အတူ


ကမ္ဘာကျော် ဥရောပ သံစုံဂီတ အဖွဲ့ တခု ရဲ့၊  တီးဝိုင်း ခေါင်းဆောင်ကြီး တယောက် ဟာ၊ သူ့မိန်းမ မှာ ကင်ဆာ ဖြစ်လာတာကြောင့် ၊ ဆွစ်ဇာလန် ရဲ့ အသက်သေခန်း တခု မှာ သွားပြီး ၊ နှစ်ယောက် အတူတူ ၊ ငြိမ်းငြိမ်းချမ်းချမ်း  အဆုံးစီရင် သွားတယ် ဆိုတဲ့ သတင်း ကို၊ အံ့သြခြင်း ကြီးစွာ နဲ့ ၊ အမှတ်ထင်ထင် ရှိ နေခဲ့ သည်။

Die in Dignity ဆိုတဲ့ ကိစ္စ ကို  နားမလည် နိုင်သလိုမို့ အများကြီး ဆက်မတွေး ကြည့် နိုင်ခဲ့ပေ။  ဒါပေမဲ့ ဇနီးမောင်နှံ နှစ်ယောက် ရဲ့ ချစ်ခြင်းမေတ္တာ ဆိုတဲ့ ကိစ္စကြီး ကိုတော့.. နားမလည် နိုင် ရက် နဲ့ပဲ.. အခု ထက်ထိ ၊ တွေး နေ မိ ခဲ့ သည်။ 

တလောက၊ ဖတ်လိုက်ရ တဲ့ ၊ အင်တာဗျူးလေး တခု ကြောင့် အဲဒီ အတွေး တွေ ကို ပိုပြီး ဆန့်ထွက် လာ စေ ပြန်တယ်။

တိုက်တိုက် ဆိုင်ဆိုင် ၊ Die in Dignity အတွက် ရှေ့ဆောင် ပြီး လုပ်ကိုင် နေတဲ့၊ Dr Peter Goodwin ဆိုတဲ့ ၊ ဆရာဝန်အိုကြီး ကို တိုင်းမ် မဂ္ဂဇင်း မေးခွန်း ဆယ်ခု ကဏ္ဍ မှာ နောက်ဘ၀ မှာ ဘာတွေ ဆက်ဖြစ်ချင်ပါ သလဲ  လို့မေးတော့..နောက်ဘ၀ တခု ရှိခဲ့ရင် ၊ သင်ကြားစရာ တွေ အများကြီး ဆက်သင် ချင်သေးတယ်... ပြီးတော့ ကျနော့် မိန်းမ နဲ့ ပြန်ဆုံ ချင်ပါတယ်  တဲ့။ ပြောပြီး သိပ်မကြာ ဘူး၊  အဲဒီ ဆရာဝန်ကြီး ကိုယ်တိုင် သူ့ကိုယ်သူ ဆေးထိုးပြီး ကောင်းကောင်းမွန်မွန် အသက်သေပြ သွားခဲ့သည်။ အခုအချိန်ဆို သူ့မိန်းမ နဲ့ တွေ့နေ ပြီလား။

သေတပန် သက်တဆုံး ဆိုတဲ့ ၊ အဲဒီ အမျိုးသားကြီး နှစ်ယောက်လုံး ရဲ့ ၊ ရင်ထဲမှာ တည် ရှိ နေ ခဲ့ တဲ့ အရာ ဟာ၊ သူသူငါငါ အလွယ်တကူ ပြောဆို နေကြတဲ့၊ စွဲလန်းတပ်မက် တဲ့  အချစ်မျိုး တော့ ဟုတ်မည် မထင်။ ဒါဆိုရင်  အဲဒီ စွဲလန်း တပ်မက် တဲ့ တဏှာ အချစ် တွေ ကို ဖြတ်သန်း ကျော်လွန် လာတဲ့ ၊ လေးနက် တည်ကြည် တဲ့ မေတ္တာအချစ် စစ်စစ် တွေ လား ။ 

သေချာတာ တော့ ၊ အချစ် ဆိုတာကို ဘ၀ တွေ ထဲ ၊ အရူးအမူး ဆွဲယူ လာ တတ်ကြ ပေမဲ့ ၊ မေတ္တာ ဆိုတာကိုတော့ ဘ၀ တွေထဲ မှာ မြတ်မြတ်နိုးနိုး ထိမ်းသိမ်း ထားနိုင်သူ သိပ် အများကြီး ရှိမည် မထင်။ 


++++++



မင်္ဂလာ နှစ်ပတ်လည် ဆယ့်တစ်နှစ် အတွက် ၊ တခုခု လုပ်ကြရ အောင် လို့ သူက စပြောလာ တော့၊ အေးလေ လုပ်ကြတာပေါ့ လို့ သဘောတူ လိုက် ပေမဲ့၊ နှစ်ယောက်လုံး  ဒီလောက်ကြီး လည်း ၊ တက်တက် ကြွကြွ ၊ ရှိ မ နေ လှ တာ၊ အခြင်းခြင်း သိနေ ကြ သည်။  အေးလေ.. ဆယ့်တစ်နှစ် တောင် ရှိ ခဲ့ ပြီပဲ…ဘာများ တက်ကြွ ရ အုံးမလည်း လို့ တယောက်တည်း ရယ်သွမ်းသွေး ချင် မိ သေး သည်။

တိုက်တိုက်ဆိုင်ဆိုင်  နေ့ရော ရက်ပါ တထပ်တည်း ပြန် ကျ တဲ့ ၊ စနေ မနက်ခင်းလေး မှာ ၊ မနက်ခင်း ကော်ဖီ ပြီးလို့၊ အခါတိုင်းနေ့ တွေ လိုပဲ၊ ဆေးကြော ရှင်းလင်း ဖို့ လုပ်နေ တုန်း၊ သီချင်းသံ တခု ထွက်လာလေ သည်။ 

 This is the day that the Lord hath made , And I’m so glad He made you....








