နော်ဘူဘော


 မြန်မာပြည် က၊  တောင်ထိပ် ကလေး တွေ မှန်သမျှ မှာ .. ထုံးဖြူဖြူ စေတီ လေး တွေ ရှိနေတာဟာ..ကျက်သရေ မင်္ဂလာ ရှိယုံ တင် မက ဘူး.. ကျမ တို့ ဘူမိဗေဒ ကျောင်းသူ ဘ၀ ကွင်းဆင်း တုန်းက ဆိုရင် ၊ မြေပုံ ပေါ်မှာ သိပ်ကို အသုံးဝင် တဲ့..လမ်းညွှန် အမှတ်အသား လေး တွေ လည်း ဖြစ်တယ်လေ။

အခု ဒီ တောင်ထိပ် မှာ တော့..ထူးထူးခြားခြား ၊ လက်ဝါးကပ်တိုင် ကြီး တခု ၊ ထီးထီးမားမားကြီး ရှိနေ တာကို ၊ မြင်လိုက်ရတယ်။



ပန်းချီ ကောက်ကြောင်း - icn2


+++++

နော်ဘူဘော တောင် က.. ဆုတောင်း ပြည့် တောင်.. လို့ သူပြောလာတော့ ၊ ဆုတောင်းစရာ တွေ အမြဲ ပြည့်နေတဲ့.. ကျမ အတွက်၊ သာမန်ကာ လျှံကာ တော့ စိတ်ဝင်စား သွား တယ်။

အဲဒီတောင် ကို အတူတက်ဖို့ save ထားတယ် ..လို့ ထပ်ပြောလာတော့၊ သူ့မျက်ဝန်း ထဲကို အသေအချာ စိုက် ကြည့် ပြီး၊  အလေးအနက် ကတိ တခု ပေးလိုက်မိ တော့တယ်။

တောင်ငူ သား ဖြစ်တဲ့ သူ က၊  တောင်ငူ ကနေ နေ့ခြင်းပြန် ခရီး ပဲ ရှိတဲ့၊  သံတောင်ကြီး တော်ပေါ်စခန်း မြို့လေး ကို ၊ ငယ်ငယ် ကလေးဘ၀ က.. သူ့မိခင် ဆရာမ တာဝန် ထမ်းဆောင်ရင်း တခါ ၊ လူပျိုပေါက် မှာ တခါ ၊ နှစ်ခါ လောက် ရောက်ခဲ့ ဖူး ပေ မဲ့၊ သံတောင်ကြီး ကနေမှ၊  ပေ ၄၀၀၀ ကျော် ရှည်တဲ့၊  တောင်ပတ် လမ်း နဲ့ ဆက် တက်ရမဲ့၊  နော်ဘူဘော တောင် ပေါ် ကို တော့.. တခါမှ မရောက်ဖူး သေး လို့ ရောက်ဖူး ချင် နေ တာတဲ့ လေ။

ခု တော့ ၊ သူတို့ နှစ်ယောက်လုံး ဆုမတောင်း ရ သေး ခင် မှာ ကို ၊  ဆုတောင်းပြည့် လေ ပြီ။

မိုးတွင်းကြီး တောင်ပေါ် တက် ဖို့ လာငှါး တဲ့ လူတွေ ကို၊ ကားသမား က၊ အံ့သြတကြီး ကြည့်လိုက်သေးတယ်။ ပြီးတော့ "ရပါတယ်..ကျနော် တို့က..ဒီလမ်းတွေ ကို၊ မျက်စိ မှိတ် တောင် မောင်းလို့ ရ နေပြီ"  တဲ့။

သူပြောသလို ဆိုရင်တော့ ဟုတ်သား ။  ခုတော့ ၊ မျက်စိ ကို ပြူးပြဲ နေ အောင် ကြည့်နေရ တော့တယ်။ မိုးက မ ရွာသေး ပေ မဲ့၊ မိုးငွေ့ မြူမှုန် တွေ နဲ့ ဖုံးပိတ် နေတဲ့ ၊ တောင်တန်း တောင်စွယ် တွေ က၊ ရှေ့က ဘွားကနဲ ထွက်လာ တဲ့ ၊ အကွေ့ ကို တောင် မမြင်ရ ချင်။ တော်နေသေးတာက ၊ အတက်လမ်း နဲ့ အဆင်းလမ်း သပ်သပ်စီ ခွဲ ထား ပေလို့သာ။

