ခုတလော..


ခုတလော……တဲ့… 

ခုတလောဘာတွေနဲ့ အချိန်ကုန် နေမိပါလိမ့်..
ဘာဖြစ်လို့ဆိုတော့.. အိမ်ပြန်ရောက်ကတည်းက..မီးပူ တိုက်ရမဲ့ လစာ နီးပါး အ၀တ်ပုံကြီးကလည်း အခန်းလွတ် တခု တည်းမှာ ဒီအတိုင်း

မြန်မာပြည်အပြန် မှာ ပါလာခဲ့တဲ့ ရေးစရာ ချွတ်စရာ စာရွက် စာတမ်း တချို့ ကလည်း အိတ်ထဲကတောင် မထုတ်ရသေး။

အဲဒါ နည်းပညာ ကျိန်စာ မိနေတဲ့ ၂၁ ရာစုဒိဗျာ အိမ်ရှင်မ တွေ ရဲ့ အာဝေနိက အင်တာနက် ဒုက္ခ တွေပဲထင်ပါရဲ့ အင်းလေ.. သတင်းခေတ်ကြီး နဲ့ အာဝါဟ ၀ိဝါဟ ပြုခဲ့မိလေတော့လည်း 

အချိန်အကန့်အသတ် နဲ့ သုံးခဲ့ရတဲ့ မြန်မာပြည်က.. ဟန်းဖုံးအင်တာနက် ကလေး က နေပြီး.. အကန့်အသတ်မဲ့တဲ့.. အန်လစ်မစ်တက် ဘရော့ဘန်း ကြီးပေါ်လည်း ပြန်ရောက်ရော.. တကယ့်ကို ဘာမှ ကန့်သတ် လို့ကို မရ တော့တာပါပဲ။ စားချိန်လည်း ကန့်သတ်မရ.. အိပ်ချိန်လည်း ကန့်သတ်မရစာဖတ်ချိန်လည်း ကန့်သတ်မရ။

စာဖတ်ချိန် ကန့်သတ်မရ ပုံ ကလည်း ဆန်းတော့ အဆန်းသား။ တကယ် ဖတ်သင့်တဲ့.. ဖတ်လက်စ တန်းလန်း ဖြစ်နေတဲ့.. စာအုပ်တွေဆီ မလှည့် နိုင် ပဲ အင်တာနက် ပေါ်က..သတင်း အတို အပြတ်၊ အငြင်းအခုံ ကောလဟာရ တွေ ကို သာ.. အကန့်အသတ်မဲ့ ဖတ်..ဖတ် နေမိတာလေ..
( လတ်တလော ဆို.. ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရဲ့ ဆိုင်းစု မှသည် မန်ဟိုင်း ဆီသို့ ကို.. ရန်ကုန်မှာ ဖတ်နေရင်း.. တန်းလန်းကို စိတ်ဝင်စားလွန်းလို့.. ဒီအထိ ဆက်သယ်လာတာ.. ခုတော့ တစ်လစ် ကို ဖြစ်နေတော့တာ.. ) 

စစခြင်း အန်အယ်ဒီ ညီလာခံ နဲ့ တိုးတာပဲ.. ဘယ်နေမလည်း။ မျက်လုံးတွေ ကို ပြူး လို့.. ဗဟိုဦးစီး စနစ် ကို ငွေရတု တိုင်အောင် ထိန်းသိမ်း လာခဲ့တဲ့ ပြည်သူ့ အသဲကျော် ပါတီ ကြီး ..ဘယ်လို ဘယ်ပုံ ဒီမိုကရေစီ စနစ် ကို ကူးပြောင်း အကောင်အထည်ဖော် လိုက်သလဲ ဆိုတာ တနေကုန် စိတ်ဝင်တစား ထိုင်ကြည့် ဖြစ်တယ်။ စုစည်းသင့်တဲ့ အင်အားတွေ.. နဲ့ ပဲ့စင်သွားတဲ့ မာနတွေ ကို ချိန်ထိုးကြည့်ရင်း .. ချစ်သူ အသစ်တွေ နဲ့ မုန်းသူ အဟောင်းတွေ အကြောင်း တွေး နေမိခဲ့တယ်။

