ငယ်ငယ်တုန်းက.. အိမ်မှာ ကွေးနေအောင်က ခဲ့ သလို .. ဘေးအိမ် တွေကို တောင် လည်ပြီးက ခဲ့ တယ်လို့ ဆိုရင်၊ သူများ မပြောနဲ့..ကိုယ့်ဖာသာ ကိုယ်တောင် မယုံ နိုင်ပေ။
တကယ်တော့၊ လူ က အေးတိ အေးစက် နဲ့ ရှက်တတ်သလိုလို ဘာလိုလိုပါ။ ဘာဖြစ်လို့များ..
ငါ ငယ်ငယ်က.. အဲ့လို က ချင် ခဲ့တာလည်း လို့ ပြန်စဉ်းစားကြည့်တော့၊ တရားခံ ကို မြင်ရ ပါ၏။
ကိုယ် တို့ မြို့မှာက၊ နှစ်စဉ် နှစ်တိုင်း၊ တော်သလင်းလ နေပူပူ မိုးစွတ်စွတ် မှာ ကျင်းပလေ့ ရှိတဲ့၊ အထင်ကရ မြတ်စွယ်တော် ဘုရားပွဲကြီး ရှိလေတာကိုး။ အဲဒီ ဘုရားပွဲတော်ကြီးက တနှစ် တမျိုး မရိုးရတဲ့ ယိမ်းတွေ ကိုများ ကြည့် ပြီး၊ ၀ါသနာကျ ခဲ့လေသလား တော့ မသိ။ တမြို့လုံးမှာ ရပ်ကွက်က ဆယ့်နှစ် ရပ်ကွက် ရှိတယ် ဆိုတော့၊ ယိမ်းကားတွေ ကလည်း ဆယ့်နှစ် ယိမ်း ပဲ။ တခြားအရပ်တွေ မှာ တော့ ဘယ်လို ခေါ်သလဲ မသိ၊ ကိုယ် တို့ အရပ်ကတော့ ယိမ်းကား တဲ့။ ရွှေ့လျား စင်မြင့် လို့အင်္ဂလိပ်လိုကနေ တိုက်ရိုက် ဘာသာပြန် ပြီး သုံးတာ လည်း ၊ တွေ့ဖူးသည်။ သုံးတန် ကား တစီး ကို အောက်က ခံပြီး၊ အပေါ်မှာ စင်မြင့် ထိုး၊ အမိုးတင်၊ ဘေးဖက်တွေ မှာလည်း အ၀တ် ပိတ်ကားတွေ ကပ်ပြီး၊ ပန်းချီသရုပ်ဖော် ဆေးချယ် ထားတဲ့၊ ယိမ်းကား ကြီးတွေ က၊ စွယ်တော် ဆိုရင် သူ့ထက်ငါ အပြိုင်အဆိုင် ပါပဲ ။ နန်းဆန်တဲ့ ယဉ်ယဉ် တို့.. နေခြည်သင့် တဲ့ ကုမုဒြာ.. တို့...မြတ်အလှသခင် တို့.. အဲဒီလို ကဗျာဆန်ဆန် လှလှပပ နာမည် တွေ တပ်ပြီး၊ ယိမ်းကား ရဲ့ ဘေးနှစ်ဖက် မှာ..စကောဝိုင်းလောက် စာလုံးကြီးတွေ နဲ့ ထင်းနေအောင် ရေးထား ကြတယ်။
ပြောရရင်တော့.. မန္တလေး သင်္ကြန်က ယိမ်းကားတွေ ဆန်ဆန်ပဲ။ ဒါပေမဲ့ မန္တလေး က၊ အရွယ် အစုံစုံ ပုံသဏ္ဍန် အပြားပြား ဖြစ်တဲ့ အပြင်၊ မိုးနည်းတဲ့ အရပ်မို့၊ အမိုး မပါ ကြဘူး။ ဒီဖက် အရပ်က ယိမ်းကားတွေကတော့..အားလုံး တရွယ်တည်း လေးထောင့် ထူထူ တပုံစံတည်း၊ အရောင် နဲ့ အဆင်ပန်းချီ တွေသာ ကွာခြားကြတယ်။ မိုးရွာရင် ကာဖို့၊ ပလက်စတစ် လိုက်ကာ စ တွေ ကိုပါ အဆင်သင့် တပ်ဆင် ထား တတ်သေးတယ်။ အဲဒီ လို အလှူ မဏ္ဍပ် စပ်ထည် ပန်းချီ တွေမှာ .. နာမည်ကြီး တဲ့၊ အနီးမြို့က…နတ်တလင်း ဆရာအုန်း ဆိုရင်၊ စွယ်တော် ရက် မှာ လက်မလည်ဘူး။ ရုပ်ရှင်ပိုစတာ တွေ ဆွဲလေ့ရှိတဲ့..မြို့ခံ ပန်းချီဆရာကြီး ဦးသက်ဝင်း ရဲ့ ခေတ်ဆန်ဆန် စုပ်ချက်ကြမ်းကြမ်း လက်ရာ တွေ လည်း လူကြိုက်များကြတယ်။