မတော် လို့များ ၊  ဘေးက .ချောက်ထဲ ပြုတ်ကျ ရင် တော့ ...ဆို တဲ့ ၊ စိုးရိမ်စိတ် ပါးပါးလေး ကို ၊ ကျေနပ် ရွှင်လန်း စိတ် တခု က ၊ လွှမ်းမိုး အုပ်စိုး နေလို့ သာပေါ့ ။
တကယ်တော့ ၊ အဲဒီ ခဲပြာရောင် အခိုးအငွေ့ တွေက၊ သူတို့ နဲ့ အတူ၊ တောင်ပေါ် ကို အတူ လိုက်တက်လာ တဲ့၊ မိုးတိမ် တိုက် တွေ ဆိုတာ၊ တောင်ပေါ် ရောက်မှ ပဲ ၊ သိလိုက် ရ သည် ။

ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်လတ္တံ့ ( ဟေရှာယ - ၅၆း၇) --- လို့ စာတမ်းလေး ရေး ထား တဲ့၊ အုပ်တိုက် အဆောက်အဦ လေး ရှေ့ မှာ ၊ ကားရပ် ပြီး ၊ ဆင်းလိုက် ကြ တော့ ၊ တကိုယ်လုံး စိုစွတ် နေ သလို ဖြစ်နေတယ်။ ချမ်းလိုက်တာ လည်း အခိုက်ပဲ။ ဒါပေမဲ့ လက်ဖြန့်  ခေါင်းမော့ ကြည့်တော့၊   မိုးရွာနေတာလည်း မဟုတ်ဘူး။ မိုးများ ရွာလေ မလား လို့ မျှော်ပြီး မော့ကြည့်စရာ ကို မလို တဲ့ ၊ ရေငွေ့ မိုးတိမ် တွေ ရဲ့ အထဲ မှာ ကို၊  ရောက်နေတာလေ။

တိုက်ကလေး ထဲ က..ထွက်လာတဲ့ ၊ သင်းအုပ်ဆရာ လို့ ထင်ရ တဲ့၊ ကရင်လူကြီး တယောက် က၊ အတူပါလာတဲ့၊ သူ့ ရဲ့ မိခင် (မားမီ)  ကို၊ ငယ်ပေါင်းကြီးဖော် တယောက်လို၊ ၀မ်းသာ အားရ ၊ ကရင်စကား နဲ့ နှုတ်ဆက် ပြီးတော့မှ၊ ၊ တခြား ဧည့်သည် တွေ ကို လှမ်းကြည့်ရင်း...  ဒီနေ့ တိမ်တွေ တအား ထူတယ်လေ လို့  ၊ ဗမာ လို ၊ လှမ်းပြောတယ်။ တခြားဧည့်သည် ဆိုတာလည်း ကိုယ်ရယ်၊ သူရယ် ၊ မားမီ ညီမ တယောက်ရယ် ၊ ကားသမား ကြီး ရယ်ပါပဲ။


