တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ

Development or Die

မြို့လယ်ခေါင် လူစည်ကားရာ နေရာမှာ၊ ချိတ်ဆွဲထားတဲ့ Development or Die ဆိုတဲ့ လစ်ဘရယ်ပါတီ
ရဲ့ မဲဆွယ်ဆိုင်းဘုဒ် ကလေးကို မြင်တော့၊ ပြုံးမိရသည်။ ဒီမြေတွေကို ဒီအတိုင်းပဲ ထားရင်း သေသွားကြမလား.. ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမလား လို့ ဆိုချင်ဟန် တူပါရဲ့။

သြစတြေလျ မှာက၊ သတ္တုတူးဖော်ရေး (Mining) လုပ်ငန်းက အဓိက ဖြစ်ပြီး ၊ တနိုင်ငံလုံးရဲ့ GDP ကို ၁၀ ရာနှုံးထိအောင် ထောက်ကန်ပေးခဲ့ဘူးသည် ဆိုတော့ နိုင်ငံရေးပါတီတွေရဲ့ အဓိက အသုံးချစရာ လက်နက်ကိရိယာကလည်း မိုင်းနဲ့ပတ်သတ်တဲ့ ပေါ်လစီတွေ အခွန်အခကိစ္စတွေသာ ဖြစ်လေ့ရှိသည်။ ပြီးခဲ့တဲ့ နှစ်တွေကပင် လေဘာပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဂျုလီယာဂေလာ့ဒ်က Mining Super Tax ဆိုပြီး ကုမ္ပဏီကြီးတွေကို အခွန် ၄၀% ထိ တိုးကောက်ဖို့လုပ်တော့ အကြီးအကျယ် အငြင်းပွားခဲ့ကြသေးသည်။ အဲဒီလို မိုင်းလုပ်ငန်းတွေ ဖွံ့ဖြိုးနေတဲ့ အထဲကမှ သြစတြေလျတင်မက တောင်ကမ္ဘာခြမ်းမှာပါ အကြီးဆုံး ဆိုတဲ့ Super Pit မိုင်းတွင်းကြီးကို မေးတင်ထားတဲ့ မြို့လေးတမြို့မှာ ၊ ရောက်ရှိ နေထိုင်နေသူ တဦးအတွက်တော့ မိုင်း နဲ့ စပ်ဆိုင်သမျှ အားလုံး သည်၊ စိတ်ဝင်စားစရာ ဖြစ်လို့ နေသည်။ တမြို့လုံးလိုလိုကလည်း ဒီ မိုင်းလုပ်ငန်း တွေ အပေါ်မှာ မှီခို လုပ်ကိုင်နေကြတဲ့ သူတွေ ချည်း။ မိုင်းအင်ဂျင်နီယာက စလို့၊ မိုင်းသန့်ရှင်းရေး လုပ်တဲ လူ အထိ၊ မိုင်းအလုပ်ကြမ်း ၀တ်စုံ နဲ့ လူကြီး လူငယ် ယောက်ျား မိန်းမ အစုံစုံ ဟာ၊ ညနေစောင်း အိမ်ပြန်ချိန် လမ်းတွေပေါ်မှာ အပြည့် ။ ဒါ့အပြင် Western Australia School of Mines ဆိုတဲ့ ၊ တက္ကသိုလ်လေး တခု လည်း ရှိနေသေးသည် ဆိုတော့၊ ဒီမြို့ကို မှ မိုင်းမြို့ လို့ မခေါ်ရင်၊ ဘာကို ခေါ်တော့မလဲ။

တကယ်က၊ လက်ရှိ အနိုင်ရ ဦးဆောင်နေတဲ့ လေဘာပါတီက မိုင်းလုပ်ငန်းတွေကို ကန့်သတ်ချင်သည်။ ဒါပေမဲ့ မိုင်းတွေ အများဆုံးရှိတဲ့ အနောက်ခြမ်းပြည်နယ်အစိုးရ မှာတော့ အတိုက်အခံ လစ်ဘရယ်ပါတီက အနိုင်ရထားသည်မို့၊ နောက်သက်တမ်းအတွက် ရွေးကောက်ပွဲ နီးလာချိန်မှာ ဒေသခံပြည်သူတွေကို မေးခွန်းထုတ်နေခြင်းဖြစ်သည်။