ရပ်ကွက် တွေက၊ သူတို့ ယိမ်းကားတွေကို တတ်နိုင်သမျှ လျှို့ဝှက်ပြီး ၊ တန်ဆာဆင် ခြယ်သ ကြ သလို၊ ယိမ်းအက တွေကိုလည်း၊ အိမ်တအိမ်မှာ တံခါးပိတ်ပြီး တိတ်တိတ် လေ့ကျင့် အက တိုက်ကြတယ်။ သူ့ရပ်ကွက် နဲ့သူ အပျိုဖော် အလှပဂေး တွေ ကို စင်တင်လေ့ ရှိတာ ဆိုတော့၊ ဘယ်ရပ်ကွက်က ဘယ်သူ ဆိုရင်ဖြင့်.. ဘယ်လို ချစ်စရာ ကောင်းတာ ဆိုပြီး၊ လူသိများ ထင်ရှားလေ့ ရှိတာပေါ့။
ယိမ်းတွေကလည်း..ရပ်ကွက် ကို လိုက်ပြီး၊ ပုံစံ အနေအထား ကွဲပြားသေးတယ်။ လူချမ်းသာ စီးပွားရေး သမားတွေ များတဲ့.. ဈေးလည် မြို့လည်ခေါင် ရပ်ကွက် တွေ ကတော့၊ လာထားပဲ။ ရန်ကုန်က နာမယ်ကျော် တီးဝိုင်းတွေ အဆိုတော် တွေ တက်ငှားပြီး တော့ကို အကြီးအကျယ် လုပ်ကြတာ။ ယိမ်းသမ ဆိုလည်း နောက်ဆုံးပေါ် အဆင်တွေကို ချုပ်ပြီးတော့ကို ဆင်တာ။ ဟိုး အစွန်အခေါင်က..ရပ်ကွက်ကလေး တွေကလည်း၊ သူ့ ခွန်အား နိုင်သလောက် တော့ ၊ အလျှော့မပေးကြပါဘူး။ မပြိုင် နိုင်ရင်တောင်၊ မြိုင်မြိုင် ဆိုင်ဆိုင် ရှိလှ တယ်လေ။
မင်းကွက်ရပ် က ၊ ရပ်ကွက်လူကြီး တယောက်ဆို ၊ သူကိုယ်တိုင်လည်း ယက္ကန်းစက်တွေ ပိုင်၊ အက သဘင် လည်း ၀ါသနာကြီးတော့၊ နှစ်တိုင်း တကယ့် ကြေးစား ပညာသည် တွေကို ကို ဒိုင်ခံ ပြီး ငှားတယ်။ ရပ်ကွက်ထဲက ကလေး တွေကိုလည်း သေချာ လေ့ကျင့်ပေး ပြီး၊ တကယ့်ကို မြန်မာဆန်ဆန် သဘင်ကျကျ လုပ်လေ့ ရှိတာမို့၊ လူကြီး လူငယ် အကုန် တလေးတစား စောင့်ကြည့် ကြ ရတယ်။ မင်းကွက်ယိမ်း ဒီနှစ် ဘယ်လို မြန်မာ အက နဲ့ ထွက်မလဲ ဆိုတာက၊ တကယ့်ကို စိတ်ဝင်စားစရာ ဖြစ်ခဲ့တာ။ အပျိုတော်၊ သူငယ်တော်၊ ခုနှစ်ထွေ မရိုးနိုင်တဲ့ ရိုးရာအက တွေ အပြင်၊ စက်သီးကြိုးနဲ့စွဲထားတဲ့ ကြာဖူးကြီးထဲက ထွက်လာတဲ့ သူယောင်မယ် နဲ့ ဇော်ဂျီ အက လိုမျိုး တခမ်းတနား တင်ဆက်တဲ့ အကတွေ ကိုဆို၊ တသက်လုံး ခုထိ မှတ်မိ နေတော့တာပဲ။
