အိပ်ယာ က ရုတ်တရက် နိုး သွား ပုံ က.. တမျိုး တပါး ကြီး...
ဘယ်အချိန် ရှိပြီ မို့လည်း။ မနက်တော့ လင်းနေ ပြီ။
ဒါပေမဲ့..ဒီအချိန် အိပ်ယာ ထ လေ့ရှိတဲ့ အချိန် မှ မဟုတ်တာ။
စောင်ကို ရင်ဘတ် ပေါ် ပြန် ဆွဲ တင် တော့.. ရင်ဘတ် ပေါ်က..တခုခု လျှောကျ သွားသလို...
လက် မှာ စေးထန်းထန်း ဖြစ်သွားတယ်..
စောင်ကို ရင်ဘတ် ပေါ် ပြန် ဆွဲ တင် တော့.. ရင်ဘတ် ပေါ်က..တခုခု လျှောကျ သွားသလို...
လက် မှာ စေးထန်းထန်း ဖြစ်သွားတယ်..
ဘာတွေ ပါလိမ့်…
စောင်ပေါ်မှာ.... လက်ထဲ မှာ..
ကမန်းကတမ်း ဘေး နှစ် ဖက်ကို စမ်းကြည့်တော့..လည်း
ဘုရားရေ….
အိပ်ယာ ပေါ် မှာ.. ပျံ့ကျဲ နေ လိုက် ကြတာ
ခေါင်းအုံး ပေါ် မှာ လည်း လေးငါး ဆယ် ခု..
ခေါင်းအုံး နဲ့ ဆံပင် ကြားမှာ ညပ်နေတဲ့..နာမယ် တခု ကို.. ခပ်ကြမ်းကြမ်း ဆွဲ ဖယ် လိုက်တော့.. အဲဒီ နာမည် ရဲ့ နောက်ဆုံး စာလုံး ပေါ် မှာ.. ဆံပင် နှစ်ချောင်း ကျွတ်ပါ သွားတယ်။
ခါးအောက် မှာ ခိုးလိုးခုလု ဖြစ်နေ တဲ့ နာမည် တခု ကို.. ဆွဲထုတ် ကြည့်တော့..ခပ်ဆန်းဆန်း နာမည် တခု.. တခါ မှ လည်း မကြားဖူး ဘူး။
ကြည့် စမ်း..
မနက်ခင်း ရဲ့ အလင်းရောင် တန်း တွေ..ခပ်ဖျော့ဖျော့ တိုးဝင် လာ နေ တဲ့.. ပြတင်း ပေါက် ယင်းလိပ် တွေ ကြားထဲ မှာ လည်း..နာမည် တွေ တို့လို့ တွဲ လောင်း ရှိ နေ ကြပါလား ။ တချို့.. နေရောင် အောက် မှာ.. ရောင်ပြန်ဟပ် နေပုံက ..အိပ်ချင် မူးတူး မျက်စိ ထဲ မှာ ..စူးစူး ရှရှ။
အဲဒီ အလင်းရောင် တွေ ကြောင့် များ နိုး သွား တာ လား ။
တရွှပ် ရွှပ် နဲ့ ..မြည်နေတာတွေ ကရော..
သြော..ပြတင်း ယင်းလိပ် တွေ ကြားမှာ လေတိုး တော့.. နာမည် တွေ အခြင်းခြင်း ခပ်တိုးတိုး ပွတ်တိုက် နေ တဲ့ အသံ..။
ဟိုး မျက်နှာကျက် မှာ ကပ်နေတဲ့..နာမည် ကြီးက တော့ .. ကြေက်စရာ ..အသည်းယား စရာ ကြီး... ပြုတ်ကျ တော့ မဲ့ အတိုင်း.. တခြမ်းက..အောက်ကို တွဲလောင်း ကြီး ကျ လို့..။
ဒီလောက် များ တဲ့ နာမည် တွေ ဘယ်က ရောက်လာ ကြ တာ ပါလိမ့်...
