ကလေးဘ၀ နေ့များ


တနေ့ က.. all about bloggers ဆိုတဲ့..ဖေ့စ်ဘွတ်ခ် စာမျက်နှာလေး မှာ.. ကိုပေါ ဆိုတဲ့..ဘလော့ဂါ ကြီးက.. တနေရာက နေ ရ လာ တဲ့ စာလေး တခု ကို ဝေမျှ လိုက်တော့.. ဘလော့ဂါ တော်တော်များများ ရဲ့.. စိတ်အတွေး တွေ..ရုတ်တရက် ထ ပျံပြေးကုန် ကြ တော့တယ်။

First, we survived with mothers who had no maids. They cooked /cleaned while taking care of us at the same time.

We would spend hours on the fields under bright sunlight flying our kites, without worrying about the UV ray which never seem to affect us.

We would leave home in the morning and play all day, till street lights came on.
No one was able to reach us all day. WE DID NOT HAVE HANDPHONE S TO BUG US. And we were O.K. AND WE WERE SAFE.

We went to the jungle to catch spiders without worries of Aedes mosquitoes.

With mere 5 pebbles (stones) would be a endless game. With a ball (tennis ball best) we boys would run like crazy for hours.

We caught guppies in drains / canals and when it rained, we swam there.

We rode bikes or walked to a friend's house and just yelled for them!

We shared one soft drink with four friends, from one bottle and NO ONE actually worried about being unhygienic.

We fell out of trees, got cut, broke bones and teeth and we still continued the stunts.

We ate salty, very sweet & oily food, candies, bread and real butter and drank very sweet soft sweet coffee/ tea, ice kacang, but we weren't overweight because.......
WE WERE OFTEN OUT PLAYING!!

We never had birthdays parties till we were 21

+++++++

ဆိုတော့.. ပျံပြေးသွားတဲ့ ဆီ က ၊ ကလေးဘ၀ က နေ့ရက်များ ဆီ ကို ပေါ့။


 တကယ်ကိုပါပဲ။ အဲဒီတုန်းက ဆို.. ကလေး တယောက် လူဖြစ်ဖို့ .. ဒီလောက်ကြီး မခဲယဉ်း လှ ဘူး ထင်တာပါပဲ ။ ကျောင်းသွားတော့..ကိုယ့် မြို့ ၀ိုင်းလေး ထဲ။  ဆော့ကစား တော့..ကိုယ့်ရပ်ကွက်..ကိုယ့်လမ်း.. ထဲ  ။ မောင်နှမ များတဲ့ ကိုယ် တို့ တွေ ဆို..ကိုယ် ခြင်း မောင်နှမ တွေ နဲ့ တင်..ကိုယ့်ခြံ ၀ိုင်း ထဲ စိတ်ကြိုက် ဆော့ စမ်း ။

တကယ်တော့.. ညီအမ တွေ အားလုံး မွေးတုန်းကတော့..အမေ့ ဖက်က အဖွားတို့ အိမ်မှာ မွေးခဲ့တာ။ ဖေဖေ ရော မေမေ ရော ကျောင်းဆရာ ဆရာမ တွေ ဆိုတော့.. အမေဖက်က..အဖွား နဲ့.. ဒေါ်လေး တွေ ရဲ့ လက်ပေါ် မှာပဲ.. အနေ များ ခဲ့ သည်။ ငယ်စဉ်ကြီးလိုက် နှစ်နှစ်လောက် ဆီပဲ ခြားတဲ့..ကလေး ဘုစုခရု ငါးယောက် ကို သည်းခံ စိတ်ရှည် ခဲ့တဲ့.. ဒေါ်လေးတွေ နဲ့ ဦးလေးငယ် တို့ နေရာ မှာ ခုနေ ပြန်ဝင် ကြည့်တော့..သိပ်တော့ မလွယ်လှ ။

ကျောင်းစ ထား တဲ့ အရွယ် ရောက်တော့ . အဖေမျိုး တွေ ဖက် ရောက်သွား ခဲ့ သည်။ အဲဒီတော့.. ပြက်ပြက်ထင်ထင် မှတ်မိ တဲ့ ကလေးဘ၀ တွေ ကတော့..အဲဒီ ခြံဝိုင်းလေး ထဲ မှာပဲ ဖြစ်နေ ခဲ့ တယ်။
ခြံဝိုင်း ဆို ပေ မဲ့ လို့.. အကြီး မယ် ကြီး  မဟုတ်သလို.. ကျဉ်းကျဉ်းကျုတ်ကျုတ် ကလေး လည်း ဟုတ်ဘူး ရယ်။ ( ကိုယ်တို့ အရပ်မှာ.. အလွန်ကြီးတယ်  ဆိုရင်.. အကြီး အမေကြီး  လို့ ပြောတတ်တယ်။ အသံ ထွက်တော့..အကြီးမယ်ကြီး ဖြစ်သွားရော ) 


လမ်းထိပ်မှာ ဈးဆိုင်ကြီး နဲ့ အိမ်ခပ် ကြီးကြီး ရှိ တဲ့..စီးပွားရေးသမား ကြီးဒေါ်က.. အစိုးရ ၀န်ထမ်း တွေ ဖြစ်တဲ့ သူ့ မောင် နှစ် ယောက် ကို.. လမ်းထဲ အလယ်မကျ တကျ လေး မှာ.. ခြံဝိုင်း လေး အသင့်အတင့် နဲ့..အိမ် နှစ်လုံး ကပ်ရပ် ဖြစ်အောင် စီစဉ် ထားသည်။

 အိမ် နှစ်လုံးက လည်း ကပ်သလား မမေး နဲ့.. ကြားထဲ မှာ..ဒန့်သလွန်ပင် တပင်၊ ဇီးချိုပင် တပင် နဲ့.. ရေ ထဲ့ တဲ့ ကျောက်ဆည် လေး ငါးလုံး  က လွဲ ရင်..တအိမ့် တအိမ် လှမ်း မြင်..လှမ်း စကား ပြောလို့ ရ နေ တာပဲ ။ လူကြီးတွေ ကြားထဲ .. ညီအကိုခြင်း..မရီး မတ် ခြင်း တွေ..လင်ညီအမ ခြင်းတွေ ဘယ်လို ဆက်ဆံ ကြ သလဲ မသိ.. ကိုယ်တို့ ကလေး တွေ ကတော့.. အရွယ်တူ ခြင်း .. ဆိုဒ်တူခြင်းတွေ  သူ့အဆိုင်း နဲ့ သူ..။  ဟိုဖက် အိမ်က ခုနှစ်ယောက် ၊ ဒီဖက် က.. ကိုယ် တွေ က..ငါးယောာက်  လမ်းထိပ် က  ကြီး ဒေါ် ရဲ့ သုံးယောက်  .. ပေါင်း ဆယ့်ငါးယောက် သော တ၀မ်းကွဲ မောင်နှမ တွေ ၊ ရန်ဖြစ်လိုက်..ဖုန်တလုံးလုံး ထ အောင် ဆော့လိုက်.. တအိမ့်တအိမ်ကူး လိုက်.. သစ်ပင် တွေ လု လိုက်။