သူ့မေးခွန်းက ရှင်းပေ ပြတ်ပေမဲ့ နေရာတိုင်း နိုင်ငံတိုင်း အတွက်တော့ လွယ်လွယ်ကူကူ ဖြေဆို နိုင်ဖို့ မဖြစ်ပေ။ အထူးသဖြင့် လတ်တလော မြန်မာနိုင်ငံမှာ အကြပ်အတည်း ဖြစ်နေတဲ့ မုံရွာခရိုင် လက်ပတောင်းတောင် ကြေးနီစီမံကိန်း ပြသာနာမှာ ဆိုရင်တော့ ၊ အဲဒီတောင်ကြီးတွေ ပေါ်မှာ၊ ထင်းခြောက်ကောက်ရင်း ဟင်းရွက် ခူးရင်း ရွှေစဉ် မျိုးဆက် ချို့ငဲ့လာ ခဲ့တဲ့ တောင်သူ အမျိုးသမီးကြီး တယောက်က “ကျမတို့တော့ ဒီအတိုင်းပဲ သေမယ်…” လို့ မျက်ရည်လည်ရွဲ နဲ့ ဖြေမှာပဲလေ ။ ဘာဖြစ်လို့လဲ ဆိုတော့ မေးခွန်းရဲ့ တဖက်ခြမ်းမှာ ရှိ တဲ့ ဖွံ့ဖြိုးတိုးတက်မူ ဆိုတာကို ၊ သူတို့မှ မသိပဲ… ။ သူတို့မှ မခံစားရပဲ…. ။



တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ

မြန်မာပြည်မှာ ကြေးနီတွေထုတ်ဖို့ လက်ပံတောင်းတောင်ကြီးကို တူးဆွ ဖြိုဖျက်ပြစ်မယ် ဆိုတော့ သိကြတဲ့အတိုင်း အများစု တိုင်းသူ ပြည်သားတွေ ဒေသခံတွေ လက်မခံ နိုင်ပါ။ ဒါပေမဲ့… “ရွှေတွင်းကြီး ဖင်ခုထိုင်ပြီး ဆင်းရဲနေလို့ အပိုပဲ” ဆိုတာမျိုး၊ “ ရှိရင်တော့ တောင်ကို ခုတ်ရမှာပေါ”့ ဆိုတဲ့ အမြင်မျိုး တွေ လည်း မရှိမဟုတ်။ တကယ်တော့ မြန်မာပြည်ဟာ သဘာဝကပေးတဲ့ ကြွယ်ဝတဲ့ လက်ဆောင်တွေကို စနစ်တကျ အကျိုးရှိရှိ တခါမှ အသုံးချခွင့် မရခဲ့သေးပေ။

ထူးခြားတဲ့ ဘူမိအနေအထားအရ မြန်မာပြည်ဟာ Plate Tectonic ဘူမိဖြစ်စဉ်ကြီးရဲ့ ရှုပ်ထွေးတဲ့အပိုင်းတွေပေါ်မှာကျနေပြီး ၊ မြောက်ကနေ တောင် ပင်လယ်ထဲထိ သွယ်တန်းနေတဲ့ Central Volcanic Arc ကြီး နဲ့အတူ ကြွယ်ဝတဲ့ သတ္တုသိုက်တွေ အနှံ့အပြားရှိနေခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၅၀ ကျော်ကာလ သက်လယ်ကပ် တလျှောက်မှာ ဖြစ်ပေါ်နေခဲ့တဲ့ မီးတောင်ဖြစ်စဉ်တွေရဲ့ မျက်မြင်ထင်ရှားသက်သေတွေ ဖြစ်တဲ့ တောင်လုံးကြီးတွေ ထီးတည်းစီနဲ့ မုံရွာသတ္တုသိုက်ကြီးကိုယ်တိုင်က မြန်မာ့ဘူမိဗေဒဘာသာရပ် အတွက် ထူးခြားတဲ့ လေ့လာစရာတခု။ လက်ပတောင်းတောင်ကြီးရဲ့ ကြေးပါဝင်မူနှုန်း ၀.၄ % ဆိုတာ စပယ် ကြေးစင် အရင်တောင်တွေလောက် မမြင့်လှပေမဲ့၊ ပြန့်ကျဲပုံစံ Porphyry type နဲ့ ထုထည်လိုက်ရှိနေတဲ့ Kuroko type နှစ်မျိုး ပေါင်းစပ်နေတဲ့ ဒီသတ္တုသိုက်ကြီးဟာ၊ မြန်မာ့သတ္တုတွင်း ၀န်ကြီးဌါန ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အချက်အလက်အရ ၊ စီးပွားဖြစ်သတ္တုရိုင်း ထုပ်လုပ်နိုင်မူ ဖြစ်နိုင်ချေ ပမာဏ (Probable Ore Reserve) တန်ချိန် ၁၄၇၈ သန်း ရှိပြီး၊ လက်ရှိ ကမ္ဘာ့ကြေးနီ ဈေးကွက်တန်ဖိုးအရ ဆိုရင် ဒေါ်လာ သန်းပေါင်း ၄ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိနေသည်။

