လမ်းဆုံမှာ ဆင်းမိတဲ့ မပျော်ရွှင်ခြင်း






လူတွေက ပျော်စရာတွေ နောက် လိုက်တယ် . . . အဲဒီတော့လည်း ပျော်စရာ က ရှေ့က အမြန်ပြေးတော့ မပေါ့ . . . လို့ ကိုယ့် ဒဿန ကိုယ် သဘောကျရင်း ၊ နည်းနည်း တော့ စိတ်လက် ပေါ့ပါး လာသလိုပဲ ။ ဘစ်ကား ပြတင်းက မြင်နေရတဲ့ မြင်ကွင်းတွေ အပေါ် နိုးနိုးကြားကြား ဖြစ်လာအောင် ၊ နေရာ နည်းနည်း ပြင်ထိုင်ကြည့် သည်။ အစိမ်းရောင် တွေ ကျဲပါး လာပြီး ၊ အပူရောင်တွေ သာ ၊ ထိုးထောင် နေတဲ့ ၊ ရန်ကုန် မြို့ ပြ ဟာ ၊ ဘယ်ရာသီ ရယ် . . . ဘယ်အချိန် ရယ် လို့ ခွဲခြားလို့ မရနိုင် အောင် အလျှံ ညီးညီး ရှိလှချည့် ။ 



ဖြတ်ကျော် ကျန် ခဲ့တဲ့ ၊ ကားအရောင်းပြခန်း အသစ် စက်စက်ကြီး တခု ရှေ့ မှာ ၊ အလံ ကြီး တွေ လူ နေလိုက်ပုံ က . . . ။ အလံ တွေ ဆိုရင် နိုင်ငံရေး ရဲ့ အငွေ့ အသက်တွေ ၊ သွေးညှီနံ့ တွေ ဝေ့၀ဲ နေခဲ့ဖူး တဲ့ မြန်မာပြည် မှာ ၊ ယမကာခိုးတွေ အသပြာ နံ့ တွေ စွဲကပ်နေတဲ့ အလံ တွေ လွင့်ပျံ့ လို့ လာ နေပြီ ပေါ့။ အားလုံး သော အကြောင်း ကိစ္စ တွေ ဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တယ် ၊ နိင်ငံရေးမှာ မြစ်ဖျားခံ တယ်လို့ ပြောတတ် ကြတယ်ရော ။ နောက်တော့လည်း ၊ စီးပွားရေး ထဲမှာ စုံးစုံး မြုပ်ကုန်တာ ကို ကြ တော့ ရော ၊ မပြော ကြ တော့ ဘူးလား ။ အဲဒီတော့လည်း ၊ စီးပွားရေး ဆိုတာ လည်း နိုင်ငံရေးပဲ လို့ ပြောကြရ ဦး မှာပေါ့ ။ 



လမ်းတလျှောက်လုံး မြင်နေရတဲ့ နီနီ ပြာပြာ ဈေးဆိုင်ခန်းတွေ ကတော့ ၊ သေချာပါတယ်။ စီးပွားရေး မဟုတ်ရင် ဘာအရေး လဲ ။ ကိုယ့်ဆိုင် အမည် အမှတ်တံဆိပ်တောင် ၊ အရေးမပါ တော့ လောက်အောင် ၊ အရေးပါပါ ပြာနေ နီ နေကြ တဲ့ ၊ မြို့ ပြ ရဲ့ အိမ်တွင်း လုပ်ငန်းလေး တွေ ဟာ ၊ စပွန်ဆာ စီးပွားရေး ၊ ကြော်ငြာ စီးပွားရေး ၊ နီယိုလစ်ဘရယ် စီးပွားရေး ရဲ့ အောက်မှာ ကိုယ်ပိုင် အရောင် အဆင်း ကင်းမဲ့ နေ လိုက် ကြပုံ ။ ဒဂုန်တာရာ ရဲ့ ဝေါဒစ္စနေ အပြာ ဆိုတာကို ၊ ဘယ်သူမှ အပြင်မှာ သေသေ ချာချာ မမြင်ဖူး ပေမဲ့ ၊ တယ်လီနော အပြာ နဲ့ အော်ရီဒူး အနီ ကို တော့ အားလုံး အသေအချာ သိ နေကြရတာပေါ့ လို့ ပြုံး မိ ပြန်တယ်။ ဟိုမှာ ကြည့် ဦး ။ လမ်းထောင့်က ယာဉ်ထိန်းရဲ စခန်း ရဲ့ နဖူးစီး မှာ တောင် ၊ တယ်လီနော လို့ ၊ ပြာပြာ လဲ့ နေ သေး ။



ဘတ်စ်ကားပြတင်း နောက်က ၊ အိုက်စပ်စပ် မနက်ခင်း ထဲကို ၊ လေပြေ တချက် တိုးလာ တုန်း ၊ ကားဟွန်းသံ တွေ ပွက်ပွက်ညံ သွား တယ်။ ယောက္ခမ ကား အလကား စီးနေတဲ့ ကောင်တွေ . . . မယားငယ် ဆီ အချိန်မီ မရောက်မှာ စိုးနေတာလေ ကွာ. . . ။ ဘစ်ကား ဆရာ နဲ့ စပယ်ယာ ရဲ့ ၊ အချီ အချ ဆဲဆိုသံက ၊ ပြုံးရခက် မဲ့ရခက် ။ နေ့တဓူဝ မိုးလင်းကနေ မိုးစုပ်စုပ်ချုပ်တဲ့ အထိ ၊ လောဘတွေ မောဟတွေ ကို အပြည့်အသိပ် ခေါက်ပြန် တင်ဆောင် အသက်မွေးနေရတဲ့ ကားသမား နှစ်ယောက်က ၊ သူတို့ ရဲ့ ဒေါသ တွေကို ပါးစပ်နီနီ ရဲရဲ ကြီးတွေက တဆင့် ၊ လမ်းပေါ်ကို ပျစ်ကနဲ ထွေးထုပ် လိုက်ကြပြန်တော့ ၊ ပခုံးတွေ အလိုလို ကျုံ့ ပြီး မျက်နှာ လွှဲ မိပေါ့ ။ အဲဒီလိုနဲ့ ဟောဒီ ကတ္တာရာလမ်း ကြီး တွေ ပေါ်မှာ ၊ ဥပက္ခာ တွေ နဲ့ ဘယ်လောက်တောင် ညိုညစ် စွန်းကွက် နေခဲ့ ကြ ပြီးပြီလဲ ။ 


