တူ/တံစဉ် လူထု နဲ့ တန်ဖိုးနည်းဒီမိုကရေစီ





“ခင်ဗျားတို့က..မြှောက်ပေးတဲ့သူတွေ ရှိတာနဲ့ တောင်စာတင် မြောက်စာတင် နဲ့ .. တဲ့။
ခင်ဗျားတို့ကို စေတနာလည်း မရှိတော့ဘူး.. တဲ့။ ဒီလကုန်မှာ အပြီးရွှေ့ရမယ်...တဲ့။ အေး..မပြောင်းနိုင်ဘူး..တရားရင်ဆိုင်မယ် ဆိုရင်လည်း..ခင်ဗျားတို့ မိသားစုရှေ့ရေးတွေ မေ့သာ ထားလိုက်တော့..တဲ့။
ကျမက..ဆရာရယ်..ကျမတို့မှာ...လာခဲ့တဲ့နေရာဆိုတာကလည်း..အခြေအမြစ်တွေပြုတ်ကုန်ပြီ…..လို့….ဆိုတော့….”


အခက်အခဲ ဒုက္ခတွေကို အားကိုးတကြီး ရင်ဖွင့်တိုင်ပင် နေရှာတဲ့ အမျိုးသမီးကြီးရဲ့ အသက်ကို ကြိုးစားပြီး ခန့်မှန်းကြည့်မိသည်။ နေလောင်ထားတဲ့ ပါးပြင်ပေါ်မှာ သနပ်ခါးတွေ ဟိုတကွက် ဒီတကွက် ။ နဂိုတုန်းက အစိမ်းရောင် အကွက်စိပ်ကလေးတွေ ဖြစ်ပုံရခဲ့တဲ့ အပေါ်ဝတ် ဖျင်အကျီင်္လက်ရှည်အောက်က ကိုယ်နေဟန်က ပါးလျပ်လျပ် ရှိလှပေမဲ့  စကားပြောဟန်က  ချက်ကျလက်ကျ ရှိသည်။ ဒါကြောင့်လည်း အခုလာတဲ့ အုပ်စုကြီးထဲက  ယောက်ျားသားတွေကိုပါ ကိုယ်စားပြုပြီး ပြောဆိုနေခြင်း ဖြစ်ပေမည်။

အမရေ..အလုပ်သမား ပြသာနာလေးတွေ နည်းနည်းမေးချင်တာရှိလို့ပါ..လို့ ဖုန်းဆက်တော့… အခုလာခဲ့ ညီမရေ..အင်းစိန် အုတ်ကျင်း ဂုန်နီစက်ရုံက အလုပ်သမားတွေ ခဏနေ လာကြလိမ့်မယ်..လို့ ဆိုတာနဲ့ ၊ တက်စီတစီးပေါ် တက်ပြီး ဒရောသောပါး ရောက်လာခဲ့ရသည်။ အခု ရှေ့မှာ မြင်နေရတဲ့ အ၀တ်အစားတွေ ပိုသီ ပတ်သီနဲ့ ဆယ့်ငါးယောက်လောက်ရှိမဲ့ အဲဒီလူစုကရော ၊  အင်းစိန်ကနေ သင်္ယန်းကျွန်းထိ  ဘယ်လို လာကြပါလိမ့်။  သူတို့ အများစုက ဧရာဝတီ မြစ်ဝကျွန်းပေါ်က လာတဲ့ နာဂစ် ဒုက္ခသည်တွေ ဖြစ်ပြီး၊ အဲ့ဒီအချိန်တွေတုန်းက အစိုးရဂုန်နီစက်ရုံထဲမှာ နေစရာ ပေးထားပြီး၊ အလုပ်ခိုင်းထားခဲ့ ကြသည် တဲ့။ အခု ဒီစက်ရုံကြီးကို ပုဂ္ဂလိက - က ၀ယ်မယ် ဆိုတော့၊ သူတို့ ပြောသလို အခြေအမြစ်တွေ ပြုတ်နေတဲ့ နာဂစ်ဒုက္ခသည် အလုပ်သမား နှစ်ရာကျော် လောက် အတွက်၊ အနာဂါတ်က မရေရာ။ လမ်းစဉ်ပါတီ ခေတ်တုန်းက  နိုင်ငံတ၀ှမ်း တည်ဆောက် လုပ်ကိုင်ခဲ့ကြတဲ့  စက်မူဝန်ကြီးဌါန အောက်က အရှုံးပေါ်နေတဲ့ စက်ရုံပေါင်း မြောက်များစွာကို ပုဂ္ဂလိကတွေ လက်ထဲ ၊ လက်သိပ်ထိုး ပေါချောင်ကောင်း လွှဲပြောင်းရောင်းချနေတဲ့ အချိန်အခါကြီးမှာ၊ အခု  အင်းစိန်က စက်ရုံလေးမှာရော၊ ပိုင်ရှင် အသစ်က ၊ ဂုန်နီအိတ် တွေ ဆက်ထုတ်နေအုံးမှာတဲ့လား ။ 