အချိန်တော်တော်ကြာကတည်းက ဒေသခံတွေရဲ့ လက်လုပ်လက်စား တူးဖော်လုပ်ကိုင်မူ တွေရှိနေခဲ့ရာကနေပြီး စီးပွားရေး တံခါးဟမူ တွေနဲ့အတူ ကြေးစင်တောင်နဲ့ စပယ်တောင်ကြီး ပျောက်ကွယ်သွားတာကို လူတွေသတိမထားမိလိုက်ကြ။ အခု လက်ပတောင်းတောင်ကြီးရဲ့ အလှည့်မှာတော့ လွတ်လပ်ပွင့်လင်းလာတဲ့ ခေတ်အပြောင်းအလဲနဲ့အတူ၊ ဆန့်ကျင်ကန့်ကွက်မူတွေ ရုတ်ခြည်းဆိုသလို သောသောညံ လာခဲ့သည်။ စီမံကိန်းကြီးတွေ နဲ့ ကုမ္ပဏီကြီးတွေရဲ့ လျှို့ဝှက်ချက်တွေ ကားစင်ပေါ် တင်ခံနေရပေပြီ။



စီမံကိန်းကြီးများ နဲ့ ကုမ္ပဏီကြီးများ

မိုင်းတူး တယ် ဆိုတာ အနည်း နဲ့ အများတော့ ၊ ကမ္ဘာ့မျက်နှာပြင် နဲ့ တောတောင်ရေမြေ သဘာဝ ကို ပျက်စီး ယုတ်လျော့ စေတဲ့ ကိစ္စတခုပါ ။ ခက်တာက ဟောဒီ ကမ္ဘာပေါ်က လူသား တွေ ကလည်း အဲဒီ သတ္တု တွေ ကို အမြဲမပြတ် လိုအပ်နေကြ ပြန်တာ ။ စစ်လက်နက် ပစ္စည်းတွေ အသာထား။ မိုက်ကရိုဝေ့ဖ်မီးဖို ထက်တောင် ပိုပြီး နေ့စဉ်သုံးဖြစ်လာတဲ့ ကွန်ပြူတာ၊ လက်ဘ်တော့ပ် နဲ့ စမတ်ဖုံး တွေမှာ ၊ သတ္တုပါဝင်မူက ပြေးမလွတ် ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ပတ်ဝန်းကျင် ညစ်ညမ်းမူ ထိန်းသိမ်းဖို့ အတွက် အထူး တီထွင်ထုတ်လုပ်ထားပါတယ် ဆိုတဲ့ Hybrid car တွေမှာတောင် ကြေးနီလို သတ္တုမျိုးတွေ အများကြီး သုံးကြရသည် ။ အီလက်ထရွန်နစ် ကွန်ပြူတာ ခေတ်ကြီး မတိုင်ခင် နှစ်ပေါင်း ခေတ်ပေါင်း များစွာ ကတည်းက ကျောက်ခေတ် ကြေးခေတ် သံခေတ် ဆိုပြီးတောင် ရှိခဲ့သည် မဟုတ်လား။

အရေးကြီးတာက မိုင်းတူးမဲ့ နေရာဒေသ နဲ့ ပတ်ဝန်းကျင် လူနေမူဘ၀တွေ သဟဇာတ ဖြစ်ဖို့ပင်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာက လူဦးရေ ထူထပ်သလောက် လက်လုပ်လုပ်စား တောင်သူ တောင်သားတွေ များတဲ့အပြင်.. အစိုးရတွေ ကိုယ်တိုင်ကလည်း ချွတ်ချွတ်ချော်ချော် ဆိုတော့ တရားနည်းလမ်း မကျတာတွေကသာ များနေတတ်သည်။ မြန်မာပြည်ရဲ့ လက်ပတောင်းတောင် အကြပ်အတည်းကတော့ တရားနည်းလမ်းဆိုတဲ့ ကိစ္စအပြင် အခြေအနေတွေက အတိုင်းအဆမသိ ရှုပ်ထွေးလွန်းနေသည်။