ရင်ဘတ် ပေါ် မှာ တင် နေတဲ့ နာမည် သုံးလေး ခု ကို ကိုင်ကြည့် တော့.. ခုလေးတင် မက်လိုက် တဲ့ အိပ်မက် ထဲ က.. သူငယ်ချင်း တွေ ဖြစ်နေ ပေါ့ ။ တကယ်တော့..အဲဒီ အိပ်မက်ကြောင့် နိုးသွားတာ ပဲ ဖြစ်မည်..။
ထူးထူးဆန်းဆန်း .. အိပ်မက် ကလည်း..မက်နေကျ ဟာမျိုး တခု ပါပဲ ။ တကယ်ဆို...အိပ်မက် တမျိုးမျိုး က.. လူတယောက်ယောက် ဆီ မှာ.. ခဏ ခဏ လာ စွဲကပ် တတ်တာ..ထူးဆန်းတာ ပဲ မဟုတ်လား..။
အဲဒီ နေရာ ပဲ။ အဲဒီ အချိန်ကာလ ပဲ။ ပြီးတော့.. အဲဒီ လို ခံစားချက် မျိုး ပဲ..
တခါတလေ လူတွေ အများကြီး..။ တခါတလေ တယောက်စ နှစ်ယောက်စ …
ည က အိပ်မက် မှာ တော့... တခါမှ မမြင်ဘူး တဲ့ လူ တယောက် ပါလာ တယ် ..
စာတွေ တလုံး မှ မကျက်ရ သေး ပဲ.. စာမေးပွဲ ခန်း ထဲ ရောက်သွား တာ တဲ့..
စိတ်ညစ်ညစ် နဲ့ တောင်ငူ ကန်တင်းန် ကို ဖြတ်.... ရာမည ပေါက် ဖက် က နေ..ပြည်လမ်းကို ကျော် ပြီး.. အနော်ရထာ အိမ်ယာ ၀င်း ထဲက နေ အထွက် မှာ.. အင်းစိန် လမ်းမ ဖက်ဆီ ..မောင်းလာတဲ့ ဘက်စကား ကြီး တစီး က.. ရပ်မပေး တဲ့ အပြင်.. ကားပေါ် က..လူ တယောက်က.. သူ့ကို လက်ညှိုးထိုး ပြီး ခွက်ထိုးခွက်လန် ရီ သွားလိုက်တာ…
အဲဒါ… ဘယ်သူ ပါ လိမ့်…ပြန်ပုံဖော်ကြည့်တယ်.... မပေါ်ဘူး..... ၀ါးတားတား နဲ့…
နေအုံး..အိပ်မက် က.. အရောင်နဲ့ လား… အဖြူ အမဲ လား…
အဲဒါလည်း ပြန်တွေးလို့ မရ ဘူး
အိပ်မက်ထဲ မှာ…စကားပြောခန်း တွေ ရော ပါသလား…
ဟင့်အင်း..မသိတော့ဘူး
သူငယ်ချင်း တွေ ရဲ့ နာမည် တွေ ထဲ မှာ ရော နေတဲ့.. အဲဒီ လူရဲ့ နာမည် ကို.. ကောက်ကိုင် ပြီး...အသံ ထွက် ဖတ် ကြည့် တယ်။ ဘာမဆိုင် ညာမဆိုင် နော်။
နာမည် တွေ ကို ကိုင်ထားတဲ့ လက်ချောင်း တွေက... အခုန စာမေးပွဲ ခန်းထဲက..လက်ချောင်း တွေ မျိုး လည်း မဟုတ်ဘူး။ ရင်ခေါင်း ထဲ မှာ ကျတော့..အခုန စာမေးပွဲ ခန်း ထဲက..ခံစားချက် အတိုင်း ပဲ .. အောင့်တောင့်တောင့် မောတောတော ကြီး။ စာမေးပွဲ ခန်းထဲ မှာ ရနေတဲ့ နောင်တ တွေ နဲ့.. ဇောချွေး တွေ က..ခုထိ စောင် ရဲ့ အောက် မှာ..နွေးနေတုန်းပဲ ။
နောင်တ ဆိုတာ..နောက်ကျ မှ ရ တတ်သတဲ့.....
