ဗမာပညာတတ်များ နဲ့ စင်ဒရဲလားအတွက်ဖိနပ်တဖက်


ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးခဲ့တဲ့ စာတွေထဲက လွန်ခဲ့တဲ့ ၄ နှစ် လောက်က ရေးခဲ့တဲ့ ရီဗျုးဆောင်းပါးလေး တပုဒ်ပါ။ လက်ရှိ နိုင်ငံရေး သုံးသပ်ချက်တွေ အရှိန်အစော်အညှော် တွေ ကို ရှောင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဖြစ်တဲ့ ၁၉  ဇွန် ၂၀၁၃ Eleven Daily Newspaper မှာ ပြန်လည်တည်းဖြတ် အသုံးပြုထားပါတယ်။

++++++++

တကယ်တော့ ဒီဆောင်းပါးလေးဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့  Freedom from Fear စာပေါင်းချုပ်ထဲက ဒေါ်စု ကိုယ်တိုင် ရေးခဲ့တဲ့ Intellectual Life in Burma and India under Colonialism ဆိုတဲ့ စာတမ်းအပေါ်၊  ဖတ်မိသမျှနဲ့ တွေးတော နားလည်မိသမျှ ကို ဝေမျှ ဆင်ခြင်ထားခြင်းသာ ဖြစ်ပါတယ်။

ဒီစာတမ်းလေး ရဲ့ မူရင်း ဇစ်မြစ်က ဆင်းမလား မှာ ရှိတဲ့ Indian Institute of Advanced Study အတွက် ရေးသားတင်သွင်း ခဲ့တာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တယောက် မြန်မာပြည်ကို ပြန်လာခဲ့ပြီး ချိန် ၁၉ ၉ ၀ ခုနှစ် မှာ မှ ပထမဆုံး အကြိမ် ပုံနှိပ် ဖော်ပြ ခဲ့တာ ဖြစ်တယ်။

ဒေါက်တာ မိုက်ကယ်အဲရစ် ရေးတဲ့ အမှာစာမှာတော့  ဒီစာတမ်းဟာ သူမ ရေးခဲ့သမျှ သုတေသန စာတမ်းတွေထဲမှာ ၊ အထူးခြား အပြောင်မြောက်ဆုံးဖြစ်ပြီး၊ မြန်မာ့သမိုင်းနဲ့ ပတ်သတ်တဲ့ အခြေခံသစ် တခုကို ဖော်ထုပ်ထား ခြင်း ဖြစ်တယ် ဆိုတဲ့ ပညာရှင်တွေရဲ့ သုံးသပ်ချက် တချို့ကို  ထဲ့သွင်း ကိုးကား ထားခဲ့တယ်။




ဗမာပြည်သားတွေရဲ့ လူမူရေး ဘာသာရေး နိုင်ငံရေး အမြင်တွေကို အခြေခံပြီး၊  မိရိုးဖလာ ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကနေ၊ ခေတ်ပညာတတ် အလွှာတွေ ပေါ်ထွန်းလာပုံ အဆင့်ဆင့်ကို ၊ ဟိုး ရှေးဘုရင်ခေတ်တွေက စလို့  လွတ်လပ်ရေး ရကာစ အချိန်ထိ ၊ အကိုးအကားပေါင်းများစွာ နဲ့  လေ့လာ သုံးသပ် ထားခဲ့တဲ့ စာတမ်း တစောင်ပါ။

