ငါတို့တွေဟာ ၉၉ ရာနှုန်း


စက်တင်ဘာလ (၁၇) ရက်နေ့ တုန်းက  Occupy Wall Street  လှုပ်ရှားမူ ရဲ့  ၂ နှစ်ပြည့် နှစ်လည် ဆိုတဲ့ မထင်မရှား သတင်းလေး တခုကို ဖတ်လိုက်ရတော့ ၊ အတွေးတွေ ဟို ဒီ ခုန်ပေါက် ရင်း ၊ လွန်ခဲ့တဲ့ ဆယ် နစ် ကျော် ဆယ့်ငါးနှစ် လောက်က အကြောင်း ကလေး တခုဆီ သတိရမိ သွား၏။ 

အဲဒီနေ့က  ဘုရင့်နောင် တိုက်ခန်းတခုမှာ နေတဲ့ သူငယ်ချင်း နောက်ကို  လိုက်လည်ခြင်း ဖြစ်သည်။ ကြို့ကုန်း အာအိုင်တီ ကျောင်းဝင်းထဲက ပြန်လာကြတာဆိုတော့ ၊ အင်းစိန်လမ်းမ ကြီးပေါ်မှာပဲ ၊ ဘူတာရုံ လမ်းထိပ်မှာ ဆင်း၊  ဆိုက်ကား ငှားစီးပြီး လမ်းထဲ ၀င်ခဲ့ကြသည်။ လမ်းတ၀က် မီးရထားလမ်း အကျော်လောက်မှာ ၊ ရထား တံခါးအပိတ် အဖွင့်နဲ့  ကားတွေ ဆိုက်ကားတွေ  ကျပ်ညပ် နေတော့ ၊ ဆိုက်ကား ဆရာက ဘေးနားက ရပ်ကွက် အသစ်ကြီးတွေထဲ က ဖြတ်ချသည်။  ဒီနေရာတွေဟာ အရင်က ဘုစုခရု  ကျူးကျော် လူနေ ရပ်ကွက်တွေ ဆိုတာတော့ သိထားဘူးသည်။  ၉၁ ခုနှစ်လောက်ကမှ  မီးအကြီးအကျယ်လောင် လိုက်လို့  အခုလို အကွက်သစ်တွေ ဖြစ်လာတယ် ဆိုတာလည်း သိထားပေမဲ့လို့ ၊ အထဲမှာ ဒီလောက်ကြီး သီးသီးသန့်သန့် ရှိနေမယ်လို့ ထင်မထားမိ။ ရပ်ကွက်ထဲမှာတော့ ဘူတာရုံလမ်းပေါ်က ဆူညံ ရှုပ်ထွေးနေတဲ့ ဆိုက်ကားတွေ ဈေးသွားတွေ ရဲ့ မြင်ကွင်းနဲ့ ဆန့်ကျင်စွာပဲ တိတ်ဆိတ် သန့်ရှင်းနေသည်။ တချို့ တိုက်အိမ်ကြီးတွေ ဆိုရင် ၊ နန်းတော်ကြီးတွေလားပင် အောက်မေ့ရသည်။ အထဲမှာလည်း ကားကြီးတွေ ရပ်ထားလိုက်တာ သုံးလေးစီး ။ ဒါပေမဲ့ ဆိုးလိုက်တဲ့ လမ်းတွေ ဆိုတာ ။ ဆိုက်ကားဆရာ က၊ ချိုင့်တွေ ခွက်တွေကို ကြိုးစား ရှောင်ရင်း၊ ဒီ သူဌေးကြီးတွေကလည်းဗျာ အိမ်ကြီးတွေမှ အားမနာ လမ်းကလေး ဘာလေးတောင် ကောင်းအောင် မခင်းကြဘူး လို့  ညည်းရှာသည်။ အရာရာ ကို နိုင်ငံရေး လုပ်ချင်နေတတ်တဲ့ ကိုယ်ကလည်း မနေနိုင် ။ လမ်းတွေ တံတားတွေ ဆိုတာ အစိုးရက ပြည်သူ့ဘဏ္ဍာတွေနဲ့ လုပ်ပေးရတာလေ လို့  လျှာရှည်မိတော့၊ ဆိုက်ကားဆရာက… ဟာ အမကလည်း အစိုးရက နေပြည်တော်မှာ လမ်းတွေခင်းနေတာ အကုန်အကျတွေ များနေမှာပေါ့… တဲ့။ ကိုယ်လည်း ဘာဆက်ပြောရမှန်းကို မသိခဲ့ ။ သူငယ်ချင်းက တံတောင်နဲ့ တွတ်ပြီး ကြိတ်ရီရင်း ၊  ဟုတ်တာပဲ.. သူတို့ ဒီလောက် ၀င်ငွေတွေ ကောင်းနေတာ ဆင်းရဲနေတဲ့ နိုင်ငံအတွက် နည်းနည်းတော့ ပြန်လုပ်ပေးမှပေါ့.. ငါဖြင့် ဒီ ဧရာမ တိုက်အိမ်ကြီးတွေကို ဈေးသွား ဈေးပြန် နေ့တိုင်းမြင်နေတာ သူတို့လို ဖြစ်ချင်စိတ် ပေါက်မလာပဲ ဓါးပြတိုက်ချင်စိတ်တွေပဲ ပေါက်ပေါက်လာတယ် … လို့  စိတ်ချဉ်ပေါက်ဟန် နောက်လေ၏။   