ပျော်တချက် မပျော်တချက် အတွေးတွေ နဲ့ ဘယ်ကို ရောက်နေပြီ မှန်းတောင် မသိ ။ သမိုင်းလမ်းဆုံကို ကျော်လာခဲ့ပြီလား ။ လှည်းတန်း တောင် ရောက်ကာနီး ပြီလား ။ မှတ်တိုင် မှားဆင်းမိ တော့လည်း ဘာအရေးလဲကွယ် ။ မြို့ထဲထိ သွားမယ်မှန်းထားတဲ့ သူ့အတွက် ၊ ခရီးဆုံး မှတ်တိုင်ကို ရောက်ဖို့ အနည်းဆုံးတော့ နောက်ထပ် တနာရီ လောက် လိုအုံး မှာ သေချာသည်။ ဆင်ရေတွင်း လို့ တော့ အော်သံ ကြားလိုက်သည် ။ ဘယ်နေရာပဲ ဖြစ်ဖြစ် အားလုံးက အတူတူ လို ချည်းပဲ လေ ။ ညို မွဲမွဲ နောက်ခံ ရယ် ။ အပူငွေ့ တွေရယ် ။ အနီရောင်ရယ် ။ အပြာရောင်ရယ် ။ လူရုပ်ကြီးတွေ နဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေရယ် ။ ဈေးဆိုင်တွေ ပြည့်ကျပ် နေတဲ့ မျက်နှာစာ တွေရယ် ၊ လူတွေ တိုးခွေ့ နေတဲ့ ပလက်ဖောင်းတွေရယ် ။ ကားတန်းရှည်ကြီးတွေရယ် ။ ကားဟွန်းသံ တွေရယ် ။ ကားတွေကြားမှာ လက်ပွေ့ ဈေး လိုက် ရောင်းသူ တွေ ရယ် ။ 


ဘစ်ကားက ၊ ရှေ့မှာ ပိတ်နှင့် နေတဲ့ ကားတန်းရှည်ကြီး ရဲ့ နောက်မှာ အရှိန်သပ် သွား တာနဲ့ ၊ ဂျာနယ်တွေ တပွေ့ ကြီး နဲ့ ၊ ကလေး တယောက် ကားပြတင်း နား ရောက်လာ သည်။ အလွန်ဆုံး ရှိလှ ၊ ၁၂ နှစ် ၁၃ နှစ်ပေါ့ ။ အဖြူ အစိမ်း ၀တ်ထားရမဲ့ ၊ ကျောင်းသား အရွယ်လေး ။ သနပ်ခါး တွေ ပိန်းနေတဲ့ ပါးနှစ်ဖက် ကြားထဲက အပြုံးလေးက သူ့ ခေါင်းပေါ် ကို တဲ့တဲ့ ထိုးကျ နေတဲ့ နေရောင် စူးစူး နဲ့ မသက်ဆိုင်လှ စွာပဲ ကြည်စင်နေ သည်။ ဂျာနယ်တွေထဲက စိတ်ဝင်စားစရာ သတင်း အထိုအထွာတွေကို ရွှင်ရွှင်မြူးမြူး အော်ဟစ် နေသေး ။ ပျော်ရွှင်ခြင်း ဟာ ၊ ရာသီဥတု နဲ့ မဆိုင် ဘူးလား ။ ပျော်ရွှင်ခြင်းဟာ အလုပ် လား ။ ပျော်ရွှင်ခြင်းဟာ ငွေလား ။ ပျော်ရွှင်ခြင်းဟာ ဆင်းရဲ ချမ်းသာ ပုံစံ ကွာခြားသလား ။ပျော်ရွှင်ခြင်း ဆိုတာ အရွယ် အပိုင်းအခြား ပေါ်မှာ မူတည်တာလား ။ 