ခိုင်ထူး သီချင်းက.. အတွေးထဲ အလိုလို ရောက်လာတယ်။ နောက်ကျ နဲ့ နောင်တ က..ဘာလို့.. အသံထွက်ခြင်း သိပ် နီးစပ် နေတာလည်း လို့..တွေး ရင်း.. လေးလံ လွန်း နေတဲ့ စောင် ကြီး ကို တွန်းလှန် ပြစ် လိုက်တယ်။ တော်လှန် တယ် ဆိုတာ က.......
စောင်ပေါ်က..နာမည် တချို့.. ကုတင် အောက်ကို.. ဒလိမ့် ကောက်ကွေး ကျ ကုန်တယ်။
ဒုတ်..ဒုတ်..ဒုတ် ဆိုတဲ့ အသံ က တချက် နှစ်ချက် ရယ်..( ဖုတ် ဖုတ်) ....(ဖုတ် ဖုတ်) ဆိုတဲ့ အသံ က များတယ်။ ငုံ့ကြည့်တော့..ဆယ့်လေး ငါးခု လောက် ရှိမလားပဲ။
ကုတင် အောက်ကို ခြေထောက် ချ လိုက် တော့ မှ.. ပို ဆိုးပါလေရော..
ဇွိ ကနဲ.. ပဲ
ပျော့စိစိ နာမည် တခု ကို တက်နင်း လိုက် မိ ပြီ။
ခြေထောက်မှာ.. ပေကျံ သွားတဲ့ အမျိုးအမည် မသိ တဲ့ အရည် တွေ ကြောင့် ရေချိုးခန်း ထဲကို မြန်မြန် ပြေးဝင် လိုက် ရတယ်။
ရေပန်းကနေ တလဟော ကျ လာတဲ့ ရေပူ တွေ အောက် မှာ.. ဟို နား ဒီနား ကပ် နေတဲ့..နာမည် တ၀က်တပျက် တွေ ..အရည် ပျော် ပြီး.. ညစ်တစ်တစ် ရေတွေ အဖြစ်နဲ့ .. ရေဆိုးပေါက်ထဲ မျောသွားတာ လိုက်ကြည့် နေမိ တယ်။ ဘာမှ လည်း မဟုတ်ဘူး.. ပြီးတော့လည်း ပျောက်သွား တာ ပါ ပဲ နော်... ဟင့်အင်း.. တရားရ တာ မဟုတ်ပါဘူး။ လျှောက်တွေး ကြည့် ရ တာကို ကြိုက်တာ။ ကြိုက်တယ် ရယ် တောင် မဟုတ်ဘူး ထင်တယ်.. တွေးကို တွေးမိ သွား တတ်တာ.. တခါတလေ.. ဘာလို့များ သိပ်တွေး လွန်း နေမိသလည်း လို့ ကိုယ့်ဖာ ကိုယ် ပြန်တွေး မိရင်း.. သိပ်မတွေး နဲ့ လို့ ခဏခဏ အတွေးထဲမှာ သတိ ပေး နေ ရ တယ်.. ။ တကယ်ဆို တွေးတယ် ဆိုတာ...
နားထဲမှာ ရေ ၀င် နေသလိုပဲ..
နာမည် တခုခု များ ၀င်သွား သလား..
နားထဲ နာမည် ၀င်သွားရင်တော့ ချက်ခြင်း ပြန်ထုတ်ဖို့ မလွယ်ဘူး...
ထားလိုက် ယုံပေါ့.. အချိန်တန် အတွေး တွေ နဲ့ ပြန်ထွက် သွားလိမ့်မယ်..
