ရသ နဲ့ သုတ - နည်းပညာ နဲ့ သဘာဝ - အဟောင်း နဲ့ အသစ် - ယခု နဲ့ ယခင်



မျက်ရှု ကနေ..နှစ်ပတ်လည် အတွက် စာတပုဒ် လောက် ရေးပါ လို့ ပြောလာသည်။ တကူးတက စာမူ တောင်းရ အောင် ၊ ကိုယ်က လည်း ဘာကြီးမှ မဟုတ် နေ ပါ လား။ မျက်ရှု ဆိုတာက ရော..ဘာလေး မို့ လဲ ။ 

မျက်ရှု ဆိုတဲ့.. စာမျက်နှာ လေး ကို.. ခုတလော ဟိုမှာ ဒီမှာ တွေ့ရင်း.. ပုံမှန် လို ၀င်ဖတ် ကြည့် နေ တာ တော့ ကြာပြီ။ စိတ်ဝင်စား စရာ၊ အနုပညာ စာပေ လက်ရာ အဟောင်း လေး တွေ လည်း တွေ့ ရ တတ် သည်။ ဖတ်ချင်စရာ .. ရသ - သုတ စာပေ လေး တွေ လည်း ၊ အကြောင်း စုံ သည်။ သတင်း လေး တွေ လည်း ကြိုကြား တွေ့ ရ သည်။ ခေတ်ပေါ် နည်းပညာ ကို အသုံးချ ပြီး ၊ စုစု စည်းစည်း အွန်လိုင်း မဂ္ဂဇင်း လေး တခု အမြုတေ ဖို့ ကြိုးစား နေ တဲ့ ၊ သူ တို့တွေ က ၊ မြန်မာပြည် ထဲက ၊ လူငယ် လေး တွေ ဆိုတာ သိရ တော၊ ပိုလို့ တောင်၊ စိတ်ဝင်စား မိ တော့ သည်။ ဒီစာမျက်နှာ လေး ပေါ် မှာ ၊ သူတို့လေး တွေ ရဲ့၊ ခေတ်အမြင် တွေ ကို တွေ့ လိုက် ရ သည်။ ခေတ်အကြိုက် လေး တွေ ကို လိုက်ဖတ် မိ သည်။ အထူးသဖြင့် တော့ ၊ အနုပညာ စာပေ အဟောင်းလေး တွေ ကို..လေးစား ထိန်းသိမ်း လို တဲ့..သူတို့ စိတ်ထား လေး တွေ ကို .. နှစ် လို မိ သည်။ 

ဒီလို နဲ့.. ဝေါဟာရအပြိုင် လေး တချို့ ၊ ခေါင်း ထဲ ရောက် လာ သည်။

ရသ နဲ့ သုတ.. နည်းပညာ နဲ့ သဘာဝ ... အဟောင်း နဲ့ အသစ်  .. 


++++++

တကယ်တော့...အေးလဲ့လေး.. ပြောလာတုန်း ကတော့၊ အတွေး ထဲ မှာ၊ စာစီ စိတ်ကူး ထား တဲ့၊  အကြောင်းအရာ လေး တွေ၊ နှစ်ပုဒ် သုံးပုဒ် ရှိ နေပြီး သားမို့၊ ၀မ်းပမ်းတသာ ပဲ ၊ ရသ လေး တပုဒ် ရေးပေး မယ်လို့.. ကတိ လွယ်လွယ် ပေး လိုက် မိသည်။ စိတ်ထဲမှာ လည်း၊ ၀တ္တုလေး တပုဒ် ရေးချင် စိတ် တအား ပြင်းပျ နေ သည် လေ။  “ ရှင်…၀တ္တုတွေ ရေး မနေ နဲ့..သိပ်မကောင်းဘူး ...ရိုးရိုး ဆောင်းပါး ပဲ ရေးပါဟာ ” လို့ .. အရင်းနှီး ဆုံး သူငယ်ချင်း တယောက် က.. ပွင့်ပွင့် လင်းလင်း အကြံ ပေး ထား တာတောင် ၊ အမှတ်မရှိ ရေးချင် နေ သေး သည်။ 

ဖြစ်ချင်တော့.. ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေ မှာ၊ လူနေ မကောင်း..စိတ်နေ မကောင်း တွေ ဖြစ်ပြီး ၊ စာလေး တပုဒ် ရေး ဖို့တောင် အချိန်မရ ၊ ခံစားချက် တွေ ဖမ်းချုပ် ဆုပ်ကိုင်လို့ မရ အောင် ဖြစ်ခဲ့ ရ သည်။ ရတဲ့ အချိန်လေး မှာ ၊  စိတ်ကို အတင်း သွင်းပြီး ၊ ကွန်ပြူတာ ရှေ့ ထိုင်.. ဇာတ်လမ်းကလေး ကို စ ကြည့် သည်။ တပိုဒ်  နှစ် ပိုဒ် တော့ ဟုတ် သေး သည်။ တနာရီ နှစ်နာရီ .. ထိုင် စိတ်ကူး ။ မရ တော့...။ ဘာမှ ထပ်မရ တော့..။ တရက် နှစ် ရက် ထပ်ကြိုးစား လည်း ဘာမှ ထူး မလာ ။ ကိုယ်ရေးထား တာ ကြီး ကို လည်း မကြိုက် တော့။ ကိုယ့် ဇာတ်ကွက် တွေ ကပဲ မခိုင်မာ သလို ။ အဲလို နဲ့ ၊ မိုက်ကရိုဆော့ဖ် ၀ါ့ဒ် ရဲ့ စာမျက်နှာ တွေ သာ၊ အဟောင်း ပိတ်လိုက် ၊ အသစ် ဖွင့် လိုက် နဲ့ အချိန် တွေ ကုန်သွား သည်။ တမျက်နှာ တောင် ဖြစ်ဖြစ် မ မြည် ခဲ့ ။ အဲဒီ အကြောင်းလေး တွေက..စိတ်ကူး ထဲ မှာ တုန်းက တော့.. သိပ် ကို လှ နေခဲ့ တာ ပါ ။ ခုကျ တော့မှ..ဘာဖြစ်လို့.. ကြွ မလာ သလဲ။ 

စာတပုဒ် ဟုတ်ဟုတ် ညားညား ချ ရေး ဖို့ တကယ် မလွယ် ဘူး ဆိုတာ ခုမှ သိတာတော့ လည်း မဟုတ်ပါဘူး။ လျောက်လျောက်လျားလျား ရသ ၀တ္တု တပုဒ် ဖန်တီး ထုတ်လုပ်ဖို့က၊ ပိုပြီး ခက်ခဲ တယ် ဆို တာ ကို တော့.. သိပ်မကြာခင် က မှ .. လက်တွေ့ကျကျ ၀န်ခံ မိ တယ် ဆိုပါတော့။

 အနည်း နဲ့ အများတော့..လူတိုင်း လို ၊ စာရေး တတ် ပေ မဲ့ ၊ သူတပါး ဖတ်ချင်အောင် ၊ စွဲငြိ အောင် ၊ အနုပညာ သက်ဝင် အောင် ရေး နိုင်သူ က တော့ လက်ချိုး ရီ လို့ ရ နေ သည် မဟုတ်လား။   နုနုရည် (အင်းဝ) ရဲ့ မြစိမ်းပြာ ကမာရွတ် လို ၊ သိန်းဖေမြင့် ရဲ့ သပိတ်မှောက် ကျောင်းသား လို ၊ ကြည်အေး ရဲ့.. အပြင်ကလူ လို၊ ဂျာနယ်ကျော်မမလေး ရဲ့ - သွေး လို၊ ခင်ဆွေဦး ရဲ့ တို့တိုင်းဌါနီ လို ၊ မြသန်းတင့် ရဲ့ ဓါးတောင် လို.. တကယ့် ဂန္ဓ၀င် တွေ  .. အကြိုက်တွေ .. ခေါင်းထဲ တန်းစီ ပေါ်လာ တော့ .. ကြက်သီး များ တောင် ထ မိ သည်။ ပြီးတော့ .. ဆယ်တန်း မှာ သင်ခဲ့ ရ တဲ့ .. လေထန်ကုန်း ၀တ္တုကြီး ။ အဲဒီ တုန်းကတော့..သဒ္ဒါ တွေ၊ ဝေါဟာရ တွေ ကိုသာ အာရုံ ထား ခဲ့ ရ တာ မို့.. သူ့စာပေ အနု ရသ ကို တောင် သေချာ မခံစား မိ ခဲ့ ပါ ။ ခု ပြန်ဖတ် ကြည့် တော့မှ .. စိတ်ရှည် လက်ရှည် ရေး သား ပုံဖော် ခဲ့ တဲ့ .. သူ့ဇာတ်ကောင် တွေ .. ဇာတ်လမ်း ဇာတ်ကွက် တွေ ။ အဲဒါတွေ ထက်၊ ပို စိတ်ဝင် စား စရာ ကောင်း တာ က.. ဒီ ကမ္ဘာကျော် ၀တ္တု ကြီး ကို.. သူ့ဘ၀ တခု လုံး မှာ အဲဒီ တအုပ် ပဲ ရေး ခဲ့ တာ ဆို တဲ့ .. စာရေးသူ အင်မီလီ ဘရွန်တီ ။

 ကိုယ့်အတောင် ကိုယ်ပြန်နှုတ် ပြီး ယက္ကန်းယက် တဲ့ ပုံပြင်ထဲက ဗျိုင်းမလေး လို၊ သူ့ မပျော်ရွှင်မူ တွေ ကို ၊ တတိတိ နဲ့ ဆွဲထုတ် ဖန်တီး ခဲ့ တဲ့.. ၀တ္တု တွေ ရဲ့ အဆုံး ... ပင်လယ်ဆီ ကို ထွက်ခွါသွား တဲ့.. ဗာဂျီးနီးယားဝုဖ် ရဲ့... ဘ၀ အဆုံးသပ် က လည်း အသဲအေး စရာ ကောင်း လွန်း နေ သည်။ ၂၁ ရာစု အမေရိက ရဲ့ နာမယ်ကျော် ၀တ္တုရေး ဆရာ Franzen  ဆိုလျှင်၊ သူ့ရဲ့ နာမယ်ကျော် .. နောက်ဆုံး ၀တ္တု Freedom ကို .. ကိုးနှစ် ကြာအောင် ရေး ခဲ့ သည်။ စာရေး ခြင်း ကိုပဲ.. အသက်ရှု သလို ၊ ထမင်းစားသလို လုပ် ကိုင်ပြီး .. သူ စာရေး တဲ့ အချိန် ဆို .. အင်တာနက် ကို ပလပ် ကနေ ဆွဲ ဖြုတ် ထား သတဲ့ ။ စာရေး ဖို့ အတွက် သီးသန့် စီစဉ် ထား တဲ့ အခန်း ထဲ မှာ .. စကားပြော ခန်း တွေ ကို .. အသံထွက် ပြီး ရေး တယ် လို့ အင်တာဗျူး တခု မှာ ဖတ်လိုက် ရ သည့် ။  အံ့ဘွယ်သရဲ စာရေးနိုင်သူ များ ပါပေ။ 

အခုခေတ် စာဖတ် သူ တွေ ဟာ..  ခံစား ဖို့ ထက် .. သိ ဖို့ အတွက် .. စာတွေ ပိုဖတ်လာ ကြ လိမ့် မယ် လို့. ...ဆရာ ကျော်ဝင်း ရေးခဲ့ တုန်းက၊ သဘောကျ ခေါင်းညိမ့် မိ ခဲ့ ဘူး သည်။ ကိုယ်တိုင် လည်း ရသ စာ တွေ ကို မဖတ်ဖြစ်ပဲ အတော်ကြာ အောင် နေ ခဲ့ ဘူး သည်။ လူတွေ နဲ့ လူ့ပတ်ဝန်းကျင် အကြောင်း သိနားလည် ဖို့ တင် မက .. ခံစားနည်းလည် ဖို့ လည်း လိုအပ် လှ သည် ဆို တာ ကို.. တကျော့ပြန် လက်ခံ ခဲ့ သည် မှာ .. သိပ် မကြာလှ သေး။ ခံစားနားလည် ရင်း .. သိ နားလည် သွား မည် ဆို လျှင် တော့ ၊ အတိုင်းထက် အလွန် .. ရသ ပေါ် သုတ ဆင့် ပေါ့ ။ သူတို့ နှစ်ခု ဟာ ပေါင်းစပ် နိုင် သည့် မိတ်ဖက် တွေ ပဲ မဟုတ်လား။ သေချာ တာ ကတော့.. လူသားတွေ ရဲ့ စိတ်အာဟာရ အတွက် .. ရသ- သုတ အချိုး  အစား ကျန ဖို့ သိပ်ကို လိုအပ် နေ ပေ ပြီ်။ 

အထူးသဖြင့် .. နည်းပညာ နဲ့ ရုပ်ပိုင်း ဆိုင်ရာက... ပိုပြီး အလေးသာ သလို ဖြစ် လာ နေတဲ့ ၊ အခု ခေတ် အချိန် အခါ မှာ.. ကိုယ်ကျင့် တရား ၊ အတွေးအခေါ် ပိုင်း နဲ့ လူ့သဘာဝ တွေကို နှိုက်နှိုက် ချွတ် ချွတ် .. နက်နက် နဲ နဲ.. လှလှ ပပ ဖော်ပြ ပေး နိုင် တဲ့ ၊ ရသ စာပေ ကောင်း တွေ .. ၀တ္တု ကောင်း တွေ ပိုလို့ တောင် လိုအပ် နေ တော့ သည်။ 

ထားတော့.. ရသ ပဲ ဖြစ်ဖြစ် သုတ ပဲ ဖြစ်ဖြစ်။ ခုအချိန် မှာ က.. ဆက်သွယ်ရေး နည်းပညာ တွေ ကြောင့်  စာရေး ချင်သူ တိုင်း လွယ်လွယ် ကူကူ .. ကောင်းကင်ထက် မှာ .. စာရေး နိုင်နေ ကြပြီ ..။  ရေး လည်းရေး နေ ကြ ပြီ မဟုတ်လား ။ စာဖတ်သူ တွေ ဆီ ၊ အလွယ်တကူ ရောက်ရှိ နိုင် နေ ပြီ မဟုတ်လား။ 

သို့ပေမဲ့... စာဖတ်ပရိသတ် ဆို တဲ့ အရေးအကြီးဆုံး  အချက် နဲ့ စာရေးဆရာ လား... စာရေးသူ လား ဆိုတဲ့ မေးခွန်းကြီး က တော့.. ရှိနေ သည်ပေါ့။ ပုံနှိပ်မှ စာကောင်းတာ လား...အယ်ဒီတာ ဖြတ်မှ စာကောင်း တာ လား ဆို တာ လည်း .. ဆန်းစစ် စရာ လို လာ သည်။ အရည် အသွေး ကောင်း လို့ လူတွေ ဖတ်သလား … လူ အဖတ်များ လို့ အရည်အသွေး တခု ရှိသွားသလား ဆိုတာလည်း.. စဉ်းစားစရာ ။ ဘာလို့ ဆို .. ဒီခေတ်မှာ စာတပုဒ် ဟာ.. လူတွေဆီ ကို ( စာဖတ်သူ လို့ မသုံး ပါ) များများ မြန်မြန် ရောက်ဖို့ သိပ်ကို လွယ်ကူ လွန်း လှ သည်။ 

ဆက်သွယ်ရေး နည်းပညာ တွေ အောက် မှာ ကမ္ဘာကြီးက၊ ပြားပြား လာ သလောက်... စည်းမျဉ်း ကန့်သတ်ချက် တွေ ကလည်း  ၀ါး..၀ါး လာ သည်။ ဆရာဝန် ဆေးစာ နဲ့ ၀ယ်ရ မဲ့ ဆေးတွေကို.. အင်တာနက် က တဆင့်..  လို သလောက် ၀ယ်ယူ လို့ ရ နေပြီ။  တန်ရာ တန်ဖိုး ပေးဝယ် ရ မဲ့၊ သားရေဖုံး ကဒ်ထူ စာအုပ် တအုပ် ကို၊ အီးဘွတ်ခ် ဆိုပြီး ကွန်ပြူတာ တက်ဗလက် တွေ ပေါ် မှာ.. အလကား ဖတ် လို့ ရ နိုင် နေ ပြီ။ မူပိုင် တကြိမ်ပြု ထားတဲ့ ၊ တေးရေးဆရာ တယောက် ဟာ ၊ အင်တာနက် ယူကျု ပေါ်က .. သူ့သီချင်း တွေ အတွက် .. ဘာ မှ ပြော လို့ မရ တော့ ပြီ။ 

နည်းပညာလှိုင်း ကို လူတွေက စီးနေကြ သ တဲ့ ။ ဒါဆိုရင် လှိုင်းလုံးကြီး တွေ ၊ ကြီးသထက် ကြီး လာရင်း ၊ လူတွေ နဲ့ လူ့ပစ္စည်း ၊ လူ့ အရည်အသွေး တွေ ကို ၀ါးမြို နစ်မြုပ် စေ မဲ့ အဖြစ်မျိုး တွေ ရော ဖြစ် မလာ နိုင် ဘူး လား။ 

ခက်တာက.. တောင်ပြိုတာကို လက် နဲ့ ကာ လို့ မရ ။ ခေတ်တခေတ် ပြောင်းလာ တာ ကို  ခေတ်အဟောင်း နဲ့ နှိုင်းယှဉ် ဆန့်ကျင် နေ လို့ လည်း မဖြစ် ။

တချိန်ချိန် မှာ၊ စာအုပ် ဆိုတာ တွေ ပျောက်သွား တော့ မလား …. သတင်းစာ တွေ မလို တော့ ဘူးလား…. လူတွေ တကယ့်ဘ၀ ထဲ ကနေ.. ပုံရိပ်ယောင် ဘ၀ တွေ ထဲ မှာ ပဲ ရှင်သန် ကြ တော့ မှာ လား ….. အနတ္တ အမှန် တရား နဲ့ လူ့ ကျင့်ဝတ် ဆို တာ တွေက ပျောက်ကွယ် သွား တော့ မှာ လား …. နောက်ဆုံး ၊ မသေ နိုင် တော့ တဲ့ လူ တွေ နဲ့ ကမ္ဘာကြီးက လေးလံ ၀န်ပိ လာ တော့ မလား ….. ရူပသိပ္ပံ ပညာရှင် ကြီး စတီဖင် ဟောကင်း ပြောသလို ၊ အခု ထဲက တခြား ဂြိုဟ် ကမ္ဘာ တခုခု ၊ ရှာထား ရ တော့ မလား။ 

ကျမ ကိုယ်တိုင် ကတော့.. သဘာဝ ကို ယုံကြည် ချင်သူ သာ ဖြစ်ပါသည်။ နည်းပညာ ကို မကိုးကွယ် လို ပါ။ သဘာဝကြီးက ၊ သဘာဝ ကျကျ ၊ သဘာဝ အတိုင်း ၊ လှပစွာ လုံလောက်စွာ ၊ ပေးထားပြီးသား ၊ ရှိနေ ပြီး သား လို့ ထင်သည်။ မလုံလောက် မစေ့ငှ တော့ လို့ ၊  အကျည်းတန် အရုပ် ဆိုး လာ ခဲ့ ပြီ…. ကမ္ဘာကြီး မှာ ၊ အန္တရယ် တွေ များလာပြီ ဆို ရင် လည်း ၊ ဒါဟာ တရား ကိုယ် ၊ သဘာဝ တခု  သာ ပင်။ သို့ပေ မဲ့ ၊ အခု ခေတ် လို၊ နည်းပညာ ရဲ့ လွယ်ကူ ချောမွေ့မူ တွေ နဲ့ ၊ သဘာဝ ရဲ့ ပင်ကိုယ် အစစ်ဖြစ် မူ တွေ ၊ တွန်းထိုး ယှက်နွယ် နေ တဲ့ ၊ အနေ အထား မှာ ၊ တယူသန် ချင် နေ လို့ လည်း မရ တော့ ပြီ။  မသဲမကွဲ အယူအဆ တွေ ခေတ်မီ လာ သည် ။ ဝေေ၀ ၀ါးဝါး ကြားထဲက သုံးသပ် ရတာ က ၊ ပို အဆင်ပြေ တတ်သည်။ ( ယခု ရေးထားတဲ့ စာ လို မျိုး ပေါ့ )

ဘာပဲ ဖြစ်ဖြစ်.. အွန်လိုင်း ပေါ် က၊ ဖျတ်ဖျတ်လပ်လပ် သတင်း တို ထွာလေး တွေ .. ပေါ့ပေါ့ ပါးပါး စာကြောင်း လေး တွေ .. မတိုမရှည် စာမူ ဆောင်းပါး လေး တွေ ကို ပုံမှန် ဖတ် ဖြစ် နေ တဲ့ ကြား က .. လေးလေး လံလံ စာအုပ် ထူထူ တအုပ် ထဲ က ..  ခဲရာ ခဲဆစ် ၊ ခဲစာလုံး သေးသေး လေး တွေ ကို ၊ ရှည်ရှည် လျားလျား အချိန် တွေ ပေး ပြီး .. ဖတ်ချင် နေ သေး သည်။  ကွန်ပြူတာ တက်ဗလက် မျက်နှာပြင် ပေါ် က .. အီးဘွတ်ခ် ကလေး ကို တရွှပ် ရွှပ် ဟိုလှန် ဒီလှန် လုပ်နေ ရင်း .. စာအုပ်စင် ပေါ်က ၊ တကယ့် စာအုပ် တွေ ရဲ့ အနှောင့် လေး တွေ ကို  ခေါင်း လေး စောင်းပြီး ကြည့်ရင်း..လက်ချောင်းလေး တွေ နဲ့ ပွတ်သပ် ရွေးချယ် ရ တာကို  ပို ကျေနပ် နေ မိ သည်။  တပြေးတည်း လို .. ဝေမျှ ဖတ်ရှု ရင်း အပြန်အလှန် လေးစား ခင်မင် နေ ကြ တဲ့ ၊ စာရေးကောင်းသူ တွေ ကြား ထဲ ကနေ .. စာရေးဆရာ ဆို တဲ့ တကယ့် စာရေးသူ တချို့ ကို ၊ ငေးမော အားကျ တန်ဖိုး ထား နေ မြဲ ဖြစ် သည် ။ လူမူ ကွန်ယက် တခု ပေါ် မှာ.. ခင်မင်ထား တဲ့၊ သူငယ်ချင်း မိတ်ဆွေ တယောက် နဲ့ .. အယူ အဆ မတူ လို့ အငြင်းပွား ရ တာ ထက် ..  တခါမှ မသိကျွမ်း ဖူး တဲ့ လူစိမ်း တယောက်ကို..  ဈေးမှာ လူခြင်း ၀င်တိုက် မိ လို့ .. ဆောရီးပါ လို့ တောင်းပန် လိုက် ရ တာ က .. ပိုတောင် အဓိပ္ပါယ် ရှိ နေ သေး သည် ဟု .. ရွတ်တွတ်တွတ် ထင် မိ ပြန် သည်။ ကွန်ယက်ပေါ်က သူငယ်ချင်း က..  သူပြောချင်ရာ ပြောပြီး .. အစက်ကလေး နှစ်စက် နဲ့ လက်သဲကွင်းလေး တခု ပေါင်းစပ် ထား တဲ့ အပြုံး အရုပ်ကလေး တခု ပေး လိုက် တာ ထက် .. ခုနင်က ဆောရီး လို့ တောင်းပန် လိုက်လို့.. ရပါတယ်..လို့ ပြန်ပြော တဲ့ .. လူစိမ်း တယောက် ရဲ့ ၀တ်ကျေ တန်းကျေ အပြုံး စစ်စစ် တခု က.. ပို ပြီး ကျေနပ် စရာ ကောင်း သလို ။ အင်တာနက် ယူကျု မှာ.. သီချင်း မျိုးစုံ ကို.. စိတ်ကြိုက် မွှေနှောက်  နားထောင် ရ တာ ထက် .. ရေဒီယို မှာ အလှည့်ကျ လွှင့် တဲ့ .. သီချင်း အဟောင်းလေး တွေ ကို စောင့်နား ထောင် ခဲ့ ရ တဲ့ အချိန် တွေ ကို  လွမ်းဆွတ် နေ ရ သည် ကလည်း အရသာ။ 

အဟောင်း တွေ ကို ပဲ တမ်းတ ရင်း ၊ ရှေးရိုးစွဲ ခေတ်နောက်ပြန် ချင် တာ တော့ မဟုတ် ပါဘူး။ ခေတ်ဟောင်း တွေ ကို ၊ တန်ဖိုးထား ချင် မိ တာ ပဲ ဖြစ်မှာ ပါ ။ အဟောင်း နဲ့ အသစ် ရဲ့ ကွာခြားချက် ၊ ဒါမှမဟုတ် ၊ ယှဉ်တွဲနေတဲ့ အလှ ကို သာ၊ ဖော်ထုတ် စေ လို တာပါ။ အဟောင်း နဲ့ အသစ် ဆိုတာ၊ တကယ် တော့ ၊ လူကြီး နဲ့ လူငယ် ပဲ မဟုတ် လား ။ လူငယ်တွေ က၊ စွမ်းဆောင်အား ပို ကြီး ပေ မဲ့ ၊ အသစ် အသစ် တွေ ပို ဆန်းပြား လာ ပေ မဲ့ ၊ လူကြီး တွေ ကို ချောင်ထိုး ဖို့ မဖြစ်သင့် သလို ၊ အဟောင်း တွေ ကို လည်း ပစ်ပယ် လို့ မရ နိုင် ပေ။ 

ကျမ ကတော့ ၊ လူကြီး သူမ တွေ ကို မြင် တိုင်း.. သူတို့ နေရာ ကနေ ၀င် စဉ်းစား ရင်း.. ကြိုတင် အို ကြည့် တတ် သည်။ ဘ၀ တခု ကို သူတို့ ဘယ်လို ဖြတ်သန်း ခဲ့သလဲ .. အိုမင်း ခြင်းကို သူတို့ ဘယ်လို ရင်ဆိုင် သလဲ … သေဆုံးခြင်းကို သူတို့ ဘယ်လို မျှော်လင့် သလဲ စသဖြင့် ၊ တွေးစရာ မရှိ  ရှာကြံ ပြီး ၊သူများ အတွက်ပါ  ၀င်တွေး ကြိုတွေး နေ တတ်သူ ။ 

တလောက .. အမျိုးသား ဖက်က ၊ ဆွေနီး မျိုးစပ် တော် တဲ့.. အဘိုးကြီး ၊ အဘွားကြီး ဇနီးမောင်နှံ နှစ်ယောက် မှာ .. ခင်ပွန်းဖြစ်သူ ကွယ်လွန် သွားသည်။ တယောက် တည်း ကျန်ခဲ့ တဲ့.. အဘွားကြီး က၊ သတိရ စရာ တွေကို ရှောင်ရှား ချင် လို့ လား.. အိုစာ မင်းစာ လိုအပ် လို့လား တော့ မသိ.. သူတို့ အနှစ် လေးဆယ် လောက် အတူတူ နေထိုင် ပိုင်ဆိုင် ခဲ့ တဲ့ အိမ်ကျယ်ကျယ် လေး ကို ရောင်းပြီး.. အိမ်သေးသေး လေး တလုံး မှာ ပြောင်း နေ သည်။ 

အိမ်ပြောင်း ဖို့ ၊ သွားပြီး ကူညီ သိမ်းဆည်း ရင်း.. သီချင်း ချစ် တဲ့.. စာအုပ် ချစ် တဲ့.. ကျမ တို့ ဇနီးမောင်နှံ ကို  ဓါတ်ပြားစက် ကလေး နဲ့ အတူ .. ဓါတ်ပြားဟောင်း တချို့.. စာအုပ် အဟောင်း တချို့.. ပေး လာ သည်။ ၀င်းဦး ရဲ့ ဓါတ်ပြား ဟောင်းကြီး တွေ ကို၊ ၀မ်းသာ အားရ ကြည့်ရင်း.. အမွေလား လက်ဆောင်လား မခွဲ ခြား နိုင် ခင် မှာ၊ အဘွားကြီး ရဲ့ မျက်ဝန်း တွေ ကြောင့် ၊ သူတို့ မယူ ရက် နိုင် ပါ ။ ဒါပေမဲ့ ၊ ဒီ - ဓါတ် ပြားစက် ကလေး ရဲ့သမိုင်း နဲ့ အတူ ... အန်တီ့ မှာ တခြား လည်း ဘယ်သူ မှ ... ဒါတွေ ကို တမြတ်တနိုး ... လက်ဆင့်ကမ်း သိမ်းဆည်း မဲ့သူ မရှိဘူး... ကြုံလည်း ကြုံကြိုက် နေတာ မို့ လက်ခံပါ .. လို့ ဆို တာ ကြောင့် .. ဓါတ်စက် အဟောင်း လေး နဲ့ ဓါတ်ပြားဟောင်း လေး တချို့၊ ကျမ တို့ ဧည့်ခန်း ကျဉ်းကျဉ်းလေး ထဲ ကို၊ ရောက်လာ ခဲ့ တော့ သည်။  

အင်ဂလို ကပြား ဖြစ် တဲ့၊ သူတို့ ဇနီးမောင်နှံ နှစ်ယောက် က ၊ ၁၉၆၂ လွန် ကာလ ၊ မြန်မာနိုင်ငံ မှာ၊ အင်္ဂလိပ်နာမယ် နဲ့ ကပြားတွေ တွေ ကို၊ အစီအစဉ် ရှိရှိ ၊ မောင်းထုတ် နေတဲ့ အချိန်၊ တဖက် မှာ လည်း၊ လူဦးရေ နည်းပါးသေး တဲ့ သြစတြေလျ နိုင်ငံက ၊ လေယဉ် လက်မှတ် ဖိုး ပါ ပေး ပြီး၊ ခေါ်ယူ နေ တဲ့ အချိန် မှာ၊ ရောက်လာ ကြ တာ ပါ။ ရောက်ကာစ  နှစ်တွေ မှာ ၊ မြန်မာပြည် ကို လွမ်းလွန်း လို့၊ စိတ်ပြေလက်ပျောက် ဖြစ်အောင်၊ သူ့ အမျိုးသား က .. ၀ယ်ပေး ခဲ့ တဲ့၊ ဓါတ်ပြားစက်ကလေး နဲ့ ၀င်းဦး ရဲ့ မြန်မာ သီချင်း ဓါတ်ပြား တွေ ဟာ.. အခု တော့၊ ကျမ  အလွမ်းပြေ ဖို့ နားထောင် နေ ရ ပြီပေါ့။ 

ဒီစာလေး ကို ရေးနေရင်း ၊ အဟောင်း နဲ့ အသစ် အကြောင်း၊ ပိုပြီး ကွဲပြား ခံစား နိုင်အောင်၊ ၊ ဓါတ်စက် ကလေး ကို ဖွင့် နားထောင် မိ ပြန် သည်။ အရင် ကလည်း.. ခဏ ခဏ နားထောင်လေ့ ရှိ သည်။ သူက.. စီဒီ ပလောယာ က လာတဲ့ အသံ နဲ့ မတူ.. တမူ နှစ်သက် စရာ ကောင်းလှ သည်။ ပြောသာ ပြောတယ်.. ဒီ ဓါတ်ပြားစက် ကလေး က လည်း ..ရကတည်းက၊ ၀င်းဦး သီချင်း လေး တွေပဲ အပြန်ပြန် အလှန်လှန် နားထောင် နေခဲ့ရ တာ။ ရန်ကုန် ပြန်တုန်းက၊ လက်လှမ်းမီ သလောက် ၊မြို့ထဲက ဆိုင်တွေ မှာ လိုက်ရှာ ၀ယ် ပေမဲ့ လည်း.. တခြား မြန်မာ ဓါတ်ပြားသီချင်း အဟောင်းတွေ ဘယ်လိုမှ ရှာ မတွေ့ တော့ ။

ဆွေးမြေ့နေ တဲ့ စက္ကူပတ် ကလေး  ထဲ က.. ဓါတ်ပြားလေးကို ရွရွ လေး ထုတ် ။ ဓါတ်စက် ရဲ့ အခံ ပြားလေး ပေါ် ... သာသာ လေး ချ ။ အပ်ခြစ် တဲ့ မောင်းတံ လေး ကို .. ဖွဖွ လေး ဓါတ်ပြား စွန်းပေါ် တင် လိုက် လို့ ... ရှဲ…. ဆိုတဲ့ အသံလေး က စ ကြား ကတည်း က ကို.. ရင်ခုန် စရာ ကောင်း နေ ပြီ ။ ဟိုတုန်းက .. ရုပ်ရှင် မပြ ခင်.. အလံတော် ကို အရင် အလေးပြု တဲ့ အခါ .. မှုန်မှုန် ၀ါးဝါး ဖြစ်နေ တဲ့ ပိတ်ကား ပေါ် မှာ …' ဖြစ်' ဖြစ်'….'.ဖြစ်' ဖြစ်' နဲ့ မြည် နေ သလို မျိုး လည်း .. ဖွင့်ကာစ မှာ  ခဏ ကြား ရ လိမ့် မယ်။ ပြီးရင် အပ်ကလေး ငြိမ်သွား ပြီ ဆို တာ နဲ့ .. ပီသ ကြည်မြ တဲ့  ၀င်းဦး ရဲ့ တေးသံ သာသာ က .. မြို့မ တီးဝိုင်း ကြီး ရှေ့ ပဲ  ချက်ခြင်း ရောက် သွား သလို ။ တကယ်တော့ .. ပီသ တယ်လို့ပဲ  သုံးရင် ပိုမှန် ပေ လိမ့် မည်။ analog နည်း က .. မူရင်း သီဆို တီးခတ် မူ ကို ၊ နားထောင်သူ ဆီ  တိုက်ရိုက် ပို့ပေး လိုက် တာမို့ .. digital နည်း လို 1  တွေ 0 တွေ ... ခွဲ လိုက် .. ပြန်စုဖမ်း လိုက် လုပ်စရာ မလို .. ကြည်မြ နေဖို့ မလို ပဲ နဲ့ကို.. သဘာဝ အတိုင်း .. ပီသ နေ တော့ သည်။ 

ဒါဆိုရင် ... ကျမ တို့ တွေ သဘာဝ အတိုင်း ပီသ ချင် သ လား ... သဘာဝ ကို ခြယ်လှယ် ပြီး မှ၊  ကြည်မြ ချင် သလား ... ။ တွေး စရာ ....။ အဟောင်း တွေကို ပြစ်ပယ် ပြီး ၊ အသစ် တွေ နောက်ချည်း လိုက် ကြ မလား ၊ အဟောင်း နဲ့ အသစ် ကို ပေါင်းကူး ဆက်နွယ် မလား ဆို တာ ကတော့၊ တွေးစရာ မလိုပါ။ မေးစရာ လည်း မလို ပါ။  ကျမ တို့ တွေ အားလုံး .. နေ့စဉ် လူနေမူ ဘ၀ တွေ ထဲ မှာ၊ အသစ်အသစ် သော နည်းပညာ တွေ နဲ့ ရှင်သန် နေထိုင်ရင်း.. အသစ် အသစ်သော ကမ္ဘာ့အခင်းအကျင်း တွေ ထဲ.. စီးမြော တိုးဝင် ရင်း.. သမိုင်းတွေ ကို .. ပို… ပို စိတ်ဝင်စား လာ ကြ ၊ အဟောင်း တွေ ကို.. မြတ်မြတ် နိုးနိုး သိမ်းဆည်း စုဆောင်း နေ ကြ ရ သည် ပဲ။ 

အဟောင်းထဲက ၊ အကောင်းတွေကို ဂန္ဓ၀င် လို့ ဆို ကြ သည်။ လူသိများ ကြ သည်။ ထပ်ကာ ထပ်ကာ ခံစား ကြ သည်။ ကိုးကားကြ သည်။  ဂန္ဓ၀င် မဟုတ်ရင် တောင်.. သမိုင်းဝင် လိမ့် မည်။   သမိုင်းဝင် မဟုတ်ရင် တောင် .. သမိုင်း မတင် နိုင်တာပဲ ဖြစ်လိမ့် မည်။ တကယ်တော့.. အားလုံး သော အဟောင်း တွေ ဟာ..  သမိုင်း တွေ ပဲ မဟုတ်လား။  



ယခု ပင်.. ဓါတ်ပြားစက်က လွင့်ကျ လာ တဲ့ ၊ ၀င်းဦး ရဲ့ သီချင်းဟောင်း လေး တွေ ထဲ မှာ ၊ မြို့မ တီးဝိုင်း ကြီးကို မြင် နေ ရသည်။ မြိုမငြိမ်း နဲ့ သူ့ ရဲ့ နောက်ဆုံးနေ့ အကြောင်း တွေး နေ မိသည်။ မျက်စိ မမြင်ပဲ ဒီလို သီချင်း တွေ စပ် နိုင် ခဲ့ တဲ့ ၊ ဆရာညှာ ကို အံ့သြ နေမိသည်။ သူ့သီချင်း တွေကို၊ ယူ ဆိုချင်သလို ဆို၊ ဘာမှ တော့ ပြောင်းမပစ်ပါနဲ့ ဆိုတဲ့  ဦးဘသိန်း ရဲ့ မာန ကို ၊ ချီးမွမ်းနေ မိ သည်။  စစ်ပြီးခေတ် မန္တလေး မြို့ကြီး မှာ၊ အနုပညာ လူမူစီးပွား တွေ၊ ကြွယ်ဝ စည်ကား နေပုံ ကို မြင်ယောင် ကြည့် နေ မိ သည်။ မန္တလေး သင်္ကြန် ကြီး နဲ့ အတူ .. ဗျာပါဆံ ဆံထုံးလေး တဖက်တချက် မှာ စပယ်ပန်းကုံးလေး တွေ ပတ်ခွေ ထား တဲ့ … နိုင်လွန် အကျီ င်္ လက်ရှည် လေး မှာ  ရေ တွေ စိုကပ် နေ မဲ့… ဘယ်ကမှန်း မသိ တဲ့  အညတရ ယိမ်းသမ လေး တယောက် ကိုလည်း  အဖြူ အမဲ အာရုံ တွေ ထဲ မှာ.. ၀ဲလည် ရှာဖွေ နေ မိ တော့သည်။

ကေ

(၂၉ နိုဝင်ဘာ ၂၀၁၁) 



မျက်ရှု နှစ်ပတ်လည် အတွက် ပြီးခဲ့တဲ့ အပတ် က ၊ ရေးပေးခဲ့တဲ့ စာကလေးပါ။ မျက်ရှု  မှာ လည်း သွားရောက်ဖတ် ရှု နိုင်ပါသည်။


Share/Bookmark

6 Comments:

mks said...

ဓါတ်ပြား ရော ဓါတ်စက် ပါ အသစ်အတိုင်း ဘဲ ...

အိမ့်ချမ်းမြေ့ said...

အရမ်းကြိုက်တယ်...
တစ်လုံးချင်းစီကို ဖတ်သွားပါတယ်...

mirror said...

ဖတ်လို့ကောင်းတယ်ဗျို့...။ သေချာကြီးကိုဖတ်လိုက်ရတာပဲ။ :)

Thu said...

Let me introduce Saya Pe Myint's "The world of books", an index for classic books and literature affairs citing George Orwell's "Animal Farm", "1984", Upton sinclair's "the Jungle", etc.
It is a good reference for Myanmar book lovers who could not reach to the original.

Thu said...

Let me introduce Saya Pe Myint's "The world of books", an index for classic books and literature affairs citing George Orwell's "Animal Farm", "1984", Upton sinclair's "the Jungle", etc.
It is a good reference for Myanmar book lovers who could not reach to the original.

kay said...

ွှThanks Thu,
I know only Amimal Farms. I will try to find out this book, written by Pe Myint. The fact is easier to read such kind of book review or index with short description, skimmed by analyst ( writer ). Because we can only scan through to those.

And Thanks Ko Sai, Ma Lay.. Pho D. :)