အဲဒီတုန်းက၊ စွယ်တော် မှာ၊ မင်းကွက်ယိမ်း လိုပဲ၊ တမြတ်တနိုး စောင့်ကြည့်ရတဲ့ ယိမ်းကား နောက်တကား ရှိသေးတယ်။ ဈေး(၁) ဆိုတဲ့ မြို့လည်ခေါင် ရပ်ကွက်က၊ လုပ်တဲ့ ယိမ်း။ သူတို့ကလည်း၊ ရန်ကုန်တက်ပြီး၊ အကဆရာမ ထိပ်တင်စန်း ကို အမြဲ ငှားတယ်။ ဈေး(၁) ယိမ်းက - က တဲ့၊ ပုဂံ အက တို့ အင်းဝ အက တို့ ဆိုတဲ့၊ အကဆန်းဆန်း အသွင်ဆန်းဆန်းလေး တွေကို လှလှ ကြွကြွလေး ကလေ့ ရှိ တဲ့၊ မြို့ထဲက၊ အတန်းကြီးကျောင်းသူ၊ အမချောချောတွေ ကို ကြည့်ပြီး၊ ဘယ်နေမလဲ နော်.. ကိုယ်တွေလဲ၊ ယိမ်းထဲ ပါချင် တဲ့ စိတ်တွေ ရွစိ ရွစိ နဲ့ပေါ့။ ဒါပေမဲ့.. အိမ်က လူကြီးတွေက အားမပေး..ကိုယ်တိုင်ကလည်း မသွက် မလက် ဆိုတော့…ကျွဲပြဲ စီးဖို့ တခါမှ ကို.. မရဲ ခဲ့ ရ ပါဘူး။ စွယ်တော် တနှစ် ပြီး သွားလို့...ပါးစပ် ထဲ စွဲကျန်ခဲ့တဲ့..ယိမ်းသီချင်း တပုဒ် ကို တပတ် နှစ်ပတ် လောက် ဆိုညည်းရင်း နဲ့ပဲ၊ ၀ါသနာ အဆာပြေသွားတာပါပဲ။
တချို့ ယိမ်းတွေ ကတော့လည်း ဆေးလိပ်ခုံ တို့၊ ဆီစက် ပဲခွဲစက် သစ်စက် သူဌေးတွေက၊ ပံ့ပိုးပြီး လှအောင် ကျဲ ကြတာ။ ယိမ်းကား နောက် ကျော မှာတော့၊ သူတို့ လုပ်ငန်းနာမည် ပါတဲ့ အ၀တ်စ ကြီးတွေ ချိတ်ထား ရတာပေါ့။ အဲဒီခေတ်ကတည်းက..စပွန်ဆာ တွေ ရှိခဲ့တာနော်။ ဒါပေမဲ့.. တခါ က ပြီးတိုင်း ၊ တပုဒ် ဆိုပြီး တိုင်း၊ ကြားကနေ ၀င်ဝင်ပြီး ကြော်ငြာ ထိုးတာတော့ မလုပ်ကြပါဘူး။ ယိမ်းကား ရဲ့ နောက်ကျော မှာသာ ကြော်ငြာ ချိတ်ကြပြီး၊ ရှေ့တဲ့တဲ့ ကနေ မမြင့်မြင်အောင် လည်း၊ အတင်း ထိုးပြီး မကြော်ငြာ ကြပါဘူး။
များသော အားဖြင့်ကတော့၊ ရပ်ကွက် အလိုက် စည်းလုံးမူ နဲ့ ချစ်ခင်ရင်းနှီးမူကို မြင်တွေ့ နိုင်တဲ့၊ ဖျော်ဖြေ တင်ဆက်မူ တွေ ချည်းပါပဲ။ ပြန်စဉ်းစား ကြည့်တော့ မြန်မာ့ ရိုးရာ ဆိုတာချည်း သက်သက် လည်း၊ မဟုတ်ပါဘူး။ ရပ်ကွက်သူ ရပ်ကွက်သား တွေ ကိုယ်တိုင် ဖန်တီးကြတဲ့ ပုဏ္ဏားယိမ်း၊ ဘေလေဆပ် ကုလားယိမ်း၊ တရုတ်ယပ်တောင် ယိမ်း၊ ဂျပန်ကီမိုနို ယိမ်း၊ ကရင်ဒုံးယိမ်း၊ အခြောက်ယိမ်း လူမျိုးစုံကို ကိုယ်စားပြု ခဲ့ကြသလို၊ မြို့ကလေးကိုလည်း၊ တကယ့်ကို ၊ ကိုယ်စားပြု ခဲ့ ကြတယ်။ အရိုးဂျောက်ဂျက် ယိမ်း ဆိုတာတောင် တနှစ် ပါခဲ့ သေးတယ်။ ရပ်ကွက်တခု ကတော့..