ဘ၀ ရပ်တည်မူ ခက်ခဲ ပင်ပန်း ပေမဲ့ ၊ စိတ်ညစ်နေဟန် မတူ တဲ့ ၊ လက်ပွေ့ သမားလေး ရဲ့ ပကတိ မျက်နှာလေး ကို ၊ ပြဒါးတိုင်လေး တခုလို ပျော်ရွှင်ခြင်း နဲ့ မပျော်ရွှင်ခြင်း တွေ ကြားထဲ တလှည့်စီ နှစ်ကြည့် မိတယ်။ မိတ်ဆွေ အမျိုးသမီး တယောက်ကတော့ ၊ စိတ်ညစ် လာရင် ၊ ဈေးပတ် သည် တဲ့ ။ ရီတေးလ် သရပီ လို့ တောင် ရှိတယ် မဟုတ်လား။ တချို့ ကတော့ အရက်သောက် ချင် သောက်မည် ပေါ့ ။ ဂီတာတီး ချင် တီးမည်ပေါ့ ။ သီချင်းအော်ဆိုချင် ဆိုမည်ပေါ့ ။ ဒီလိုဆို ကာရာအိုကေ ခဏခဏ သွားတတ်တဲ့ ၊ သူငယ်ချင်း တယောက် ဟာ ၊ မပျော်ရွှင်မူတွေကို ပျော်ရွှင်စွာ မသိကျိုးကျွံ ပြု နိုင်တဲ့ သူပဲ ဖြစ်ရမယ် ။ ဘူတန် နိုင်ငံ ဟာ ၊ ပျော်ရွှင်မူ ကို ကိန်းဂဏန်း တွေ နဲ့ တိုင်းဖို့ ကြိုးစားတယ်။ တကယ်ဆို သူ့ နဲ့ ဆန့်ကျင်ဖက် မပျော်ရွှင်မူ ရဲ့ ကိန်းဂဏန်း တွေက ရှိပြီးသားပဲ ။ စိတ်ကျခုခံဆေး ထုပ်လုပ်မူ တန်ဖိုး တွေဟာ ကမ္ဘာလုံးဆိုင်ရာ မပျော်ရွှင်မူ တန်ဖိုး တွေပဲ မဟုတ်လား ။


သူ့ အတွက်တော့ မပျော်အတ္တတွေ ပြိုဆင်းလာတိုင်း ၊ ကြီးကြီးကျယ်ကျယ် စာအုပ်ကြီးတွေ လျှောက်လှန်ပြီး ဖတ်ပြစ်လိုက်တာပဲ ။ တီဗွီရှေ့ သွားထိုင်ပြီး ၊ ကမ္ဘာ့သတင်းတွေ ဘာတွေ ထိုင်ကြည့် ပြစ်လိုက်တာပဲ ။ “ကိုယ်” ဆိုတဲ့ အတ္တကြီး ၊ ခဏလောက် ဖြစ်ဖြစ် သေးကွေး အားနည်း သွားတဲ့ အထိ ၊ ကိုယ့် ထက် ကြီးကျယ်တဲ့ အရာတွေ ကို ပခုံးပေါ်က ကျော် ကြည့် ပြစ် လိုက်သည်။ အင်တာနက် နဲ့ လူမူကွန်ယက် တွေ ပေါ်လာတာ လည်း ၊ တခါတလေ တော့ ၊ ထွက်ပေါက် ဖြစ်သားပင် ။ အဲ - ကံဆိုးလို့ ၊ ကမ္ဘာ့ အပျော်ရွှင်ဆုံး သူငယ်ချင်းတွေ ရဲ့ ဓါတ်ပုံ တွေ ကြားထဲ မှာ ၊ ထွက်ပေါက်ပိတ်မိ သွားရင်တော့ ၊ တွေ့ တဲ့ နေရာက သာ ၊ ခုန် ချ လိုက်ပေတော့ ။



ကားပြတင်းဘောင်ကနေ ကျော်ပြီး မြင်နေရတဲ့ ဂျာနယ် တစောင်ရဲ့ မျက်နှာဖုံးမှာ ပန်းတွေ ဝေေ၀ဆာဆာ နဲ့ ၊ ကြည်လင် ၀င်းပ စွာ ပြုံးနေတဲ့ အမျိုးသမီးကြီး ။ ရှေ့တခုံကျော်က လူကြီးတယောက်က ၊ အမျိုးသမီးကြီး ပုံနဲ့ ဂျာနယ်ကို လှမ်းဝယ်ပြီး အကျအန ဖတ်နေလေသည်။ ပိတ်ကြပ် မွန်းအိုက်နေတဲ့ ပတ်ဝန်းကျင်ကြီးကို ခဏမေ့ ပြီး ၊ သာယာဝပြောတဲ့ လူ့ဘောင်ကြီးဆီ ရောက်နေလောက်ပြီပေါ့ ။ ဘာပဲပြောပြော ဒီအမျိုးသမီးကြီး ဟာ စိတ်ခွန်အားကို အထူးအခြား ပေးစွမ်းနိုင်တုန်းပဲ ။ စိတ်ခွန်အား ပေးနိုင်တဲ့သူ တွေကို အင်မတန် နှစ်လို အားကျလှပေမဲ့ ၊ ကိုယ်တိုင်ကတော့ အပြုံးတစုံလောက်ကိုပင် ၊ ဘုရားသခင် ဆီမှာ ခဲခဲယဉ်ယဉ်း ဆုတောင်းနေရသည်။ နေပါအုံး ။ အပြုံး နဲ့ ပျော်ရွှင်ခြင်းက ၊ တိုက်ရိုက် အချိုးကျ တယ်လို့ ဆို နိုင်ပါ့မလား ။ ဒီအမျိုးသမီးကြီး ကရော ၊ သူမ ပြုံးပြ နေသလောက် ၊ တကယ် ပျော်ရွှင် နေ မှာတဲ့ လား ။ သူမ ရဲ့ အနာဂါတ်ကြီး တခုလုံး မြူတွေ အုံ့ ဆိုင်း နေခဲ့ တုန်း ကတော့ ၊ အတိတ်က ပျော်ရွှင်ကြည်နူး စရာ တွေ နဲ့ ဖြေဖျောက်နေထိုင် ခဲ့ တယ်လို့ ပြောတာ ကို ဖတ်ဖူးသည်။ 