ဗမာပြည် မှာ၊ ကိုလိုနီ လက်အောက် အရင်ဆုံးကျရောက်ခဲ့တဲ့ အောက်ပြည်သား မွန် ၊ ကရင် နဲ့ ကမ်းရိုးတမ်းသား ရခိုင်လူမျိုးစု တွေကနေ စပြီးမှ ၊ပညာတတ်လူတန်းစားတွေ ထွန်းကားလာခဲ့ကြတယ်။  အဲဒီမှာ အင်္ဂလိပ် ကိုလိုနီ ဘင်္ဂလားနယ် နဲ့ ဆက်စပ်နေတဲ့ ရခိုင်လူမျိုးတွေက အများဆုံး နဲ့ အရင်ဆုံး ပညာတတ်ကြပြီး ၊ ယဉ်ကျေးမူ အစောဆုံး ထွန်းကားခဲ့တဲ့ ၊ မွန်လူမျိုးတွေ တောင် ဒီလောက် မများခဲ့ဘူး လို့ ဆိုတယ် ။ ကရင်အုပ်စုကတော့ ၊ အနောက်နိုင်ငံ သာသနာပြုတွေနဲ့ ပတ်သတ်ဆက်စပ်ပြီး ၊ မစ်ရှင်ကျောင်းတွေက အစပြုခဲ့တယ် လို့ ဆိုတယ်။

အဲဒီ အခြေခံယူဆချက်ကို ထပ်ချဲ့ ကြည့်ပြန်တော့ ၊ ရခိုင်လူမျိုးတွေမှာက ၊ ကြွယ်ဝ ချမ်းသာတဲ့ မြေပိုင်ရှင် မျိုးရိုး မိသားစုတွေသာ ၊ အဲဒီလို ခေတ်ပညာတွေ သင် ကြားနိုင်ခဲ့ကြပေမဲ့ ၊ ကရင် နဲ့ မွန် လူမျိုးတွေမှာ ကြတော့ ၊ မစ်ရှင် သာသနာပြု တွေက၊  ကြည့်ရှု စောင်မတာ ဖြစ်တဲ့အတွက်၊ ဟိုး အောက်ခြေလူတန်းစား လယ်သမား တွေအထိ သက်ရောက်ခဲ့တာကို တွေ့ရတယ်။ ဥပမာ- ဒေါက်တာ စံစီဖိုးလို မျိုး..စောစံဖိုးသင် တို့လိုမျိုး။ စောဘဦးကြီးကတော့..မြေရှင်သား လို့ ဖတ်ဖူးသည်။ YMCA ကို နမူနာယူ ပြီး Christian နေရာမှာ Buddhist ကို အစားထိုး ဖွဲ့စည်း ခဲ့တဲ့ YMBA အသင်းကြီးကို တည်ထောင်သူ ဦးမေအောင် ဆိုရင် ၊  အစောပိုင်း ပညာတတ် ရခိုင်ကြီးပေါ့ ။ မှန်းဆကြည့်ရတာတော့  အဲဒီ ၂၀ရာစု အစောပိုင်း နှစ်တွေက ဗုဒ္ဓဘာသာ အစဉ်အလာ ပြင်းထန်တဲ့ ရခိုင်ပညာတတ်တွေ နဲ့ ခရစ်ယာန်ဘာသာ သက်ဝင်တဲ့ ကရင် နဲ့ မွန် အုပ်စုတွေကြားမှာ ၊ အပြိုင်အဆိုင်လေးတွေ ရှိခဲ့ပုံ ပေါ်ပါတယ်။ တချိန်ထဲမှာပဲ ဗမာပြည်အထက်ပိုင်းက ၊ ဘုရင်စနစ်ကို သံယောဇဉ် ရှိတဲ့ သခင်ကိုယ်တော်မှိုင်း တို့လို ရှေးပညာရှိကြီးတွေ ကလည်း နောက်ထပ် အုပ်စုတစု ဖြစ်နေပုံပါ။ ဒီ့ထက်မက ကွဲပြားနေအုံးမဲ့ ပညာတတ် အုပ်စုတွေလည်း ရှိနေဦးမလားပဲ။

