စာတွေရေး တဲ့ တစုံတယောက်ကို စာတွေရေး တဲ့ တခြားတယောက် က၊ ဘာလို့ စာတွေရေးတာလဲ လို့ မေးခဲ့မယ် ဆိုပါစို့ ။ပြီးတော့ အဲဒါကိုလည်း စာရေးပြပါ လို့ စာလှမ်းရေး တယ် ဆိုပါအုံးစို့..။ အဲဒါကြောင့်၊ အခု အောက်မှာ ရေးထားတဲ့ စာတွေကို မြင်ရ ဖတ်ရ တယ်လို့ ပဲ၊ ထားလိုက်ကြပါစို့ နော်။
လက်ညှိုးစာ ( draw at 53) |
သမီး ကကြီး ခခွေး တွေ အရေးမကျင့်ချင်ဘူး မေမေ..တခါတည်း စာပဲ တန်းရေးချင်တာ..လို့ ကလေး တယောက်က ဆိုတယ် ။ မိခင်လုပ်သူက ချော့မော့ တိုက်တွန်းဖို့ နည်းလမ်း ရှာနေတုန်း မှာပဲ၊ ကလေး ဆီက စာတကြောင်း ထွက်လာ လေသည်။ သမီးစာရေးတတ်ပြီ။
စာရေးတယ် ဆိုတာ အဲဒီလိုပဲ မဟုတ်လား။ စာဘယ်လိုရေးရသလဲ .. ဘာကြောင့် စာရေးရတာလဲ .. လို့ အဖြေ မထုပ်နိုင်ခင် မှာပဲ၊ စာတွေ အများကြီး ဖြန့်(ပြန့်)ကျဲနေပြီး ခဲ့ပြီ။ အဖြေ ကို ဆက်ရှာ ၊ ထပ်ရှာ နေတုန်းပဲ၊ သူများတွေ ရဲ့ စာတွေက ပလူပျံအောင် လေထဲမှာ လွင့်ပျံ နေ ကြပြီ။ ကြည့်ပါအုံးတော့လား..ဟောဒီ လောက ကြီးထဲမှာ လွင့်နေ ပျံ နေတဲ့ စာတွေမှ အများကြီး ။ အမျိုးအစား အားဖြင့် ပြောမလား .. အဆင့်အတန်းအားဖြင့် ကန့်သတ်မလား.. ဘာသာဗေဒ အားဖြင့်ပဲ ခွဲခြားမလား..။ ပြောရရင် ဖတ်စရာတွေ မှ.. အများကြီး ။ သေချာအောင် ထပ်ပြောရရင် ၊ ဖတ်ချင်စရာ တွေ မှ..အများကြီး။
အင်း..ဒါဆို ကိုယ်ရေးတာကလည်း သူများ ဖတ်ချင်စရာ နည်းနည်းလောက် ဖြစ်ဖြစ် ကောင်းအုံးမှ ကိုး နော်။ အနည်းဆုံးတော့ အားနာပါးနာ ဖြစ်ဖြစ်..စပ်စပ်စုစု ဖြစ်ဖြစ် ။
စာတွေရေး တဲ့ ကောင်ကလေး တယောက်က ပြောလာတယ်။ ကျနော်သေရင်..ဒါ ကျနော်လုပ်ခဲ့တဲ့ အနုပညာ ပစ္စည်းပဲ လို့ ပြစရာ တခုခု.. အများကြီး မဟုတ်ဘူးဗျာ..တခု လောက်ပါပဲ..(အင်း) တခု နှစ်ခု လောက် ဆိုပါတော့ ..ချန်ထားခဲ့ချင်တယ် တဲ့။ ပြုံးချင်စရာ ကောင်းသလား...မပြုံးဖြစ်ခဲ့ပါ။ တကယ်တွေးကြည့်တော့ ၊ စိတ်ကူး ဆန္ဒတွေ ကို ဟိုး..လစန္ဒာ ထိပ်ဖျားမှာ တက်ချိတ် ထား နိုင်ဝံ့ တဲ့၊ ရဲရင့် လှ တဲ့ ရည်မှန်းချက် ကို ၊ အားကျ ဖို့သာပဲ ရှိသည်။
