၁၃၀၀ ပြည့်အရေးတော်ပုံက စ လို့ - မန်ဒဲလား သေတဲ့ နေ့ အထိ


ဖေဖေရေ . . . ပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းတုန်းက မထင်မှတ်ပဲ သမီး ကြုံကြိုက်ခဲ့တဲ့ စိတ်လှုပ်ရှားစရာ ခရီးစဉ်ပွဲ လေး တခုအကြောင်းကို ပြန်ရောက်ကတည်းက ဖေဖေ့ကို ပြောပြချင်နေခဲ့တာ။ ထုံးစံ အတိုင်း ဟိုလုပ် ဒီလုပ် နဲ့  နောက်ဆုံးပတ် ရောက်မှပဲ ၊ စာရေးဖြစ်တော့တယ်။


တကယ်တော့ အဲဒီပွဲမှာ သမီးက ဘာမှ တိုက်ရိုက် ပါဝင်ပတ်သက်မူတော့ မရှိပါဘူး။ သမီးရဲ့ ဆရာက မြန်မာပြည်ကနေ ဖိတ်ထားတဲ့ ဧည့်သည် သုံးယောက်အတွက် လာပြီး ကူညီပေးနိုင်မလား လို့ ဆိုတော့ ၊ အတိုင်းထက်အလွန် ၀မ်းမြောက် ၀မ်းသာ၊ တကူးတကနဲ့ကို  သမီးတို့ နေတဲ့ မြို့ကနေ ကီလိုမီတာ ၆၀၀ ကျော် ဝေးတဲ့ ပါ့သ်မြို့ ကြီး ကို အရောက် သွား ခဲ့တာလေ ။ ပြီးတော့ ဒီပွဲ ရဲ့  ခေါင်းစဉ် အကြောင်းရင်းတွေက သမီး လတ်တလော သိပ် စိတ်ဝင်စားနေ တဲ့ Industrial Relation လို့ ဘာသာရပ်နာမယ် တပ်ထားတဲ့ အလုပ်သမား အရေး သမဂ္ဂအရေး တွေ လေ။ ဒီပွဲကို ဦးဆောင်ကျင်းပတဲ့ အဖွဲ့က Southern Initiative on Globalization and Trade Union Rights (SIGTUR) လို့  သိထားပေမဲ့ ၊ အင်တာနက်ကနေ သူတို့ ၀ဘ်ဆိုဒ်ကို ၀င်ကြည့်တော့လည်း ဘာမှ သိပ်ပြည့်ပြည့်စုံစုံ မရှိလှဘူး။ ဒါပေမဲ့ လက်တင်အမေရိက နိုင်ငံတချို့ အပါအ၀င် တောင်ကမ္ဘာခြမ်းက နိုင်ငံပေါင်း ၃၀ လောက်က သမဂ္ဂ ကိုယ်စားလှယ်တွေ လာပြီး ဆွေးနွေးနှီးနှောကြမှာ ဆိုတာ နဲ့ တင် ၊ စိတ်လှုပ်ရှားဖို့ ကောင်းလှပြီ ။ 



မြန်မာပြည်က ဧည့်သည် သုံးယောက်ကတော့ ညကြီး မှောင်မှောင် ပါ့သ်မြို့ကြီးထဲကို ရောက်ရောက်ခြင်း သူတို့ တည်းခိုနေထိုင်ရမဲ့ မြို့စွန် ပင်လယ်ကမ်းစပ်က တောအုပ်ဝင်းကျယ် ကြီးကို မြင်ပြီး  စိတ်ပျက်သွားကြပုံပဲ ။ နိုင်ငံခြားမှာ ကွန်ဖရန့်စ် တက်ရမယ် ဆိုတော့ ဟိုတယ်ကောင်းကောင်း တခုတော့ ဖြစ်မှာပဲလို့ ထင်ခြင်ထင်ကြမယ်လေ။ တကယ်တော့ တပတ်လုံးလုံး လုပ်မဲ့ ကွန်ဖရန့်စ် အတွက်၊ ဖရီမန်တဲ ကမ်းခြေ ကို မေးတင်ထားတဲ့ ဒီ တောအုပ် စခန်းသာလေးက တော်တော့်ကို သာယာပြီး ရိုးရိုးရှင်းရှင်း နဲ့ အဆင်ပြေတယ်လို့ ပြောရမယ်။ ပတ်ပတ်လည်မှာ ကျေးငှက်သံတွေ စိုးစီ နေတဲ့ ကြားမှာ လေးခန်းတွဲ အိပ်ဆောင် လေးတွေကိုလည်း ဒေသခံ ငှက်မျိုးရင်းတွေရဲ့  နာမယ်တွေ ပေးထားတယ်။ အဲဒီ အဆောင်လေးတွေကနေ အောက်ဖက်ကို နည်းနည်းလေး ဆင်းလိုက်တာနဲ့ ပင်လယ်ကဗွီးလို အပင်ရှည်ကြီးတွေရဲ့ အလယ်မှာ ထမင်းစားဆောင် ၊ အစည်းအဝေး ခန်းမဆောင် ၊ ဆွေးနွေးခန်းငယ် လေးတွေ လုပ်ထားတော့ လာသမျှ ဧည့်သည်တွေ အားလုံး နွေးနွေးထွေးထွေး နဲ့ ရင်းနှီးမူ လည်း ပိုရခဲ့ကြတယ် ။