ပြီးတော့ သင်းအုပ်ဆရာ ရဲ့ အိမ်သူ ဖြစ်ပုံရ တဲ့ ၊ အမျိုးသမီး က ၊ သူတို့ ကို ၊ တောင်ထွတ် ပေါ် လမ်းပြ ပြီး လိုက်ပို့တယ်။ တောင်ထွတ်ပေါ် တက်တဲ့ အုပ်လှေခါး ၃၁၁ ထစ် ကို၊ ၁၉၉၀ နောက်ပိုင်း ၊ ထောင်ထိပ် မှာ လက်ဝါးကပ်တိုင် စိုက်ထူ ပြီးမှ ၊ ဖြည်းဖြည်းချင်း၊ စုပေါင်း အလှူငွေ တွေ နဲ့ လုပ်ထားတာ ဖြစ်ကြောင်း ၊ ပြောပြတယ်။ မိုးငွေ့ တွေ နဲ့ စိုစွတ် နေတဲ့ လှေခါးထစ် တွေ ကို သတိထား ပြီး တက်နေ တုန်း ၊ လေပြင်း တချက် နှစ်ချက် ဝှေ့ လာတယ်။ လူတောင် ယိုင်သွား မတတ်ပဲ ။ ဘေး ကို ကြည့်တော့လည်း ၊ ဘာမှ မမြင်ရ တဲ့ ၊ လျှိုမြောင် တောင်ကြား ချောက် ကမ်းပါး ကြီး တွေ ။ နော်ဘူဘော တောင်က ၊ ပေ ပေါင်း ၄၈၀၀ ကျော် မြင့်တယ် ဆိုတော့ ၊ ကျိုက်ထီးရိုး တောင် နဲ့ ကျောက်လုံးပေါ်က ဆံတော်ရှင်စေတီကြီး ကို သွား သတိရ လိုက် မိ တယ်။ ကျိုက်ထီးရိုးက နန်းရွှေကျင် နဲ့ ဟောဒီက ..နော်ဘူဘော ၊ ကရင်မလေး နှစ်ယောက် ရဲ့ ဘ၀ ဖြစ်ထွေ တွေ က.. ဆင်ဆင်တူ ပေ မဲ့   ၊ ဒေါန တောင်တန်းတွေ ရဲ့ ကြားထဲက နေ၊ မိုးပေါ်ကို  ထိုးထွက်နေတဲ့ တောင် နှစ်လုံး ရဲ့ အနေအထားခြင်း ကတော့ အဆင်ကွဲ  တယ် လို့ ပဲ ဆိုရမယ် ပေါ့။


 ထုံးစံ အတိုင်း ၊ နော်ဘူဘော ဒဏ္ဍာရီ လေး မှာ လည်း၊  အချစ်  နဲ့ အာဏာ ပါပဲ။  လူတွေ ရဲ့ ဘ၀ တွေ ကို အခြယ်လှယ်နိုင် ဆုံး အရာ တွေလေ ။  ဟောဒီ ဘွယ်ဟီခို လို့ ခေါ်တဲ့..ဘွဲ ( ကရင်) လူမျိုးတွေ နေထိုင် ကြ တဲ့၊ တောင်တန်းကြီး တွေ ကို ပိုင်စား တဲ့ တောင်များသခင် ရဲ့ သား ၊ တောင်မင်းသား စောသာဂေါ်ခွါး နဲ့ ဟိုးအဝေး က..ပင်လယ်များသခင် ရဲ့ သမီးတော်၊ ပင်လယ်မင်းသမီး နော်ဘူဘော တို့ ချစ်ခင် စုံဖက် မိတ်ဖက် ပြု ကြ တယ်ပေါ့။ နော်ဘူဘော ဖက်က ပါတဲ့ ရွှေဘီးလေး တချောင်း ကြောင့် ၊ တောင်မင်းသားလေး က..စစ်တိုက်တိုင်း အနိုင် ရ တယ် တဲ့ ။ တနေ့တော့ ၊ ရွှေဘီးလေး ကို နင်းပြီး စစ်တိုက်နေရာ က ၊ ခေါင်းပေါ် ပြန်တင် လိုက် တဲ့ အချိန် မှာ ၊ မသေပဲ ကျန်နေတဲ့ ရန်သူ တယောက် ရဲ့ မြှားချက် နဲ့ မင်းသားလေး သေ ရော ဆိုပါတော့ ။ သူစိမ်း တွေ ကြားထဲ ၊ အားကိုးရာ မဲ့သွားတဲ့ မင်းသမီးလေး ဟာ ၊ ဟိုဟို ဒီဒီ မလို မုန်းထား စွပ်စွဲချက် တွေ နဲ့ အတူ ၊ ဟောဒီ တောင်ထိပ်ပေါ် မှာ ၊ အချုပ်အနှောင် ခံ ၊ အပြစ်ပေး ရင်း သေသွား ရ တယ် တဲ့ လေ။

