အမျိုးသားသယံဇာတအကျိုးစီးပွား နဲ့ M2





ပြီးခဲ့တဲ့ ဧပြီလ၊ မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတွန် မြို့တော်မှာ လုပ်တဲ့ ဒေသတွင်း ဒီမိုကရေစီခေါင်းဆောင်များ တွေ့ဆုံဖလှယ်ပွဲမှာ၊  ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က၊ အိမ်ရှင် နိုင်ငံသားတွေကို မွန်ဂိုလွိုက်အနွယ်တူ ဘိုးဘေးဘီဘင်တွေအဖြစ် နှုတ်ခွန်းဆက်သခဲ့လေသည်။ တချိန်တုန်းက ဦးနေ၀င်းက ဆွေမျိုးပေါက်ဖော် ဆိုတဲ့ စကားနဲ့  ၊ အိမ်နီးချင်း တရုတ်ကြီးကို သံခင်းတမာန်ခင်းခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် ကလည်း၊ သူ့ထုံးစံ အတိုင်း အရွှန်းလေးဖောက်ပြီး၊ ကျမတို့ တွေမှာလည်း Mongolia blue spot ဆိုတာ ရှိခဲ့ကြ တယ်လေ..လို့ ချစ်ကြည်ရေးစကား ဆိုခဲ့သည်။ မနုသာဗေဒအရ မွန်ဂိုတွေ နဲ့  မြန်မာတွေ ဘယ်လောက် ဆက်စပ်မူ ရှိခဲ့သလည်းတော့ မသိ… ။ မွန်ဂို တွေရဲ့ အကြောင်းကို ၊ ငယ်ငယ်က သမိုင်းဖတ်စာအုပ်မှာ ပါတဲ့ ဂျင်ဂျစ်ခန် - ကူဗလိုင်ခန် နန်းဆက်နဲ့  သူတို့ရဲ့ အင်ပါယာကြီး အင်အားကြီးမားခဲ့တာ... ပုဂံနိုင်ငံတော်ကြီးကို ထိပါးကျူးကျော်ခဲ့တာ..ဆိုတဲ့ သင်ခန်းစာတွေမှာသာ ဖတ်ဖူး သိဖူးခဲ့ပြီး ၊နောက်ပိုင်း ဘာမှ ထွေထွေထူးထူး ထပ်မသိမိ တော့။ အလွန် လျင်မြန်လှတဲ့ စစ်တပ်ကြီးနဲ့  ကမ္ဘာတ၀က် ကို သိမ်းပိုက်ခဲ့တဲ့ လူမျိုးတွေ အကြောင်း ၊ နှစ်ပေါင်း ထောင်ချီကြာလို့   စွမ်းအင်ရင်းမြစ် ခေတ်ကြီးရောက်မှ ၊ ကမ္ဘာ့အလယ် စိတ်ဝင်စားမူ ပြန်ရလာကြပြန်သည်။ ဒီတခါတော့ လေး-မြှားတွေကို ကျောမှာပိုးရင်း မြင်းတွေကို ဇက်ကုန်ဖွင့် ခရီးနှင်စရာ မလိုတော့။ သူတို့ရဲ့ ကန္တာလွင်ပြင် စားကျက်မျက်ခင်းကြီးတွေရဲ့ အောက်မှာတင် ၊ ကမ္ဘာမှာ တတိယ အကြီးဆုံး ဖြစ်တဲ့ သတ္တုသိုက်ကြီးက ၊ရှိနှင့်နေခဲ့လေပြီ။ အဲဒီ ရွှေတွေ ကြေးနီတွေ အမြောက်အမြား ရှိနေတဲ့ Oyu Tolgoi  သို့မဟုတ် Turquoise Hill လို့ ခေါ် တဲ့ သတ္တုတွင်းကြီးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ၊ အသေအချာ ရှာဖွေဖော်ထုတ်လိုက် နိုင် ချိန်က စလို့  နိုင်ငံရဲ့ ဂျီဒီပီ ရုတ်ချင်းခုန်တက်သွားခဲ့ပြီး ကမ္ဘာက လည်း ဂျင်ဂျစ်ခန် ကို ပြန်ပြီး စိတ်ဝင်စားလာ ကြလေပြီ။


ဒီမိုကရေစီ နှီးနှောဖလှယ်ပွဲ ရဲ့ အဖွင့်မိန့်ခွန်းမှာ ၊ဒေါ်အောင်ဆန်းစုကြည် က ၊  ဒီမိုကရေစီ နဲ့ တာဝန်သိမူ တာဝန်ရှိမူတွေ အကြောင်းပြောရင်း ၊ မြန်မာနိုင်ငံနဲ့ အခြေအနေခြင်း ဆင်တူစွာပဲ မွန်ဂိုလီးယား ဟာလည်း ၊ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီး ၂ ခု ရဲ့ ကြားမှာ တည်ရှိနေတယ်လို့ ထောက်ပြ သွားခဲ့သလို ၊ ခေါင်းဆောင်ခြင်း အလွတ် ဆွေးနွေးတဲ့ အချိန်မှာ ရော၊ အဲ့ဒီနိုင်ငံကြီးတွေ ရဲ့ အင်အားပြိုင်ဆိုင်မူအကြား ဘယ်လို ရပ်တည်မလဲ ဆိုတာတွေ.. မကျက် တကျက် ဒီမိုကရေစီ စနစ် နဲ့ မနူးမနပ် သယံဇာတဆိုင်ရာ မူဝါဒ တွေကို.. ဘ၀တူ နိုင်ငံခြင်း ဘယ်လို ဆွေးနွေးပြောဆိုခဲ့ ကြလေ မလဲ ။