 နွေးထွေးသလားတော့ မမေးနဲ့ ။ ၂ ထပ် အိပ်စင် ၂လုံးပါတဲ့ အခန်း ကျဉ်းကျဉ်းလေးထဲမှာ မမာမာဦး နဲ့ မစုစုနွေးက တစင် ၊ သမီး နဲ့ မအိရွှေစင် က တစင် အိပ်ကြရတော့ ၊ ညရောက်ရင် သံကုတင်တွေ နဲ့ အပြိုင် လေးယောက်သား တကျွိကျွိ နဲ့ စကား တွတ်ထိုး ကြတာလေ။ နေ့လည်ဖက်က ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲက သူတို့ သိချင်တာတွေ သမီးက ပြန်ရှင်းပြ ပြီးရင်တော့ သူတို့ အလှည့်ပေါ့ ။ သိတဲ့ အတိုင်း သူတို့ သုံးယောက် စလုံးက မြန်မာပြည်က နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်နေကြသလို အဖွဲ့ချုပ်လို ၊ ၈၈ ပွင့်လင်း လို အဖွဲ့ အစည်းကြီးတွေ နဲ့ ထဲထဲဝင်ဝင် ထိစပ်နေကြတဲ့ သူတွေ ဆိုတော့ ၊ သူတို့ ဆီကလည်း အများကြီး လေ့လာပြီး အမြင်ဖလှယ်ခွင့် ရခဲ့တယ် ဆိုပါတော့ ။ ရောက်ရောက်ခြင်း ညကတော့ ခပ်မဆိတ်ပဲ ရှိနေကြသေးတော့ ၊ သူတို့ ရန်ကုန်က ယူလာတဲ့ စာရွက်စာတမ်းတွေ ထဲက ၊ ၁၃၀၀ပြည့် အရေးတော်ပုံ စိန်ရတု အခမ်းအနား နှိုးဆော်စာရွက်ကလေးကို လှန်လျော ကြည့်ရင်း မြန်မာပြည် နိုင်ငံရေး အခြေအနေ အငွေ့အသက်တွေကို မသိမသာ ရှု ရှိုက်ကြည့်နေ မိ ခဲ့တယ် ။ သူတို့တွေ  သြစတြေလျကနေ ပြန်ရောက်တာနဲ့  ဒီဇင်ဘာ ၁၁ ရက်နေ့ အမီ ချောက် ရေနံမြေက ၁၃၀၀ပြည့် စိန်ရတု အခမ်းအနားကို ဆင်းကြမယ်ဆိုပြီး၊ သူ့ အစီအစဉ် ကိုယ့်အစီအစဉ် ပြောနေကြတာကို အပေါ်ကုတင်ကနေ အသာနားထောင်ရင်း ဖေဖေ ဆိုလေ့ရှိတဲ့ မြတ်လေး ကြီး ရဲ့ 
 “ ၁၃၀၀ ပြည့်အောင်ပွဲ ” သီချင်းလေး ကို ခပ်တိုးတိုး ညည်းမိတယ်။ တကယ်တော့ အဲဒီ ညကတည်းက ဖေဖေ့ ဆီကို စိတ်ထဲကနေ စာတစောင် ရေးနေခဲ့မိတာ.. ။


++++++++


“  ဒို့အလုပ်သမားတွေ ဒို့လယ်သမားတွေ  စုရုံးပေါင်းစည်းလို့ ညီ. . . မြေရှင် ဓနရှင် အရင်းရှင်များကို အမြစ်ပါ နှုတ်ပစ်မည် ... လူတန်းစေ့ အခွင့်အရေး မရသမျှအတည် (ရအောင်)၂   အရိုးကြေကြေ အရည်ခမ်းခမ်း မသွေတမ်း တိုက်ထုတ် မောင်းနှင်မည်. . .”


သီချင်းစာသားထဲမှာ ပါနေတဲ့ လွန်ခဲ့တဲ့ ရာစုနှစ်တခု နီးပါးက ရေနံမြေအလုပ်သမားတွေရဲ့ မကျေနပ်မူ နာကျည်းမူတွေ ဟာ၊ အခုအချိန်ထိ ပဲ့တင်ထပ် နေသေးတာကို သမီး မအံ့သြမိဘူး ဖေဖေ ။ သမီး အံ့သြမှင်သက်နေမိတာက ၊ သမိုင်းစာမျက်နှာတွေပေါ်မှာ ဖတ်ဖူး ကြားဖူးနေခဲ့တဲ့၊ တူ-တံစဉ် တံဆိပ်ကို ဆွဲကိုင်ပြီး ဓနရှင် လူတန်းစားကို ဆန့်ကျင် တော်လှန်နေကြတဲ့ ယုံကြည် ရပ်တည်မူတွေကို  ၂၁ရာစု ခေတ်ကြီးထဲမှာ မျက်မြင်ကိုယ်တွေ့ လူမျိုးစုံ အသားရောင်မျိုးစုံ ဘာသာစကားမျိုးစုံ နဲ့ ၊ တစုတစည်းထဲ မြင်တွေ့ နေရတာ ကိုပဲ ။  


ဖွင့်ပွဲည စတော့၊  မြန်မာဆန်ဆန် ပုဝါတွေ အချိတ်တွေ ဆင်ယင်ထားတဲ့ မြန်မာဧည့်သည် သုံးယောက်ဟာ ၊  တီရှပ်အနီ  ခေါင်းစည်းအနီတွေ စည်းထားတဲ့ လူအုပ်စုထဲမှာ အထင်းသား ဖြစ်နေတော့တယ်။ ဒါတင်ဘယ်ကမလဲ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရတဲ့ မြန်မာပြည်က သမဂ္ဂအရေး လှုပ်ရှားတက်ကြွသူ သုံးယောက်က ၊  သူတို့ တွေရဲ့ လှုပ်ရှားမူတွေ နဲ့ ကျခံခဲ့ဘူးတဲ့ ထောင်ဒဏ် အသီးသီးကို ထွက်မိတ်ဆက်တဲ့ အချိန်မှာ ၊ တခန်းလုံးက ပရိသတ် တွေ မတ်တပ်ထပြီး လက်ခုပ်သြဘာပေးလိုက်ကြတာ တချို့ဆို မျက်ရည်တောင် ကျနေတာ တွေ့မိတယ်။ အနှစ် ၇၀ ထောင်ဒဏ်ချမှတ်ခံ ခဲ့ရဘူးတယ်လို့ ပြောလိုက်တဲ့ မမာမာဦး နားကို လူတွေ ၀ိုင်းလာပြီး လက်ဆွဲ နှုတ်ဆက်ကြတယ်။ ကိုရီးယား သမဂ္ဂက လူတွေက သူတို့ ဘာသာစကားနဲ့  ရေးထားတဲ့ ခေါင်းစည်း အနီကို လာစည်းပေးတော့ ၊ မမာမာဦး တယောက် တော်လှန်ရေးနတ် ပူးသွားတယ် ထင်ရဲ့ . . . သြစတြေလျ သမဂ္ဂ၀င် အမျိုးသမီးကြီးတွေ သမဂ္ဂသီချင်း သံပြိုင် သီဆို ဖျော်ဖြေတဲ့ အရှေ့မှာ လက်သီးလက်မောင်းတန်းပြီး ၊ က တော့တာပါပဲ ။