အဲဒီ သီချင်းလေး ကို၊ အဲဒီတုန်းက သူကိုယ်တိုင် ရွေးခဲ့သလို ၊ အခုလည်း သူကိုယ်တိုင်ပဲ  သတိတရ ပြန်ဖွင့်နေ ပြန် လေသည်။   နေရောင် နွေးနွေး ဖြာကျ နေတဲ့ ၊ အိမ်ရှေ့က မြက်ခင်းပေါ်မှာ ၊ ငှက်ကလေး နှစ်ကောင် အတူ နားနေ ကြ သည်။   ကြည်နူး စရာ ကောင်းတဲ့ မနက်ခင်း လေး တခု ပေါ့။

တကယ်ပဲ အဲဒီနေ့ ကို ၊ ဘုရားသခင် လုပ်ခဲ့လေ သလား ။
သေချာတာတော့၊ ကျမ ကိုယ်တိုင် လုပ်ခဲ့ ခြင်း တော့ မဟုတ်ပေ။ 
 


++++++


ကေမလုပ်ဘူး ဆိုတော့… လို့ မေးခွန်းထုတ် ဖို့ ခက်နေ တဲ့၊ ညီမ ကို ၊ ပြုံး ပြ လိုက်ရင်း၊ ညည်း အမ အကြောင်းကို ညည်း  မသိ ဘူးလား .. ဘယ်အရာကို မဆို  .. နိုး လို့ လည်း ပြတ်ပြတ် သားသား မငြင်းဆန် တတ် သလို ၊ ရက်စ် လို့ လည်း လိုလိုချင်ချင် မလိုက်လျော တတ် တဲ့ သူလေ … ဆိုတော့ ၊ ညီမ ရဲ့ မျက်လုံးလေး တွေ ၊ ဖျပ်ကနဲ ၊ ထောင့်ကပ်သွားသည်။

သူသိတာပေါ့။ ဒီ ညီမ တကောင် သူ့ရှေ့ကို ခု ဘာလို့ ရောက်လာတာ လည်း သူ ကောင်းကောင်း သိနေတာပဲ။

သမီး ..သူ့ကို လက်မထပ်ချင် တော့ ဘူး.. ဘာလုပ်ရမလဲ လို့၊ မျက်စိ မျက်နှာ ပျက်နေတဲ့..ညီမ ကို ၊ ဘာမှ လုပ်မနေနဲ့ မင်္ဂလာပဲ ဆောင် လိုက် လို့… ခပ်နောက်နောက် ဖြေ ရင်း ၊ မိန်းမ တွေ ရဲ့ ရီစရာ ကောင်း တဲ့ သဘောသဘာဝ အကြောင်း ၊ နှစ်ကိုယ်ကြား တယောက် တလှည့် ရင်ဖွင့် ပေး ယုံက လွဲ လို့၊ ဘာများ ဒီ့ထက် ပိုကောင်းတဲ့ အကြံ ပေး နိုင် တော့ မှာ လဲ ။


ရန်ကုန် တက္ကသိုလ်ရဲ့ စာသင်ခန်း တွေ ထဲမှာ၊ ခင်မင် ရင်းနှီး ခဲ့ ၊ နောက်ဆုံး နှစ် မှာ ချစ်သူ တွေ ဖြစ်ခဲ့၊ တရပ် တမြေ ကို ထွက် ပြီး၊ ဘွဲ့လွန်တန်း တွေ တက်တော့လည်း၊ အတူတူ ၊ ကျောင်းတွေပြီး လို့ ၊ အလုပ်လုပ် ကြတော့ လည်း၊ တရုံးတည်း ၊ ဘေးချင်းကပ်  ဒီလို နေလာခဲ့ ကြတဲ့ တရက်မှာ ၊ လက်ထပ်ကြရအောင် လို့ သူက စ ပြောလာတော့ ၊ ဘာရယ်ကြောင့်မှန်း လဲ မသိပဲ၊ စိတ်လှုပ်ရှားမူ တွေ ပျောက်ဆုံး နေ ခဲ့ သည် ။ တပတ်လောက် ကြာတော့ ၊ ကိုယ့်ဖာ ကိုယ် ၊ အသေအချာ ဆုံးဖြတ်ပြီးပြီ ပေါ့-  ဆိုပြီး ၊ ခပ်တည်တည် နဲ့ သူ့ရဲ့ လက်ထပ်ခွင့် ကို ငြင်းဆန် လိုက်တယ်။

 မယုံနိုင်လောက်အောင် သူ အကြီးအကျယ် အော်ဟစ် ပေါက်ကွဲ ခဲ့ သလို ၊ ကိုယ်လည်း မိုးရေတွေထဲ ပြေးထွက်ရင်း ကိုယ့်ကိုကိုယ် ရှာမတွေ့နိုင်တော့သလို သည်းသည်းထန်ထန် ငိုကြွေး နေ ခဲ့ မိ တယ်။ နောက်ဆုံးတော့.. ဘယ်သူ မှ လည်း လိုက်မချော့ ၊ ဘယ်ဝါ ကမှ ၊ လာပြီး အတင်း မတိုက်တွန်းပါပဲ နဲ့ ၊ အသေအချာ ဆုံးဖြတ်ထားပါတယ် ဆိုတဲ့ “ နိုး” ကြီး ကို ၊ ဟိုးအဝေး ကြီး ကို လွှင့်ပြစ်လိုက် မိ တော့တယ်။ အဲဒီနောက် တော့..  “ရက်စ် အိုင်ဒူး ”ဆိုတဲ့ ၊ ကိုယ်နဲ့ မကျွမ်းဝင် တဲ့ စကားလုံး အပြောအဆို တွေ ကို ၊ စပြီး ၊ လေ့ကျင့် ပြင်ဆင် ရ တော့ တာ ပဲ လေ။