သစ်ပင် လု ရ တယ် ဆို တာ ဒီလို။

ကိုယ် တို့ အိမ် ရဲ့  လက်ယာ ဖက်ခြမ်း မှာ.. အမျိုးလည်း ကောင်း ၊ သီးအားလည်း ကောင်း တဲ့..မာလကာပင် အကြီးမယ် ကြီး တခု ရှိတယ်။ လူ့ ခါး လောက် မရောက်တရောက်  ခုန်တတ်လို့ ရ တဲ့  ပင်စည်ခွ ကလေး ကနေ ပြီးတော့.. ပတ်ပတ် လည် ကို အကိုင်းကြီး လေးကိုင်း နဲ့ ထောင်တက် သွားလိုက်တာ.. နှစ်ထပ်အိမ် ကို တောင် ကျော်ချင်ချင် ရယ်။ မာလကာပင် က လည်း သီးအားကောင်းသလား မမေး နဲ့.. မိုးတွင်း တတွင်း လုံး..သီး တဲ့ အပြင် နွေ မှာတောင် နွေသီး ကျွတ်ဆတ်ဆက်  က လေး   တွေက.. ပို စားကောင်း နေ သေးတယ်။ လူကြီး တွေ က .. အိမ် အပေါ်ထပ် ပြတင်းပေါက် တို့ ဗရံတာ တို့ ကနေ ပြီး ၀ါးတံချု နဲ့ ခူးစား ကြ ပေ မဲ့..၊ ကိုယ် တို့ ခလေး တသိုက် က တော့..၊ မိုးလင်း တာ နဲ့..မာလကာ ပင် ပေါ် ရောက် နေ ပြီ ။  တကယ့်တကယ် တလုံး နှစ်လုံးထက် လည်း ဘယ် ပို စားနိုင် မှာ လည်း ။ အပင် ပေါ် တက်ခွ ရ တာ ကို က..ပျော်စရာ ကောင်း နေတာ။ အလကား နေ အလကား ဟိုး အရွက်ကြို အရွက်ကြား ထိပ်ခေါင် ကိုင်း တွေ ကြားက..အသီး ၀င်းဝင်း ပွပွ ကြီး တွေ တွေ့ရင် ကိုပဲ.. ရတနာသိုက် ကြီး တွေ့ သလိုလို ။ တွေ့သမျှ ခူး ပြီး အပင်အောက်က..ကျောက်စည် ထဲ သာ၊  ပြစ်ချ ထား လိုက် ။ လမ်းထဲက.. အိမ်နီးနားခြင်း တွေ ကလည်း သွားရင်း လာရင်း ၀င် လာ တောင်းစား သွား တာ ပဲ။ 

အဲဒီ မာလကာ ပင် နဲ့ ပတ်သတ်လို့  မောင်နှမ တွေ လည်း  တော်တော့်ကို သွေးကွဲ ကြ ရတယ်။ သွေးကလည်း တ၀က်က ကွဲ ပြီး သား ဖြစ်နေတာကိုး။ မောင်နှမ တွေ အားလုံး ထဲ မှာ အဲဒီ မာလကာပင် ကို ကျွမ်းကျွမ်းကျင်ကျင်..ကိုင်းကျို ကိုင်းကြား..ကိုင်းဖျား ကိုင်းနား အထိ တတ်နိုင် တဲ့သူ က၊ နှစ်ယောက် ပဲ ရှိတယ်။ 


 ဟိုဖက် အိမ်က.. အငယ်ဆုံး ကောင် မင်းမင်း ရယ် ၊ လမ်းထိပ် က..ကြီးဒေါ်သမီး မမငယ် ရယ် ။  သူတို့က သစ်ပင်တက် ကျွမ်း တော့ အသီးကောင်း ကောင်း ပွပွ ၀င်းဝင်း လေး တွေ ဆိုတာ..သူတို့ လက်ထဲ မှာ ချည်းပဲ။ တခါတလေ..ဒီဖက် အိမ်က လူတွေ..အိပ်ယာ မ နိုးသေးဘူး.. မင်းမင်း က.. သစ်ပင်ပေါ် မှာ..တချွတ်ချွတ် နဲ့ ရောက်နေပြီ။ ကိုယ် တို့ ညီအမ တွေ ကလည်း ရှိတဲ့ ဥစ္စာကို ရှာကြံ ခြောက် တာ ပဲ ။ ဒါ..ငါတို့ မာလကာပင် ကြီး ပေါ့ ။ တခါ တလေ လည်း.. လမ်းထိပ် အိမ် ကနေ..တယောက်တည်း ပျင်းလွန်းလို့ လာ ဆော့ တဲ့.. တဦးတည်းသော သမီး မမငယ် ကို လည်း.. ခြံဝိုင်း ထဲ ရောက်တာ နဲ့.. ဟိုဖက် အိမ် နဲ့ ဒီဖက်အိမ် ယာယီ မဟာမိတ် ဖွဲ့ ပြီး..၀ိုင်း ပညာ ပြ ကြ လို့..ခဏခဏ ငို ပြန် ရ တတ် တယ် ။

အပင်တက် လည်း မကျွမ်း၊ အသီး လည်း မရှာတတ်တဲ့.. ကိုယ် ကတော့.. တနှစ် နဲ့ ခြောက်လပဲ ကွာ တဲ့. နို့ညှာ အမ   မိတေ နဲ့ ပေါင်း ပြီး မာလကာ ပင် ကို ၊ အခြောက်တိုက် ပဲ တက် တာ များပါတယ်။ အခြောက်တိုက် ဆိုတာ က.. အလကား နေ အလကား ပျင်းတာနဲ့..အားတာနဲ့..အပင်ပေါ် တက်..။ သစ်တကိုင်း စီ ယူ ပြီး အိမ်လုပ်တမ်း ကစား ။ စာကျက်စရာ ရှိရင် လည်း စာအုပ်ကို အပင်ပေါ် ယူ ပြီး ကျက်။  သစ်ကိုင်း တွေ ဆိုတာလည်း လူဆီ တွေ ၀ ပြီး ၊ ပေါ်လစ် သုတ်ထားသလား အောက်မေ့ရတယ် ပြောင်ချော နေတာပဲ။ မာလကာပင် မိန်းမ တက် လို့ သာ သေရင်.. အဲဒီ အပင်ကြီးလည်း အစောကြီး တည်းက  သေ ရော ပဲ။ တက်လိုက်တဲ့ မိန်းမ တွေ။