ဖေဖေရေ . . . သမီး အတွက်တော့ ဒီအစည်းအဝေးကြီးဟာ မျက်စိပွင့် နားပွင့်  အသိဥာဏ်အလျင်တွေလည်း အတော်လှုပ်ခတ်ခဲ့တယ်လို့ ပြောရမယ်။ စကားပြန်ကနေ တဆင့်ပြောပြတဲ့ ၊ ဘရာဇီး သမဂ္ဂခေါင်းဆောင် အမျိုးသမီးကြီးဆီကနေ ဘရာဇီးနိုင်ငံရဲ့ လက်ရှိ မငြိမ်မသက်မူတွေကို ပုံစံတမျိုးနဲ့ နားလည်ခဲ့ရတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ တည်ဆောက်ရေးလုပ်ငန်းခွင် နောက်ကွယ်က အလုပ်သမားတွေရဲ့ အဖြစ်တွေကို တအံ့တသြ ကြားသိခဲ့ရတယ်။ ဘရာဇီးဟာ ခုဆိုရင် BRIC (Brazil, Russia, India, China) ဆိုတဲ့ ကမ္ဘာ့ စားသုံးသူအများဆုံး ဈေးကွက်စီးပွားရေး အုပ်စုကြီးထဲမှာ ပါနေပြီမဟုတ်လား။


လက်တင်အမေရိကနိုင်ငံတွေ ထဲမှာဆို ချီလီကိုလည်း သမီး အတော် စိတ်ဝင်စားမိတာလေ ။ သတ္တုလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ ချီလီပြည်သစ်ကို ၊ သူ့နိုင်ငံသားတွေက ခုလို အချိန်ကြီးမှာတောင် ဆိုရှယ်လစ်စနစ်နဲ့ပဲ မောင်းနှင်နေစေချင်ကြတာ ဘာလို့လဲ ဆိုတာ သိချင်မိတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လောက်က စန်တီယာဂို မြို့လယ်ခေါင်က ဘက်စ်ကားတစီးပေါ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက်ရဲ့ ဗိုက်ကို သေနတ်နဲ့ ချိန်ရွယ် ခြိမ်းခြောက်တာ ခံရသတဲ့ ။ အဲဒီအမျိုးသမီးက သူ့ဝမ်းဗိုက်ထဲက ကလေးဟာ တနေ့မှာ ဖိနှိပ်ခံလူထု အတွက် တစုံတယောက် ဖြစ်လာလိမ့်မယ်လို့ တယောက်တည်း တိတ်တိတ်ကလေး နိမိတ်ဖတ် လိုက်သတဲ့ ။ အဲဒီ ဇတ်လမ်းကို ပြောပြနေတဲ့ မျက်လုံးပြာလဲ့လဲ့ နဲ့  ချီလီ အမျိုးသားက ၊ သူ့မိဘတွေနဲ့ အတူ ငယ်ငယ်ကလေးထဲက သြစတြေလျကို ပြေးဝင် ခိုလှုံ လာခဲ့လို့ ခုတော့ SIGTUR  ရဲ့ ပညာပေးရေး တာဝန်ခံ တယောက်အဖြစ် ဒီ အစည်းအဝေးကြီးကို ဦးဆောင်ကျင်းပ နေလေရဲ့ ။


မြန်မာပြည်က ထောင်ဒဏ်တွေကို ကြားပြီး ၊ သူလည်း ပါရာဂွေးမှာတုန်းက ထောင် ခုနှစ်ရက် ကျခဲ့ဘူးပါတယ် ဆိုတဲ့ ၊ လက်ရှိ သြစတြေလျ သမဂ္ဂအဖွဲ့ဝင် လူကြီး တယောက်ကတော့ အင်္ဂလိပ်သံ ခပ်ဝဲ၀ဲ နဲ့  ခဏခဏ ထ ပြီး ဆွေးနွေးမေးမြန်းတတ်တယ်။ သူ့မိခင် ပါရာဂွေး နိုင်ငံ ထဲမှာ ခုလက်ရှိ ဖြစ်ပျက်နေတဲ့ လယ်သိမ်းယာသိမ်းပြသာနာတွေ နဲ့  အခြေခံလူတန်းစား တွေရဲ့ ဒုက္ခသုက္ခ တွေကို ခုချိန်မှာတော့ ခပ်ဝေးဝေးကပဲ လှမ်းကြည့်နိုင် တော့မယ် ထင်ပါရဲ့ ။



Photo- SIGTUR


ဒီပွဲမှာ လူအင်အား အများဆုံးနဲ့ အတက်ကြွဆုံး ပါဝင်ဆွေးနွေးကြတဲ့ အဖွဲ့တွေကတော့ ၊ တောင်အာဖရိက နဲ့  ကိုရီးယားတွေပဲ ။ တောင်အာဖရိကက အုပ်စုတွေကို  အာဏာရ ANC ပါတီကြီးရဲ့  မဟာမိတ် ၊ ကိုဆားတူ  လို့ ခေါ်တဲ့ Congress of South African Trade Unions ( COSATU) တပ်ပေါင်းစု သမဂ္ဂကြီးက ဦးဆောင်လာသလို ၊ ကိုရီးယား က အုပ်စု ကိုလည်း တောင်ကိုရီးယား ရဲ့ တပ်ပေါင်းစု သမဂ္ဂ တခု ဖြစ်တဲ့ Korean Confederation of Trade Unions( KCTU) ကနေ ဦးဆောင်လာတယ်။ တောင်အာဖရိက သားတွေက မကြခဏ ထ ဆွေးနွေးတတ်ကြ သလို ၊ တယောက်ကို တယောက် Comrade  လို့ ခေါ်ဝေါ်ညွှန်းဆိုကြပုံကိုက သူတို့ ဟန်ပန်ကြီးတွေလိုပဲ အားရပါးရ ရှိလွန်းလှတယ်။ ကိုရီးယားတွေ အင်အားတောင့်ပုံ တက်ကြွပုံကတော့ ၊ သမဂ္ဂခေါင်းဆောင်တွေ လေး-ငါး-ခြောက်ယောက်မှာ စကားပြန်တွေကလည်း တယောက်စီလောက်နီးနီး ။ ညဖက် တွေမှာတောင် စခန်းတခုလုံးကို  ဂစ်တာတွေနဲ့  တော်လှန်ရေး သီချင်းတွေ သီဆို ဖျော်ဖြေကြသေးတာ ။ ကျန်တဲ့သူတွေကပါ သူတို့ရဲ့ ခေါင်းစည်းနီတွေ စည်းပြီး သူတို့ အော်သလို ကြွေးကြော်သံတွေ လိုက်အော်ပေးကြရတယ်။ 