၈၈ ရုံးက အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အမ နဲ့ အကို ကို ကြည့်ရတာလည်း၊ သူတို့ဆီကို အားကိုးတကြီး ရောက်လာကြတဲ့ မျက်နှာ ညိုညိုအိုအိုတွေ ကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေပုံ။ ခင်ဗျားတို့ ဆန္ဒပြမယ်ဆိုရင်လည်း ဘာဖြစ်လာနိုင်မလဲ ဆိုတာ ကြိုစဉ်းစားထားပေါ့ ..ကျနော်တို့က လောလောဆယ် ၀န်းရံ ပေးတာလောက်ပဲ လုပ်ပေးနိုင်တယ် ..ဆိုတဲ့ စကားလုံးတွေ အောက်မှာ ၊ မျှော်လင့်ချက် ကင်းမဲ့မူတွေက ပိုလို့သာ  နက်မှောင်တောက်ပြောင် နေလေသည်။

ကြုံသလိုကျပမ်း ခန့်ထားတဲ့ အဲ့ဒီ အလုပ်သမားတွေကို ထားအုံး။ ကျကျနန အလုပ် ခန့်ထား တဲ့ စက်ရုံအလုပ်ရုံတွေမှာရော၊ မျှော်လင့်ချက်တွေ ဘယ်လောက် လင်းလက်နေ နိုင်လို့ လဲ။ အလုပ်အာမခံချက်တွေ ဘယ်လောက်ခိုင်မာ နေပြီမို့ လဲ ။ ပြီးခဲ့တဲ့ အပတ်ကမှ ၊ ထောင်ချခံလိုက်ရတဲ့ ရွှေပြည်သာ တော်ဝင် သစ်အချောထည်စက်ရုံက အလုပ်သမား လူငယ် တယောက်ရဲ့  “အစိုးရက ကျနော်တို့ အလုပ်သမားတွေကို အကာအကွယ်မပေးတဲ့ အပြင် အလုပ်ရှင် အကြိုက်လိုက်ပြီး မတရားဖမ်းဆီးတာပဲ…” ဆိုတဲ့ အချုပ်ကားပေါ် တက်ကာနီး အံကြိတ်ပြောသွားသံက၊ လေထဲမှာ ပဲ့တင်နေတုန်း ။ သားသမီးတွေ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းပေါ်ထွက်လာ ဆန္ဒပြရတဲ့ အလုပ်သမား မိဘတွေ ရဲ့ မျက်ရည်တွေက ပါးပြင်တွေပေါ်မှာ ပူနွေးနေတုန်း ။

လှိုင်သာယာ စက်မူဇုန်အတွင်းက ၀ါးလုံးတိုင်ထောင်ပြီး ပလက်စတစ်စတွေ ယာယီမိုးထားတဲ့ ဆန္ဒပြ သပိတ်စခန်းငယ်လေး ရှေ့မှာလည်း ၊ အလုပ်သမားတွေ ဆန္ဒ မပြည့်နိုင်ကြသေး။

“ ဒါပေမဲ့…နက်ဖန်တော့ အလုပ်သမားတွေ အလုပ်ပြန်ဝင်တော့မယ်..တောင်းဆိုတဲ့ အချက်တွေထဲက ကျန်တာတွေ လိုက်လျောပေမဲ့  တရက်လုပ်ခ (၇၀၀) မှာ၊  ရှားပါးစရိတ် (၄၀၀) ထပ်တိုးပေးဖို့  ဆိုတဲ့ အချက်တော့ မရဘူးဗျ…” 

အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ လူတယောက် ရှင်းပြတဲ့ စကားလုံးတွေထဲက ၊ (၇၀၀)ဆိုတဲ့ဂဏန်းကို (၄၀၀)ဆိုတဲ့ဂဏန်းနဲ့ စိတ်ထဲမှာ ပေါင်းကြည့်လိုက် ပြန်နုတ်ကြည့်လိုက် လုပ်နေမိတယ်။ ရန်ကုန်မြို့ထဲကနေ တနာရီ မရှိတရှိ ခရီးကို အသွားအပြန် တက်စီကားခ (၆၀၀၀) ပေးပြီး လာခဲ့ရတဲ့ သူတယောက်အတွက် ၊ တနေ့ (၇၀၀) ဆိုတဲ့ အခြေခံလုပ်ခ နဲ့ ဒီအလုပ်သမားတွေ ဘယ်လို ရပ်တည်နေထိုင် နေကြသလဲ ဆိုတဲ့ မေးခွန်းက ခေါင်းထဲမှာ တစီစီ မြည်နေသည်။