တိုင်းပြည်ရဲ့ နှစ်ပေါင်း ၂၀ကြာ စစ်တပ် တိုက်ရိုက် အုပ်ချုပ်မူ အောက်မှာ ဘယ်သူတွေက ဘယ်သူ့တွေကို ဘာလုပ်ကိုင်ခွင့်တွေ ပေး လို့ ဘာစီမံကိန်းတွေ ဘယ်လိုပုံစံ အကောင်အထည်ဖော် နေသလဲ ဆိုတာ ဘယ်ပြည်သူ တယောက်မှ သိခွင့် မရှိခဲ့ ။ မုံရွာကြေးနီသိုက်တွေကို ၁၄ နှစ်လောက် စနစ်တကျ လုပ်ကိုင်လာခဲ့တယ် ဆိုတဲ့ အိုင်ဗင်ဟို ကုမ္ပဏီကြီးပင် ဘယ်လိုနည်း နဲ့ လုပ်ပိုင်ခွင့် တွေ ရခဲ့လိုက်သလဲ မသိခဲ့ ။ တကယ်တော့ မဆလခေတ်စောပိုင်းကာလတွေကတည်းက ကိုလံဘိုစီမံကိန်း နဲ့ စမ်းသပ်တူးဖော်လိုက် ၊ ယူဂိုဆလပ် အဖွဲ့တွေနဲ့ ပေါင်းလုပ်လိုက်နဲ့ စနေခဲ့တာတော့ အတော်ကြာပြီ။ ၁၉၉၄ မှာ မြန်မာ့သတ္တုတွင်း (၁) ( ME-1) နှင့် Ivanho Myanmar Holding Limited (IMHL) တို့ ၅၀-၅၀ နဲ့ စခဲ့ ကြသည်။ ၂၀၀၇ မှာ အိုင်ဗင်ဟို ထွက်ဖို့ ဖြစ်လာတော့ Monywa Trust ဆိုတဲ့ ကြားခံ တခုက၊ ယာယီ လက်ပြောင်းယူထားပြီး ၀ယ်သူ ရှာသည်ဟု ဆိုသည်။ Monywa Trust ကလည်း သီးခြားလွတ်လပ်သော ဆိုပေမဲ့၊ IMHL က ပိုင်ဆိုင်သည် ဟု လည်း ဆိုပြန်သည်။ ထားတော့ ။ အဲဒီ အိုင်ဗင်ဟို ထွက်တယ် ဆိုတဲ့ အချိန်က စပြီး ၊ ယခု လက်ရှိ မြန်မာ့ဦးပိုင်လိမိတက် နှင့် တရုတ်အစိုးရပိုင် ၀မ်ဘောင်ကုမ္ပဏီ တို့ ပူးတွဲ လုပ်ကိုင်နေပြီ ဆိုတဲ့ လူသိရှင်ကြား အုတ်အော်သောင်းနင်း အခြေအနေတွေကြား ၅ နှစ်လောက် ကာလ အတွင်းမှာ ၊ ပိုင်ဆိုင်မူ လွှဲပြောင်းမူတွေက၊ ရှုပ်ထွေး ပိတ်မှောင်လှသည်။ ၂၀၁၁ လွှတ်တော်မှာ ထုတ်ဖော်လိုက်တဲ့ စာရင်းစစ်ချုပ်ရဲ့ အစီခံစာက ချည်ခင်ထွေး ရဲ့ အစ တခု ။ အိုင်ဗင်ဟို ရဲ့ ပိုင်ဆိုင်မူ ၅၀% ကို ဘယ်သူက ၀ယ်တာလဲ ။ ဦးပိုင်ကလား ..၀မ်ဘောင် ကလား..။ ဦးပိုင်က တဆင့် ၀မ်ဘောင် လား။ အိုင်ဗင်ဟို က သူ့ရဲ့ ပိုင်ဆိုင်မူ တ၀က် ရောင်းရငွေ ဒေါ်လာ သန်းတရာ ရတယ်လို့ လူသိရှင်ကြား ဖော်ပြ ထားတော့ ME-1 ရဲ့ ကျန်တ၀က်က ဘယ်ရောက်နေသလဲ။

အိုင်ဗင်ဟိုက၊ မြန်မာပြည်က သူထွက်ရခြင်း အကြောင်းရင်း တွေ ထဲ မှာ၊ နိုင်ငံတကာ ပိတ်ဆို့မူအောက်မှာ လုပ်ငန်းအာမခံကုမ္ပဏီ တွေ ဘဏ်တွေ ရဲ့ အထောက်အပံ့ ပြတ်တောက်သွားလို့ တကြောင်း ဖြစ်တယ်လို့ ဖော်ပြခဲ့သလို ၊ မြန်မာစစ်တပ်အစိုးရက လိုအပ်တဲ့ စက်ပစ္စည်း သန့်စင်ပစ္စည်းတွေ အတွက် သွင်းကုန်ပါမစ် ထုတ်မပေး ခဲ့ ဘူး လို့ လည်း ဖော်ပြ ထားသည်။ အိုင်ဗင်ဟိုမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ မိတ်ဆွေ တယောက် ပြောတာကတော့၊ လုံခြုံရေး ၀င်ပေါက်ကနေ တမိုင် နီးပါးဝေး တဲ့ အလုပ်စခန်းတွေ ရှိရာကို ရောက်ဖို့ အလုပ်သမားတွေ အတွက် ၊ ကားတွေစီစဉ် ပေးထားတာတွေကအစ၊ အစိုးရဖက်က၊ ပိတ်ပြစ်ခဲ့သည် တဲ့။ အခုတော့ Turquoise Hill လို့ နာမည်ပြောင်းလိုက်တဲ့ အိုင်ဗင်ဟို မိုင်းအုပ်စု ကြီးဟာ တချိန်က သူတို့ဥက္ကဌကြီး Friedland ပြောခဲ့ဖူးသလို လူသူမရှိ ၊ လမ်းမကြီးတွေ မရှိ ၊ ကန့်ကွက်မူတွေမရှိ ၊ NGO တွေ မရှိတဲ့ မွန်ဂိုလီးယား - ဂိုဘီ သဲကန္တရ ကြီး ထဲမှာ အေးအေးလူလူ ကြေးနီတွေ ရွှေတွေ တူးနေလောက်ပြီ ထင်ပါရဲ့ ။