အဲဒီ တုန်းက ကြုံခဲ့ ပြောခဲ့ ရီခဲ့ မောခဲ့ တာလေးကို အခုနေ ပြန်စဉ်းစားကြည့်တော့ - သြော် ဒါဟာ ခေတ်စနစ် တခုရဲ့ လူမူစီးပွားကို သရုပ်ဖော် နိုင်တဲ့  အကျစ်လစ်ဆုံး ဇာတ်ကွက်ကလေး တခုပါလားလို့  သဘောပေါက်လာရသည်။ ကိုယ်တိုင်ကတော့ အဲ့ဒီတုန်းက သူငယ်ချင်းဖြစ်သူ နောက်ပြောခဲ့သလို ဓါးပြတိုက်ချင်စိတ်တွေ ပေါက်မနေ ခဲ့ပေမဲ့လို့ ၊ ခေတ်စနစ် တခု ရဲ့ ရေဆန်မှာ ရုန်းကန် လှုပ်ရှား နေခဲ့ တဲ့ လူငယ် တယောက် အနေနဲ့ ၊ ဘာတွေလုပ်လို့ အဲ့ဒီလောက် ချမ်းသာနေမှန်း မသိတဲ့ သူဌေးကြီးတွေ ကိုတော့ ၊ မုဒိတာပွား ကြည်နူး အားကျ မနေမိ ခဲ့တာတော့ သေချာလှသည်။ 