လူ အတော်များများမှာတော့ တယုတယ သိမ်းဆည်းထားတဲ့ ပျော်စရာ နေ့ရက်တွေ ရှိခဲ့ ကြမှာပါ ။ သူ့မှာလည်း ရှိခဲ့ တာပဲ မဟုတ်လား. . . ။ အဲဒီ အမျိုးသမီးကြီး လောက် ၊ ဘ၀ အမှောင်တွေကို ထိုးခွင်း နိုင်ဖို့ ၊ အတိတ် အလင်းရောင် တွေ လုံလုံလောက်လောက် မရှိ ခဲ့ ရင်တောင်မှ ၊ အနည်းဆုံးတော့ အခုန လက်ပွေ့ ကောင်လေးလို ၊ အရာရာကို မေ့ထား နိုင် ခဲ့ ဖူးသည်လေ။


နောက်မှာ ကျန်ခဲ့တဲ့ ၊ မြို့လေး တမြို့ ကို ၊ သတိမရမိ ။ ရှေ့ ဆက်ရမဲ့ ၊ ကမ္ဘာလောက ကြီး အကြောင်း ကြိုမတွေးမိ ။ ရောက်နေတဲ့ ရန်ကုန်မြို့ ကြီး အကြောင်းလဲ မသိ တသိ ။ လက်ဖက်ရည်ဆိုင် နေ့တိုင်း မထိုင်နိုင် လည်း ၊ ပျော်စရာတွေ သောက်သုံး ဖို့ ၊ လုံလောက် ကြ သည် ။ သီချင်း တစ်ခွေ ကိုယ်ပိုင် မ၀ယ်နိုင်လည်း ၊ ကြည်နူးစရာ သီချင်းသံ တွေက ၊ ညတိုင်း လေထဲမှာ ပျံ့လွင့် နေခဲ့သည်။ အပူ အပင် ကင်းတဲ့ ကလေးဘ၀ မဟုတ်တော့ ပေမဲ့ လို့ ၊ အပျော် အပြုံး နဲ့ ရယ်မောသံ တွေ ဖုံးလွှမ်းနေခဲ့တဲ့ တက္ကသိုလ် ကျောင်းသူ ဘ၀ ဟာ ၊ ပျော်ရွှင်မူ ပြဒါးတိုင် ရဲ့ ၊ အမြင့်ဆုံး အမှတ် ရောက်ခဲ့ တဲ့ အချိန်တွေ ပဲ ပေါ့ ။ အဲဒီတုန်းက ဆို ၊ အခုလို ဘစ်ကား ကြီး တစီးပေါ် က နေ မြင်နေရ တဲ့ ၊ ရန်ကုန်မြို့ ကြီး ဟာ ၊ မျှော်လင့်ချက် တွေ နဲ့ အရောင်အသွေးတွေ ရွှန်းစို နေ ခဲ့တာ ကို အသေအချာ မှတ်မိ နေသည်။ လှည်းတန်း နဲ့ ကျောင်းဝင်း ကြီး ဟာ လည်း ၊ မြင်ဖူးသမျှ နေရာ တွေ ထဲမှာ ပျော်စရာ အကောင်းဆုံး နဲ့ နေချင်စရာ အကောင်းဆုံး နေရာ တွေ လို့ သာ ထင်ခဲ့သည်။


သူ့ နားထဲ ကို ရယ်သံ လေး တခု ၀င်လာသည် ။ အတိတ်က ရယ်သံ မဟုတ် ။ လောလောလတ်လတ် ပစ္စုပ္ဗန် ရဲ့ အသံ ။သူ့ဘေး မှာ ကပ်ထိုင်နေတဲ့ ကလေးမ လေး ဟာ ၊ လက်ဝါး ပေါ်မှာ တင်ထားတဲ့ ဖုန်းကလေးကို လက်မလေး နဲ့ အထက်အောက် ပွတ်ရင်း ၊ ဆံပင်ရှည်လေးတွေ ဆင်းအုပ်ကျလာတဲ့ အထိ ၊ တခိခိ ရယ် နေတုန်း ။ သူတို့ ခေတ်ရဲ့ လူငယ်ဘာဝ ရယ်မော ပျော်ရွှင် စရာ တွေက ၊ ခေါင်းငုံ့ ပြီး ရှာ ကြ ရတယ်လား ။ သူတို့တွေ တုန်းကတော့ ခေါင်းတွေ မော့ ပြီး ကောင်းကင်ကြီးကို ကြည့် ပျော်ခဲ့ ကြတာ လေ ။ လှည်းတန်း သမား တွေ ဆင်းချင်ရင် ဆင်းလို့ ရ ပြီ ဆိုတဲ့ ၊ ကားစပယ်ယာ ရဲ့ အသံ ကြောင့် ၊ ကောင်မလေး က ၊ ပေါင်ပေါ် တင်ထားတဲ့ ကျောပိုးအိတ်ကလေး ထဲ ၊ သူ့ ဖုံး လေး ထိုးထဲ့ ပြီး ၊ ထ ဖို့ ပြင်သည် ။ ပိန်ပိန် ပါးပါး ကလေးမလေး ရဲ့ ၀တ်စားဆင်ယင်ပုံ လေးဟာ လှည်းတန်းမှာ ဆင်းမယ့် တက္ကသိုလ်ကျောင်းသူလေး လား ၊ အပြင်ဆောင်နေ တဲ့ ၊ နယ်က ကောင်မလေးလား ။ အမြန်လေး ဆင်းထားမယ် တဲ့ ။ စပယ်ယာ အသံ ကြားတော့ ၊ ကောင်မလေး ရဲ့ ခြေထောက် နောက်မှာ ၊ သူ့ ခြေထောက်တွေ လည်း ၊ ပလက်ဖောင်း ပေါ် ရောက်ပြီး နေပြီ ။ သူ လှည်းတန်း မှာ ဆင်း မိ လိုက်ပြီ ။