အဲ  .. ဆောင်းတွင်း ရောက်လာပြီ ဆိုရင်တော့.. ဟိုဖက် အိမ်က..မောင်နှမ တွေ ကို မျက်နှာချို ပြန်သွေး ရ ပြန်တယ်။ ဘာလို့ဆို သူတို့ အိမ်နောက်ဖေးက..ဆီးသီးပင် ကြီးက.. အသီးတွေ ရဲရဲ နီ လာ ပြီ ကိုး။ မာလကာသီး ရာသီ ကလည်း ကုန်ပြီ။ ဆီးပင်ကတော့..အပင်တတ်လို့ မလွယ် သလို တက်စရာလည်း မလိုဘူး။ အကိုင်းတွေ အောက်မှာ ထောက်ထားတဲ့..၀ါးတံချု တွေကို တချက် နှစ်ချက် ပင့်လိုက် တာ နဲ့.. အောက် မှာ.. ခင်း ထား တဲ့ ဖွဲတွေ ပေါ် တဖြုန်းဖြန်း ကြွေတော့ တာပဲ။ အဲလို အချိန်ဆို..ဟိုဖက် အိမ်က.. အမ တွေ က လည်း ..ဟဲ့ အိမ်ခေါင်မိုးပေါ်.. ကျ ကုန်ပြီ တို့ ဘာတို့.. အော် ပေါ့။ ပြီးတော့ လည်း မောင်နှမ တွေ..ဟိုဖက်အိမ် က ငံပြာရည် ရယ်..ဒီဖက်အိမ်က.. ငရုတ်သီးမှုန့် ရယ် ကို ဇလုံထဲ ဆီးသီး နဲ့ ရောနယ် ပြီး.. တရှူးရှူးတရှဲရှဲ စားကြ ပြန်ရော။

မိုးဦးကျ သရက်သီး ပေါ် ချိန် က ..ဒီလောက် ပြသာနာ မရှိလှဘူး။ ဟိုဖက် အိမ်က..ရွှေနီသီး တွေ နဲ့..ဒီဖက်အိမ်က.. ရင်ကွဲသီး - အသီး လိုက် တာ ခြင်း က လည်း   အတူတူ လောက် မို့၊ အပြန်အလှန် လဲ စား ကြ တာပဲ ။ တခြံကျော်က   ကိုင်းကျ နေ တဲ့.. မချစ်စု ပင် ကြီး ကိုတော့.. နှစ်အိမ်လုံးက မောင်နှမ တွေ..အလစ်ချောင်း ပြီး..ခဲ နဲ့ ပြစ်ပြစ် စား တတ်တာ။ မိုးဦးလေဦးကျ လို့..တဗြုန်းဗြုန်း ကြွေပြီ ဆို ရင်တော့.. မရှက်တတ်သေး တဲ့..အငယ် တွေ က တာဝန်ယူ ပြီး ၊ မြောင်းထဲထိ ဆင်းကောက် ပဲ ။
တအုပ်လုံး နည်းနည်းလေး ရှိန် တာက လမ်းထိပ်က ကြီးဒေါ်ပဲ ရှိတယ် ။ ရှိန်တယ် ဆိုတာ ကလည်း.. သူက..ပိုက်ဆံအိတ် ကြီး ဖြစ်နေတော့.. ကျွေးအမေ လို ပေါ့ လေ။ ကြီးဒေါ်က.. စိတ်ကူးကလည်း ယဉ် တတ် သေးတာ။ သူက  ၀မ်းကွဲ မောင်နှမ တွေ အကုန်လုံးကို..သိပ် စည်းလုံး ချစ်ခင် စေချင်သည် ။ ဒါတောင် တရုန်းရုန်း တအုန်းအုန်း နဲ့ လက်ရှိ မောင်နှမ ဆယ့်ငါးယောက် အပြင်၊ တခြားရပ်ကွက် တခု မှာ နေ တဲ့.. နည်းနည်း အနေဝေး တဲ့.. ကြီးကြီး တယောက် မှာ လည်း သားသမီး သုံးယောက် ရှိသေး တော့.. တရားဝင် စုစုပေါင်းက..ဆယ့်ရှစ်ယောက်။ အဲဒီ ဆယ့်ရှစ်ယောက် စလုံး ရဲ့..မွေးနေ့ မွေးရက် တွေကို အလွတ် ရ သူ အဖြစ် သူ့ကိုယ်သူ အင်မတန် ဂုဏ်ယူ တတ် သူ။ ငါက..ငါမွေးတာတင် မက..ငါ့မောင် ငါ့အမ က မွေးတာတွေ ကိုပါ.. တာဝန်ယူ နိုင်တယ်ဟေ့ လို့ လည်း ၊ လက်ခမောင်း ခတ်တတ်သူ။ သူ ကိုယ်တိုင် ဆုံးခန်း မတိုင် ခဲ့ တဲ့ ပညာရေး အတွက် ၊ အတိုးချ ချင် စိတ် က လည်း ကြီး လှ သည်။ သားသမီး တူမ တွေ တင် မက.. အနီး အပါးက..ကလေး တွေ ကို လည်း ၊ ပညာရေး အတွက် ဆိုရင်.. လာခဲ့ ပဲ ။  ကျောင်း အောင်စာရင်း တွေ ထွက်ပြီ ဆိုရင်… ကာယကံ ရှင် တွေ က  အိပ်ကောင်းနေ တုန်း .. မနက် ၅ နာရီ တိုင်း မှန်မှန် လမ်းထလျှောက် တဲ့ ကြီးဒေါ် က..  အစောဆုံး သွားကြည့် ပြီး သွား ပြီ။  အိမ်ရှေ့ကနေ..  တလမ်းလုံး ကြားအောင် လာအော် ပြီး သွား ပြီ ။  ဘယ်သူ က ဂုဏ်ထူး ဘယ်နှယ်ခု..  ဘယ်ဝါက  ဂုဏ်ထူးမပါ  မောင်နှမ တွေ အတန်းကုန် ရှိသမျှ.. သူပဲ ဒိုင်ခံ ကြည့်ပေး တာ။