 ပြုံးချင်စရာတခုက၊ လက်သီးလက်မောင်းတန်းပြီး ရိုးရိုး ကြွေးကြော်ရယုံတင် မကဘူး . . . သူတို့တွေ ထိုင်သပိတ်လုပ်တဲ့အခါ ၊ လက်လေ့ကျင့်ခန်း လုပ်သလိုမျိုး နည်းတခုကိုလည်း သင်ပေးသေးတယ် ။ လက်သီး နှစ်လုံး ကို ကျစ်ကျစ်ဆုပ်ထား ။ တဖက် လက်သီးထဲမှာက အစိုးရ ၊ နောက်လက်သီးထဲမှာက ကော်ပိုရေးရှင်းကြီးတွေ တဲ့ ။ ပြီးရင် အဲဒီလက်သီး ၂လုံးကို အလယ်ခေါင်မှာ ခွပ်ကနဲ နေအောင်ခွဲ ၊ ပြီးမှ ခပ်ဝေးဝေးကို လွှတ်ပစ်တဲ့ ဟန် လုပ်ရတယ်။ ကိုရီးယား ဆိုတာတွေကို မြန်မာပြည်မှာတော့ အလုပ်သမားတွေကို ခေါင်းပုံဖြတ်တဲ့ စက်ရုံပိုင်ရှင် တွေ အဖြစ်နဲ့သာ သိထားကြတာမို့ ၊ မမာမာဦး ကတော့ အဲဒီ ကိစ္စကိုသာ မေးကြည့်ချင်နေခဲ့တယ်။ အကျအန စက်မူ ထွန်းကားပြီး ဖြစ်နေတဲ့ သူတို့ နိုင်ငံက အလုပ်သမား ဆိုတာတွေကလည်း ၊ ကားစက်ရုံတွေ အီလက်ထရောနစ် စက်ရုံတွေလိုမျိုး တန်ဖိုးမြှင့် ထုတ်ကုန် ၀န်ထမ်းတွေမို့ ၊ အနည်း နဲ့ အများတော့ ပညာတတ်တွေ ဖြစ်ကြပုံပဲ။ မအိရွှေစင် ကတောင် သူတို့ ကြည့်ရတာ အလုပ်သမား သမဂ္ဂ ထက် အလုပ်ရှင် သမဂ္ဂနဲ့ ပိုတူနေတယ်လို့ နောက်နေသေးတယ်။ သူတို့ တင်ပြတဲ့ အထဲမှာ စိတ်ဝင်စားစရာ တော်တော်ကောင်းတာက ၊ ၂၀၀၉  ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ Ssang Yong Motor လို့ ခေါ်တဲ့ ကားစက်ရုံကြီး တခုက ၀န်ထမ်းတွေကို ထောင်နဲ့ ချီပြီး လျော့ချ ပြစ်လိုက်လို့  ၅၉  ရက်ကြာအောင် ဆန္ဒပြခဲ့ကြတဲ့ အကြီးဆုံး အလုပ်သမားသပိတ်တိုက်ပွဲ ကြီး အကြောင်းပဲ ။ အဲဒီတုန်းက အစိုးရက ရဟတ်ယဉ်တွေတောင် သုံးဖြိုခွင်းခဲ့ရပြီး  ဆန္ဒပြသူ အလုပ်သမားပေါင်း ၂၄ ယောက် သေဆုံးခဲ့ရသတဲ့ ။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက အခုလို လေးနှစ်လောက် ကြာလာတဲ့အချိန်မှာတော့ ဒီအလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေခမျာ သူတို့ တောင်းဆိုချက် တွေထဲက တခု တလေ လောက်ပဲ ရရင်တောင် ကျေနပ်ရမဲ့ အခြေအနေ ဖြစ်နေတော့တာပဲ ။



စကားအရာမှာ ချက်ကျလက်ကျ ပြောတတ် ရဲရဲတင်းတင်း သွက်သွက်လက်လက် ရှိတတ်တဲ့ အင်ဒိယမ်းတွေကတော့ ဒီတခါ လူကြီးပိုင်းတွေချည်း မို့လားမသိ ခပ်ငြိမ်ငြိမ်ပဲ ရှိနေကြတယ်။ ကြယ်နီတပွင့်ပါ တဲ့ မော်စီတုန်းရဲ့ ဦးထုပ်မျိုး ဆောင်းထားတဲ့ အဘိုးကြီး တယောက်သာ နည်းနည်း နှုတ်သွက် လျှာသွက် တွေ့ရတယ်။ သူတို့ တင်ပြ ဆွေးနွေးတာတွေက ၁၉၉၁ လောက်မှာ အိန္ဒိယက Neoliberalism ကို လက်ခံလိုက်ပြီးတဲ့ နောက်ပိုင်း ၊ အရှိန်အဟုန်နဲ့ ၀ါးမြိုလာတဲ့ ပုဂ္ဂလိက အခန်းကဏ္ဍ အောက်မှာ ပြည်သူပိုင်ကဏ္ဍတွေ ယုတ်လျော့ အားနည်းလာ တဲ့ ပြသာနာ ။ တကမ္ဘာလုံးမှာ  ကော်ပိုရေးရှင်းကြီးတွေ ရဲ့ လက်အောက်ကို၊ အစိုးရတွေ တခု ပြီး တခု ဒူးထောက် အညံ့ခံ နေကြရပြီလို့  ဆိုတယ်။