အခုတိုင်းပဲ ၊ မီးပွိုင့် က နီလား . . . စိမ်းလား မသိ ၊ ကားမှတ်တိုင် ဘယ်နားမှန်း မသိ ပေမဲ့ ၊ ရှေ့ က ကားတန်းရှည် ကြီးက မရွေ့ တော့ ဘူး ဆို ၊ အဆင်ပြေတဲ့ နေရာ ဆင်းလိုက် ကြ သည်ပဲ ။ လွန်ခဲ့တဲ့ အနှစ် အစိတ်လောက်က မီးပွိုင့် ပိတ်နေတဲ့ ကားတန်းရှည်ကြီး ဟာ၊ အခုထိ ကို ၊ မထွက်နိုင်သေး ဘူးတဲ့လား ။ လမ်းပေါ်မှာ သွား နေတဲ့ လှည်းတန်း က လည်း ၊ အရင်အတိုင်း ၊ သက်တောင့် သက်သာ ခြေလှမ်း တွေ နဲ့ … အေးအေး လူလူ အပြုံးတွေ နဲ့ ။ လှည်းတန်း ဟာ ၊ အခုန ကောင်မလေး လိုပဲ ၊ ခေတ်ပေါ် အသုံးအဆောင် တွေ နဲ့ ၊ ၀တ်စား ဆင်ပြင် ထား ပေမဲ့လို့ ၊ အရိုးခံ မျက်နှာပေါ် မှာ ၊ သနပ်ခါး ပါးပါးလေး ရှိနေတုန်း။ လှည်းတန်း ဟာ ၊ တကယ်တော့ ကမာရွတ် ရွာလေး ကနေ ၊ အသွင်ပြောင်း လာတဲ့ ၊ ခပ်ရိုးရိုး ကောင်မလေး တယောက် ပဲလေ ။ အရိုးခံ ပလက်ဖောင်းတွေ ပေါ် က ၊ ထူးခြားတဲ့ နေ့စဉ် ဘ၀ တွေ ကိုက၊ လှည်းတန်း ရဲ့ သီးသန့် အလှ ။


သူလည်းပဲ ဒီ ပလက်ဖောင်း တွေပေါ် မှာ ၊ ငှက်ကလေးတွေ အပျံသင်သလို ၊ လောက ကောင်းကင်ကြီးထဲ တယောက်တည်း စ လှမ်းရသည် ။ အဆောင်ကို လိုက်ပို့ တဲ့ ဖေဖေ က ၊ ရှမ်းတောင်တန်း မှာ ခေါက်ဆွဲ တပွဲ ၀ယ်ကျွေး ပြီး ၊ သူ့ကို ဒီ ပလက်ဖောင်းပေါ် တွေ ကနေ ၊ ဘက်စ်ကား စီးနည်း သင်ပေးခဲ့သည် ။ ဒီ ပလက်ဖောင်းတွေ ပေါ် မှာပဲ ၊ လမ်းဘေးမှာ ချရောင်းနေတဲ့ စာအုပ် အဟောင်းလေး တအုပ်ကို ၀ယ်ဖို့ ချိတုံ ချ တုံ ဖြစ်နေတဲ့ အလား ၊ ကျေနပ် ပျော်ရွှင်ခြင်းတွေ ကို ၊ မသေ မချာ စ ရှာတွေ့ ခဲ့ သည်။ ပြီးတော့လည်း ဒီ ပလက်ဖောင်း ပေါ် မှာပဲ ၊ ဆုရ ထားတဲ့ ပက်ကား ဖောင်တိန်လေး ပြုတ်ကျ ကျန်ခဲ့ သလို မျိုး ၊ ဘ၀ ရဲ့ အမြတ်နိုး ဆုံး ပျော်ရွှင်မူ တွေ ကို ၊ ထားရစ် ခဲ့ ရလေသည်။ 


တကယ်တော့ ဒီပလက်ဖောင်း တွေ ပေါ်မှာ ၊ အဲ့ဒီလို အမြို့ မြို့ အနယ်နယ်က ရောက်လာတဲ့ အပျံသင် ငှက်ကလေးတွေ ခိုနားလိုက် ၊ ပျံသွားလိုက် နဲ့ ရှိနေခဲ့တာ ၊ ဟောဟို တဖက်ကမ်းက ၊ ရန်ကုန်တက္ကသိုလ် ကျောင်းတော် ကြီး ရဲ့ သက်တမ်း နဲ့ အမျှ လို့ ပဲ ပြောရ မည်ပေါ့ ။ ကျောင်းဝင်းကြီး ထဲက ကံ့ကော်ပင်တန်းတွေ ရဲ့ နောက်မှာ အိပ်တန်းတက်ကြ တဲ့ ငှက်ကလေးတွေဟာ ၊ မိုးလင်းပြီ ဆိုတာနဲ့ ၊ အဲဒီ ပလက်ဖောင်းတွေ ပေါ် ကို ရောက်လာ တတ်ကြ ပြီ ။ ကျောင်းဝင်း ကြီး နဲ့ ပလက်ဖောင်း တွေ ကြား ၊ လူးလာ ခေါက်တုန့် ရင်း ၊အချိန်တန် ကျောင်းတွေ ပြီး ၊ ပညာတွေ စုံ တော့ ၊ အဝေးကြီးကို ပျံ ရ ပြန်ပေါ့ ။ တချို့ မပျံ ချင်သေး တဲ့ ငှက်ကလေး တွေ က လည်း ၊ ဒီ နား မှာပဲ တ၀ဲလည် လည် နဲ့ ၊ ခတ္တခဏ ခိုနားဖို့ အသိုက်တွေ ရှာ ကြ ။