ဥပဒေ နှင့် နိုင်ငံတော်

စက်တင်ဘာ ၂၆ ရက်နေ့က မြန်မာ့ဦးပိုင်လီမိတက် ရဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရုံးခန်း မှာ လုပ်တဲ့ မီဒီယာတွေ့ဆုံပွဲ မှာ ဦးပိုင်တာဝန်ရှိသူ ပြောသွားသလို နိုင်ငံတော်က အကျိုးအမြတ် အများကြီး ရပါတယ်..ကျနော်တို့လည်း အကျိုးအမြတ်ရပါတယ် … တရုတ်ကအနည်းဆုံးပါ… ဆိုတဲ့ စကားမှာ ၊ ဒေသခံ ပြည်သူတွေ ရဲ့ အကျိုးအမြတ် အကြောင်းတော့ မပါလာခဲ့ပေ။ ဒေသခံတွေ ရဲ့ နစ်နာမူကို ၊ ဖြေရှင်း ဆောင်ရွက်ပေးပါမယ် ဆိုတော့ ၊ ဒေသခံ တွေ အတွက်က နစ်နာမူ သက်သာ ယုံပဲလား ။

သြစတြေလျ လစ်ဘရယ် ပါတီက Development or Die လို့ မဲဆွယ်သလို အတိုက်အခံ လေဘာပါတီ ရဲ့ မဟာမိတ် နေရှင်နယ်ပါတီက Royalties for Regions ဆိုတဲ့ နည်းဥပဒေကို ၂၀၀၈ ခုနှစ်က ဖယ်ဒရယ်အစိုးရ လွှတ်တော်မှာ တင်ပြ အတည်ပြု နိုင်ခဲ့သည်။ အဲဒါက တနိုင်ငံလုံးကရတဲ့ သတ္တုတွင်းထွက် အခွန်အကောက်တွေထဲက လေးပုံတပုံကို သတ္တုတွင်းတွေ အများဆုံး ရှိတဲ့ အနောက်ခြမ်းပြည်နယ် အတွက် အသုံးပြု ဖို့ဖြစ်သည်။ ဆေးရုံတွေ ၊ ကျောင်းတွေ၊ လူမူအသင်းအဖွဲ့တွေ အပြင် ၊ အနုပညာကဇာတ် ရန်ပုံငွေ အတွက်ပါ မကျန်၊ ကိုယ့်ဒေသ မြို့နယ်အလိုက် လွှတ်တော်အမတ် တွေက တဆင့် တင်ပြ တောင်းဆို နိုင်သည်။

ထားတော့.. သြစတြေလျက ဘူမိပထ၀ီအနေအထား ဝေးသလောက် လူမူနိုင်ငံရေး အခြေအနေပါ လှမ်းလှသည် ။ မြန်မာနိုင်ငံအတွက် သတ္တုအဓိကလုပ်ကိုင်ရာ အင်ဒိုနီးရှားလို ဖိလစ်ပိုင် လို ဖွံ့ဖြိုးဆဲနိုင်ငံ တွေ နှင့် နှိုင်းယှဉ် သုံးသပ် အဖြေရှာ ကြည့် စေချင်သည်။