တကယ်တော့ ပညာတတ်လူတန်းစား ဆိုတာဟာ တိုင်းပြည်တခုရဲ့  အတွေးအခေါ်ပိုင်း  နည်းနာနိသယျပိုင်း မဟာဗျူဟာပိုင်း ကစလို့ ပြုပြင်ပြောင်းလဲမူတခု (သို့) တော်လှန်ရေးတခုမှာ အတော်ကြီးမားတဲ့ အတိုင်းအတာ တခုထိ အရေးပါ- ပါတယ်။ ပိုအရေးကြီးတာက အဲဒီ လူတန်းစားက အလွှာတခု သီးသန့် ဖြစ်မနေသင့်ပဲ အစိတ်အပိုင်းတခု အဖြစ် ပါဝင် နေသင့် တာပါ။

လူမူအဆောက်အဦတခု နဲ့ ခေတ်တခေတ်ကို ပုံဖော်နိုင်ခဲ့တဲ့ (အဲဒီခေတ်ကဆို) ကိုလိုနီ အနောက်တိုင်းပညာတတ် လူတန်းစားတွေဟာ၊ အိန္ဒိယမှာတော့ ၊ ကံအားလျော်စွာ နိုင်ငံရေး လှုပ်ရှားမူတွေနဲ့ ထပ်တူကျခဲ့ပြီး ၊ အရေအတွက် အားဖြင့်လည်း များပြားခဲ့တယ်လို့ ဆိုတယ်။ ဗမာပြည်မှာကတော့ ၊ အိန္ဒိယမှာလို မဟုတ်ပဲ၊ ဖရိုဖရဲ ကွဲပြားနေခဲ့တယ်လို့၊  ယှဉ်တွဲသုံးသပ်ထားတယ်။ ဇာတိမာန်နဲ့ ယှဉ်တဲ့ လှုပ်ရှားမူတွေ တော်လှန်ရေး အသွင်အပြင်တွေဟာ ၊ ချက်ခြင်းလက်ငင်း ဖြစ်ပေါ်ပြောင်းလဲ နိုင်ပေမဲ့၊ အမျှော်အမြင်(vision) ပိုင်းမှာ အားနည်းခဲ့တဲ့ အတွက် ၊  ရေရှည် မတည်တံ့ နိုင် ခဲ့တာ လို့လည်း ထောက်ပြထားတယ်။ တည့်မတ်တဲ့ ရပ်တည်ချက် နဲ့ မှန်ကန်တဲ့ ဦးဆောင်မူ ကင်းမဲ့နေတဲ့ အဖြစ်ကို သတိပြုမိလာတဲ့၊  ၁၉၃၀ ကာလ မျိုးဆက်သစ် လူငယ်တစု က ၊ နိုးကြားနေပြီးသား ဇာတိမာန် အမျိုးသားရေး စိတ်ဓါတ်ကို ၊ ခေတ်ပညာရေး အခြေခံ နဲ့  ပေါင်းစပ်ပေးနိုင်ခဲ့တယ် လို့  ဆိုပါတယ်။

အဲဒီအချိန်က ၊ အိန္ဒိယရဲ့  ညဏ်သစ်ပေါ်ချိန် ( Renaissance era ) လှိုင်းကလည်း ၊ ဗမာလူငယ် ပညာတတ်တွေကြားထဲမှာ အများကြီး ရိုက်ခတ်လာတယ်။ တပြိုင်တည်းလိုမှာပဲ ၊ ကမ္ဘာတလွှားမှာ ခေတ်စားလာတဲ့  လက်ဝဲစာပေ တွေ ကလည်း ဦးကြီး ဖာနီဗယ်ရဲ့ Book Club ကနေ တဆင့်၊  အလုံးအရင်း နဲ့ ၀င်ရောက် လာခဲ့ တယ်။ အရမ်းကို နိုးကြားတက်ကြွ နေကြပြီး  စာပေအယူဝါဒတွေ  ငတ်မွတ်ဆာလောင် နေတဲ့ ဗမာလူငယ်တွေဟာ၊  ရေငတ်တုန်း ရေတွင်းထဲ ပြုတ်ကျသလိုမျိုး ၊ ခွဲခြမ်း စိတ်ဖြာ မနေနိုင်ကြတော့ပဲ၊ ဆိုရှယ်လစ် အယူအဆတွေကို အငမ်းမရ သီအိုရီလိုက် ၀ါးမြို မိခဲ့ကြ လိမ့်မယ် လို့ ၊ ဒေါ်အောင်ဆန်းစုကြည်က မှန်းဆ ထားပါတယ်။