သူ့ ရဲ့ ပျော်ရွှင် လွတ်လပ်တဲ့ ကျောင်းသူ ဘ၀ က ၊ လျင် လျင် မြန်မြန် ကုန်ဆုံး ခဲ့သည် ။ အိပ်ယာလိပ် နဲ့ သေတ္တာကို ဆွဲ ပြီး ၊ ကျောင်းဝင်းကြီးထဲကနေ ဒရွတ်တိုက်ပြီး ထွက်လာ ကြတဲ့ ၊ သူတို့ တွေကို ၊ ခက်ခဲ ကျဉ်းမြောင်းတဲ့ ရန်ကုန်မြို့ ကြီးက ၊ အဲဒီ ပလက်ဖောင်းတွေ ပေါ်ကနေ အသင့် စောင့်ကြို နေခဲ့သည်။ တကယ့် တကယ် ကျ တော့လည်း ၊ ရင်းနှီး ခင်မင် ခဲ့တဲ့ ၊ ဒီ ပလက်ဖောင်းတွေ ဟာ ၊ ထင်ထားသလောက်တော့၊ အဆင်ပြေ မညက်ညော ခဲ့ပါ ချေ ။ ရန်ကုန်မြို့ ကြီးကလည်း ၊ မျှော်လင့် ထား သလောက် ၊ လွယ်ကူ မရက်ရော ခဲ့ပါပေ ။ သူ့ အ တွက်တော့ ၊ ရန်ကုန်တက္ကသိုလ် အင်းလျားဆောင်ကြီးပေါ်က သာတောင့် သာယာ နှစ်ယောက်ခန်း ကလေး ကနေပြီး ၊ မီးပိတ် လိုက်ရင် ၊ ကြွက်ကလေးတွေက ထုပ်တန်းပေါ်ကနေ တန်းစီပြီး ငုံ့ကြည့်နေတတ်တဲ့ ၊ တံခါးတချပ်စာ အခန်းလေး ရ ဖို့ ၊ လှည်းတန်း တ၀ိုက် ၊ ခြေတိုအောင် ရှာခဲ့ ရ သည်။



အဲဒီ တုန်းက ၊ ထွန်းလင်း ရိပ်သာ လမ်း ဆိုတာ ၊ အေးအေး ချမ်းချမ်း အိမ်ကလေး တွေ နဲ့ ၊ လှည်းတန်းဈေးကို ပေါက်တဲ့ ဖြတ်လမ်းကလေး တခု သာ ။ အခုတော့ လမ်းမကြီး နှစ်ခု ပေါ်က ၊ တင်းကျပ် မောက်လျှံ လာ တဲ့ နေလိုအား တွေကို ဖောက်ချ လိုက်သလို မျိုး ၊ လမ်းကျဉ်းလေးထဲမှာ ဘ၀ တွေ ဒလဟော စီးဝင် နေတော့သည်။ 

ပလက်ဖောင်း မရှိတဲ့ လမ်းကလေး ထဲမှာ ၊ တယောက် နဲ့ တယောက် နင်းမိ မတတ် ၊ ခိုက်မိ မတတ် ၊ ရှောင်ရှား သွားလာနေကြ တဲ့ ၊ အဲဒီ လူငယ် လူရွယ်တွေ ကိုရော ၊ ရန်ကုန်မြို့ ကြီးက ဘယ်လောက်ထိ ရက်ရော ထားလေသလဲ ။ 



လမ်းထောင့်က ဆိုင်မှာ ဖုန်းကဒ် ၀ယ်နေတဲ့ ကောင်ကလေးဟာ၊ ဒီနေ့ လည်စာကို စားဖြစ်ချင်မှ စားဖြစ်လိမ့် မည် ။ ဂျော်ဒါးနိုး ဆိုင်ရှေ့ မှာ ရပ်နေတဲ့ ကောင်မလေး ရဲ့ ရွှေရောင် ဆံပင် အလိပ်အလိပ်လေးတွေ ဟာလည်း ၊ အဲဒီ ဆိုင်ထဲက အရောင်းစာရေးမလေး တယောက်ရဲ့ တလစာ လုပ်ခငွေ ထက်တော့ နည်းလိမ့်မည် မထင်။ ဈေးဖက်က လျှောက်လာတဲ့ ၊ ကုမ္မဏီ ယူနီဖောင်း နဲ့ မိန်းကလေး တယောက် ရဲ့ ၊ လက်ထဲမှာ ကြွပ်ကြွပ် အိတ် နဲ့ အပြည့် ဟင်းချက်စရာတွေ ၀ယ်လာတာ မြင်တော့ ၊ အပြင်ဆောင် တုန်းက သူငယ်ချင်း တယောက်ကို သတိရ သည်။ မုန်လာဥနီ တွေ ၀ယ်ပြီး ပြန်လာတဲ့ သူငယ်ချင်းကို ၊ အိမ်ပိုင်ရှင် အန်တီကြီးက ၊ ဟင်းခိုးချက်မယ် ထင်ပြီး အလစ်ဖမ်း ဖို့ ဆင်းလာတဲ့ အချိန်မှာ ၊ တောင်ကြီးသူ သူငယ်ချင်းက ၊ အနီရောင် မုန်လာဥ တွေကို အစိမ်းလိုက် တဂျွတ် ဂျွတ် နဲ့ အားရပါးရ ကိုက်စား နေ ခဲ့ တာ လေ။ မိုးပေါ် မော့ ပြီး ၊ တချက် ပြုံး မိသည်။