အပျို ရှား လို့လားတော့မသိ။။ ကာလသား ယောက်ျားတွေ ချည်း စုပြီး၊ တင်ဆက် ကြတဲ့၊ ကြုံလေဘုံဘွေ ဆိုတဲ့ ယိမ်းအဖွဲ့ဟာ၊ မြို့ထဲမှာ ဖြစ်ပျက်နေတဲ့၊ ကမောက်ကမ တွေကို သံချပ်ဆန်ဆန် ဟာသနှော ရင်း မြို့ရဲ့ အချစ်တော်တွေ ဖြစ်ခဲ့ဘူးတယ်။ တို့ငယ်ငယ်တုန်းအရွယ် ယောင်ပေစူးလေးတွေနဲ့ရယ် ပုဆိုးကို စလွယ်သိုင်း ရွာတိုင်းပတ်လည် ဆိုတဲ့ သီချင်းနဲ့ ကြုံလေဘုံဘွေ အဖွဲ့ရဲ့ ယောင်ပေစူးယိမ်း တနှစ်ဟာ၊ အဲဒီတုန်းက..ကလေးတွေ ဖြစ်တဲ့ ကိုယ်တို့ ပါးစပ်ဖျားမှာ အကြိုက်တွေ့ခဲ့တာပေါ့။
အားလုံးကတော့၊ သူ့ရပ်ကွက် အလိုက်၊ သူ့စုစည်းမူ အလိုက်၊ သူ့ဖန်တီးမူ အလိုက်၊ ကြည့်ချင်ဖွယ် ပသာဒ ရှိသလို၊ ကြည်နူးဖွယ် ဟဒယ တွေ လည်း လွှမ်းခြုံနေခဲ့တဲ့ စွယ်တော် မြို့ကလေးပါပဲ။
ယိမ်း ဆယ့်နှစ်ယိမ်း စာ မက၊ လျှံကျနေခဲ့တဲ့၊ လူငယ် လူရွယ်တွေ ရဲ့ ရာသီစာ အနုပညာ ဗီဇ ပိုး တွေကိုတော့၊ ဇာတ်နိပါတ် ဆိုတာ တွေနဲ့၊ ဆင့်ခံ ၀န်းရံ ဖန်တီးကြပြန်တာက လည်း၊ စွယ်တော်ရဲ့ ထူးခြားချက် တခု လို။ သေချာတွေးကြည့်တော့၊ နွားလှည်းကြီးတွေကို သုံးပြီး၊ ဗုဒ္ဓ၀င် ဇာတ်တွေကို သာ သရုပ်ဖော်လေ့ရှိတာဟာ၊ ကားတွေ မသုံးနိုင်ခင်၊ ဟိုး..ရှေး ခေတ်တွေကတည်းက၊ ရှိ ခဲ့ ကြတဲ့၊ ဖျော်ဖြေ တင်ဆက်မူ အနုပညာ တခု ကို ထိန်းသိမ်းလာတဲ့ အစဉ်အလာ ဖြစ်ပေလိမ့်မည်။
ငယ်ငယ်ကတည်းက..နိပါတ် ဆိုရင် ဘာအဓိပ္ပါယ်မှန်း မသိပေမဲ့၊ မိတ်ကပ်ထူလပျစ် နဲ့ ယောက်ျားကြီးတွေ၊ ရုပ်သေကြီးတွေ လုပ်ပြီး လှည်းကြီးတွေပေါ် မှာ လိုက်လာ တာပဲ တန်းမြင် တော့တာ။ ရသေ့ကြီးတွေ၊ သိကြားမင်းတွေ၊ ဘုရင်ကြီးတွေ ထဲမှာ၊ အသိတွေ များ ဘယ်သူ ပါလေမလဲပေါ့...။ နေပူပူမှာ ချွေးတွေ စီးကျ နေတဲ့ သူတို့ မိတ်ကပ် မျက်နှာသေ ကြီးတွေ ဘယ်တော့များ လှုပ်သွားမလဲ၊ ပြောင်းသွားမလဲ လို့၊ ရီချင်ပက်ကျိ လိုက်ကြည့်ရတာလည်း ၊ ကလေး သဘာဝ မို့ ပျော်စရာ။
နိပါတ်လှည်းကြီးတွေကတော့၊ စွယ်တော်လှည့်တဲ့ နေ့မှ၊ လိုက်ကြတာပါ ။ နေ့လည် ၁၂ နာရီလောက်မှာ သကျမုနိ မိုးကောင်းဘုရားကြီး ထဲကနေ စွယ်တော် စ ထွက်ပြီ ဆိုတာ နဲ့ တမြို့လုံးကြားအောင် သေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်ဖေါက်လိုက်တာပဲ။