ရေစို နေတဲ့.. ဆံပင်တွေ ကို.. တဘက် နဲ့ ခပ်ကြမ်းကြမ်း သုတ် ပြီး ခါ ပြစ် လိုက် တော့...ဆံပင် တွေ ကြားမှာ ညပ်ကျန် နေတဲ့..နာမည် တချို့.. မှန်ပေါ်မှာ ကပ် သွားတယ်။ ကြည့်ပါအုံး.. မှန်ပေါ်မှာ တင်နေတဲ့.. နာမည် တွေ က.. ပြောင်းပြန် ကြီး တွေ။ ဖတ်လို့ လည်း မရ... ရီချင်စရာ
မှန်ထဲ မှာ ခန့်မှန်းရ ခက်တဲ့ မျက်နှာ နဲ့...အမျိုးသမီး တယောက် ကို ခပ်ဝါးဝါး မြင် ရတယ်။ သူ့လည်တိုင် နား မှာ..နာမည် တခု..။ အဲဒီ နာမည် ကို တော့..ပြောင်းပြန် ဖြစ်နေပေ မဲ့..ဖတ်လို့ ရ နေတယ်။
“တွေး” တဲ့
“တွေး” ဆိုတာ..နာမည် မှ မဟုတ်တာ
“ထွေး” လား မသိ
ဘာလို့ “တွေး” မဖြစ် နိုင် ရ မှာ လည်း
မှန်ထဲက..အမျိုးသမီးက.. ဇဝေ ဇ၀ါ ဖြစ်နေ တဲ့ အထင် ကို..စိတ်မရှည် ဟန်..
ပြီးတော့.. ဒီနေ့.. ဖေဖော်ဝါရီ ၂၉ နော် တဲ့..။ သတိပေး သလိုလို နဲ့။
မှန်ထဲက..အမျိုးသမီးက.. ဇဝေ ဇ၀ါ ဖြစ်နေ တဲ့ အထင် ကို..စိတ်မရှည် ဟန်..
ပြီးတော့.. ဒီနေ့.. ဖေဖော်ဝါရီ ၂၉ နော် တဲ့..။ သတိပေး သလိုလို နဲ့။
ရက်ထပ် နှစ် မှာ တရက်တိုး ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး လို့.. သံယောင်လိုက် ကြည့်တယ်။ အဲဒီတော့ ဘာလုပ်ရမှာ မို့လည်း.. လေးနှစ်မှာ တခါ ကြုံ တော့.. ရှစ်နှစ်မှာ နှစ်ခါ ကြုံမှာ ပေါ့ ...။
အချိန်ကို မနာခံ ချင်တဲ့ သူတယောက်ဟာ..ပြက္ခဒိန် တွေ ကိုပါ ကြည့်မရ တာ..ဘာများ ဆန်းလို့လည်း..
အဲဒီလို... တစုံတယောက်က.. သတိပေး သလို.. လိုက်ပြော နေတာ မျိုး ...တော်တော်ပဲ..မနှစ်မြို့ချင်ဘူး။
ဆယ်နာရီ ထိုးတော့မယ်..
ရထား ဆိုက်ကာနီးပြီ...
ဒင်နာ နောက်ကျ တော့မယ်..
အဲလို အသံ တွေ ကို တော်တော် မုန်း တယ်။ နာမည် တွေ လိုပဲ... ပြူးပြူးပြဲ ပြဲ နဲ့။
အမုန်းဆုံး တခု ရှိသေးတယ်...
အသက်တွေ ကြီးလာပြီ နော်.. ဆိုတဲ့ ဟာ..
ဒါဆိုလည်း နေချင်သလိုသာ နေပေါ့
မှန်ထဲက အမျိုးသမီးက.. ရွဲ့သည်။ ပြီးရင်တော့..ထိုက်တန် တဲ့ အတိုင်း ဖြစ်လာမှာပေါ့ ...တဲ့
ဒါက ရော..သတိပေး တာ ပဲ လား
နေပါအုံး.. ဘယ်သူ တယောက်က.. သူ ဘာနဲ့ ထိုက်တန် တယ် လို့ .. ဘယ်လို ပြောနိုင် မှာ လည်း... လူတွေ ဆိုတာ..ကိုယ်နဲ့ ထိုက်တန်တယ်လို့ ထင်တဲ့ဟာ တခုခုကို..စောင့်ရင်း..စောင့်ရင်း နဲ့.. နောက်ဆုံး မစောင့်နိုင်တော့ တဲ့ အချိန်အထိ တောင်..သူတို့ ဘာနဲ့ ထိုက်တန်တယ် ဆိုတာ..သိသွားမှာ မှ မဟုတ်တာ...