အစည်းအဝေးကြီးရဲ့ တတိယမြောက်နေ့မှာတော့  ခေါင်းစဉ်လေးခုနဲ့ အုပ်စုတွေ ခွဲပြီး ကိုယ်စိတ်ဝင်စားရာ  အခန်းမှာ သွားနားထောင်ကြရတယ်။ သမီးက  TNC ( Transnational Corporations) အကြောင်း ဆွေးနွေးတဲ့ အခန်းကို သွားလိုက်တယ်။ နိုင်ငံတကာလုပ်ငန်းစုကြီး တွေရဲ့ အကြောင်းဆိုပါတော့ ။ တောင်အာဖရိကက လူတယောက်က သူတို့ဆီက Wal-Mart ရဲ့  လက်ဝါးကြီးအုပ်မူ တွေ ကို ပြောတယ်။ ဖိလစ်ပိုင်က တယောက်ကတော့ Nestle ကုမ္ဗဏီကြီး မှာ သောင်းနဲ့ ချီတဲ့ ၀န်ထမ်းတွေ အတွက် ပင်စင်ခံစားခွင့် မပေးတာကို ဆွေးနွေးတယ်။ Blood coffee လို့ တောင် ကန်ပိန်း လုပ်ခဲ့ကြ ပေမဲ့  မအောင်မြင်ဘူး - လို့  ဆိုတော့ ၊ သမီး စိတ်ထဲ ဒီကွန်ဖရန့်ရဲ့  ထမင်းစားဆောင်ထဲ ခု သွားကြည့်ရင် တောင် Nestle တံဆိပ်နဲ့ နို့တွေ ကော်ဖီတွေ ချောကလက်တွေ ရှိနေမှာလေလို့  စိတ်ထဲက ပြောနေမိတယ်။ တဆက်တည်းပဲ ဒီအခန်းထဲမှာ ရှိနေတဲ့ လူတယောက်ယောက်ရဲ့ ကိုယ်ပေါ်မှာရော Wal-Mart က ၀ယ်တဲ့ တရုတ်ပြည်လုပ် ပေါချောင်ကောင်း ရှပ်အကျီ င်္လေး တထည်လောက်များ ရှိမနေဘူးလား လို့ အတွေး ဝေ့၀ဲ ကြည့်မိပြန်တယ်။  ဒီအခန်းထဲမှာ ရှိနေတဲ့ တခြားလူတွေထဲမှာရော . . . သြစတြေလျနိုင်ငံ ရဲ့ လက်ရှိအစိုးရတင်မက အတိုက်အခံ အလုပ်သမားပါတီ ကပါ ပွေ့ပိုက် ကျင့်သုံးနေတဲ့ Neoliberalism ရဲ့  အခက်အလက်တွေ ဖြစ်တဲ့၊ စတော့ ရှယ်ယာ ငွေကြေးဈေးကွက်တွေမှာ မကစားဘူးတဲ့သူ ဘယ်နှယ်ယောက်လောက်များ ရှိပါ့မလည်း လို့  သံသယ၀င် နေမိတယ်။ အနည်းဆုံးတော့ ဘဏ်တိုက်ကြီးတွေက ထုတ်ချေးထားတဲ့ အိမ်ချေးငွေ (Mortgage) တွေနဲ့ ဘယ်သူမှ ကင်းနိုင်မှာ မဟုတ်ဘူးလေ။


ကော်ပိုရေးရှင်းကြီးတွေ အကြောင်း တွေးရင်း ၊ တယောက်ထဲ ချာလည် မူးလည် ဖြစ်နေတုန်း  မြန်မာပြည်မှာရော လို့  အမေးခံ လိုက်ရတော့ လန့် ဖျပ်သွားတယ်။ မြန်မာပြည်မှာဖြင့် ၊ ဘာ TNC  ကြီးတခုမှ ဖြင့် ကောင်းကောင်း မရှိသေးလေ ။ အဲဒါနဲ့ သမီးလည်း ငါတို့ နိုင်ငံ အတွက်ကတော့ ပြောဖို့ သိပ်ကို စောနေသေးတယ် . . . လတ်တလော အခြေအနေ မှာတော့  ခေါင်းပုံဖြတ်လွန်းတဲ့ တရုတ်ကုမ္ဗဏီ အသေးစားတွေကြောင့်  နိုင်ငံတကာအဆင့်မီ ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေ ကိုတောင် မျှော်နေရတဲ့ အခြေအနေ လို့  ခပ်တိုတိုပဲ ပြောလိုက်ရတယ် ။ အဲဒီ ညနေ ညစာ စားကြတော့  ၊ သမီးတို့ စားပွဲကို မော်စီတုန်း ဦးထုပ် အမြဲဆောင်းထားတဲ့ ကုလားကြီး ရောက်လာပြီး  နင်တို့ တိုင်းပြည်ကို နိုင်ငံတကာ ကုမ္ဗဏီကြီးတွေ ၀င်လာရင် တရုတ်တွေထက်တောင် ဆိုးလိမ့်မယ် လို့  စကား စပါလေရော။ ဘေးမှာ အတူထိုင်နေတဲ့ မလေးရှား သမဂ္ဂခေါင်းဆောင် အမျိုးသမီးက ဘာကိုပြောမှန်း နားလည်ရဲ့ လားတော့ မသိ . . . ခေါင်းတညိတ်ညိတ် လုပ်လိုက်တော့  သူ အမြဲလို ၀တ်ထားတဲ့ တီရှပ်ပေါ်က ချေဂွေဗားရား မျက်နှာပါ လှုပ်ရှားသွားပြီး.. မဲ့ပြုံးကနေ အပြုံးမဲ့သွားသလို ။




ဖေဖေရေ . . အစည်းအဝေးကြီးရဲ့ နောက်ဆုံးရက်တွေ ရောက်တော့ Neoliberalism ဆိုတဲ့ စကားလုံးက သမီး နားထဲမှာ တဇီဇီ နဲ့ မြည်နေပါရောလား ။ ဟိုလူလာလည်း နီယို .. ဒီလူ လာလည်း နီယို။ ဒီ SIGTUR ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့  ဦးတည်ချက်ကိုက Neoliberalism ဆိုတာကြီးကို တိုက်ဖျက် ဖို့ နဲ့   တခြားရွေးချယ်စရာ တခုခု ကို ရှာကြံ စဉ်းစားနိုင်ကြ ဖို့ လို့ ရေးထား တယ်ရော ။  ဒီခေတ်ကြီးမှာ အားလုံးလိုလို ကတော့ အစွန်း နှစ်ဖက်ကို ရှောင်ချင်လို့ လစ်ဘရယ် လို့ ကိုယ့်ကို ကိုယ် တံဆိပ်တပ်ထားတတ်ကြတာ မဟုတ်လား ။ အဲဒီတော့ အခု နီယိုလစ်ဘရယ် ဆိုတာကြီးကရော…ဘယ်လို လက်သစ် အယူဝါဒ မျိုးလည်း လို့ သမီးလည်း ၊ ဟိုခေါက် ဒီခေါက် ဟိုရောက် ဒီရောက် ဖောက်ဖတ်ကြည့်ရတော့တာပေါ့ ။