တခါတလေ နေ့တွေဆိုတာက .. မလျှော်ဖွတ်ရသေးတဲ့ အ၀တ်တွေ လို ညစ်ထပ်ထပ် ။ မဆေးကြေရသေးတဲ့ ပုဂံ တွေလို မပြီးမပြတ် ။ တနေကုန်သွားလို့၊ ဥစ္စာရလား ပညာရလား ကုသိုလ် ရလား ဆိုတဲ့ ရှေးထုံး နဲ့ မချိန်တွယ် နိုင် ရင်တောင်မှ ၊ မ၀ံ့မရဲ စိတ်ကူးတွေပဲ တထပ်ပြီး တထပ် ..တရက်ပြီး တရက် လေးလံ နေဖို့ မသင့်ဘူး မဟုတ်လား။ မက်ပါစေ လား ..ဘယ်သူ့ အိပ်မက် တွေပဲ ဖြစ်ဖြစ် ။ ဘယ်လို အိပ်မက်တွေပဲ ဖြစ်ဖြစ်။ ရဲရဲဝံ့ဝံ့။
အိပ်မက်တန်း အပျော်တန်း ရောင်းတန်း ပညာသည်တန်း ..သတ်မှတ်ချင်သလိုသာ သတ်မှတ်.. ဘယ်လို အဆင့်အတန်းပဲ ဖြစ်ဖြစ်.. သူ့ဇာတ်နဲ့သူ ..သူ့ပရိသတ်နဲ့သူ ။ ဟယ်ရီပေါ်တာ ကြိုက်တဲ့သူ ရှိသလို မူရာကာမိ ရှာဖတ်ပြီး ခေတ်မီချင်သူ လည်း ရှိမည်။ နီကိုလက်စ် စပါ့ခ် လောက်ကို အဟုတ်ကြီးထင်နေ တဲ့သူ ရှိသလို ၊ ဗစ်တာဟူးဂိုး ရဲ့ လေ မစ်ဇဲရဘလဲ ဖတ်ဖူးမှ သေပျော်မဲ့ သူတွေ လည်း ရှိပေမည်။ (အသံပင် မနည်း ထွက်ယူရသည်)
( မြန်မာ ဗားရှင်း ကိုတော့ အဆင်ပြေသလို အစားထိုး ကြည့်ပါလေ…)
မြန်မာ ဗားရှင်း ဆိုလို့၊ ကြုံလို့ ပြောချင်သေးသည်။ ပညာသည်တန်း လို့ သတ်မှတ် လက်ခံ ထားကြတဲ့ ၊ စာတွေရေးတဲ့ မြင့်သန်း ရဲ့ တချို့ အရေးအသား တွေကို အတော်လေး နှစ်သက် မိသည်။ ဒီလိုနဲ့ စာတွေရေးတဲ့ သူငယ်ချင်းတယောက် နဲ့ ဟိုဟိုဒီဒီ စကား တွေပြောဖြစ်တုန်း မြင့်သန်းရဲ့ စာတွေ အကြောင်းပါလာသည်။ စသည်..စသည်ဖြင့်ပေါ့လေ။ ပြောဖြစ်တဲ့ စာအုပ် အကြောင်းကလည်း စသည်..စသည်ဖြင့်ပါပဲ။ (မြင့်သန်း စာစကားနှင့် ဆိုလျှင် ) အကယ်၍ နှင့် အကယ်၍သာ ဆိုလျှင် ပေါ့လေ… နိုင်ငံတကာ ဗားရှင်း နဲ့ ဖလှယ်ကြည့် မယ် ဆိုလို့ရှိရင်..မျက်စိ ထဲမယ် အမေရိကန်အိုင်ဒေါလ် ရဲ့ တချိန်က..နာမယ်ကျော် ဒိုင်လူကြီး ဆိုင်မွန် ကို သာ ပြေးမြင်ယောင် မိတယ်…လို့။ ( စာရေးတဲ့သူတော့ မဟုတ်ဘူးပေါ့လေ ) သူငယ်ချင်းက ရီတယ်။ နည်းတွေ စည်းစနစ် တွေ ကို အသုံးပြု ထားတော့ ဗဟုသုတ တော့ ရတာပေါ့.. တဲ့။ ဟင့်အင်း.. စာတပုဒ် ရေးဖို့ ဒါမှမဟုတ်..စာတအုပ် ဖတ်ဖို့ အဲ့ဒီလို အဲ့ဒီလောက် သိမူတွေ … ရှိမူတွေ .. ထိမူတွေ နဲ့ တိုင်းတာ ၀င်ဆန့် ရမယ် ဆိုရင်တော့ နေပါစေ လေ။
