အသိတယောက် ပြန်လည်ဝေမျှ ထားတဲ့ ယူကျု က မှတ်တမ်းကားလေး တခု ကို ကြည့်ဖြစ်လိုက်တယ်။
ဘာရယ်မဟုတ်ဘူး။ ခေါင်းစဉ်လေးကို စိတ်ဝင်စားမိလို့ ။ Hidden face of Burma- BayinGyi တဲ့။
ဟိုးတုန်းက ၀တ္တုဟောင်း မဂ္ဂဇင်းဟောင်းတွေမှာ သုံးလေ့ရှိတဲ့ ဘရင်ဂျီ ဘာသာဝင် ဆိုတဲ့ လူတွေရဲ့ အကြောင်း။ ဂေါ်ရင်ဂျီ ဆိုတဲ့ အသုံး နဲ့ တူလား မတူလားတော့ သေချာမသိ၊ ပေါ်တူဂီ ( ပေါ်ကျုဂဲလ်) ကနေ အသံပြောင်းဆင်းသက်လာတာ တော့ ဖြစ်ဖို့ များမည်။
စ ဖွင့်လိုက်ခြင်း ထွက်လာတဲ့.. မြန်မာလို သံပြိုင်ဘုရားသီချင်းလေး ကလည်း
၊ ရုပ်ရှင်တကားစာ ၂ နာရီ နီးပါး ရှိတဲ့ မှတ်တမ်းလေးကို မပျင်းမရိ ဆက်ကြည့်ချင်အောင်
စွဲဆောင်သွားလေသည်။ ဒါတောင် အစောပိုင်းမှာက မြန်မာပြည်ထဲကို ပေါ်တူဂီ သဘောင်္တွေ ကုန်သည်တွေ
ဝင်လာတဲ့ ၁၄ ရာစု လောက်က သမိုင်းတွေကို ပြန်ပြနေတော့.. နည်းနည်း စိတ်မရှည်ချင်။
ကြားဖူးနေခဲ့တဲ့ အထက်မြန်မာပြည် ရွှေဘို နားတ၀ိုက် မှာ နေတဲ့ မျက်လုံးကြည်ကြည် နှာတံ ထင်းထင်း အသားရောင်လင်းလင်း
နဲ့ တောသူ တောင်သားတွေ အကြောင်း ကို သာ ကြည့်ချင်
သိချင် စိတ်က စောနေခဲ့တယ်။
Hidden face ဖုံးကွယ်ထားတဲ့ (သို့) ကွယ်ပျောက်နေတဲ့ စာမျက်နှာ တခု လို့
ဆိုပေမဲ့ ၊ အခု မြင်နေရတဲ့ ရွာသားတော်တော်များများ ရဲ့ မျက်နှာတွေပေါ်မှာတော့ ၊ လွန်ခဲ့တဲ့
နှစ်ပေါင်း ၅၀၀ လောက်ကတည်းက မြန်မာပြည်ကို ရောက်လာကြတဲ့ သူတို့ ဘိုးဘေး ပေါ်တူဂီ
တွေရဲ့ သွေးတွေ သိသိသာသာ ထင်ဟပ်နေကြသေးသည်။ သူတို့ ဘိုးဘေး တွေ ကိုးကွယ်ခဲ့တဲ့ ရိုမန်ကက်သလစ်
ခရစ်ယာန်ဘာသာ ကို လည်း ၊ ဆက်လက်ကိုးကွယ် နေကြသေးသည်။ ဒါပေမဲ့ သူတို့ ရင်းနှီးတဲ့
အရှင်လတ်လတ် ပေါ်တူဂီ ဆိုလို့ တီဗွီဂြိုဟ်တု မှာ ကြည့်ရတဲ့ ဘောလုံးသမား လူဝစ်
ကော်စတာ နဲ့ ဖီဂို တို့ သာရှိတော့သည်။ ဗတ်စကို ဒကားမား နဲ့ ဒီဗရစ်တို ဘယ်လိုပုံလည်း
ဆိုတာ သူတို့ ဘယ်လို သိနိုင်တော့မှာလဲ ။ သူတို့ နေပုံထိုင်ပုံ ၀တ်ပုံစားပုံတွေကလည်း
အထက်အညာတကြောက၊ တခြား မြန်မာတွေလို ၊ ရိုးရိုးစင်းစင်း ရှင်းရှင်းလင်းလင်း မို့ ၊ ရုတ်တရက်ဆို ဘာမှ မထူးခြားလှ။ မျက်လုံးကြည်လဲ့လဲ့
တွေ နဲ့ ပျော်တတ် ရွှင်တတ် တဲ့ ဟာသ ညဏ် ကသာ သူတို့ကို ခွဲခြားပေးနိုင်တော့သည် ။ စိုက်ချိန်
ပျိုးချိန်မှာ လည်ထွန် ယာခုတ် လိုက်.. လှည်းတွေ နွားတွေ ဖြုတ်လိုက် တပ်လိုက်..