“လူမူဖူလုံရေးကဒ် ဆိုတာကို ညီမလေးတို့ အပြင်မှာ တခါမှလည်း မမြင်ဖူးဘူး…လစာ စာရွက်တွေကိုလည်း တရုတ်လိုပဲ ရေးထားတယ်.. ပိုင်ရှင် တရုတ်လူမျိုးက တိုက်ရိုက် အုပ်ချုပ်နေတော့ ပြောဆို ဆက်ဆံရတာ အဆင်မပြေဘူး.. မြန်မာလူမျိုး မန်နေဂျာ ခန့်ပေးပါ ဆိုတာကို ၊ မြန်မာတွေကို မယုံဘူး လို့ ပြောတယ်.. မြန်မာပြည်မှာ အကျိုးစီးပွား လာရှာပြီးတော့ ၊ ညီမလေးတို့ မြန်မာအလုပ်သမားတွေကို ဒီလို ဆက်ဆံတာ ခံရတယ်…”

ဒေါနဲ့ မောနဲ့ သွက်လက်ချက်ချာစွာ ပြောပြနေတဲ့ အထည်ချုပ်အလုပ်သမလေးက၊ ရှိလှမှ  အသက် ၂၀ ပင် ပြည့်ပုံ မရသေး ။ တက္ကသိုလ်ကျောင်းသူလေး တယောက်သာ ဖြစ်ဖို့ကောင်းတဲ့ သပ်သပ်ရပ်ရပ် မိန်းကလေးငယ်ကို ကြည့်ရင်း ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမူတွေကို ဖိတ်ခေါ်နေတဲ့ တချိန်တည်းမှာ ၊ နိုင်ငံသားလုပ်ငန်းရှင်တွေရဲ့  အကျိုးစီးပွားကိုလည်း  ကာကွယ်ချင်စိတ် တ၀က်နဲ့  မပြတ်မသား ဖြစ်နေရှာတဲ့ ပညာတတ် အစိုးရမင်းတွေမှာ ၊ ကိုယ့်နိုင်ငံသား အလုပ်သမားတွေကိုရော ၊ ကာကွယ်ချင်စိတ် တစိတ်လောက် ရှိရဲ့လား လို့ သံသယ ဖြစ်မိသည်။

တကယ်တော့ မြန်မာပြည် စက်မူဇုံတွေထဲက တရုတ်လူမျိုး အလုပ်ရှင် တော်တော်များများဟာ သူတို့ တရုတ်နိုင်ငံကြီးထဲက Sweatshop လို့ တင်စားခေါ်ဝေါ်ကြတဲ့ ချွေးအလုပ်ရုံကြီးတွေဆီကနေ၊ ပြည့်လျှံ ယိုကျ လာတဲ့ ၀ိသမအလုပ်ရှင်တွေပဲမို့ ၊ မြန်မာအလုပ်သမ လေးတွေရဲ့ ချွေးတွေအတွက် စာနာ စဉ်းစားပေးလိမ့်မည်မထင်။ တကမ္ဘာလုံးကို လူသုံးကုန်ပစ္စည်း အ၀တ်အထည်တွေ ထုတ်လုပ်တင်ပို့နေတဲ့ တရုတ်နိုင်ငံကြီးထဲက ချွေးစက်ရုံ အလုပ်သမားတွေရဲ့ အလွမ်းဇာတ်တွေ ဆိုတာလည်း ဇာတ်မနာနိုင်တော့လောက်အောင်ထိ ရိုးအီနေခဲ့ပြီ။ ဒါပေမဲ့ တကယ့်တကယ်မှာ ဇာတ်တပုဒ်ထက် ပိုနာ တဲ့ အလုပ်သမားတွေရဲ့  ဘ၀ တွေကို ၊ ပြီးခဲ့တဲ့ ဧပြီလက ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်လုပ်ငန်းတွေ တည်ရှိရာ (၈)ထပ် အဆောက်အဦကြီးရဲ့  အပြိုအပျက်ပုံကြီးအောက်မှာ ထင်ထင်ရှားရှားကြီး  မြင်တွေ့ လိုက်ကြရပြန်သည်။ လူပေါင်း (၁၁၀၀)ကျော် သေကျေ ပျောက်ဆုံးခဲ့ရတဲ့ အဲဒီ အဖြစ်ဆိုးကြီးဟာ ၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ  လုပ်ငန်းခွင်လုံခြုံမူတွေကို အလေးမထားတဲ့ နိုင်ငံတွေ အားလုံး အတွက်  သတိထား သင်ခန်းစာ ယူရမဲ့ နမူနာ တခု ဖြစ်လာပြန်တယ်။ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံ ပြီးရင် ဒုတိယ အများဆုံး အထည်ချုပ်လုပ်ငန်း တွေရှိရာ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံအတွက် အကြီးအကျယ် မျက်နှာပျက်စရာ အဖြစ်ကြီးပေပဲ။ အဆောက်အဦ ဆောက်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့တဲ့ ပေါ့လျော့တဲ့ အဆောက်အဦပိုင်ရှင်ကို ထောင်ချအရေးယူ ခဲ့ပေမဲ့ အသက်ဆုံးရှုံးသွားတဲ့ အထည်ချုပ် အလုပ်သမားတွေ နဲ့ ကျန်ရစ်တဲ့ မိသားစုတွေ အတွက် အသက်လျော်ကြေး ထိခိုက် လျော်ကြေးတွေကို၊ ဘယ်သူကပေးမလဲ ဆိုတာ အဖြေမရှိ။ အထည်အပ်တဲ့ အနောက်နိုင်ငံ ကုမ္ဗဏီတချို့က၊ ၀မ်းနည်းကြောင်း ကြေညာချက်တွေ ထုပ်ပြီး လျော်ကြေးတွေ နိုင်သလောက် ပေးဖို့ လုပ်ပေမဲ့လည်း ၊ လူမူဖူလုံရေး အချက်အလက်တွေ အသက်အာမခံ စာချုပ်တွေ တိတိပပ မရှိနေတဲ့ လက်ပြဲ ကြီးထဲမှာ ၊ ဘယ်သူ့ကို ဘယ်လို ပေးရမှန်းပင် မသိ။  နောက်ဆုံးမတော့ နစ်နာဆုံးရှုံးနေရမှာက အလုပ်သမားတွေသာ။