အဲဒီလို နဲ့ စာဘာလို့ ရေး ကြသလဲ ဆိုတာ အဖြေရှာဖို့ ...စာဘာလို့ မရေးဖြစ်( ရဲ ) ကြ သလဲ ဆိုတာကနေ.. ပြန်တွေးကြည့် နေမိသည်။
ဖတ်စရာ သိစရာ ကြည့်စရာ တွေ သိပ်များတဲ့ ကာလသစ် ကြီး ထဲ မှာ ကိုယ့်စာ သူများ ဖတ်စေချင်ရင်.. ( အရေးကြီးတာက ) သိပ် အရှည်ကြီး မရေး နဲ့ လို့တော့၊ စာတွေရေး တဲ့ အကို တယောက်က အကြံပေးတယ်။ သူပြောတာလည်း ဟုတ်ပေမည်။ ဂန္ဓ၀င် ဆန်ဆန် စာအုပ်ထူ ကြီးတွေ ပေါ်က ၀တ္တုရှည်ကြီး တွေ၊ အဲဒီကနေ .. မဂ္ဂဇင်း တွေ ထဲက အတို အလတ် စာ တွေ ။ အဲဒီ ကနေ မှ … ပိုမို သွက်လက်တယ် ဆိုတဲ့ ၊ အမျိုးအစား ကျကျနန ခွဲခြားဖို့ မလွယ်တဲ့ မိုးပေါ် က စာတွေ ၊ နောက်ဆုံးတော့.. မျက်စိ တချက် အဝေ့ စာလောက်ပဲ ရှိတော့တဲ့ လေထဲ မှာ ပျောက်ပျောက်သွားတဲ့ အော်သံ လိုလို စာတွေ ဆီ ထိ၊ စာဖတ်ခြင်း ယဉ်ကျေးမူ ကြီးက၊ တိုးတက် ခေတ်မီ ကြီးထွား ထွန်းကား လာ နေပြီပဲ။
ဘယ်လောက်တောင် ထွန်းကားလာသလဲ ဆို…မိတ်ဆွေ တယောက် ဖတ်ဖို့ ညွန်းထားတဲ့ စာအုပ် ကို မ၀ယ်ဖြစ်သေး ။ ပြီးတဲ့ အပတ်က သူများ လက်ဆောင်ပေး လိုက် တဲ့ စာအုပ်ကလေးက ၊ ရှေ့ဆုံး တခန်း နဲ့တင် တန်းလန်း ။ ကုတင်ဘေး မှာ မှောက်လျက် ဖတ်လက်စ စာအုပ်ကိုလည်း ဖြတ်လိုက် တော့ မှ ။ အိုင်ပတ် အိုင်ဘွတ်ခ် ထဲက ၊ အလကား ဒေါင်းယူထားတဲ့ စာအုပ် တွေ ကို လည်း လက်ညှိးတချောင်း နဲ့ လှန်လို့ ဆော့လို့ ကောင်းနေတုန်း ( နောက်ဆို.. တရွှပ်ရွှပ် သံ လေးတွေပါ ထဲ့ပေးနိုင်ရင် သိပ်ကောင်းမှာပဲ ) ။ မနက် မနက် သတင်းစာ တောင် မဖတ်ဖြစ်တာ ကြာပြီ။ ဒါနဲ့တောင် ၊ မျက်စိ နှစ်လုံး နဲ့ မျက်မှန် တလက်က အနားရနေတာ မဟုတ်…။ ဘယ်တွေမှာ သွား အလုပ်များ နေ ကြ ပါလိမ့် …
စာဖတ်တယ် ဆိုတာကလည်း အချိန်ပေးရတဲ့ အလုပ်ပေပဲ ။ စာဖတ်ခြင်း လောက်နဲ့ အဓိပ္ပါယ်ပြည့်စုံ ခဲ့တဲ့ နေမူထိုင်မူ ၂၄ နာရီစာ ကို ၊ နောက်ထပ် တနာရီ နှစ်နာရီ လောက်..ထပ်တိုးပြီး နေလို့ရတဲ့ အပလီကေးရှင်း တခု လောက် ပန်းသီး စတိုး မှာ အလကား ၀ယ်လို့ ရ ရင် - ရ မှ ပဲ။