ရှေ့ဆုံးမှာ၊ တမြို့လုံးက..ဆေးလိပ်ခုံ ယက္ကန်းစင် စတဲ့ လုပ်ငန်းခွင်ထဲက..အမျိုးသမီး တွေက၊ တူညီ ၀တ်စုံတွေနဲ့.. အတန်းလိုက် ။ အဲဒီနောက်မှာမှ ခုန ပြောတဲ့ နိပါတ်လှည်းကြီးတွေ။ အဲဒါပြီးတော့ မှ.. ဘုရားလူကြီးများ အဖွဲ့ ဦးဆောင်ပြီး မင်းခမ်းမင်းနားလို၊ မှူးမတ် ၀န်ကြီး ထီးဖြူ ထီးရွှေ တွေရဲ့ နောက်မှာ ခြေလှမ်းကျယ်ကြီးတွေ ယဉ်ယဉ်သာသာနဲ့ ဆင်ကြီး နှစ် ကောင် ပင့်ဆောင် လာတဲ့ စွယ်တော် ရတနာစိန်ကြုပ်တင်ရာ ပလ္လင်ပြသာဒ်။ အဲဒါ ပြီးရင်တော့.. အားလုံး မျှော်လင့်နေကြတဲ့၊ ဒုံးချပ်ချပ်..ဗုံးပတ်ပတ် အသံတွေ နဲ့..ယိမ်းကားကြီး တွေ ပဲ ပေါ့။
တကယ်က၊ စွယ်တော် မလှည့်ခင် နှစ်ရက် လောက် အလို ကတည်းက၊ မြတ်စွယ်တော်ကို၊ ဂန္ဓကုဋိတိုက်လို့ ခေါ်တဲ့၊ သော့အထပ်ထပ် ခတ်ထားတဲ့ အခန်းထဲမှာ ရှိတဲ့ မီးခံ သေတ္တာထဲကနေ၊ ထုတ်ပြီး၊ အပူဇော်ခံ စ ခံတာပါ။ အဲဒီရက်တွေကပဲ.. မြို့လည်ခေါင် ဘုရားကြီး လမ်းတ၀ိုက်မှာ၊ စွယ်တော်ရက်တွေ ရယ်လို့..စည်ကား နေတာပေါ့။ ယိမ်းကား ကြီးတွေကလည်း နှစ်ရက် သုံးရက် လှည့်ပတ် ကပြ နေကြပြီလေ..။ ညနေစောင်း နေအေး တာနဲ့၊ လူကြီးတွေက..ရေချိုး အ၀တ်အစား လဲခိုင်း တယ်။ ပြီးရင်၊ အိမ်ရှေ့ကို ထွက်ပြီး၊ ယိမ်းကားသံ တွေကို နားစွင့်ရတယ်။ ခပ်ဝေးဝေးကနေ ရွေ့လာတဲ့၊ တီးဝိုင်းသံ ယိမ်းကားသံ၊ တွေကို ကြားရတာနဲ့ တင်၊ အိမ်ရှေ့မှာ ခုန်ဆွ ခုန်ဆွ လုပ်နေရပြီ။ တချို့ လူငယ် တွေ ကတော့.. စက်ဘီး တွေ နဲ့.. တလမ်းဝင် တလမ်း ထွက်..ယိမ်းကား လိုက်ရှာကြ၊ ကြည့်ကြ နဲ့၊ တမြို့လုံး တရုန်းရုန်း ။ မြောက်ပိုင်းကို ဈေး(၁) က.. ယိမ်းကား ကြီး လာနေပြီ ဟေ့ လို့... စက်ဘီးနဲ့ ဖြတ်သွားတဲ့ တယောက်ယောက်က ပြောသံ ကြားတာနဲ့၊ ညီအမ နှစ်ယောက်သား၊ လမ်းထိပ်က ကြီးဒေါ် အိမ်ကို ပြေးတာပဲ။ ကြီးဒေါ် အိမ်က၊ မြို့ မြောက်ပိုင်းကို ၀င်ဝင်ခြင်း၊ ယိမ်းကား တိုင်း ရပ်ပြီး၊ ကကြ တဲ့ ၊ ရပ်ရေးရွာရေး အလှူငွေ အမြဲထဲ့ တဲ့ အိမ်ကြီးလေ။ အိမ်အပေါ်ထပ် ထိ ပြေး တက်ပြီး၊ ၀ရန်တာပြတင်းတွေကနေ၊ ခပ်တည်တည် စတိုင်ကျကျ ကြည့်လိုက်ရ ရင် ကိုပဲ၊ ဘာမှန်းမသိ.. ဘ၀င်တွေ မြင့် လို့။ တခါတလေ၊ ယိမ်းသမ တွေ ဆင်းပြီး ညစာ စား၊ နောက်ဖေး နောက်ဖီ သွားတာ ကိုပဲ၊ မိတ်ကပ်တွေ ဖွေးနေတဲ့ ဒီမြို့ထဲကလူတွေကို ... ဒီလူ့ ဒီလူတွေ တခါမှ မမြင်ဖူးသလို၊ လိုက်ငေးရတာ အမော။ ရန်ကုန် က..အဆိုတော်တွေ၊ ဘာတွေပါရင်တော့ ၊ တန်ပြီပဲ။