မောင်နှမ တွေ ကလည်း.. အရွယ်တွေက.. ဆိုင်းဝိုင်း ထဲက..ပတ်လုံးလေး တွေ လို.. အနိမ့် အမြင့် အဆင့်ဆင့် အစီစီ အရီရီ။ ပြောရရင် အတန်းတိုင်း မှာ တယောက် ရှိတယ် ဆိုပါတော့။ ကျောင်းဖတ်စာအုပ် ဆိုတာ.. ကြီးစဉ် ငယ်လိုက် အဆင့်ဆင့် လက်လွှဲ သွားလိုက်တာ မောင်နှမ ဆယ့်ရှစ်ယောက်မှာ အငယ်ဆုံး လာဖြစ်ရ တဲ့.. ကိုယ့် အတွက်တော့.. သေပြီ ဆရာပဲ ။ ကျောင်းစာအုပ် တင် မကဘူးလေ.. ကျောင်းဝတ်စုံ ဆိုလည်း.. အမ တွေ အဆင့်ဆင့် ဆီ က..ကျ လာတာ တွေ ဆိုတော့ ။
အသစ် ၀တ်ရ ပြီ ဟေ့ ဆို တော့ လည်း.. ယိမ်းထွက်သလား အောက်မေ့ ရတယ်။ အတွက် အချက် ကောင်း  အကွက်လည်း စေ့ တဲ့ ကြီးဒေါ်က..ဘာဝယ်ဝယ် အုပ်လိုက် ၊ တောင်းလိုက်၊ ဒါဇင်လိုက် ဆိုတော့၊ ပိတ်တအုပ် ၀ယ်ထားပြီ ဆိုရင်..၀တ်ပေ တော့.. လုံခြည်ဆင်တူ ၊ ဂါဝန် ဆင်တူ၊ ရှပ်အကျီ င်္ ဆင်တူ။




အဲဒီ မောင်နှမ ၁၈ ယောက် ဓါတ်ပုံလေး ကိုလည်း ကြီးဒေါ်ပဲ စီကာ စဉ်ကာ ရိုက်ခဲ့ တာ လေ ။ အောက်ဆုံးတန်းက.. ဒီဇိုင်းတွေ က လည်း ၊ သူ့ဒီဇိုင်း သူ့လက်ရာ ပါပဲ ။ ခုနေ ပြန်တွေး တော့..တော်တော်ပဲ လုပ်လည်း လုပ်နိုင် တဲ့ ကြီးဒေါ် လို့…။

သင်္ကြန် ပိတ်ရက်..ကျောင်းတွေ အလုပ်တွေ နား ပြီ ဆိုတာနဲ့.. သူ့ရဲ့ တချက်ခုတ် နှစ်ချက်ပြတ် ဘုရားဖူး လိပ်ဥတူး အစီအစဉ် စ တော့ တာပဲ။ သစ် တို့ ဆန်တို့ ပဲ တို့..အောက်အရပ် က ကုန် တွေ အပြည့် တင်ထားတဲ့ သူ့ကုန်ကားကြီး ပေါ် မှာ ဖျာတွေ ခင်း ပြီး၊ ဒန်အိုး ဒန်ခွက် အပြည့်အစုံ နဲ့.. အထက်အညာ ဘုရားဖူး နှစ်တိုင်း ထွက် တာပဲ။  သူ အဓိက ကုန်သွယ်တာက…ကျောက်ပန်းတောင်း ပခုက္ကူ ဆိုတော့.. ပုပ္ပါး ပုဂံ ဆိုတာ အမုန်း ပဲ။ မုန်းဆို.. မုန်းချောင်း ဘေးက..သခင်ဘိုးလှကြီး ရုပ်ထုကြီး နဲ့ ပန်းခြံ ထဲ ရောက်ပြီ ဆိုတာနဲ့ အညာမြေ ကို ရောက်ပြီ ဆိုတော့… ခရီးတထောက်နား ပြီး၊  ထမင်း ချက် စား ကြ ရတာကိုတော့ မှတ်မိနေသည်။ 

ရှမ်းပြည် တောင်ကြီး ဖက် လည်း ရောက်တာပဲ။ အဲတုန်းက..ဒေသခံ အသိ လည်း သိပ်မရှိ ပဲ ၊ အညိုရောင် နယ်မြေ တွေ ဆို..မျက်ကန်း တစ္ဆေမကြောက် ညကြီး မင်းကြီး လည်း ဖြတ်မောင်း ကြ တာပဲ။  မွန်ပြည်နယ် ဖက် ဆို..ကျိုက်ထီးရိုး စက်စဲ ကျိုက်ခမီ သံဖြူဇရပ် ပါ မကျန်..။ ပြောသာ ပြောတယ် ၊ အရွယ်က ငယ်သေး တော့.. ကလေးဘာဝ ပျော်တာလောက်ပဲ သိတာ။ ဒေသန္တရ ဗဟုသုတ တွေ ဘာတွေ လည်း မယူတတ် သေးဘူး ရယ်။။
ပုဂံဘုရားဖူး


တကယ်တော့ မောင်နှမ တွေ အားလုံး တက်ညီ လက်ညီ ဆော့ ကြ လှောင်ကြ တဲ့ အချိန် မှာ..ကိုယ်က.. အငယ်ဆုံး ကွမ်းညှပ် ဂျိုင်းညှပ် ထမင်းသိုးဟင်းသိုး အရွယ် ပဲ ရှိသေး တာ ဆိုတော့.. အကိုအမ တွေ နောက်ဖေး ဂိုဒေါင်ထဲ မှာ.. ဇာတ်ထုပ်ခင်း ရင်..ပွဲကြည့်ပရိသတ် လုပ်ပေး.... လူကြီးတွေ လာမလာ တံခါးပေါက်က..စောင့်ကြည့်ပေး တဲ့ အဆင့်ပဲ ။ အကြီး ပိုင်းက.. အကိုတွေ အမ တွေ.. ဆယ်တန်းတွေ အောင် ကောလိပ် တွေ သွားကုန် တော့ မှ.. အုပ်စုတွေ ကွဲ သွား ကြ တော့တာ။