++++++



ဟင်- လက်မထပ်ချင် တော့ ဘူး ဆို တဲ့..ကြီးဒေါ်.. လို့  မကြားတကြား ကလိ တော့ ၊ အဲဒီ ညီမ အစုတ်ပလုပ် ဟာ ၊ ခုတော့ လည်း တဟီးဟီး နဲ့ ။ လုပ်လိုက်သေးတယ်။ ရှူး..တိုးတိုး တဲ့ ။

ခုတော့ ၊ လွန့်လွန်လွန်း ပြီ၊ သတို့သမီး ၀တ်စုံ က၊ မြန်မာဝတ်စုံ တင် ၊ အရောင် နှစ်ရောင် ။ ရန်ကုန် ကို ပြန်မှာ ရ တဲ့ ၊ ရွှေခြေကျင်း၊ ကတ္တီပါပုံတော်၊ ပုဝါ မှာ စီးကွင့်စ် ထိုးတာ ၊ လိုချင်တဲ့ ပုံစံ မဟုတ်လို့ ၊ ပွစိ ရတာ တမျိုး။ စင်ကာပူ မှာ ၊ သူတို့ သူငယ်ချင်းတွေ ကြား ခေတ်စား နေတဲ့၊ ပရီ ၀ဒ်ဒင်း ဆိုပြီး ဓါတ်ပုံ ရိုက်တာ က လည်း၊ ဂါဝန် က ရောင်စုံ ။ သွားလိုက်ရတဲ့ နေရာ တွေ လည်း စုံလို့။ စန်တိုဇာ ၊ စကိုင်းပါ့ခ် ချိုင်းနိစ် ဂါးဒန်း နေပူ ကြီးထဲမှာ သူတို့ကြည့် ပြီး ကိုယ်က မော လို့ ။

မော မနေနဲ့.. အဲဒီတုန်းက သူဖြင့် ဘာမှ မစီစဉ်ပဲ၊ သတို့သမီး အကျီ င်္လေး တထည်တောင် ပိုက်ဆံ သမြော လို့၊ ကိုယ့်ဖာကိုယ် ချုပ်တာ မဟုတ်လား.. တဲ့။ 
ဖေ့စ်ဘွတ်ခ် မှာ တင်ထားတဲ့ ၊ ညီမ ရဲ့ မင်္ဂလာပုံတွေ ထိုင်ကြည့် နေ ကြ တုန်း၊  သူက ရန်စ သည်။
သြော.. သူ့ဖာသူ ရှေ့က လုပ်ချင်တာတွေ လျှောက်လုပ်တော့ ၊ ကျုပ်က နောက်က ၊ အစ အန မထွက်၊ အလေ အလွင့် မရှိအောင် ၊ လုပ်ရတာ မဟုတ်လား။