သယံဇာတဆိုင်ရာ မူဝါဒဆိုတာမျိုးဟာ ရှုပ်ထွေးတယ်လို့ သိထားကြပေမဲ့၊ ဘယ်လောက်ထိ ခက်ခဲရှုပ်ထွေးမယ် ဆိုတာကိုတော့ ခန့်မှန်းကြည့်ဖို့ပင် မလွယ်။ အထူးသဖြင့် တိုင်းပြည်က သယံဇာတ ပေါကြွယ်နေသလောက်.. နိုင်ငံရေးစနစ်အရ အားနည်းမူတွေလည်း ပြည့်လျှံနေတဲ့ နိုင်ငံတွေမှာဆိုရင်တော့၊ Resouce curse  ဆိုတဲ့ သယံဇာတကျိန်စာ ငိုခြင်းရှည် ကလွဲ လို့ ၊ တခြားရွေးချယ်စရာ သိပ်မရှိ။ ဒါမှမဟုတ် ရင်တော့၊ Resource Nationalism ဆိုတဲ့ အမျိုးသားသယံဇာတအကျိုးစီးပွား ကြွေးကြော်သံကို အော်ဟစ် ပစ်လိုက်ယုံသာ။ သို့ပေမဲ့ ၊ အဲဒီကြွေးကြော်သံ ရဲ့ နောက်ကွယ် မှာရှိတဲ့ အဓိပ္ဗါယ် ဖွင့်ဆိုမူတွေက ကျယ်ဝန်း နက်ရှိုင်းသည်။ တကယ်ပဲ ပြည်သူလူထုဆီက ပဲ့တင်လာတဲ့ အမျိုးသားရေးစိတ် အခြေခံ တဲ့ သယံဇာတ အကျိုး စီးပွားရလိုမူ လား… အုပ်ချုပ်သူတစု ဆီက ပျို့အန်တက်လာတဲ့ ၊ အမျိုးသားပိုင် အမည်ခံ နိုင်ငံပိုင်ပြုလိုမူ လက်ဝါးကြီးအုပ်လိုမူ လား ဆိုတာကတော့ ၊ နိုင်ငံတနိုင်ငံခြင်း၊ ပြသာနာတခု ခြင်းစီ ကို လိုက်လို့ ၊ ကွဲပြားစွာ သုံးသပ်ဖို့ လိုပေလိမ့်မည်။