အင်ဒိုနီးရှားဆိုလည်း အာဏာရှင်ပုံစံ အဆင့်ဆင့်အောက်မှာ နိုင်ငံရေး မတည်ငြိမ်မူတွေကို ဖြတ်သန်း ခဲ့ရပေမဲ့ ၁၉၆၇ ကနေ ၁၉၉၄ ခုနှစ် အတွင်း အဆင့် ၇ ဆင့်ကို တဆင့်ခြင်း တဖြည်းခြင်း လိုက်လျောညီထွေ ပြု သွားတဲ့ ပွင့်လင်းမြင်သာတဲ့ သတ္တုတူးဖော်မူဥပဒေ ကြောင့် ၊ ပြသာနာ နည်းပါးခဲ့ ဟန်ရှိသည် ။ သူက မြေယာငှါးရမ်း ပိုင်ဆိုင်မူကို နိုင်ငံတော်ကသာ အပြည့်အ၀ ထိန်းချုပ်ထားသည်။ ပြည်တွင်း အသေးစား လုပ်ငန်းတွေကိုလည်း ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဖန်တီးပေးထားသည်။ ဖိလစ်ပိုင် မှာကျတော့ ၁၉၉၅ သတ္တုတူးဖော်မူဥပဒေအောက်မှာ နိုင်ငံတကာကုမ္ပဏီကြီးတွေကို သာ ဦးစားပေးသည်။ ၁၀၀ ရာနှုံးအထိ ရင်းနှီးမြုပ်နှံခွင့် ရှိသည်။ အခွန်အခတွေ မတရားလျှော့ပေါ့ပေးထားသည်။ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ၀န်ကြီးဌါနတွေ ဥပဒေ တွေ ရှိပေမဲ့လည်း ချွင်းချက်တွေ ပေးထားသည်။ နိုင်ငံပိုင် လုံခြုံရေးနှင့်တောင် ကူညီ စောင့်ရှောက်ပေးသည် ဆိုတော့.. ဒေသခံ တွေ ရဲ့ မကျေနပ်မူ တွေက အမြဲလို ရှိနေသည်။ ၁၉၉၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ MarCopper ဘေးဒုက္ခဆိုးကြီးကြောင့် ဖိလစ်ပိုင် ကျွန်းသူကျွန်းသားတွေ မှာ မိုင်းနဲ့ ပတ်သတ်လို့ ပိုပြီး သတိရှိခဲ့ ကြသည်။ အာဏာရှင်ဟောင်း မားကို့စ် လက်ထပ်ကတည်းက သဘောတူ စတင် ခဲ့တဲ့ Marinduque ကျွန်းကြီးပေါ်က အကြီးဆုံးမိုင်းကြီးရဲ့ မြစ်ထဲကို စွန့်ပြစ်တဲ့ စွန့်ပြစ်မြေစာ (tailing) တွေကြားထဲမှာ ဒေသခံတွေ နှစ်ပေါင်း ၃၀ နီးပါး လောက် အဆိပ်သင့် နေခဲ့ရာကနေ ၁၉၉၆ ခုနှစ် တိုင်ဖွန်းမုန်တိုင်းကြီးကြောင့် စွန့်ပြစ်မြေစာကန် (Tailing Dam) ကြီး ပြိုပြီး မြစ်ထဲကိုလျှံ ၊ မြစ်ရေတွေ ရုတ်ခြင်း မြင့်တက်ပြီး ရွာတွေ ရေမြုပ် လူတွေ သေကျေ ဒုက္ခရောက် ခဲ့ ကြရသည်။ အဲဒီနောက် အစိုးရက လုပ်ကိုင်ခွင့် ဆိုင်းငံ လိုက်ရာကနေ ကနေဒါ အခြေစိုက် Placer Dome ကုမ္ပဏီကြီးဟာ အဆိပ်သင့်နေတဲ့ ကျွန်းကြီးကို သံပိုက်လုံး အဟောင်းတွေ၊ ပလက်စတစ်အိတ် အဆွေးတွေ ရှုပ်ပွ နေတဲ့ မြစ်ကမ်းပါးကြီး နဲ့ အတူ ဒီအတိုင်း ထားသွားခဲ့ လေသည်။ တခုရှိတာက သူတို့ နိုင်ငံတွေမှာ မိုင်းလုပ်ငန်း နဲ့ ယဉ်ပါးခဲ့တာ ကြာပြီမို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးအဖွဲ့တွေ လူမူကွန်ယက် တွေ အားကောင်းသလို Oxfam လို ကမ္ဘာ့အသိအမှတ်ပြု ကြားခံ အဖွဲ့အစည်းကြီးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အခွင့်သာကြသည်။ Oxfam ဆိုတာက ဆင်းရဲမွဲတေမူ နဲ့ တရားမျှတမူ ပြသာနာ တွေ အတွက် ၁၉၄၂ ကတည်းက Oxford မှာ စတင်တည်ထောင်ခဲ့တဲ့ နိုင်ငံပေါင်းစု အဖွဲ့ကြီး ဖြစ်သည်။ အစိုးရ နဲ့ ကုမ္ပဏီကြီးတွေ ရဲ့ စီမံကိန်းကြီးတွေမှာ၊ ဒေသခံတွေ အနေနဲ့ ကြိုတင်ဆန္ဒပြုနိုင်ဖို့၊ နစ်နာမူတွေကို တောင်းဆိုနိုင်ဖို့.. လုပ်ဆောင်ပေးနေသည်မှာ ဒေသတွင်း နိုင်ငံ တချို့မှာ အတော် ကျယ်ကျယ်ပြန့်ပြန့် ရှိနှင့်နေပြီ။ မြန်မာနိုင်ငံမှာရောရှိနေပြီလား.. ဘယ်လောက်အတိုင်းအတာထိ ရှိနေသလဲ ဆိုတာ စိတ်ဝင်စားမိသည်။  Oxfam Australia ရဲ့ အင်တာနက် စာမျက်နှာမှာတော့ မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ တချို့ နှင့်ပါ ရေးသားပေးထားတဲ့ “လွတ်လပ်သော သဘောဆန္ဒဖြင့် ထုတ်ဖော်ပြောကြားသည့် သဘောတူညီချက် လမ်းညွှန်” ဆိုသော လက်ကမ်းစာစောင်လေး တခု တွေ့မိသည်။