ဘာပဲပြောပြော ၊ အဲဒီတုန်းက ၊ ကိုယ့်သတို့သမီး ၀တ်စုံ ကို ၊ ကိုယ့်ဖာသာ ချုပ်ဖြစ် ခဲ့တာ၊ အခုထိ တွေးတိုင်း၊ ကျေနပ် နေမိတယ်။  အကုန်အကျ သက်သာလား မသက်သာ လားတော့ မသိ ။ Bugis , Arab street  မှာ ပိုးတွေ ဇာတွေ သွားရွေးဝယ် ၊ ဂါဝန် ကားကားကြီးတွေ မကြိုက်တော့ ၊ မြန်မာလည်း ဆန် မဲ့ ၊ ဒီဇိုင်း လေး တွေ Spot Light မှာ သွား ရှာ ၊ ဟိုဟာလေး ဒီဟာလေး တွေ နဲ့ ရတဲ့  ပိတ်ရက်ကလေး တွေ မှာ၊ အချိန်လု လုပ်ရတာ နဲ့တင် ကိုယ်က မောနေပြီ။ အဲဒီ အချိန်မှာ ၊ သူက ၊ အချိန် ၊ နေရာ၊ အကျွေးအမွေး၊ ဖိတ်စာ ၊ မြန်မာပြည်ကနေ ပင့်ဖိတ်ရမဲ့ ဆရာ က အစ ၊ ဖွင့်မဲ့ သီချင်း တီးလုံး  အကုန်လုံး သူ ရွေးချယ် စီစဉ် နေ ခဲ့ သည်ပေါ့။ လစာ ၂ လစာ ကြို ထုတ်ပြီး ၊ C.H.I.J.M.E.S  လို နေရာမျိုး ကို ရွေးလာ တော့ ၊ ကိုယ်က သိပ်သဘောမကျ  ။ ခမ်းခမ်းနားနား သိုက်သိုက်ဝန်းဝန်း ကြီးတွေ ကို၊ ဘာလို့လည်း မသိ၊ ရွံတွံ့တွံ့ ရယ်။ အကောင်း မကြိုက်တဲ့ သူ လို့ သူ အမြဲ ပြော သည် လေ ။ သူတို့ ဘုရားကျောင်းက ဆရာ ကလည်း ၊ ဒါမျိုး ဆိုတာ တသက်မှာ တခါ မို့ လူရှေ့ ဘုရားရှေ့ မှာ သေသေချာချာ ကျကျနန လုပ်သင့် တဲ့ အကြောင်း ၊ သြ၀ါဒ တွေ လာချွေ သေး တယ်။ အခမ်းအနား အစီအစဉ် ကို ကြိုတိုက်ရ ဖို့ ဆိုတာလည်း ရှိသေး သည်။ ဘာတွေမှန်းတော့ မသိ ၊ လူက..ခေါင်းက အတော်မူး နေပြီ။ ရက်ကလည်း ကပ်နေပြီ။ ကိုယ်တာဝန် ယူထား တဲ့ အကျီ င်္တောင် လက်စ မသပ်နိုင်သေး။ လက်ထပ်ပွဲ မှာ တက်ပို့ပေး မဲ့ အဒေါ်လုပ်သူ က.. သတို့သမီး ၀တ်စုံ ပုံမပေါ်သေး လို့ ၊ စိတ်ပူ စ ပြုနေပြီ။ သူ့ဖက်ကတော့ ၊ မြန်မာပြည်က သူ့အဖေ ကို လှမ်း ခေါ်ဖြစ်ပေမဲ့ ၊ ကိုယ့်ဖက်ကတော့ မြန်မာပြည်က မိဘ တွေကို၊  တကူးတက မခေါ် နိုင် ၊ မခေါ် ဖြစ် တော့ ပေ။ လမ်းကြုံ တာနဲ့ သဘောင်္ ပေါ်က ခဏ ဆင်းလာတဲ့ ခဲအို အကိုကြီး  ကလွဲရင်၊ ကျန်တာက..စင်ကာပူ မှာ ရှိတဲ့ အဒေါ် နဲ့ ၀မ်းကွဲမောင်နှမတွေ၊ အတူနေ သူငယ်ချင်း တွေ သာ။ နက်ဖန် မင်္ဂလာပွဲ ဆို ၊ ဒီနေ့ လို ညနေခင်း မှ၊ မပြီးမဖြစ် ပြီးသွားရ တဲ့ သတို့သမီး ၀တ်စုံ မှာ၊ အောက်နားကို ပန်းတွေ တပွင့်ချင်း လက်ချုပ်နဲ့ အသည်းအသန် လိုက်ကပ် ပေး ရ တဲ့၊ သူငယ်ချင်း ကို၊  သတိရ မိ သည်။ 

အဲဒီ သူငယ်ချင်း ကတော့ အခုထိ အပျိုကြီး ။ သူနဲ့ အပြိုင် လုရင်း  ပန်းစည်း ရ သွားတဲ့ သူငယ်ချင်း နောက်တယောက် ကတော့၊ အခု အတူနေ ချစ်သူ နဲ့။ 


++++++



လောကမှာ တယောက်တည်း နေခြင်း ၊ လက်ထပ်ထိမ်းမြားခြင်း ၊ လက်မထပ် ပဲ အတူ နေခြင်း ၊ ဘာတွေများ ကွာခြားလို့ လည်း  လို့ ၊ စကားတောက် လာ တဲ့ မိတ်ဆွေ  တယောက် ကို ၊ အပြင်ပန်းအားဖြင့် တော့ ကွားခြားကောင်း ကွာခြားပေမဲ့ .. အတွင်းထဲမှာတော့ တယောက်တည်း ဆိုတဲ့ အတ္တက .. ဒီ အတိုင်းပဲနေမှာပါလေ..   လို့ မှတ်ချက်ပေး ခဲ့ ဖူး သည်။ 

အဲဒီ မိတ်ဆွေ ကတော့..သူပြောတဲ့ အရာ တွေ အားလုံး ကို ကျကျနန ကျော်ဖြတ်ခဲ့ ပြီး လို့ ၊ ကွာရှင်းပြတ်စဲ ခြင်း ဆိုတာ ကိုတောင်၊  အောင်မြင်စွာ ဆောင်ရွက် ပြီးမြောက် ခဲ့ တဲ့ သူ။ 

အဲဒီတုန်းက သူတို့ စကားဝိုင်း မှာ ၊ အချစ် နဲ့လက်ထပ်ထိမ်းမြားခြင်း ကို ယုံယုံကြည်ကြည် လိုက်ရှာ နေတဲ့ ၊ အပျိုကြီး ပေါက်စနလေး တယောက်လည်း ရှိနေ ခဲ့သည်။ လေးလေးလံလံ စကား တွေ ကို နားယောင်သွားမှာ စိုးတဲ့ အလား ၊ သူ့နဲ့ ဝေးလံ လွန်းသလို ၊ ငြိမ်ပြီး နားထောင် နေ ခဲ့တယ်။ သိပ်မကြာ ပါဘူး ။ သူလေး လည်း နောက်ဆုံးတော့ ၊ အချစ်ဆုံး ချစ်သူ တယောက် နဲ့ လက်ထပ်သွား လေ သည်။ သူတို့ အားလုံးကို  ဖိတ်စာနဲ့ အတူ ပို့လိုက်တဲ့ မက်ဆေ့ခ်ျ ကလေး မှာ-  ဆီမီးကော်လာ အစက် ကလေး နှစ်စက်  နောက်မှာ လက်သဲကွင်း လေး ချ လို့… သူလက်ထပ်တာ နောက်တောင်ကျသွားတယ်.. တဲ့လေ ။ 