တချိန်တည်းမှာပဲ နိုင်ငံတကာ သတင်းတွေမှာ ခေါင်းကြီးဖြစ်နေ တဲ့ ဗာတီကန် အပြောင်းအလဲ သတင်းကြီးကိုလည်း ကြည့်လိုက်မိတယ် နေရင်း ထိုင်ရင်း ပုပ်ရဟန်းမင်းကြီးက ဗာတီကန် ကို စွန့်ခွါပြီး ဂျာမဏီ ကို ရဟတ်ယဉ်ကြီး စီးပြီး ပြန်ချင်စိတ် ပေါက်သွားတဲ့ အကြောင်းရင်း တွေကို.. သတင်းသမား တွေ အမျိုးမျိုး သုံးသပ်သလို.. ကိုယ့်ဖာကိုယ် မတောက်တခေါက် ဟိုရောက် ဒီရောက် လျှောက်တွေးနေမိ ပြန်တယ်။
လူထု အများအပြား စိတ်ဝင်စားတဲ့ ကြီးမားတဲ့ အဖွဲ့အစည်းကြီး တခုအတွင်းက..ငွေကြေး အလွဲသုံးစား လုပ်မူတွေ တဲ့။ လိင်အရှုပ်တော်ပုံတွေ တဲ့ ဗျုရိုကရက် အာဏာရှင် ဆန်မူတွေ တဲ့ အမျိုးမျိုး ထင်ကြေးပေး ကြသည်။ ပုပ်ရဟန်းမင်းကြီးဟောင်း ဗာနဒစ် ကတော့၊ အားလုံးကို ထားခဲ့လေပြီ။ ပုပ်ရဟန်းမင်းကြီး အသစ်ရဲ့ ... ဗာတီကန် ဟာ လူဆင်းရဲ တွေ အတွက် ဖြစ်ရစေ့မယ် လို့ ကတိပြု သံ ကိုလည်း ကြားလိုက်ရသည်။ သေချာတာတော့ ဗာတီကန် မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်နေ လို့သာပေါ့...။

ဖြစ်ချင်တော့..တီဗွီက သတင်းကို အလုပ်လုပ်နေရင်း လှမ်းကြည့်လိုက်လို့.. ပုပ်ရဟန်းမင်းကြီး အသစ်ပုံ မြင်လိုက်တိုင်း.. ဟဲ့ဦးသိန်းစိန် ကြီး ပါလားလို့ ရုတ်တရက် ကြောင်..ကြောင် သွားရ လောက်အောင် ကို.. ပုပ်ရဟန်းမင်း အသစ်ကြီး နဲ့ သမ္မတ မသစ်တသစ်ကြီးက.. အတော် ရုပ်ဆင်နေလေရဲ့.. သမ္မတအသစ်ကြီး ကရော.. ဘာတွေ ကတိ က၀တ် ပေးထားပြီလဲ.. လောလောဆယ်ဆယ်တော့.. လက်ပံတောင်းတောင် ပြသာနာထုပ်ကြီးကို ဒေါ်စု အပေါ် တင်ပြီး..ကိုယ့်အရှုပ် ကိုယ်မရှင်းပဲ ကမ္ဘာပတ်ပြီး ပိုက်ဆံ လိုက်ချီးနေပုံရသည်။ သြော်စီ သတင်းက လာနေတဲ့ သမ္မတကြီး ရဲ့ အသံတိမ်တိမ် ဥပဓိ မှိန်မှိန်ကြီးကို မြင်တော့.. သူသာ နော်ဝေ နောက်တခေါက်သွားပြီး နိုဘယ်ဆု သွားယူရမယ် ဆိုရင်..ငါ ဘယ်လို နည်းနဲ့ ဆန္ဒပြရမလဲ လို့  ကြိုတွေးနေမိသည်။  သူများငွေတွေနဲ့ အလွဲသုံးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ.. တိုင်းပြည်ရဲ့ ပိုင်ဆိုင်မူတွေကို..နားလှည့် ပါးလှည့် လုပ်ပြီး  ဘောင်းဘီ အိတ်ထောင်တွေထဲ ထိုးထဲ့ ပြီး ကျောချင်းကပ်နေကြတဲ့ သူတွေ .. ကမ်ဘာရာမှာ လာလုပ်တဲ့.. မြန်မာ့အပြောင်းအလဲ အရောင်းမြှင့်တင်ပွဲ ကြီးကိုလည်း စိတ်ချဉ်ပေါက်နေမိသည်။  သူတို့တွေ အေးအေးဆေးဆေး ပြုံးပြုံးရွှင်ရွှင် အရောင်းမြှင့်တင်နေတုန်းမတော့.. မြန်မာပြည်မှာ အယူအဆ ရေးရာတွေ ကွဲကြ လွဲကြ.. ရပ်တည်ချက်တွေ.. စောင်းကြ မြောင်းကြ..နဲ့ တကယ့် ပွဲကြီး ပွဲကောင်း ဖြစ်နေသည်။
  
အထူးသဖြင့်တော့.. ဟောဒီ အကန့်အသတ်မရှိတဲ့ အင်တာနက် ဇတ်ခုံကြီးပေါ်မှာ အဆိုးဆုံး ဒေါ်စု ရှင်းပြ သလို..မီးခိုးဗုံးက.. လေထဲမှာတော့ မီးခိုးပဲ.. တာပေါ်လင် ပေါ်ကျတော့..၀ုန်းကနဲ ဆို မီးတောက် သွားတာ ဆိုသလိုပဲ..လက်ပံတောင်း အစီရင်ခံစာ နဲ့ လက်ပံတောင်းဒေသခံ တွေ အကြောင်းက.. သူ့ဖာသူ ဖြစ်တာက ဖြစ်ပြီးသွားပြီ။ အင်တာနက်ပေါ် ရောက်မှ.. ဟိုနေရာကျသွားရင်..၀ုန်းကနဲ အော်ဟစ် ပေါက်ကွဲ လိုက်ကြ..ဒီနေရာ ရောက်သွားရင် စီကနဲ ဆို ရန်ဖြစ် ငြင်းခုံ လိုက်ကြကဗျာတွေ စပ်ကြ..စာတွေချိုးကြ.. အပြန်အလှန် ဆဲဆို စွပ်စွဲ ကြနဲ့.. လူမူကွန်ယက်ကြီး တခုလုံး..ဒေါသ..မောဟ မီးလောင်ဗုံးတွေ တလုံး ပြီး တလုံးကို ပေါက်နေ ကြတော့တာပါပဲ။