အဲဒီလိုပါပဲ ။ ၀င်ငွေ ကွာဟမူ မြင့်မားလာတဲ့ အမေရိကန် နိုင်ငံမှာ ၊ အခြေခံလူတန်းစား တွေ  ဓါးပြတိုက်ချင်စိတ် ပေါက်ပြီး ၊  ငွေရှင် ကြေးရှင် ဘဏ်တိုက်ကြီးတွေ ရှိရာ  စတော့အိပ်ချိန်းတွေ ရှိရာ နယူးယောက် မြို့လယ်ခေါင်က ကမ္ဘာကျော် ဝေါလ်လမ်းမကြီးပေါ်ကို စုဝေး ရောက်ရှိလာကြပြီး ၊ Occupy Wall street – ဝေါလ်လမ်းမကြီးကို သိမ်းပိုက်ကြ ဆိုတဲ့ လှုပ်ရှားမူ ကို ၊ လွန်ခဲ့တဲ့၂နှစ်က စတင်ခဲ့ကြသည်။
ဖိနှိပ်မူတွေအောက်မှာ လူနေမူ အဆင့်အတန်း ကွာခြားချက်တွေ မြင့်မားခဲ့တဲ့ လူ့သမိုင်း တလျှောက် ၊ တော်လှန်ရေးတွေ အမျိုးမျိုးကို ဖြတ်သန်းပြီးခဲ့ကြပြီ။ အခုလည်း လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတွေဖြစ်ပေမဲ့ ၊ စီးပွားရေး ကွာဟချက်တွေ တနည်းတဖုံ ရှိလာပြန်တော့၊  မကျေနပ်မူတွေ ပေါ်ပေါက်လာကြပြန်သည်။ အရင်းရှင်စီးပွားရေး စနစ် ရဲ့ အညွန့်အဖူးတွေ ကို အလွယ်အသင့် စားသုံးနိုင်နေတဲ့  ၁ ရာခိုင်နှုန်းလောက်သာ ရှိတဲ့ ငွေရှင်ကြေးရှင်ကြီးတွေကို ၊ ၉ ၉  ရာခိုင်နှုန်းလို့ တင်စားထားတဲ့  ပြည်သူတွေက ၊ အော်ဟစ် တောင်းဆို နေကြပြန် လေ ပြီ။ We are the 99% - ငါတို့တွေဟာ ၉၉  ရာနှုန်း ဆိုတဲ့  စာသားက Occupy လှုပ်ရှားမူ ရဲ့  ဆောင်ပုဒ် ဖြစ်လာသည်။ သို့ပေမဲ့၊ ဒီ ၉ ၉  ရာနှုန်းထဲကမှ  အင်မတန် နည်းပါးသော အစိတ်အပိုင်း ကသာ ဒီလှုပ်ရှားမူကို စတင် ခဲ့ ကြ ခြင်းဖြစ်သည်။ သေချာ စဉ်းစားကြည့်တော့ ကိုယ်တိုင် ကြုံခဲ့ဘူးတဲ့  သူဌေးရပ်ကွက်ထဲက ဆိုက်ကားဆရာလို၊  ပြည်သူ့အခွင့်အရေး ရပိုင်ခွင့် ဆိုတာတွေကို  နားမလည်နိုင်အား ကြတဲ့  ပြည်သူတွေကပဲ   ဒီကမ္ဘာကြီးမှာ  အများစု မဟုတ်လား။



စိတ်မကောင်းစရာ ကောင်းတာက ၊ အဲဒီ လှုပ်ရှားမူ အပေါ်မှာ ထောက်ခံ အားပေး ပါဝင်မူ တွေ ထက် ၊ အထင်သေး ဝေဖန် မျက်ကွယ်ပြုမူ တွေကသာ ပိုများနေခဲ့ကြ ခြင်းဖြစ်သည်  ။  ဦးတည် တောင်းဆိုချက် သတ်သတ်မှတ်မှတ် မရှိဘူးလို့   ဝေဖန် ကြပေမဲ့ ၊ ၀င်ငွေမညီမျှမူ… စီးပွားရေး မကျေနပ်မူတွေကို အခြေခံပြီး ဖြစ်လာတယ် ဆိုတာကိုတော့ ၊ အားလုံး သိနေကြသည်ပင်။ တချို့ကလည်း အိမ်ခြေယာမဲ့ တေလေ ဂျပိုးတွေ.. အလုပ်မလုပ်တဲ့ အချောင်သမား ငပျင်းတွေ လို့  နှာခေါင်းရှုံ့ မျက်နှာလွှဲ ကြသည်။ ဒါပေမဲ့ ဒီ လှုပ်ရှားမူကို ပိုပြီး နက်ရှိုင်းလာစေ တာက ၊ တက္ကသိုလ် ပညာသင်စရိတ် ကြီးမြင့် မူတွေကို မကျေနပ်တဲ့  ကျောင်းသား တွေ ပါဝင်လာမူ ။ ဒါ့အပြင် လူလတ်တန်းစား ပညာတတ်  တချို့ ကပါ  ထောက်ပြ ဝေဖန် လာတာတဲ့၊ ပုဂ္ဂလိကပိုင် ဘဏ်ကြီးတွေ .. အာမခံလုပ်ငန်းကြီးတွေနဲ့ အစိုးရတွေရဲ့  ဒွေးရော ယှက်တင် ဖြစ်လာမူတွေ၊ ကော်ပိုရေးရှင်းကြီးတွေ ရဲ့  အခွန်ရှောင်ရှားမူ တွေ။ တကမ္ဘာလုံးက ၊ အကောင်းဆုံးရယ်လို့ သတ်မှတ်ပြီး ဦးတည် ချီတက်နေကြတဲ့  အရင်းရှင် ဈေးကွက်စီးပွားရေး စနစ်ရဲ့  ဟာကွက်ကြီးတွေ ကြီးမား ထင်ရှားလာတာနဲ့ အမျှ ၊ ဒီလှုပ်ရှားမူကြီး ရဲ့ မီးစာက ငြိမ်းတော့ မသွား ခဲ့။

၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ Occupy လှုပ်ရှားမူဟာ၊ နိုင်ငံပေါင်း ၈၀ ကျော် အထိ ပျံ့နှံ့ ခဲ့သည်။ နိုင်ငံ အသီးသီးရဲ့   မြို့လယ်ခေါင် စီးပွားရေး ရပ်ကွက်တွေက ဘဏ်ကြီးတွေ စတော့အိပ်ချိန်းကြီးတွေ ရှေ့မှာ ၊ ဆန္ဒပြပွဲတွေ လုပ်ကြသည်။ တချို့က သပိတ်စခန်းတွေ ဖွင့်ကြသည်။  အာရှတိုက်မှာဆိုရင် တောင်ကိုရီးယား မွန်ဂိုလီးယားနဲ့    ဟောင်ကောင် လို နိုင်ငံတွေ အထိပင် ကူးစက် လာခဲ့သည်။ Occupy Central လို့ ခေါ်တဲ့ ဟောင်ကောင်ရဲ့  လှုပ်ရှားမူ ဆိုရင် မြို့လယ်ခေါင်က HSBC ဘဏ်ကြီးရှေ့ မှာ သပိတ်စခန်း ဖွင့်ပြီး  အကြာရှည်ဆုံး သပိတ် အဖြစ်နဲ့ တနှစ် နည်းပါး ကြာအောင် စံချိန် ချိုးခဲ့ပြီး နောက်တော့ ဘဏ် က တရားစွဲလို့  ရုတ်သိမ်းခဲ့ရသည်။

ဘာကြောင့်လဲ တော့မသိ ၊ အဲဒီ လှုပ်ရှားမူ သတင်းတွေဟာ  ကမ္ဘာ့မီဒီယာတွေ မှာ ဟုန်း ကနဲ သတင်းဖြစ်သွားခဲ့ပေမဲ့ ၊ နောက်ပိုင်းမှာတော့ လူထု စိတ်ဝင်စားမူ လျော့ပါး သွားလို့ လား … မီဒီယာကြီးတွေကကို အသားမပေးချင်တော့ တာလား တော့မသိ.. မှေးမှိန် အရှိန် ကျသွားခဲ့သည်။ အခုလို ၂ နှစ် ပတ်လည် ကာလ မှာတောင်၊ နာမယ်ကြီး သတင်းမီဒီယာကြီးတွေမှာ  ရှာမတွေ့တော့။
တချို့ ကလည်း ၊ ဒါဟာ ကမ္ဘာ့စီးပွားရေး စနစ်ကြီး တခု လုံးကို  ခြိမ်းခြောက်တဲ့ Radical movement - အစွန်းရောက် တော်လှန်မူ … လို့  သမုတ်ပြီးတော့ ၊ ဘာသာရေး အစွန်းရောက်   အကြမ်းဖက်သမားတွေနဲ့ ၊ ရောထွေး တံဆိပ်ကပ် ပြစ်ချင် ကြသည်။ ရှေးရိုးစွဲဝါဒီ - Conservative တွေကလဲ ၊ အလုပ်သမား သမဂ္ဂတွေရဲ့  သွေးထိုး လှုံ့ဆောင် ဖျားယောင်းမူကြောင့် ဖြစ်လာတဲ့   စိတ်ကူးယဉ် ထင်ယောင်ထင်မှားဖြစ်မူ  လို့  နှိမ်ချကဲ့ရဲ့ ကြသည်။ ဒါပေမဲ့  ပြည်သူ့အခွင့်အရေး လှုပ်ရှားမူရဲ့ ချန်ပီယံ လူမည်းကြီး မာတင်လူသာကင်းက  I have a dream .. လို့ ပြောခဲ့တဲ့ အချိန်တုန်းက ၊ တနေ့မှာ အမေရိကန် သမ္မတဟာ လူမည်း တယောက် ဖြစ်လာလိမ့်မယ်လို့  ဘယ်သူမှ ထင်ခဲ့ကြမည်မဟုတ်။ ပိုမိုကောင်းမွန်ပြီး တရားမျှတလာတဲ့ လူ့ဘောင်တခု ဖြစ်လာဖို့  ဒီလိုပဲ မျိုးဆက်တခု ကနေ နောက်တခု ကို ပခုံးပြောင်းပြီး သွားရပေမည် ။