လိုက်ပြ တဲ့ အမျိုးသမီး က ၊ နော်ဘူဘော ကို ချုပ်နှောင်ထား ခဲ့တယ် ဆိုတဲ့ ကျောက်လုံး ကြီးတွေ အုပ်မိုး နေတဲ့.. တွင်းပေါက် လေး ကို ပြပြီး ၊ တောင်အောက် ကို ပြန်ဆင်း သွား ပြီ ။ အဲဒီ အချိန် မှာ ၊ လေ တွေ ပို ပြီး ကြမ်းလာတယ်။ မားမီ က.. နာဂစ် အတိုင်းပဲ လို့ ပြောတော့ ၊ ဆုတောင်းဖို့ လုပ်ထားတဲ့ အုပ်တိုက်ကလေး ထဲ ကို အမြန် ပြေးဝင် ကြ တယ်။  အထဲ ကို ရောက်တာနဲ့..လေ တွေ ဆိုတာ တ၀ုန်းဝုန်း နဲ့ ဘယ်နေရာက ဘာသံ တွေ မြည်ဟည်း နေ မှန်းကို မသိ တော့ဘူး။ အားလုံး တိတ်တိတ်ဆိတ်ဆိတ် ညိမ်ပြီး ဆုတောင်း နေတဲ့ အချိန်မှာ ၊ စိတ်ထဲ ကြောက်သလို ၊ စိုးသလို ဖြစ် နေ တယ်။  နော်ဘူဘော သခင်မ ရှင်....  တကယ် အစွမ်းရှိ ရင် ၊ ကျမ တို့ကို နေရောင် ခြည်လေး တမျှင် လောက် ...အရင် ပေးသနား ပါ လို့၊ လောလော လတ်လတ် ၊ အရေးကြီး ဆုံး ဆုကို တောင်းနေ မိ တယ်။

 လေ တွေ ကတော့ ၊  တ၀ုန်းဝုန်း တဒုန်း ဒုန်းပဲ ။ ခုန ပြောပြ တဲ့ ဒဏ္ဍာရီ ထဲ ကလို ၊ သူ့သမီးလေး သေသွားလို့ စိတ်ဆိုးတဲ့ ၊ ပင်လယ်ဘုရင် ကြီးက.. လာ တိုက်လိုက် ၊ တောင်တန်းဘုရင် ကြီးက ပြန် တိုက်လိုက် နဲ့ များ ဖြစ်နေ လေ ရော့ သလား ။ တကယ့် ကို ပဲ ၊ ပင်လယ် တွေ ဆီ က လာတဲ့ ၊ ရေခိုးရေငွေ့ တွေ လေ..၊ စိတ်ဆိုး မာန်ဆိုး နဲ့ကို ၊ တောင်တွေ ဆီ ကို ၊ အော်ပြီး ပြေးလာ နေ တာ ။ မားမီ ကတော့ ပြောပြတယ်။ ပုံမှန် ဆို သုံးပန်လှ လို့ ခေါ် ကြ တဲ့ နေရာ တဲ့။ တိမ်တွေ ဖုံး သွား လိုက် ။ နေရောင်ခြည်လေး လင်း လိုက် ။ မြူငွေ့ တွေ ဖြတ်ပြေးသွားလိုက် နဲ့ တဲ့ လေ။ ခုတော့ ၊ ဘာဆို ဘာမှ ကို မမြင်ရ အောင် မှုန်မှိုင်း ချမ်းစိမ့် နေ လေ တော့ ... နော်ဘူဘော ရေ.. နေရောင်ခြည် လေး တမျှင် လောက်သာ အရင် ပြပါ လို့ .. ထပ်ကာ ထပ်ကာ ကျိတ်ပြီး ဆုတောင်း နေ မိ တော့တယ်။