အချိန်တန်တော့ တနင်္ဂနွေ မနက်ခင်း မှာ ဘုရားကျောင်းက ခေါင်းလောင်းသံ တွေက တညံညံ။ ချီးကျူးစရာကောင်းတာ
တခုက ၊ ဘရင်ဂျီ ဘုန်းတော်ကြီးရဲ့ စားပွဲ ပေါ်က ၊ မှတ်ပုံတင် လယ်ဂျာ စာအုပ်ကြီး ထဲ မှာ ၊ ဟိုးလွန်ခဲ့တဲ့
နှစ်ပေါင်း သုံးလေးရာ က၊ မွေးစာရင်း လက်ထပ်စာရင်း နှစ်ခြင်းခံ စာရင်း တွေက ၊ ရက်စွဲ
နဲ့ လက်မှတ် နဲ့ အပြည့်အစုံ ရှိနေသေးသည်။
ရွာသုသာန်တွေမှာ ရှိတဲ့ သချိုင်္ငးစာ ကျောက်တုံးတွေ ပေါ်မှာလည်း ၊ သူတို့ ဘိုးဘေးတွေ
ဖြတ်သန်းလာ ခဲ့တဲ့ သမိုင်းတွေကို ၊ စီကာစဉ်ကာ ဖတ်လို့ ရနေသေးသည်။
ငဇင်ကာ (ခေါ် ) ဒီဗရစ်တို ရဲ့
မျိုးဆက်တွေပင် ရှိချင် ရှိနိုင်သေးသည်။
ဘာကြောင့်ရယ် မသိ ၊ သံလျှင်ဘုရင် ငဇင်ကာ နဲ့ ညီအကိုရင်းတမျှ အတူနေ အတူတိုက် အတူသေ သွားခဲ့တဲ့ တောင်ငူဘုရင်
နတ်သျှင်နောင် ကို တော်တော်လေးကို စိတ်ဝင်စားမိသည်။ ငဇင်ကာ ဆိုတာလည်း အဲဒီခေတ်
အဲဒီအခါက ကုန်သွယ်လမ်းကြောင်းသစ်တွေ ရှာဖွေရင်း
ရောက်လာတဲ့ လူမို့ ၊ ပင်လယ်ဓါးပြ သာသာလား ၊ တကယ်ပဲ စွန့်စား ကြီးပွားချင်သူ
ထက်မြက်သူ တယောက်လား ။ နတ်သျှင်နောင် ဆိုတာလည်း စစ်သားကောင်း တယောက်ဖြစ်သလို ၊ ကဗျာဆရာမွန်
တယောက်ဖြစ်တယ် ဆိုတာ …သူ့ ရဲ့ ရတု တွေ ဖတ်လိုက်ရင်.. ကျောထဲမှာ စိမ့်တက်လာတဲ့ အထိတောင် သိနေခဲ့ကြသည်ပဲ။ ဒါတောင် အားကစားသမားတယောက်
လည်း ဖြစ်တယ်လို့ ၊ အခု မှတ်တမ်းထဲမှာ ပြောထားသေးသည်။ ဆိုတော့..သူတို့ နှစ်ယောက်
ဘယ်လို ရေစက် ကြောင့် ဒီလောက် နီးကပ်ခဲ့ကြသလည်း
။ နတ် သျှင်နောင် ကို မြန်မာ့သမိုင်း မှာ သစ္စာဖောက် လို့ ဆိုပေမဲ့ ၊ သူ့မိတ်ဆွေ
ငဇင်ကာ အတွက်တော့ သစ္စာရှိရှိ အတူသေသွားခဲ့တဲ့
မိတ်ဆွေကောင်း တယောက် မဟုတ်ဘူးလား..။ ငဇင်ကာ ကိုးကွယ်တဲ့ ဘရင်ဂျီဘာသာကိုပင်
ကူးပြောင်းခဲ့သည် လို့ ဆိုကြသည်။ တိမ်စွန်လေလ
ျှင် ဖူးရောက်ခြင်သည် ငှက်သွင်ပျံကြွ မတတ်သော်… ဆိုတဲ့ ကာရန် စကားလုံး အသုံးအနှုံးတွေနဲ့