အမျိုးသားသယံဇာတအကျိုးစီးပွား

Resource Nationalism ဆိုတဲ့ ပြသာနာကို ခုနှစ်တွေ အတွင်းမှာ ၊ ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားလာရသည်ဟု ဆိုသည်။ နိုင်ငံတကာ စာရင်းအင်း လုပ်ငန်းစုကြီးဖြစ်တဲ့ EY ရဲ့  လေ့လာချက် ကိန်းဂဏန်းတွေ အရ ဆိုရင်၊ သတ္တုသယံဇာတ ကဏ္ဍရဲ့  အန္တရယ် အညွန်းကိန်း ၁၀ ခုမှာ နံပတ် ၉  အဖြစ် ရှိနေခဲ့ရာကနေပြီး ၊ ၂၀၁၁ ခုနှစ်မှာ နံပါတ် ၁ နေရာကို ခုန်တက်လာတဲ့ အထိ ၊ ပူပူလောင်လောင်ဖြစ်လာခဲ့သည်။ ထူးခြားတဲ့ ရောဂါတခု လိုပဲ ၊ သူ့ရဲ့ အကြောင်းရင်းဇစ်မြစ်ကို မရှာဖွေနိုင် နားမလည်နိုင်လည်း ရှိနေခဲ့ကြသည်။ ရောဂါလက္ခဏာတွေကတော့ ၊ ပိုင်ရှင် နိုင်ငံအစိုးရ တွေက ၊ အခွန်တွေ တိုးကောက်မယ်..စာချုပ်တွေပြန်ချုပ်ဆိုဖို့ လုပ်လာမယ်.. ဥပဒေတွေ ပြင်ဆင်ဖို့လုပ်မည် စသည်ဖြင့် ပြသာနာမျိုးစုံ ရှာလာပါသတဲ့။  အထူးသဖြင့် လက်တင်အမေရိကတိုက်က ဆိုရှယ်လစ် နိုင်ငံ တွေဟာ ဒီကိစ္စမှာ အစွာဆုံး နိုင်ငံတွေ ဖြစ်တယ်။ အရင်းရှင် အနောက်နိုင်ငံ တွေနဲ့ အမြဲ ဓမ္မ န္တရယ် ဖြစ်နေတဲ့ ရင်းမြစ်ကြွယ်ဝတဲ့ ဗင်နီဇွဲလား တို့ ဘိုလီဗီးယား တို့က၊ ရေနံ ထုပ်လုပ်မူတွေကို နိုင်ငံပိုင်ပြုထားပြီး ဖြစ်ပေမဲ့၊ အီကွေဒေါလို ဆိုရှယ်လစ် သံယောဇဉ်မကင်းတဲ့ အစိုးရက၊ လတ်တလောမှာမှ၊  သူ့နိုင်ငံထဲမှာ ရွှေတူးနေတဲ့ ကနေဒါပိုင် Kinross ကော်ပိုရေးရှင်းကြီး ကို ၊ အခွန် ၇၀% ထိ တိုးကောက်ပြီး ပြသာနာရှာလိုက် တာကြောင့် ၂ နှစ်လောက် ညှိနှိုင်းနေရင်း နောက်ဆုံးမှာ လုံးဝ ထွက်ခွါသွားရလေသည်။ သတ္တုလုပ်ငန်းတွေ အတွက် ၊ သာသာယာယာ ရှိခဲ့တဲ့ ချီလီ တို့ ပီရူးတို့လို နိုင်ငံတွေမှာတောင်  အမျိုးသားသယံဇာတ ဆိုတဲ့ အသံတွေ ထွက်စ ပြုလာပြီ။ တောင်အာဖရိကလို နှစ်ပရိစ္ဆေဒ ကြာအောင်၊ လုပ်ငန်းစု ကုမ္မဏီကြီးတွေနဲ့  အသားတကျ လုပ်ကိုင်လာခဲ့တဲ့ နိုင်ငံကြီး မှာလည်း ၊ မိုင်းအလုပ်သမားသမဂ္ဂတွေ ရဲ့  မညိမ်မသက်မူတွေ ၊ အမျိုးသားပိုင် ပြုလိုမူတွေနဲ့ လှုပ်လှုပ်ခတ်ခတ် ရှိနေသည်။ Resource Nationalism Index မှာ ထိပ်ဆုံးက ပြေးနေတဲ့ အာဖရိက နိုင်ငံ တော်တော်များများရဲ့ ကြားထဲမှာ မြန်မာနိုင်ငံ ကလည်း  နံပတ်စဉ် ၅ မှာ ရှိနေသည်။ သြစတြေလျ လို နိုင်ငံမှာတောင် ဒီပြသာနာက မကင်းခဲ့။  အခွန် ၄၀ % ထိ တိုးလိုက်တဲ့ Resoruce Super Profit Tax ကြောင့် အာဏာရ လေဘာပါတီ အတွင်းမှာ အကွဲအပြဲ  တွေပင် ဖြစ်ခဲ့ရသည်။ လက်ရှိမှာ ၊ အားလုံး အာရုံစိုက်ကြည့် နေကြရတဲ့  ပူပူနွေးနွေး  ပြသာနာ တခုကတော့  မွန်ဂိုလီးယား ရဲ့  Oyu Tolgoi သတ္တုသိုက်ကြီး ။


အမျိုးသားသယံဇာတအကျိုးစီးပွား နဲ့ မွန်ဂိုလီးယား

လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်တုန်းက၊  ရုရှပြန် ဘူမိရူပ ပညာရှင် Sanj တယောက် ဒီနေရာကို ရောက်လာတော့ ၊  စိမ်းပြာရောင် အဆင်းရှိနေလို့  Turquoise Hill လို့ ခေါ်ကြတဲ့ Oyu Tolgoi ကုန်းမြင့်ကြီးဟာ ၊ လူသူမနီး ကန္တရကြီးအလယ်မှာ ဘာမှ ထူးခြားမူ မရှိလှသေး ။ သူ့ကို လွှတ်လိုက်တဲ့ နိုင်ငံခြား ကုမ္ဗဏီတွေက ၊ သိပ် မမျှော်လင့်ထားပေမဲ့ ၊ သူကိုယ်တိုင်ကတော့၊ တနေ့ပြီး တနေ့ ထူးခြားစွာ တွေ့လာရတဲ့ ဘူမိ အထောက်အထားတွေကြောင့် နောက်တနေ့ မိုးလင်းဖို့ကိုတောင် စိတ်မရှည်နိုင်လောက်အောင် ၊ စိတ်အားထက်သန်မူတွေ ဖြစ်ခဲ့ရသည်တဲ့ ။ နောက်ဆုံးတော့ Sanj နဲ့ သူ့အဖွဲ့  ဖော်ထုပ်တွေ့ ရှိခဲ့တဲ့ ၊ ကမ္ဘာ့အကြီးဆုံးတခု ဖြစ်တဲ့ သတ္တုသိုက်ကြီးက   မွန်ဂိုလီးယား တနိုင်ငံလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲ ပစ်လိုက်တော့သည်။