တလောတုန်းက  တခါ၊  သူတို့ ရဲ့ ၂ နှစ်မြောက် မင်္ဂလာ နှစ်လည် မှာ ၊ သတိတရ ဆက်သွယ်လာ ပြန်တယ်။ သူ့အမျိုးသား တပတ်လောက် ခရီးထွက်သွားတာ တောင် သူ့မှာ မနေတတ် ဘူး ဖြစ်နေတယ် တဲ့ ။ ဒီဖက်ကနေ ပြီး၊ အပြုံး အကြီးကြီး တခု သာ ၊ တိတ်တိတ်ကလေး ပြုံးနေ ခဲ့ရတယ်။ 


အဲဒီလို ရူးသွပ် တမ်းတ မူ မျိုး ရှိခဲ့ဖူး သလား လို့ ၊ ကိုယ့် ဖာသာ အတိတ်တွေ ဖုန်ခါ ကြည့် လိုက်သေး တယ်။

ချစ်သူ တွေ ဖြစ်ကာစ က၊ သူ နိုင်ငံခြားကို စထွက် တဲ့ အချိန်မှာ ၊ သစ်ပင်ပန်းပင် တွေ အကုန် အရောင်အဆင်း ကင်းမဲ့ သွားခဲ့ဖူး တာမျိုး ကို တော့ ကြုံဖူးသည်။ အဲဒီ နောက် တော့ ၊ သူတို့ ၂ ယောက် ၊ အကြာကြီး ဝေး နေဖို့ အကြောင်း မကြုံ တော့။ တခါတလေ သူ ခရီးထွက် တဲ့ အချိန်တွေ မှာ၊ အိမ်မှာ တယောက်တည်း ပျင်း တတ်တာက လွဲ လို့၊ ကိုယ်တိုင် ခရီးထွက်ရ တဲ့ အခါ ကျရင်တော့၊  သူ့ကို သိပ် သတိရ မနေမိ တော့ ။ သူ မနှစ်က မိသားစု ကိစ္စ နဲ့ မြန်မာပြည် ပြန်တော့ ၊ သံတောင်ကြီး မှာ တောင် တက်ကြဖို့ ခေါ်တာကို မလိုက်ပဲ နေခဲ့ သတဲ့။ ပြန်လာတော့ ပြောပြ တယ်။ အတူသွားဖို့  save လုပ်ထားတာ တဲ့ လေ ။ အင်းနော် .. ဒါဆို ကိုယ်လည်း သူ့အတွက် ၊ ဘယ်နေရာ ဘာအစီအစဉ် ကို များ save လုပ်ရ ရင်  ကောင်းမလဲ ။ 
 

+++++++



သူတို့ နေတဲ့ မြေနီနီ မြို့ကလေး မှာ၊ စပ်မိ စပ်ရာ မြန်မာ အသိုင်းအ၀ိုင်းလေး က ၊ ပြေးရေ ကြည့် လိုက် မှ ၊ လက် ဆယ်ချောင်း မပြည့်ဘူး ။ အားလုံး ကလည်း သက်လတ်ပိုင်း အရွယ်တွေ နဲ့ အိမ်ထောင် မိသားစု ဘ၀ တွေ ကို ပုံစံ အမျိုးမျိုး နဲ့ သယ်ဆောင် လို့ ။ မကြာခဏ စု မိ ဆုံမိ ကြရင်း တယောက် အကြောင်း တယောက် လည်း ကောင်းကောင်းကြီး တွေ ကို သိနေကြတာပေါ့  ။ ၀ိုင်ကလေးတွေ ဘီယာကလေးတွေ  ထွေလာပြီ ဆိုရင် ၊ အမျိုးသား တွေက ၊ အိမ်ထောင်ရေး ကို ကွန်ထရက် စာချုပ် နဲ့ ခိုင်းနှိုင်း ပြီး ၊ အခြင်းခြင်း စ နောက် လေ့ ရှိတယ်။ သူတို့ အမျိုးသားတွေ စိတ်ထဲမှာ တကယ် ဖြစ်လာ တတ် တဲ့ ၊ ငြီးငွေ့မူ လား လို့ တော့၊ တခါတခါ  သံသယ နဲ့ စိတ်ဝင်စား မိသည်။

 များသောအားဖြင့်၊   မြန်မာတွေ မှာ၊ အိမ်ထောင်ရေး တခု သိပ် အဆင်မပြေဘူး ဆိုရင် လည်း ၊ သားသမီး တွေ မျက်နှာ ၊ ဘာညာ နဲ့ ဒီလိုပဲ တသက်လုံး နေသွားကြ ရတာပဲ .. လို့ တယောက်က ပြောတော့ ၊ မြန်မာပြည်မှာ မွေးခဲ့ ပေမဲ့  မြန်မာ့ ထုံးစံ ဓလေ့ တွေ နဲ့ လုံးဝ ဝေးနေခဲ့ ပြီ ဖြစ်တဲ့ တခြား တယောက်က ၊ အတော် အံ့သြ နေ တယ်။