အဲဒီတော့ မှ.... ဟိုဖက်အိမ်က မမဖြူ နဲ့ မမနီ က တတွဲ .. လမ်းထိပ်အိမ် က မမငယ် နဲ့ မမယု က..တတွဲ။ မိတေ နဲ့ မိကေ ကတော့..  ဟိုဖက်အိမ်က..မကေးကြီး နဲ့ ပေါင်း ပြီး သုံးယောက် တဖွဲ့ ပေါ့.. တခါတလေ လည်း .. မောင် နှစ်ယောက် ပါ တဲ့ အခါ ပါ။ ဒါပေမဲ့..အဲဒီ အငယ်ကောင် နှစ်ယောက်က လည်း..တကယ့် ဟာ တွေ ဆိုတော့.. နှမ တွေ နဲ့ သိပ်ပေါင်းဆော့ လေ့ တော့ မရှိလှဘူး။ သူတို့က..စွန်လွှတ် ဘောလုံးကန် ။ ပြီးတော့ အကောင် ဗလောင် တွေ ကို ပို စိတ်ဝင်စား တာ လေ။ အိမ်ရှေ့ မြက်ခင်း ပေါ်က..ပုစဉ်း ရောင်စုံ တွေ ကို၊ မင်းမင်း တယောက် လက်ရဲ ဇက်ရဲ ဖမ်းပြ ပြီ ဆိုရင်.. ကိုယ်တို့မှာ အားတွေ ကျ လို့။  သူတို့ မွေးတဲ့ ရွှေငါးတွေ..ခွေးတွေ..ကြက်တွေ..ဘဲတွေ ကို လည်း သွားသွား မော့ ရ သေး တယ်။ တခါတလေ လည်း ရီ ရတယ်..။ တခြံဝိုင်းတည်း နေ ပြီး.. ဒီဖက်အိမ်က..ညီအမ တွေက.. အပင်လေး တွေ စိုက်.. ဟိုဖက် အိမ်က..အငယ် နှစ်ကောင် မွေးထားတဲ့..ဘဲတွေ က  ၀င်တွတ်..ကြက်တွေက ၀င်ခွပ် နဲ့.. မောင်နှမ တွေ ရန်ဖြစ်ကြ ပြန်။

နွေရာသီ ကောလိပ်ကျောင်း တွေ ပိတ် လို့  အကြီးတွေ ပြန်ရောက်လာ လာပြီ ဆိုရင် တော့… တလမ်းလုံးက..လူပျို လူရွယ် ခလေးပါ မကျန် စု ပြီး လမ်းလုံးပြည့် ထုပ်ဆီးတိုး ကြ ရော ။ ပြောသာ ပြောတာ.. ကောလိပ်ကျောင်းသား တွေ ဆိုပေ မဲ့လို့ လည်း အသက်တွေက ၂၀ အောက် ပဲ ရှိကြ သေးတာ ကိုး။ ထိပ်ဆိုး ခေါင်သူကြီး က နေ နောက်ဆုံး ပိတ် စည်း အထိ.. မရှိဘူး ဆို စည်းတွေ ဆယ့်ငါးခု လောက်တော့..တိုး ရ တာ ပဲ။ ကားတွေ ဘာတွေ လည်း မရှုပ်တဲ့ ..မရှိလှတဲ့ အချိန်တွေ ဆိုတော့..လမ်းသွား လမ်းလာ စက်ဘီး ဆိုက်ကား ကတော့.. ဒီလမ်းကို ရှောင် ကို သွား ကြ တော့ တာ။ တလမ်းလုံး ကလည်း.. တယောက်ထိပ် တယောက်ပုတ် ရင်း အတူတူ ကြီးလာ ခဲ့ ကြတဲ့ သူတွေ ချည်း ။ ဆော့လို့ မောပြီ ဆို..  မုန့်ဘိုးပေါရင် တော့   မြို့လယ်ခေါင်က.. အအေးဆိုင်ပေါ့ ။ နည်းနည်း ၀က်ခမ်းတဲ့ အခါ မျိုး ဆိုရင်တော့၊ ၅ ကျပ်တန်  ဖရဲသီး တလုံးလောက် စု ၀ယ်ပြီး.. ရေငတ် ဖြေ လိုက် ကြ တာပဲ ။  တချို့ည တွေ ဆို သစ်ပင် တပင် အောင် စုပြီး သရဲ ခေါ် လား လည်း ခေါ် ရဲ့ ။ လူကြီး မိဘ တွေ များ စိတ်ပူတာ ထွက်ဟန့် တာ မျိုး တခါမှ မရှိ သလိုပဲ  ။ 

ဒီ ကစားပွဲ တွေ ကြားထဲ ရံဖန် ရံခါ ဆိုသလို  အထူး ဧည့်သည်တော် တွေ ကလည်း ပေါ်တတ်သေး တယ်။.. ဟိုဖက်အိမ်က..မကေး တို့ အမေဖက်က..၀မ်းကွဲ မောင်နှမ ကြွက်နီ တို့တွေ .. ရန်ကုန်က လာလည် တာ မျိုး။ ကိုယ်တို့ အမေဖက်က.. မမစိုး တို့ ညီအမ တွေ.. သူ့အဖေ အလုပ်နဲ့ နိုင်ငံခြား သွားနေပြီး ပြန်လာတော့..မြန်မာစကား ပြော တတ် အောင် .. နယ်မှာ တလ လောက်  လာထားတာ မျိုး ။ မမစိုး ကလည်း အကစား မက်တဲ့ သူ ဆိုတော့.. အိမ်ပေါ် ရောက်တဲ့ အထိ ဆော့လို့ကို မပြီး ဘူး။ အိပ်ယာထဲ မှာ   ဖက်လုံးတလုံးစီ ပေးဖက် … ကလိထိုး ပြီး လက်လွတ်တဲ့သူ အရှုံး တမ်း ဆို   သူတို့ အငယ်တွေ   သိပ်ပျော်တာ။ အိမ်ပေါ် ရောက် လည်း   အငြိမ်နေ ကြ တာ မဟုတ်ဘူး။ တိုးတိုးပြောတမ်း၊ စာအုပ်လှန်တမ်း က စလို့.. ဇယ်ခုပ်..ဇယ်တောက်…အရီးကြီး တွေ တောင် ရှုံးမယ်။

မိုးရွာရင် မိုးရေ ချိုးမယ် ဆိုတာ လောက် တော့..ပျင်းတောင် ပျင်းသေး ။  မိုးရွာထဲ ကျောင်းသွား ရတာ စိတ်ညစ် ပေ မဲ့.. ကျောင်းဆင်းလို့ မိုးရွာ ရင်တော့ သိပ်ပျော်တာ။ အိမ်ရောက်တာနဲ့..တခြံလုံး ဖွေးနေတဲ့ ရေတွေ ထဲ.. တဗွမ်းဗွမ်းနဲ့ နေအောင် ပြေးဆော့ကြတာ။ လက်ထိပ် တွေ   ပဲရေခွံ ပွ လာ တော့မှ.. အိမ်ပေါ်တက်ကြ ။ ပြီးရင် အနွေးထည် လေး  ၀တ်ပြီး..ထမင်းကြမ်းလေး ကို ဆီနဲ့ ဆားနဲ့ နယ်ပြီး ပဲစေ့လေးတွေ ဖြူး   စားရတာ..အရသာ ဘယ်လို ရှိမှန်းလည်း မသိ။ တခါတလေ ဒေသထွက် ပြောင်းဖူး တွေ မီးဖိုချောင် ထဲ ပုံနေ ရင်တော့.. နတ်ပြည်မွှေး ..ကျောက်တန်းစီ  မျောက်လက်မောင်း အမျိုးစုံသော ပြောင်းဖူး လတ်လတ်ဆတ်ဆတ် တွေ ကို၊ အစေ့လေး တွေ ထွတ်ပြီး ကြော်စား..ပြုတ်စား ဖုတ်စား.. မှောက်စား လှန်စား ကြိုက်သလို စားစမ်း မကုန်နိုင် ဘူး။