အဲဒီလို ဆုံးရှုံးနစ်နာမူတွေ ကမ္ဘာကမသိပဲ ဘယ်လောက်တောင် ရှိနေလေဦးမလဲ။ တလောက ကလောမြို့နားက ရွှေမင်းဖုန်းရွှတွင်းမှာ အလုပ်သမားတွေ ရေကြီးပြီးတွင်းပြိုတာ၊ ဘယ်နှယ်ယောက် သေမှန်းပင် အသေအချာမသိ ။ အလုပ်ရှင်က ၁၆ ယောက်ပြောသည်။ ရွာခံတွေက အယောက်၆၀ ပြောသည်။ အဲဒီရွှေတွင်းမှာ လူ ဘယ်နှယ်ယောက် ဘာနာမည်တွေနဲ့ အလုပ်လုပ်နေသည် ဆိုတာပင် စားရင်းမရှိ။ မြန်မာပြည်တနံတလျား မိုင်းပြိုသည်။ လူသေသည်။ ဘာမှ မထူးဆန်း ။  အဆင်းရဲဆုံး နိုင်ငံတွေက အဆင်းရဲဆုံးလူတန်းစား အလုပ်သမားတွေအတွက် လုပ်အားခတွေ ဈေးပေါသလို အသက်တွေလည်း ဈေးပေါလှသည်။ သူတို့အတွက် အကာအကွယ်ပေးဖို့ ကိုယ်စားပြုပေးဖို့ ဘာမှမရှိ။

ရန်ကုန်လို မြို့ကြီးတွေမှာတော့ ၂၀၁၁ အလုပ်သမား အသင်းအဖွဲ့ ဥပဒေ နဲ့ အတူ  အလုပ်သမား အသင်းအဖွဲ့တွေ သမဂ္ဂတွေ တစ တစ ပေါ်ပေါက်လာနေသည်။ ILO ရဲ့ စာရင်းအရ အသင်းအဖွဲ့ပေါင်း ၅၀၀ နီးပါးရှိပြီဟု ဆိုသည်။ ရင်းနီးမြုပ်နှံမူတွေ တိုးတက်လာသလောက် ၊ အသင်းအဖွဲ့တွေ များလာသလောက် ၊ ပြသာနာတွေလည်း နေ့စဉ်နဲ့အမျှလို ရှိလာသည်။ အလုပ်သားရေးရာ အငြင်းပွားမူ ဖြေရှင်းရေး ဥပဒေ ၂၀၁၂ အောက်မှာ ခုံသမာဓိအဖွဲ့တွေ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်နေလင့်ကစား ၊ ပြသာနာတွေက လွယ်လွယ်နဲ့ မပြေလည် ။ လက်တလော တော်ဝင် သစ်အချောထည်စက်ရုံ ပြသာနာ မှာပင်ကြည့် ။ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်က မကျေနပ် မလိုက်နာတဲ့ အပြင် ၊ အခွင့်အရေးတွေကို ဦးဆောင် တောင်းဆို ခဲ့တဲ့ အလုပ်သမားတွေပင် ထောင်ထဲ ရောက်သွားခဲ့ရပြီ။ သူတို့ တောင်းဆိုတာက မျှတ တဲ့ သိက္ခာရှိတဲ့ အလုပ်ခွင် ။ နိုင်ငံတကာမှာ Fair work Act ဆိုတာတွေ ရှိသည်။ OHS ( Occupational Health and Safety)  ဆိုတဲ့ အလုပ်ခွင် လုံခြုံရေး ဥပဒေ တွေ သီးသီးသန့်သန့် ရှိသည်။ မြန်မာပြည်မှာတော့ ၁၉ ၅၄ ခုနှစ်ကတည်းက ရှိခဲ့တဲ့ လူမူဖူလုံရေးဥပဒေ ကို အနည်းငယ် ပြန်လည်ပြင်ဆင်ပြီး ၊ အားလုံးကို ရောနှော ဇလုပ်တိုက် ထားသည်။