တိုက်နံရံတွေ ဆီက ပဲ့တင်ပြန်လာနေတဲ့ ခြေသံ စကားသံ ရယ်မောသံ တွေ ကြားထဲမှာ ၊ ဘယ်သူ က မှ လည်း ပျောက်နေတဲ့ ကောင်းကင်ကြီးကို ၊ တခုတ်တရ မော့ မရှာ ကြ တော့ ပေ ။ ကောင်းကင်ကြီးကလည်း ၊ မြေကြီးပေါ်က လူတွေဆီက ထွက်လာတဲ့ အမျိုးမျိုးသော အခိုးအငွေ့ တွေ နဲ့ ဝေးရာမှာသာ နေချင် ပေ လိမ့် မည်။ မြေကြီး မှာသာ ၊ ရွေးချယ်စရာ မရှိ ။ လူတွေ ဆီက စွန့်ပစ် တဲ့ အညစ်အကြေး မှန်သမျှ ကို ကြံကြံ ခံ ရင်း ၊ ကျောချင်း ပေး ထား ရ ရှာ သည်။ ကောင်းကင် နဲ့ မြေကြီးကို မထီမဲ့ မြင် ပြုနေကြ တဲ့ လူ တွေ က တော့ ၊ ဟောဟိုမှာ ၊ လမ်းတွေကိုတောင် မိုးပေါ် ထောင်ပြီး ၊ အကျိုးစီးပွား တွေကို ၊ အတင်းထိုးသိပ် မောင်းနှင် နေကြတော့ တာ။ 


လှည်းတန်း ခုံးကျော်ကြီး ကို ကြည့်ရင်း ၊ သူ့ရင်ထဲက မပျော်ရွှင်မူတွေ ခုံးခုံး ထ လာ ပြန် သည်။ ဒေါသ တွေ အဖြစ် အငွေ့ ပျံ သွား နိုင်ဖို့ ၊ ပါးစပ်ကနေ တခုခုကို ၊ ရွတ်ဆို ကျိန်ဆဲ ပြစ်လိုက်သည်။ ကြည့်ဦးလေ ။ အရင်တုန်းက သိမ်သိမ်မွေ့ မွေ့ စီးဆင်း နေခဲ့ တဲ့ ၊ လမ်းငါးဆုံ ဟာ ၊ ခုတော့ တွန့်လိမ် ကောက်ကွေး လို့ ။ ဘာမှ ပိုပြီး ထူးခြားသွား သည် လည်း မဟုတ် ။ လမ်းလျှောက် ဖို့ ၊ ပိုပြီး ခက်ခဲ လာတဲ့ ၊ ပလက်ဖောင်း တွေပေါ်ကနေ ၊ လမ်းဖြတ် ဖို့ ၊ ပိုပြီး အန္တရယ် များ လာတဲ့ ၊ လမ်းမကြီးတွေ ဆီ ၊ လူတွေ အလုအယက် ကူးဖြတ် နေကြရသည်။ ကားတွေက ၊ တကျွီကျွီ တပွမ်ပွမ် ။ တက်စီ သမားတွေက ၊ လမ်းမပေါ်မှာ ခပ်တင်းတင်းရပ်ပြီး ၊ မျက်စ ပြစ် သည်။


သူ့ မှတ်ညဏ် တွေကို ပြန်စီ ကြည့် သည်။ ဟောဟို နေရာ တွေ မှာ ၊ ဂိုးရှိုး ။ ၀င်းဆံသ ။ နွားဖြူဖိနပ်ဆိုင် ။ ရှမ်းတောင်တန်း ။ ရွှေဝါဖူး ဓါတ်ပုံတိုက် ။ ရတနာထွန်း စာပေ ။ ပလက်ဖောင်းတွေ ပေါ် လမ်းလျှောက်ရင်း ၊ ဟိုငေး ဒီငေး ။ လက်နှိပ်စက် စာရေး အိုအိုကြီးတွေ က ၊ လမ်းဘေးမှာ ခုံလေးတွေ ချပြီး တဂျောက်ဂျောက် နဲ့ စာတွေ ရိုက် လို့ ။ လမ်းတဖက် ကို ကူးလိုက်ရင် ၊ သူတို့ ကျောင်းသူ တွေ အတွက် ၊ လိုအပ်တာတွေ အကုန် ရ နိုင်တဲ့ ၊ လှည်းတန်းဈေးကြီး ရှိသည်။ အခုတော့ တ၀န်း တကွေ့ လုံး ၊ ထူပြစ်ပြစ် အစိမ်းရောင် မှန် ကြီးတွေ က ၊ အပြည့် နေရာယူ ထား ပြီ ။ ဘာမှ ၊ ဟုတ်တိ ပတ်တိ မရှိခဲ့တဲ့ လှည်းတန်း ထိပ်က ၊ စန်တာ အ၀ိုင်း ကြီးရဲ့ ထိပ်မှာတော့ Chevrolet ဆိုတဲ့ စာလုံးကြီး ကို လှမ်းမြင်ရသည်။ ဟုတ်ပါတယ်လေ ။ ဒီနေရာ ဟာ ၊ ကားအရောင်းပြခန်း တခု လုပ်ဖို့သာ အသင့်ဆုံး ပဲ မဟုတ်လား ။ ဒီ ပလက်ဖောင်း တွေဟာ၊ ဘယ်လောက်ပဲ ခြေလျင် ဖိနပ်တွေ နဲ့ ၊ ထိုးသိပ် ကြပ်ညပ် နေပါစေ . . . ကိုယ်ပိုင်ကား တွေ ၊ ရောင်းလို့ ချ လို့ ထွက်လို့ ပြုလို့ အဆင်ပြေ ဖို့ သာ ၊ အရေးကြီး ဆုံး ပဲ မဟုတ်လား ။