နောက်ပိုင်း မကေးကြီးက..အပျိုပေါက်လာတော့.. ကိုယ် တို့ လို မိုးရေထဲ လိုက် မဆင်း တော့ဘူး ။ သူက..မမယု တို့ အပျိုပေါက် အုပ်ထဲ ရောက်သွား ရော ။ လုံခြည် ခြေမျက်စိ ဖုန်းဝတ်.. လှမ်းလျှောက်တဲ့ ဟန်ပါ ပြောင်းသွားတော့.. ကိုယ်တို့ နှစ်ယောက်က..အားမလို အားမရ.. အမြင်တွေ ကပ်ပြီး ကပ်တိ ကပ်ဖဲ့ တွေ လိုက်လုပ် တာပေါ့.. စိတ်ပုပ်သလား မမေးနဲ့ ။ မကေးကြီး ကိုးတန်း ရောက်တော့..သူ့အမေ ဖက်က.. အဒေါ်တွေက..ရန်ကုန်မှာ ခေါ် ပြီး ကျောင်းထား တော့..ညီအမတွေ ကွဲသွားကြ ပြန် ရော။
အလယ်တန်း  ရောက်လာ ပြီ ဆိုတော့.. ကျောင်းစာတွေ ကို  ဖိဖိ စီးစီး လုပ်လာ ရ ပြီလေ။ ခြံထဲ လမ်းထဲ ဆင်းဆော့.. သစ်ပင် ပေါ် တက် တာ တွေ ထက်.. ညီအမ နှစ်ယောက် အိမ်ထဲ မှာ ကုပ်ပြီး.. မဂ္ဂဇင်း တွေ စာအုပ် တွေ ရှာဖွေ ဖတ်တတ် လာ ပြီ။ မကေးကြီး ရှိတုန်းက.. သုံးယောက်သား အတူတူ ဈေးရောင်းတမ်း ကစားခဲ့ တဲ့…အိုးပုတ် တွေ… ပိတ်ဖြတ်စ တွေ နဲ့ လုပ်တဲ့ အရုပ်မ တွေ လည်း.. ချောင်ထဲ ရောက် ကုန် ပြီ။

ညဖက် ဆိုရင်တော့.. ညီအမ တွေ စုပြီး ရေဒီိယို က လာတဲ့ ဇာတ်လမ်းပမာ  တွေ နားထောင် တဲ့ အခါ ထောင်ပေါ့။ အဲဒီတုန်းက..မှတ်မိ နေတဲ့.. သဲထိတ်ရင်ဖို ဇာတ်လမ်းတခု ရဲ့ ဇာတ်ဝင် ခန်းလေး တခု ကို ခုထိ မှတ်မိ နေသေးတယ်။ " ခင်မ..တင်မ ကို တွေ့ချင်လို့ ဆို.. " လို့ တယောက်ယောက်က..စ လိုက်ရင်..ကြက်သီးတွေ တဖြန်းဖြန်းထ တဲ့ ထိ ။  များသော အားဖြင့်တော့.. မြန်မာ့အသံ ဆန်တဲ့.. ကျေးလက်က..ကျောင်းဆရာမ လေး တွေ... တောရွာ ကို ၀င်ပြီး မီးရှို့ ဖျက်စီး တဲ့..  အသံဝဲ၀ဲ နဲ့..သူပုန် ဇာတ်လမ်းတွေ ပေါ့ ။ နားထောင်တာပဲ။ ၀ါဒ ဖြန့်လား ပြန့်လား တော့ မသိ..။ သိ တဲ့ အတိုင်းပဲ ။ 