တကယ်တော့ Radical လား  Conservative လား … လက်ဝဲလား  လက်ယာလား  … သူဌေးကြီးလား  ဆင်းရဲသားလား … ဆိုတဲ့ အရှိတရား အစွန်းတွေဆီကနေ   အသိတရားတွေ နဲ့  နည်းနည်းခြင်းစီ ရှေ့တိုး ချဉ်းကပ်နိုင်ကြမှသာ၊  မျှခြေကျတဲ့ တည်ငြိမ်မူတခုကို ရနိုင်မယ် ဆိုတာဟာ… တရားဓမ္မတခု ဖြစ်သလို … သဘာဝဓမ္မ တခု လည်း ဖြစ်သည် မဟုတ်လား။ အလယ်အလတ်လမ်းစဉ်လိုက်တယ် - Liberal ကျ တယ် ဆိုတာလည်း ဖက်ရှင်လုပ် ယုံ သက်သက်မဟုတ်ပဲ ၊ တကယ်ကို အပေးအယူ လုပ်နိုင်မှ ။ ပြုပြင်ပြောင်းလဲ တယ် ဆိုတာလည်း ၊ ဟန်ပြသက်သက်မဟုတ်ပဲ၊ တကယ်ကို လိုအပ်မူတခု အဖြစ်လက်ခံပြီး စိတ်ရော ကိုယ်ပါ ပြောင်းလဲလိုစိတ် ရှိမှ။

ဒါပေမဲ့ ဒီမိုကရေစီ တိုင်းပြည်တွေမှာတောင် ၊ တိုင်းပြည်ခေါင်းဆောင် တချို့က ၊ လူထု အသွင် နဲ့ လှုပ်ရှားမူတွေကို  စိုးရိမ် ကြောင့်ကျ နေကြသည်။ တချို့ တော်လှန်ရေး ကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်တွေဟာလည်း  တော်လှန်ရေး ဆိုတဲ့ စကားလုံး ကို ဆက်ပြီး မနှစ်သက်ကြတော့ ။ radical ဆိုတဲ့ စကားလုံး ဆိုရင်တော့ အားလုံးက အလန့်တကြား လက်ရှောင်ကြပေလိမ့်မည်။ အမေရိကန် ဒီမိုကရက်ပါတီ ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဟီလာရီ ကလင်တန် ရဲ့ ကမ္ဘာကျော် စကားတခွန်း ရှိခဲ့ဘူးသည်။ 
 တခါတရံ မှာ ပုံရိပ်တွေ နဲ့ တကယ့်အဖြစ်မှန် တွေ  …  စကားလုံးတွေ နဲ့  အလုပ်ဖြစ်မူ တွေ ကို ကျမတို့ ရောတိ ရောထွေး ဖြစ်နေကြရတဲ့  ဟောဒီ ကမ္ဘာကြီးမှာ ဒီမိုကရေစီ ဆိုတာကိုက radical အတွေးအခေါ် တခုပဲ ဖြစ်နေပါသေးတယ် . . . တဲ့။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ၊ Occupy လှုပ်ရှားမူ တွေ အကြောင်း  အတွေး စိုက်ရာ လက်က လိုက်ရေးနေမိတုန်း ၊ စက်တင်ဘာ ၂၃ ရက်နေ့က စင်ကာပူနိုင်ငံ မှာ လုပ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတင်းစာရှင်းလင်းပွဲမှာ၊ စိတ်ဝင်စားစရာ မေးခွန်းတခု ကို ကြားလိုက်ရတယ်။ ဟောင်ကောင် သတင်းဌါန တခုက သတင်းထောက်မလေး တယောက်က မေးခြင်းဖြစ်သည်။ ဟောင်ကောင် မြို့လည်က စီးပွားရေးရပ်ကွက်မှာ ပြန်စ ဖို့ လုပ်နေတဲ့ Occupy Central အကြမ်းမဖက် လှုပ်ရှားမူဟာ၊ ဟောင်ကောင်ရဲ့  စီးပွားရေး ကို အဟန့်အတား ဖြစ်စေတယ်လို့ မြင်နေတဲ့သူတွေ ရှိပါတယ် အဲဒါကို ဘယ်လိုထင် ပါသလဲ တဲ့။ ပြီးတော့ ဒီမိုကရေစီ နဲ့  စီးပွားရေး ဖွံဖြိုးတိုးတက်မူကို ဘယ်လို ဟန်ချက်ညီအောင် လုပ်ပါမလဲ တဲ့။ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်က … မြန်မာပြည်မှာတော့ ငွေကြေးဆိုင်ရာ အဆောက်အဦးကြီးတွေ မရှိတော့ အဲဒီပြသာနာ မရှိဘူးလေ... လို့  ဟာသနှော တော့ တချို့ ပွဲကျသွားကြ သည်။ ပြီးတော့မှ လေးလေးနက်နက် သူမ ဆက်ပြောတာက  ဒီမိုကရေစီ ဆိုတာ အများထင်နေကြသလို နိုင်ငံရေး နဲ့ စီးပွားရေးကို ဟန်ချက် ညီအောင် ထိန်းညှိ နေရတာမျိုး…မဟုတ်ပဲ အခွင့်အရေး  နဲ့   တာဝန်ကျေပွန်မူ  ကိုသာ ဟန်ချက်ညီဖို့ လိုအပ်တာပါ လို့ ဖွင့် ဆိုသွားခဲ့သည်။