သူ့ဘ၀ဟာ နုနွဲ့ သာယာ ခဲ့ သလောက် ၊ သူ့မိတ်ဆွေ
ငဇင်ကာ နဲ့ အတူတူ ၊ ရင်ဝကို တံကျင် လျှိုခံ ရတဲ့ အချိန်မှာရော.. ပါးစပ်ကို တင်းတင်းစိ
လို့ သူ့မေးရိုးတွေ ခိုင်မာနေခဲ့ လေ မလား… ။
သက်ဦးဆံပိုင် ပဒေသရာဇ် စနစ် ဆိုတာလည်း ၊ စစ်နိုင်သူက မင်းဖြစ် … အကြောက်တရားနဲ့
သစ္စာခံ … မခံရင် တော်လှန် ဆိုတော့ ၊ သစ္စာခံသူက လူကောင်းလား တော်လှန်သူက လူဆိုးလား…ကိုယ်ပိုင်
အမြင် မထဲ့နိုင်- မထဲ့တတ်ခဲ့ တဲ့ သမိုင်းသင်ခန်းစာတွေ ကို၊ အခုမှ ပြန်လှန် စစ်ကြောနေမိတာပါလေ။
အခုလည်း ပေါ်တူဂီ ကုန်သည် ဒီဗရစ်တို နဲ့ တောင်ငူဘုရင် နတ်သျှင်နောင် တို့ ၊ အင်းဝ ဘုရင်
အနောက်ဖက် သာလွန်မင်းကို စစ်ရှုံးသွားတဲ့ နောက်တော့ ၊ ဒီဗရစ်တို ( ခေါ် ) ငဇင်ကာ ရဲ့
နောက်လိုက် ကုန်သည် သဘောင်္သား စစ်သား .. အများအပြားဟာ ၊ စစ်သုံ့ပန့် တွေ အဖြစ် နဲ့ အထက်မြန်မာပြည်ကို ပါသွားပြီး ၊ ချင်းတွင်းမြစ်
နဲ့ မူးမြစ်ကြားက နေရာတွေမှာ ဖမ်းဆီးထားခဲ့ သည်တဲ့။
ရွှေဘိုနယ်သား အလောင်းမင်းတရား ကြီး တက်လာတော့ ၊ တချို့တွေကိုလည်း စစ်တပ် မှာ ပြန်သုံး ရင်း၊ တော်တော်များများကတော့..ဒီနယ်တကြောမှာပဲ
ရွာကြီးတွေ တည်ပြီး လယ်ယာ လုပ်ကိုင်စားကြ .. မိသားစု တွေ ပွားစည်း ကြပြီပေါ့။ ဘရင်ဂျီရွာ စုစုပေါင်း ၈ ရွာ ရှိသတဲ့ ။ ၁၆
ရာစုနှောင်းပိုင်း ကာလ နှစ်ပေါင်း လေးရာ
လောက် အတွင်းမှာ မျိုးဆက်တွေ လည်း လေး-ငါး-ခြောက်ဆက် တိုင်ပြီ ဆိုတော့လည်း မြန်မာလိုပြော
မြန်မာလိုစား မြန်မာလိုနေ မြန်မာပြည်ကိုချစ်တဲ့ မြန်မာလယ်သမား ကျေးတောသားကြီးတွေပဲ
ဖြစ်နေပြီ ပေါ့ ။ ပြောရရင် မြန်မာပြည် ထဲ မလဲ၊ အဲဒီလို သမိုင်း ရဲ့ လက်ကျန် လူမျိုးနွယ်စု
တွေ အများသားလား ။ မိုးကုတ်ဖက်မှာ တွေ့ ခဲ့ဖူး တဲ့ မိုင်းအလုပ်သမားမျိုးဆက် ဂေါ်ရခါး ရွာကြီးတွေ ။ ဇေယျဝတီ ဖက်မှာ
တွေ့တဲ့ ကြံအလုပ်သမား ကုလားရွာတွေ..ပြီးတော့
ဘာတွေ ရှိအုံးမလဲ ။