ဟာ..ဒါ အဓိပ္ပါယ် မရှိတာပဲ .. တဲ့။

အဲဒီ တယောက်က ၊ ဒီနိုင်ငံသူ တယောက်နဲ့ အကြောင်းပါ ၊ ကွဲကွာ ပြီး လို့ မှ ၊ ကလေး နှစ်ယောက် နဲ့ စင်ဂဲလ် ဒယ်ဒီ တောင်ဖြစ်နေ ခဲ့ ပြီ ။ သူ့အတွက်တော့ သစ္စာ သမာဓိ နဲ့  အနစ်နာခံမူ ဆိုတာ တွေ ထက် ၊ တကိုယ်ရေ လွတ်လပ်မူ ကိုသာ ပိုပြီး အလေးထား လိမ့်မယ်.. နားလည် နိုင်မယ် ဆိုတာ ၊ အံ့သြ စရာတော့ မရှိပေ။ သားတွေ သမီးတွေ ဆိုတာ ကလည်း ၊ ဒီနိုင်ငံ တွေ မှာ ၊ အရွယ်တွေ စောစော စီးစီး ရောက်လို့ ၊ ပေါက်ချင်ရာ ပေါက် တက် ကြတာ မဟုတ်လား။ အဲဒီ လူ ကိုယ်တိုင် လည်း ၊ သူ့ တကိုယ်ရေ လွတ်လပ်မူ ဆိုတာကြီး နဲ့ အတူ ၊ ရောက်ချင်ရာ ရောက်.. ပေါက်ချင်ရာ ကို ပေါက် .. လို့ ။ သူတို့ အတွက် ၊ အချစ် ဆိုတဲ့ ကိစ္စ ဟာ ၊  လူ နှစ်ယောက် ကြား မှာ ရှိလာတတ် တဲ့  ပျင်းပြ တဲ့ စိတ်ခံစားချက် သက်သက်ပဲ လား ။ 


+++++++



အချစ်ဆိုတာ တကယ် မရှိဘူး  ပါ့ပါ … လို့  ရုတ်တရက် ပြောလိုက်တော့ ၊ သူ နည်းနည်း ကြောင်သွားတယ်။ 

မင်္ဂလာ နှစ်ပတ်လည် မှာ ၊ မိတ်ဆွေ တချို့ကို ဒင်နာ ကျွေးမလို့ ၊ ပြင်ဆင်နေတဲ့ ၊ သူက ၊ အနားမှာ ဟိုယောင်ယောင် ဒီယောင်ယောင် ကူ ရင်း ၊ ထုံးစံ အတိုင်း တွေးချင်ရာ တွေး ပြီး ၊ ပြောချင်ရာ ပြောလိုက်တဲ့ ကိုယ့်ကို မျက်မှောင် ကြုံ့သည်။

“ သိလား.. ရှောလမုန်သီချင်း တွေ ဘာလို့ ကျမ်းစာ ထဲ ရောက်နေတယ် ဆိုတာ တို့ စိတ်အ၀င်စား ဆုံးပဲ .. လက်ခံ နိုင်စရာ အကောင်းဆုံး ဖွင့်ဆိုချက် တခု က… လူသားတွေ ရဲ့ အသွေးအသား နဲ့ စပ်ဆိုင်တဲ့ အာရုံခံစားမူ တွေ၊ အဲဒီ က တဆင့် ၊ အချည်းနှီး စွဲလမ်း တမ်းတ မူတွေ နဲ့ စိတ်ပျက် စရာ တွေ ကို ပေါ်လွင်အောင် ပြ ထားခြင်း ဖြစ်တယ် တဲ့…  ပြီးတော့ အဲဒီ ဆုကျေးဇူး တွေ အပါအ၀င် အရာရာ ကို အပြည့်အ၀ ခံစား နိုင်အောင် ဘုရားသခင်က ဖန်ဆင်းပေး ထား တာ ဖြစ်တယ် တဲ့ ..ဟုတ်လား ..ဘယ်လို သဘော ရ သလဲ …”

 အာ..ကျမ်းစာ ကို အမျိုးမျိုး ဖတ်နိုင်တာပဲ.. ၀တ္တုလို ဖတ်တဲ့သူ၊ သမိုင်းလို ဖတ်တဲ့သူ ၊  ကိုးကွယ်ချင်လို့ ဖတ်တဲ့သူ ၊ ဝေဖန်ချင်လို့ ဖတ်တဲ့သူ   အမျိုးမျိုး ရှိနိုင်တာပဲ ၊ ဖတ်တဲ့ အခါတိုင်း လည်း ၊ ရဗလေးရှင်း က အမျိုးမျိုး ပြောင်းနေ ချင် နေမှာပေါ့... လို့ သူက.. ၊ ပုဇွန်ခွံ တွေ စိတ်ရှည်လက်ရှည် ခွါနေ ရင်း ၊ ခပ်ပြတ်ပြတ် ဖြေတယ်။


“ အင်း..ရှောလမုန် ဘုရင်ကြီး အရွယ်ကောင်း တုန်း မှာ ၊ ဘ၀ တဏှာ တွေ အပြည့်အ၀ ခံစား ပြီး ရေးခဲ့တဲ့ ရှောလမုန်သီချင်းတွေ ကို ဖတ်ပြီး ၊ အိုမင်းမစွမ်း တဲ့ အချိန် ကြမှ ရေး သွားခဲ့တဲ့ ဒေသနာ ကျမ်း ကို ဖတ်လိုက် တော့ အားလုံး ရှင်းသွားတာပဲ ..”


သူက ၊ ပုဇွန်တွေ ပေါ် ကနေ အာရုံ လွှဲ  ပြီး  မော့ ကြည့် လာ တယ်။ တခုခု ရှင်းပြ တော့ မလို ၊ ဟန်ပြင်ပြီး မှ ၊ ကိုယ့်မျက်နှာ ကို အကြာကြီး   စိုက်ကြည့်နေသည် ။ ပြီးတော့မှ  -

ဧည့်သည်တွေ လာမှာလေ..ဆံပင် မဆိုးတော့ဘူးလား တဲ့။

ကြည့်အုံး..ဘာများ ပြောမလို့ လဲ...လို့ ။

အို.. ကိုယ်လူခြင်းတွေပဲ .. မဆိုးပါဘူး ..ဒီလောက်ကြီးလည်းမှ မဟုတ်ပဲနဲ့ …ယူ သာ ထိပ်ပိုပြောင်လာတာ လို့  အတင်းကြီး သူ့ကို ပြန် မျှားဦးလှည့်  ပြစ် လိုက်မိ တော့တယ်။