လူတော်တော်များများကတော့  ဒီမိုကရေစီ လို့ ဆိုတာနဲ့  အရင်းရှင် စီးပွားရေးစနစ် ကိုပါ၊ တွဲမြင်နေတတ်ကြသည်။ တကယ်တော့ နိုင်ငံ တနိုင်ငံဟာ လှည်းကြီးတစီး ဆိုရင် ၊ ဒီမိုကရေစီ ဆိုတာက လှည်းဘီးကြီးရဲ့ ၀င်ရိုးကြီး ဖြစ်ပြီး၊ စီးပွားရေးစနစ် ပညာရေးစနစ် ဆိုတာတွေက ဒီလှည်းကြီး ခရီးပေါက်အောင် ဟန်ချက်ညီညီ ရွေ့လျားပေးနေတဲ့ လက်တံ တွေသာ မို့၊ ဒီမိုကရေစီ ၀င်ရိုးဆုံလည် ကြီးမှာ မြဲမြဲမြံမြံ တွဲစပ်နေဖို့ သာ အရေးကြီးလေသည်။ သချာင်္တပုဒ်လို ဆိုရင်တော့ ၊မတူညီ တဲ့ ကိန်းဂဏန်း တွေကို ၊ ဒီမိုကရေစီ ပိုင်းခြေ နဲ့ ပျမ်းမျှချ နိုင်သလို ၊ မတူညီတဲ့ မျဉ်းတွေကိုလည်း  ဒီမိုကရေစီ စက်ဝန်း ထဲက ၊  လွတ်လပ်ခြင်း တရားမျှတ ခြင်း ဆိုတဲ့ ဆုံမှတ်တွေမှာ ဖြတ်နိုင် ဖို့ သာ မဟုတ်လား။
ဒီမိုကရေစီ အတောင်အလက်မစုံသေး သလို..  အရင်းရှင် ဈေးကွက်စီးပွားရေးစနစ် လည်း အရွယ်မရောက်သေးတဲ့   မြန်မာနိုင်ငံ မှာတော့ ၊ ဒေါ်အောင်ဆန်းစုကြည် ရယ်သွမ်းသွေးသလို ၊ ငွေကြေးဈေးကွက် အဆောက်အဦကြီးတွေ မပေါ်သေး လို့  Occupy လှုပ်ရှားမူ လုပ်စရာမလိုသေးပေမဲ့ ၊ ၉၉  ရာနှန်းသော ပြည်သူတွေကတော့  စီးပွားရေး မညီမျှ မူ ပင်လယ်ကြီးထဲ မှာ  ကမ်းမမြင် လမ်းမမြင် ကူးခတ်နေကြဆဲ ။

ကေသွယ်
25-09-13


Share/Bookmark

2 Comments:

SHWE ZIN U said...