အဲဒီ အချိန်တွေတုန်းက ၊ ဆင်းရဲမွဲတေမူ သိပ်အဆိုးဝါးကြီး မရှိလှသလို ၊ ဇာတ်အနိမ့် အမြင့် ခွဲခြားဆက်ဆံမူလည်း မရှိလှတဲ့ ၊ ဗုဒ္ဓဘာသာ အခြေခံတန်ဖိုးတွေနဲ့ အသားကျ နေတဲ့ ဗမာ့ လူမူအဖွဲ့အစည်းဟာ၊ မာ့ခ်ဇ်ဆိုရှယ်လစ်ဝါဒကြီး နဲ့ အလိုအလျောက် ပေါင်းစပ်ပတ်သတ်သွားစရာ အကြောင်းလည်း ရှိမနေခဲ့ဖူး လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆခဲ့တယ်။

တကယ်တော့၊ အဲဒီအချိန်က လှုပ်ရှားမူတွေရဲ့  ခေါင်းဆောင်နေရာကို ရောက်နေကြတဲ့ လူငယ်တစုဟာ၊ စက်ရုံတရုံကနေ တလိုင်းတည်း တအုပ်စုတည်း ထုတ်လုပ် လိုက်တဲ့ ကားအသစ်ကလေးတွေလို ၊ ပညာရေးစနစ် တခုထဲကပဲ ၊ ဒီစာပေ ဒီအခြေခံ တွေနဲ့ ။ တမြေထဲမှာ တမိုးထဲ တခြံထဲက ပွင့်လိုက်တဲ့ ပန်းကလေးတွေလို  ဒီမျိုးစေ့ ဒီအရွယ် ဒီအသွေးအရောင်တွေနဲ့ တကယ့် လက်ရွေးစင် အုပ်စုလေး တခုပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ၊ မှိုင်းရဲ့ ဇာတိမာန်တွေ ကိန်းအောင်းရင်း ၊ ခေတ်စမ်း စာပေ ရဲ့ လှပ ခန့်ညားမူတွေ ထပ်ဆင့် သွန်းလောင်းထားခံရတဲ့ လူငယ်တွေ လို့ လည်း အနုပညာ စာပေ ရှုထောင့်ကနေ စောင်းငဲ့ကြည့်ထားပြန်ပါသေးတယ်။ နာမည်တွေ အားဖြင့် ၊ အောင်ဆန်း ( ဗိုလ်ချုပ်အောင်ဆန်း) စိုး ( သခင်စိုး) နု ( ဦးနု) သန်းထွန်း ( သခင် သန်းထွန်း) နဲ့  သိန်းဖေမြင့် တို့ကို ဆွဲထုပ် ပြထား ပါတယ်။