လောလောဆယ်ဆယ်မှာလည်း  အလုပ်သမားတွေ အနေနဲ့  အဲဒီလို ရှည်လျားထွေပြား တဲ့ ဥပဒေတွေ ရပိုင်ခွင့် တွေကို လေ့လာ နားမလည်နိုင်အား ။ နားလည်ဖို့ အင်အား လည်း မရှိ။ သူတို့ အများစု လက်ငင်း တောင်းဆိုနေတာက ၊ လုပ်ခလစာ တိုးမြှင့်ပေးရေးသာ။ အနိမ့်ဆုံးအခကြေးငွေဥပဒေ ၂၀၁၃ ကိုတော့ လောလောလတ်လတ် ပြဌါန်း ပေးလိုက် ပြီ။ သို့ပေမဲ့ နည်းဥဒေ တွေ မလာသေးတဲ့ အတွက်၊ အလုပ်ရှင်တွေဖက်က အနိမ့်ဆုံးလစာ ဆိုတာကို ဘယ်လို အဆိုတင် အတည်ပြုမယ် ဆိုတာ စိတ်ဝင်စားစရာ ကျန်နေသေးသည်။ လုပ်ခလစာ ပြသာနာတိုင်းမှာ လုပ်ငန်းရှင်တွေ အကြောင်းပြသည်က လျှပ်စစ်မီး မလုံလောက်မူ။ ဆိုတော့ ၊ အလုပ်ရှင်တွေ  အမြတ်ပေါ်မှ  အလုပ်သမားတွေ  လစာ ကောင်းကောင်းရသင့်သည်လား ။ အလုပ်သမားတွေအတွက် သင့်တင့်လျောက်ပတ်တဲ့ လုပ်ခလစာ ပေးပြီး ကျန်တာကိုမှ အမြတ်အစွန်းလို့ တွက်သင့်သည်လား ။ အများကြီး ဆက်ပြီး စဉ်းစားဆင်ခြင် စရာတွေ ရှိသေးသည်။ အလုပ်သမား ရပိုင်ခွင့် ဥပဒေ တွေ ခိုင်ခိုင်မာမာ တင်းတင်းကျပ်ကျပ် ရှိထားတဲ့ စက်မူနိုင်ငံ ကြီးတွေ ဆီက ၊ အဆင့်ဆင့် ရွေ့လျား ဦးတည်လာတဲ့ cheap labor ဆိုတဲ့ သားကောင်သည်၊ အမေရိက ကနေ တရုတ် ၊ တရုတ်ကနေ  ဗီယက်နမ် ၊ ဗီယက်နမ် ကနေ ဘင်္ဂလားဒေ့ရှ်/မြန်မာ တို့လို ကမ္ဘာ့နောက်ဆုံး နိုင်ငံတွေဆီမှာ အဆုံးသပ်ပြီး ၊ နောက်ဆုံးတကာ ရဲ့ နောက်ဆုံး ဓါးမ နောက်ပိတ် အလုပ်သမား လူတန်းစားဆီမှာ ဂုတ်သွေးစုပ် ရတော့မယ် ဆိုရင်တော့ ၊ ကမ္ဘာကြီး တပတ်ပြန်လည် ဖို့သာ ရှိတော့သည်။

ဘာပဲဖြစ်ဖြစ် လူ့အခွင့်အရေး နဲ့ ကျင့်ဝတ်ဆိုတဲ့ ကိစ္စတွေကြောင့် အသင်းအဖွဲ့ သမဂ္ဂတွေ ရှိလာခဲ့ပြီ။ CSR (Corporate Social Responsibility) ဆိုတဲ့ နိုင်ငံတကာ စံညွန်းတခုကို လည်း ကြက်တူရွေး စကားသင်သလို တဖွဖွ ရွတ်ဆိုနေကြပြီ။