ဘာမှလည်း မဆိုင်ဘူး လို့ သူက..တဟားဟား နဲ့ ရယ်တော့ ၊ ဆိုင်တာပေါ့ လို့ ရှက်ရှက် နဲ့ ပြန်ရယ် ရင်း၊ လူက  ရေချိုးခန်းထဲ အလိုလို ရောက်သွား သည်။ 

ပြီးတော့  မှန် ထဲမှာ ပေါ်နေတဲ့ ပုံရိပ် တခု ကို အသေအချာ စိုက်ကြည့်ရင်း -
Love comes and goes but kindness remains  
ဆိုတဲ့ ဒေါ်စု ပြောတဲ့ စကား လေး ကို ခပ်ဖွဖွ ရွတ်ရင်း ၊ အားတင်း နေ မိတယ်။ 


ကေ
၁၄ ဧပြီ  - ၁၇ ဧပြီ ၂၀၁၂


Share/Bookmark

14 Comments:

သက်ဝေ said...

အတွေးရော အရေးရော သဘောကျတယ် ကေ... ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာစွာနဲ့ သာယာတဲ့ ချစ်ခရီးလမ်းကို လက်ချင်းခိုင်ခိုင်တွဲရင်း ဆက်လက် လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်...

mirror said...

မော့မော့ မော့မော့နဲ့ ဖတ်လာ လိုက်တာ .. ပြီးကာနီးတော့မှပဲ ဆံပင်ဖြူနေတဲ့ကိစ္စနဲ့ ဆံပင်ပါးနေတဲ့ ကိစ္စကို ရေးတာပါလားလို့ သိလိုက်တော့တယ်။ :D ( နောက်တာပါ အစ်မ )

ခဏခဏလဲ ပြောဖူးပါတယ်။ အစ်မတို့ကို မြင်ရင်တော့ အိမ်ထောင်ရေးဆိုတာကို ယုံကြည်မိသလိုပဲ လို့လေ။ :)

၁၁ နှစ်မှသည် အသက်ထက်ဆုံးတိုင် ပျော်ရွှင်စွာ ခရီးဆက်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။

Nyi Linn Thit said...

ရှောလမုန်သီချင်းနဲ့ ဒေသနာကျမ်းကို ယှဉ်ပြီးမြင်တဲ့ မြင်ထောင့်လေး သဘောကျမိပါတယ်၊ ဒီအတိုင်းဆိုရင် အဲဒါနှစ်ခုရဲ့ကြားမှာ ဆာလံသီချင်းတွေနဲ့ ချီတက်ရမယ် ထင်တယ်လို့လည်း တွေးနေမိတယ်၊း)

'ဘုရားသခင် စုံဖက်တော်မူသည်ကို လူမခွဲခွာစေနှင့်' ဆိုတာ လိုက်လျှောက်ဖို့ထက် ရွတ်ရိုးရွတ်စဉ်၊ အစဉ်အလာတစ်ခုလို ဖြစ်လာနေတဲ့ ဒီနေ့လို ကာလမှာ နားလည်ခြင်း၊ ယုံကြည်မျှော်လင့်ခြင်း၊ ချစ်ခြင်းများနဲ့ တွဲလက်ခိုင်ခိုင် ခရီးဆက်နိုင်ပါစေဗျာ...။

kogyikyaw said...

တကယ်ပဲ အတွေးကောင်း အရေးကောင်း တော.
ကိုယ်.ဘ၀ ကိုယ် တကယ်ပဲ ပြန်သာယာ မိသွားတယ်။
ခံစားခွင်.ပေးတဲ.အတွက် ကျေးဇူးပါ…………..။

kogyikyaw said...

တကယ်ပဲ အတွေးကောင်း အရေးကောင်း တော.
ကိုယ်.ဘ၀ ကိုယ် တကယ်ပဲ ပြန်သာယာ မိသွားတယ်။
ခံစားခွင်.ပေးတဲ.အတွက် ကျေးဇူးပါ…………..။

kogyikyaw said...

တကယ်ပဲ အတွေးကောင်း အရေးကောင်း တော.
ကိုယ်.ဘ၀ ကိုယ် တကယ်ပဲ ပြန်သာယာ မိသွားတယ်။
ခံစားခွင်.ပေးတဲ.အတွက် ကျေးဇူးပါ…………..။

Kay said...

မမသီရိ

မချစ်လို့ အတူမနေနိုင်တာတွေ ရှိနေမှတော့
အတူ ရှိနေတာ ချစ်လို့ ပဲ ပေါ့ ကေ..

ပြီးခဲ့ဖေဖေါ်ဝါရီလ တုန်းက မမ တို့ဆရာ ရဲ့ နှစ် ၄၀- ပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့ ရှိခဲ့တယ်..
သူ့ မိန်းမ နဲ့ တစ်နှစ်လောက်မှ တစ်ကြိမ် ဆုံတာ နှစ်တွေ မနည်းတော့ဘူး .. ဒါပေမဲ့ မမေ့ မလျှော့ သူ့ဖာသာ နှစ်ပတ်လည် နေ့ လုပ်တယ်.. နှစ်ပတ်လည် အချိန် လေး မှာပဲ မမ တို့ဆီ က ဖုန်း ငှား ပြီး တော့ မိန်းမ ဆီ စကား လှမ်းပြောတယ် ... အသက်ခြောက်ဆယ် အတော်ကြီး ကို လွန်ခဲ့ပေမဲ့.. ခု မမ တို့ ရှိနေတဲ့ ဒေသ ရဲ့ အမြင့် ဆုံး တောင်ထိပ်ပေါ် တက် ပြီး တော့ မိန်းမ ရှိရာ နိုင်ငံ ဖက် မျက် နှာ မူ လို့ .. I Love You" လို့ အကျယ် ကြီး အော်ခဲ့ တယ်...