တချို့ ပြောတာတော့ နီယိုလစ်ဘရယ်လစ်ဇင် ဆိုတာ တံခါးဖွင့် စီးပွားရေးဝါဒကြီးကို လိုက်လျောညီထွေ ရှိအောင် ပြုပြင်ပြောင်းလဲမူ လုပ်တဲ့ စနစ် လို့ ဆိုကြတယ်။ တင်းကျပ်မူတွေ ဖြေလျော့ပေးလိုက်တယ်။ အခွန်တုတ်တွေ လျှော့ပေါ့ ပေးလိုက်တယ်။ နိုင်ငံတကာ ကုန်သွယ် ရင်းနှီးမြုတ်နှံမူတွေကို ဖိတ်ခေါ်လိုက်တယ်။ အစိုးရ ရဲ့  နိုင်ငံပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်းရောင်းချ လိုက်တယ် ။ ဆိုတော့ . . . တင်းကျပ်တဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ် နဲ့  ညစ်ပတ်တဲ့ အရင်းရှင် စီးပွားရေးစနစ် နှစ်ခု ကြားက သူ့အလိုအလျောက် ထိုးထွက်လာတဲ့ အခြေအနေ တခု လို့ တော့ သမီးက ယူဆမိ တာပဲ လေ။ ဒါပေမဲ့ သူ့ကို စွဲချက်တင် အမည်တပ်ထားပုံ မှာကိုက  မနှစ်သက်တဲ့ အသံ ပါနေပြီမို့   နီယိုလစ်ဘရယ်လစ်ဇင် ဆိုတဲ့ ခေါင်းစဉ် အောက်မှာတော့ အကောင်းကား ရှာ၏ မတွေ့ လေပြီ ပေါ့ ။ တကယ်တော့ အခု လူတွေ မြိန်ရေ ယှက်ရေ ပြောနေကြတဲ့ Globalization ဆိုတာကြီးကလည်း သူ့ရဲ့ မှန်ကူကွက် တခုပဲ မဟုတ်လား။


ပြောသလိုဆိုရင်တော့ ၊ ကမ္ဘာကြီး ပြားသွားလို့  ၊ အဆီးအတားတွေ လျော့ပေါ့ပေးလိုက်လို့  ၊ နယ်စည်း တံခါးတွေ ပွင့်လာလို့  ၊ စီးဝင်လာမဲ့ ကုန်သွယ်လုပ်ငန်းစု ကြီးတွေ ၊ ကမ္ဘာ့အမှတ်တံဆိပ်ကြီးတွေ အောက်မှာ ပြည်တွင်းထုတ်ကုန် နဲ့ အလတ်စား အသေးစား လုပ်ငန်းတွေ ပြားပြားဝပ်ကုန်တတ်တယ် လို့ ဆိုတယ်။ အင်းနော် မြန်မာပြည်မှာ အခု ကိုကာကိုလာ ၀င်လာပြီဆိုရင်  ဆေးသကြားတွေ ပါတယ်… ဆိုးဆေးတွေ ပါတယ် ဆိုတဲ့ ပြည်တွင်း အချိုရည်တွေ ကို ဘယ်သူ သောက်တော့မှာလဲ ။


နိုင်ငံခြားရင်းနှီးမြုပ်နှံမူ ဆိုတာ မပိုင်ဝက်မွေး တဲ့ ။ နေ့စဉ်နဲ့ အမျှ နာရီ စက္ကန့်ပိုင်းနဲ့ အမျှ  အတက်အကျ ဖြစ်နေတဲ့ ငွေကြေးဈေးကွက်တွေ အောက်မှာ ၊ ကုမ္ဗဏီကြီးတွေ ရဲ့  ပိုင်ဆိုင်မူ ရပ်တည်မူတွေ ကလည်း အပြောင်းအလဲ မြန်တာကြောင့် လက်ခံနိုင်ငံတွေမှာ လူမူစီးပွား မတည်ငြိမ်မူတွေ ဖြစ်ရတယ်တဲ့။ အင်း … ကိုရီးယား မှာ ဖြစ်ခဲ့တဲ့ ကားစက်ရုံက ဆန္ဒပြပွဲ လိုမျိုးတွေပေါ့ ။ ခုတောင် သြစတြေလျမှာ အမေရိကန် ကားကုမ္ဗဏီကြီး General Motor ထွက်တော့မယ် ဆိုတော့ ၊ ထောင်နဲ့ ချီ ကျန်ခဲ့မဲ့ အလုပ်သမားတွေ ရဲ့ ပြသာနာက၊   လွှတ်တော်ထဲ မှာ အပြန်အလှန် ပုတ်ခတ် နေတဲ့ နိုင်ငံရေး ပြသာနာ ထိ ဖြစ်လာပြီလေ။


အကျိုးအမြတ်ရမူ နဲ့  စွမ်းဆောင်နိုင်မူတွေ နှေးကွေးလေးလံ တယ်ဆိုတဲ့ အကြောင်းပြချက် နဲ့  နိုင်ငံပိုင် လုပ်ငန်းကြီးတွေကို တခုပြီး တခု ပုဂ္ဂလိက လက်ထဲ လွှဲပြောင်း ရောင်းချ နေရတဲ့ အခြေအနေ တွေ ကလည်း နီယိုလစ်ဘရယ်လစ်ဇင် ရဲ့  ဖွားဖက်တော်တဲ့။ ဟုတ်တယ်လေ . . . မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်က လူသုံးကုန်ပစ္စည်းတွေ ဘယ်လောက် ရှားပါးခက်ခဲ ခဲ့သလဲ . . . အစိုးရ ရုံးတွေ နဲ့  ဆက်ဆံရတာ ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းသလဲ  ဆိုတာ သမီးတို့ တွေ ကောင်းကောင်းသိခဲ့ ကြပြီးပြီပဲ ။ ဒါပေမဲ့ အခု ပညာရေးလို  ကျန်းမာရေးလို အခြေခံ အဆေက်အဦတွေကို ပုဂ္ဂလိကတွေ လက်ထဲ ထိုးထဲ့နေတော့ ၊ ဘယ့်ဂလောက် ပိုပြီး အခြေအနေတွေ တိုးတက်လာလို့လဲ ။ ပိုက်ဆံအများကြီးကုန်နိုင်မှ ပညာသင်နိုင်မဲ့ ဘ၀တွေ ၊ ဆေးကုဖို့ ပိုက်ဆံမရှိလို့ အသေခံရမဲ့ ဘ၀ တွေကိုရော ထဲ့ မစဉ်းစားသင့် တော့ဘူးလား ။


