုလို့.. ငရဲ ကို ရောက်နေတာတော့ လည်း မဟုတ်ပါဘူး..။ ဒါပေမဲ့..ညသတင်း နဲ့ ရေဒီယို သံလေး တွေ ကို လွမ်းတယ်။ အိမ်ရှေ့က ဖြတ်လျှောက် အော် သွားတဲ့..မြေပဲ ဆားလှော်သည် ကို အမျိုးတယောက်လို သတိ ရနေမိတယ်။ ကျောင်းပိတ် လို့ လူစုံ တဲ့ တနင်္ဂ နွေ တွေ ကို လွမ်းတယ်။ စွပ်ကျပ် အကျီ င်္ နဲ့ သစ်ပင် ခုတ် နေတဲ့.. ဦးလေး တယောက်ကို လွမ်းတယ်။ ဖရဲသီး စားရင်.. သူများ တွေ ချန်ထားတဲ့.. အနီရောင် တွေကို နှမြော တယ် ဆိုတဲ့..အမ တယောက် နဲ့.. ဖရဲသီး အတူ စားချင် သေးတယ်။ ကိုယ့် က.. အဖျားလေးပဲ စားတာဆိုတော့.. ကျန်တာ..သူ ဆက်စားပစေလေ..။ အိမ်ရှေ့က.. စက်ဘီး ဘဲလ် သံ ကြားတယ်။ ဧည့်သည် ထင်တယ်။ ရေဒီယို တိုးလိုက် ကြအုံး..။

ကွန်ပြူတာ တွေ နဲ့ တိတ်ဆိတ်နေတဲ့..တနင်္ဂ နွေ ကို..ငါ ဘယ်လို တော်လှန် ရမလည်း။ တော်လှန်ရေး ဆိုတာ.. ပါးစပ်က ပြောနေရ တာမှ မဟုတ်တာ..။ ဒါဆို.. လက်တွေ့ကျကျ ငါ မုန့် ထ လုပ်မယ်..။ ငါ လုပ်တတ်တာ..ဘာတွေ ရှိလည်း..။ စမူဆာ ရယ်..ဆီထမင်းရယ်.. ထမင်းသုတ်ရယ်..။ ကိတ်မုန့်ကို တကယ်တော့..ငါ မကြိုက် ဘူးလေ..။ မီးဖို တလုံး ရှိနေတာရယ်.. မုန့်ဖုတ်ပစ္စည်းတွေ အသင့် ရောင်းလို့ ရယ်ပါ..။ ငါက..တခါတလေ လည်း ခေတ်မီ ချင်သေးတယ်။ အိပ်မက် ထဲမှာ..ဘာတွေ ချက်စားမလဲ..။ အိပ်မက် ဆိုမှတော့.. လုပ်ချင်ရာ သာ လုပ်.. မက်ချင်ရာသာ မက်..။ အိပ်မက် မကောင်းရင် သာ..ချက်ချင်း နိုးထ နိုင်အောင်..နှိုးစက် တလုံး စောင် ထားလိုက်ပါ..။ နှိုးစက် တလုံး ဖုံးခေါ် တဲ့ အခါ.. ငါ ပြောလိုက်မယ်.. “ စိတ်ညစ်ပါတယ်”

ခုတော့..ဒီဝင်းဒိုးကို ပိတ်လိုက်တော့မယ်..။ အိပ်ရတော့မယ်..။ နှိုးစက် တလုံးနဲ့ ...မနက် တိုင်း နှိုးပြီး... ည တိုင်း နိုး နေတတ်တဲ့..အတွေး နက်ပြာ တွေ ကို.. အခု ပိတ် မှ ဖြစ်တော့မယ်.



Share/Bookmark
Related Posts Plugin for WordPress, Blogger...