ကိုယ်တို့ ကို ဓါတ်စက်ကြီးတလုံး အမွေပေးခဲ့တဲ့ ၊ အင်ဂလိုမြန်မာ ကပြား အန်တီ တို့ ဇနီးမောင်နှံ ဆို ၊ မြန်မာပြည်မှာ
ကပြားတွေ အတွက် နေရာကျဉ်းလာလို့သာ အော်စတြေလျ ကို ရွှေ့လာကြတာ… မြန်မာပြည်ကို ခဏ
ခဏ အလည်ပြန် သလို ၊ အန်ကယ် ကြီးပြင်းခဲ့တဲ့ အဲ့ဒီ အထက်ရွှေဘို နားက “နဘတ်” ဆိုတဲ့ ရွာလေးကို
အမြဲ အရောက်ပြန်လေ့ ရှိတယ်။ ဂျပန်တွေ မြန်မာပြည် ၀င်တော့ ၊ ခရစ်ယာန်ကိုးကွယ်ပြီး အနောက်တိုင်းဆန်တဲ့
ရုပ်ရည်နဲ့ အဲ့ဒီ ပေါ်တူဂီနွယ်တွေ ဟာ အဓိက
သံသယထား တဲ့ ပြစ်မှတ်တွေ ဖြစ်ခဲ့တယ် လို့ ဆိုတယ်။ အန်ကယ့် ရဲ့ အကို တယောက်ဟာ၊ လူပျိုပေါက်အရွယ်လေး မှာပဲ.. တခြားရွာသား အများအပြား
နဲ့ အတူ ကိုယ့်သေတွင်း ကိုယ်တူးပြီး အသက်ခံခဲ့ရတယ် လို့ ၊ ဓါတ်ပုံတွေ ထုတ်ပြ ရှေးဟောင်းနှောင်းဖြစ်တွေ
စားမြုံ့ပြန်ရင်း အလွမ်းမပြေ ဖြစ်နေပုံပါပဲ။ ခုတော့ အန်ကယ်က၊ ဆုံးသွားပြီ ဖြစ်ပေမဲ့၊ သူတို့ပေးခဲ့တဲ့ ဓါတ်စက်ကြီး နဲ့ ၀င်းဦးသီချင်းတွေ ဖွင့်တိုင်း ၊ သြော်..သူတို့တွေမှာ
၊ ဒီမြေကိုပဲ ချစ်စရာရှိပေမဲ့ ၊ ချစ်ခွင့်မပိုင် မဆိုင်သလို ဖြစ်ခဲ့ကြတာပါလား လို့ တွေးမိတယ်။
တလောကပဲ၊ အင်တာနက်ပေါ်မှာ ကို(ဦး)အံ့ကြီး
ရဲ့ ငယ်ရုပ်သွင် နဲ့ တေးသီချင်းဆိုနေပုံတွေ ပြန်ပြီး ပေါ်လာရင်း ၊ မြန်မာလူမျိုးတွေ
ပီတိတွေ ဝေဖြာနေကြတော့ ၊ ကို(ဦး)အံ့ကြီး ကိုယ်တိုင် အင်တာဗျူးမှာ ပြောပြခဲ့တဲ့
သူ့အဖေ ဘင်္ဂါလီကုန်သည် ကြီး ကို မြင်ယောင်ကြည့်မိ လိုက်သေးတယ်။
အင်း ..တကယ်ဆို မနုသာဗေဒ ဘာသာရပ်ဟာ “လူ သည် မျေက်က ဆင်းသက်လာသည်” ဆိုတဲ့ ဒါဝင်ရဲ့ အဆိုမှာတင် ရပ်မနေဘူး
မဟုတ်လား။ ဗုဒ္ဓဘာသာ ကျမ်းဂန် တချို့ မှာတော့ လူတွေဟာ ဗြဟ္မာကြီး လေးယောက်က ဆင်းသက်လာသတဲ့
။ ခရစ်ယာန်ကျမ်းဟောင်း တွေအရတော့ ၊ ကမ္ဘာကြီးဟာ တချိန်မှာ ဆိုးသွမ်းမိုက်မဲ လွန်းတဲ့ အာဒံ နဲ့ ဧ၀ ရဲ့ မျိုးဆက် လူသားတွေကို အပြစ်ပေးဖို့ မိုးကြီးတွေ မပြတ်ရွာသွန်းပြီး