တကယ်က လွတ်လပ်စွာ ပြောဆို ထုတ်ဖော်ခွင့်တွေ ပေးလိုက်တယ်ဆိုပေမဲ့ တရားဥပဒေတွေ ကရော ဘယ်လောက် တိတိပပ ထိန်းကွပ်ဆောင်ရွက်ပေး နိုင်နေပြီလဲ။ အခုလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမူ ဥပဒေကြီးကို အသစ်ပြင်ဆင်ပြဌာန်းမယ်လို့ ဆိုပေမဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေကို လွတ်လွတ်လပ်လပ် ပေးဝင်ရမည်လား လက်ရှိပြည်တွင်း လုပ်ငန်းရှင်ကြီးတွေကို အကာအကွယ်ပေးရမည်လား မဝေခွဲနိုင်ပဲ ကြန့်ကြာနေသည်။ တနွယ်ငင်တစင်ပါ မြန်မာ့သတ္တတွင်းဥပဒေ ကလည်း ၁၉၉၄ မှာ တစ်နေတုန်း ။ ဥပဒေတွေသာ အသေအချာ ထွက်မလာသေးပေမဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကို ဈေးခေါ်ဖို့ သတ္တုတွင်းဝန်ကြီးဌာနကိုယ်တိုင် ဦးဆောင်ကျင်းပတဲ့ ပထမအကြိမ် Myanmar Mining Summit လို ပွဲကြီးကိုတော့ မဆမတန် ကြေးယူကာ ဇူလိုင်လမှာ ကျင်းပပြီးသွားလို့မှ အခု နောက်တပွဲကိုတောင် နှစ်မကူးခင် စဖို့ပြင်နေပြီ။ မြေယာပိုင်ဆိုင်ခွင့် ဥပဒေတွေကရော သာမန်ပြည်သူတွေကို ဘယ်လို အကာအကွယ်ပေးမှာလဲ ။ တောတောင်ရေမြေတွေကို ကာကွယ်ဖို့ ပတ်ဝန်းကျင်ထိန်းသိန်းရေးဥပဒေ ဆိုတာမျိုးလည်း မြန်မာပြည်မှာမရှိသေး။ မြန်မာ့သတ္တုတွင်းဥပဒေ အပိုဒ် ၁၅ မှာ ပါတဲ့- “၀န်ကြီးဌာနသည် ဓာတ်သတ္တု စီးပွားဖြစ် ထုတ်လုပ်နိုင်မည့်မြေကို နိုင်ငံတော်အကျိုးငှာ လိုအပ်လျှင် တည်ဆဲဥပဒေနှင့်အညီ မြေသိမ်းယူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။” ဆိုတဲ့ စကားရပ်ကြောင့် ဆားလင်းကြီးဒေသက ကျေးရွာ ၂၆ ရွာသည် နိုင်ငံတော်အကျိုးအတွက် တသက်လုံးနေလာတဲ့ ကိုယ့်မြေ ကိုယ့်ခြံတွေကို သီးနှံလျော်ကြေးလောက်နဲ့ စွန့်လွှတ်ရမည်တဲ့လား။ နိုင်ငံတော်ဆိုတာက..ဘယ်သူတွေလဲ။ အစိုးရအဖွဲ့ကိုပဲ..ခေါ်တာလား..။ ပြည်သူတွေရော နိုင်ငံတော်ထဲမှာ ပါသလား.. ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က အရေးကြီးလာသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ရဲ့ အပိုဒ် ၃၇(က) မှာ ကို “ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး မြေပေါ်မြေအောက်၊ရေပေါ်ရေအောက် နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းများဧ။် ပင်ရင်းပိုင်ရှင် ဖြစ်သည်” လို့ ဆိုထားလေတော့ ၊ မကြာခဏ ဆိုသလို စကားလုံးတွေ နဲ့ နားလည်မူလွဲတတ်တဲ့ လွှတ်တော်ကြီးထဲမှာ “နိုင်ငံတော်” သည် ပိုပြီး ရှင်းရှင်းလင်းလင်း ထင်သာမြင်သာ ဖြစ်သင့်နေသည် မဟုတ်လား။

ထင်သာမြင်သာရှိဖို့

ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမူစီမံကိန်းတွေမှာ ၂၅ နှစ်လောက် အလုပ်လုပ်လာခဲ့တဲ့ ပရော်ဖက်ဆာ Dr Peter Eigen တယောက် အစည်းအဝေးသွားဖို့ ကျကျနန ၀တ်စားနေတဲ့ အချိန်မျိုးမှာ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တခုဖြစ်တဲ့ နိုင်ရိုဘီက ဆေးရုံတခုမှာ အကူအညီပေးနေတဲ့ သူ့ဇနီးသည် ဆရာဝန်မကြီးက၊ ထိရောက်မူမရှိတဲ့ ကမ္ဘာ့ဘဏ်စီမံကိန်းတွေကို လှောင်ပြောင်ပြစ်တင်လေ့ ရှိသည် တဲ့။ နောက်ပိုင်းမှာတော့ ပရော်ဖက်ဆာကြီးဟာ ကမ္ဘာ့ဘဏ်က ထွက်လိုက်ပြီး အခု Extractive Industries Transparecy Initiative (EITI )လို့ဖြစ်လာမဲ့ Transparency International(TI) ကို ၁၉၉၃ ခုနှစ်မှာ စပြီး တည်ထောင်ခဲ့သည်။