“စိုး” ကတော့ကွန်မြူနစ်ဝါဒ ကို ဗမာမူ ပြုပြီး၊  ဗုဒ္ဓစာပေနဲ့ ဖလှယ် ပြန်ယူ ဖန်တီးခဲ့တဲ့ သူ။ “နု” ကတော့၊  ဗုဒ္ဓဘာသာ အလွန်အကျွံ သက်ဝင်ကိုးကွယ်သူ ဖြစ်တဲ့ အလျောက် ၊ ကွန်မြူနစ်ဝါဒ နဲ့ ဗုဒ္ဓဘာသာဟာ ဘယ်လိုမှ တွဲစပ်လို့ မရဘူးလို့ ၊ တောက်လျှောက် ပြောဆို သက်သေပြခဲ့တဲ့သူ။ သူတို့ အားလုံးဟာ လက်ဝဲ၀ါဒကို အနည်း နဲ့ အများ လေးစား နာခံ ကြသူတွေ ဖြစ်တဲ့အတိုင်း ၊ အောင်ဆန်း သန်းထွန်း နဲ့ သိန်းဖေမြင့် တို့ကလည်း လွတ်လပ်လာမဲ့ ဗမာပြည်အတွက် အမျိုးသားရေး စိတ်ဓါတ် အခြေခံ နဲ့ ကိုက်ညီမဲ့ အယူဝါဒတခုကို ရှာဖွေ နေခဲ့ ကြတယ် လို့  ဆိုတယ်။ သိန်းဖေမြင့်ကို တော့ ၊ စာပေဖန်တီးမူ အတတ်မှာ  ပါရမီထူးသူအဖြစ် ပုံဖော်ထားပြီး သူ့ရဲ့ နံမယ်ကျော် `သပိတ်မှောက်ကျောင်းသား´ ထဲက စိတ်စေတနာတခု ကို ကောက်နုတ်ပြ ထားပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ ဗမာ့ ရှေးစာပေတွေကို လေ့လာ လိုက်စားသင့်သလို  အင်္ဂလိပ်ဘာသာ စာအုပ်ကောင်းတွေကိုလည်း ဖတ်ရှုကြဖို့  ဆိုတာ မျိုးပါ။

အဲဒီအထဲကမှ “နု” “စိုး” နဲ့ “သန်းထွန်း” တို့ စတင် တည်ထောင်ခဲ့ကြတဲ့ ၊ နဂါးနီ စာအုပ်အသင်းကြီး အကြောင်းကိုလည်း စိတ်ဝင်စား ချီးကျူးဖွယ်ရာ ဖတ်ရှု လိုက်ရပါသေးတယ်။ ဒါဟာလည်း ဦးကြီးဖာနီဗယ်ရဲ့ စာအုပ် အသင်း ဆီက ရလာတဲ့၊  အားကျအတုယူမူ တခု ဖြစ်နေမှာပါ။ အဲဒီ နဂါးနီစာအုပ်အသင်းကြီးကနေ ၊စာအုပ်ပေါင်း (၁၀၁)အုပ်ကို ကြီးကြပ်ထုပ်ဝေခဲ့ပြီး၊ အဲဒီစာအုပ်တွေဟာ ၊ လွတ်လပ်ရေးရပြီးစ ဗမာပြည်ကြီးကို အများကြီး ထုဆစ်ပုံဖော်ခဲ့ လိမ့်မယ်လို့လည်း ယူဆ မိပါတယ်။

အယူဝါဒ နဲ့ စိတ်နှလုံးကို တံခါးဖွင့်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လူငယ် ခေါင်းဆောင်တချို့ဟာ၊  နောက်ပိုင်းမှာ အစွန်းရောက်လာနိုင်တဲ့ ဗမာလူမျိုးကြီးဝါဒ(racial chauvinism)ရဲ့ အန္တရယ်ကြီးပုံကို ပြန်လှန် သုံးသပ်မိကြပြီး၊ အရှိန်လျှော့ဖို့ ကြိုးစားခဲ့ကြ ပါသေးတယ်။ သူတို့တွေ အပါအ၀င် တတိုင်းပြည်လုံးရဲ့ သွေးတွေကို ဆူပွက်စေခဲ့တဲ့  “တို့ဗမာအစည်းအရုံးကြီး” ရဲ့ ဟစ်ကြွေးသံ ဖြစ်တဲ့၊ `ဗမာစာသည် တို့စာ..ဗမာစကားသည် တို့စကား..´ ဆိုတာကိုလည်း စာတမ်းမှာ အပြုသဘော ထောက်ပြထားပါတယ်။ လူမျိုးစု အရေးတွေကို အရှည်မြင်လာကြပြီး `ဗမာလူမျိုး´ အတွက်တင် မဟုတ်ပဲ `ဗမာပြည်မှာနေထိုင်သော လူအားလုံး အတွက်´ ဆိုတဲ့ အယူအဆကို အတိုင်းအတာ တခုအထိ ပြန်ထူထောင် လာနိုင်ပေမဲ့၊ ဗမာစာ(စကား) ကတော့ တခုတည်းသော အဓိကဘာသာအဖြစ် တည်ရှိလာခဲ့တာ  အခုတိုင်ပါပဲ။