စဉ်းစားကြည့်လေ..။ ရွှေတွေ ငွေတွေ ကြေးတွေ ၊ တနှစ်ကို ဒေါ်လာ ၈ ဘီလီယံ ဖိုးလောက် ၊ အနှစ် ၄၀-၅၀ ထုတ်လုပ်နိုင်မယ် ဆိုတဲ့ ပမာဏ က၊ အဲဒီနိုင်ငံ ရဲ့ အနာဂါတ် အတွက် ဘယ်လောက် ယောက်ယက်ခတ်သွားစေမလဲ ။ အထူးသဖြင့် လက်ရှိတာဝန်ယူ လုပ်ကိုင်နေတဲ့ အစိုးရ အတွက် ၊ ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးမှာ တခုခု ချွတ်ချော် တိမ်းစောင်းမသွားဖို့၊ ပူပင်စိုးရိမ်စိတ်တွေ လိုတာထက် ပိုများချင် များလာမည် ။ ဒါမှမဟုတ် ရလေ လိုလေ အိုတစ္ဆေဖြစ်ပြီး လောဘတွေ ပိုများလာတာလည်း ဖြစ်နိုင်သည် ။   တကမ္ဘာလုံးက တော့ ၊ မွန်ဂိုလီးယားမှာ Resource Nationalism ရှိနေပြီလို့  ရောဂါ တပ်ပေးလိုက်ကြပေပြီ။

ကမ္ဘာ့ သတ္တုဝယ်လက်ကြီး တခု ဖြစ်တဲ့ အိမ်နီးခြင်း တရုတ်ကို ကျော်ပြီး ၊ ဗြိတိသျှပိုင် Rio Tinto ကုမ္ဗဏီကြီး နဲ့ ဘယ်လို အချိတ်အဆက်မိ သွားသည်လည်းတော့မသိ ၂၀၀၉  ခုနှစ်မှာ စာအချုပ် ချုပ်တော့ ၊ မွန်ဂိုလီးယားဖက်က ၃၄% နဲ့ ကျန်တာ အားလုံး ကုမ္ဗဏီပိုင်။ ရုရှဖက်ကို ပိုပြီး နီးစပ်တဲ့ မွန်ဂိုတွေ အနေနဲ့  သမိုင်းရန်ဖက် တရုတ် ရဲ့ လွှမ်းမိုးမူကို သတိထားတာလည်း  ဖြစ် ကောင်းဖြစ်မည်။ အခုတော့ ကုမ္ဗဏီဖက်က open pit ကြီးအတွက် ၆ ဘီလီယံ နဲ့ စုစုပေါင်းကုန်ကျငွေ ဒေါ်လာ ၂၂ ဘီလီယံလောက် ကုန်ကျပြီးကာမှ ၊ အစိုးရက၊ စာချုပ်ကို ပြင်ဆင်ချင်လာသည်။ သူ့ဝေစု ကို ၅၁% လိုချင်သည်ဟု ပြောလာသည်။ နိုင်ငံထဲကို ရောက်လာတဲ့ လုပ်ငန်းအဆောက်အဦ အ၀၀ နဲ့  နိုင်ငံတွင်းက ကန်ထရိုက်လုပ်ငန်း လေးတွေရဲ့ လည်ပတ်မူက လွဲလို့ ၊ ခုထက်ထိ သူ့လက်ထဲကို ဒီသတ္တုတွင်းကြီးက အမြတ်ငွေတွေက လုံးလုံးခဲခဲ ၀င်မလာသေး ။ ဖြစ်ချင်တော့ ကုမ္ဗဏီကြီးကလည်း underground အတွက် နောက်ထပ် ၅ ဘီလီယံ ဖိုးလောက် တိုးချဲ့ ဖို့လုပ်လာသည်။ ထုံးစံ အတိုင်း စာချုပ်က Production Sharing Contract ဆိုတော့ ၊ ရလာတဲ့ ရောင်းရငွေ တွေထဲက ၊ ထုတ်လုပ်မူကုန်ကျစားရိတ်တွေ အရင် နှုတ်ရ အုံးမည်။ ကုန်ကျစားရိတ်တွေ များလေ..အသားတင် အမြတ်ဝင်ဖို့ နောက်ကျလေ ဆိုတော့.. အစိုးရ အနေနဲ့ နောက်ထပ် တိုးချဲ့ မူတွေကို  မလုပ်စေချင်တော့ပြီလား..။ အစတုန်းက ကောင်းဘိ ကောင်းရဲ့ နဲ့ အနှောင်းကျမှ မသေချာချင်တော့ပြီလား။  ဒါမှမဟုတ် တကယ်ပဲ သူ့ နိုင်ငံ လွင်ပြင်ကျယ်ကြီးတွေရဲ့ အလှသဘာဝကို ဒီ့ထက်ပိုပြီး မပျက်စီးစေချင်သည်လား။  ပြီးခဲ့တဲ့ ဇူလိုင်လက ပထမဆုံး ထုပ်လုပ်မူအဖြစ် တင်ပို့ ရောင်းချတဲ့ သတ္တုတွေကို အစိုးရ ကြိုးနီစနစ်အောက်မှာ မလိုအပ်ပဲ ကြန့်ကြာစေရာက စလို့  ၊ နှစ်ဖက်အပြန်အလှန် ပြသာနာတွေ အရှိန်မြင့်လာခဲ့သည်။ underground project ကို ဆက်မလုပ်စေချင်ဘူး ဆိုတော့ ၊ ကုမ္ဗဏီက လည်း ၊ ခန့်ထားတဲ့ နိုင်ငံသား ၀န်ထမ်း ၁၇၀၀ လောက်ကို အလုပ်ဖြုတ်လိုက်သည်။ အခွန်ရှောင်မူတွေ ရှိနေတယ်လို့ အစိုးရက စွပ်စွဲ ပြစ်တင်ပြန်သည်။ ကုမ္ဗဏီဖက်ကလည်း အခွန် ဒေါ်လာ ၁ ဘီလီယံကျော် ဆောင်ပြီးသွားပြီ လို့ သက်သေပြသည်။ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ Oyu Tolgoi မိုင်း ပြသာနာအတွက် ၊ စက်တင်ဘာလ ထဲမှာ အရေးပေါ်လွှတ်တော်အစည်းအဝေးပင် ခေါ်ထားလေသည်။ ဒီပုံအတိုင်းဆို မပြီးမပြတ်ဖြစ်နေတဲ့ သတ္တုတွင်းဥပဒေ ပြင်ဆင်မူ မူကြမ်း ကိုလည်း အတည်မပြုနိုင် ၊ ဥပဒေ ကျကျနန မဖြစ်သေးတော့လည်း ပြသာနာတွေက ဖြေရှင်းဖို့ ခက်ခဲ နဲ့.. လုံးခြာလည်လိုက်နေပေအုံးမည်။