စိတ်ပေါက်ပေါက် နဲ့..မှန်ထဲကို စိုက်ကြည့်တော့.. ထူးထူးဆန်းဆန်း..အမျိုးသမီးက..တဖြည်းဖြည်း ပြုံးလာ တယ်။ ဒါပေမဲ့.. ပြုံးတဲ့ပုံက.. လှောင်သလိုလို..
ဒါဆို..နင်က.. ကိုယ် ဘာနဲ့ ထိုက်တန်မှန်း မသိ တဲ့ အဖြစ်နဲ့ ထိုက်တန် တာပေါ့..
တော်စမ်းပါ..
အမျိုးသမီးကို မျက်နှာလွှဲ ပြီး မှန်ရှေ့ကနေ..လှည့်ထွက် ခဲ့တယ်။
အခန်းထဲက..နာမည် တွေ ကို.. ပုံး ထဲ ပြန်ထဲ့ လိုက်အုံး နော်.. လို့.. အမျိုးသမီးက..ပြောဖြစ်အောင် ..လှမ်းပြော လိုက် သေးတယ်။
သူပြောသလိုဆို.. ခုန အခန်းထဲ မှာ ပျံ့ကျဲ နေတဲ့..နာမည် တွေက.. ပုံး တလုံး ထဲက ထွက်လာတာ တွေပေါ့...
အခန်းထောင့်က..ပုံး တလုံး ကို.. အိပ်ယာ မ၀င်ခင် ကတော့.... ဖွင့် ကြည့် လိုက်မိသေး သည်
သေချာ ပြန်ပိတ်ဖို့..မေ့ ခဲ့ တာဖြစ်မည်...
ကြည့်လိုက် တုန်းကတော့..သမန်ကာ လျှံကာ ပဲ..
တယောက်ယောက် ..အခန်းရှင်းရင်း..လွှင့်ပစ်ရမှာ သမြော လို့....ခဏ သိမ်းထားတဲ့.. ရောင်စုံ မဂ္ဂဇင်း အဟောင်းတွေ စုပြုံ ထိုးထဲ့ ထား သလိုလို…
အခုတောင်.. အခန်းထဲ မှာ.. ပျံ့ကျဲ ရှုပ်ပွ နေတဲ့..နာမည် တွေ ကို..တခု ခြင်း လိုက်ကောက် နေရင်း .. ကိုယ့်နာမည် ကိုယ် မနည်း ပြန် တွေးယူ နေရ သည် ။
ကိုယ့် ဖာသာ သိပ်သဘော မကျ လှ တဲ့..နာမည် တခု ။
ဘယ်တတ် နိုင် မှာ လည်း...
ကိုယ်ကြိုက်တဲ့ နာမည် တခု ကိုယ့်ဖာသာ ပြောင်း ပြီး တပ်ထား တဲ့.. နာမည် တွေကို ... စိတ်ဝင်စား မိသည်။
ဟောဒီမှာ .. တခု...ပန်းရောင်ကလေး..
တချို့နာမည်ကြီးတွေက တော့ .. အရောင်အသွေး မပါ.. ညီးငွေ့စရာ။
သံချေး ရောင်လို ညိုညစ်ညစ် နာမည် တထပ် .. ။ မနည်း မ ယူ ရ သည်။ ထိုက်ထိုက်တန်တန် နာမည် တွေ ပဲ လို့..ခပ်ငေါ့ငေါ့ တွေးရင်း.. ပုံး ထဲ ပြစ် ထဲ့ လိုက် သည်။
စိတ်ဝင်စား ဖို့ ကောင်းတာက..တခု နဲ့ တခု အတော်နီးစပ် တဲ့ နာမည် မျိုးတွေ...
ဥပမာ.. ရှေ့ နာမည် တလုံးက.. ဟိုဖက်က..နောက်နာမည် တလုံး နဲ့ သွားတူ နေတာ မျိုး..။
ကြည့်စမ်း.. ဒီ နာမည် နှစ်ခု ဆို တထပ်တည်း..တသံတည်း..။ နာမည်တွေ တူနေရင် ကျ တော့ ရော..ဘာလို့..တရားမစွဲ ကြ တာ ပါလိမ့်..