လက်ရှိမှာ အဖွဲ့ဝင် ၃၅ နိုင်ငံ ရှိပြီး ပွင့်လင်းမြင်သာမူ ကို တင်းပြည့် လိုက်နာကျင့်သုံးနေပြီ ဖြစ်တဲ့ နိုင်ငံက ၁၅ နိုင်ငံ လောက်ရှိပြီး အဲဒီအထဲမှာ မွန်ဂိုလီးယားလို နိုင်ငံမျိုးပင် ပါဝင်နေလေပြီ။ EITI ရယ်လို့ တကမ္ဘာလုံးမှာကျယ်ပြန့်လာအောင် အဲဒီတုန်းက ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲ က ၂၀၀၂ ခုနှစ် နိုင်ငံတကာအစည်းအဝေးကြီးတခုမှာ အတည်ပြုထောက်ခံပေးခဲ့သည်။ အခုလည်း တိုနီဘလဲ ရဲ့ အကြံပြုချက်ပေပဲလား တော့မသိ.. ဥရောပခရီးစဉ် အတွင်း ဗြိတိသျှပါလီမန်မှာ ပြောတဲ့ မိန်းခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် က EITI အကြောင်း စတင်ပြောဆို ခဲ့သည်။ နောက်တလအကြာ ဇူလိုင်လ ထဲမှာပဲ EITI တာဝန်ရှိသူတွေ နေပြည်တော်ကို ရောက်လာခဲ့ကြသည်။ ဒီမိုကရေစီခေါင်းဆောင်လဲဖြစ် လွှတ်တော်အမတ်လည်းဖြစ် တရားဥပဒေစိုးမိုးရေးကော်မီတီဥက္ကဌ လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံကြသည်။ မြန်မာအစိုးရက EITI နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာတွေ ရှိနေပြီ လို့လည်း သတင်းတွေ ထွက်ပေါ်လာသည်။ သိပ်မကြာခင်လေးကပဲ ၀န်ကြီးချုပ်ဟောင်းကြီး တိုနီဘလဲ ကိုယ်တိုင် နေပြည်တော်ကို ရောက်လာခဲ့ပြန်သည်။

ကုမ္ပဏီကြီးတွေက သူတို့ပေးရသမျှကို တရားဝင် ဖော်ပြရမှာ ဖြစ်သလို အစိုးရဖက်ကလည်း ရသမျှကို ဖော်ပြရမှာ ဖြစ်တဲ့ လုပ်ထုံးလုပ်နည်း အခြေခံ စည်းမျဉ်းအောက်မှာ၊ စာရင်းစစ်ချုပ်ကို ရာထူးဖယ်လိုက်ပြီး သတ္တုတွင်းဝန်ကြီးကို စာရင်းစစ်ချုပ်ခန့် လိုက်တဲ့ မြန်မာအစိုးရ အနေနှင့် ဘယ်လို ဘယ်ပုံ လိုက်နာ ကျင့်သုံးလိမ့် မလဲ ဆိုတာ တော့ အတော့်ကို စိတ်ဝင်စားစရာ ကောင်းနေပေတော့သည်။

ဆိုပါတော့လေ….တောင်ကြီးကို ဖြိုမဲ့ကြံ သူတွေ ခါးမသန်လို့ အားမာန်လျှော့သွားခဲ့ ပြီ ဆိုရင်ရော… ဇတ်လမ်းက ဒီတင် တခန်းရပ် မှာ တဲ့ လား ။

ကေသွယ်
၂၅ အောက်တိုဘာ ၂၀၁၂



ကိုးကား-

Myanmar Mining Summit, 2012. Geological outlook, surveys of Myanmar’s minerals & resources, Yangon.
United Nations, 1996. Geology and Mineral Resources of Myanmar.,New York.
Smith,M., 2007.Environmental governance of mining in Burma, ANU E Press.Australia.
https://www.oxfam.org.au
eiti.org

Weekly Eleven Journal အတွဲ (၈) အမှတ်(၅) တွင် ဖော်ပြပါရှိပြီး။

ဆက်စပ်ဖတ်ရန်-
 သိခဲ့ဖူးတဲ့ မိုးကုတ်မြို့


Share/Bookmark

2 Comments:

ခင်မင်းဇော် said...

အခုက ဦးပိုင် ၄၉ ၀မ်ဘောင် ၅၁ လို့ သိထားတယ်။ ဒါ့အပြင် ဦးပိုင် ၄၉ ကိုလဲ ၀မ်ဘောင်ရဲ့ ညီနောင်ကုမ္ပဏီတခုက ၀ယ်ထားသလိုလို... ဦးပိုင်က နာမည်ခံထားသလိုလို....တခုခုတော့ ရှိသေးတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ ရလဒ်တွေပေါ့ ကေ...

PKD said...

ဒီဆောင်းပါးလေးကို လာကူးယူသွားတယ် မမကေ...

တာဘလု.. :D

 
K