တကယ်တော့ အချစ်ဆို တာ တကယ်ရှိပါတယ် .. ကေ..

နောင်နှစိပေါင်းများစွာ ..ပျော်ရွှင်ချမ်းမြေ့စွာ အတူတူ ရှိနိုင်ပါစေ..

အရေးအသား ကလေးကလည်း .. နှစ်ပတ်လည် ကိုယ်ရေး ကိုယ်တာ ဆိုပေမဲ့.. အတွေး. အရေး. တင်ပြပုံကလေးပါ ဂန္တ၀င်မြောက် လို့ နှစ်သက်မိပါတယ် ညီမရေ

မမသီရိ

Kay said...

ကိုညီလင်းသစ်-

အင်း..ကျမ ကိုယ်ပိုင် အမြင်အရတော့-
ရှောလမုန်ဘုရင်( ဆော်လမွန် ဘုရင်) ဟာ၊ အသိညဏ် ရင့်သန် သလို၊ အနုပညာ ညဏ် လည်း အားကောင်းလှတဲ့ ၊ ကဗျာစာဆို တယောက်ပဲ။

ပြောခဲ့သလို အရွယ်ကောင်းတုန်း ဘ၀တဏှာ တွေ အပြည့်အ၀ ခံစားရင်း ရှောလမုန်သီချင်းတွေ စပ်ဆို ခဲ့သလို...

အလုပ်လုပ်တဲ့ အချိန် ( အဲဒီ တုန်းက..သူတို့ဘုရင်တွေ အလုပ်လုပ်တယ် ဆိုတာ စစ်တိုက် တာပဲ မဟုတ်လား ) မှာ..ကြုံတွေ့ခဲ့ရတဲ့..အောင်မြင်ခြင်း ကျရှုံးခြင်း တွေ အပေါ် မှာတော့ ၊ ဆာလံ ကျမ်း တချို့နဲ့ ဘုရားသခင် ကို ညီးတွား ပြပ်ဝပ်ပြန်တယ်။

သူ့ရဲ့ တွေးခေါ် အသိညဏ် တွေကိုတော့..သုတ္တံကျမ်းထဲ မှာ ဖော်ပြ ခဲ့သလား လို့ ထင်ကြည့်မိတယ်။

နောက်ဆုံးတော့..ဘ၀ နေ၀င်ချိန်မှာ အနတ္တ သဘောကို ဒေသနာ ကျမ်းထဲ မှာ၊ ဆင်ခြင် သွားနိုင်ခဲ့တယ် လို့ ယူဆမိပါတယ်။

စာလာဖတ်တဲ့ အတွက် ..လက်တွေ့ကျတဲ့ ဆန္ဒမွန် အတွက် ကျေးဇူးတင်ပါတယ် ရှင်။

rose of sharon said...

ကေရေ... ရှောလမုန်သီချင်းက ခရစ်ယာန်လူငယ်ချင်းချစ်သူတွေကို ရည်းစားစာပေးရင် အသုံးပြုလို့လားလို့ငယ်ငယ်ကစဉ်းစားမိဘူးတယ်.... ခုတော့ ကျမ်းစာဖတ်ရင် ရှောလမုန်သီချင်းကိုမဖတ်ဖြစ်တာကြာပြီ.... ၁၁နှစ်ပြည့်မှ ထာဝရကာလတွေထိတိုင် ကေတို့ကြင်သူနှစ်ဦးအပေါ်ကို ဘုရားရှင်ကောင်းကြီးပေးပါစေ.........

Lwin Moe said...

happy anniversary!

စုချစ် said...

ကေရေ... ဟိုတစ်နေ့က ဘာလို့လဲ မသိ...ကော်မန့်ရေးဖို့ လိုက်ရှာတာ မတွေ့ဖူး...ခုတစ်ခေါက်လာရှာမှပဲ တွေ့တော့တယ်...

၁၁ နှစ်မှသည် ငွေရတု...ပုလဲရတု...ရွှေရတု... စိန်ရတု... တိုင်အောင် ပျော်ရွှင်စွာ လက်တွဲလို့ သာယာချမ်းမြေ့ပါစေလို့... ဆုတောင်းပါတယ်နော်...း)

nyimuyar said...

ရတုများစွာတိုင် အတူ လက်တွဲ
ခိုင်မြဲစွာ လျှောက်လှမ်း နိုင်ပါစေ လို့ 

အိမ့်ချမ်းမြေ့ said...

သြော်..............
ဒီပိုစ်လေးကို နှစ်သက်လိုက်တာ...

ပျော်ရွှင်သာယာငြိမ်းချမ်းသော နှစ်ယောက်ဘ၀လေး အဓွန့်ရှည်ပါစေ....း)

P.S. ရှောလမုန်ဆွေးနွေးခန်း မလေးကြိုက်တယ်။

MYAT MYAT Moe said...

စာကြွေးတွေခုမှ..စရှင်းနေတာကေ...နောက်တင်တာကို..အရင်ဖတ်ဖြစ်သွားတယ်...ကေရဲ့နှစ်ပတ်လည်..မှာပြန်တင်ထားတာနဲ့ကြုံသွားတာကို...တစ်ခုခုတော့ကျန်ခဲ့တယ်..ပြေတော့မပြတတ်ဘူး..အချစ်ဆိုသည်မှာ........