အနှစ် (၁၀၀) ကျော်ခဲ့ပြီ ဖြစ်တဲ့၊ ပေါင်းတည် စွယ်တော် ကို၊ တန်ခိုးကြီးသည် စည်သည် ဟု ပြောကြသည်။ ကိုယ်တိုင် ဖြတ်သန်းဖူးခဲ့တဲ့၊ စွယ်တော်ပွဲ တော်တွေ မှာ၊ မိုးတခါမှ မရွာခဲ့ မဖျက်ခဲ့ တာကိုတော့၊ သေသေချာချာ မှတ်မိ နေသည်။ သမိုင်းဇစ်မြစ် ရယ်လို့၊ တိတိပပ မလှန်ကြည့် ဘူးပေမဲ့၊ လူကြီးသူမ တွေ ပြောစကား အရတော့၊ ပဲခူးရိုးမကြီးကို ပခုံးမှီ ပြီး စီးပွားစည်ပင် ခဲ့တဲ့ မြို့ခံ သစ်ကုန်သည် ဆင်ပိုင်ရှင် ဖောင်သူကြီး တချို့က၊ သီဟိုကျွန်းက၊ မြတ်စွာဘုရား ရဲ့ စွယ်တော်အစစ်ကို သွားရောက် ဖူးမြော်ကြရင်း၊ သူတို့မြို့မှာလည်း ဒီလို စွယ်တော်တဆူ ဖူးမြော်စေချင်လှ တဲ့ ဆန္ဒကြောင့်၊ စွယ်တော်အစစ် ထံ မှာ၊ ပွားယူရင်း၊ ပင်လယ်တွေ ကျော်ပြီး ပင့်ဆောင်ခဲ့ ကြတယ် လို့ ၊ ကြားဖူး ခဲ့သည်။ အဲဒါကြောင့်လည်း၊ စွယ်တော်လှည့်လည်ပွဲ ကြီးကို၊ အစဉ်အလာ အထိမ်းအမှတ် အနေနဲ့ ဆင်ကြီးတွေနဲ့ လှည့်လည် ခဲ့ကြတာ တဲ့လေ။
နောက်ဆုံး မှတ်မှတ်ထင်ထင် ရှိခဲ့တဲ့ စွယ်တော်တရက် ကတော့၊ ၁၉၈၇ ခုနှစ် ရဲ့ တော်သလင်းလဆန်း ၁၃ ရက်။
ဆယ်တန်းနှစ် မို့၊ လူသံတွေ ဥဒဟို၊ ယိမ်းကားသံတွေ၊ နရီပျက်မတတ် ဆူညံ နေတဲ့၊ လမ်းမပေါ်က၊ စွယ်တော်လှည့်ပွဲ ကြီးကို၊ ဥပက္ခာ ပြုရင်း၊ အိမ်ခန်းထဲမှာ၊ ကျောင်းစာတွေ ထဲ နစ်မြုတ်နေခဲ့သည်။ နေ့လည် တနာရီ ရေဒီယို သတင်းက၊ ငွေစက္ကူတွေ ရုတ်သိမ်း လိုက်ပြီ ဆိုတဲ့၊ သတင်းကို ကြားလိုက်တဲ့ တခဏ မှာ၊ အိမ်ရှေ့ကို ပြေးထွက်ကြည့်တော့၊ ဧည့်သည်တွေကို ဧည့်ခံ နေတဲ့ အိမ်က လူကြီးတွေ အားလုံး အံ့သြလွန်းလို့ ဘာစကားမှတောင် မပြောနိုင်ကြ။ ချက်ခြင်းဆိုသလို ပျံ့လွင့်သွားတဲ့ သတင်းက၊ တန်းလန်းမတ်တပ် စွယ်တော်လှည့်ပွဲ ကြီးကြားထဲကို ၊ လျင်လျင်မြန်မြန် တိုးဝင် သွားသည်။ လမ်းပေါ်မှာ လှည့်လည်နေတဲ့၊ မြို့မိမြို့ဖ သူဌေးသူကြွယ်တွေက အစ၊ ဆေးလိပ်သမ တွေ အဆုံး၊ အပြုံးတွေ ပျောက်ကွယ် ကုန်ကြသည်။ တက်ကြွစည်ကားနေတဲ့ အာရုံတွေအားလုံး ၊ ဖန်ခွက်ထဲကို ရေနွေးပူပူလောင်းထဲ့လိုက်သလို၊ တစစီ တကွဲစီ။