အမျိုသားသယံဇာတအကျိုးစီးပွား နဲ့ မြန်မာပြည်

မြန်မာပြည်မှာလည်း သတ္တုတွင်းဥပဒေ ကို ၊ အပြီးသတ် မပြင်ဆင်နိုင်သေး..။ အတည်မပြုနိုင်သေး ။ အဲဒီလို တူညီစွာ ကြန့်ကြာနေမူ ကပင် ၊ အမျိုးသားသယံဇာတ ဆိုတဲ့ ပြသာနာရဲ့ လက္ခဏာတခု ပေလား။ မြန်မာပြည်မှာရော ဒီပြသာနာက ဘယ်လောက်ထိ နက်ရှိုင်းနေသလည်း ။

ဥပဒေ တရားဝင် အတည်မပြုရသေးပေမဲ့ ၊ တာဝန်ရှိသူအချို့ ရဲ့ ပြောဆိုချက်တွေအရ ၊ နိုင်ငံတော်လို့ ဆိုရမဲ့၊ သတ္တုတွင်းဝန်ကြီးဌါန ဖက်က ၊ ကိုယ်တိုင် အချိုးကျ ပါဝင် ရင်းနှီး မြုပ်နှံမည် မဟုတ်ပဲ ၊ Dead rent မြေငှားခ၊ Royalties ခိုင်ကြေး နဲ့ Tax အခွန် တွေသာ အမျိုးအစားခွဲခြား ကောက်ခံရယူမည် ဟု ဆိုသည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမူ တွေကို ပုံသဏ္ဍန် အမျိုးမျိုး နဲ့ ဖိတ်ခေါ် နေပေမဲ့ ၊ အရေးပါသော သတ္တုသိုက်ကြီးများ ကိုတော့ အားလုံး ချုပ်ဆိုပြီးစီး သွားပြီလို့၊ တခါတည်း ပိတ်ပြောထားသည်။ Green field နယ်မြေသစ် တွေမှာသာ ကိုယ့်နည်းပညာ ကုန်ကျစရိတ် နဲ့ လာပြီး ရှာဖွေ စမ်းသပ်တိုင်းတာ ဖို့ကို တိုက်တွန်းသည်။ ဒေသခံ တိုင်းရင်းသားပိုင် လုပ်ငန်းတွေ နဲ့ ဖက်စပ် လုပ်ကိုင်ဖို့ကိုလည်း လိုလားသည် ဟု ဆိုသည်။ ဆိုတော့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် ထားမယ် ဆိုတဲ့ သဘောလက္ခဏာတွေ ပါဝင်နေသည်။ ဒါ့အပြင် ပြည်တွင်း ထုပ်လုပ်မူ အလုပ်အကိုင် အခွင့်အလန်းတွေ တိုးမြင့်လာအောင်၊ သတ္တုရိုင်း အတိုင်း တင်ပို့ရောင်းချခြင်း ကို ကန့်သတ်မည် ဟု လည်း ပါရှိသေးသည်။ သင့်တင့် မျှတပုံတော့ ပေါ်နေသည်။ ဒါပေမဲ့ သင့်တင့် မျှတပုံ ပေါ် တဲ့ အဲဒီ ဥပဒေက၊ ဘာလို့ ကြန့် ကြာနေသ နည်း။ 

သို့ပေမဲ့ အကြပ်အတည်း ဖြစ်နေတဲ့ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း  စာချုပ်အသစ် ကတော့ လအနည်းငယ်အတွင်းမှာ လျင်လျင်မြန်မြန် ထွက်လာခဲ့သည်။  ရက်ရော လာပုံရ တဲ့ စာချုပ်အသစ်အပေါ်မှာ ပြည်သူတွေ အနေနဲ့ ကျေနပ်မူ တစုံတရာ ရသွားလို့လား တော့မသိ..။ လက်ပန်တောင်းတောင် အရေး ဆိုတဲ့ သွေးပူမူတွေ တတိုင်းပြည်လုံး အတိုင်းအတာ အနေနဲ့ ၊ အနည်းနဲ့ အများတော့ အေးစက် သွားခဲ့သည်။ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဒေသခံ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် ကိုယ်တိုင်ပင် ၊ စာချုပ်အဟောင်းတုန်းက ပြည်သူတွေ မသိခဲ့ရသလို ဒီစာချုပ်အသစ်မှာလည်း ကျမတို့ အနနဲ့ ဘာမှကြိုမသိခဲ့ရပါဘူး..လို့ ပြောတာကလွဲလို့ ၊ ဒီ့ထက်ပိုပြီး ဝေဖန်ဆန်းစစ်မူတွေ ထွက်မလာခဲ့တော့ ။

နဂိုတုန်းက..နိုင်ငံတော်အတွက် သတ်မှတ်ထားတဲ့ အခွန်စုစုပေါင်း ၁၆ % ကလွဲလို့ တပြားတချပ်..တစုတပုံ မှ ဝေစုပေးမထားရာ ကနေ ၊ ၅၁% ကြီး ဗြုန်းဆို ပေးပြစ်လိုက်သည်။ ဒီဝေစုကြီးထဲမှာ မူလ နိုင်ငံတော်က ရသင့် ရထိုက်တဲ့ အခွန်တွေကို လည်း ပါသည်ဟုဆိုသည်။ အရင်က ၅၁% ရခဲ့တဲ့ သဘာဝမကျလှတဲ့ ဦးပိုင်ရဲ့ ဝေစြုကီး ကိုတော့ ၁၉ % အဖြစ် ချက်ခြင်း ကိုယ်ရှိန်သပ်လိုက် သည်။ အရင်တုန်းက မပါခဲ့တဲ့ mine closure fund (သို့) mining rehabilitation fund လို့ခေါ်တဲ့ ဒီသတ္တုတွင်းကြီး ပြီးဆုံးကုန်စင်သွားတဲ့ အခါ (သို့) ဆက်မလုပ်ဖြစ်တော့တဲ့အခါ ဖုတ်ဖတ်ခါ ထမသွားပဲ ပြန်လည်တည်ဆောက် အဆုံးသတ်ပေးနိုင်မဲ့ အစီအစဉ်တွေ အတွက်လည်း ၊ နှစ်စဉ် ဒေါ်လာ ၂သန်း ထဲ့ဝင် မတည် ထားမည် လို့လည်း၊ ပါလာသည်။
Corporate Social Responsibility (CSR) လို့ အပြောများလာတဲ့ ဒေသခံလူထု အကျိုးအတွက် ၊နှစ်စဉ် အမြတ်ငွေထဲက ၂ % အသုံးချသွားမယ် ဆိုတာကလည်း ၊ ရုတ်တရက်တော့ ငြင်းရက်စရာ မရှိ။ သို့ပေမဲ့ ၊ ဒေသခံ အများစု ကတော့ ၊ ယနေ့ထက်ထိ ငြင်းဆန် ကန့်ကွက်နေဆဲ။ အညာနေပြင်းပြင်းအောက်မှာ ဖျင်အကျီ င်္ခေါင်းမှာပတ်လို့ ၀ါးခမောက်တွေ ကိုယ်စီဆောင်းရင်း ၊ ရှိသမျှ အင်အားနဲ့ တွန်းလှန် ဆန့်ကျင်နေကြဆဲပင် ။ သူတို့တွေရဲ့ ဆန့်ကျင်မူမှာ အမျိုသားရေးစိတ်တွေ ကိန်းအောင်းနေပုံ ပေါ်နေပေမဲ့ အမျိုးသား သယံဇာတ အကျိုးစီးပွား အတွက် တောင်းဆိုနေတာလား ဆိုတော့လည်း  မဟုတ်ပေ ။ သူတို့အတွက် မသေချာတဲ့ အကျိုးစီးပွား ဆိုတဲ့ ကိစ္စကို စိတ်ကူးပင် ယဉ်ကြည့်ပုံ မပေါ်။ သူတို့ လယ်မြေတွေ မဆုံးရှုံးရဖို့ကိုသာ လက်တွေ့ကျစွာ တောင်းဆိုနေကြလေသည်။ သယံဇာတ အကျိုးစီးပွား ဆိုတာကို ရယူလိုခြင်း မဟုတ်ပဲ ၊ မပေးလိုခြင်းသာ ဖြစ်သည်။

တကယ်တော့ လက်ပတောင်းအကြပ်အတည်း ဟာ ၊ ဒေါ်အောင်ဆန်းစုကြည် လာပြီး ဖြောင်းဖြ နားချယုံ နဲ့ ပြေလည်သွားမည့် ပြသာနာမျိုး မဟုတ်။ တရုတ်ကုမ္ဗဏီတွေ ၀င်ရောက်လာမူ ၊ အစိုးရရဲ့ အာဏာစက်ပြင်းထန်မူ ၊ စစ်တပ်လက်ဝါးကြီးအုပ်မူ ၊ လယ်ယာမြေ လျော်ကြေး နည်းပါးမူ၊ အနာဂါတ်မရေရာမူ ဆိုတာတွေ အောက်မှာ ၊ ဒေသခံတွေအတွက် ၊ မကျေနပ်မူ အဆောက်အဦကြီးက ဖြစ်သင့်တာထက် ပိုပြီး ကျယ်ပြန့် နက်ရှိုင်းခဲ့ ပြီး ဖြစ်နေသည်။ တကယ်ဆိုရင် မြန်မာပြည်မှာ တတိုင်းပြည်လုံး အတိုင်းအတာ နဲ့၊ အမျိုးသားသယံဇာတအကျိုးစီးပွားလို့  ပြောဖို့ထက် ၊ လူမျိုးစု တခုခြင်း တပြည်နယ်ခြင်းရဲ့ တိုင်းရင်းသားသယံဇာတ အကျိုးစီးပွား ပြသာနာတွေက ပိုလို့ တောင်၊ ရှုပ်ထွေး လက်ဝင်လှ သည့် အခြေအနေ။


အမျိုးသားသယံဇာတအကျိုးစီးပွား နဲ့  M2

မြန်မာ နဲ့ မွန်ဂိုလီးယား ရဲ့ တူညီမူ ဆက်စပ်မူတွေကို ဒေါ်အောင်ဆန်းစုကြည်က ရိုးရိုးရှင်းရှင်း မြင်ပေမဲ့လို့၊  စီးပွား အခွင့်အလန်း လုပ်ကိုင်လိုသူ တချို့ကတော့ ၊ ဆန်းဆင်းပြားပြား မြင်ချင် မြင်ကြပေလိမ့်မည်။ Silk Road Management လို့ ခေါ်တဲ့ ရင်းနှီးမြုပ်နှံမူလုပ်ငန်း ရဲ့ တည်ထောင်သူ Alisher က ၊ Myanmar- Mongolia- Mozambique ဆိုတဲ့ နိုင်ငံ ၃ ခု ရဲ့ ထူးခြားချက် တူညီမူတွေကို ဘုံထုတ်လို့ M3 Fund ရယ်လို့ ပင် စီးပွား တီထွင် ထားပြီးလေပြီ။  ဒီ M တွေဟာ၊ ဆိုရှယ်လစ် စီးပွားရေးစနစ်ကြီး အောက်မှာ ကာလရှည်ကြာ ငြီးငွေ့နေခဲ့ ကြပြီး ၊ တံခါးဖွင့်စီးပွားရေးကို ၊ စိတ်အားထက်သန် မြေစမ်း ခရမ်းပျိုးကာစ မို့၊  စွန့်စားမူ များသလို၊ အမြတ်အစွန်းလည်း မြင့်နိုင်မယ်လို့၊ တွက်ဆ ပုံရသည်။ ပြီးတော့ ၊ တခြား စီးပွား ထုပ်လုပ်မူ၊  နည်းပညာ တတ်ကျွမ်းကျင်မူ ဘာမှ မရှိခဲ့ လေတော့၊ မြေထဲမှာ ရှိနေတဲ့ သယံဇာတ တွေကိုသာ မှီခို ထုတ်ယူ စားသုံးကြမည့် ၊ အရိုင်းဆန်တဲ့ ဈေးကွက်တွေကလည်း စိတ်လှုပ်ရှားစရာ ကောင်းနေပေလိမ့်မည်။  သယံဇာတကျိန်စာ နဲ့ အမျိုးသားသယံဇာတအကျိုးစီးပွား ဆိုတဲ့ အသံ တွေတော့  ညံကာမှ ညံရော။

တကယ့် တကယ်မှာ ၊ သယံဇာတကျိန်စာ ဆိုတာကို ၊ ပြည်သူလူထုကသာ တိုက်ရိုက်ခံစား ရတာ ဖြစ်ပြီး ၊ သယံဇာတအကျိုးစီးပွား ဆိုတာကြတော့၊ အုပ်ချုပ်သူ လူတစုက ၊ အရင်ဆုံး စံစားရဖို့ ဖြစ်နေသည်။ ဖြစ်သင့်သည်ကတော့ ၊ သယံဇာတ ထုပ်ယူတဲ့ လုပ်ငန်းကြီး တွေမှာ ၊ ပြည်သူရယ်..အစိုးရရယ်..ကုမ္ဗဏီကြီးတွေရယ် သုံးဦး သုံးဖလှယ် တိုက်ဆိုင် ညှိနှိုင်းယူရမည် ။  သို့ပေမဲ့ ၊ လက်တွေ့မှာတော့၊ ပြည်သူရဲ့ အသံကို အစိုးရက နားထောင်ချင်မှ နားထောင်သလို ၊ အစိုးရ ရဲ့ တောင်းဆိုမူတွေကိုလည်း ကုမ္မဏီကြီးတွေက လိုက်လျောနိုင်မှ လိုက်လျောပေလိမ့်မည်။ လူဦးရေ ၃ သန်းလောက်သာ ရှိတဲ့ မွန်ဂိုလီးယား လို ၊ ကုန်းပိတ်နိုင်ငံတခု မှာ၊ ပြည်သူလူထု ရဲ့ အသံက မကြားရသလောက် ရှိပေမဲ့ ၊ လူဦးရေ သန်း ၆၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံ မှာတော့ ၊ ပြည်သူလူထု ရဲ့ အသံက ၊ ကျယ်လောင်လှသည်။  မွန်ဂိုလီးယား အစိုးရက အသံမထွက်တဲ့ ပြည်သူကို နာမည်ခံပြီး အမျိုးသားအကျိုးစီးပွားအတွက် ၊ ကုမ္ဗဏီကြီးတခု ကို ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ  မြန်မာအစိုးရ ကတော့ ဆူညံနေတဲ့ ပြည်သူ့အသံကို မကြားဟန်ပြု လို့ ၊ ကုမ္ဗဏီကြီးတွေ နဲ့ လက်ဝါးချင်းရိုက်ထားပြီးခဲ့ပြီ ။ ဖြစ်ချင်တော့ ၊ အရင်အစိုးရ လက်ထပ်က လုပ်ခဲ့တာတွေ လို့ အပြစ်တင်လွှဲချ ဖို့ကလည်း ၊ Oyu Tolgoi မိုင်းကြီးကို ၁၉ ၉ ၈ ခုနှစ်လောက်ကတည်းက စပြီး ၊ ၀န်ကြီးချုပ်သက်တမ်း နှစ်ဆက်၊  အခုလက်ရှိ လည်း ဒုတိယ သက်တမ်း ဖြစ်နေတဲ့ သမ္မတကြီးကိုယ်တိုင် ချုပ်ဆိုခဲ့တာ ဖြစ်သလို ၊ လက်ပန်တောင်းတောင်ကြီး ကိုလည်း ၊ အခုလက်ရှိ သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် ၂၀၁၀ ခုနှစ်ထဲက ပါဝင် လက်မှတ်ရေးထိုးထားတာ ဖြစ်နေပြန် တယ်။

ဒီ့ထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက  ၊ မြန်မာ နဲ့ မွန်ဂိုလီးယား ဆိုတဲ့ M2 က မဟာဗျူဟာမြောက် မဟာမိတ် ပြုပြီး၊ နိုင်ငံခြားရင်းနှီးမြုပ်နံမူတွေကို နိုင်နိုင်နင်းနင်း ထိမ်းချုပ်ဖို့ ကြိုးစားမယ် ဆိုတဲ့ လေလုံးထွားမူ သတင်းယောင် တခု ဖြစ်သည်။ အဲဒီလိုသာဆိုရင်တော့ Resource Nationalism သည် ဇာတ်လိုက် ကနေ လူကြမ်း ဖြစ်ချင် ဖြစ်လာမည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမူတွေ အတွက် ၊ ကြည်ကြည်သာသာ မရှိလှတဲ့ အရိုင်းဈေးကွက် မှာ ၊ ကုမ္ဗဏီကြီးတွေက ၊ ဆုပ်လည်းဆူး စားလည်းရူး .. ကုပ်ကပ်ပြီး ရသလောက်နဲ့ ကျေနပ်ကြရမည်လား ။ မြန်မာပြည်က ၀မ်ပေါင်လို တရုတ်အစိုးရ ပေါ်လစီနဲ့  ကျောထောက်နောက်ခံ ပြုထားတဲ့ ကုမ္ဗဏီကြီး မှာ ပြသာနာမရှိပေမဲ့ ၊ မွန်ဂိုလီးယားက Rio Tinto လို အစုရှယ်ယာရှင်တွေ ရဲ့ လိုအင်ဆန္ဒပေါ်မှာ အခြေပြု ထားတဲ့ အများပိုင် ကော်ပိုရေးရှင်းကြီးတွေ အနေနဲ့ တော့ ၊ မထောင်းသာလှ ။

ဒေသခံ တိုင်းရင်းသား ပြည်သူ တွေ အတွက် ကတော့ ၊ စီးပွားရေး စားကျက်မြေအသစ် ရှာဖွေမူ တွေအောက်မှာ ၊ CSR လိုင်စင်ရ ကုမ္ဗဏီကြီးတွေရဲ့ တာဝန်ယူမူတွေ ကို အသာထားလို့ ၊ ကိုယ့်တာဝန်ကိုယ် အရင်ယူရင်း ကိုယ့်စားကျက်မြေ အဟောင်းတွေ ပျောက်ကွယ်မသွားဖို့ ကို အစွမ်းကုန် ကြိုးစားနေကြရပေသည်။


ကေသွယ်
သြဂတ်စ် ၂၀၁၃

Weekly Eleven , No.47, Vol.8, September 02, 2013.

ဆက်စပ်ဖတ်ရန် - တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ 


Share/Bookmark

3 Comments:

SHWE ZIN U said...

အကျိုးရှိတဲ့ ပိုစ့်လေး အတွက်ကျေးဇူးပါ မကေ ရေ

အိမ့်ချမ်းမြေ့ said...

ဖတ်သွားပါတယ် မကေ...

AH said...

ခုလို ထောက်ပြပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