ထင်ယောင်ထင်မှား



နွေအရင့်မှာ ကြည်နူးသင့်လှတဲ့ ပိတောက်ပွင့် တ၀င့်
အစိမ်း အသစ် အဆင့်ဆင့်တွေ ကြား
ပြည်သူ့ခေါင်းဆောင်က အ၀ါရောင်စင်စစ်။

မီးခိုးရောင် ကောင်းကင် အောက်မှာ
သူဘာတွေ တွေးနေမလဲ
ငါတို့ ဘာကို ငေးနေမိသလဲ….

မိုးပေါ်ကို ထိုးတက်သွားတဲ့ စစ်တိုက်လေယဉ်ကြီးတွေ
မျှော်လင့်ခြင်းတွေ ကို ယူဆောင် - အပြီးဆောင်ယူသွားလေမလား

စစ်ဖျက်တင့်ကားကြီးတွေ ခြေသံလုံလုံ နဲ့ တရွေ့ရွေ့ စီးဆင်း
အာရုံတွင်း ကို ချင်းနင်းတိုးဝင် လာပြန်တယ်

ကြီးမားထွားကျိုင်းတဲ့  ၀ိညဉ်မဲ့  စစ်သူကြီး သုံးယောက်ကနေ
သေးကွေးကျူံလှီ  ခေါဘဏီ သုံးသိန်း စီ ထဲ
ဘယ်လို ၀ိညဉ်တွေ သွန်းလောင်းပေးခဲ့လေသလဲ

မိုးကုပ်စက်ဝိုင်းထက်မှာ
ရဲတံခွန်တွေ တဖျပ်ဖျပ် လွင့်နေပုံက
ရင်တွေ တလှပ်လှပ် ခုန်လာတယ်

အခုနေများဟိုးအရင် ဒီအချိန် စစ်ထွက်မိန့် ခွန်းတုန်းကလို
ဗိုလ်ချုပ်သမီးက.. “အနီးကပ်ဆုံးရန်သူကို ရှာတိုက်ကြ”  လို့
ပြောလိုက်လေမလား..
အို..ထင်ယောင်ထင်မှား တွေ များလွန်းနေပြီ….

စစ်နဲ့ ငြိမ်းချမ်းရေးကို ဖွင့်ပြီး
ဝတ်ပြု ဆုတောင်းခြင်း စာသားတွေကိုသာ ရေရွတ်နေမိတော့တယ်။


ကေသွယ်
၂၈ မတ်လ ၂၀၁၃

( ဖက်ဆစ်တော်လှန်ရေးနေ့ အား တပ်မတော်နေ့ အဖြစ် မှည့်ခေါ်ထားသော မတ်လ ၂၇ ရက် ၂၀၁၃ ခုနှစ် ၏ စစ်ရေးပြ မြင်ကွင်းတခုမှ ခံစားချက် )


Share/Bookmark

3 Comments:

အမ်တီအန် said...

ဒိကျောလေး ဖတ်မိတော့ အဘိုးရှိစဉ်က တော်လှန်ရေးနေ့တိုင်း သူတို့လုပ်ဖော်ကိုင်ဘက်တွေ ဆုံကြတာကို ပြန်အမှတ်ရမိတယ်..

တန်ခူး said...

အစိမ်းရောင်နဲ့ အဝါရောင်. ဟုတ်ပါရဲ့. ကေပြောမှ သတိထားမိတော့တယ်. အနီးကပ်ဆုံးရန်သူကိုတော့တိုက်ကြတာခြင်းတူတူပေါ့ကေရယ်. ဟိုးအရင်ကလက်နက်နဲ့ တိုက်ရာက ခုတော့နှလုံးသားရယ် ဥာဏ်ရည်ရယ်နဲ့ ပေါ့.

tg.nwai said...

“စစ်နဲ့ ငြိမ်းချမ်းရေး” ကို ဖွင့်ပြီး
ဝတ်ပြု ဆုတောင်းခြင်း စာသားတွေကိုသာ ရေရွတ်နေမိတော့တယ်။