အဲဒီ နောက်တော့၊ မြန်မာတပြည်လုံး အဖြစ်တွေ စနစ်တွေ ပြောင်းလဲ ခဲ့သည်။ လူမူစီးပွား တွေ လည်း ယိုင်နဲ့ ခဲ့ သည်။ အနုပညာ အစဉ်အလာ တွေ ခမ်းခြောက် ခဲ့သည်။ အမျိုးသားယဉ်ကျေးမူ အသွင်သဏ္ဍန် တွေ၊ ခြေရာပျောက်ခဲ့သည်။
မနေ့က တော့၊ မြတ်စွယ်တော်မြို့လေး ဆီကနေ၊ ဆင်ကြီးတွေ ရောက်နေပြီ ဆိုတဲ့၊ အမ လုပ်သူ ရဲ့.. သတင်းစကား နဲ့ တကွ၊ ဓါတ်ပုံ တချို့ ကို မြင်လိုက်ရသည်။ ဘာကို လွမ်းရမှန်းတော့မသိ။ မလွမ်းတော့ဘူးလား၊ လွမ်းသေးလား ဆိုတာတောင် မသေချာ။ ဆင်ကြီးတွေနဲ့ ပတ်သတ်တဲ့၊ အတွေး မှတ်ညဏ် တွေကတော့၊ အသေအချာ လန်းဆန်းနေသေးသည်။
လမ်းထဲမှာက၊ ဆင်သူကြီး ဖောင်းသူကြီး မိသားစု အဆက်အနွယ်တွေ နေကြတာကြောင့်၊ ဆင်ကြီးတွေ၊ တောထဲက တက်လာလို့၊ လမ်းထဲ ၀င်လာပြီ ဆိုရင်၊ ဂလောင် ဂလောင် နဲ့ ခလောက်သံ ကြီးတွေ ကို အရင်ဆုံး စကြားရသည်။ ကလေးတရုန်းရုန်း လူကြီးတွေ တလုံးလုံး နဲ့ ဆင်ကြီးတွေ၊ အစာစားတာ အစ၊ မစင်စွန့်တာအဆုံး၊ စိတ်လှုပ်ရှားစွာ ကြည့်ရင်း၊ ညဖက် ညဖက်၊ တချွတ်ချွတ်အသံ ကြားတိုင်း ခတ်ထားတဲ့ ထူးတွေ ပြတ်ပြီး လွတ်များ ထွက်လာသလား စိုးရိမ်ခဲ့ ရတဲ့၊ ငယ်ငယ်က စွယ်တော်ချိန်တွေကို၊ သတိရမိသည်။ မျက်စောင်းထိုး အိမ်က၊ ဖောင်းသူကြီး အဆက် တွေက၊ ဆင်ကြီးတွေ အတွက်၊ ချပ်ဝတ်တန်ဆာ ကတ္တီပါ တွေကို၊ တာဝန်ယူ တာမို့၊ စွယ်တော် မလှည့်ခင်၊ ဆင်ကြီးတွေ အလှပြင် ဆင်ယင်တာကို၊ အနီးကပ် ကြည့်ခွင့် ရတာကိုပဲ၊ ပျော်ရွှင်ကျေနပ် နေခဲ့ ဖူးသည်လေ။
မနေ့ကမှ၊ အမ က ပြောသည်။ မျက်စောင်းထိုး အိမ်က..ဆင်ဝတ် တန်ဆာ တွေ တာဝန်ယူ လှူတဲ့ ဖောင်းသူကြီး အဆက် အဘွား တို့တွေ ၊ အိမ်ရောင်းပြီး ပြောင်းသွားတာ ကြာပီလေ တဲ့။ ပဲခူးရိုးမ မှာ သစ်တောတွေ ပြုန်းစ ပြုလာပြီမို့၊ သစ်လုပ်ငန်း တွေ ပဲ မကောင်းတော့လို့လား။ အဲဒီ အိမ်က ထုတ်ထုတ် နေလှမ်းလေ့ရှိတဲ့၊ ရွှေနားကွပ် ကတ္တီပါစ နီနီကြီးတွေ ရော ဘယ်ရောက်သွားသလဲ လို့ တော့.. အမ ကို မေးမကြည့် ဖြစ် တော့ ပေ..။ မီးရထားလမ်း ဂုံးကြီးကို ကျော်ပြီး မြောက်ပိုင်း ကို လာနေတဲ့.. ယိမ်းကားကြီးတွေကို ပြေးကြည့် ရတဲ့၊ ကြီးဒေါ် တို့ အိမ်ကြီးမှာ လည်း၊ ပိုင်ရှင်အသစ် တွေ ဖြစ်လို့ နေသည်။ ယိမ်းကားတွေ လည်း အရင်လို ရပ်ကွက် အစုံ မထွက်နိုင်တောဘူး တဲ့။ မနှစ်ကဆို၊ ယိမ်းကား တွေ နည်းနေ လို့ ဘုရားလူကြီး တွေက၊ အနီးအပါး ဇာတ်ထဲက..မင်းသမီး တွေ ငှါးပြီး ယိမ်းထွက် ရသတဲ့။ အခုနှစ်ရော ဆိုတော့၊ ခုနှစ်က၊ ရန်ကုန်က ဒန့်ဆာ တွေ ငှားပြီး လုပ်ကြတယ်လေ..ပို တိုးတက်လာတာပေါ့ လို့.. အမ က နောက်သည်။