အလုပ်သမား ဖွဲ့စည်းမူ ဥပဒေ မှာက အလုပ်သမား ၃၀ ရှိရင် သမဂ္ဂဖွဲ့ လို့ရတယ်ဆိုပေမဲ့  သမဂ္ဂခေါင်းဆောင် ဖြစ်ပြီဆိုတာနဲ့ အလုပ်ထဲမှာ ရေရှည်ရပ်တည်ဖို့ ခက်ခဲတော့ သည်။ ဒါ့အပြင် အလုပ်သမား (၃၀၀) ရှိတဲ့ အလုပ်ရုံ တခုမှာ ၊ သမဂ္ဂ (၁၀)ခု ဖြစ်နေဖို့ရော သင့်ပါ့မလား။ အလုပ်ရှင်ဖက်က မွေးထားတဲ့သမဂ္ဂ နဲ့ အလုပ်သမားတွေ ကြားထဲက သမဂ္ဂကိုရော ဘာနဲ့ ခွဲခြားမလဲ။ ဆိုလိုတာက နည်းဥပဒေတွေက အားနည်း နေသေးသည်။ ဥပဒေတွေကို  ကျယ်ကျယ်ပြန့်ပြန့် အသက်ဝင် ဖို့ ကလည်း တပိုင်း ဖြစ်နေပြန်သေးသည်။ တခါတလေ အောက်ခြေ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေက၊ ဥပဒေအသစ်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မသိသေး ၊ နားမလည်နိုင်သေး ။ ပြုပြင်ပြောင်းလဲမူ ဆိုတာတွေက  လွှတ်တော်ကြီးထဲမှာသာ ၊ တပတ်တမျိုး မရိုးရပေမဲ့ ၊ ရပ်ကွက်တွေထဲ စက်ရုံတွေထဲမှာတော့  လှည်းဘီးအိုကြီးလို ဆီထဲ့လိုက်မှ တကျွိကျွိ မြည်နိုင်ယုံ ။

ထားပါတော့..။ကြားကာလမို့ လိုအပ်ချက်တွေ ရှိကောင်းရှိဦးမည်။ ဒါပေမဲ့..အဲဒီကြားကာလ ဆိုတာ ဘယ်လောက်ကြာနိုင်မည်လဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတွက် ၁၅ နှစ်လောက် အချိန်ယူခဲ့တဲ့ အစိုးရသစ် တဖြစ်လဲ အစိုးရဟောင်း မှာ ဘယ်လိုအခက်အခဲ အဟန့်အတားတွေ ရှိနေ နိုင် သေးသလဲ ။

အလုပ်သမား အရေး နဲ့ ပတ်သတ်လို့ အစိုးရဆီက တိတိပပ ပြောသံ ဆိုသံ မကြားမိသေးတော့ ၊ အစိုးရ နဲ့ အနီးစပ်ဆုံး ဖြစ်မဲ့ UMFCCI လို အဖွဲ့ကြီးတွေဆီ နားစွင့် ကြည့်မိသည်။ အများက အလွယ် ခေါ်တာတော့ စက်မူလုပ်ငန်းရှင်များအသင်းပေါ့။ တကယ့်တကယ် အစိုးရ က၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမူတွေ လာပါ လုပ်ပါ လို့  နိုင်ငံတကာကို ထွက်ခေါ်၊ တိုင်းပြည်ထဲမှာလည်း ဖိုရမ်တွေလုပ် အရောင်းမြှင့်တင် နေပေမဲ့လို့ ၊ ပြည်တွင်းလုပ်ငန်းရှင် သူဌေးကြီးတွေ အတွက်ရော နိုင်ငံစုံလုပ်ငန်းကြီးတွေ ကော်ပိုရေးရှင်းကြီးတွေနဲ့ တကယ် ယှဉ်ပြိုင်လိုစိတ် ရှိပါ့မလား ။ ယှဉ်ပြိုင်ရဲပါ့မလား။   Protectionism လို့ပြောတဲ့ ကိုယ့်အကျိုး-ကိုယ်ကာကွယ် လိုမူဟာ ၊ သဘာဝတော့ ကျနေလေသားပဲ။ ခက်တာက ထင်ထင်ပေါ်ပေါ် ကျင့်သုံးလို့ မရတဲ့ အပြင်၊ မြန်မာနိုင်ငံက WTO ကမ္ဘာ့ကုန်သွယ်မူ အဖွဲ့ကြီးထဲမှာ ပါဝင်ထားတော့ ၊ သိသိသာသာကြီး ကာကွယ်နေလို့ မဖြစ်။ အဲဒီတော့ ဖက်စပ်လုပ်မည်.. နည်းပညာပြောင်းရွှေ့ယူမည်.. စသည်ဖြင့် value added လို့ ခေါ်ကြတဲ့ လုပ်ငန်းအကြီးစားတွေ အတွက် ကျွမ်းကျင်အဆင့်မြင့်လုပ်သား (skilled labour) ဆိုတဲ့ ကဒ်ကို ကြိုကိုင်ထားလိုက်သည်။ နိုင်ငံတကာက ကူညီမဲ့ စွမ်းဆောင်ရည် သင်တန်းတွေ ၊သက်မွေးမူ ကျောင်းတွေ အတွက် ရှေ့ကို ကြိုထွက် ထားလိုက်ကြသည်။ နောက်မှာ ဖြစ်နေတဲ့ အထည်ချုပ်သမလေးတွေလို သစ်သားကော်ပတ်စားတဲ့ လူငယ်လေးတွေလို စွမ်းဆောင်ရည် သိပ်မလိုတဲ့ ကာယ အလုပ်သမားတွေကတော့ ၊ အလကားနေ ဆန္ဒပြနေကြတဲ့ အင်မတန် စိတ်ပျက်စရာကောင်း  သူတွေလို့ ၊ သူဌေးကြီးများ ထင်ချင် ထင်ကြပေမည်။ သူတို့ကြောင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမဲ့သူတွေ လာဖို့ လက်တွန့် နောက်ရွံ့ နေတော့မှာပဲ လို့  အစိုးရမင်းများ စိတ်ပူချင် ပူကြပေမည်။