ပျင်းလို့ ရှိရင်တော့.. နှစ်ယောက် သား.. တမံတလင်း ပေါ် အားလျား မှောက် ပြီး.. ပုံဆွဲ ပြိုင် ကြ တယ်။ ဖေဖေ သင်ပေးထားတဲ့  ပန်းချီ အခြေခံ က.... အိမ်မှာ အကုန် ရှိပြီးသားမို့ ၊ ရုပ်ပြကာတွန်းတွေ ထဲ ကလို   မိန်းမပုံ အလှ တွေ ကို ကောင်းကောင်း ဆွဲ တတ်နေပြီ ။ တခါတလေ..မမနီ ရဲ့ ကျောင်းမှတ်စု ဗလာစာအုပ် တွေကို လိုက်ရှာ ရတယ်။ မမနီက..အိမ်မှာ ပန်းချီ အတော်ဆုံး ဆိုတော့..သူဆွဲထားတဲ့..မိန်းမရုပ်ကလေး တွေက..ဘယ်လို လှမှန်းမသိဘူး။ သူကလည်း ခေါင်းလေးတွေပဲ အနေအထား အမျိုးမျိုး ဆွဲတာ များတယ်။ အဲဒီ ခေါင်းလေး တွေ မှာ ကိုယ်လုံး လိုက်တပ်ရ တာ လည်း သိပ်ကြိုက်တာ ။ ကိုယ်က..အဲဒီ အရုပ်တွေ မှာ အကျီ င်္ ဒီဇိုင်း အမျိုးမျိုး ဆင်ပြီး ဆွဲပေမဲ့  မိတေ ကတော့.. အနေအထား နဲ့ သဘာဝ ကို ပိုပြီး အသားပေး ဆွဲတတ်တယ်။ ကိုယ်တို့ နှစ်ယောက်က.. အထက်အောက် အရွယ် မကွာ လှ ပေ မဲ့.. နေပုံ ထိုင်ပုံ ဗီဇ ခြင်းက..အတော် ကွာတာ။ ကိုယ်က..အလှအပ ကြိုက်တတ်လာ..  အ၀တ်အစား ဖက်ရှင် တွေ လည်း မြင်တတ် လာပေမဲ့ … သူက.. အလှအပ စိတ်မ၀င်စား။ စာ ဆိုလည်း တော်ရိ ယော်ရိ ကျက်ပြီး ၊ ..အိပ်ရေးပဲ ၀ ချင် သူ ။ ကျောင်းစာအုပ် ကို ကောက်ကိုင် တာ နဲ့..အိပ်ငိုက်လေ တော့.. ညဆို စာကျက်ချိန်မှာ ဖေဖေက.. အနား ခေါ်ထားပြီး ကျက်ခိုင်းရ တဲ့ အထိ။ ညကို အိပ်မငိုက်တတ်ပဲ စာမှန်မှန် ကျက်တဲ့ ကိုယ်က.. သူ အိပ်ငိုက်နေတုန်း..သူ့မျက်နှာကို ပရုတ်ဆီ တွေ သုတ် ထားပြီး ခဏနေ တော့ လှုပ်နှိုး .. အိပ်ချင်မူးတူး နဲ့ ပါးစပ်ထဲ  ရှိတဲ့စာ ကောက်ဆို ရင်း.. အား..ပူတယ်..ပူတယ် ဆိုရင်.. ကိုယ့်မှာ တခွိခွိ နဲ့ အိပ်ချင်ကို ပြေ လို့။ သူကလည်း ဘယ်နေမလဲ  ။ ကိုယ့်စားပွဲ ရှေ့ မှာ ကပ်ထားတဲ့ လူရည်ချွန်ပုံ ပန်းချီကား ရဲ့ ရင်ဘတ် တံဆိပ်ပြား နေရာမှာ ၊ ကိုယ် ဘယ်တော့မှ ပြိုင်လို့ မနိုင် တဲ့ .. တိုင်းက လူရည်ချွန်မလေး တယောက် နာမယ် လာခိုးရေး သွားတယ် လေ ။ စိတ်တို လိုက်တာ ဆိုတာ…။ မောင်နှမတွေ ထဲ မှာ..အဦးဆုံး ကိုကိုမိုးကြီး က  လူရည်ချွန် နှစ်ထပ်ကွမ်း  ပြီးတော့..  မမယုက လည်း ထပ်ရ ဆိုတော့.. အဲဒီအချိန်ကတော့.. အန္တိမ ရည်မှန်းချက် ကြီး ပေါ့ ။



 မိတေ ဆယ်တန်းအောင် သွား တော့.. နောက်ဆုံး.. အိမ်မှာ ကိုယ်တယောက်ပဲ ကျန် ခဲ့ တော့တယ်။ ဟိုဖက်အိမ်က.. အမတွေ ဆို ကျောင်းပိတ်ရက် တွေ မှာ တောင်   မြို့ကို ပြန်မလာ ကြ တော့ဘူး။ တဖြည်းဖြည်း အတောင် တွေ ဆန့်ထွက် ပျံသန်း သွား ကြ တဲ့.. အကြီး တွေ ကို ငေးမော အားကျရင်း…. ငါကြီးလာရင်..ငါကြီးလာရင် ဆို တဲ့ ရည်မှန်းချက်တွေ တဖြည်းဖြည်း စုပုံ လာတဲ့ အချိန်မှာတော့ … အပူအပင်ကင်းတဲ့ ကလေးဘ၀ လေး လည်း.. သူ့အလိုလို ကုန်ဆုံး သွား ခဲ့ လေ သည်။


 မြန်မာပြည် နိုင်ငံရေး အခြေအနေ က လည်း.. တိုးတိုးတိတ်တိတ် ပြန်လည် လှုပ်ရှားစ ပြု လာတဲ့ အချိန်..။ ၈၈ မတိုင်ခင်ကလေး.. ငွေစက္ကူကိစ္စ နဲ့ တက္ကသိုလ်တွေ အကြာကြီး တခေါက် အပိတ် မှာ...မောင်နှမ တွေ အကုန် ပြန်စုံ ကြ တုန်း၊ အကြီးအကျယ် ကြက်တောင် ရိုက်ဖြစ် ကြ သေးတယ်။ ဟိုဖက်အိမ် ခေါင်းရင်းက.. ကွက်လပ်ကို သေချာ ကွင်းလုပ် ပြီး၊ မောင်နှမ တွေ ဆော့ ကြတာ.. ညနေ ဆို လမ်းထဲမှာ ဆူညံ နေတာ ပေါ့။   တချိန်တည်းမှာပဲ  ရန်ကုန်က တက္ကသိုလ် ကြီး ပိတ်လိုက် လို့ ပြန်လာတဲ့ အကိုအမ တွေ ဆီက..စိတ်ဝင်စားစရာ သတင်းစကား တွေ ကို လည်း   ကြား သိ နေ ခဲ့ ရ ပြီ။ အားလုံး ရဲ့ ဆုံရပ် .. ကြီးဒေါ် ရဲ့ အိမ်ပေါ်ထပ်ကြီး မှာ..မောင်နှမ တစု စာရွက်တွေ ဖြန့်ဖို့.. ဖယောင်းစက္ကူ တွေ နဲ့ အလုပ်ရှုပ် နေ ခဲ့ကြတာတွေ.. ပြန်တွေးတော့..မနေ့ တနေ့ကလို ပဲ ။  အဲဒီမှာ အငယ်ဆုံးက..အလွဲဆုံးပဲ ပြောရမလား..။ တရက်သား .. အကိုအမ တွေ တာဝန်ပေးလို့ မြို့လယ်ခေါင် မှာ စက်ဘီး ပေါ်ကနေ စာရွက်ချ ဖို့ မစ်ရှင် ကြီးကို ..တခြား အမ တယောက်နဲ့ အတူ တာဝန် ပေး လိုက်တယ်။ စာရွက်ကျဲ ရမဲ့..မြို့လယ်ခေါင် ..အာဇာနည် ကျောက်တိုက်ကြီး ရှေ့လည်း ရောက်ရော.. ဇောချွေးတွေ ပြန်လာ လိုက်တာ..၊ ရှေ့ က စက်ဘီးနင်းတဲ့..အမ က.. ဟဲ့..ချလေ..ချလေ လို့.. ခပ်ကျေးကျေး ပြောတော့.. ကဲဟာ ဆို ပြစ်ချ ခဲ့ လိုက်တာပေါ့..။ စာအုပ်ဆိုင် ထဲ ၀င်တော့..အမြဲ အိမ်ရှေ့က ဖြတ်ဖြတ်သွား ပြီး စောင်းငဲ့ စောင်းငဲ့ လုပ်နေကျ ..ရဲထောက်လှမ်းရေး က ..ရောက်နှင့်နေပြီ။ အေးဆေးပေါ့...ရော့ ဆိုပြီး..ကောင်တာပေါ် တင်လိုက်တာ..ခွပ်ဒေါင်းစာရွက် တွေ ဖြစ်နေပါရော လေ..။  စာအုပ်အပ်မဲ့ ပိုက်ဆံ တွေ လမ်းပေါ် ကျဲချ ခဲ့ ပြီး၊ စာအုပ်ဆိုင်ထဲက... ထောက်လှမ်းရေး ရှေ့ မှာ ခွပ်ဒေါင်းစာရွက် တွေ ထုတ်မိ တဲ့ အဖြစ်က..အဲဒီတုန်းက..မောင်နှမ တွေ ကြားထဲ.. ငိုအားထက် ရီအားသန်။