သူ မထွက်လာခင်တုန်းက အ၀ိုင်းကြီးရဲ့ လှေကားရင်းမှာ ၊ စာအုပ်ဆိုင် ခပ်သေးသေးလေး တခု ရှိသေး သည် ။ အခုဆို ဘယ်ရှိလောက် တော့ မလဲ ။ မြို့ထဲက စာအုပ်ဆိုင်ကြီးတွေ တောင် ၊ ပိတ်ကုန်ပြီ ဆိုတော့ ၊ လမ်းဆုံ လမ်းခွ က စာအုပ်ဆိုင်ပိစိလေး တွေ အတွက် နေရာမရှိ နိုင်တော့။ သင်တန်း ဆိုင်းဘုဒ် တွေ ပြည့်နှက် နေတဲ့ ၊ တိုက်တန်းလျားကြီး ရဲ့ အောက်မှာတော့ ၊ စာအုပ်ဆိုင် လိုလိုတခု ။ မျက်နှာစာမှာ ကျောင်းသုံး စာအုပ်လိုမျိုးတွေ ၊ စံဇာဏီဘို ဟောစာတမ်း တွေ ခင်းကျင်း ထားတဲ့ ဆိုင်ခန်းကျဉ်းလေး ထဲ မှာ ၊ တောက်တောက်ပြောင်ပြောင် မဂ္ဂဇင်းတချို့ နှင့် စာအုပ်နည်းနည်းပါးပါး တော့ ရှိသည်။ သူ့ ရဲ့ ပထမ ဆုံး ဒိုင်ယာရီ စာအုပ်ကလေး ၀ယ် ခဲ့ တဲ့ ၊ D-Mate ဆိုင်လေး လည်း ၊ နဂို အတိုင်း ရှိနေသေးသည် ။ ခေတ်အလိုက် ရောင်းတဲ့ ပစ္စည်းတွေပဲ ပြောင်း နေပြီလား ။ များပြားလှတဲ့ လက်ကိုင်ဖုန်း ဆိုင်အသစ် တွေ ရဲ့ ကြားထဲမှာ ၊ ဒီ စာရေးကိရိယာ ဆိုင်လေး ဘယ်လို ရပ်တည်နေသည်လဲ ။ ဂျင်းဘောင်းဘီ အိတ်ထဲက ၊ အိုင်ဖုန်း ကို အလိုလို စမ်းမိ သွားသည်။ စိတ်ကူးယဉ် တွေကို ၊ ဒိုင်ယာရီ ထဲ ချ ရေး တတ် ခဲ့ တဲ့ ၊ ပါတိတ်ဝမ်းဆက် နဲ့ မိန်းကလေး တယောက် သည်ပင် ၊ ပိုပြီး သက်သောင့် သက်သာ ရှိ တဲ့ ၊ ဂျင်းဘောင်းဘီ တထည် နဲ့ ၊ သိချင်သမျှ လိုအပ်သမျှ ကို ၊ အိုင်ဖုန်း ထဲမှာပဲ ရှာဖွေ သိမ်းဆည်း နေတတ် ပြီ ဆိုတော့လည်း ၊ အင်းလေ . . . လှည်းတန်း ဟာ အနည်းဆုံးတော့ အတွင်းစိတ် မှာ ၊ ပြောင်းလဲခဲ့ ပြီပေါ့ ။ ဒါဆိုရင် ဟိုး တဖက်ကမ်းမှာ ရှိတဲ့ ဒိုင်ယာရီ စာအုပ်ထဲက ကံကော်ရွာလေး ကရော ။ 


အခုတော့ ကံ့ကော်ရွာလေး နဲ့ ကမာရွတ် ရွာလေး ကြားထဲမှာ ၊ တဖက်ကမ်း နဲ့ တဖက်ကမ်း လှမ်းမျှော်ကြည့်လို့ မ ရတော့ အောင် ၊ မြင်ကွင်းတွေ ကျဉ်းမြောင်း သွားခဲ့ ပြီ ။ ဒီရွာလေး နှစ်ရွာ ကို ဆက်သွယ် ထားခဲ့တဲ့ လမ်းမကြီး နှစ်ခု ကလည်း ၊ အခြေခြင်း ခြား သထက် ခြားလေပြီ ။


အလယ် ကြက် လျှာစွန်းလေး ပေါ်က ဖြတ်လျှောက် ရင်း ၊ ပြည်လမ်းမ ကြီး ဟာ၊ ပိုပြီး ကုနြေ္ဒ ကြီးလာတာ လား . . . ပိုပြီး များ ဥပက္ခာ ပြုသွားသည် လား ။ ဒီဖက်မှာ ကျန်ခဲ့ တဲ့ အင်းစိန်လမ်းမ ကြီး ကတော့ ၊ ရုန်းကန် မောပမ်း လျက်သာ။ ပိုပြီး စည်စည်ကားကား ဖြစ်နေတဲ့ လမ်းနှစ်ခွ ဆုံ ပလက်ဖောင်း လေး ပေါ်က ၊ လမ်းဘေး အထမ်းဈေးသည် တွေ ကို ၊ လှည်းတန်း ရဲ့ အရေးပါ တဲ့ လူတန်းစား တခု ဆိုတာ ၊ သူ မေ့ နေ လိုက်တာ ။ သူ့ ခြေထောက်တွေ ဟာ ၊ ခုံးတံတား ကြီး အောက်က ၊ တိတ်တိတ် ဆိတ်ဆိတ် ပြည်လမ်းမ ကြီးကို ဖြတ် ရင်း ၊ ကျောင်းပေါက် ဆီ တန်းတန်း မတ်မတ် ။


( ဆက်ဖတ်လိုပါက စာအုပ် ထဲမှာ ဖတ်ပါရန်)း)


Share/Bookmark

0 Comments: