အမ ၀မ်းကွဲရဲ့ အိမ်မှာ ခဏ တဖြုတ် ရောက်နေတုန်း ဧည့်သည်တွေ ရောက်လာတယ်။ ဧည့်သည် လင်မယား မှာ ၄ နှစ်သား အရွယ် သားကလေး တယောက် ပါလာတော့ ၊ သူတို့ မိတ်ဆွေခြင်းတွေ စကားအေးဆေး ဆေးဆေး ပြောပါစေ တော့ ဆိုပြီး ၊ ကလေးလေး ကို ခြံနောက်ဖက်မှာ ဆော့ဖို့ ခေါ်သွားလိုက်တယ်။ ကိုယ့်အိမ်လည်း မဟုတ်တော့ ဘယ်ပစ္စည်း ဘယ်နေရာ ရှိမှန်းမသိ ကစားစရာ ဘာပေးရမှန်း မသိ ဖြစ်နေတုန်း ၊ ဘောလုံးလေး တလုံး ကို ကံအားလျော်စွာ မြင်လိုက်တယ်။ ကလေးလေး ဆီ ပစ်ပေးလိုက်ရင်း ၊ Kick the ball လို့ ၀မ်းသာအားရ ပြောလိုက် တယ်။ ကလေးလေးက.. ဘောလုံးလေးကို ပြန်မကန်ပဲ ဖမ်းကိုင်ထား တယ်။ သူ့မျက်နှာ သေးသေးလေး ပေါ်က.. မျက်လုံးနက်နက်ကလေးတွေ က ၊ ဟိုဒီ ဝေ့၀ဲရင်း တစုံတခု ကို ရှာနေတယ်။ OK.. kick the ball လို့ ထပ် လောဆော လိုက်တော့.. where is the goal တဲ့ ။
လျော့တိ လျော့ရဲ ဖြစ်နေတဲ့ ကြိုးတချောင်းကို တဖက်စွန်းဆီကနေ ဆောင့် ဆွဲလိုက်သလိုမျိုး ၊ အတွေးအာရုံကြော တွေ တင်းကနဲ ဖြစ်သွားလေသည်။
ကြည့်ပါအုံးတော့ ။ လေးနှစ်သား ကလေးလေး တယောက်က တောင် ၊ ဘောလုံးတလုံးကို ကြုံသလို လျှောက်ကန်နေတာထက် ၊ ဂိုးတခု သတ်မှတ်ပြီးမှ ကန်ရမယ် ဆိုတဲ့ အသိ နုနုကလေး ရှိနှင့်နေပြီ။ မိဘ တွေရဲ့ သွန်သင် လေ့ကျင့်ပေးမူလား.. ကလေးလေး ရဲ့ ကိုယ်ပိုင် ညဉ် အကျင့်ကောင်းလေးလား တော့ မသိ။ အနားက ကုလားထိုင် တလုံးကို ဆွဲပြီး အလည်မှာ တည်ပေးလိုက်တော့ ၊ ကလေးလေးက ပြုံးရွှင် တက်ကြွ စွာနဲ့ ဘောလုံးကို ကုလားထိုင် ရဲ့ ရှေ့ ခြေထောက် နှစ်ခုကြား ချိန်ရွယ်ပြီး ကန်နေလေပြီ။
ဦးတည်ချက် ပန်းတိုင်တခု ရှိနေတဲ့ လေးနှစ်သားလေး ကို ငေးကြည့်ရင်း ၊ ဘ၀ မှာ မျှော်မှန်းခဲ့ဘူး ပေမဲ့ လွဲချော်ခဲ့ဘူးတဲ့ ပန်းတိုင်တွေ ၊ တည်ဆောက်ခဲ့ မိလို့ ဆွတ်ခူးခဲ့ဘူးတဲ့ ပန်းတိုင် တွေ ကို ၊ ရည်တွက်ကြည့် မိတယ်။ ဆိုပါတော့ အထက်တန်းကျောင်းသူ ဘ၀ တလျှောက်လုံး ၊ စာကြည့်စားပွဲ ရှေ့ မှာ လူရည်ချွန်ပုံ ပန်းချီကားကြီး ချိတ်ပြီး စာကျက်ခဲ့ဘူးတယ်။ ဒါပေမဲ့ လည်း ၊ လူရည်ချွန်ဆု နဲ့ လွဲခဲ့တယ်။ ရှားစ ပါးစ လက်ထဲ ရောက်လာတဲ့ Prospectus စာအုပ်ကလေး တအုပ်ရဲ့ မျက်နှာဖုံးပေါ်က မျက်ခင်းစိမ်းပေါ်မှာ ထိုင်ပြီး စာဖတ်နေကြတဲ့ ဘွဲ့လွန်ကျောင်းသား တွေ ရဲ့ ပုံလေးကို ၊ မျက်စိထဲ စွဲနေခဲ့ရင်း ၊ အဲဒီ မျက်ခင်းလေးပေါ် ကိုယ်တိုင် ရောက်သွားခဲ့ဘူးတယ်။
လေးနှစ်သားလေး ရဲ့ ပန်းတိုင် ၊ ဆယ့်လေးနှစ် သမီး ရဲ့ ပန်းတိုင် ၊ နှစ်ဆယ့်လေးနှစ် တုန်းက ပန်းတိုင် ၊ အခု လေးဆယ် အရွယ်မှာရော ဘယ်လို ပန်းတိုင် တခု များ ၊ မျှော်မှန်း ထားနေ မိသေးလည်း လို့ ၊ ကိုယ့်ကို ကိုယ် မသိမသာ ခပ်ဖေါ့ဖေါ့လေး မေးကြည့်တော့ ၊ ထိတ်လန့် မူတခုသာ ၊ သိသိသာသာ ရောက်လာတယ်။
ရုတ်ချည်းပဲ “ ပန်းတိုင်” ဆိုတဲ့ ကဗျာလေး က ၊ လိပ်ပြာလေး တကောင် ပန်းပင်ပေါ် နားလိုက်သလိုမျိုး … စိတ်ဖျား ပေါ် ဝေ့၀ဲကျ လာတယ်။
မရောက်သေးရင် ရောက်အောင်သွား
ရောက်ရင် တထောက်နား
ပြီးရင် ရှေ့ဆက်သွား
အဲဒီမှာ ဘာမှ မရှိဘူး….
ဘာကြောင့်လဲတော့မသိ.. စိတ်သက်သာရာ တမျိုး တော့ ရသွားသည် ။ ဒီကဗျာလေးကို ကဗျာဆရာ မောင်သိန်းဇော် စပ်ခဲ့တုန်းက ဘယ်အရွယ်လောက်များ ဖြစ်မလဲ ။ လေးဆယ် လား.. လေးဆယ့် လေး နှစ်လား ။ ဘ၀ ရဲ့ လမ်းခုလတ် မှာ ၊ ဘာမှ ရှာမတွေ့ ခြင်းကို ရှာတွေ့ သွားတဲ့ အချိန်လား ။
လန်းဆန်းတက်ကြွတဲ့ အရွယ်တွေ တုန်းက ၊ ပန်းတိုင်တွေ ရည်မှန်းချက်တွေကို ကောင်းကင်ပေါ်မှာ ချိတ်ဆွဲပြီး မမောမပန်း လျှောက်ခဲ့ကြဘူးတာပေါ့ ။ လောကကြီးကို အကောင်းမြင်စိတ်နဲ့ ကြည့်ပြီး ပြုံးပြ ဖို့ လည်း ဘာမှ မခက်ခဲ ခဲ့ပါဘူး။ အဲဒီလို နဲ့ ၊ သွားရင်း သွားရင်း နဲ့ပဲ … ပန်းတိုင်တွေဟာ ကျော်ဖြတ်ပြီးခဲ့တာလား..ေ၀၀ါးကုန်လေသလား.. လမ်းလွဲ ခဲ့ကြသလား ။ တဖြည်းဖြည်း နဲ့ နှေးကွေး လေးလံ လာတော့မှ သာ ၊ ကျောပေါ်မှာ အပြည့်ဖြစ်နေတဲ့ ပကတိအခြေအနေ တွေကို သတိထားမိကြတာလေ .. ။
ဘာပဲဖြစ်ဖြစ်.. ပန်းတိုင် ဆိုတာ ထားသင့်တယ်။ ရှိခဲ့တယ်။ ရောက်နိုင်တယ်။ လွဲ တတ်တယ်။ မရောက်သေးရင် ရောက်အောင် သွား .. လို့ ဆိုသလို...မရှိ ရင်လည်း ရှိအောင် ထားရ မယ် ။ ဒါပေမဲ့ ၊ ပန်းတိုင် ဆိုတာ တခုတည်းတော့ မဟုတ်တန်ရာ ။ အန္တိမ ခရီးဆုံး ပန်းတိုင် ကို မရောက်မခြင်း တော့ ၊ ခရီးလမ်းမှာ ဖြတ်သန်းခဲ့တဲ့ ပန်းတိုင်တွေကို ၊ အနီရောင် ဘန်ချီကြိုးတွေ နဲ့ ၊ ခပ်တင်းတင်း ချည်နှောင် ပစ်ခဲ့ချင်သည်။
ကေသွယ်
နှစ်ကူးည ပါ့သ် စံတော်ချိန် ၁၂ နာရီ ၃၄ မိနစ်
၁ ရက် ဇန်န၀ါရီ ၂၀၁၄
( မိတ်ဆွေ သူငယ်ချင်းများ အားလုံး.. နှစ်သစ်မှာ ပန်းတိုင် အသစ် တွေ တည်ဆောက် ရည်မှန်း နိုင်ကြပါစေ...)
◦
1 Comment:
အသက်ကြီးလာလို့ လားတော့ မသိဘူးကေရယ်... လူကပဲ သက်လုံမကောင်းတာလား ပန်းတိုင်တွေကပဲ ဝေးဝေးနေတာလား...
Post a Comment