အဲဒီနေရာမှာ အကောင်း-အဆိုး ဆိုတာထက်၊ ယထျဘူတကျကျ သုံးသပ် ပြထားတဲ့ အချက်တချက်က၊ ဗမာပြည်လိုပဲ လူမျိုးစု ဘာသာစကားတွေ ကွဲပြားလှတဲ့ အိန္ဒိယ မှာတော့ ၊ အင်္ဂလိပ်စာကို ရုံးသုံး ပြုလုပ်ခဲ့ခြင်း(ဖြစ်နေခြင်း)ဟာ၊ ညီညွတ်မူအတွက် အားသာချက် တခု ဖြစ်လာခဲ့တယ်  တဲ့။ အဲဒီလို ဘာသာစကား ကွဲပြားမူ ပြသာနာကို၊ အိန္ဒိယက အင်္ဂလိပ်စာ ကြားခံ သုံးရင်း ဖြေရှင်း နိုင်ခဲ့သလို၊ သူတို့ရဲ့ ရိုးရာအစဉ်အလာ ဇာတ်မြင့် ဦးစားပေးတဲ့ ယဉ်ကျေးမူ ကြောင့်၊ လူမူဆက်ဆံရေးရှုထောင့် သက်သက်က ကြည့်ရင် အင်္ဂလိပ်တွေရဲ့  ဦးဆောင် အုပ်ချုပ်မူနဲ့ အလွမ်းသင့် ခဲ့တယ် လို့ သုံးသပ်ထားတယ်။ တပြိုင်တည်းမှာပဲ၊ အထက်တန်းစား လက်ခံတဲ့ အယူအဆ (Elitism)ကလည်း လွတ်လွတ် လပ်လပ် ရှိနေ ခဲ့တယ်။ လွတ်လပ်ရေး ကြိုးပမ်းမူ ခေါင်းဆောင်တွေ ဟာလည်း ၊ အဲဒီ လူတန်းစား ထဲ ကပဲ ၊ ပေါ်ထွက်လာခဲ့တယ် ဆိုတာကိုလည်း ၊ ထောက်ပြ ထားပြန်တယ်။

အဲဒီအချိန်မှာ ဗမာပြည်မှာတော့ သာတူညီမျှစနစ် (Egalitarian)ကြောင့် ၊လူတန်းစား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ ဖြစ်ချင်တော့လည်း၊ အဲဒီလို လူ့မလိုင် ခေတ်ပညာတတ် လူတန်းစားတွေက ၊ အစပိုင်းကာလတွေမှာ ၊ အောက်ခြေလွတ်ပြီး ၊ဗမာ့ရှေးထုံး စဉ်လာစာပေတွေကို မျက်ကွယ်ပြုခဲ့တာကြောင့်၊ အထက်တန်းစားမုန်းတီးရေး စိတ်ဓါတ်က ပိုလို့ ပြင်းထန်လာပြီး ၊ အခြင်းခြင်း ဝေးကွာခဲ့ကြရတယ်။ နောက်ပိုင်းခေတ် ၁၉၃၀ကာလ လူငယ်ခေါင်းဆောင်တစုရဲ့ ညဏ်အသိ စိတ်ခွန်အားတွေနဲ့ ပြန်လည် သင့်မြတ်ဖို့ ကြိုးစားခဲ့ကြပေမဲ့၊  တကယ့်တကယ်မှာတော့ ၊ လူတန်းစားစိတ်ဓါတ် အခြေခံက လူပီသတဲ့ လူတွေ ကြားထဲမှာ ၊ သိသိသာသာ တမျိုး  မသိမသာ တနည်း ရှိနေခဲ့ တော့တာပါပဲ။