လေ နည်းနည်း ညိမ်သွားတယ် လို့ ထင်ရ တော့မှ ၊ အပြင်ထွက် ပြီး ၊ ရှိတဲ့ အလင်းရောင် နဲ့ပဲ ၊ ဓါတ်ပုံ ရိုက် ကြ တယ်။ ကင်မရာ မှန်ဘီလူး ကို သုတ်လိုက်  ရိုက်လိုက် ပဲ ။ ကမ္ဘာကြီး ရေကြီး ခဲ့ တဲ့ တချိန် မှာ ၊ တောင်ထိပ်မှာ တင်ကျန် ခဲ့တယ် ဆိုတဲ့ ၊  နောဧ  ရဲ့ သဘောင်္ ကြီး ကို ၊ ပုံပမာယူ ပြီး၊ ဆောက်ထားတဲ့ ၊ သဘောင်္ဦးပိုင်း ကြီး ငေါထွက်နေတဲ့..နေရာမှာ ၊ မတ်တပ်ရပ် ပြီး ၊ လောက တခွင်တပြင် လုံးကို၊ မိန့်မူးနေ မိတယ်။ တောင်တောင် ၀န်းကျင် ရှုခင်း တွေ ကို ဘာရယ်မှ သဲသဲ ကွဲကွဲ မမြင်နေရ ပေမဲ့ လည်း၊  နော်ဘူဘော တောင်ကြီး ရဲ့ အမြင့်ဆုံး နေရာမှာ တက်ပြီး ရပ်ကြည့် လိုက်ရတယ် ဆိုတဲ့ အရသာ က၊  ဘာနဲ့မှ မတူ။ နော်ဘူဘော ဆိုတဲ့ တကယ်ရှိခဲ့ ဘူးမဲ့၊ အမျိုးသမီး တယောက် ကို ၊ စိတ်မှန်း နဲ့ မြင်ယောင် ကြည့် မိ တယ်။  အဲဒီလို တုန်း ၊ နေရောင်လေး လျှောကနဲ လင်းသွားသလို ခံစား လိုက် ရတယ်။ စိတ်ထဲ မှာ ဘာရယ်လဲ မသိ၊ လှုပ်ရှားသွားတယ်။ ၀မ်းသာ အားရ နဲ့..ကျန်တဲ့သူတွေ ကို လှမ်းပြော မလို့ လုပ်တုန်း၊ လေတွေ တ၀ုန်းဝုန်း တိုက်လာပြန်တယ် ။ ဘာပဲပြောပြော သဘာဝ ပတ်ဝန်းကျင် တောတောင် ရေမြေ  ရဲ့ ၊ ကြီးမား ဆန်းကျယ်လှ တဲ့ အရှိန် အောက် မှာ ၊ အဟုန် တခု ရှိ နေတာ ကို တော့ ခံစား လို့ နေရသည်။ ဒါကပဲ လူသားတွေ နဲ့ သဘာဝ ကြီး အကြား ၊ အသံတိတ် ဆက်သွယ်မူ တခု လေ လား ။

သူတို့တွေ ၊ လှေခါးထစ် တွေ အောက် ၊ ဆင်းလာ တော့ ၊ အခုန တိုက်တဲ့ လေကြမ်းတွေ ထဲ မှာ၊ မိုးတိမ် တချို့ မျောပါ လွင့်တက် သွားလို့ ထင်ရဲ့.. မိုးစက် အမှုံ အမွှားလေး တွေ ၊ ကိုယ်ပေါ် ကျ စပြုလာ သည်။ သူတို့ကိုယ် သူတို့ ..ဒရ၀မ် လင်မယား လေ လို့.. ရီရီ မောမော ပြောရင်း စောင့်ကြို နေ တဲ့၊ သင်းအုပ်ဆရာ လင်မယား က ၊ သူတို့ နေတာ က..ဟိုးဖက် တောင်ခြေ မှာ ဖြစ်ပြီး၊ နေ့တိုင်း ဒီမှာ ဝေယျာဝစ္စ လာလုပ် တာ လို့ ပြောပြတယ်။ အုပ်တိုက် ဇရပ် ကလေး ထဲ မှာ ၊ ဧည့်ခန်း ၊ အိမ်သာ ၊ တွေ ကို ၊ အသေအချာ အကျအန လုပ်ထားတာ တွေ့ရသည်။ ရာသီဥတု သာယာ တဲ့ မတ်လ တို့ ဧပြီလ တို့ ဆိုရင်တော့၊  ဒေသ တ၀ိုက်က ၊ လူမျိုးစုံ ၊ ဘာသာစုံ ၊ လာပြီး တောင်တက်ရင်း ၊ဆုတောင်း ကြ တာ၊ တော်တော် များတယ် လို့ ဆို တယ်။ အလှူငွေ ပေးရင်း၊ နော်ဘူဘော သမိုင်း စာအုပ်ကလေး တအုပ် ကို ကောက်ကိုင် လိုက်သည်။ စာအုပ်ပေါ် မှာ ရေးထားတဲ့ ဆရာ့ နာမည် က၊ ‘ Rev. နေဘလု’ တဲ့ ။ ဘာအဓိပ္ပါယ်လည်း တော့ မသိ။ “ဒါဘလု” လို့ ပြောပြီး နှတ်ဆက် ခဲ့တယ်။ ဒါဘလု ဆိုတာက..ကျေးဇူး..ဆိုတာတော့ သိသည်လေ။