လျှပ်စစ်မီးလို ၀န်ဆောင်မူတွေကိုတောင် ပုဂ္ဂလိကကို မှီခိုနေရမယ် ဆိုရင် ၊ အစိုးရ တရပ်ကို ပြည်သူတွေက ဘာအတွက်များ မဲပေး အခွန်ပေး အရိုအသေပေး နေ ဖို့ လိုတော့မှာလဲ ။ အဲဒီတော့ ၊ အစိုးရ တရပ် ရဲ့ လျော့လျဲ လာတဲ့ ကွက်လပ်တွေကို ဖြည့်ပေးဖို့ NGO တွေကို မျှော်ရတော့မယ်။ NGO တွေ ဆိုတာ တကယ့်ကိုပဲ အကျိုးအမြတ် မကြည့်တဲ့ လူသားခြင်း စာနာတဲ့ အဖွဲ့အစည်းတွေချည်းပဲလား ဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ပေမဲ့ ၊ လက်တွေ့  အခြေအနေတွေမှာတော့ အငြင်းပွားစရာတွေ တပုံတပင် ဖြစ်နေတာ လူတိုင်း သိနေကြတာပဲ ။ သူတို့ရဲ့ နောက်ကွယ်က အလှူရှင် အဖွဲ့အစည်းကြီးတွေ  နိုင်ငံကြီးတွေကရော တကယ့်ကိုပဲ စေတနာသန့်သန့်  တာဝန်ကျေလိုမူ သက်သက်နဲ့  ချိတ်ဆက်ဆောင်ရွက် နေကြတာလား ဆိုတာတော့ အတော့်ကို ခေါင်းနောက်စရာ ကောင်းတဲ့ ခေါင်းစဉ်တွေပဲ ဖေဖေရေ ။


ပြောခဲ့မိသလို မြန်မာပြည်ရဲ့ အခြေအနေက ပြောဖို့ စောလွန်းနေသေးတယ် ဆိုတာထက် နောက်ကျလွန်းနေတာရော မဖြစ်နိုင်ဘူးလား လို့ သမီး ပြန်စဉ်းစားကြည့်မိပြန် တယ် ။ IMF (International Monetary Fund) တို့ ၊ WB (World Bank) တို့လို အဖွဲ့အစည်းကြီးတွေကို အရှေ့ ဥရောပ အပါအ၀င် ကမ္ဘာ့နိုင်ငံ တော်တော်များများက လက်ညှိုး ငေါက်ငေါက်ထိုးပြီး အပြစ်တင်နေခဲ့တာ ဖြင့် ကြာပြီ လေ။ မြန်မာပြည်မှာ ခုမှ ကြိုဆိုဖို့ စင်ထိုးရတုန်း  မဟုတ်လား ။


ထားပါတော့လေ ။ မြန်မာပြည်မှာ လွတ်လပ်ရေး ရပြီးစကလည်း အယူဝါဒ တွေ နေရာလု ခဲ့ကြလို့  ကမ္ဘာ့နောက်ပိတ် ဖြစ်ပြီးနေခဲ့ပြီ ။ အခု ခေတ်ရေစီး အတိုင်းဖြစ်လာတဲ့ ဈေးကွက်စီးပွားရေး ဆိုလည်း ထားပါ ။ ဒါပေမဲ့ ဈေးကွက်စီးပွားရေးစနစ် ဆိုတာ ဒီမိုကရေစီ အခြေခံပေါ်မှာ ခိုင်ခိုင်မာမာ ရှိသင့်ပြီး ၊ တရားဥပဒေစိုးမိုးမူ နဲ့ မီဒီယာလွတ်လပ်ခွင့် ဆိုတဲ့ ပေးထားကိန်းတွေ နဲ့ တွက်မှသာ ၊ အဖြေမှန် ရနိုင်မယ်လို့  ပညာရှင်တွေက ပြောထားပြီးသား။ မြန်မာပြည်မှာ ၊ တရားဥပဒေ စိုးမိုးမူတော့ မသိဘူး … မီဒီယာ လွတ်လပ်ခွင့် တော့ ရှိနေပြီ ဆိုပါတော့။ အရေးကြီးတာက အဲဒီ လွတ်လပ်ပါတယ်ဆိုတဲ့ မီဒီယာတွေက  စီးပွားရေးသမားကြီးတွေ ကော်ပိုရေးရှင်းကြီးတွေရဲ့  အိပ်ထောင်ထဲ ရောက်မသွားဖို့တော့ လိုတာပေါ့။ ဒါပေမဲ့ အခုလို စီးပွားရေးဖြေလျော့မူတွေ လုပ်တိုင်း ခရိုနီ လို့ ခေါ်နေကြတဲ့ သီးသန့် လူတစု လက်ထဲကိုချည်း အခွင့်အရေးတွေ ရောက်ကုန်တဲ့ ဘေးထွက်ဆိုးကျိုးကိုတော့ ဘယ် စီးပွားရေးပညာရှင်မှ မကယ်နိုင်တော့ဘူလား မသိ။


တကယ်ဆို ဒီ လွတ်လပ်တဲ့စီးပွားရေးစနစ်ကို ဟိုအရင်ခေတ် န၀တ လက်ထပ် သတင်းစာတွေမှာ၊  နှာခေါင်းရှည်ကြီးတွေကို မျှော်တဲ့ နယ်ချဲ့လက်သစ်စနစ် လို့တောင် ပုတ်ခတ်ရေးသားခဲ့ ကြသေးတာပဲ မဟုတ်လား ။ ပြောရရင် နယ်လဆင် မန်ဒဲလားကြီးတောင် ဘ၀ တခုလုံးပုံ ပြီး ယုံကြည်မျှော်လင့် ခဲ့တဲ့ ၊ ပြည်သူပိုင် စီးပွားရေး စနစ်ကြီး ကို နောက်ဆုံးအချိန်မှာ နီယိုလစ်ဘရယ်လစ်ဇင် ရဲ့ လက်ထဲပဲ အသာပုံချထားခဲ့ ရတာပဲ မဟုတ်လား ။