I have a dream. မကေ ရေ ဒါပေမဲ့ ... ဒါပေမဲ့ ...

ဘာဘဲဖြစ်ဖြစ် ကျေးဇူးပါ

Phyo Maw said...

ချမ်းသာတဲ့ သူတွေက ဆင်းရဲတဲ့သူတွေကို ဝေငှ မပေးသင့်ဘူးလား ဆိုတဲ့ ကိစ်စက ၂ ဖက်စလုံးကြည့်ရလို့ ပြောရခက်မယ်ထင်တယ်။

တိုင်းပြည်ကောင်းဖို့ တော်တဲ့လူငယ်တွေ လိုအပ်တယ် ဆိုပြန်တော့ လက်ရှိမြန်မာ့ပညာရေးကလည်း ကျောင်းသားတစ်ယောက် လူငယ်တစ်ယောက်ကို အသိပညာရှိလာအောင် မလုပ်ပေးနိုင်ဘူး။ ကျောင်းသားတစ်ယောက်ရဲ့ အမြင့်ဆုံးဖြစ်နိုင်ဖို့က ဆယ်တန်းမှာ အမှတ်ကောင်းဖို့ လောက်ပဲ ခေါင်းထဲ ရိုက်သွင်းထားတော့ မျိုးဆက်တွေ အတွေးအခေါ် ကောင်းလာဖို့ကလည်း သံသယရှိစရာပဲ။

တတ်နိုင်တဲ့ မိသားစုက သားသမီးတွေ နိုင်ငံခြားထွက် ကျောင်းတတ် နောက်တော့ ကိုယ့်နိုင်ငံကိုယ်လှည့်ကြည့်ပြီး နှာခေါင်းရှုံ့သူများလာတာမျိုးကို ဖြေဖျက်ဖို့က ဒေါ်အောင်ဆန်းစုကြည် လာတုန်းက ပြောသွားတဲ့ "ငါတို့နိုင်ငံကမျက်နှာငယ်လို့ ငါတို့မျက်နှာငယ်တယ်ဆိုတဲ့ စိတ်ထားမယ့်အစား ငါတို့နိုင်ငံမျက်နှာမငယ်အောင်လို့ ငါတို့လုပ်မယ်လို့ဆိုတဲ့ စိတ်ဓာတ်တွေတော့ မွေးမြူဖို့လိုပါတယ်။" ဆိုတဲ့ စကားမျိုး ခေါင်းထဲဝင်ဖို့လိုတယ်။

အခြေအနေတွေ သိရက်နဲ့ ပြောင်းလဲရခက်တာ သိပ်ဆိုးတယ် သားအဖ ၂ ယောက် လှေဝမ်းပေါက်ပြီး ဖအေလုပ်သူက ရေခပ်ထုတ်ရင်း သားကို ထိုင်နေလို့ ဆူတော့ သားလုပ်သူက ကျနော်ထလိုက်ရင် ကျနော်ထိုင်ထားတဲ့ အပေါက်က ရေတွေဝင်လာရင် လှေလုံးလုံးနစ်မယ် ဆိုတဲ့ ပုံပြင်ထဲက အခြေအနေမျိုးတွေ ခပ်များများရယ်။

ထမင်းဝတဲ့ မီဒီယာသမား သတင်းသမားက လူထုဘက်ကရပ်မယ်ဆိုတာ သိပ်ယုံကြည်ရတာမျိုး မဟုတ်ဘူးပဲမြင်တယ်။ လွပ်လပ်စွာသတင်းထုတ်ပြန်ခွင့် ရလာတဲ့ မြန်မာမီဒီယာအနေနဲ့ အရေးအသားတွေ သတင်းတွေ ဖတ်ရတာ ရေးသားသူတွေရဲ့ အဆင့်အတန်းကို တန်းမြင်နေရတယ်။

အမရေးတာဖတ်ပြီး စိတ်ထဲပေါ်တာ ပြန်ချရေးတာ အကြောင်းအရာများ လွဲသွားသလားမသိဘူး။ :)