-



မိုးတွေ သည်းစ ပြု လာတဲ့ အဆင်းလမ်း မှာ၊ မားမီ က ၊ သူ ဆရာမ လုပ်ခဲ့ဘူး တဲ့ ၊ စာသင်ကျောင်း လေး ကို၊ လက်ညိုးထိုး ပြ ရင်း၊ သူတို့ ငယ်ဘ၀ တွေ နဲ့သံတောင်ကြီး ရဲ့ သမိုင်းကြောင်း တွေ ကို ရောနှောပြီး ၊ အားရ ပါးရ ကို ၊ စားမြုံ့တွေ ပြန် လို့။

သံတောင်ကြီး ကို၊  အင်္ဂလိပ်တွေ မြန်မာပြည် ၀င်တော့ ၊ ပထမ ဆုံး ၊ တောင်ပေါ် အပမ်းဖြေ စခန်း မြို့ လုပ်ဖို့ ကြိုးစားတာ လို့ ဆိုသည်။ မှတ် လို အကောင်မျိုး တွေ ၊ ပေါများလွန်းတာ ကြောင့်၊ ရောက်လာတဲ့ အင်္ဂလိပ် အရာရှိ ကတော် တွေ မှာ၊ ယားယံ အနာတရ တွေ ဖြစ်ပြီး ၊ မနေနိုင်ပဲ ပြေးကြ ရ သတဲ့ ။ နောက်မို့ဆို ၊ မေမြို့ လို ဖြစ်နေ ပြီ လို့ မားမီ က၊ လွမ်းလိုက်သေး တယ်။  ခုလည်း မေမြို့ လိုပါပဲ လေ လို့ ၊ ကားသမား ကြီးက ၊ စကား ၀င်ထောက်ရင်း၊ ဒီကနေ ဆက်တက်ရင် ၊ စစ်သင်တန်းကျောင်း အသစ်ကြီး တခု ရှိ ကြောင်း လက်ညိုး ညွှန်ပြ တယ်။ စနေ တနင်္ဂနွေ တွေ ဆို၊ မြို့ပေါ် ကို အားချင်း ဆင်းလည် တဲ့ ၊ စစ်ဗိုလ် တွေ ကြောင့် ၊ သူတို့ ကားသမား တွေ ၊ အတော် အလုပ်ဖြစ်တယ် ဆိုပဲ။  ပြောနေတုန်းပဲ ၊ မိုးရေ တွေ စိုစိ ထဲ မှာ ၊ ခြေလျှင် ကင်းလှည့် နေတဲ့ ၊ စစ်သားလေး တချို့ကို တွေ့လိုက် ရ သည်။ ငယ်ငယ်တုန်း ကတော့ ၊ဒီဒေသ တွေ ဟာ ၊ အညိုရောင် နယ်မြေ တွေ လို့ ၊  ကြားဖူး ခဲ့ သည်ပဲ။ ခုတော့ ဘာအရောင် ကို ပြောင်းသွား ပြီ လည်း မသိ ။ ပတ်ဝန်းကျင် တခု လုံး စိမ်းစို နေတာ ကို သာ ၊ သဘောကျ နေ မိ သည်။