စာအုပ်တအုပ်ကို တည တရက် လောက် ကြာအောင် ဖတ်ပြီး သွားလို့ ဘာကျန်ခဲ့မလဲ ။ ဘာမှ မကျန်လည်း ကိစ္စမရှိပါဘူး.. အဲဒီ တနာရီ တည တရက် မှာ၊ စိတ်ညစ်စရာတွေ မေ့သွား တယ် .. အပျင်းပြေ သွားတယ် ဆိုတာလည်း ရှိမည်။

ဒါဆိုရင် စာတွေ ဘာလို့ ရေးဖြစ် ကြတာလဲ ဆိုတဲ့ မေးခွန်း ကို၊ စာတွေ ဘာလို့ ဖတ်ချင် ရတာလဲ ဆိုတဲ့ မေးခွန်း ကပဲ ဖြေသွားပေလိမ့်မည် ။ ကိုယ်လေးစားတာ မျိုးကို ကိုယ် အားကျသည်။ ကိုယ်နှစ်သက်တာမျိုးကို ကိုယ်အတုယူ သည်။ အားလုံးက..ကိုယ့် မျိုးတူရာ နှင့် ကိုယ်။ ကိုယ် စိတ်သန်ရာ နှင့် ကိုယ်။ ကိုယ်လက်သာ သလောက်..။ ကိုယ်စွမ်းနိုင်သလောက် ။
ပြောရင်း ဆိုရင်း..စာရှည်လာပြီ။ အဆုံးသပ်မှ ဖြစ်တော့မည်။ စာတွေ ဘာလို့ ရေးကြသလဲ ဆိုတာ သချာင်္ တပုဒ်လို အဖြေထုပ် လို့ ရတဲ့ ကိစ္စ တခု ဟုတ်မဟုတ်တော့ မသိ။ ရေးချင်တဲ့ စိတ်ဆန္ဒ ကို ရေးတဲ့ အတတ် နဲ့ စား .. ရေးသင့်တာနဲ့ မျှခြေ တိုက်လိုက်လို့ စာတပုဒ် ထွက်လာပြီ ဆိုပါတော့ .. အဲဒီစာကို ရေးရဲ တဲ့ သတ္တိနဲ့ထပ် မြှောက် ရပေ အုံးမည် ။ အဲ .. စာကြွင်းစာကျန် တွေ ကို တော့ .. ဟောဒီလို နေရာလေး မှာ အသာ သိမ်း ထား ပြီး ၊ အလကား မဖြစ်ချင်ရင်တော့ ၊ ခင်ရာ မင်ရာ ( နိုင်ရာ ) မိတ်ဆွေ တွေ ရဲ့ မျက်လုံး တွေ ထဲ သာ အတင်း ထိုးထဲ့ ဖတ်ခိုင်း ပေ တော့…။
ဆိုတော့… အတင်း ဖတ်ခိုင်း စရာ လူနိုင် တွေ ရှာ လိုက်အုံးမည်…။
ကေသွယ်
၃၁ သြဂတ်စ် ၂၀၁၂
(မတဂ်မိသော သူများသည် မတဂ်ရဲ လို့သာ ဖြစ်ပါသည်။)း)
ဝန်ခံချက်-
ကိုဖြိုး က အဲဒီမေးခွန်းကို သူ့ဖာသူ မေးထားတာကြာပါပြီ။ တလောက တွေးမိလို့ လျှောက်ချရေး ထားရင်း တန်းလန်းမှာ - ဒီနေ့ မသက်ဝေ က.. ဘလော့ဂ်နေ့ လို့ ရွာဆော်လိုက်လို့ သတိရပြီး အဆုံးသပ် လိုက်မိတယ်။ ပြီးတော့ ဘလော့ဂ် မှာ တင်ဖို့ မေ့ပြီး ဖေ့စ်ဘွတ်မှာပဲ တင်ထားလိုက်မိ လို့ ခုမှ ပြန်တင်ရပါတယ် )
◦
0 Comments:
Post a Comment