နောက်ဆုံး အင်မတန် ချစ်ခင် စည်းလုံးပါတယ် ဆိုတဲ့ ကိုယ်တို့ ညီအမ ငါးယောက် တောင် ဖေ့စ်ဘွတ် မက်ဆေ့ခ်ျ မှာ ဝေမျှ ဆွေးနွေးကြရင်း..ငြင်းမိ ခုံမိ ကြ .. ငြိုငြင်မိရ.. ပြီးတော့လည်း စိတ်တွေ မကောင်းဖြစ်ကြ  

နောက်တနေ့ မိုးလင်းတော့ အခါတိုင်းလို ဖတ်နေကျ Daily bread ကလေးကို ဖတ်တယ်။ စိတ်တွေက ဒေါသ မောဟ တွေ များနေတော့..ပိုပြီး အာရုံစိုက် ဖတ်ရတယ်။ ရေးထားတဲ့ သက်သေခံချက်ကလေးက ကောင်းပေမဲ့..ညွှန်းထားတဲ့ ကျမ်းပိုဒ်ကို ဖတ်တော့ ဘ၀င်မကျချင်ဘူး။ နှလုံးသား ထဲ အလွယ်တကူ စီးဝင်မသွားဘူး ဖြစ်နေတယ်။ ထပ်ဖတ်တယ်။ နားမလည်နိုင်ဘူး။ ဘာလို့လည်း။ အဲဒါနဲ့ ခဏလောက် ထိုင်ပြီး မျက်စိမှိတ်ပြီး ဆင်ခြင် ကြည့်တော့.. ငါတို့တွေဟာ ကိုယ်လိုချင်တာ ..ကိုယ်ဖြစ်ချင်တာ.. ကိုယ်နားလည်လက်ခံ နိုင်တာ ကိုပဲ ဘာလို့ အမှန်လို့ ထင်ခြင် ကြသလဲ..ဘာလို့ သစ္စာတရားလို့ ယူဆ ချင်ကြတာလဲ .. ဆိုတဲ့….မေးခွန်း ဆန်တဲ့ အဖြေ တခု ရလာတယ်။

နိုင်ငံရေး ယုံကြည်မူ တခုက အကြောင်းတစုံတရာ ကြောင့် ဖောက်လွဲ ဖောက်ပြန် ဖြစ်တဲ့ အခါ၊ အသဲနှလုံးကို ဆွဲထုပ် လိုက်သလို ရင်ထဲမှာ ဗလာသက်သက် ဖြစ်ကျန်ခဲ့တယ် ဆိုတဲ့ ခံစားချက် မျိုးတွေ.. ကြားဖူး ဖတ်ဖူး ခဲ့သည်။ ဘာသာရေး ကိုးကွယ်မူ တွေမှာ ရော ဘုရားအလို လူမလိုက်နိုင်တဲ့ အခါ တွေ ဒါမှ မဟုတ်.. လူ့ အလို ဘုရားမလိုက် နိုင် တဲ့ အဖြစ်သနစ် တွေ မှာ၊ လူ နဲ့ ဘုရား ဘယ်လို ဆက်ပြီး စခန်း သွားကြမလဲ 


ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့..တရားတော် တခုကို ပြေး သတိရမိသည်။ အဟုတ်ပေပဲအကြောင်းအရာ တခုဟာ..ဘယ်သူ့ ဘယ်သူတွေ ပြောလို့ ဆိုပြီး အမှန် ဖြစ်နေခြင်း မဟုတ်။ နောက်ဆုံး ကိုယ်ကိုတိုင် စဉ်းစား ကြံဆ ထားတဲ့ဟာတောင် အမှန် လို့ ပြောလို့ မရသေး တဲ့.. ကိုယ်တိုင် လက်တွေ့ကျင့်သုံး လို့ သိတဲ့ တရားသာ အမှန် ဖြစ်သတဲ့ ဒါဆို ကိုယ့်အမှန်တရား ကိုယ် ကျင့်သုံးရင်း ကိုယ်သာ မှန်တယ် ထင်နေကြ ဦးမှာပါပဲလား..

တကယ်က.. အမှန်ဆိုတာကို ရှာရင်း လူတွေ မှားနေကြတုန်း ပင်။


Share/Bookmark

1 Comment:

အမ်တီအန် said...

အမှန်တရားဆိုတာ တစ်ခါတစ်လေ လိုက်လေဝေးလေလေ...
အမှန်တရားဆိုတာ ခါးသီးစေသလား..
အမှန်တရားဆိုတာ မှားတာတွေ များလာရင် အမှန်ထင်လာရောလား.. အမြဲစဉ်းစားမိနေတယ်..