တောင်အဆင်းလမ်း က ၊ တဖြည်းဖြည်း အောက်ရောက် လာတာ နဲ့ အမျှ ၊ မိုးမြူ တွေ ရှင်းလာတာ ကြောင့် ၊ တောင်စောင်း တွေမှာ စိုက်ထားတဲ့ ၊  လက်ဖက်ခင်း တွေ ကို၊ မြင်လာရသည်။ လမ်းဘေး ၀ဲယာ တချို့နေရာ တွေ မှာ ၊ ရွာသား တချို့ကို ခပ်ကျဲကျဲ တွေ့ ရတယ်။ တချို့ ခြေလျှင် ဖိနပ်ပင် မပါ ၊ မိုးရေ ထဲ မှာ ။ တချို့ကတော့၊ တရုတ် ဆိုင်ကယ်လေး တွေ နဲ့ မိုးကာ ဂျာကင် နဲ့ ။့ လမ်းဘေး ခြုံစပ် တွေ မှာ ၊ တောထ ပြီး အလေ့ကျ လို ပေါက်နေတဲ့ ၊ အရွက်ရှည်ရှည် နဲ့ အပင်လေးတွေ ကို၊ လက်ညိုးထိုးရင်း ၊ အဲဒါ..ဖာလာ ပင် တွေ လို့၊ ဘေးမှာ ထိုင်နေတဲ့ တောင်ငူသား က၊ အားတတ်သရော ပြ ရှာတယ်။ သူ အမြဲတမ်း ပြောပြောနေ လေ့ ရှိတာ လေ။ ဒီဒေသ မှာ၊ မိရိုးဖလာ လုပ်ကိုင် စားသောက်နေ တဲ့ ၊ ဖာလာ တောင်သူ တွေ ၊ တဖြည်းဖြည်းနဲ့ နယ်မြေ တွေ ပျောက်လာ ကုန်တာ တို့ ။ IDP တွေ ဖြစ်ကုန်တာ တို့ ။  တောင်သူ ဆိုတော့ လည်း ယာသမား တွေ လောက်တော့ ၊ တပင်တပန်း လုပ်စရာ လိုပုံ မပေါ်။ တနှစ်တခါ ဖာလာခူးချိန် မှ ၊ ခူးပြီး မြို့တက် ရောင်းယုံ ။ ရိုးရိုးရှင်းရှင်း ရောင့်ရောင့်ရဲရဲ နဲ့၊ ဘ၀ ကို ရှင်သန် နေထိုင် ကြ တဲ့ လူတွေ အတွက် ၊ ကမ္ဘာကြီးမှာ ၊ နေရာတွေ ကျဉ်းလာ နေပြီ လား လို့ သာ၊ တွေး နေမိ တယ်။ တနေရာ မှာ ၊ သက်ရင့်ကျောက်တောင် တွေ အကြား ၊ မီးသင့်ကျောက် ကျော ကြီး တခု ၊ လှလှပပ ကြီး တိုးဝင် နေ တဲ့ ၊ Query အဟောင်းတခု ကို တွေ့ တော့ ၊ နှစ်ယောက်သား ၊ မနေနိုင်ဘူး ။ ကျောက်လှလှ ဆန်းဆန်း ဆိုရင်၊ ဆမ်ပဲလ် ကောက်တာ အကျင့်ပါ ခဲ့ သူ နှစ်ယောက် မို့ ၊ ကားရပ်ခိုင်း ပြီး ၊ အပြေး ဆင်းကြည့် ကြ သေးတယ်။

တောင်ဆင်းလမ်း တွေ ပြေ လာပြီး ၊ မြေပြန့် ရောက်စ ပြု ပြီ။ ကျွန်းစိုက်ခင်း ကြီးတွေ တွေ့လာရသည်။ သူတို့ အလုပ်လုပ်နေတုန်းက စိုက်ခါစ တွေ ဆိုတော့.. အခု အနှစ် လေးဆယ် သားတွေ လောက်တော့ ရှိပြီ လို့ ၊ မားမီ က၊ ခန့်မှန်း သည်။ တဖြည်းဖြည်း နဲ့ အိမ်ခြေ တွေ စိပ်လာ သည်။ သံတောင် (၁၃) မိုင် ကို တောင် ကျော်ခဲ့ပြီ ။ လမ်းဘေး တဖက်တချက် မှာ ၊ ဒူးရင်းသီး တွေ ပုံပြီး ရောင်းနေတာ တွေ့ လို့၊ ကားသမားကြီးကို ရပ်ခိုင်း ရ သည်။ သံတောင်ဒူးရင်း နာမည် ကြီးလို့ စားချင်တယ် ဆိုတဲ့ ၊ မေမေ့ အတွက် ၊ ဒူးရင်းသီး ၀ယ်လိုက် အုံးမည်။ သံတောင် အလွန် ဘောဂလိ ရွာက ထွက်တာ လို့ ပြောသည်။