မောင်နှစ်မ ဆယ့်ရှစ်ယောက် ဓါတ်ပုံလေးကို ပြန်ကြည့်ရင်း.. အခုတော့ တယောက် တနေရာစီ.. တဘ၀ စီ ဖြစ်ကုန်ကြ ပြီ ပဲ လို့ တွေးမိ နေတဲ့ အချိန် မှာ…  ဇာတိမြို့ကလေး ကနေ..အဝေးမယ် ကြီး ကို တောင် ရောက်နေခဲ့ ပြီ ကော။

တနေ့က..အွန်လိုင်း ပေါ် မှာ တွေ့ရတဲ့ မိတေ က.. ပြောတယ် ။ ၆ နှစ်ပြည့် သွား တဲ့ သူ့သားလေး က.. မေမေ..မေမေ့ မှာ ဖေ့စ်ဘွတ်ခ် ရှိလား.. သားကိုလည်း ဖေ့စ်ဘွတ်ခ် လုပ်ပေးပါလား .. လို့.. ပြောသတဲ့။ 
သြော်.. ခေတ်တွေ ကလည်း ပြောင်းခဲ့ ပြီ မဟုတ်လား ။ 


မိကေ
(၆-၀၂- ၁၂  --- ၁၃-၀၂-၁၂)


Share/Bookmark

14 Comments:

:P said...

လမ်းထိပ်က လှမ်းကြည့်လိုက်
ဟိုး မို
မကေတို့အိမ် အကြီးမယ်ကြီးပဲ
နော်... အနမ့်...

mirror said...

ခွိခွိ ခွိခွိနဲ့ ဖတ်ရတာ ဒီစာက :)))

kay said...

:P ရေး...
ထူးခြားတဲ့ ဒေသိယ အသံလေး တွေ ထပ်ဖြည့်ပေးသွားတော့.. ပြုံးမိရင်း.. ဘယ်သူများပါလိမ့် လို့ တွေးနေမိတယ်။ နော်..အနမ့်း))

Mi Tay 4 said...

ကျေးဇူးပါပဲ ညီမလေးရေ ငယ်တုန်းကအကြောင်းလေးတွေ ပြန်ဖတ်ရတာ... ငါ့မျက်နှာ ပရုပ်ဆီတွေနဲ့သုတ်တာ နင့်ကို ဖေဖေနဲ့တိုင်ပြောမယ်... အော် တခု ပြောဦးမယ်.. မာလကာပင်ပေါ်မှာ ငါ့ အကိုင်းက နင့်အကိုင်းထက် နည်းနည်းပိုမြင့်တယ်နော်... ဟိ

PAUK said...

ဖတ်ရတာပျော်စရာကြီး..။
အားကျလိုက်တာ မောင်နှမဝမ်းကွဲတွေများတာ။
ဆင်ဆင်နဲ့ မကေက တနယ်တည်းသားတွေလား.။
န တ လ ကပေါ့..။

P.Ti said...

ဖတ်လို့ကောင်းလိုက်တာ။ ကလေးဘ၀က နေခဲ့တဲ့ နေရာကို ပြန်သွားချင်နေတယ်။

rose of sharon said...

ပျော်စရာကောင်းလိုက်တဲ့ ကေ့ရဲ့ငယ်ဘဝလေး... အမျိုးတွေကလည်းတောင့်လိုက်တာ... နောက်ဆုံးမှာတော့ လွမ်းစရာနော်...

:P said...

:P က စင်စင်လေ မကေ

ပေါက်.. မကေက နတလ နားက...

kay said...

စင်စင်..ညေး တို့ ဆီမလည်း အဲ့လိုပဲ ပြောကြသလားး))

Thu said...

Very Good essay !

Thu said...

Very Good essay !

sosegado said...

တရုတ်နှစ်ကူးဆို ငယ်ငယ်တုန်းက မောင်နှမတွေ ဝမ်းကွဲတွေဆုံပြီး ကစားနည်းပေါင်းစုံ ကစားခဲ့ကြတယ်၊ ခု ကလေးတွေကို ပြန်မေးကြည့်တယ် ထုပ်ဆီးထိုးဘူးလား၊ ဒီဆွဲဘူးလား ကြေးသားရိုက်ဘူးလားဆိုရင် အိုင်ပက်ဂိမ်းလား အိပ်စ်ဘောက်ဂိမ်းလား ပြန်မေးကြတယ်၊ ကစားရတာ ဘယ်လောက်ပျော်စရာကောင်းသလည်း သူတို့မသိတော့ဘူး။

ချစ်ကြည်အေး said...

ဖတ်ကောင်းတယ်ကေရေ....မောင်နှမတွေ အများကြီးနော်၊ ပျော်စရာကြီးပဲ။ အိမ်က ၀မ်းကွဲညီအစ်မတွေ စာဥတို့ စာစုတို့အကြောင်း၊ မာလကာပင်တက်တဲ့အကြောင်းတွေတောင် ရေးလိုက်ရဘူး။ ကေရေးမှပဲ သတိတွေရသွားတော့တယ်။ ဟုတ်ပါ့ တို့ငယ်ငယ်က ၀တ်ရတာတွေကလည်း အဲလို ဂါသန်လေးတွေပဲ သိလားးး။ လွမ်းထှာ...ကေ...ရယ်

Ellen said...

ဖတ်ရင်း အပျော်တွေ ကူးစက်ရတယ်.. စိတ်မကောင်းလည်း ဖြစ်မိတယ်.. ကိုယ်တွေမှာ အဖေက တဦးတည်းသောသား၊ အမေ့အမျိုးတွေကလည်း အဝေးမှာဆိုတော့ အဲလို သိုင်းသိုင်းဝိုင်းဝိုင်းနေခွင့်မရဘူး.. ဆွေအုပ်မျိုးအုပ်တောင့်တဲ့သူတွေဆို သိပ်အားကျတာပဲရယ်