အဲဒါတွေအားလုံးရဲ့ ရလဒ်ဆိုးကို၊ ပမာဆောင်ပြီး အနှစ်ချုပ်ထားပုံက၊ အိန္ဒိယမှာ အဲဒီလို လူတန်းစား ကွာဟချက်ကို လက်ခံ ထားခဲ့တာကြောင့်၊ အဲဒီ“အဟ” ကြီးက အိုင်းအနာကြီးလို ကျယ်သထက်ကျယ်လာခဲ့ပြီး Renaissance အယူအဆတွေနဲ့ တိုးတက် ပြောင်းလဲမူတွေကို ရေရှည် ထိန်းမထားနိုင်ခဲ့တော့ဘူး ။ ဗမာပြည်မှာလည်း (Elite)ဆိုတဲ့ ပညာတတ်လူတန်းစားတရပ်ရဲ့ တန်ဖိုးကို ပြည့်ပြည့်၀၀ အသုံးမချ နိုင်ခဲ့တဲ့ အတွက်ကြောင့်၊ အောင်မြင်သင့်သလောက် မအောင်မြင်ပဲ ဖြစ်ခဲ့ရတယ် လို့ စာတမ်းကို မျှမျှတတ အဆုံးသပ်ထားခဲ့တယ်။

စူးရှ သလောက် နက်နဲ လှတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စာတမ်း ကို ကြိုးစားပမ်းစား ဖတ်ပြီးသွားတဲ့ အခါမှာ၊ ၁၉ ၃၀ ခုနှစ်ကာလ ကိုလိုနီစနစ်အောက်က ဗမာပြည်ကြီးရဲ့  အငွေ့အသက် သမိုင်းပုံရိပ်တွေက ၂၀၀၀ပြည့်လွန်ကာလ ဒီမိုကရေစီကို သွားကြမယ် ဆိုတဲ့ ဗမာပြည်ကြီးရဲ့ လူမူဘ၀ ကြေးမုံပြင်တွေပေါ်မှာလည်း တဖိတ်ဖိတ်လက်နေတုန်း အရိပ်တွေက ဆက်စပ်နေတုန်း ပါပဲလား လို့ တွေးနေမိတယ်။ အနောက်တိုင်း ပညာရှင်တချို့ တင်စား သုံးနှုံး ခဲ့သလို ၊ တကယ်ပဲ ဗမာ့လူမူ အဖွဲ့အစည်းကြီးဟာ သူနဲ့ တန်မဲ့ ရွှေဖိနပ်တရံ မရနိုင်သေးတဲ့ စင်ဒရဲလား မင်းသမီးလေးလို ညီအမတွေ အိမ်နီးချင်းနိုင်ငံတွေ ကြားထဲမှာ ၊ ၀မ်းနည်း အားငယ်စရာတွေနဲ့  ပြည့်နှက် နေတုန်းပဲလား.. ဆိုတဲ့ သံသယကို တော့၊  မျှော်လင့်စိတ်တခုနဲ့  ခြေဖျက်ကြည့်နေမိတော့တယ်။

ကေသွယ်

Ref: Intellectural Life in Burma and Indaia under Colonialism, Freedom from Fear by Aung San Suu Kyi


Share/Bookmark

3 Comments:

AH said...

သဘောကျစွာ ဖတ်ရှု့သွားပါတယ် ခင်ဗျာ

တန်ခူး said...

ဘာပဲဖြစ်ဖြစ်ရွှေဖိနပ်ပိုင်ရှင်ကတော့ အဆုံးမှာတော့ စင်ဒရဲလားပဲပေါ့ကေရယ်.

စံပယ်ဖြူ said...

ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်ရှင်။ အကုန်နားလည်ဖို့ ဥာဏ်မမှီသေးပေမဲ့
ရွှေဖိနပ်ကို စင်ဒရဲလားလက်ထဲ မြန်မြန်ရောက်စေချင်ပါပြီ။