သမီးထင်တာတော့ ဖေဖေရေ. . . လက်သစ်တွေ လက်ဟောင်း တွေ ၊ ပြည်သူပိုင်တွေ  ပုဂ္ဂလိက ပိုင်တွေ ဆိုတာထက် ၊ စနစ်တွေ အားလုံး ဟာ ၊ လူ့ သဘာဝ တွေကို မလွန်ဆန်နိုင်ပဲ အဂတိတရား လေးပါးထဲမှာ ၀ဲလယ် ချာလယ် ဖြစ်နေကြတာချည်းပါပဲ ။ ဒါပေမဲ့ ဖေဖေ ပြောပြဖူးတဲ့ ပုံဆောင်ချက်ကလေး တခု လိုပဲပေါ့။ လူ့အဖွဲ့အစည်းကြီးထဲမှာ သံသရာက လည်တော့ လည်နေတာပဲ . . . ကရွတ် ကင်းလျှောက်သလို မလည်ပဲ ၊ စပရင် တခုလို လည်ရင်း အပေါ်ကို ဖြည်းဖြည်းခြင်း တက်သွားဖို့ ပဲ အရေးကြီးတယ် ဆိုတာလေ ။


နယ်လဆင် မန်ဒဲလား ဆိုလို့  ဖေဖေရေ . . . တိုက်တိုက်ဆိုင်ဆိုင်ပဲ ။ ကွန်ဂရက် ရဲ့ နောက်ဆုံးနေ့ ပိတ်ပွဲ မနက်ခင်းမှာ ၊ မန်ဒဲလားကြီး တယောက် ညက ဆုံးသွားတယ် ဆိုတဲ့ သတင်းကြောင့် အားလုံး လှုပ်ရွ လှုပ်ရွ ဖြစ်နေကြတယ်။ အဲဒီ နောက်ဆုံးနေ့ မှာပဲ မြန်မာပြည်က သုံးယောက်က စကားပြောရမှာ ဆိုတော့ ချက်ခြင်းပဲ မန်ဒဲလား အတွက် ၀မ်းနည်းကြောင်း ထဲ့ပြောဖို့  တိုင်ပင် ဖြည့်စွက် ကြရပြန်တယ်။ အခန်းအနား အစီအစဉ် အစမှာ၊ အားလုံး မန်ဒဲလား အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် တမိနစ်ခန့် ငြိမ်သက် အလေးပြုကြတယ်။  ရုတ်ခြင်းဆိုသလိုပဲ  တောင်အာဖရိက သမဂ္ဂ၀င်တွေ သံပြိုင်ဆိုလိုက်တဲ့  Free Nelson Mandela  ဆိုတဲ့ သီချင်းသံက ငြိမ်သက်လက်စ စိတ်အစဉ်တွေကို လေးနက်မူ တခုထဲမှာ စီးဝင်မျောပါ သွားစေတော့တယ်။  သီချင်းသံရဲ့ အဆုံး  ဇူလူးဘာသာစကား နဲ့ ကြွေးကြော်လိုက်သံကို ကြားမှ အားလုံး သတိအနေအထား ပြန်ဖြစ်ကြတယ်။ အစည်းအဝေးခန်းထဲမှာ ရှိနေတဲ့ လူတွေ အားလုံး၊  Red Salute လို့  ကြွေးကြော်သံကို အဆုံးသပ်လိုက်တဲ့ အချိန်မှာ ၊ သမီးပါးစပ်က ဘယ်လို အသံထွက်သွားခဲ့သလဲ.. သမီး သေချာ မသိလိုက်ဘူး ဖေဖေ။


အားလုံး ခုံမှာ ပြန်ထိုင်ကြတော့မှ ၊ ရှေ့မှာ ချိတ်ဆွဲထားတဲ့ အနီရောင် နောက်ခံမှာ  ကမ္ဘာလုံးထဲကနေ လက်သီးလက်မောင်းတန်းနေတဲ့ ရုပ်ပုံအောက်က New Unions for a Century ဆိုတဲ့ စာသားလေးကို၊ အခုမှ မြင်မိသလို ငေးကြည့်နေမိတယ်။ ဓနရှင်လက်သစ်ဝါဒကို အစားထိုးဖို့ ဆိုတဲ့ ၊ ဒီအစည်းအဝေးကြီးရဲ့ ရည်မှန်းချက်တွေ တကယ်ပဲ ပြည့်မြောက်ပါစေ လို့ ဆန္ဒပြုလိုက်တယ်။ လက်သစ်ဝါဒ နောက်ထပ်တမျိုးကိုလည်း အဆိုးမမြင်ချင်တော့ဘူးလေ။ အားလုံးအတွက် တရားမျှတ တဲ့ လူ့ဘောင်ကြီးတခု တည်ဆောက်ဖို့ ဆိုတာ  စိတ်ကူးယဉ် သက်သက်တော့ မဟုတ်လောက်ပါဘူး နော် .  . . ဖေဖေ ။


ကေသွယ်
၂၀-၂၁ ဒီဇင်ဘာ ၂၀၁၃


Share/Bookmark

3 Comments:

lwanthu said...

တင်ထားတယ့် postလေးတွေ အလွန်ဖတ်လို့ ကောင်းပါတယ် လာလယ်သွားပါတယ်ခင်ဗျာ နောက်လည်းလိုချင်တာလေးတွေ ရှိရင် လာမပါအုံးမယ် friend အဖြင့်လက်ခံပေးတယ်ဆို ရင် lwanthu31mm@gmail.comကို ဆက်သွယ်ပေးပါခင်ဗျာ အချိန်ရရင်လည်း လာလယ်ပါအုံးနော် http://lwanthuonlineknowledge.blogspot.com/?m=0 ကိုမမေ့နဲ့ နော် ဘာမှတော့ သိပ်မရှိပါဘူး

lwanthu said...

commend ပေးရင် တော်ရုံနဲ့ ပေါ်ဘူးဗျ

တန်ခူး said...

ဒီစာလေးဖတ်ပြီးအခွင့်ရရင် ကေ နဲ့ စကားတွေအများကြီးပြောချင်မိနေတယ်