ကျောက်တုံး ကျောက်ခဲ တွေ ကြောင့် ပိုပြီး လှ နေတဲ့ ၊ ပသိချောင်း ကို ကျော်လာတော့ ၊ နော်ဘူဘော တို့ ရဲ့ သဘာဝ ရင်းမြစ် တွေ ကြွယ်ဝ နေတဲ့ ၊ ကရင်ပြည်နယ် က၊ အနောက်မှာ ကျန် ခဲ့ လေပြီ။

ရှေ့ကို ဆက်ရမဲ့ ခရီး က တော့ ၊ နော်ဘူဘော တောင်ပေါ် မှာ ဆုတောင်းခဲ့ တဲ့ ၊ များပြားလှ သော၊ ဆန္ဒ များ နှင့် ပေါ့ ။


ကေ
(၆ နာရီ ၄၃ မိနစ်)
၁၂ ရက် ဇူလိုင် ၂၀၁၂

နော်ဘူဘော တောင်ထိပ်က မိုးတွေ လေတွေထဲ ရိုက်ထားတဲ့ ဓါတ်ပုံ တပုံ ကို ကြည့် ပြီး  မိတ်ဆွေ တယောက် က၊ အပေါ်မှာ တင်ထားတဲ့ ကောက်ကြောင်း ပန်းချီလေး တချပ် ဆွဲ ပေး လာတယ်။ တပြိုင်နက်ပဲ ၊ သူ က၊ အဲဒါ ဘယ်နေရာ ဘယ်ဒေသ ဆိုတာ သေချာ ရေးပြ ပါအုံး လို့ ဆိုလာတာနဲ့၊ မလှုပ်ရှားတာ ကြာပြီ ဖြစ်တဲ့ ၊ စာရေးချင်စိတ် တချို့ နိုးထ သွားခဲ့တာပါ။ ကျေးဇူးပါ - icn2


Share/Bookmark

6 Comments:

မေဇင် said...

ရောက်ခဲ့ဖူးတယ်...
ဆိုင်ကယ်နဲ့တောင်ပေါ်တက်တာ...ချမ်းလိုက်တာလဲ အရမ်းပဲ။ ဒါပေမယ့် ဆုတောင်းပြည့်မှန်းမသိခဲ့လို့ ဘာဆုမှ မတောင်းခဲ့ရဘူးး)

TURN-ON-IDEAS said...

တခါမှ မကြားဖူးခဲ့တဲ့ နေရာအသစ်လေး အစ်မကေဖေ့ဘွတ်ခ်ဓာတ်ပုံတွေမှာ တွေ့ကတည်းက မေးချင်ခဲ့တာ၊ ခုဖတ်ခွင့်သိခွင့်ရလို့ ကျေးဇူးပါ အစ်မကေ။

ကျိုက်ထီးရိုးက ရွှေနန်းကျင်လားလို့?

TZA said...

ရောက်ဖူးချင်တယ်ဗျာ

PKD said...

နေ့ သစ် သတင်းစာမျက်နှာ မှာ တင်ထားတာ တွေ့ လို့  စိတ်ဝင်တစားဖတ်မိပါတယ်။ အရမ်းကြိုက်လို့ ဘလော့ ပေါ်ဆွဲတင်လိုက်ပါတယ်။ စာရေးသူ စိတ်မဆိုးဘူးလို့ ယုံကြည်ပါသည်။

တာဘလုနော် မမကေ.. :)

Maung Myo said...

ခြေရင်းအိမ်က အန်တီကြီးပြောပြလို့ ခဏခဏ ကြားဖူးနေတာ ။

ရောက်ဖူးချင်တယ် ဆုတောင်းပြည့်တယ် ကြားတယ်ဗျ

NSA said...

တစ်ခေါက်ဆို ဆိုသလောက် အစုံရောက်ခဲ့တာပဲ မကေ..အားကျပါတယ်...