မနေ့က စ ထွက်တာ ဆိုတဲ့ ယိမ်းကားတကားကို ကြည့်တော့၊ လော်စပီကာ အသံအိုး တွေ ကားရှေ့မှာ အစုလိုက် အပုံလိုက် ဆင်ထားပုံ က အမြင်ဆန်းနေသည်။ ကြော်ငြာ ဗီနိုင်းတွေ ကလည်း ယိမ်းကား ရဲ့ အောက်မှာရော..အပေါ်မှာ ရော မြင်နေရသည်။ ဆေးရောင်စိုစို နဲ့၊ ပန်းချီ လက်ရာ ပိတ်ကားချပ်ကြီးတွေ ကို တော့ မတွေ့ရ ။ ယိမ်းကားပေါ်ကို လှမ်းကြည့်တော့.. ဘယ်မှာလဲ.. အရောင်စုံစုံ အပြုံးချိုချို နဲ့ ယိမ်းသမ တွေ။ သီချင်းဆိုနေဟန် ပေါ်တဲ့.. မိန်းကလေး တယောက် သာ မြင်ရသည်။ နောက်တပုံ မှာတော့ ဘောင်းဘီတိုတို နဲ့ မိန်းကလေး သုံးယောက် ကနေသည်။ ကိုရီးယား ဂဏန်းအက လို့ ဆိုသည်။ ယိမ်းကားကနေ..ဒန့်ဆာ ကား ဖြစ်လို့ နေပြီပေါ့။ အစဉ်မလာ မပြတ်သေးတဲ့ နိပါတ်လှည်းကြီးတွေ ကိုတော့၊ ဓါတ်ပုံတွေထဲမှာ ဖြတ်ကနဲ တွေ့လိုက်မိသေးသည်။
နက်ဖြန်ဆိုရင်၊ မြို့လေး ဆီမှာ၊ မြတ်စွယ်တော် ကို ၁၁၂ ကြိမ်မြောက်အဖြစ်၊ တမြို့လုံးပတ် လှည့်လည် ပူဇော်ခံ ပေတော့မည်။ ယိမ်းကား တကား ကားက၊ မိုက်ကရိုဖုန်း စမ်းလိုက်တဲ့.. ဂွီဂေါ် ဆိုတဲ့.. အသံ ကြီးကို နားထဲမှာ ကြားယောင်မိတော့ .. ဘာမှန်းမသိ ရင်ခုန် မိတုန်း။ ရပ်ဝေး ရပ်နီး က ရောက်လာကြတဲ့၊ ဧည့်သည်တွေ နဲ့ဝင်ထွက် စည်ကား နေတဲ့ စွယ်တော်ရက် တွေကို၊ တွေးကြည့်လိုက်တော့ စိတ်လှုပ်ရှား မိတုန်း။ ဧည့်သည်တွေကို ဧည့်ခံ ဖို့၊ အိမ်တိုင်းလိုလို ထိုးကြတဲ့၊ ရာသီပေါ် ဒေသထွက် ကတွတ်ယို အိုးကြီးတွေကို မြင်ယောင်မိ တော့...နှုတ်ဖျား မှာ ၊ ချိုမြ နေတုန်း။
ဇာတိဌါနေ ရွှေတည် စခန်းက လှမ်းခဲ့တာလည်း ကြာ.. ဆိုတဲ့၊ မြန်မာ့အသံ က၊ လွှင့်ပေးနေကျ၊ ပေါင်းတည်စွယ်တော် သီချင်း ရဲ့ တပိုင်းတစ ကို ညည်းဆို ရွေရွတ်ကြည့်တော့ လည်း၊ ရင်ထဲမှာ လွမ်းသလိုလို တော့ ရှိနေတုန်းပင်။
++++++++
ကေသွယ်
၂၇ စက်တင်ဘာ ၂၀၁၂
Daily Eleven ရဲ့ Live ကဏ္ဍ မှာ ယူသုံးခဲ့ ။
◦
0 Comments:
Post a Comment