သတိထား မိ နေတာ တခု က... နာမည် တွေ အားလုံး..တခု မှ..အနံ့ မရှိ ကြ..။
ငယ် နာမည်... မိသားစု နာမည်..
ကလောင်နာမည်... မူရင်းနာမည်
အနုပညာ နာမည်... လူဆိုး နာမည်
ပြောင်းထားတဲ့ နာမည်.. ပြောင်ထားတဲ့ နာမည်..
မြန်မာဆန်ဆန် နာမည်.. ဘိုလို ဖက်စပ် ထားတဲ့ နာမည်
နာမည်ကြီး
နာမည်ကျော်
နာမည်ပျက်
နာမည်ဆိုး
ပုံးထဲ မှာ နာမည်တွေ ပြည့်နေပြီ..။ ဖြစ်သလို ပြန်ထိုးသိပ် ထဲ့ ထားတဲ့..ပုံးကို.. တိပ်နဲ့ ခပ်မြန်မြန် ပိတ် လိုက် သည်။ တချို့ ကော်ဇော ပေါ် ကပ် နေတဲ့.. ကပ်သီး ကပ်သတ် နာမည် တွေ.. ပျော့တိ ပျော့ဖတ် နာမည် တွေ ကိုတော့.. လေမှုတ်စက် နဲ့ ထိုး ပြစ်လိုက် သည်။ အခု... အခန်း ထဲ မှာ..ဘာနာမည် မှ မရှိ တော့...။ နာမည်တွေ အပြည့်အသိပ် နဲ့ ပုံမကျ ပန်းမကျ ပုံးတလုံး သာ ..အချိန်မရွေး ထ ပေါက်ကွဲ နိုင်တဲ့.. ဗုံးတလုံး လို..အခန်းထောင့်မှာ..။
ခဏ နေရင်.. ဘာနာမည် မှ မပါ တဲ့.. အဖြူ အမဲ ..အသံတိတ် ရုပ်ရှင် ကား တကား ကြည့် မည်။
အဲဒီကား .. တော်တော် နာမည် ကြီး နေ သည် ။
ကေ
ဖေဖော်ဝါရီ ၂၉ ၂၀၁၂
◦
6 Comments:
မကေရေ လာလည်သွားပါတယ်။နာမည်တွေ အကြောင်း ဆက်စဉ်းစားသွားပါတယ် ။နာမည် တွေကို အမြတ်တနိုး တန်ဖိုးထားရင်း ကိုယ့်နာမည်အတွက် သူတပါးတွေကို တိုက်ခိုက်ပြီး နာမည်ကောင်း ယူတတ်တဲ့ သူလည်းရှိ ၊ ကိုယ် ရဲ့နာမည်ကို အရမ်းတွယ်တာ မက်မော မနေဘဲ စွန့်လွှတ်ရဲသည့် သူလည်းရှိ ၊
ကျွန်တော် တွေးတာတွေ မှားသွားရင် ခွင့်လွှတ်ပါ ။
လေးစားစွာဖြင့်
နာမည်တွေ အကြောင်းထက် အသံတိတ်ရုပ်ရှင် အကြောင်းကို ပို စိတ်ဝင်စားတယ် မကေရေ...
း)
နာမည်တွေ အကြောင်းထက် အသံတိတ်ရုပ်ရှင် အကြောင်းကို ပို စိတ်ဝင်စားတယ် မကေရေ...
း)
မကေရေလာလယ်သွားတယ်နော် မကေရဲ့ နာမည်တွေဖတ်ပြီးမှ ကျွန်တော့်နာမည်လေးလဲမကေးရဲ့ ပုံးထဲမှာပဲကျပြောက်သွားခဲ့ တယ် ကျွန်တော်ကိုပြန်ရှာခွင့် ပြုပါအုန်းနော်.....
မိုးသက်(တန့် ဆည်)
နာမည်တွေက ခြောက်လန့်တတ်တယ်ပေါ့..
အဲဒီပုံးကို တစ်နေရာမှာပဲ အပြီးပစ်လိုက်ပါတော့.. :)
အလည်ရောက်ရင်း စာကောင်းလေးတွေဖတ်သွားပါတယ်ဗျာ
Post a Comment