ILO- နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းကြီးကတော့ ၊ မနေ့တနေ့က ပြီးသွားတဲ့ ၁၀၁ ကြိမ်မြောက် ကမ္ဘာ့ညီလာခံမှာ၊  ဆယ်စုနှစ်တခုကြာအောင် မြန်မာပြည်မှာ ဆောင်ရွက်နေခဲ့တဲ့ အဓမ္မလုပ်သားပြသာနာကို တခန်းရပ်၍ အလုပ်သမားတွေ စနစ်တကျ ဆန္ဒပြတတ်အောင် လမ်းပြမည် လို့ ဆိုသည်။ ကောင်းပါသည်။ လွတ်လပ်စွာ ဖွဲ့စည်းခွင့် နဲ့ လွတ်လပ်စွာ ဆန္ဒထုပ်ဖော်ခွင့် ဆိုတာကို လွတ်လပ်စွာ ဆင်းရဲချို့တဲ့ နေရတဲ့ အခြေခံလူတန်းစား အလုပ်သမားတွေက ၊ လမ်းပေါ်ထွက်တဲ့ အစာငတ်ခံတဲ့  လမ်းရိုးကသာ လိုက်တတ်သေးသည်။ Collective bargaining တို့  ဘာတို့ ဆိုတဲ့ ခေတ်မီ နည်းကျ တောင်းဆိုမူတွေကို၊  မြန်မြန်သာ အကောင်အထည် ဖော်ပေးစေချင်ပါသည်။
အခြားအခြားသော အလုပ်သမားရေး တက်ကြွ ဆောင်ရွက်သူ အုပ်စုတွေ အတွက် လည်း ၊ ရန်ကုန်မြို့လယ်ခေါင် ထရိတ်ဒါးဟိုတယ် အပေါ်ဆုံးထပ်မှာ ဖွင့်ခဲ့တဲ့ ILO ရုံးဆီ  မသွားရဲ တဲ့ ချွေးသံရွှဲရွှဲ အသွေးအရောင်မွဲမွဲ အလုပ်သမားတွေ ကိုယ်စား ၊ စကားပြောပေးရသူများ အဆင့်ကနေ ၊ ILO နဲ့ ပူးပေါင်းပြီး နိုင်ငံတ၀ှမ်း အလုပ်သမား သမဂ္ဂတွေ ရဲ့ အခန်းကဏ္ဍတွေ တိုးတက်ကောင်းမွန်လာအောင် ဆောင်ကျဉ်းနိုင်တော့မဲ့ လမ်းစတွေ ပေါ်ပေါက်လာနေပြီပေါ့ ။ ဒါပေမဲ့၊  ILOနဲ့  အဆက်အသွယ်ရှိသူ… UMFCCIနဲ့ အလွမ်းသင့်သူ…အစိုးရနဲ့ သင့်မြတ်သူ…ဒေါ်အောင်ဆန်းစုကြည်ဆီက ထောက်ခံချက်ရထားသူ.. စသူ စသူတို့ ကြားမှာ  အလုပ်သမားတွေ အတွက် တကယ်ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်သူတွေသာ များများ ပေါ်ပေါက်လာဖို့ အရေးကြီးလေသည်။

တကယ်တော့၊ အခွင့်အရေး အပြည့်အ၀ မရနိုင်ရှာတဲ့ အလုပ်သမား တွေဆိုတာ၊  စက်မူဇုန်တွေ မှာတင် မဟုတ်ပါဘူး။  နိုင်ငံ တနံတလျားမှာ အများအပြား ရှိနေပေဦးမှာပါ။ လူမသိ သူမသိ တောခြုံအုံကြားက ရွှေတွင်းအလုပ်သမားလေး ကစလို့ ၊ လူမြင် သူမြင် နေ့စဉ်ဘ၀ တွေထဲမှာကိုပဲ   အမူမဲ့ အမှတ်မဲ့ ကျောခိုင်းလာမိတဲ့ စတိုးဆိုင်ကြီးတခု ရဲ့ အရောင်းစာရေးမလေး တယောက် အထိ၊ အလုပ်သမား ရပိုင်ခွင့်  ချို့တဲ့ နေသူတွေ ဒု နဲ့ ဒေးပါ။ နိုင်ငံတနံတလျားတင်မက နိုင်ငံပြင်ပမှာတောင် ၊ ထိုင်းကနေ မလေးရှား အရှေ့တလွှားမှာ ဒုက္ခနွံနစ် နေကြတဲ့ အလုပ်သမားတွေ အုံ နဲ့ ကျင်း နဲ့ပါ။