ရေအတိ ဖုံးလွှမ်း သွားခဲ့ပြီး မှ ၊ ဘုရား စကားကို နားထောင်တဲ့ နောဧ နဲ့ သူ့မိသားစုကြီး သာ၊ သဘောင်္ကြီး တစင်း ပေါ်မှာ အကောင် ဗလောင် ဖိုမ စုံ နဲ့ ရှင်သန်ကျန်ရစ် သတဲ့ ။ အဲ့ဒီ
နောဧ ရဲ့ သား သုံးယောက် ကနေပြီးမှ ၊ အခု ကမ္ဘာမြေပေါ်မှာ လက်ရှိ ဆိုးသွမ်း မိုက်မဲ
နေကြမြဲ နေကြဆဲ ဖြစ်တဲ့ လူသားတွေ ပြန်ပြီး ပေါက်ပွား စည်ပင်လာသတဲ့ လေ။(ချွေးမ သုံးယောက်ကတော့ ကံကောင်းပြီး ပါသွားရှာတယ် )ပုံပြင်လား..
ဒဏ္ဍာရီ လား.. သမိုင်း လား … ယုံချင်လည်း ယုံ ၊ မယုံချင်လည်း နေပေါ့လေ။ ရှေးအဆိုတော်ကြီး ဒေါ်ကြည်အောင် ကတော့ သူ့သီချင်းလေးထဲမှာ “တကမ္ဘာလုံးပဲ ဆွေမျိုးတွေ တော်ကြပါသတဲ့” လို့ ဆိုထားတယ် ။ မယုံသေးဘူးဆိုရင်တော့.. အင်္ဂါဂြိုဟ်က
အေလီယန် တွေ လာ တော့မှ.. အမျိုးချင်းတွေ ကျေချင်းကပ်ပြီး ပြေးကြတာပေါ့။
၃၀ ဇွန် ၂၀၁၃
ကေသွယ်
(မှတ်ချက် - သမိုင်း ဆောင်းပါးမဟုတ်ပါ.. အတွေး မှောက်မှားကြည့်ခြင်းသာဖြစ်သည်)
4 Comments:
ဟုတ်ပါ့ မကေ ဂြိုလ်သား တွေ လာမှ ငါတို့ဟာ အမျိုး(တူ) တွေ ပါလား ဆိုတာ :D ( Like )
အလုပ်ထဲမှာရော.. အပြင်မှာ စကားလက်ဆုံ ပြောဖြစ်ကြရင်ရော..Peaceful co-existences နဲ့ ပတ်သက်လို့ ပြောလာရပြီ ဆို.. ကေ ရေးဖူးတဲ့ little prince အကြောင်း အမြဲ ပြောရတယ်..
ဆုမတောင်းကောင်း.. တောင်းကောင်း .. အေလီယန်တွေ မလာချင်လဲနေ.. သဘာဝ ဘေးအန္တရယ်ကြီးကြီးနဲ့ ကြုံတွေ့ ကြမယ်ဆို.. ခုလို တိုက်ခိုက် သတ်ဖြတ်နိုင်ကြပါ အုံးတော့မလား ..ရန်စောင် အမုန်းပွား နိုင်ကြပါတော့မလား..
ကေရေ... အမြဲလို အကိုးအကားလေးတွေနဲ့  ချက်ကျလက်ကျ စာဖတ်နာသူ စာရေးကောင်းသူကေ ရေးထားတာလေးတွေကို သေချာဖတ်သွားပါတယ်... အလည်တည့်တည့်က နေကြည့်ပြီး သေချာလဲတွေးသွားပါတယ်... မေတ္တာတရားသာ အပြန်အလှန်ထားကြရင် လူအချင်းချင်းတွေကြား ဘာနံရံမှ မခြားမှာ အမှန်ပါပဲ...
ညီမကေရေ... မေးလ်ထဲက မထွက်ပဲ အပေါ်က ကော်မန့် မန့် မိသွားတာမို့  နာမည်က တမျိုးဖြစ်သွားတယ်... အဲဒါ အမပါ
Post a Comment