အားမဲ့ အင်မဲ့ အနိမ့်ကျဆုံးဖြစ်နေတဲ့ သန်းပေါင်းများစွာသော အလုပ်သမား လယ်သမား လူထုကြီး အတွက် ၊ တူ/တံစဉ် တံဆိပ် နဲ့  စိတ်ကူးယဉ်ချင်စရာကောင်းတဲ့ ဘုံစနစ်ကြီးတခု မဖြစ်လာနိုင်ဘူးဆိုရင်တောင်၊ လူသား ဂုဏ်သိက္ခာကို တန်ဖိုးထားမဲ့၊ အယောက်စီတိုင်း အတွက် မျှတလျော်ကန်တဲ့ လူ့ဘောင်ခန်းဝါ တခုဆီ ကိုတော့  မျှော်ကြည့်သင့်ကြပြီ မဟုတ်လား ။ သူ့အတိုင်း အဓိပ္ဗါယ်ပြည့်ဝ ပြီးသား ဖြစ်နေတဲ့ “ဒီမိုကရေစီ” ဆိုတဲ့ ဝေါဟာရကို ၊ ဘာဝိသေသနဲ့မှ အထူးမပြု အညွန့်မခူးပဲ ၊ မြန်မာပြည်မှာ လူချမ်းသာက တစား လူဆင်းရဲက တစား နေထိုင်ကြတဲ့ တိုက်တာ အိမ်ယာတွေလို ၊ အလုပ်ရှင်က တမျိုး  အလုပ်သမားက တမျိုး ၀ယ်ယူသုံးစွဲကြတဲ့ လက်ကိုင်ဖုံးတွေလို ၊ “တန်ဖိုးနည်း ဒီမိုကရေစီ” ရယ်လို့တော့ ခွဲခြား ကျင့်သုံးဖို့ မသင့်ပါပေ။

ကေသွယ်
၂၁-၀၆-၂၀၁၃


 Weekly Eleven, Vol.8 No.38 , July 01 2013


Share/Bookmark

6 Comments:

မမသီရိ said...

ကေ့နှယ် ပြောတတ်ပလေ.. တန်ဖိုးနည်း ဒီမိုကရေစီ ဟုတ်လား..
စည်ကမ်းပြည့်ဝသော ဒီမိုကရေစီပါကွယ်..

ဆိုရှယ်လစ်တုန်းကလဲ .. ကမ္ဘာပေါ်မရှိဖူးတဲ့ မြန်မာ့ဆိုရှယ်လစ်.
ခုတော့ မြန်မာ့နည်း မြန်မာ့ဟန်..ဒီမိုကရေစီ..

မနက်က သမ္မတ မိန့်ခွန်းမှာတော့ ILO နဲ့လက်မှတ်ထိုးနိုင်ခဲ့ပြီ ဖြစ်လို့ အလုပ်သမား အခွင့်အရေးတွေ ရပိုင်ခွင့်တွေ အတွက် ပိုမို ပွင့်လင်းစွာ ထိရောက်စွာ လုပ်ပေးနိုင်မယ် ဆိုပဲ.. Wish for no just on paper! :(

မမ said...

မကေ
ရှယ်ပါရစေနော်။

မမ said...

မကေ
ရှယ်ပါရစေနော်။

မမ said...

မကေ
ရှယ်ပါရစေနော်။

kay said...

ရှယ်ပါ မမ။ ကျေးဇူးတင်ပါတယ်။း)

ဝိ၀ိ said...

နှစ်ပေါင်းမြောက်များစွာ တစ်သွေ တစ်မိန့် ဆိုပြီး အာဏာရှင်စစ်အစိုးရအုပ်ချုပ်လာခဲ့တဲ့နိုင်ငံမှာ ပြန်ပြီး ဒီမိုကရေစီ ဆိုပြီး ဖွင့်ပေးလိုက်တဲ့အခါ
မှာ တစ်ခါတည်း လူတွေရဲ့ မွန်းကြပ်မှုတွေက အလုံပိတ်ထားတဲ့တိုက်တစ်ခုကို လေ၀င်ပေါက်တစ်ပေါက်ကလေးဖွင့်ပေးလိုက်တာနဲ့ 
အထဲက လူတွေက တစ်ပြုံကြီးစုပြီး အသက်ပြေးရှုကြသလိုပဲ ဒီလိုပြဿနာတွေက အစပိုင်းမှာရှိနေပြီး ဘာလုပ်လို့ ဘာကိုင်မရ ဖြစ်နေကြအုန်းမှာပါပဲ။